Saturday, August 29, 2009

တောင်များကို ကျော်ဖြတ်ခြင်း

လွန်ခဲ့တဲ့ အပတ်က ၀ါရှင်တန်မှာနေတဲ့ ဘူမိဗေဒ တက်စဉ်က ကျောင်းနေဖက် သူငယ်ချင်း ကိုနေလင်းနဲ့ သူ့အမျိုးသမီး မမမိုး၊ သား လမင်း တို့ မိသားစု လာလည်ကြတယ်။

သူငယ်ချင်းတွေ ပြန်ဆုံရတော့ ကျောင်းတုန်းက ရှေးဟောင်းနှောင်းဖြစ်တွေ စမြုံ့ပြန် ကြတာမို့ ပျော်လဲ ပျော်ရ၊ စိတ်လဲ ချမ်းသာရတာပေါ့။ ညဖက် လေဆိပ်ကို သွားကြိုပြီး အိမ်ရောက်တာနဲ့ စကားထိုင် ပြောကြတာ နောက်တနေ့ မနက် ၂နာရီကူးသွားတယ်။

သူငယ်ချင်းဖြစ်သူက ကျောင်းတုန်းက အဖြစ်အပျက်တွေ အတော်မှတ်မိသား။ ရီစရာတွေလဲ မမေ့ဘူး။ သူပြော ကိုယ်ပြောနဲ့ အချိန်က ကုန်လို့ ကုန်မှန်းတောင် မသိရဘူး။ ကိုယ့်အမျိုးသားက ဘူမိက မဟုတ်ပေမဲ့ ကိုယ်နဲ့ပတ်သက်ပြီး ဘူမိတပိုင်းလောက် ဖြစ်နေတော့ သူကလဲ ၀င်ပြောနဲ့ စကားဝိုင်းက စိုပြည်နေတာ။

နောက်တော့ သူတို့နှစ်ယောက်ချည်း ပြောကြတာ ကိုယ်တောင် ဘေးရောက်နေတယ်။ ည နက်လာတဲ့အထိ သူတို့စကား မပြတ်တော့ ငါ့သူငယ်ချင်းလား၊ သူ့သူငယ်ချင်းများလားတောင် ဇဝေဇ၀ါ ဖြစ်လာတယ်လေ။

နောက်တညကျတော့လဲ သီချင်းတွေ ညနက်တဲ့အထိ အတူဆိုကြပြန်ရော။ ကျောင်းတုန်းက ဆိုခဲ့ တီးခဲ့ကြတဲ့ သီချင်းတွေဆိုတော့ အနှစ်နှစ်ဆယ်တေးလို့ အမည်တပ်ရင် ရနေပြီ ဖြစ်တဲ့ သီချင်းတွေပေါ့လေ။ ကျောင်းသားဘ၀ Field ဆင်းတုန်းက ရထားပေါ်မှာ အတူ တပျော်တပါး ဆိုခဲ့ရတာ၊ တောထဲမှာ သီချင်းသံလေးတွေ နားထောင်ရင်း အမောပြေခဲ့ရတာ…။ လွမ်းတယ် တခွန်းမပြောဘဲ လွမ်းမိသေးတယ်။

သိတဲ့အတိုင်း ကိုယ်က နားထောင်သမား။ အဆိုက ဆိုမယ်ကြံရင် အသံက ဆွဲ ဆွဲထုတ်နေရတာမို့ အခုတခေါက်လဲ သူတို့ချည်း ဆိုကြတယ်။ ကိုနေလင်းက ဆိုလိုက်၊ ကိုကျော်ဝဏ္ဏက ဖြည့်လိုက်ပေါ့။ ကိုယ်က သူတို့ဆိုချင်တဲ့ သီချင်းကို အခွေ ထည့်ပေးရတဲ့သူရယ်ပါ။

ခင်မောင်တိုး အခွေ ထည့်လို့ တီးလုံးလေး စ လာရင်ပဲ ကိုနေလင်းက ခေါင်းကို ဖြေးဖြေးချင်း ခါတယ်။ ကိုယ်လဲ မေးရတော့တာပေါ့။ ဘာလဲ မကြိုက်ဘူးလား၊ နောက်တခွေ ပြောင်းထည့်ရမလား ဆိုတော့ ကြိုက်လွန်းလို့ဟ တဲ့။ ငါ ဖီလင်လာလို့ပါ တဲ့။ အော် ကြိုက်ရင် ခေါင်းခါရတာကိုး။ ကိုယ်က မကြိုက်ဘူး မှတ်လို့။

ဖိုးချိုသီချင်းတွေဆိုပြန်တော့ သူငယ်ချင်းက မျက်စိမှိတ်နေတာ။ ကိုယ်ကလဲ သူ အိပ်ချင်ပြီ ထင်မိတာ။ ဘယ့်နှယ်လဲ၊ ငါ ပိတ်လိုက်ရတော့မလား ဆိုတော့ ငါခံစားနေတာလေဟာ တဲ့။ ကောင်းလွန်းလို့ ဆိုပဲ။ ကိုယ်လဲ သီချင်းမဆိုတတ်သော်ငြားလည်း DJ လုပ်စားရင် ခွက်ဆွဲရမဲ့သဘောမှာ ရှိတယ်။

ဒါနဲ့ ကိုယ်ဟင်းချက်နေလဲ ဘေးနားမှာ ကျောင်းအကြောင်းတွေ ရပ်ရင်း ကြော်လှော်ရင်း ပြော၊ ဟိုဟိုဒီဒီ လမ်းသွားရင်းလဲ ဘူမိဗေဒက သူငယ်ချင်းတွေအကြောင်း ပြော၊ ညီထွေးတို့ ထူးမြတ်တို့ တနှစ်တည်းသမား သူငယ်ချင်းတွေနဲ့ ဆုံကြပြန်တော့လဲ မမေ့နိုင်တဲ့ ကျောင်းသားဘ၀ပဲ ပြော…။

ဒီလိုဆိုတော့ ကိုယ်လဲ တတိယနှစ် ကျောင်းသူဘ၀က Field ဆင်းရင်း ရေးခဲ့တဲ့ စာလေး တပုဒ်ကို ကိုယ့်ဘလော့ဂ်မှာ အမှတ်တရ ပြန်တင်ချင်လာမိတယ်။ အခုတလော ကိုယ်စာမရေးဖြစ်တာလဲ ကြာနေတာဆိုတော့ စာပြန်ရေးဖို့ အပျိုးလေး စ တယ်ပဲ ဆိုပါတော့။

နောက်ပြီး ဒီစာလေးထဲကလိုပဲ အခုအချိန်မှာ ကိုယ့်ဘ၀ရဲ့ မမြင်ရတဲ့ တောင်စဉ်တောင်တန်းတွေကို ကျော်ဖြတ်နေရချိန်လဲ ဖြစ်နေတော့ ဘ၀ကျောင်းတော်ကြီးမှာ တောင်တက်နေရတုန်းလို့ ဆိုချင်လဲ ဆိုနိုင်တာပေါ့နော်။ လမ်းတကွေ့မှာ စမ်းကလေးတွေ့ချင် တွေ့နိုင်မှာလို့ မျှော်လင့်လို့လဲ နေမိတာပေါ့။

တောင်တော့ တက်ရတာပဲ။ ဒါပေမဲ့ အတူလက်တွဲခေါ်မဲ့ ဘ၀အဖော်နဲ့၊ အားပေးမဲ့ မိဘ မောင်နှမတွေနဲ့၊ သိုင်းဝိုင်းမဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ဆိုတော့ ဒီဘ၀ကို ခင်တုန်း မင်တုန်းလို့ ပြောရမှာပါပဲလေ။

၁၉၉၃၊ အောက်တိုဘာလ၊ ရွှေအမြုတေ မှာ ဖော်ပြခဲ့ဖူးပါတယ်။ ငယ်လက်ရာလေးမို့ အပြစ်အနာမကင်းတာ ခွင့်လွှတ်ပေးပါ။




တောင်များကို ကျော်ဖြတ်ခြင်း


သူငယ်ချင်းတွေနဲ့ လမ်းခွဲလက်ပြအပြီးမှာ မြေခဲနီနီတွေပွထနေတဲ့ ထွန်ကြောင်းတလျှောက် သူတို့သုံးယောက်ဖြတ်လျှောက်လာကြတယ်။ သူတို့အုပ်စု(၄)မှာပါတဲ့ ကိုဝင်းအောင်နဲ့ အောင်ကြည်ထွန်းကတော့ ရွှေဥမင်အုပ်စုနဲ့ ပေကြိုးဆွဲရင်း ကျန်ရစ်ခဲ့ကြပြီ။ နေမွန်းမတည့်ခင် တောင်ပေါ်က ပြန်ဆင်းနိုင်ဖို့ ခြေလှမ်းသွက်သွက်လှမ်းရင်း စိတ်စောနေမိကြတယ်။

“တို့ သုံးယောက်ပဲနော်၊
ယောက်ျားလေးတွေ မပါဘူး နင်ကြောက်လား”
တင်တင်က မေးတော့ ချက်ချင်းပဲ သူခေါင်းယမ်းပစ်လိုက်တယ်။
“မကြောက်ပါဘူး၊ ပျော်တောင်ပျော်သေးတယ်၊
ဒီနေ့ ကွင်းဆင်းရတာ နောက်ဆုံးနေ့ကွ။
မနက်ဖြန်ဆို ငါတို့ ပြန်ရတော့မှာ”

ဘူမိဗေဒ ကွင်းဆင်းလေ့လာကြတဲ့ သူတို့ကျောင်းသူ မိန်းကလေးသုံးယောက်ဟာ ကျောပိုးအိပ်တွေ ရေဘူးတွေကို ကိုယ်စီလွယ်ရင်း တောင်တန်းကြီးတွေကြားက တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သွားနေကြတယ်။

သူတို့ကို လေ့လာဖို့ တာဝန်ပေးထားတဲ့ “တောင်ညို”တောင်ဟာ သူတို့တည်းခိုတဲ့ မူလတန်းကျောင်းလေးနဲ့ အဝေးဆုံးပဲ။ တောင်ကြားလမ်းလေးတွေ၊ ထွန်ယက်ပြီး မျိုးမချရသေးတဲ့လယ်ကွင်းတွေ၊ ငရုတ်ခင်းတွေ၊ နှမ်းခင်းတွေ၊ တောင်ကုန်းတွေကို ဖြတ်ကျော်ပြီး နာရီဝက်လောက်လျှောက်သွားပါမှ တောင်ညိုရဲ့ခြေဖျားကို ထိနမ်းခွင့်ရတယ်။

ဒီနေ့ဟာ မြေပုံတင်ပြီးလို့ ပေကြိုးဆွဲအချောသတ်ရမဲ့နေ့ပါ။ ဒါပေမယ့် ဆရာကိုယ်တိုင် လိုက်ကြည့်ထားတဲ့ တောင်ဖြစ်တာကြောင့် သူတို့အုပ်စုရောပြီး ဖြီးချလို့ မရဘဲဖြစ်နေတယ်။ သူတို့မြေပုံက မစုံသေးဘူးတဲ့၊ ဒါကြောင့် လူစုခွဲပြီး ယောက်ျားလေးတွေက ပေကြိုးတိုင်းဖို့ ရွှေဥမင်အုပ်စုနဲ့ကျန်နေခဲ့ပြီး၊ သူတို့မိန်းကလေးသုံးယောက်က မြေပုံကို ပြည့်စုံအောင်တင်ဖို့ တောင်ညိုကို တခေါက်ပြန်လာခဲ့ရတယ်။

ယင်းဇွဲတောင်နောက်ကနေ တောင်ညိုရဲ့အရိပ်ကို လှမ်းမြင်နေရပြီ။ သူတို့တက်မယ့်တောင်ဟာ သေချာတွေးကြည့်ရင် သနားစရာပါပဲ။ တောင်ကတုံးလေး။ ရေမရှိ။ အရိပ်မရှိ။ သစ်ကြီးဝါးကြီး မရှိ။ ထုံးဖြူဖြူသုတ်ထားတဲ့ စေတီလေးတောင် မရှိ။ ပကတိတောင်ချည်းသက်သက်သာဖြစ်တယ်။
၉၈၆-ပေရှိတဲ့ တောင်ညိုမှာ ချမ်းသာကြွယ်ဝတာဆိုလို့ ကန္တရဆူးပင်တွေရှိတယ်။ မြက်ရိုးခြောက်ဝါဝါတွေပေါတယ်။ အနိမ့်အမြင့်မညီမညာ တောင်သုံးခုပေါင်းထားမှ တောင်ညို တတောင်ဖြစ်တယ်။ ဒီလောက်ပါပဲ။

မန်ကျည်းရိပ်အောက်မှာ သူတို့ခဏနားရင်း မြေပုံထုတ်ကြည့်ကြတယ်။ သူတို့လိုအပ်နေတာ တောင်ရဲ့ဘယ်ဘက်အခြမ်းလဲ၊ တောင်ရဲ့ဘယ်နေရာကစတက်ရင် အဆင်ပြေမလဲ။ တောင်ထိပ်ထိတက်ကြမလား။ သုံးယောက်သားမြေကြီးပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချရင်း စဉ်းစားတိုင်ပင်ကြတယ်။ ပတ်ဝန်းကျင်ကတိတ်ဆိတ်လို့။

“နေမမြင့်ခင် မြန်မြန်တက်မှကွ။ ကြာရင်နေပူမယ်၊
တောင်အရိပ်ခိုပြီးတက်ရမှာ”
“စီဗစ်စားဦးမလားဟေ့ - နိုင်နိုင်”
တင်တင် ပစ်ပေးလိုက်တဲ့မန်ကျည်းသီးကိုဖမ်းရင်း အခွံနွှာကာ စီဗစ်အနေနဲ့ နိုင်နိုင်က ဝါးစားပစ်လိုက်တယ်။ ပြီးမှ ဦးထုတ်ကိုချွတ်ပြီး ယပ်ခတ်ရင်းက-
“ငါတို့ဒီလောက်ပင်ပန်းတာကို မေမေတို့က ယုံမှာမဟုတ်ဘူးနော်”
“အင်း”
“ကြည့်စမ်း ပတ်ဝန်းကျင်က တိတ်ဆိတ်လို့၊ အခုအချိန် ကျားလာရင် ဘယ်လိုလုပ်မလဲ-”
“ပေါက်တတ်ကရ ကျားမှမရှိတာ၊ ကျားရှိရင် ဆရာတွေကဘယ်လွှတ်မှာလဲ”
“ဥပမာ ပြောတာပါ၊ တကယ်လို့ ကျားလာရင်ပေါ့လေ”
“ထွက်ပြေးမှာပေါ့”
“ငါတို့ထဲက တယောက်ကို ကျားဆွဲထားရင်ကော”
“မဖြစ်နိုင်တာတွေ မစဉ်းစားပါနဲ့ဟာ”
“ကျားဆွဲထားရင် သူသေသေ ကိုယ်သေသေ ပြန်ချမှာပေါ့ကွ”
“အေးနော်၊ တယောက်ယောက်ကို ကျားဆွဲရင် ပြန်ချကြမယ်”

သူတို့ သုံးယောက်စလုံး ပြန်ငြိမ်သွားကြတယ်။ တကယ်တော့ ဒီနေရာမှာ ကျားလုံးဝမရှိပါဘူး။ အဓိပ္ပါယ်မရှိပေမယ့် ဒီလိုဝိုင်းပြီးပြန်ချမယ်လို့ပြောလိုက်ရတာ စိတ်ကျေနပ်ပြီး အားရှိသွားသလိုပဲ။ နိုင်နိုင်က စိုးရိမ်တတ်တယ်။

သူတို့ ငါးယောက်အုပ်စုမှာ အခုလို ယောက်ျားလေးနှစ်ယောက်မပါဘဲ လာရတာ ဒါ ပထမဆုံးပဲ။ စိတ်ထဲမှာ ကြောက်သလိုလို စိုးရိမ်သလိုလိုနဲ့ ဝေခွဲမရဖြစ်နေတယ်။ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် တောင်တွေက ပတ်ပတ်လည်ဝိုင်းလို့။ ဒီနေရာမှာ ထိုင်ပြီး ဒီလိုငေးရတာ ဒါနောက်ဆုံးပဲ။ သူတွေးရင်း တောင်တန်းတွေကို ကြည့်ပြီးဝမ်းနည်းလာတယ်။

“လွမ်းစရာပဲနော်”
“အေး”
“ငှက်ကလေးတွေ သီချင်းဆိုနေကြပြန်ပြီ”
“အဲဒါ ဘာငှက်သံလဲ”
“မသိဘူး၊ ဟိုနေ့က ဆရာပြောတော့ ခါငှက်သံဆိုလား”
“အများကြီးပဲကွနော်၊ ငှက်အစုံပဲ”
“ကြက်တူရွေးလဲ ပါမယ်ထင်တယ်”
“အေး”
“ဟော - ချေဟောက်သံ၊ ကြားလား”
“ကြားတယ်- ကြားတယ်”

သူတို့တောင်ခြေရင်းမှာထိုင်ရင်း တောင်တက်ဖို့ကို ခဏမေ့သွားတယ်။ သဘာဝအလှနဲ့ သဘာဝအသံက သူတို့ကိုဖမ်းစားထားတယ်။ တောင်တွေကို ပင်ပင်ပန်းပန်းနဲ့ လေးဖက်ထောက် တက်ခဲ့ရတာ ဒါနောက်ဆုံးပဲ။ မနက်ဖြန်ဆို ပြန်ကြရပြီ။

“မြို့မှာဆို ဒီလို စိတ်ငြိမ်းချမ်းမှုမျိုး ငါတို့ မရဘူးနော်”
“အေးဟာ- သိပ်ငြိမ်းချမ်းတာပဲ”
“တောင်ကြီးတွေက အလှကြည့်ဖို့ကောင်းတယ်”
“တက်ဖို့မကောင်းဘူး၊ တက်ရင် ပင်ပန်းတယ်”

တယောက်က နောက်ပြောတော့ လွတ်လွတ်လပ်လပ်အော်ရယ်မိကြတယ်။ သူတို့ရယ်မောသံလေးတွေဟာ တောင်ရဲ့ နံရံတွေကိုပြေးပြီးရိုက်ခတ်ကြတယ်။ ကျောက်သားတွေနဲ့ တည်ဆောက်ထားတဲ့ ကျောက်နံရံကြီးတွေက သူတို့ ရယ်သွမ်းသွေးတာလောက်တော့ မဖြုံပါဘူး။ ခပ်တည်တည်နဲ့ သူတို့ကို ငုံ့ကြည့်နေကြတယ်။

“ဒါပေမယ့် တက်မှ၊ တော်ကြာနေမြင့်သွားမယ်”

ကုန်းရုန်းထလိုက်ပြီး တောင်ညိုရဲ့ခြေဖျားကနေ တရွေ့ ရွေ့  သူတို့တက်ခဲ့ကြတယ်။ တယောက်က ကျောက်အမျိုးအစားခွဲပြီး တယောက်က ကျောက်ရဲ့အငိုက်တွေကို ကွန်ပတ်စ်နဲ့ တိုင်းတယ်။ တယောက်က မြေပုံပေါ်ချက်ချင်း ပုံဖော်တင်ရင်း တာဝန်တွေ ဝေမျှယူခဲ့ကြတယ်။
“အားမလျှော့နဲ့ ရောက်လုပြီ၊ ကြိုးစားတက်ပါမည်”
သူတို့ သီချင်းသံလေးကို လေအေးအေး တသိုက်က သယ်ဆောင်သွားတယ်။ သူတို့ သုံးယောက်စလုံးရဲ့ မျက်နှာမှာ ပင်ပန်းတဲ့အရိပ်မတွေ့ရဘူး။ ချွေးတွေသီးနေပေမယ့် မညည်းညူဘူး။ ကြောက်စိတ်တွေ မရှိတော့ဘူး။

ခဏခဏ ကောင်းကင်ပြာကြီးကို ကြည်နူးစိတ်နဲ့ သူမော့ကြည့်မိတယ်။ သူ လက်လှမ်းလိုက်ရင် ထိတော့မယ့်အတိုင်းပဲ။ မတ်စောက်လို့ ခက်နေတဲ့နေရာတွေမှာ တယောက်ကိုတယောက် သတိပေးရင်း လက်တွဲခေါ်တယ်။ ပျော်စရာကောင်းလိုက်တာ။

ဟိုး တောင်အောက်ခြေမှာ ရွာသားတွေ စီမံကိန်းအရ သစ်ပင်စိုက်ဖို့ မြေကျင်းတူးနေကြတာကို ခပ်ဝါးဝါးတွေ့ရတယ်။ အဲဒီအချိန်မှာ ဆရာမကို သူတွေ့လိုက်ရတာပဲ။ ဆရာမဒေါ်ဌေးက အဲဒီမြေတူးတဲ့လူတွေကြားမှာ။ သူတို့ဖက်ကို လျှောက်လာနေတယ်။ နောက် အော်ခေါ်သံတွေကို ကြားရတယ်။

“ဟေ့- ဟိုမှာ ငါတို့ဆရာမ မဟုတ်လား”
“အေးဟ - ငါတို့ နောက်လိုက်လာတာ ထင်တယ်”
“ငါတို့ကို စိတ်ပူလို့ လိုက်ရှာနေတာများလား”

ဆရာမရေဘူးက သူတို့ဆီမှာ၊ ဆရာမနဲ့ သူတို့လမ်းမှာကွဲသွားကြတာ၊ ဆရာမ ရေငတ်နေတော့မှာပဲ။

“ဆရာမရေ - ဆရာမ ရေဘူး သမီးတို့ဆီမှာ -”
“ပြန်ဆင်းခဲ့တော့လေ”
“သမီးတို့ မပြီးသေးဘူး ဆရာမ”
“ပြီးရင် ငါ့နောက်လိုက်ခဲ့ကြနော်၊ ကောင်လေးတွေရော”
“သူတို့ ရွှေဥမင်တောင်မှာ”

အဲဒီစကားတွေ အကုန်လုံး သူတို့ အကျယ်ကြီးအော်ကြရတယ်။ လေတွေကတိုက်လို့။ မြင်ကွင်းတွေက မှုန်ဝါးဝါး။ သူတို့ သုံးယောက်က တပြိုင်နက်အော်ကြရပြီး ဆရာမက ရွာသားတွေနဲ့ ပေါင်းအော်ပြီး စကားလှမ်းပြောရတယ်။ တောင်ပေါ်နဲ့ တောင်အောက် စကားပြောနည်းက ရယ်စရာပါပဲ။ ဆရာမပြန်လှည့်သွားတော့ သူတို့သုံးယောက် တခွိခွိရယ်ကြတယ်။ ဘာရယ်မဟုတ်ဘူး။ ဒီနေ့ သူတို့ မြူးနေကြတာအမှန်ပဲ။ တောင်ပေါ်ကကို မဆင်းချင်သေးဘူး။

သီချင်းတအေးအေးနဲ့ လုပ်တော့ အလုပ်တွေက ခပ်မြန်မြန်ပြီးသွားတယ်လို့ထင်ရတယ်။ နေမင်းက တောင်ပေါ်တက်ထိုင်ချင်နေပြီ။ မကြာခင် အမိုးအကာမရှိတဲ့ မွန်းတည့်နေအောက်မှာ သူတို့ နေပူလှမ်းခံရတော့မှာကို လျစ်လျူရှူရင်းတောင်အောက်ကို ပြန်ဆင်းဖို့ အတွေးကို ပယ်ချလိုက်ကြတယ်။

ရှားစောင်းပင်နဲ့ တောစံပယ်ပင်လား မသိရတဲ့ စံပယ်ပွင့်လို ခပ်မွှေးမွှေး၊ ခပ်သေးသေး အပင်လေးဘေးမှာ ကျောက်တုံးကို အိပ်ယာလို သဘောထားရင်း လှဲချလိုက်ကြတယ်။ ကျောပိုးအိတ်တွေကို ခေါင်းအုံးရင်းပေါ့။

အဲဒီကျောပိုးအိတ်တွေထဲမှာ ကျောက်ခဲတွေပါတယ်။ ကွန်ပတ်စ်တွေပါတယ်။ ကျောက်ထုဖို့ တူပါတယ်။ မြေပုံစာရွက်စာတမ်းတွေပါတယ်။ ခေါင်းအုံးလို မနူးညံ့ပေမယ့် သူတို့ကျေနပ်တယ်။ ကျောအောက်က ကျောက်တုံးဟာ မွေ့ယာလို ဇိမ်မကျပေမယ့် သူတို့အတွက် အသားကျတယ်။ အဆင်ပြေတယ်။ ဒီလောက် လွတ်လပ်အေးချမ်းတဲ့ အရသာ ဘယ်မှာများ ရနိုင်မှာလဲ။

ရေဘူးက ရေတွေကို အရသာခံပြီး ခပ်ဖြည်းဖြည်းမော့သောက်ကြတယ်။ ဒီရေဟာ အခုအချိန်မှာ ပက်(ပ)စီတခွက်ထက်တန်ဖိုးရှိတယ်။ ရင်အေးသွားတာနဲ့အမျှ သူတို့ ဒီနေ့ လုပ်ရမဲ့တာဝန်ပြီးသွားလို့ စိတ်လက်ပေါ့ပါးနေတယ်။ မြေပုံကိုပြည့်စုံအောင်တင်ခဲ့ပြီးပြီ။ တောင်ပေါ်မှာ လှဲအိပ်ရင်း နောက်ဆံတင်းစရာ အလုပ်မရှိ ဆိုတဲ့ စိတ်က ကြည်နူးစရာကောင်းလွန်းလို့ တောင်တန်းကြီးတွေကိုကြည့်ရင်း သူရင်ခုန်လာမိတယ်။

သူ့အပေါ်မှာ စိုးမိုးထားတဲ့ အပြာရောင်ကောင်းကင်ကြီးက လွတ်လွတ်လပ်လပ်ရှိလွန်းလို့ တအံ့တသြနဲ့ သူငေးမောနေမိတယ်။ ကျယ်ပြန့်လွတ်လပ်လိုက်ပုံများ အားကျလောက်စရာပဲ။ မျက်စိထောင့်စွန်းမှာရှိတဲ့ တိမ်ဖြူဖြူတလိပ်က တောင်ထိပ်မှာ နားတယ်။ လေပူအေး တချက်တိုက်တော့ သူ့စိတ်က အပျော်စိတ်ကလေး ဖျတ်ကနဲ နိုးသွားတယ်။

ငှက်ကလေးတွေက စိုးစိုးစီစီ သီချင်းဆိုပြန်တော့ အသံမကောင်းဘဲ သီချင်းသိပ်ဆိုချင်တဲ့ သူ့ပါးစပ်ကို လက်နဲ့အသာပိတ်ထားလိုက်ရတယ်လေ။ သူ့ဘဝမှာ ဒါကို အကျေနပ်ဆုံးပဲ။ ဒီလို ငြိမ်းချမ်းတဲ့ အခြေအနေကို အကြည်နူးဆုံးပဲ။
မနက်ဖြန် အိမ်ပြန်ရတော့မှာပါလား။

မခွဲစဖူး ပထမဆုံးအကြိမ် ညအိပ်ညနေ အိမ်နဲ့ခွဲရတဲ့သူ့အဖို့ ကွင်းဆင်းတဲ့ ပထမရက်တွေမှာ ဘယ်လိုမှ ကိုယ့်စိတ်နဲ့ကိုယ့်ကို အံဝင်ခွင်ကျ မဖြစ်တာတွေကို ပြန်တွေးနေမိတယ်။ ဆက်တိုက်ကြုံလာတဲ့ ပင်ပန်းမှုတွေကို သူခံနိုင်ရည်မရှိခဲ့ဘူးဆိုတာ ဝန်ခံရဲပါတယ်။
တနေ့ တနေ့ အိမ်ကို ခိုးပြန်ဖို့ သုံးကြိမ်ထက်မနည်း စိတ်ကူးခဲ့မိတာ၊ လမ်းတွေ မမှတ်မိတတ်ပေမယ့် ဘူတာရုံကိုသွားတဲ့လမ်းကို အသေအချာ မှတ်ထားခဲ့တာ၊ အပြင်ထွက်ခွင့်ပေးတာနဲ့ စာတိုက်ကိုပြေးပြီး အိမ်ကို ကြေးနန်းရိုက်ရတာ၊ အို- အများကြီးပါပဲ။

ဒီခရီးတလျှောက်မှာ အမှတ်ရဆုံးနဲ့ မမေ့နိုင်ဆုံးက ဆရာ၊ ဆရာမတတွေရဲ့ မိဘရင်းတမျှ မေတ္တာ စေတနာတွေပါပဲ။ အဲဒီ မေတ္တာတရားကပဲ သူ့ရဲ့ ကလေးဆန်တဲ့ အိမ်ခိုးပြန်ချင်စိတ်တွေကို ရိုက်ချိုးပစ်ခဲ့တာပါ။ ပါမောက္ခကိုယ်တိုင် တတောင်တက် တတောင်ဆင်း စနစ်တကျ စာလိုက်သင်ပေးတာတွေဟာ အမှတ်တရ ကျေးဇူးတင်စရာတွေ ဖြစ်တော့တယ်။ လူကြီးတွေက ပင်ပန်းဆင်းရဲတဲ့ ဒဏ်ကိုခံနိုင်ပြီး သူက ဘာလို့ မခံနိုင်ရမှာလဲဆိုတဲ့ စိတ်နဲ့ သူ့မှာ ခံနိုင်ရည်စွမ်းအားတွေ ရှိလာခဲ့ရတာပါ။

အလေ့အကျင့် မရှိလို့ တောင်တွေပေါ် လေးဘက်ထောက်တက်ရတိုင်း “ငါ့ကို ထားခဲ့ကြပါလို့” တစာစာအော်နေတဲ့သူ့ကို ပင်ပန်းတာချင်း အတူတူ တယောက်တလက် ဆွဲထူသွားကြတဲ့ သူငယ်ချင်းတွေကိုလည်း သူ အမြဲအောက်မေ့နေတော့မှာပဲ။

ဖြူစင်တဲ့မောင်နှမစိတ်မျိုးနဲ့ ရေမျှတိုက်ခဲ့တာ၊ သူတို့ကျောပိုးအိပ်ကြိုးတွေကို ဆွဲရင်း တရွတ်တိုက်လိုက်ခဲ့ရတာ၊ ဆူးတွေကို ဖယ်ရှင်းပေးရင်း ချောက်ကမ်းပါးကြီးတွေကနေ မီးရထားတွဲကြီးလို လက်တွဲဆင်းကြရတာ၊ မောနေရင် သီချင်းတွေကို ရယ်စရာကောင်းအောင် အသံဖျက်ပြီးဆိုရင်း ပျော်ရွှင်မှုရစေတာ။ အားလုံး- အားလုံးကို သူ ကျေးဇူးတင် ကျေနပ်ရပါတယ်။

သူ့ ဒိုင်ယာရီအဖွင့်မှာ “တောင်တွေကို တက်ပြီး ကျောက်တွေကို လေ့လာရတာဟာ ပညာလည်းရတယ်၊ အနာလည်း ရတယ်” လို့ ရေးမိတဲ့အတွက် ခြေထောက်တွေ လက်တွေမှာရှိတဲ့ ဆူးခြစ်ရာ၊ ချော်လဲတဲ့ဒဏ်ရာ၊ အပူလောင်ဖုတွေ၊ ပေါပြဲတဲ့ ဒဏ်ရာတွေက အမှတ်တရပေါ့လို့ ခပ်တိုးတိုးဖြေကြတယ်။

ကွင်းဆင်းအမှတ်တရစာအုပ်လေးတအုပ်မှာ “တောင်တန်းတွေကို ကြည့်ပြီး သင်မည်သို့ခံစားရပါသနည်း” ဆိုတဲ့ မေးခွန်းအောက်မှာ ပင်ပန်းတဲ့စိတ်နဲ့ စိတ်တိုစွာ “ဘူဒိုဇာနဲ့ တိုက်ပစ်ချင်တယ်”လို့ ရေးခဲ့မိတာတွေကို တွေးမိတော့ ထိတ်လန့်တကြား နဘေးက တောင်တန်းကြီးတွေကို လှမ်းကြည့်မိတယ်။ သူတို့ကတော့ ခွင့်လွှတ်ပြုံးကိုယ်စီနဲ့လေ။

ဘေးနားမှာ သူ့လိုပဲ အဝေးကို ငေးနေတဲ့ တင်တင်က ကွင်းဆင်းတဲ့ပထမဆုံးညမှာပဲ “ကင်း”အကိုက်ခံရလို့ “ကင်းဝင် မင်းသမီး”လို့အမည်ပြောင်းသွားတာတွေကို တွေးမိတိုင်း သူ အသံထွက်ပြီး ရယ်မိတယ်။ ကွင်းဆင်းတော့မှ နာမည်တွေပြောင်းသွားတာမှ အများကြီးပဲ။ သူတို့ လေ့လာရေးကွင်းဆင်းတာ ပင်ပန်းဆင်းရဲမှုတွေ၊ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ချည်း ကြုံခဲ့ရတာ မဟုတ်ပါဘူး။ ဖြူစင်တဲ့မေတ္တာတရားတွေ၊ နွေးထွေးတဲ့ ရိုင်းပင်းကူညီမှုတွေ၊ လှိုက်လှဲနက်ရှိုင်းတဲ့ ပျော်ရွှင်မှုတွေအပြင် အဖိုးတန်တဲ့ နယ်မြေဗဟုသုတတွေလဲ ရခဲ့ပါတယ်။

ကျောက်ဆည်မြို့ပေါ်မှာ စခန်းချစဉ် ရွှေသာလျောင်းတောင်ပေါ်မှာ လေ့လာဖို့ တာဝန်ကျခဲ့တာတွေ ပြန်တွေးတော့ တတောင်လုံးပိတောက်၊ တတောလုံးတမာတွေနဲ့ ဖုံးနေတာတွေ လွမ်းမိသေးတယ်။ ပိတောက်ပန်းတွေက နိမ့်နိမ့်လေး။ လက်လှမ်းမီရုံလေး။

ဦးထုတ်ပေါ်မှာ ပန်းတွေ အပြည့်ထိုးပြီး တောင်ပေါ်တက်ရတာ၊ ဘုရားဖူးတွေ စောင်းတန်းအလိုက် တက်နေတာကို ငေးကြည့်ရင်း သူတို့က မတ်ပေ့ဆိုတဲ့ တောင်ကြောတလျှောက်က ကုတ်ကပ်တက်နေရတာ၊ တောင်အောက်က သင်္ကြန်သီချင်းသံ သဲ့သဲ့ကြားတိုင်း တောင်အောက်ကို ပြေးဆင်းသွားချင်စိတ်တွေ အကြိမ်ကြိမ်မျိုချပစ်ခဲ့ရတာတွေလည်း မမေ့နိုင်စရာပဲ။

ညနေခင်း မင်းရဲမြှောင်မှာ ရေချိုးတော့ “ကာမင်း”ဝတ္ထုထဲက ကော်ဒိုဗားညနေခင်းရဲ့ ဂွါဒါကွိဗာမြစ်ကမ်းခြေကို သတိရစရာ။ ကုလားကျောင်းရွာလေးကို ရောက်ပြန်တော့ စာမျှော်ချိန်ညနေခင်း၊ သဘောဖြူတဲ့ကုလားကျောင်းရွာသူတွေနဲ့ စကားလက်ဆုံကျခဲ့ပုံတွေ၊ “ကင်း”ကြောက်တဲ့ည၊ သရဲခြောက်တဲ့ည၊ သူငယ်ချင်းတွေနဲ့ စိတ်ဆိုးတဲ့ည၊ တောရဲ့အသံကို စိတ်လှုပ်ရှားပျော်ရွှင်စွာ ကြားရတဲ့ည၊ ဖယောင်းတိုင်အလင်းရောင်အောက်မှာ စာလုပ်ရတဲ့ည၊ သူ သဘောကျတဲ့ မယ်ဇယ်ပင်အောက်မှာ မယ်ဇယ်ပွင့်တွေက မြေပြင်တခုလုံး ဝါထိန်နေအောင် တဖြုတ်ဖြုတ်ကြွေ…၊ သီချင်းတွေက လွင့်ပျံ့ နေ- အို - အားလုံးဟာ လွမ်းစရာပဲ။

တောင်ထိပ်ကို နေလုံးကြီးရောက်ပြီ။ သူတို့တောင်အောက်ပြန်ဆင်းဖို့ အချိန်တန်ပြီ။
သူ ဒီနေရာကို မနက်ဖြန်မနက်စောစောမှာ ဝါးဦးထုပ်လေးဆောင်းပြီး ကျောက်တုံးတွေကို ထုဖို့ ရောက်လာတော့မှာ မဟုတ်ဘူး။ တောင်အောက်ခြေကနေ တောင်ထိပ်ကို မော့ကြည့်ပြီး “မြင့်လိုက်တာကွာ”လို့ ညည်းညူသံ ကြားရတော့မှာ မဟုတ်ဘူး။
တောင်ကြားလမ်းလေးအတိုင်း ကွေ့ကွေ့ကောက်ကောက်နဲ့ စခန်းဆီပြန်နေကြတဲ့ ကျောင်းသားအုပ်စုလေးတွေကိုလည်း မင်းမနက်ဖြန်မှာ မတွေ့နိုင်တော့ဘူး။ နှုတ်ဆက်ခဲ့ပါတယ် တောင်တန်းကြီးရယ်။

နောက်ဆုံးအနေနဲ့ သူတောင်းပန်ချင်နေသေးတယ်။ ဒီခရီးတလျှောက်မှာ သူ့အမှားတွေ၊ အပြစ်တွေ မသိစိတ်နဲ့ပဲဖြစ်ဖြစ် လုပ်ခဲ့မိမှာပါပဲ။ ပြောမှားဆိုမှားရှိခဲ့ရင်၊ အပြုအမူ အနေအထိုင် မှားခဲ့ရင် ဆရာ၊ ဆရာမတွေအားလုံးကို ခွင့်လွှတ်ဖို့ သူတောင်းပန်ချင်တယ်။

ပြီးရင်တော့ သူငယ်ချင်းတွေကို တောင်းပန်ရမယ်။ သူစိတ်ဆိုးလွယ်တာ၊ စိတ်မရှည်နိုင်တာ၊ ဂျီကျတာ၊ အနိုင်ယူတာတွေအတွက် အားလုံးရဲ့ အဆုံးမှာ ဘူဒိုဇာနဲ့ တိုက်ပစ်ချင်တယ်လို့ ပြောခဲ့ဖူးတဲ့ ကောင်မလေးတယောက်ကိုရော ဟောဒီ ကျောက်တောင်ကြီးတွေက ခွင့်လွှတ်ပါ့မလား။

တိတ်တိတ်ဆိတ်ဆိတ်ပဲ တောင်ပေါ်က ဆင်းလာကြတဲ့ သူတို့သုံးယောက်ဟာ လယ်ကွက်တွေကို ထောင့်ဖြတ်ဖြတ်ရင်း တောင်ကြားလေးထဲ တိုးဝင်သွားနေတယ်။ သူတို့ကိုယ်ပေါ်ကို မွန်းတည့်နေရောင်ခြည်က ရက်ရက်စက်စက်ထိုးကျလို့၊ တခါတခါ တိမ်တိုက်ကြီးရဲ့ အရိပ်အောက်မှာ သူတို့က တရွေ့ ရွေ့ မမောတမ်း လမ်လျှောက်လို့။
ငှက်တို့ရဲ့ တေးဆိုသံ - ဟိုး အဝေးကြီးမှာ ကျန်ခဲ့ပြီ။ တောင်လေတို့ရဲ့ မြူးတူးသံ - တိုးတိုးသဲ့သဲ့။ အားလုံးကို နောက်ချန်ထားခဲ့ပေပမယ့် ဘယ်လိုအဓိပ္ပါယ်ဖော်ရမှန်းမသိတဲ့ ဝေဒနာတခုကိုတော့ ဘယ်သူမှ မသိအောင် တိတ်တဆိတ် သူ ယူဆောင်လာခဲ့ပါတယ်။

သူ ငယ်ငယ်က အဖေနဲ့ အမေရဲ့ စကားဝိုင်းမှာ အမေ မကြာခဏပြောဖူးတဲ့ စကားလေးတခွန်းကို အခုအချိန်မှာ သွားသတိရမိတယ်။ အမေက သိပ်ကို အေးချမ်းတဲ့ အပြုံးကိုပြုံးရင်း “ဒီတောင်ကို ကျော်နိုင်လိုက်ပြီ”တဲ့။ အမေ့ရဲ့ ညင်ညင်သာသာ စကားအောက်မှာ အမေ့ကို ငေးကြည့်နေမိတာ။ အမေက ဘဝအခက်အခဲတွေကို “တောင်”တွေနဲ့တင်စားတယ်။ တောင်တွေ တတောင်ပြီးတတောင် အမေ ကျော်ဖြတ်ခဲ့ရမှာပဲ။ ဒါပေမယ့်၊ အမေက ဘယ်တော့မှ အပြုံးမပျက်ခဲ့ဘူး။

အခု အမေ့သမီးကလည်း တောင်တွေကို တတောင်ပြီးတတောင် ကျော်ဖြတ်နေရတာပါပဲ။ အခုအချိန်မှာတော့ မြင်ရတဲ့တောင်တွေ။ နောင်အခါကျရင် မမြင်ရတဲ့တောင်တွေ တတောင်ပြီးတတောင် တက်လိုက် ဆင်းလိုက်နဲ့ပေါ့။ အဲဒီအခါ အမေ့လို အပြုံးမပျက် ခရီးဆက်နိုင်ဖို့ သူကြိုးစားရမယ်လေ။
တောင်တွေကို တက်ရတာ ခက်ခဲတယ်၊ ကြမ်းတမ်းတယ်၊ ဆူးငြှောင့်ခလုတ်တွေ ပေါတယ်၊ ဒါကြောင့် ပင်ပန်းတယ်။
ဒါပေမယ့် …… သူ ပျော်ပါတယ် …..။


မိုးချိုသင်း