Saturday, September 6, 2008

အိယောင်ဝါး

အခုတလော စာမရေးဖြစ်ဘူး။ စာမရေးဖြစ်တာလား စာမရေးချင်တာလား စာရေးမလိုလို လုပ်နေတာလား ဘယ်ဟာမှန်းကို ကိုယ့်ကိုယ်ကို မသိဘူး။ အဲဒီလို ကိုယ့်ကိုယ်ကို ဘာမှန်းမသိ ဖြစ်နေတာကို သိအောင်ပဲ ကြိုးစားနေသလိုလို အလိုက်သင့်ပဲ နေသလိုလို အကုန်လုံး လိုလိုလေးတွေပဲ လုပ်ထားတယ်။

ကိုယ်က ဒီလို ငယ်ငယ်ကတည်းက လုပ်တတ်လို့လားတော့ မသိဘူး။ အမေနဲ့ အမတွေက ကိုယ့်ကို ပြောကြတာ ခဏခဏ ကြားဖူးတယ်။ မိချို အိယောင်ဝါး လုပ်မနေနဲ့နော်၊ လုပ်စရာရှိတာ မြန်မြန်လုပ် တဲ့။ အဲဒီတုန်းက ကလေးဆိုတော့ အိယောင်ဝါးဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်သိမှာလဲ။ ဒါပေမဲ့ ငါ့ရဲ့ ဟိုလိုလို ဒီလိုလို မျောနေတာလေးကို ပြောတာ ဖြစ်မှာပဲ လို့ မသိစိတ်က လက်ခံထားတယ်။

ခုထိလဲ အိယောင်ဝါးဆိုတဲ့ စကားလုံးကို အဘိဓာန်တွေဘာတွေမှာ ရှာကြည့်ဖို့ မစဉ်းစားပါဘူးလေ။ အဘိဓာန်ထဲမှာ ရှိသလား မရှိသလားတောင် ရဲရဲ မသိချင်ပါဘူး ဆိုနေ။ ငါလုပ်တတ်တဲ့ အကျင့်က အိယောင်ဝါးဆိုတာလောက် သိရရင် တော်ပြီပေါ့။ ဘာလို့များ ဒီလောက်တောင် ပညာ ဆည်းပူးနေမလဲ..။ အေးဆေးပါ။

တကယ်တော့ ပြောရရင် အခုအချိန်မှာ အိမ်ထောင်ကျနေတာတောင် ကံကောင်းသလိုလို ဖြစ်နေတယ်။ ကိုယ် အိယောင်ဝါးလုပ်နေရင် ပြောမဲ့သူက ကိုယ့်အမျိုးသားတယောက်ပဲ ရှိတော့ကာ အုပ်ထိန်းသူ တယောက်လောက်ပဲ ရှိတဲ့သဘောမှာ ရှိတယ်။ ငယ်ငယ်ကတော့ အဖေ၊ အမေ၊ အမ ၃ယောက်၊ မောင်လေးက ၁ယောက် (သူကလဲ အကြီး အင်မတန် လုပ်ချင်တာ)၊ နောက် ကိုယ့်ကို ပြန်တိုင်မဲ့ အိမ်မှာ အလုပ်လုပ်တဲ့ အမတွေကလဲ ရှိသေးတယ်။ “ဒေါ်လေး၊ ဒေါ်လေးသမီးက နေ့လည်က စာကျက်မလိုလိုနဲ့ မကျက်ဘူး၊ သီချင်းနားထောင်သလိုလို၊ စာအုပ်ဖတ်နေသလိုလို လုပ်နေတယ်” လို့ အမေ ညနေပြန်လာရင် ဆီး တိုင်မဲ့သူတွေက ရှိသေးတာ။ ထောက်လှမ်းရေးတွေ ဆိုပါတော့။

ဟိုတလောက မခင်မင်းဇော် က tag လိုက်တော့ အဲဒီညက စာရေးဖို့ မလိုဘူး ဖြစ်သွားတယ်။ မေးခွန်းလေးတွေ ဖြေရမှာဆိုတော့ ကြည့်လိုက်တော့ ကိုယ်ဖြေနိုင်လောက်တဲ့ မေးခွန်းတွေ ဖြစ်နေတယ်။ စာမေးပွဲခန်းထဲမှာလို ချွေးမပြန်ဘူးပေါ့။ ဒါနဲ့ ဒီနေ့တော့ ဒါလေးပဲ တင်လိုက်မယ်လေ လို့ ကိုယ့်ဖာသာကိုယ် ပြောသလိုလိုနဲ့ သူကြားအောင် ပြောလိုက်တယ်။ သဘောက ဒီနေ့ညတော့ စာမရေးဘူးဟေ့.. အဲဒီလို။

သူကလဲ ဒါမျိုးတွေ ရိုးနေတော့ အကင်းပါးတယ်။ tag တပုဒ်တင်၊ စာတပုဒ် တင်ပေါ့ တဲ့။ ချော့သလိုလိုနဲ့ လာပြောတယ်။ အားပါးပါး..စာရေးတာ စက်နဲ့ လှည့်ထုတ်တယ်များ ထင်နေသလား..။ ကိုယ်က ရေးချင်သလိုရေးနေတာကို အကိုးအကားတွေ ရှာပြီး စာတမ်းတစောင် ပြုနေရသလောက် ခက်ခဲသယောင် ပြန်ပြောလိုက်တယ်။ အဟက်ဟက်..။ (ဒီစာကို ယောင်လို့များ သူမဖတ်မိပါစေနဲ့..ကျော်သွားပါစေ။)

နောက်တော့ ကိုယ့်ဘလော့ဂ်ကို ပို့စ်တင်ပုံတင်နည်း ပြပေးနေတဲ့ ကိုမိုးဆီ အီးမေးလ်တစောင် လှမ်းပို့လိုက်တယ်။ ကိုမိုးရေ သူများဘလော့ဂ်တွေမှာ တင်ထားတဲ့ current status ဆိုတဲ့ window လေး လုပ်ပေးပါအုံး။ ဒါမှ ကိုယ့်စာလာဖတ်သူတွေကို သတင်းပေးလို့ ကောင်းမှာ။ ဥပမာ “ဒီနေ့ နေမကောင်း..” ။ ဒီလောက်ဆို အိုကေပြီ။ ဖတ်တဲ့လူတွေက လူကိုမမြင်ရတော့ သနားလို့..။ အော် ဘာများ ဖြစ်ပါလိမ့်မလဲ၊ နေမကောင်းဘူးဆိုတော့..။ ဆီးချိုတွေများ သိပ်တက်သွားသလား၊ ဘာညာပေါ့။ စဉ်းစားပစေ.. စဉ်းစားပစေ..။

နောက်ထပ် ဥပမာက.. စာမေးပွဲ ရှိလို့ စာကျက်နေရသည် ..။ ဒီလိုဆိုလဲ မဆိုးဘူး။ ဒါဆို စာမေးပွဲပြီးရင် သူစာပြန်ရေးလိမ့်မယ်လေ ဆိုပြီး မျှော်..လို့။ ၄-၅ ရက်ကြာတော့ ကိုယ်က စာပြန်ရေးရော။ အဲဒါဆိုတော့ စာမေးပွဲဖြေနိုင်လားတွေ ဘာတွေ လာမေးကြအုံးမှာ။ ကိုယ်ကလဲ ဒီဖက်ကနေ ပြုံးပြုံးကြီးနဲ့ ဖြေနိုင်ပါတယ်တွေ ဘာတွေ လုပ်အုံးမှာ။

နောက်တခါကျရင်တော့ အဲဒီ window လေးမှာ BUSY ဆိုပြီး ဒါလေးပဲ ပြ ထားလိုက်မယ်။ အဲဒါဆိုရင်တော့ အကြောင်းပြချက်တွေက သိပ်များသွားပြီ။ ကိုယ့်အကြိုက်ပဲ။ အိမ်ကို ရပ်ဝေးက ဧည့်သည်လာလို့ busy ဖြစ်တာလဲ ဖြစ်နိုင်တယ်၊ အလုပ်က အချိန်ပိုတွေ ရှိလို့ busy တာလဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကိုယ့်အိမ်မှာ အစည်းအဝေးလုပ်ကြမှာမို့ ဧည့်ခံရ၊ ချက်ပြုတ်ရမှာတွေအတွက် busy ဖြစ်တာလဲ ဖြစ်နိုင်တယ်။ တွေးစမ်းပါလေ့..။

ဒါပေမဲ့ ကိုယ့်အမျိုးသားက အိမ်ထောင်သက်ကလဲ ၁၂ နှစ်ကျော်ပြီဆိုတော့ တော်တော် သဘောပေါက်နေပြီ ပြောရမယ်။ သူကလဲ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေတာလဲ ပါတယ်။ အရင်က ကိုယ်က စာရေးနေရာက သူနဲ့လဲ အိမ်ထောင်ပြုရော တိကနဲ စာရေးတာ ရပ်လိုက်တော့ လူတွေက သူ မရေးခိုင်းလို့ချည်း ထင်ကြတာ။ ကိုယ့်ရဲ့ အိယောင်ဝါးကို မမြင်ကြဘူး ဆိုပါတော့။ ကိုယ်ကပဲ အချုပ်ချယ်ခံနေရသလိုလို..ကိုယ့်ကို သနားကြတာ၊ သနားကြတာ..။

အခု ကိုယ် စာလဲ ပြန်ရေးရော သူလဲ တိမ်ကင်းစင်တဲ့ လ လို ဖြစ်သွားတယ်။ သူ့ကြောင့် မဟုတ်ဘူး ဆိုတာ ရှင်းပြီးသား ဖြစ်သွားတယ်။ အဲဒါကြောင့် ကိုယ်စာရေးတော့မယ်ဆိုရင် သူ့မှာ အရမ်း ၀မ်းတွေသာနေတယ်။ အဲဒီအချိန် သူဘာလုပ်လုပ် တိုးတိုးတိတ်တိတ်ပဲ။ သိပ်ငြင်သာတယ်၊ အသံကျယ်သွားရင် ကိုယ်စာရေး ပျက်သွားမစိုးလို့॥။ ဖုန်းလာလို့ ဖုန်းပြောရင်တောင် ခပ်ဝေးဝေးသွားပြောတယ်။ ကိုယ့် အိယောင်ဝါး မလုပ်ဖြစ်အောင် အသည်းအသန် ကြိုးပမ်းနေတာလေ။

ကိုယ်စာရေးတဲ့ စားပွဲလေးက ဧည့်ခန်းနဲ့ ကပ်နေတာမို့ သူက ဧည့်ခန်းမှာ တီဗီကြည့်နေသလိုလို နဲ့ ကိုယ့်ကို တချက်တချက် လှမ်း ချက်ခ် တယ်။ ဘလော့ဂ်တွေ လျှောက်လည်နေတာလား၊ စာရေးနေတာလား ပေါ့။ ကိုယ် ကွန်ပျူတာ ကို စိုက်ကြည့်ပြီး ပြုံးနေရင် သေချာတယ်၊ ဘလော့ဂ်တွေလျှောက်လည်နေပြီ။ စာရေးဖို့ မ စ ရသေးဘူး။ ဒါဆို စာရေးဖို့ အိယောင်ဝါး လုပ်နေတဲ့သဘော။ အဲဒီအချိန်ဆို နည်းနည်း လှမ်းပြောလိုက်တယ်။ ၁၂ နာရီအိပ်ရမယ်နော်၊ မနက်ကျရင် အလုပ်သွားရအုံးမှာ တဲ့။

အဲဒါဆို ကိုယ်ကလဲ ချက်ချင်း ပြန်ပြောလိုက်တယ်၊ တီဗီသံကြီး ဆူနေတော့ ဘယ်မှာစာရေးလို့ ရမှာလဲ ပေါ့။ အင်း.. အကြောင်းပြတာ၊ အကြောင်းပြတာ။ တခါတလေကျတော့လဲ ဒီလိုပြောတယ်။ အိုက်လွန်းလို့ စာရေးလို့ မရပါဘူး တဲ့။ တခါတလေကျတော့လဲ သူကျတော့ ရုပ်ရှင်တွေ ကြည့်နေပြီး ချိုသင်းကျတော့ မကြည့်ဘဲ စာရေးနေရတာ မတရားဘူး တဲ့။ တခါတလေတော့လဲ သိပ်ပြင်းပြင်းထန်ထန် ပြောလိုက်တာမျိုး ရှိသေးတယ်။ ဘာတဲ့.. အသက်လေး ရှူပါရစေအုံး တဲ့လေ။ တိုင်းပြည် အုပ်ချုပ်နေရလို့ အလုပ်များနေရတဲ့ အပေါက်မျိုးပေါ့။

သိတဲ့အတိုင်း အိယောင်ဝါးလုပ်တတ်တဲ့သူတွေက အမြဲတမ်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကြောင်းပြချက် တခုခုတော့ ရှာထားရတာ။ သူများမပြောခင် ကြို ကန် ထားရတာ။ ဒီလောက် အကြောင်းပြချက်တွေ ရှာထားရတာတောင် ပျော်ပျော်ပါးပါး အိယောင်ဝါး လုပ်ရတာ မဟုတ်ဘူး။ စိတ်မဖြောင့်ဘဲ တထင့်ထင့်နဲ့ ပတ်ကွေ့နေရတာ။

တကယ်ပဲ ဒုက္ခကြီးပါတယ်လေ။

မိုးချိုသင်း

34 comments:

  1. အမရေးတဲ့ အီယောင်ဝါး..လာဖတ်တယ်။ခုပဲ မြတ်နိုးလဲ စာဖတ်မလို့ယောင်နေတာ..ခုချိန်ထိ မစရသေးဘူးဟီးဟီး..
    အမ ဘလော့မှာစာအသစ်တင်တာတွေ့တာနဲ့ အားရဝမ်းသာ လာဖတ်တာ.. မြတ်နိုးကို စောင်းပြောနေသလိုပဲ..။ဟီးးး
    မြတ်နိုးကို အိမ်က အီယောင်ဝါးလို့တော့မပြောဘူး ယောင်၆၀ တဲ့...။

    ReplyDelete
  2. အမ.. အဲလိုပြတာလွယ်တယ်အမရဲ့..။ layout ထဲမှာ add page element or add Gaget လုပ်လိုက်ပီး test ကိုရှာပီး စာရိုက်လိုက်ယုံပဲ အမရဲ့

    ReplyDelete
  3. ဆရာမ..
    လာကြိုက်သွားပါတယ်..အဲလေ..
    လာဖတ်ပြီး ကြိုက်သွားပါတယ်၊
    အဟိ..ခုတော့ အားရှိသွားပြီ..လောကကြီးမှာ ငါ့လိုအိယောင်ဝါးတွေ ရှိသေးတယ်ဆိုပြီး......
    :p:p:p:P:D:D

    ReplyDelete
  4. တို.လဲ ဒုတ်ခ ကြီးပါတယ်။ MCT ရယ် ဘဝ အတွက် မကြိုးစားဘဲ တကုန်းကုန်း ဘလော. စာတွေ ဖတ်လိုက် ရေးလိုက်နဲ။ တခါတလေ ဆရာ ကြီး လို တစ် နေ့ ၅ ပုဒ် တောင် တင် ချင် သေးတာ။ ပထမတော. Kmsl က စိတ် ချမ်းး သာ ရင် ပြီးရော လွှတ်ထားတာဘဲ.။ အခု လို serious အချိန်ပေးတာ များ လာတော့ သူ စိတ်ညစ်လာတယ် အိမ်မျူကိစလဲ ချှို.ယွင်း သန်းကောင် သူ တရေး နိုး မှာ တို. ကို လှမ်းကြည့် မနက် အစောကြီး ထ ရမှာ ကို ည သန်းကောင် သန် လွဲ မအိပ် သေးဘဲ့ ကွန်ပြူတှာရှေ့ မှာ တို.မှာ လဲ ခိုးလုပ် ရ သလို. သူ မအိပ် ခင် ကွန်ပြူတာ ကို စိတ် မဝင် စား သလို နဲ. သူ အိပ် မှ တကုန်းကုန်းဖတ်.ရေး။ ခိုးလုပ် နေရ တယ် ဘာဖြစ်လို့လဲ ဆိုတော့ အချိန် ပေးတာ များနေ တာ ကိုး။ ဘယ် လို လုပ် ပြီး balance လုပ် ရမယ် မှန်းတောင် မသိတော့။ သူ စနေ တန့က်နွေ ရုံးသွားရင်သုး ကို သနားပေမဲ. ကိုယ် ကွန်ပြူတာ ကို အားရပါးရ သုံးရ တောကမယ် ဆိုပြီး ဝမ်းသာ ခလေးလဲ မဟုတ်တော့ဘဲ တို. ဒီလောက် မမိုက် သင့်ပါဘူးနော်။ တို.ကိုတော. Kmsl က အိယောင်ဝါးလို. မပြောဘးူး။ မရို မသေ. (ချီးပါကာ နီးမှ ချီးတွင်း ရှာ တဲ.ကောင် )တဲ ဘယ်တော့ မှ မကြိုးစားဘုး။ ဒုတ်ခ ဖြစ် မှ ကြိုးစားတယ်တဲ။
    ချစ်ခင်စွာဖြင်.
    တှိုလဲ မြတ်နိုးဘလော.ကနေ တွေ.လိုက်လို. အားရဝမ်းသာ လာဖတ်တာ။
    PS. ကိုမိုး ကို recent condition , ရယ် recent comments ရယ် စီဘောက် ရယ် ထည့်ခိုင်းလိုက်နော်။ သူ မလုပ် ပေးရင် တို.သင် ပေးမယ်။တို့လဲ သိတ်မတတ်ပါဘူ.။

    ps. word verificaiton ကလေ (myamap) လို့ပြနေတယ်။ myanamr ကိုလွမ်းလိုက်တာ။

    ReplyDelete
  5. Hi Ma Cho Thin,

    I love all of ur posts. very nice to read.. I got ur link from Ywartharlay-YTU. Everyday I wait and read ur new post.. :)
    have a nice day !

    ReplyDelete
  6. ချိုသင်းရေ။ အိယောင်ဝါး တာဟာ အာဖျံကွီး တာ ထက်သာတယ် လို့  အာတာလွတ်မြို့ စားကြီးက မိန့် တယ်။
    မှတ်သားလောက်ပါပေတယ်။ KM

    ReplyDelete
  7. အမရေ ကျနော်လည်း အိယောင်ဝါးပဲဗျ...
    ကျနော့်ကိုတော့ မဇနိက ဆူရှာတယ်...

    ReplyDelete
  8. တခါတလေ ဒီလိုပဲ။ စာရေးချင်စိတ် ပျောက်နေရင် ဆားချက်ပြီး ပန်ဒိုရာလို ပုံတွေတင်ပေါ့။ အဟဲ.။

    ReplyDelete
  9. အမရေ...အိယောင်ဝါးမှာ အပေါင်းတစ်လို့ထည့်ပေးပါ။ ကျနော်လည်း ထိုနည်းငှင်း....

    ReplyDelete
  10. အိယောင်ဝါး ဆိုတဲ့ Meaning ဟာ ဘာလဲဆိုတာ နားလည်သွားပြီ။

    SMNTL

    ReplyDelete
  11. မချိုသင်း...ပုံရိပ်လည်း ဒီလိုပဲ။ အခုစာရေး နေရင်းကနေ ဘလော့ဂ်တွေ လျှောက်လည် နေတာ။ စာရေးတာက နှစ်ကြောင်းလောက် ဘလောက်ဂ် လျှောက်လည်တာက နှစ်နာရီလောက်။

    ReplyDelete
  12. ဖတ်သွားတယ်ဗျာ၊ သိပ်ကောင်းတဲ့ အိယောင်မဝါးပို့စ်ပါပဲ။

    ReplyDelete
  13. အိယောင်ဝါးလုပ်နေပြီး ကိုကျော်ဝဏ္ဏမမြင်အောင် ထန်းလက်နဲ့ ကာချင်သေး။ လုံပါလိမ့်မယ် အားကြီးကြီး။

    ReplyDelete
  14. ကိုကျော်ဝဏ္ဏလိုအလိုက်သိတတ်တဲ့ယောင်္ကျား၊ခင်ဗျားရထားတော့ကျနော်တောင်မိန်းကလေးဖြစ်ချင်သလိုလိုဖြစ်သွားတယ်။ ကြာပါပြီ..အဲ့သလိုစိတ်ဖြစ်ချင်ချင်.....
    ပြောရအုံးမယ်၊ တကယ်တော့ယောင်္ကျားတွေကများသောအားဖြင့်
    စိတ်မြန်လက်မြန်မိန်းမတွေကိုမကြိုက်တတ်ကြဘူးဗျ၊
    အဲ့သလိုအီယောင်ဝါးလေးတွေ၊ အပျော့ဆွဲလေးတွေကိုမှသာယာတတ်ကြတာ။အော်..
    လောက..လောက
    အောင်မိုးဝင်း

    ReplyDelete
  15. စိတ်ချမ်းသာစရာ ဘ၀ တစ်ခု ပိုင်ဆိုင်ထားတာ ဂုဏ်ယူပါတယ်။

    ReplyDelete
  16. မမရေ

    မမက အိယောင်ဝါးလုပ်ရတာဟာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သိတယ်နော်

    တစ်ချို့ကျတော့ အမှန်ကို မသိဘဲ အိယောင်ဝါး လုပ်နေတာ
    သူတို့သာ အိယောင်ဝါးဘ၀ကို သေချာနားလည်တတ်ရင် လက်တွေ့ လုပ်လိုက်တာကမှ အိယောင်ဝါးလုပ်ပြရတာထက် ပိုလွယ်တယ်ဆိုတာ နားလည်မှာပါ အခုတော့------

    မမရေ သူတို့တွေနားလည်လာအောင် စာများများရေးပေးပါနော်

    ReplyDelete
  17. အားကျလိုက်တာ… ဒီမှာတော့ ဘယ်အချိန် ပို့ စ်အသစ်တင်ရမလဲ ဘယ်အချိန်ဘလော့ဂ်လည်ရမလဲ ချောင်းနေရတဲ့ဘ၀… ချိုသင်းရဲ့ ပါရမီဖြည့်ဘက်လေးဆီ သင်တန်းတောင် ပြေးတက်ခိုင်းလိုက်ချင်တယ်… အမြဲတက်နေတဲ့ ၀ိတ်တောင် နဲနဲကျသွားတယ်… သားအိပ်ချိန် သူအားကစားလိုင်းကြည့်ချိန်မှ ရေးရတာကို… လက်ညှိးညွှန်ရာ ပို့ စ်ဖြစ်နေတော့ အိယောင်ဝါးလေးလဲ ဖတ်လို့ ကောင်းတာပဲ… စာရေးရမှာပျင်းရင် ဓာတ်ပုံလေးတွေ တင်ပေါ့… အောက်က နှစ်ကြောင်းသုံးကြောင်း ရေးလိုက်ရုံပဲ… ဟဲဟဲ ပျင်းနည်းတွေသင်ပေးတာ… ရှုး…ကိုကျော်ဝဏ္ဏကြားသွားဦးမယ်…

    ReplyDelete
  18. လင်းလဲ အိယောင်ဝါးဖြစ်နေတယ်။ မအားရာကနေ စာရေးတာ လက်ပျက်ပြီး ဘယ်ကဘယ်လိုစရမှန်းကို မသိဘူးဖြစ်နေတာ။ အစချီနေတာတော့ အမဆီပြန်လာလည်သွားတဲ့ နေ့ ကစလို့ ဘဲ။ ခုထိကိုမအောင်မြင်သေးဘူး

    ReplyDelete
  19. ဒို့လဲ ဝေလေလေ ဖြစ်နေတယ်။ အများယောင်လို့ လိုက်ယောင် အမောင် တောင်မှန်းမြောက်မှန်းမသိ ဖြစ်နေသလားလို။့ ဟိုလိုလို ဒီလိုလိုတွေးရင်း ဘလော့တကာ သွားရင်း လမ်းများနေတယ်။
    အယ်ဇီ

    ReplyDelete
  20. ချိုသင်းရေ..
    ကိုမင်းဇော်နဲ့ ကျော်ဝဏ္ဏ တုနေပြီ။ ဒီမှာလည်း စာရေးလေ စာရေးလေနဲ့။ ဟဲ့ တနေ့လုံးလဲ အက်ဒစ်လုပ်ရ။ သတင်းအတွက် cue ရေးရ၊ အဲဒါရေးဖို့ကလည်း စဉ်းစားရသေးတယ် မဟုတ်လား။ ခေါင်းက မရတော့ဘူး။
    စက်မဟုတ်ဘူးဟေ့ ။ လူ လူ ၊ ရင်ဘတ်ထဲက လာမှ ရေးမယ်လို့ ပြောထားရတယ် ဟီး....

    ReplyDelete
  21. အိညောင် ၀ါး . . .
    ကြောင်လေးတွေလို အကြောဆန့် အပျင်းဆွဲ .. အပျင်းထူ အချိန်ဖြုန်းနေတာ ကို ပြောတာ လို့ ငယ်ငယ်က ဒေါ်လေးပြောပြဖူးတယ်..။
    (^=o=^)

    ReplyDelete
  22. အို. အိယောင်ဝါးလေး တွေ အများကြီးပါဘဲလာ.ုး

    ReplyDelete
  23. အမရေ..ကျနော်အဒေါ်ကတော့ပြောဖူးတယ်
    အိယောင်ဝါးဆိုတာ တရုပ်စကားက..အဲအဲ တရုပ်ဘာသာစကားကဆင်းသက်လာတယ်ဆိုပဲ
    အဘိဓါန်ထဲရှာချင်ယင်တော့ တရုပ်အဘိဓါန်ထဲမှာများရှာလို့ရမလားသိဘူး....အင်း
    သူပြောတာ.....အဲလိုလားသိဘူး
    ကျနော်လဲယောင်ဝါးဝါးပဲ......ဟဲဟဲ။

    ပုရစ်
    http://irrawaddy.burmabloggers.net

    ReplyDelete
  24. ချိုသင်းရေ… အသက်အမှန် ကြေငြာထားပါတယ်… အဆင်မပြေတာတွေအားလုံးအတွက်sorryနော်…

    ReplyDelete
  25. တို.လေ mct ရထား စီးဘို. ဘယ်လက် က ကဒ်ကြီးကိုင် လို. ညာလက် က ပိုက်ဆံ အိတ်ကြီးကိုင် လို. နားဆွဲ ကြီးနဲ. ဟာ ဟ မြင် ယောင် ကြည့်ပြီး ရယ် လိုက် ရတာ။ ခွိခွိ။

    ReplyDelete
  26. အမက အိယောင်ဝါးရင် ဘာလုပ်လဲမသိဘူး.. ကျွန်တော်ကတော့ မေမေရေးပေးထားတာလေးတွေကို တင်ပြီး ဆားချင်တယ်လေ... ဟဲဟဲ

    ReplyDelete
  27. အကိုကတော့ ယူတုက သီချင်းတွေ ယူတင်ပစ်ဖူးတယ် ၂ ဒါဇင်လောက်း)

    ReplyDelete
  28. အိယောင်ဝါးက တက်ပါတော့။ အသစ်မတင်တာ ၄ရက်ရှိနေပြီ။ ဟိဟိ စီဗုံးမှ မထားတာ ဒီမှာဘဲလာအော်ရတာပေါ့

    ReplyDelete
  29. ဟုတ်တယ် မမ အိယောင်ဝါးရေ ၊ အိယောင်ဝါးတော့လေ၊ မျှော်နေတယ်နော်

    ReplyDelete
  30. အစ်မရေ .. ရေးထားတာလေးတှေက ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့သိပ်ကောင်းတာပဲ
    ကြေးဇူးပါအစ်မရေ ..

    ခင်မင်လေးစားလကြ်
    သက်စပယ်

    ReplyDelete
  31. အိယောင်ဝါးတာကိုတောင် စာတပုဒ် ကောင်းကောင်း ဖြစ်အောင် ရေးနိုင်တယ်ဆိုတော့ အိယောင်သာ မ၀ါးရင်တော့လား...။ ဂေါက်တံတွေ ဘာတွေနဲ့ လှည့်နေစရာကို မလိုတော့ဘူးထင်တယ်။ :D

    ReplyDelete
  32. ma cho thin!
    today i got ur blog from my friend. I asked ur blog name from him as i want to read very very. U r so cute writer. I love ur all posts and ur friends also. Now i read already ur posts Ee Yaung Warr and ur friends's comments.. Very nice and laugh! I think they all are good writers like u. After i read ur post, i remember mysesf. I still doing like that everyday.... with respect ........Malay

    ReplyDelete
  33. i can not type mm font. so pls sorry naw... i can type only myanglish. I also will try to can type mm font someday. So i can open some words in my heart. I'm sure u'll not know me well. Cos of i had seen u outside last time and u did not know me who i m. If i have a chance, we will chit-chat together. with love, Malay

    ReplyDelete
  34. Har Har :D I am sure that this post related to everyone here. me too:D

    ReplyDelete

အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။