စွဲမိတဲ့ ကာတွန်းကား

အခုတလော မအားလွန်းတာနဲ့ စာရေးတာလဲ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေတော့ စာမရေးချင်သလိုလို ဖြစ်နေပြီ။ အလုပ်က ပြန်ရောက်လို့ စာရေးမယ်ကြံရင် ဖျားချင်သလိုလို ဖြစ်လာတယ်။ တကယ်ပဲ ရာသီဥတုက အေးတာလား၊ ကိုယ်ကပဲ စာရေးပျင်းလို့ ကြောက်လန့်ပြီး ဖျားချင်သလိုလို ဖြစ်သွားတာလား ဆိုတာတော့ မဝေခွဲတတ်တော့ဘူး။

အဲဒီလို ဖြစ်နေတုန်း ညီမလေး တူးတူးသာ က tag ထားတယ် အမရေ တဲ့။ ဒါနဲ့ ကိုယ်က ဘာခေါင်းစဉ်များလဲ ဆိုပြီး အပြေး သွားကြည့်ရတာ။ အကြိုက်ဆုံး ကာတွန်းကား တဲ့။ ခေါင်းစဉ်ကိုလဲ ကြည့်မိရော “အလွဲကြီး လွဲပါပြီ အသင် တူးတူးသာ” လို့ ရေရွတ်လိုက်မိတယ်။

ဘာဖြစ်လို့လဲဆိုတော့ ညီမ တူး က ကိုယ့်ပုံကို ကာတွန်းကားတွေ ကြည့်တဲ့ ရုပ်လို့ ပြောလို့ပါ။ ကိုယ်နဲ့ ခင်မင်ဖူးတဲ့လူတော်တော်များများကလဲ အဲဒီလို ထင်ကြတာပါ။ ဘာဖြစ်လို့လဲတော့ ကိုယ်လဲ မသိဘူး။ ကိုယ့်ပုံက ကာတွန်းရုပ် ပေါက်နေလို့လဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အမြဲ ရီဖို့ ပြုံးလိုက်ဖို့ အသင့် ဖြစ်နေလို့လဲ ဖြစ်နိုင်ပါတယ်။

စကားစပ်လို့ ပြောရရင် ကိုယ့်အမျိုးသားကလဲ ရည်းစားဘ၀က အကြောင်းသိပ်မသိသေးတော့ သူလဲ အဲဒီလို ထင်တာပါပဲ တဲ့။ “သူ့ပုံကတော့ အားရင် မုန့်စားပြီး ကာတွန်းကား ထိုင်ကြည့်နေမဲ့ပုံပဲ” လို့ ထင်မိပါသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူကလဲ ကာတွန်းကားတွေ သိပ်ကြိုက်လို့လေ။ ၀ါသနာတူတာတော့ တွေ့ပြီလို့ ထင်လိုက်ပုံပါ။

နောက် ရင်းနှီးလာမှ ကာတွန်းကားလဲ မကြည့်ဖူး၊ ကာတွန်းလဲ မဖတ်ဖူးဘူး ဆိုတာ သိတော့ စုတ်တသပ်သပ်နဲ့။ ကိုယ့်ရဲ့ ကာတွန်းမပါဘဲ ကြီးပြင်းလာရတဲ့ ကလေးဘ၀ကို သနားတာလား၊ ၀ါသနာတူပြီလို့ အထင်မှားသွားတဲ့ သူ့ဘ၀သူ ပြန်သနားပြီး စုတ်သပ်တာလား ဆိုတာတော့ ကိုယ်လဲ မသိတော့ဘူး။ ခုထိတောင် တခါတခါ စုတ်သပ်နေသလိုပဲ။

ဒါကြောင့်လားမသိ၊ သူက ကိုယ့်ကို ကာတွန်းရုပ်ကလေးတွေလို အမြဲပြုံးပြုံးရွှင်ရွှင် မြင်ချင်ပါတယ်။ ကိုယ်လဲ နဂိုကကို ဒီပုံစံ ဖြစ်နေတော့ ဘာမှ ထူးပြီး အားမထုတ်ရပါဘူး။ ဒါပေမဲ့ ဆိုးတာက ဓာတ်ပုံရိုက်တဲ့ နေရာမှာပါ သူက ပြုံးစေချင်၊ ရီစေချင်နေတာပါ။

တချို့ မိန်းကလေးတွေများ ခပ်တည်တည်လေး နေတာ ပုံထဲမှာ လှလိုက်တာ။ ကိုယ်လဲ ဒီလိုဖြစ်မလားလို့ ခပ်တည်တည်ပဲ နေပြီး ဓာတ်ပုံ အရိုက်ခံဖို့ ကြိုးစားဖူးပါတယ်။ သူက ကင်မရာကို ချိန်ထားပြီး လုံးဝ မရိုက်ပါဘူး။ ချိုသင်းရေ ရီပါအုံးဟ၊ ပြုံးလိုက်ပါအုံးဟ နဲ့ အော်နေတာ။ ကိုယ်လဲ နောက်တော့ ကြာကြာ တင်းမထားနိုင်တာနဲ့ ရီလိုက်တော့မှ ချက်ကနဲ ရိုက်လိုက်တယ်။ ပုံလဲ စပ်ဖြဲဖြဲနဲ့ သွားတာပါပဲ။

တကယ်လဲ ကိုယ် ငယ်ငယ်က ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းတို့ကလွဲရင် ကာတွန်းတွေ ရုပ်ပြတွေလဲ မဖတ်ဖူး၊ ကာတွန်းကားဆိုရင်လဲ တီဗီက လာတဲ့ ကာတွန်းကားလေးတွေသာ ကြည့်ဖူးခဲ့တာပါ။

ကိုယ်တို့ငယ်ငယ်က ခုခေတ် ကလေးတွေလို ကံမကောင်းဘူး။ တီဗီတောင် ပေါ်ခါစ ဆိုတော့ ကာတွန်းကားတွေ ၀ယ်ကြည့်နိုင်လောက်အောင်လဲ နိုင်ငံခြား အဆက်အသွယ်တွေ မရှိဘူးလေ။ တီဗီကလာတဲ့ ကာတွန်းကားတွေကိုတော့ ကိုယ်လဲ သိပ်ကြိုက်ပါတယ်။

ငယ်ငယ်တုန်းက ပထမဆုံး ရုပ်ရှင်ရုံကြီးမှာ မိသားစုနဲ့ သွားကြည့်တဲ့ကားက ရှင်ဥပဂုတ္တ တဲ့။ အဲဒီကားထဲမှာ ရှင်ဥပဂုတ္တ က ဈာန်ပျံတော့ အံ့သြလိုက်တာ။ တကားလုံးမှာ အဲဒီတခန်းပဲ မှတ်မိတယ်။ အဲဒီကားကြည့်ပြီးကတည်းက ကောင်းကင်မှာ ဒါမျိုးများ တွေ့ရမလားလို့ ခဏခဏ စူးစမ်းဖူးတယ်။ ကိုယ်ပြောချင်တာက ရုံကြီးတွေမှာလဲ ကိုယ်တို့ခေတ်က ကာတွန်းကား တင်တာ မတွေ့ဖူးတာကို ပြောချင်တာ။ ရှိရင်တော့ အဖေတို့ အမေတို့က လိုက်ပြမှာပါပဲ။

ကြီးလာတော့ ကာတွန်းကားလေးတွေကို ပိုပြီး ကြည့်ဖြစ်လာတယ်။ နောက်ကြည့်တဲ့ ကားတွေမှာ ကိုယ်ကြိုက်မိတာက Lion King ပါ။ တိုးတက်တဲ့ နည်းပညာနဲ့ အနုပညာ ပေါင်းလိုက်တော့ ကာတွန်းကားလေးတွေက ပိုပြီး ချစ်စရာကောင်းသွားတာပါ။

အခု ကိုယ်စွဲလန်းမိတဲ့ ကာတွန်းကားအကြောင်း ရေးရမယ် ဆိုရင်တော့ ကိုယ်တို့ငယ်ငယ်က တီဗီမှာလာတဲ့ Tom & Jerry ကြောင်နဲ့ ကြွက် ဇာတ်လမ်းတွဲတွေအကြောင်း ရေးရမှာပဲ။

အပြင်လောကမှာ ကြောင်က ကြွက်ကို အမြဲ ခုတ်စားတာ၊ အနိုင်ရတာလို့ သိထားသမျှ ဒီဇာတ်လမ်းတွဲတွေမှာ အမြဲတမ်း ကြောင်ကြီးက ခံရတာပဲ။ သူကလဲ ဘယ်တော့မှ ကြွက်ကလေးကို ခုတ်မစားပစ်ဘူး။ ကြွက်ကလေးက အကောင်သေးပေမဲ့ သူလူလည်ကျသမျှ ကြောင်ကြီး ခံပေတော့ပဲ။

ကြွက်ကလေးကြောင့် အမြဲတမ်း ကြောင်ကြီး ဒုက္ခရောက်ရတာ ထိပ်ဖုရတာလဲ ခဏခဏ။ ရေကန်ထဲ ပြုတ်ကျလို ပြုတ်ကျ။ သေလုမျောပါး ပြေးလို ပြေးရ။ ခွေးကြီးနဲ့ ပက်ပင်းတိုးလို့ သူ့မှာ မျက်နှာချိုသွေးပြီး လွတ်အောင်ကြံရ။

ဒါပေမဲ့ သူကလဲ အလာကြီး။ ကြောင်ပီပီ ကြီးနိုင်ငယ်ညှင်းလုပ်ချင်တယ်။ အခွင့်ရရင် အခွင့်သာသလို ကြွက်ကလေးကို နှိပ်စက်ချင်တယ်။ ဂျောက်တွန်းချင်တယ်။ တခါတလေ မဆလာလေးဖြူးပြီး ဟင်းလုပ်စားချင်သေးတယ်။

ကြောင်နဲ့ ကြွက်ဆိုတာ ကမ္ဘာဦးကတည်းက ရန်သူတွေလေ။ တယောက်နဲ့တယောက် အပြန်အလှန် ဆော်ကြ၊ တီးကြတာကို ချစ်စရာကောင်းအောင် ဟာသ ဖြစ်အောင် ရိုက်ထားတာမို့ အဲဒီကာတွန်းကားလေးတွေ တီဗီမှာ လာချိန်ဆိုရင် တီဗီရှေ့မှာ အောက်မေးပြုတ်ရော ဆိုပါတော့။

ကြောင်ကလဲ ကြွက် မရှိရင် မနေနိုင်ဘူး၊ ကြွက်ကလဲ ကြောင်မရှိရင် သွားသွား ရန်စ ရတာ အမော။ ဒါပေမဲ့ ပြီးသွားရင် အကြိတ်အခဲ အမုန်းအတေး တွေ မရှိဘဲ ပြန်ပြီး လိုက်ကြ ပြေးကြ ပြန်ရော။

ကာတွန်းကားလေးတွေရဲ့ သဘောသဘာဝကိုက စိတ်ကူးကိုကွန့်မြူးချင်တိုင်း ကွန့်မြူးလို့ရတာဆိုတော့ အပြင်မှာ မဖြစ်နိုင်တာတွေ ကာတွန်းကားထဲမှာ ဖြစ်လို့ရတယ်။ ဥပမာ ကိုယ်ခန္ဓာကြီး မုန့်ကြိုးလိမ်လို ကာတွန်းကားထဲမှာ လိမ်သွားလို့ ရတယ်။ ကြောင်ကြီး အမြီးနဲ့ ချည်ပြီး ဒန်းစီးလို့ရတယ်။ မြစ်ကို ခုန်ကျော်လိုက်လို့ရတယ်။ အဲဒီလိုမျိုးပေါ့။

တကယ်ဆို အပြင်မှာ ကြွက်က အင်အားကြီးတဲ့ ကြောင်ကို ပြန်ချဖို့ မဖြစ်နိုင်ဘဲကိုး။ အခုတော့ သူတပြန် ကိုယ်တပြန်။ မဖြစ်နိုင်တာတွေလဲ ဖြစ်၊ ဖြစ်ချင်တာတွေလဲ ဖြစ် ဆိုတော့ ပျော်စရာကြီးပေါ့။ ဒီလိုဆိုတော့လဲ အပြင်လောက ကို ကာတွန်းထဲကလို ဖြစ်ချင်တာ။ ကာတွန်းကားကို ကြည့်ရင်း အဲဒီမှာ ရပ်မသွားဘဲ စိတ်ပျော်ရွှင်ရတာတွေ၊ စိတ်အားထက်သန်ရတာတွေ အပြင်မှာ ကိုယ်က တကယ်ဖြစ်ချင်မိတာ။

ကိုယ်လဲ ကာတွန်းကားတွေ ကြည့်ပြီး စိတ်ကူးယဉ်တာ ဖြစ်ချင်တာတွေ များသွားပြီ ထင်ပါရဲ့လေ။
တောင်ရောက် မြောက်ရောက် ရေးလိုက်တဲ့ ကာတွန်းကားအကြောင်းကို ဒီလောက်နဲ့ပဲ ညီမငယ် တူး ကျေနပ်ပါလို့။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

မဆုံးတဲ့ အလွမ်း

အခုတလော စာမရေးဖြစ်တာကြာပြီ။ ကြားရတဲ့သတင်းတွေကလဲ မကောင်းဘူး။ ၆၅ နှစ်တဲ့၊ အနှစ် ၂၀ တဲ့၊ ၄၅ နှစ်တဲ့။ အမိန့်ချတဲ့လူတွေတောင် အဲဒီလောက် အသက်မရှည်နိုင်ဘဲနဲ့ ပါးစပ်ထဲရှိတာ လျှောက်ပြော၊ လျှောက်လုပ်နေတာ ရှက်စရာကောင်းလှတယ်။ အဲဒီလောက်လဲ မကြောက်ကြပါနဲ့။

ဒီမနက်မှာတော့ ကိုဇာဂနာ့အမျိုးသမီး မလွင်မာနဲ့ ဖုန်းပြောဖြစ်တယ်။ နောက်ထပ် ၁၄ နှစ်တဲ့ ညီမရေ..တဲ့။ ပထမအကြိမ် ၄၅ နှစ် ချပြီးသား။ နောက်တိုး ၁၄နှစ်ဆိုတော့ စုစုပေါင်း ၅၉ နှစ်ပေါ့။ ဒါပေမဲ့ အကိုက သီချင်းလေးဆိုပြီး ထောင်ထဲ ပြန်ဝင်သွားတယ် တဲ့။ နောက်ထပ် တရားရုံးကို ထပ်လာစရာ မလိုတော့ဘူး။ သူ့ဝေစု ပြီးပြီ။ ဘယ်လောက် နှစ်တွေ တပ်တပ်၊ မမှုပါဘူး။ ဒါတွေက ကိန်းဂဏန်းတွေပဲ။

လွန်ခဲ့တဲ့ ၁၅နှစ်ကျော်ကပေါ့။ ကိုယ်တို့ မိသားစုလဲ ဒီလို အဖြစ်မျိုး ကြုံဖူးတယ်။ အဲဒီတုန်းက ကဗျာဆရာကို ကဗျာရေးလို့ ၄နှစ် ထောင်သွင်း အကျဉ်းချစေ တဲ့။ အဲဒီတုန်းက ကိုယ်တို့က အမေဆုံးပြီးခါစ၊ အဖေက ကဗျာဆရာဆိုတော့ စိတ်က နူးနူးညံ့ညံ့မို့၊ ကိုယ်တို့ကလဲ သမီးတွေမို့ ကိုယ့်အဖေကို ပူမိတာပေါ့။

အဲဒီ ၄နှစ်စလုံး ထောင်ဝင်စာ တွေ့ခွင့်ရတဲ့ စနေနေ့တွေတိုင်း ကိုယ်တို့ မောင်နှမတတွေ တွေ့ခွင့်တိုကင်ယူတိုင်း အမြဲတမ်း တိုကင် နံပါတ် (၁)။ ထောင်ဝင်စာ စ လက်ခံချိန် မနက် ၆နာရီဆိုရင် ကိုယ်တို့ ညီအမတွေကို ထောင်ဗူးဝမှာ တွေ့ရပြီ။ အစောဆုံးပဲ။ ၄နှစ်စလုံး တကြိမ်မှ မပျက်ခဲ့ဘူး။ အမြဲတမ်း တိုကင် နံပါတ် (၁) ပဲ။

ဒါပေမဲ့ နိုင်ငံရေးသမားတွေကို ဘယ်လောက်ပဲ တိုကင်စောယူထား၊ ယူထား၊ နေ့လည် ၂နာရီကျော်မှ ပေးတွေ့တာပါ။ သူတို့ဖာသာ ဘယ်အချိန်မှ ပေးတွေ့ပါစေ၊ ကိုယ်တို့ကတော့ ကိုယ့်ဝတ္တရားမပျက် တိုကင် အစောဆုံးယူတာပဲ။ သူတို့လဲ သူတို့အလုပ် လုပ်သလို၊ ကိုယ်ကလဲ ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ။

ထောင်ဆိုတာက မျက်စိပိတ်၊ နားပိတ်တဲ့ နေရာ။ မျက်လုံးကန်း၊ နားမကြား၊ စကားပြောခွင့် ဆွံ့အ ရတဲ့ နေရာ။ မသွားနိုင် မလာနိုင် ခြေကျိုး လက်ကျိုးသလို ဖြစ်ရတဲ့ နေရာ။ ကိုယ်ချစ်ခင်သူတွေနဲ့ အတူတကွ မနေရ တဲ့ သီးခြား အကျဉ်းစံ နေရာ။ မိတ်ဆွေ အပေါင်းအသင်းကို ချစ်တဲ့ အဖေ၊ အနုပညာ အလှအပကိုသာ ခံစားပြီး စိတ်အေးချမ်းချင်တဲ့ အဖေ့အတွက် လူသတ်သမားတွေ၊ လူဆိုးတွေနဲ့ အခန်းကျဉ်းလေးမှာ စားအတူအိပ်အတူ လူ့အခွင့်အရေးဆိုတာ မူးလို့ ရှူစရာမရှိတဲ့ နေရာမှာ အဖေနေရရှာတာကို တွေးပြီး ခံစားခဲ့ရတာ။

ကဗျာဆရာမို့ စိတ်ကလေးက နုနုမို့ အဖေများ စိတ်ဆင်းရဲနေမလား၊ စိတ်ဓာတ်ကျနေမလား တွေးပြီးပူပန်ရတွေဟာ အဖေနဲ့ ထောင်ဝင်စာ တွေ့ပြီးတာနဲ့ အားတွေရှိပြီး ပြန်လာရတယ်။ အထဲကလူက အပြင်ကလူကို အားပေးတယ်။ သံဇကာကြားက အဖေ့ကို ကြည့်တိုင်း ထောင်ဝတ်စုံ အဖြူလေးနဲ့အတူ မျက်နှာက အမြဲ ပြုံးရွှင် ကြည်စင်နေတာ။

အဖေ့ စိတ်အခြေအနေပြ ဂရပ်ဖ်မှာ အမြဲတမ်း ပုံမှန်။ လောက အထုအထောင်းကို တည်တည်ငြိမ်ငြိမ်ပဲ ရင်ဆိုင်ခဲ့တယ်။ ထိတွေ့ခွင့်တောင် မရတဲ့ သံဇကာ နှစ်ထပ်ခြားပြီး တွေ့ရတဲ့ ၁၀မိနစ်၊ ၁၅မိနစ်မှာ သမီးတွေကို ခွန်အားတွေ ပေးလိုက်တယ်။ ဒါတွေဟာ ဘာမှ အရေးမကြီးဘူး၊ အဖေတို့ဟာ အမှန်တရားကို ချစ်မြတ်နိုးတဲ့အတွက် ခံရတာ ရှက်စရာ မဟုတ်ဘူးလို့ သင်ပြ ခဲ့တယ်။ မတရားတာကို လက်မခံတာ၊ ငြိမ်မခံနေတာသာ လူ့ဘ၀ရဲ့ တန်ဖိုးဖြစ်တယ်လို့ စိတ်ဓာတ်အမွေ ပေးခဲ့တယ်။

ဒါကြောင့် ကိုယ်ဒီဝတ္ထုလေးကို အဲဒီတုန်းက အဖေ့မွေးနေ့မှာ ရေးဖြစ်ခဲ့တာပါ။ အဖေ့ကို ချစ်တာပေါ့၊ ခွဲနေရရင် လွမ်းတာပေါ့။ ဘာငြင်းစရာ လိုမလဲ။ ဒါပေမဲ့ အဖေနဲ့တွေ့ပြီးတိုင်း ကိုယ့်စိတ်တွေ ပိုခိုင်မာလာသလိုပဲ။ အဖေ့ကိုလဲ စိတ်ချတယ်။ ဒါဟာ ကိုယ့်အဖေ၊ တရားမျှတမှုအတွက် ထောင်ကျခံနေတာ ကိုယ့်အဖေလို့ ပြောရဲတယ်။

ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုဘဲ လိပ်ပြာလုံတဲ့အတွက် လူကြားထဲမှာလဲ နေရဲ သွားရဲပါတယ်။ တချို့ပုဂ္ဂိုလ်ကြီးများလို လွတ်လပ်တဲ့ အပြင်မှာ တိုက်ကြီးတာကြီးနဲ့ ဟိန်းနေအောင် နေနိုင်ပေမဲ့ ပြည်သူကြားထဲမသွားရဲလို့ အစောင့်အရှောက်တွေနဲ့ ကိုယ့်ဖာသာကိုယ် မသေမချင်း ထောင်ချခံနေရတဲ့သူတွေနဲ့တော့ ကွာချင်တိုင်း ကွာပေလိမ့်မယ်။ ဒီလို ဘ၀သေတဲ့ အဖြစ်မျိုး ကိုယ်တို့ ဘယ်တော့မှ မမက်မောဘူး။

ဒါကြောင့် လွန်ခဲ့တဲ့ ၁၅နှစ်၊ ၁၉၉၃ ဖေဖော်ဝါရီလ မဟေသီ မဂ္ဂဇင်းမှာ ပါခဲ့တဲ့ မဆုံးတဲ့ အလွမ်း ဆိုတဲ့ ၀တ္ထုတိုလေးကို ပြန်တင်လိုက်ပါတယ်။ အဲဒီတုန်းက စာပေစိစစ်ရေး လွတ်အောင်လို့ အဖေ့ကို နာမ်စားသုံး ရေးခဲ့ရတာပါ။ အဲဒီဝတ္ထုတိုလေးကို သရုပ်ဖော်ပုံဆွဲပေးခဲ့တာ ပန်းချီဆရာ ကိုမုတ်သုန်ပါ။ သူက လှောင်အိမ်ထဲက ငှက်ကလေး တကောင်ပုံရယ်၊ ဆံပင်နှစ်ဖက်စည်းထားတဲ့ ကလေးမလေး တယောက်ပုံရယ်ကို ဆွဲပေးခဲ့ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

မဆုံးတဲ့အလွမ်း
မဟေသီ၊ ၁၉၉၃ခု၊ ဖေဖေါ်ဝါရီလ။

တဆိတ်ကျေးဇူးပြုပြီး ကျမတောင်းပန်ပါရစေရှင်။ ကျမကိုမသနားကြပါနဲ့။

ကျမရဲ့ ကံမကောင်းမှုဟာ တကယ်တော့ ဘာမှမပြောပလောက်ပါဘူး။ ကျမဟာ ကံထူးတဲ့ မိန်းမတယောက်လို့မပြောနိုင်ပေမဲ့ သူနဲ့စာရင်တော့ ကျမ ကံကောင်းပါသေးတယ်။
ကျမမှာ ကိုယ်စိုးကိုယ်ပိုင်ခြယ်လှယ်နိုင်တဲ့ စိတ်ကလေးရှိသေးတယ်။ ကျမသွားချင်ရာကို သွားလာနိုင်တယ်။ ကျမပြောချင်တဲ့စကားတွေ ပြောနိုင်တယ်။ အယူအဆတွေ ဆွေးနွေးချင် ဆွေးနွေးနိုင်တယ်။ မဆွေးနွေးပဲ နေချင်လည်း နေနိုင်တယ်။ သီချင်းဆိုချင်လည်း ဆိုနိုင်တယ်။ ကျမဘေးမှာရှိတဲ့ ပတ်ဝန်းကျင်အလှအပထဲမှာလည်း နစ်မျောချင်နစ်မျောနိုင်သေးတယ်။ ဘယ်လောက်ကျေနပ်စရာကောင်းလဲ။
ဒါပေမယ့် ကံဆိုးတဲ့မတော်တဆဖြစ်ရပ်တခုကြောင့် မျက်လုံးတွေ ပျက်စီးသွားရှာတဲ့၊ ခြေလက်တွေကျိုးပဲ့ကုန်ရတဲ့၊ စကားဆွံ့အသွားရှာတဲ့၊ သူတွေမှာတော့….။

အဲဒီနေ့ကစပြီး ဘယ်တော့မှခွဲလို့မရတဲ့ကျမတို့ နှစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ကြရ တာပါပဲလေ။ ကျမအတွက် စိတ်ထိခိုက်မှုဟာ အကြောင်းတချက်ပဲရှိပါတယ်။ အဲဒါကတော့ သူနဲ့ကျမ ချစ်လျက်နဲ့ ခွဲခွာရခြင်းပါပဲ။

ကျမသူ့ကို အမြဲသတိရနေမိတယ်။ အဲဒီသတိရခြင်းမှာ လွမ်းဆွတ်ကြေကွဲစွာ ထိခိုက်ခြင်းဟာ ထိပ်ဆုံးက ပါနေပါလိမ့်မယ်။ ကျမရဲ့ နှလုံးသားထဲမှာ သူ့ကိုလွမ်းဆွတ်ခြင်းတွေနဲ့ ကိုက်ခဲနေတတ်ရဲ့။ သူ့အတွက်သောကတွေနဲ့ တအုံနွေးနွေးရှိနေတတ်ရဲ့။

သူအခုအချိန်မှာ ဘယ်လိုများနေပါမလဲ။ ကျမရဲ့အောက်မေ့ခြင်းတွေဟာ သူ့ဆီကို တန်းတန်းမတ်မတ် အရောက်သွားနေကြပါပြီ။

ခုချိန်မှာ သူဟာ ဆေးရုံပြတင်းပေါက်လေးကနေပြီး အပြင်ကိုတမျှော်တခေါ်ကြီး ငေးကြည့်နေမယ်ထင်တယ်။ ဒါပေမယ့် သူဘာမှမြင်ရမှာမဟုတ်ဘူး။ သူ့မျက်လုံးအိမ်ထဲမှာ အလွမ်းငွေ့တွေပြည့်နေမှာလား။ သူ မလွမ်းပါစေနဲ့လို့ ကျမဆုတောင်းနေပါရစေ။ သူ့ရဲ့ ပင်ပန်းတဲ့ စိတ်ကလေးမှာ အလွမ်းဒဏ်ဖြင့် ဝန်မပိစေလို။
တခါတလေမှာတော့ ပြတင်းပေါက်ကို လက်ထောက်ပြီး သူ့ရဲ့တခုတည်းသောအာရုံဖြစ်တဲ့ အသံတွေကို နားစိုက်ထောင်နေမှာပဲ။ ကားသံ၊ စကားပြောသံ၊ အလှူခံတဲ့အသံချဲ့ စက်ကအသံ၊ ရယ်မောသံ၊ သူသဘောကျတဲ့ ငှက်ကလေးတွေသီချင်းဆိုသံရော နားစွင့်နေမှာလား မသိဘူး။

ဟိုး မဝေးလှတဲ့ အတိတ်ကလေးဆီမှာ ကျမတို့ ပျော်ရွှင်ခြင်းများနဲ့ အရည်ပျော်ခဲ့ရတာတွေ ခုချိန်မှာ ပြန်မတွေးပါရစေနဲ့။ သူ့ရဲ့လစ်ဟာမှုဟာ ကျမရင်ထဲမှာ ကြီးစိုးအနိုင်ယူလွန်းလို့ ကျမစိတ်တွေကို မနည်းတင်းထားရတာပါ။ သူဟာ ကျမအပေါ်မှာ မိုးထားတဲ့ အေးမြသိပ်သည်းတဲ့ အရိပ်ကလေးပါ။

ဒီအချိန်ဆို သူလက်ဖက်ရည်သောက်ချင်နေလိမ့်မယ်။ လက်ဖက်ရည်ဆိုင်မှာ အစဉ်ပြုံးချိုနေတဲ့ ကလေးမျက်နှာလေးနဲ့ သူကတော့ သူ့မိတ်ဆွေတွေနဲ့ စကားဖောင်နေရတာ အကျေနပ်ဆုံးလို့ သူ ထုတ်မပြောလည်း ကျမ သိပါတယ်လေ။

သူ့အတွက်ဆိုပြီး အိမ်ရှေ့ ကွမ်းယာဆိုင်လေးမှာ သုခိတာ(ရွှေပတ်မဟုတ်) နှစ်ကျပ်ဖိုး ပြေးပြေးဝယ်ရတာလဲ လွမ်းမိတယ်။ သူအသားညိုညိုမှာ လက်ဖဝါးကျတော့ ဖောင်းပြီးနီရဲလို့။ ဘယ်တော့မှ အလုပ်ကြမ်း မလုပ်ဘူးတဲ့လက်။ အဲဒီလက်က ဖောင်တိန်ပဲ ကိုင်ဖူးတဲ့လက်ပါ။ အဲဒီလက်ဖောင်းဖောင်းလေးတွေနဲ့ ကျမဝမ်းနည်းအားငယ်နေတဲ့ အချိန်တွေမှာ နွေးနွေးထွေးထွေးဆုပ်ကိုင် အားပေးခဲ့တာတွေလည်း ဘယ်မေ့နိုင်မှာလဲ။

သူနဲ့အတူတူသွားနေကျ လမ်းနီနီလေးမှာ ကျမတယောက်တည်း ခေါင်းငုံ့ပြီး လျှောက်နေရတယ်။ သူက ခေါင်းငုံ့လျှောက်တာ မကြိုက်ဘူး။ “ရဲရဲလျှောက်စမ်းပါ” တဲ့။ “ပျော်ပျော်ရွှင်ရွှင် လျှောက်စမ်းပါ” တဲ့။ သူက ချိုမြပေမယ့် ရဲရင့်တယ်လို့ ကျမထင်တယ်။

နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ သူနဲ့အတူ လျှောက်လည်ခဲ့တာတွေ သတိရနေသေးတော့တယ်။
ကျမယုံကြည်ပါတယ်၊ သူ့ဘဝမှာ တခါမှ အိမ်ထဲမှာကုပ်နေဖို့ စဉ်းစားခဲ့တာ မဟုတ်ဘူး။ လမ်းပေါ်မှာ လျှောက်သွားရင်း သဘာဝတောတောင်အလှကိုခံစားမယ်။ တိုးတက်လာတဲ့ အဆောက်အဦတွေကို ငေးမောမယ်။ ကြုံရာလူတန်းစားမရွေးနဲ့ မိတ်ဆွေဖြစ်ပြီး ဗဟုသုတအသစ်အဆန်းတွေ တိုးမယ်။ ဒါတွေဟာ သူ့ရဲ့စိတ်ရောလူပါ ပင်ပန်းသမျှကို အပန်းဖြေတဲ့နည်း တခုတဲ့လေ။

အခုရော သူဘယ်လိုများနေမှာပါလိမ့်။ ပြင်ပလောကဟာ သူနဲ့မသက်ဆိုင်သလို အခန်းအောင်းနေရတာကို သူဘယ်လောက် ငြီးငွေ့လိုက်မလဲ။ ဖြုန်းကနဲ လက်ခံလိုက်ရတဲ့ အခြေအနေတခုမှာ သူနေတတ်အောင် ကြိုးစားနေရမှာပဲလို့ ကျမ ထိခိုက်မိပါတယ်။

သူ့မှာ အံ့သြစရာကောင်းတဲ့အချက်တခုရှိသေးတယ်။ အဲဒါကိုလည်း ကျမချစ်တယ်။ သူ အိပ်ချင်ပြီဆိုရင် “အိပ်ချင်ပြီ”လို့ စကားမဆုံးခင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်တဲ့လူမျိုးပါ။ ဒါဟာလည်း စိုးရိမ်ပူပန်စိတ်တွေ ဖျောက်ထားနိုင်လို့ပေါ့။ သူ့မှာ စိတ်ညစ်စရာတွေရှိမှာပဲ။ ဒါပေမယ့် သူက စိတ်ကိုအမြဲရှင်းနေတဲ့လူမျိုး။ စိတ်ညစ်စရာကို ခေါင်းထဲမှာ ကြာကြာအောင်းမထားဘူး။ အဲဒီ အကျင့်ကို ကျမ ကြိုးစားပြီးကျင့်ယူရတာအမော။

ကျမမှာသာ ညညဆို ဟိုတွေး ဒီတွေး ဟိုကိစ္စစိုးရိမ် ဒီကိစ္စစိုးရိမ်နဲ့ တော်တော်နဲ့ မအိပ်ဖြစ်ဘူး။ အဲဒီအချိန်မှာ သူရဲ့အိပ်မောကျတဲ့ ဟောက်သံကတော့ တအိမ်လုံးမှာ သံစဉ်အမျိုးမျိုးနဲ့ပါ။ ဒီလို သူ့အကြောင်း ချစ်စနိုးတွေးမိတော့ အခုအချိန်မှာရော စိတ်လက်ချမ်းသာ အိပ်နိုင်သေးရဲ့လားလို့ စိုးရိမ်ပူပန်မိပြန်ရော။
အခုလို သူ ကျမနဲ့ဝေးနေချိန်မှာ သူနဲ့ပတ်သက်ရင် ဘာတခုမှ မစိုးရိမ်သင့်တာ မရှိဘူးလို့ ကျမက ခေါင်းမာစွာ ယူဆထားတယ်လေ။ ကျမ မလွန်ပါဘူးနော်။

သူနဲ့ ကျမမှာ တူတဲ့အချက်တွေရှိသလို ကွဲပြားချက်တွေလဲ အများကြီးပဲ။ သူ စိတ်ရှည်လွန်းသလောက် ကျမ စိတ်တိုလွယ်တယ်။ သူက အရာရာကို အကောင်းမြင်တဲ့စိတ်မျိုးနဲ့ ကြည့်တတ်ပြီး ကျမကတော့ မကောင်းရင် မကောင်းသလို သဘောမကောင်းတတ်ဘူး။ သူ့မှာ ရောင့်ရဲစိတ်ရှိပြီး ကျမကတော့ လိုချင်ပြီဆိုရင် မရမကပဲ။ သူက ဆုံးမစကားတောင် နားဝင်ချိုအောင် ပြောနိုင်ပြီး၊ ကျမကတော့ သာမန်စကားတောင် ဒိုးဒိုးဒေါက်ဒေါက်ပဲ။ ဒါပေမယ့် ကျမရဲ့ မကောင်းတဲ့အကျင့်တွေဟာလည်း သူ့ရဲ့ နားဝင်ချိုတဲ့ ဆုံးမစကားအောက်မှာ ဝပ်တွားသွားရတာပဲလေ။

သူနဲ့အတူ ခေါင်းချင်းဆိုင်ပြီး စာတွေအတူဖတ်ချင်ပါသေးရဲ့။ ကျမတို့နှစ်ယောက်ရဲ့ ဆွေးနွေးပွဲလေးဟာ သင်္ကြန်ပွဲတခုလို ပျော်စရာကောင်းနေတတ်တယ်။ လွတ်လပ်ပွင့်လင်းတဲ့ ဆွေးနွေးပွဲဟာ ဘယ်တော့မှ ပျင်းစရာမကောင်းတာ ထုံးစံပဲ မဟုတ်လား။

သူက ငှက်ကလေးတွေ နိုးတတ်တဲ့အချိန်မှာ ထထပြီး ကဗျာတွေရေး။ ပဲပြုတ်သည် သုံးလေးယောက် ဖြတ်လျှောက်သွားပြီးချိန်မှ ကျမကနိုးတော့ သူက ကဗျာတွေရေးပြီးနေပြီ။ ကျမက သူ့ကဗျာတွေ အသံထွက်ပြီးဖတ် သူက ဆေးလိပ်ဖွာရင်း နားထောင်။

အဲဒီအချိန်ကလေးတွေဟာ ကျမ အမြတ်နိုးဆုံးအချိန်တွေထဲက တခုမို့ လွမ်းဆွတ်မိတာ ပြောမပြနိုင်အောင်ပါပဲ။ အခုဆို သူ့ကဗျာဟောင်းလေးတွေကို ကျမ တယောက်တည်း ဖတ်နေရပြီ။ သူကလည်း ကျမစာတွေကို ဖတ်နိုင်ပါသေးရဲ့လား။

သူနဲ့ ကျမ ကွဲကွာမှုဟာ တာရှည်ကြာလွန်းလိုက်တာလေ။ တကယ်တော့ ကျမတို့နှစ်ယောက်ဟာ ဘယ်သူ့ဘယ်သူမှ နှုတ်မဆက်ရပါပဲ ဝေးကွာခဲ့ကြရတာပါ။ လက်တွဲဖြုတ်ခဲ့ကြရပေမယ့် သူ့ရဲ့နွေးထွေးတဲ့ အငွေ့အသက်က ကျမ လက်ဖဝါးမှာ ဘယ်လိုမှ ဖျောက်ဖျက်မရနိုင်စွာ စွဲထင်ကျန်ရစ်နေတုန်း …။

တကယ်ပါ။ တောင့်တတိုင်းသာ ဖြစ်ရရင် ကျမဟာ နာရီပြင်သမားတယောက်ဖြစ်နေမှာပဲ။ နာရီလက်တံတွေကို မြန်သထက်မြန်အောင် ရွေ့ နေမိမယ်ထင်တယ်။ မန္တလေးဈေးချိုနာရီစင်မျိုးဆိုရင်တော့ ခက်ခဲပါစေ လှေကားထောင်ပြီး တက်ရတာပ။ အမြန်ဆုံး၊ အမြန်ဆုံး ပျော်ရွှင်စွာ ဆုံကြရမယ့်ရက်တွေဆီကို…။

သူနေတဲ့အိမ်ကလေးမှာ သူ့ပစ္စည်းတွေ၊ သူ့ကုတင်လေးတွေ၊ သူ့စာအုပ်လေးတွေဟာ အရင်ပုံစံအတိုင်း မပြောင်းမလဲ။ သူ့ကို မြတ်နိုးချစ်ခင်လွန်းလှတဲ့ ကျမရဲ့ မျှော်လင့်စိတ်တွေကလည်း …။

ဒီနေ့ဟာ သူ့မွေးနေ့ပါ။ သူ အိမ်ပြန်လာနေကျလမ်းကလေးကို မျက်နှာမူပြီး ရှိရှိသမျှ တံခါးပေါက်တွေကို အကုန်ဖွင့်ပြီး ခုံသေးသေးလေး တလုံးနဲ့ ကျမဟာ သူချစ်တဲ့စာရေးခြင်းအလုပ်ကို တိတ်ဆိတ်ကြေကွဲစွာ လုပ်နေမိတယ်။ ကျမ ခေါင်းထိပ်က ဆံဖျားကနေ အောက်ဆုံးက ခြေဖျားလေးအထိ သူ့ကို သတိရစိတ်တွေနဲ့ တုန်ယင်နေခဲ့တယ်။ ကျမ သူ့မွေးနေ့ကို ဘယ်လိုတည်ငြိမ်စွာ ရင်ဆိုင်ရပါ့မလဲ။

သူပြန်နေကောင်းလာမှာပါနော်။ သူနေကောင်းသွားတဲ့အခါ သူ ဒီအိမ်လေးကို ပြန်လာမှာပဲဆိုတာ ကျမ ယုံကြည်ပါတယ်။ ဒီနေ့မှာ ကျမဟာ မြတ်စွာဘုရားသခင်ရှေ့ မှောက်မှာ ယုံကြည်လေးနက်စွာ သူ အမြန်ဆုံးကျန်းမာစွာ ပြန်ရောက်ရှိလာဖို့ ထပ်ခါတလဲလဲ ဆုတောင်းခြင်းသည်သာ အတတ်နိုင်ဆုံးဖြစ်ပါတယ်။ ကျမရဲ့ အိမ်ကလေးဟာလည်း သူရှိမှာသာ ချောက်ချားဖွယ်ရာအိပ်မက်က နိုးထလာနိုင်တော့မှာ အမှန်ပဲ။

ခြေဖဝါးတွေ ထုံကျင်လာတဲ့အထိ မြတ်စွာဘုရားရှေ့ မှောက်မှာ ကျမ ရပ်နေမိဆဲ..။ ကျမဟာ လိုချင်စိတ်နဲ့ ဘုရားရှိခိုးသူ မဟုတ်ခဲ့ပါ။ အခုအချိန်မှာတော့ ကျမဟာ ယခင်အခြေအနေနဲ့ ဆန့်ကျင်စွာ …။ ဘုရားသခင် ရှေ့ မှောက်၌ မျှော်လင့်ချက်တခုအတွက် ရူးသွပ်စွာ….။ တောင်းပန်တိုးလျှိုးစွာ….။ ခယဝပ်တွားစွာ….။ နီရဲစိုစွတ်သော မျက်လုံးအစုံနှင့်…..။ စိုးရိမ်ပူပန်သော မျက်လုံးအစုံနှင့်….။ မျှော်လင့်တကြီးရှိလှသော မျက်လုံးအစုံနှင့်……။

မွေးနေ့တိုင်းမှာ သူ့မိတ်ဆွေတွေနဲ့ ဆုံကြတာတွေကို သူသတိရနေမှာပဲ။ သူများမွေးနေ့တွေမှာ အလိုက်တသိ သတိတရရှိလွန်းလှတဲ့ သူ့အတွက် ကျမလေ မရေးတတ် ရေးတတ်နဲ့ ကြိုးစားဖွဲ့ထားတဲ့ ကဗျာလေး တပုဒ်စ၊ နှစ်ပုဒ်စ ပို့လိုက်ချင်ပါရဲ့။ ကာရံမညီမညာနဲ့ ကျမ ကဗျာလေးကို သူဖတ်ရရင် လက်ရှိဘဝက ခဏလွတ်မြောက်ပြီး ရယ်မောနိုင်စေချင်လို့ပါ။ ဒါမှမဟုတ် “တဂိုး”ရဲ့ ကဗျာ တပိုင်းတစ ……

ဝေဒနာ
ငြိမ်းပါစေကြောင်း
ဆုတောင်းခြင်းမပြုလို။

နာကျင်ခြင်းအား
မှုမထားပဲ
ကျော်လွှားနိုင်ကြောင်း
အသည်းကောင်းလိုသည်။


(“ဗမိုး” ဘာသာပြန်)

ဆိုတဲ့ကဗျာလေး တပိုင်းတစပဲဖြစ်ဖြစ် သူ့အတွက် မွေးနေ့လက်ဆောင်။ ဒါပေမယ့် စာငတ်မွတ်နေတဲ့ သူ့မျက်လုံးလေးတွေက ဖွင့်ထားပေမယ့် မြင်မှမမြင်ရဘဲ။

သူနဲ့ ကျမရဲ့ ကွဲကွာခြင်းဟာ သူကျန်းမာတဲ့တနေ့ကျရင် အဆုံးသတ်ရမှာပါ။ ကျမတို့ဟာ လူချင်းဝေးပေမယ့် စိတ်ချင်းမဝေးပါဘူး။ ကံကြမ္မာက ကျမတို့ကို တသီးတခြားစီခွဲထားပေမယ့် စိတ်ချင်းကိုတော့ ဘယ်လိုနည်းနဲ့မှ ခွဲထားလို့မရနိုင်ဘူး။ ဒါကို ကျမ ယုံကြည်ပါတယ်။

ဒါပေမယ့် အရာရာတိုင်းဟာ ဖြည်း ဆေး နှေး ကွေး လေး လံ လျက် နေဆဲပါ။ သမရိုးကျလောကကြီးကို ဘယ်အရာတွေက နိုးကြားဖျတ်လတ်စေမှာလဲ။ ကမ္ဘာလောကကြီးတခုလုံး ပေါ့ဆမှုကြီးထဲ နစ်မြုပ်နေသလိုပဲ။

အချိန်တွေ…..အချိန်တွေဟာ အကုန်မြန်လိုက်တာ။
အချိန်တွေ…..အချိန်တွေဟာ ကုန်နိုင်ခဲလိုက်တာ။

ညက အိပ်မက်ထဲမှာ သူ့ကိုတွေ့ရတယ်။ တခါမှမရောက်ဘူးတဲ့ ဆေးရုံးလေးထဲကို ကျမရောက်သွားတယ်တဲ့။ ဆေးရုံတခုလုံးဟာ လူအများကြီးရှိတယ်လို့ မထင်ရအောင် ဣနြေ္ဒကြီးနေတယ်တဲ့။ တချက်တချက် အော်ဟစ်ညည်းတွားလိုက်တဲ့ လူနာတွေရဲ့အသံသာ နံရံတွေပြန်ကြားရပြီး ကြက်သီးထစရာကောင်းနေတယ်။

သူနေတဲ့အခန်းမှာ လူနာကုတင်တွေဟာ လူသွားလမ်းကိုတောင် နေရာမပေးချင်တော့ဘူး။ ကုတင်တိုင်လေးတွေကို ပွတ်တိုက်တိုးဝှေ့ပြီး သူ့ဆီအရောက်သွားနေတဲ့ ကျမကို ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ လူနာတွေက မျက်လုံးပြူးကြောင်တွေနဲ့ သိစိတ်မဲ့ငေးကြည့်နေကြတယ်တဲ့။

သူ့ဘေးမှာတော့ ပြတင်းပေါက်လေးတပေါက်ရှိပြီး သူက ကျမလာနေတဲ့ဘက်ကို မျက်နှာလှည့်ထားတယ်။ သူမမြင်နိုင်တာကို မေ့ပြီး ကျမ လှမ်းလက်ပြမိတာကို စိတ်ထဲက ကိုယ့်ကိုယ်ကို ကျိန်ဆဲမိပါရဲ့။

သူ့အနားရောက်တော့ သူ့ရဲ့အကြောဆိုင်းနေတဲ့ လက်ကလေးတွေ၊ ခြေထောက်ကလေးတွေကို ကွေးချည် ဖြန့်ချည်နဲ့ ကြိုးစားပြီး လေ့ကျင့်ခန်းလုပ်နေတဲ့ သူ့ကိုတွေ့လိုက်ရတော့ ကျမရဲ့မြန်နေတဲ့ နှလုံးခုန်ချက်ဟာ ခဏ ရပ်တန့်သွားသလားပဲ။

ကျမ ခန္ဓာကိုယ်ဟာ သူ့ကုတင်ဘေးမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ယိမ်းထိုးနေပြီး သူ့ကို ငုံ့ကြည့်နေမိတယ်။ သူက ဘေးနားမှာ ရှိနေတာကို ခံစားမိပုံနဲ့ ဖျတ်ကနဲမော့ကြည့်တယ်။

အို ….. သူ့မျက်လုံးတွေက ကျမ စိုးရိမ်စိတ်တွေနဲ့ ဟိုးတခြားစီမှာ။ မမြင်နိုင်ပေမယ့် ကြည်စင်နေမြဲဖြစ်တဲ့ သူ့မျက်ဝန်းတွေမှာ တစုံတခုကို ကျမ အသေအချာတွေ့လိုက်ရတယ်။

အဲဒီနောက်မှာ သူ့အပေါ်စိတ်ချခြင်း၊ ကျေနပ်ခြင်း၊ အားပေးခြင်းတွေနဲ့ ကျမဟာ အသံမထွက်ပဲ မျက်လုံးချင်း စကားအများကြီး ပြောဖြစ်ခဲ့ပါတယ်။

အိပ်မက်တွေကို စိတ်မဝင်စားတဲ့ ကျမဟာ ဒီအိပ်မက်ကို အသေးစိတ်ကအစ ပြန်မှတ်မိနေတာ လောကရဲ့ အံ့သြစရာထဲက တခုပါပဲ။

ကျမ သူ့ကုတင်ဘေးက တိတ်တဆိတ်ပြန်ထွက်လာတော့ ကုတင်ခြေရင်းမှာ ဆေးမှတ်တမ်းကဒ်ပြားလေး ချိတ်ထားတာတွေ့လို့ ယူကြည့်လိုက်ပြန်တယ်တဲ့။

သူ့ရဲ့အခြေအနေပြ ဇယားကွက်လေးမှာ ဆေးရုံတက်ချိန်မှ အခုချိန်ထိ ဂရပ်မျဉ်းကြောင်းလေးဟာ အောက်ကိုလည်း မကျ၊ အထက်ကိုလည်း မတက်ပဲ သာမန်အခြေအနေအတိုင်း ပုံမှန်ရှိနေတာ အံ့သြစရာကောင်းအောင်ပဲ ကျမ တွေ့ခဲ့ရတယ်တဲ့။

ဒီထက်ထူးဆန်းတာကတော့ ရောဂါအမျိုးအစားမှာ သူ့ရဲ့ ကိုယ်လက်အင်္ဂါထိခိုက်မှုအကြောင်း ဆရာဝန်က တခုမှ မှတ်ချက်ရေးမထားပဲ စာလုံးကြီးကြီးနဲ့ စာကြောင်းတကြောင်းပဲ ရေးထားတာ ကျမတွေ့ရတယ်။

အဲဒါကတော့ …..
“နှလုံးသားထဲက ဒဏ်ရာ” တဲ့။

ကျမ အိပ်မက်ကလေးဟာ အဲဒီနေရာမှာပဲ ပြီးဆုံးသွားခဲ့ပါတယ်။


မိုးချိုသင်း

(သမီး ငယ်ငယ် အတွက် တင်တဲ့စာ)

အပြည့်အစုံဖတ်မယ်...

ငှက်ကလေး ခရီးသွား (နိဂုံး)



ဘ၀ တဆစ်ချိုး

သူမ ပြည်ပ၌ အိမ်ထောင်ပြုအပြီး ၈လ ပင် မကြာ အဖကို ခေါ်ငင် ခဲ့သည်။ သူမ အဖကို လွမ်းခဲ့လှပြီ။

သူမ သူငယ်ချင်း “ဖြူ” ပြောသလို “ဆရာနဲ့ စကားမပြောရတာ နို့များများ၊ မလိုင်များများနဲ့ အရသာ ရှိရှိ ဖျော်ထားတဲ့ ကော်ဖီ ပျစ်ပျစ်နှစ်နှစ် တခွက် မသောက်ရတော့သလို၊ ဆရာ့အသံလေးလေးပင်ပင် ပြည့်ပြည့်၀၀ကြီးကို နားမထောင်ရတာ ဘ၀မှာ နေထိုင်ရတာ လေးနက်မှုနဲ့ အဓိပ္ပါယ် မရှိတော့သလို ခံစားနေရတယ်ဟာ”

သူမလဲ ဘုရားပုထိုးနှင့် ထိုပျစ်ပျစ်နှစ်နှစ် ကော်ဖီကို တမ်းတမိခဲ့ရသည်လေ။

နောက် အဖေရောက်လာ၊ ကဗျာ ရောက်လာ၊ ကဗျာ ခရီးစုံ ထွက်ကြ၊ အရှေ့အနောက် တောင်မြောက် ပေါင်းကူးတံတားတွေ ဆောက်ကြည့်ကြ၊ ဘ၀တွေကို အဆစ်ဆစ် ချိုးကြည့်ကြ။ တိုင်းပြည်အရေးတွေ၊ နာရီတွေ ကျွမ်းသွားမတတ် တွေးကြ၊ လွမ်းကြ၊ အလွမ်းတွေ အရည်ဖျော်ပစ်ကြ၊ ကြိုးစားမေ့ပစ်ကြ။ ကဗျာ အိပ်မက်တွေ ဆက်မက်ကြ။

အိမ်လွမ်းညများ

သူတို့ နိုင်ငံ သူတို့ ဓလေ့
သိမ်မွေ့ ကြီးကျယ် ခမ်းနား
ပြည်ကြီးသား ဆိုနိုင်စလောက်
ဂုဏ်မြောက်တယ် ဆိုပေမယ့်
ငါ့အလို မပြည့်တာက
ဆွေးမြည့်တဲ့ အိမ်လွမ်းနာ။

ငါ့ အိမ်ကလေးကို သတိရ..
ငါ့ အကြော်တဲကလေးကို သတိရ..
ငါ့သား ငါ့သမီး
ငါ့မြေး မာရဲ့လားလို့ သတိရ
ငါ့သူငယ်ချင်း
မိတ်ရင်း ဆွေသဟာတွေနဲ့
လက်ဖက်ရည်ဆိုင်တကာ ထိုင်ပြီး
စကားလှိုင်လှိုင်ပြောခဲ့တာ သတိရ..
ဘာကမှ မပြည့်စုံတဲ့
တို့ရိပ်မြုံ တို့ရွာကလေး
စိတ်အေးအေးနဲ့ လျှောက်၍လည်
လွမ်းဖွယ်ရာ တကယ်ကောင်း
ငါနေခဲ့တဲ့ ဘုန်းကြီးကျောင်းကလေးကိုလဲ
တရေးရေး သတိရ..
အမိအဖ မရှိတော့ပေမဲ့
ငါ့ဘ၀မှာ အဓိကရပါလား
ငယ်ဘ၀ ငယ်ဓလေ့
တကယ်မမေ့နိုင်လို့ သတိရ..
အို.. သတိရစရာတွေ တပြုံကြီးနဲ့
သံယောဇဉ် မီးတွေ မြိုက်တော့
ဥရောပတိုက်မှာ ငါမပျော်
ပြန်ရသော် ကောင်းနိုးနိုးနဲ့
မိုးချုပ်၍လာ။
အိမ်ပြန်လျှင် မလိုတမာစိတ်တွေနဲ့
ငယ်ထိပ်ကို နာနာထောင်းပေလိမ့်
အကြောင်းကြောင်း ထောက်လို့စာ
ရွာပြန်သင့် မပြန်သင့်။

သတိရပေမယ့်
ဒွိဟတွေ ထွေးရောယှက်
အိပ်ပျက်သည်နှင့်။

၂၆၊ သြဂုတ်၊ ၁၉၉၉


ပျံသာပျံပါ ထက်အာကာ

အခုတော့ ပျံပါပြီ ငှက်ကလေး။
သူမ အရုပ်ကြိုးပြတ် ကျန်ခဲ့ပြီ။ ငှက်ကလေး၏ ပူးကပ်နေသော ၀ိညဉ်တို့နှင့် တစ တစ ဝေးရတော့မည့်ထင့်။
ငှက်ကလေး သင်ထားသလို လောကကို အပြုသဘော ဆောင်ကြည့်သည်။
ဟန်ဆောင်ခြင်းနှင့် မျက်ရည်များသာ ကျန်ရှိပါသည် ငှက်ကလေး။
မရင့်ကျက်နိုင်ပါ ငှက်ကလေး။
အာကာ ၀ိညဉ်မှာ ကဗျာနိုင်ငံ ထူထောင်ပါ ငှက်ကလေး။
မိခင်နှင့်အတူ “ကဗျာတပုဒ် ပန်းနှစ်ပွင့်” ဖွဲ့သီပါ ငှက်ကလေး။

ကဗျာတပုဒ် ပန်းနှစ်ပွင့်

ဝါးရုံကြား၌
စကားတိုးတိုး။ တိတ်တိတ်ခိုး၍
မိုးချုပ်ခဲ့သည်၊ တို့မကြောက်။

လယ်ကွင်း ရိုးပြတ်၊ ကန်သင်းစပ်၌
ခြေပက်ကြားအက်၊ ခရောင်းထက်တွင်
ထိုင်လျက် နေကုန်၊ မိုးရိပ်မှုန်လည်း
မတုန်လှုပ်ဘူး၊ တို့နှစ်ဦး။

တို့ဘ၀တွင်
ကျကာ တက်ကာ၊ လှိုင်းပမာလည်း
သာယာဘိခြင်း၊ လှိုင်းထက်ဆင်း။

သူနှင့်အမြဲ၊ လက်ချင်းတွဲက
ရဲစိတ်ဘယ်က၊ ငါလျှင်ရ
အံ့စွ သတ္တိ၊ ငါ မသိ။

ခရောင်းတောမှ၊ ပန်းရွှေမြတို့
လှဘိ၊ ၀င်းဘိ၊ ခင်းလုံး ပြည့်။

သူနှင့် ငါကား
ကာရန်ညီညွတ်၊ တတွတ်တွတ်နှင့်
ကြည်ဆွတ်စရာ၊ တီတာတာတည့်
ကဗျာတပုဒ်၊ ပန်းနှစ်ပွင့်။

(မြ၀တီ၊ ၁၉၈၀၊ ဒီဇင်ဘာ)


နောက်ဆုံး အိပ်ရာ နောက်ဆုံး ကဗျာ

သာမန်လူသားတဦး၏ ဆန္ဒ

အာဂတံ ပါဂတံနဲ့
ဗာလာနံတွေနဲ့
ဝါစာကမာဆန်ဆန် မြိုင်တောလယ်မှာ
လှိုင်ဘောလယ်နေသူ မဟုတ်။

သူ့နေရာနဲ့ သူ့နေရာ
ဗဟုသုတ ပဒေသာဖြိုင်ဖြိုင်သီးနေတဲ့
ဂနိုင်ကြီး မြိုင်ကြီးမှာ
ခိုမှီးနေထိုင်သူ ဖြစ်ပါတယ်။

ကျမ်းဂန်အသီးသီးက
လမ်းမှန်နည်းတွေကို
ရှာမှီး ဝေဖန်ရင်း
အနေကန် မရေမရာကို ခွာ
ဧကန် အဖြေကို ရှာနေသူ ဖြစ်တယ်။

ဘ၀ရဲ့ အတိမ်အနက်ကို
တခဏနဲ့ ချိန်စက်
အိပ်မက်လို ၀ိုးတိုးဝါးတားနဲ့
ကိုးယို့ကားယားကို အဟုတ်မှတ်
ရုပ်ဓာတ် နာမ်ဓာတ် မကွဲမပြားနဲ့
အသည်းတယားယား ဖဲကစားသလို
အလွဲအမှားတွေ လွန်ကျူးနေတဲ့
စာတမူးတန်နဲ့
ချာတူးလန်လည်း မဟုတ်ပါချေ။

အခွင့်အရေး မြက်တဆုပ်နဲ့
မဟုတ်သည်ကို အဟုတ်ပြော
ဗုဒ္ဓေါ တ ရတဲ့ လူအညံ့စား
ခန့်ညားရိုသေဖွယ် မရှိ
အဂတိလိုက်စားတဲ့ ငမိုက်သား သတ္တ၀ါ
ပကာသနကို ငတ်ကြီးကျတဲ့
နှပ်ချေးတမျှ ရွံစရာ
လူ့ဗလချာ မဟုတ်ပါ။

ဘ၀မှာ အနေရိုးပေမယ့်
သဝေထိုးခြင်းလည်း မရှိ။
အသိပညာ အတတ်ကို ရှာပြီး
မြတ်ရာကို ကိုးကွယ်
အမျိုးအနွယ်ကို ချစ်မြတ်နိုး
ရိုးသားမှုကို စံနမူနာယူ
မြန်မာဇမ္ဗူမှာ လူကောင်းတယောက်
ကျောက်ကောင်းတစေ့ ဖြစ်ခွင့်ရရင်
ဘ၀မှာ ကျေနပ်
အနေမြတ်တယ်လို့ ယုံမှတ်သူ ဖြစ်ပါတယ်။

ကိုယ်ကြီးကျယ်ဖို့ထက်
နိုင်ငံကြီးကျယ်ဖို့ အရေးကြီး
ရီးတီးယားတားနဲ့
ဆီးသီး နွားစား နေ့မပါးလိုဘူး
တရားမျှတ၊ လွတ်လပ်မှ ချမ်းသာ
သူ ငါ အားလုံး၊ ညီညာညာ ရုန်းကြမှ
လူလုံးလှလတ္တံဟု
စိတ်နေသန့်သန့်နဲ့
မထိတ်မလန့် နေချင်သူပါ။

ရေမှုတ်ထဲ မိကျောင်းပေါ်သလို
တကိုယ်တော် ကျော်ကြားမှု မလို
ကိုယ်က အစ၊ သူက အားလုံး
ရွှင်ပြုံး ချမ်းမြေ့၊ ပျော်တဲ့နေ့ကို
မြင်တွေ့လိုစိတ်နဲ့
အတိတ်က အမှားတွေကို ကျော်
ဒိဌတရားကို မျှော်ရင်း
ဘုရားပေါ်သို့ ပျော်ပျော်တက်
ဒိုးပတ်ဝိုင်းနဲ့ ပျော်တော်ဆက်ချင်ပါကြောင်း။ ။

တင်မိုး
၂၁၊ ၁၊ ၂၀၀၇



မိုးမိုးနှင်း

အပြည့်အစုံဖတ်မယ်...

ငှက်ကလေး ခရီးသွား


ဒီနေ့ဆို ရန်ကုန်မှာ နိုဝင်ဘာလ ၁၉ရက်။ အဖေသာ ဒီနေ့ ဒီအချိန်မှာ ရှိတယ်ဆိုရင် အသက် (၇၅) နှစ် ပြည့်ခဲ့ပြီ။
အဖေ့ မွေးနေ့အမှတ်တရအတွက် ကိုယ့် အမအငယ် မိုးမိုးနှင်းရဲ့ စာကဗျာ အတ္ထုပ္ပတ္တိလေးကို ဖော်ပြချင်ပါတယ်။ မနှင်းက ဒီစာစုလေးကို အဖေဆုံးပြီး ၃လ အကြာမှာ ရေးခဲ့တာပါ။ မနှင်းကတော့ ကိုယ်တို့ မိသားစုထဲမှာ အနုပညာသွေး အပါဆုံး၊ အဖေ့ကို နားလည်မှု အပေးနိုင်ဆုံး သမီးတယောက်ပါ။
ကိုယ့်ရဲ့ မှတ်တမ်းလေးမှာ ကိုယ့်အမတယောက်ရဲ့စာလေးကို အဖေ့မွေးနေ့ အမှတ်တရ ဖော်ပြခွင့်ရတာ ၀မ်းသာမိပါတယ်။ ဖတ်ကြည့်ကြပါအုံး။


ငှက်ကလေး ခရီးသွား

မတ်လရဲ့ ဥရောပမှာ ချယ်ရီတွေ စောစောစီးစီး မြိုင်မြိုင် ပွင့်နေပြီ ငှက်ကလေး။ ငှက်လေး ပြန်မလာဘူးလား။

အစ၏ သမိုင်း

သူ့ကို စမွေးတော့ သူ့အိမ်ရာသည် နွားစားကျက်သာသာဖြစ်သည်။ သူ့အိပ်ယာသည် နွားစားခွက်သာသာ ဖြစ်သည်။ ဒါဆို ယေရှုခရစ်လို ဖြစ်နေတာပေါ့ ဟု သူမက ပြူးပြူးပြက်ပြက် အံအားတသင့်မေးတော့ “အဲသလိုဆန်ဆန်ပါပဲ သမီးရဲ့” ဟု ခပ်တွေးတွေး ဖြေသည်။ အဖ ဦးဘအို နှင့် အမိ ဒေါ်စံထယ်တို့မှာ ရပ်ရွာသစ် ပြောင်းစ ကာလ ဖြစ်သည်။ ရေစကြို ခရိုင် မုံညင်း၊ မြေဖြူမှ တောင်သာမြို့နယ် ကန်မြဲဇဂျမ်းရွာသို့ အထုပ်အထည် သိပ်မပါ လက်ချည်းသာသာ ပြောင်းစဉ်က ဖြစ်သည်။

အဖိုး ဘုရားတကာ ဦးထွန်းတင်က သားမောင်ဘအိုကို မဟာဂီတ လိုက်စားစေခဲ့သည်။ ဘာသာ သာသနာနှင့် ဂီတကို စည်းကမ်း တင်းကြပ်စွာ မျိုးစေ့ချပေးခဲ့သည်။ အရွယ်တန်၍ တရွာသူ မစံထယ်နှင့် အကြောင်းပါတော့ အဖိုးက ငွေ အရင်းအနှီးထုတ်ကာ နယ်လှည့် စီးပွားရှာခိုင်းသည်။ ကိုဘအိုမှာ တောင်ယာ စိတ်မ၀င်စား၊ စီးပွားမမှု။ ဖခင်ပေးသော ငွေအရင်းအနှီးနှင့် နယ်လှည့် အထည်သည် ဖြစ်ရသည်။ ထိုဘ၀တွင် ပျော်ရွှင်စွာ ကျင်လည်သည်။

အထက်ပြည် အထက်ရွာ မန္တလေးအထိ၊ အောက်ပြည် အောက်ရွာ မော်လမြိုင်၊ ရွှေတိဂုံအထိ “စိန်ဗေဒါ”ဆိုင်းဝိုင်းနှင့် လိုက်သည်။ ဤတွင် ဂီတ အနုပညာနှင့် ပျော်မွေ့တော့သည်။ အထည်စီးပွားဖြစ်မဖြစ် သိပင်မသိတော့။ ဇနီး မစံထယ်နှင့် မိခင် ဖခင်ကိုပင် အမှတ်မရနိုင်တော့။

၎-၅-၁၀ နှစ် သူ့သည်းခြေကြိုက် စိန်ဗေဒါ ဆိုင်းဝိုင်းနောက် အထက်၊ အောက်၊ အညာ၊ အကြေ စုံအောင် စုန်ဆန်ပါတော့သည်။ မိခင် နာမကျန်းဖြစ်ကာမှ စာကလေး တစောင်မှ တဆင့် ရွာသို့ ပြန်လည်ခြေချ မိသည်။ ငွေလည်း မကျန်၊ လက်လုပ်လက်စားလည်း မလုပ်တတ်။

ထိုမှတဆင့် ဇနီးသည်ကို လက်ဆွဲကာ ကန်မြဲ ဇဂျမ်းသို့ အခြေချဖို့ ကြိုးပမ်းခဲ့သည်။ သားသမီး စုစုပေါင်း ဆယ်ဦးထက် မနည်း ဖွားခဲ့သော်လည်း နောက်ဆုံး သုံးဦးသာ အဖတ်တင်ရသည်။ အဖတ်တင်သည့် သမီးကြီးမှာ“တင်မေ” ဖြစ်လာရသည်။ ကန်မြဲမှ မွေးသူ သမီး “မမြဲ” မှာ အရွယ်မတန်ခင် ကွယ်လွန်ရသည်။ သည့်နောက် ကန်မြဲဖက် မွေးသူ ကန်မြဲဇဂျမ်းသား မောင်ဘဂျမ်းသည် “တင်မိုး” ဖြစ်ပါသည်။ နှမ အငယ်ဆုံးမှာ “မတင်စန်း” ဖြစ်သည်။

အစပထမ အရီးအံ့၏ အိမ်တွင် အဖီဆွဲနေခဲ့ကြခြင်း ဖြစ်သည်။ အရီးအံ့၏ အိမ်ဖီသည် သူ၏ မွေးဖွားရာ ဖြစ်လာရသည်။

ထိုမှအစပြု၍ ဖခင် မိခင်တို့၏ အပ်ချုပ်ပညာ၊ အဖ၏ဂီတ အနုပညာ မေတ္တာ၊ စေတနာ ရက်ရောမှုနှင့် လုံ့လ ၀ီရိယတို့ကြောင့် တရွာတကျေးတွင် ချစ်ခင်မှုရရှိကာ အိမ်ယာ တင့်တယ် အတည်တကျ ဖြစ်ခဲ့ကြရသည်။ ထိုမှ ရွာဂီိတ၀ိုင်း၊ အိမ်ဂီတ အသိုင်းအ၀ိုင်းမှတဆင့် သူ၏ ဘုန်းကြီးကျောင်းပညာရေးကို ရွာဆရာတော် အရှင်အာစရဆီမှာ ကျိုးကျိုးနွံနွံ သင်ယူသည်။ စာတတ်၊ ပညာတတ် ဖြစ်လိုစိတ် အလွန်ပြင်းပြသည်။ မန္တလေး ရွှေရေးဆောင် ကျောင်းတိုက်မှ ကိုရင်ဘ၀မှာ အားရဖွယ်၊ အားကျဖွယ်၊ သနားစဖွယ်လည်း ဖြစ်သည်။

“ဖေဖေ မန္တလေး ကိုရင်လေးဘ၀ မနက်မနက် ဖိနပ်မပါ ဆွမ်းခံထွက်ရင်း တခါတရံ အမရပူရဖက်၊ အင်းဝဖက်ထိ လယ်ကန်သင်းရိုးတွေမှာ ဖြတ်လျှောက်ရင်း လောကီပညာတွေ သိပ်ဆည်းပူးချင်ခဲ့တာပဲ။ တနေ့တော့ ငါ လောကီပညာတွေ တတ်မြောက်ပြီး လောကီ အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ အမြဲခံစား အိပ်မက်နေခဲ့တယ် သမီးရယ်”

ဆရာတော်များအား အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓဘာသာအား အင်မတန် ဦးထိပ်ထားသော်လည်း သူ၏တိုးတက်သော အမြင်က ရေစကြို “အမေတိုက်” အိမ်သို့ စွန့်စွန့်စားစား ပို့ခဲ့သည်။ ဤတွင် အဒေါ်ဖြစ်သူ အမေတိုက်၏ ဆိုင်လုပ်ငန်းများ ကူညီရင်း အတန်းကျောင်းပညာရေး စခဲ့ရသည်။

အဖေ၊ အမ၊ ကန်မြဲ ဇဂျမ်းနှင့် ဂီတကိုတော့ သူမမေ့။ ရွာကိုပြန်လာတိုင်း အကျိုးဆောင်သည်။ စာသင်ကြားရေး၊ စာကြည့်တိုက်လုပ်ငန်း အစရှိသည်..။ အဖေ့ရဲ့ မဟာဂီတကိုလည်း ရံဖန်ရံခါ လွမ်းဆွတ်သည်။

သည်လိုနှင့် အခြေခံပညာ အထက်တန်းအောင် ဆရာသမားများ ကျေးဇူးနှင့် မန္တလေးတက္ကသိုလ် ရောက်ခဲ့ရပါသည်။

“ဖေဖေ ဆယ်တန်းအောင်တော့ အသက် ၂၄နှစ် ရှိပြီ။ ကျောင်းစတက်တုန်းက ဘုန်းကြီးကျောင်းဘ၀ကလာတော့ အတန်းထဲမှာ အကြီးဆုံးဖြစ်နေတာ။ ငါ့သမီးက ၁၆နှစ်တောင် မပြည့်သေးဘူး ဆယ်တန်းအောင်တာ ကံကောင်းပါတယ် သမီးရဲ့” ဟု အားပေးစကားများ အမှတ်ရမိပါသေးသည်။

မန္တလေး တက္ကသိုလ်မှ တဆင့် ကဗျာဆရာတင်မိုး၏ ကဗျာဇာတ်လမ်းများ အစပြုပါပြီ။

သူမ၏ငှက်ကလေး

သူမက ဖခင်ကို ငှက်ဟုခေါ်မည်။ ငှက်က အပြစ်ကင်းစင်သည်။ အသံချိုသည်၊ သဘာဝလောကကို အကောင်းမြင်သည်။ အလှဆုံး သီဖွဲ့သည်။ မနက်လင်းအားကြီးနိုး သီချင်းဆိုသည်။ သည်လောက်ဆို ငှက်ကလေး၏ ဂုဏ်အင်္ဂါ လောကတွင် တနေရာစာ ကြွယ်ဝပြီ။

ငှက်ကလေးနိုးလျှင် ချက်ချင်း မျက်နှာသစ်သည်။ နိုးထခြင်း၊ သစ်လွင်ခြင်း၊ အသံတွေကို ရှာမည်။ အရုဏ်၏အလှ အခင်းအကျင်းကို သူက အမက်မောဆုံးဖြစ်မည်။ သန့်စင်ခြင်း၏သဘောလား။ ကျေးငှက်တို့၏ ဂီတသံ၊ ပဲပြုတ်သည် မလေး၏ စူးရှရှ ဂရုဏာသံ၊ စမ်းချောင်းလေး တွတ်ထိုးသံ၊ လက်ဖက်ရည်ဆိုင်များ၏ တရားဓမ္မသံ (သို့မဟုတ်) ကြောင်ကျီကျီ ဂီတသံ၊ ဒါမှ မဟုတ် ကလေးနိုးထ သံ၊ အရုဏ်ဦး ဘုရားရှိခိုးသံ အကုန် စူးစမ်းသည်။ ကဗျာတပုဒ် ဖန်ဆင်းမိပြီပေါ့။ နောက် နေခြည်ထွက်လာ၊ နေစာလှုံ စာတပုဒ် ပြီး တပုဒ်၊ နောက်တပုဒ်။ လက်ဖက်ရည်ကြမ်း တခွက်၊ ဆေးလိပ်တတို၊ ကော်ဖီတငုံ၊ ပဲပြုတ်သည်မလေးရောင်းတဲ့ ကောက်ညှင်းပေါင်း။ အားလုံး ကဗျာဖြစ်ခဲ့ပြီ။
“မနက်ခင်း ကဗျာများ” သည် လှပသည်ချည်း။ ။

ထိုသို့ ကျေနပ်စွာ လွတ်လပ်ပြီးသကာလ ပြင်ပသို့ ထွက်ကာ ကဗျာနှင့် လောကရဲ့ အမှန်တရားကို ညှိမည်။ အဖြေရှာမည်။ ကျောင်းဆရာတဦးရဲ့ ဘ၀၊ ပန်းချီဆရာ၏ အတွေး၊ ကလေးငယ်၏ ပုံရိပ်၊ ဆိုက်ကားဆရာ၏ ဇာတ်လမ်း၊ အိမ်ရှင်မ၏ ဒုက္ခ၊ အရာရှိမင်း၏ ပြဿနာ၊ လူငယ်တို့၏ အရေး။ လောကတရားခုံရုံး၌ လွတ်လပ်တရားသူကြီး ဖြစ်မည်။ ကိုယ်ပိုင်အတွေး နိုင်ငံတွင် ကိုယ်တိုင် အစိုးရမည်။ အမှန်၊ အမှား၊ အချို၊ အခါး ခြုံငုံ ကြည့်ရှုမည်။ လက်ဖက်ရည်ဆိုင်များသည် သူ၏ကဗျာ စတူဒီယိုများသာ ဖြစ်ပါသည်။ နားထောင်စမ်း လူတွေရဲ့အသံ။ သူတို့ ပြောပြနေကြတာ၊ သူတို့ရဲ့ အလွှာလွှာ ခံစားမှုတွေ။ ရုံးမှာ၊ ကျောင်းမှာ၊ လမ်းမှာ။

ညဖက်အိမ်ပြန်တော့ ဒါတွေ ကဗျာဖြစ်ပြန်သည်။ ထိုကဗျာများကတော့ အရောင်စုံရပြီ။ ရသစုံသည်။ ခံစားမှု အစုံစုံ၊ စေတနာ အဖုံဖုံ။

ညနေဖက်တွင် ငှက်ကလေး၏တေးသံ အနည်းငယ် အက်ကွဲသည်။ ဘာပဲပြောပြော ဖခင်သည် သူမ၏ အရင်းနှီးဆုံး တေးသီငှက် ကလေးတကောင် ဖြစ်ရသည်။

အတ္ထုပ္ပတ္တိ

ပန်းများရဲ့ အတ္ထုပ္ပတ္တိ

မျိုးစေ့
ပန်းပင်
ပွင့်
ကြွေ
ဒါဟာ ပန်းပွင့်ရဲ့ အတ္ထုပ္ပတ္တိ မဟုတ်။

မြေထဲက ရုန်းထ မှု
လေထဲမှာ ရနံ့ ဖြန့်ဝေမှု
မုန်တိုင်းကို ခေါင်းငုံ့မခံ
လက်တုံ့ပြန်နိုင်မှု
နေရဲ့ ဒဏ်ကို
အားမာန်အဖြစ် ပြောင်းလဲမှု
သူ့စွမ်းအား သူ့ဂုဏ်သတ္တိတွေသာ
ပန်းပွင့်၏ အတ္ထုပ္ပတ္တိ ဖြစ်တယ်။

ပွင့်ပါစေ
ကြွေပါစေ
နိယာမ တရားထဲမှာ ကျင်လည်ပါစေ။

မြေ
လေ
ရေ
နေ
သူ့ အတ္ထုပ္ပတ္တိ ဖြစ်ထွန်းရာ အခြေအနေ
မွှေးပျံ့လာမယ့် ကမ္ဘာမြေ။

၁၉-၁၁-၉၅

အဖေမရှိမှ အဖ အကြောင်း ရေးရတော့မည်။ အရာရာ ချီတုံ ချတုံ၊ မချိတင်ကဲ။ အရာရာ အပိုင်းပိုင်း အစစ။ တိုတိုတောင်းတောင်း၊ ရှည်ရှည်လျားလျား။

အဖက အထည်ချုပ်၊ အမက ကြယ်သီးဖောက်၊ အဖက ဘင်ဂျိုတီး၊ ပတ္တလားခေါက်၊ အမက အကြမ်းတည်။ ဆရာအို တီးဝိုင်းသည် ရွာရှိလုလင်တို့၏ အနုပညာ ဘူမိနက်သန်။ ဖခင်၏ ကြီးပြင်းရာ အခြေအမြစ်။

ကဗျာ၏အချစ်က အချစ်ကို ကဗျာ ဖြစ်စေခဲ့သည်။ မန္တလေး တက္ကသိုလ် ဇာတ်လမ်းများတွင် ကဗျာသန်သူ၊ ကဗျာဆန်သူ၊ ကဗျာခင်သူ၊ ကဗျာ မင်သူ၊ ကဗျာမွေ့သူ၊ ကဗျာကို တွေ့သူ ရန်ကုန်သူ မိခင် “စန်း”နှင့် ချစ်ကြိုးသွယ်ခဲ့ရပြီ။ ထို့နောက် “ကဗျာ မိသားစု ” တည်ထောင်ကြလေသည်။

မန္တလေး စာပေလှုပ်ရှားမှုများမှ ရန်ကုန်သို့ ပြောင်းလာခဲ့ရာ သူမကို မွေးဖွားခဲ့သည်။ သူမကို “သမီးက မန္တလေး သန္ဓေ၊ ရန်ကုန်မွေး” ဟုပြောပြခဲ့သည်။

ကဗျာ မိသားစု

သူမကတော့ ဖခင်ကို စ သိချိန်တွင် ဖခင်၏ ဖောဖောသီသီ နှစ်နှစ်ခြိုက်ခြိုက် အပြုံးကို အဓိက မှတ်မိသည်။ ဖခင်သည် ငှက်တကောင်၏ တေးဆိုသံနှင့် မခြားမနား လေချွန်သည်။

သူမကတော့ သူမကိုယ်သူမ ၇လအရွယ်နှင့် ကွယ်လွန်ခဲ့ရသော သူမအထက် အမ “မိုးမိုးမင်း” ၀င်စားသည်ဟု ယုံကြည်နေသည်။ ဖေဖေတို့ မေမေတို့ ဘ၀လေးထဲကို နှစ်ခါ ပြန်ဝင်လာတာ ဟု ဖခင်က အမှတ်တရ ပြောလေ့ရှိသည်။ “မင်းမင်းက သူ့အဖေ မြင်ရင် မျက်လုံးလေးတွေ ကြယ်လို ၀င်းတောက် သွားတာ။ အဖေ့လေချွန်သံကို ရှာပြီး ပြုံးပြရတာ အမော” ဟု မိဘ၏ နက်ရှိုင်းမေတ္တာကို ငယ်ငယ်ကတည်းက ခံစားနေရသည်။

သူမအရွယ်ရောက်တော့ အိမ်သိပ်မကပ်ချင်။ ဖခင်နောက် တတောက်တောက် လျှောက်လိုက်သည်။ မိဘကျေးဇူးဖြင့် ဘ၀တွင် စာအုပ်ကောင်းများသာ ဖတ်ခွင့်ရခဲ့သည်။ ငယ်ငယ်ကတည်းက ပထမဦးဆုံး ဖတ်ခိုင်းတဲ့ စာအုပ်ကို မှတ်မှတ်ရရ ရှိလှသည်။ သမီး ဒါကို ကုန်အောင်ဖတ်။ စာအုပ်စင်မှ ဆွဲထုတ်ပေးသည်။ အင်ဒီရာဂန္ဓီသို့ ပေးစာများ။(ဖခင် နေရူးမှ-)

ယခင်ကတော့ Le Petit Prince (ခင်လေးမြင့် ဘာသာပြန် မင်းသားလေး)၊ Anderson ပုံပြင်များ၊ မိုးမခပင်ကြီးအောက်မှာ (အံ့မောင် ဘာသာပြန်)တို့ ဖတ်ဖူးပြီ။ နောက်ပိုင်းလည်း စာအုပ်အစုံစုံ Anne Frank Diary၊ မိုးကြယ်မို့လားနှင့် လမ်းသစ်၊ ငဘ၊ သူလိုလူ၊ ရင်နင့်အောင် မွှေး၊ လေရူးသုန်သုန်၊ ဦးစံရှား စုံထောက် ဇာတ်လမ်းများ၊ အစုံ အစုံ။

သူမကတော့ ဆရာဇော်ဂျီဘာသာပြန် နင်လားဟဲ့ ချစ်ဒုက္ခ ၀တ္ထုတိုများနှင့် ဆရာဝဏ် ဘာသာပြန် ဟိုက္ကူကဗျာများကို ငယ်ငယ်ရွယ်ရွယ် စိတ်ကူးယဉ် စွဲလန်းခဲ့ရသည်။ ယခု ကွယ်လွန်သူ ဆရာ မောင်ထွန်းသူရဲ့ လေလွင့်ငှက်ငယ်ကလေးများ ထင်သည် စသည်များ အပါအ၀င်ပါ။ ကလေးဘ၀တွင် မူရင်း၊ ဘာသာပြန်၊ ကဗျာ၊ စာ စုံလှသည်။ မိဘကျေးဇူးပါ။

စံ နှင့် ချိုကတော့ သူမထက် စာဖတ်နိုင်သည်။ ကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက် မရွေး အိမ်တွင် သည်းကြီး မည်းကြီး စာဖတ်ကြသည်။ ပြီး အမြင်တွေ ဖလှယ်ကြသည်။ ရွှေဥဒေါင်းများ၊ ဂျာနယ်ကျော်များ၊ ခင်နှင်းယုများ၊ စံစံက သူ့ရဲ့ ငယ်ဘ၀တခုလုံး စကားလက် အိုဟာရာက လွှမ်းမိုးနေပါသတဲ့။ “အေး”ကတော့ မဂ္ဂဇင်း ၀တ္ထုတိုများကို ပိုနှစ်ခြိုက်သည်။ “ချို”က မြန်မာစာ အရေးကောင်းသည်။ ဒါကြောင့် အယ်ဒီတာ နှင့် ၀တ္ထုရေးဆရာမလေး ဖြစ်လာသည်။ လွမ်းဆွတ်ဖွယ် “မှန်တင်ခုံပေါ်က နှင်းဆီပွင့်”။

“ဥာဏ်”ကတော့ ဟိုတအုပ်၊ သည်တအုပ်၊ ဟိုနားခွေ၊ သည်နားခွေ ဖတ်နေတာပါပဲ။ ဘာစာအုပ်တွေလဲတော့ သိပ်မသိ။

တအိမ်လုံး အကြိုက်ကတော့ မိုးမိုးအင်းလျား ဖြစ်မည်။ အမေက စ ဦးဆောင်။ “မြန်မာပြည်တွင် နေကြသည်”က အလွန် သရုပ်ပေါ်လှတဲ့ ဂန္တ၀င်အနုပညာလက်ရာ။

အိမ်တွင်းစကားဝိုင်းများတွင် စာပေနှင့် အနုပညာရေး က အဓိက ဖြစ်လို့နေသည်။ ၀မ်းရေး အတွက် အမေက မေတ္တာစေတနာ ဗလပွနှင့် အမေ့ကျောင်းပျိုးခင်း မူကြိုကို အောင်မြင်စွာ ဖွင့်၍ အဖေ့အနုပညာကို ပါရမီ ဖြည့်သည်။ သားသမီး ငါးဦး အ၀တ်လှ၊ ဗိုက်ဝခဲ့ပါသည်။

“ပုဂံကျောင်းက ခေါင်းလောင်းသံ” ကဗျာများ ၁၉၇၇ ထုတ်ကတော့ ဖခင်ရော သူမပါ အားအရဆုံး ကဗျာစာအုပ်ဟု ထင်မြင်ပါသည်။ အနုပညာ၊ လူမှုရေး၊ လူသားရေးရာ အစစ စေတနာနဲ့ အရည်အသွေး ရောင်ပြန်ဟပ်နေသော ခေတ်၏ ကြေးမုံတချပ်လို့ သူမထင်သည်။ ကံကော်ရိပ်မှ အိမ်မက်များကိုလည်း အံ့သြတကြီး သူမ နှစ်ခြိုက်သည်။

ဆယ်ကျော်သက် သူမ စာလက်တဲ့စမ်းကြည့်တော့ “ရထားည” တို့ “အိမ် ဒိုင်ယာရီ” တို့ “စိတ္တဇ ပန်းချီ” တို့၊ “ပညတ်များ”တို့ “စပယ်မေမေနှင့် စကားပြောခြင်း”တို့ ထွက်လာသည်။ ဖခင် သိပ်သဘောတွေ့ပုံ မရ။ လက်တွေ့နဲ့ ဘ၀ကို ဆက်စပ်ပါ သမီးရဲ့၊ အတွေးနဲ့ ခံစားမှုတွေကို လျှော့ပါ။ လွင့်မျော မနေစေနဲ့။

ဖခင်က ဆရာကြီး ရွှေဥဒေါင်း၏ခွန်အားရှိသော စာကို ထောင့်အမျိုးမျိုးမှ တွေး၍ လိုလားသည်။ အနုပညာနဲ့ လောကကို အားပေးပါ ဒါ အဓိပ္ပါယ် ပိုရှိပါတယ် တဲ့။ သူမ ဖခင်ကဗျာများ ဖတ်ရင်း ရဲရဲဝင့်ဝင့် ထောက်ခံပါသည်။

ထို့နောက် ဖခင် အလုပ်ပြုတ်၊ “စာသင်ပြခြင်း” ၏ အပြစ်ဒဏ်။ အလကားပဲတင်း စေတနာ ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ အကျိုးပြုအပြီး ရလဒ်။

အိမ်ပြောင်း၊ အမေဆုံး၊ အဖေ ထောင်ကျ၊ ကဗျာများ အချိုမြ နည်းပါးချိန် ကာလ။

အမှန်တော့ အမေဆုံးပါးကတည်းက အဖေ အတော်ငိုင်ခဲ့ပြီ။ ဒါပေမဲ့ ခွန်အားတွေ ပြန်မွေးသည်။ လောကဓံကို တင်းခံကြည့်သည်။ အငိုမှ ပြုံးကြည့်သည်။

မိုးနှင့်စမ်း

မိုးရွာလျှင်
စမ်းကလေး စီးမှာပင်။
မိုးစဲလျှင်
စမ်းကလေး အားနည်းမှာပင်။
မိုးကုန်လျှင်
စမ်းကလေး၏ အဟုန်ရပ်ပြီး
အနာဂတ် မိုးရာသီကို
မျှော်အုံးမည်ပင်။
မိုးရှိလျှင်
စမ်းရှိမှာ သေချာသည်ပင်။

တင်မိုး

သူပေးခဲ့သော တာဝန်များ

မီးတိုင်ငြိမ်း၍
သိမ်းပိုက် အထုပ်၊ တလှုပ်လှုပ်ဖြင့်
မိုးချုပ်ချိန်မှာ၊ သူနားရှာပြီ
နားပါစေတော့ ငြိမ်းစေတော့။

သူ့တာဝန်များ၊ အလုပ်နား၍
တံခါးသော့တံ၊ သူအပ်နှံခဲ့။

သွေးလက်စ နှင့်
ဝင်းပ လက်လက်၊ အကွက်ကျကျ
အရည်လှသည့်၊ မြ နှင့် ပတ္တမြား
ချန်၍ ထားခဲ့။

ထွန်စ ယက်စ၊ ပေါင်းသင်ရမည့်
မြသား ယာမြေ ဟိုတောင်ခြေတွင်
နေ၀င်ခါစ၊ ချိုးမ ကူသံ
တောပန်းမန်နှင့်
စိုက်ရန်ပျိုးရန်၊ ချန်ခဲ့သည်။

သူစိုက်ခဲ့သည့်
နွဲ့နွဲ့ လေဟုန်၊ စံပယ်ရုံမှ
ဖူးငုံနေဆဲ ရှိသေးသည်။

စံပယ်ပန်းနံ့၊ သင်းပျံ့နေစဉ်
ငါ့ ဥယျာဉ်၌
ပေါင်းသင် ရေလောင်းရအုံးမည်။

သူထားခဲ့ရာ၊ ရတနာကို
ကောင်းစွာ သွေးရပေအုံးမည်။

သူသီလက်စ၊ တေးအလှသည်
ပါဒ ပြည့်ရန်၊ အဖြည့်ခံမို့
ထပ်မံ ဖြည့်စွက် ရအုံးမည်။

ငါ့မှာ တာဝန်၊ ထမ်းဆောင်ရန် မို့
လွမ်းပန်း မပန်နိုင်ပါသေး။
သူပေးခဲ့ရာ၊ မြတ်ဝန်တာကို
ငါ့မှာ ထမ်းဖို့ ရှိပါသေး။

(စန်း ၅လ ပြည့်)
၁၇-၄-၉၁

နောက် အကျဉ်းစံဘ၀။ သုတတို့၊ ကိုရင်ခေါင်းပြား တို့၊ သက်ဇော်တို့၊ သက်ထွန်းတို့၊ သက်ဝင်းအောင်တို့ရဲ့ တိုးတိုးဖော် ဖြစ်ခဲ့ရသည်။

မှတ်မှတ်ရရ အဖေထောင်ကထွက်တဲ့နေ့က အဖေ့ထောင်ဝင်စာတွေ့ရသည့်နေ့။ သမီးတွေလည်း အဖေလွတ်တာတွေ့တော့ အပျော်လွန်ပြီး ပြင်ဆင်ထားသော ထောင်ဝင်စာ အထုပ်များအား ထောင်ထဲမှာ ကျန်ခဲ့သော ရဲဘော်များကိုပေးရန် သတိမရလိုက်ကြ။ အဖေ ငိုသည်။ “သမီးတို့ ထောင်ဝင်စာ ပို့ဖို့ မေ့သွားကြတာလား” တဲ့။ နောက်မှ ၀န်ထမ်းများနှင့် ပြန်လည် ပို့လိုက်ရသည်။

ထိုမှ သူမလဲ ”ဖန်မီးအိမ်” ဆေးခန်းရှင် ဖြစ်၊ နိုင်ငံရပ်ခြားတွေ၊ ပြည်တွင်းတွေ လှည့်လည်၊ အိမ်ထောင်လဲကျ၊ ချစ်သော မြန်မာပြည် နှင့် ကဗျာ မိသားစုကလေးအား ခွဲခွာ ခဲ့ရ။ လောကကြီးမှာ အမှန်တကယ်တော့ ကဗျာထက် အရေးကြီးတာ သိပ်မရှိခဲ့။

တလောကမှ ကိုအောင်ဝန်း (နယ်သာလန်) ပြောပြမှ “ဆရာတို့က ရသ ခံစားတတ်အောင် လူတိုင်းကို သင်ပေးချင်တာ၊ ရသ ခံစားတတ်မှ လူအချင်းချင်း ကိုယ်ချင်းစာတရားရှိမှာ လို့ ပြောခဲ့တာ” သူ့ရင်ထဲမှာ ယနေ့အထိ စွဲခဲ့ရကြောင်း မှတ်မှတ်ရရ သိရသည်။ ဟုတ်ပါရဲ့။ ငွေကြေး၊ အာဏာ၊ ရာထူး၊ လောဘ တက်နေသရွေ့ လောကမှာ ကဗျာမဲ့၊ ရသမဲ့နေမည်လေ။

ကဗျာ မိသားစု

အိမ်မြိတ်စွန်း၌
ပြည့်ဝန်းသောလ၊ သိက္ခာကျအောင်
ရှင်မနဲ့သား၊ ဖွံ့ထွားထွား။

သည်မိ သည်ဖ
လပြည့်ဝန်းခိုင်၊ အပိုင်ရ သို့
သားလှ ရင်သွေး၊ ဖြူဖွေးဖွေး။

သမီးတစု၊ ကြယ်ဖြူဥ သို့
တယုတယ၊ ထွန်းပပ။

မိသားစုတွင်၊ စိတ်ကြည်ရွှင်လျက်
ကြင်နာ သစ်သစ်၊ အချစ် ထပ်ထပ်
မြတ်မြတ် ဆင့်ဆင့်၊ သက်ရွယ်ရင့်တိုင်
ချစ်နှင့် အတူ၊ ပြုံးကြည်ဖြူလျက်
လူသားကောင်းကျိုး၊ ဆောင်သည်ပိုးလျက်
နိုးကြားဘ၀၊ နေလိုလှ။

(မိုးဝေ၊ ၁၉၈၅၊ ဖေဖော်ဝါရီလ)



မိုးမိုးနှင်း

ဆက်ပါအုံးမည်..

အပြည့်အစုံဖတ်မယ်...

မပြယ်အချစ် အမြဲသစ်လိမ့်..

အမေ့အကြောင်း စဉ်းစားလိုက်ရင် ကိုယ်က ခပ်မွှေးမွှေး ခပ်သေးသေး စံပယ်ဖြူလေး တပွင့်ကိုပဲ သွားမြင်ယောင်တယ်။ အမေက စံပယ်ပန်းကုံးလေးကို အမြဲလိုလို ပန်တတ်တယ်။ စံပယ်ပန်းလေးတွေ ညှိုးသွားရင်လဲ ခေါင်းအုံးအောက်မှာ ထားပြီး အိပ်တတ်တယ်။ အမေ့ ခေါင်းအုံးလေးက စံပယ်နံ့လေး သင်းနေကျ။

ပန်းလေးတွေ ချစ်တတ်တဲ့ အမေက သနပ်ခါးပန်းလေးတွေလဲ ကြိုက်တယ်။ စကားဝါပန်းလေး တွေလဲ ကြိုက်တယ်။ ကံ့ကော်ပန်းလေးတွေလဲ ကြိုက်တယ်။ ညနေကျောင်းအဆင်း အိမ်ပြန်ရောက်ပြီဆိုတာနဲ့ မအေး သွေးပေးတဲ့ သနပ်ခါးလေးတွေ လိမ်းပြီး သန့်သန့်ရှင်းရှင်း နေတတ်တယ်။

အမေက ကလေးတို့ရဲ့ ဆရာမ။ အမေ့ကျောင်းပျိုးခင်းကို ပျိုးထောင်ခဲ့သူ။ အဖေ့ကို ကဗျာဆရာ ပီပီသသ ဖြစ်စေခဲ့သူ။ သားသမီးအားလုံးကို ပညာတတ် လိမ်မာယဉ်ကျေးအောင် ရင်အုပ်မကွာ ပြုစု စောင့်ရှောက်ခဲ့သူ။ အမေ့လိုအင်ဆန္ဒဆိုတာ မမှတ်မိ မသိလောက်အောင် ခင်ပွန်းနဲ့ သားသမီးတွေရဲ့ ဆန္ဒကိုပဲ ဦးစားပေးခဲ့သူ။ ကဗျာဆရာ အဖေနဲ့ အနုပညာကို နားလည်တန်ဖိုးထားတတ်တဲ့ စိတ်ကို သားသမီးတွေရဲ့ ရင်ထဲ ထည့်ပေးခဲ့တဲ့သူ။

အမေ ကိုယ်တို့နဲ့ ခွဲခွာသွားတာ နိုဝင် ၁၇ရက်ဆို ၁၈နှစ် တိတိ ပြည့်ခဲ့ပြီ။ အမေဆုံးတဲ့ ဒီနေ့မှာ အဖေက ပူဆွေးသောကများကို ခဏဘေးဖယ်ပြီး အမေ့ဘေးမှာ အမေချစ်တဲ့ ကဗျာရေးတဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ အရင်က အဖေ ကဗျာရေးပြီးတိုင်း အဦးဆုံး အမေ ဖတ်ခဲ့ပေမဲ့ ဒီတခါတော့ အတူရယ်မော မဖတ်နိုင်ရှာတော့ပါဘူး။

ဒီကဗျာလေးကို အမေ့နောက်ဆုံးခရီးမှာ ဝေတဲ့ ယပ်တောင်လေး နဲ့ လက်ကမ်းစာစောင်လေး မှာ ပုံနှိပ် ဖော်ပြခဲ့ပါတယ်။
ဒီနေ့မှာ အမေ့ကို သတိရစိတ်နဲ့ ဒီကဗျာလေးကို ပြန်ဖော်ပြလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။


စန်းအတွက် အလွမ်းကဗျာ

သူမြတ်နိုးသည့်
ပုထိုးစေတီ မြန်မာပြည်ကိုလည်းကောင်း -

သူချစ်သည့် ပန်း
သူလွမ်းသည့် ငှက်
သူနှစ်သက်သည့် စမ်းရေ
သဘာဝ အလှမြေကိုလည်းကောင်း -

သူ့သွေး ရင်နှစ်
သားချစ် သမီးချစ်တို့ကိုလည်းကောင်း -

အချစ်ဘ၀၊ စိတ်အလှဖြင့်
နှမမြတ်နိုး၊ ဥယျာဉ်ပျိုး၍
ရိုးသားမြင့်မြတ်၊ အနေမြတ်ခဲ့။

မြတ်သောချစ်သူ၊ ဖြူစင်သူ၏
မွှေးကြူဂုဏ်နံ့၊ သင်းထုံပျံ့ ခဲ့။

သင်းပျံ့ စပယ်၊ နှမငယ်ကို
မပြယ်အချစ်၊ အမြဲသစ်လိမ့်
လွမ်းရစ်ခဲ့ပြီ သင့်ဂုဏ်ရည်။ ။


(ချစ်ဇနီး စန်း သို့ -)
တင်မိုး

၁၇၊ ၁၁၊ ၁၉၉၀

နိုဝင်ဘာ ၁၇ရက်မှာ အမေ ကိုယ်တို့နဲ့ ခွဲခွာခဲ့ပြီး နိုဝင်ဘာ ၁၉ရက် အဖေ့မွေးနေ့မှာ အမေ့ကို ဂူသွင်းသဂြိုဟ် ခဲ့ပါတယ်။ အမေ့ အုတ်ဂူလေးမှာ ဒီကဗျာလေးရဲ့ နောက်ဆုံးအပိုဒ်ကို ကျောက်ပြားပေါ်မှာ ရေးထွင်း စေခဲ့ပါတယ်။

ကျန်ရစ်သူ မိသားစုမှာ အလွမ်းတွေသိပ်သည်းနေလျက်ပါ အမေ။


မိုးချိုသင်း

(ဒီကဗျာလေးကို အမှတ်တရ ပို့ပေးတဲ့ ကျော်စွာထွန်းကို ကျေးဇူးတင်ပါတယ်။)

အပြည့်အစုံဖတ်မယ်...

အဖိုး နဲ့ အဖွား

ကိုယ့်ဘ၀မှာ ကိုယ်မွေးကတည်းက နှစ်ဖက်မိဘရဲ့ မိဘ၊ ကိုယ့်အတွက် အဖိုးအဖွားတွေဆိုတာ မရှိခဲ့ဘူး။ နှစ်ဖက်စလုံး ကိုယ်မွေးချိန်မှာ ဆုံးပါး ကွယ်လွန် ကုန်ကြပြီ။ ဒါကြောင့်လား မသိဘူး။ ကိုယ်က သက်ကြီး ၀ါကြီး လူကြီးအဆုံးအမ မခံခဲ့ရတော့ ဗိုင်းကောင်းကျောက်ဖိ မဖြစ်ခဲ့ဘူး ထင်ပါရဲ့။

ဒါပေမဲ့ အဖိုးအဖွား အရွယ်တွေဆို ချစ်ခင် မိနေတာတော့ အမှန်ပဲ။ ငယ်ငယ်ကဆိုရင် ဘဘ လူထု ဦးလှ (အဖေ့အခေါ် ဦးလေးလှ) ဆီ အဖေက အမြဲတမ်း စာတွေ ရေးခိုင်းတယ်။ လူကို အပြင်မှာ တခါမှ မမြင်ဖူးပေမဲ့ စိတ်ထဲမှာ ရင်းနှီးပြီးနေတယ်။ ပုံပြင်စာအုပ်လေးတွေ ပို့ပေးရင် သဘောကျလိုက်တာ။ ကိုယ့်ကို အရေးတယူ လုပ်တယ်ဆိုပြီးတော့လေ။

ဒါကြောင့် ဆွေမျိုး မတော်စပ်ပေမဲ့ ကိုယ့်မိဘက အလေးအနက်ထားတဲ့ လူကြီးတွေဆို ကိုယ့်အဖိုးအဖွားတွေလို စိတ်ထဲမှာ ဖြစ်နေမိတာပေါ့။ ဘဘမင်းသုဝဏ်၊ ဘဘဇော်ဂျီ၊ ဘဘဦးခင်မောင်လတ်၊ ဘဘဦးသုခ စသဖြင့်ပေါ့။ အဖွားအရွယ်ဆို အမေလူထု ဒေါ်အမာ ပေါ့။ အဖိုးအဖွားအရင်းမှ မတွေ့ဖူးလိုက်ဘဲကိုး။ သူတို့ကိုဆို မြင်တာနဲ့ ဘယ်လိုနေနေ စိတ်ထဲမှာ ရင်းနှီး ချစ်ခင်နေတယ်။

အဖေကတော့ ကိုယ့်ကို အဖေ့ဖက်က အဖွားနဲ့တူတယ် လို့ တခါတရံ ပြောတတ်တယ်။ အဖွားလို ခပ်အေးအေးနဲ့ လုပ်စရာရှိတာ ငြိမ်ငြိမ်သက်သက် လုပ်မှန်းမသိရအောင် လုပ်နေတတ်လို့ တဲ့။ အဲဒီလို ပြောပြီးကတည်းက ကိုယ်လဲ အရင်က အေးအေးဆေးဆေး လုပ်တတ်သလောက် တခါတည်း ပြောင်းပြန် ဖြစ်သွားတော့တာပဲလေ။

ဘာဖြစ်သွားတယ် မသိဘူး။ လုပ်စရာရှိရင် တယောက်တည်း ဆူညံ ပွက်လောကို ရိုက်လို့။ လောလော လောလောနဲ့ အဖေ့ရှေ့မှာ ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက် လုပ်နေလို့ အဖေလဲ ငါပြောမိတာ မှားပြီလို့ ထင်ပြီး ဘာမှကို ထပ်မပြောတော့ဘူး။ ဆေးလိပ်ချည်း ဖိသောက်နေတော့တာ။ ငါ့သမီးနှယ် ဘယ့်နှယ် ဖြစ်သွားပါလိမ့် ထင်မှာပဲ။

သူငယ်ချင်းတွေမှာ အဖိုးအဖွားရှိရင်လဲ သဘောကျတယ်။ သူငယ်ချင်း အိမ်တွေ သွားလည်ရင် ဒါက ငါတို့ အဖိုးပေါ့၊ ဒါက ငါတို့ အဖွားပေါ့ ဆိုရင် ကိုယ်က ကိုယ့်အဖိုးအဖွားတွေ့ရသလို ကျေနပ်လို့။ ပြန်ပြီဆိုရင် တကူးတက နှုတ်ဆက်ပြီးမှ ပြန်ရတာ။ လူကြီးခမျာ နားချင်လို့ အိပ်ခန်းထဲ ၀င်အိပ်နေလဲ အလိုက်ကန်းဆိုးမသိ ၀င်နှုတ်ဆက်တတ်သေးတာ။

ဒီလိုနဲ့ ကိုယ်အိမ်ထောင်ကျပြီး စင်ကာပူလိုက်သွားတော့ ကိုယ်တို့ဆီကို ရုပ်ရှင် ဒါရိုက်တာကြီး ဘဘဦးသုခ နဲ့ ကြီးကြီး ဒေါ်ကြင်မေတို့ လာနေလို့ ၄လ ကျော် အတူနေခဲ့ရတယ်။ ကြီးကြီးက အဖွားအရွယ်လောက် မကြီးသေးလို့ ကိုယ်က ကြီးကြီးလို့ပဲ ခေါ်တယ်။

ကြီးကြီးက ဟင်းချက်ကောင်းတယ်။ ဘဘကို ပြုစုတာ တကယ့် အိမ်ထောင်ရှင်မကောင်း ပီသရှာတယ်။ ဘဘကို ချက်ကျွေးတာများ ဟင်းတွေဆိုတာ စုံလို့၊ အမြဲ အရိပ်ကြည့် နေတတ်တာ။ ဘဘကတော့ မျက်စိ သိပ်မမြင်ပေမဲ့ တနေ့လုံး တီဗီကြည့်တာပဲ။ သိပ် ၀ါသနာကြီးတယ်။ တီဗီနဲ့ တပေလောက်ပဲ ခွာပြီး ထိုင်ခုံရှေ့တိုးပြီး တနေ့လုံး တကားပြီး တကားကြည့်တော့တာပဲ။

ကိုယ်ကတော့ လူကြီးတွေနဲ့ နေရပြီဆိုပြီး ပျော်နေတာ။ ကြီးကြီးက အရမ်းခင်ဖို့ ကောင်းတာ။ ပျော်ပျော်နေတတ်တာ ကိုယ်နဲ့ အကိုက်ပဲ။ ကိုယ်တို့ မီးဖိုချောင်မှာ ဟင်းချက်နေပြီဆိုရင် တ၀ါးဝါးတဟားဟားပဲ။ ကြီးကြီးက ဟာသဥာဏ်ရွှင်တာကိုး။ ဘဘက အတည်ပေါက်လုပ်သမျှ ကြီးကြီးက ရီစရာလုပ်ပစ်တော့ ကိုယ်တို့လဲ တချိန်လုံး ရီနေရတာပေါ့။

ညနေဆိုရင် လမ်းလျှောက်၊ ပြန်လာလို့ ထမင်းစားပြီးရင် ရုပ်ရှင်ကြည့်ကြတယ်။ အဲဒီအချိန်ဆို ကိုယ်က ရုပ်ရှင်တွေကို ဘာသာပြန်ပြီး ဘဘတို့ ကြီးကြီးတို့ကို ပြောပြနေတာ။ တကယ်က တတ်လို့ မဟုတ်ဘူး။ ကိုယ်ကိုယ်က အဲဒီလိုပြောရတာ ၀ါသနာပါနေလို့။ ဘဘတို့လဲ နားလည်တာပါပဲ။ ဒါပေမဲ့ ကိုယ်က ရုပ်ရှင်မှာ ဇာတ်ကောင်က ပြောတာက နည်းနည်း ကိုယ်ဖြည့်ပြောတာက များများ။

တခါတလေ ပြောပြရင်း ကိုယ်က မျက်ရည်တွေကျပြီး ငိုလို့။ အဲဒီလို တဲ့-ဘဘရဲ့ ဆိုပြီး နှပ်တွေဘာတွေ ညှစ်လိုက်သေးတာ။ ဘဘက ခေါင်းတညိတ်ညိတ်နဲ့။ သူက ကိုယ့်ထက်တောင် အရှည်အဝေးကြီး တွေးပြီး ခံစားပစ်လိုက်တာ။ ဇာတ်ကားကောင်းပြီဆို တနုံ့နုံ့နဲ့ စမြုံ့ ပြန်လို့ မပြီးဘူး။

အက်ရှင်ကားဆိုရင် ကိုယ်ကလဲ ဘေးကနေ တကယ့် အက်ရှင်။ ဒုက္ခပါပဲ ဘဘရေ၊ ဟိုမှာ လူဆိုးတွေ လာကုန်ပြီ၊ မိတော့မယ် မိတော့မယ် နဲ့ လူကြီး စိတ်လှုပ်ရှားအောင် လုပ်သေးတယ်။ ဘဘကလဲ အသည်းယားပြီး တီဗီရှေ့ တိုးရင်းတိုးရင်း နဲ့ တီဗီထဲတောင် ၀င်တော့မှာ။ ကိုယ်လုပ်ပုံကလေ။

ဘဘကတော့ ရုပ်ရှင် ရိုက်ပြီဆိုရင် မျက်စိမမြင်တော့ အသံကို နားထောင်ပြီး သရုပ်ဆောင်တာကို ရိုက်တယ် တဲ့။ အသံမကြိုက်မချင်း အထပ်ထပ် ပြန်လုပ်ခိုင်းတာ တဲ့။ ကိုယ်ကလဲ ဘယ်မင်းသား၊ မင်းသမီးကို ရိုက်ရတာ သဘောအကျဆုံးလဲ မေးတာပေါ့။ ရဟန်းစားသော ဆွမ်းတနပ် ရိုက်ဖြစ်တဲ့ အကြောင်း ရောပေါ့။ ကိုယ်က စကားက ခပ်များများ ဆိုတော့လေ။ ဒါက ကိုယ်နဲ့ အတူနေလိုက်ဖူးတဲ့ အဖိုးအကြောင်းပဲ ဆိုပါတော့။

ကိုယ့်အမျိုးသားကတော့ ကံကောင်းတယ်။ သူက သူကြီးတဲ့အချိန်ထိ နှစ်ဖက် အဖိုးအဖွား ရှိသေးတယ်။ ကိုယ်နဲ့တော့ မဆုံဖူးလိုက်ပါဘူး။ ကိုယ်နဲ့ ချစ်သူဖြစ်တော့ နှစ်ကူးမှာ သူက သူ့အဖိုးကို “အဖိုး၊ ကျနော့်မှာ ချစ်သူ ရှိနေပြီ”လို့ ပြောလိုက်လို့ ကိုယ့်အတွက် အန်ပေါင်း ၇၅ ကျပ် ပေးလိုက်တာ ရဖူးတယ်။ သူ့မြေးလေးရဲ့ ချစ်သူဆိုတာကို မမြင်ဖူးသေးပေမဲ့ အသိအမှတ်ပြုမှုလေး တခုလို့ ဆိုရမှာပေါ့။ အဲဒီခေတ်က ၇၅ကျပ်ဆိုတာ တော်တော်များတာ။

သူကလဲ သူ့အဖေဖက်က အဖွားက ကိုယ်နဲ့ တော်တော်တူတယ် လို့ ဆိုပြန်တယ်။ ကိုယ်ကလဲ ဘာများတူပါလိမ့်ဆိုပြီး ပြုံးနားထောင်တာပေါ့။ ဆိုးတာ တူတာ တဲ့။ လာပဟ လို့ စိတ်ထဲက ဖြစ်မိသေး။ သူ့အဖိုးကို အဖွားက တော်တော်ဆိုးတာ တဲ့။ (စောင်းချိတ်ပြီးတော့ တော့ ပြောနေပါပြီလေ) ဒါနဲ့ ဥပမာ ပြောစမ်းပါအုံး ဆိုတော့ သူက အဖြစ်အပျက်တခုကို ပြောပါတယ်။

တခါက သူနဲ့ သူ့အဖိုးနဲ့ နှစ်ယောက်သား ကျိုက်ထီးရိုး တက်ကြတာ တဲ့။ အဖိုးက အသက် ၇၀ကျော်ပေမဲ့ သန်သန်စွမ်းစွမ်း ပိန်ပိန်ပါးပါး၊ သဘောကောင်းကောင်း တဲ့။ ဒါနဲ့ ကျိုက်ထီးရိုး တောင်ခြေမှာ တောင်ဝှေး ၀ယ်မယ် ထင်တာ အဖိုးက မ၀ယ်ဘဲ ဒီအတိုင်း လက်ချည်း တောင်ပေါ်တက်တယ်။ သူကလဲ အဖိုးတောင် တောင်ဝှေး နဲ့ မတက်တာ သူလဲ ဘာလို့ ၀ယ်မလဲ ဆိုပြီး မ၀ယ်ဘဲ တက်ကြတယ် တဲ့။

ဒါနဲ့ ဘုရားဖူးပြီးလို့ တောင်အောက် ဆင်းတော့မှ အဖိုးက တောင်ဝှေးဝယ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဖွားက မှာလိုက်လို့။ အတက် ကတည်းက ၀ယ်သွားရင် ထောက်ပြီးတက်တော့ တောင်ဝှေးပွန်းပြီး မလှမှာစိုးလို့။ ပြီးတော့ မုဒုံ ခဏ၀င်ပြီး ဘတ်စ်ကားနဲ့ ရန်ကုန်ပြန်လာကြတာ အဖိုးက တောင်ဝှေးကို တချိန်လုံး ဂရုတစိုက်နဲ့ပေါ့။ ဒတ်ဆန်းကားရဲ့ အမိုးပေါ်မှာ ထားထားရတာ၊ လူထိုးမိမှာစိုးလို့။

ရန်ကုန်ရောက်တော့ ဆင်းရမဲ့နေရာမှာ ကားကမရပ်ဘဲ ကျော်ပြီး ရပ်မိတာမို့ စပယ်ယာက မြန်မြန်ဆင်းခိုင်းတော့ တောင်ဝှေး မပါဘဲ ဆင်းမိရော။ ကားထွက်မှ သတိရတော့ ကားက သွားပြီ။ အဖိုးလဲ မျက်နှာညှိုးပြီး နေတာ၊ စိတ်ဆင်းရဲလွန်းလို့ တဲ့။

အိမ်ရောက်တော့ တောင်ဝှေးမပါလာတာ သိတော့ အဖွားက မကြည်ဘူး။ အဖိုးကို စိတ်ကောက်ပြီး စကား မပြောဘူး။ အဖိုးက ချော့တယ်၊ ရှင်းပြတယ်။ အဖွားက ဘာစကားမှ ပြန်မပြောဘူး တဲ့။ ဒါနဲ့ အဖိုးလဲ အကြံထုတ်ပြီး စဉ်းစားရှာတာ နောက်ဆုံးတော့ သူ မုဒုံက အဖွားအတွက် ၀ယ်လာတဲ့ ရောင်စုံ ကြယ်သီးလေးတွေ သွားသတိရတယ်။

ဒါနဲ့ အဖိုးက “စိတ်မဆိုးပါနဲ့ကွယ်၊ မင်းအတွက် မင်းသဘောကျမဲ့ ရောင်စုံ ကြယ်သီးလေးတွေ ပါလာပါတယ်” ဆိုပြီး အဖွားကို ပေးလိုက်တယ် တဲ့။ အဖွားလဲ ကြယ်သီးလေးတွေဆိုတော့ သဘောကျတယ်လေ၊ ဒါနဲ့ ဘယ်လိုဟာလေးလဲ ဆိုပြီး မျက်လုံးစွေပြီး ကြည့်လိုက်တာ တခါတည်း မထိန်းနိုင်ဘဲ ရီမိပါလေရော။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီကြယ်သီးက သူတို့ တအိမ်ကျော်က လုပ်တဲ့ ကြယ်သီးလေးတွေ..။ အဖိုးက မသိဘဲ မုဒုံကနေ သွားပြီး ၀ယ်လာရတာဆိုတော့ ရီမိတာတဲ့။ ဒါနဲ့ အဖွားလဲ စိတ်ဆိုးပြေသွားတယ် တဲ့လေ။

နောက်ထပ် အဖွားဆိုးတာလေးတွေ ပြောသေးတယ်။ ဒါပေမဲ့ ကိုယ်နဲ့တူတယ်လို့ စကားခံထားလေတော့ ပြောပြရင် ယှဉ် ယှဉ်ပြီး ကြည့်ကြမှာစိုးလို့ သိပ်မပြောပြရင် ကောင်းမယ် ထင်ပါရဲ့လေ။

လူဆိုတာကလဲ တယ်ခက်တာပဲ။ လိမ်မာတာကျတော့ မမြင်တတ်ဘဲကိုး။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

မိတ်ဆုံပွဲ (၂)

ဆန်ဖရန်စစ်စကိုမှာ စာပေဟောပြောပွဲသွားတာ မနေ့က ည ၉နာရီခွဲလောက်မှာ အယ်လ်အေ ကို ပြန်ရောက်ပါတယ်။ ဒီအပတ် စနေတနင်္ဂနွေကတော့ အဓိပ္ပါယ်ရှိတဲ့ စိတ်ပျော်ရွှင်ရတဲ့ နားရက်ပါပဲ။

ကိုယ်က စာပေဟောပြောပွဲကို မသွားခင် ဗုဒ္ဓဟူးနေ့လောက်မှာကတည်းက ခရီးတိုလေး သွားမယ်ဆိုပြီး ဘလော့ဂ်မိတ်ဆွေတွေကို ခွင့်တောင်း ခွင့်တိုင် သွားတယ်။ သောကြာနေ့ နေ့လည်မှာ သွားတာ၊ တနင်္ဂနွေညမှာ ပြန်ရောက်တယ်ဆိုတော့ တကယ် ခရီးသွားတဲ့အချိန်က ၂ရက်ခွဲ ၃ရက်လောက်ပဲ ကြာပါတယ်။

ဒါပေမဲ့ ကိုယ်က ကြိုပျော်နေတာက ၂ရက်ဆိုတော့ စုစုပေါင်း ရောသောပြီး ၅ရက်ခွင့်တိုင်လိုက်တယ်။ ဆိုင်လား မဆိုင်လားတော့ မသိဘူး၊ သင်္ကြန်ဆိုလဲ သင်္ကြန်အကြိုရက်တွေ ပိတ်တာပဲဆိုတော့ ကိုယ်လဲ ခရီးအကြိုဆိုပြီး ကိုယ့်ဖာသာကိုယ် ဘလော့ဂ်ပိတ်ပြီး တိတ်တိတ်လေး ပျော်နေတယ်။

တကယ်တော့ ဆန်ဖရန်စစ်စကိုနဲ့ အယ်လ်အေဆိုတာ မဝေးလွန်းတာမို့ ဂဒီးဂဒီး ရောက်နေတာပါ။ ဒါပေမဲ့ ဒီတခေါက်ကတော့ စာပေဟောပြောပွဲမို့ ပိုပြီးပျော်မိ၊ ပိုပြီး အဓိပ္ပါယ် ရှိရတာပါ။ ကိုယ်တို့ကလဲ မိုးမခက ကိုမောင်ရစ်တို့အိမ်မှာပဲ တည်းနေကျဆိုတော့ သွားကတည်းက အဲဒီကိုပဲ ဦးတည်သွားတယ်။

လာသမျှစာရေးဆရာကြီးတွေကလဲ အဲဒီမှာပဲ တည်းကြမှာဆိုတော့ စကားတွေ ပြောကြရတော့မှာပေါ့။ ကိုမောင်ရစ်နဲ့အမတို့အိမ်က San Francisco State University ထဲမှာ။ တည်းဖို့က သူတို့အိမ်အပြင် တက္ကသိုလ်က ဧည့်ရိပ်သာ ၂ခန်းလဲ ငှားထားတယ်။

ကိုယ်တို့စ ထွက်တော့ လူက ၅ယောက်။ မလွင်မာ၊ ငယ်ငယ်၊ ဘိုဘိုနဲ့ ကိုယ်တို့ နှစ်ယောက်။ ရုံးကို နေ့လည် ၁၂နာရီအတိမှာ ဘိုဘို့ကားနဲ့ အမတို့လာကြိုတယ်။ ဒါနဲ့ နေ့လည်စာ ထိုင်းဆိုင်လေး တဆိုင်မှာ စားသောက်ပြီးတာနဲ့ တခါတည်း မောင်းကြတာပေါ့။ ကားပေါ်မှာ စကားလဲ ပြော၊ သီချင်းလဲ ဆို၊ အသီးတွေလဲ စားကြတယ်။ Rest Area တွေမှာလဲ နားရင်း အညောင်းဖြေ ရတာပေါ့။

ကိုမောင်ရစ်နဲ့ မမေသန်းဌေးတို့အိမ်ကို ရောက်တော့ ည ၈နာရီထိုးပြီ။ အိမ်မှာ ဆရာဦးဝင်းဖေ၊ ဆရာဦးစွမ်းရည်၊ အံတီဒေါ်မာမာအေး၊ ဆရာ ဦးအောင်ဝေးတို့နဲ့ ဆုံရတာပေါ့။ မိုးမခ ဝိုင်းတော်သားတွေ ဖြစ်တဲ့ ကိုထိန်လင်းနဲ့ ဒီဇင်မိုးတို့ မောင်နှံ၊ ကိုဇာနည်ဝင်းတို့ကလဲ စောင့်နေသေးတယ်။

ကိုယ်တို့ကို စောင့်ရင်း ညစာ ထမင်းစားကြတာမို့ ပျော်စရာကောင်းလိုက်တာ။ ဆူညံနေတာပဲ။ ဒီလူကြီးသူမတွေက အဖေ့မိတ်ဆွေရင်းကြီးတွေ။ ကိုယ်က သူတို့မျက်စိအောက်မှာ သူတို့လက်ထဲမှာ ကြီးပြင်းလာရတာ။ ကိုယ့်ဦးလေး၊ အဒေါ်တွေဆိုလဲ ဟုတ်၊ ကိုယ်လေးစား ချစ်ခင်ရတဲ့ စာရေးဆရာကြီးတွေ၊ ကဗျာဆရာကြီးတွေ၊ အဆိုတော်တွေလဲ ဟုတ်တာကိုး။

ကိုယ်တို့တွေ အချင်းချင်း စကားတွေလုပြော၊ ပြိုင်ပြောနေကြတာကို လူကြီးတွေက ပြုံးပြီး ကြည့်နေ နားထောင်နေတာ။ ဦးအောင်ဝေးက ပျော်ပြီး ဆရာ ဦးစွမ်းရည်ရဲ့ အချစ်ကဗျာတပုဒ်ကို အဲဒီတညတည်းမှာပဲ ၄ခေါက်တိတိ ထ ရွတ်တယ်။ သူ့တကိုယ်လုံး ကဗျာတွေ ဖြစ်ကုန်ပြီထင်ပါရဲ့၊ အလွတ်ရလိုက်တဲ့ ကဗျာတွေ နည်းတာမှ မဟုတ်ဘဲ။

ဦးအောင်ဝေးက ဆံပင်ကောက်ကောက်နဲ့မို့ ဆံပင်စည်းထားရင် ထူးအိမ်သင်နဲ့တူပြီး ဆံပင်ချထားရင်တော့ ဆရာ ဒဂုန်တာရာ နဲ့ တူပြန်ရော။ သူက အောင်ဝေးဟန်အတိုင်း ရှေ့တိုး နောက်ငင် ကဗျာရွတ်တော့ ကိုယ်တို့လဲ ရီလိုက်ရတာ။

ဒါနဲ့ ည ၁၂နာရီလောက်ကျတော့ လူကြီးတွေလဲ အိပ်ချင်ပြီမို့ လူစုခွဲပြီး ဆရာတွေနဲ့ ယောကျာင်္းလေးတွေ က ဧည့်ရိပ်သာကို သွားပြန်အိပ်ကြပြီး ကိုယ်တို့မိန်းကလေးတွေက မမေသန်းဌေးတို့အိမ်မှာပဲ အိပ်ကြတယ်။ တွေ့တုန်းတွေ့ခိုက် သူငယ်ချင်းတွေ စကားပြောနေရင်း ပြောလို့လဲ ကောင်းပါရဲ့၊ ကိုယ်ကတော့ အိပ်လို့လဲ ကောင်းသွားတယ်။ စားတာများလို့ ချက်ချင်း အိပ်ပျော်သွားတာ။

စနေနေ့မနက်ကိုတော့ ဗမာဆန်ဆန် ပဲပြုတ်နဲ့ ထမင်းကြော် စားကြတယ်။ နေ့လည်စာကိုတော့ မမေသန်းဌေးက အကုန်ချက်ပြုတ်ထားတာ ဟင်းတွေက စုံလို့။ အမက တက္ကသိုလ်က ဆရာမ ဆိုတော့ ဒီတခေါက် စာမေးပွဲစစ်ရာမှာ တပည့်တွေကို မေးခွန်းတွေ အရင်လို ခက်ခက်ခဲခဲ မစဉ်းစားနိုင်ဘဲ လွယ်လွယ်လေးတွေချည်း မေးလိုက်တာ တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူအများကြီးစာ ဟင်းတွေ စီစဉ်ရ၊ ကြိုချက်ရတာမို့ အချိန်မရှိလို့လေ။ သူ့တပည့်တွေ ကံကောင်းသွားတာ။

ကိုမောင်ရစ်က ဧည့်ဝတ်ကျေရမှာတွေနဲ့ သူ့အလုပ်က TTMY (ဗမာလို တောက်တိုမယ်ရ) ဖြစ်နေတာမို့ ဓာတ်ပုံရိုက်ဖို့ ကင်မရာကို ငယ်ငယ့်ကို တာဝန်ပေးထားတယ်။ ငယ်ငယ် ဓာတ်ပုံရိုက်မှာကို သဘောအကျဆုံးက ကိုယ်တို့ ညီအမ ၃ယောက်ပါ။ ဘာဖြစ်လို့လဲဆိုရင် ကိုမောင်ရစ် ဓာတ်ပုံရိုက်ရင် ကိုယ်တို့ပုံတွေက ထမင်းစားတုန်း ပါးစပ်ကြီးဟပြီး သွင်းနေပုံတို့၊ ကိုယ်တခြမ်းကြီး လိမ်နေတာတို့၊ မျက်စိတွေမှိတ်ပြီး ထမင်းလုံးစီ ငိုက်နေတာတို့ ရွေးပြီး ရိုက်တတ်လို့ပါ။

ငယ်ငယ်ကျတော့ အိုကေတယ်လေ။ ရိုက်ပြီးတာနဲ့ သမီးရေ၊ အံတီ့ကို ပြပါအုန်းဆိုပြီး ကြည့်လိုက်တာ။ မလှဘူး ထင်ရင်၊ ဒါကြီးက မလှဘူးကွ၊ ဖျက်လိုက် ဖျက်လိုက် လုပ်တာ။ ကိုယ်တို့ကို ဓာတ်ပုံရိုက်ဖို့ ချိန်နေပြီဆိုရင်လဲ တကိုယ်လုံး မရိုက်နဲ့နော်၊ သိပ်ဝ နေပြီ၊ ကိုယ်တဝက်ပဲ ရိုက်၊ အောက်ပိုင်း မပါဘူးဟေ့ လို့ အော်ကြတာ။

ပွဲပြီးလို့ ငယ်ငယ်ရိုက်ထားတဲ့ပုံတွေ ကြည့်တော့ နောက်စိပဲ ပါတဲ့ပုံနဲ့၊ မျက်နှာတခြမ်းမှာ ဆံပင်တွေအုပ်နေတာမို့ သူလဲ ဝတာတွေ ရှောင်ရိုက်ရင်း ရိုက်ရင်းနဲ့ ဒီလိုပုံတွေပဲ ကျန်ရှာတော့တယ်။ တကယ်က ကိုယ်က ဘလော့ဂ်မိတ်ဆွေတွေအတွက် ဓာတ်ပုံ ကောင်းကောင်းလေးတွေ တင်ပေးချင်ပေမဲ့ တပုံမှ အဆင်မပြေတာနဲ့ လက်လျှော့လိုက်ရတာပါ။

စနေနေ့ ညနေ ၄နာရီကနေ ည ၁၀နာရီအထိ ဆရာတွေ တလှည့်စီ စာပေဟောပြောကြတယ်။ နားထောင်လို့ ကောင်းလိုက်တာ။ ဗမာပြည်မှာ စာပေဟောပြောပွဲ နားထောင်ရတဲ့ ဆောင်းညချမ်းတွေကို ပြန်ရောက်သွားသလိုပါပဲ။

ဝတ္ထုအကြောင်း၊ ကဗျာအကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာ ကို ထိန်းသိမ်းသင့်တဲ့ အခြေခံအချက်တွေအကြောင်း။ ဆရာဦးဝင်းဖေနဲ့ အံတီဒေါ်မာမာအေးက version နှစ်မျိုးနဲ့ ချစ်သမျှကို သဖြန်ကို ဆိုပြသွားသေးတယ်။ ကောင်းမှကောင်းပဲ။ ဗဟုသုတလဲရ၊ ပျော်စရာ ကြည်နူးစရာလဲကောင်း၊ ကိုယ့်အဖို့မှာတော့ အဖေ့ကိုလဲ လွမ်းပေါ့လေ။

တနင်္ဂနွေကျတော့ မိုးမခ (၅)နှစ်ပြည့် စကားဝိုင်းကို မေတ္တာနန္ဒ ဘုန်းကြီးကျောင်းမှာ လုပ်ပါတယ်။ ပထမဆုံး ဘုန်းဘုန်းဆွမ်းကပ်ပြီးတော့ ဆရာကြီးတွေကို အားလုံးကန်တော့ကြတယ်။ ပြီးမှ တဦးချင်းစီ မိတ်ဆက်၊ ဆရာတွေ မြင်တဲ့ ညီညွတ်ရေး သဘောထားအယူအဆတွေ နားထောင်ကြ၊ ဒီမှာမွေးတဲ့ မြန်မာကလေးတွေကို ကိုယ့်မြန်မာစကား မမေ့အောင် ဘယ်လို ကြိုးစားအားထုတ်မလဲ ဆွေးနွေးကြ ပေါ့။

ညနေ ၃နာရီထိုးတော့ အားလုံးကို နှုတ်ဆက်ပြီး ကိုယ်တို့ အိမ်ပြန်ခဲ့ကြတယ်။ မနက်ဖန်မနက် အလုပ်သွားရအုံးမှာမို့ ၇နာရီကြာ ကားမောင်းပြီး အိမ်ကို အသော့နှင်ခဲ့ကြပါတယ်။ ဒီလိုလေး စာပေဟောပြောပွဲလေးလုပ်တာ တနှစ်စာ ကျေနပ်မှုတွေ ရလိုက်သလိုပါပဲလေ။

အိမ်ရောက်တော့ ဝမ်းမနာသား သမီးတွေ ဖြစ်တဲ့ ကြောင်လေး ၄ကောင်က အိမ်ထိပ်မှာ မျှော်လို့။ ကိုယ်တို့မရှိတဲ့ နှစ်ရက် သုံးရက်အတွင်း သခင်တွေများ ပျောက်သွားပြီလား ဆိုပြီး သူတို့ပူရှာပေလိမ့်မယ်။ ကိုယ်တို့နှစ်ယောက်ကို မျက်စိအောက်က အပျောက်မခံ လိုက်ကြည့်လို့။ အစာတွေ အပြည့်ထားခဲ့တာတောင် မကုန်ပါဘူး။

ကြောင်သမီး ပဲထုပ်ကလေး (ပဲများလွန်းလို့ပါ)က ဘာနဲ့ ထိခိုက်မိမှန်း မသိ၊ လက်တဖက်က ထော့ကျိုး ထော့ကျိုး ဖြစ်နေပါလေရော။ သွားစွယ်လေးတချောင်းလဲ ကျွတ်ထားသေးတယ်။ သားပိညှက်ကတော့ ကိုယ်တို့ရှေ့ရောက်မှ ချောင်းပိုဆိုးပြတယ်။ ကိုယ်လုံးလေးတောင် တုန်ပြနေလို့ အဆုပ်များ အအေးမိကုန်ပလားဟဲ့ လို့ ပူရသေး။ နောက်သားနှစ်ကောင် ဖြစ်တဲ့ အိုဘားမား နဲ့ အကြီးကောင်ကတော့ တမှိုင်မှိုင်နဲ့။ မိဘတွေ မရှိလို့ အလွမ်းအဆွေးပဲ ပိုနေသလိုလို။

ဒါနဲ့ မိဘနှစ်ပါးလဲ အပြစ်ပိုကြီးပြီး စိတ်မကောင်းခြင်းကြီးစွာနဲ့ ပြောရတယ်။ သားတို့ သမီးတို့ရေ.. အဖေတို့ အမေတို့ ဒီပိတ်ရက်လေး ၂ရက်မှာ ပျော်မိပါတယ်ကွယ်၊ ကလေးတို့ ခွင့်လွှတ်ကြပါလို့။

မိုးချိုသင်း

(ဒီနေ့ ရုံးကပြန်လာတော့ ဗြောင်းဆန်အောင် ဆော့နေကြပါရောလား ။.. ဤကား စကားချပ်။)

အပြည့်အစုံဖတ်မယ်...

မိတ်ဆုံပွဲ

လာမဲ့ သောကြာနေ့ကျရင် ကိုယ်တို့ ခရီးတိုလေးတခု သွားပါမယ်။ ဆန်ဖရန်စစ်စကို ကိုပါ။ အယ်လ်အေနဲ့ ဆန်ဖရန်စစ်စကို ဆိုတာ နီးတယ်လဲ ပြောလို့ရသလို ဝေးတယ်လဲ ပြောလို့ရတယ်။

ဘာဖြစ်လို့လဲဆိုတော့ ခရီးအကွာအဝေးက မိုင် ၄၀၀ကျော် ဝေးတာမို့ ရန်ကုန် မန္တလေး ခရီး လောက်ပေါ့။ ဒါပေမဲ့ လမ်းက ချောတော့ ကားမောင်းသွားရင် ၆နာရီလောက် မောင်းရပါတယ်။ အခုသွားမှာက စာပေဟောပြောပွဲ သွားနားထောင်မလို့ပါ။ ရန်ကုန်မှာလိုပေါ့။ စာပေဟောပြောပွဲရှိရင် ကိုယ်နားထောင်ချင်တဲ့ စာရေးဆရာဆိုရင် ဝေးလဲ လိုက်နားထောင်သလိုပေါ့။

ဟောပြောပွဲက ၈ရက် စနေနေ့ လုပ်မှာ။ စာရေးဆရာတွေက ဆရာဦးဝင်းဖေ၊ ဆရာ မောင်စွမ်းရည်၊ ဆရာ ဦးအောင်ဝေး၊ ဒေါ်မာမာအေး နဲ့ မြို့ခံ ဆရာတော် ဦးဥာဏိက (စာရေးဆရာ ဥာဏ်ဦးမောင်) တို့ ဟောပြောမှာပါ။ ၉ရက်နေ့ကျရင် ဒီဆရာတွေနဲ့ပဲ မိုးမခ ၅နှစ်ပြည့် မိတ်ဆုံပွဲလုပ်မှာမို့ မိုးမခပွဲကို တက်ချင်တာလဲ ပါတာပေါ့။

ကိုယ်တို့က အယ်လ်အေကနေ နေ့လည် ၁၂နာရီ ရုံးက နေ့တ၀က်ဆင်းပြီး သွားကြမှာ။ အဖော်ကလဲ ကောင်းတယ်။ သူငယ်ချင်း ဘိုဘိုရဲ့ ကားနဲ့ သူငယ်ချင်း ၅ယောက် တက်ကြမယ်။ မလွင်မာ (ကိုဇာဂနာ အမျိုးသမီး) ရယ်၊ သမီး ငယ်ငယ် ရယ်၊ ဘိုဘို နဲ့ ကိုယ်တို့ နှစ်ယောက်ပေါ့။

ကိုယ့်မှာ အမအရင်းက ၃ယောက်ရှိပေမဲ့ အရင်းအချာလိုပဲ ချစ်ခင် ရင်းနှီးရတဲ့ အမတွေကလဲ ရှိသေးတာ။ အဲဒီအထဲမှာ ဒီရောက်မှ တွေ့ဖူး ခင်ဖူးပေမဲ့ ကိုယ့်အမအရင်းတွေလို ချစ်ခင်ရတဲ့ အမ နှစ်ယောက်ကတော့ မမေသန်းဌေးနဲ့ မလွင်မာပေါ့။ မမေသန်းဌေးက မိုးမခက ကိုမောင်ရစ်ရဲ့ မဟေသီ၊ မလွင်မာက ကိုဇာဂနာ့ မဟေသီပဲ။

ကိုယ်တို့ ၃ယောက်မှာ မလွင်မာက အကြီးဆုံး၊ ပြီးတော့ မမေသန်းဌေး၊ ပြီးမှ ကိုယ်လေ။ မလွင်မာက အကြီးဆုံးဆိုပေမဲ့ ရုပ်က နုတော့ အငယ်ဆုံးလိုပဲ၊ ဒါ့အပြင် အမြဲတမ်း ပြင်ပြင်ဆင်ဆင်၊ သပ်သပ်ရပ်ရပ်လေး နေတတ်တယ်။ ကိုယ့်ကိုယ်ကိုလဲ အစားအသောက်က အစ ဂရုစိုက်တယ်။ အမ များ ပြင်ဆင်ပြီး ထွက်လာရင် ကိုယ်တို့ အငယ်နှစ်ယောက်က ပါးစပ်ကြီး ဟ ပြီး ငေးနေရတာ။ ဘေးကမိတ်ဆွေတွေက “ချိုသင်းတော့ သူ့အမကို ငေးတာ အောက်မေးပြုတ်နေပြီ” တဲ့။

မမေသန်းဌေးကတော့ သွက်တယ်။ ပေါင်းသင်းဆက်ဆံရေးလဲ အရမ်းကောင်းတယ်။ လုပ်စရာရှိရင် မြန်မြန်သွက်သွက်နဲ့ အကုန်စီမံ သွားတတ်တယ်။ ကိုယ့်ကိုလဲ ဟင်းချက် က အစ၊ ပိုက်ဆံ သုံးစွဲတာအဆုံး သင်ပေးတာပါ။ မလိုအပ်တဲ့နေရာ မကုန်ရအောင် စီးတဲ့ရေ ဆည်တဲ့ကန်သင်း လုပ်တတ်တယ်။

ကိုယ့်ကို ဒီဘလော့ဂ်လေး စ ဖို့ အမ တိုက်တွန်းခဲ့တာ။ အမလဲ ၀င်ရေးမယ် ဆိုပြီး အားပေးလို့ ကိုယ်က အမနဲ့ဆို အဖော်ရှိပြီဆိုပြီး အားတက်ပြီး လုပ်ခဲ့တာ။ ပြီးတော့ အမက မရေးဘူး။ အမက ဟေမာန်သဇင်ဆိုတဲ့ နံမည်နဲ့ ရေးပြီး မိုးမခကို ပို့တာ စာမူထည့်ဖို့ ၆လလောက် သည်းခံ စောင့်ရတယ်။ အယ်ဒီတာ ညစ်တဲ့သဘောပေါ့။

အခု ကိုယ်တို့က စာပေဟောပြောပွဲလဲ သွားနားထောင်ရင်း ကိုယ်တို့ ညီအမတွေလဲ ဆုံရင်းပေါ့။ ကိုယ်နဲ့ မလွင်မာက အယ်လ်အေမှာ နေတာဆိုတော့ တပတ်ကို မဆုံဖြစ်ဘူး ဆိုရင်တောင် ၂ခါတော့ အနည်းဆုံး ဆုံကြတယ်။ အိမ်မှာ အတူ ချက်စား၊ စကားပြော ကြတာပေါ့။ အမရဲ့ သမီးလေး ငယ်ငယ်ကလဲ ကိုယ်တို့ ၀ိုင်းတော်သား ဖြစ်လာပြီ။ ဘ၀ရဲ့ အနိမ့်အမြင့်တွေကို အတူရင်ဆိုင်ကြ၊ တယောက်နဲ့ တယောက် ခံစားနားလည်ကြ၊ အခက်အခဲတွေကို အတူဖြေရှင်းကြရတယ်။

မမေသန်းဌေးကတော့ ဆန်ဖရန်စစ်စကို မှာနေတာမို့ အခုလို သွားပါမှ၊ သူတို့ကလဲ လာပါမှ တွေ့ကြ၊ ဆုံကြရတယ်။ ပိတ်ရက်ရှိတာနဲ့ အမတို့က အယ်လ်အေကို အမြဲ ဆင်းလာတတ်တာမို့ အမတို့ မိတ်ဆွေတွေက ဒီမိသားစုကို ဘယ်သွားမလို့လဲ မမေးတော့ဘူး။ အယ်လ်အေပဲ သွားမှာပဲဆိုတာ မေးစရာမလိုအောင် သိပြီးသား။ ရောက်ရင်လဲ ဘယ်မှ သိပ်မသွားဖြစ်ဘဲ တနေ့လုံး တညလုံး စကားပြောကြတယ်။ အရောင်တူ၊ စိတ်တူဆိုတော့ ပြောစရာ များတာပေါ့။

မဆုံဖြစ်တဲ့ အချိန်မှာလဲ ဖုန်းကတော့ အမြဲလိုလို ဆက်ဖြစ်တယ်။ တခါကတော့ ကိုယ်က ဘန်ကောက်ကနေ ခရီးသွား ပြန်လာတော့ ပြောစရာတွေများပြီး အတိုးချ ပြောလိုက်တာ အဲဒီလ ဖုန်းဖိုး ၂၀၀ ကျော်သွားတယ်။ အမရဲ့ ဖုန်း ဘီလ်မှာ ကိုယ့်နံပါတ်တွေ ပြူးပြဲနေအောင် ပေါ်နေတာလေ။ တခါခေါ်ရင် မိနစ် ၁၀၀ အသာလေးပဲ။ ဒါနဲ့ နှစ်ယောက်သား ကိုယ်ရှိန်သပ်ပြီး ဖုန်းဆက်တဲ့ရက်၊ အချိန်တွေကို သတ်သတ်မှတ်မှတ် ထားထားရတာပေါ့။

ကိုမောင်ရစ်တို့ အမတို့မှာလဲ ၁၀နှစ်အရွယ် သမီးကလေး တယောက်ရှိသေးတယ်။ နံမည်က ပွင့်ဖြူ နန္ဒာ တဲ့။ ကိုယ်တို့က မီးမီးလို့ပဲ ခေါ်တယ်။ မီးမီးက အေးတယ်။ စာဖတ်၊ စာရေး၊ ပုံဆွဲပဲ လုပ်တယ်။ စာတော်တယ်။ ဒါပေမဲ့ ကစားနည်းဆိုရင် ဘယ်ကစားနည်းပဲ ဖြစ်ဖြစ် သူမကစားရဲဘူး။ ရှုံးမှာ ကြောက်လို့။ ဝမ်းနည်းတတ်တယ်။ စာရေး အရမ်းကောင်းတယ်။ ဘဘဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ မြစ်ကလေး။ သူက အတွေးသမား။ ကိုယ်နဲ့ပေါင်းမှ ရိုလာ ကိုစတာ စီးဖူးတာမို့ ကိုယ့်ကို ခေါ်တာ ရိုလာကိုစတာ မမ တဲ့။

မလွင်မာ့ သမီး ငယ်ငယ်ကတော့ ခုမှ ၁၈နှစ်။ အဖေချစ် သမီးချောပေါ့။ သူလဲ စာတော်တာပါပဲ။ နံမည်က ငယ်ဦးမွန် တဲ့။ သူကတော့ သတ္တိရှိတယ်။ ၁၈နှစ်ပြည့်ပြည့်ချင်း ကားမောင်းလိုင်စင်သွားဖြေတာ တကြိမ်တည်းနဲ့ အောင်သွားပြီ။ သူ့ကို ကားမောင်းသင်ပေးတဲ့ ဆရာက နင်ငါ့ကို ဂျပန်ဖြစ်အောင် လုပ်တယ် လို့ အပြောခံရသူလေ။ ဘာဖြစ်လို့လဲဆိုတော့ ကားကို ဘရိတ်ဆောင့်အုပ်လို့ ရှေ့ကို ဟိုက် ဆိုပြီး ငိုက် ငိုက်သွားတာမို့ ဂျပန်ဖြစ်ရတာ တဲ့။

ကလေး နှစ်ယောက်စလုံး တိရိစ္ဆာန် ချစ်ကြတယ်။ အဲဒီတော့ ကိုယ်နဲ့ အဖွဲ့ပေါ့။ ကိုယ်ကတော့ ကလေးတွေနဲ့လဲ သူငယ်ချင်း၊ ကလေးတို့ အမေတွေနဲ့လဲ သူငယ်ချင်းပဲ။ ဒီလိုပဲ တယောက်ကို တယောက် စောင့်စောင့်ရှောက်ရှောက်၊ ချစ်ချစ်ခင်ခင် နေကြရတာပဲပေါ့လေ။ ကိုယ့်ရဲ့ အားငယ်နေတဲ့အချိန်၊ ၀မ်းနည်းနေတဲ့အချိန်တွေမှာ ဒီအမနှစ်ယောက်က ဘေးကနေ အမြဲ ရပ်ပြီး ကိုယ့်ကို ထူခဲ့ကြဖူးတယ်။ ပျော်စရာဆိုလဲ အတူတူ မျှဝေ ပျော်ရွှင်ခဲ့ကြတယ်။

ဒီလို သူငယ်ချင်းတွေနဲ့အတူ ကိုယ်ဝါသနာပါတဲ့ စာပေစကားတွေ၊ စာပေအတွေ့အကြုံတွေ နားထောင်ရမှာဆိုတော့ ဘလော့ဂ်ကနေ ခွင့် ၅ရက်လောက် ယူရင်လဲ အပြစ်ယူမယ် မထင်ပါဘူးလေ။ ဟုတ်တယ် မဟုတ်လား။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

စုံထောက်ကြီး ဖြစ်ချင်တယ်

ငယ်ငယ်တုန်းကတော့ လူကြီးတွေက သမီးကြီးလာရင် ဘာလုပ်မလဲ လို့ အဖေနဲ့ အမေတို့က အမြဲမေးခဲ့ဖူးတယ်။

အဲဒီအချိန်တုန်းက ကိုယ်ကလဲ ကလေးဆိုတော့ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လုပ်ချင်တာတွေ ပြောလိုက်တာပဲ။ အဖြေတွေက တခါနဲ့ တခါလဲ မတူပြန်ဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ကူးထဲမှာတော့ ကိုယ်ဖြစ်ချင်တာတွေ အမျိုးမျိုး ဖြစ်ခဲ့တာပဲလေ။ အခုအချိန်မှာ ပြန်တွေးတော့ အဲဒါတွေနဲ့ တော်တော်အလှမ်းဝေးတဲ့ နေရာမှာ..။

ကိုယ် အမှတ်မိဆုံးက ငယ်ငယ်က စုံထောက်ဖြစ်ချင်ခဲ့တာပါ။ စုံထောက်တွေက ဥာဏ်ရှိတယ်၊ အကင်းပါးတယ်၊ အမှန်တရားကို ဖော်ထုတ်နိုင်တယ်၊ လူဆိုးတွေက ကြောက်ရတယ် ဆိုတဲ့အချက်တွေက ကိုယ့်ကို ဆွဲဆောင်ခဲ့တယ် ထင်ပါရဲ့။ ကိုယ်က ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန်တဲ့ ဦးစံရှားအမှုတွေကို စာစဖတ်တတ်တဲ့ အရွယ်ကတည်းက အထပ်ထပ် ဖတ်ခဲ့တာ အလွတ်ရတဲ့အထိပဲ။

အဲဒီတုန်းက ကိုယ့်ဖာသာကိုယ် ဦးစံရှားလို့ ထင်နေပြီး ကိုယ့်ကို ထိန်းတဲ့ အမ မခင်ဆင့်ကို ခေါ်တာများ ကိုသိန်းမောင် တဲ့။ ကိုယ်တို့နှစ်ယောက်ပျင်းရင် မခင်ဆင့်က စာအုပ်ကိုင်ပြီး ကိုယ့်ကို စာမေးတယ်။ “မီးရထား မီးအတိုင်း ဆို ဘာမှုလဲ” တဲ့။ အဲဒါဆို ကိုယ်က “ထူးဆန်းသော အိမ်ငှားမှု ပေါ့” လို့ ဖြေလိုက်တာ။ ဇာတ်လမ်းထဲမှာ ပါတဲ့ စာကြောင်းတွေကို ရွတ်ပြရုံနဲ့ ကိုယ်က တမှုလုံး မှတ်မိသွားပြီ။ ကျောင်းစာသာ အဲဒီလောက်မှတ်မိရင် တော်တော် ဟုတ်မှာ။

နောက်တော့ တီဗီမှာ စုံထောက်ဇာတ်လမ်းတွေ လာတော့ ပိုရောဂါသည်း သွားတယ်။ Charlie’s Angels ဇာတ်လမ်းတွဲတွေလာရင် ကိုယ်က တီဗီရှေ့မှာ အောက်မေးပြုတ်တယ်။ ကိုယ့်ကိုယ်ကိုလဲ ဦးစံရှားကနေ ဖာရာဖောဆက် ဖြစ်သွားတယ်။ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် ပြုံးနေတော့ ဖာရာဖောဆက်မဟုတ်ပါဘူး၊ အဖာတရာ ဖောက်စက် ပါလို့ သူငယ်ချင်းက စတော့ ဒေါသထွက်လိုက်တာ။ စိတ်ကူးကို ပျက်ရော။

အဲဒီတုန်းက ၉တန်းထင်ပါရဲ့။ မနက်စောစောကြီး မခင်ဆင့်က ကိုယ့်ကို သထုံလမ်းမှာ လူသတ်မှု ဖြစ်လို့ တဲ့၊ သွားကြည့်ရအောင် ဆိုပြီးပြောတော့ ကိုယ်လဲ ဂျင်းဂျာကင်လေး ကောက်ဝတ်ပြီး သူနဲ့ ထွက်ခဲ့တယ်။ ဦးစံရှားတော့ ကိုသိန်းမောင်နဲ့ အမှုလိုက်ဖို့ ထွက်လာပြီပေါ့။

ဒါနဲ့ သွားနေကျလမ်းတောင် ကောင်းကောင်းမသွားဘူး။ ခြေရာတွေဘာတွေ ကောက်လို့။ ညက မိုးကလေး တဖွဲဖွဲကျထားတော့ ခြေရာတော့ မပျက်လောက်သေးဘူး ထင်ရတာပဲ ကိုသိန်းမောင်ရေ လို့ ပြောလိုက်သေး။ ကိုယ့်စိတ်ကူးထဲမှာတော့ အမှုလိုက်ဖို့ ထွက်လာခဲ့တာပါပဲ။ တခါမှလဲ လူသတ်မှုဆိုတာ အပြင်မှာ မကြုံဖူး မကြားဖူးတော့ ပထမဆုံး အတွေ့အကြုံလဲ ဖြစ်နေတယ်။

ကိုယ်တို့နေတဲ့နေရာနဲ့ သထုံလမ်းက နီးပါတယ်။ လမ်းထဲဝင်လိုက်တာနဲ့ လူအုပ်ကြီး ကို တန်းတွေ့ရတာပါ။ ဟိုက်..ကိုအုန်းဖေတို့တော့ နွားအုပ်မောင်းသွင်းထားတာမှ တော်လိမ့်အုံးမယ် ဖြစ်သွားတယ်။ သဲလွန်စတွေ ပျောက်ကုန်မှာကိုး။ လူတွေကလဲ တိုးတိုးကြိတ်ကြိတ်ပဲ ၀ိုင်းအုံနေကြတယ်။ ဦးစံရှားလာလို့လဲ ဖယ်ပေးရကောင်းမှန်းလဲ မသိ။

ဒါနဲ့ ဦးစံရှားလဲ လူအုပ်ကြားထဲက မနည်းတိုးပြီး ကြည့်လိုက်တာ လူငယ်တယောက် မှောက်ခုံကြီး လဲနေတာ တွေ့တာကိုး။ သူက မြောင်းထဲမှာ။ ဖိနပ်လဲ မပါ၊ အသက်လုပြီး ပြေးခဲ့ရပုံပါပဲ။ မြောင်းထဲ ခြေချော်ကျသွားတုန်း သူ့ကို လိုက်တဲ့လူတွေက မိသွားသလား မသိ။ ဓားနဲ့ အချက်ပေါင်းများစွာ ထိုးထားတယ် တဲ့။ တော်တော်ရန်ငြိုးကြီးပုံပါ။

ကိုယ်လဲ ကျောထဲက စိမ့်လာတာနဲ့ မျက်နှာလွှဲထားလိုက်ရတယ်။ သတ္တိကောင်းတယ် ခေါ်ရမှာပေါ့။ ဖြစ်တဲ့နေရာက သထုံလမ်းက တက္ကသိုလ်ရေကူးကန်နဲ့ ဘောလုံးကွင်းကြား ထဲမှာပါ။ မြောင်းဘေးမှာလဲ မြက်ပင်တွေ လဲပြိုနေတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ထားပုံပဲ။ ခြေချော်ကျသွားပုံရတဲ့ စွတ်ကြောင်းကြီး တခုလဲ တွေ့တယ်။ သူ ကျွတ်ကျန်ခဲ့ပုံရတဲ့ ဖိနပ်တဖက်လည်း ဘောလုံးကွင်း ဟိုဖက်ထိပ်မှာ တွေ့သတဲ့။

ဘာကြောင့် ဒီလိုများ အဖြစ်ဆိုးပါလိမ့်။ အသက်က ငယ်ငယ်၊ ၂၀လောက်တောင် ရှိပါအုံးမလား ထင်မိတယ်။ သူ့မိဘတွေတော့ ရင်ကွဲရှာမှာပဲ။ မူးယစ်ဆေး၊ လောင်းကစားတွေနဲ့များ ပတ်သက်နေမလား၊ အပေါင်းအသင်းမှားလေသလား။ ဒီအရွယ်လေးတွေ ရည်းစားလု ကြတာများလား။

သူ့အမေကတော့ ညက သားပြန်မလာလို့ မျှော်နေရှာမယ်။ ညက မိုးတွေကလဲ တစိမ့်စိမ့်နဲ့။ ကိုယ်တို့က မိဘအရိပ်အငွေ့အောက်မှာ စောင်လေးခြုံ၊ စာအုပ်လေးဖတ်နေတုန်း ကိုယ်တို့နဲ့ မတိမ်း မယိမ်း လူငယ်လေးတယောက်ကတော့ဖြင့် အသက်လုပြီး ပြေးနေရှာတယ်။ သူ့နောက်ကလိုက်တဲ့လူမှာလဲ ဘယ်လို ဒေါသ မောဟတွေနဲ့များ လူတယောက်လုံး သတ်ပစ်ချင်လောက်အောင် အဲဒီစိတ်တွေ ဖြစ်ပေါ်နေရတာပါလိမ့်။

ကိုယ်က လူအုပ်ရဲ့ရှေ့ဆုံးမှာ အဲဒီလို ဝေဖန် စပ်စု တွေးနေမိတုန်း ကိုယ့်ကို မှုခင်းလိုက်တဲ့ ရဲတွေက အတင်းနောက်ဆုတ်ခိုင်းတယ်။ ဖယ်၊ ဖယ် အလောင်းထုတ်မယ် တဲ့။ ဒီလူတွေ ဦးစံရှားမှန်း မသိသေးဘူးထင်တယ် လို့ နံဘေးက ကိုသိန်းမောင်ကို ရယ်ရယ်မောမော ပြောလိုက်မိပြီး မခင်ဆင့်နဲ့ နှစ်ယောက်သား လမ်းလျှောက်ပြီး ပြန်ခဲ့ကြတယ်။

အဲဒါ ပထမဆုံး ကြုံရတဲ့ ရာဇ၀တ်မှု အတွေ့အကြုံပါပဲ။ တရားခံကို ဖမ်းမိသွားသလားလဲ မမေးမြန်းမိတော့ဘူး။ ဒီလို အဖြစ်အပျက်တွေရဲ့ နောက်ကြောင်းတွေ၊ ဖြစ်ပေါ်စေတဲ့ စိတ်အခြေခံတွေကိုပဲ ပိုစဉ်းစားမိတယ်။ အဲဒီလို ငြိမ်ငြိမ်သက်သက် တွေးနေရတာကိုပဲ ကျေနပ်လိုက်တယ် ထင်ပါရဲ့လေ။

အခုထိလဲ တီဗီမှာလာတဲ့ စုံထောက်ကားတွေ ကြည့်တုန်းပါပဲ။ CSI Miami ဆိုရင် အမြဲကြည့်ဖြစ်တာပေါ့။ ကြည့်တုန်းမှာတော့ ဥပဒေနဲ့ မညီတဲ့ ရာဇ၀တ်မှုတွေ ပြေးမလွတ်တာကို ၀မ်းသာပြီး စိတ်အာသာပြေ ကြည့်နေမိသလား မပြောတတ်ဘူး။ အပြင်မှာ လွတ်မြောက်နေတဲ့ လူဆိုးတွေကို အားမလို အားမရ ဖြစ်နေတာကိုး။

အင်း..အဲဒီလူဆိုးတွေကိုတော့ ဘယ်သူများ ဖမ်းပါ့မယ်လို့လဲ တွေးမိသေးတယ်။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

Holloween

ဒီနေ့ အောက်တိုဘာလ ၃၁ရက် ဆိုတော့ Halloween နေ့ပေါ့။

သူတို့ပြည် သူတို့ရွာမှာ နေရတဲ့အခိုက် ကြုံလာရတဲ့ ရိုးရာဓလေ့ပွဲတော်လေးတွေမှာ ကိုယ်ကတော့ Halloween အချိန်ကို သဘောအကျဆုံးပဲ။ တအိမ်တက်ဆင်း trick or treat လုပ်ကြ၊ သကြားလုံးလေးတွေ၊ မုန့်လေးတွေ ဝေကြ ၊ပေးကြတာကို ပျော်မိတယ်။ ဒါက ကလေးတွေ ပျော်တဲ့ ပွဲလို ဖြစ်နေတာကိုး။

ကိုယ်တို့လဲ ရောက်စ က နားမလည်ဘူး။ မနက် ရုံးသွားရင်း ဖရီးဝေးပေါ်မှာ ကိုယ့်ရှေ့က ကားက ကားနောက်ဖုံးထဲမှာ သွေးစွန်းနေတဲ့ ခြေတဖက် ထွက်နေတာတွေ့တော့ လန့်လိုက်တာ။ 911 တောင် ဖုန်းခေါ်လိုက်ရမလား စဉ်းစားလိုက်သေး။ တုံးပုံများ ပြောပါတယ်။ နောက်မှ လူခြေထောက်နဲ့ တူအောင်တု ထားတဲ့ အရုပ်ခြေထောက်မှန်း သိတယ်။ အဲဒီတော့မှ သူတို့ပွဲတော်ကြီးက ဘယ့်နှယ့်ဟာကြီးပါလိမ့် ပေါ့။

ညကျတော့ ကလေးတွေ သရဲလို ၀တ်ပြီး လမ်းတလျှောက် ဟိုပြေး ဒီပြေး လုပ်နေလိုက်ကြတာ။ ခြံဝင်းတွေထဲမှာလဲ လူရိုးခြောက်တွေ သစ်ပင်ပေါ်မှာ ကြိုးတန်းလန်းနဲ့ ဖြစ်လိုဖြစ်၊ အိမ်ရှေ့က မြက်ခင်းမှာ အုတ်ဂူတွေ ထားလိုထား၊ ပင်လယ်ဓမြတွေပုံစံ လုပ်လိုလုပ်ပေါ့။ ကိုယ်တို့ မြန်မာအယူအဆဆို နိမိတ်နမာ မရှိ နော်။ မိန်းကလေးတွေကျတော့ စင်ဒရဲလားတို့၊ စနိုးဝှိုက်တို့ပုံစံလေးတွေလဲ ၀တ်ကြလို့ တော်သေးတယ်။

နောက်တနှစ်လောက်နေတော့ ကိုယ်တို့လဲ နည်းနည်းသဘောပေါက်ပြီး trick or treat လာလုပ်ရင် ကျွေးဖို့ သကြားလုံးလေးတွေ ၀ယ်ပြီးစောင့်ကြတာပေါ့။ သရဲလေးတွေ တံခါးလာခေါက်တိုင်း သကြားလုံးတွေ လက်တဆုပ်ကြီး ပေးရတာ ပျော်လိုက်တာ။ တချို့ သရဲလေးတွေများ treat လုပ်ပါ့မယ် ပြောတာတောင် တဟီးဟီးနဲ့ ခြောက်နေသေးတာ။ ကြောက်ပါတယ် ဆိုမှနော်။

တခါကတော့ ကိုယ်တို့နှစ်ယောက် တိုင်ပင်ပြီး ပိုက်ဆံပေးလိုက်ရင် ကောင်းမယ်ဆိုပြီး သရဲလေး နှစ်ကောင်ကို ပိုက်ဆံ ၁ကျပ်စီ ပေးလိုက်တာ အဲဒီသရဲလေးတွေက သူ့ဘော်ဒါတွေ ကို ပိုက်ဆံပေးနေတယ်ဟေ့ လို့ ချက်ချင်း ဆစ်ကနယ်လ် ရိုက်လိုက်တယ် ထင်ပါရဲ့။ သရဲ အကောင်အစိတ်လောက် ပြေးလာလို့ ဟိုက် ဗုဒ္ဓေါ ဖြစ်ရသေး။

ဒါနဲ့ ရှိသမျှ သကြားလုံးတွေ ထုတ်ပေး၊ နောက်ထပ် ထပ်ရောက်လာ၊ သကြားလုံး ကုန်တော့ ကိုယ်စားနေတဲ့ မရွေးထုပ်တွေ ပေး၊ နောက်ထပ် ထပ်ရောက်လာ၊ နောက်တော့ အိမ်နားက ဆိုင်မှာ သကြားလုံး အမြန်ပြေးဝယ်ပါဟေ့ ဆိုပြီး သွားဝယ်တုန်း ထပ်ရောက်လာတဲ့ သရဲလေးတွေကို အိမ်မှာရှိတဲ့ ခေါက်ဆွဲထုပ်တွေပါ ဝေရတော့တာ။ သရဲလေးတွေလဲ ဘယ့်နှယ် treat ကြီးပါလိမ့်လို့ အံ့သြပြီး ပါးစပ်အဟောင်းသားနဲ့။ ခြောက်တောင် မခြောက်နိုင်တော့ဘူး။

အဲဒီနှစ်တွေတုန်းက အဖေကလဲ ကိုယ်သကြားလုံးဝေရင် တပြုံးပြုံးနဲ့ ဘေးမှာ ရှိတာ၊ နောက်တော့ ဘာစိတ်ကူးပေါက်တယ် မသိပါဘူး။ အဖေလဲ trick or treat သွားလုပ်ရင် ကောင်းမယ် ထင်တယ် တဲ့။ ကိုယ်က လက်တဆုပ်ကြီး ပေးနေတာဆိုတော့ ကလေးတွေကို ဘယ်လောက်ပေးပေး မလောက်နိုင်တာမို့ ဘဲစား ဘဲခြေ ဖြစ်အောင် အဖေက သွားတောင်းလာပြီး ကိုယ့်ကို ပြန်ပေး၊ ကိုယ်က ပြန်ဝေ အဲဒီ့ သဘောမျိုး ထင်ပါရဲ့။ ကိုယ်လဲ မနည်း တားလိုက်ရတယ်။

ဒီလိုသွားရင် ကလေးတွေနောက် အဖေ၊ အမေတွေ၊ ဦးလေးတွေကလဲ လိုက်ကြရတာ။ မုန့်ယူရင် ကျေးဇူးတင်ပါတယ် ပြောလေ ဆိုပြီး ဘေးကနေ သင်ကြတာ။ ကလေးတွေကို လိုက်စောင့်ရှောက်ကြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တချို့ မြို့နယ်မှာ ခပ်ရူးရူး လူတွေက သကြားလုံးတွေကို အဆိပ်သုတ်လိုသုတ်၊ မုန့်ထဲ ကွတ်ကီးထဲ ဖန်ကွဲစတွေတောင် ထည့်သတဲ့။ တချို့ကတော့ ကလေးတွေကို မုန့်ကျွေးမယ်ဆိုပြီး အခန်းထဲခေါ်သွားတတ်သေးတယ်။

အဲဒီလိုမျိုး ကြားတော့ အံ့သြလိုက်တာ။ အပြစ်ကင်းကင်း ပျော်နေတဲ့ ကလေးလေးတွေကို ဘာလို့များ ထိခိုက်စေရတာလဲ မသိ။ ကိုယ်မပါဝင် မပျော်ရွှင်ချင်ရင် မီးမှိတ် တံခါးပိတ် နေလိုက်လဲ ရရဲ့သားနဲ့။

ဒါပေမဲ့ ကိုယ်တို့လမ်းမှာတော့ ညနေ ၅နာရီလောက်ကတည်းက မျက်နှာမှာ အမျိုးမျိုး ခြယ်သကြပြီး ကလေးတွေ လူကြီးတွေ အုပ်စုလိုက် ထွက်ကြတာ ည၉နာရီလောက်မှ လူစုကွဲတယ်။ အဲဒီအချိန်ကျရင်တော့ ကလေးသရဲလေးတွေလဲ အမေတွေရဲ့ ပုခုံးမှာ ငိုက်ပြီး အိမ်ပြန်ကြတယ်။ တညနေလုံး တအိမ်တက်ဆင်း တံခါးတွေခေါက်၊ သကြားလုံးတောင်းရတာ မောပြီး အိပ်ပြီလေ။


ဒီနှစ်တော့ ကိုယ်တို့မှာ လူ သားသမီးက မရှိပေမဲ့ ကြောင် သားသမီးတွေက ရှိသေးတာမို့ သူများတွေကို အားကျပြီး ကိုယ်လဲ ကြောင်ကလေးပိုက်လို့ trick or treat လိုက်လုပ်ရကောင်းမလား စဉ်းစားသေးတယ်။ ကိုယ့်အမျိုးသားကတော့ ပြောပါတယ်။ ဒီသားအမိ သွားရင်တော့ ၀တ်စုံဝယ်စရာ မလိုဘူးတဲ့၊ Original Halloween costume နဲ့ ဆိုပဲ။

ကြောင်ကလေး ပိညှက်က တကိုယ်လုံး နက်ကြုပ်ကလေး ဖြစ်နေတဲ့အပြင် အသက်ရှူကြပ်တဲ့ ရောဂါလေးနဲ့ဆိုတော့ ဂီး ဂီး လို့ နေရင်းထိုင်ရင်း မြည်နေတာမို့ သရဲခြောက်သလိုတောင် ဖြစ်နေအုံးမှာ။ သူ့အမေကလည်း……..။

အင်း..၊ သကြားလုံးတော့ တော်တော်ရအုံးမှာပါ။

မိုးချိုသင်း

(ဓာတ်ပုံထဲက ကလေးလေးက မိတ်ဆွေ ကိုမိုးကျော်နဲ့ မအိရဲ့ သမီးလေးပါ။ နယ်လီ တဲ့)

အပြည့်အစုံဖတ်မယ်...