Monday, April 12, 2010

ရင်ထဲက စကား

အသက်ကလေးက ရလာတော့ ဘာရယ်မဟုတ်၊ ဟိုတွေး ဒီတွေးနဲ့ တွေးနေမိတတ်ပြီ။ အရှိန်နဲ့ လိမ့်နေတဲ့ ဘ၀ယန္တရားကြီးကို ခဏ နား၊ နောက်ပြန် လှည့်ကြည့်၊ ဘ၀မှန်ကူကွက်တွေကို အစီအရီ စီကာ စဉ်ကာ နေမိတတ်တယ်။

ငယ်ငယ်က အကြောင်းတွေ ပြန်တွေးရမှာ ဘယ်တော့မှ မပျင်းခဲ့။ အမေက ၀လုံးလေးတွေ ၀ိုင်းဝိုင်းရေးတတ်အောင် သင်ပေးတယ်။ အဖေက ကဗျာလေးတွေကို မပီကလာ ပီကလာ ဖြစ်ပေမဲ့ အသံသာသာ နဲ့ ဆိုတတ်အောင် သင်ပေးတယ်။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက မတ်မတ်ရပ်ဖို့ ကြိုးစားနေတဲ့ ကိုယ့်ကို ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ လို့ လက်ခုပ်တီးပြီး အားပေးခဲ့ကြတယ်။

ဒီလိုနဲ့ ကိုယ့်ရဲ့ နှေးပေမဲ့ တိုးတက်လာတဲ့ သေးသေးကွေးကွေးလေးတွေအတွက် မိဘကို ဦးဆုံး ကျေးဇူးတင်မိပါတယ်။ ပြီးတော့ သူတထူးကို ကျေးဇူးတင်တတ်တဲ့စိတ်ကို မိဘက အမွေပေးခဲ့တယ်။ တခုခုကို ကိုယ်ရတိုင်း သမီးရေ..ကျေးဇူးတင်ပါတယ် လို့ ပြောလေ.. တဲ့။ ကျေးဇူးတင်ပါတယ် မမ၊ ကျေးဇူးတင်ပါတယ် ကိုကို..၊ ..ဦးဦး၊..ဒေါ်ဒေါ် စသဖြင့်..။

စာသင်ခန်းထဲရောက်တော့ ကိုယ်တို့ရဲ့ မြန်မာစာပေဆိုတာကိုက ကျေးဇူးတရားသိတတ်ခြင်း ဆိုတာက စ ခဲ့တာကို သိလာတယ်။ ရာဇကုမာရ်ကျောက်စာ ဆိုတာ မိဘကို ကျေးဇူးတရား သိတတ်ခြင်း ရဲ့ အထင်အရှား သမိုင်း မှတ်တမ်းတခု။




ဒါနဲ့ ကောင်းခြင်းတခုခုကို လက်ခံရရှိတိုင်း ကျေးဇူးတင်ရမယ် ဆိုတာ သိတတ်လာတယ်။ ကျေးဇူးတင်ဖို့ မမေ့လျော့အောင် ကြိုးစားမိလာတယ်။ နောက်တော့ နားလည်လာတာက ကိုယ်လိုချင်တဲ့ ပစ္စည်းဥစ္စာတခုခု ရလိုက်မှ မဟုတ်ဘဲ စိတ်ချမ်းမြေ့မှုတခု၊ စိတ်ကြည်နူးစရာတခု သူ့ကြောင့် ကိုယ်ရရှိလိုက်ရင်လဲ ကျေးဇူးတင်ရမှာပဲ။

အဲဒီအခါ ကျေးဇူးတရားက ပိုကျယ်ပြန့်သွားပြီ။
ပို့စကဒ်ထဲက စာကြောင်းတကြောင်းကလဲ အများကြီး စကားပြောသွားတတ်တယ်။ ကိုယ်ထိုင်ဖို့ သူ ထ ပေးလိုက်တဲ့ အပြုအမူကလဲ ကျေးဇူးပဲ။ သူကြည့်ဖို့ မျှပြီး သူ့ဖက် ပိုရွှေ့ ပေးလိုက်တဲ့ ဖတ်စာအုပ်လေးကြောင့်လဲ အနီးကြီးနီးသွားခဲ့ပြီ။ မိုးထဲမှာ ကိုယ့်ဖက်ကို တိုးပေးလိုက်တဲ့ ထီးစောင်းစောင်းလေးတချောင်းဟာလဲ ကျေးဇူးတရားကို မှတ်တမ်းပြုတတ်ပါသေးတယ်။

တခါတလေတော့ ဟင်းလေးတမယ်၊ လက်ဖက်လေးတပွဲ၊ ကိတ်မုန့်လေး တချပ်၊ ရေခဲမုန့်လေး တခု.. အဲဒါလေးတွေကို သတိတရ ရိုက်ပြီး ပို့တဲ့ဓာတ်ပုံလေးကိုက တဖက်လူရဲ့ သဒ္ဓါတရား ခေါင်းလောင်းမြည်သံကို ကြည်ကြည်နူးနူး ကြားလိုက်ရတတ်တယ်။

သူ့ဖာသာသူ စပ်လိုက်တဲ့ ကဗျာလေးတပုဒ်ကလဲ ကိုယ့်စိတ်ကို ကြည်နူးသွားစေလို့ ကျေးဇူးတင်မိတာပဲ။ ကိုယ့်ကို ဘာတခွန်းမှ မပြောဘဲ ငဲ့ညှာလိုက်တဲ့ အပြုအမူလေးတခုကလဲ ကိုယ့်ရင်ကို ကျေးဇူးတရားတွေနဲ့ လှုပ်ခါစေခဲ့ပြီ။

နောက်ထပ် တဆင့်တိုးပြီး ကိုယ်စဉ်းစားမိတယ်။ ကိုယ့်ကို တိုက်ရိုက် မဟုတ်ဘဲ ကိုယ်ချစ်ခင်သူတွေကို စိတ်ချမ်းသာစေတာကိုလဲ ကျေးဇူးတင်ရမှာပါပဲ။ ကိုယ့်မိဘကို ဂရုစိုက်တဲ့အတွက် ကိုယ့်မောင်နှမသားချင်းတွေကို ကျေးဇူးတင်တယ်။ သူတို့ရဲ့ မိတ်ဆွေအပေါင်းအသင်း၊ တပည့်တပန်းတွေကို ကျေးဇူးတင်တယ်။ ကိုယ့်အမ၊ ညီမ၊ သူငယ်ချင်းတွေကို ကြင်နာတဲ့အတွက် သူတို့ချစ်သူတွေကို ကိုယ်ကျေးဇူးတင်တယ်။ ကိုယ့် တူ၊ တူမလေးတွေ ပျော်ရွှင်တဲ့အတွက် သူတို့မိဘတွေကို ကိုယ်ကျေးဇူးတင်တယ်။

နောက်တော့ ဒိထက် ပိုပြီး ကျေးဇူးစက်ဝန်းကို ပိုချဲ့ထွင်ခဲ့ကြတယ်။ ကိုယ့်မိသားစု သေးသေးလေး ကနေ တဆင့် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်ချစ်တဲ့ ကိုယ့် တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် အလုပ်လုပ်နေတဲ့သူတွေကို ကိုယ်တို့က ပိုလို့တောင် ကျေးဇူးတင်သင့်တာပေါ့။ သူတို့က လူတဦးချင်းစီရဲ့ လိုအပ်ချက်တွေကို စိတ်စေတနာ သဒ္ဓါတရားထက်ထက်သန်သန် နဲ့ မိမိကိုယ်ကျိုး လုံးလုံးမပါဘဲ ကိုယ်တတ်စွမ်းရာ နေရာကနေ အကျိုးပြုနေကြတာမဟုတ်လား။

တချို့ဆိုရင် ကန့်သတ်ချက်၊ ဘောင်တွေ မတရားစည်းမျဉ်းတွေကြားကနေ စေတနာ သဒ္ဓါတရား ထက်ထက်သန်သန်နဲ့ အလုပ်လုပ်ကြတယ်။ မနိုင်ဝန်ကို မျှထမ်းကြတယ်။ ဘ၀မှာ အေးအေးဆေးဆေးနေနိုင်ပါလျက် မငြိမ်းချမ်းနိုင်ဘဲ သူ့အပူ ကိုယ်မျှယူလို့ လူမှုရေး လုပ်ကြတယ်။ အတိုက်အခံလုပ်ပြီး တချို့ ထောင်ကျ တန်းကျ လူမှုရေး လုပ်ကြရတယ်။ ဘာဖြစ်လို့လဲ။

လိုအပ်ချက်တွေကို မျက်နှာမလွှဲပစ်နိုင်တဲ့ စိတ်ကောင်းလေးတခုကြောင့်သာ ဖြစ်မှာပဲ လို့ ရိုးရိုးလေး တွေးမိပါတယ်။ ကောင်းတဲ့လူက ကောင်းတဲ့အလုပ်ကို လုပ်တာ ဘာဖြစ်လို့ ကိုယ်တို့က appreciate မလုပ်နိုင်ရမှာလဲ။ ကောင်းတဲ့ လုပ်ငန်းတွေ လုပ်နေတာကို အားပေးတာတောင်မှ ရာဇ၀တ်မှုလုပ်နေရသလို သိုသိုသိပ်သိပ် မလုပ်ချင်ပါဘူး။ တိုးတိုးတိတ်တိတ် မလှူဒါန်းချင်ပါဘူး။ သူတို့တွေကို ကျေးဇူးတင်ပါတယ်ဆိုတာ ရဲရဲဝံ့ဝံ့ မပြောပြသင့်ဘူးလား။

အခု ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာပြည်သူ ပြည်သားတွေက ပြည်တွင်းမှာ လူမှုရေးလုပ်နေတဲ့ ပုဂ္ဂိုလ်ထူး တွေကို ကျေးဇူးတင်ကြောင်း ပြောတဲ့ ပွဲလေးတခု လုပ်ကြမယ် တဲ့။ အမေရိကားမှာ ရှိတဲ့ မြို့ကြီး ၁၄မြို့မှာ ရှိတဲ့ မြန်မာတွေ ပေါင်းပြီး လုပ်ကြမှာပါ။ ပြည်တွင်း ပြည်ပ မည်သူမဆို ပါဝင်လို့ရတယ် လို့ ဖိတ်ခေါ်ထားပါတယ်။

မြန်မာပြည်သူ ပြည်သားတွေရဲ့ အကျိုးကို စေတနာ့ဝန်ထမ်း သယ်ပိုးတဲ့အတွက် ဒီလူရှိခြင်း ဟာဖြင့် မြန်မာပြည်အတွက် ဂုဏ်ယူစရာ တရပ်ပါပဲ လို့ လူသိရှင်ကြား အသိအမှတ်ပြုတဲ့ပွဲပါ တဲ့။ မြန်မာပြည်သူတွေရဲ့ ဂုဏ်ကို ဆောင်လို့ “ပြည့်သူ့ဂုဏ်ရည် (Citizen of Burma Award)” ပေးချင်တာပါ တဲ့။ အဲဒီ website ကို ဒီ link လေးကနေ သွားနိုင်ပါတယ်။

ကိုယ်လဲ တတ်အားသ၍ လှူလဲ လှူတယ်၊ ကူလဲ ကူတယ်။ vote လုပ်ပြီး မဲလဲ ထည့်ပါတယ်။ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကိုလဲ ဒီဝက်ဆိုက်ကို သွားလေ့လာပြီး vote လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ အချိန်တိုတွင်းမှာ လုပ်ရတဲ့ ပထမဆုံးနှစ်ဖြစ်တဲ့အတွက် လိုအပ်တာတွေ ရှိပါတယ်။ သတင်းအချက်အလက်တွေ နောက်နှစ်တွေမှာ ပိုပြည့်စုံနိုင်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

ကိုယ်တို့ လှူနိုင်တဲ့ အလှူငွေအင်အားက သူတို့ရဲ့ လုပ်ရပ်တွေနဲ့စာရင် မပြောပ လောက်တာ အမှန်ပေါ့။ ဒါပေမဲ့ ဒီဂုဏ်ပြု အလှူငွေဟာ ဘယ်အစိုးရရဲ့ ထောက်ပံ့ကြေးမှ မဟုတ်ဘူး၊ ငွေကြေးရှင်ကြီးတွေရဲ့ အခွန်ကင်းလွတ် သဒ္ဓါကြေးတွေ မဟုတ်ဘူး။ ပြည်ပက ပင်ပင်ပန်းပန်း အလုပ်လုပ်သူတွေရဲ့ stressful life တွေကြားက ရလာတဲ့ ချွေးနည်းစာတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ကျေးဇူးတင် ဂုဏ်ပြုပ၀ါလေး နဲ့ အသေအချာ ထုပ်ပိုးထားတဲ့ ဖြူစင်တဲ့ သာဓုခေါ်မှုသာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာပြည်မှာ လူမှုရေးလုပ်နေတဲ့သူတွေ အင်မတန်ကို များပြားလှတယ်။ မြန်မာတွေရဲ့ စိတ်ရင်းကိုက ကူညီချင်စိတ်က အရင်းခံတဲ့အပြင် တိုင်းပြည်ကလဲ အစစအရာရာမှာ လိုအပ်နေလေတော့ တယောက်တလက် တွဲထူကြရတာ..။

အဓိက က ဒီလူတွေဟာ လူသားပီသစွာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ လူမှုဘ၀မြှင့်တင်ရေး အတွက် တထောင့်တနေရာကနေ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး စွမ်းစွမ်းတမံ လုပ်နေပါလား၊ ဒါဟာ ငါတို့ မြန်မာပြည်သားတွေ ဂုဏ်ယူထိုက်တဲ့ လူတွေပါလား လို့ အများသိပြီး သာဓုခေါ် ကြည်နူးပီတိ မျှဝေချင်တာ..။

နိုင်ငံရပ်ခြားမှာ နိုင်ငံခြားအဖွဲ့အစည်းတွေက လူ့တန်ဖိုးကို လိုက်ပြီး လူ့အခွင့်အရေးဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ၊ စာပေနဲ့ အနုပညာဆိုင်ရာ ဆုတွေ ရှိကြပါတယ်။ အဲဒီထဲက ဆုတချို့တွေကို မြန်မာပြည်က ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ လူပုဂ္ဂိုလ်တွေ ရကြတယ်ဆိုတာ မုဒိတာပွားစရာ သိဖူး မှတ်ဖူးပါတယ်။

ဒါပေမဲ့ မြန်မာပြည်သားကို မြန်မာပြည်သူ ပြည်သားတွေကိုယ်တိုင်က appreciate လုပ်၊ အသိအမှတ်ပြု ဆု ချီးမြှင့်တာတော့ ကြားခဲလှပါတယ်။ ကိုယ့်အဖို့မှာတော့ ကိုယ့်လူမျိုးတယောက်ရဲ့ လုပ်ရပ် ကို ကိုယ့်ပြည်သူ ပြည်သားက ချီးမြှင့်ဂုဏ်ပြုတယ်ဆိုတာကို ပိုတန်ဖိုးထား အလေးအနက်ပြုမိပါတယ်။ နောင်တချိန် လွတ်လပ် မျှတ တဲ့ လူ့ဘောင်သစ်တခုမှာ တိုင်းပြည်က တင့်တင့်တယ်တယ် အသိအမှတ်ပြု ဂုဏ်ပြုရမှာပါ။

ရိုးရိုးလေးပါပဲ။ ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်နေသူများကို ကျမ ကျေးဇူးတင်ပါတယ် လို့ သေသေချာချာ ပြောပါတယ်။

မိုးချိုသင်း

Saturday, April 10, 2010

အဝေးက သင်္ကြန်

ဘာလိုလိုနဲ့ အတာကူးတဲ့ နှစ်ဦးသင်္ကြန်ကိုတောင် ရောက်ပါပြီ။

ကိုယ်ငယ်ငယ် လူမှန်းသိတတ်စ အရွယ်ကတည်းက သင်္ကြန်ဆိုတဲ့ အသံကြားရင်၊ သင်္ကြန်သီချင်းသံ မြူးမြူးကြွကြွအသံကြားရင် ရင်ထဲမှာ ပျော်ပြီး တလှပ်လှပ် နဲ့ နေတတ်တယ်။ သင်္ကြန်ရေ ဘယ်လောက်စိုစို ဘယ်တော့မှ မဖျားဘူး။ အတာရေဟာ လူကိုကျန်းမာစေသတဲ့။ အတာရေအေးနဲ့ ကိုယ်၊ စိတ် မကောင်းတဲ့ အညစ်အကြေးတွေကို ဆေးကြောရသတဲ့။

အခုတော့ တူးပို့ တူးပို့သံ မကြားရတဲ့ အရပ်မှာ ပိတောက်ပန်းရနံ့လေးကို လွမ်းမိတယ်။ ရေစိုစိုမှာ မျောလာတဲ့ ပိတောက်ကြွေလေးတွေကို သတိရတယ်။ ခွက်စုတ်ကလေးနဲ့ ရေကြွက်မြီးတန်းလေးကို ခံပြီး ပက်ရတာကို ပျော်ခဲ့တယ်။ ရေစိုစိုမှာ ထမိန်တုပ်တုပ်နဲ့ လမ်းလျှောက်ခဲ့ရတာကို ပြန်ခံစားမိတယ်။

မြနန္ဒာ ဆိုတဲ့ အသံကြားရင် တိတ်တိတ်ကလေး လက်လေးတွေ ချိုးပြီး က နေမိတတ်တာကို ဘယ်လိုလုပ် မေ့မလဲ။ သင်္ကြန် သံချပ်တွေ နားထောင်ရင်း ပြုံးပျော် ရယ်မောခဲ့ရတဲ့ လွတ်လပ်မှုလေး ပြန်လိုချင်သေးတယ်။ ကျနော် ရေလောင်းမယ်နော် လို့ ခပ်တိုးတိုး ခွင့်တောင်းတာကိုလဲ ခေါင်းအသာညိတ် ခွင့်ပြုလိုက်ချင်သေးတယ်။

ဒီလိုနဲ့ ခပ်ဝေးဝေးက ချောင်းကြည့်နေခဲ့ရတဲ့ သင်္ကြန်လေးတွေဟာ အလွမ်းတွေ တစိုစို နဲ့ ရင့်ကျက်ခဲ့ရပါပြီ။ အခု ဘယ်လို သင်္ကြန်မျိုးများလဲ လို့ ငေးမော တွေးတော..။ ပိတောက်ပွင့်ကြွေလေးတွေနဲ့အတူ ဘီယာတွေ စီးနေတဲ့ သင်္ကြန်လား၊ ပိတောက်ပန်းနံ့တွေကို ဖုံးလွှမ်းနေတဲ့ အကင်နံ့တွေနဲ့ သင်္ကြန်လား၊ မိန်းကလေးတွေ ပိုပိုလှလာတဲ့ သင်္ကြန်လား။ ခွက်ကလေးတွေနဲ့ ရေပက်တမ်း ဆော့နေကြမဲ့ ကလေးသူငယ်လေးတွေက ဘီယာ စီးကရက် လိုက်ရောင်းစီးပွားရှာနေတဲ့ သင်္ကြန်လား။ မီးစက်သံတွေ ကြွက်ကြွက်ညံနေတဲ့ သင်္ကြန်လား။

ဘာပဲပြောပြော သင်္ကြန်ဟာ ခေတ်ကို ပေါ်ပေါ်ထင်ထင် လှစ်ဟ ပြနေမှာပါပဲ။ သင်္ကြန်ခံစားမှုတွေ အမျိုးမျိုး ဘယ်လိုပဲ ပြောင်းသွားသွား သင်္ကြန်ကိုတော့ ချစ်နေမိမှာပါပဲ။ ဒါကြောင့်မို့ အဝေးက သင်္ကြန်ကို စူးစမ်းချင်စိတ်တ၀က်နဲ့ အဖေ့ ကဗျာလေးတပုဒ်ကို အမှတ်တရ တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

အချစ်ရေ နဲ့ အချစ် သင်္ကြန်

မြန်မာနိုင်ငံ၌
သင်္ကြန် ကျပြီ။

အကတွေ အခုန်အပျံ
ဗုံသံတွေ အတောမသတ်
မမောတတ်နိုင်အောင် သင်္ကြန်ပွဲ
ဆင်နွှဲနေကြရော့မလား။

ကြည်း ရေ လေတပ်တွေကြောင့်
မီးရေလေပြတ်ပြီး
သမီးတွေ အပ်ရတဲ့ ကိန်း ဆိုက်နေပြီလား။

အဝေးက မှန်းပြီး
ဆွေးသမျှ လွမ်းရတဲ့
အေးမြတဲ့ သင်္ကြန်ပန်းကလေးပါ။

နှစ်တွေသာပြောင်း
ခေတ်တွေ စနစ်တွေက မပြောင်းသေးတော့
အချစ်ရေတကောင်းနဲ့ မလောင်းနိုင်ဘူးကွယ်။

တင်မိုး
၁၃၊ ၄၊ ၂၀၀၅

မြန်မာပြည်က ပိတောက်ဖူးတခက်ကို ကိုယ်တိုင်ချိုးပြီး ပန်ခွင့်ရတဲ့ သင်္ကြန်တော့ ကြုံရ ဆုံရအုံးမှာပါ လို့ အားတင်းနေမိပါသေးတယ်။

မြန်မာနှစ်ဦးမှာ မြန်မာပြည်သူ ပြည်သား အပေါင်း အန္တရာယ်ကင်းပြီး ငြိမ်းချမ်း ပျော်ရွှင်နိုင်ပါစေ လို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

မိုးချိုသင်း