ဒီနေ့တော့ တနင်္ဂနွေနေ့လေး အားတော့ ကိုယ်တို့ နှစ်ယောက်သား တနေ့လုံး အိမ်တွေ ရှင်း၊ အ၀တ်လျှော် လုပ်နေတာ။ အိမ် အလုပ်တွေလဲ တော်တော်ပြီးသွားတယ်။ ညနေကျတော့ ဈေးလေးထွက်ဝယ်၊ အပြန် သူငယ်ချင်းတွေနဲ့ မြီးရှည် သွားစားကြတယ်။
မြီးရှည်က မြန်မာဆိုင်က မဟုတ်ပါဘူး။ ယူနန်တရုတ်ဆိုင်ပါ။ မြန်မာမြီးရှည်နဲ့ တော်တော်တူတယ်။ အဲဒီဆိုင်မှာ မြန်မာမြီးရှည်နဲ့တူတာ ရတယ်ဆိုလို့ ပထမဆုံးအကြိမ် ကိုယ်သွားစားတုန်းက မီနူးမှာ တရုတ်လိုချည်း ရေးထားတာပါ။ ကိုယ့်ကို ပြောလိုက်တဲ့ အံတီကလဲ မီနူးမှာ နံပါတ် ၂၁ ကိုသာ မှာလိုက်၊ အဲဒါ မြီးရှည် ပဲ တဲ့။
ကိုယ်ကလဲ ဘာမှာမလဲ တရုတ်လို လာမေးတဲ့ အမျိုးသမီးကို ဘာမှ ရှည်ရှည်ဝေးဝေး ပြောမနေပါဘူး (သူပြောတာ ကိုယ်မသိ ကိုယ်ပြောတာ သူနားမလည် မို့ပါ) ။ တွမ်တီဝမ်းလို့ ခပ်တည်တည် မှာလိုက်တာ။ သူလဲ ခပ်တည်တည်ပဲ လာချပါတယ်။ မြီးရှည်ပါပဲ။ ကံကောင်းလို့ အပေါက်အလမ်းတည့်သွားတယ် ဆိုပါတော့။
ဒါနဲ့ သဘောကျပြီး ၃၊ ၄ ခေါက် သွားစားဖြစ်တယ်။ သွားစားတိုင်း တွမ်တီဝမ်း လိုက်တာပါ။ ကိုယ်လဲ တရုတ်လို မဖတ်တတ်၊ မပြောတတ်၊ သူတို့လဲ အမေရိကားကြီးမှာ ဆိုင်လာဖွင့်ပြီး တရုတ်စကားသာ ရေရေလည်လည် သိတာမျိုးပါ။ တခါတော့ မီနူးက အသစ်ဖြစ်သွား ပါလေရော။ ကိုယ်မှာနေကျ တွမ်တီဝမ်းက ဘယ်ရောက်သွားမှန်း မသိလို့ မျက်လုံး အတော်ပြူးသွားရသေးတာ။
ကိုယ့်အမျိုးသားက တရုတ်စပ်တာမို့ သူ့ကိုလဲ တရုတ်လို အတော်လာပြောကြတာပါ။ သူကလဲ ဝေါ်အိုက်နီ လောက်သာ သိတဲ့ ဘုရားစူး တရုတ်ပါလေ။ ဟိုက ကွိကွိကွကွ လာပြောရင် ခပ်တည်တည်နဲ့ နားထောင်နေတာပါ။ လုံးစေ့ပတ်စေ့ပဲ သိနေသလိုလိုပေါ့။ ပြီးတော့မှ သူပြောနေတာ နားလည်သလား မေးကြည့်၊ မသိဘူးလေ တဲ့။
ဒါနဲ့ သူငယ်ချင်းတယောက်က ကိုယ့်အားကိုယ်ကိုးမှ စားရမှာမို့ မြီးရှည်လဲ မစားချင်လို့ ဆိုင်မှာ လမ်းသလားပြီး သူများ စားပွဲတွေ လိုက်ကြည့်ပါတယ်။ ပြီးမှ သူလိုချင်တာတွေ့ရင် စားပွဲထိုးခေါ်ပြီး လက်ညှိုးထိုး ပြရတယ်။ အင်တာနေရှင်နယ် ဘာသာစကားပေါ့။ စားပွဲထိုး အမျိုးသမီးကလဲ သူထိုးတဲ့ပွဲမှန်သမျှ လက်မထောင်ပြီး ဗဲရီးဂွတ်ဒ် တဲ့။ ဒီတလုံးတော့ ရပါတယ်။
ဒါနဲ့ ညစာ စားပြီး အိမ်ကို ပြန်ရောက်တော့ သီချင်းဆိုကြတယ်။ ကာရာအိုကေ ပေါ့။ ကိုယ်လဲ သီချင်းတော့ အတော်ကြိုက်တယ်။ ဘယ်လောက် နားထောင်ရ နားထောင်ရ နားညည်းတယ်လို့ မရှိဘူး။
ကိုယ်ကတော့ ဆိုခဲပါတယ်။ ဆိုရင်လဲ အဆိုတော်အသံကို ပိတ်ပြီး မဆိုချင်ဘူး။ ကိုယ် ကီး တလွဲတွေ ချ နေမှန်း သူများ သိကုန် မစိုးလို့။ သီချင်း အရသာလေး ပျက်သွားမစိုးလို့။ အဆိုတော်အသံလေးတိုင်း မှေးလိုက်ဆိုနေတာ။ သူ့အသံလိုလို ကိုယ့်အသံ လိုလို။ ကိုယ့်အသံချည်း ထွက်မနေတော့ အလှလေး ပျက်မသွားဘူးပေါ့။
တခါတလေကျတော့လဲ ကိုယ်သိပ်ကြိုက်တဲ့ သီချင်းမျိုးဆို လိုက်မဆိုဘဲ နားပဲထောင် လိုက်တယ်။ ၀ိုင်ဝိုင်းရဲ့ အိမ်လွမ်းသူ သီချင်းဆို နားထောင်ရင်း မျက်ရည်တွေ ဘာတွေ ကျလို့။
အများအားဖြင့် ကိုယ်က နားထောင်သမား။ အခု သူတို့တွေ ဆိုကြတာ ဂျေမောင်မောင်လဲပါ၊ လွှမ်းမိုးလဲ ပါ၊ တူးတူးလဲ ပါရဲ့။ ဒါနဲ့ တခေတ်တခါက အင်မတန် နံမည်ကြီးပြီး ကိုယ်တို့ မိန်းကလေးတွေ အသည်းစွဲ ဖြစ်ခဲ့တဲ့ တူးတူးသီချင်းတွေကို သတိရမိတာပေါ့။
တူးတူး နံမည်ကြီးတဲ့အချိန်တုန်းက ကိုယ်တို့က ၈တန်း ၉တန်းပေါ့။ ကျူရှင် အသွားလမ်းတွေမှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ တူးတူး သီချင်းတွေချည်း။ အဲဒီတုန်းက မိဆိုး သီချင်း ပေါ်ကာစ။ သီချင်းစာသားမှာ “ရည်ရွယ်ထားတဲ့ ချောနှမ အကြောင်းကို.. ”လို့ ဆိုထားတော့ ကိုယ့် အချစ်ဆုံး သူငယ်ချင်း မိချော က အဲဒါ သူ့ကို ဆိုတာတဲ့။
ကိုယ်ကလဲ ယုံတယ်လေ။ သူ့နံမည်တောင် ထည့်ဆိုထားတာ ဟုတ်မှာပါပဲပေါ့။ အထင်တွေကြီးလို့။ ငါ့သူငယ်ချင်းလေးအကြောင်း ဆိုထားတာဆိုပြီး ဆိုရတာတောင် ပိုအရသာ ရှိသလိုပဲ။ အတော်ကြီး ကြီးမှ သူ နောက်မှန်း သိတာ။ သိတဲ့အချိန်ကျတော့ တက္ကသိုလ် တတိယနှစ်လောက် ရောက်နေပြီထင်တာပဲ။
မိချောက ပြောသေးတယ်။ နင်ကလဲ ငါ စတာများ တကယ်ယုံရတယ်လို့ တဲ့။ ကိုယ့်မှာ စိတ်ကူးလေးတောင် ပျက်လို့။ ဒါဆို အဲဒီသီချင်းက နင့်အကြောင်း မဟုတ်ဘူးပေါ့ လို့ ရင်နာနာနဲ့တောင် ပြန်မေးရသေးတာ။ နင် ငါ့ကို မပြောပြရင် ကောင်းမှာ တဲ့။ ငယ်ငယ်တုန်းကဆိုတော့ စိတ်ကူးတွေကလဲ အတောင်ပေါက်တယ်။ ခုတော့ ပြုံးစရာ။
ဘာရယ်မဟုတ်ဘူး။ ဒီနေ့လေးက အိမ်အလုပ်တွေလဲ ပြီးတယ်၊ သူငယ်ချင်းတွေနဲ့လဲ အေးအေးဆေးဆေး နေရတယ်။ အိမ်စာပြီးတဲ့ကလေးလို စိတ်ကလဲ ရွှင်တာမို့ မရေးဖြစ်တာ ကြာတဲ့ ဘလော့ဂ်လေးဖက်လှည့်ပြီး ဟိုဟိုဒီဒီ လျှောက်ခြစ်လိုက်တာပါ။ တောင်ရောက် မြောက်ရောက်ပေါ့။
မိုးချိုသင်း