Saturday, May 22, 2010

မျက်နှာချင်း ဆုံရအောင်..


မနေ့ညက စိတ်ကူးပေါက်ပြီး ကိုယ့်ရဲ့ facebook စာမျက်နှာမှာ ဒီလို သတင်းစကားလေး တင်လိုက်ပါတယ်။ သူငယ်ချင်းတွေကို တချက် လှမ်းပြီး signal ရိုက်လိုက်တာပါ။

Blog တို့ FB တို့ မပါဘဲ ဘ၀ကို ဖြတ်သန်းကြည့်အုံးမယ် .. လို့။

အဲဒီလိုရေးလိုက်တာနဲ့ ပထမဆုံး တုံ့ပြန်ရေးလိုက်တာ အဝေးက မိတ်ဆွေတယောက်ဖြစ်တဲ့ ကိုကျော် ပေါ့။ သူက ဒီလိုပြန်ရေးတယ်။ ဘယ်နှစ်နာရီလဲ တဲ့။ အဲဒါတွေနဲ့ ဝေးပြီး ဘယ်နှစ်နာရီ နေမှာလဲ လို့ ပြန်မေးလိုက်တာပါ။ အဲဒါကို ကိုယ်ကလဲ စက္ကန့်မခြား ဒီဖက်ကနေ ပြုံးပြီး ဖတ်နေမိတာ..။ ငါ့အကြောင်းတွေ သိကုန်ပြီလို့ ပြုံးစိစိ ဖြစ်နေတာ..။

အစကတော့ ဘာမှ မသိခဲ့ဘူး။ ခေတ်ပေါ် လောကဓာတ်ပညာတွေကို နားလဲ မလည်ဘူး၊ သိလဲ မသိချင်ခဲ့ဘူး။ အဲဒါတွေ လုပ်ကြည့်ရင် မှားသွားမလား၊ မှားရင် ငါလဲ မပြင်တတ်တော့ ဒုက္ခ ဆိုတဲ့ ကြောက်တဲ့ စိတ်အခံကလဲ ရှိနေတယ်။ အခုလဲ သိတယ်လို့ မဆိုနိုင်ပါဘူး။ မျက်မမြင် ဆင်စမ်းတုန်းပါပဲ။ ဆင်မြီးကို မြွေကြီးပါလား ဖြစ်တုန်းပါပဲ။

ဒါပေမဲ့ ကိုယ့်ကို အဓိက ဆွဲဆောင်လိုက်တာက သူငယ်ချင်းတွေပါ။ သူငယ်ချင်းတွေရှိတယ် ဆိုတဲ့ အသိနဲ့ အဲဒီကစားပွဲထဲ ၀င်ဆော့မိတယ်။ သူများ ထုတ်စီးတိုးနေရင် ကိုယ်ကလဲ ထုတ်စီးဝင်တိုး လိုက်ချင်တာကိုး။ သူတို့ ၀ိုင်းကြီးပတ်ပတ်ဆော့နေရင် ကိုယ်ကလဲ သွားလက်တွဲပြီး ၀ိုင်းလိုက်ချင်သေးတာကိုး။ ဒါနဲ့ facebook ကို မနက်တိုင်း ဖွင့်ကြည့်မိပါတယ်။




အတော်အလုပ်များသွားတာတော့ အမှန်ပဲ။ သူငယ်ချင်းတချို့က ဟင်းတွေချက်ပြီး ကိုယ့်ကို တဂ်တယ်။ လာစားပါအုံး တဲ့။ အစားအသောက်ကို ခုံမင်မှန်းသိတော့ လာခေါ်တယ်လေ။ အစားအစာတွေကလဲ ကိုယ့်အကြိုက်ချည်း ဖြစ်နေတယ်။ ပြုံးပြုံး ပြုံးပြုံး နဲ့ သူ့ရဲ့ တံခါးခေါက်၊ သူ့ထမင်းစားပွဲမှာ ၀င်ထိုင်ပြီး စကားတပြောပြောနဲ့ ၀င်စားခဲ့တယ်။ အအေးတွေလုပ် တိုက်ရင်လဲ သောက်၊ ဒါကတော့ အကြိုက်ဆုံးပဲ၊ လုပ်နည်းလေး မျှပါအုံး ဘာညာ ပြောပြီး ပြန်လာခဲ့တယ်။

တချို့မိတ်ဆွေတွေကျတော့လဲ စာကောင်းလေး မြည်းပါအုံး တဲ့။ ကိုယ်ဆို ဒီလိုစာကောင်းတွေ ဖတ်ရဖို့ ဘယ်လိုက်ရှာရမယ်မှန်း မသိ။ အခုလို တခုတ်တရ ကိုယ့်ရှေ့အရောက်ပို့ပေးပြန်တော့ ကျေးဇူးတင်ရတာပေါ့။ ဗဟုသုတလဲ ရတယ်။ အသိဥာဏ်လဲ တိုးတယ်။ စာဖတ်ပြီး ထင်မြင်ချက်တွေ တယောက်တပေါက် ပြောကြပြန်တော့ ထောင့်မျိုးစုံက မြင်ကြည့်လို့ ရပြန်ပါရော..။

တချို့ကျတော့လဲ သူတို့ရဲ့ ကိုယ်ပိုင် အနုပညာတွေ..။ မျှဝေတာတွေ..။ စာတွေ၊ ကဗျာတွေ၊ ပန်းချီ၊ ဒီဇိုင်းတွေ ရင်သပ်ရှုမော မုဒိတာပွားရတယ်။ ၀မ်းနည်းစရာဆို သူငယ်ချင်းနဲ့အတူ ငိုရတယ်။ ပီတိဖြစ်စရာဆို အပြုံးချင်း ဖလှယ်ရတယ်။ နွေးထွေးတဲ့ နှလုံးသားရှိသူချင်း မျက်နှာချင်း ဆုံရတယ်။

တချို့ကျတော့လဲ သတင်းတွေ..။ လတ်တလော ဖြစ်ပျက်သွားတဲ့ သတင်းပူပူနွေးနွေးတွေကို အံ့သြတကြီး ဖတ်ရတတ်တယ်။ နာရေး၊ သာရေး၊ လူမှုရေး အကုန် အစုံပဲ။ နာရေးဆို ဟာ..ကနဲ ဖြစ်ရ။ သာရေးဆို ၀မ်းသာရ။ လူမှုရေးဆို သာဓုခေါ်ရ ပေါ့။ ကမ္ဘာရွာဆိုတာ ဒါ နေမှာ..။

အရင်ကတော့ ရွာက လူ မြို့တက်လာလို့ အိမ်ရောက်မှ ခေါင်းပေါ်က အထုပ်လေးချ၊ ပတ်လာတဲ့ ပုဝါလေး ဖြုတ်ပြီး ယပ်ခတ်ပါစေအုံး စောင့်ရတာ။ အမောပြေမှ ရေလေး တခွက် တိုက်စမ်းပါအုံးအေ လုပ်သေးတာ။ ပြီးမှ ဖြေးဖြေးချင်း ပြောလာတဲ့ သတင်းစကား နားထောင်ရတာမျိုးကိုး။ အဲဒီတော့မှ ကစားဖော်ကစားဖက် အေးသာ ဟိုလူကြီးနဲ့ လိုက်ပြေးသွားပြီ ဆိုတာမျိုး သိရတာကိုး။

အခု ကမ္ဘာရွာဖြစ်ပုံများကတော့ ရွာက ကြီးဒေါ်ကြီးကိုလဲ စောင့်စရာ မလိုဘူး။ လကြတ် နေကြတ်တာက စလို့ မင်းသမီး ပါးရိုက်တာအဆုံး မိနစ်ပိုင်း အတွင်း ခရေစေ့တွင်းကျ သိရတော့တာ..။ ထင်မြင်ချက်အမျိုးမျိုး၊ ဆန္ဒအမျိုးမျိုး ကို ရှုထောင့်မျိုးစုံကနေ ဖတ်ရတယ်။ စကားဝိုင်းလေးတွေ ဟိုနား တစု၊ ဒီနား တစု ဖြစ်သွားတတ်တယ်။ စကားဝိုင်းမှာ ၀င်မဆွေးနွေးဘဲ အနားမှာ ငြိမ်ငြိမ်သက်သက် ၀င်နားထောင် နိုင်တယ်။

တချို့ကျတော့လဲ ဗီဒီယိုလေးတွေ..။
ဟိုတလောက ချစ်ခင်ရတဲ့ ညီမလေးတယောက်က သူ့သားကလေး ချိုပြုံးရွှင်ပုံကို ဗီဒီယိုရိုက်ပြီး တင်တယ်။ ကိုယ်ကလဲ ကလေးချစ်တတ်သူမို့ အဲဒါလေးသွားသွားကြည့်ပြီး ကလေးနဲ့အတူ ရီမောလို့ သဘောကျနေတာ။ နောက်မှ ကိုယ့်အဖြစ်က အံတီမာမာအေးရဲ့ သီချင်းတပုဒ်နဲ့ တူနေတာ သတိရပြီး ကွန်မန့်ရေးခဲ့တယ်။ ပုံ/ကျွဲမ ဆိုပြီးတော့လေ..။

နောက်မှ ပြန်စဉ်းစားတာ ကလေးရူးမအကြောင်းက ကျွဲမ မဟုတ်သေးပါဘူးလို့..။ သီချင်းပြန်ဆိုကြည့်မှ အာယားမ သီချင်း ဖြစ်နေလို့ အာယားမ ရေးရမှာ ကျွဲမ သွားရေးမိတယ် လို့ ပြန်သွားပြောရသေးတယ်။ သူကလဲ ဘာ ကျွဲမ ပါလိမ့် စဉ်းစားနေတာ တဲ့၊ လိုက်မေးအုံးမလို့ တဲ့။ နောက်တော့ ကိုယ်ကလဲ ခပ်ညိုညိုမို့ ကျွဲမလဲ ဟုတ်တော့ ဟုတ်ပါတယ်လေ..လို့ မလုပ်ချင်ဘဲ လုပ်လိုက်ရသေးတယ်။ ကျွဲမ သီချင်းထဲမှာ ထမင်းအိုးဖင် လို့ဆိုထားတော့ တူတော့ မတူချင်ဘူးပေါ့။

တခါတလေ သီချင်းလေးတွေ နားထောင်ရ၊ ရုပ်ရှင်တိုလေးတွေ မျှဝေတာ ကြည့်ရသေးတယ်။ ဒါ ကိုယ်ငယ်ငယ်က သိပ်ကြိုက်ခဲ့တဲ့ သီချင်းပဲ ဆိုပြီး လိုက်များတောင် ဆိုလို့..။ ပျော်ဝင်လွယ်တာများ ပြောပါတယ်။ ရုပ်ရှင်ကျတော့လဲ ကြိုက်ရပြန်ပါပြီ။ ကောလိပ်ဂျင်နေ၀င်းကားဆို ၂ခါလောက်တော့ ကလစ် လိုက်တာပဲ။

တချို့ကျတော့လဲ Virus တဲ့။ မည်သို့မည်ပုံ လုပ်လိုက်သည် မသိ၊ ကိုယ့် facebook wall မှာ ကြိုးလေးတချောင်းတည်း sexy ပုံကြီး လာပေါ်နေတယ်။ ဟ..ဘယ့်နှယ့်ဟာကြီးပါလိမ့် လို့ ဖြစ်ရသေးတယ်။ ပို့တဲ့ မိတ်ဆွေကို မေးကြည့်တော့ သူဖွင့်ရုံ ဖွင့်လိုက်တာပါ တဲ့၊ ကိုယ့်ဆီ အလိုအလျောက် ရောက်သွားတယ် ပြောတယ်။ အဲဒါ Virus တဲ့။ အဲဒီလို Virus တွေလဲ ရှိတယ်လို့ ပြောချင်တာပါ။

ခက်တယ်။ တကယ် ခက်တယ်။ အရင်က ဘလော့ တခုတည်းတောင် အလုပ်က များလှပြီ။ အခု facebook ပါ ဆိုတော့ ကိုယ့်အိမ်ကို လာလည်တဲ့ မိတ်ဆွေများက ဟာ..ရန်ကုန်က အလုံ အမှိုက်ပုံကြီး LA ရွှေ့ထားပါလား ထင်ကြမှာ..။ ဒါတောင် မိတ်ဆွေတယောက် က twitter လုပ်သေးလား တဲ့။ ဒါမျိုး နောက်တခုရှိသေးတာလား ဆိုပြီး ကိုယ့်နဖူးကိုယ် ရိုက်မိတယ်။

မနက် နိုးတာနဲ့ မနက်စာ စားဖို့ ပြေးလုပ်၊ ပြီးရင် ကွန်ပျူတာ ထဲ ခေါင်းဝင်နေတယ်။ ဟင်းချက်နည်း စာအုပ်ထုတ်မလားလဲ စဉ်းစားနေတယ်။ အမြန်စာ၊ ပြီးစလွယ်စာ၊ မနူးမနပ်စာ၊ ကတိုက်ကရိုက်စာ စသဖြင့်ပေါ့။ ဒါမျိုးတွေချည်း အိမ်မှာ ချက်ကျွေးနေမိလို့ပါ။ အစိမ်းမစားရသေးတာ တော်သေးတာပေါ့လို့ အကောင်းဖက်လှည့်တွေးရင်တော့ ဖြစ်ပါတယ်။

ကျောင်းကလဲ တဖက်တက်သေးတော့ ကျောင်းမှာ စာစီစာကုံးရေးရင်း အီးမေးလ်ကို ယောင်ယောင်ပြီး ဖွင့်ကြည့်မိတယ်။ facebook က စာတွေလာတာတွေ့ရင် ဟယ် သူ ဘာများ ရေးပါလိမ့် တဲ့ (ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာ ရေးပြတာပါ)။ ဒါနဲ့ လိုက်သွားကြည့်တော့ မြန်မာစာ ဖတ်လို့မရတဲ့ကွန်ပျူတာ ဖြစ်နေတာမို့ လေးထောင့်တုံးတွေ မြင်ရမှ လက်လျှော့ ပြန်လာတယ်။ ဆရာမက control လုပ်ပြီး သူ့ကွန်ပျူတာကနေ ကျောင်းသားတွေ ဘာလုပ်လဲ ကြည့်နေတာမို့ နောက်တခါ စာလုပ်ချိန် စာမလုပ်ရင် အမှတ်လျှော့မတဲ့။ မျက်နှာလေး ငယ်ပြီး မကြားသလို လုပ်နေရတယ်။

ကိုဇာဂနာ့ ဟာသ လို “ကျန်းမာရေးကလဲ မကောင်း..” လို့ ညည်းမလို့ လုပ်ရင် “ဘယ်ကောင်းမှာလဲ၊ လမ်းလေးဘာလေးလျှောက်၊ လေ့ကျင့်ခန်းလေး ဘာလေးမှ မလုပ်ဘဲကိုး” တဲ့။ “အားတဲ့အချိန် ကွန်ပျူတာပဲ ကြည့်နေတာ” တဲ့။ သနားမလား အောက်မေ့တယ်၊ လက်ပစ်ဗုံးနဲ့ ထုတယ်။

ဆီးချိုကလဲ တရိပ်ရိပ် တက်..။ ဆရာဝန်ပြတော့ အားလပ်ချိန် ဘာလုပ်သလဲ တဲ့။ အချိုရည် သောက်ရင်း ကွန်ပျူတာမှာ စာထိုင်ဖတ်တာပဲ လို့ ပြောရင် လူနာစာရင်းကတောင် ထုတ်လိုက်မဲ့ကိန်း ရှိတယ်။ သူကြားချင်တာက diabetes ပညာပေး သင်တန်း တက်နေပါတယ်တို့ ဘာတို့..။ ဒါပေမဲ့ အိပ်မက်ဟာ တကယ်ဖြစ်မလာ.. ဆိုတာ သူ မသိသေးဘူး။

အခုတော့ Facebook တို့ ဘလော့တို့ မပါဘဲ နေကြည့်မယ်ဆိုတော့ နည်းနည်း လိမ်မာအုံးမယ် လို့ ပြောချင်တဲ့သဘောများလား။ ဒါမှမဟုတ် မိတ်ဆွေ တယောက် ပြောသလို အမူးပြေရင်တော့ ထန်းပင်ကို ပြန်မော့ကြည့်နေမဲ့သူများ ဖြစ်နေမလား။

အကောင်းဆုံးကတော့ ဘ၀မှာ လုပ်ချင်တာနဲ့ လုပ်သင့်တာကို မျှပြီး ဟန်ချက်ညီညီ လုပ်နိုင်ဖို့သာ ကြိုးစားရမှာပဲ။ ဒါမှ တကယ့်ပျော်ရွှင်မှုရမယ်လို့ ထင်မိတာပဲလေ..။


မိုးချိုသင်း

42 comments:

  1. it is very difficult for me to stay without internet n blog.... we became addicted already....

    ReplyDelete
  2. အဲဒီ..ဖွတ်စဘွတ် ဆိုတာကြီးထဲ..ညည်းတို့ရေးတာတွေ
    ဖတ်ရတာနဲ့ကို..မူးနောက်လာတာပါပဲအေ..

    ReplyDelete
  3. မှန်တယ်ဗျို့ ။ အီးမေးလ်ဖွင့်ကြည့်လိုက် ဘလော့ဂ်ဘက်သွားလိုက် ဖေ့စ်ဘုတ်ဖက်သွားလိုက်နဲ့ တစ်နေ ဘယ်လိုကုန်သွားမှန်းတောင် မသိတော့ဘူး။ နဲနဲတော့ ဆင်ခြင်ဦးမှဘဲ။ အတွေးရသွားတယ်။

    ReplyDelete
  4. မနေ့က fb မှာ မမစာလေး တွေ့ပြီး စိတ်မကောင်းဖြစ်သွားတာ အမှန်ပါ။ မမ စာတွေကို မဖတ်ရတော့မှာ စိုးပါတယ်။

    ဒါပေမယ့် မမကို စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဘာမှ မပြောခဲ့ပါဘူး။ မယ်လည်း ဖြတ်မယ်လို့ ၁၀၁ ကြိမ်လောက် စဉ်းစားဖူးလို့ :P

    ReplyDelete
  5. Blog တို့ FB တို့ မပါဘဲ ဘ၀ကို ဖြတ်သန်းကြည့်အုံးမယ် .... ပေါ့


    အဲလိုစဉ်းစားရင်းနဲ့ မကြီးချိုသင်း ပိုစ့်ရေးဖြစ်သွားတယ်ပေါ့..


    ကျနော့ကတော့ ဖဘ ညောင်းရင် ဘလော့လည်..

    ဖြတ်မယ်ဖြတ်မယ်နဲ့... ခု ဒီကိုရောက်လာပြန်တယ်..း)

    ((((အကောင်းဆုံးကတော့ ဘ၀မှာ လုပ်ချင်တာနဲ့ လုပ်သင့်တာကို မျှပြီး ဟန်ချက်ညီညီ လုပ်နိုင်ဖို့သာ ကြိုးစားရမှာပဲ။)))))

    ခုလောလောဆယ်တော့ ရေလိုက်ငါးလိုက်နဲ့ လုပ်ချင်တာတွေကို မေ့ထားသေးတယ်.



    မကြီးချိုသင်း နေကောင်းပါစေဗျာ.

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  6. တခါတခါ ကိုယ့်လက်ကို ပြန်ဖြတ်ချင်တဲ့ စိတ်ဖြစ်တယ်။ တခါတခါ ကိုယ့်ပါးကိုယ် ရိုက်လိုက်ချင်တဲ့ စိတ်ဖြစ် တယ်။ ကဲ.. ရှည်အုန်းဟ လက်၊ ရှည်အုန်းဟ လျှာ။ ဒီလိုသာ တကယ်ဖြစ်ရင် ပါးတွေလည်း ရောင်ကိုင်း နေလောက်ပြီ။ သွားတွေတောင် ရှိမှ ရှိပါတော့မလား။ လက်လည်း ငုတ်စိလေး တောင် ကျန်မှာ မဟုတ်ဘူး။ ခု စမ်းကြည့်လိုက်တော့ အကုန် ဘာမှ မဖြစ်ဘူး။ ရှိသေးတယ်။ ကျန်သေးတယ်။
    မနက်မိုးလင်းရင် မျက်စိ မဖွင့်ချင် ဖွင့်ချင်နဲ့ ကွန်ပြူတာကို အရင်ဖွင့်နေပြီ။

    ReplyDelete
  7. စကားလုံးလေးတွေနဲ့ in touch ဖြစ်ကြောင်း ပြနိုင်တဲ့ နေရာတွေဟာ facebook နဲ့ ဘလော့ဂ်လို့ ထင်ပါတယ် မ။

    အဲဒီထဲမှာတောင် တွေ့တချက် မတွေ့တချက်ပါ၊ ကမ္ဘာ့ရွာ မဟုတ်လား၊

    ReplyDelete
  8. အစိမ်းဖြတ်ကြီးတော့ မဖြတ်ပါနဲ့ မမရယ်.... ။
    ခရီးသွား ဟန်လွှဲတော့ မျက်နှာလေး ဝင်ဝင်ပြပေါ့။
    ဟိုတစ်နေ့က ထူးတေဇာဘလော့ ဖတ်ပြီး ဖေ့စ်ဘွတ်ကိုတောင် လန့်သွားသေးတယ်။ ပြီးမှ "သြော်..ငါက နာမည်ကျော်မဟုတ်၊ ဘလော့ဂါမဟုတ်၊ ဘာဆိုဘာမှ မဟုတ်ပဲ ငါ့အကြောင်းဘယ်သူကစိတ်ဝင်စားမှာလဲ " ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြုံးမိတယ်။

    မမချိုသင်းဆီးချိုတအားတက်နေတယ်ဆိုတာ ကြားလိုက်တယ်။ ကျန်းမာရေးကို ဂရုစိုက်ပါဦး။

    ဆရာမ မျက်ထောင့်နီကြီးနဲ့ ကြည့်နေတယ် မမ....။ ဒီစာမျက်နှာကို ပိတ်လိုက်တော့ ။ :D

    ReplyDelete
  9. ဘ၀မှာ လုပ်ချင်တာနဲ့ လုပ်သင့်တာကို မျှပြီး ဟန်ချက်ညီညီ လုပ်နိုင်ဖို့သာ ကြိုးစားရမှာပဲ။

    ဟုတ်ပ မမချိုသင်းရေ..

    ညီမတော့ ကိုယ်ဝါသနာပါရာကို အသက်မွေးဝမ်းကျောင်းလုပ်ခွင့်ရသူတွေ အောင်မြင်နေကြသူတွေကို သိပ်အားကျမိတယ်..။

    လုပ်ချင်ရာရော လုပ်သင့်တာရော တစ်ထပ်တည်းကျနေတာ ဒုလ္လဘတစ်ခုပါပဲ..။

    ReplyDelete
  10. အကိုကြီးကျောက် ပြောတာ..သဘောကျသွားတယ်။ ( အမှန်ပဲ ) သို့သော်.. အဲဒါလေးကိုပဲ..လှမ်းလှမ်း ချောင်းနေမိကြတာပဲ ထင်ပါ့..။

    တကယ်ကတော့...အခု မချိုသင်း နိဂုံးချုပ်လိုက်သလို.. အသင့် အတင့် ဖြစ်နိုင်အောင်..ကြိုးစားဖို့..က..လူအတော်များများအတွက်..အနီးစပ်ဆိုံး..ဖြစ်လိမ့်မယ်။

    လေ့လာချက်တခု မှာ ဖတ်လိုက်ရတာတော့..အင်တာနက်..ဖေ့စ်ဘွတ် သုံးများတဲ့လူတွေမှာ..စိတ်ကျရောဂါ ပိုဖြစ်နိုင်ချေ ရှိတယ်တဲ့။ လူတွေက.. လူတွေအများကြီး ကြားထဲသွား.. စကားပြော.. မတ်တပ်ရပ်ပြ.. အဲဒီကနေ..အသိအမှတ်ပြုတာတွေ..ခံချင်တာ.. ကိုယ့်ကို မလိုမလား တုံ့ပြန်တဲ့အခါ.. ဒေါမနသာ..မကျေမနပ်ဖြစ်ရတာ.. အဲဒီ လို..စိတ်အတက်အကျ..အလှုပ်အရှားတွေ အင်မတန် များစေ တဲ့ နေရာကြီး ဖြစ်နေသတဲ့။ လူတော်များများက..ဖဘ ကို ဆိုရင်..သုံးကာစ မှာ ပျော်သလောက်.. မကြာခင်မှာ.. စိတ်ကုန်.. နောက်ဆုံး..ထွက်ပြေးရတဲ့ အထိ ဖြစ်ကုန်ကြတယ်လို့.. အဲဒီ ဆောင်းပါး မှာ ဖတ်လိုက်ဘူးတယ်။

    လူတွေ...လူတွေ...း)

    ပုံ- လူတကောင်

    ReplyDelete
  11. fb ကိုဖြတ်ဖို့အကြိမ်ကြိမ်စဉ်းစားပေမဲ့ သန့်ရဲ့ကော်ဖီဆိုင်မှာလာစားနေတဲ့သူငယ်ချင်းတွေ ဘာမှမစားပဲပြန်သွားရမှာစိုးလို့... သူငယ်ချင်းတွေနာမည်တပ်ထားတဲ့အရုပ်လေးတွေ လာစားသောက်နေတာကိုကြည့်ပြီးပျော်နေတာ.....ခက်တော့နေပြီ...

    ReplyDelete
  12. ကျောင်းတက်ရင်တော့ ဖြတ်မယ် စိတ်ကူးထားတယ်...စိတ်ကူး ဆိုတော့ ပြောလို့တော့ မရသေးဘူးပေါ့း))

    ReplyDelete
  13. မမ
    တူတူပဲ
    တနေ့မှာ ၂၄ုနာရီရှိတာကို
    blog မှာ ၈နာရီ
    facebook မှာ ၂နာရီ
    gmailမှာ ပုန်းပြီး fwd mail တွေဖတ်တာ
    စိတ်ဝင်စားစရာလေးတွေသူများကိုပြန်မျှတာ
    ၄နာရီ
    စာကျက်ချိန်ကိုရှိပါဘူးမမရယ်....
    အိမ်ပေါ်ကခေါင်းနဲ့ဆင်းရကိန်းရှိတယ်
    ခုတော့တရားလေးနဲ့ဖြေပြီး
    နာရီလေးတွေတတ်နိုင်သမျှလျှော့ဖို့ကြိုးစားနေရတယ်
    :D
    ခံစားဖူးတယ်မမရေ..သိတယ်သိတယ်

    ReplyDelete
  14. fb ထဲ မဝင်ချင်နေပါ အစ်မရယ်.. blog ထဲမှာတော့ စာရေးပါနော်..

    ReplyDelete
  15. အဲဒီနေ့က ချိုသင်းရေးထားတာ တွေ့လိုက်တယ်...
    အခုတလော ချိုသင်းက ပျောက်နေတာ ဆိုတော့ တကယ်ကြီးများလား လို့တွေးနေပြီး နောက် အေးအေးဆေးဆေးမှ မေးမယ်လေ လို့ စဉ်းစားလိုက်တာ...

    ချိုသင်းပြောသလိုပါပဲ...
    ကိုယ့်ဘဝမှာ လုပ်ချင်တာနဲ့ လုပ်သင့်တာကို မျှမျှတတ လုပ်နိုင်ဖို့သာ ကြိုးစားရမှာပဲ။ ဒါမှသာ အဆင်ပြေ ပျော်ရွှင်နိုင်ပါလိမ့်မယ်...။

    ReplyDelete
  16. ဟားဟားဟား ချိုသင်းရေ...ချစ်စရာကလေး...ကွန်ပြူတာရှေ့ အချိန်ကုန်ပြီးရင်း ကုန်နေတဲ့ တို့တတွေရဲ့ အဖြစ်သနစ်ကို ချရေးပြသွားတာများ မောပြုံးလေး ပြုံးရင်း ဖတ်သွားတယ်...။ ဟန်ချက်ညီညီနဲ့ ဘဲလန့်စ် ဖြစ်ချင်သော်လည်းပဲ ဗိုလ်အောင်ဒင်ကားထဲကလိုပေါ့ လှေနံနှစ်ဘက်နင်းလဲ ကိုယ့်ဘက်ကို သာသာလေး ဖိနင်းလိုက်စမ်းပါလို့ ဘလော့ဂ်တွေ၊ ဖေ့စ်ဘုတ်တွေက ပြောနေကြလေရဲ့....ခက်သကွယ်...;0

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. ဟွန်း.. ခုပဲ ထန်းပင်မော့ကြည့်နေပြီဟာ.. :P

    ReplyDelete
  19. ကျွန်တော်ကတော.blog,fb မ၀င်ရမဖတ်ရရင်နေလို.မရပါ။ကိုယ်ဖတ်နေကြblog
    အသစ်မတင်ရင် ကိုယ်ချစ်ခင်ရတဲ.သူတွေfb ထဲမတွေ.ရင် နေများမကောင်းလို.လား အလုပ်တွေအရမ်းများနေလို.လားလို.တွေးနေမိတက်တယ်။

    ReplyDelete
  20. ဟန်ချက်ညီ မညီတော့ မသိဘူး မချိုသင်းရေ
    ခုလောလောဆယ်တော့ ဇောက်ထိုးကြီးကို ဖြစ်လို့  ။ မျက်စိပါဝါလည်း တက်လာပြီ ။
    ဘလော့ နဲ့ ဖေ့စ်ဘုတ် က ..အချိန်တန်ရင် အိုကေ သွားပါလိမ့်မယ် ..( ကိုယ်တိုင်လည်း ခုထိ တော့ မအိုကေ သေးပါဘူးး)) ။ )
    မချိုသင်း ဆီးချိုလေးတော့ ရအောင် ထိန်းပေါ့နော်.. ... ။ ဒါက ပို အရေးကြီးတယ် ဟုတ်.

    ခင်မင်စွာဖြင့်
    ကိကိ ။

    ReplyDelete
  21. အစ်မရေ...
    အစ်မဘလော့ကို ပို့စ်အသစ်တင်မလားလို့ နေ့တိုင်း
    ဝင်ဝင်ချောင်းကြည့်မိတယ်။မတွေ့ရင်လည်းအဟောင်း
    လေးတွေပြန်ဖတ်၊ဟော အခုတော့ အသစ်တင်တော့လည်း
    ဒါတွေနဲ့ဝေးဝေးနေတော့မယ်တဲ့၊အင်းလေ...အစ်မကိုလည်း
    အပြစ်မတင်သင့်ပါဘူးလေ...ကျွန်တော်ဆိုရင်လည်း
    အင်တာနက်ကိုပုံမှန်သုံးနိုင်တာသိပ်မကြာသေး၊ဟော အခု
    ဆိုရင် ညတိုင်း မသုံးရမနေနိုင်၊မနက်မိုးလင်းလို့အလုပ်သွား
    ရင် မျက်တွင်းဟောက်ပက်နဲ့။တခါ တခါ တော့လည်း
    အစ်မလိုတွေးမိပါရဲ့။ဘာပဲဖြစ်ဖြစ်ပေါ့အစ်မရယ်ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ချင့်ချိန်ကြတာပေါ့ အစ်မရယ်၊ယတိ
    ပြတ်ကြီးတော့မလုပ်ပါနဲ့နော်

    ReplyDelete
  22. ကျွန်တော်ကတော့ ကျွန်တော့်ညီမလေးတစ်ယောက်ရဲ့ စတေးတပ်လေးကိုပဲ မြင်ယောင်မိတယ်
    ဆယ်ပေပတ်လည်အခန်းကျဉ်းထဲက ဆယ့်လေးလက္မလောက်လေးကိုပဲ ကမ္ဘာလုပ်ပြီးနေရတယ်တဲ့ ... ၀မ်းနည်းရမလား သနားရမလားမသိဘူး

    ReplyDelete
  23. အာ.ယားမသီချင်းကြားရင်မျက်ရည်ဝဲချင်တယ်။

    ReplyDelete
  24. ချိုသင်း ခိုးဖတ်တဲ့မြန်မာစာ လေးထောင့်တုံးကလေးတွေ ကို ကော်ပီကူးပြီး

    http://burglish.my-mm.org/latest/trunk/web/testarea.htm

    အဲဒီမှာ paste လုပ်လိုက်ရင် မြန်မာလိုမြင်ရတာကိုပျော်ရွင်စွာတွေ့ရမယ်။ တို့အဲဒါနဲ့ခိုးဖတ်နေကျ.။

    ကော်ပီ. ပေစ် ဘယ်လိုလုပ်ရမလဲကောသိလား.။

    ReplyDelete
  25. မမခင်ဦးမေရေ မမမိုးကို အမှတ်လျှော့အောင် လုပ်တာလားဟင် :))

    ReplyDelete
  26. မမချိုသင်းရေ..
    တနေ့တနေ့ဘလော့ကြည့်လိုက်၊ဖေ့စ်ဘွတ်ခ်တက်လိုက်နဲ့
    မအားရပါဘူး..။မကြည့်ဖြစ်ရင်တခုခုလိုနေသလိုဖြစ်
    နေတယ်။မျက်လုံးလည်းကြာရင်မလွယ်တော့ဘူးလေ။
    ကျန်းမာပျော်ရွှင်ပါစေနော်။။။
    ခင်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  27. မှန်တယ် အစ်မချိုသင်းရေ...တစ်နေ့တစ်နေ့ အဲဒါတွေနောက်ကို လိုက်ရင်း အချိန်ကဘယ်လို ကုန်ကုန်သွားမှန်းကို မသိတာ...ပြီးတော့ ပြင်ပက လုပ်စရာရှိတဲ့ တာဝန်တွေလည်း တော်တော်လစ်ဟင်းကုန်တယ်...ဖြတ်မယ်လို့ စဉ်းစားပြန်တော့လည်း ဟိုသီချင်း တစ်ပုဒ်ထဲကလို ''နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့တိုးမိ'' ဆိုတာလို ဖြစ်ဖြစ်နေတာက ခက်တယ် :D

    ခင်မင်စွာဖြင့်
    ညီမ
    အင်ကြင်း

    ReplyDelete
  28. ကျနော်လည်း ဆရာကြီးနှင့် အတူ(၅)ဆောင်မှာနေခဲ့တာလေ ကျနော်က မလေးရှားမှာဘဲကျောက်ချနေတာ ကျနော် US လာမယ်ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဆရာကြီးဆုံးသွားပြီ အခုကျနော်ရောက်ပြီ ဆရာကြီးမရှိတော့ဘူး မှတ်မှတ်ရရ ဆရာကြီးနှင့်ထောင်ဝင်စာတခါ အတူထွက်ဘူးတယ် ကျနော်ထောင်ကလွတ်ပြီးခါစ FEC ရုံးနားမှာ ဆရာကြီးနှင့်တခါဆုံတယ်... ကျနော်တို့က ဆရာကြီးရဲ့ အပြုံး သွားဖုံးနှင့်ပြုံးတဲ့အပြုံးရယ် ဆေးလိပ်အရမ်းကြိုတ်တာကို သတိရနေတုန်းပါဘဲ Follow လုပ်သွားပြီ အမရေ

    ReplyDelete
  29. အော်..ဒီလိုဆို ဒို့လူကြီး သနားစရာပေါ့..သူကမြန်မာပြည်သားတွေလဲ ရိုင်းပင်းကူညီရသေးတယ်လေ..

    ReplyDelete
  30. assignment လုပ်တာတောင် သစ်ပင်စိုက်ရင်း (FB မှာ) နဲ့ လုပ်နေတာသာ ကြည့်ပေတော့....။

    ReplyDelete
  31. ဟားဟားဟား ရီရတယ်။ ဘလော့နဲ့ ဖေ့စ်ဘွတ်မပါပဲ နေအုန်းမယ် ဆိုတာပဲ သိထားတာ လွန်ခဲ့တဲ့ ၃ရက်ကလားလို့။ ဒီပို့ တက်သွားတာ ၃ရက် ရှိနေပြီ ဟားဟားဟား။ နာရီပိုင်းလောက်တော်တော် တောင့်ခံလိုက်ရတယ်လား။

    ReplyDelete
  32. ကျန်းမာရေးကလည်း အရေးကြီးတယ်နော်။ ကွန်ပြူတာရှေ့မှာ ကြာကြာနေချင်ရင် ထိုင်နေတာထက် မတ်တပ်ရပ်နေတာက ပိုအဆင်ပြေလိမ့်မယ်။ မတ်တပ်ရပ်ပြီး ကွန်ပြူတာ သုံးကြည့်ဖို့ပြောတာပါ။ စားပွဲအမြင့်တော့ လိုလိမ့်မယ်။ ဒါမှမဟုတ် စားပွဲပေါ်မှာ ခုံပု တခုတင်၊ ပြီးမှ ကွန်ပြူတာကို တင်ရင်လည်း ရတယ်။ ကျနော် လက်တွေ့သုံးနေတဲ့ နည်းပဲ။ ဒီနည်းကို သုံးပြီး တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်လည်း ကျမ်းစာတွေ ရေးသွားတယ်လို့ မှတ်သားခဲ့ဘူးလို့ ရှယ်လိုက်တာပါ။

    ReplyDelete
  33. khin oo may said...
    30 May 2010 11:16

    မိုးချိုသင်းအမျိုးသားကိုကျော်ကိုသွား tag ပါလား မိုးချိုသင်းကို tag လိုက်လေ.ကိုကျော်က ပါးစပ်နဲ့ပြော မိုးချိုသင်းက တိတ်နဲ့ဖမ်းပြီးပြန်ရေးခိုင်းလိုက်..ဝါရင့်ကမ္ဘာရင့်ဗျ.


    http://pyustate.com/2010/05/blog-post_29.html



    http://pyustate.com/2010/05/tag.html

    တက်ဂ် (Tag) ဂိမ်းအဖြစ် ရေးပေးပါလို့ ….

    ကိုအောင်သာငယ်၊ ကိုသက်ဦး၊ ကိုဆောင်းယွန်းလ၊ ကိုသစ်နက်ဆူး၊
    ကိုကျော်ဝဏ္ဏ (မမိုးချိုသင်း အမျိုးသား)၊ အကိုကြီး ကိုချစ်ဖေ၊
    ကိုငြိမ်းချမ်းအောင်၊ ကိုလူလ၊ ကိုအိုးဝေအောင်၊ ကိုမိုး၊ မောင်ဖုန်းမြင့်၊
    ကိုဥပသကာ၊ ကိုလင်းဦး (စိတ်ပညာ)၊ ကိုလင်းထက်၊၊တေဇာ
    (လရောင်လမ်း)၊ကိုသားထူး၊ ကိုဇော်မျိုးလွင်၊ ယောနက်သန်၊
    ညီမူရာ၊ ဖူးနုသစ် ၊ အစိမ်းရောင်လွင်ပြင်၊ sosegado တို့နှင့်တကွ
    အခြား စိတ်ဝင်စားသော အမျိုးသား ဘလော့ဂါတွေကိုလည်း
    တက်ဂ် (Tag) ချင်ပါတယ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲအပေါ်
    စိတ်ဝင်စားရင် ခန့်မှန်းချက်များ ရေးပေးကြပါ။ စိတ်မ၀င်စား
    လို့ သို့မဟုတ် အလုပ်ကိစ္စ အရမ်းများနေလို့ မရေးဖြစ်ရင်
    လည်း ရပါတယ်။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ပါးပါး ပါ။

    ReplyDelete
  34. အမ မမိုးချိုသင်း၊ အမ အမျိုးသားရော အမရော
    ကမ္ဘာ့ဖလား ၂၀၁၀ tag ထားတယ်၊ အဆင်ပြေရင်
    ရေးပေးပါအုံး၊ http://pyustate.com/2010/05/tag.html
    ကျနော့်ရှေ့က တကူးတက လာပြောပေးသွားတဲ့
    အမကြီး မခင်ဦးမေကိုလည်း ကျေးဇူးပါ။

    ReplyDelete
  35. အဟဲ.. Facebook နဲ့ပါ နပန်းလုံးနေရတယ် ဆိုပါတော့...

    Twitter လေးပါ စမ်းကြည့်လေ....

    အဆင်ပြေပါစေ....

    လင်းဦး(စိတ်ပညာ)

    ReplyDelete
  36. အတွေ့အကြုံလေးတွေကို ရေးတတ်တာဟာလဲ ပညာတခုပဲ၊ အရမ်းဖတ်လို့ကောင်းတယ်၊ ဆရာကြီးရဲ့ ခြေရာနင်းနိုင်တဲ့ သမီးကောင်းရတနာဖြစ်ပါစေ

    ReplyDelete
  37. ညီမလည်း fb နဲ့ blog addiction လျှော့ဖို့ ကြိုးစားနေတယ် မမ။ ပေးနိုင်တဲ့အချိန်နဲ့ လုပ်စရာတွေက မမျှဘဲ အိပ်ရေးတွေပျက်ရပေါင်းများလို့။ :D
    မမချိုပြောသလို ဘက်ညီညီနဲ့ မျှမျှတတလေး လုပ်နိုင်ရင်ကောင်းမှာ။

    ReplyDelete
  38. ချိုသင်းဆီ မရောက်တာကြာနေပြီ...တခါတလေ ဖဘမှာ ရှိနေတတ်ပေမယ့် ကိုးနတ်ရှင်က အလိုလို control လုပ်ထားတော့ ကိုယ်က ရေးလိုက် ပြုတ်ကျလိုက်နဲ့.. အဲဒါလည်း မရမက ပြန်ဝင် ပြန်စောင့်...အဲဒါနဲ့ပဲ အချိန်တွေကုန်..။ blog တွေဘက်တော့ ကန့်သတ်နယ်မြေမို့ ..အရောက်အပေါက် တော်တော်ကျဲနေတာကလား။ အဲ.. ဒါပေမယ့် ဖဘ တို့ ဘလော့ဂ်တို့ရှေ့မှာ နေတဲ့ အချိန်နည်းသွားပေမယ့် ... သိပ်တော့ မထူးလှပါဘူး ချိုသင်းရယ်...။ အိပ်ရေးတော့ ပိုဝ လာတာပေါ့.. မီးပျက်လည်း အိပ်၊ ပူတော့လည်း မလှုပ်ချင်လို့ အိပ်၊ မိုးလေး အေးလာတော့လည်း ဇိမ်လေးနဲ့ အိပ်..ဟဲဟဲ...။

    အာယားမနဲ့ ကျွဲမ အကြောင်း ဖတ်ပြီး ရယ်လိုက်ရတာ.. လွမ်းတာ..ချိုသင်းစာတွေကို...ချစ်ဖို့ကောင်းလို့။

    ReplyDelete
  39. ဟယ် အဖေါ် တယ် များပါလား ... ကိုယ်လဲ Facebook ဖြတ်မလို့ .. မနှစ်ကထဲက ကြိုးစားနေတာ

    ReplyDelete
  40. အမမုံ့ချို

    အမတောင်းသွားတဲ့ဆုကို နှလုံးသားထဲက ကြားလိုက်ရပါတယ်

    ပြည့်ပါစေ အမရေ....

    မောင်ငယ်

    ReplyDelete
  41. ဝေးမနိုင်တာကတော့မဝေးနိုင်ဘူးပေါ့။ ဒါပေမဲ့ - - -
    မျက်လုံးကလေးတွေကိုတော့အထူးဂရုစိုက်ကြပါဗျို့ လို့ 
    တော့ဟစ်တိုင်ကနေဟစ်လိုက်ချင်ပါတယ်။ ဂျစ်တူးဘလော့
    မှာရေးထားခဲ့ တဲ့  ဒေါက်တာစောမြတ်ထွေးနှင့်ဂျစ်တူး
    ဆိုတာကလေးကိုဖတ်ကြည့်ပါအုံးလို့ ကြော်ငြာဝင်သွားမိပါ
    ကြောင်းပါခင်ဗျာ---ဘလော့ကိုလာလည်တဲ့အတွက်လည်း
    အထူးကျေးဇူးတင်မိကြောင်းပါ။ ကျနော်ကလည်းဆရာကြီး
    ဦးတင်မိုးရဲ့ တပည့်အရင်းတစ်ယောက်ပါဗျာ-
    ကျုပ်လည်းအညာသားပါ--ဆိုတဲ့အသုံးအနှုံးကြောင့်ဆရာကိုသတိရလိုက်တာဗျာဝ

    ReplyDelete
  42. အစ်မရေ..
    စာမရေးတာကြာပြိးနော်
    .
    .
    .

    အစ်မရဲ့  စာဖတ်ပရိပ်သတ်တဦး

    ReplyDelete

အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။