Saturday, April 10, 2010

အဝေးက သင်္ကြန်

ဘာလိုလိုနဲ့ အတာကူးတဲ့ နှစ်ဦးသင်္ကြန်ကိုတောင် ရောက်ပါပြီ။

ကိုယ်ငယ်ငယ် လူမှန်းသိတတ်စ အရွယ်ကတည်းက သင်္ကြန်ဆိုတဲ့ အသံကြားရင်၊ သင်္ကြန်သီချင်းသံ မြူးမြူးကြွကြွအသံကြားရင် ရင်ထဲမှာ ပျော်ပြီး တလှပ်လှပ် နဲ့ နေတတ်တယ်။ သင်္ကြန်ရေ ဘယ်လောက်စိုစို ဘယ်တော့မှ မဖျားဘူး။ အတာရေဟာ လူကိုကျန်းမာစေသတဲ့။ အတာရေအေးနဲ့ ကိုယ်၊ စိတ် မကောင်းတဲ့ အညစ်အကြေးတွေကို ဆေးကြောရသတဲ့။

အခုတော့ တူးပို့ တူးပို့သံ မကြားရတဲ့ အရပ်မှာ ပိတောက်ပန်းရနံ့လေးကို လွမ်းမိတယ်။ ရေစိုစိုမှာ မျောလာတဲ့ ပိတောက်ကြွေလေးတွေကို သတိရတယ်။ ခွက်စုတ်ကလေးနဲ့ ရေကြွက်မြီးတန်းလေးကို ခံပြီး ပက်ရတာကို ပျော်ခဲ့တယ်။ ရေစိုစိုမှာ ထမိန်တုပ်တုပ်နဲ့ လမ်းလျှောက်ခဲ့ရတာကို ပြန်ခံစားမိတယ်။

မြနန္ဒာ ဆိုတဲ့ အသံကြားရင် တိတ်တိတ်ကလေး လက်လေးတွေ ချိုးပြီး က နေမိတတ်တာကို ဘယ်လိုလုပ် မေ့မလဲ။ သင်္ကြန် သံချပ်တွေ နားထောင်ရင်း ပြုံးပျော် ရယ်မောခဲ့ရတဲ့ လွတ်လပ်မှုလေး ပြန်လိုချင်သေးတယ်။ ကျနော် ရေလောင်းမယ်နော် လို့ ခပ်တိုးတိုး ခွင့်တောင်းတာကိုလဲ ခေါင်းအသာညိတ် ခွင့်ပြုလိုက်ချင်သေးတယ်။

ဒီလိုနဲ့ ခပ်ဝေးဝေးက ချောင်းကြည့်နေခဲ့ရတဲ့ သင်္ကြန်လေးတွေဟာ အလွမ်းတွေ တစိုစို နဲ့ ရင့်ကျက်ခဲ့ရပါပြီ။ အခု ဘယ်လို သင်္ကြန်မျိုးများလဲ လို့ ငေးမော တွေးတော..။ ပိတောက်ပွင့်ကြွေလေးတွေနဲ့အတူ ဘီယာတွေ စီးနေတဲ့ သင်္ကြန်လား၊ ပိတောက်ပန်းနံ့တွေကို ဖုံးလွှမ်းနေတဲ့ အကင်နံ့တွေနဲ့ သင်္ကြန်လား၊ မိန်းကလေးတွေ ပိုပိုလှလာတဲ့ သင်္ကြန်လား။ ခွက်ကလေးတွေနဲ့ ရေပက်တမ်း ဆော့နေကြမဲ့ ကလေးသူငယ်လေးတွေက ဘီယာ စီးကရက် လိုက်ရောင်းစီးပွားရှာနေတဲ့ သင်္ကြန်လား။ မီးစက်သံတွေ ကြွက်ကြွက်ညံနေတဲ့ သင်္ကြန်လား။

ဘာပဲပြောပြော သင်္ကြန်ဟာ ခေတ်ကို ပေါ်ပေါ်ထင်ထင် လှစ်ဟ ပြနေမှာပါပဲ။ သင်္ကြန်ခံစားမှုတွေ အမျိုးမျိုး ဘယ်လိုပဲ ပြောင်းသွားသွား သင်္ကြန်ကိုတော့ ချစ်နေမိမှာပါပဲ။ ဒါကြောင့်မို့ အဝေးက သင်္ကြန်ကို စူးစမ်းချင်စိတ်တ၀က်နဲ့ အဖေ့ ကဗျာလေးတပုဒ်ကို အမှတ်တရ တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

အချစ်ရေ နဲ့ အချစ် သင်္ကြန်

မြန်မာနိုင်ငံ၌
သင်္ကြန် ကျပြီ။

အကတွေ အခုန်အပျံ
ဗုံသံတွေ အတောမသတ်
မမောတတ်နိုင်အောင် သင်္ကြန်ပွဲ
ဆင်နွှဲနေကြရော့မလား။

ကြည်း ရေ လေတပ်တွေကြောင့်
မီးရေလေပြတ်ပြီး
သမီးတွေ အပ်ရတဲ့ ကိန်း ဆိုက်နေပြီလား။

အဝေးက မှန်းပြီး
ဆွေးသမျှ လွမ်းရတဲ့
အေးမြတဲ့ သင်္ကြန်ပန်းကလေးပါ။

နှစ်တွေသာပြောင်း
ခေတ်တွေ စနစ်တွေက မပြောင်းသေးတော့
အချစ်ရေတကောင်းနဲ့ မလောင်းနိုင်ဘူးကွယ်။

တင်မိုး
၁၃၊ ၄၊ ၂၀၀၅

မြန်မာပြည်က ပိတောက်ဖူးတခက်ကို ကိုယ်တိုင်ချိုးပြီး ပန်ခွင့်ရတဲ့ သင်္ကြန်တော့ ကြုံရ ဆုံရအုံးမှာပါ လို့ အားတင်းနေမိပါသေးတယ်။

မြန်မာနှစ်ဦးမှာ မြန်မာပြည်သူ ပြည်သား အပေါင်း အန္တရာယ်ကင်းပြီး ငြိမ်းချမ်း ပျော်ရွှင်နိုင်ပါစေ လို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

မိုးချိုသင်း

36 comments:

  1. သင်္ကြန် မှာ တယောက်သောသူ ကိုအဖြေပြန်ပေးလိုက်တယ် ဟိ:P

    ReplyDelete
  2. သင်္ကြန်ကို လွမ်းတာချင်းတော့ တူတူပဲ အမရေ ...
    ဆရာကြီးရဲ့ ကဗျာလေးတင်ပေးတာ ကျေးဇူးတင်ပါတယ်။
    မင်္ဂလာရှိသော သင်္ကြန်ဖြစ်ပါစေ ... ။

    ReplyDelete
  3. မနှစ်က သင်္ကြန်မှတ်တမ်းတွေမှာတော့ လမ်းဘေးမှာ မူးပြီးလဲနေတဲ့ မိန်းမပျိုလေးတွေနဲ့

    မြန်မာ့ရိုးရာယဉ်ကျေးမှုကိုထိမ်းသိမ်းကြဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီး ရဲ့ အထက်နားမှာ အရက်ကြော်ငြာတွေက ပလူပျံလို့

    ဘယ်လိုပျော်လို့ပျော်မိမှန်းမသိဘူး လို့ ပြောကြမဲ့ မိန်းမငယ်လေးတွေ ရဲ့ သင်္ကြန် ၃ ရက်တာ ဇာတ်လမ်းလေး တွေ..

    တချို့တွေကလဲ ဘုရားရိပ် တရားရိပ်မှာ ရှိကြမှာပေါ့ ချိုသင်းရေ..

    မြန်မာနှစ်ဦးမှာ မြန်မာပြည်သူ ပြည်သား အပေါင်း အန္တရာယ်ကင်းပြီး ငြိမ်းချမ်း ပျော်ရွှင်နိုင်ပါစေ လို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

    ဒီဆုလေးကိုပဲ လှိုက်လှိုက်လှဲလှဲ ထပ်ပြီး တောင်းမိပါတယ်

    အထူးသဖြင့် လူငယ်လေး (မိန်းကလေး၊ ယောင်္ကျားလေး) တွေအကုန်လုံး ဘေးကင်းကြပါစေ.။

    ReplyDelete
  4. စလုံးမှာတော့ ပိတောက်ရနံ့ ရပါတယ် အမ၊
    ရာသီကလည်း တူပါတယ်၊
    ဒါပေမယ့်လည်း နေရာချင်းမတူတော့ လွမ်းရပြန်တာပေါ့ အမရယ်။

    ReplyDelete
  5. ပျော်ရွင်ပါစေ.

    ReplyDelete
  6. ချိုသင်းရေ...လွမ်းပေမဲ့ ဆက်တငံ့ငံ့ကြီးနော်...ဟိုမှာရှိနေရင်တောင် ပျော်နိုင်ဖို့ မလွယ်ဘူး...အဝေးကပဲ....လွမ်းတာကောင်းပါတယ်လေ...:)

    ReplyDelete
  7. ချိုသင်းရေ..
    ထပ်တူထပ်မျှလွမ်းရပါတယ်။ သင်္ကြန်ချစ်သူကြီး ဒီအချိန်ဆို ဘာတွေများ လုပ်နေမလဲ မသိနိုင်ဘူး။ သေချာတာကတော့ သူလဲ ကျနော်တို့ တွေကို သတိရနေမှာ။

    ReplyDelete
  8. မမရေ..အဝေးကနေပဲ ရော်ရမ်းမျှော်မှန်းပြီး လွမ်းလိုက်တယ်။

    မမနဲ့ထပ်တူထပ်မျှ ဆုတောင်းလိုက်ပါတယ်။

    မမလည်း ချစ်တဲ့သူများနဲ့အတူ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေနော်။

    ReplyDelete
  9. မင်္ဂလာနှစ်သစ်ပါချိုသင်းရေ…
    ဒီမှာတော့ ဟိုတပတ်ကတင် ပိတောက်တွေ ဦးဦးဖျားဖျားတွေ့ ခွင့်ရလိုက်တယ်…
    ဒါပေမယ့် ကိုယ့်တိုင်းပြည်က ပိတောက်မှ မဟုတ်တာကွယ်…
    ဒီနေ့ သားကိုခေါ်လို့  ဒီကသင်္ကြန်ကို သွားတယ်…
    တူးပို့ သံတွေဆူညံလို့  သားလေးကြွက်စုတ်လေးလို ရေပက်ခဲ့တယ်…
    ဒါပေမယ့် ကိုယ့်တိုင်းပြည်က သင်္ကြန်မှ မဟုတ်တာကွယ်…
    ချိုသင်းပြောသလို…ပိတောက်ဖူးတခက် ကိုယ်တိုင်ချိုးပြီး ပန်ခွင့်ရမယ့် သင်္ကြန်ရက်ကို လက်ချိုးရေတွက်နေမိတယ်…
    (ဘဘဂျမ်းကဗျာတွေ အားလုံးဟာ ကြက်သီးမွှေးညှင်းထအောင် အမြဲအသက်ဝင်နေတာ…
    နှလုံးသားရှိတဲ့ကဗျာတွေပါ)

    ReplyDelete
  10. ဆရာကြီးတင်မိုး ကဗျာလေးဖတ်ပြီး စိတ်မကောင်းလိုက်တာ မမ။
    သင်္ကြန်ကို မြန်မာပြည်မှာ စုံစုံမက်မက် မရှိခဲ့ပေမယ့် အဝေးရောက်သွားတဲ့အခါမှာတော့ ဘာမှန်းမသိ လွမ်းသလိုပဲ။

    ReplyDelete
  11. တစ်ယောက်ကို တစ်ယောက် အချစ်ရေတကောင်းနဲ့ လောင်းနိုင်ကြပါစေသား...။

    ReplyDelete
  12. ဆရာကြီးရဲ့ ကဗျာလေးကို အရမ်းသဘောကျပါတယ်။ အချစ်ရေတကောင်းနဲ့ လောင်းမသွားနိုင်ရှာတော့တဲ့ ဆရာကြီးအတွက် စိတ်မကောင်းမိပါဘူး။ အပျော်ထက် အပျက်တွေက ပိုများလာတဲ့ သင်္ကြန်ကိုတော့ မလွမ်းမိတာ အမှန်။

    ဧရာ

    ReplyDelete
  13. ဒီနေ့ ကောင်မလေးတွေ အများကြီးကို ရေလောင်းခဲ့တယ်။ လောင်းရမလားလို့တော့ ခွင့်မတောင်း ခဲ့ဘူး။ :D

    ReplyDelete
  14. သင်္ကြန် ကြီး လည်း.. နိုင်ငံခြား ထွက်လာပြီလေ..မချိုသင်းရဲ့..း(

    ReplyDelete
  15. ဘဘဦးတင်မိုး ကဗျာလေးအတိုင်းပဲမို့  ၊

    အတိတ်က ပျော်စရာ သင်္ကြန်နေ့ ရက်များကို အဝေးကနေ လွမ်းနေရတာပဲ ကောင်းပါတယ် မချိုသင်းရေ ။

    ခုခေတ်မြန်မာပြည်တွင်းက မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ .......@*%^!???? :((...

    ReplyDelete
  16. ပေးတဲ့ဆုနဲ့ပြည့်ပါရစေ။း)

    ကိုခိုင်

    ReplyDelete
  17. မြန်မာမှန်ရင် သင်္ကြန်ကိုချစ်ကြသည်သာ..

    ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ်...

    တနည်းနည်းနဲ့တော့ ပျော်ရွင်နေခွင့်လေးတော့

    ရှိကြမယ်လို့ထင်ပါတယ်.. ။
    ရေရှားတဲ့သင်္ကြန်လေးလည်း ဖြစ်နေနိုင်ပါတယ်လို့...။

    မဗေဒါ

    ReplyDelete
  18. ကျနော် ရေလောင်းမယ်နော်။ တော်တော်နဲ့မစိုမှာစိုးလို့ ကျွန်တော် ရေစည်လှည်း နှစ်လှည်း တွန်းယူခဲ့ပါတယ်။
    (ခပ်တိုးတိုး ခွင့်တောင်းတာပါ)

    ReplyDelete
  19. သင်္ကြန်ကိုတော့ မ လွမ်းသလိုပဲ။

    ဆရာကြီးရဲ့ ကဗျာလေးတင်ပေးတာ ကျေးဇူးတင်ပါတယ်။

    ပိတောက်ရနံ့်ကိုတော့်တလွမ်းတ ယ်

    မင်္ဂလာရှိသော သင်္ကြန်ဖြစ်ပါစေ ... ။

    I copy and paste Burmese from above people. Thank you!

    ReplyDelete
  20. အစ်မရေ..

    နှစ်ဟောင်း သင်္ကြန်လေးကို လွမ်းမိတဲ့ စိတ်ကူးလေး တူနေတယ်..

    နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်
    ကိုရင်နော်

    ReplyDelete
  21. သင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ...မမချိုသင်း။


    စင်စင်

    ReplyDelete
  22. အမကိုယ်တိုင်လည်း စိတ်လက်အေးချမ်းသာယာပါစေ
    ဆုတောင်းပေးပါတယ်
    သင်္ကြန်ကတော့ အမရယ် ..
    ကျွန်တော်ထင်ပါတယ် ဖြစ်ချင်ရာဖြစ် ပျက်ချင်ရာပျက်တဲ့ပွဲအဖြစ် တဖြေးဖြေးရွှေ့နေပြီ လူကြားကောင်းအောင် လျှောက်ပြောနေတာတော့ရှိမှာပေါ့ ကားနဲ့ပတ်ကြည့်
    သင်္ကြန်က ဘာနဲ့တူလည်းဆိုတော့ လမ်းမမှာဖွင့်ထားတဲ့ ကလပ်နဲ့သာတူလာပါတော့တယ်

    ReplyDelete
  23. အမချိုသင်းရေ

    နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်ဝပါစေရှင်...

    ReplyDelete
  24. မမချိုရေ..မနေ့က ရေမလောင်းလိုက်ရလို့ ခုမှလာလောင်းပါတယ်။း)

    ReplyDelete
  25. ဒို့မဏ္ဍပ်ကိုလာလည်ပြီး သံချပ်ထိုးမသွားလို့ ရေလိုက်လောင်းတာပါ။ (ပုံးကြီးကြီးနဲ့)။ မကျေနပ်လို့ အိုးမဲပါ သုတ်သွားပါတယ်။ သင်္ကြန်မပြီးခင် သံချပ်လာ ထိုးဖို့လည်း ဘိတ်ခေါ်အပ်ပါဒယ်။

    ReplyDelete
  26. LA မှာသက်ြန်မကျသေးဘူးလား ချိုသင်းရဲ့.....
    ညည်း..အကိုကြီးတော့...ရေတကောင်းကြီးကိုင်ပြီး..
    ဘယ်လိုက်ပက်ရပါ့နော်...

    ReplyDelete
  27. နစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ ရေလောင်းသွားတယ်

    ReplyDelete
  28. စိတ်ထဲမှာ တနုံနုံနဲ့ ဘာကို မကျေနပ်မှန်းကို မသိဘူး။ သမီးတွေ အပ်ရမယ့် ကိန်းတဲ့လား.. ယဉ်ကျေးပျော်ရွင်ဖွယ်ကောင်းတဲ့ သင်္ကြန်ကိုသာ တမ်းတနေမိပါတယ်။
    မကြီးရေ ရေလောင်းခွင့်ပြုပါနော်........
    ((((((((......))))))))) နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ရွှင်လန်းချမ်းမြေ့ပါစေ

    ReplyDelete
  29. အချစ်ရေတကောင်းနဲ့ လောင်းသွားပါတယ်။
    နှစ်သစ်သင်္ကြန်မှာ မမိုးချိုသင်းတို့ မိသားစု ပျော်ရွှင်ပါစေ.

    ReplyDelete
  30. မြန်မာပြည်က ပိတောက်ဖူးတခက်ကို ကိုယ်တိုင်ချိုးပြီး ပန်ခွင့်ရတဲ့ သင်္ကြန်တော့ ကြုံရ ဆုံရအုံးမှာပါ လို့ အားတင်းနေမိပါသေးတယ်။
    အမဆန္ဒလေးပြည့်ပါစေ။

    ReplyDelete
  31. ချိုသင်းရေ.....
    အခုတော့ ဗုံးပေါက်တဲ့ သင်္ကြန်ဖြစ်နေပြီ

    ReplyDelete
  32. ပျင်းလို့ အင်တာနက်ဖွင့်တိုင်း မိုးချိုသင်းရဲ့
    ဆောင်းပါးလေးတွေကို ဖတ်ချင်လာတယ်။
    နက်ဖွင့်ဖြစ်တိုင်း ရောက်ဖြစ်တယ်ဆိုပါတော့။
    စာလေးတွေဖတ်ရတာတော့ ဘလောဂ့်ရေးသူ
    ဟာ ရိုးသားမယ် အေးဆေးမယ်လို့ထင်မိတယ်။
    ဟုပ် မဟုပ်တော့ မသိဘူးပေါ့။http://www.srimingalar.com/
    ဘုန်းဘုန်း ဆိုက်လေးကိုလည်း ဖတ်ပါဦး ။ အားတဲ့အခါပေါ့။ ဘုန်းဘုန်းကတော့ မရေးတတ်၊
    ရေးတတ်နဲ့ သူများရေးတာတွေ လိုက်ဖတ်ပြီး
    အတုယူနေရတယ်။

    ReplyDelete
  33. Hi Impressive blogs, visit us back too:
    http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete
  34. သင်္ကြန်မှာ လူတိုင်းရင်ခုန်ကြတာချည်းပါပဲလေ
    သင်္ကြန်ရဲ့ အငွေ့အသက်နဲ့ ရနံ့တွေဟာ ခေတ်တွေပြောင်းပေမယ့် ခုထိ မဟောင်းသေးပါဘူး အမ
    ကျပ်ကျပ်တည်းတည်း လူနေမှုစနစ်မှာ သင်္ကြန်ဟာ ကျပ်တည်းစွာနဲ့ပဲ ပြုံးပျော်လျက်ပါပဲ...
    ဆရာတင်မိုး ကဗျာလေး ကူးယူခွင့်ပေးပါနော်..:)

    ခင်မင်လျက်
    ဂျွန်မိုး

    ReplyDelete
  35. Very Good Article! I really love it. By the way, this is my website where I write about Myanmar. https://www.myanappstore.com Feel free to visit and let me know your suggestions.

    ReplyDelete

အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။