ဒီနေ့တော့ မိုးလေးကလဲ အုံ့၊ ညဖက်မှာလဲ မိုးလေးက နည်းနည်းပါးပါး ရွာထားပြန်၊ ဆောင်းဦးရာသီလဲ ၀င်လာပြီဆိုတော့ ရာသီဥတုက မှုန်မှုန် မှိုင်းမှိုင်းလေး ဖြစ်နေတယ်။ အဲဒီတော့ လူ့စိတ်က ဘာရယ်မဟုတ်ဘူး၊ ဟိုတွေး ဒီတွေးနဲ့ ဟိုကို လွမ်းသလိုလို၊ ဒီကို လွမ်းသလိုလို ဖြစ်မိတယ်။
လွမ်းတယ်ဆိုတာကလဲ အမျိုးမျိုး ရှိတယ် ထင်တာပဲ။ အကြောင်းတိုက်ဆိုင်လို့ လွမ်းသွားတာ၊ ၀မ်းပန်းတနည်း လွမ်းမိတာ၊ တခါတလေကျပြန်တော့ ကောင်းသော သတိရခြင်းနဲ့ လွမ်းလိုက်တာ ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ကိုယ်လွမ်းချင်လို့ လွမ်းနေမိတာကို သတိမထားမိ တတ်တာမျိုးကလဲ ရှိတတ်သေးတယ်။
ကိုယ်ဘလော့ဂ်ရေးခါစက စာ ပြန်ရေးတော့ အဖေ့အကြောင်းတွေကို ရီစရာလေးတွေ စွက်ပြီး ရေးမိတယ်။ အဲဒီတော့ ခင်မင်ရတဲ့ မိတ်ဆွေတွေက အားပေးကြတာပေါ့လေ။ ရီရတယ်နော်၊ ဖတ်ရတာ စိတ်ပေါ့ပါးသွားသလိုပဲ ဆက်ရေးပါ စသဖြင့်ပေါ့။ အဲဒီတော့ ကိုယ်လဲ စဉ်းစားတယ်။ ကိုယ်လဲ ဟာသတော့ မရေးဖူးလို့ မရေးတတ်ဘူး၊ ဘာဖြစ်လို့ သိပ်ရီရတာပဲလို့ ပြောတာပါလိမ့် ပေါ့။
အဖေကိုယ်တိုင်က အများနဲ့မတူ ရိုးရိုးကြီးနေတတ်တာမို့ သူလုပ်သမျှတွေက သဘောကျစရာ၊ ပြုံးစရာ ဖြစ်နေတာပါ။ အဲဒါကြောင့်များလား လို့ စဉ်းစားနေတုန်း မိတ်ဆွေတယောက်က ဖုန်းဆက်လာတယ်။ ချိုသင်းစာတွေကို ဖတ်ရတာ ချိုသင်း အဖေ့ကို ဘယ်လောက်တောင် လွမ်းနေမှန်းမသိ-တဲ့၊ ရီစရာတွေလို့ ထင်ရပေမဲ့ တကယ်က အလွမ်းစာတွေ- တဲ့။ အဲဒီမှာ ကိုယ်က အဖေ ကိုယ်တို့ကို ပြောပြောဖူးနေတဲ့ ကောင်းသော သတိရခြင်းနဲ့ လွမ်းပါ ဆိုတာကို သွားသတိရမိတာပါပဲ။
ကိုယ်တို့အမေ ဆုံးခါစက အဖေက အဲဒီစကားကို ခဏခဏ ပြောတာပါ။ ငယ်ရွယ်သေးတဲ့၊ မရင့်ကျက်သေးတဲ့ သား သမီးတွေကို နှစ်သိမ့်တာလဲပါ၊ အဖေ ကိုယ်တိုင်လဲ ဖြေယူတာလဲ ပါမှာပါ။ “မလွမ်းရဘူး မပြောပါဘူး၊ လွမ်းနိုင်ပါတယ် တဲ့၊ ဒါပေမဲ့ ကောင်းသော သတိရခြင်းနဲ့ လွမ်းပါ” တဲ့။ အဲဒီတော့ ကိုယ်လဲ အကျင့်ပါပြီး အဝေးကလူတယောက်ကို သတိရပြီဆိုတာနဲ့ သူနဲ့အတူ ပျော်ခဲ့တာ၊ သူကိုယ့်အပေါ်မှာ ကောင်းခဲ့တာ၊ သူ့ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးကိုပဲ ရွေးပြီး သတိရချင်မိတော့တာလေ။
အဲဒီလိုနည်းနဲ့ သတိရချင်စရာ အကောင်းဆုံးကတော့ ကိုယ့်အမအလတ် မအေးပါ။ ကိုယ့်မှာ အမ ၃ယောက် ရှိပါတယ်။ မစံ၊ မအေး၊ မနှင်း တဲ့။ မစံကတော့ မိသားစုထဲမှာ အကြီးပီပီ အားအကိုးရဆုံး။ သူပဲ အကုန် စီမံ ခန့်ခွဲတယ်။ အဖေနဲ့ အမေကလဲ မစံကို အားအကိုးဆုံးပဲ။ အမ အငယ် မနှင်းကတော့ မိသားစုထဲမှာ အထက်ဆုံး၊ အနုပညာမှာ အခံစားတတ်ဆုံး။ အဖေ့စိတ်ကို နားလည်မှု အပေးနိုင်ဆုံးပဲ။
မအေးနဲ့ ကိုယ်နဲ့ကတော့ ကြားထဲမှာ ဝေလေလေ ဖြစ်နေတယ် ဆိုရမှာပေါ့။ တခြားကွိကျိ ကွကျတွေလဲ သိပ်နားမလည်၊ ထူးလဲ မထူးချွန်၊ ရီစရာပဲ မက်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်တယ်။ မအေးက မိသားစုထဲမှာ စိတ်ထားအကောင်းဆုံး။ နောက်ပြီး သူက မိသားစုထဲမှာ ဂျိုကာလို ဖြစ်နေတာမို့ ဘယ်သူနဲ့ တွဲတွဲ အဆင်ပြေတယ်လေ။
သူက ဘ၀ကို ရိုးရိုးနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းချင်တဲ့သူ။ ဘုရား တရား၊ လူကြီးမိဘကို ရိုသေ ကိုင်းရှိုင်းမယ်၊ အကုန်လုံး လုပ်ကိုင်ပေးမယ်၊ ဒါပေမဲ့ ဘာ ဘ၀အခက်အခဲမှ မသိချင်ဘူး၊ ပိုက်ဆံမရှိလို့လဲ သူ မပူဘူး။ သူ့ဖာသာ သူ ဖြစ်သွားလိမ့်မယ် ပဲ။ ဘယ်တော့မှ မောင်နှမ အပေါ်မှာပဲဖြစ်ဖြစ်၊ သူများအပေါ်မှာပဲ ဖြစ်ဖြစ် မာနလဲ မထားတတ်ဘူး။ အမြဲ အောက်ကျို့ပြီး ဆက်ဆံတတ်တယ်။
သူ့လက်သုံးစကားက ကျေးဇူးတင်ပါတယ် တဲ့။ သူ့မှာ ဘာလေးဖြစ်ဖြစ် ကျေးဇူးတင်လို့ မပြီးဘူးလေ။ စားသောက်ဆိုင်သွားလို့ စားပြီးသောက်ပြီးလို့ စားပွဲထိုးလေးကို tips ပေးရင်လဲ သူက ခါးကိုကျိုးပြီး ကျေးဇူးတင်ပါတယ် ပြောနေတာ။ ကိုယ်လဲ ကြည့်နေရင်း ဘယ်သူက tips ပေးလို့၊ ဘယ်သူက ယူနေတာလဲ ဆိုတာတောင် ဇဝေဇ၀ါ ဖြစ်သွားရတာ။
ဖုန်းတခါဆက်ရင်လဲ ဖုန်းကဒ်က မိနစ် ၂၀လောက် ပဲ ရတာမို့ ပြောချင်တာတွေ မကျန်ရအောင် အလုအယက်ပြောမလို့ ကြံစည်တုန်း သူက ကျေးဇူးတင်ပါတယ်တွေ အထပ်ထပ်ပြောနေတာနဲ့ မိနစ်က ကုန်ရော။ တခါတလေကျတော့လဲ နင့် ကျေးဇူးတင်တာတွေ ခဏထားစမ်းပါအုံး လုပ်ရတာ။ အဲဒီတော့လဲ ရီနေရော။
ကိုယ့်အမျိုးသားနဲ့ မအေးနဲ့ စကားပြောကြရင်လည်း သူတို့နှစ်ယောက်က အထာနဲ့။ သူ့ထက်ငါ ဦးအောင် ကျေးဇူးတင်ပါတယ် ပြောပြီး နှုတ်ဆက်ကြတာ။ မအေး၊ ကျေးဇူးတင်ပါတယ်နော် လို့ တယောက်က ပြောရင် မအေးကလဲ ကျော်ဝဏ္ဏကို အမ ကျေးဇူးတင်လိုက်တာ ပြန်လုပ်တာ။ ပြီးရင် သူတို့ပဲ တခွိခွိနဲ့။
သူက သဘောကောင်းလေတော့ သူ့ကို နိုင်ကြတဲ့သူကလဲ အများသား။ အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေးတွေက အစ သူ့ကိုဆို တို့ မမအေးကြီးက ရပါတယ်၊ အေးဆေးပါ တဲ့။ တခါတလေ မအေးက မျက်ရည်လေး ၀ဲတဲ ၀ဲတဲ နဲ့ ဘယ်သူကတော့ သူ့ကို ဘယ်လို ပြောလိုက်ပြန်ပြီ၊ ဘယ်လိုလုပ်လိုက်ပြန်ပြီ နဲ့ ကိုယ့်ကို လာပြောပြသေးတာ။
ကိုယ်ကလဲ ဘာပြောကောင်းမလဲ၊ ဘွင်းဘွင်းသမားဆိုတော့ ချိုသင်းအမကို မထိနဲ့နော်၊ သည်းမခံဘူး တို့ဘာတို့ သွားပြောပစ်တာ။ အဲဒီကိစ္စ မနက်လောက်က ဖြစ်သွားရင် ညနေကျတော့ သူ့ကို ပြောတဲ့လူနဲ့ သူက ပြန်တည့်လို့။ ဟီးဟီး ဟားဟားနဲ့ အတူတူ ရီကြတာ မျက်ရည်များတောင် ထွက်လို့။ ကိုယ်က သီးခြားကြီး ဘေးမှာ ကြည့်နေရတတ်တာမျိုး။
နင့်ဟာက ဘယ်လိုကြီးလဲ၊ ငါ့မှာဖြင့် နင့်ဖက်က နာလိုက်ရတာ၊ ရန်တောင်ဖြစ်ပြီးနေပြီ လို့ ပြောတော့ သူက “သူလဲ အဆိုးကြီး မဟုတ်ရှာပါဘူးဟယ်၊ တခါတလေတော့ ဒီလိုပေါ့၊ နင်ကလဲ” တဲ့။ ကိုယ့်မှာသာ ဟတ်ကော့ကြီး ကျန်ခဲ့ရတာ ခဏခဏ။
သူက ငွေရေးကြေးရေးလဲ ခုထိ နားမလည်ဘူး။ ကိုယ်တို့ ခက်ခဲတဲ့ အချိန်တွေတုန်းက အမေ့မူကြိုကျောင်းလေးကို သူပဲ ဦးဆောင် ဆက်လုပ်ပြီး တအိမ်လုံးကို ကျွေးထား၊ ကိုယ်တို့အငယ်တွေကို ကျောင်းထားခဲ့တာ။ မောမောပန်းပန်း စာသင်ပြီး ပြန်လာတာနဲ့ ပိုက်ဆံအိတ်ကို မစံဆီ ပေးလိုက်တာပဲ။ ဘယ်လောက်ရလို့၊ ဘယ်လိုဆိုတာလဲ မသိ၊ ဈေးဘယ်လို ၀ယ်ရတယ်၊ ဘယ်လို စားရမယ် ဆိုတာလဲ မသိ။ သူ့ကို အလုပ်သွားဖို့ ဘတ်စ်ကားခပဲ ပြန်ပေးရတယ်။
အဲဒီတုန်းကဆို ကိုယ်တို့က သိပ်ချွေတာနေရတဲ့အချိန်။ အမေ မဆုံးခင်က အမြဲပြောတယ်။ သမီးမိန်းကလေးတွေ မွေးထားတာနော်၊ ဘယ်သူ့ကိုမှ အကူအညီမတောင်းရအောင် နေရမယ်၊ ကိုယ့်အားကိုယ်ကိုး ကြိုးစားရမယ် လို့ သမီးတွေကို အမြဲဆုံးမတယ်။ အဲဒီတော့ ညီအမ ၄ယောက်က အုတ်တံတိုင်း လေးဖက် လို ဖြစ်နေတယ်။ မာလဲမာတယ်၊ ညီလဲ ညီတယ်။
အဲဒီတုန်းက အမေ မရှိတော့ ပိုပြီး ကသီတယ်။ အဖေ့ကို ထောင်ဝင်စာ များများ ပို့ချင်တယ်။ အဲဒီတော့ တနေ့ကို ဈေးဖိုး ၁၅ကျပ်ပဲ သုံးမယ်လို့ ညှိပြီး ဆုံးဖြတ်ကြတယ်။ ဈေးဝယ်ရတာများ စဉ်းစားရတာ ခေါင်းခြောက်ပါရဲ့။ ဈေးပတ်ပြီး ဘယ်လို ဖွယ်ရာအောင် လုပ်ရပါ့မလဲ လို့လေ။ အဲဒီလို ကိုယ်တို့ ဈေးပတ်နေချိန်မှာ မအေးက ဈေးမပတ်ပါဘူး။ ဈေးထိပ်က စောင့်တာပါ။ ဘုရားပန်း အမျိုးမျိုး ၀ယ်ပြီး စောင့်နေတာ။
ကိုယ်တို့မှာ ဈေးပတ်ပြီး ပြန်လာတော့ သူက ဘုရားပန်းတွေ ၀ယ်ပြီးပြီ။ အလှဆုံး၊ ဈေးကြီးတဲ့ ပန်းတွေပဲ ရွေးထားတာ။ သူသိတာ ဘုရားပန်းလှလှ ထိုးမယ်၊ ဒါပဲလေ။ (ပန်းသည်တွေကလဲ သူ့နားမှာ ၀ိုင်းနေတယ်) ၀ယ်တာကလဲ ဘုရားပန်း ဆိုတော့ ကိုယ်တို့မှာ ပြောရခက်ကြီး။ ဘတ်ဂျက်လဲ နားမလည်။ သူ့ကို ပြောတုန်းကတော့ အေးပါ အေးပါ တဲ့။ ကိုယ်တို့လဲ ပန်းတွေ တပွေ့ကြီးနဲ့ သူ့ကို မြင်တာနဲ့ သက်ပြင်းချရတော့တာပဲ။
ဟာသဥာဏ်လဲ သူက အရွှင်ဆုံး။ အဖေ့မိတ်ဆွေတွေလဲ သူပြောင်တာ ကုန်ပေါ့။ နံမည်ဝှက်လေးတွေလဲ ပေးထားတော့ အဖေနဲ့အမေက အဲဒီမိတ်ဆွေနဲ့ ပြန်တွေ့ရင် မအေး လုပ်ပြထားတာတွေ သတိရပြီး မိတ်ဆွေရှေ့မှာ မရီမိအောင် မနည်း ထိန်းနေရတတ်တာ။ အဖေကဆို ရီရလွန်းလို့ ငါ့သမီးရယ်၊ တော်ပါတော့ တဲ့။
တခါကတော့ သူဗမာပြည်မှာ ရှိတုန်း သူ့ဆီဖုန်းဆက်တော့ သူက လေသံတိုးတိုးနဲ့ “မိချိုရေ၊ ဆိုးဂျား (soldiers) တွေကတော့ ဆိုးမန်းနီး (so many) ပဲ” တဲ့။ သတင်းပေးရှာတယ်။ ဒါနဲ့ ကိုယ်က “မအေးရယ်၊ စစ်သားတွေက သူတို့ကို soldier ခေါ်တာလောက်တော့ သိမှာပေါ့ဟ” လို့ ပြောရတယ်။ အဲဒီတော့ သူက “မသိဘူးလေ၊ ငါ့မလဲ လျှို့ဝှက် ပြောရတာ၊ ဟီးဟီး” တဲ့။
အင်း.. ဒီလို အမမျိုးရတာ ကိုယ်ကတော့ လောကကြီးကို သူ့စကားအတိုင်း ကျေးဇူးတင်ပါတယ်လို့ပဲ အထပ်ထပ် ပြောရမှာပါပဲလေ။
မိုးချိုသင်း
အမရေ.. soilder တွေက so many မနဲလျို့ဝှက်ပြောလိုက်ရတာ..။ ဟီးးး.
ReplyDeleteပြုံးကနဲ့ဖြစ်ပီး ပြန်သွားပါတယ်။
အမကိုလည်း ဒီလို စာတွေ ဖတ်ရလို့ ကျေးဇူးတင်ပါတယ်
ReplyDeleteကျွန်တော်လည်း အထက်ပါအတိုင်း ကျေးဇူးတင်ပါတယ်
ReplyDeleteကျေးဇူးတင်ပါတယ် အမ...
ReplyDeleteအခုလို မျှဝေပေးတာကိုလေ...
ကောင်းသော သတိရခြင်းနဲ့ လွမ်းပါ ဆိုတဲ့စကားကို အကြိုက်ဆုံးပါပဲ...
ဆိုးဂျားတွေများတာကတော့ အမရယ် တနိုင်ငံလုံး ဖောရက်စ်တွေကုန်တာတောင် ဂရင်းနေတုန်းပဲ...
:P
ဟားဟား(ဒါက စာအဆုံးဖတ်ထားလို့ ရီချင်နေတာ အရှိန်မကုန်သေးလို့)... ချိုသင်းစာတွေ လာဖတ်ရင်း ဖတ်ရင်းနဲ့ မတွေ.ဖူးတဲ့ ချိုသင်းကိုတင် မကဘူး။ ချိုသင်းအမ မအေးကိုတောင် မမြင်ခင်ထဲက ခင်နေပြီ။
ReplyDeleteso touching,
ReplyDeletethank you par :)
အမချိုသင်းရေ ရသမျိုးစုံပေးတဲ့စာတွေရေးနေတဲ့အတွက်
ReplyDeleteကျေးဇူးတင်ပါတယ်
နိနိ
မျှဝေပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
ReplyDeleteအဲလိုအမမျိုးလိုချင်လိုက်တာ အမရာ
ReplyDeleteချိုသင်းရေ.. ဖတ်ရင်းနဲ့ အမြဲပြုံးနေတတ်တဲ့ မအေးကို သတိရပီးလွမ်းသွားပြီ။ ဆရာမကတော့ ခရီးတွေဆက်တိုက် အကြာကြီးထွက်လိုက်ရတာ မောသွားရော..။ နည်းနည်း အနားယူပြီးရင်တော့ ရင်ထိတ်သည်းဖိုဝတ္ထုတွေ ရေးဖြစ်မယ်ထင်ပါရဲ့.. :D
ReplyDeleteအစ်မတွေကို လွမ်းနေတယ် ထင်ရဲ့ အရှည် ကြီးဘဲ ရေးတယ်။ တို့လဲလွမ်းလိုက်တာ.။။
ReplyDeleteကျေးဇူးတင်ပါတယ် ချိုသင်းရယ်။
ReplyDeleteမမအေးကို ပြောလိုက်ပါ ဒီလိုရီစရာတွေ ဘလော့ဆင့်ကမ်း ရီရလို့ ကျေးဇူးတင်ပါတယိလို့ ။
မမိုးတို့ ညီအမတွေက ....
ReplyDeleteတော်တော်အေးချမ်းပြီး တော်တော်ချစ်ခင်စရာ
ကောင်းတယ်ဗျာ....။
ဖြစ်နိုင်ရင် မအေးရဲ့ ဓါတ်ပုံလေး( သို့ မဟုတ်)
ညိအမလေးယောက်ပုံလေး တင်ပေးပါလား...။
ဆိုးဂျားsoilderတွေ ဆိုးမန်းနီး ( so many)ကိုဖတ်ပြီး
ReplyDeleteထိုင်ရီနေပါတယ်..
အရှိန်မသတ်နိုင်သေးဘူး။။
အိမ်ပြန်ရောက်ရောက်ချင်း..ရီရလို့
ကျေးဇူးတင်ပါတယ်။။
အသစ် မရှိပါ။။ ၂ ရက် လောက် မှ တစ်ခါ ရေးမလားလို့.။ မလာခင် ကြိုပြီး ကျေးဇူးတင်ထားပါရစေ..
ReplyDeleteLOL
ReplyDeleteSolider တွေက so many.
Great secret codes. :D
Thanks
မမအေး တစ်ယောက်တော့ တရုတ်သိုင်းလောက က လျို့ဝှက်စကားပြောနည်းတွေသင်ထားပုံရတယ်။ ဟားဟားဟား
ReplyDeleteအမရေ ညီအမချင်းအဲလို ချစ်ကြောင်းရေးတာ မင်္ဂလာ တပါးပါပဲ။ ချစ်စရာကောင်းလိုက်တာ။
ReplyDeleteဟီးဟီး...ပြုံးဖြီးဖြီးနဲ့ကျေးဇူးပါလို့ပြောပါရစေ....
ReplyDeletesis cho thinn yay..
ReplyDeletetoday i read ur all posts and comments so i used the whole day. I can not iron and clean home. :P
I feel very good taste from ur posts.
Have a great smile without pressure.
by the way, if u have diabetes, u must take care of food. U r so young, Try not to over.
My husband also has it but he do like so sweet foods and rice. I always take care of him. But when i don't know, he take unsuitable foods a lot. Then his blood sugar is so hight. I also think and worry that when i will be widow. Sometimes i m so angry if he don't listen of my words.
Anyway, i m so worry about u, Pls take care urself.
If u take care urself, it's the same u are helping all the people u love.
with love
ML
ကျွန်တော်လည်း မှန်တဲ့နည်းလမ်းနဲ့ လွမ်းတတ်အောင်ကြိုးစားလိုက်အုံးမယ် အစ်မရယ်...။
ReplyDeleteမအေးလို အမမျိုးရတာလဲ ကျေးဇူးတင်စရာ…
ReplyDeleteချိုသင်းလို အမကို သိပ်ချစ်တဲ့ ညီမလေးရတာလဲ ကျေးဇူးတင်စရာ…
ပြီးတော့… ခုလို ချစ်စရာကောင်းတဲ့ သတိရခြင်းတွေနဲ့  စာကောင်းလေးတွေ ဖတ်ရတာလဲ ကျေးဇူးတင်စရာ…
ကောင်းသောသတိရခြင်းနဲ့ လွမ်းပါ ဆိုတာလေးကို သဘောကျတယ် အမရေ။ အမတွေထဲမှာ မအေးကို အချစ်ဆုံးလားဟင်?
ReplyDeleteAma,
ReplyDeleteI wrote something for you here:
http://zizawa.wordpress.com
ကောင်းသော သတိရခြင်းနဲ့လွမ်းနိုင်အောင် ကြိုးစားပါတော့မယ်...
ReplyDeleteကျေးဇူးတင်ပါတယ် ဆရာမ
အစ်မ. ဈေးပေါသွားမှာ စိုးလို.ပါ။ :D
ReplyDeleteကျနော့်အကိုရဲ့ယောက်ဖကတော့ အပြင်ကနေ အိမ်ထဲကို အမောတကောနဲ့ ပြေးဝင်ပြီးလာပြောတယ်
ReplyDeleteအပြင်မှာလေ ချပိန်တွေ မိုတိုချိုင်ကယ်တွေနဲ့တဲ့။
(ထောက်လှမ်းရေးနှစ်ယောက် မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာအေးဘုရားလမ်း၊ သီရိမင်္ဂလာလမ်းထိပ်မှာ ရပ်နေတာကိုပြောတာ)
ဖားခုန်လို့တော.ခရုတုလို.မဖြစ်သေးဘူး MCT....
ReplyDeleteဆိုးဂျားတွေကို ငယ်ငယ်က မြေသြဇာတွေလို့ ဒူကဘာတို့ ခေါ်ကြတယ်။
ReplyDeletehttp://www.megumi21.com/2008/10/blog-post_05.html
ReplyDeleteကြက်ဥပြူတ် တွေ.ခဲ့တယ် လို့ သတင်းလာပေးတာပါ. ပါမစ် လျှောက်ထားးတယ်ပေါ့ဟုတ်လား သနားလို့ ဘာမှ မပြောတော့ဘူး။
http://khinoomay77.blogspot.com/
ReplyDeleteမိုးချိုသင်း အိမ်ကလည်း ဟင်းကောင်းမှာ မ ဟုတ်ဘူး သွားပို.ဦးမှ
Cboxမတွေ့လို့ ဒီမှာပဲ ရေးလိုက်မယ်နော်။
ReplyDeleteမမမိုးချိုသင်းရေ၊
ကြိုက်ရင် စားသွားပါရှင့်။ ဟိ ဟိ အားမနာပါနဲ့။ :P :P
အမတို့ညီအမတွေအားလုံးကိုရော၊ အင်းစိန်ကအိမ်လေးကိုရော သတိရမိတယ်။
ReplyDeleteမအေးရဲ့ လျှို့ ဝှက်စကားကိုဖတ်ပီး ပြုံးလိုက်ရတာ ။ အမရဲ့ စာကိုဖတ်ရင်း မျိုးစုံ ခံစားရတယ် ... ၅၂၈ မေတ္တာ ၊ နိုင်ငံကိုချစ်တာနဲ့ပဲ မတရားဖိနှိပ်ခံလိုက်ရသူတယောက်ရဲ့ မိသားစုရဲ့ နောက်ဆက်တွဲ အဖြစ် ၊ ရုန်းရင်း ကန်ရင်း ဘ၀ကို ပျော်၂ကြည့်တတ်တာတွေ ၊ မိသားစုအပေါ် အလွမ်းတွေ ..... ။
ReplyDeleteဟိုတနေ့က မေမေ့ကို မမိုးချိုသင်းဆိုတာ သိလားလို့ ။ သူ ကလည်း အင်တာနက်ပေါ် သူ ရေးတာတွေ တင်တယ်လို့ (သူ့ ကိုတော့ ဘလောဂ့်ရေးတယ် ပြောရင် မသိလို့ ၊ ခုလိုပဲ ပြောရတယ်) ။ မေမေက ပြောတယ် .. သိတာပေါ့တဲ့ ။ ဒါပေမယ့် သူက အမက ဦးတင်မိုးသမီးဆိုတာ မသိဘူးး)
လျှို့ဝှက်စကားကို ရယ်မောရင်း ကျေးဇူးတင်လိုက်ပါတယ်
ReplyDeleteအမရေ အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုပဲ အထပ်ထပ်ပြောချင်ပါတယ်
ReplyDeleteအန်တီရေ လာလည်ပါတယ်..။ အမြဲလာလည်ဖြစ်ပေမဲ့ခုမှ
ReplyDeleteကွန်မန့်ရေးဖြစ်တာပါ...။ ဖတ်ရင်းနဲ့ တော်တော်လေးပြုံးလိုက်ရပါတယ်ဗျ..။ အမရဲ့အစ်မ အန်တီအေးက တော်တော်ရိုးတာပဲဗျ..။ဘ၀ကို အေးအေးချမ်းချမ်းဖြတ်သန်းချင်သူထင်ပါရဲ့..။
ကျေးဇူးပါ..ခုလိုမျှဝေပေးတဲ့အတွက်..။
post အသစ်တင် မလား ၀င်ဝင် ကြည့်ရတာလဲ နိစ္စဒူဝ ပါလား။
ReplyDeleteအစ်မရေ Post အသစ်လေးတွေ မျှော်နေပါတယ်...
ReplyDelete