Monday, October 6, 2008

ချွေတာရေး ဆိုပဲ..

အခုတလော အမေရိကန် စီးပွားရေးက မျက်ခုံးတော်တော်လှုပ်နေလေတော့ ကိုယ်လဲ အတော်လေးကို ဆင်ဆင်ခြင်ခြင် နေနေရတယ်။ အရင်ကတော့ အဲဒီအကြောင်းတွေ နားလဲ မလည်၊ စိတ်လဲ မ၀င်စားတော့ မသိဘူး။ မသိတော့ မျက်ကန်း တစ္ဆေမကြောက် ဖြစ်နေတယ်။

ဟို ဘဏ်ကြီး ပြိုသွားပြီဆိုလဲ ပြုံးပြုံးပဲ။ ဒီကုမ္ပဏီကြီး ရပ်လိုက်ပြီဆိုလဲ အော်..ဟုတ်လား လောက်ပဲ။ သူများတွေက ထင်ကြမယ်။ တော်တော်ခိုင်ပါလား၊ မဖြုန်ပါလား ပေါ့။ တကယ်တော့ ဗလာချည်းသက်သက် မို့ ဖြုန်စရာ မလိုတော့တာ။

အလုပ်လုပ်တော့လဲ ကိုယ်က ရုံးမှာသာ စာရင်းဇယားတွေ အတိအကျ လုပ်တာ၊ အိမ်မှာကျတော့ အကုန် သူပဲ လုပ်တယ်။ ဘဏ်သွင်းတာလဲ သူပဲ၊ ဘီလ် ပေးတာလဲ သူပဲ။ ကိုယ်က ခေါင်းနောက်လို့ လှည့်ကို မကြည့်ဘူး။ ဒီမှာကလဲ ငွေသားနဲ့ သုံးကြတာ နည်းတော့ ကဒ်နဲ့ပဲ လကုန်မှ ရှင်းရတယ်။ အဲဒီတော့ ကိုယ့်မှာ ကဒ်တွေရှိနေရင် သုံးလို့ရနေတာပဲကိုး။

ကိုယ်ကလဲ သူမပါဘဲ ဈေးတောင် မသွားတတ်တဲ့သူဆိုတော့ ကိုယ်သုံးသမျှ သူသိတယ်။ သင့်တော်၏ မသင့်တော်၏ သူပြောလိမ့်မယ်လို့ပဲ စိတ်ထဲမှာ လက်ခံထားလိုက်တယ်လေ။ သူကလဲ တမျိုးပဲ။ နှစ်ယောက်သား တိုင်တိုင်ပင်ပင်နဲ့ ပျော်ပျော်ရွှင်ရွှင် သုံးကြပေမဲ့ လကုန် လို့ ဘီလ်လာရင် သူ့ဆီကို ဘီလ်လာရပါ့မလားဆိုပြီး ဒေါသများတောင် ထွက်လို့။ သူက သုံးသာ သုံးချင်တယ်၊ ဘီလ်တော့ မလာစေချင်ဘူးကိုး။ မှတ်သားရပါ၏ ပေါ့။

မနေ့ကတော့ ကိုယ့်ကို ပြောလာတယ်။ ပိုက်ဆံကုန်ပေါက်တွေ သတိထားမိဖို့ အချက်အလက်တွေ အင်တာနက်ထဲမှာ ဖတ်လိုက်ရတယ် တဲ့။ ကိုယ့်ကို သွယ်ဝိုက် ပညာပေးချင်လို့ ထင်ပါရဲ့ ၊ ဖတ်လိုက်အုံး တဲ့။ ကိုယ်ကလဲ ဒါမျိုးဖတ်ရမယ်ဆိုရင် အင်မတန် နှေးကွေး လေးလံစွာနဲ့ တလုံးချင်း မှေးပြီး ဖတ်လိုက်တယ်။

ဖတ်ရင်းဖတ်ရင်းနဲ့ ဟုတ်မှ ဟုတ်သေးရဲ့ လားလို့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုများ စောင်းရေးနေသလားလို့။ အိမ်ကလူနဲ့ ဆောင်းပါးဆရာတို့ အချိတ်အဆက်များ ရှိသလား သံသယ ၀င်ရသေးတယ်။ အချက်အလက်တော်တော်များများကိုတော့ ဖတ်ပြီးပြီးချင်းပဲ မေ့ပစ်လိုက်ပါပြီ။ ဒါပေမဲ့ အဲဒီထဲကမှ ခေါင်းထဲမှာ ကပ်သပ် ကျန်နေတဲ့ အချက်ကလေးတွေကို မျှဝေလိုက်ပါတယ်။ ကြည့်လေ။

paper towel တွေ မသုံးသင့်ပါဘူး တဲ့၊ စက္ကူအစား အ၀တ်သုံးရင် ပြန်လျှော်လို့လဲ ရတာမို့ ငွေယိုပေါက်ကို ထိန်းနိုင်တယ်ဆိုပဲ။ သိပ်အသေးစိတ်လှချည်လား လို့ စိတ်ထဲက ချဉ်တင်တင် ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အ၀တ်လျှော်ရမှာ ပျင်းသူလေ။ ဟိုတနေ့ကတောင် စက္ကူတွေ တထုပ်ကြီး ၀ယ်လာမိသေး။ ဒုက္ခပဲပေါ့။ သူ့အတိုင်းဆို ကိုယ်ဟာ ဖြုန်းတီးသူကြီး ဖြစ်ရပြီ။

မီးခလုတ်တွေကို မသုံးဘဲ ဖွင့်မထားနဲ့ တဲ့။ မီတာခ တက်တာပေါ့ တဲ့။ ခက်တာပဲ။ ကိုယ်က ဗမာပြည်ကလာတာဆိုတော့ ဘယ်လောက် အလင်းကို တမ်းတသလဲ ဆိုရင် အိပ်ရင်တောင် လေးဖြူရဲ့ အလင်းရောင်ကို အိပ်မက်ထဲမှာ ဆိုနေတာပါ။ ဒါကြောင့် မအိပ်ခင် ညလေးတော့ လင်းနေချင်တယ်။ ဒါလဲ ကိုယ်နဲ့ မကိုက်ပြန်ဘူးပဲ။

နောက်တခု ဖြုန်းတဲ့အထဲမှာပါတာက pet clothing တဲ့။ အခုမှ ကြောင်မွေးမလို့ ကြံရုံရှိသေး၊ ပိုက်ဆံကုန်တယ်ဆိုတော့ ဘာသွားလုပ်ရမှာတုန်း။ အဲဒီ ချစ်စရာ ကြောင်နာလေးတွေကို သွားကြဟဲ့ သွားကြဟဲ့ ငါ့အနားမလာကြနဲ့၊ နင်တို့က ပိုက်ဆံကုန်တယ်ဟဲ့ လို့ ပြောရမှာလား။ ရာသီဥတုက အခုကစ ပြီး အေးတော့မှာဆိုတော့ ကလေးတွေအတွက် နွေးနွေးထွေးထွေး ဘာများ ဆင်ပေးရင် ကောင်းမလဲ စဉ်းစားနေတုန်း အမှောင့်ပယောဂ ဒီဆောင်းပါးက @#$!%^&…။

ပိုက်ဆံလေလွင့်တယ်လို့ ယူဆတဲ့အထဲမှာပါတာက swim wear တဲ့။ ဒီလူ တဆိတ်တော့ နောက်ပြီထင်တယ် လို့ တွေးမိသေး။ သူ့စိတ်ထဲ အ၀တ်ကလေး မဖြစ်စလောက်နဲ့ ဈေးကြီးပေးရတာ မတန်ဘူးလို့ ထင်ပုံရတယ်။ Go natural လို့လဲ ဆိုလိုက်သေး။ ဧကန္တ ဆောင်းပါးရှင်က ယောကျာင်္း ထင်ပါရဲ့ ။ ဒီအချက်ကိုလဲ ပယ်တယ်။

နောက်တခုက ထီထိုးတာ တဲ့။ အဲဒီတခုကတော့ အတော်အောင့်သွားတာပါ။ ကိုယ့်မျှော်လင့်ချက်ကို သူဖျက်ဆီးပြီ။ ကိုယ်က ထီပေါက်ရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုတာ စိတ်အားငယ်တိုင်း တွေးတတ်တာပါ။ အဲဒါကလဲ နေ့တိုင်းလိုလိုပါ။ အခုတော့ ထီသွားထိုးရင်ပဲ ကိုယ့်မှာ အပြစ်ရှိရပြီ။ အော် ဘ၀ ဘ၀..။

ဒါပေမဲ့ ကိုယ် မှန်ကန်သင့်လျော်တယ်လို့ ထင်တဲ့ အချက်တွေကလဲ ရှိသေးတာ တွေ့ရတယ်။ အဲဒါတွေက အရက်သေစာ တဲ့ (ဟုတ်တာပေါ့၊ ဒါတွေ အတော် ဖြုန်းတီးရာရောက်တယ်)။ ကလေး diapers တဲ့။ (ကိုယ့်မှာ ကလေးမရှိတော့ ဒါလဲ လိုက်နာသင့်တဲ့အထဲ ပါတာပဲ။ အနှီးသုံးကြ၊ ပြီးတော့ ပြန်လျှော်..)။ ကလေး မွေးနေ့ပါတီ တဲ့၊ (ဟုတ်မှာပဲ၊ ဆင်ခြင်သင့်တာပေါ့)။ over package items တဲ့။ (ကိုယ်တို့က နှစ်ယောက်တည်းဆိုတော့ အဲဒီလောက် အများကြီးမလိုတော့ ဒါလဲ မှန်တာပဲ။)

အဲဒီတော့ ဆောင်းပါးတခုလုံးလဲ ဖတ်ပြီးရော ကိုယ်လဲ ယူချင်တာတွေယူပြီး ပယ်ချင်တာတွေ ပယ်ပြီး မေ့ချင်တာတွေ မေ့လိုက်တယ်။ သူ့ကိုလဲ အတော်ကောင်းတဲ့ ဆောင်းပါးလေးပဲ ဆိုပြီး ဆွေးနွေးလိုက်တာ ခေါင်းတွေ တော်တော်ညိတ်လိုက်ရပြီး လည်ပင်းလေ့ကျင့်ခန်း လုပ်နေသလားတောင် အောက်မေ့ရတယ်လေ။

မိုးချိုသင်း

26 comments:

  1. paper အစား အ၀တ်သုံးလို့ပြန်လျှော်ရင် ဆပ်ပြာရည်ဖိုး၊မီတာခကုန်အုံးမှာလေ။ ဆပ်ပြာရည်က
    တစ်ဗူးကို အပေါစားတောင် ၇ကျပ်လောက်ကျတာကို။
    လက်နဲ့လျှော်ရင် အချိန်ကုန်အုံးမယ်။
    အဲဒီအချိန်မှာအချိန်ပိုအလုပ်ဆင်းလုပ်ဆို.. အနိမ့်ဆုံးအလုပ်သမားခတောင် ၆ကျပ်ခွဲနဲပဲတွက်။
    ဒီအချက်ကိုကန့်ကွက်လိုက်အစ်မ။

    ReplyDelete
  2. ကြည့်ရတာ ..အဲဒီ လူ က
    swim wear အကြောင်းပြ Go Natural
    လို့ ပြော ရဘို့ အရေး
    ကျန်တာတွေပါ...
    ကြံဖန်စဉ်းစား ရေးလိုက်တာနေမှာပေါ့...

    ReplyDelete
  3. ဟားဟား...သိပ္ပံမောင်ဝရဲ. ဘတ်ဂျက်ဆောင်းပါးကို သွားအမှတ်ရလိုက်တယ်။ ဘယ်ခေတ်ပဲရောက်ရောက် မောင်နဲ. မ တွေက ဒီလိုပဲ ချွေတာရေးအတွက် သဘောထားတွေ ကွဲလွဲနေကြရမယ် ထင်ရဲ.။ သဘာဝချင်းမှ မတူတာကိုးနော်။

    ReplyDelete
  4. yessssssssh!

    I agree thuhninsee's comment. You should not spent your valuable time.

    အစ်ကိုရေ သမီးမပါဘူးနော် သူများပြောသလို လိုက်ပြောကြည့်တာပါ။ နောင်ရေးတွေရှိသေးတော့ အခြေအနေက ဘယ်သူ့ ဘက်မှလိုက်လို့ မရသေးဘူး။
    :))))))))))))

    ReplyDelete
  5. အသုံး နဲ့ အဖြုန်း ကို နားလည်ရင်လဲ ချွေတာတာပဲဟာ..နော်..။
    လက်ကိုင်ပုဝါ ကိုင်သလောက်ပျောက်တဲ့ သူအဖို့တော့
    ပေပါပဲ ကိုင်ချင်ပါတယ်။ ဟီး

    ReplyDelete
  6. ဟားဟား အမကတော့ ရေးလိုက်ရင် ရယ်နေရတာပဲ... ဟုတ်တယ်.. ဒီမှာလည်း မီတာခတွေဈေးတက်၊ ကားခတွေဈေးတက်နေလို့

    မီးအမှောင်ထဲနေ၊ ရေကိုတစ်ရက်တစ်ခါပဲချိုးပြီး လမ်းလျှောက်ပဲသွားရတော့မယ်...

    ReplyDelete
  7. Go natural ကတော့ ဖြစ်သင့်ပါတယ်။ :) :)))

    ReplyDelete
  8. hi,

    i think most important thing is the way we should procced is the really save or not. Sometime, we are more worry on the fate actually not coming yet. It is more important when the time money easy can get time, we have to save that time.

    ReplyDelete
  9. အစားအသောက်ပဲ ချွေတာတဲ့ အနေနဲ့ လျှော့စားလိုက်ပါ... တချက်ခုတ် နှစ်ချက်ပြတ်...ဝဝလေးက လှလှလေးဖြစ်သွားမယ်လေ....:P
    စက္ကူတော့ မသုံးပဲမနေပါနဲ့....ဆေးလိပ်တို့..အရက်တို့ကို လျှော့လို့ရတယ်....

    ReplyDelete
  10. ချွေတာတာလည်း ရောက်အောင်... နေ့တိုင်းဥပုသ်စောင့်ရင် ကောင်းမယ်နော် အမ..
း)

    ReplyDelete
  11. ဟုတ်ပါ့ အစ်မရေ့ လေးဖြူရဲ့ အလင်းရောင် သီချင်း ...ကျနော်တို့ ရွှေပြည်ကြီးမှာတော့ ဘယ်သူ့ ကို ဂုဏ်ပြုနေတာလည်းတော့မသိ မီး မလာတာများတယ်း) သီချင်းတောင် ရှိသေး သဘာဝအလင်းရောင်မ လုံလောက်မှ လျှပ်စစ်မီး သုံးပါတဲ့ ..။

    ReplyDelete
  12. ချစ်စရာကောင်းတဲ့ အရေးအသားလေးနဲ့  ချစ်စရာ ပိုစ့်လေး... ဖတ်ရတာ တပြုံးပြုံးနဲ့ ...။
    Paper Towel တော့ မ၀ယ်ဘဲ မနေနိုင်...။
    မီး... မဖွင့်ဘဲ မနေနိုင်...။
    သို့ သော်... မွေးစရာ ကြောင်မရှိ...
    ထီ ထိုးလေ့မရှိ...။
    ဒါဆို ကြေရောပေါ့နော...။

    ReplyDelete
  13. ဆရာမ
    လာဖတ်ပါတယ်

    ReplyDelete
  14. ဘဏ်ထဲ ကရှိတာလေးထုတ်ပြီး ရွှေဝယ်ပြီးး လုံချည်ထုတ်ထဲ ဖွက်ထားရအောင်. လူကြီးတွေ ဆီကပုံပြင်လေးတွေ စဉ်းစားပြီး ပ်ြန်ရေးပြစမ်းပါ။
    Kmsl လဲ အဲလိုဘဲ။ သုပိုက်ဆံသုံးဘဲ ကိုယ် ကချည်းဘဲ ဝယ် ရချမ်းရ။ ပြီးရင် သူ ကပြောသေး ငါက ထမင်းစားရိတ်ဘဲကုန်တာကွ ဆိုဘဲ. မုန်းစရာ။
    ကိုယ်စာရေး ဆရာမကြီးဘဲဆိုပြီး အမျိုးသား ကိုယ်မနှိပ်စက်ပါနဲ့လေ. အားငယ် သူ ကို အားပေးရမယ် မဟုတ်လား။ ရေနစ်သူ ကို ဝါးကူ မထိုးပါနဲ။ သူ့ခမျာ သနားစရာ.

    ReplyDelete
  15. ကျွန်တော်တို့က တစ်ကိုယ်ရေ သမားဆိုတော့ ..
    အမရေးထားတာလေးတွေ တော်တော်များများ ရှောင်လို့ရတယ် ..အဲ ...paper towel တို့လို မျိုးသုံးတာတွေ ရေးထားတာတော့ တော်တော် စစ်စစ်ပေါက်ပေါက် နိုင်တယ်လို့ထင်တာပဲ

    ReplyDelete
  16. အမရေ ...
    အမကို သိနေတာတော့ ကြာပါပြီ။ ခုမှပဲ ကွန်မန့်ရေးဖြစ်တယ်။
    'နှင်းဆီပန်းတွေ မွေ့ရာခင်း ...' ဆိုတဲ့ ကဗျာလေးကို အမမှတ်မိလား ... ။ အမ အတွက်ရည်ရွယ်ပြီး အမရဲ့ ဖေဖေ ရေးခဲ့တာလေ ... ။ ကျွန်မက အမကို အဲဒီကတည်းက သိနေတာ ဆိုပါတော့ ...။

    ခု .. ဒီပို့စ်နဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြောချင်လို့ပါ။
    ကျွန်မကတော့ စက္ကူအစား အ၀တ်သုံးဖို့ ပြောတဲ့ အချက်ကို လက်ခံချင်ပါတယ်။
    ပေပါတာဝါ (သို့) တစ်ရှူးစက္ကူသုံးတိုင်း ကျွန်မ အဖေပြောဖူးတဲ့ စကားတခွန်းကို အမှတ်ရမိတယ်။
    စက္ကူဖြစ်ဖို့ဆိုတာ သစ်ပင် ၀ါးပင်တွေနဲ့ ရင်းနှီးပေးဆပ်ရတာ .. တဲ့။ စက္ကူများများ သုံးတာဟာ သစ်တောပြုန်းတီးစေတယ်တဲ့။ ဒါပေမဲ့လည်း သုံးလက်စ အရှိန်က ရှိနေတော့ ဆက်ပြီး သုံးမိတာပါပဲ။
    အင်္ဂလန်နိုင်ငံ Milton Keynes မြို့မှာရှိတဲ့ ဂျပန်ဘုန်းကြီးကျောင်း တကျောင်းကို ရောက်တုန်းကလည်း အိမ်သာဝင်တော့ အိမ်သာထဲမှာ ရေးထားတာ တွေ့ခဲ့ရဖူးတယ်။
    (သစ်တောပြုန်းတီးခြင်းကို ကာကွယ်ဖို့ စက္ကူကို လိုသလောက်သာ သုံးပါ) တဲ့။
    နောက်ပိုင်းတော့ ကျမ ဆင်ခြင်မိပါတယ်။
    ကျွန်မတို့ ငယ်ငယ်တုန်းကလည်း လက်ကိုင်ပုဝါ လက်သုတ်ပုဝါလေးတွေပဲ သုံးလာခဲ့ ကြတာ မဟုတ်လား။ ဒါကြောင့် ကျွန်မလည်း လက်သုတ်ပုဝါ သုံးတဲ့အကျင့် ပြန်လုပ်နေတယ် အမရေ။ လျှော်ရတာလည်း ပျင်း၊ ဆပ်ပြာရည် မီတာခဖိုးလည်း ကုန်တယ်ဆိုပေမဲ့ သစ်ပင်တွေ ပြုန်းတီးပြီး ကမ္ဘာကြီးဘေးသင့်မှာထက် စာရင် တော်သေးတယ် လို့ မှတ်ယူထားပါတယ်။

    နောက်တခုက ... မီးခလုတ်တွေ ဖွင့်ထားတဲ့ ကိစ္စ၊ ဒါလည်း ဟုတ်တာပဲ အမရဲ့။ ကျွန်မလည်း အမလိုပဲ အလင်းရောင်ကို သိပ်ကြိုက်တဲ့သူပါ။ နေ့ခင်းကြောင်တောင် အိမ်သာဝင်ရင်တောင် မီးဖွင့်ရမှ ကျေနပ်တယ်။ အမေကဆို ကျွန်မကို အမြဲဆူပါတယ်။ ခုတော့ energy saving ဆိုတဲ့ စကားရဲ့ အဓိပါယ်ကို သဘောပေါက်နေပြီ။ စွမ်းအင်အကုန်အကျနည်းတဲ့ မီးလုံးတွေ မီးချောင်းတွေ တီထွင်ကြ .. နေစွမ်းအင်ကို အသုံးပြုတဲ့ စက်ကရိယာတွေ ဖန်တီးကြတာဟာ အကြောင်းမဲ့ သက်သက်မှ မဟုတ်ဘဲမို့လား။

    ကျွန်မ အခုနေထိုင်တဲ့ တိုင်းပြည်မှာ ကားမောင်းတဲ့လူတွေဟာ စက်ဘီးစီးသူ၊ လမ်းလျှောက်သူတွေကို လေးစားရပါတယ်။
    လေထုညစ်ညမ်းမှု၊ စွမ်းအင်ပြုန်းတီးမှုတွေ မဖြစ်စေဘဲ ကိုယ့်အားကိုယ်ကိုးပြီး လမ်းလျှောက်ကြ၊ စက်ဘီးစီးကြလို့ပါ .. တဲ့။

    ကွန်မန့်က ရှည်သွားပြီ အမရေ .. စိတ်မရှိပါနဲ့နော်။

    အမကို လေးစား အားပေးနေတဲ့ ...
    ***

    ReplyDelete
  17. ပေပါဘိုးလဲ သက်သာ လျော်ရဖွတ်ရတဲ့ ဆပ်ပြာ ဘိုးလည်း သက်သာအောင် တချက်ခုတ် နှစ်ချက်ပြတ် အနေနဲ့ ကိုယ် ၀တ်နေတဲ့ အ၀တ်နဲ့ ပဲ သုတ်လိုက်ပေါ့။ ဒီအ၀တ်က လျှော်ကို လျှော်ရမှာပဲဟာ။ :-P

    ReplyDelete
  18. ချွေတာရေးနည်းယူရင်ကောင်းမယ်..

    ReplyDelete
  19. ဆောင်းပါးထဲက ပယ်တဲ့အချက်နဲ့ ယူတဲ့အချက်တွေကို အကိုသာ သိရင် ဘယ်လိုနေမလဲ မသိဘူးနော်။ :D

    ReplyDelete
  20. ဖြုန်းပစ်တာ မဟုတ်ရင်တော့ သုံးသင့်တယ်လို့ ထင်တာပဲ။
    ပယ်တဲ့ အချက်နဲ့ ယူတဲ့အချက် ဘယ်ဟာက ပိုများမလဲလို့ စဉ်းစားနေတုန်း...။

    ReplyDelete
  21. အမချိုသင်းရေးနေတာက ဆောင်းပါးသမားကို ပြောနေတာနဲ့မတူဘူးနော်။
    မမအမျိုးသားကို ဆိုးနေတာနဲ့တူတယ် ကလေးလေးလို။
    မဇနိ

    ReplyDelete
  22. အမကြီးက ဟာသမရေးဘဲ ရယ်နေရတယ်။
    သဘာဝကျကျရေးတော့ ဖတ်ကောင်းတာပေါ့။
    ဒီပို့စ်ကြောင့်တော့ ကျွန်တော်ကုန်ကြမ်းရသွားပြီ။ တောင်ငူငယ်တစ်ပုဒ်ထပ်တိုးလာဦးတော့မယ်။

    မချစ်ဆိုတဲ့ အမတစ်ယောက်ရေးသွားတဲ့ ကွန်မန့်က ကောင်းလိုက်တာ။

    အမကြီးရေ တရားပွဲနဲ့ ကစားပွဲက မမျှော်လင့်ဘဲ ရှေ့နောက်ဖြစ်သွားတာပါ။ ကဗျာကလဲ ပေါ်လာတုန်းကောက်ခြစ်မှလေ။ တရားပွဲက ပြီးသွားပြီမို့ ကစားပွဲပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် သပ်သပ်စီခွဲထားပါတယ်ဗျ။ ဟီး

    ReplyDelete
  23. မမိုးရေ........................
    ကျနော်ကတော့ အကို့( မမိုး အမျိုးသား)ကိုဘဲ
    ချွေတာတဲ့ အနေနဲ့  လစဉ်လာတဲ့ ဘီလ် တွေ မရှင်းဘဲ ပြန်ပေးလိုက်လို့ ....အကြံပေးချင်တာ...။
    ကျနော် အလုပ်က ပြန်လာလို့ မောနေတုန်း အမျိုးသမီးကများ
    အ၀ါရောင်စာရွက်လေးတွေလာပေးရင်...အားကြီးစိတ်တိုတာ...။
    ပေးရတော့မှာလေ....ဟဲဟဲ။

    ReplyDelete
  24. အလင်းရောင်...သန်းခေါင်ယံ ညနက်ထဲ...။ တော်ပြီဆိုတော့ဘူး....လာ ကျော်ထူး ပြန်ရအောင်...။ :P

    ReplyDelete
  25. ဒါဖတ်ပြီး ခပ်ပြုံးပြုံးဖြစ်သွားတယ်း) paper towel အစား cloth သုံးရမယ်ဆိုတာကတော့ လွန်ပါတယ် ။

    ReplyDelete
  26. how to face the coming depression.. ya.. its is a good topic..

    ReplyDelete

အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။