ဒီနေ့ ဆိုင်ကပြန်လာတော့ လမ်းတလျှောက်မှာ အရေးပေါ်ကားတွေ အသံစုံမြည်ပြီး ဘေးကနေ တစီးပြီး တစီး ကျော်တက်သွားကြတာ။ ဘယ်နေရာမှာ ကားတိုက်မှု ဖြစ်ပြန်သလဲ မသိ။ ဒီနေ့တနေ့လုံး မုန်တိုင်းကြောင့် မိုးကလဲ စွေနေလေတော့ ကားမောင်းတာ သိပ်သတိထားရတယ်။
လူကလဲ အဲဒီ ပီးပေါ် ပီးပေါ် အသံကြားရင် အလိုလို လန့်နေတာ..။ တယောက်ယောက်ကများ 911 ခေါ်လိုက်ရင် ရဲကား၊ မီးသတ်ကား၊ လူနာတင်ကား စီတန်းပြီး သွားတော့တာကိုး။ သူတို့ အရေးတကြီးသွားတာတွေ့ရင် ကားကို လမ်းဘေး ကပ်ရပ်၊ လူနာ အသက်မီပါစေ လို့ ဆုတောင်းပေးမိတတ်တယ်။ အဖေ့တုန်းက အသက်မမီတာလေးကို တွေးမိလို့ပါ။
အရင်ကတော့ ကိုယ်က လူနာတင်ကားတွေ့ရင် Mr. Bean လို နောက်က ကပ်လိုက်သွားရရင် ကောင်းမှာ လို့ နောက်တီးနောက်တောက် တွေးတတ်တယ်။ ဒါဆို မီးပွိုင့်လဲ မနီ၊ ရှေ့ကားလဲ မစောင့်ရ၊ ဇိမ်ပဲ။ စိတ်ကူးထဲမှာ လုပ်တာပါ၊ အပြင်မှာ မလုပ်ပါဘူး။
အခုတလော ကိုယ်က ကားပြန်မောင်းကျင့် နေပါတယ်။ တကယ်တော့ ခုလို ကိုယ့်အားကိုယ်ကိုးပြီး သွားသင့် လုပ်သင့်နေတာ ကြာပါပြီ။ ခုမှသာ မသွားမဖြစ် သွားရမဲ့ နေရာတွေ၊ မလုပ်မဖြစ် လူခွဲလုပ်ရမဲ့ အလုပ်တွေနဲ့မို့ သူ့ကို ပုံပြီး အားကိုးနေတာတွေ ဒီဂရီနည်းနည်း လျှော့ထားတယ်။ ကိုယ်တိုင် သွားနိုင်အောင် လုပ်နိုင်အောင် ကြိုးစား လုပ်ကြည့်နေတယ်။

အခုဆိုရင် ကိုယ့်ကို လမ်းပေါ်မှာ တုန်တုန် တုန်တုန် တွေ့ရမှာပါ။ ဘာကြောင့် တုန် ရသလဲ ဆိုရင် ကိုယ်က မြို့တွင်းလမ်းလေးတွေကနေ မသွားဘဲ ရာရာစစ ဖရီးဝေးပေါ် တက် မောင်းနေလို့ပါ။ အရင်က ဖရီးဝေး မမောင်းဘူးလေ..။ ကြောက်ကြောက်နဲ့ ဖရီးဝေးပေါ် တက်ရတာမို့ လူက တုန်နေသလို ကားကပါ လိုက်တုန်နေတယ် လို့ ကိုယ်က ထင်တယ်။
ဖရီးဝေးပေါ် တက်မောင်းနေပြီဆိုလို့ တိုးတက်နေပြီလို့ အထင်မကြီးပါနဲ့အုံး။ ကိုယ့်ပုံစံက လူအများ ခေါ်ချင် ပြောချင်ပုံ အင်မတန်ပေါက်ပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကားကို ကျော်တက်ပြီး အတော်ကို စိတ်ဆိုးမာန်ဆိုးနဲ့ တစောင်းကြီး စွေစောင်းကြည့်သွားတာကို ခဏခဏ ပြုံးပြရဖူးတယ် (ကိုယ်နှေးနေလို့)။
တခါတလေ ပြူတင်းပေါက်မှန်ကိုချ အော်ဟစ် နှုတ်ဆက်သွားတာမျိုး ကြုံဖူးတယ် (တကယ်က ဆဲသွားတာနေမှာ)။ တချို့ကတော့ ကိုယ်က ပြန် ကြည့်လိုက်ပါမှ လက်ထောင် ပြတယ်၊ အစက လက်ပြ နှုတ်ဆက်တယ် ထင်မိတာ။ ငါ့အသိလဲ မဟုတ်ပါဘူး လို့ စိုက်တောင် ကြည့်လိုက်သေး။ ပြန်တော့ ပြုံးပြလိုက်ပါတယ်လေ..။ သူလဲ အတော် ကြောင် အ သွားပုံပဲ။
တကယ်က ကိုယ်က ခဲမှန်ဖူးတဲ့ စာသူငယ် ဖြစ်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပရောက်မှ ကား ၂ကြိမ် တိုက်ဖူးပါတယ်။ တခါက စင်ကာပူမှာ၊ နောက်တခါက အခု LA မှာ။ အဲဒီအကြောင်းလဲ ကြုံတုန်း ပြောပြပါရစေအုံး။
စင်ကာပူမှာ တိုက်တုန်းက ကိုယ်က နေမကောင်းဖြစ်နေချိန်။ အရမ်းဖျားပြီး ဆက်တိုက် အန်နေတယ်။ ဒါနဲ့ ဆေးခန်းကို နှစ်ယောက်သား ပြေးကြတာပေါ့။ ကိုယ်က ဆေးခန်းအသွား လမ်းမှာလည်း အန်တုန်းပဲ။ ဒါနဲ့ ကြွပ်ကြွပ်အိတ်ထဲမှာ အန်ရတယ်။ ကိုယ်က အန်ရင် ပါးစပ်ကို တစ်ရှူးနဲ့ သုတ်လိုက်၊ တစ်ရှူးကို ကြွပ်ကြွပ်အိတ်ထဲ ပစ်ထည့်လိုက်၊ ဆက်အန်လိုက် နဲ့။
တော်တော်ကြာတော့ ကိုယ်အန်နေတဲ့ ကြွပ်ကြွပ်အိတ်ထဲမှာ သွေးတုံးကြီး သွားတွေ့တာ..။ ကိုယ်လဲ လန့်ပြီး “အကိုရေ ချိုသင်း သွေးတွေ အန်နေပြီ” လို့ သူ့ကို လှမ်းပြောမိတယ်။ သူကလဲ ပျာပြီး ဟေ..ဟုတ်လား တဲ့။ ကားမောင်းရင်းတဖက် ကိုယ်အန်နေတဲ့ အိတ်ထဲ လာငုံ့ကြည့်လိုက်တာ ရှေ့က ကားကို ဂျိမ်းလိုက်ပါလေရော..။
တကယ်က ကိုယ်မှားတာ..။ ကိုယ်သုတ်နေတဲ့ တစ်ရှူးက ပန်းရောင်ဆိုတော့ ကြွပ်ကြွပ်အိတ်ထဲရောက်သွားတဲ့အခါ အရည်စိုပြီး အနီရောင်ဖြစ်သွားတာကို ကိုယ်က သွေးတုံး ထင်သွားတာလေ..။
ကားတိုက်ပြီလို့ သိလိုက်တော့ ထူပူသွားတယ်။ ကိုယ်က နောက်က သွားဆောင့်တာကိုး။ ကိုယ့်အမှားပေါ့။ ရှေ့ကကားကလဲ ရပ်ပြီး လူ၀၀ကြီးတယောက် ဆင်းလာတယ်။ အဲဒီအချိန်မှာ ကိုယ်က တံခါးဖွင့်ပြီး ကြွပ်ကြွပ်အိတ်ကြီးကိုင်ပြီး ပြေးဆင်းသွားတယ်။ ပြီးတော့ ဘာမပြော ညာမပြောနဲ့ ကြွပ်ကြွပ်အိတ်ကို အတင်းထိုးပြတာပါ။
ဟိုလူလဲ အတော်စကားပြောရမယ် မှတ်တာ၊ ကြွပ်ကြွပ်အိတ်ကြီး လာပြတော့ သူလဲ အိတ်ထဲ ငုံ့ကြည့်မိတယ်။ အန်ဖတ်တွေ တွေ့တော့ စိတ်အရမ်းလေ သွားပုံပဲ။ ဒါပေမဲ့ ကိုယ့်ရင်ထဲက စကားတွေ သူနားလည်သွားပြီ။ ဆေးခန်းအရင် ပြပြီးမှ ၀ပ်ရှော့ကို လိုက်ခဲ့ပါ တဲ့။ ဒီကားက သူပိုင်ကား မဟုတ်၊ ရုံးကားမို့ ကားတော့ ပြင်ပေးပါ တဲ့။ ဒီလောက် သဘောကောင်းတဲ့ စင်ကာပူသား မတွေ့ဖူးဘူး။ အန်ဖတ်တန်ခိုး ထင်တယ်။
နောက်တခါကတော့ LA မှာ ဖြစ်တာပါ။ ဒီတခါတော့ ကိုယ် မအန်တော့ဘူး။ ကိုယ်တို့ အမှားလဲ မဟုတ်ဘူး။ ဖရီးဝေးပေါ်မှာ ရှေ့ကားက ဘရိတ်ဆောင့်အုပ် ရပ်လိုက်တော့ ကိုယ်တို့လဲ လိုက်ရပ်လိုက်တယ်။ ကိုယ်တို့ရှေ့မှာ safety distance ရှိလို့ ကားမတိုက်မိဘူး။ ဒါပေမဲ့ နောက်က ကားကတော့ အရှိန်မထိန်းနိုင်လို့ အရှိန်နဲ့ ကိုယ်တို့ကားနောက်ကို ၀င်ကြုံးတာပါ။
တိုက်တဲ့ကားပေါ်မှာ ကလေး ၃ယောက် နဲ့ ကလေးအမေ ပါတယ်။ အမေက ကလေးတွေကို ထိန်းရင်း မောင်းတော့ ရှေ့ကား ရပ်လိုက်တာကို သတိမပြုမိဘဲ ဖြစ်သွားတယ်။
အဲဒီနေရာမှာ ကားတိုက်တာနဲ့ မဆိုင်တာလေး ပြောချင်သေးတယ်။ ကား နောက်ကြည့်မှန် ကနေ အရှိန်နဲ့လာနေတဲ့ ကားကိုလဲ မြင်ရော ကိုယ့်အမျိုးသားက စတီယာရင်ကို လက်လွှတ်ပြီး ကိုယ့်ကို လှမ်းဖက် ထိန်းလိုက်တာပါ။ နောက်ကနေ အရှိန် နဲ့ တိုက်တော့မယ် လို့ သူက မြင်ရတယ်လေ။ ကိုယ် ရှေ့က dashboard နဲ့ ဆောင့်မိမှာ စိုးလို့လေ..။
အဲဒီအချိန်လေးက လျှပ်တပြက် ခဏတွင်း ဖြစ်သွားတာလေးပဲ။ ဒါပေမဲ့ တကယ့်အရေးအကြောင်းမှာ ကိုယ်ကလဲ ခါးပတ် ပတ်ထားပါလျက်နဲ့ စိတ်ပူဖော် ရလို့ ကိုယ်က ပြန်တွေးတိုင်း ကြည်နူးနေမိတာ..။ အမှန်ခြစ် အကြီးကြီး တမှတ် ဆိုပါတော့..။
ခုတော့ လမ်းတွေလဲ နည်းနည်း သိလာပါပြီ။ အိမ်နဲ့ ဆိုင် သွားတဲ့ လမ်းကိုတော့ ကောင်းကောင်း သိပြီ (မသိခံနိုင်ရိုးလား၊ အသွားအပြန် တနေ့ ၂ခေါက်လေ..)။ တပတ်စာ ဈေးဝယ်မယ်ဆိုရင် ဈေးဆိုင်ကို ၂ခေါက်လောက် လမ်းမှားပြီးရင် ဆိုင်ကို တန်းကနဲ ရောက်ပါပြီ။ မဆိုးဘူး ခေါ်ရမှာပေါ့။
ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်တည်ဆောက်နေတဲ့ ကာလ လို့ ပြောရမယ် ထင်တယ်။ သီချင်းလဲ ကိုယ်မောင်းရင် စိတ်များမှာစိုးလို့ မဖွင့်ဘဲထားတာ ခုတော့ တဖြည်းဖြည်း အသံ တိုးတိုးလေးကနေ ကျယ်လာပြီး လိုက်ဆိုရဲတဲ့ အဆင့်တောင် ရောက်နေပြီ။
တနေ့ကတော့ ကျောင်းကအပြန် သီချင်းလေးဆို ပြီး တယောက်တည်း မောင်းပြန်လာတယ်။ ဖွင့်ထားတာ စိတ်ကြိုက် ရွေးသွင်းထားတဲ့ အခွေထဲက တင်ဇာမော် သီချင်း ထင်ပါရဲ့။ “မင်းရင်ထဲကို မေးကြည့်လိုက်ပါ ဒါ အချစ်စစ် လား” လို့ ဆိုပြီး လမ်းကြားလေးထဲ ကွေ့လိုက်တာ အရှိန်နဲ့ ကားကြီး တစင်းပေါ် တက်သွားပါရောလား။
ပြည်နယ် တခုကနေ တခုကို ကားလေးတွေကို စီတင်ပြီး ကားတွေ သယ်ပို့တဲ့ (car carrier truck) ထရပ်ကားအရှည်ကြီးတွေ ဟိုင်းဝေးလမ်းမကြီးတွေမှာ တွေ့ဖူးမှာပေါ့။ အခုလဲ အဲဒီကားကြီးက loading လုပ်ဖို့ ကားတက်လမ်းလေးကို မြေကြီးပေါ် ချထားတာ..။ သူရပ်ထားတာကလဲ လမ်းအကွေ့ထိပ် ဆိုတော့ ကိုယ်ကလဲ မမြင်ဘဲ ကွေ့ပြီး ကားကြီးပေါ် တခါတည်း တက်လမ်းလေးကနေ တန်းတက်သွားတော့တာလေ..။
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိပြီး မေးကြည့်လိုက်စမ်းပါ ဘာညာ နဲ့ သီချင်းအဆို ကောင်းလိုက်တာ တခါတည်း မမေးလိုက်ရဘဲ တခြား စတိတ် ပါသွားတော့မလို့..။ ဟ..ဘယ့်နှာကြီးပေါ် တက်သွားပါလိမ့်၊ နောက်ပြန်ဆုတ်ပါဟ၊ ဆင်းပါဟ နဲ့ အတော် ချွေးပျံသွားတယ်။
နောင် ဆင်ခြင်စရာတွေ တိုးရပြန်တာပေါ့လေ..။
မိုးချိုသင်း

ဟား..ဟား ငါ့နှမတော့ ဖြစ်တတ်ပလေ..အကိုကြီးလဲ တခါတလေ အဲဒီကားပေါ်မောင်းတက်ကြည့်ဖို့ စိတ်ကူးပေါ်မိသား..ညည်းကတော့ လက်တွေ့ကိုအကောင်အထည်ဖေါ်ပလိုက်တာပဲ..
ReplyDeleteဟိဟိ အန်ဖတ်တန်ခိုးတော်တော်ကြီးတာပဲ .. အော့အော့ .. အမှန်ခြစ်ကြီးကြီး တစ်မှတ်က အမှတ်ဘယ်လောက်လည်း မမချို တစ်မှတ်ကို ၁၀၀ ထင်ရဲ့  ။
ReplyDeleteကျွန်မတော့ အခုထိ ကားမမှောင်းဘူး။ ယောက်ျားကနဲ့ ကလေးက ကားမှောင်းသင်ဖို့ ပြောရင် မြန်မာပြည် ပြန်ရောက်မှပဲ သင်တော့မယ် ဒီမှာတော့ Public Transport ဒီလောက်ကောင်းတဲ့ နေရာ ဒေသမှာ အန္တရယ်လည်းများ၊ လေထုလည်း ညစ်ညမ်းခံပြီး ကားမှောင်းစရာ လိုသေးလားလို့ပဲ ပြန်ပြောတယ်။ အမှန်က အဲဒါကြောင့် မဟုတ်ဘူး ကြောက်လို့ပါ။ ပြီးတော့ ကျွန်မတက်တဲ့ ကျောင်းက မြို့လယ်တည့်တည့်မှာ မီးရထားအစုံ ဘတ်စကားအစုံရဲ့ ဆုံရာမှာလည်း ဖြစ်တယ်၊ ကားရပ်ဖို့ကျတော့ အကန့်အသတ် ရှိပြီး ရရင်လည်း ကားရပ်ခ ပိုက်ဆံက သိပ်ဈေးကြီးတော့ ရထားနဲ့ သွားလာကြတာပဲ များပါတယ်။
ReplyDeleteသွေးတုံး ကြီး အန်တယ် ပြောပြီး တစ်ရှုးဖြစ်နေတဲ့ နေရာမှာ....အသံထွက်အောင် ရီမိပြီး...အမှန်ခြစ်ကြီးကြီး နေရာမှာ ကြည်ကြည်နူးနူး လေးခံစားရပါတယ်...မမ။
ReplyDeleteလာဖတ်သွားတယ်နော်..
ReplyDeleteကျွန်တော်ကားမောင်းတက်ခါစကလဲ အရမ်းရယ်ရတယ် ဗျ. ကားကိုရေဆေးခုံသွားတင်တယ်. ခုံက အမြင့်ကို တက်ရမှာ .. ရေဆေးခုံတည့်တည့်မှာ ကားကိုရပ်. ဂီယာကြီးထိုး လီဗာကိုနင်း..ဒူးတွေလဲတုန်. အကုန်တုန်.. ဟိုဘက်လွန်ကျမှာလဲ ကြောက်နေတာ. အဲ.ရောက်သွားတယ်ဗျာ ချောချောချူချူပဲ.. ပြန်ဆင်းမယ်လုပ်တော့ ကွိပါလေရော.. ကိုယ်က ရှေ့ကိုတောင်အခုမှ မောင်းတက်တာလာ နောက်ကိုဆိုတာ မြေပြန့်မှာတောင် ဖြောင့်အောင်ဆုတ်တက်တာမဟုတ် .. တော်တော်အကြံအိုက်သွားတယ်. နောက် ဆိုင်က ဆုတ်ပေးလို့ ပြန်ရောက်ခဲ့ပါတယ်.
ရယ်လိုက်ရတာမမရယ်.. ကြုံလဲကြုံတတ် ရေးလဲရေးတတ်ပ
ReplyDeleteကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိပြီး မေးကြည့်လိုက်စမ်းပါ ဘာညာ နဲ့ သီချင်းအဆို ကောင်းလိုက်တာ တခါတည်း မမေးလိုက်ရဘဲ တခြား စတိတ် ပါသွားတော့မလို့..။ ဟ..ဘယ့်နှာကြီးပေါ် တက်သွားပါလိမ့်၊ နောက်ပြန်ဆုတ်ပါဟ၊ ဆင်းပါဟ နဲ့ အတော် ချွေးပျံသွားတယ်။
ReplyDeleteရီလိုက်ရတာ မမရယ် တကယ် ရေးလည်းရေးတတ်တယ်
စာလာဖတ်သွားပါတယ် မချိုသင်း။
ReplyDeleteမမရေးတာ တစ်ဝကြီးဖတ်သွားတယ်။
ReplyDeleteတော်တော်သဘောကောင်းတဲ့ စင်္ကာပူသားပါပဲ။
နောက်ထပ်အမှန်ခြစ်ကြီးကြီးပေးရတဲ့အကြောင်းတွေ ရေးပါဦးလား မမရေ။
မမရဲ့ပိုစ့်အသစ်လေးတွေအမြဲမျှော်နေတတ်တဲ့
ညီမဇွန်
အမကတော့ဖြစ်ရမယ်။ အမကျမှအဲလိုတွေ ဖြစ်တာလား။ အမအရေးအသားလေးကပဲ ဆွဲဆောင်မှုရှိတာလား။ ဖတ်လို့ကောင်းတာပဲ။ နှစ်မျိုးလုံးထင်ပါရဲ့။ :D အမှန်ခြစ်အကြီးကြီး ပေးသင့်ပါတယ်။ ဒါမျိုးကတော့။ တကယ်တမ်းအခက်အခဲ ဖြစ်လာမှပဲ ကိုယ့်အပေါ်ဘယ်လို စေတနာထားလဲသိနိုင်မှာနော်။ (တိတ်တိတ်လေးအားကျပြီး ပြန်သွားပါတယ်။ :P)
ReplyDeleteအမှန်ခြစ်ကြီးကြီးပေးတဲ့နေရာအကြိုက်ဆုံးပဲ
ReplyDeleteပို့စ်အသစ်ဖတ်ရလို့ကျေးဇူးအများကြီးတင်ပါတယ်နော်
ချိုသင်းရေ....
ReplyDeleteကျော်ဝဏ္ဏ ကသူ့ဟာသူ ကြောက်လို့လှမ်း
ဖက်လိုက်တာများဖြစ်နေမလား..ဟား ဟား
( နောက်တာနော် )
မမရေ့ 
ReplyDeleteမမပို့စ်ကိုဖတ်ရင်း မော်တော်ကားလိုက်မောင်းရတာ ခြေထောက်တွေလည်း ဘရိတ်တွေနင်းလို့ပေါ့ (တကယ်တော့ စားပွဲအောက်က တန်းကို ဘရိတ်အမှတ်နဲ့ နင်းနေတာလေ)
အန်ဖတ်တန်ခိုးနဲ့ အမှန်ခြစ်အကြီးကြီးကို ကြိုက်လိုက်တာ :D
မမရေ ကားတော့ မမောင်းတတ်ဘူး၊ အိပ်မက်ထဲ မောင်းနေရင်တောင် ကားကနေ လေယာဉ်ပျံဖြစ်သွားလို့ လေထဲမှာချည်း မောင်းနေတာ အသည်းတွေ တုန်လွန်းလို့
လက်တွေ့တော့ မမောင်းတတ်ပါ။
တိုက်ကား မောင်းတာကိုး မမိုးချိုသင်းက
ReplyDeleteကြားထဲက ကိုကျော်ဝဏ္ဏ ကြော်ငြာထိုးသွားတယ်ကွာ။
ဆိုင်မှာ expire ဖြစ်နေတဲ့ ဘက်ထီတွေ ပို့ဖို့ မကြိုးစားနဲ့နော်။ သိနေတယ် :P
အဟမ်း... ရူပဗေဒမှာ သင်ရတဲ့ Inertia သဘောအရဆိုရင် နောက်ကားက ကိုယ့်ကားကို ဝင်တိုက်တဲ့အခါ ကိုယ့်က ရှေ့က ဒက်ရှ်ဘုတ်ကို ဝင်ဆောင့်ဖို့ အခွင့်အလမ်းနည်းပါတယ်။ နောက်က ခေါင်းမှီကို နောက်စေ့နဲ့ ဆောင့်မိဖို့ ပိုဖြစ်နိုင်ပါတယ်။ ရှေ့က ကားကို ကိုယ့်ကားက ဝင်တိုက်တာဆိုရင်တော့ ဒက်ရှ်ဘုတ်နဲ့သာမက ရှေ့ကမှန်ကိုပါ နဖူးနဲ့ ဆောင့်မိနိုင်ပါတယ်။
ReplyDelete(ဦးရှံစားလုပ်ပြီး ကောက်ချက်ဆွဲကြည့်တာပါ။ မှားတဲ့အခါလည်း မှားပေမပေါ့ ဆိုတဲ့ ဦးရှံစားလေ။း-)
ဘာပဲဖြစ်ဖြစ် ရုတ်ချည်းတခဏအချိန်လေးမှာ ကိုကျော်ဝဏ္ဏက မချိုသင်းကို စိတ်ပူလို့ ဖက်လိုက်တာပဲ။ အဲဒါက အနှစ်။
အမှန်ခြစ်အကြီးကြီးက ဘယ်နားကို ချစ်ပေးလိုက်တာလဲ။ အဲ .. ခြစ်ပေးလိုက်တာလဲ ..
ReplyDeleteဟားဟား မလိမ့်တပတ်နဲ့ သူ့ချစ်ချစ်ကြီး သူ့ကို ဘယ်လောက်ချစ်ကြောင်းပါ ကြွားထားတယ်။
ReplyDeleteသတိရနေတုံး ချိုသင်းပိုစ့် အသစ်ဖတ်ရလို့ ပျော်သွားတယ်... တချိန်လုံး ပြုံးနေရအောင် ရေးတတ်ပ...း))
ReplyDeleteကားကတော့ မောင်းတတ်တာ မမှားပါဘူး... သိပ်မကြောက်နဲ့ ချိုသင်း.. ရဲရဲသာချ...
ကြောက်နေရင် အမှားဖြစ်ဖို့ ပိုများတတ်တယ်...
(ကိုယ်က ကြောက်လို့ အားရသွားပြီလေ... ခုတော့ အေးဆေးပဲ.. ဟဲဟဲ)
အော် အမှန်ခြစ် အမှန်ချစ်း))
ReplyDeleteကိုကိုက ချို့ကိုအားကိုးတာပါ။ အမှန်က……..
ReplyDeleteအို..အမှန်ခြစ်ကြီးကြီးတစ်မှတ်ကို...ဖတ်တဲ့အခါ ကြည်နူးလို့..
ReplyDeleteအမှတ်တစ်ကုဋေလောက်ပေးမိတယ်။ ကံကောင်းလိုက်တာ အစ်မရယ်။
ချိုသင်းရေ..ရယ်စရာ..ကြည်နူးစရာ..ထိတ်လန့်စရာများနဲ့ ရသ စုံပါပေ့နော်.. အနောက်ကနေ ကားတိုက်ခံရတုန်းက ကလေး သုံးယောက်အမေ ကားမောင်းတာဆိုတော့..အဟဲ..ဒီကလေးသုံးယောက်နဲပ ကားမောင်းဖို့ ပိုသွေးကြောင်သွားရတယ်..
ReplyDeleteချိုသင်း ကံကောင်းလိုက်တာ... အမှန်ခြစ်ကြီးကြီးအကြောင်းတွေ အများကြီး ရှိဦးမှာပါနော်..များများရေးပါဦး.. အားကျချင်လွန်းလို့...:))
ချိုသင်းတို့ကတော့ကွာ ထမိန်တွေ ကြွားလို့ပြီးတော့ ကားထုတ်ကြွားတယ်။
ReplyDeleteလုံချည်တွေအကြောင်း ပြောသလိုလိုနဲ့ သူက ကျောက်ခဲကွင်းပါ ဆိုတာပါလာသေး၊ ခုလည်း ကားအကြောင်းကနေ ဂျစ်ဂျစ် က ဘယ်လို ခြစ်ကြောင်းကပါလာတယ် တအားကြွားတာပဲ။:)))))
အမှန်က ဂျစ်ဂျစ်က ချိုသင်းကို ဒိုင်းသဖွယ် အားကိုးတကြီး ဆွဲယူတာပါ။:))
အမချိုသင်းလို့ ရင်းရင်းနှီးနှီးပဲ ခေါ်လိုက်မယ်နော်... စိတ်ထဲမှာက ရင်းနှီးနေတာကြာပါပြီ...။ အမဘလော့ကို အမြဲလည်း ဖတ်ဖြစ်ပါတယ်။ ဘယ်တော့ အသစ်ဖတ်ရမလဲပဲ မျှော်နေတာလေ။ ဒီနေ့တော့ အသစ်တွေ့တော့ ၀မ်းသာသွားတယ်။ သဒ္ဓါ့ဘလော့မှာတော့ အမကို လင့်ချိတ်ထားပါတယ်။
ReplyDeleteခင်တဲ့
ညီမသဒ္ဓါ
"အဖေ့တုန်းက အသက်မမီတာလေးကို တွေးမိလို့ပါ။"
ReplyDeleteအမအဲဒါကိုရေးတော့မယ်ဆိုတာ အပေါ်ကစာကြောင်းကို ဖတ်ကတည်းက သိနေတယ်.. ကိုယ်ကိုယ်တိုင်လည်း အဲဒီအဖြစ်လေးကို ဘယ်တော့မှ မေ့လို့မရလို့...အမအဖေအကြောင်းရေးတဲ့ အဲဒီပို့စ်လေးကို ဖတ်ပြီးကတည်းက မိဘချင်းကိုယ်ချင်းစာမိတယ်ပဲ ပြောပါတော့.. အမဘလော့ဂ်ကို လာဖတ်တဲ့ အချိန်တိုင်းလိုလို အဲဒါကိုသတိရတာပဲ.. ဖေဖေကလည်း အခုအဝေးမှာရောက်နေတာလဲ ပါမယ်ထင်ပါရဲ့လေ...း)
အမရေးခဲ့တာလေးတွေအားလုံးအတွက် ကျေးဇူးပါမမ...
မချိုသင်း ဘာရေးရေး ဖတ်လို့ကောင်းနေတာချည်းပဲ ... ဟိုအရင် ကားမောင်းသင်တဲ့အကြောင်းရေးတုံးကလဲ ဖတ်ရင်းရယ်ရတာ။
ReplyDeleteခုလဲအစမှအဆုံး ပြုံးပြုံးကြီး ဖတ်သွားပါတယ်။
မမိုး
ReplyDeleteကျနော် နှလုံးရောဂါဖြစ်ချင်လို့ ....
ကားမောင်းသင်ပေးပါလားးးးးးး။
ကားပေါ်တက်သွားတော့ Mr.Bean ထဲကလို ကားက မွှေ့ရာတင်လာတဲ့ ကားဖြစ်နေသေးလားဟင် :D ပြောစရာနေရာ မတွေ့လို့ ဒီမှာပဲပြောသွားတော့မယ်ခင်ဗျ GMail Page အောက်ဆုံးမှာ Turn off buzz ဆိုတာ စာလုံးအသေးအလေးတွေနဲ့ ရှိပါတယ် အဲဒါကို နှိပ်လိုက်ရင် GMail ထဲမှာ Buzz ကိုမမြင်ရတော့ပါဘူး။
ReplyDeleteအော..ကိုကျော်ဝဏ္ဏလဲ လက်စသပ်တော့ အမှန်ခြစ်ရာတွေ များနေတာကိုး..
ReplyDeleteမြင်းရိုင်းနဲ. တူတဲ့ကား မြင်းယဉ်အောင် လုပ်နိုင်ပြီပေါ.
ReplyDeleteမြေပုံတောင်မကြည်. တတ်ဘူးဆိုလောက်တဲ့ အဆင်.တော. မရောက်ဘူး ထင်ရဲ.
အစ်မဆီမှာ ကားမောင်းလာသင်မယ်..:P
ReplyDelete“တကယ့်အရေးအကြောင်းမှာ ကိုယ်ကလဲ ခါးပတ် ပတ်ထားပါလျက်နဲ့ စိတ်ပူဖော် ရလို့ ကိုယ်က ပြန်တွေးတိုင်း ကြည်နူးနေမိတာ..။ အမှန်ခြစ် အကြီးကြီး တမှတ် ဆိုပါတော့..။”
အမျိုးသမီးတွေရဲ့ အမှတ်ပေးစည်းမျဉ်းကို လေ့လာသွားပါတယ် ။
ဆက်တွေးမိတာက အစ်မ ခါးပတ်ပတ်ရင် ခါးပတ်ကြိုး အရှည်ကြီး ဆွဲထုတ်ရမှာပဲ.:)
ဒီအတိုင်းဆို
ReplyDeleteပညာတွေ လာသင်အုံးမှပါဗျာ...
းဝ)
ကား နောက်ကြည့်မှန် ကနေ အရှိန်နဲ့လာနေတဲ့ ကားကိုလဲ မြင်ရော ကိုယ့်အမျိုးသားက စတီယာရင်ကို လက်လွှတ်ပြီး ကိုယ့်ကို လှမ်းဖက် ထိန်းလိုက်တာပါ။ နောက်ကနေ အရှိန် နဲ့ တိုက်တော့မယ် လို့ သူက မြင်ရတယ်လေ။ ကိုယ် ရှေ့က dashboard နဲ့ ဆောင့်မိမှာ စိုးလို့လေ..။
ReplyDeleteYou got a kind the way you want.
ရဲရဲသာမောင်း အမ .. ဒါမှ ကိုယ်သွားချင်တဲ့ ဈေးကို ဒိုင်လျှိသွားပြီး ကိုယ်ဝယ်လို့ ရမှာ :D
ReplyDeleteမမချိုသင်းများ
ReplyDeleteရေးလိုက်ရင် စိတ်ဝင်စားစရာ
ဖတ်ချင်စရာတွေကြီးပဲ
းးစကားမစပ်----ဒီအိမ်လေးအရမ်းလှတယ်မမးးးးးး
မမရေ
ReplyDeleteညီမလဲ မဂျူနိုတို့ မခင်မေဦးတို့ ကို ထောက်ခံတယ်။ ဘယ်လိုပဲ စဉ်းစားစဉ်းစား ဘယ်လိုပဲ ကားပညာရှင်တွေနဲ့ တိုင်ပင်ကြည့်ကြည့် ဒီအဖြေပဲ ထွက်တယ်။ အစ်ကိုက တကယ်လုပ်ရက်တယ်နော်။ :P
မမ ၃ ရက်လောက်ပျောက်သွားတာ တစ်ခြား state ကို ကားသယ်တဲ့ ကားကြီးနဲ့ ပါသွားတာကိုး။ ကားနောက်ပြန်ဆုတ်ဖို့ အချိန်မရလိုက်တာမို့ လား။ ဟားဟား
ဖတ်လို့ ကောင်းလိုက်တာ နေကောင်းသွားပြီလား ညီမ အမတော့ ပြန်ပြန်ဖျားနေတယ်။
ReplyDeleteအစ်မရေ ကျနော်-နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာအပိုင်း(၄)တင်ထားတယ်သတင်းပို့ တာပါ။စာတွေလည်းလာဖတ်သွားပါတယ်။
ReplyDeleteကျည်ဝေဖြိုး
sis,
ReplyDeletei love this post very much ..
i'd like to send you one photo ..
how can i reach you, to send it ?
ma ei
sis,
ReplyDeletei love this post very much ..
i'd like to send you one photo ..
how can i reach you, to send it ?
ma ei
hee,hee,I just recently had an accident.I was too sick and hard to concentrate in driving.I sent two kids in school and shot to my work and I need to pass the Curtin University area and there are alot of international student driver and most of them are not good driver and most of them having first car and dangerous spot.anyway it was at my fault as I hit the slow moving car from front and it hit another one from it's front(chain reaction).luckily,no one was injured and my insurance paid for all the damages and wrote off my car for $2000.pls make sure you have your insurance update.so.you can have confidence financially whilst driving .
ReplyDeletelay1966@gmail.com