Wednesday, November 18, 2009

ပြောပြချင်တဲ့ အကြောင်းတွေ..

နိုဝင်ဘာ ဆိုတာ တအုံနွေးနွေး ရင်ခုန်ဆွေး တဲ့ လ လို့ အဖေက ကဗျာစပ်ဖူးတယ်။ သူများတွေအတွက်တော့ မသိ၊ ကိုယ်တို့ မိသားစု အဖို့မှာတော့ နိုဝင်ဘာဆိုရင် ချမ်းချမ်း မှုန်မှုန်နဲ့ ဆွေးဆွေး ငိုင်ငိုင် ဖြစ်မိရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုဝင်ဘာလထဲမှာ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေကို ခွဲခွာရတာမို့ပါ။

အဖေကလဲ နိုဝင်ဘာ အလွမ်းကဗျာတွေ အများကြီး ဖွဲ့ခဲ့တယ်။ နိုဝင်ဘာမှာ ကိုယ်တို့ အမေ ဆုံးတယ်။ အမေဆုံးတာ ၁၇ရက်၊ အဖေ့မွေးနေ့က ၁၉ရက်ဆိုတော့ တခုသော အဖေ့မွေးနေ့မှာ အမေ့ကို ဂူသွင်းသဂြိုဟ် ရတာမို့ပဲ။ နောက် ကိုယ့်မောင်လေးလဲ နိုဝင်ဘာထဲပဲ ဆုံးပြန်တယ်။

အမေ့အကြောင်း စဉ်းစားမိရင် အေးအေးချမ်းချမ်း အပြုံးတွေ၊ စပယ်ပွင့်လေးတွေ၊ သနပ်ခါးနံ့သင်းသင်းလေး အပြင် ကြောင်လေးတွေကိုပါ တွဲမြင်မိတတ်တယ်။ အမေ့ဆီက ကြောင်လေးတွေ ချစ်တတ်တဲ့ စိတ်ကို အမွေအဖြစ် ကိုယ်က ကျေကျေနပ်နပ်ကြီး ယူခဲ့ပါတယ်။ ကိုယ်တို့မောင်နှမတွေ အားလုံးလဲ တိရိစ္ဆာန်လေးတွေကို ချစ်ကြတယ်။

အမေရှိတုန်းက ညနေ အမေ ကျောင်းက ပြန်အလာ ညနေခင်း အချိန်တွေမှာ ကိုယ်က ကြောင်လေးတွေအကြောင်း ပြောနေတတ်တာ..။ ဒီနေ့မှာ အမေ့ကို သတိရလို့ ကိုယ်က လွမ်းတာတွေ ခဏထားပြီး စာလာဖတ်သူတွေကို ကြောင်လေးတွေအကြောင်း ပြောပြမယ် လို့ စဉ်းစားတာ..။ ကြောင်မချစ်သူများ ဖတ်နေတာကို ဒီတင် ရပ်ကြပါ။

ဒီ တိုင်းပြည်ကိုရောက်လာတော့ တခြားအိမ်က ကြောင်လေးတွေ ခြံထဲ လာမွေးနေတာ ကိုယ်တို့က ကျွေးမွေးထားရင်း အိမ်မှာ ကြောင်အုပ်မကြီး ဖြစ်နေတာ ရေးဖူးပါတယ်။ အဲဒီကလေးတွေက ခြံထဲမှာ နေကြ၊ စားတဲ့အချိန် လာကြနဲ့ အများစုက လူ အကိုင် မခံဘူး။ ချီလို့မရသေးဘူး။ အဝေးကနေ ကြည့် ချစ်နေရတာမျိုး။

ကြောင်လေးတွေ အိမ်မှာရှိတယ်ဆိုတော့ အိမ်လေးက အိမ်နဲ့တူပြီး သာသာယာယာ ရှိတယ် ထင်မိတာ..။ အဝေးက ကိုယ့်ရဲ့ တူမတွေကလဲ ကြောင်လေးတွေ မွေးထားတယ်ဆိုတော့ သဘောတွေကျလို့။ အဒေါ်တွေအားလုံးထဲမှာ ဘယ်သူ့အချစ်ဆုံးလဲ မေးရင် ချိုချို့ ကိုသာ အချစ်ဆုံး တဲ့။ ကြောင်တွေကြောင့် မျက်နှာပွင့်နေတာလေ။

အိမ်ကို လာလည်တဲ့ မိတ်ဆွေများရဲ့ ကလေးတွေဆိုရင်လဲ ကိုယ်တို့အိမ် လာလည်ရမှာ ပျော်ကြတယ် ဆိုတယ်။ ကြောင်တွေကို အစာကျွေးလိုက်၊ လိုက်ဖမ်းလိုက်နဲ့ ဆော့ရတာကိုး။ ကိုယ့်ကိုလဲ ခေါ်တာ ကြောင်အန်တီ တဲ့ (အဲဒါတော့ မနိပ်သေးဘူး)။ တကယ်က ကြောင်လေးတွေရှိတဲ့ အိမ်က အန်တီ လို့ ဆိုလိုချင်ပုံပါ။ ကိုယ့်ဖာသာကိုယ် ဘာသာပြန်ယူ လိုက်ရတာပါ။ ကြောင်နေသော အန်တီ လို့ အဖြစ်မခံနိုင်လို့ပါ။

ဒီလိုနဲ့ ကြောင်လေးတွေ မွေးလာတာ အကိုင်မခံတော့ သားကြော ဖြတ်ဖို့ ဖမ်းမရ၊ ဖမ်းမရတော့ သားအုပ်က ပွားစီးလာ..။ ကိုယ်တို့နှစ်ယောက်လဲ ဒေ၀ါလီခံရမဲ့ အပေါက် ဖြစ်လာတော့ တိရိစ္ဆာန်ထိန်းသိမ်းရေးစခန်း ကို ပို့လိုက်ပါ တဲ့၊ မိတ်ဆွေများက အကြံပေးပါတယ်။ သားကြောဖြတ်ပြီးမှ ပြန်ခေါ်မွေးပေါ့ တဲ့။ ဒါနဲ့ စုံစမ်းကြည့်မယ် ဆိုပြီး ဖုန်းဆက်မိပါတယ်။

“ဟဲလို တိရိစ္ဆာန် ထိန်းသိမ်းရေး စခန်းကပါလားရှင်”
“ဟုတ်ပါတယ်၊ ဘာများ ကူညီရပါမလဲ”
“ကျမ အိမ်မှာ တခြားက ကြောင်လေးတွေ ရောက်လာနေပါတယ်။ အဲဒါ ကလေးတွေမွေးပြီး ပွားလာလို့ ဘယ်လိုလုပ်ရမလဲ”
“ဘယ်နှစ်ကောင်ပါလိမ့်..”
“၁၀ ကောင်လောက်ပါ”
“ခင်ဗျားက ဘယ်မြို့နယ်မှာ နေတာလဲ”
ကိုယ်လဲ ကြောင်လေးတွေ လာယူဖို့ အကောင်းမေးတယ် ထင်ပြီး ..
“ XXX မြို့မှာ နေတာပါ”
“အခုကိုပဲ ခင်ဗျားကို ဖမ်းပြီး အရေးယူလို့ ရနေပြီ။ ခင်ဗျားနေတဲ့ မြို့မှာ တအိမ်ထောင်ကို ၂ကောင်ပဲ မွေးခွင့်ရှိပါတယ်” (ဟိုက်.. ပလုတ်တုပ်၊ ငါ့ကို ဖမ်းမယ် ဆိုပါ့လား.. အမြန်ဖြေရှင်းမှ..)
“တကယ်က ကျမ မွေးထားတာ မဟုတ်ရပါဘူး။ သူများအိမ်က လာနေကြတာပါရှင်။ ကျမက ချစ်လို့ ကျွေးထားတာပါ”
“ခင်ဗျားကျွေးထားတာ ဘယ်နှစ်ရက် ရှိပြီလဲဗျ”
“၃လ လောက်ပဲ ရှိပါသေးတယ်ရှင်” (တကယ်က ၁၀ လ ကျော်ပါပြီ။ ဖမ်းမှာစိုးလို့ လျှော့ပြောလိုက်တာပါ)
“၂ပတ် ကျွေးထားတယ် ဆိုရင်ပဲ ကျနော်တို့က ခင်ဗျားပိုင် ကြောင် လို့ သတ်မှတ်ပါတယ်” တဲ့။

ဒါနဲ့ ကိုယ်လဲ ဘွာ ခတ်ပြီး ဖုန်းကို ကမန်းကတန်း ချလိုက်ရပါတယ်။ ထိုင်နေရင် အကောင်းသား၊ ဖုန်းဆက်မိမှ လက်ထိပ်စော်နံ သွားတယ်။

ဒီလိုနဲ့ ကိုယ်တို့ နှစ်ယောက်လဲ ကြောင်လေးတွေကို ဖမ်းပြီး သားကြောဖြတ်ဖို့ ကြိုးစားရပါတယ်။ ပထမဆုံး ရင်းနှီးနေတဲ့ သမီးဖြူ နဲ့ အိုဘားမားကို fix လုပ်ဖို့ ဆေးရုံ ပို့ရပါတယ်။ ဆေးရုံရောက်လို့ register လုပ်ဖို့ နံမည် စာရင်းသွင်းတော့ ဒုက္ခ ရောက်ပြန်ပါရော။

ကြောင် အဖြူလေး နံမည်ကို အရင်မေးတော့ သမီး လို့ ပြောလိုက်တာ ကိစ္စမရှိပေမဲ့ သားကြောလာဖြတ်တဲ့ နောက် ကြောင်မလေး နံမည်က အိုဘားမား ဆိုတော့ ခက်ကုန်ပြီ။ အမေရိကန် သမ္မတကြီး သားအိမ်ထုတ်သည် ဆိုပြီး သတင်းဖြစ်သွားလဲ မတတ်နိုင်တော့ဘူးလေ။ ဟို မျက်မှောင်ကြီး ကုတ်ပြီး ကြည့်နေတဲ့ ၀န်ထမ်းဟာ ဒီမိုကရက်လား မသိ။ ကိုယ့်မှာ အားနာပါးနာ လှမ်းလှမ်း ပြုံးပြရတာ အမော။

ဒါနဲ့ ကြောင်မလေး ၂ကောင် ကိစ္စ ပြီးသွားတော့ နောက်ကြောင်မလေးတကောင်က နှုတ်ခမ်းမှာ မှဲ့လေးနဲ့မို့ စပယ်တင် တဲ့။ စပယ်တင်က လုံးလုံး ဖမ်းလို့ မရတာမို့ သူ့ကို သားကြော ဖြတ်လို့ မရဘဲ ဒီအတိုင်းထားထားရတယ်။ အသက်က ၄လ ဆိုတော့ ငယ်ပါသေးတယ်ဆိုပြီး ကြည့်နေမိတာလဲ ပါတယ်။

စပယ်တင်လေးကို သမီးဖြူနဲ့ အိုဘားမားက လုံးဝ ကြည့်မရဘဲ ရန်လုပ်လို့ သူ့မှာ အနက်ရောင်ကြောင်ထီးကြီး ဖြစ်တဲ့ အကြီးကောင်နဲ့ပဲ အဖော်လုပ် နေရရှာတယ်။ အကြီးကောင်ကလဲ ကလေးချစ်တတ်ပုံရတယ်။ စပယ်တင်လေးကို လျှာလေးနဲ့ လျက်ပေး၊ နေပူထဲမှာ တူတူ နေဆာလှုံဆိုတော့ ကိုယ်တို့ကလဲ ညီမလေးကို ဂရုစိုက်နော် သားကြီး ဆိုပြီး ပြောနေရတာ။

တော်ကြာနေတော့ စပယ်တင်လေးက ကိုယ်ဝန်ကြီး တကားကား နဲ့ ဖြစ်လာပါလေရော။ အကြီးကောင်တို့များ ကလေးချစ်တတ်တာ တဆိတ် လွန်လွန်းတယ်။

အချိန်ကျတော့ စပယ်တင်က ကလေးပိစိလေး နှစ်ကောင် မွေးပြန်တယ်။ ၄လ ကျော်ကျော်သာ ရှိသေးတဲ့ ကြောင်ကလေးက မွေးမယ်ဆိုတော့ ကလေးက ကလေးမွေးသလို ဖြစ်နေတာမို့ ကိုယ်တို့က ရှင်မယ်တောင် မထင်ဘူး။ မွေးစက ကြောင်အသေးလေးတွေက လက်သန်းလောက်သာ အရွယ်ရှိတယ်။ ဒါပေမဲ့ စပယ်တင်လေးက သူ့ကလေးတွေကို ဂရုစိုက်လိုက်တာ။ သေချာ ဂရုစိုက်တော့ နှစ်ကောင်လုံး ရှင်ကြပြန်တယ်။

အဖြူနဲ့ အနက်ကြားလေးတွေ..။ ကိုယ်တို့လဲ ကြောင်အမေကြီး မရှိတုန်း တိတ်တိတ် ခိုးကြည့်တာ တကောင်က နှာခေါင်းမှာ အနက်စက်လေး ၂စက် နဲ့။ ဒါနဲ့ family name လဲပါအောင် ကိုယ်က မိုးစက် လို့ နံမည်ပေးလိုက်တယ်။ နောက်တကောင်က မေးစေ့တခုလုံး နက်နေတော့ ကာရန်လဲ လိုက်သွားအောင် မုတ်ဆိတ် လို့ နံမည်ပေးလိုက်တယ်။ မိုးစက် နဲ့ မုတ်ဆိတ် ပေါ့။ အဲဒီ မုတ်ဆိတ်လဲ ကြောင် အမ လေးပဲ။

အမေသာရှိရင် ကိုယ့်ကို ဘယ်လို ပြန်ပြောမယ် မသိ။
မိုးစက်တို့ မုတ်ဆိတ်တို့အဖွား ကို သနပ်ခါးပါးပါး နဲ့ ကြောင်လေးတွေကို ပေါင်ပေါ်တင်ရင်း စာဖတ်နေတာများ အိမ်မှာ မြင်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ လို့ စိတ်ကူးယဉ်မိပါသေးတယ်။

မိုးချိုသင်း

အပြည့်အစုံခံစားရန်..

Monday, November 9, 2009

ကဗျာထဲက သားအဖ

တလောက ခင်မင်ရတဲ့ အကိုကြီး ကိုချစ်ဖေက စာမရေးနိုင်သေးလဲ အဖေ့ကဗျာလေးတွေ အမှတ်တရ တင်ပေးပါ တဲ့။ ဒါနဲ့ ကိုယ်လဲ အဖေ ကိုယ်တို့တွေအတွက် စပ်ခဲ့တဲ့ ကဗျာတွေကို စဉ်းစားရင်း တွေးမိတာပေါ့။

တကယ်က အဖေက ကဗျာဆရာ ဖြစ်လေတော့ သူ့ရင်ထဲ ထိရှလာသမျှ ကဗျာတွေ ရေးနေ စပ်နေတာပါ။ ပန်းကလေးပွင့်တာက စ လို့ တိုင်းပြည်အတွက် ရင်လေးမိတာ အဆုံးပေါ့။ နောက် ကိုယ်တို့ သားသမီးတွေအတွက်လဲ ကဗျာတွေ အမျိုးမျိုး စပ်သေးတယ်။

အထူးသဖြင့် ကိုယ်တို့မွေးနေ့တွေမှာ နိုးလာတာနဲ့ အဖေက ကဗျာစပ်နှင့်ပြီးပြီ။ မွေးနေ့ လက်ဆောင် ကဗျာတပုဒ်နဲ့ အမြဲဆုမွန်ကောင်းတွေ တောင်းပေးတတ်သလို ဆုံးမစရာ ရှိရင်တောင် ကဗျာနဲ့ ဆုံးမတတ်သူပါ။ ဒီနေ့တော့ ကိုယ်က ကိုယ့်မောင်လေး ဥာဏ်မိုးအတွက် အဖေစပ်ခဲ့တဲ့ ကဗျာလေး တချို့ကို ဖော်ပြချင်မိတယ်။

ကိုယ့်မှာ မောင်လေးတယောက်ရှိခဲ့ဖူးတယ်။ အသက်က တနှစ်ကြီး တနှစ်ငယ်။ အဖေနဲ့ အမေက သားရှင်ပြုချင်တာမို့ သားယောကျာင်္းလေး စောင့်ရင်းနဲ့ သမီးမိန်းကလေးတွေချည်း မွေးလာတာ ၅ယောက်မြောက်ကျမှ ယောကျာင်္းလေး ရတယ်။ ကိုယ်နဲ့ အထက်အောက် မောင်နှမ ပေါ့။

တယောက်တည်းသော သားယောကျာင်္းလေးဆိုတော့ ချစ်လိုက်ကြတာ ဘာပြောကောင်းမလဲ။ သားမျက်နှာ တချက် အညိုမခံခဲ့ဘူး။ နောက်ပြီး သားကလဲ အဖေနဲ့ စရိုက် လုံးလုံး မတူဘူး။ အဖေ့လို ကဗျာစပ် နူးနူးညံ့ညံ့ မနေချင်ဘူး။ ဒေးဗစ်ချန်းကို ကြိုက်တယ်၊ ဘရုစ်စလီကို အထင်ကြီးတယ်၊ လက်တွေ့ကိုပဲ ပြောဗျာ၊ စိတ်ကူးမယဉ်ချင်ဘူး ဆိုတဲ့ လူမျိုး။

အဲဒီတော့ အစွန်းတဖက်စီမှာ ရပ်နေကြတဲ့ သားအဖအကြောင်း အဖေက ဒီလို ကဗျာစပ်ခဲ့တယ်။ ဖတ်ကြည့်ပါအုံး။

၁၆နှစ်သားနဲ့ စကားပြောခြင်း



သား…
ကျနော့်စကား
မမှားမှန်း သူသိတယ်။
သူ နားမထောင်ချင်ဘူး
ကျနော့်စကားဟာ
ခေတ်တရားနဲ့ မညီ
ပဝေဏီက ပေါရာဏစကားလို
နားမချိုစရာ ဖြစ်မိတယ်။
ခေတ်စကားနဲ့ ခေတ်တရားကိုပဲ
သူ နားထောင်မယ်။



သား..
ကျနော့်စကား
ပျားသကာလိုချိုပြီး
စေတနာပိုမှန်း သူသိတယ်။
ဒါပေမဲ့
သူ့နားမှာ မ၀င်ဘူး။
ကျနော့်စကားနဲ့ သူ့ နား
ခေတ်တွေ ခြားခဲ့ပြီ။
သူ့ခေတ် သူ့အကြောင်းနဲ့
ကျနော့်ခေတ် စကားဟောင်း
နားပြောင်းပြန် ဖြစ်နေတယ်။



သား…
ကျနော့်စကား
အဆင်တန်ဆာ များတယ် လို့ ထင်တယ်။
စကားတန်ဆာ နားတန်ဆာဆိုတာ
ခါးတမာပါပဲ။
မေတ္တာအပြုံးဆေးဟာ
ခေတ်နဲ့ကွာတဲ့ အရှုံးပေးမှုပါပဲ။
သား အရှုံးမပေးနိုင်ဘူး၊
နှလုံးမအေးနိုင်ဘူး။
အမုန်းသွေးကြွနေတယ်။
သားဟာ ဒေးဗစ်ချန်း
သားဟာ စူပါမင်း
သားဟာ ရမ္ဘုိ
သားဟာ….။



ယဉ်ကျေး ပျူငှာမှုတွေဟာ
အလိမ် အတု တွေပဲ။
စကားလုံး ၀ါကျတွေဟာ
ဟန်ဆောင်မှုတွေပဲ။
ဖေဖေတို့လူကြီးတွေဟာ
လိမ်တယ် ကောက်တယ်။
အခွင့်အရေး တမူးတပဲကို
ဘိန်းဖြူစွဲသလို စွဲနေတယ်။
သား လူကြီးတွေနဲ့ မနေချင်ဘူး။
သား သိုင်းသမားတွေနဲ့ နေမယ်။
တန်ခိုးရှင်တွေနဲ့ နေမယ်။
သူရဲကောင်းတွေနဲ့ နေမယ်။
သား စကားမပြောချင်ဘူး။
ဖေဖေဟာ သားကို ချစ်မှန်း သိပါတယ်။
သားကိုချစ်သလောက်
တရားကိုကော ချစ်ပါသလား။



အလို..ဗုဒ္ဓေါ
မလွယ်ကြောပါလား။ ။

တင်မိုး
၂၅-၃-၁၉၈၈

လူကြီးနဲ့ လူငယ်ရဲ့ မေတ္တာနဲ့ ယှဉ်တဲ့ ပဋိပက္ခ ကို ဒီကဗျာမှာ အထင်းသားတွေ့ရမှာပါ။ နောက် ကိုယ့်မောင်လေး အသက်လေးရလာတော့ လူကြီးဆန်ပြီး ရင့်ကျက်လာ၊ မေတ္တာရဲ့ တန်ဖိုးကို သိတတ်လာ၊ နောက်..တရပ်တကျေးမှာ ပင်လယ်ခရီးသွားပြီး အလုပ်လုပ်ရရှာတယ်။ အဲဒီအခါ မိဘအရိပ်ကို သူတမ်းတ ရှာတယ်။ သူ ပြန်လာချင်တယ်။ အဲဒီအခါ အဖေကလဲ သားကို ဒီလို ကဗျာလေးစပ်ပြီး ပို့ပေးခဲ့ပြန်ပါတယ်။

သားအတွက် အဖေ့အိမ်

ကိုယ့်အသွေးထဲက သား
ပင်လယ်ရပ်ခြားက သူ့စကားဟာ
ခွန်အားအဖြစ် နားထဲဝင်သွားတယ်။

စကားသံမှာ
ကာရန်တွေနဲ့ လှပြီး
ရသတွေနဲ့ ထုံမွှန်းနေတယ်။

ကိုယ့်မြေပေါ်မှာ ပြန်လည်ခြေချဖို့
မြေ ၁၀ လက်မခန့် လိုပေလိမ့်မယ်။

ဖခင်ရဲ့ ၅ပေ ၄လက်မခန့် ကိုယ်အလျား
တံတားအဖြစ် အသုံးဝင်ခဲ့ရင်
အဆင်သင့်ပါပဲ လူကလေးရဲ့..။

အဖေ့အိမ်တံခါး ပွင့်နေပြီ။

ခြေသံဖွဖွ၊ ရယ်သံလှလှနဲ့
တံတားပေါ်က လျှောက်ခဲ့ပါတော့။ ။

တင်မိုး
၉-၁၁-၉၅

အဖေက ဘယ်လောက်ပဲ တံတားခင်းပေးချင်ပေမဲ့ သားကတော့ သေမင်းခင်းပေးတဲ့ လမ်းကို ဖြောင့်ဖြောင့်ကြီး သွားနှင့်ခဲ့ပြီ။ ကိုယ့်မောင်လေး ဥာဏ်မိုး ၁၉၉၉ ခု နိုဝင်ဘာ ၁၀ရက်မှာ ပင်လယ်ရပ်ခြားမှာ တာဝန်ထမ်းဆောင်ရင်း ဆုံးရှာတယ်။ ဒီနေ့ဆို သူ ခွဲခွာသွားခဲ့တာ ၁၀နှစ် တင်းတင်း ပြည့်ခဲ့ပြီ။

သားကို ချစ်တဲ့ အဖေလဲ သား နောက် လိုက်သွားခဲ့ပြန်ပြီ။ ပထမဆုံး အမေ..၊ နောက် မောင်လေး..၊ နောက် အဖေ..။ သိပ်ချစ်ကြတဲ့ သူတို့ သားအမိ သားအဖတတွေ တနေရာရာမှာ ဆုံဆည်း ပျော်ရွှင်နေကြလိမ့်မယ် လို့ ကျန်ရစ်တဲ့ ကိုယ်တို့ညီအမတတွေ ယုံကြည်နေမိပါတယ်။

မိုးချိုသင်း

အပြည့်အစုံခံစားရန်..

Thursday, November 5, 2009

ဝလုံးလေးနဲ့ စ တဲ့ ဘဝ

ဒီလက အဖေ့ မွေးလမို့ အဖေ့ကို သတိတရနဲ့ အဖေ့ကဗျာလေးတွေ ဖတ်ဖြစ်နေတာမို့ ဒီကဗျာလေးတပုဒ်ကို သွားဖတ်မိတာပါ။ နိုဝင်ဘာ ၂၀၀၃ က ရေးထားတာဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ်ကပေါ့လေ။

ဘ၀ဆိုတာ အမျိုးမျိုး ကြုံရ တွေ့ရတာပဲ။ အခုတလော ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို နောက်ပြန်လှည့်ကြည့်မိတဲ့ အချိန်တွေ ရှိတတ်တာမို့ အခု ခံစားရတာတွေနဲ့ တိုက်ဆိုင်သလိုရှိတဲ့ အဖေ့ကဗျာလေးတပုဒ်ကို မျှဝေချင်မိတယ်။ ဖတ်ကြည့်ကြပါအုံး။

ဝလုံးလေးက စ ခဲ့တယ်

ဝလုံးလေးက စ ခဲ့တယ်။

ဘကုန်းကို ဦးထိပ်တင်ပြီး
ဘ၀ထဲကို ၀င်ခဲ့တယ်။

ဝင်ခဲ့တဲ့ဘ၀ ထွေပြားစွ။

ည ည အခင်း ပပ၀င်း
လမင်းနဲ့လဲ ဆုံခဲ့တယ်။

ညအခါ
လ မသာ လ ပျောက်
ဍ္ဍ ရင်ကောက် ဎ ရေမှုတ်
အရုပ်ဆိုးဆိုးတွေလဲ တွေ့ခဲ့တယ်။

ကကြီး ခခွေး ငွေသူဌေး
စလုံး ဆလိမ် သုခမိန်
ချင့်ချင့်ချိန်ချိန် ရှိပါတယ်။

ဆူဆူပူပူ တ၀မ်းပူတွေလဲ အများကြီး။

ဘ၀ကျောင်း အစက ကောင်းပါရဲ့
မရဏ မောင်း က ခေါ်သံကြားရင်
အားလုံးထားလို့ သွားရမယ်။ ။

တင်မိုး
၁၊ ၁၁၊ ၂၀၀၃

အားလုံးကို ထားလို့ သွားရမဲ့ အချိန် မရောက်သေးသမျှတော့ ခရီးဆက်ရအုံးမှာပေါ့။
ခရီးလမ်း ကြမ်းသည်ဖြစ်စေ၊ ချောသည် ဖြစ်စေ တုံ့လှဲ့မေတ္တာနဲ့သာ အားပြုပြီး သွားချင်သူပါလေ။

မိုးချိုသင်း

အပြည့်အစုံခံစားရန်..

Monday, October 26, 2009

မောင်သစ်ဆင်းမှ ကွမ်းစာ

ဒီမနက် အီးမေးလ်ဖွင့်ကြည့်တော့ အရင် သင့်ဘ၀မဂ္ဂဇင်းက အယ်ဒီတာ ဆရာမောင်သစ်ဆင်းဆီက နီကိုရဲအကြောင်း ရေးထားတဲ့ အီးမေးလ်တစောင် ရောက်နေပါတယ်။ စာထဲမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ပါတာမို့ ဆရာ့ကို ခွင့်တောင်းပြီး စာလာဖတ်သူများကို ပြန် မျှဝေလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

ချိုသင်းရေ..

နီကိုရဲ ဆုံးတဲ့အကြောင်း နင့်ဆီက အီးမေး ရမှ သိရတယ်၊ သိရတာကလည်း မနေ့မနက် အိပ်ယာက အထ၊ အီးမေးဖွင့်ကြည့်မှ သိရတာပါ၊ နီကိုရဲ ဆုံးပြီလို့ ဖတ်လိုက်ရတာနဲ့ ခေါင်းထဲမိုက်ခနဲ ဖြစ်သွားရ ပါတယ်၊ ဖြစ်လို့သာ ဖြစ်တာပါဟယ်၊ တကယ်တော့ ကြိုတင်စိုးရိမ်မိ ပြီးသားပါ၊ တာရာမင်းဝေ ဆုံးပြီ ဆိုကတည်းက နီကိုရဲ ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်၊ မအောင်မြင်ခဲ့ပါဘူး၊ သူ ဖုန်းမကိုင်ဘူး။

ဟုတ်ပါတယ်၊ သူဆုံးရတာ အရက်ကြောင့်ဖြစ်ဖို့ ပိုများပါတယ်၊ အဲဒါကြောင့်ပဲ ငါ့မှာ အပြစ်ရှိသလို ခံစားရတာပါ၊ ဘာကြောင့်လည်းဆိုတော့ သူ အရက်စသောက်ဖြစ်အောင် ဖန်တီးသူတွေထဲမှာ ကိုယ်က ပထမဖြစ်ခဲ့တယ်လို့ ခံစားမိလို့ပါ။

နင်ရဲ့ ဘလော့ထဲမှာလည်း ဖတ်ရပါတယ်၊ အယ်ဒီတာတွေကို ခင်မင်အောင် လဘက်ရည်တိုက်၊ အရက်တိုက်ခဲ့ပြီးပေါင်းခဲ့တယ် လို့ သူပြောခဲ့တယ်ဆိုတာ။ တခြား အယ်ဒီတာတွေတော့ မပြောတတ် ပါဘူးဟယ်။ အဲဒီတုန်းက ( နီကိုရဲ စာရေးခါစက ) ဟန်သစ်အယ်ဒီတာ ကိုတင်ကိုအောင် ကပဲ အမြဲလိုလို ညနေပိုင်း ဒကာတော် ဖြစ်လေ့ရှိခဲ့ပါတယ်။ တခါတခါတော့ ကိုခင်ဇော် ( ဆရာချစ်ဦးညိုရဲ့ ညီ ) ပေါ့၊ အဲဒီတုန်းက နီကိုရဲ က အမြည်းစားသူများ စာရင်းမှာ ပါခဲ့တာပေါ့၊ သူအရက် မသောက်တတ်သေးဘူး ချိုသင်းရ။

မောင်သစ်ဆင်းကလည်း အဲဒီတုန်းက အိမ်ထောင်ကျခါစ ရန်ကုန်ရောက်လာပြီး ဟန်သစ်မှာ ဝင်ကူ နေတုန်းပေါ့၊ ဝင်ကူတယ်ဆိုတာကလည်း စာမူဖတ်ရုံ၊ ထိန်းရုံ၊ စာပေစိစစ်ရေးက လဘက်ရည်သောက် ဖိတ်ကြား (ခေါ်ငေါက်တယ်ဆိုတာ နင်သိပြီးသားပါ) တဲ့အခါ ကိုခင်ဇော်နဲ့အတူ ခန့်ခန့်ကြီး သွား ရောက်ပြီး သူတို့ ဒါနမြောက်အောင်ကူညီခဲ့တဲ့ အဆင့်ပဲရှိပါတယ်။

အဲသလို ကူညီနေရင်းနဲ့ တစ်နေ့တော့ တာမွေလမ်းကျယ် ၁၃၅ လမ်းက ဟန်သစ်မဂ္ဂဇင်းရဲ့ ဘူတ နေရာ မဂ္ဂဇင်းတိုက်ကို ပုဂ္ဂိုလ်ကလေး တစ်ယောက်ရောက်ရှိလို့ လာပါတယ်။ ( နေဦး- ဘူတနေရာ လို့ပြောရတာက မူလနေရာမဟုတ်လို့ပါ၊ အဲဒီတုန်းက ဟန်သစ်မဂ္ဂဇင်းရဲ့ မူလနေရာဟာ ဘားလမ်း မွတ်စလင်ဆေးရုံအောက်က လဘက်ရည်ဆိုင်ဘေး လှေကားထစ်တွေပါပဲ။ အဲဒီနေရာမှာပဲ ညနေပိုင်း အချိန်တွေမှာ စာပေးစာယူ၊ သတင်းပေးသတင်းယူ၊ သရုပ်ဖေါ်ပုံအပေးအယူ စတဲ့ မဂ္ဂဇင်းတို့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ကြရတာပေါ့၊ ဒါ ဟန်သစ် တစ်ခုတည်းမဟုတ်ပါဘူး။ အဲဒီတုန်းက မဂ္ဂဇင်း အတော်များများ ဒီလိုပဲလုပ်ကိုင်ခဲ့ကြရတာ မဟုတ်လား၊ အခုတော့ မပြောတတ်ဘူးပေါ့ဟယ်။ ဘာပဲဖြစ်ဖြစ် ငါတော့ အဲဒီဘားလမ်းက လှေကားထစ်တွေကို အခုထိ လွမ်းသေးသဟဲ့ ၊ တို့ နောက်ဆုံးလုပ်ခဲ့တဲ့ သင့်ဘဝမဂ္ဂဇင်းတောင် အဲဒီနေရာနဲ့ လွတ်ကင်းခဲ့တာမှ မဟုတ်ဘဲ နော )

အင်း --မြန်မာပြည်အကြောင်းပြောရင် ကွင်းစ ကွင်းပိတ်တွေနဲ့ ပြောနေရတော့တာပဲနော်။ ထားပါတော့ဟယ်၊ ဟန်သစ်ရဲ့ ဘူတနေရာကို အဲဒီသူငယ်ကလေး ရောက်လာတာက သူ့စာမူတွေ အခြေအနေ လာရောက်စုံစမ်းတာပါ။ ကလောင်နာမည်က နီကိုရဲ ဆိုပဲ၊ ငါလည်းတစ်ခါမှ မကြားဖူးဘူး။ ဟန်သစ်ကို သူပို့ခဲ့တဲ့ စာမူတွေက ငါ ဟန်သစ်ကို မရောက်ခင်ကတည်းက ဆိုပါတော့၊ ဒါနဲ့ စာမူအဟောင်းပုံတွေ ရှာဖွေ လှန်လှောကြည့်ပြန်တော့လည်း သူ့စာမူတွေကို မတွေ့မိဘူးဟဲ့ ၊ (အမှန်က ကိုတင်အောင်ဆီ ရောက်နေပြီး မသုံးသေးတာ) ဒါနဲ့ သူ့ကို နီးရာ လဘက်ရည်ဆိုင် ခေါ် သွားပြီး ( အချိန်တွေကလည်း များနေသဗျ - အဲဒီတုန်းက) အာရိုက်ရတာပေါ့လေ၊ အာရိုက်ရင်း နဲ့ ဒီသူငယ်ဟာ အတော်လေး အာဝဇွန်းကောင်းတယ်ဆိုတာ သတိပြုမိတယ်၊ နိစ္စဓူဝအကြောင်း လေးတွေကိုပဲ သူက စိတ်ဝင်စားအောင်ပြောတတ်တယ်၊

အဲဒီနောက် ကိုတင်ကိုအောင်နဲ့ စကားစပ်မိရင်း နီကိုရဲ အကြောင်းမေးမိတော့ သူက နီကိုရဲ ရဲ့ စာမူ တွေ ထုတ်ပြပါတယ်၊ ငါ ဖတ်ကြည့်တော့ ပြောပလောက်အောင်မဟုတ်ပါ (ငါ့အထင်)။ ဟိုတုန်းက ရှုမဝ (ချစ်ကိုယ်တွေ့) တွေမျိုးလောက်ပဲ ခံစားရပါတယ်၊ ဒါပေမဲ့ သူ့မှာရှိတဲ့ အရည်အချင်းက ဒိထက် မကဘူးလို့ ငါထင်နေတယ်။

တစ်နေ့တော့ ငါတို့ နိစ္စဓူဝ အပန်းဖြေရာ တာမွေက စခန်းတစ်နေရာကို သူ လိုက်လာပါတယ်။ လိုက်လာပေမဲ့ အရက်မသောက်ပါ။ ( မသောက်တတ်ရှာသေးပါ သို့မဟုတ် မသောက်သေးပါ။ ရှိသမျှ အမြည်းတွေ သူတစ်ယောက်တည်း ကုန်အောင်စားတဲ့အခါ ကိုတင်ကိုအောင်က ပြုံးပါတယ်။ ကိုခင်ဇော်က မျက်လုံးပြူးပါတယ်၊ ငါ ကတော့ ဒီသူငယ်ကို ဘယ်လိုရင့်ကျက်အောင်လုပ်ရပါ့မလဲ စဉ်းစားပါတယ် ( အမှန်က ကိုယ့်ထက် သူက လောကရေးရာမှာ ရင့်ကျက်နေပြီးမှန်း မသိခဲ့ပါ။ သူက အဲဒီအချိန်မှာ သင်္ကန်းကျွန်း မဝတ မှာ ရုံးစာရေးလုပ်နေပြီး တောင်ဒဂုံ အပြောင်းအရွှေ့ ကဏ္ဍရဲ့ ထိတ်လန့် သည်းဖို နဲ့ရင်နင့်စရာ အတွေ့အကြုံတွေကို လက်တွေ့မျက်တွေ့ ရင်ဆိုင်ခဲ့ရပြီးပြီ။ အဲဒါတွေချရေးထားဖို့ ပြောခဲ့ဖူးပါ တယ်၊ ရေးမယ်လို့ သူကတိပြုခဲ့ပါတယ်၊ ရေးပြီးမပြီးမသိပါ) အဲသလို သူလိုက်လိုက်လာရင်း နဲ့ သူက သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးကို ဖွင့်ဖွင့်ပြတတ်ပါတယ်၊ ထွန်းအိန္ဒြာဗို့ အရင် ရှစ်နှစ် လောက် စောပြီး ထုတ်လွှင့်ခဲ့တာပါ၊ သူရဲ့ ‘ရည်းစားဦး’ စီးရီး က အတော်ရယ်ရတယ်၊ သူက လွမ်းလွမ်းဆွေးဆွေးပြောနေလေလေ ရယ်ရလေလေပါပဲ။ တချို့ဟာတွေကတော့ သူ့ကိုယ်ပိုင် ထိုးဇာတ်တွေဖြစ်ဖို့များပါတယ်။

ချိုသင်းရေ.. ဒီနေရာမှာတစ်ခုဖြတ်ပြောပါရစေ၊ နိုင်ငံတက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်တဲ့အခါ ဆိုင်ရာ စစ်ဆေးချက်တွေအပြင် အက်ဆေး အနည်းဆုံးတစ်ပုဒ် တင်ရတယ်မဟုတ်လား။ အက်ဆေး သို့မဟုတ် ငါတို့သိကြတဲ့ စာစီစာကုံး ဆိုတာ သူတို့ဆီမှာကတော့ ရေးသူရဲ့ ပင်ကိုယ်ဗီဇအရည်အသွးကို အကဲဖြတ်တဲ့ အရာပါပဲ။ ဥပမာ ချိုသင်းက ကြောင်မလေးမိဖြူ အကြောင်း အက်ဆေးရေးတယ် ဆိုပါစို့၊ မြန်မာ ကျောင်းသားကျောင်းသူအများစု ရေးရိုးထုံးစံအရ ဆိုရင်တော့ - ကျမတွင် ကြောင်မလေး တစ်ကောင်ရှိပါသည်၊ သူ့အမည်မှာ မိဖြူဖြစ်ပါသည်၊ မိဖြူသည် ငါးကြော်ကို အလွန်ကြိုက်ပါသည်၊ ထို့ပြင် သူသည် ကြွက်ခုတ်ခြင်းဖြင့် ကျမတို့ မိသားစုကို ကူညီပါသည်၊ ကျမသည် မိဖြူကို အလွန် ချစ်ပါသည် --- စသည်ဖြင့် ရေးလေ့ရေးထ ရှိကြတယ် မဟုတ်လား၊ ဒီလိုအက်ဆေးဆိုတာတွေမျိုးမှာ ရေးသူရဲ့ ပုံရိပ်၊ ရေးသူရဲ့ ရှုထောင့်၊ ရေးသူရဲ့  အမြင်တွေကို မတွေ့ရသလောက်ပါ။

ဒါပေမဲ့ နိုင်ငံတကာ မှာကတော့ အက်ဆေးဆိုတာ ရေးသူကို ရှာဖွေကြည့်ရှုတာဖြစ်ပါတယ်။ ကြောင်မလေးမိဖြူအကြောင်း ရေးတယ်ဆိုရင် မိဖြူအကြောင်းထက် ရေးသူအကြောင်းကို ပိုပြီး စိတ်ဝင်စားတာပါ၊ ချိုသင်းရေးတဲ့ ကြောင်မလေးမိဖြူအကြောင်းကတဆင့် ချိုသင်းကို ကြည့်တာပါ၊ ချိုသင်းရဲ့ ရေးပုံရေးနည်း၊ တွေးထောင့်၊ မြင်ထောင့် က အစ စကားလုံး အသုံးအနှုန်း၊ ဝါကျဖွဲ့ပုံ တင်ပြပုံတွေကနေ ချိုသင်းရဲ့အဆင့်ကို လေ့လာ အကဲဖြတ်တာ ဖြစ်ပါတယ်။

ကိုယ်တို့စခန်းချတဲ့နေရာတွေကို ( ဒီလိုအသုံးအနှုန်းတွေအပေါ် နောက်လူငယ်များ အထင် မကြီးကြစေလိုပါ။ အလကားဟာတွေပါ လူငယ်တို့..။ မင်းတို့ရှေ့က လူတချို့ရဲ့ အမှားတွေပါ။ ဒီကနေ့ လူငယ်တွေ အထင်ကြီးလိမ့်မယ်ရယ်လို့လည်း မယူဆပါ ) နီကိုရဲ လိုက်ပါလာတတ်တဲ့အခါ သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးတွေ ဖွင့်ဖွင်ပြတဲ့အခါ သူ့ရဲ့ စီးရီးတွေထဲကနေ သူ့ကို လှမ်းလှမ်းမြင်ရလေ့ရှိပါတယ်။

တစ်နေ့တော့ အိပ်တန်း ပြန်ရောက်ကျတဲ့ ညတညမှာ ကိုတင်ကိုအောင်က ငါ့ကိုမေးတယ်၊ နီကိုရဲ ကို ဘယ်လိုမြင်သလဲပေါ့၊ တောက်မဲ့မီးခဲ တရဲရဲပါပဲ လို့ပဲ ချက်ချင်းပြောလိုက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဆရာက စာရေးတဲ့နေရာမှာသာမက တခြားနေရာတွေမှာပါ ရဲနေတော့တာကိုး။ ပထမ အရက် နည်းနည်းပါးပါး လိုက်သောက်လာတယ်၊ ကိုယ်တို့က မသောက်တတ်ဘဲနဲ့ လိုက်သောက်နေစရာ မလိုကြောင်း တားမြစ်ခဲ့ကြပေမဲ့ အရက်ဝိုင်းတို့ရဲ့ ထုံးစံအတိုင်း ဒီစကား အရာမထင်ခဲ့ပါ၊ နောက်ဆုံးမတော့ သူ့ကို တယောက်တည်း အရက်သောက်နည်းတောင် ငါက သူ့ကိုသင်ပေးမိခဲ့သဟဲ့ ချိုသင်းရဲ့..။

ရေးဖေါ်ရေးဖက်ချင်းအနေနဲ့ရော အယ်ဒီတာ ( ဒီဝေါဟာရ နဲ့ ငါနဲ့ ထိုက်တန်တယ်လို့ကို အခုထိ မထင်မိပါ) တစ်ယောက်အနေနဲ့ပါ နီကိုရဲ ကို ငါအများကြီး မျှော်လင့်ခဲ့ဖူးပါတယ်။ အနုပညာမှာ ဟာသရသ ဟာ သိပ်ခက်တယ် မဟုတ်လား၊ ဟာသစာရေးဆရာဆိုတာ တခေတ်တယောက် ပေါ်ပေါက်ဖို့ မလွယ်ပါ၊ အဲဒီထဲမှာမှ ခေတ်စနစ်ရဲ့ အခြေအနေကို သရော်လှောင်ပြောင်တတ်ဖို့က ပိုခက်ပါတယ်၊ အခက်ဆုံးကတော့ လူ့ရဲ့စရိုက်တွေ၊ သဘော သဘာဝတွေကို သရော်လှောင်ပြောင်နိုင်တဲ့ ဟာသအရေးအသားဟာ အခက်ခဲဆုံးပါ၊ နီကိုရဲ ကို အဲသလောက်အထိ မျှော်လင့်ခဲ့ဖူးပါတယ်၊ ဒါကိုလည်း သူ သဘောပေါက်တယ် ထင်ပါတယ်၊ သူ့ရဲ့နောက်ပိုင်းအရေးအသားတွေမှာ အဲဒီဘက်ကို တိမ်းညွတ် လာသလားပဲ။

နီကိုရဲအတွက် နင့်ရဲ့လွမ်းစာ၊ ဆရာမ မေငြိမ်းရဲ့ လွမ်းစာတွေ ဖတ်ရပါတယ်။ နင်တို့နဲ့အတူ ကြေကွဲရပါတယ်။ ငါကတော့ လွမ်းစာတွေ မရေးချင်ဘူးဟယ်။ တမ်းစာ တွေပဲ ရေးချင်ပါတယ်။ သွားလေသူ ဆရာ့ဆရာတွေရဲ့ အရည်အသွေးတွေ၊ တန်ဖိုးတွေကို စနစ်တကျ ဖေါ်ကျူးတဲ့ တမ်းစာမျိုးတွေပေါ့။ ဒါပေမဲ့ အဲသလို တမ်းစာ မျိုး ပီပီပြင်ပြင် ရေးနိုင်လောက်အောင်ကလည်း ကိုယ့်မှာ ဝမ်းစာ က မရှိဘူးဟဲ့၊ ဒီတော့ နင့်ဆီကိုပဲ နီကိုရဲ နဲ့ ပတ်သက်ပြီး ကွမ်းစာ ရေးလိုက်ရပါတယ်။ ကွမ်းစာ ဆိုတဲ့အတိုင်း ကွမ်းဝါးပြီးပြောတာ ဆိုတော့ ဗလုံးဗထွေးပေါ့ ဟယ်။ ငါလည်း အခုတော့ ကွမ်းဝါးနေပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ကွမ်းက ဈေးကြီး သဟဲ့။

သိပ်မကြာခင်မှာ ကာတွန်းအော်ပီကျယ်၊ ဝင်းအောင်၊ ဇော်မောင်၊ စောမင်းဝေ၊ စိုးသော်တာ တို့အတွက် လွမ်းစာတွေ မရေးပါရစေနဲ့လို့ ဆုတောင်းရမှာပဲ။

ဘာပဲဖြစ်ဖြစ် မြန်မာဟာသစာပေမှာ နီကိုရဲဟာ အချိန်တိုတောင်းသော်ငြားလည်း တစုံတရာသော မှတ်တိုင်တခုကိုတော့ စိုက်နိုင်ခဲ့တယ်လို့ ငါတော့ထင်တာပဲ။ ခက်ခဲလှတဲ့ ဟာသအနုပညာကို ရေးဖွဲ့ခဲ့ကြတဲ့ မြန်မာဟာသစာရေးဆရာကြီးတွေကို ပူဇော်ချင်ပါတယ်။

မြန်မာမှာ ပူဇော်ခြင်း (၃)မျိုးရှိပါတယ်။ ဝေယျာဝစဏနဲ့ပူဇော်တာ၊ ဆုတောင်းပူဇော်တာ၊ အလုပ်နဲ့ ပူဇော် တာတဲ့၊ ငါတော့ မြန်မာဟာသစာပေကို လေ့လာခြင်းဆိုတဲ့ အလုပ်နဲ့ ပူဇော်ချင်ပါတယ်။

ဒါပေမဲ့ ချိုသင်းရေ.. ဟာသကိုခံစားတဲ့အခါ အူနှိပ်နေရအောင် ရယ်မောရတတ်ပေမဲ့ ဟာသကို လေ့လာတဲ့အခါမတော့ မရယ်ရတော့ဘူးဟဲ့၊ ဒီတော့ အရယ်သန်လှတဲ့ ချိုသင်းကြိုက်မှာ မဟုတ်တဲ့အတွက် ငါလည်း မပူဇော်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတာဝန်ကို ကိုအော်ပီကျယ်က ဆက်လက် တာဝန်ယူမယ်လို့ လွန်ခဲ့တဲ့ ၁ဝ နှစ်က တာမွေအဝိုင်းမှာ တရားဝင်ပြောကြားခဲ့ပါတယ်။ ဒီတော့ နီကိုရဲ ရဲ့ ဦးခေါင်း (အဲ ယောင်လို့) ဂမ္ဘီရ လက်ချောင်းတွေကို ကိုအော်ပီကျယ် ဆီကိုသာ လွှဲလိုက်ပါတော့ ချိုသင်း နဲ့ ဆရာမမေငြိမ်းတို့ရေ..။


မောင်သစ်ဆင်း

အပြည့်အစုံခံစားရန်..

Saturday, October 24, 2009

နီကိုရဲရေ..

နီကိုရဲရေ..
နင်ဆုံးပြီ တဲ့။ အံ့သြလိုက်တာ။ နောက်ပြီး စိတ်မကောင်းလိုက်တာ။
ဟုတ်မှ ဟုတ်ရဲ့လား၊ ဟုတ်လို့လား လို့ တတွတ်တွတ် ရွတ်နေမိတယ်။

ဟိုတနေ့ကပဲ သူငယ်ချင်း ကိုလူထွေး ပို့ပေးလို့ နင်ရေးတဲ့ ဈေးသည် အလွဲများ e book လေး ဖတ်နေမိ သေးတယ်။ အဲဒီမှာ နင့်စတိုင်အတိုင်း ရေးထားတာ ဖတ်ပြီး တချိန်လုံး ပြုံးနေမိတာ။

ဟိုးအရင်က နင်နဲ့ စ သိခဲ့တဲ့ ၁၉၉၀ ကျော် နေ့တွေကို သတိရသွားတယ်။ နင့်ကို စာပေလောကထဲမှာ တွေ့တွေ့ဖူးနေတာ ကြာပြီ။ မိန်းကလေးတွေကြားထဲ စကားပြော၊ ခင်မင်နေလို့ သိနေတာ။ ဒါပေမဲ့ နင်က အဲဒီတုန်းက ဟာသတွေ မရေးသေးဘူး။ အတည်ပေါက်ကြီးတွေ ရေးနေတာ။ တနေ့ ဟန်သစ်မှာ နီကိုရဲ ရဲ့ အခန်းဆက်ဝတ္ထုတွေ ရီရလွန်းလို့ ငါ့ဆရာ ဆရာမောင်သစ်ဆင်းကို နီကိုရဲဆိုတာ ဘယ်သူလဲ လို့ မေးမိတယ်။ ဆရာက ငါ့ကို “နင်သူ့ကို သိပါတယ်” တဲ့။ ဘားလမ်း လက်ဖက်ရည်ဆိုင်မှာ၊ လေထန်ကုန်းမှာ အမြဲတွေ့နေတဲ့ တယောက်ဟာလေ တဲ့။ ငါက နင့်ကို လူနဲ့ နံမည်နဲ့ မတွဲမိဘူး။

တနေ့တော့ ဘားလမ်းမှာ နင့်ကို တွေ့တယ်။ ထုံးစံအတိုင်း လူကောင်သေးသေးမှာ အကျီ င်္ကြီးက အကြီးကြီး၊ ဖရိုဖရဲ။ လွယ်အိတ်အကြီးကြီးကိုလဲ ထုံးထားသေးတယ်။ ပုဆိုးက တိုတိုနဲ့။ ငါနဲ့ နင်နဲ့ စကားပြော နှုတ်ဆက်နေတော့ ဆရာက ငါ့ကို “အဲဒါ နီကိုရဲ ပဲလေ” တဲ့။ ငါ့မှာ အံ့သြလိုက်တာ၊ “နင်က နီကိုရဲ ဟုတ်လား၊ နင်က နီကိုရဲ ဆိုတာ တကယ်ပဲလား” ငါ အဲဒီလို ပြောပြောပြီး ရီတော့ နင်က “အေးလေ၊ ငါ နီကိုရဲ လေ၊ နင်နဲ့သိနေတာပဲ ဒီလောက်ကြာပြီ၊ နင်က ငါ့နံမည် မသိဘူးလား” တဲ့။ ငါ့မှာ ရီလိုက်ရတာ။ ပြီးတော့ ပြောခဲ့တယ်။ “နင့် ဟာသ ၀တ္ထုတွေ ငါ သိပ်ကြိုက်တယ်”လို့။ နင်ပြုံးနေတာ အကြာကြီး။

အဲဒီတုန်းက နင်က ဟာသလိုင်းဖက် ရေးဖြစ်သွားရတဲ့ တရားခံကို ငါ့ကို ပြောပြတယ်လေ။ အဲဒီတုန်းက နင်က နင့်စာမူလေးတွေ ပို့ဖို့ ကြိုးစားနေတာ တဲ့၊ (အခုလို လျှမ်းလျှမ်းမတောက်သေးဘူးပေါ့ဟယ်။) အယ်ဒီတာမင်းများကို (နင့်စကားအတိုင်း ပြန်ပြောရရင်) အရက်တိုက်၊ လက်ဖက်ရည်တိုက် နဲ့ ခင်အောင် လုပ်နေတာ တဲ့။ အဲဒီနေ့ ညနေက ဟန်သစ်က ကိုတင်ကိုအောင် ရယ် ဆရာ မောင်သစ်ဆင်းရယ် နင်ရယ် ၀ိုင်းကြတော့ နင်က နင်နဲ့ မကြည်ပြာ (အဲဒီတုန်းကတော့ တခြားနံမည်ပါ) အကြောင်းတွေ ပြောပြတာ သူတို့လဲ ရီရလွန်းလို့ အရက်မူးတွေ ပြေကုန်တယ် တဲ့။ ဒါနဲ့ အဲဒီအကြောင်းတွေ ရေးပေတော့၊ အဲဒါရေးမှသာ စာမူထည့်မယ်လို့ နင့်ကို အကြပ်ကိုင်လို့ ညတွင်းချင်းရေးပြီး ဟန်သစ်ကို နင် စာမူပို့ခဲ့တယ် လို့ ပြောပြတယ်။

အဲဒီ အယ်ဒီတာမင်းများဟာ နင့်ရဲ့ အားသာချက်ကို တကယ်ပဲ ဆွဲထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ငါတို့ နင့်စာတွေကြောင့် ပျော်ရွှင်ရယ်မောနိုင်ခဲ့တာပေါ့။ အဲဒီအတွက် ကျေးဇူးပဲ သူငယ်ချင်း။

နောက်တော့ နင့်ဝတ္ထုတွေ ရုပ်ရှင် ရိုက်တာ၊ နင် ဇာတ်ညွှန်းတွေ ရေးတာ၊ နင် အိမ်ထောင်ကျတာတွေကို ငါ အဝေးကနေပဲ ကြားတယ်။ ငါတို့ အခင်မင် အရင်းနှီးဆုံးတွေ မဟုတ်ခဲ့ပေမဲ့ ငါ နင့်ကို မမေ့နိုင်ပါဘူး။ အထူးသဖြင့် ဒန့်ဒလွန်သီးတွေ တွေ့ရင် ဒန့်ဒလွန်သီးလို နင့်လက်ချောင်းညိုပုတ်ပုတ်တွေကို ငါ သတိရမိတယ်။ လူက လူဖလံလေး၊ လက်က ဒန့်ဒလွန်သီးလက်လို ဖောင်းကား ညိုပုပ်နေတာ ဘာဖြစ်လို့လဲ လို့ တအံ့တသြ ငါ မေးမိတော့ ငါ့ နှလုံး မကောင်းဘူးဟ တဲ့။ နင်က ပေါ့ပေါ့ပဲ ပြောပြလိုက်တာ။ ငါ့စိတ်ထဲ စိတ်မကောင်းလိုက်တာ။

အခု ဘာကြောင့် ဆုံးမှန်း ငါ မသိရသေးပေမဲ့ အခုလောက် မြန်လိမ့်မယ် လို့ မထင်မိဘူးဟာ။ ဒီစာကို ငါ သတင်းဖတ်ပြီးပြီးချင်း ရေးလိုက်တာပါ။ စိတ်မကောင်းဘူး ဆိုတာကလွဲရင် ဘာပြောရမယ်မှန်း မသိတော့လို့ပါ။ ငါ အခုကြားတဲ့သတင်း မှားပါစေ၊ ထုံးစံလိုပဲ အလွဲတွေ ကြုံနေကျ နင့်မှာ သေမင်းနဲ့လဲ လွဲပါစေလို့ ငါ ဆုတောင်းမိပါတယ် သူငယ်ချင်းရယ်။

မိုးချိုသင်း

အပြည့်အစုံခံစားရန်..

Monday, September 28, 2009

သီချင်းလေး ညည်းရင်းနဲ့..

ဒီတခါတော့ ကဗျာဆရာ ကိုဆောင်းယွန်းလ က tag တာပါ။ အားရင် ဘာသီချင်းလေးတွေ ညည်းတတ်သလဲ တဲ့။ ကိုယ်လဲ က ချင်နေတဲ့သူကို ဆိုင်းထည့်ပေးလိုက်သလို ဖြစ်သွားပြီး ရေးမှာပေါ့ လို့ ကဗျာဆရာကို သွားပြောလိုက်တယ်။

တကယ်က ဂီတဆိုတာ လူကို အဖမ်းစားနိုင်ဆုံး အနုပညာပါ။ ဂီတကို ကိုယ်တို့ တမိသားစုလုံး ၀ါသနာကြီးတယ်။ အဖေ့ဖက်က အဖိုးက ရွာမှာ မြို့မတီးဝိုင်းရဲ့ တီးဝိုင်းခေါင်းဆောင် တဲ့။ ဘင်ဂျိုတလက် နဲ့ အဖော်တသိုက်နဲ့ နေတတ်တယ်။ အမေ့ဖက်က အဖိုးကျတော့ ဓာတ်ပြားတိုက် ထောင်တယ်။ သီချင်းရေးဆရာတွေ အဆိုတော်တွေနဲ့ အိမ်မှာ သူ့သမီးတွေကို ပတ္တလား တီး၊ တယောထိုးပြီး ဂီတနဲ့သာ နေစေသတဲ့။ အဲဒီအဖိုးနှစ်ယောက်စလုံး ကိုယ်မမွေးခင် ကွယ်လွန်ကြတယ်။

အဖေ့အလှည့်ကျတော့ ကဗျာဆရာ..။ ဒါပေမဲ့ အဖေ့ကို ကဗျာဆရာအပြင် ဘာများ ဖြစ်ချင်သေးလဲလို့ ကိုယ် စကားစပ်လို့ မေးဖူးတယ်။ အဖေက Orchestra တီးဝိုင်းခေါင်းဆောင် ဖြစ်ချင်တာတဲ့။ ဆရာ မြို့မငြိမ်းတို့လို သီချင်းလေးတွေ ဖန်တီးပြီး ဘ၀မှာ အပြစ်ကင်းကင်း ပျော်ရွှင်ကျေနပ် ရောင့်ရဲချင်တာ လို့ ဆိုတယ်။

အဲဒီလို အဖေပြောတော့ ကိုယ့်မှာ အံ့သြလိုက်တာ။ ကိုယ်က တည့်တည့်ကြီး သွားချင်သူမို့
“ဒါဖြင့် အဖေက ကဗျာဆရာ မလုပ်ချင်ဘူးပေါ့ ” လို့ မေးမိတာ။
“အော် သမီးရယ်၊ ကဗျာဆရာလဲ ကောင်းပါတယ်၊ ဒါပေမဲ့ အဖေ အားကျပြီး ဖြစ်ချင်တာက သံစုံတီးဝိုင်းကြီး ဖန်တီးချင်တာ..”
“ဒါဖြင့် အဖေက တသက်လုံး လုပ်နေတဲ့ ကျောင်းဆရာကျတော့ရော..” ဆိုတော့
“အော် သမီးရယ်၊ ကျောင်းဆရာလဲ ကောင်းပါတယ်၊ ဒါပေမဲ့ အဖေက သီချင်းတွေနဲ့ ဆိုရင် ပိုပျော်တာပေါ့”
“ဒါဖြင့် အဖေက.. ”
“တော်ပါတော့ သမီးရယ်၊ ငါ့သမီးနှယ် နားဝေးလိုက်တာ၊ အဖေက သီချင်းရေးဆရာ ဖြစ်ချင်တာ၊ ဒါပဲ။”
အဲဒီလို အဖေက ပြောပြီး ဟိုဖက်လှည့် ဆေးလိပ်ဖွာပြီး နေတော့တာပါ။ ကိုယ့်မေးခွန်းတွေက သူ့အိပ်မက်တွေကို ဖီလင်အောက် စေတယ် ထင်ပါရဲ့လေ။

ဒီလို တမိသားစုလုံး သီချင်း ၀ါသနာပါတဲ့အကြောင်း ကိုယ်ရေးလဲ ရေးဖူးတယ်။ ဒါပေမဲ့ တယောက်မှတော့ အဆိုတော်၊ တေးရေးဆရာ မဖြစ်သွားဘူး။ ဒါပေမဲ့ သီချင်းတွေနဲ့ ဘလက်အင်ဝှိုက် ဖြစ်နေတဲ့ ကိုယ်တို့ဘ၀တွေကို ဆေးရောင်ခြယ်ခဲ့ကြပါတယ်။

ငယ်ငယ်လေးကတည်းက အမေချော့သိပ်တဲ့ သီချင်းလေးတွေကနေ အခု ရော့ခ်၊ ပေါ့ပ်၊ ဟစ်ပ်ဟော့၊ ပန့်ခ် တွေအထိ နားထောင်ဖူးခဲ့တာလဲ အများကြီး။ ကြိုက်တာတွေလဲ အများကြီး။ ဆိုဖို့ကျတော့ ကိုယ့်အသံက သီချင်းကို စပ်ယူရတဲ့ အသံမျိုးလို့ မိတ်ဆွေတယောက်က ပြောဖူးတယ်။ "မောင်းသံ.. တခုသောမောင်းသံ..၊ ကြားလေတိုင်းမှာဖြင့်.. ထွက်ကိုပဲ ထွက်ပြေးချင်တယ်လေ...၊ နားနှစ်ဖက်ကို စုံကာပိတ်လို့.. အတင်းရုန်းကန်.." ဆိုပဲ။

ဒီလောက် အားပေးကြမှတော့ ကိုယ်လဲ တိုးတိုးပဲ ညည်းမိပါတယ်။ မိုက် တွေဘာတွေ သီချင်းဆိုဖို့ လာပေးရင် မျက်နှာတွေ သွေးဆုတ်ဖြူရော်လာတဲ့အထိ ကိုယ့်အကြောင်း ကိုယ်သိပြီး အတင်းပဲ ငြင်းဆန်မိတတ်တယ်။ မောင်းသံ လို့ ဆိုထားတာ မဟုတ်လား။ သူငယ်ချင်းတွေ ဆုံလို့ ပျော်ရွှင်နေချိန်မှာ မောင်းတော့ ထ မတီးသင့်ဘူးလို့ သိနေပါတယ်။

သီချင်းဆိုရာမှာလဲ ဒီအဆိုတော်ကတော့ ဆရာကြီးပဲ၊ သူဆိုတဲ့သီချင်းတွေ ကြိုက်မှ နားထောင်ရည်ဝနေတဲ့ ဆရာကြီးလိုလို ဖြစ်တာမို့ သူ့သီချင်းပဲ ရွေးကြိုက်မယ် ဆိုတာမျိုးလဲ စိတ်ထဲမှာ မရှိ။ ဒီအဆိုတော်ကတော့ ကလေးကွက်တွေပါကွာ၊ ကလေးတွေ ဆိုတာပါ ဆိုတဲ့ အထင်သေးစိတ်မျိုးလဲ မရှိ။ နားထဲဝင်လို့ ကိုယ်နှစ်သက်မိရင် အကုန်ကြိုက်ပဲ။

သီချင်းကတော့ အများကြီး ရတာမျိုးလဲ မဟုတ်၊ တချို့လဲ တပိုဒ်တလေလောက်သာ အထပ်ထပ် စိတ်ထဲက ကျော့နေတာမျိုး။ သူများဆိုရင်လဲ သဘောကျမိ နှစ်သက်မိတာ။ ကိုယ်တို့နှစ်ယောက် ချစ်စ က သူက သူငယ်ချင်းတွေနဲ့အတူ ကိုင်ဇာရဲ့ သီချင်းတပုဒ် ဆိုနေတာ ကြားရတော့ တိုးပြီး ချစ်ခင် မြတ်နိုးစိတ် ဖြစ်သွားခဲ့တာ မှတ်မိသေးတယ်။

“အို..မေ၊ ကိုကိုလေ ရင်ထဲမှာ တဖက်သတ်အချစ်နဲ့ ချစ်ကာနေ..” လို့ သူဆိုတော့ တအုပ်လုံး ဆိုနေကြတာ ဖြစ်ပေမဲ့ သူ့အသံပဲ ကွက်ပြီး ကြားနေမိသလိုလို ဖြစ်မိသေး။ ကွက်ကြားမိုး ဆိုတာ ဒါမျိုးနေမယ်။ ကလေးမနှယ်.. မိုက်ချင်တော့ ပြောပါတယ်။

ဒါနဲ့ နောင်တချိန် အတူနေရင် စုမဲ့ဆောင်းမဲ့ စာရင်းထဲမှာ နံပါတ် (၁)က ကြောင်အ၀ါလေး၊ နံပါတ် (၂) က ဂစ်တာ ဆိုပြီး ချရေးခဲ့ကြတယ်။ စားတာသောက်တာ နေတာထိုင်တာ ဘယ်လိုနေမယ် ဦးဆုံး မစဉ်းစားဘဲ တယောက်က ကြောင် ပိုက်၊ တယောက်က ဂစ်တာ ပိုက်ပြီး နေရအုံးမလိုပါ။ ကံလေး မျက်နှာသာပေးလို့ အိမ်နဲ့ယာနဲ့ နေရတယ် မှတ်ပါတယ်။

နောက် လက်ထပ်ပြီး စင်ကာပူ လိုက်သွားတော့ အဲဒီမှာ ကိုယ် မပျော်ဘူး။ အဲဒီတော့ ကိုယ်တို့ကားထဲမှာ အမြဲဖွင့်တဲ့ သီချင်းက စိုင်းထီးဆိုင်ရဲ့ ချယ်ရီကိုသာ ပန်ပါကွယ် တဲ့။ လိမ်မာပါတယ် ဗမာမလေး စိတ်မညိုနဲ့ ဆိုတဲ့ သီချင်းပေါ့။ အဲဒီတုန်းက ကြောင်လဲ မွေးခွင့် မကြုံတာမို့ သူက ဒီလို ဖြည့်ဆိုပါတယ်။

“အိမ်ပေါ်မှာလေ ရွှေဝါကြောင်လေး မရှိပေမဲ့၊ ဖြူစင်စေတနာ အရိုးခံ စိတ်ရင်း ရှိပါတယ်” တဲ့။ တကယ်က တောင်ပေါ်မှာလေ တော်ဝင် ပိတောက်ပန်း မရှိပေမဲ့…ဆိုပြီး ဖြစ်ရမှာ..။ ပိတောက်ကနေ ကြောင် ဖြစ်သွားတာကတော့ သူ တရားခံပါပဲ။ ဆရာ စိုင်းခမ်းလိတ် ပြဿနာ လာရှာရင်တော့ သူ့ကို လက်ညှိုးထိုး ပြလိုက်မှာပဲ။

နောက်တော့ အလုပ်တွေ အတူလုပ်ကြတယ်။ အဲဒီတော့ ရုံးအလုပ်က မနက် ၈နာရီကနေ ညနေ ၅နာရီ ထိ ဖြစ်လေတော့ “အခါခါပေါ့၊ မာလာကျော့ လာပါတော့ မျှော်ပေါ့ ငါးနာရီ ထိုးပြီ၊ ထိုးပြီ” လို့ ဆိုမိတယ်။ ၅နာရီထိုးရင် ရုံးဆင်းရမှာကိုး။ မျှော်မိ၊ ပျော်မိတာပေါ့။ ငါ ရေဒီယိုသီချင်းလဲ ရသားပဲလို့ ကိုယ့်ဖာသာကိုယ် အားပေးမိသေးတာ။

အလုပ်ထဲမှာလဲ စီးပွားရေးဆိုတဲ့သဘောတွေကို ကိုယ်က နားမလည်လေတော့ အထက်ကလာတဲ့ အခု ဆီထမင်း၊ အခု စာကလေးကြော် ဆိုတာတွေကို တော်တော် စိတ်ညစ်ဖူးတာပါ။ အဲဒီအခါမှာလဲ သီချင်းလေး ညည်းရင်း စိတ်ဖြေရတာပါ။ “ပြောင်းလဲတတ်တဲ့ မင်းကို၊ တို့ ဘယ်လိုမှ နားမလည်..” ဆိုတဲ့ ထူးအိမ်သင်သီချင်းလေးပေါ့။

အခု ဆိုင်လေး လုပ်ပြန်တော့ အိမ်အပြန်ညတွေမှာ နှစ်ယောက်သား သီချင်း အတူ ညည်းမိတဲ့ ညတွေ ရှိသေးတယ်။ ငယ်ကျွမ်းဆွေပါ။ သူက အရင်ဆိုတယ်။
“ဒီလို ညများ တရာ မက တွေ့ပါရစေ” (ဒီတော့ ကိုယ်ကလဲ ဘယ်အညံ့ခံလိမ့်မလဲ)
“ဒီလို ညပေါင်း ထောင်သောင်းမက တွေ့ပါရစေ” တဲ့။ ဘာလို့လဲဆိုတော့ ဒီည ဈေးရောင်းကောင်းတယ်လေ။

ကြိုက်ပြီး လူကြားအောင် မညည်းရဲတဲ့ သီချင်းလဲ ကိုယ့်မှာ ရှိသေးတယ်။ မောင်သစ်မင်းရဲ့ သီချင်းလေး တပုဒ်ပါ။
“ငါ့ရဲ့ ကြမ်းတမ်း ရုပ်သွင်ပြင်နဲ့ အပေါ်ယံအရေပြားအောက်မှာ
အလွန်သိမ်မွေ့တဲ့ ကြည်လင်နုနယ်
နှလုံးသားတခုဟာ တည်ရှိခဲ့..”
စသဖြင့်ပေါ့။
အဲဒီသီချင်းက ကြိုက်တော့ ကြိုက်သား။ ဒါပေမဲ့ ငါ့ရဲ့ ကြမ်းတမ်း ရုပ်သွင်ပြင်လို့ ဆိုထားတော့ ကိုယ်နဲ့ မလိုက်ဘူး ထင်မိလို့ ညည်းဖြစ်ရင်တောင် လူမကြားအောင် ခပ်တိုးတိုးပဲ။

သီချင်းဆိုတာကလဲ ရင်ထဲက ခံစားချက်နဲ့ တိုက်ဆိုင်တော့ ပိုဆိုလို့ ကောင်းတယ် ထင်မိတာပဲ။ ဒါပေမဲ့ စိတ်ထဲမှာ ဘာရယ်မဟုတ်ဘဲ ဆိုဖြစ် ညည်းဖြစ်တဲ့ သီချင်းတွေကလဲ အများသား။ တခါကတော့ ကိုယ်သိပ်ကြိုက်တဲ့ မမီရဲ့ ရုပ်ရှင်သီချင်းတပုဒ်ဖြစ်တဲ့
“ပျော်စရာဆိုတာ တို့ရဲ့ကမ္ဘာမှာ မရှိပါ၊ ရင်နာစရာတွေ တွေးမိပြန်ရင် ရင်ထဲမှာ..” လို့ ဆိုမိတော့ ကိုယ့်ဆရာက သူ့ကိုလဲ ပျော်အောင် ထားရက်နဲ့ တဲ့။ အင်းးး သိပ် အထ အန မကောက်တာ ကောင်းပါလိမ့်မယ်လေ။

အမြဲလိုလို ညည်းမိတဲ့ နောက်သီချင်းတပုဒ်က ခိုင်ထူးရဲ့ နောက်ဆုံး အိပ်မက်။ ကိုနေ၀င်း စပ်ခဲ့တာ။
“ရဲရင့်…ကျောက်ခက်တို့ ပြိုနေဆဲ..
ငါ့အတွက် အဖြေ ရှာနေတုန်းပေါ့
တချို့တွေ နေနိုင်လွန်းတယ်…”
အခုတလော အဲဒီသီချင်းလေးကို အမြဲ ညည်းမိတာ။ “တယောက်တည်း ငါ ငိုနေတုန်း၊ ရင်ထဲမှာ မကျေနပ်ဆုံး ………..” လို့ ဆိုလိုက်ရမှ ရင်ထဲမှာ နည်းနည်း သက်သာသွားသလိုပါ။

နောက်တပုဒ်ကတော့ ကိုယ့်မှာ ၀မ်းနည်းစရာ အကြောင်းတိုက်ဆိုင်တိုင်း ဆွတ်ပျံ့နာကြင်စွာ ဆိုမိတဲ့ သီချင်းလေး။ ဆိုမိတိုင်း ဒဏ်ရာများနဲ့ လူ ဟာ ကိုယ်ကိုယ်တိုင်ပဲ လို့ ထင်မိတယ်။ ဦးလှိုင် ရေးခဲ့တာပါ။
“ကြယ်တွေ ကြွေတုန်းလား…
မသိချင် ရင်ထဲ အားတင်းထား
ကြွေတဲ့ ကြယ်တွေရဲ့ အကြောင်းကို ရင်မှာ မခံစားရဲ..”


ဒီလိုနဲ့ ဆိုဖြစ်တဲ့ သီချင်းတွေအကြောင်း ရေးရရင်တော့ အများကြီးပေါ့။ သီချင်းတွေကတော့ ဆိုဖြစ် ညည်းဖြစ်နေမှာပါပဲ။
ရင်ထဲက ခံစားချက်တွေ နီလိုက် ပြာလိုက် ၀ါလိုက် ရောင်စုံပြေးနေသလို သီချင်းတွေနဲ့ ဘ၀ အထုအထောင်းတွေကို ခုသာ ခံသာအောင် လုပ်နေရသလိုပေါ့။
တခုတော့ သေချာပါတယ်။
သီချင်းတွေကြောင့် လောကကြီး ပိုလှသွားတယ် ဆိုတာ..။


မိုးချိုသင်း

အပြည့်အစုံခံစားရန်..

Thursday, September 24, 2009

မေတ္တာပို့

ဒီနေ့ ဆရာတော်တပါး ကိုယ်တို့ဆိုင်လေးကို လာအားပေးခဲ့ပါတယ်။

ဆရာတော်က ၂၀၀ရခု စက်တင်ဘာလမှာ ဖြစ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ မေတ္တာပို့ လမ်းလျှောက်ခဲ့ကြသော ရဟန်းရှင် သံဃာတော် အရှင်သူမြတ်တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ လက်မောင်းမှာ ဆေးမင် တင်ခဲ့ပါတယ်။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ တဲ့။




အပြည့်အစုံခံစားရန်..

 
/* EOT ----------------------------------------- */