ပျော်စရာကောင်းလို့ အောက်မေ့တယ်..

ကိုယ်တို့ငယ်ငယ်တုန်းက မိဘတွေက အရမ်းကို လွတ်လပ်ခွင့်ပေးထားတဲ့ သဘောမှာရှိတယ်။ ကလေးပဲ ဆော့ပါစေ ဆိုပြီး ဘယ်လောက်ဆော့ဆော့ မပြောဘူး။ ခုခေတ်ကလေးတွေလိုလဲ စာတွေက မဖိစီးသေးဘူး။ ဒါမှမဟုတ် မိဘတွေက ကြီးကြီးမားမား သိပ်မမျှော်လင့်တာလဲ ဖြစ်ချင်ဖြစ်မယ်လေ။ အဲဒီတော့ ငယ်ငယ်တုန်းကဘ၀တွေက ပြန်တွေးရင် ပျော်စရာ အကောင်းသား။

ပျော်ဆို အဖော်ကလဲ ကောင်းတယ်လေ။ မောင်နှမ ၅ယောက်ဆိုတော့ အုပ်တောင့်တယ် ဆိုရမှာပေါ့။ ဘာကစားကစား၊ ဘယ်သွားသွား တတွဲကြီးဆိုတော့ အိမ်ကလဲ စိတ်မပူဘူးပေါ့။ ကိုယ်တို့က အငယ်တွေဆိုတော့ အကြီးတွေလုပ်ရင် အကုန်လိုက်လုပ်ပဲ။ အထင်လဲကြီးတယ်။

ကိုယ့်အမတွေထဲက အမအလတ် မအေးက ဟာသ သမား။ သူက အိမ်ကို ဧည့်သည်တယောက် လာလည်လို့ ပြန်တာနဲ့ သူက အဲဒီဧည့်သည်ရဲ့ အမူအယာကို ချက်ချင်း ပြန်လုပ်ပြနိုင်တယ်။ အဖေတို့ အမေတို့ဆိုရင် သူလုပ်ပြတာ ရီရလွန်းလို့ ငါ့သမီးရယ် တော်ပါတော့ ပြောရတယ်။ အမြဲတွေ့နေကျအဖေက သတိမထားမိဘဲ သူက ကလေးပေမဲ့ တချက်ကြည့်တာနဲ့ အဲဒီလူရဲ့ အမူအရာကို တကြောင်းဆွဲလုပ်ပြတတ်တယ်။အဖေတို့မှာ နောက်တခါ အဲဒီလူနဲ့တွေ့ရင် မရီမိအောင် မနည်းသတိထားနေရတာ။ မောင်နှမအားလုံးထဲမှာ ဟာသဥာဏ် အရွှင်ဆုံးလို့ ပြောရမှာပေါ့။

အဲဒီတော့ ဧည့်သည်လာရင် ကိုယ်တို့က အိမ်ထဲက အမြဲချောင်းကြည့်တာ။ သူပြန်ရင် မအေး ဘယ်လိုလုပ်ပြမလဲ သိချင်လို့၊ ရီချင်လို့။ နောက်တခုက ဧည့်သည်ကို ကျွေးတဲ့မုန့်တွေ ပိုရင် စားချင်လို့။ အမေက ဘယ်တော့မှ ကိုယ်တို့ကို အစားအသောက်နဲ့ ပတ်သက်ရင် မကန့်သတ်ဖူးဘူး။ ကြိုက်သလောက်စား ပဲ။ ဒါပေမဲ့ ကလေးဆိုတော့ ဘယ်လောက်စားရစားရ ဧည့်သည်ကို ကျွေးတယ်ဆိုရင် အမွန်အမြတ်ပဲ၊ ကိုယ့်ဟာထက် ပိုကောင်းတယ်ပဲ ထင်တာကိုး။

အဲဒါနဲ့ လိုက်ကာကြားထဲက ချောင်းကြည့်နေတတ်တာပေါ့။ အဖေ့မိတ်ဆွေတွေကလဲ ချောင်းကြည့်နေတာ သိမှာပါ။ ဒါပေမဲ့ ကလေးတွေဆိုတော့ ဘာပြောမှာလဲ။ ကြည့်..ကြည့်ပစေပေါ့။ တခါတလေများ တယောက်ပြီးတယောက် ထပ်ပြီး ကြည့်ကြတော့ လိုက်ကာတန်းပြုတ်ကျပြီး တထွေးကြီး အရှိန်လွန်ပြီး ဧည့်သည်ရှေ့ ၀မ်းလျားမှောက် သွားတာကလဲ ရှိသေးတာ။ အဲဒါဆိုလဲ အဖေက အော် ငါ့သမီးတွေ တယ်ဆော့တာကိုး လောက်ပါပဲ။ ကိုယ်တွေကလဲ ကုန်းထ ပြီး ပြန်ဝင်ပြေးကြတာပဲ။

ဧည့်သည်ပြန်ရင်တော့ အိမ်ရှေ့လောက်ရောက်တာနဲ့ ပြေးပြီး မုန့်တွေ ၀ိုင်းလု စားကြတာ။ တခါတလေ ဧည့်သည်က ထီးကျန်ခဲ့လို့ပဲ ဖြစ်ဖြစ်၊ အိတ်ကျန်ခဲ့လို့ပဲ ဖြစ်ဖြစ် ဧည့်ခန်းထဲကို ပြန်ဝင်လာရင် ပက်ပင်းမိတော့တာပါပဲ။ အဲဒီတော့လဲ ဘယ်တတ်နိုင်ပါ့မလဲလေ။ ကလေးကိုး။

နောက်တခါ ထုပ်စီးတိုးတို့၊ ခြေတပေါင်ကျိုးတို့ ကစားရတာ ပျင်းရင် ခြံထဲမှာ ရှိတဲ့ သူငယ်ချင်းတွေ အကုန်လုံး စုလိုက်ကြတယ်။ ကလေးတအုပ်ကြီး ပေါ့။ အဲဒါကို မအေးက ဦးဆောင်ပြီး လမ်းမှာ ဖြတ်သွားတဲ့ လူကြီးတယောက်ယောက်ကို ခပ်တည်တည်နဲ့ လမ်းမေးတယ်။
"ဦး အင်းလျားဆောင်ကို ဘယ်လို သွားရလဲဟင်" ပေါ့။ "သမီးတို့ အဒေါ်ဆီကို သွားချင်လို့" ပေါ့။ အဲဒါဆို အဲဒီအမေးခံရတဲ့ လူကြီးက စိတ်အရမ်းပူသွားပြီ။ သမီးတို့ လူကြီးမပါဘူးလား၊ ဘာလုပ်ဖို့ သွားမှာလဲ ဘာညာပေါ့။ ကြည့်လိုက်တော့ စိတ်လဲ ပူချင်စရာလေ။ ကိုယ်တို့ ကလေးအသေးလေးတွေကလဲ နောက်မှာ ပါသေးတယ်၊ ကွိကျိ ကွိကျိနဲ့ တအုပ်လုံး ကလေးတွေချည်း။ တကယ်တော့ သူဒီလို စိတ်ပူအောင် ဖန်တီးထားတာ မသိရှာဘူး။

အဲဒါနဲ့ အဲဒီလူကြီးလဲ ကလေးတွေဆိုတော့ လမ်းပျောက်ကုန်မှာလဲ စိုးတယ်၊ ဖြစ်နိုင်ရင် အင်းလျားဆောင်က အဒေါ်ဆိုတာဆီ လိုက်တောင် ပို့လိုက်ချင်တယ်၊ ဒါပေမဲ့ သူ့မှာကလဲ သွားရအုံးမှာ ရှိသေးတယ်။ အဲဒီတော့ သူက လမ်းမမှားအောင် အသေအချာ ကို ရှင်းပြတော့တာပါ။ တကယ်တော့ အဲဒီ အင်းလျားဆောင်တို့ဆိုတာ ကိုယ်တို့က ညတရေးနိုး ထ မေးတောင် သွားတတ်ပါတယ်။ ဒီနယ်မြေမှာ မွေးခဲ့တာ၊ ကြီးတာဆိုတော့ တက္ကသိုလ်တခုလုံး ကိုယ်တို့ ဆော့ခဲ့တဲ့ ခြေရာချည်းလေ။

"ကဲ သမီးတို့၊ ရှေ့ကပုဂံလမ်းလေးကို တွေ့လား၊ အဲဒီကနေ တည့်တည့်ကြီးသွား၊ ဘယ်ကိုမှ မကွေ့နဲ့နော်..ပြီးတော့ လမ်းဆုံးရောက်ရင် ညာဖက်ကို ချိုးလိုက်၊ သိပြီလား သမီး၊ ဘယ်ဘက်လဲ.."
"ဟုတ်ကဲ့ ညာဖက်ပါ ဦး၊ ညာဖက်ဆိုတာ ဒီဖက် မဟုတ်လားဟင်" (ညာဖက်ဆိုပြီး ဘယ်ဘက်ကို ပြပြီး တလွဲလုပ်လိုက်သေးတာ..)
"အင်း ငါ့နှယ်၊ စိတ်ပူပါ့ကွာ၊ ကဲ လာလာ ဦးလိုက်ပြမယ်.."

အဲဒီတော့ မျက်နှာသေလေးတွေနဲ့ သူလမ်းပြတာ လိုက်သွားကြတယ်။ သူပြတဲ့ လမ်းအတိုင်းလဲ ဆက်သွားသလိုလို လုပ်လိုက်သေးတယ်။ သူကလဲ သူ့ခရီးသူ ဆက်မသွားနိုင်သေးဘဲ ကိုယ်တို့အုပ်ကြီးကို မျှော်ကြည့်လို့॥။ ပြီးမှ ကိုယ်တို့လဲ ခွိခွိ ခွိခွိ ဆိုပြီး ပြန်ပြေးလာကြရော၊ သူ့ဘေးက ဖြတ်ပြီး ခြံထဲတောင် ပြေးဝင် သွားသေး။ သူလဲ ပထမတော့ အံ့အားသင့်လို့။ ပြီးမှ နောက် မှန်း ရိပ်မိပြီး ပွစိပွစိနဲ့ ထွက်သွားတော့တာလေ။

တခါတလေကျတော့လဲ တမျိုး ကစားကြသေးတယ်။ ကိုယ်တို့ခြံရှေ့မှာ ဘတ်စ်ကားမှတ်တိုင် ရှိတော့ အဲဒီတုန်းက ၁၆ ကားကြီးတွေ ပြေးတယ်။ ပုဂံလမ်းထိပ်ပေါ့။ ဒီလိုပဲ ကလေးတွေ တအုပ်ကြီး ခြံထိပ်မှာထိုင်ပြီး ဘာလုပ်ကြရင် ကောင်းမလဲ စဉ်းစားနေကြတာ။ နောက်တော့ မအေးက အကြံရတယ်။

ဘတ်စ်ကားလာရပ်တဲ့အချိန်မှာ အချိန်ကိုက်ပြီး ဘတ်စ်ကားဆီ ပြေးကြတာကိုး။ ဘတ်စ်ကားကလဲ စီးမယ်ထင်ပြီး စောင့်တယ်။ စပယ်ယာကလဲ ဟိုး ဆရာရေ့..၊ ကလေးတွေ လိုက်မယ် တဲ့။ ဆယ်ပြားတွေ လိမ့်လာတယ် တဲ့။ (အဲဒီခေတ်တုန်းက ဘတ်စ်ကားခက ဆယ်ပြားကိုး)။ ကိုယ်တို့လဲ ဘတ်စ်ကားနားရောက်တော့ တက်မလိုလိုနဲ့ တခါတည်း ဘတ်စ်ကားကို ကျော်ပြီး ပြေးသွားတယ်။

စပယ်ယာကလဲ ကြောင်ပြီး ကြည့်လို့။ စောင့်နေတာ..စောင့်နေတာ။ တက်မယ် ထင်လို့။ ကိုယ်တို့ကလဲ ဟိုရှေ့မှာပဲ သိပ်အရေးကြီးနေသလိုလို ပုံလုပ်ပြီး သူ့ကိုကျော်ပြီး ပြေးသွားကြတာ။ စပယ်ယာလဲ စိတ်ဆိုး၊ ဒရိုင်ဗာလဲ စိတ်ဆိုးပြီး ၀ူးကနဲ မောင်းထွက်သွားတာ။ ကိုယ်တို့မှာ တခွိခွိ ရီမဆုံးဘူး။

နည်းနည်းကြီးလာတော့ ဒါမျိုးတွေ မလုပ်တော့ပါဘူး။ တကယ်ပြောတာပါ။ ငယ်ငယ်တုန်းက ဆော့ခဲ့တာလေးတွေ သတိရလို့ ပြန်ပြောပြတာ။ တခါတလေကျတော့လဲ ဖြူစင်ပြီး အပူအပင်ကင်းတဲ့ ကလေးဘ၀ကို ပြန်သတိရမိတာပါလေ..။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

စပယ်တွေ ပွင့်ပြီ..

ကိုယ့်ကို မိန်းမ သိပ်မပီသဘူးလို့ တယောက်ယောက်က ပြောလာခဲ့ရင် လက်ခံရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမရယ်လို့ ပျော့ပျော့ ပြောင်းပြောင်း၊ နူးနူးညံ့ညံ့ မနေတတ်။ စိတ်မြန် လက်မြန် ၀ုန်းဝုန်း ဒိုင်းဒိုင်း သွားလာ လုပ်ကိုင်ချင်တယ်။

ဒီက မိန်းကလေးတွေဆိုရင် လှလိုက်ကြတာ။ မျက်နှာကိုလဲ အမျိုးမျိုး ခြယ်သ ကြတယ်။ မနက် ရုံးအသွား freeway traffic ထဲမှာ ကောင်မလေးတွေ ကားမောင်းရင်းတဖက် ကာခြယ်ဆွဲနေရတာနဲ့၊ မျက်တောင်ကော့နေရတာနဲ့၊ နှုတ်ခမ်းနီဆိုးပြီးလို့ ကားနောက်ကြည့် မှန်လေးကို ကြည့်ရင်း ပါးစပ်ကို ပလပ်ပလပ် လုပ်နေရတာနဲ့..။ သူတို့ကိုကြည့်ရင်း ကားတိုက်မှာ ကြောက်လိုက်တာ။

အလှအပဆိုတာ မိန်းမတွေရဲ့ သည်းခြေကြိုက်ဆိုတာလဲ အမှန်ပါပဲ။ အားရက်ဆိုလဲ သူတို့ အများစုက ခြေသည်း၊ လက်သည်းအလှပြင်တဲ့ဆိုင်မှာ၊ မျက်နှာပေါင်းတင်တဲ့ဆိုင်မှာ၊ ဆံပင် ကောက်လိုက် ဖြောင့်လိုက်ဆိုင်မှာ အချိန်ကုန်ကြတယ်လေ။ စိတ်လဲ ရှည်ကြ၊ အချိန်လဲ ပေးနိုင်ကြတယ်။ ရုံးမှာလဲ သူငယ်ချင်းတွေ စကားပြောလိုက်ရင် အလှအပအကြောင်း၊ အစားအသောက် အမျိုးမျိုး လုပ်ပုံလုပ်နည်းတွေ အကြောင်း၊ သိုးမွှေးထိုးနည်းတွေ၊ ပန်းအမျိုးအစားတွေအကြောင်း ပြောကြ ဆိုကြတယ်။ ကိုယ်ကတော့ ငေးနေရတာပေါ့။

မိန်းမပီသတဲ့အထဲမှာ ပန်းပင်လေးတွေ ပျိုးတတ်၊ ရေလောင်းတတ်တာလဲ ပါတယ်ဆိုရင် ကိုယ့်ကို စာရင်းထဲကသာ နှုတ်လိုက်ပါတော့။ ကိုယ်က စိတ်လဲ မရှည်တော့ အခုရေလောင်း၊ အခုပန်း ပွင့်... ဖြစ်ချင်တာ။ ရေလောင်းတာက တခါ၊ ပွင့်စမ်း ပွင့်စမ်း ပြောတာက အခါ ၁၀၀ ဆိုပါစို့။

အဖေဆုံးခါစကတော့ ကိုယ့်အမလို ခင်နေတဲ့ သူငယ်ချင်း မနုက စပယ်ပင်လေး တပင် လက်ဆောင်ပေးတယ်။ ကိုယ်က စပယ်ပန်းကို ချစ်တယ်။ လွမ်းရင် သစ်ပင်စိုက်ရတယ်လို့လဲ ကြားဖူးတာမို့ အချိန်ကိုက်ပဲလေ။

ဒါနဲ့ ဘယ်တော့မှ စိတ်မရှည်တဲ့ ကိုယ်တယောက် နေ့တိုင်း စပယ်ပင်လေးကို ရေလောင်းနေမိတယ် ဆိုပါတော့။ တနေ့ တခွက်ပေါ့။ လောင်းစ က တော့ အဖေကြီးကို လွမ်းလိုက်တာ..တခွက်၊ အဖေကြီးကို သတိရလိုက်တာ..တခွက် ပေါ့။

နောက်တော့ အလွမ်းတွေက ကျယ်ပြန့်လာတယ်။ တခါက ရုံးက သူငယ်ချင်းတယောက် သူ့အမေ ဆုံးတယ်ဆိုတော့ ကိုယ်ပါ သူနဲ့အတူ ရောငိုခဲ့ပြီး ပြန်လာတော့ စပယ်ပင်လေးကို ရေလောင်းပြန်ရော.. တခွက်။ နောက်တော့ နေမကောင်းလို့ ဟင်းမချက်နိုင်တော့ ဒီက အစားအစာတွေ ခံတွင်းမတွေ့ဘဲ ဗမာပြည်က အစားအသောက်တွေ သတိရပြန်လို့ လောင်းပြန်ရော..တခွက်။

ဒီမှာ သူငယ်ချင်းတွေ အများကြီးရပေမဲ့ မြန်မာပြည်က ပြတ်အတူ၊ လပ်အတူ သူငယ်ချင်းလေးတွေကို လွမ်းမိလို့က…တခွက်။ သူများတွေ တနင်္ဂနွေမှာ church တက်ကြတော့ ကိုယ့်ပြည်က ရွှေရောင် တ၀င်းဝင်းနဲ့ ရွှေတိဂုံဘုရားကြီးကို သွားဖူးချင်လို့က တခွက်။

ဒီမှာက ဘာစားစား၊ ရေနွေးကြမ်းပဲ သောက်သောက် ပိုက်ဆံပေးရတာဆိုတော့ ပုဂံက ထမင်းဆိုင်တွေမှာ ဟင်းတွေ အလှူအိမ်လို အလျှံပယ် ချကျွေးတဲ့ ပုဂံထမင်းဆိုင်တွေကို လွမ်းလိုက်တာဆိုပြီး..တခွက်။ ဒီမှာ ကျောင်းသွားတက်ပြန်တော့ စေတနာတွေ အန်ထုတ်မတတ် အကုန်အဆင်သင့် သင်ပေး၊ နုတ်စ် ထုတ်ပေးကြတဲ့ မြန်မာပြည်က ဆရာ၊ ဆရာမတွေကို လွမ်းလို့က တခွက်..။

နောက်..သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ သတ္တိရှိရှိ ပြတ်ပြတ်သားသား ရပ်ခဲ့တဲ့ မစိုးရိမ် ဆရာတော်ဘုရားကြီး ကို လွမ်းဆွတ်မိလို့က တခွက်။ ဒီက X’mas တို့ Thanks Giving တို့ နေ့တွေမှာ မိသားစု ဆုံကြ၊ စားကြတာတွေတွေ့ပြီး ကိုယ့်ပြည်ထဲမှာပဲ မဆုံဆည်းနိုင်ရှာတဲ့ မိသားစုတွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ သူတွေကို စာနာဝမ်းနည်းမိလို့က တခွက်..။

ဒီလိုနဲ့ ရေခွက်ပေါင်းများစွာ လောင်းပြီးတဲ့ တနေ့မှာ စပယ်ပင်သေးသေးလေးက အပွင့်လေးတွေ အများကြီး ပွင့်လာတာ တွေ့လိုက်ရတယ် (တိတိကျကျ ပြောရမယ်ဆိုရင် ၃၉ပွင့်။) ဒါနဲ့ ကိုယ်လဲ ဘယ်လို ဖြစ်သွားမှန်း မသိတော့ဘူး။ အဖေ့ ကဗျာလေး တပုဒ်ကိုပဲ ကြားခံ ပြောပြလိုက်တော့မယ်။ ဖတ်ကြည့်ပါအုံးနော်။

မြစမ်းမျက်ရည်

ကိုယ့်နေရာ
သာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။

မည်မျှ ကြီးမြင့်၊ မည်မျှ တင့်လည်း
မပွင့် နေခြည်၊ အုံ့မှိုင်းသည်သို့
မကြည်မွေ့ချေ၊ သူ့ရပ်မြေတည့်။

သူတို့ စကား၊ သူတို့ကြား၌
ပျားသို့ မချို၊ မှိုသို့ မလန်း၊ ပန်းသို့ မရွှင်
ကိုယ့်မိခင်ကို၊ တမြင်မြင်တမ်း၊ အစဉ်လွမ်းခဲ့။

ရေချမ်းစင်က၊ ရေကြည်မြကို
သောက်ရပေဖူး၊ သူ့ကျေးဇူးကို
အထူးသိလည်း၊ ဇာတိလွမ်းနာ၊ မဖြေသာခဲ့။

သူ့မြေမှာမူ
သာယာဘိခြင်း၊ သင်းပါဘိတောင်း
ကောင်းပါဘိတကား၊ အသိသားပင်
တရားလက်ကိုင်၊ ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။ ။

တင်မိုး
၁၁၊ ၅၊ ၂၀၀၁


မြင်မြင်သမျှ နေရာတိုင်းမှာ စပယ်တွေ ပွင့်ကုန်ပြီလေ..။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

သံယောဇဉ် ...

ကိုယ် ဒီကိုမလာခင်က ကိုယ့်အမတွေက သူတို့နဲ့ ဝေးရာမှာ နေရမှာမို့ ဂတိ တခု အသေအချာ တောင်းတယ်။ ဘာလဲဆိုတော့ ဘယ်တော့မှ အိမ်မှာ ကြောင်လေးတွေ၊ ခွေးလေးတွေ မမွေးပါနဲ့ တဲ့။ ဘာဖြစ်လို့လဲဆိုတော့ နင်တို့ နှစ်ယောက်စလုံး သံယောဇဉ် ကြီးတတ်လွန်းလို့ပါ တဲ့။ ကိုယ်ကလဲ အေးပါ၊ အေးပါ ပေါ့။

မိသားစုမှာ ကိုယ်ကလဲ ကိုယ့်မောင်လေး ဆုံးသွားတော့ အငယ်ဆုံး ဖြစ်သွားပြီး၊ သူကလဲ သူ့ မောင်နှမ နှစ်ယောက်တည်း ရှိရာမှာ သူက အငယ် ဖြစ်နေတယ်။ အဲဒါအပြင် နှစ်ဖက်စလုံးရဲ့ ကိုယ့်ထက်အကြီးတွေက အမတွေချည်းပဲမို့ ကိုယ်တို့နှစ်ယောက်ကို ပူတတ်၊ ပန်တတ် ကြတယ်။ အကိုတွေဆိုရင်တော့ ဖာသိဖာသာ နေကြလိမ့်မလား မသိ။

သူတို့ဘာဖြစ်လို့ အဲဒီလို ဂတိတောင်းရတာလဲဆိုရင် ကိုယ်တို့က တိရိစ္ဆာန်လေးတွေ ချစ်ရမှာ အူလှိုက်သည်းလှိုက် ချစ်တတ်ကြပြီး သူတို့တွေ ဆုံးသွားရင်၊ ပျောက်သွားရင်တော့ မစားနိုင် မသောက်နိုင် နေမကောင်းဖြစ် တတ်ကြလို့ပါ။ အဲဒီတော့ သူတို့က သူတို့မလာနိုင်တဲ့နေရာမှာ အဲဒီလို ဖြစ်နေရင် ဒုက္ခဖြစ်နေမှာစိုးတယ်လေ။ ဒါကြောင့် ဂတိတောင်းရတာပါ။

ကိုယ်တို့ မလေးရှားမှာ နေတုန်းက ကိုယ့်ခြံထဲ သူများလာပစ်သွားတဲ့ ခွေးလေးတကောင် မွေးဖူးတယ်။ နံမည်က ပေါတာ တဲ့။ ခွေးလေးက သခင်မရှိသေးတော့ ဟိုလူ့ကို ဖားရ၊ ဒီလူ့ကို ဖားရ နဲ့ မို့ ပေါတာကြီးလို ဖြစ်နေလို့ အဲဒီနံမည် ပေးလိုက်တာ။ ကိုယ်တို့လဲ မွေးလိုက်ရော သခင်ရှိသွားပြီဆိုတဲ့ အသိနဲ့ အကုန်လုံးကို မာန်မဲ တော့တာပါပဲ။ ဘာမှ လာမပြောနဲ့၊ ငါ့သခင်ကလွဲရင် အားလုံးကို ကိုက်မယ် ပဲ။

ကိုယ်တို့နှစ်ယောက်က ဆိုးလဲ ချစ်တာပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ ငါ့သားလေး ပေါတာ ဆိုးရှာတယ်ပေါ့။ ကိုယ်တို့ boss ရဲ့ ဧည့်သည်လာလို့ ကိုက်မယ်လုပ်လဲ ကိုယ်တို့က ပြုံးပြုံး ပဲ။ ချစ်စရာလေးဟယ်၊ သွားလေးတွေ ဖြဲလို့ ကိုက်မလို့တဲ့ အကိုရေ.. လို့ လှမ်းပြော လိုက်သေးတာ။ သူကလဲ ပြုံးပြီး အေး၊ အေး တဲ့။ အကိုက်ခံရမဲ့သူကတော့ ပြေးပေတော့ပဲ။

ပေါတာ ကလဲ အားကိုးရတယ်။ ကိုယ်တို့ အပြင်ထွက်မယ်ဆိုရင် ကားမထွက်ခင် အရင် ခြံအပြင် ပြေးထွက်ပြီး လမ်းရှင်းရတာ။ ငါ့သခင်ထွက်မယ် အားလုံးဘေးဖယ် ပေါ့။ လမ်းပြပုလိပ် သေလို့ ၀င်စားသလား မသိ။ အိမ်ရှေ့မှာ ကားလမ်းမို့ ကားတွေ တ၀ီဝီဖြတ်နေလဲ ကားတွေကို လိုက်ဟပ်၊ လိုက်ကိုက်မယ်လုပ်တာ။ နောက်တော့ ဆိုင်ကယ်တစီးပေါ်က မလေး တကောင်က လမ်းမပေါ် ဟိုပြေးဒီပြေးလိုက်ဟပ်နေတဲ့ ခွေးကိုတွေ့တော့ ဒေါသ ထွက်သွားတယ် ထင်ပါတယ်။ ဆိုင်ကယ်ပေါ်ကနေ လှမ်းကန်လိုက်တာ ကိန် ကိန် ဆိုပြီး အဲဒီက စပြီး လမ်းပေါ် မထွက်ရဲတော့ဘူး။ တော်သေးလို့ ကားမတိုက်တာပေါ့။

ပေါတာလေး ဆုံးသွားတဲ့အကြောင်းတွေတော့ မရေးတော့ဘူး။ ပြန် မတွေးချင်တော့လို့။
နောက်တကောင်ကတော့ ရန်ကုန်ပြန်ရောက်မှ မွေးဖြစ်တာ။ နံမည်က Ru တဲ့။ ဂျပန်စီးရီးစ် တခုထဲက ခွေးလိမ်မာလေး ရဲ့ နံမည် ပေးထားတာ။ အဲဒီကားထဲက ခွေးလေးက လိမ်မာလိုက်တာ မပြောပါနဲ့တော့။ ကိုယ်တို့ရဲ့ Ruသားလေးကတော့ ဆိုးလိုက်တာ တာတေ လန်ရော ဆိုပါတော့။ မိဘက အလိုလိုက်ထားတယ်လေ။

သူ့ကိုတော့ ၁လသားလောက်ကတည်းက မွေးထားတာမို့ နို့ဗူးတိုက် မွေးလာရတာ။ တယ်ရီယာ အစပ်လေးပေါ့။ သား လို့ပဲ ခေါ်တယ်။ ကိုယ်တို့ နှစ်ယောက်က တသားတည်း သား ဖြစ်နေတော့ သူ့အမေကလဲ Ru သားနဲ့ စကားပြောရင် ဖွားဖွားကြီးကလေ..တဲ့။ ကိုယ့်အမတွေကလဲ သူတို့ကိုယ်သူတို့ ကြီးကြီးအေး တဲ့၊ ကြီးကြီးစံ တဲ့။ အကုန်လုံး Ru နဲ့ အမျိုးတော်ကုန်တယ် ဆိုပါတော့။

သူကတော့ တဘာသာ။ ထမင်းကျွေးရင်လဲ စားချင်သလို၊ မစားချင်သလိုနဲ့။ ကိုယ်က ခွံ့ကျွေးရတယ်။ ခွံ့ကျွေးတော့လဲ ဟင်းမကြိုက်သလိုလို၊ အီနေသလိုလို လုပ်နေတော့ ၀ါးပြီး ထမင်းလုံးလေးတွေလုပ်ပြီး ကျွေးလို့ သူ့အမေက ဒီလောက်တော့ အလိုမလိုက်ပါနဲ့ သမီးရယ် တဲ့။ သူ့ဝမ်းပူဆာလို့ သူ့ဖာသာ အလိုအလျောက် ထမင်းစားရင်ကို ကိုယ်တို့နှစ်ယောက်မှာ ပီတိဖြစ်နေရတာ။ လိမ်မာလိုက်တဲ့သားလေး၊ ထမင်းစားတယ်၊ ရေသောက်တယ် ပေါ့။

သူကလဲ ပေါတာ နဲ့ နင်လား ငါလားပဲ။ အကုန်လုံးကို ကိုက်မယ်ဆိုတဲ့ ကလေးပဲ။ အိမ်လာလည်တဲ့ သူ့သူငယ်ချင်းတွေလဲ အကိုက်ခံရပြီးပြီ။ ရန်ကုန်မှာကျတော့ ကိုယ်တို့က ရပ်ကွက်ထဲမှာ နေရတာဆိုတော့ လမ်းထဲကလူတွေနဲ့ ကိုယ့်ရဲ့ကလေးနဲ့ တည့်မှ ဖြစ်မယ်လေ။ အဲဒီတော့ ကိုယ်တို့များ အိမ်ပြင်ထွက်ရင် အားလုံးကို ခါးကျိုးနေအောင် နှုတ်ဆက်သွားတာ။ ကိုယ့်ကို ခင်တော့ ကိုယ့်ခွေးလေး ဆိုးလဲ ပြောမထွက်ဘူးလေ။ သည်းခံတယ်ပေါ့။

Ru သားက လမ်းလျှောက်ထွက်ရင် အိမ်နားက ကွမ်းယာဆိုင်ရှေ့မှာမှ အမောဖြေတတ်၊ နားတတ်တယ်။ ကွမ်းယာဆိုင်ဆိုတာ သိတဲ့အတိုင်း လူများတော့ ဆိုင်ရှေ့မှာ ကိုက်တတ်တဲ့ ခွေး ရှိနေရင် ဈေးရောင်းတဲ့ ကုလားမ စီးပွားပျက်ပြီပေါ့။ ဘယ်ကြည်ပါ့မလဲ။ အဲဒီတော့ ကိုယ်က ဘယ်လိုလုပ်ရသလဲဆိုရင် အဲဒီကုလားမ တင်ရောင်းတဲ့ လိမ်မော်သီးတွေ နေ့တိုင်း တနေ့ ၁၀လုံး ၀ယ်တယ်။ အော်.. ကုလားမက ကိုယ့်ကို ခင်လိုက်တာ၊ တွေ့တာနဲ့ Ru သားကို လှလွန်းလို့ တဲ့၊ ပြောမဆုံးဘူး။ သူကလဲ ကိုယ်ခေါ်သလို သား လို့ပဲ လိုက်ခေါ်တယ်။ :P

ကိုယ်တို့ ဒီကိုထွက်လာတော့ Ru သားကို မျက်ရည်လည်ရွဲ ထားခဲ့ရတာပါ။ အခုတော့ ဆုံးသွားရှာပါပြီ။ ဒါကြောင့် အိမ်မွေး တိရိစ္ဆာန်လေးတွေ မမွေးဖို့ ကိုယ့်အမတွေက ဂတိတောင်းရတာပါ။ ကလေးမရှိလို့သာပဲ၊ ရှိများရှိရင်တော့ ကျန်တာ ဘာမှ မဖြစ်ခင် ဒီကလေး ဆိုးသွားမှာတော့ သေချာသလောက်ပါ။ နှစ်ယောက်သားပေါင်းပြီး အလိုလိုက် လိုက်တာနဲ့ ပျက်စီးသွားလောက်ပါတယ်လေ။

မနေ့ညနေကတော့ အလုပ်ကပြန်လာတော့ ကိုယ်က ထမင်းဟင်းချက်၊ သူက အိမ်နောက်ဖက် ပြူတင်းပေါက်က blinds တွေ ပြန်တပ်နေတုန်း ကြောင်သံလေးတွေ ကြားတယ်တဲ့။ ဒါနဲ့ ကြည့်လိုက်တော့ ကြောင်အမေကြီးနဲ့ ကြောင်လေး ၄ကောင် ဟိုဖက်ခြံကနေ ကူးလာတာပါ။ သူတို့ မွေးတုန်းက ကြောင်အမေကြီးက ကိုယ်တို့ခြံထဲက ပစ္စည်းတွေထားတဲ့ ဂိုဒေါင်ထဲမှာ လာမွေးတာ။ အဲဒီတုန်းက ၆ကောင် တောင် မွေးတယ်။

နောက်တော့ ကိုယ်တို့လဲ သိသွားရော ပစ္စည်းတွေရှင်း၊ ကိုယ့်အမျိုးသားက ကြောင်လေးတွေ အိပ်လို့ရအောင် ကလေး ကုတင်လေး ဆင်ပေးလိုက်တာ တခါတည်း ကြောင်အမေကြီးက ဟိုဖက်အိမ်ကို ကလေးတွေချီပြီး ပြောင်းပြေးသွားရော။ သူက လူသိမှာ၊ လာကြည့်နေတာ မကြိုက်ဘူး နဲ့တူတယ်။ အဲဒီကတည်းက အဲဒီကလေး ၆ကောင်နဲ့ ကွဲသွားတာ။ အခု ၂လလောက်နေတော့ ပြန်ခေါ်လာတဲ့ သဘောပဲ။ ၄ကောင်ပဲ ကျန်တော့တယ်။

ကိုယ်တို့လဲ ၀မ်းသာလွန်းလို့ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားတယ်။ ပြူတင်းပေါက်က လှမ်းကြည့်ရင် အိမ်နောက်ဖက် ခြံကွက်လပ်လေးမှာ ၃လသား ကြောင်လေးတွေ လူးလိမ့်ဆော့နေကြတာ။ ဒါနဲ့ ကြောင်စာလေးတွေ ကျွေးကြည့်တော့ စားလိုက်တာ တက်တက်ပြောင်ရော။ အကပ်တော့ မခံဘူး။ စားပြီး၊ သောက်ပြီး၊ ဆော့ပြီးတော့ ဟိုဖက်အိမ်ကို သားအမိတတွေ ပြန်ကူးသွားကြတယ်။

ဒီနေ့ ရုံးကပြန်လာတော့ နှစ်ယောက်သား ကော်ဖီဆိုင်လဲ မထိုင်နိုင်ဘူး၊ ဘယ်ကိုမှလဲ ခြေမရှည်နိုင်ဘူး။ အိမ်ကိုပဲ တန်းပြန်လာပြီး မသိမသာ စောင့်ကြည့်နေကြတယ်။ ညနေ ၆နာရီခွဲလောက်ကျတော့ ဟိုဖက်ခြံအုတ်စည်းရိုးကနေ ဖုတ် ဖုတ် ဆိုပြီးတကောင်ပြီး တကောင် ဆင်းလာတယ်။ ပြီးတော့ ပန်းသီးပင်အောက်မှာ၊ ထောပတ်သီးပင်အောက်မှာ ဆော့ကြပြန်ရော။

သူလဲ ဘာမှ မထူးဆန်းသလိုလို၊ ကြောင်တွေပဲ အမြဲဝင်ထွက်နေလို့ ရိုးနေသလိုလို ပုံဖမ်းပြီး ရုပ်တည်ကြီးနဲ့ ကြောင်စာခွက်လေးတွေကိုင်ပြီး မြက်ခင်းပေါ် သွားချထားလိုက်တယ်။ တကယ်တော့ သူ့စိတ်ထဲမှာ ချစ်တာ တုန်နေတာ၊ သိသားပဲ။ ကြောင်လေးတွေ လန့်ပြီး ပြေးသွားမှာစိုးလို့ အိနြေ္ဒလုပ်နေရတာ။

ကိုယ်ကတော့ အိမ်ထဲကနေ ပုန်းပြီး ကြည့်နေတာပေါ့။ ကြောင်လေးတွေကလဲ သူထွက်လာတော့ ပြေးသွားသေးတယ်။ နောက်မှ ပြန်လာစားတာ။ ပြီးတော့ ဆော့ကြပြန်ရော။ အခုမိုးချုပ်တော့ ပြန်ကြပြန်ပြီ။

အင်း..ကိုယ်တို့လဲ အမတွေကို ဂတိပေးထားတယ်။ ကြောင်တွေ၊ ခွေးတွေ တကောင် တမြီးမှ မမွေးတော့ပါဘူးလို့။ အခုလို ၅ကောင် တပြိုင်တည်း မမွေးပါဘူးလို့တော့ ဂတိမပေးမိဘူး ထင်တာပဲ။
အခုလဲ သူ့ဖာသာ သူလာပြီး ခြံထဲမှာ လာဆော့နေတာတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ့်ခြံထဲရောက်တော့ ကိုယ့်ပစ္စည်းဆိုလား... ကြားဖူးတာပဲလေ။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

တေးမဲ့ ည

တနေ့က ကိုယ့်အမျိုးသား က မေးလာတယ်။ ဘာလဲ ချိုသင်းက ဟာသ တွေ ရေးနေတာလား တဲ့။ ကိုယ်လဲ တအံ့တသြနဲ့ သူ့ကို လှမ်းကြည့်မိတော့ စာအဖတ် မပြတ်၊ တချက် လှမ်း ခတ် လိုက်တာ ဖြစ်နေတယ်။

ကိုယ်ကလဲ အူကြောင်ကြားနဲ့ ဘယ်မှာ ရေးလို့လဲ လို့ ပြန်မေးလိုက်ရတယ်။ ကိုယ်ကိုယ်တိုင် ကြုံတွေ့ရသမျှ အဖြစ်အပျက်လေးတွေကို ခံစားရသလို ရေးနေတာပါလေ။ တွေ့သမျှ ကြုံသမျှကလဲ ကမောက်ကမတွေ များနေတာ။

ဒီနေ့လဲ အမတွေနဲ့ ဖုန်းဆက်တော့ နင် ဟာသတွေချည်း သိပ်ရေးမနေနဲ့လို့ ပြောလို့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ရတယ်။ ချစ်လို့ ပြောကြတာမို့ အလေးအနက် ထားရမှာပေါ့။ ကိုယ်ကလဲ မမေ့နိုင်တာလေးတွေ၊ အမြဲသတိရချင် နေတာလေးတွေကို ကိုယ့်မှတ်တမ်းမှာ တို့ထားလိုက်ချင်တာပါ။ ဘ၀အတွေ့အကြုံတွေပေါ့။

အဲဒီအထဲမှာ ပျော်ရွှင်စရာလဲ ပါမယ်၊ လွမ်းတာတွေလဲ ပါမယ်၊ စိတ်ဆင်းရဲမိတဲ့ အချိန်လေးတွေ၊ ကြည်နူးစရာတွေလဲ ထည့်မယ်၊ ကိုယ်ယုံကြည်တာတွေလဲ ပါမှာပေါ့။ ဟိုနားတကွက်၊ ဒီနား တစ ခဲခြစ်ရာနဲ့ ခပ်ဖွဖွပေါ့။ သေချာတာကတော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ ပါးပါးလေး ရေးချင်တာပါ။ ကိုယ်ချစ်ခင်တဲ့သူတွေကို မထိခိုက်ဘဲနဲ့လေ။

ဒီနေ့လဲ ထုံးစံအတိုင်း ကွန်ပျူတာရှေ့ထိုင်တော့ အရင် ဘလော့ဂ်တကာ လျှောက်လည် လိုက်သေးတယ်။ ကိုယ်မရောက်ဖူးသေးတဲ့ ဘလော့ဂ်တွေကိုလဲ ရောက်သွားတယ်။ တယောက်တမျိုးစီ ကိုယ့်ပျိုးခင်းလေးတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျိုးထောင်နေကြတာ ဆိုတော့ ဖတ်ရတာ ပျော်လဲ ပျော်၊ စိတ်လဲ ကျေနပ်၊ လွတ်လပ်ပွင့်လင်းတဲ့ ရသ ပေါင်းစုံလဲ ရ။

ဒါနဲ့ စာတွေဖတ်ပြီး၊ စာရေးဖို့လုပ်တော့ ရေးဖို့ တွန့်နေတယ်။ ဟိုဟာရေးလဲ စိတ်တိုင်းမကျ၊ ဒီဟာရေးလဲ တ၀က် တပျက်၊ ဟိုအကြောင်းရေးမယ်ဆိုတော့လဲ မဖြစ်သေးပါဘူး ပေါ့။ ဘယ်သူမှ မစိစစ်ရပါဘဲ ကိုယ့်ဖာသာကိုယ် ဆင်ဆာလုပ်နေတာလေ။ အဲဒါ အဆိုးဆုံးပဲ။ ဒါနဲ့ ဒီလိုဆိုရင်တော့ မရေးသေးပါဘူးလို့ တွေးပြီး စိတ်လက်အေးချမ်းအောင် အဖေ့ကဗျာလေးတွေ လျှောက်ဖတ်နေမိတယ်။

ဖတ်ရင်းနဲ့ ကဗျာလေးတပုဒ်က ကိုယ့်ကိုပဲ စောင်းရေးထားသလိုလို ဖြစ်လို့ ပြုံးမိတာနဲ့ စာရေးလို့ မရတဲ့ အမှတ်တရ အဖြစ် တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါအုံး။

တေးမဲ့ ည

ငါ့ကဗျာ ပြန်ဖတ်
ငါ မကျေနပ်။

ငါ့ပြဇာတ် ပြန် က
သဘာဝ မကျ။

ငါ့သီချင်း ပြန်ဆို
တီးလုံး တခုခု လို။

ငါ့အလို ငါမပြည့်
လျှာ အရသာ မတွေ့။

ဒီကနေ့ည လ မသာ
ဗျပ်စောင်း ငါ မပါ။

ယူလာပြန်လဲ စောင်းကြိုးပြတ်
အားလုံး သီချင်းငတ်။ ။

တင်မိုး
၃၀၊ ၅၊ ၂၀၀၁


အဖေလဲ ဒီကဗျာရေးတုန်းက ဘယ်လို ခံစားချက်နဲ့ ရေးခဲ့ပါလိမ့်လို့ သိချင်လိုက်တာ။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ဆရာကြီး ပြောမယ်...

ကိုယ်တို့နှစ်ယောက်က တော်တော် လမ်းများတာပါ။ တယောက်က သွားမယ်ဟေ့ ဆိုရင် နောက်တယောက်က အထုပ်ပြင်ပြီးသားပဲ။ သားသမီးလဲ မရှိတော့ ဗာဟီရလဲ မများဘူးပေါ့။ ခရီးတိုလေးတွေတော့ မကြာခဏ ထွက်တတ်ပြီး ဟိုစူးစမ်း ဒီစူးစမ်းနဲ့ပေါ့။ ဒါပေမဲ့ နှံ့စပ်ရုံ၊ ရောက်ဖူးရုံ မသွားချင်ဘူး။ တနေရာမှာ အေးအေးဆေးဆေးပဲ နားနားနေနေ သွားချင်တာပါ။

ထုံးစံအတိုင်း ခရီးမသွားခင် အရင် ဒီခရီး ဒီလမ်း သွားဖူးတဲ့သူကို မေးရတယ်လေ။ ဘာတွေ ကြုံတတ်တယ်၊ ဘာလေးကိုတော့ သတိထား၊ ဘယ်စားသောက်ဆိုင်လေးကတော့ အစားအသောက်ကောင်းတယ် စသဖြင့်ပေါ့။ ကိုယ်ကလဲ အဲဒါမျိုးတွေ သိပ်မေးတတ်တာ။ ပြောသမျှကို သေချာ မှတ်ပေမဲ့ ပြီးရင် တလွဲလုပ်တာပါပဲ။

ကိုယ်တို့နှစ်ယောက် ပထမဆုံး ထွက်တဲ့ခရီးအကြောင်း ပြောပြချင်သေးတယ်။ ထွက်မှာက ပျားရည်ဆမ်း ဆိုပါတော့။ ကိုယ့်အဖို့မှာတော့ ပထမဆုံး လူကြီးမိဘတွေ မပါဘဲ သွားရတဲ့ ခရီးလဲဖြစ်၊ ကိုယ်ချစ်တဲ့သူနဲ့ ပထမဆုံး အတူသွားရတဲ့ ခရီးလဲဖြစ်တာမို့ ပျော်မိတာပေါ့။

ပြီးတော့ ကိုယ်ကြိုက်တဲ့ ရထားကြီး စီးသွားရမှာ။ ရထားစီးရတဲ့အရသာ ကို ဘာနဲ့မှ မလဲနိုင်ခဲ့ဘူး။ ဘူမိမှာ field ဆင်းတုန်းကလဲ ရထားပေါ်မှာ တညလုံး မအိပ်ဘဲ သီချင်းတွေ ဆိုသွားကြတာမို့ ရထား နဲ့ပတ်သက်ရင် ပျော်ရွှင်ကြည်နူးရတဲ့ အငွေ့အသက်ပဲ မှတ်မိနေတာ။

ဒါနဲ့ မသွားခင် မန္တလေးရောက်ရင် ဘယ်ဟိုတယ်မှာ တည်းသင့်သလဲ ဆိုတာ မေးသွားရသေးတယ်။ ကိုယ်တို့ဆရာလဲ ဖြစ်၊ အဖေ့သူငယ်ချင်းလဲ ဖြစ်တဲ့ ဆရာဦးသာနိုး ကို မေးရတယ်။ ဆရာက ခရီးခဏခဏ ထွက်တဲ့သူဆိုတော့ ပိုသိတယ်လေ။ ၁၉၉၆ ခုက ဆိုတော့ ခုလို ဟိုတယ်တွေလဲ မပေါသေးဘူး။ ပုဂ္ဂလိက ဟိုတယ်တွေ တော်တော်နည်းပါသေးတယ်။

အဲဒီမှာ ဆရာက အေးအေးဆေးဆေး၊ သန့်သန့်ရှင်းရှင်း၊ ဈေးလဲ အသင့်အတင့်ဖြစ်တဲ့ ဟိုတယ်ကို ရွေးပေးလိုက်တယ်။ ပုပ္ပါး တဲ့။ ဆရာက သေချာမှာလိုက်တာက ရထားဘူတာ က ဆင်းဆင်းချင်း အပြင်ထွက်လိုက်တာနဲ့ ပုပ္ပါး ဟိုတယ်ကို ရောက်တာ တဲ့။ ကားတွေဘာတွေ ငှားသွားစရာကို မလိုဘူး။ နီးနီးလေး တဲ့။ အဖေကလဲ အဲဒီအတိုင်းပဲ သေချာထပ်မှာတယ်။ ကိုယ်ကလဲ ခေါင်းတညိတ်ညိတ်ပေါ့။

ဒီလိုနဲ့ မန္တလေးဘူတာရောက်တော့ နှစ်ယောက်သား စကားတပြောပြောနဲ့ ထွက်လာကြတယ်။ ဘူတာကြီး အပြင်ရောက်တော့ ပုပ္ပါးဟိုတယ် ကို ရှာကြတာပေါ့။ တွေ့လဲ မတွေ့ဘူး။ ကိုယ်တို့လဲ စကားပြောနေလို့ အပေါက်များ မှားထွက်သလား လဲ စဉ်းစားရသေးတယ်။ နောက်တော့ ရှေ့နားမှာ ဆိုက်ကားလေးတွေ တွေ့တာမို့ နီးနီးနားနား ဆိုတော့ ဆိုက်ကားပဲ စီးသွားကြမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဆိုက်ကားဆရာရေ.. ပုပ္ပါးဟိုတယ်ကို ပို့ပေးပါ ပေါ့။

ဆိုက်ကားဆရာက မန္တလေးကျုံးကို ပတ်ပြီး နင်းတယ်။ ကိုယ်တို့ကလဲ တွေးတယ်၊ အဖေတို့ကသာ မဝေး ဘူးဆိုတယ်၊ တော်တော်တော့ နင်းရသားပဲလေ ပေါ့။ အိတ် တအိတ်လဲ ပါသေးတာမို့ ဆိုက်ကားဆရာတော့ ပင်ပန်းနေရှာမယ်ဆိုပြီး သူက ဆင်းတွန်းသေးတယ်။ နောက်တော့ ဟိုတယ်ရှေ့ကို ရောက်တယ်။

မှတ်မှတ်ရရ ဆိုက်ကားခ ၈၀ ကျတယ်။ အဲဒီတုန်းက ဈေးနဲ့ဆို မနည်းဘူး ဆိုရမှာ။ ကိုယ်တို့လဲ ရောက်ပြီဆိုပြီး ၀မ်းသာအားရ နဲ့ ပျော်သွားကြတယ်။ မနက်ရောက်တော့ လျှောက်လည်မယ်ဆိုပြီး ဟိုတယ်က ထွက်လာတော့ ဟိုတယ်ရှေ့တည့်တည့်မှာ မနေ့က ဘူတာအထွက်မှာ စီးလာတဲ့ ဆိုက်ကားဂိတ်။ ဟိုတယ်ဘေးမှာ ဘူတာကြီးက ကပ်ရပ်လေ။

ဒါနဲ့ စဉ်းစားသေးတယ်။ နေစမ်းပါအုံး။ ပုပ္ပါးဟိုတယ်က နေ့ချင်းညချင်းတော့ ဘူတာကြီးနား ပြေးကပ်သွားတာတော့ မဖြစ်နိုင်လောက်ဘူး ထင်တယ်ပေါ့။ ဆိုက်ကားဆရာကလဲ ငါတို့ ငှားတုန်းက ဟိုမှာလေဗျာ ဆိုပြီး မေးတချက်ထိုးပြလိုက်ရင် ရရက်သားနဲ့ ဘာလို့များ ကျုံးကို ပတ်ပြီး ခေါ်သွားပါလိမ့်ပေါ့။ နောက်တော့ ကိုယ့်ကိုယ်ကိုပဲ ရယ်ရယ်မောမောနဲ့ အပြစ်တင်လိုက်ပါတယ်။ လူကြီးမိဘစကား သေချာနားမထောင်ဘဲ ရှပ်ပျာခဲ့တာကိုး။

နောက်တခါက သူငယ်ချင်းတယောက်က လူကြုံပါးလိုက်လို့ ပစ္စည်းသွားပေးရမှာ။ ပေးရမဲ့သူက ဘုရားစောင်းတန်းမှာ ဈေးရောင်းတယ်။ အဲဒီတော့ လူကြုံပါးတဲ့လူက သေချာပြောတယ်။ အဲဒီဘက်မုခ်က ဗေဒင်ဆရာတွေ သိပ်ပေါတယ်နော် အဲဒါ ဘယ်ကိုမှ မ၀င်မိစေနဲ့ တဲ့။ အတင်း ဆွဲခေါ်တတ်တာမို့ သတိထား တဲ့။

ကိုယ်ကလဲ ဗေဒင်ဆို ကောင်းတာပဲ ရွေးယုံတဲ့သူဆိုတော့ စိတ်လဲ မ၀င်စားပါဘူးပေါ့။ အဲဒါနဲ့ ဘုရားစောင်းတန်းကို ရောက်ကြတယ်။ ရောက်ရောက်ချင်းပဲ သူငယ်ချင်းပြောတာ မှန်လိုက်လေ လို့ ဖြစ်မိတယ်။ ဗေဒင်ဆရာတွေက ၀ိုင်းဆွဲကြတော့တာကိုး။ ဗေဒင် မဟောတော့ပါဘူး ပြောလဲ ပြောလို့မရ၊ အလကား ဟောပေးမှာပါ၊ ဈေး ဦးပေါက်မို့ပါ နဲ့။ မမှန်ရင် တပြားမှ မပေးပါနဲ့ဆိုတာက ပါသေး။

ကိုယ်ကလဲ အရမ်းပဲ အားနာတတ်တယ်။ အဲဒါကို သိလို့ သူကလဲ ကိုယ့်ကို လက်ဆွဲထားတယ်။ ဘေးနားကနေ သတိလဲ ပေးနေတယ်။ ဒါပေမဲ့ ကိုယ်က အင်မတန် ပျော်ဝင်လွယ်တဲ့သူဆိုတော့ ဗေဒင်ဆရာနောက် ကောက်ကောက်ပါအောင် လိုက်ပြီး ၀င်သွားတာပါ။ ခဏပါ၊ နားအေးအောင် ခဏ ၀င်လိုက်တာပေါ့လို့လဲ ပြောလိုက်သေး။

အထဲရောက်တော့ အမွှေးတိုင်တွေ ထွန်းလို့၊ မီးလုံးတွေကလဲ အကြီးအသေး ရောင်စုံလို့။ ဟို ဗေဒင်ဆရာကလဲ သူ့ခုံပေါ်ထိုင်လိုက်တာနဲ့ မျက်နှာက မာထန်ထန်နဲ့ တမျိုးဖြစ်သွားတယ်။ ပြီးတော့ သူက ချောင်းဟန့်ပြီး ရုပ်တည်ကြီးနဲ့ ကိုယ့်လက်ကို ကိုင်လိုက်တယ်။

ကဲ..အခုအချိန်ကစပြီး ဆရာကြီး လက်ရှိပစ္စပ္ပန် အခြေအနေကို ၃ခွန်းပဲ ဟောမယ်၊ မှန်မမှန်ပဲ ဖြေ..ကြားလား။ (အော်.. မောက်မာတာ၊ မောက်မာတာ။ ဘယ်လိုလုပ် သူ့ကိုယ်သူ ဆရာကြီး ဖြစ်သွားပါလိမ့်နော်၊ အင်း၊ ငါတော့ မှားပြီ၊ ဒါပေမဲ့ ၃ခွန်းပဲဆိုတော့ တော်သေးတာပေါ့)
မင်းဟာ ကတော် ဆယ်ပါးထဲက တပါး အပါအ၀င် ဖြစ်တယ်လို့ ဆရာကြီး ဟောမယ်၊ မှန်သလား မမှန်ဘူးလား။
မမှန်ပါဘူး..။(ကိုယ်လဲ ရီချင်သွားတယ်၊ ကိုယ်က ကတော်ဆယ်ပါးဆိုတာတောင် ဘာမှန်းသိတာမဟုတ်ဘူးလေ..ဒါပေမဲ့ ကိုယ်သိတာကတော့ ကိုယ်က ဘာကတော်မှ မဟုတ်ဘူး ဆိုတာပဲ)
အဟမ်း..၊ မင်းဟာ ကလေး ၃ယောက် ရှိရမယ်လို့ ဆရာကြီးဟောမယ်၊ မှန်သလား မမှန်ဘူးလား။
မမှန်ပါဘူး..။ (ကလေးက ၃ယောက်မပြောနဲ့၊ ၁ယောက်ရှိရင်ကို ကျေနပ်ပါပြီ ဖြစ်နေတဲ့ဟာ။ လွဲပြန်ပေါ့ တခါ၊ ဆရာကြီးလဲ ၂ချက်လွဲသွားပြီဆိုတော့ မျက်နှာ သိပ်မကောင်းတော့ဘူး။)
အိမ်း..၊ မင်းဟာ အိမ်ပိုင်ယာပိုင်နဲ့ နေရတယ်လို့ ဆရာကြီး ဟောမယ်၊ မှန်သလား မမှန်ဘူးလား။
မမှန်ပါဘူး..။ (အိမ်ပိုင် ယာပိုင် မပြောနဲ့ လက်ထပ်ပြီးခါစ နေစရာမရှိလို့ နှစ်ယောက်သား တည်းခိုခန်းမှာ သွားနေနေရတာ...)

ဒါနဲ့ ဗေဒင်ဆရာကြီးလဲ အကြီးအကျယ် စိတ်လေသွားတယ်။ ကိုယ့်ကို ပိုက်ဆံ ၅၀၀ ကန်တော့ပွဲဖိုး အတင်းထည့်ခိုင်းပြီး ပြန်တော့၊ ပြန်တော့၊ ပြန်ပေတော့ တဲ့။ ကိုယ်တို့နှစ်ယောက်လဲ အပြင်ရောက်တာနဲ့ ရီလိုက်ရတာ တခွိခွိပဲ။ ပိုက်ဆံ ၅၀၀ကို အဲဒီတုန်းက နှမြောသေးတယ်၊ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပြန်ပြောတိုင်း ပြုံးရတာမို့ ၅၀၀ မက တန်ပါတယ်လေ။

နောက်ကျတော့ ကိုယ်တို့နှစ်ယောက်တခုခု ပြောတော့မယ်ဆိုရင် ဆရာကြီးပြောမယ် လို့ စကားစ လိုက်တာနဲ့ ဆရာကြီးပြောရင် တလွဲချည်းပဲဆိုတာ သိပြီး ပြုံးစိစိ ဖြစ်နေပြီလေ။

ခရီးသွားခဲ့တဲ့ အမှတ်တရလေးတွေပေါ့လေ..။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

အိုဘယ့် ဘလော့ဂ်

ပြီးခဲ့တဲ့နှစ်ပတ်ကျော်လောက်က အိမ်ကိုလာတဲ့စာတွေထဲမှာ စာတစောင်က ကိုယ့် အိမ် တယ်လီဖုန်းလိုင်းအတွက် စာချုပ်အသစ် လက်မှတ်ထိုးဖို့ စာပို့လာပါတယ်။ ကိုယ်လက်ရှိအိမ်မှာ သုံးနေတာက အဖေ့နံမည်နဲ့လုပ်ထားတဲ့ ဖုန်းဖြစ်လို့ သူတို့တွေက လူကြီးနှုန်းထား (senior rate) နဲ့ ဈေးသက်သက်သာသာ ပေးထားတာ၊ တလ ကို ၅ကျပ်လောက်ပဲ ကျပါတယ်။

အဲဒါကို အခု စာချုပ်သက်တမ်းတိုးမယ်ဆိုပြီး စာရွက်မှာ အဖေ့ကို လက်မှတ်ထိုးပေးဖို့ စာပို့လာတာပါ။ အဖေမရှိတော့လို့ အဖေ့လက်မှတ် ညာပြီး မထိုးချင်တော့ သက်တမ်းမတိုးဘဲ နေလိုက်တာ bill လာတော့ ဖုန်းခေါ်ခ မပါသေး၊ basic ကိုက ၄၈ကျပ် တန်းဖြစ်သွားတယ်။ ကိုယ်တို့ကလဲ cell ဖုန်းပဲ သုံးပြီး အိမ်ဖုန်းကို သုံးခဲတော့ နှစ်ယောက်သား ၀ိတ်လျှော့မယ်လို့ စဉ်းစားကြပြီး ဈေးသက်သာတဲ့ plan ကို လိုက်ရှာပါတယ်။ အဲဒီမှာ T Mobile က တလကို ၁၀ ပဲပေး၊ တနိုင်ငံလုံး ခေါ်ချင်သလောက်ခေါ်၊ အချိန်လဲ limit မထားဘူးဆိုတဲ့ plan ကို ရွေးလိုက်ကြတယ်။

အဲဒီ ဖုန်းလိုင်းပြောင်းကတည်းက ကိုယ့်မှာ တထိတ်ထိတ်နဲ့ နေနေတာ၊ ဘယ်အချိန်များ ငါ့ အင်တာနက်လေး ပြတ်သွားမလဲ ဆိုပြီးတော့လေ။ ဒီလို ခေတ်မီနည်းပညာတွေနဲ့ကလဲ ဘာမှကို မသိ၊ မဆိုင်ရေးချ မဆိုင်ဆိုတော့ သူလုပ်တာ၊ တပ်တာ ဆင်တာတွေကို ဘာမှလဲ အထွန့်မတက်ရဲဘဲ၊ ဘေးကနေ အရိပ်တကြည့်ကြည့် လုပ်နေရတာ။

ထင်တဲ့အတိုင်းပါပဲ။ သူလဲ ချွေးတလုံးလုံးနဲ့ အကုန် တပ်ပြီး ဆင်ပြီးသွားတဲ့အခါမှာ ကိုယ့်ကို လှမ်းပြောပါတယ်၊ ချိုသင်းရေ ကိုယ်တို့ အင်တာနက်တော့ ပြတ်သွားပြီဟေ့ တဲ့။ တကယ့်ကို အားရှိစရာ အောင်မြင်တဲ့ အသံမျိုးနဲ့ပါ။

ကိုယ်လဲ ဘလော့ဂ်ဆိုတာကြီးကို အစွဲကြီး စွဲမိပြီရှင် ဖြစ်နေတော့ကာ နည်းနည်းတော့ ကသိကအောင့် ဖြစ်သွားတာပေါ့။ သူလဲ သူတပ်ထားတာ မှန်ရဲ့လားလို့ ဖုန်းတွေဘာတွေ ဆက်တော့လဲ မှန်သားပဲ တဲ့။ ကြာတော့ ဟိုဖက်က technician တွေပါ လက်မြှောက်သွားတယ်။

ကိုယ်တို့ အင်တာနက်လိုင်းကလဲ ဖုန်းလိုင်းနဲ့ ချိတ်ထားတာမဟုတ်တော့ ဟိုဟာတပ်တာ ဒီဟာက ဘာကိစ္စ ပြတ်ရတာတုန်းပေါ့။ သိုင်းဝတ္ထုတွေထဲကလို မည်သို့ မည်ပုံ လုပ်လိုက်သည် မသိ ဆိုတာလိုမျိုးပေါ့။ လောလောဆယ်တော့ လိုင်းပြတ်သွားပြီလေ။

ကိုယ်လဲ ဘေးနားပွနေတဲ့ လိုင်းကြိုးတွေကို တခုဆွဲထုတ်လာလိုက်၊ ဒါတပ်ဖို့ လိုနေတာများလားမသိ လို့ လှမ်းမေးလိုက်၊ မဲမဲ ဗူးလေးတခုပြပြီး ဒါများလား လို့ မေးလိုက်၊ ရှိသမျှ ပလပ်ခေါင်းတွေ တထွေးကြီးသယ်လာလိုက်၊ ဟိုက ခေါင်းခါပြလိုက်တော့ ပြန်သယ်သွားလိုက်နဲ့ပေါ့။ ကူသလိုလိုနဲ့ ရှုပ်နေတယ် ဆိုပါတော့။

ဒါနဲ့ သူလဲ ကိုယ့်ဖာသာ စာရေးနေစမ်းပါဆိုပြီး မောင်းထုတ်လိုက်လို့ ထမင်းစားခန်းမှာ ကိုယ့် note book လေးနဲ့ ဟိုရေး ဒီရေး ရေးနေရင်းလဲ ဒါကိုပဲ စိတ်ရောက်တယ်။

ဒီဘလော့ဂ်လေး စ လုပ်မိကတည်းက မိတ်ဆွေတွေနဲ့ ဘလော့ဂ်ထဲမှာ ဆုံဖို့အရေး ကြိုးစားလိုက်ရတာ ဖတ်သီဖတ်သီ ဖြစ်တယ်ဆိုတာ ဒါမျိုးထင်တယ် လို့ ကိုယ့်ဖာသာကိုယ် တွေးမိသေးတယ်။

မနက်ဆိုရင် အလုပ်သွား၊ အလုပ်ထဲမှာ စာရင်းတွေနဲ့ နပန်းလုံး၊ ညနေ ၅နာရီထိုးရင် ကိုယ်ပေါ်မှာ ပိနေတဲ့ အလုပ်တွေအကုန်လုံး ခါချခဲ့ပြီး မြန်မြန်ပဲ ဘိုင့်ဘိုင် လုပ်လိုက်တယ်။ အိမ်ရောက်တော့ ၆နာရီ ထိုးပြီ။ အိမ်ကို ရောက်တာနဲ့ မီးဖိုချောင်ကို တန်းဝင်တယ်။ ညနေ ထမင်းစားဖို့ စ ပြီး ချက်ရ ပြုတ်ရတယ်။

ရှိသမျှ အသားတွေ အရွက်တွေကို ၀ုန်းဒိုင်း ၀ုန်းဒိုင်းနဲ့ ခုတ်ဖြတ်ပြီးသကာလ တခါတည်း အိုးထဲကို ပစ်ထည့်လိုက်တယ်။ ပစ်ထည့်ရောမွှေ ဆိုတဲ့ ဟင်း တခွက် ရရော။ ဟင်းချို ကို ချက်တော့လဲ ဘယ်လိုချက်ချက် အရောင်မတက်ဘူး။ မှန်ဟင်းချို လို့ နံမည်ပေးရမလိုလို၊ ရေဟင်းချို လို့ နံမည်ပေးရမလိုလို ဖြစ်နေတယ်။ ကိုယ့်ဟင်းတွေက အမြင်မလှဘူး၊ ကိုယ့်လိုပဲ။ ရုပ်မလှပေမဲ့ စိတ်လှတယ်ဆိုသလို အမြင်မလှပေမဲ့ အရသာ ရှိပါတယ် လို့ သူ့ကို နေ့တိုင်းလောက်နီးနီး ပြောလဲ ပြော ထည့်လဲ ထည့်ပေးပြီး မြန်မြန်ပဲ ခူးခပ် ကျွေးလိုက်တယ်။

ပြီးတော့ ရေမိုးချိုး ဆေးထိုး၊ ဆေးသောက်လုပ်ပြီး ကွန်ပျူတာရှေ့ စ ထိုင်တဲ့ အချိန်က ည ၉နာရီ ထိုးပြီးပြီ။ အရင်တုန်းက ဒီအချိန်ဆိုရင် တီဗီရှေ့မှာ CSI Miami မော့နေတဲ့ အချိန်ပေါ့။ အခုတော့ ကိုယ်သဘောကျတဲ့ ရုပ်ဆိုးဆိုး CSI မင်းသားကြီးကိုလဲ မကြည့်နိုင်၊ ကွန်ပျူတာနဲ့ မျက်နှာအပ်ထားပြီး ပြုံးပြုံး ပြုံးပြုံး လုပ်နေတယ်။

သတင်းတွေ အရင်ဖတ်၊ နောက် ကိုယ်သွားတတ်တဲ့ ဘလော့ဂ်လေးတွေ လျှောက်လည်ပြီး စာဖတ်လိုက်၊ နှုတ်ဆက်လိုက်၊ ကွန်မန့်လေးတွေ ၀င်ရေးလိုက်။ ပြီးမှ ကိုယ့်ဘလော့ဂ်အတွက် စာ တိုတိုနန့်နန့်လေးတွေ လျှောက်ရေး၊ နောက် ပို့စ်တင်မယ် ဆိုတော့ ထုံးစံအတိုင်း စာခေါက်မယ်ကြိုးစားပြန်တော့ အပြန့်လိုက်ကြီးပဲ တက်သွားပြန်ပါရော။ ဒါနဲ့ ပြန် edit လုပ်ပြန်တော့ စာလုံးပိစိလေးတွေ ထပ်နေအောင် ပေါ်နေပြန်ရော။

ကဲ ကဲ အိပ်ချင်လှပြီ၊ ည၁၂နာရီလဲ ထိုးတော့မယ် မြန်မြန်တင်မှ ဆိုပြီး စာ အပြန့်လိုက်ပဲ တင်လိုက်တယ်။ ကိုယ့်စာကလဲ တိုတာပဲ၊ ခေါက်စရာ လဲ မလိုပါဘူးလို့လဲ ကိုယ့်ဖာသာ အားပေးလိုက်တယ်။ မနက် ရုံးသွားရအုံးမှာမို့ ၁၂ နာရီ မကျော်စေဘဲ အိပ်နိုင်အောင်လဲ ကြိုးစားရတယ်။

ဘလော့ဂ်လုပ်တာ ၁လ နီးပါးရှိပြီ။ စာရေးချင်စိတ် ရှိနေတုန်းလေးမို့ ရေးနေတာ။ မရေးချင်ရင်တော့ မရေးတော့ဘူး။ အခုတော့ ဘလော့ဂ်စွဲတယ်ပဲ ဆိုဆို၊ ဘလော့ဂ်ကိုက်တယ်ပဲ ပြောပြော၊ ဘလော့ဂ်ပိုး ထ တယ်ပဲ ဖြစ်ဖြစ် ဘလော့ဂ်ဆိုတာကြီးက ၀င်ပူးနေတာတော့ အမှန်ပဲ။

အခု ဒီစာကို ပို့စ်တင်ဖို့ အင်တာနက် မရရင်လဲ စတားဘက်စ် ကော်ဖီဆိုင်မှာ ကော်ဖီသောက်ရင်း အင်တာနက် သုံးလို့ရတာမို့ ညကြီး မိုးချုပ် ကော်ဖီဆိုင် သွားထိုင်ဖို့ စဉ်းစားနေသေးတာ။ ပြောရရင်တော့ ဘလော့ဂ် ရောဂါ တိုးလာတယ်ပဲ ဆိုရမှာပေါ့လေ။
မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

အာလူး လာမပေးနဲ့..

ကိုယ်နေတဲ့အိမ်ကနေ တနာရီလောက် ကားမောင်းသွားရင် ပင်လယ်ကမ်းခြေကို ရောက်နိုင်တာပါ။ Beach တွေက အများကြီး ရှိတာမို့ beach တခုမဟုတ် တခုနဲ့တော့ နီးနေတာပါပဲ။ အမြဲတမ်းမဟုတ်တောင် တခါတလေ သွားဖြစ်ပါတယ်။

ကမ်းခြေဆိုလို့ ငယ်ငယ်က ငပလီကို ရောက်ဖူးချင်တာ သွားသတိရမိတယ်။ အဲဒီတုန်းက ကိုယ်က ၆တန်းလောက်ပဲ ရှိအုံးမယ်။ သတင်းစာထဲမှာ ငပလီကမ်းခြေကို အပျော်ခရီး ၂ညအိပ် ၃ရက် ဆိုပြီး ကြော်ငြာထားတာ တွေ့တယ်။ အဲဒီတုန်းက အမေနဲ့ကိုယ်နဲ့ နှစ်ယောက်အတူ သတင်းစာ ဖတ်နေကြတာ။ မနက်ခင်း အေးအေးလူလူပေါ့။

အဲဒီမှာ အမေက ပြောတယ်။ အမေတို့လဲ ငပလီ သွားရရင်ကောင်းမယ် တဲ့။ ကိုယ်က တခါမှ ငပလီမရောက်ဖူးဘူး။ ဟာ တကယ်လားအမေ ဆိုတော့ အင်းပေါ့ တဲ့။ ငပလီမှာ ပင်လယ်စာတွေ စားမယ်၊ အုန်းရည်တွေ သောက်မယ်၊ သဲတွေနဲ့ အိမ်ဆောက်မယ်၊ ရေထဲ ဆင်းဆော့မယ်ပေါ့။ ကိုယ်လဲ နားထောင်ရင်း ပီတိတွေ ဖြစ်လို့။ တွေးပြီး ပျော်နေတာ။ ဘယ်တော့ သွားမှာလဲဆိုတော့ သမီးတို့ စာမေးပွဲပြီးရင်ပေါ့ တဲ့။

ကိုယ်ကလဲ အစွဲအလန်းကြီးတဲ့သူဆိုတော့ အသေအချာ မှတ်ထားတာ။ စာမေးပွဲလည်း ပြီးရော အမေ့ကို မေးတာ၊ အမေ ငပလီကို မိသားစု သွားကြမယ်လေ ပေါ့။ အမေ က သိပ်တောင် မမှတ်မိချင်တော့ဘူး။ အမေပဲ ပြောတယ်လေ..စာမေးပွဲပြီးရင် သွားမယ်ဆို.. ပေါ့။ အဲဒီတော့ အမေက အော်..သမီးရယ်၊ အမေ စိတ်ကူးယဉ် ကြည့်တာပါ တဲ့၊ မသွားနိုင်သေးပါဘူး တဲ့၊ အလုပ်တွေနဲ့ ဘယ်သွားနိုင်ပါ့မလဲ တဲ့။

အဲဒီတုန်းက ကိုယ့်မှာ ၀မ်းနည်းပြီး ငိုလိုက်ရတာ။ ကြမ်းပြင်ပေါ်မှာတောင် လှိမ့်ပြီး ငိုတယ်။ အစ က ဘာဖြစ်လို့ သွားမယ်ပြောရတာလဲ ဆိုပြီး ပြောပြောပြီး ငိုတာပေါ့။ အခြေအနေကို နားမလည်တာ ပြောပါတယ်။ လှေနံဓါးထစ် ပေါ့။ တခုခု ပြောရင် အသေမှတ်ထားတာ။ ဒါ ဖြစ်ကို ဖြစ်ရမယ်၊ လုပ်ကို လုပ်ရမယ်ဆိုတာမျိုး။

အဲဒါကြောင့် ကိုယ့်အမျိုးသားက ကိုယ့်ကို တခုခုပြောတော့မယ်ဆိုရင် အသေအချာ စဉ်းစားပြီးမှ ပြောတာ။ သူလဲ တော်တော်ခံထားရတော့လေ..။ ဥပမာ..

ကိုယ်။ ။ လာမဲ့အပတ်ကျရင် long weekend ရှိတယ်၊ မက္ကဆီကိုဖက် ကူးကြမလား။
သူ။ ။ အင်း၊ သွားတာပေါ့ (သူက ပေါ့ပေါ့ ပါးပါးပဲ ပြန်ဖြေတယ်)
ကိုယ်။ ။ တကယ်နော်၊ ဒါဆို သွားမယ်ပေါ့နော်။ (စ ချည်နေပြီ..)
သူ။ ။ (အဲဒီအချိန်မှာ သတိ သတိ ဆိုတဲ့ Alarm က သူ့ခေါင်းထဲမှာ မြည်လာပြီ) အေးပေါ့၊ သွားချင်လဲ သွားမယ်ပေါ့၊ မသွားချင်လဲ မသွားဖြစ်ဘူးပေါ့။
ကိုယ်။ ။ ဘာဖြစ်လို့လဲ။ နီးနီးလေးပဲဟာ။ အားနေတာပဲ မဟုတ်လား။
သူ။ ။ အော် ဘာရယ်မဟုတ်ပါဘူး။ အားတော့လဲ ကူးသွားတာပေါ့။ မအားတော့လဲ မသွားဘူးပေါ့။ ကိစ္စတွေက ပြောလို့ရတာ မဟုတ်ဘူး၊ ပေါ်လာချင်ပေါ်လာမှာ..။

အဲဒီတော့ ကိုယ်လဲ ငြိမ်သွားတယ်။ စိတ်ထဲကတော့ အင်း သူတော်တော် ပါးနပ်နေပါလားပေါ့။ သူကတော့ အေးအေးဆေးဆေးပဲ။ လေတောင် ချွှန်လိုက်သေး။

ဟိုတနေ့ကလဲ သိပ်မကြာခင် လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ သူငယ်ချင်းတယောက်ကို သူက ရေရေလည်လည် လက်ချာပေးနေတာ။ ဘာတဲ့.. ဂတိများ လုံးဝ သွားမပေးမိလေနဲ့ တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဂတိကို ကိုယ်အမြဲလုပ်နိုင်ရင် ကောင်းတယ်၊ မလုပ်နိုင်လို့ကတော့ ရှင်းပေတော့ တသက် ပဲ တဲ့။ အင်း.. ကိုယ်ခံပညာတွေ၊ ကိုယ်ခံခဲ့ရဖူးတဲ့ ပညာတွေ လေ။

သူက ဥပမာနဲ့တောင် ရှင်းပြလိုက်သေးတာပါ။ ကိုယ်တို့ ဘူမိက ဆရာတယောက်ရဲ့ အတွေ့အကြုံပေါ့။ ဆရာက သူ့ကို လက်ဆင့်ကမ်းထားတာလေ။ ဆရာ လက်ထပ်မယ် ဆိုတုန်းက ဆရာ့ကို နောင်တော့် နောင်တော်တွေက ကိုယ်ယူမဲ့ မိန်းမကို ဂတိတွေ စွတ်မပေးဖို့ အပြင်းအထန် မှာကြတယ်ဆိုပဲ။ အဲဒီတော့ ဆရာကလဲ သူမိန်းမ ယူတဲ့အချိန်မှာ စကားမလွန်အောင် သေချာ ထိန်းတယ်။ လူကလဲ အကျင့်ပါမှာစိုးလို့ ဘာမှကို ကူမလုပ်ပေးဘူး တဲ့။

မိန်းမ ထမင်းချက်နေလဲ ချက်ချက်ပဲ၊ မကူဘူး။ အကျင့်ပါလို့ နောက် အမြဲ ကူလုပ်နေရအုံးမယ် လေ။ အ၀တ်လျှော်လဲ ဒီအတိုင်းကြည့်နေတယ်၊ နောင်တော်တွေ စကား၊ အလကား ထားခဲ့တာ မဟုတ်ဘူး ပေါ့။ မိန်းမ ရေခပ်လဲ မျက်နှာလွှဲထားတယ်၊ တောင့်ထားဟေ့၊ အကျင့်မပါစေနဲ့ပေါ့။

ဒါပေမဲ့ ဘယ်နေရာမှာ လွတ်သွားသလဲဆိုတော့ အိပ်ခါနီး ခြင်ထောင် ထောင်တဲ့အခါမှာ တဲ့။ အော် ခြင်ထောင်တော့ ငါထောင်လိုက်ပါမယ်လေ ဆိုပြီး…။ အဲဒီမှာ မိန်းမက အသေ မှတ်ထားလိုက်ပြီ၊ ခြင်ထောင် ထောင်တာ သူ့တာဝန်ပေါ့။ ဆရာ့ မိန်းမက သူ့ခေါင်းထဲကို အဲဒီအချက် အပြီး ရိုက်သွင်းထားလိုက်တာ။

နောင်ကျတော့ သူ ခြင်ထောင် မထောင်ပေးရင် အိပ်ကို မအိပ်တော့ဘူး တဲ့။ ခြင်ထောင်ပဲ စိုက်ကြည့်နေတာ တဲ့။ အဲဒီတခုလေး လုပ်ပေးမိတာ အမြဲ ခြင်ထောင် ထောင်နေရရော ဆိုပဲ။

အဲဒီအကြောင်းတွေ ပြောပြနေတုန်းက စင်ကာပူမှာဆိုတော့ ကိုယ်တို့အားလုံးက အဲဒီဆရာကို ၀ိုင်းမေးကြတာပေါ့။ ဆရာအခု စင်ကာပူထွက်လာတော့ ဆရာ့ မိန်းမ ခြင်ထောင် ကိုယ့်ဖာသာ ထောင်နေရပြီပေါ့လို့။ အဲဒီတော့ ဆရာက ဖြေတယ်။ ဘယ်ဟုတ်မလဲ၊ ကိုယ်လဲ ဒီကို ထွက်လာရော မိန်းမက တအိမ်လုံး ခြင်လုံဇကာတွေ တပ်လိုက်တာ ခြင်ထောင်ထောင်စရာ မလိုတော့ဘူးလေ တဲ့။

ပြန်စဉ်းစားကြည့်မိတော့ ကိုယ်တို့ဖက်ကလဲ မမှားဘူး ထင်တာပဲ။ ဘယ်သူမဆို ကိုယ့်ကို ပြောထား၊ ဂတိပေးထားတယ်ဆိုရင် လွယ်လွယ်ပြောတယ် ဘယ်ထင်မလဲ။ ပေးတဲ့လူတွေကလဲ ယောကျာင်္းရင့်မကြီးတွေ ဆိုတော့ စကားတည်မယ် ထင်တာပေါ့။ တချို့ကျတော့လဲ ဟုတ်ပြီ ဟုတ်ရဲ့နဲ့ ပေးထားတဲ့ဂတိတွေမေ့ပြီး ဒီလောက် နှစ်တွေကြာတဲ့အထိ ရူးသလို ကြောင်သလို အတိတ်မေ့နေသလိုလို လုပ်နေရင်တော့ မမိုက်ဘူးပေါ့။ ဟုတ်တယ်မဟုတ်လား။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

သူ့အကြိုက်

လူတွေက ဘ၀မှာ အနည်းဆုံး တခုခုတော့ စွဲလန်းနှစ်ခြိုက်ကြတာပဲ။ တချို့က အစားအသောက်ကို မက်မောတယ်၊ ဘ၀မှာ ဘာမှမရှိရင်နေပါစေ၊ ကောင်းကောင်းလေး စားရရင် တော်ပါပြီ တဲ့။ တချို့ကတော့ ငွေ ဆိုမှ ငွေပဲ။ တချို့ကတော့ ရာထူး ဂုဏ်သိန်တွေကို အလေးထားပြန်တယ်။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့။

ကိုယ့်အမျိုးသားကလဲ အရင်က တော်တော် အမေးအမြန်းထူတာပါ။ ဂျာနယ်လစ်တွေများ အရင်ဘ၀က ဖြစ်ခဲ့သလားမသိ။ ကိုယ့်ကိုလဲ ရည်းစားဘ၀တုန်းက လာမေးသေးတယ်။ ချိုသင်းက ဘ၀မှာ ဘာကို ကြိုက်သလဲ တဲ့။ ကိုယ်လဲ ဒီလို ဒဲ့ ကြီး လာမေးမယ်မထင်လို့ အဖြေကို အိမ်မှာ ကြိုမကျက်လာမိဘူး။ အဲဒီတော့ စဉ်းစားရတာပေါ့။

ဒါနဲ့ ကိုယ့်အမအကြီးဆုံး မစံ ပြောဖူးတဲ့စကား သတိရမိတယ်။ သူက အကြီးဆိုတော့ တနေ့တနေ့ ဟင်းချက်ဖို့ စဉ်းစားရတာ ဦးနှောက်ခြောက်လွန်းလို့ တယောက်ကြိုက်ရင် ကျန်တယောက်က မကြိုက်ဆိုတော့ မောင်နှမတွေအကြိုက် တလှည့်စီ ချက်ရတယ်လေ။ အမ အလတ် မအေးက အစပ်ပါတဲ့ ဟင်းဆို ပြီးပြီ။ တရှူးရှူး တရှဲရှဲနဲ့ စားတော့တာပဲ။ အမ အငယ် မနှင်းကတော့ ဟင်းသီးဟင်းရွက် ကြိုက်တယ်။ အရွက်ကြော်တွေဆို သူက အားရပါးရ စားတော့တာပဲ။ ကိုယ်တို့ အငယ်နှစ်ယောက်ကိုတော့ ဘာကြိုက်သလဲ သွားမမေးနဲ့ တဲ့၊ ကောင်းတာမှန်သမျှ အကုန်ကြိုက်တာပဲ တဲ့။
အဲဒါနဲ့ ကိုယ်လဲ သူပြောတဲ့စကား သတိရပြီး အကောင်းဆို အကုန်ကြိုက်တယ် လို့ ဖြေလိုက်တယ်။ (focus တခုတည်း မထားဘဲ ဖြန့်ထားတဲ့သဘော)

အဲဒီလို ဖြေလိုက်တော့ သူလဲ တော်တော် အူသွားတာပါ။ ကိုယ်ဖြေတာ ဘောင် ကျယ်တယ်လေ။ ဥပမာ ဒီ အကျီ င်္လေး ကြိုက်လိုက်တာ ဆိုရင် မင်းပဲ အရင်က ဒါမျိုးတွေ မကြိုက်ဘူးဆို.. ဆိုပြီး လုပ်လို့ မရပါဘူး။ အကောင်းကြိုက်တယ်လို့ ပြောထားတယ် မဟုတ်လား။ ဒီဟင်းက ဈေးကြီးပေမဲ့ အရမ်းစားချင်လို့ မှာမယ်နော် လို့ ပြောရင်လဲ မင်းပဲ ဘာနဲ့ပဲဖြစ်ဖြစ် စားနိုင်တယ်ဆို.. လို့ မျက်မှောင် မကြုတ်လေနဲ့ပဲ။ ကိုယ်က ကြို declare လုပ်ထားပြီးသား။ အဲဒီတော့ သူလဲ ဘာမှ မပြောသာဘူးပေါ့။ (အဖြေမှန်သွားတယ်၊ ညီမလေး ၁ မှတ်ပေါ့)

ဒီလို သူ့အကြိုက် ကိုယ့်အကြိုက်လေးတွေ ပိုက်ပြီး ချီတက်နေကြတဲ့အထဲမှာ အဖေ့အကြိုက်ကတော့ အန္တရာယ် တော်တော်များတာပါ။ အဖေ ကြိုက်တာ ဆေးလိပ် လေ။

အဖေက ဆေးလိပ်ကို တကယ့်ကို မက်မက်မောမော နှစ်သက်တာ..။ အထူးသဖြင့် ဆေးပေါ့လိပ်ပေါ့။ ဆေးလိပ်က သူ့အဖော် တဲ့။ အခုလို ကိုယ့်တိုင်းပြည်နဲ့ ဝေးရာမှာ နေရတယ်ဆိုတော့ အဖော်မရှိဘူး၊ ဗမာပြည်လွမ်းတယ် ဆိုပြီး အကြောင်းပြလို့ ပိုကောင်းနေတာပေါ့။

ကိုယ်တို့က အဖေ့ကို ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေ နောင်မှာ ခံစားရမှာ စိုးရိမ်တယ်။ အဖေ ဆေးလိပ်တွေ သောက်လွန်းလို့ အမောမခံနိုင်တာလဲ သိသာတယ်။ အဲဒီတော့ သမီးတယောက်အနေနဲ့ တကယ်ပဲ စိတ်ပူမိပါတယ်။ ဒါပေမဲ့ တားရမှာလဲ မတားရက်ဘူး၊ သောက်နေတာလဲ မကြည့်ချင်ဘူး၊ အရမ်း ဒွိဟ ဖြစ်ရတဲ့ အချိန်ကာလ တွေပေါ့။

အဖေက ကိုယ်တို့ အိမ်နားက မက္ကစီကန် ဆေးလိပ်ဆိုင်လေးရဲ့ ပင်တိုင် ဖောက်သည်ကြီး။ တခါ ၀ယ်ရင် ဗူးလိုက် မ၀ယ်ဘဲ၊ အတောင့်လိုက်ဆွဲတာ ဆိုတော့ ဟိုက မီးခြစ်ကလေးတွေ လက်ဆောင်ပေးတာ ပြုံးပြုံး ပြုံးပြုံး နဲ့ ကျေနပ်ပြီး ယူလို့။ ဆေးလိပ်လေးဖွာလိုက်၊ စာလေး တကုန်းကုန်းနဲ့ ရေးလိုက်နဲ့ဆိုတော့ ဘယ်သူက ပြောရက်မှာလဲလေ။ ဆေးလိပ်ဖြတ်ခိုင်းတာကို ငယ်ချစ်ကလေးနဲ့ မခွဲနိုင် ဘာညာ ကဗျာတွေ စပ်နေတာပါ။

တနေ့တော့ ဆရာဝန်က အခုလိုနှုန်းအတိုင်း ဆေးလိပ်သောက်နေရင် အောက်စီဂျင်ဗူးနဲ့ လမ်းသွားနေရမယ်လို့ ခြောက်လိုက်တယ်။ အဲဒီနေ့ ဆေးခန်းက ပြန်လာတော့ သုံးယောက်စလုံး မျက်နှာမကောင်းဘူး။ အဖေကတော့ လွယ်အိတ်ကလေးလွယ်ပြီး ခေါင်းငိုက်စိုက် ချလို့။ ကိုယ်တို့လဲ အဖေ သိပ်များ စိတ်မကောင်းဖြစ်နေသလား ဆိုပြီး တိတ်တိတ်ပဲ ဘေးကနေ လိုက်လာတယ်။ စာလို ပြောရရင်တော့ အသံတိတ် လမ်းလျှောက်ကြသည် ပေါ့။

တနေရာရောက်တော့ အဖေက ဗြုန်းကနဲ ရပ်လိုက်တယ်။ ကဲ သမီးတို့၊ ဒီနေ့က စပြီး အဖေ ဆေးလိပ်ဖြတ်ပြီကွာ တဲ့။ တကယ်ကို ဆွေးဆွေးမြေ့မြေ့ ပြောတာပါ။ ကိုယ်ကလဲ ဒါမျိုးတွေ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြားဖူးပြီး ပြန်ပြန်သောက်ထားတဲ့ ရာဇ၀င်က ရှိထားတော့ ရိုးဟိုးဟိုး..လို့လဲ လူကြီးကို ဒီအချိန်မှာ သွားမပြောရဲဘူး။ သိပ်ကောင်းပါတယ် အဖေ၊ ဒီလိုပဲ ဖြစ်သင့်ပါတယ် အဖေ ပေါ့။ ခေါင်းတညိတ်ညိတ်ပေါ့။

ဒီလောက်နဲ့ ဇာတ်လမ်းက ဘယ်ပြီးမလဲ။ အဖေက ကိုယ်တို့နှစ်ယောက် အရိပ်အခြေကို ကြည့်ပြီး သူ့ကို သိပ်မယုံဘူးဆိုတာ အကဲခတ်မိပုံရတယ်။ လူကြီးပဲ..ငါသိပါတယ်၊ ငါ ငယ်ရာက ကြီးလာတာပါ၊ မင်းတို့ မယုံဘူး မဟုတ်လားပေါ့ (အဖေ့ စိတ်ထဲကပြောနေတာကို ရေးပြနေတာပါ) အဲဒီတော့ မာန်ပါပါနဲ့ သွားကွာ..ဆိုပြီး ဆေးလိပ်ဗူးကို ဘေးက ချုံပုတ်နား ပစ်တင်ပစ်လိုက်တယ်။

ကိုယ်တို့နှစ်ယောက်လဲ မျက်လုံးပြူးသွားတယ်။ ဟာ အဖေ တကယ်ကြီးလုပ်တော့မယ် ထင်တယ်လို့ ဖြစ်သွားတယ်။ performance တွေ သိပ်အားကောင်းနေပြီဆိုတော့ ယုံရမလိုလို ဖြစ်လာတယ်။ ချက်ချင်းပဲ အဖေ့ကို သနားသွားတယ်။ အဖေ ဆေးလိပ်ကို သိပ်ကြိုက်ရက်နဲ့ ဖြတ်ရတော့မယ်ဆိုပြီး အိမ်ပြန်တဲ့လမ်းတလျှောက် ၀မ်းနည်းနေမိတာ။ အဲဒီတော့ အဖေကြီး၊ အားမငယ်နဲ့ သမီးတယောက်လုံးရှိတယ်ဆိုပြီး အားပေးချင်စိတ်တွေ ၀င်လာတယ်။ ဒါနဲ့ အိမ်ပြန်အရောက် ကားပေါ်ကဆင်းတော့ ကိုယ်လဲ အဖေ့ကို 'အဖေ့လွယ်အိတ်ပေးလေ၊ ချိုသင်း လွယ်ခဲ့ပေးမယ်' လို့ ပြောလဲပြော၊ ဆွဲလဲယူလိုက်တယ်။

အဲဒီတော့ အဖေက သူ့ အိတ်ကို မသိမသာ အတင်းပြန်ဆွဲထားတာပါ။ သူဆွဲ ကိုယ်ဆွဲနဲ့မို့ ကိုယ်လဲ ဘာများဖြစ်ပါလိမ့်မလဲလို့ လွယ်အိတ်ထဲ လှမ်းကြည့်မိတော့ လား..လား..ဆေးလိပ်ဗူး အသစ်တွေမှ ၃၊ ၄ ဗူးပဲ တွေ့တယ်။ ခုနက လွှင့်ပစ်ခဲ့တာ ဗူးအခွံကြီး..။ အဲဒီလိုမျိုး..။

နောက်တခါကတော့ စားသောက်ဆိုင်မှာ သွား စားတုန်းကပါ။ စားပြီးသောက်ပြီးတော့ အဖေက ဆေးလိပ်သောက်ချင်တာကို မပြောဘဲ အပေါ့အပါးပဲ သွားလိုက်အုံးမလိုလို အိမ်သာဖက်ကို လက်ညှိုးထိုးပြပြီး ထ ထွက်သွားတာ။ ကိုယ်တို့ကလဲ သိတယ်။ ဒါပေမဲ့ အသာနေလိုက်တယ်။ နောက်တော့ ပိုက်ဆံတွေဘာတွေ ရှင်းပြီး အပြင်ကို ခပ်မြန်မြန်ပဲ လိုက်ထွက်လိုက်တယ်။

ပထမတော့ အဖေ့ကို မမြင်မိဘူး။ ဆိုင်ဘေးမှာ evergreen ခရစ်စမတ်သစ်ပင်လေးက အုပ်အုပ်ဆိုင်းဆိုင်းလေး ရှိနေတာကိုး။ ဒါပေမဲ့ ခက်တာက အဲဒီအပင်သေးသေးရဲ့ ထိပ်မှာ မီးခိုးလေးတွေ ထွက်နေတာပါ။ အဖေက ကိုယ်တို့ထွက်လာတာမြင်တော့ ဆေးလိပ် သောက်နေတာကို မြင်မှာစိုးလို့ မျက်နှာကို အပင်ထဲ စိုက်ထားလိုက်တာ။ ဒါပေမဲ့ အပင်ထဲ ခေါင်းလေးသာ ၀င်နေပြီး ကိုယ်လုံးကြီးကိုကျတော့ အဖေ့သမီးက မမှတ်မိနိုင်လောက်ဘူး ထင်နေတာလေ။ ဖြစ်မှ ဖြစ်ရလေ..။

ဒီလိုနဲ့ အဖေ ဆုံးသွားတဲ့အထိ ဒီဆေးလိပ်ကို မဖြတ်နိုင်ခဲ့ပါဘူး။ အဲဒီအတွက် မကောင်းမှန်းသိပေမဲ့လည်း စိတ်ထဲမှာ တမျိုးတော့ ကြံဖန် ဖြေနိုင်ခဲ့ပါတယ်။ အဖေ ချစ်တဲ့ တိုင်းပြည်နဲ့ ဝေးနေရပေမဲ့လည်း ကြိုက်တဲ့ဆေးလိပ်နဲ့တော့ ဝေးတသက်သက် ဖြစ်မသွားရဘူးလို့လေ..။ ခံစားမှုကို ဦးစားပေးတယ်လို့လဲ ဆိုချင် ဆိုကြပါစေတော့..။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ဘောလုံး နဲ့ အချစ်ဆုံး

ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ စ ပြီ။
ဒါဆိုရင် အိမ်မှာ ဘောလုံးပွဲကြီး လာခင်းကျင်းထားသလို မနက်မိုးလင်း နိုးလာရင်လဲ နိုးနိုးချင်း ကြားရမှာက ဘောလုံးပွဲကြေငြာသူရဲ့ အသံတွေ၊ ပရိသတ်ရဲ့ အားပေးသံ၊ သီချင်းဆိုသံ၊ လက်ခေါက်မှုတ်သံ၊ ၀ီစီသံတွေ..။

ဒီလိုအသံတွေနဲ့ ယဉ်ပါးနေတာ ဆယ်စုနှစ် တခုတောင် ကျော်ခဲ့ပြီ။ ကိုယ်ကလဲ ဘောလုံးဆိုတာကို World Cup လောက်ပဲ စိတ်ဝင်စားတော့ ကျန်တဲ့ ကစားပွဲတွေဆို သိပ်ပြီးကြည့်လို့ နားမလည်ဘူးလေ။ World Cup ဆိုရင်တော့ နိုင်ငံတွေနဲ့ ခွဲထားတာမို့ အပြာအသင်းက အီတလီ၊ အ၀ါအသင်းက ဘရာဇီး စသဖြင့် ခွဲလို့ လွယ်လို့ ကြည့်တတ်တာပါ။

သူကတော့ အင်္ဂလန်က Manchester United အသင်းကို အားပေးသူမို့ အသင်းသားတွေကို သူ့ ငယ်ပေါင်းကြီးဖော်၊ ဂေါ်လီတောက် ဖက် တွေအလား ခင်မင်နေတာပါ။ တခါက သူ့အသင်း ရှုံးသွားလို့ လောကကြီးမှာ နေရတာပဲ အဓိပ္ပါယ် မရှိတော့သလိုလို လာပြောနေလို့ နည်းနည်း ကြည့်ပေးလိုက်ရတယ်။ ဘယ့်နှယ့်ဟာကြီးပါလိမ့် လို့။ သူ အဖြစ်သည်းတာလေးတွေ ပြောပါတယ်။

အဲဒါနဲ့ ၁၉၉၉ ခုနှစ်က ရေးဖြစ်ခဲ့ပြီး ၂၀၀၀ခုနှစ် ဇန်န၀ါရီ ရွှေအမြုတေ မဂ္ဂဇင်းမှာပါခဲ့တဲ့ သူ့ဝါသနာအကြောင်း ရေးထားတဲ့ ကိုယ့်ရဲ့ ၀တ္တုတိုလေး တပုဒ်ကို အမှတ်တရ ပြန်ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။


ဘောလုံးနဲ့ အချစ်ဆုံး


ကျမ မှန်ထဲမှာ ကိုယ့်ပုံကိုယ်ကြည့်ပြီး စိတ်ညစ်ရမလို၊ ရယ်ပစ်ရမလို ဖြစ်နေတယ်။ ကြည့်စမ်း.. ကျမ ပုံက ဘောလုံးနဲ့တူသတဲ့။ ဒါဆို ကျမတို့ရဲ့ ဖူးစာရေးနတ်က ဘောလုံးကြီးပေါ့။ သူပြောပုံအရ ဆိုရင်လေ။

သူနဲ့ကျမ အိမ်ထောင်သက် ၃ နှစ်ကျော်ပြီ။ ရည်းစားဘဝက သူ့ပါးစပ်က ကျမကို ချစ်ကြောင်း၊ ကြိုက်ကြောင်း၊ လွမ်းကြောင်းပဲ ထွက်တယ်။ တစ်ခါမှ ဘောလုံးဆိုတာကို မကြားဖူးပါဘူး။ ကျမတို့နဲ့ ဘောလုံးက အဝေးကြီး၊ အဲဒီလို ထင်ခဲ့မိတာ။ အဲဒါ တက်တက်စင်လွဲတာပဲ။ မှားတယ်ဆိုတာတောင် သူ့လောက် အမှားမကြီးဘူး။

ဘောလုံးအကြောင်းကို ကျမ သူနဲ့ ရပြီး မင်္ဂလာဦးညမှာ စကြားရတာ။ ဒီလိုပါပဲ တစ်ယောက်အကြောင်း တစ်ယောက် ရောက်တတ်ရာရာ ပြောကြတာပဲ။ အိမ်အကြောင်း၊ သူငယ်ချင်းတွေအကြောင်း၊ ကိုယ့်အလုပ်အကြောင်း အစုံပဲပေါ့။ အဲဒီမှာ စကားစပ်မိသွားရော။ ဖြစ်ချင်တာ ပြောပါတယ်။ သူနဲ့ကျမက အထက်တန်းကျောင်းမှာ တစ်ကျောင်းတည်း အတူနေခဲ့ကြတာ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိဖူး၊ မြင်ဖူးတာ မဟုတ်ဘူး။ သူက ကျမထက် ၄ နှစ်နီးပါး ကြီးတော့ လူကြီးပေါ့။ သူကလည်း ကျမလို ချာတိတ်ကို ခေါင်းထဲမထည့်။ တခြား ရွယ်တူကောင်မလေးတွေ လှတာလောက်ပဲ သိနေ၊ ကျမကလည်း ကိုယ့်စိတ်ဝင်စားမှုနဲ့ ကိုယ်ပေါ့။ အနေသာကြီး။

ဒါပေမယ့် ဘယ်နေရာမှာ စကားက သွားဆုံသလဲဆိုတော့ သူက ကျောင်းမှာ လက်ရွေးစင်ဘောလုံးသမားပါတဲ့။ ဒီတော့မှ ကျမက အံ့သြတော့တာ။ သူက ကျမ မြင်ဖူးနေတဲ့ ဘောလုံးသမားတွေလို တုတ်တုတ်ခိုင်ခိုင် ထွားထွားကြိုင်းကြိုင်းမှ မဟုတ်ဘဲ။ ရုပ်က အနုပညာသမားရုပ်မျိုး။ နုနုဖတ်ဖတ်ရယ်။ ကျမကလည်း ကျောင်းက ဘောလုံးသမားတွေကို ပန်းစည်းဆက်ဖို့ ဆရာမတွေက တာဝန်ပေးတဲ့ လှပျိုဖြူတွေထဲမှာ ပါသပေါ့လေ။ ဒါပေမယ့် ဖူးစာက အချိန်မကျသေးလေတော့ ကျမ ပန်းစည်းဆက်ရတဲ့ ဘောလုံးသမားက သူမဖြစ်ဘဲ စိတ်ကူးယဉ်စရာ မကောင်းလောက်အောင် ကုလားကြီးပဲ ဖြစ်နေ၊ သူ ပန်းစည်းလက်ခံရတဲ့သူကလည်း မျက်နှာမှာ ပေါင်ဒါအဖွေးသားနဲ့ ချောကလက်မှိုတက်ပဲ ဖြစ်နေသတဲ့။ အဲဒီတော့မှ စသိရတာ၊ သူ ဘောလုံးဝါသနာ ပါတာကို..။

သူက သူ့အကြောင်းကို မျိုးနဲ့ ရိုးနဲ့ချီပြီး ဇနီးဖြစ်သူကို ပြောပြရှာတာပါ။ သူ့အဖေ ရဲ့ အဖေ သူ့အဘိုးကလည်း ဘောလုံးကို အသေအလဲ ဝါသနာကြီးတာတဲ့။ အသက် ၆ဝ ကျော်၊ ၇ဝ ကျော်ထိ ရောက်တာတောင် ရပ်ကွက်ဘောလုံးပွဲကအစ သူ့ကို လက်ဆွဲပြီး ရှေ့ဆုံးက သွားအားပေးတုန်းပါတဲ့။ တစ်ခါ ဘောလုံးပွဲမှာ ‘ညစ်’ကြလို့ အချင်းချင်း ချကြတော့ သူ့အဘိုးကို မထိခိုက်မိအောင် လူအုပ်ကြားထဲက ကာကွယ်ပြီးခေါ်ခဲ့ရတယ် ဆိုလားပဲ။ ကျမလည်း ပြုံးပြီး ငေးနားထောင်နေလိုက်တယ်။ ဒါက အင်ထရိုပေါ့နော်။

ပြီးတော့ သူ့အဖေ ဘောလုံးကို စိတ်ဝင်စားပုံ၊ သူ့ဦးလေးက ဘောလုံး အသည်းအမဲ ဖြစ်ပုံတွေကို စုံနေအောင် ပြောပြနေတာပါ။ ဒါမှ သူဘောလုံးစိတ်ဝင်စားတာဟာ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာတစ်ခုလို၊ ဥပမာ နေက အရှေ့ကထွက်ပြီး အနောက်ကို ပြန်ဝင်သွားတာလိုမျိုး၊ ကမ္ဘာက နေကိုပတ်နေတဲ့ ကိစ္စလိုမျိုး ကျမက သတ်မှတ်ရတော့မလိုပါ။ မျိုးနဲ့ ရိုးနဲ့ ချီနေတာဆိုတော့လေ။

အဲဒီဘောလုံးအကြောင်း ဆက်မပြောခင် ကျမတို့ နှစ် ယောက်အကြောင်းလေး နည်းနည်း ပြောပါရစေဦး။
ကျမနဲ့ သူနဲ့က ရုပ်သွင်ပြင်လက္ခဏာကစလို့ အကြိုက်ချင်းက အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်ပဲ။ သူက ပိန်ပိန်ဖြူဖြူ၊ ကျမက ညိုညို ဝဝ။ သူ့အကြိုက်ဆုံး အစားအစာက ဓညင်းသီးနဲ့ ကန်စွန်းရွက်ချဉ်ရည်ဖြစ်ပြီး ကျမ ခံတွင်းတွေ့တာက ပုစွန်ထုပ်နဲ့ ဝက်သားတို့မှပါ။ ဒီတော့လည်း ဆိုက်ဇ်ချင်းက မတူပါလေ ဆိုတဲ့အထဲကပေါ့။ ဒါပေမယ့် နှစ်ယောက်လုံး ဟာသတွေနှစ်သက်သူမို့ ကျမတို့ ၂ ယောက်ကိုတွေ့ရင် ကြံဖန်ရယ်ပြုံး နေတတ်ပြီး တချို့သူငယ်ချင်းတွေက စိတ်ချမ်းသာလို့ ဒီစုံတွဲကို အမြဲ မြင်ချင်ပါသတဲ့။

အစာစားရင် သူက အသားသိပ်မကြိုက်ဘဲ အရွက်ပဲ ရွေးစားတာများပြီး၊ ကျမ ကတော့ အရွက်စိမ်းစိမ်းမြင်တာနဲ့ သူ့ပန်းကန်ထဲ ထည့်လိုက်တော့တာပါ။ အဲဒါကိုကြည့်ပြီး ကျမ အဒေါ်လိုချစ်ရတဲ့ ကြီးကြီးတစ်ယောက်က “နင်တို့လင်မယားက ဟန်ကျလိုက်တာဟယ်၊ အစားအသောက်ဆို ဘာမှမပစ်ရဘူး။ တစ်ယောက်က အသားကြိုက်၊ တစ်ယောက်က အရွက်ကြိုက်” တဲ့။ ကြီးကြီးပြောတာ မှန်ပါတယ်။ အကြိုက်ချင်းတူရင် လုစားနေရဦးမှာ။ ခုတော့ ဒုက္ခအေးတာပေါ့။

ကျမနဲ့ချစ်တော့ သူက မေးတယ်။ ရှေ့ရေးကို တွက်ချက်ပြီး ကြိုတင် ပြင်ဆင်ထားချင်လို့ပါတဲ့။ ကျမကြိုက်တဲ့ အသုံးအဆောင်၊ အနေအထိုင်၊ အစားအသောက်တွေ အင်တာဗျူးပါလေရော။
‘တနှစ်ကို ဖိနပ်ဘယ်နှစ်ရံ ကုန်သလဲ’ တဲ့။ (ကျမလည်း ကိုယ်စီးတာတောင် မရေတွက်ထားမိပါဘူး) အင်း၊ သုံးလေးရံတော့ ရှိမှာပေါ့ဆိုတော့ သက်ပြင်းချရှာတယ်။ ဖိနပ်ကို ရှပ်တိုက်မစီးပါနဲ့တဲ့။ ပါးကုန်မှာစိုးလို့ ဖွဖွနင်းပါ ဆိုလားပဲ။ ကျမတော့ ငတက်ပြားလျှောက်နည်း ခြေဖျားထောက် လျှောက်ရမယ့်ပုံ။
အင်္ကျီက တစ်လ ဘယ်နှစ်ထည် ဝယ်သလဲတဲ့။ ပုံမှန်မရှိပါဘူးဆိုတော့ ဖျင်ကြမ်းကြီးဆို ခိုင်ခံ့သတဲ့။ ကျမတော့ ဖျင်ကြမ်းထူလပျစ်ကြီးပဲ မချွတ်တမ်း ‘ဒါဝတ်’ လုပ်ရမယ့်ပုံ။
‘အအေး’ ကရောတဲ့။ ဘာ အအေးကြိုက်သလဲတဲ့။ ကျမက သွက်လက်စွာ ထောပတ်သီးဖျော်ရည်လို့ ပြောတော့ သူက ဟိုးအဝေးကြီးကို ဆွေးဆွေးမြည့်မြည့် ငေးနေသေးတယ်။ ပြီးတော့မှ တွေးတွေးဆဆ ပြောတယ်။ တစ်လ တစ်ခွက်လောက်တော့ သောက်ပေါ့ တဲ့။ မှားမိပါတယ်နော်။
‘ဟင်း’ ရောတဲ့။ (အသံက သိပ်တိုးနေပြီ)။ ကျမက တကယ်လည်း အကြိုက်ဆုံးဖြစ်ပြီး သူ့ကို သနားတာလည်း ပါတာမို့ “ကြက်ဥကို ပြုတ် ပြုတ်၊ ကြော်ကြော် အကုန်ကြိုက်တာပဲ” လို့ ဖြေလိုက်တော့ သူက အားရပါးရပြုံးပြီး “ဒါတော့ မဆိုးဘူး” တဲ့ ကျမတို့ ချစ်တဲ့အချိန်က ကြက်ဥဈေးက တစ်လုံး ၃ ကျပ်ခွဲပဲ ရှိသေးတယ်လေ။
ကျမတို့ အိမ်ထောင်မပြုခင် plan ဆွဲတဲ့ အဲဒီအသုံးစရိတ် ဇယားလေးဟာ ရန်ကုန်တက္ကသိုလ်က ဦးယမ်းဘီလူး ဆိုင်သွားတဲ့ ကော်ရစ်ဒါနံရံလေးမှာ ဆေးအသစ်သာ မသုတ်သေးရင် ခုထိရှိဦးမှာပါ။ ကျမ တကယ်ပဲ လွမ်းမိပါတယ်။

အဲဒီလို စကားမျိုးတွေ၊ ချစ်ကြောင်း၊ လွမ်းကြောင်းတွေပဲ အပ်ကြောင်းထပ်ခဲ့တဲ့ ကျမတို့ ချစ်ခရီးဟာ အိမ်ထောင်ပြုအပြီးမှာတော့ ကျမ သူ့ကို သူ့လို ဘာလို့များ အင်တာဗျူး မလုပ်ခဲ့မိပါလိမ့်လို့ နောင်တရမိပါတော့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမသာ သူ့ကို မေးဖြစ်ခဲ့ရင် ဘာမေးမေး၊ ဘာဗျူးဗျူး သူ့ပါးစပ်က ဘောလုံး၊ ဘောလုံး ဆိုတာချည်းပဲ ကြားရမှာကို အသေအချာ သိနေလို့ပါပဲ။

ကျမ ဘောလုံးကို မမုန်းပါဘူး။ သူနဲ့ရမှ ဘောလုံးပွဲကို ပွဲကြည့်စင်မှာ ထိုင်ကြည့်ဖူးတဲ့သူပါ။ ကြည့်ခဲ့တဲ့အကြိမ်ပေါင်းလည်း မနည်းတော့ပါဘူး။ သူကြည့်ချင်တဲ့ပွဲဆိုရင် မိုးရွာရွာ၊ နေပူပူ သူနဲ့အတူ မခွဲမခွာ တကယ့်ကို စိတ်ပါဝင်စားစွာ လိုက်အားပေးခဲ့တာပါ။ ဒါပေမယ့် ကျမက ကစားနေတဲ့ ဘောလုံးပွဲထက် ဘောလုံးပွဲကြည့်ပရိသတ်ကို ပိုစိတ်ဝင်စားနေမိတာတော့ ဝန်ခံရမှာပဲ။ ပရိသတ်ကြီး ပျော်ရွှင်တာ၊ အားမလိုအားမရဖြစ်တာ၊ စိတ်ပျက်လက်ပျက် ဖြစ်တာတွေဟာ ကျမရင်ထဲကို လှိုင်းတွေလို တချိန်လုံး ဝင်ရိုက်ခတ် နေခဲ့တာ။ ကျမ လူအုပ်နဲ့အတူ အားပေးမိတယ်။ သီချင်းတွေ သံပြိုင်ဆိုမိတယ်။ ကြွေးကြော် အော်ဟစ်ခဲ့တယ်။ သူ့လက်ကို မြဲမြဲဆုပ်ကိုင်ရင်းပေါ့။

ဒါအပြင် တီဗီမှာလည်း ဘောလုံးပွဲတွေ အမြဲလာနေသေးတယ်။ တိုက်ရိုက် ထုတ်လွှင့်မှုဆိုရင် ညဘက်မှာ လာတတ်တာမို့ အင်မတန် အိပ်ရေးပျက်ပါတယ်။ အဲဒါ ဆိုရင်တော့ အပြင်မှာလည်း ဘောလုံး၊ အိမ်မှာလည်း ဘောလုံးဆိုတော့ ကျမလည်း ငြီးငွေ့ပြီ။ ညလယ်စာ ဘောလုံးပွဲကြည့်ရင်းစားဖို့ ခေါက်ဆွဲပြုတ်ဖြစ်ဖြစ် လုပ်ပေးပြီး ကျမ အိပ်တော့တာပဲ။ တခါတလေ ကျမ အိပ်မောကျနေတုန်း ကျမကိုလာနှိုးပြီး “ဟိုမှာ အာဆင်နယ်ကို ဂိုးသွင်းတော့မယ် မြန်မြန်လာ” တဲ့။ သူကြည့်နေရာက ကောင်းတဲ့အကွက်လေး လွတ်သွားမှာစိုးလို့ တကူးတက ခေါ်ရှာပါသေးတယ်။ ကျမသာ ပြန်အိပ်လို့လည်းမပျော်ဘဲ မူးတူးကြောင်တောင် ဖြစ်ကျန်ခဲ့ရတယ်လေ။

တခါတခါ ကျမလည်း ဘောလုံးပွဲကြည့်တဲ့ သူ့ဘေးမှာ ထိုင်ပြီး “အဲဒါ မိုက်ကယ်အိုဝင် မဟုတ်လား” လို့ မေးလိုက်မိရင် ကျမပါ စိတ်ဝင်စားလာပြီ ဆိုပြီး ဝမ်းသာအားရ ရှင်းပြပါလိမ့်မယ် တသီကြီး။ အင်အားဂျာနယ်၊ တက်လမ်းဂျာနယ် စတဲ့ အားကစားဂျာနယ်တွေရဲ့ အမာခံပရိသတ်ဟာ သူမှအစစ်ပေါ့။ တခါက သူချောတယ်ဆိုတဲ့ ဘောလုံးသမားတွေပြလို့ ကြည့်လိုက်တော့ အားလုံး ကတုံးတွေချည်း။ ပုံစံအမျိုးမျိုးနဲ့ ပိုစ့်ပေးနေကြတာပါ။ အားပေးတဲ့ လူတွေရှိတော့လည်း လုပ်ကြပေါ့လေလို့ပဲ စိတ်လျှော့ရပါသေးတယ်။

ကမ္ဘာ့ဘောလုံးဝိဇ္ဇာတွေ တော်ပုံ၊ အားကြိုးမာန်တက် ကြိုးစားခဲ့ရပုံ၊ အခု တစ်လမှာ ဝင်ငွေက ဘယ်လောက်တောင် မြင့်သွားပြီ၊ အသင်းပြောင်းကြေးက ဘယ်နှစ်သန်းတောင် ပေးရတာဆိုတာတွေကို အင်မတန် စိတ်ရှည်သဘောကောင်းတဲ့ ဆရာတစ်ယောက်လို နူးညံ့စွာ ရှင်းပြတတ်ပါတယ်။ ကျမကတော့ သူတို့အကြောင်းထက် သူတို့ဝင်ငွေတွေကိုပဲ အားကျနေမိပါတော့တယ်။ အဲဒီတော့ မခက်လား။

ကမ္ဘာ့ဖလားပွဲတုန်းကတော့ အဆိုးဆုံးပါ။ ပွဲစဉ်ဇယားတွေကို စနစ်တကျ မင်နီ၊ မင်ဝါ၊ မင်စိမ်းတွေတားပြီး highlight လုပ်ကာ အိပ်ရာခေါင်းရင်းမှာ ကပ်ထားပါတယ်။ ဒါ့အပြင် အနိုင်ရတဲ့၊ အမှတ်များတဲ့ ဟိုအသင်းနဲ့ဒီအသင်း တွေ့ကြတော့မို့ မြားတွေ ရှုပ်ယှက်ခတ်ပြီး ဟိုထိုးဒီထိုးနဲ့ ပြထားသေးတယ်။ ပြီးရင် ဒေးဗစ်ဘက်ကမ်းက ဘယ်လိုဂိုးသွင်းပြီး၊ ရော်နယ်ဒိုက လိမ်ခေါက်ပြီး ဘောလုံး ဆွဲပြေးသွားတာကအစ၊ မာလ်ဒိနီ ဘောလုံးဖျက်ထုတ်လိုက်တာ အဆုံးပါပဲ။ ကျမလည်း သူပြောတဲ့ နံမည်တွေများလွန်းတော့ ဒီဘက်နားက ဝင်ပြီး ဟိုဘက်နားက ထွက်သွားတော့တာပဲလေ။

ကမ္ဘာ့ဖလားပွဲပြီးတုန်းကတော့ ကျမလည်း ဝဋ်ကျွတ်ပြီကွဆိုပြီး အားရဝမ်းသာ လက်သီးလက်မောင်း တန်းရုံရှိသေး၊ ဥရောပခြေစစ်ပွဲတွေ လာတော့မယ်ဆိုလား၊ လာနေပြီ ဆိုလား၊ ဟိုကောင်တွေ အပြတ်ကျင့်ကုန်ကြပြီဆိုလား ပြောလို့ စိတ်ဓာတ်များတောင် ကျရပါသေးတယ်။

ဒီလိုပြောလို့ သူက အလုပ်မေ့ မယားမေ့တဲ့သူတော့ မဟုတ်သေးပါဘူး။ သူက ကျမကို အင်မတန် ဂရုစိုက်တတ်သူ တစ်ဦးပါ။ သူ့အကြောင်းစဉ်းစားရင် ကျမ စိတ်ကျေနပ်ခဲ့ရ၊ သူ့ရဲ့ အလိုက်သိမှုကို အံ့သြရ၊ သူ့ရဲ့ ဣနြေ္ဒရတဲ့ မြတ်နိုးမှုကို ကြည်နူးခဲ့ရတဲ့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ ဒီလိုပဲ ကျမကိစ္စ၊ ကျမဆန္ဒ၊ ကျမ လိုအပ်ချက်၊ ကျမ စိတ်ဝင်စားမှုတွေမှန်သမျှကို သူ့ခေါင်းထဲမှာ အမြဲထည့်ထားသလို ကျမခေါင်းထဲမှာလည်း သူပြောတဲ့ အနီကတ်၊ အဝါကတ်၊ ရှေ့တန်းတိုက်စစ်မှူး၊ နောက်တန်းညာအစွန်လူ၊ ခံစစ်နည်းဗျူဟာ၊ ခြေစစ်ပွဲ၊ အုပ်စုပတ်လည်ပွဲ၊ တစ်ဂိုးစီ သရေပွဲနဲ့ တစ်မှတ်စီ ခွဲယူလိုက်ရတယ်တို့ အစုံရောက်နေတာပေါ့ရှင်။

ကမ္ဘာ့ဖလား၊ ဥရောပအဖွဲ့ချုပ်ဖလား၊ အာရှဖလား၊ အရှေ့တောင် အာရှဖလား စတဲ့ ဖလားတွေလည်း ဒီလောက်ပေါများမှန်း ခုမှ သိရပါတော့တယ်။ ကျမက ရေဖလားလောက်သာ သိသူမဟုတ်လား။ တခါတလေတော့လည်း ငါတို့အကြိုက်ချင်း၊ ဝါသနာချင်းတူရင် အကောင်းသားလို့ စိတ်အားငယ်မိပါရဲ့။ ဘောလုံးကို သဝန်တိုကာ ကျမနဲ့ ဘောလုံး ဘယ်သူ့ပိုချစ်သလဲလို့ မေးရအောင်လည်း ဘောလုံးက သက်ရှိဆို ဟုတ်တုတ်တုတ်။ သူချစ်တဲ့ ဘောလုံးမှာ ကန်နေတဲ့သူတွေတောင် မိန်းမ ပါရှာတာ မဟုတ်ပါဘူးလေလို့ ရူးရူးပေါက်ပေါက် လျှောက်တွေးမိတဲ့အထိပါပဲနော်။

တနေ့ကတော့ သူက ကျမကို ချစ်စဖွယ် စေ့စေ့ကြည့်ပြီး ပြုံးနေတော့ ကျမက “ဘာပြုံးတာလဲ” လို့မေးကြည့်မိတယ်။ အဲဒီတော့ သူက ဘာပြန်ပြောလဲသိလား။ ကျမက ဝပြီး လုံးနေတော့ ဘောလုံးလေးနဲ့တူနေတယ်တဲ့။ ဒါကြောင့် သူပိုချစ်မိသွားတာ ဖြစ်မယ်တဲ့.. ကဲ။

ဒီလိုများဖြင့်လေ.. အင်မတန် လှကြပါတဲ့ အခုခေတ် မော်ဒယ်လ်တွေလို ပိန်ဖို့ဆိုတာ ဒီဘဝမှာ ရှိပါစေတော့။ ။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ရီယိုဟွန်ဒို မှ ရန်ကုန်တက္ကသိုလ် သို့ ..

ကိုယ် ဒီကိုရောက်စ က မအူမလည်နဲ့မို့ အလုပ်လဲ မ၀င်သေးတော့ အဖေက ကျောင်းတက်၊ ကျောင်းတက် ဆိုပြီး ပြောပါတယ်။ ဒါနဲ့ အိမ်နဲ့ သိပ်မဝေးတဲ့ Rio Hondo Community College လေးမှာ အင်္ဂလိပ်စာ နဲ့ ဘူမိဗေဒ သွားတက်လိုက်သေးတယ်။

ကိုယ်တက်ခဲ့တဲ့ကျောင်းလေးက ချစ်စရာ။ စိမ်းနေတဲ့ တောင်ကုန်းလေးပေါ်မှာ..။ တောင်အောက်ကနေ ကျောင်းသူကျောင်းသားတွေကို ဖယ်ရီကားလေးတွေနဲ့ တောင်ပေါ်က ကျောင်းကို ခေါက်တုံ့ခေါက်ပြန် သယ်ပို့ပေးတယ်။ ကျောင်းလေးက မကျယ်ဝန်း၊ မခမ်းနားလှပါဘူး။ တောင်ပေါ်မှာဆိုတော့ ရှုခင်းလေးတွေ လှတယ်။ လေကောင်းလေသန့်လေး ရတယ်။

စာကြည့်တိုက်ရဲ့ အောက်ဆုံးထပ်မှာ ကိုယ်နဲ့အဖေ အမြဲထိုင်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ အယ်လ်အေမြို့ကြီးကို အပေါ်စီးကနေ လှမ်းမြင်လို့ ရတယ်လေ။ ညဖက်ဆိုရင် တောင်ပေါ်ကနေ ကားနဲ့ဆင်းလာရင် အဲဒီမြင်ကွင်းကို ကိုယ်မကြည့်ငေးဘဲ မနေနိုင်ဘူး။ မီးရောင်လေးတွေက ပြိုးပြိုးပြက်ပြက် နဲ့။ မြို့ပြနဲ့တူတဲ့ တိုက်အမြင့်ကြီးတွေမရှိ၊ ရဲတင်းတောက်ပြောင်တဲ့ နီယွန်ဆိုင်းပုဒ်တွေ မရှိ၊ လမ်းမီး အိမ်မီးလေးတွေချည်း မှိတ်တုပ် မှိတ်တုပ်နဲ့ ဗမာပြည်က တောမြို့လေးတခုနဲ့ ပိုတူတယ်။

အဲဒီတုန်းက ကျောင်းသွားမယ် ဆိုတာနဲ့ ကိုယ်က စာအုပ်တွေပါတဲ့ အိတ်ကိုလွယ်၊ အဖေကလဲ ကချင်လွယ်အိတ်ကို ကောက်လွယ်တော့တာပဲ။ ကိုယ့်အမျိုးသားက အလုပ်သွား၊ ကိုယ်တို့နှစ်ယောက်က ကျောင်းသွားပေါ့။ မနက်ကတည်းက သွားလိုက်တာ ကိုယ်က အတန်းတွေ ပြေးတက်လိုက်၊ အတန်းအားချိန်လေးမှာ စာကြည့်တိုက်နားမှာ စောင့်နေတဲ့ အဖေ့ဆီ ပြေးသွားလိုက်။ စကားပြောလိုက်၊ ရှုခင်းကြည့်လိုက်၊ အဖေက တခါတလေ ခုံတန်းလျားလေးမှာ စာအုပ်လေးဖွင့်ပြီး ကဗျာစပ်လို့။

ကိုယ်တို့ သားအဖကို တကျောင်းလုံး သိကြပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူများနဲ့ မတူ၊ ထူးဆန်းနေတာကိုး။ ဒီအရွယ်၊ ဒီကျောင်းမှာ ဘယ်သူမှ မိဘ မလိုက်တော့တာရော၊ အဖေက ပုဆိုးပဲ အမြဲဝတ်တာမို့ သူတို့အမြင်မှာ ထူးဆန်းနေပါလိမ့်မယ်။ ဘယ်တိုင်းပြည်ကလဲ၊ ဘာလူမျိုးလဲ လာ လာမေးတတ်တယ်။ ယောကျာင်္းကြီးက စကပ်လိုလို ဘာလိုလိုကြီး အမြဲဝတ်ထားပြီး ကချင်လွယ်အိတ်တလုံးကလဲ အမြဲပုခုံးမှာ ချိတ်လို့။ သမီးကလဲ ပုံတုံးတုံး၊ သူတို့သားအဖ နှစ်ယောက်ပဲ စကားပြောလိုက်ကြ၊ ရီလိုက်ကြနဲ့။

အခု Fall ရာသီ ရောက်တော့မှာမို့ အဲဒီအချိန်တွေကို ပြန်သတိရမိပြီး အဲဒီတုန်းက အဖေ စပ်ခဲ့တဲ့ ကဗျာလေးတပုဒ်ကို အမှတ်တရ တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါအုံး။


ရီယိုဟွန်ဒို မှ ရန်ကုန်တက္ကသိုလ် သို့

ရီယိုဟွန်ဒို ကောလိပ်…တဲ့
တောင်ထိပ်က ထန်းပင်
ပန်းနုရောင်လွင်လွင် ပန်းပင်တွေနဲ့
လွမ်းချင်စရာ တက္ကသီလာ။

သမီး ချိုကလေး နဲ့
ခရီးတို ပြေးပြီး
ဟို အဝေးက ပြာမှိုင်းမှိုင်းနဲ့
မြူခြေတွေက ခပ်ဆိုင်းဆိုင်း
စစ်ကိုင်းတောင်ကို သတိရ
မန္တလေးတက္ကသိုလ်ကိုလဲ သတိရနဲ့
လွမ်းစတွေ ငင်
လွမ်းကြိုးမျှင် စောင်းခတ်
ကျောင်းပတ်ပတ်လည် ခံစားပြီး
ကျောင်းတံခါးကို ၀င်ခဲ့တယ်။

ရန်ကုန်တက္ကသိုလ်မှ ရီယိုဟွန်ဒိုကောလိပ်သို့
သမီးကလေးချို ပညာသင်တော့
အကြင်နာဝင်တဲ့ ဖခင်ပါလိုက်ပြီး
စာကြည့်တိုက်နား ရစ်သီ ရစ်သီ
ရင်ပြင်ဆီ ရစ်ဝဲ ရစ်ဝဲ နဲ့
အကဲ တခတ်ခတ်
အသည်း တဖျတ်ဖျတ်နဲ့
အမြဲမပြတ် စောင့်ကြည့်နေမိတယ်။

ပီဇာ ဟမ်ဘာဂါ မုန့်ဆိုင်မှာ
သားအဖ နှစ်ယောက် အပြိုင် စား
ခုံတန်းလျားမှာ ခဏနားပြီး
ကျောင်းသားဘ၀ ပြန်လည်ရသလိုလို။

တို့ နိုင်ငံ တို့ တက္ကသိုလ်မှာ
နုပျိုသူ ငယ်ရွယ်သူကလေးတွေကို
ပိုးမွေးသလို မွေးပါ့မလား။
တို့အရေး တွေ ဟစ်အော်
တကြော်ကြော် တောင်းဆိုရင်း
ကျောင်းထဲကို မရောက်
မြောင်းထဲကို ရောက်သွားကြလေရော့သလား။

မနက်ကြည်ကြည်မြ အချိန်မှာ
မျက်ရည်ကျမိပါတယ် သမီးလေးရယ်။

မြန်မာအပေါင်း၊ ကံကြမ္မာ ကောင်းပါစေလို့
ကျောင်းရိပ်မှာ ဒေါင်းနိမိတ် တမြင်မြင်နဲ့
ဆုပန်ဆင်ပါရစေတော့ ။ ။

တင်မိုး
၁၇၊ ၈၊ ၂၀၀၄


အဖေ့ အရိုးပြာအိုးလေးကို အဖေသဘောကျတဲ့ အဲဒီကျောင်းလေးနားက Rose Hill ဆိုတဲ့ တောင်ကုန်းလေးပေါ်မှာ ထားထားပါတယ်။ တနေ့ မြန်မာပြည် ငြိမ်းချမ်းရင် အဖေ့ကို အိမ်ပြန်ပို့မယ်လေ။ အခုတော့ ဧည့်သည်ကြီး အိမ်မပြန်နိုင်ရှာသေးဘူး..။ ။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

တစိမ်းတွေလို နေလိုက်မယ်

မနေ့က သီချင်းမှားဆိုတဲ့အကြောင်း ရေးလိုက်တာ ကွန်မန့်တွေမှာ ဘယ်သူကမှ ရိုက် မစစ်ရပါဘဲ မှားဆိုတဲ့သူတွေ သူ့သဘောနဲ့သူ ၀န်ခံကြတာ ရီလိုက်ရတာ။ စင်ဒရယ်လားကို ဆင်ကြီးလား လို့ဆိုတဲ့သူက ရှိသေး။ ဟိုတယောက်သာသိရင် ဘယ်လောက်ဒေါသ ထွက်လိုက်မလဲ မသိ။ ၀ါးလုံးရှည်ကြီးနဲ့ သိမ်းရိုက်နေလို့ ကိုယ်တို့ တအုပ်လုံး ပြေးနေရအုံးမယ်။

သီချင်းမှားဆိုတာ တော်သေးတာပေါ့။ တချို့ကျတော့ နံမည် တလွဲခေါ်ကြတာ ရှိသေးတယ်။ နံမည်ကလဲ တကယ်တော့ တလွဲခေါ်တာ မဟုတ်ပါဘူး။ ကိုယ့်အဖြစ်ကတော့ သိကို မသိတာပါ။ ပြောရရင်တော့ ကိုယ် သူနဲ့ အကြောင်းပါပြီးပြီးချင်း စင်ကာပူမှာ ၅နှစ်လောက် သွားနေသေးတယ်။ ပြီးမှ ရန်ကုန်ပြန်လာပြီး သူတို့ မိသားစု အိမ်နားမှာပဲ အိမ်ခန်းတခန်း သူ့မိဘတွေက ပေးနေလို့ နီးနီးနားနား နေဖြစ်တယ်ဆိုပါတော့။

အဲဒီမှာ ခက်တော့တာပဲ။ သူနဲ့ သူ့အမ က ရပ်ကွက်ထဲကလူတွေကို နံမည်လေးတွေ ပေးထားတာ။ ကိုယ်ကလဲ သူတို့စကားဝိုင်းနား ဖြတ်သွားဖြတ်လာ လုပ်ရင်း ကြား ကြားနေတာ။

သူတို့အိမ် အနောက်ဖက်မှာ နေတဲ့ ဦးညိုကြီးဆိုရင် သူတို့က ဘောလုံးသမား နံမည်ပေးထားတယ်။ west brown တဲ့။ အနောက်ဖက်မှာနေသော ဦးညို ပေါ့။
တယောက်ကတော့ လေသမား။ အပြောပဲ ရှိလို့ တဲ့၊ နံမည်ပေးပုံက ‘အာ’ဦး တဲ့။ အဲဒီလူ နံမည်က ဦးတင်ဦးလေ။
တယောက်ကတော့ ထိပ်တည့်တည့်မှာ ဘုကြီး ရှိနေလို့ တဲ့။ ဦးဘုကြီး ဆိုပဲ။ သူ့ကိုတော့ ကိုယ် နံမည်အရင်းတောင် ခုထိမသိဘူး။
အော်..ဟာသမယ် မတူးနဲ့ တူလို့ မတူးလို့ ပေးထားတာက ရှိသေး။

သူတို့ဖာသာ နံမည်ပေးတာ အရေးမကြီးဘူး။ ကိုယ်က အဲဒီနံမည်တွေကို တရပ်ကွက်လုံး သိကြတဲ့ နံမည်၊ ကာယကံရှင်လဲ သိထား၊ လက်ခံထားတဲ့ နံမည်၊ အဲဒီလို ထင်ထားတာ။ ကိုယ်က ဒီနေရာမှာတော့ အသစ်လေ။ သူနဲ့ပတ်သက်မှ ပြောင်းလာနေဖြစ်တာဆိုတော့ မသိဘူးဖြစ်နေတာပေါ့။

ကိုယ်က အေးအေးဆေးဆေးပဲ နေတတ်တာ။ ဘယ်သူနဲ့မှလဲ ရောရောနှောနှော မပေါင်းမိတော့ ဒီနံမည်တွေနဲ့ လူတွေ တွဲမသိဘူး ဖြစ်နေတယ်။ ကိုယ့်မှာကလဲ သုံးထပ်က ကိုယ်တို့အခန်းလေးပေါ်ကဆင်း၊ သူ့မိဘတွေနေတဲ့ ခြံဖက်ကို ကူးသွားတဲ့ အချိန်လောက်ပဲ ဒီရပ်ကွက်ကလေးက ဖြတ်ရတာဆိုတော့ လမ်းမှာ တွေ့တဲ့သူ ပြုံးပြ နှုတ်ဆက်၊ ဒီလောက်ပဲ။ နံမည်လဲ မမှတ်မိဘူးလေ။ လူတွေပဲ မြင်ဖူးနေတာပေါ့။

တနေ့တော့ ရပ်ကွက်ထဲမှာ အသုဘရှိလို့ ကိုယ့်ကို မာမားက (သူ့အမေပါ) အဖော် ခေါ်သွားတယ်။ အသုဘဆိုတော့ လူစုံတာပေါ့။ အဲဒီမှာ လူတွေ ထိုင်ရင်း အလာပ သလ္လာပ ပြောကြရင်း၊ ကွာစိစား၊ အသုဘ မေးပေါ့။ အဲဒီမှာ လူကြီးတယောက်က ကိုယ့်ကို ရင်းရင်းနှီးနှီးပဲ ခေါ်ပြော၊ နေရာ ထိုင်ခင်းပေးတယ်။ ကိုယ်လဲ အဲဒီလူကြီးကို ရပ်ကွက်ထဲမှာ ခဏခဏ မြင်ဖူးနေတယ်။

ကိုယ်လဲ သူ့ကို ပြုံးပြ၊ အလိုက်အထိုက် ပြန်ပြော၊ နှုတ်ဆက်ပေါ့။ ဒါပေမဲ့ ဘာပြောရမှန်းမသိဘူး၊ ပြောစရာ စကားက ရှာမရဘူး။ မာမားကတော့ အသိမိတ်ဆွေ များတဲ့သူဆိုတော့ ဟိုလူ့နှုတ်ဆက်၊ ဒီလူ့ နှုတ်ဆက်နဲ့နေတာ။ တော်တော်လေးနေတော့ ကိုယ်နဲ့ ဟိုလူကြီး မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ၀ိုင်းဖက်ကို မာမားက ကူးလာတယ်။ ငါ့သမီးပျင်းနေမယ်၊ မိတ်ဆက်ပေးအုံးမှဆိုပြီး သမီး၊ သူ့ကို သိတယ်မဟုတ်လား၊ ဦးညိုလေ တဲ့။

အဲဒီမှာ ကိုယ်က ဟာ ခနဲ ဖြစ်သွားတာ။ ဒီနံမည် ကောင်းကောင်းသိတာပေါ့၊ အိမ်မှာ မမနဲ့ ကိုယ့်အမျိုးသား အမြဲပြောပြောနေလို့ ကြားဖူးနေတာ။ ငါတော့ စကားစ ရပြီဆိုပြီး “နံမည်နဲ့လူနဲ့ အခုမှ တွဲမိတယ် ဦးရယ်၊ မမတို့ ပြောနေလို့ ကြားဖူးနေတာပါ။ west brown လေ၊ ဟုတ်တယ်မဟုတ်လား မာမား၊ west brown ဆိုတဲ့ ဦးညို မဟုတ်လား” လို့။

ဦးညိုကလဲ ပါးစပ်ကြီး ဟ လို့။ သူလဲ west brown ဆိုတဲ့ ကစားသမားကို ကောင်းကောင်းသိပါတယ်။ သူလဲ မန်ယူ ပရိသတ်ပဲ။ ဒါပေမဲ့ သူ့နံမည်က အဲဒီလို ဖြစ်နေလိမ့်မယ် လို့ လုံးဝ မသိလိုက်ဘူး။ မထင်တဲ့အကွက် ပေါ့လေ။ မာမားကလဲ ကိုယ့်ကို လက်ကုပ်တယ်။ ပြီးတော့ သက်ပြင်းချပြီး ပြောတယ်၊ အင်း ပြန်မှ ပြန်မှ တဲ့။ ကိုယ်လဲ အဲဒီတော့မှ ရိပ်မိပြီး အားနာလိုက်တာလေ။

နောက်တခါကတော့ ရပ်ကွက်က အလှူလာကောက်တာ။ သင်္ကန်းလှူမလား တဲ့။ တစုံကို ဘယ်လောက် ဘယ်ရွေ့ ကျမယ်ပေါ့။ ကိုယ်ကလဲ သင်္ကန်းတစုံ ကုသိုလ်ပါပါတယ်။ အဲဒီမှာ အလှူလာကောက်တဲ့ ဦးတင်ဦးက ပြောတယ်၊ သင်္ကန်းကို ကိုယ်တိုင်ကပ်လို့လဲ ရပါတယ် တဲ့။ အဲဒီတော့ ကိုယ်ကလဲ ပြန်ပြောလိုက်တယ်။
ကိစ္စမရှိပါဘူး အာဦးရယ်၊ အာဦးတို့ပဲ ကပ်လိုက်ပါ တဲ့။
ဘာ…၊ ဘယ်လို..
အော်၊ ကျမ မလာနိုင်လို့ အာဦးတို့ပဲ ကပ်လိုက်ဖို့ ပြောတာပါ၊ စုပေါင်းအလှူပဲလေ တဲ့ ..

အဲဒီအထိ ကိုယ်က သူ့ကို အာဦးလို့ ခေါ်နေမိမှန်း ကိုယ့်ကိုယ်ကိုယ် မသိသေးဘူး။ သူကတော့ သူ့နံမည်ပြောင်ကို သိနေပြီးသား ဖြစ်ပုံရတယ်။ သူ့ကို အာ သမား၊ အပြောသမားမို့ အာဦး ခေါ်ကြတာ ပြန်ကြားပေမဲ့ ကိုယ်က ဒီလို သူ့ရှေ့မှာ ခေါ်နေလိမ့်မယ်လို့တော့ ဘယ်ထင်ထားပါ့မလဲ။ သူလဲ စိတ်ဆိုးဆိုးနဲ့ ဆောင့်ကြီးအောင့်ကြီး လှေခါးအတိုင်း ဆင်းသွားတော့မှ ဟိုက် သွားပြီကွ ပေါ့။ နောက်ကျသွားပါပြီလေ..။

နောက်တခါကတော့ ကိုယ်တို့နဲ့ မိသားစုလို ဖြစ်နေတဲ့ ပန်းချီဆရာ ဦးယဉ်မင်းပိုက်က မိတ်ဆက်ပေးတာပါ။ သူ့သူငယ်ချင်းတဲ့။
သမီးချိုသင်းရေ၊ ဒါ ဦးသူငယ်ချင်းလေ၊ သမီးတို့နားမှာ နေတယ် ပြောတယ်..
ဟာ ကောင်းကောင်းသိတာပေါ့ ဦးရယ်၊ ဦးဘုကြီး မဟုတ်လားဟင် (သူ့ထိပ်မှာ ဘုကြီးနဲ့ ဆိုတော့ ဒီ နား က ကြားဖူးထားပြန်ပြီလေ)
ဗျာ..၊ ဟို ဟို..၊ ခင်ဗျားတို့နားမှာ နေတာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျနော့် နံမည် ဦးဘုကြီး မဟုတ်ပါဘူး တဲ့။ သွားပြန်ပေါ့ တခါ။

ကိုယ်လဲ အဲဒီကတည်းက ကောင်းကောင်းကြီး မှတ်သွားပါပြီ။ သုံးကြိမ်၊ သုံးခါတောင် မှား ထားပြီးပြီဆိုတော့ နောင်အခါမှာ ကိုယ်နဲ့ သိပ် မသိတသိလူကို တွေ့ရင် လုံးဝ နံမည် ခေါ်ပြီး နှုတ်မဆက်တော့ပါဘူး။
အော် ဦးပါလား၊ ဟိုလေ..နေကောင်းတယ် မဟုတ်လား၊ အဲ..၀ လာတယ်နော်၊ အဟင်း ကျန်းမာရေး လိုက်စားတယ် ထင်တယ်..၊ အင်း..နောက်ပြီး…။ ။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

သီချင်းဆိုမယ် ဆိုရင်..

မနေ့က ရုပ်ရှင်အကြောင်းရေးပြီးတော့ ဒီနေ့ သီချင်းအကြောင်း ရေးမလို့။

ကိုယ်တို့ တအိမ်လုံးက ဂီတ သီချင်း သိပ်ကြိုက်ကြတယ်။ အမေကဆို ကိုယ်ငယ်ငယ်က မေရှင်သီချင်းတွေ တပုဒ်ပြီးတပုဒ် ဆိုပြတာ မှတ်မိတယ်။ အမေ့အသံလေးက ချိုပြီးအေးနေတာပဲ။ ကိုယ်က ဘေးမှာ ငြိမ်ပြီးနားထောင်ပေါ့။ အိပ်ယာပေါ်မှာ လှဲရင်း သီချင်းတွေဆိုကြတာပဲ။ အမေက တယောလဲ ထိုးတတ်တယ်။

အဖေကတော့ တူရိယာအားလုံးကို ဟိုနည်းနည်း ဒီနည်းနည်း အကုန်တီးတတ်နေသလိုပဲ။ သံစဉ်နားလည်နေတော့ တတ်လွယ်နေတာ ဖြစ်မှာပေါ့။ တယော၊ ဘင်ဂျို၊ အော်ဂင် အိမ်မှာ ရှိတဲ့အပြင် လမ်းမှာ ဗုံလေးတွေ သူများတီးနေတာ တွေ့လို့ သဘောကျပြီး ဟိုမှာ ဗုံ၊ ဗုံ ဆိုပြီး လက်ညှိုးထိုး ၀ယ်ခိုင်း နေတတ်သေးတာ။ သီချင်းတွေကတော့ ပြောမနေတော့၊ အကုန်ရ ပဲ။

ကိုယ်တို့ အလှည့်ကျတော့ အဲဒီလိုကြီး မတီးတတ်၊ မမှုတ်တတ်ပေမဲ့ နားထောင်ဖို့ဆိုရင်တော့ ဘယ်တော့မှ မငြီး ဘူး။ အသံကတော့ ကိုယ့်ဂုဏ်ကိုယ် မဖော်တော့ပါဘူးလေ။ အဖေပြောတာတော့ အ၀င်အထွက်လဲ မမှန်၊ ကီးလဲ မကိုက် ဆိုပဲ။ ဘယ့်နှယ်များ ဆိုနေပါလိမ့် ငါ့သမီးရယ်၊ ဟုတ်မှ ဟုတ်သေးရဲ့လား တဲ့။

အဲဒီတော့ ကိုယ့်အကြောင်းကိုယ်သိပြီး နားထောင်တဲ့ ဖက် အားသန်သွားတယ် ဆိုပါတော့။ အိမ်မှာလဲ သီချင်း၊ အပြင်သွားဖို့ ကားပေါ်တက်လိုက်တာနဲ့လဲ သီချင်းပဲ။ ကိုယ့်ဖာသာကိုယ်လဲ နေ့ဖက်နားထောင်တဲ့သီချင်း၊ ညဖက် နားထောင်တဲ့သီချင်းလို့ ရွေးထားသေးတာ။ ကိုယ့်အမျိုးသားကလဲ ကိုယ့်အကြိုက် သီချင်းတွေကို လက်ရွေးစင် ရွေးပြီး စီဒီတချပ်ပြီးတချပ် စိတ်ရှည်ရှည် ကူးပေးထားတယ်။

ကိုယ်နဲ့သူနဲ့က ရုပ်ရှင်ကြိုက်တာတူသလို သီချင်းကြိုက်တာလဲ တူကြသေးတယ်။ ကိုယ်က ကိုယ့်အိမ်ထောင်ဖက်ကို သီချင်းမကြိုက်တတ်မှာ၊ သီချင်းတွေကို နားညည်းတယ်ဆိုတဲ့သူမျိုးနဲ့ အိမ်ထောင်ကျမှာ သိပ်ကြောက်တာ။

သူကလဲ မိုက်ခဲ ပဲ။ ခေသူမဟုတ် ပေါ့။ သူသီချင်း စ ဆိုတော့မယ်ဆိုပြီး အသံစမ်းနေရင် ကိုယ်ကတော့ အိမ်တံခါးတွေ၊ ပြူတင်းပေါက်တွေ အကုန်လိုက်ပိတ်ပြီ။ ကိုယ်ကခန္ဓီပါရမီ ပြည့်စုံတယ်ဆိုပေမဲ့ အိမ်နီးနားချင်းတွေကျတော့ သိနိုင်ဘူးလေ။

အဲဒီလို သူ့အကြိုက်၊ ကိုယ့်အကြိုက် သီချင်းလေးတွေ နားထောင်လိုက်၊ ဆိုလိုက် လုပ်နေတော့ တယောက် အကြိုက် တယောက်သိလာရတယ်။ ကိုယ့်အထာက သီချင်းတပုဒ်ကို ကိုယ့်ဖာသာကိုယ်သာ ဖွင့်ရမယ်ဆိုရင် ဘယ်တော့မှ တ၀က်တပျက်က နားမထောင်ချင်တာပါပဲ။ တ၀က်တပျက်နဲ့ ရပ်လိုက်ရရင်လဲ နောက်တခါနားထောင်ရင် အဆင်သင့်ဖြစ်နေအောင် အစကို ပြန်ရစ်ထားလိုက်တယ်။ အဲဒါကို သူက ပြောတယ်လေ။ အတိအကျ ဦးအောင်လှ ကြီး ပါလားတဲ့။

တခါကတော့ သူက သူ့သူငယ်ချင်းတယောက် အကြောင်း ပြောပြတယ်။ အဲဒီသူငယ်ချင်းက သီချင်းတွေကို အရမ်းချစ်တော့ တမြတ်တနိုး ဖြစ်လွန်းလို့ အပွန်းအပဲ့ အတိမ်းအစောင်း မခံနိုင်ဘူး တဲ့လေ။ ဘာဖြစ်လဲ၊ သီချင်းဆိုတာပဲ၊ ပျော်လို့ဆိုတာ မှားမှားမှန်မှန်ပေါ့ လို့ ပြောလဲ မရပါဘူး။ သူ့ရှေ့မှာတော့ မှားမဆိုနဲ့ဘဲ။ အဲဒီတော့ သူ့နားမှာ သီချင်းဆိုရင် သတိထားပြီး ဆိုနေရတယ် တဲ့။ သူက ဘေးကနေ စောင့်ကြည့်နေတာ၊ မှန် မမှန်ကိုပေါ့။

တနေ့တော့ တခြားသူငယ်ချင်းတယောက်က သူ့အကြောင်း မသိသေးလို့ ဘာရယ်မဟုတ်ဘူး၊ သီချင်းလေး တပုဒ် ညည်းလိုက်တာ တဲ့။ ခင်မောင်တိုးရဲ့ ကုန်လွယ်လွန်းလိုက်တာ သီချင်းပေါ့။ စိမ်းလဲ့ကာ ရွာရဲ့နောက်ကွယ် လွင်ပြင်မှာ … ဆိုပြီး မှားဆိုလိုက်တာ။ အဲဒီတော့ ဟိုတယောက်က ဘေးကနေ နားထောင်ရင်း နား ကလော သွားတယ် ထင်ပါရဲ့။ “အေး၊ ရွာရဲ့နောက်ကွယ် လွင်ပြင်မှာတော့ မင့်ကြီးဒေါ်ကြီး သချိုင်္င်းပဲ ရှိတာပဲကွ” လို့ ပြောလိုက်တယ်တဲ့။ နောက်တော့ သူ့ရှေ့မှာ သီချင်းဆိုချင်ရင်တောင် သူမကြားနိုင်အောင် ပါးစပ်လေး လှုပ်ရုံ လှုပ်နေရတာပေါ့လေ။

ဒါလဲ မမှတ်သေးဘူး။ နောက်တယောက်က သူ့ဘေးမှာ လာဆိုပြန်ရော။ ခိုင်ထူးရဲ့ အဝေးဆုံး သီချင်းပေါ့။ လွမ်းစမျက်ရည်တွေ.. ရင်မှာ သိမ်းထားမယ် အချစ်ရယ်၊ စစ်အတွင်းက နာကြည်းချက်တွေနဲ့.. တဲ့။ တကယ်တော့ စိတ်အတွင်းက နာကြည်းချက် ဖြစ်ရမှာ။ အဲဒီတော့ အမှားမခံတဲ့တယောက်က တော်တော် ဒေါသထွက်သွားတာပါ။ “ဘာလဲ၊ စစ်အတွင်းက နာကြည်းချက်ဆိုတော့ မင်း အဖွားနဲ့ ဂျပန်တွေ ဇာတ်လမ်းရှိခဲ့လို့လား” တဲ့။

ကိုယ်ကတော့ သူ့လောက် အခြေအနေ မဆိုးသေးဘူး ထင်တာပဲ။
သီချင်းဆိုတာပဲ၊ ခွင့်လွှတ်ရမှာပေါ့။ နဂါးနီဆိုလဲ ဖြစ်တယ်၊ အင်တာနေရှင်နယ် သီချင်းဆိုလဲ ရတယ်။ ကမ္ဘာမကြေဘူး ဆိုလဲ စိတ်မဆိုးပါဘူး။ ကိုယ်တောင် လိုက်ဆိုလိုက်အုံးမှာ..။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

အလွမ်းရုပ်ရှုင်

လူတွေဆိုတာ တယောက်နဲ့တယောက် ဘယ်လိုမှ အကြိုက်ချင်း မတူနိုင်ဘူး။ တထပ်တည်း မကျနိုင်ဘူးလေ။ ဒီလိုရေးလို့ ချိုသင်းတယောက် ဘာတွေ ပျိုးနေပြန်ပြီလဲလို့ ထင်ကြအုံးမယ်။ ဘာမှ မပျိုးရပါဘူး။ တယောက်နဲ့တယောက် မတူညီကြတာလေးတွေကို တွေးမိလို့ပါ။

ကိုယ်နဲ့သူမှာလဲ အိမ်ထောင်သာကျလာတာ မတူတဲ့အချက်တွေက တော်တော်များတာပါ။ အဲဒီတော့ မတူတာတွေ ထိုင်ရေးနေရင်လဲ ဒီည မအိပ်လိုက်ရဘဲ မနက်ရုံးကို အိပ်ချင်မူးတူးနဲ့ တန်းအလုပ်ဆင်း လိုက်ရလိမ့်မယ်။ အဲဒီတော့ တူတာတွေ ပြောရင် ပိုတိုမယ် ထင်တာပဲ။

အကြိုက်အတူဆုံး အချက်ကို ပြောရရင်တော့ နှစ်ယောက်စလုံး ရုပ်ရှင်ကြိုက်ကြတာကိုပါ။ ရုပ်ရှင်များကြည့်နေရင် ငြိမ် နေတာပဲ။ နှစ်ယောက်သား အားရက်ဆိုရင် ရုပ်ရှင်ရုံအောက်မှာ သွားမော့နေတာ တွေ့ရမယ်။

ရုံးအားရက်တွေမှာ ဆဲလ်ဖုန်းကို ဆက်လို့ မကိုင်တော့ဘူးဆိုရင် သဘောသာပေါက်ပေတော့ လို့ ရင်းနှီးသူတွေကို ပြောထားရတယ်။ နည်းနည်းစောသေးလို့ ဖုန်းကိုင်ရင်လဲ ကိုင်လိုက်တာနဲ့ ဟိုဖက်က သူငယ်ချင်းက ဒီနေ့ ဘာကားလဲဟေ့ တဲ့။ မေးပုံက။ မသိတဲ့သူဆို ကားပွဲစား လုပ်နေသလား ထင်မှာ။

ကိုယ် ဒီအမေရိကားကို စ ရောက်လို့ ပထမဆုံး ရုပ်ရှင်ကြည့်တဲ့ညကို သတိရမိသေးတယ်။ ဟောလိဝုဒ်ရှိတဲ့ ရုပ်ရှင်မြို့တော်မှာ နေမိရက်သားဖြစ်နေတာမို့ ကိုယ်ကြည့်ချင်တဲ့ကားတွေ ဦးဦးဖျားဖျား ကြည့်ရတော့မှာ တွေးပြီး အရမ်းဝမ်းသာနေတာ။ ဒါနဲ့ ရုံထဲဝင်ဖို့ လက်မှတ်ပြတော့ လက်မှတ်စစ် လူကြီးက ကိုယ့်အမျိုးသားကို မေးတယ်လေ။ ခင်ဗျားရဲ့အမျိုးသမီး ဒီလောက်ပြုံးနေအောင် ဘာတွေများ လုပ်ထားသလဲ သိချင်လိုက်တာ တဲ့။ တကယ်တော့ သူက ဘာမှ လုပ်ထားတာ မဟုတ်ဘူး။ ဒီက ရုပ်ရှင်တွေ ကြည့်ရတော့မယ် ဆိုပြီး ပလပ်ပလပ် ဖြစ်နေတာ။

ရုပ်ရှင်ကြည့်တဲ့လူတွေကလည်း အမျိုးမျိုးအစားစား ရှိသေးတာ။ သောကြာနေ့ညမှာ ကြည့်တဲ့လူက တမျိုးတစား၊ စနေ၊ တနင်္ဂနွေမှာ ကြည့်တဲ့လူက တမျိုးတစား။ သောကြာနေ့ညတွေမှာဆို လူငယ်တွေ အများဆုံး တွေ့ရတယ်။ လူငယ်သူငယ်ချင်းအုပ်စုတွေ၊ လူငယ်စုံတွဲတွေ အများဆုံး တွေ့ရတယ်။

အဲလိုညတွေမှာ ရုပ်ရှင်ကြည့်မယ်ဆိုရင် ခပ်ဟော့ဟော့ ကားလေးတွေပဲကြည့်၊ ဒါမှ ပရိသတ်နဲ့ လိုက်တယ်။ အသေအချာ ခံစားရမဲ့ကား၊ အလေးအနက် ထားရမဲ့ကားတွေဆို ဘယ်တော့မှ သောကြာည သွားမကြည့်လေနဲ့။ ကိုယ်က ဖီလင်နဲ့ကြည့်နေ၊ သူတို့က စကားပြော၊ ဆူညံနေဆိုရင် ပျက်ရောပဲ။

စနေ၊ တနင်္ဂနွေမှာဆို မိသားစုတွေ လာကြည့်တာများတယ်။ အဖိုးကြီးအဖွားကြီး စုံတွဲလေးတွေလဲ လာကြတယ်။ တချို့ အသက်ကြီးကြီး အဖွားကြီးတွေဆို နှုတ်ခမ်းနီလေးတွေဆိုးလို့၊ ပုတီးလေးတွေဆွဲလို့၊ နှစ်ယောက်စလုံး သန့်သန့်ရှင်းရှင်းလေးတွေ ၀တ်စားပြီး တယောက်လက် တယောက် ကြင်ကြင်နာနာဆွဲလို့ ရုပ်ရှင်လာကြတယ်။

အဲလိုမြင်ကွင်းတွေတွေ့ရင် ကိုယ်က သူ့ကို ပြရတယ်။ ကြည့်စမ်း၊ တို့တွေလဲ ကြီးရင် အဲလို နေမှာ။ ကြီးတဲ့အထိ ရုပ်ရှင်တွေကြည့်ပြီး အမြင်ချင်းဖလှယ်လို့။ ဘ၀ကို ဒီလိုမျိုး enjoy လုပ်ကြတယ်။ အဲလိုမျိုး အသက်ရှည်ရင်တော့ ကောင်းမှာပဲပေါ့။

အဖေရှိတုန်းကတော့ ကိုယ်တို့ ရုပ်ရှင်ကြည့်မယ်ဆိုရင် အဖေမရှိတဲ့အချိန်၊ အဖေ ခရီးထွက်တဲ့အချိန်မှပဲ ရုပ်ရှင်သွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေက ရုပ်ရှင် မကြိုက်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တနေရာတည်းမှာ ငြိမ်ပြီး ပိတ်ကားကို စိုက်ကြည့်ပြီး ကြာကြာ မနေချင်ဘူး။ မိတ်ဆွေနဲ့ အပေါင်းအသင်းနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားပြောရတာကို ပိုသဘောကျတယ်လေ။

အဖေ့သဘာဝက ၅မိနစ်လောက် ငြိမ်ငြိမ်လေး နေလိုက်ရင် တခါတည်း အိပ်ပျော်သွားရော။ အရမ်းအပူအပင် ကင်းတယ်။ ချက်ချင်းအိပ်နိုင်၊ နိုးနိုင်တယ်။ အဲဒါ အဖေ့မိတ်ဆွေ သူငယ်ချင်းတိုင်း သိကြတယ်။ ခုပဲ စကားပြောနေ၊ ခုပဲ အိပ်ပျော်သွားတတ်တာမျိုးပါ။

တနေ့တော့ ကိုယ်တို့ ၃ယောက်သား ရုပ်ရှင် သွားကြည့်ကြရော ဆိုပါတော့။ ကားနံမည်က မြူးနစ်ခ် တဲ့။ တကယ့်အဖြစ်အပျက်ကို ပြန်ရိုက်ထားတာဆိုတော့ အဲဒီလို ဖြစ်ရပ်မှန်တွေကို မလွတ်တမ်းကြည့်တဲ့ ကိုယ်တို့က မအောင့်နိုင်တော့ဘူး။ အဖေ့ကို သွားကြည့်ရအောင် ပြောတော့ အဖေကလဲ စိတ်ဝင်စားတယ်။ ကြည့်ကြတာပေါ့ တဲ့။

အစ ပထမတော့ ဟုတ်လို့ပဲ။ အဖေကြီးက စိတ်ဝင်တစားကြည့်နေတာ။ ကိုယ်ကလဲ ဇာတ်ကားကို ကြည့်လိုက်၊ အဖေများ ပျင်းနေသလားလို့ အဖေ့မျက်နှာကြည့် အကဲခတ်လိုက်ပေါ့။ နောက် ၅မိနစ်လောက်ကြာတော့ ရုံထဲမှာ အေးကလဲအေး၊ ငြိမ်ကလဲ ငြိမ်နေရတာဆိုတော့ အဖေ အိပ်ပျော်သွားပါလေရော။

ပထမတော့ ကိုယ်က ကောင်းခန်းတွေ လွတ်သွားမှာစိုးလို့ အဖေ့ကို တိုးတိုးလေး နှိုးသေးတယ်။ မရပါဘူး။ အိပ်တာမှ ဟောက်တောင် ဟောက်နေသေးတာပါ။ ရုပ်ရှင်နဲ့ အပြိုင်ပေါ့လေ။ ဟောက်သံက နည်းနည်းကျယ်လာတော့ ဘေးကလူတွေက ခပ်ရှမ်းရှမ်း ကြည့်ကြတယ်။ ကိုယ်ကလဲ ပြန်ပြုံးပြရတာပေါ့။ အဖေ့တော့ မနှိုးနိုင်ပါဘူးဆိုတဲ့ အပြုံးမျိုးပေါ့။

အဲဒီအချိန်မှာ ၀ုန်းဒိုင်းဆိုပြီး ရုပ်ရှင်ထဲမှာ သေနတ်တွေ ထ ပစ်ကြပါလေရော။ အဲဒီတော့ အဖေလဲ အရမ်းလန့်ပြီး နိုးလာတယ်။ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ သမီး တဲ့။ ကိုယ့်လက်ကို ဆုပ်ပြီး မေးတယ်။ အော် အဖေ၊ အဲဒါ သေနတ်ပစ်ကြတာလေ၊ အိုလံပစ် အားကစားသမားတွေကို ပြန်ပေးဆွဲပြီး ပစ်သတ်လိုက်တဲ့ အခန်းလေ။ အော်၊ အေး အေး။ အဖေ လွတ်သွားလို့ အဖေ့ကို ပြန်ရှင်းပြပါအုံး တဲ့။ အဲဒါနဲ့ ကိုယ်လဲ တတ်သ၍ မှတ်သ၍ နားလည်သလောက် နောက်ကြောင်းပြန်ပြီး ပြန်ရှင်းပြရတာပေါ့။

အဖေကလဲ ခေါင်းညိတ်ပြီး နားထောင်တယ်။ ရှင်းလဲ ပြပြီးရော၊ ခဏနေတော့ ပြန်အိပ်ပျော်သွားပြန်ပါရော။ တော်တော်ကြာတော့ ဟောက်သံထွက်လာပြန်ပါရော။ ဘေးကလူတွေကလဲ ထပ်တော့ကြည့်ကြသေးတယ်။ ဒါပေမဲ့ တကားလုံး အဖေက အိပ်လိုက်၊ ဟောက်လိုက်၊ လန့်နိုးလာလိုက်၊ သမီးက ရှင်းပြလိုက်နဲ့ဆိုတော့ နောက်တော့လဲ ရိုးသွားပုံရပါတယ်။ ကိုယ်တို့ကို ကြည့်ပြီး ပြုံးနေကြတယ်။

ရုံပြင်ထွက်လာတော့ ကောင်းရဲ့လား အဖေဆိုတော့ အေး၊ အေး တဲ့။ (တကယ်တော့ အိပ်လို့ ကောင်းတာ နေမှာ) ဟိုတလောကလဲ မနှင်းနဲ့ ဘယ်လ်ဂျီယံမ်မှာ ရုပ်ရှင်သွားကြည့်သေးတယ် တဲ့။ (မနှင်းဆိုတာ ကိုယ့်အမအငယ် ကို ပြောတာပါ) ဘာကားသွားကြည့်တာလဲ ဆိုတော့ Brokeback Mountain တဲ့။ ဟာ အော်စကာကားပဲ၊ အဖေ ကြိုက်ရဲ့လား ဆိုတော့ ပြန်ဖြေပါတယ်။ Brokeback မဟုတ်ဘူး၊ ဗရုတ်ဗရက် မောင်တိန် ပဲ သမီးရ။ ယောကျာင်္းချင်း ကြိုက်ရတယ် လို့ တဲ့။ ဟုတ်သားပဲ။ အဲဒီကားက gay တွေအကြောင်း ရိုက်ထားတာလေ။

အော် အဖေကြီးကို လွမ်းလိုက်တာနော်...။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ငယ်ငယ်တုန်းကမို့ပါ

ဘလော့ဂ်လောကထဲရောက်လာတော့ သူငယ်ချင်းဆိုရင် အရမ်းခင်တတ်တဲ့ ကိုယ်က ဘလော့ဂ်ဂါ သူငယ်ချင်းတွေ ထပ်တိုးလာလို့ ၀မ်းသာရတာပေါ့။

အရင်ကဆို ဘလော့ဂ်ဖတ်တော့မယ်ဆိုရင် ဆရာမမေငြိမ်းဘလော့ဂ်ကို အရင်သွား၊ ဆရာမ လင့်ခ်ထားတဲ့ အထဲက ကိုယ်ဖတ်ချင်တဲ့ ဘလော့ဂ်တွေကိုသွား လည်၊ ဖတ်ပြီးရင်လည်း ကျေနပ်လို့..။ တနေ့တာ တာဝန်ပြီးဆုံးသွားသလိုမျိုး။

အဲဒီတုန်းက ဇော်ဂျီဖောင့်လဲ ကောင်းကောင်းမသုံးတတ်သေးတော့ လေးထောင့်တုံးတွေနဲ့ ရင်းနှီးနေရတဲ့ ကာလတွေ..။ firefox နဲ့ဖတ်မှ အမှန်မြင်ရတာ။ အခုတော့ စာလဲ ကောင်းကောင်း ရိုက်တတ်သလိုလို ရှိပြီ။ သွားလည်ပြီး စာဖတ်လို့ သဘောကျရင် ကွန်မန့်လေးတွေရေး၊ ခြေရာလေးတွေ ချန်ခဲ့တတ်ပြီ။

သူငယ်ချင်းဆိုတာကလဲ ရေးရရင်တော့ ရေးစရာတွေ တပုံကြီးပေါ့။
အိမ်မှာ အဖေက စ လို့ မိတ်ဆွေ အပေါင်းအသင်း အရမ်းခင်တယ်။ စနေ၊ တနင်္ဂနွေလို နေ့တွေမှာ ကိုယ်တို့အိမ်ရှေ့ ခြံကွက်လပ် ကွပ်ပျစ်ပေါ်မှာ ရေနွေးကြမ်းနဲ့ လက်ဖက်သုတ်နဲ့ လက်ဖက်ရည် နဲ့ တအုံတမကြီး တနေ့လုံး နေကြတာပါ။

ကိုယ်တို့အဖို့မှာလဲ ဒီမြင်ကွင်းတွေက မဆန်းတော့ပါဘူး။ တခါတလေ လူကြီးတွေဝိုင်းထဲဝင်၊ နားထောင် ပေါ့။ အမေကတော့ နောက်ကနေ ဒိုင်ခံ စားရေးသောက်ရေး စီစဉ်၊ လုပ်ကိုင်ပေးတယ်။ တခါမှ အဖေ့မိတ်ဆွေတွေကို ငြိုငြင်တာ မတွေ့ဖူးဘူး။

မိတ်ဆွေတွေကလဲ တဆိုက်ဇ် တည်း မဟုတ်ကြဘူး။ လူကြီးလူငယ်၊ ပုပု ၀၀ ဆိုက်ဇ်စုံပါ။ ရောက်တတ်ရာရာ စပ်မိစပ်ရာတွေ ပြောကြတာ။ နားထောင်လို့တော့ သိပ်ကောင်းပဲ။ လူငယ် ကဗျာဆရာတွေလည်း ပါကြတာမို့ ဆံရှည်ကိုယ်တော်တွေလဲ ပါပါတယ်။

သူတို့တွေ ကဗျာရွတ်ကြရင် ကိုယ်တို့က ကလေးတွေဆိုတော့ နားလည်း မလည်လို့ ကြိတ်ပြီး ရီကြတာပေါ့။ သူတို့တွေ အတည်ပေါက် စပ်လာသမျှ ကိုယ်တို့ ညီအမတွေနဲ့တွေ့ရင် ပျက်တာပါပဲ။ ကိုယ်တို့ ညီအမတွေက အရီလဲသန်ကြတယ်။

ငါ့ရင်အုံကြီးက ပွင့်ထွက်ပြီး..(ခွိခွိခွိ)
ငါးမျှားတံ ထိပ်မှာ ငါ့အလွမ်းတွေ ချိတ်လို့ ..(ဟိဟိ)
အဲဒါဟာ ငါ့ အံဖတ်တွေပေါ့…(ဟားဟားဟား)

ဟေ့ ကလေးတွေ သွားစမ်း၊ သွားစမ်း။ ရှုပ်လိုက်တာ အော် ငါ့ကလေးတွေနှယ်..။ အဖေက ကိုယ်တို့ကို မောင်းထုတ်လိုက်ပါတယ်။ ဟန်ပန်အပြည့်နဲ့ ရှေ့တိုးနောက်ငင် ကဗျာရွတ်နေတဲ့ ကဗျာဆရာလဲ မုဒ် ပျက်ပါလေရော။

အဲဒီလို စကားဝိုင်းတွေ၊ ကဗျာရွတ်ပွဲတွေကလဲ အပတ်တိုင်းလိုလိုမှာ ညနေရောက်ရင်တော့ လူစုခွဲကြပြီး တယောက်လည်ပင်း တယောက်ဖက်ပြီး ပြန်ကြတာပါ။ လူပုံတွေကသာ ကြမ်းချင်ကြမ်းမယ်၊ အမူအရာ၊ စိတ်နေစိတ်ထားတွေကတော့ ယဉ်ကျေးကြပါတယ်။ အနုပညာသမားတွေ မဟုတ်လား။ ခဏခဏလဲ ငိုကြတယ်။ :P

တမနက်မှာတော့ ကိုယ်က နိုးလာတော့ အိမ်ရှေ့ ဧည့်ခန်းမှာ ခြင်ထောင် ထောင်ထားတာ တွေ့ပါတယ်။ ကိုယ်ကလဲ ကိုယ့်အမ မအေးလို့ ထင်လိုက်တယ်။ သူက တခါတလေ အိမ်ရှေ့ ထွက်အိပ်တတ်တယ်လေ။

ဒါနဲ့ စ ချင်တာနဲ့ ခြင်ထောင်ကို ဖွင့်မကြည့်မိဘဲ ခြင်ထောင်ကြိုးတွေ အကုန်ဖြုတ်လိုက်ပြီး သူ့ကို ပိုးတုံးလုံးလို ခြင်ထောင်နဲ့ လိပ်ထားလိုက်တယ်။ သူကလဲ တုပ်တုပ်မှ မလှုပ်ပါဘူး။ တရှုးရှူးနဲ့ အိပ်ကောင်းနေတာပါ။ ကိုယ်ကလဲ တွေ့ကြသေးတာပေါ့ ပေါ့လေ။

ပြီးတော့ ခြင်ထောင်အပြင်ဖက်ကနေ သူ့ခြေမ ရှိတဲ့နေရာကို စမ်းပြီး အတင်းချိုးလိုက်ပါတယ်။ ထ တော့ မအေး၊ ထ တော့ ပေါ့။ သူကလဲ မလှုပ်သေးဘူး။ ကိုယ်ကလဲ အဲဒီအမကို အရမ်းချစ်၊ အရမ်းနိုင်လေတော့ သူ့ခြေထောက်တွေကို ဆိတ်ဆွဲ လိမ်ပြီး နှိုးတယ်။ အင်း အင်း လို့တော့ အသံထွက်လာတယ်။ လုံးလုံး မနိုးဘူး။

အဲဒီတုန်းက ကိုယ်က တကယ့်ကလေးဆိုတော့ ဘာမှ မသိသေးတာပါ။ ဒါနဲ့ ခြင်ထောင်အဖြူကြီး အုပ်လို့ ပိုးတုံးလုံးလို ဖြစ်နေတဲ့ သူ့ကိုယ်ပေါ်ကို ကိုယ်က ခြေထောက်ကနေ ပြေးတက်လိုက်ပါတယ်။ အဲလို ပြေးတက် ပြေးဆင်းနဲ့ နှိုးနေတာ ၃ခါလောက်လဲ လုပ်မိရော၊ ၀ူးဝူး ၀ါးဝါးနဲ့ ပိုးတုံးလုံးကြီး ထ ထိုင်ပါတယ်။

ကိုယ်လဲ မအေး နိုးပြီကွ ဆိုပြီး ၀မ်းသာအားရ နဲ့ ခြင်ထောင်ကို ဆွဲဖယ်လိုက်တာ အသားမည်းမည်း နှာခေါင်းချွန်ချွန်နဲ့ အဖေ့မိတ်ဆွေ ကဗျာဆရာ ဖြစ်နေတာ တွေ့လိုက်ရတယ်။ အမလေး လန့်လိုက်တာ မပြောပါနဲ့တော့။ ကြောက်အားလန့်အားနဲ့ သူ့မျက်နှာကို ဘုန်း ဘုန်းနဲ့ ယောင်ပြီး ထုလိုက် ရိုက်လိုက် ပါသေးတယ်။ ပြီးမှ အိမ်ခန်းထဲ ၀င်ပြေးတော့တာ။

တကယ်တော့ သူက အဲဒီတုန်းက ရွှေဘိုဆောင်မှာ နေနေတာတဲ့။ ညမှာ ကိုယ်တို့အိမ်ကနေ အဆောင်ပြန်တော့ မန်းငွေအောင်တို့ မြန်မာ့အသံကို လောင်ချာနဲ့ပစ်တဲ့နေ့မို့ အဲဒီရွှေဘိုဆောင်နားမှာ အပစ်အခတ်တွေ ဖြစ်ကြတယ်။ ဒါနဲ့သူလဲ အဖေ့ဆီ ပြန်ပြေးလာလို့ အိမ်မှာပဲ အိပ်ခိုင်းလိုက်ရတာ ဆိုပဲ။ ကိုယ်က စော အိပ်သွားတော့ မသိလိုက်ဘူးလေ။

ကိုယ် ကြီးလာလို့ စာလေး ဘာလေးရေးတော့ လက်ဖက်ရည်ဆိုင် ထိုင်တုန်း အဲဒီ ဦးကို လေထန်ကုန်းမှာ တခါတွေ့သေးတယ်။ ကိုယ်တို့မိသားစုက အဖေ့မိတ်ဆွေလဲ ကိုယ့်မိတ်ဆွေဖြစ်၊ ကိုယ့်သူငယ်ချင်းလဲ အဖေ့သူငယ်ချင်းဖြစ် ဆိုသလို ရောထွေးခင်တတ်ကြပေမယ့် ဒီတယောက်ကိုတော့ ကိုယ့်ကို မမှတ်မိပါစေနဲ့လို့ ကြိတ်ဆုတောင်းနေရပြီး မျက်နှာခပ်လွှဲလွှဲနေခဲ့ရပါကြောင်း။ ။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ကြည် ပါတယ်လေ..

မနေ့က ခင်မင်ရတဲ့ သူငယ်ချင်းတယောက်က သူ သူ့ကောင်မလေးရှိတဲ့ အင်္ဂလန်မှာ မင်္ဂလာသွားဆောင်ရင် ကိုယ်တို့ နှစ်ယောက်ကို ဆက်ဆက်လိုက်ခဲ့ဖို့ အဖော်ခေါ်ပါတယ်။ သူကလဲ ထုံးစံအတိုင်း မရှုပ်မရှင်းလေးတွေ ပတ်လုပ်ထားတော့ တကယ်လို့များ ပြေးပေါက်မှားရင် အဖော်ရှိအောင်ပါ။

အဲဒီသူငယ်ချင်းက အိမ်ထောင်ပြုဖို့ အရမ်းစဉ်းစားတတ်သူမို့ ဒီတခါတော့ သူအတည်ပေါက်များ စဉ်းစားကုန်ပြီလားလို့ တွေးရပါသေးတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ နောင်ပြင်ရင် ခက်တဲ့အမျိုးလို့ အဆိုရှိလေတော့ ကိုယ်တို့တုန်းကလဲ အပီအပြင် စဉ်းစားခဲ့ရတယ်။ ဒါပေမဲ့ စဉ်းစားရတဲ့သူက ကာယကံရှင် နှစ်ယောက်စလုံး မဟုတ်တာခက်တယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကပေါ့။ နွေလတလရဲ့ ရက်တရက်ကို ကိုယ်တို့က ရန်ကုန်တရားရုံးချုပ်ကြီးမှာ သွားလက်မှတ်ထိုး လက်ထပ်ကြမယ်လို့ ရွေးချယ်လိုက်ပါတယ်။ တရားရုံးကိစ္စတွေ နားမလည်တာမို့ အားလုံးကမကထ စီစဉ်တာက ကိုယ်တို့ရဲ့ ဘဘကြီးပါ။ ဘဘက တရားရုံးချုပ် ရှေ့နေကြီး။ မြို့မ ဦးတင်အေး တဲ့။ အခုတော့ သူမရှိရှာတော့ပါဘူး။ စစ်အစိုးရက ရမယ်ရှာ ဖမ်းဆီးနှိပ်စက်ပြီး ဆုံးခါနီးမှ အကျဉ်းထောင်က လွှတ်ပေးလိုက်လို့ သိပ်မကြာခင် လပိုင်းအတွင်း ဆုံးသွားရှာသူပါ။ ဟိုးအရင်က ကျောင်းသားသမဂ္ဂ ဥက္ကဌဟောင်းပါ။

ဘဘက တူမတွေထဲမှာ အကြီးတွေကို ဖြတ်တက်ပြီး ပထမဆုံး ဆောင်တဲ့ မင်္ဂလာမို့ အိမ်မှာပဲ လက်မှတ်ထိုးမလား မေးပါသေးတယ်။ ကိုယ်တို့က ၀တ္ထုတွေထဲမှာ ဖတ်ဖူးသလို ရုံးတက် လက်မှတ်ထိုးကြလေသတည်းဆိုတာကို သဘောကျလေတော့ ရုံးကိုပဲသွားမယ် စီစဉ်ပါတယ်။

နှစ်ဖက် မိဘ မောင်နှမတွေနဲ့ မနက်စောစောပဲ ရုံးကြီးကို သွားကြတယ်။ ဘဘက အကုန်စီစဉ်ပြီးသား။ ဘဘမိတ်ဆွေ တရားသူကြီးကလဲ အဆင်သင့်ပဲ။ အသိသက်သေအဖြစ် ကိုယ့်ဖက်က အဖေက လက်မှတ်ထိုးမှာ ဖြစ်ပြီး၊ သူ့ဖက်က သူ့ဦးလေး ဦးပွင့်က လက်မှတ်ထိုးပါမယ်။

စားပွဲလေးမှာ ထိုင်ကြတော့ ဘဘက လောက၀တ်ပြုတဲ့အနေနဲ့ တရားသူကြီးကို ကိုယ်တို့အားလုံးနဲ့ မိတ်ဆက်ပေးပါတယ်။ သူနဲ့ မယားညီအကိုဖြစ်တဲ့ အဖေ့ကိုလဲ အထူးတလည် မိတ်ဆက်ပေးလိုက်ပါတယ်။ ဒါက ကဗျာဆရာ တင်မိုးပေါ့။ အဲဒီမှာ ပြဿနာက စ တာပါ။

တရားသူကြီးကလဲ အဖေ့ကို စာတွေဖတ်ဖူးလို့ သိနေပုံပါပဲ။ သူလဲ စာဖတ်ဖူးတယ်ဆိုတာ ပွဲမစခင် အဖေနဲ့ စကားစမြည် ပြောချင်ပုံပါ။ အလာပ သလ္လာပ ပေါ့။

ကျနော်တို့ မြို့မှာလဲ စာပေဟောပြောပွဲ တခါလုပ်လို့ ကျနော်နားထောင်ဖူးပါတယ် တဲ့။ အဲဒီတုန်းကလဲ စာရေးဆရာတွေ အတော်လာကြတယ်ဗျ။ ဆရာ မြသန်းတင့်တို့လဲ ပါတယ် ထင်တယ်၊ နောက် တခြား စာရေးဆရာတွေလဲ ပါတယ်။ အင်း..ဟိုစာရေးဆရာ တယောက်လေ၊ နံမည်က “ကြည်” ပါတယ်လေ တဲ့။

အဲဒီတော့ အဖေကလဲ အလိုက်အထိုက် ပြန်ဖြေပါတယ်။
“အော်.. ကြည်အောင် တို့ ထင်တယ်..၊”
“မဟုတ်ဘူးဗျ၊ သူက အဟောအပြော တော်တော်ကောင်းတာပါ။ နံမည်မှာ ကြည် ပါတယ်လေ။”
“ကြည်..ပါတယ်ဆိုတော့ အင်း၊ ဘယ်သူများ ဖြစ်မလဲ၊ ကြည်လင်..?”
“မဟုတ်သေးဘူးဗျ..စဉ်းစားစမ်းပါအုံး၊ ကျနော်လဲ နံမည်လေး အဖျားဆွတ် မေ့နေလို့ပါ။”
“ကြည်..ကြည်..(အဖေက ရွတ်ရင်း အသေအချာ စဉ်းစားရှာပါတယ်၊ ပြီးမှ..) ဟို ကြည်ဇော်ဝင်းများ ဖြစ်မလား။”
“ကြည်ဇော်ဝင်းလား၊ မဟုတ်သေးဘူးဗျ၊ ကြည် တော့ပါတယ် သူ့နံမည်မှာ။”
“အင်း..ဘယ်သူများ ဖြစ်ပါလိမ့်မလဲ.. ကြည် ပါတယ် ဆိုတော့..။”

အဖေက သေသေသပ်သပ်ဝတ်လာတဲ့ တိုက်ပုံထဲက လက်ကိုင်ပုဝါကို ထုတ်ပြီး ချွေးသုတ်လိုက်ပါတယ်။ ကိုယ်တို့နှစ်ယောက်ကိုလဲ ချွေးသုတ်ရင်းတချက် လှမ်းကြည့်လိုက်ပါသေးတယ်။ ကိုယ်တို့နှစ်ယောက်ကတော့ မျက်နှာဇီးရွက်လောက်လေးတွေနဲ့၊ မှန်အောင်ဖြေလိုက်နော် အဖေ ဆိုတဲ့ မျက်နှာငယ်လေးတွေနဲ့ပါ။ အားလုံးက ငြိမ်ပြီး တရားသူကြီးနဲ့ အဖေ့ကို ကြည့်လို့..။

အဖေလဲ ငါမမှန်ရင် သူ ငါ့သမီးကို လက်မှတ်ပေး မထိုးတော့ဘူးထင်တယ်လို့များ တွေးနေသလား မသိ။ စဉ်းစားမှ၊ စဉ်းစားမှ ပေါ့။ တရားသူကြီးကလဲ စဉ်းစားစမ်းပါအုံးဗျ လို့ တွင်တွင်ပြောနေတာပါ။

“ကြည်အောင်၊ ကြည်လင်၊ ကြည်ဇော်ဝင်း၊ ကြည်ဝင်း၊ ကြည်…၊ ကြည်…ကြည်..."

အချိန်တွေလဲ တော်တော်ကြာနေပြီ။ နောက်တော့ အဖေက သူထင်တာ ပြောလိုက်ပါတယ်။ “အဲဒီဖက် ဟောပြောပွဲသွားတာတော့ ကိုနတ်နွယ်တို့ သွားတာပဲဗျ။”
“ဟာ..ဟုတ်လိုက်လေဗျာ၊ သူပဲ၊ သူပဲ။ နတ်နွယ်ပဲ။”

ကိုယ်တို့အားလုံး ကြောင်ကုန်ကြတယ်။ နတ် နွယ် ???… နံမည်မှာ ကြည် ပါတယ်ဆို …။ အခုကျတော့ တလုံးမှ..@#!~$%^&…။
အဖေလဲ ခုမှ အလုံးကြီးကျသွားသလို ချွေးတွင်တွင်သုတ်ပါတော့တယ်။ ဒါနဲ့ အားလုံးလဲ ဟေး... လို့ မအော်ရုံတမည် ၀မ်းသာသွားကြပြီး ပြုံးနိုင် ရွှင်နိုင် ဖြစ်သွားကြတယ်လေ။

လက်မှတ်ထိုးကြတော့ ဘဘက မိန်းကလေးဖက်ကမို့ ဆုံးမစကား ပြောရာမှာ လင့်ဝတ္တရား (၅)ပါးကို အသေအချာ အကျယ်ချဲ့ သူ့ကို ရှင်းပြပြီး ကိုယ့်ကိုတော့ မယားဝတ္တရား (၅)ပါး ရှိတယ်လောက်သာ အကျဉ်းချုပ် ပြောလို့ ကိုယ်လဲ ခုထိ အဲဒီ ၀တ္တရားတွေ နားမလည်သေးဘူး ဖြစ်နေတယ်။ အဲလိုလဲ ရှိသေးတာ။

အပြန်လမ်းမှာကျတော့ အဖေက ပြောပါတယ်။ ငါ့သမီးအိမ်ထောင်ပြုတာကွာ၊ စဉ်းစားလိုက်ရတာ ငါ့မှာ တဲ့။ ဟုတ်ပါတယ်၊ အိမ်ထောင်ပြုမယ်ဆိုရင်တော့ အသေအချာ စဉ်းစားသင့်ပါတယ်။ နံမည်မှာ ကြည် ပါတယ်လေ..။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

မေးကြည့်ချင်တယ်..

စာပြန်ရေးတော့ မိတ်ဆွေတွေ၊ ကိုယ့်ဆရာတွေက ၀မ်းမြောက်ဝမ်းသာကြိုဆိုပြီး အားပေးကြတာ တွေ့လို့ ကျေးဇူးတင်မိပါတယ်။ ဒီလို အားပေးစကားတွေ ကြားရတော့ ကိုယ်ငယ်ငယ်က စာ စ ရေးဖြစ်တဲ့ အကြောင်းတွေကို ပြန်စဉ်းစားမိသွားတယ်လေ။

ကိုယ်က မိသားစုထဲမှာ စာရေးမယ်လို့ မိဘက မျှော်လင့်တဲ့ သားသမီးထဲမှာ မပါခဲ့ပါဘူး။ အဖေနဲ့ အမေက ကိုယ့်ထက်အကြီး အမတွေကိုပဲ စာရေးလာလိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ။ မျှော်လင့်လောက်အောင်ပဲ သူတို့က အနုပညာကိုလဲ ပိုခံစားတတ်တယ်၊ စာလဲ ပိုဖတ်ကြတယ်။ ကိုယ်ကတော့ အငယ်ဆုံးပီပီ အမေ့နားပဲ ကပ်နေတာ။ ကြောင်တွေနဲ့ပဲ လုံးထွေး ဆော့နေတာ။

ဘယ်အချိန်မှာ စ ပြီး စာရေးချင်စိတ်ဖြစ်လာသလဲ ဆိုရင် ဆယ်တန်း စာစီစာကုံးတွေ ရေးတုန်းကလို့ ထင်တာပဲ။ အဲဒီတုန်းက အဖေက ကိုယ်တို့ သူငယ်ချင်းတွေကို အိမ်မှာ မြန်မာစာ သင်ပေးတယ်။ တပတ်ကို တခါ စာစီစာကုံး ရေးရတယ်။ ခေါင်းစဉ် ပေးလိုက်ပြီး နောက်အပတ်ကျတော့ ပြီးအောင် ရေးလာခဲ့ပေါ့။

အဲလိုအချိန်များ သိပ်ခေါင်းစားတာပဲ။ ဘယ်လိုရေးရမှန်းလဲ မသိတော့ တို့ကျောင်းသား စာစီစာကုံး ပေါင်းချုပ် စာအုပ်ကို ရှေ့ချပြီး ဟိုနည်းနည်း ဒီနည်းနည်း ကူးပြီးမှီးချလိုက်ရင် ကောင်းမလား၊ ဒါလဲ မဖြစ်သေးပါဘူးလေ၊ အဖေက တို့ကျောင်းသား စာစီစာကုံးတွေကို ရွေးချယ်တည်းဖြတ်တဲ့ အဖွဲ့ထဲမှာပါတော့ သူရွေးတဲ့စာ သူမှတ်မိနေမှာပေါ့။ အဲဒါလည်း တွေးရသေးတာ။ နို့မို့ဆို ဟိုစာကြောင်းလေးလဲ တွေ့ဖူးသလိုလို၊ ဒီအပိုဒ်လေးကလဲ ဖတ်ဖူးသလိုလို အဖေ ဖြစ်နေမှာ။

နောက်ပြီး အဖေပေးတဲ့ စာစီစာကုံး ခေါင်းစဉ်တွေက ရိုးရိုးခေါင်းစဉ်တွေလို မဟုတ်ဘဲ သူများနဲ့ မတူတဲ့ ခေါင်းစဉ်မျိုးတွေ။ နောက်တော့ ဦးနှောက်ခြောက်ပြီး ကိုယ့်ဖာသာကိုယ်ပဲ လျှောက်ရေးပစ်လိုက်တော့တာ။ စာစီစာကုံး စည်းမျဉ်းစည်းကမ်းတွေလဲ မသိတော့ဘူး။ အချက်အလက်လဲ မစုဆောင်း၊ မတင်ပြတတ်တော့ စည်းကမ်းနဲ့လဲ ကိုက်ညီမှာ မဟုတ်လို့ အမှတ်လဲ ရမှာ မဟုတ်ပါဘူး ပေါ့။

တကယ်ပဲ အမှတ်က မရပါဘူး။ သူများတွေထက် အများကြီးနည်းပါတယ်။ ဒါပေမဲ့ အဖေက စာစီစာကုံးအောက်မှာ မှတ်ချက်လေးတခု ရေးပေးလိုက်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ “ကိုယ်ပိုင်ဥာဏ်ကို သုံးသည့် သမီးပါပေ” တဲ့..။

အဲဒီကတည်းက သွားတော့တာပါပဲ။ တကုတ်ကုတ်နဲ့ ရေးတော့တာပါပဲ။ အဆင်း ဘီးတပ်ပေးလိုက်သလို ပျော်ပျော်ကြီး လှိမ့်ဆင်းသွားတော့တာ။ ဟိုနည်းနည်း ဒီနည်းနည်း ရေးလိုက်၊ အမေ့ကို သွားပြလိုက်။ အမေက အားပေးလိုက်၊ နောက်တပုဒ် ထပ်သွားရေးလိုက်။

ကိုယ်က အမေကိုကပ်တဲ့ သမီးဆိုတော့ ဘာရေးရေး အမေ့ပဲ ပြတာ။ ဖတ်ခိုင်းတာ။ အဖေ့ကို မပြဘူး။ ဘာဖြစ်လို့ မပြရတာလဲဆိုတာလဲ အကြောင်းရှိတယ်။ ဒီလိုလေ..

အစက ကဗျာပါ ရေးမလိုလို လုပ်လိုက်သေးတာ (စာဖတ်သူတွေ အင်မတန် ကံကောင်း သွားတာပါ။) တနေ့တော့ ကဗျာလေး တပုဒ်ရေးပြီး အဖေ့ကို တိတ်တိတ်လေး သွားခေါ်တယ်။ အဖေ လာဖတ်ကြည့်ပါအုံးပေါ့။ အဖေက ဖတ်တယ်၊ ကဗျာက ၇ကြောင်းလောက် ရှိတာ။ အဖေက ဖတ်တာ မပြီးဘူး။ တော်တော်ကြာတယ်။

ကိုယ်ကလဲ အဖေ့မျက်နှာကို စိုက်ကြည့်နေတယ်။ စိတ်ကလဲ လှုပ်ရှားလို့။ အဖေက ဖတ်ပြီးသွားတော့လဲ ပြန်ထပ်ဖတ်တယ်။ အထပ်ထပ်ဖတ်တယ်။ ကိုယ်ကလဲ ကြည့်နေတုန်းပဲ။ နောက်တော့ အဖေ လက်လျှော့သွားပုံရပါတယ်။ အားပေးချင်စိတ် အပြည့်နဲ့မေးလိုက်တယ်၊ “သမီးဟာက ဘာလဲ၊ မော်ဒန်လား” တဲ့ ...။

“မဟုတ်ဘူး အဖေ၊ ချိုသင်းက သခင်ကိုယ်တော်မှိုင်းတို့ ရေးသလို လေးချိုးကြီးလို ရေးထားတာ..” ဟ ဒါဆို အဖေ နားလည်တဲ့ဟာမျိုးပေါ့လို့ စဉ်းစားသလား မပြောတတ်ပါဘူး။ ခေါင်းတော့ ကုတ်လိုက်တယ်။ ပြီးတော့ ပြန်ဖတ်ပြန်ရော။

ကိုယ်လဲ သဘောပေါက်လိုက်ပါတယ်လေ။ အဲဒါနဲ့ စာတိုပေစတွေပဲ လျှောက်ရေးနေတော့တာ။

ဒီဘလော့ဂ်လေး လုပ်မယ်ဆိုတော့လဲ တချို့ မိတ်ဆွေတွေက အဖေ့ကဗျာနံမည်လေး ဖြစ်တဲ့ ဖန်မီးအိမ်လို့ နံမည်ပေးပါလား ပြောကြသေးတယ်။ ကိုယ့်အမျိုးသားက တခြားဟာ ဘာမှ ၀င်မပြောပေမဲ့ ဒီတခုကိုတော့ အပြင်းအထန် ကာကွယ်ပါတယ်။ “အဖေပါ ရော နံမည်ပျက်နေမယ်၊ ချိုသင်းက စိတ်လိုက်မာန်ပါတွေ လျှောက်ရေးရင် ဒုက္ခ” တဲ့။ ကိုယ့်နံမည်နဲ့ပဲ လုပ်ပါလေ တဲ့။

တနေ့နေ့ကျရင်ပေါ့ ။ သံသရာတကွေ့ကွေ့မှာ ဆုတောင်းပြည့်လို့ ဒီအဖေ၊ ဒီအမေရဲ့ သားသမီး ပြန်ဖြစ်ခွင့်ရရင် မေးစမ်းကြည့်ချင်ပါတယ်။
စာစီစာကုံး ရေးရအုံးမလား၊ လေးချိုးကြီးရော ဖတ်ချင်သေးလား လို့။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ရှေးကထက် ပို ချစ်ကြမယ်

ကိုယ့်မှာ မောင်လေးတယောက် ရှိခဲ့ဖူးပါတယ်။ အသက် တနှစ်ပဲ ကိုယ့်ထက်ငယ်တဲ့ အထက်အောက်ပါ။ အခုတော့ သူဆုံးသွားတာ ၇နှစ်တောင် ရှိခဲ့ပါပြီ။ မနေ့ကတော့ သူ့မွေးနေ့မို့ သူ့ကို သတိရပြီး သူနဲ့ ငယ်ငယ်က အကြောင်းတွေ ပြန်တွေးမိပါတယ်။

အထက်အောက်ဆိုတော့လဲ တခြားမောင်နှမတွေထက် ပိုပါတယ်။ ပိုလဲ ရင်းနှီး၊ ပိုလဲ ရန်ဖြစ် ခဲ့ကြတယ်လေ။ ရန်ဖြစ်၊ ပြန်ချစ်ပေါ့။ သူကလဲ အစ အနောက် အရမ်းသန်တယ်။ ကိုယ့်ကိုဆို ခဏခဏ စ တာမို့ စိတ်ဆိုးရတာလဲ ခဏခဏပါပဲ။

သူက မောင်နှမ ၅ယောက်မှာ အငယ်ဆုံးလဲ ဖြစ်ပြန်၊ ယောကျာင်္းလေးလဲ သူတယောက်ပဲ ပါတော့ အားလုံးရဲ့ အချစ်တွေ စုပြုံပြီး သူရတယ်လေ။ ဒါကို အငယ်ဆိုပြီး အလျှော့မပေးပါဘူး။ (တကယ်တော့ အကြီးက လျှော့ပေးရတာပါ၊ ကိုယ်ကတော့ သူလျှော့ပေးစေချင်လို့ ပြောင်းရေးလိုက်ပြီ။)

ကလေးတုန်းကတော့ အဖေတို့အမေတို့ သူ့ကို ဆူတဲ့အချိန်ဆို ကိုယ်က ဘာပြောကောင်းမလဲ၊ တံမြက်စည်းတွေလှည်း၊ ရေတွေ ပြေးခပ်ပေး၊ ဆန်တွေ စပါးလုံး ကူရွေးပေး၊ ကန်စွန်းရွက်တွေ ကူသင် နဲ့ ရှုပ်ရှပ်ခတ်နေတာ။ တယောက်ကို ဆူလိုက်ရင် တယောက်က အလိုလို လိမ်မာသွားရော။ အဲဒါကို မိဘတွေက ရိပ်မိပြီး ပြုံးကြတယ်လေ။

အဲဒီတော့ အချင်းချင်း မသင့်မမြတ်ဖြစ်ကြပြီဆိုရင် အမေက ခဏနေ ပြန်တည့်သွားလိမ့်မယ် ဆိုပြီး ဘာသိဘာသာ နေတတ်ပေမယ့် အဖေကတော့ မရပါဘူး။ ရန်ဖြစ်တဲ့ နှစ်ယောက်ကို အတင်းလက်ဆွဲပြီး ပြန်ခေါ်ခိုင်းပါတယ်။

ကိုယ်တို့ကလဲ အခုပဲ ရန်ဖြစ်ပြီး ပြောချင်တာတွေ ပြောပစ်ထားတာ၊ ခဏနေတော့ ဟီးဟီး ဟီးဟီးနဲ့ ဘယ်လက်ဆွဲ နှုတ်ဆက်ချင်ပါ့မလဲ။ ဒါပေမဲ့ အဖေကတော့ လက်မခံပါဘူး။ ပျော်ရွှင်စွာ ချစ်ခင်ညီညွတ်သွားကြလေသတည်းဆိုတဲ့ happy ending ကို တော်တော် သဘောကျပုံပါပဲ။

“ကဲ သမီးက ဒီဖက်ကိုလာ၊ မောင်လေးကို တောင်းပန်လိုက်၊ မမချို နောက်တခါ မောင်လေး စိတ်ဆိုးအောင် မလုပ်တော့ပါဘူးလို့။ ကဲ သားကလဲ တောင်းပန်လိုက်၊ မောင်လေးလဲ နောက် မမချို မကြိုက်တာ မစ တော့ပါဘူး လို့..”

အဖေက ပြောရမဲ့စကား၊ တောင်းပန်ရမဲ့ စကားကို ရှေ့က တိုင် ပေးနေတာပါ။ နှစ်ယောက်စလုံး ခပ်ပေပေပဲ၊ မပြောသေးဘူး။ စွေစောင်းပြီးတောင် ကြည့်နေလိုက်သေး။ ဒါပေမဲ့လည်း ဒိုင်သူကြီးက ဇွတ်ပဲ။ မပြောမချင်း၊ မတောင်းပန်မချင်း လက်ဆွဲထားတာ မလွှတ်ပါဘူး။

ကဲ ကဲ ဒါဆိုလဲ ကြာတယ်ကွာ၊ တောင်းပန်လိုက်ပါတော့မယ် ဆိုပြီး စိတ်မရှည်သူပီပီ အဖေတိုင်ပေးသလို လိုက်ပြောလိုက်ရတယ်။ အဲဒီတော့ သူကလဲ ပြန်တောင်းပန်ပါတယ်။ ပြီးတော့မှ အဖေ့ကို ကွယ်ပြီး လက်သီးက ဆုပ်ပြလိုက်သေးတာ။

ဒီလိုနဲ့ ကြီးလာတော့ ကိုယ်တို့လဲ ရန်မဖြစ်ကြတော့ပါဘူး။ သူဆုံးသွားတဲ့အထိပါပဲ။ အဖေလဲ စေ့စပ်ဆွေးနွေးစရာ မလိုတော့ဘူး လို့ ထင်လိုက်တာ၊ အဖေ့ happy ending နဲ့ အချင်းချင်း ညီညွတ်စေချင်တဲ့ စိတ်ကြီးက လားလားမှ မပျောက်သေးတာကို ဒီကဗျာလေး ဖတ်လိုက်တော့ သွားတွေ့ရတယ်လေ။

၂၀၀၂ က ဂျပန် နဲ့ ကိုးရီးယားက ပေါင်းထုတ်တဲ့ ခွပ်ဒေါင်းအလံခေါ်ရာသို့ ကဗျာစာအုပ် ထဲမှာလဲ ပုံနှိပ်ဖော်ပြခဲ့ဖူးပါတယ်။ ကဗျာလေးကို ဖတ်ကြည့်ဖို့ ကိုယ်ချစ်ခင်သူတွေကို မျှဝေလိုက်ပါတယ်။ ၈လေးလုံး အနှစ် ၂၀ အမှတ်တရပါ။



ဘယ်က ရဲဘော်လဲ

သူ့မယုံရ ကိုယ့်မယုံရနဲ့
သံသယတွေ ပိုကဲ
ဟိုတစ သည်တစ ပြိုကွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။

တီးတိုးတီးတိုး
သဖန်းပိုး
ကွယ်ရာတမျိုး ရှေ့တမျိုး
ခြေထိုးမတော် ချော်လို့လဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။

နေရာပိုင်မှု အပြိုင်လု
လူထုအတွက် ပြည့်အတွက် တဲ့
အရှက်ကနဲ သွေးကခွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။

ခြေပုန်းခုတ်လို့ ဂုပ်ပေါ်တက်
မျက်နှာနှစ်ဖက် လျှာနှစ်ခွ
နှစ်ဖက်လွှနဲ့ သပ်လျှိုခွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။

တင်မိုး
၁၆၊ ၃၊ ၂၀၀၀



ပြန်ခေါ်ပြီးမှ ကွယ်ရာမှာ လက်သီးတော့ ဆုပ်မပြနဲ့ပေါ့ နော..။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

လမ်းပျောက် မြေပုံ

သောကြာနေ့ညနေတွေမှာ အဖေရယ်၊ သူရယ် ကိုယ်ရယ် ရုံးအပြန်ဆို ညစာကို အပြင်မှာ ကြုံသလိုစား ၊ ပြီးရင် ကော်ဖီဆိုင် (စတားဘက်ခ်စ် ပေါ့) ကို ညမိုးချုပ်ထိ ထိုင်၊ တနေ့လုံး ကြုံတွေ့ရသမျှတွေ သားအဖတွေ ပြောကြ ပေါ့။ အခုလို နွေရာသီညနေတွေဆို သိပ်ထိုင်လို့ကောင်းတာ။ သိပ်လွမ်းဖို့ကောင်းတာ။ နေကလဲ တော်တော်နဲ့ မ၀င်တော့ ည၈နာရီလောက်အထိ လင်းတုန်း။ နောက်နေ့ဆိုရင် စနေ၊ တနင်္ဂနွေ ဆိုတော့ ညနက်လဲ ကိစ္စမရှိဘူးလေ။

နောက်တော့ အဖေမရှိတော့ တယောက်ပဲ့သွားလို့ နှစ်ယောက်တည်း ကော်ဖီဆိုင် ထိုင်ကြတယ်။ ကိုယ်နဲ့သူနဲ့က အိမ်မှာလဲ အချိန်ပြည့်၊ ရုံးမှာလဲ အတူတူ၊ အလုပ်လုပ်တော့လည်း တခန်းတည်း၊ ပြန်တော့လဲ ကားတစီးတည်းဆိုတော့ တယောက်နဲ့ တယောက် သိပ်မတွေ့ရလေတော့ စကားလက်ဆုံ ပြောမကုန်ဘူး ဆိုပါတော့။ တွမ်တီဖိုး ဆဲဗင်း လေ။ ၂၄ နာရီ ၇ရက် ဂျူတီဆွဲထားသလိုမျိုး။

တညတော့ ကော်ဖီဆိုင်က ညဖက်ကြီးပြန်လာတော့ လမ်းမှာ ဒီနေရာလေးတွေ မြင်ဖူးသလိုလို ရှိတယ်လို့ ထင်မိလို့ သူ့ကို လှမ်းပြောမိတယ်။ ဒီနေရာကို ချိုသင်းတို့ ရောက်ဖူးတယ် မဟုတ်လား၊ မှန်မှန်ပြော ပေါ့လေ။ အဲဒီအခါ သူက ဘာပြန်ပြောသလဲ ဆိုတော့ “အေးဟေ့၊ အဲဒါ အိမ်ဘေးနား ကိုရောက်နေတာ၊ ၄ နှစ်လောက် နေလာတာ ခုထိကို မမှတ်မိသေးဘူး” တဲ့။ ကိုယ်လဲ လန့်သွားတာ၊ တမိနစ် ငြိမ် ပေါ့။

ကယ်လီဖိုးနီးယားမှာ အဆိုးဆုံးက လမ်းပန်းဆက်သွယ်ရေးပဲ။ ဘတ်စ်ကားရှား၊ တက်စီ မတွေ့မိ၊ ရထား ခပ်ကြဲကြဲပဲ။ နယူးယောက်ခ်တို့လို မြေအောက်ရထားလိုင်းတွေလဲ ထားလို့မရတော့ (ငလျင်ဧရိယာဆိုတော့) ဘယ်သွားသွား ကားရှိမှ ခြေထောက်ရှိသလိုပဲ။ ကားမမောင်းတတ်တဲ့သူဆို သူများကို မှီခိုနေရရော။ နောက်ပြီး traffic ဖြစ်တဲ့နေရာမှာလဲ ကမ္ဘာမှာ နံမည်ကြီး။ လမ်းတွေကလဲ ပွစိ ကိုတက်လို့။

အဲဒီလို အရပ်ဒေသမှာ အခြေချမိပေမဲ့လည်း ကိုယ်က ကံကောင်းချင်တော့ ဘယ်သွားသွား သူနဲ့ တခရီးတည်း ဖြစ်နေတော့ ကားမောင်းတဲ့ stressကို ကိုယ်မယူဘဲ သူ့ကို ဦးစားပေးလိုက်လို့ ရနေတယ်။ မြို့တပြန့် တကျယ်ကြီးမှာ ကိုယ်တိုင် လမ်းတွေသိဖို့ လိုအပ်ပေမဲ့ ဒါလဲ သက်ဆိုင်သူ သူ့ကိုပဲ ပေါ့လေ။

အဲဒီတော့ ကိုယ်တိုင် မမောင်းတော့ ဘယ်မှာ မှတ်မိမှာတုန်း။ ကိုယ့်ရဲ့ ကားလိုင်စင် ရက်ကော့ဒ်ကလဲ အရမ်း အရမ်းကို သန့်ရှင်းနေတော့တာပေါ့။ ဘာ စည်းကမ်းဖောက်ဖျက်မှုမှ မရှိ၊ ယာဉ်တိုက်မှု မရှိ၊ တော်လိုက်တဲ့ ဒရိုင်ဘာလေးပေါ့။ တော်မှာပေါ့ ဂွေ မကိုင်တာ သူတို့မှ မသိဘဲ။

အဖေ ရှိစဉ်က အဖေက အရမ်း လမ်းများတော့ ကိုယ့်ကို မျှော်လင့်ချက်ကြီးကြီး ထားခဲ့ဖူးပါတယ်။ ငါ့သမီးကို မောင်းခိုင်းပြီး ငါသွားချင်ရာ သွားလိုက်မယ်ပေါ့လေ။ ကိုယ် လိုင်စင်ရတော့ ပထမဆုံး ပြောတာက ကဲ သမီးရေ အဖေတို့ ဗမာပြည်ကို ကားမောင်းသွားကြတာပေါ့ တဲ့။ ဘုရား ဘုရား။

ဒါနဲ့ အဖေနဲ့သမီး ကားမောင်းထွက်ကြတာပေါ့။ ဗမာပြည်ကိုတော့ မဟုတ်ဘူး၊ အိမ်နား တ၀ိုက်ပါပဲ။ အဖေက အင်မတန် မှတ်ဥာဏ်ကောင်းသူပါ။ ဘေးမှာ ကိုယ့်လို ထိုင်လိုက်သူ ဖြစ်ပေမဲ့ အကုန် မှတ်မှတ်သားသား ရှိတယ်။ လမ်းတွေ အကုန်လုံး သိတယ်။

လမ်းတလျှောက်မှာ အဖေက အရမ်းကို စေတနာထားပြီး သူမှတ်ထားတဲ့လမ်းတွေ အကုန်လုံး ရွတ်ပြီး လမ်းပြလာပါတယ်။ ဒါကတော့ ဗယ်လီပဲ သမီး၊ ဒါကတော့ ဂါးဖီးလ် တဲ့။ ကိုယ်ကလဲ ဗယ်လီကို ကျော်လို့ အတ္တလန်တိတ်လမ်းမကြီးကို ရောက်လာရင်ပဲ “ဗယ်လီလမ်းမကြီးက တော်တော်ရှည်တာပဲနော်” ဆိုပြီး အလိုက်အထိုက် လုပ်လိုက်မိတယ်။ အဲဒီတော့ အဖေက “ကျော်လာပြီဟ၊ ကျော်လာပြီ၊ ငါ့နှယ် သင်လိုက်ရတာ တလမ်းလုံး အာ ကိုပေါက်လို့” တဲ့။

အဲဒီကတည်းက အဖေက ကိုယ်ကားမောင်းဖို့ စကား ဟ ဟ မပြောတော့ပါဘူး။ အရည်အချင်းကို အသိအမှတ်ပြုသွားပြီ ဆိုပါတော့။ ပျိုပျိုမေ အလည်အပတ်ထွက်မယ်၊ မော်တော်ကားလေးနဲ့ကွယ် ဆိုတဲ့ သီချင်းများ အဖေ့ရှေ့ ဆိုမိရင် ဟောက် များထုတ်မလား မသိ။

တခါကလဲ အလုပ်မှာ ဖုန်းလာတော့ ရုံးကိုလာဖို့ လမ်းမေးတာ ဖြစ်နေတယ်။ သူများကို ဖုန်းလွှဲပေးဖို့လဲ ဘယ်သူမှ အဆင်မပြေတော့ သူပြောပြောနေလို့ ကြားဖူးနားဝဖြစ်နေတဲ့ လမ်း နှစ်ခု နံမည် ပြောပြီး အဲဒီထောင့်ပဲ လို့ ပြောပြီး မြန်မြန်ပဲ ဖုန်းချလိုက်တယ်။

ပြီးမှ မှန်မမှန် မေးကြည့်တော့ ကိုယ်ပြောလိုက်တဲ့ လမ်း နှစ်လမ်းက မျဉ်းပြိုင်သဘောမျိုး ဖြစ်နေတာမို့ ဆုံမှတ်မရှိဘဲ ရှိနိုး ရှိနိုးနဲ့ ကားဆရာ လျှောက်မောင်းနေရရှာမှာ တွေးပြီး ချွေးတောင် ပျံပါတယ်။ တကယ်တော့ ချွေးပျံတာ ကိုယ်မဟုတ်ဘဲ ကားဆရာ ဖြစ်နေတာပါ။ မနက်ကတည်းက လမ်းရှာလိုက်တာ နေ့လည်လောက်မှ မောကြီးပန်းကြီးနဲ့ ရုံးကို ရောက်လာပါတယ်။ အံကြိတ်ထားပုံပါပဲ။ ချွေးတွေလဲ ရွှဲလို့ပါ။ ကိုယ်လဲ ပုန်းပြီး ကြည့်လို့ သိတာပါ။

အဲဒီတော့ သူများတွေ လမ်းပြမြေပုံတို့ ဘာတို့လုပ်ကြတာလဲ ဟုတ်မှာပါပဲလို့၊ ခုထိ အနှစ်နှစ်ဆယ်လောက် ကြာတာတောင် လိုရင်းကို မရောက်နိုင်သေးတာလဲ ငါ့လို ငတုံးတွေမို့ ဖြစ်မှာပါပဲလို့ တွေးမိပါတယ်။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

အာရောဂျံ သင်တန်း

မနေ့က ဟင်းချက်တဲ့အကြောင်း ရေးလိုက်တာ ကိုယ်နဲ့ဘ၀တူတွေကို မိတ်ဆွေဖြစ်ခွင့်ရ လိုက်တယ်။ တပျော်တပါးကြီးပဲ။ တအားတက်စရာ ဖြစ်ရတာပေါ့။ အဲဒီတော့ လောကကြီးမှာ ဒီလိုပဲ အပေါက်အလမ်း မတည့်တာလေးတွေကလဲ နေပျော်ဖို့ ဖန်တီးလာတတ်တာပဲလို့ ကိုယ့်ဖာသာကိုယ် ဖော့တွေးရတာပေါ့။

ပြည်ပကိုရောက်ပြီ၊ ကိုယ့်မိဘ ဆွေမျိုး အသိုင်းအ၀ိုင်း အရိပ်က ခွဲထွက်လာရပြီ ဆိုတာနဲ့ အသေးအဖွဲလေးတွေကစလို့ ကြီးကြီးမားမားတွေအထိ ရင်ဆိုင်ပေတော့ပဲ။ ရေခြား၊ မြေခြားမှာ ကိုယ်နဲ့ ယဉ်ကျေးမှုမတူ၊ အကျင့်စရိုက်မတူ၊ ဓလေ့ထုံးစံမတူ တဲ့သူတွေနဲ့ သင့်တင့်လျောက်ပတ်အောင် ပေါင်းသင်း ဆက်ဆံ ပေတော့ပဲ။

အဲဒီတော့ ဒီရောက်ပြီဆိုတာနဲ့ “ကိုယ်ထူကိုယ်ထ၊ ကိုယ်ထူကိုယ်ထ” ဆိုတာကို ပါးစပ်က တတွတ်တွတ် ရွတ်နေပါမှ။ ဘာမဆို ကိုယ်တိုင်လုပ်၊ ကိုယ်တိုင်ပြော၊ ကိုယ်တိုင်ရင်ဆိုင်၊ ကိုယ်တိုင်ဆုံးဖြတ်။ အနည်းဆုံး ကိုယ့်ကျန်းမာရေးတောင် ကိုယ်တိုင်ဂရုစိုက်ပါမှ သူများကို ဂရုစိုက်ရာ ရောက်တယ်လေ။ ကိုယ့်ကြောင့် သူများ ၀န်မပိဘူးပေါ့။

ကိုယ်လဲ ဒီရောက်မှ ဆေးရုံတွေ ဆေးခန်းတွေနဲ့ တော်တော်အဖော်လုပ်ရတာ၊ ကိုယ့်အိမ်နားက ဆေးရုံဆို နေရာတွေတောင် တော်တော် ကျွမ်းကျင်နေပြီ။ ဘယ်နေရာကနေ၀င်ရင် ဖြတ်လမ်းပဲ၊ ပိုနီးတယ်။ ဘယ်အချိန်မှာ ဆေးသွားယူရင်တော့ လူနည်းလို့ သိပ်မစောင့်ရဘူး၊ ဒီဖက်ကသွားရင် ဆေးရုံထဲက ကော်ဖီဆိုင်လေးကို ရောက်တယ် စသဖြင့်ပေါ့။

ကိုယ်က ဆီးချို သွေးချိုကို အမေ့ဆီက အမွေရထားတော့ နေ့တိုင်း ဆေးထိုး၊ ဆေးသောက် လုပ်ရတယ်။ အပ်ကြောက်ပါတယ်ဆိုမှ နေ့တိုင်း ဆေးထိုးရတော့ စိတ်ညစ်တာပေါ့။ ဒါပေမဲ့ ရုပ်ကလဲ ဘယ်လိုမှ စိတ်ညစ်တဲ့ပုံ မပေါက်တော့ ဘယ်သူကမှ မသနားဘူး။ သွေးချိုတွေတက်နေလဲ စပ်ဖြဲဖြဲပဲ။

ဆရာဝန်က နေ့တိုင်း သွေးဖောက်စစ်ခိုင်းတော့ ကိုယ်ကလဲ ကြံရတယ်။ မနေ့ညက သိပ်စားတာ များသွားတယ်ဆိုရင် နောက်တနေ့ မနက်မှာ သေချာပေါက် တက်နေပြီ၊ အဲဒါဆို မနက်ရောက်ရင် ကိုယ်က သွေးစစ်ဖို့ပဲ မေ့သွားသလိုလို၊ အလုပ်ပဲများလို့ အချိန်လုနေရသလိုလို၊ အစာမစားခင် စစ်ရတာဆိုတော့ သိတဲ့အချိန်မှာ အစာစားပြီးနေလို့ နောက်ကျသွားသလိုလိုနဲ့ ကိုယ့်နဖူးတွေဘာတွေ ရိုက်လိုက်ရတယ်။ ဟာ မေ့သွားတယ်ကွာ ပေါ့။ တခါတလေ စုတ်လေးတောင် သပ်လိုက်သေး။

တလောကတော့ ဆရာဝန်က ဒီကောင်မလေးတော့ ပညာပေးမှပါ ဆိုပြီး သွေးချိုသမားတွေ သိသင့်တာတွေ၊ ဆောင်ရန် ရှောင်ရန်တွေ ပညာပေးတဲ့ သင်တန်း တက်ခိုင်းပါတယ်။ ၁လ သင်တန်းလေးပါ။ ကိုယ်ကလဲ အာစရိ စကားဆို နားထောင်ပြီးသား ဆိုတော့ အလုပ်ပြီးတဲ့အချိန် ရွေးပြီး သွားတက်လိုက်ပါတယ်။

သင်တန်းပထမနေ့မှာပဲ အခန်းထဲ ၀င်လာလိုက်တာနဲ့ တော်တော်ပျော်သွားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သင်တန်းတခုလုံးမှာ ကိုယ်က အပိန်ဆုံး ဖြစ်နေတာကိုး။ သိတဲ့အတိုင်း ဒီကလူတွေက ထွားကလဲထွား၊ စားချင်တာကလဲ စားဆိုတော့ အခန်းထဲမှာ ပုံစံအမျိုးမျိုးနဲ့ ထိုင်နေကြပုံများ သစ်သီးဝလံ ပြပွဲမှာ ရွှေဖရုံသီးခင်းထဲ ၀င်သွားရသလိုပါပဲ။

ကိုယ်ဝင်လာတော့ ငချွတ်လေးပါလား၊ မွတ်တားလေးပါလား ဆိုတဲ့ အကြည့်နဲ့ ဒေါင့်အမျိုးမျိုးက လှမ်းကြည့်ကြတယ်။ သူတို့ဆရာဝန်တွေက အတင်းတွန်းပို့လိုက်လို့သာ လာရတာ၊ သူတို့ရှေ့က စားပွဲပေါ်မှာ အချိုရည်ဗူးတွေ၊ စားစရာတွေ အစီအရီ တင်ထားကြတာပါ။ သင်တန်းဆရာမ ပိန်ပိန်ချောချောလေးရဲ့ ဆောင်ရန် ရှောင်ရန်တွေကို မုန့်စားရင်း နားထောင်နေတာလေ။

ဆရာမကလဲ ဒါမျိုးတွေ ရိုးနေပြီဆိုတဲ့ အပေါက်ပါပဲ။ “အခု ရှင်တို့ကို ပညာပေးပြီး နောက် နှစ်ပတ်လောက်ဆိုရင် ဒီစားပွဲပေါ်က အစားအစာတွေဟာ ရှင်တို့အတွက် ဘယ်လောက် အန္တရာယ်ကြီးလဲဆိုတာ ကိုယ်တိုင်နားလည် သဘောပေါက်ပြီး ဖြစ်သွားမယ်၊ အဲဒီအခါ ဒီစားပွဲပေါ်မှာ စားစရာတွေ မရှိတော့ဘဲ ရှင်းသွားမှာပါ” တဲ့။ စိန်ခေါ်ပါတယ်။

အမှန်ပါပဲ။ နောက် နှစ်ပတ်ကြာတဲ့အခါမှာ စားပွဲပေါ်မှာ အချိုရည်ပုလင်းတွေ၊ မုန့်တွေအစား ရေပုလင်းတွေ နေရာယူလာတာကို တွေ့ရပါတယ်။ သိပ်ကို ထိရောက်တာပဲနော်လို့ အထင်မစောလိုက်ပါနဲ့လေ။ စားပွဲပေါ်ကနေ စားပွဲအောက် သူတို့အိတ်ကလေးတွေထဲ နေရာပြောင်းပြီး ရောက်သွားကြတာပါ။ စားပွဲပေါ်မှာတော့ ရေဗူးပဲ ခပ်တည်တည် တင်ထားတာပေါ့။ ကိုယ်လဲ သူတို့နည်းလေးတွေ အတု ယူပေါ့နော်။ အော် ဒီလိုလားပေါ့။

ဆရာမကလဲ အချိုရည်ဗူးကို ကောက်ကိုင်လိုက်၊ လေဘယ်လ်ကို ကြည့်ပြီး သကြားဓာတ် ဘယ်လောက်ပါတယ် လို့ ပြောလိုက်၊ သူတို့ကလဲ ခေါင်းတညိတ်ညိတ်နဲ့ နားထောင်လိုက်ပေါ့။ အားလပ်ချိန်ကျတော့ အပြင်ထွက်ပြီး အားရပါးရ အိတ်ထဲက အချိုရည်တွေ မော့၊ မုန့်တွေ ထုတ်တီးကြတော့တာပဲ။ ကိုယ်ကလဲ ဆရာမသင်တဲ့စာထက် စာသင်သားတွေကိုပဲ သဘောကျနေတယ်။

နောက်ဆုံးနေ့ကတော့ အားလုံး ဆရာမရှေ့မှာ သွေးစစ်ရပါတယ်။ ဆရာမက တယောက်ချင်းစစ်တာပါ။ အားလုံး မျက်နှာမကောင်းကြဘူး။ သူတို့ ရီဇတ်ကို သူများ တွေ့မှာစိုးလို့လဲ လက်နဲ့ အုပ်ထားကြသေးတာ။

သင်တန်းကပြန်လာတော့ စိတ်မကောင်းဘူး။ သင်တန်းပြီးဆုံးကြောင်း လက်မှတ်လေးကို ကိုင်ပြီး ငါတော့ နောက်ကို ဆင်ဆင်ခြင်ခြင် နေမှပါ လို့။ ဒီလို ခိုးကြောင်ခိုးဝှက်စားရမှာကို လိပ်ပြာမသန့်လို့လေ။

အင်း အခုပို့စ်ကလဲ ၇၃နှစ်အရွယ်က ရေးတဲ့ လေသံ လိုများ ဖြစ်နေပြီလား မသိ။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

အချက်များစွာဖြင့်..

ဒီနေ့တော့ တနင်္ဂနွေနေ့။ မနက်ခင်းမှာ ၈လေးလုံး နှစ် ၂၀ပြည့် ဆွမ်းကျွေး တက်တယ်။ မိတ်ဆွေတွေနဲ့တွေ့၊ အရောင်တူချင်း ဆုံကြတော့ ကိုယ်လုပ်ချင်တာတွေ ပြောကြ ဆိုကြ တိုင်ပင်ကြနဲ့မို့ နေ့လည်ကို ရောက်မှန်းမသိ ရောက်သွားတယ်။ ပြီးတော့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ၊ စိတ်ဒဏ်ရာတွေ၊ အမှန်တရားကို ချစ်တဲ့စိတ်တွေ တပွေ့တပိုက်နဲ့ ပြန်လာခဲ့ကြတယ်။ လွတ်လပ်မှ အမျှဝေပါ ဆိုရင်တော့ ကျဆုံးသွားတဲ့ အာဇာနည်တွေကို အားနာမိပါတယ်။

တပတ်မှာ ၅ရက် အလုပ်လုပ်ပြီး ခုလို စနေ၊ တနင်္ဂနွေတွေမှာ ကိုယ့်ကိုယ်ပိုင်အချိန်လေးမို့ ကိုယ်သွားချင်တာသွား၊ ကိုယ်လုပ်ချင်တာလေး အေးအေးဆေးဆေးလုပ်ရတယ်လို့တော့ မထင်ပါနဲ့။ ဘယ်သွားသွား၊ ဘာလုပ်လုပ် သွားသုတ်သုတ်၊ လာသုတ်သုတ်ပဲ။ နဂိုကမှ စိတ်မြန်ကိုယ်မြန် လမ်းလျှောက်မြန် ဆိုတော့ ဒီလဲရောက်ရော စကိတ်လေးနဲ့ သွားနေတာ မတွေ့ရတာပဲ သူများတွေ မျက်စိနောက် သက်သာတာမျိုးပါ။ ပတ်ဝန်းကျင်ကို ညှာလိုက်တာ ဆိုပါစို့။

ဟင်းချက် အ၀တ်လျှော် အကုန် ဒီနေ့တွေမှာမှ စု လုပ်ရတယ်။ ဟင်းကို တပတ်စာ ဒါမှမဟုတ် ၃ရက်စာလောက် ချက်ပြီး ဗူးလေးတွေနဲ့ ခွဲပြီး ရေခဲသေတ္တာထဲ ထည့်ထားရတယ်။ ဟင်းချက်တာကို ပြောရမယ်ဆိုရင်လဲ ကျွမ်းကျင်အဆင့် ဘိတ် လောက် ရှိတော့ကာ (ဘိတ်ဆုံး ကို ပြောတာပါ) တော်တော်ပဲ ပညာပါတယ် ပြောရမှာပေါ့။

စ ချက်တော့မယ်ဆိုရင် လှည့်ပတ် ပျိုးနေတာကိုက အကြာကြီး။ ပတ်ပျိုးဆိုတာ ဒါကို ပြောတာလား မသိ။ ချက်ချင်လာအောင် ကိုယ့်ကိုယ်ကို ချော့ နေတဲ့သဘော။ စတော့မယ် ရယ်ဒီ ဆိုရင် မီးဖိုချောင်မှာ အရင်ဆုံး ကက်ဆက်ဖွင့်လိုက်တယ်။ သီချင်း တပုဒ် နှစ်ပုဒ်လောက် ဆိုလိုက်ရင်း စာအုပ်စင်က ဟင်းချက်နည်းစာအုပ်ကို ယူပြီး (နေ့စဉ်ဖတ်နေကျကို)အခုမှ ဖတ်ရလို့ အသစ်ပဲ ဖြစ်နေသလိုလို နဲ့ လေးလေးစားစားကို ဖတ်လိုက်တယ်လေ။

တချို့ကပြောကြတယ်။ ဟင်းချက်တာများ လွယ်လွယ်လေး၊ စကားထဲ လုပ်ပြောမနေရပါဘူး တဲ့။ ပါရမီရင့်တဲ့လူတွေအတွက်တော့ မှန်မှာပါ။ လေးလဲလေးစားပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက်တော့ ကံခေတယ်ပဲ ပြောရမလား၊ ပါရမီ နည်းလွန်းပါတယ်လေ။

အိမ်မှာများ ဆွမ်းကျွေး လုပ်ရင် ဘုန်းဘုန်းဘုရားက အရင်ဆုံး မိန့်ရှာတယ်။ ဘယ်ဆိုင်မှာ မှာမလဲဟေ့ တဲ့။ ဒကာမလေးတော့ မချက်ပါနဲ့ လို့ ဆစ်ကနယ်လ် ပြတဲ့သဘော။ ၀င်္က၀ုတ္တိတွေ သိပ်သုံးတဲ့ သဘော။ သွယ်ဝိုက်အားပေးတယ်လို့ ယူသော်ရ၏ ပေါ့။

ဒါပေမဲ့ ကံဆိုးတာလား၊ ကံကောင်းတာလားတော့ မသိ။ ကိုယ်က ချက်ချင် ကျွေးချင် မွေးချင်စိတ်တော့ အတော် ရှိသူပါ။ ဒါကြောင့်မို့ ကိုယ်များ အသိတယောက်ယောက်ကို ဒီဟင်းလေး ဘယ်လို ချက်ရသလဲ လို့ နည်း မေးနေရင် ကိုယ့်အမျိုးသားက ဘေးကနေ မျက်စိ မျက်နှာတော်တော် ပျက်နေပြီ။ ရင်ထဲမှာလဲ တဒိန်းဒိန်း ခုန်နေလောက်ပြီ၊ သူ စမ်းချက်တော့မယ်၊ သူစမ်းချက်တော့မယ် ပေါ့။

တခါတလေများ အဲလို မေးနေတုန်း ကြားဖြတ် ၀င်ပြောသေးတာ (သည်းမခံနိုင်တော့လို့ ထင်ပါရဲ့) အပင်ပန်းမခံပါနဲ့ကွာ၊ ဘာညာပေါ့။ (အဲဒါ ကြားကောင်းအောင်ပြောတာ၊ တကယ်ပြောချင်တာက “ရပ်၊ အခုရပ်၊ စမ်းချက်နေတာတွေ အခု ရပ်” အဲဒီလို ဖြစ်မှာ။) ဒီကလဲ အချင်းချင်းဆိုတော့ သိလိုက်ပြီ။ နေစမ်းပါအုံး၊ မေးနေတဲ့ဟာကို။ ကောင်းကောင်း ချက်မှာပါ ပေါ့။ Let me try one more time ပေါ့။ one more time တွေကလဲ များနေပြီဆိုတော့ကာ..။ အားတော့နာပါတယ်လေ။

ဒါပေမဲ့ အဲဒီလို သူများက အားကြိုးမာန်တက် စမ်းသပ်နေတာကို ဘေးကနေ ကူတယ်များ မထင်လိုက်ပါနဲ့။ မီးဖိုချောင်တောင် ကူရမှာစိုးလို့ ဟင်းချက်နေတဲ့အချိန် သီသီလေးတောင် ဖြတ်မလျှောက်ဘူး။ ဟင်းအရောင်လေး လှနေလို့ ပီတိဖြစ်ပြီး လာကြည့်ပါအုံး ဆိုတာတောင် မနည်းခေါ်ရတာ။ ဒါတောင် သေချာ မကြည့်ဘူး။ စိုက်ကြည့်မိရင် ကြက်သွန်ကူလှီးနေရအုံးမယ် လို့များ ထင်နေသလားမသိ။

ကိုယ်က ဟင်းချက်ရင်းတန်းလန်း ဟိုဟာလေး လုပ်လိုက်ပါအုံး၊ မီးခလုတ်လေး ပိတ်လိုက်ပါအုံးဆိုရင်တော့ အော်ပါပြီ၊ ၇အိမ်ကြား၊ ၈အိမ်ကြားပဲ။ ပိတ်လိုက်ပြီနော် ချိုသင်း..တဲ့။ အကျယ်ကြီးမှ တကယ့်အကျယ်ကြီး။ ဟယ် မီးခလုတ်လေးပိတ်တာ အဲလောက် အော်ပြောရလား ပေါ့။ တခြားအိမ်တွေကြားရင် သူကပဲ ကိုယ်ခိုင်းတာ ဖတ်ဖတ်မောအောင် လုပ်နေရပုံမျိုး။ ဘယ့်နှယ့်ဟာကြီးပါလိမ့် ပေါ့။

မတတ်နိုင်ဘူး။ ဘယ်သူကူကူ မကူကူ၊ ချက်တော့ ချက်ရမှာပဲ လို့ နှလုံးသွင်းထားပါတယ်။ သူငယ်ချင်း အမတွေကလဲ ဖုန်းနဲ့ လက်ချာတွေ အပြတ်ပေးတယ်။ အမ ပြောမယ်၊ အရင် ဆီအိုးတည်လိုက် ဆိုတာက စ တာ။ ကိုယ်ကလဲ ဒီဖက်မှာ ဖုန်းကို ကြိုးတပ်ပြီး နားထောင်ရင်း ချက်ပေါ့၊ တခါတလေတော့လဲ လုလုကွတ်ကင်း ဘလော့ဂ်ကို ဖွင့်ပြီး ကိုင်တာပေါ့။ အမကလဲ ပြောတယ်၊ တို့က လုလုလို မကောင်းတော့ ပုပု ကွတ်ကင်း ပေါ့ဟာ တဲ့။ ဟုတ်ပါပြီလေ။

အခုတော့ တိုးတော့ တိုးတက်လာပြီ ထင်တာပဲ။ သတင်းတွေထဲက အသုံးအနှုန်းနဲ့ ပြောရရင် တိုးတက်မှုဟာ စိတ်မရှည်နိုင်လောက်အောင် နှေးကွေးတယ်လို့ ပြောချင်လဲ ပြောပေါ့။ နှစ်ယောက်တည်းရှိတာ အမြင်မှန်ရပြီး အတူပေါင်းလုပ်ရင် အောင်မြင်နိုင်ပါတယ်လို့ နားလည်တဲ့သူတွေက သုံးသပ်ချင်လဲ သုံးသပ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အခုအခြေအနေကတော့ very poor ပဲလို့ ပြောရင်လဲ လက်ခံရမှာပဲလေ။ ဟုတ်နေတာကိုး။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ဘလော့ဂါကြီးသို့

ဘလော့ဂ်လုပ်တော့ သတိအရမိဆုံးသူက အဖေပါ။

နေ့စဉ်နေ့တိုင်း တရက်မပျက် သတိရစရာချည်းဖြစ်ပေမဲ့ ဘလော့ဂ်လုပ်တော့ ပို ပြီး သတိရမိပါတယ်။ အဖေ့အကြောင်းရေးမယ်ဆိုရင် အပိုင်းပိုင်းတွေခွဲပြီး ရေးစရာတွေက တပုံကြီး။ တွေးမိရင် ငိုချင်လာတယ်၊ ဖြစ်နိုင်ရင် အဖေအရင်ကလို ခရီးတွေထွက်နေတယ်၊ တနေ့ အိမ်ပြန်လာမှာပဲ လို့ပဲ တသက်လုံး ယူဆထားချင်တယ်။ ဒါကြောင့် မရှိတော့တာကို မတွေးဘဲ အဖေများ ဘလော့ဂ်ဂါဖြစ်ရင် ဆိုတဲ့ စိတ်ကူးနဲ့ပဲ ခဏရူးလိုက်မိပါတယ်။

အဖေက ဘော်ဒါတွေက များမှများ။ ရန်ကုန်မှာဆို အဖေလက်ဖက်ရည်ဆိုင်ထိုင်ရင် လူသီးကြီး ဖြစ်နေတာ။ သူ့ဘေးမှာ လူတွေအုံလို့။ စကားပြောရင် အမြဲပဲ ပြုံးပြီး ပြောတယ်။ မိတ်ဆွေ အပေါင်းအသင်းကို သိပ်ခင်မင်လို့ သူ့ကိုလဲ လူတိုင်းက ချစ်တာ မဆန်းပါဘူး။ ဘယ်သူ့ကိုမဆို အနိမ့်အမြင့် အတန်းအစားမရွေး အသက်အရွယ် ကြီးငယ်မရွေး သူ့ကိုယ်သူလိုပဲ ယုံယုံကြည်ကြည် ပေါင်းတတ်တယ်။

ပကာသန လုံးဝမရှိ၊ အရှိကို အရှိအတိုင်း ရိုးရိုးကြီးနေတတ်လို့ အင်မတန်လည်ပြီး သူများအပေါ် လှည့်စားတတ်တယ် ဆိုတဲ့သူတွေတောင် အဖေ့ကိုတော့ ဘေးမဲ့ ပေးထားကြတာ တွေ့ရတတ်တယ်။ ငါတော့ ဆရာ့ကို မလိမ်တော့ပါဘူးလေ၊ လိမ်လဲ သိမဲ့ပုံ မပေါ်ပါဘူးပေါ့။

ကိုယ်ဘလော့ဂ်လုပ်တော့ အဖေက အနားရောက်လာတယ်။ ထုံးစံအတိုင်း ခေတ်ပေါ် နည်းပညာဆို ဘာမှမလုပ်တတ်ပေမဲ့ သိပ်သဘောကျတယ်လေ။ အခုလို ကိုယ်ရေးတဲ့စာတွေ ရိုက်တင်နေရုံပဲ ဆိုတဲ့ ဘလော့ဂ်လိုဟာမျိုးဆို အဖေနဲ့သိပ်ကိုက်ပေါ့။ ဘလော့ဂ် တီထွင်တဲ့သူတွေကို ရည်ညွှန်းပြီး ကဗျာတွေဘာတွေတောင် စပ်ပစ်လိုက်အုံးမှာ။

အဲဒါနဲ့ ကိုယ်ဘလော့ဂ် လုပ်နေတာ သိသွားပြီး အဖေလဲ ဘလော့ဂ်ဂါလုပ်မယ် ဖြစ်ပါလေရော။ သူ့အသည်းလေးနဲ့ လူတိုင်းကို ဖုန်းဆက်ပါတော့တယ်။ သူ့အသည်းလေးဆိုလို့ တခြားမထင်ပါနဲ့။ နေ့နေ့ညည အပေါင်းအသင်းတွေနဲ့ ကွန်တက်ပြတ်သွားမှာစိုးလို့ သူ့ဆဲလ်ဖုန်းလေးကို မျက်စိအောက်က အပျောက်မခံတတ်လို့ ကိုယ်တို့နှစ်ယောက်က အဖေ့ဖုန်းလေးကို အဖေ့အသည်းလေးလို့ တိတ်တိတ်လေး နံမည်ပေးထားတာပါ။

“ဒီလိုပါ၊ ကိုယ် ဘလော့ဂ်ရေးမလို့လေ။ အဲဒါ ကိုယ့်ကို ဘလော့ဂ်တခုလောက် လုပ်ပေးစမ်းပါ။ နံမည်ကိုတော့ ဖန်မီးအိမ်လို့ ပေးဖို့ ကိုယ်စဉ်းစားထားတယ်၊ အင်း၊ ရပါတယ်၊ တင်မိုး ဘလော့ဂ် ဆိုလဲ တမျိုးတော့ကောင်းပါတယ်၊ အဲဒါလေး ကူပါအုံးဗျာ”

ဒါနဲ့ သူခင်တဲ့ လူတိုင်းကို လိုက်ပြောလိုက်တာ ဟိုလူက တခုလုပ်ပေး၊ ဒီလူက တခုလုပ်ပေးနဲ့ ဘလော့ဂ် ၁၅ခုလောက် ဖြစ်သွားပါလေရော။ ဘလော့ဂ်ဂါ အကြီးစားကြီး ဖြစ်သွားတာပေါ့။ ဖန်မီးအိမ် တဲ့၊ တင်မိုး ဘလော့ဂ်တဲ့၊ လှေတစင်းနဲ့ သီချင်းသည် တဲ့၊ ဒီမိုကရေစီ အောင်ဆုရည် တဲ့၊ ဒို့အရေး ဘလော့ဂ် တဲ့၊ သီချင်းတွေကလဲ အကုန်ရတော့ ဒီမိုကရေစီ သီချင်းဘလော့ဂ် ဆိုတာလဲ လုပ်ထားသေးတာ။ (အံတီမာမာအေး အသံဖိုင်နဲ့လဲ စာသားနဲ့ တွဲထည့်တယ်) သူ့ဘလော့ဂ်တွေရဲ့ နံမည်တွေအကုန်လုံးကို များလွန်းလို့ သူ ကိုယ်တိုင်လဲ မမှတ်မိတော့ဘူး တဲ့။

“သမီး ဒီဘလော့ဂ်မှာ ဆီပုံးလေး ထားလိုက်ပါအုံး။ လူတွေနဲ့တွေ့ရတာ သိပ်ကောင်းတာပေါ့ သမီးရယ်။ အဖေ့ဖုန်းနံပါတ်လေးကိုလဲ ဘလော့ဂ်ထိပ်မှာ ရေးထားလိုက်ရင်ကောင်းမယ် (ဟာ ဘယ်သူမှ ဒီလို မထည့်ဘူးအဖေ) လုပ်လိုက်ပါ သမီး၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ် ရတာပေါ့။”

“ဒီဘလော့ဂ်လုပ်ဖြစ်တာ အရမ်းမှန်သွားတယ်၊ ဒီလူနဲ့ အဖေ အဆက်အသွယ်ပြတ်နေတာ ကြာပြီ၊ အခုမှ ပြန်အဆက်အသွယ်ရတယ်။ အဖေတို့က ဟိုးအရင်ကတည်းက သိပ်ခင်တဲ့ သူငယ်ချင်းတွေ။ သူ့ဖုန်းနံပါတ်ကို ပေးဖို့ စီဘောက်စ်ကနေ အော်လိုက်ပါအုံး။ (ဖြစ်ပါ့မလား အဖေ၊ တကယ်ကြီး လုပ်ခိုင်းနေတာလား) အော် ငါ့သမီးနှယ်၊ တယ်ခက်ပါလား၊ ဒါဆိုလဲ အဖေ့ဖုန်းကို ဆက် လို့ ရေးလိုက်။ ဖုန်းနံပါတ်က ဘလော့ဂ်ထိပ်မှာ ရေးထားတယ်လို့။”

“သူ့ကွန်မန့်ကလေးက အတော်ကောင်းတာပဲ။ အဖေ အဲဒါကို ကဗျာလေးနဲ့ ပြန်ဖြေလိုက်မယ်။ သမီး အခု တင်လိုက်ပေါ့။ (အဖေ ဒီနေ့တနေ့တည်း ပို့စ် ၇ခု ရှိနေပြီနော်) အော် သမီးရယ်၊ ပိုက်ဆံပေးရတာမှ မဟုတ်တာ။ လွတ်လွတ်လပ်လပ် စာပေစိစစ်ရေးမရှိဘဲ ရေးရတာ ဘယ်လောက်ကောင်းသလဲ။ ဘယ်နှစ်ပုဒ် တင်တင်ပေါ့။ ငါ့သမီးတို့က တခါတလေ တော်တော် နားဝေးသေးတယ်။”

အဲလိုနဲ့ အဖေ ဘလော့ဂ်လုပ်လိုက်တာ ကိုယ်လဲ အလုပ်က ထွက်လိုက်ရပြီး ၂၄နာရီမှာ နာရီ ၂၀လောက် အဖေ့စာမူတွေ ရိုက်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေ့ကို ကွန်ပျူတာ စာရိုက်သင်ပေးတာ ထုံးစံအတိုင်း မအောင်မြင်ပြန်ပါဘူး။

စာတလုံးကို နှိပ်ရင် သူ့လက်၀၀ကြီးတွေနဲ့ အကြာကြီး နှိပ်ထားလို့ ဟိုးတား လို့ အော်ရပေါင်း မနည်းတော့ဘူးလေ။ ဥပမာ အေ ကို တချက်နှိပ်လိုက်တာ အေ တွေချည်း တမျက်နှာလောက် ပြည့်သွားလို့ပါ။ ဖိမိဖိရာ နှိပ်ထားလိုက်တာ။ “ကဲ ကဲ ငါ့သမီးပဲ လုပ်တော့။ အဖေ ဘေးကနေ ကြည့်မယ်။”

နဂိုကမှ အပေါင်းအသင်းများရတဲ့အထဲ နောက်ထပ် ဘလော့ဂါ ဘော်ဒါတွေ ထပ်ရလာလို့ အဖေ့ဖုန်းက နားကို မနားရတော့ဘူးလေ။ နဂိုယူထားတဲ့ မိနစ် ၁၀၀၀ plan မလောက်တော့လို့ unlimited plan ကို ပြောင်းယူထားရသေးတယ် တဲ့။ ဖုန်းကုမ္ပဏီတွေကလဲ အဖေက အမှန်တကယ်သုံးစွဲသူကြီးဆိုတော့ အဖေနဲ့တောင် ကြော်ငြာရိုက်ဖို့ စဉ်းစားနေရတယ် တဲ့။

အော် တခါတလေကျတော့လည်း တွေးမိတယ်။ ကိုယ့်စိတ်ကူးတွေ အသက်ဝင်လာရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ပေါ့။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

နံမည်တလုံးနဲ့ နေတာမဟုတ် :P

မနေ့ညက နံမည်မှည့်တဲ့အကြောင်း ပို့စ်တင်လိုက်တာ မနက်ရောက်လို့ အီးမေးလ် ဖွင့်ကြည့်လိုက်တော့ မာယာမဂ္ဂဇင်းက ကိုအေးဝင်းက စာတစောင်ပို့ထားပါတယ်။ သူ့စာလေး ဖတ်ကြည့်လိုက်ပါအုံး။ ဘယ်လောက် ကလိကလိ ဖြစ်ရသလဲဆိုတာ..

“ဒီတခါတော့ ကွန်မင့်ထဲ ထည့်မရေးတော့ပါဘူး။
ကျနော်ကြားဘူးတာကလေ.......
ဆရာက အိမ်မှာ တခုခုစားနေတာ၊ ကလေးလေးက အိမ်ရောက်လာတော့ ဆရာကတော်က ဆရာ့ကို "ရှင်ဘာစားနေလဲ" လှမ်းမေးလိုက်တာ စားနေရင်း ပလုပ်ပလောင်းနဲ့ "မုံ့ချိုသွင်း" ပြောလိုက်တာကို ကစားနေတဲ့ အမကြီးတွေက ကြားသွားပြီး၊ "ကောင်းတယ် ကောင်းတယ်" "နံမည်လေးကကောင်းတယ်" ဆိုပြီး ၀ဆွဲ ပျောက်ခေါ်လိုက်တာ "မိုးချိုသင်း" ဖြစ်သွားလို့တဲ့။ အဲဒါ အဟုတ်ပဲလား” တဲ့လေ..။

ကောင်းပါလေ့..။ သူတို့လိုရာဆွဲယူတဲ့နေရာမှာတော့ တော်တော်လက်စောင်းထက်နေတယ် ပြောရမှာပေါ့။ သူ့နံမည်ကျတော့ ဘာမုန့်မှလဲ မရှိ။ တရားမမျှတ တာတွေက ဒီက စ တယ် ထင်တာပဲ။

ငယ်ငယ်ကတည်းက အဲဒီမုန့်နံမည်ကို သိတဲ့သူတွေက စ တာ ခဏခဏခံရဖူးတယ်။ ကိုယ်လဲ ဒီလောက် အစားအသောက်ကြိုက်၊ အချိုကြိုက်တာ အဲဒီမုန့်ကျတော့ ဘယ်လိုရေစက် မှန်းမသိ၊ လုံးလုံး မထိဘူး။ စိတ်နာတာနေမှာ။ ဒါမှမဟုတ် ဇာတ်တူသား မစားတာလဲ ဖြစ်ချင်ဖြစ်မယ်။

ရှင်းရရင်တော့ အဖေ၊ အမေ မပေးတဲ့ နံမည်ပြောင်တွေကတော့ အများကြီးပါ။ စိတ်မဆိုးတတ်တော့လဲ စ တယ်လေ။ ဆရာမ မေငြိမ်းဖော်လိုက်လို့ မထူးဇာတ်ခင်းရရင် ၀က်ကလေး လို့လဲခေါ်ကြပါတယ်။ (ပေါ်ကုန်ပြီကွ)

ဒီနံမည်ပေးတာ သူငယ်ချင်းတွေဖြစ်တဲ့ ဒီဗီဘီက ကိုသန်းဝင်းထွဋ်တို့အုပ်စု ထင်တာပဲ။ တနေ့တော့ သူငယ်ချင်းတွေ စကားပြောကြရင်း တရုတ်နှစ် နဲ့ ဗေဒင်တွက်တာတွေ ရောက်သွားလို့ ကိုယ်မွေးတဲ့နှစ်က အကောင်ကို ကြည့်လိုက်တော့ ချက်ချင်း မျက်နှာ ရှုံ့မဲ့သွားရတယ်။ ကိုယ်က ပြောလဲ ပြောစရာပါ။ မွေးတဲ့နှစ်တောင် ပြောစရာ မလွတ်ဘူး။ ၀က် နှစ်မှာ မွေးတာ တဲ့။ ကောင်းရော။ အဲဒီတော့လဲ ကျွန်ုပ် ဘာများတတ်နိုင်ပါမည်နည်း ပေါ့။

နောက်တခုကတော့ ဘူမိ အုပ်စုက ပေးတဲ့ နံမည်ပါ။ ကိုယ်ကလဲ မိဘမျိုးရိုးတော့ ထိန်းသိမ်းစောင့်ရှောက်သူ ဖြစ်တော့ကာ သူတို့ကလဲ ကိုယ့် ပုံပန်းသဏ္ဍန်နဲ့ လိုက်ဖက်မဲ့ နံမည်ကို ရွေးချယ်လိုက်ပုံရပါတယ်။ လုံးလုံး တဲ့။ (ပေါ်ပြန်ပြီ တခု)

ဘူမိကွင်းဆင်းရင် ပညာရပ်သဘောအရ တောင်တွေကို တက်ရပါတယ်။ တောင်ထိပ်ကို ရောက်သွားတဲ့အခါကျရင် ကိုယ်က ခက်ခက်ခဲခဲ ကုတ်ကတ်တက်ထားရတော့ မာန်တက်ပြီး ခါးတွေဘာတွေထောက်ပြီး ငါကွ ဆိုတဲ့သဘောနဲ့ တောင်အောက်ကို ငုံ့ကြည့်မိတယ်။ အဲဒီအချိန်များဆို အကိုတွေလို ခင်နေတဲ့ သူငယ်ချင်းတွေက “ညီမလေး လှိမ့်သာချလိုက်၊ ကြည့်မနေနဲ့ လှိမ့်သာချလိုက်”လို့ အားပေးကြပါတယ်။ ကိုယ်ကလဲ သူတို့ပေးတဲ့ နံမည်နဲ့လိုက်အောင် လုံးလုံးလေးဖြစ်နေတယ်ဆိုတော့လေ။ ကိုယ်ပင်ပန်းမှာ စိုးရိမ်ကြပုံရတယ်လို့သာ တွေးယူရတာပါပဲ။

နောက် ကျမ အမျိုးသား ကိုကျော်ဝဏ္ဏနဲ့ ချစ်သူတွေဖြစ်တုန်းကတော့ မကြည်ကြည်ခင် (အခု ဘလော့ဂ်ဂါ မခင်မင်းဇော်) တို့အုပ်စု က နံမည်ပေးကြပြန်ပါတယ်။ ဒီတခါတော့ သက်သက်ညှာညှာ ပေးလိုက်ပုံရပါတယ်။ ချိုဝဏ္ဏ တဲ့။ (ဟင်း…တော်သေးတာပေါ့)

အဲဒီနံမည်လေးကိုတော့ ကိုယ်က မြတ်နိုးတာမို့ ကိုယ့် အီးမေးလ် လိပ်စာတွေမှာ အဲဒီနံမည်တွေနဲ့ ဖြစ်နေတတ်ပါတယ်။ အဲဒါကို တချို့မိတ်ဆွေများက ယောကျာင်္းရဲ့ last name ကိုယူလိုက်တာထင်ပြီး ချိုသင်းတို့တော့ အင်မတန် ဘိုဆန်သွားပြီ ထင်ကြပါသေးတယ်။ အဲဒီအခါကျတော့လဲ ကျမက အီးမေးလ်တခုတည်း နှစ်ယောက်သုံးတာမို့ နံမည်နှစ်ခုပေါင်းထားတာပါ လို့ ရှင်းပြရတာပေါ့။ နံမည်အားလုံးကတော့ ဇာတ်လမ်းလေးတွေ နဲ့ပါလေ။

တချို့မိတ်ဆွေတွေကတော့ ကိုယ်မသိအောင် နံမည်ကြိတ်ပေးထားပုံရပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မင်္ဂလာဆောင်မယ်ဆိုတော့ ဖိတ်စာကို အဖေ့ကဗျာလေး ရယ် နောက် သူ့လက်ရာတွေကို ကိုယ်တို့နှစ်ယောက်စလုံးက အရမ်းနှစ်သက်ပြီး အကိုလို ခင်မင်ရတဲ့ ကာတွန်း ကိုအော်ပီကျယ်ရယ်ကို ဖိတ်စာပုံ ဆွဲခိုင်းပါတယ်။

အကိုက ကာတွန်းတွေသာဆွဲလာတာ တခါမှ မင်္ဂလာဖိတ်စာကို မဆွဲဖူးတာမို့ ကိုယ့်ကို တချိန်လုံး ဆူပွဆူပွ လုပ်ပြီး သူ့ထုံးစံအတိုင်း အချိန်ဆွဲပါတော့တယ်။ ကိုယ်ကလဲ ဂျစ်ပဲ။ ဒါမျိုးတွေ ထုံးစံမရှိဘူးတွေဘာတွေပြောလဲ နားကို မထောင်ဘူး။ ဆွဲပေးရမယ်ပဲ။

ကိုယ့်ယောက္ခမတွေကလဲ ဖိတ်စာကိုကာတွန်းဆွဲမယ် ပြောတော့ ကြားကြားချင်း မျက်လုံးတော့ ပြူးသွားတာပေါ့။ ‘ဟေ! ॥ အေး၊ အေး’ ပေါ့။ ဒါပေမဲ့ အင်မတန် သဘောကောင်းတဲ့ မိဘများမို့ ပြုံးပြုံး ပြုံးပြုံး နဲ့ သမီးသဘော တဲ့။

နောက်တော့ ကိုအော်ပီကျယ် က ကိုယ့်ကို မြင်တဲ့အတိုင်း ဆွဲပေးလိုက်မယ်ဆိုပြီး ၀လုံးလေးတွေ ဆွဲပေးလိုက်ပါတော့တယ် (သူက ဘာလို့ ၀လုံးလို့ မြင်ရတာပါလိမ့်နော်)။ ပုံကို ကိုအော်ပီကျယ်က ဆွဲပြီး၊ ဒီဇိုင်းကို အရမ်းခင်ရတဲ့ ဒီဇိုင်နာ ကိုစိုးဝင်းငြိမ်းက လုပ်ပါတယ်။ ဖိတ်စာနောက်ကျောမှာတော့ အဖေ့ကဗျာနဲ့ပါ။ အမှတ်တရ ပြန်ဖော်ပြလိုက်ပါတယ်။

ပြဿနာက ဖိတ်စာဝေတဲ့အခါမှာပါ။ တချို့က ဖိတ်စာရတော့ နားလည်လို့ သဘောကျပြီး ပြုံးကြပါတယ်။ တချို့ကတော့ နားမလည်ပါဘူး။ အဲဒီအခါ ကိုယ်က ရှင်းပြရပါတော့တယ်။ “ပထမအကွက်ကို ကြည့်လိုက်လေ၊ ၀လုံးအပိန်လေးက သူ ပေါ့ဟာ၊ ၀လုံး ၀ိုင်းဝိုင်းပုပုကတော့ ငါပေါ့။ ပထမတော့ မသိကြသေးဘူးပေါ့။ နောက်တော့ တွေ့ရော၊ ခင်သွားတော့ ပြုံးသွားတာပေါ့။ နောက်တော့ အဲလိုအသည်းပုံလေး ဖြစ်သွားရော။ ပုံက တကွက်ပြီး တကွက် ဘယ်ဘက်ကို ဆက်ကြည့်ရသွားတယ်” အမလေး မောလိုက်တာ မပြောပါနဲ့တော့။

နောက်တော့ လက်ပမ်းကျပြီး သူငယ်ချင်းတွေကို ပေးဝေခိုင်းတဲ့အခါ သူတို့ကလဲ လက်ဆင့်ကမ်းပြီး ပါးစပ်အမြုပ်ထွက်အောင် ပြောပြီး ဝေကြပါတယ်။ တချို့က သိပါပြီဆိုလဲ မရ၊ ပြောချင်ကြတော့ကာ အဲဒါလေးရဲ့ အဓိပ္ပါယ်ကိုသိလားဟင် ဆိုပြီး စက်သေနတ်ပစ်ကြတော့တာပါပဲ။

အဲဒါကို ကိုယ်ကတော့ ကာတွန်းဆရာအကိုက ကာတွန်းဆွဲပြီး နံမည်ပြောင်ပေးလိုက်တာပဲလို့ တွေးလိုက်မိပါတယ်။ တကယ်တော့ ကိုယ်နဲ့ သူတို့နံမည်ပြောင်တွေနဲ့က ပုံပန်းသဏ္ဍာန်ချင်း တခြားစီပါ။ လားလားမှ မဆိုင်ပါ။ မယုံရင် ပုံပြင်မှတ်ပါ။


ဘာပဲပြောပြော ကိုယ်ကတော့ တချို့တွေ ကြုံးဝါးသလို "နံမည်တလုံးနဲ့ နေတာကွ" လို့ မပြောနိုင်တာ အမှန်ပါပဲ။ :P


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...