ဒါနဲ့ ဆရာဝန်ရယ်၊ သူငယ်ချင်းတွေရယ်၊ မိသားစုရယ် ၀ိုင်းပြီး ဂရုစိုက်လိုက်ကြတာ လူလဲ စိတ်ဓာတ်တော်တော်ကျသွားတယ်။ ကိုယ့်ကို ဂရုစိုက်တာ ချစ်ခင်လို့ ပြောကြတာမှန်း သိတာပေါ့။ ဒါပေမဲ့ ကိုယ်က လိုက်မလုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကို အမြဲ အပြစ်မြင်မိပြီး အဲဒီစိတ်က ၀န်ထုပ် ၀န်ပိုးကြီး တခုလိုဖြစ်နေတာပါ။ အတော်ခံရခက်တဲ့ ဝေဒနာပါပဲ။
ဒါနဲ့ အိမ်နဲ့ နီးနီးနားနားက Community Center မှာ ညနေဖက် လမ်းလျှောက်ရင်း သင်တန်းလေးတွေ သွားစုံစမ်းမိတယ်။ ကောင်တာက မိန်းမချောလေးက ကိုယ့်ကို လမ်းညွှန်ပါတယ်။ Zumba ဆိုတဲ့ သင်တန်းက ကိုယ်နဲ့သင့်တော်မယ် လို့ ထင်ပါသတဲ့။ သူက သီချင်းလေးတွေ ဖွင့်ပြီး သက်သက်သာသာ လေ့ကျင့်ခန်း လုပ်ရတာမျိုးပါ တဲ့။
ဒါနဲ့ ကိုယ်လဲ အချိန်စာရင်းကြည့်လိုက်တော့ တပတ်မှာမှ တရက်တည်း၊ အဲဒီတရက်မှာလဲ ၁နာရီ ဆိုတော့ လုပ်နိုင်လောက်တယ် ဆိုပြီး ပိုက်ဆံသွင်းလိုက်တယ်။ အိမ်နဲ့ ၅ မိနစ်လောက် လမ်းလျှောက်ရုံအကွာအဝေးဆိုတော့လဲ အဆင်ပြေတယ်လေ။ ဒါနဲ့ မနေ့က ရုံးအပြန် ညနေစာ စောစောစားပြီး အိမ်က လူကုန် ကိုယ့်ကို ကလေးကျောင်း လိုက်ပို့သလို လိုက်ပို့ကြတယ်။
ကိုယ်ရောက်တော့ စောနေသေးတယ်။ ခမ်းမကျယ်ကျယ်တခုမှာ သင်တန်းပေးမှာ။ ကိုယ်က အသစ်ဆိုတာ သိနေတော့ သင်တန်းမစခင် စကားစမြည် လာပြောကြတယ်။ မိန်းကလေးတွေ ချည်းပဲ။ လူငယ်တွေများပါတယ်။
ဘယ်လိုသင်ပေးတာလဲဆိုပြီး မေးကြည့်တော့ သင်တန်းဆရာမက သီချင်းအတိုင်း လှုပ်ရှားတာကို လိုက်လုပ်ရုံပဲ တဲ့။ ရီစရာတော့ ကောင်းတယ်၊ ဒါပေမဲ့ မရှက်ပါနဲ့ တဲ့။ အဓိက က ကိုယ်လက်လှုပ်ရှားဖို့ပဲ ဆိုတော့ သူလုပ်သလိုသာ လိုက်လုပ်ပါ တဲ့။ ချွေးထွက်ဖို့သာ ပြင်ထားပေတော့ တဲ့လေ။
ဒါနဲ့ ဆရာမလာတော့ သီချင်း စ ဖွင့်တယ်။ ဆရာမက ဘော်ဒီတောင့်တောင့်။ အားကစားသမား အကြိုက်။ သီချင်းကတော့ ထုံးစံလို အမြူးသီချင်းပါ။ ကိုယ်ကတော့ ရှက်ရှက်နဲ့ နောက်နားကျကျမှာ သွားနေတာ ကိုယ့်နောက်မှာ ကောင်မလေး တယောက်သာ ကျန်တော့တာ။ အဲဒီကောင်မလေးကတော့ ကိုယ့်ထက်များ ပိုရှက်သလား မသိ၊ နံရံနဲ့တောင် ဖြစ်နိုင်ရင် ကပ်နေမဲ့ပုံ။
သီချင်း ဖွင့်တာနဲ့ ဟေးဟေးဟားဟား သူတို့ လုပ်ကြတယ်။ ပထမတော့ ခြေထောက်လေး လှုပ်ရုံပါပဲ။ နောက်တော့ သီချင်းအတိုင်း သွက်လိုက်ကြတာ ကိုယ့်မှာ ပါးစပ်အဟောင်းသား။ ကိုယ်လဲ ကမန်းကတန်း အမီ လိုက်ရတော့တာ။
ကိုယ်လဲ လိုက်တော့ လိုက်တာပါပဲ။ ဒါပေမဲ့ ယုန်တောင်ပြေး ခွေးမြောက်လိုက် ဆိုသလို ဖြစ်နေပါပြီ။ ဆရာမက သီချင်းဆိုနေတဲ့ကြားက ဘာတွေ သဘောကျတယ် မသိ၊ တဟီးဟီးရီပြီး ညာဖက်ကို ပြေးသွားရင် ကိုယ်က ဘယ်ဘက်ကို ပြေးမိရက်သားကြီး။ သူက နောက်ကို သုံးလှမ်းလောက် ဆုတ်ရင် ကိုယ်က ၇လှမ်းလောက် ဆုတ်မိနေပေါ့။
လက်တွေကိုလဲ ဆန့်လိုက် ကွေးလိုက်နဲ့ လုပ်ကြသေးတယ်။ ဘယ်ဘက်လက်ကို ဘေးကို ဆန့်လိုက် ကွေးလိုက် လုပ်တော့ ကိုယ်က ညာဖက်ကို အားရပါးရ ထုတ်လိုက်တာ ဘေးက ခလေးမကို ထိုးမိတော့မလို့။ ဘေးကကြည့်ရင် သီချင်းနဲ့ က နေတာနဲ့ မတူဘဲ ရန်များဖြစ်သလား ထင်မယ်။
နောက်တော့ လက်ကို အပေါ်ကိုမြှောက် ပြီး မက္ကဆီကန် အကတွေ ကသလို သူတို့ က ကြပြန်တယ်။ ကိုယ့်မှာတော့ လက်လဲ မြှောက်ထားပါရဲ့၊ ဒါပေမဲ့ က တာနဲ့ မတူ၊ ဒို့ အရေး လုပ်သလိုမျိုး လုပ်မိတယ်။ ဒီတခုတော့ ပိုင်သလေ။ ဘေးကများကြည့်ရင် ဘယ့်နှယ့်ဟာကြီးပါလိမ့် ထင်မှာ။
ခက်တော့နေပါပြီ။ ကိုယ်တော့ နေရာမှားပြီ ထင်ပါရဲ့။ ကိုယ်က လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းလွန်းလို့ အိမ်မှာ မလုပ်ဘဲ အဖော်အပေါင်းရှိတဲ့ သင်တန်းလာတက်မိတာ အမှားကြီး မှားပါပြီ။ ကိုယ်က သီချင်းလေးနဲ့ နူးနူးညံ့ညံ့ ထင်မိတာကိုး။ နောက်တော့ ရပ်ပြီး ရီနေမိတော့တာပေါ့။
ကိုယ်ရီတော့ ဆရာမကလဲ သဘောကျပြီး ရီတယ်။ ပြီးတော့ လုပ် လုပ် ဆိုတဲ့သဘော ကိုယ့်ကိုအားပေးသလိုမျိုး မေးထိုးပြတယ်။ ရပ်မနေနဲ့ ဆိုတဲ့သဘော။ သီချင်းကလဲ မရပ်မနား non stop! အဲဒီတော့ သူ ကြိုးတွေ လုံးသလို လုပ်ရင် ကိုယ့်မှာလဲ လိုက်လုံးရ၊ ရေကူးသလိုမျိုး ကူးနေရင် ကိုယ့်မှာလဲ လိုက်ကူးရ။ သူက ဟန်ပါပါ ကိုယ်လေးကို လှည့်တော့ ကိုယ်က စကောဝိုင်း လိုက်သလိုမျိုး ရွှီးကနဲပဲ။
ဆရာမက ကိုယ့်ကို မျက်စိကျသွားပုံပဲ။ ဒါမှမဟုတ် ကိုယ်ခိုနေတာကို သိသွားလို့ရင်လဲ ဖြစ်မယ်၊ ကိုယ့်ဘေးနားလာပြီး ကိုယ်နဲ့အတူ လုပ်တော့တာပါ။ ဂွတော့ ကျနေပါပြီ။ သူက ကိုယ့်ကို အသစ်ဆိုပြီး တွဲခေါ်နေတာပါ။ သူ က တာ အင်မတန်လှတာပါ။
တကယ်က ဒီတခန်းလုံးမှာ သူ့နီးပါး လိုက်လုပ်နိုင်တာ ၃ယောက်လောက် ရှိတာပါလေ။ ကျန်တဲ့လူတွေက သူ့ကိုကြည့်ပြီး လိုက်လုပ်ကြတာ။ ဒါပေမဲ့ သူတို့က ဒီမှာမွေး၊ ဒီအကတွေနဲ့ ကြီးခဲ့ကြတာမို့ နည်းနည်းပြရင် သဘောပေါက်ကြတယ်။ ကိုယ့်မှာသာ အစိမ်းသက်သက်။ ကိုယ်တို့ မြန်မာဆီမီးခွက် အကလောက်ဆို ကိုယ်လိုက်နိုင်မှာ အမှန်ပါ။
ဆရာမက မြန်လဲမြန်သေးတယ်။ သူရှေ့ကို ပြေးသလိုလုပ်တော့ ကိုယ်လိုက်ပြေးရင်ဘဲ သူက နောက်ပြန်ဆုတ်နေပြီ။ သူအဆုတ် ကိုယ်အတက် တိုက်မိတော့မှာ။ တခါမှာ မျက်နှာချင်း အတော်နီးသွားလို့ သူလဲ လန့်သွားတယ်။ ဒါနဲ့ ဟိုးရှေ့မှာပဲ သွားပြန်လုပ်နေတော့တယ်။
အချိန်က တနာရီမို့ပဲ။ တကမ္ဘာလောက်ကြာသလို ခံစားမိတယ်။ ချွေးတွေလဲ တကိုယ်လုံး ရွှဲနေပြီ။ ဒါနဲ့ သီချင်းလဲဆုံးရော ဂွတ်ဒ်နိုက် တဲ့။ ဒီစကားအချိုဆုံးပဲ။ သင်တန်းပြီးသွားတဲ့သဘော အားလုံးပျော်ပြီး ဟူးးးး ရေးးးး နဲ့ လက်ခုပ်တီးကြတော့ ကိုယ့် လက်ခုပ်သံ အကျယ်ဆုံး ထင်မိတယ်။
နောက်တပတ်သွားဖို့တော့ စဉ်းစားကာ နေရအုံးမယ်။
မိုးချိုသင်း