Wednesday, October 29, 2008

ဆေး

ဘလော့ဂ်ကို ပစ်ထားတာလဲ ကြာပြီ။
ဘလော့ဂ်မှာ ၃ရက်လောက် ခွင့်ယူမည်ဆိုပြီး သတင်းစကားမှာ ရေးပြီးတင်ထားတာလဲ စိတ်ထဲမှာတော့ ၃ နောက်က သုညတလုံးလောက် တိုးလိုက်ရမလား စဉ်းစားနေတာ။ သုည နှစ်လုံးလောက်ဆိုရင်တော့ အေးဆေးပဲ။

လူကလဲ နေလို့ကို မကောင်းဘူး။ အဖျားက တငွေ့ငွေ့။ ဆီးချိုတွေကလဲ ကုန်ဈေးနှုန်းလိုပဲ။ ဘယ်လိုချချ မကျဘူးဆိုတဲ့အထဲကပဲ။ ဒါပေမဲ့ ကိုယ့်မှာ ဂရုစိုက် မခံရရှာပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က ဖြစ်လာရင် ကိုယ့်ဖာသာကိုယ် ပိုပိုသာသာ သနားပြီး ၀မ်းနည်းပစ်လိုက် တတ်လို့ပါ။ အဲဒီတော့ ဘေးက သနားမဲ့လူတောင် ကိုယ်ဖြစ်နေတာကို ကြည့်ပြီး သူတို့သနားတာတွေ ရပ်ပစ်ချင်စိတ်ပေါက်သွားတယ်လေ။

အဖေကတော့ ကိုယ့်ထောင်ချောက်ထဲ ခဏခဏ ပြိုကျသူပဲ။ အဖေရှိတုန်းကဆိုရင် ကိုယ်က နေမကောင်းဖြစ်ပြီဆိုရင် ခွေနေတာ။ အဲဒီအခါ အဖေက သူ့လက်တုတ်တုတ်ကြီးတွေနဲ့ ကိုယ့်နဖူးကို လာစမ်းပြီး သက်သာလား သမီး လို့ အင်မတန်ပူပန်တဲ့ အသံနဲ့ မေးတတ်တယ်။ ဒါဆို ကိုယ်က အဖေ့ကို မကြည့်ဘဲ အသံတိုးတိုး နဲ့ “အဖေ၊ ချိုသင်းတော့ ဒီတောင် မကျော်နိုင်တော့ဘူး ထင်တယ်” လို့ ပြောလိုက်တာ။

အဖေ့အဖို့မှာတော့ ဟာ ကနဲပေါ့။ ရင်ကို တိုက်ရိုက်မှန်သွားတာ။ ငါ့အသည်းနှလုံး ကြေပြုန်း.. ဘာညာ စိတ်ထဲက ကဗျာစပ်ချင်စပ်နေမှာ။ ကဗျာဆရာမို့ စိတ်က နုနုလေးပါဆိုမှ သမီးက ဒီတောင် မကျော်နိုင်တော့ဘူးဆိုတော့ တကယ်ပျာသွားတယ်။ အဖေ ဘာလုပ်ပေးရမလဲ၊ ဆေးခန်းသွားမလားတွေ ဖြစ်သွားတယ်။

ပြီးတော့ လာ လာ သမီး၊ အခန်းထဲမှာ နေမနေနဲ့၊ အခန်းပြင်ကိုထွက်၊ ကိုယ်လက်လှုပ်ရှား လေးဘာလေးလုပ်တော့ ချွေးတွေထွက်သွားမယ်၊ ဧည့်ခန်းမှာ ထိုင်၊ အဖေ စန္ဒယားတီး ပြမယ်တဲ့။ ဒါနဲ့ အောင်ခြင်းရှစ်ပါးကို အော်ဂင်လေးနဲ့ တီးတော့တာပါပဲ။ ဆေးလဲ မတိုက်တတ်၊ အောင်ခြင်းရှစ်ပါး နားထောင်လိုက်ရင် သမီးရောဂါတွေ ပျောက်ကုန်မယ် ထင်နေတယ်။

ကိုယ့်မှာလဲ အိပ်ယာထဲ လှဲမနေနိုင်၊ တီးလုံးကို နားထောင်နေရတယ်။ တောင်မကျော်နိုင်တာ မှားပြီလို့တော့ ထင်မိသား။ ဒါပေမဲ့ အဖေ့မေတ္တာကို ခံစားရတာမို့ ပိုတောင် မျက်ရည်ဝဲမိတယ်။ အဖေကလဲ ပျောက်စေချင်ဇောနဲ့ ကိုယ့်ကို ပြုံးပြီးကြည့်လိုက်၊ သီချင်းကို ကျော့ကျော့ပြီး တီးလိုက်သေးတယ်။ ဒါက အဖေ့ဆေး လေ။

“သမီးချိုကလေး
ဆီးချို ဝေးပါစေ။
ဆားငန်ငန်နဲ့
အစားသန်တဲ့ သမီးအချစ်အိုးကလေး
သွေးတိုးနဲ့လဲ ဝေးပါစေ”


အဲဒီလိုလဲ စပ်လိုက်သေးတာပါ။ ကိုယ့်မလဲ ကိုယ်အစားသန်တာ ကဗျာတွေဖြစ်ကုန်ပေါ့ ဆိုပြီး အဲဒီကဗျာကို သူများမမြင်အောင် ဖွက်ထားလိုက်ရပါတယ်။

အမတွေကျတော့ တမျိုးပူတာပါ။ အကြီးဆုံးဖြစ်တဲ့ မစံကိုတော့ ကိုယ်က နေမကောင်းဖြစ်ရင် အီးမေးလ်ထဲမှာ “ငါလဲ အခုတလော နေမကောင်းဘူး၊ ဘာမှကို စိတ်သွားတိုင်း ကိုယ်မပါဘူး။ ဘုရားကိုပဲ အပ်လိုက်ပါပြီ။ ကံစီမံရာပါပဲ” လို့ ရေးလိုက်တာ။ အဲဒါဆိုရင် မစံက ချက်ချင်း စာပြန်လာတယ်။

“မိချို၊ နင် ဆေး မှန်မှန် မသောက်ဘူးလား၊ အစားသိပ်သောင်းကျန်းနေသလား။ ကျန်းမာရေးတော့ ဂရုစိုက်မှပေါ့၊ အဝေးမှာဆိုတော့ ငါတို့ကလဲ မလာနိုင်၊ မပြုစုနိုင်” စသဖြင့်ပေါ့။ အကြီးပီပီ အကုန်ပူပန်ပြီး အရှည်ကြီး ရေးတော့တာပါ။ အဲဒါကို ကိုယ်က ပြုံးပြီး ဖတ်နေတာ။

အမအလတ် မအေးကျတော့ တမျိုးပါ။ “မအေးရေ ငါနေမကောင်းဘူးဟေ့” လို့ တခွန်းပဲ ပြောလိုက်၊ ပွဲပြီးပြီ။ သူက သဲသဲ မို့ ငိုသံပါကြီး တန်းဖြစ်သွားတာပါ။ “အမလေး မိချိုလေးရယ်၊ ဖြစ်မှ ဖြစ်ရလေ။ ငါဘာလုပ်ပေးရမလဲဟင်။ လုပ်ကြပါအုံး၊ မိချို နေမကောင်းဘူး” တဲ့။ ဒါနဲ့ ကိုယ်လဲ သေများ သေတော့မှာလားလို့ ကိုယ့်ဖာသာကိုယ်တောင် တွေးပူသွားတယ်။

နေစမ်းပါအုံး၊ ငါဘာမှ မဖြစ်သေးပါဘူး။ နေကောင်းပါတယ်ဟ လို့ မနည်း ပြန်ပြောရတယ်လေ။ အဲဒါနဲ့ နေကောင်းပါစေ ဘာညာနဲ့ ဆုတွေ အရှည်ကြီးပေးတာ အဖွားကြီးတယောက်လိုပဲ။ မနည်း သည်းခံ နားထောင်ရတာပါ။ “နင်ဘာမှ မပူနဲ့ သိလား။ နင်နေမကောင်းရင် ငါတို့ပြုစုမှာပေါ့” လို့ ပြောလို့ အသက်ကြီးလို့ ငါနေမကောင်းဖြစ်ရင် ငါတောင် အိုနေပြီမို့ နင်က ငါ့ထက် ပိုအိုနေပြီပေါ့ဟ လို့ ပြောရတယ်။ အဲဒီတော့လဲ အေး ဟုတ်တာပဲ တဲ့။

အမ အငယ် မနှင်းကတော့ ဆရာဝန်ပီပီ နေမကောင်းဘူးလို့ ကြားတာနဲ့ ကိုယ်စားသောက်တာတွေ အကုန်စစ်ပါတော့တယ်။ ဟိုနေ့က ဘာစားလဲ၊ မနေ့က ဘာစားလဲ။ အပြင်မှာစားသလား၊ ချက်စားသလား။ အေး၊ အဲဒါတွေ စားတာကိုး။ အသီးအရွက် များများစားရမယ်။ နင်က အသားချည်း စားတာကိုး။ အဲဒီတော့ ဆရာဝန်ကို သွားပြပြီးပလား တဲ့။ ဖြေပေတော့ မေးခွန်းတွေ တသီကြီး။

ကိုယ့်အမျိုးသားကတော့ ကိုယ်နေမကောင်းဖြစ်တယ်ဆိုရင် တကယ်ဟုတ်သလား၊ မဟုတ်သလား အရင်သေချာ အကဲခတ် စူးစမ်းလိုက်တယ်။ အတွေ့အကြုံကလဲ များနေပြီဆိုတော့..။ “မှန်း..ကိုယ်ကလဲ ပူလိုက်တာ မီးခဲလိုပါပဲလား၊ သွေးတွေတိုးတာလဲ မီးရထား ခုတ်နေသလိုပဲ” အဲဒီလို ကိုယ့်ထက် ဦးအောင် ပြောလိုက်တယ်။ ဂွတိုက်တယ် ခေါ်ရမှာပေါ့။

ဒီတောင် မကျော်နိုင်တော့ဘူး ဆိုတာလဲ ခဏခဏ ပြောနေကျဆိုတော့ အေး၊ အေး တဲ့။ တောင်မကျော်ဘဲ တောင်အောက်မှာပဲ အေးအေးဆေးဆေး ပျော်ပွဲစားမဲ့ အပေါက်ပါ။ ကိုယ်ကလဲ ကျား ကျား ခဏခဏ လုပ်လေတော့ တကယ့်ကျားလာရင်တောင် ကြောင်ကလေး ထင်ပြီး မီ မီ ခေါ်မဲ့သူပဲ။ ဒါနဲ့ ကိုယ်လဲ လက်လွန်သွားပြီဆိုတာ သိလိုက်ပါတယ်။ ဒါကြောင့် ကိုယ်တကယ် နေမကောင်းရင်တော့ အခု တကယ်ဖြစ်နေတာနော် လို့ ဖြည့် ဖြည့် ပြောရသေးတာ။

ဆေးတွေကတော့ အများကြီး သောက်ရ ထိုးရတာ နေ့တိုင်းပါပဲ။ ဒါပေမဲ့ ဒီမေတ္တာဆေးတွေလောက်တော့ ဘယ်ဆေးမှ အစွမ်းမထက်ဘူး ထင်တာပဲ။ ပုံမှန်ဆေးတွေနဲ့ မသက်သာရင် မေတ္တာဆေးတော့ ကူရသေးတာပဲလေ။


မိုးချိုသင်း

45 comments:

  1. ဆရာမ...
    အသစ်မဖတ်ရတာကြာလို့ သတိရနေတာ..မမကေအိုအမ်
    ဆီမှာလားပဲ..နေမကောင်းဘူးပြောတာကြားလို့
    စိတ်ပူနေတာ..ဆီးချိုဆိုရင် အစားဆင်ခြင်ပေးပါဆရာမရေ...ဆရာမ သောက်ရတဲ့ မေတာ(မြစ်တာ မပေါင်းတတ်လို့..:P) ဆေးတွေနဲ့ အခုပြန်ကောင်းလာပြီမဟုတ်လားး..
    ဆရာမ ကျန်းမာပျော်ရွှင်စွာနဲ့ စာတွေအများကြီးဆက်ရေးနိုင်ပါစေ..

    ReplyDelete
  2. မချိုသင်းရေ- ကျမတော့..သိပ်စိတ်မပူသေးဘူး။ ရီစရာတွေ နောက်နေနိုင်သေးတယ်။း)
    ဘာပဲဖြစ်ဖြစ်- ကျန်းမာ ရွှင်လန်းစေ ဖို့..ဆန္ဒပြုပါတယ်နော်။ Take good care !

    ReplyDelete
  3. နေကောင်းပါစေ။

    ReplyDelete
  4. ချိုသင်းရေ..သိလား
    တို့လည်းနေမကောင်းဘူး..
    ချိုသင်းလိုပဲ...း)

    ReplyDelete
  5. အမချိုသင်းနေမကောင်းတာကိုရေးတာကလည်း ဖတ်ရတာ ပျော်စရာကြီး...ဟီး..

    အမရေ.. ကျန်းမာမှ ပျော်စရာပိုကောင်းတာနော်... နေကောင်းအောင်နေပါ...

    အမတစ်ယောက် ကျန်းမာချမ်းသာပြီး စာတွေ အများကြီး ရေးနိုင်ပါစေ...

    ReplyDelete
  6. အမချိုသင်းရေ မေတ္တာဆေးလာတိုက်ပါတယ်။ အမဖေဖေက အမကို သိပ်ချစ်တာပဲနော်။ အမချိုသင်းရဲ့ အမတွေပေးတဲ့မေတ္တာဆေးရယ် ကိုကျော်ရဲ့မေတ္တာဆေးရယ်အပြင် နိနိတို့ မေတ္တာဆေးပါပေါင်းစပ်လိုက်ပြီး ရောဂါတွေ အဝေးကြီးကို လွင့်သွားပါစေ။ သင့်ဘ၀အတွက် လွယ်အိတ်လေးတလုံးနဲ့ စာပေအကျိုးသယ်ပိုးခဲ့တဲ့အမက အခုလည်း ဘလော့ဂ်တွေမှာ လွယ်အိတ်လေးနဲ့ လိုက်လံအားပေး မေတ္တာတွေပေးနေလို့ ချစ်ခင်နေမိတာဗျ။ အမရောက်မလာရင် မျှော်မိနေတော့ အမနေကောင်းပါစေလို့ ဆုတောင်းပါတယ်။

    ReplyDelete
  7. မေတ္တာဆေးကို လင်းတို့ ပါကူတိုက်မယ်နော်။ ဒီတခါ နေမကောင်းလို့  တောင်မကျော်နိုင်တော့ဘူးထင်ရင် လှမ်းသာအော်လိုက်။ မေတ္တာဆေးတိုက်မဲ့ မောင်နှမတွေ တပုံကြီးရှိတယ်။

    ဆီးချိုရှိတာ အစားအသောက်ဆင်ခြင်ပါ။နာမည်သာချိုပါ အမရယ် ဆီးတော့မချိုလိုက်ပါနဲ့ ။ သေချာဂရုစိုက်ပါ။ မတည့်တာတွေ လုံးးးဝမစားဘဲနေဘို့  ကြိုးစားပါနော်။

    ReplyDelete
  8. မမိုးချို..မတည့်တာတွေနဲ့ မစားနဲ့နော်..လိမ်မာတယ်။ အဲဒါမှ မြန်မြန်နေကောင်းမှာ..။ တချို့ကတော့ ကြက်ဟင်းခါးသီးဆေးလုံးတို့၊ ဆင်တုံးမနွယ်တို့ ဗမာဆေးတွေပါ တွဲသောက်တာ မြင်ဖူးတယ်။ လာဖတ်နေကျပေမယ့် မမိုးချိုက စာရေးဆရာမဆိုတော့ comment ရေးရမှာ လက်မရဲလို့။ ခု နေမကောင်းဘူးဆိုလို့ အားပေးတာ :-)

    ReplyDelete
  9. အမြန်ဆုံး ဒေါင်ဒေါင်မြည် ဖြစ်စေဖို့  ဆုတောင်းပေး ပါတယ်။ ဂရုစိုက်ပါနော်။

    ချမ်းမြေ့ပါစေ။

    ReplyDelete
  10. အမရေ .. ရာသီဥတု အပြောင်းအလဲမှာ ကျန်းမာရေး ဂရုစိုက်နော် ..
    အမက စာရေးဆရာမ လို့ မပြောရဘူး နေမကောင်းတာတောင် ဖတ်လို့ကောင်းအောင် ဆွဲဆောင်နိုင်တယ်။ အမနေမကောင်းတာ သနားရင်း ရယ်တောင် ရယ်မိသေးတယ်။ ကျွန်မ ကြီးတော်ကြီးလည်း အမလိုမျိုးပဲ ... ။ အခု တကယ်ဖြစ်နေတာလို့ ခဏခဏ ဖြည့်ပြောနေကျ။ :P

    မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းလိုက်ပါတယ် အမရေ ...

    ReplyDelete
  11. အမရေ.. မြန်မြန်နေကောင်းပါစေ.. မေတ္တာဆေးလည်း ကူရတာပေါ့..ကျန်းမာရေးကို ဂရုစိုက်ပါနော်.. :)

    ReplyDelete
  12. နေကောင်းပါစေဟု ဆန္ဒပြုပါသည်။

    ReplyDelete
  13. MCT နေမကောင်းဘူး ဆိုတော့ တို့လေ ပြာ ကနဲ ဖြစ်သွားတယ်။ မိုက် ကနဲ ဖြစ်သွားလို့ ဘေးက ကုလားထိုင် ကို ဖမ်းပြီး ဆွဲ လိုက်ရသေးတယ်။ စိတ်တွေပူလိုက်တာ။ ရင်တွေလဲ ပူတယ်။သူ မျှားဘယ်လို နေသေးလဲ။ ဆီးတွေ များ အရမ်းချိုနေမလာ။ ဘာတွေ များစားနေ မှာပါလိမ့် . နရဂိုထဲ ကလည်း မချက်တတ်။ မပြူတ်တတ်။ (အဲလေ. ပြူတ်တေြာ့ပူတ်တတ်ပါတယ်။ ဘဲဥ) ဆိုတော့ စိတ်တွေ ပူတာပေါ့။

    သူတို့ အမေရိကား မှာ ကိုယ်တို့လို စားစရာမှ ပေါ့ပါ့ မလား။ စားချင်တာတွေ မစားရတော့ အရမ်း စိတ် ဆင်းရဲနေရှာမှာဘဲ။ ကိုဝဏ ကရော ဂရုမှ စိုက်ပါ့မလား။ အိပ်လို့ကောပျော်ပါ့မလား။ ဟိုတွေး ဒီတွေးနဲ။ အိပ်ရေမဝရင် မူးနေပြီး သကာ လ တယောက်ထဲ အိမ် မှာ လဲ နေလို့ မှ ဘယ် သူ သိပါ့မလဲ။ ခက်လိုက် တာနော။ လိုက်သွား ကြည့်ရင် ကောင်းမလား မသိဘူ။ ကတုန် ကယင်တောင် ဖြစ်လာပြီ။ ရှူဆေးလေး ပေးပါဦးမောင်ရယ်။ ဘယ်လို သဘောရသလဲ. ခင်လိုက်သွားတော့မယ်..................................etc…..

    ReplyDelete
  14. တယ်လဲ သဲတဲ့ ညီအမတွေ, ဒီစကား, ဒီလှေ , ဒီရေနဲ့ မိုးသည်းသည်းသာရွာလို့ ကတော့ ..... တပြည်ခြားဆိုတော့ ကျန်းမာရေး ဂရုစိုက်ပါ၊ စာတွေ ဖတ်ချင်ပါသေးရဲ့။

    ReplyDelete
  15. အမရေ စိတ်ပူလိုက်တာ။ ကျနော့အမေလည်း ဆီးချိုရောသွေးတိုးရောပါ နှလုံးရောဂါကတော့ မွေးရာပါလေ။ အမေလည်း အစားသိပ်မက်တာ။ ဂရုစိုက်ပါအမရယ်။ ဘေးကအားလုံးပူပန်နေကြတာပါ။ ဂရုမစိုက်ခံရဘူးလို့မထင်ပါနဲ့ဗျာ....

    ReplyDelete
  16. မိသားစုရဲ့ မေတ္တာဆေးအပြင် ၊ မိုးချို ဘလော့ဂ် ပရိသတ်တွေ ထပ်ဆောင်း ပေးတဲ့ မေတ္တာဆေးကြောင့် တကယ့် ကို ကျမ်းမာ အသက်ရှည် နေဦး မှာ ..

    With warm regards,

    ReplyDelete
  17. နေမကောင်းတာကို သနားမလို့လာတာ ခုတော့ ရယ်ရတာနဲ့ပဲ မောပြီး နေမကောင်းသလိုပြန်ဖြစ်လာလို့ ပြန်သွားပြီ။ နောက်မှ သတင်းမေးတော့မယ် :D

    ReplyDelete
  18. ပျော်စရာလေးတွေ အမြဲပြောတတ်တဲ့ အစ်မ နေကောင်းပါစေ။

    ပျော်ပျော်နေတဲ့သူတွေက အသက်ရှည်ပါတယ်၊

    တောင်ပေါင်းများစွာကို အစ်မကျော်အုန်းမယ်ဆိုတာ ယုံကြည်ပါတယ်း)

    ReplyDelete
  19. မချိုသင်းနေမကောင်းဖြစ်နေတယ်ဆိုလို့..
    ဒန်ပေါက်ကို နောက်ရက်မှချက်တော့မယ်(ဟီးး)

    ReplyDelete
  20. အင်း...ဆရာတင်မိုးတို့များ သမီးနေမကောင်းတာတောင် ကဗျာလေးတော့ ဖြစ်လိုက်သေးတယ်နော်။

    အစားဆင်ခြင်ပါတော့ မပြောတော့ပါဘူးဗျာ။ ကိုယ်ချင်းစာလို့ပါ။ ကျနော်လည်း သွေးတိုးရှိတယ်။ ဒါပေမယ့် လူ့ဘ၀က တိုတိုလေး...ဆိုတော့....

    ReplyDelete
  21. အစ်မရေ ချစ်ခင်သူတွေ ပို့သတဲ့ မေတ္တာကြောင့်
    ချက်ချင်းနေပြန်ကောင်းလာမှာပါ။

    ReplyDelete
  22. မမိုးချို...
    ဆုတောင်းပို့ စ်ပြီးကတည်းက ပို့ စ် အသစ်မတင်တော့
    စိတ်ထဲမှာ နေမကောင်းဖြစ်လို့ များလားထင်နေမိတာ...။
    ထင်တဲ့ အတိုင်းဘဲ...။
    ကျမ္မာရေးတော့ ဂရုစိုက်ပါဗျာ...။
    ရီစရာကလဲ ပြောလိုက်သေးတယ်..။
    နောက်တစ်ခါ နေမကောင်းဖြစ်ရင်လဲ...
    မြေပြန့် ပြန့် မှာ ဖြစ်ပါ....
    အဲဒီ တောင်နားကို မသွားပါနဲ့ ...။
    အမြဲတမ်းနေကောင်းပါစေလို့ 
    မေတ္တာပို့ ဆုတောင်းပေးပါတယ်...။

    ReplyDelete
  23. အမရေ ပြာလောင်ကာတွန်းတပုဒ်သတိရတယ် “ဒီတောင်က မကျော်နိုင်တော့ဘူး တောင်ဟိုဘက်မှာ အရက်ဆိုင်မရှိလို့” ဆိုတာလေ။ စတာပါအမရာ။ ကိုကျော်ဝဏ္ဏကိုပြောပေါ့ “တောင်ကို တကယ် မကျော်နိုင်တာပါ။ ဘုရားစူး မကျော်နိုင်တာ။ မိုးကြိုးပစ် မကျော်နိုင်တာပါလို့” အဲလိုပြောလို့မှ ဂရုမစိုက်ရင် ချင်းမိုင်သာလာခဲ့ ... တူး ... ပြုစုမယ် :D ... ပျော်စေပျက်စေပါ အမရေ ... ကျန်းကျန်းမာမာနဲ့ စာတွေ အများကြီးရေးနိုင်ဖို့ ဆုတောင်းပေးနေမယ် နော်။
    ချစ်တဲ့ ညီမ တူးတူး

    ReplyDelete
  24. မမိုးချို ရေးထားတာဖတ်ပြီး ရီရလို့ နေမကောင်းတာ သတင်းမေးဖို့မေ့သွားတယ်...
    ကျန်းမာရေးကိုဂရုစိုက်နော်....

    ReplyDelete
  25. ချိုသင်းရေ
    လာမဲ့တန်ဆောင်းမုန်းလပြည့်ကြရင် မယ်ဇလီဖူး သုတ်စားမယ်။ အဲ့ဒါ ဆေးပေါင်းခတယ်တဲ့။ မေတ္တာတွေအပြည့်နဲ့ သုတ်ကျွေးမယ်။ နေကောင်းပါစေလို့ ။

    ReplyDelete
  26. မေတ္တာဆေးလာကမ်းတာပါအမရေ
    စိတ်ပူသူတွေရီရအောင်ရေးပြတတ်လို့
    အားလုံးရဲ့မေတ္တာတွေနဲ့ဆီးချိုရောသွေးတိုးပါ
    အမြန်ဆုံးကျသွားပါစေလို့...

    ReplyDelete
  27. နေမကောင်းဘူး.... သွေးတိုးနေတယ်.... ဆီးချိုတက်နေတယ်ဆိုတော့ ဘုရား... ဘုရား..... ကျွန်တော် ထည့်ပေးလိုက်တဲ့ ဒန်ပေါက်စားလို့တော့ မဟုတ်ပါဘူးနော်.... ဟီ..ဟိ sorry ဗျာ မသိလို့ဗျ...... ကိုဝဏ္ဏကိုပဲ ကျွေးလိုက်တော့နော်
    ကိုဝဏ္ဏကြီးက ဘာမှမရှိဘူးဟုတ်......

    ReplyDelete
  28. အမ..
    နေကောင်းပါစေ..
    ဒီတောင်အောက်မှာပဲ ပျော်အောင်နေပါ..အမး)

    အစားလဲစား ဆေးလဲသောက်ပါ အမ။
    အစားကို ဆေးနဲ့ ပြန်ထိန်းလို့ရပါတယ်အမရေ..
    မြတ်နိုးအဒေါ်ကို မြတ်နိုးတို့ဆေးနဲ့ထိန်းလာတာ အခုဆို ၇၆ ရှိပီ။ ဘာမှစိတ်မပျက်ပါနဲ့။

    အမ .နေမြန်၂ကောင်းပါစေ

    ReplyDelete
  29. Hayy... Sis cho thinn yay...

    I also worried about u. Now after i read ur post then i m very laugh. U r so cute writer like Sayar. Anyway Don't b worry too much! we who are ur readers send ( Myit Tar Say ) for u. Have great days without bad feeling!
    By the way, i would like to consult u to take ( Man Ka Lar Ywat ). Now i have so many which are sent by my mother in law from myanmar. My husband takes them everyday morning and evening about 1 cup. And he don't eat any meat too much and he does exercise everyday and he has to walk about 1 hr after dinner for everyday.

    So pls follow like this as test. His doctor said that if u take too much food, u must walk also more and more to lost them.

    Man Ka Lar Ywat ko dry lote pee.... Tea leaf lo lote taut ter..

    Cho Thinn.... Nay a myan kg per say....

    Comments twe read pe.... yee twer tel .....

    Sorry naw ...comment long twer lo.:P

    AMa Malay

    ReplyDelete
  30. ညီမရေ ကျန်းမာပါစေလို့ ပထမဆုံး ဆုအရင်တောင်းလိုက်ပါတယ်။

    အမတွေ ရှိနေတာ ဘယ်လောက် အားရှိဖို့ ကောင်းလဲ...

    အနားမှာလည်း better half နဲ့...

    ဘာ အားငယ်စရာ ရှိမလဲကွဲ့...

    ပြီးတော့လည်း သယ်ရင်းတွေ တပုံတပင်...

    အားလုံးပို့သတဲ့ မေတ္တာနဲ့တင် ရောဂါ တ၀က် ပျောက်နေလောက်ပါပြီ.. ဟုတ်တယ် မလား..

    ပဲများ မနေနဲ့တော့...း)

    ReplyDelete
  31. သေလိုက်ပါတော့ ဟိုလူကြီးအုပ်စုရယ်!

    သမီး ထင်နေတာကလေ မမတို့ နှစ်ယောက်တော့ မွေးနေ့အပြီး အပျော်ခရီး ထွက်နေတယ်ထင်တာ။ ဘလောဘ့်မှာ ၃ရက်နားမယ်ဆိုတော့ ဒါကွက်တိပေါ့ဆိုပြီး ကိုယ့်အတွေးနဲ့ကိုယ် ဟုတ်နေတာလေ။ မမရယ် ဘာတွေ သွားစားတာတုံး။ စတော်ဘယ်ရီနဲ့ နို့ ဆီလား။ အစ်ကိုကလည်းလေ မမကို ကြောက်ရတာတော့ ကြောက်ရတာပေါ့၊ ဒါပေမဲ့ ဆေးတို့ အစာရှောင်ဖို့ ပြောတဲ့နေရာမှာတော့ မကြောက်နဲ့လေ။ ခက်ထာပဲ။ :D
    မဖြစ်ပါဘူး သမီးလာနေမှကို ရတော့မှာ။ (ခွင်တည့်တုန်း ထည့်ထားတာလေ) စောင့်ရှောက်ဖို့လာမှာပါ။ ;))

    မမရယ် ရှိကြီးခိုးပါရဲ့ အချိုဆိုရင် လုံးဝမစားပါနဲ့တော့နော်။

    ReplyDelete
  32. မမိုးချိုသင်း
    နေမကောင်းဘူးပြောလို့ စိတ်မကောင်းဘူး။ ကျွန်တော့်အမေမှာလည်း ဆီးချိုရှိတယ်။ အစားအသောက်နဲ့ ဆေးနဲ့ထိမ်းထားတာ ဘာမှမဖြစ်ဘူး။ အစ်မရေ ပျော်အောင်နေပါဗျ။
    သူငယ်ချင်းတွေရဲ့ မေတ်တာဆေးကြောင့် အမြန်နေကောင်းပါစေဗျာ။

    ReplyDelete
  33. မမိုးချိုသင်းရေ -
    အမြန်ဆုံးနေကောင်းပြီး စာတွေမြန်မြန်ရေးနိုင်ပါစေ . . .
    ဖတ်နေကျပေမယ့် comment တခါမှမရေးဖြစ်ပါ၊
    ညီမလိုပဲ ဖတ်နေကျတဲ့ သူတွေအများကြီး အမရဲ့ စာတွေကို မျှော်နေပါတယ်၊
    ပို့ သကျတဲ့ မေတ္တာတွေ အမဆီ စူးရောက်ပါစေ . . .

    ReplyDelete
  34. မမိုးချိုသင်းရေ -
    အမြန်ဆုံးနေကောင်းပြီး စာတွေမြန်မြန်ရေးနိုင်ပါစေ . . .
    ဖတ်နေကျပေမယ့် comment တခါမှမရေးဖြစ်ပါ၊
    ညီမလိုပဲ ဖတ်နေကျတဲ့ သူတွေအများကြီး အမရဲ့ စာတွေကို မျှော်နေပါတယ်၊
    ပို့ သကျတဲ့ မေတ္တာတွေ အမဆီ စူးရောက်ပါစေ . . .

    ReplyDelete
  35. စာပြန်ရေးမယ် ဆိုလို့  ဝမ်းသာနေတာ။
    မေတ္တာဆေး အစွမ်းထက်တယ်နော်း)

    ReplyDelete
  36. Wow.. So many posts..
    တောင် ဆိုလို့ ကျောက်ဆည် မှာတုန်းက မဆွှဲပဲ မချော့ပဲ ထားလိုက်ခဲ့၇င်ကောင်းသား.....
    ဟား..ဟား..ဟား

    ကြောင်ဖားကြီး

    ReplyDelete
  37. အစ်မက နေမကောင်းတာတောင် ရယ်စရာဘက်က လှည့်ပြီး တွေးတတ်တာပဲ။ စိတ်ပြေစရာပေါ့။ နေကောင်းအောင် နေပါ။ ဒါမှ စာတွေ များများရေးနိုင်မှာပေါ့။ :)

    ReplyDelete
  38. နေကောင်းပါတော့ MCTရယ်။

    ReplyDelete
  39. ဝေး နေကောင်းပြီတဲ့။

    ReplyDelete
  40. သြော် သံယောဇဉ် သံယောဇဉ် တခါမှ မမြင်ဘူး မကြားဘူးတဲ့သူကိုခင်မိသတဲ့။ ညောင်လေးတွေ နေကောင်းရဲ့လား။

    ReplyDelete
  41. အမ
    နေမကောင်းတာတို့ ကျန်းမာရေး ချို့တဲ့တာတို့က ကျနော့်မှာ အတွေ့မကြုံ့ သိပ်မရှိပါဘူး။ ဖြစ်တဲ့သူတွေကိုတော့ သနားတယ်။ ပိန်ပိန်နဲ့ ချူချူ ချာချာလေးတွေတွေ့ရင် စိတ်မကောင်း ပါဘူးအမရာ

    ReplyDelete
  42. ချိုသင်းရေ...
    မေတ္တာဆေး လာပေးပါတယ်
    အလာနောက်ကျနေတာ ဆောရီးပါနော်...

    ReplyDelete
  43. ဆီးချို ရှိတယ်ဆိုလို့ ကိုယ်ချင်းစာပါတယ် အစ်မ ..ဂရုစိုက်ပါနော်.Comment ရေးချင်တယ်... ဒါပေမယ့် ..ခုပေါ်လာမယ့် siskhaung@gmail.com ဆိုတာ ညီမ မဟုတ်ဘူး..ရေးတိုင်း သူ့နာမည်ကြီးနဲ့ပဲ ပေါ်နေတာပဲ... ခုဆို ရုံးရောက်တာနဲ့ မမိုးချိုသင်း ရဲ့ ဘလော့ကို ကိုယ့် မေလ်း ထက်အရင် ဖွင့်ဖြစ်နေပြီ..အရမ်း ကြိုက်တယ် .. သိတာမကြာသေးဘူး..သိတဲ့ နေ့ ကရုံးပိတ်ရက်လေ.. အားလုံးကို တစ်နေ့ထဲနဲ့ အကုန်ဖတ်ပစ်လိုက်တယ်.. :D comment ကိုကိုယ့်နာမည်နဲ့ ကိုယ်ရေးတယ် ..ဘယ်လိုလုပ်ရမလဲ အစ်မ ရယ်..

    ReplyDelete

အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။