လူတွေဆိုတာ တယောက်နဲ့တယောက် ဘယ်လိုမှ အကြိုက်ချင်း မတူနိုင်ဘူး။ တထပ်တည်း မကျနိုင်ဘူးလေ။ ဒီလိုရေးလို့ ချိုသင်းတယောက် ဘာတွေ ပျိုးနေပြန်ပြီလဲလို့ ထင်ကြအုံးမယ်။ ဘာမှ မပျိုးရပါဘူး။ တယောက်နဲ့တယောက် မတူညီကြတာလေးတွေကို တွေးမိလို့ပါ။
ကိုယ်နဲ့သူမှာလဲ အိမ်ထောင်သာကျလာတာ မတူတဲ့အချက်တွေက တော်တော်များတာပါ။ အဲဒီတော့ မတူတာတွေ ထိုင်ရေးနေရင်လဲ ဒီည မအိပ်လိုက်ရဘဲ မနက်ရုံးကို အိပ်ချင်မူးတူးနဲ့ တန်းအလုပ်ဆင်း လိုက်ရလိမ့်မယ်။ အဲဒီတော့ တူတာတွေ ပြောရင် ပိုတိုမယ် ထင်တာပဲ။
အကြိုက်အတူဆုံး အချက်ကို ပြောရရင်တော့ နှစ်ယောက်စလုံး ရုပ်ရှင်ကြိုက်ကြတာကိုပါ။ ရုပ်ရှင်များကြည့်နေရင် ငြိမ် နေတာပဲ။ နှစ်ယောက်သား အားရက်ဆိုရင် ရုပ်ရှင်ရုံအောက်မှာ သွားမော့နေတာ တွေ့ရမယ်။
ရုံးအားရက်တွေမှာ ဆဲလ်ဖုန်းကို ဆက်လို့ မကိုင်တော့ဘူးဆိုရင် သဘောသာပေါက်ပေတော့ လို့ ရင်းနှီးသူတွေကို ပြောထားရတယ်။ နည်းနည်းစောသေးလို့ ဖုန်းကိုင်ရင်လဲ ကိုင်လိုက်တာနဲ့ ဟိုဖက်က သူငယ်ချင်းက ဒီနေ့ ဘာကားလဲဟေ့ တဲ့။ မေးပုံက။ မသိတဲ့သူဆို ကားပွဲစား လုပ်နေသလား ထင်မှာ။
ကိုယ် ဒီအမေရိကားကို စ ရောက်လို့ ပထမဆုံး ရုပ်ရှင်ကြည့်တဲ့ညကို သတိရမိသေးတယ်။ ဟောလိဝုဒ်ရှိတဲ့ ရုပ်ရှင်မြို့တော်မှာ နေမိရက်သားဖြစ်နေတာမို့ ကိုယ်ကြည့်ချင်တဲ့ကားတွေ ဦးဦးဖျားဖျား ကြည့်ရတော့မှာ တွေးပြီး အရမ်းဝမ်းသာနေတာ။ ဒါနဲ့ ရုံထဲဝင်ဖို့ လက်မှတ်ပြတော့ လက်မှတ်စစ် လူကြီးက ကိုယ့်အမျိုးသားကို မေးတယ်လေ။ ခင်ဗျားရဲ့အမျိုးသမီး ဒီလောက်ပြုံးနေအောင် ဘာတွေများ လုပ်ထားသလဲ သိချင်လိုက်တာ တဲ့။ တကယ်တော့ သူက ဘာမှ လုပ်ထားတာ မဟုတ်ဘူး။ ဒီက ရုပ်ရှင်တွေ ကြည့်ရတော့မယ် ဆိုပြီး ပလပ်ပလပ် ဖြစ်နေတာ။
ရုပ်ရှင်ကြည့်တဲ့လူတွေကလည်း အမျိုးမျိုးအစားစား ရှိသေးတာ။ သောကြာနေ့ညမှာ ကြည့်တဲ့လူက တမျိုးတစား၊ စနေ၊ တနင်္ဂနွေမှာ ကြည့်တဲ့လူက တမျိုးတစား။ သောကြာနေ့ညတွေမှာဆို လူငယ်တွေ အများဆုံး တွေ့ရတယ်။ လူငယ်သူငယ်ချင်းအုပ်စုတွေ၊ လူငယ်စုံတွဲတွေ အများဆုံး တွေ့ရတယ်။
အဲလိုညတွေမှာ ရုပ်ရှင်ကြည့်မယ်ဆိုရင် ခပ်ဟော့ဟော့ ကားလေးတွေပဲကြည့်၊ ဒါမှ ပရိသတ်နဲ့ လိုက်တယ်။ အသေအချာ ခံစားရမဲ့ကား၊ အလေးအနက် ထားရမဲ့ကားတွေဆို ဘယ်တော့မှ သောကြာည သွားမကြည့်လေနဲ့။ ကိုယ်က ဖီလင်နဲ့ကြည့်နေ၊ သူတို့က စကားပြော၊ ဆူညံနေဆိုရင် ပျက်ရောပဲ။
စနေ၊ တနင်္ဂနွေမှာဆို မိသားစုတွေ လာကြည့်တာများတယ်။ အဖိုးကြီးအဖွားကြီး စုံတွဲလေးတွေလဲ လာကြတယ်။ တချို့ အသက်ကြီးကြီး အဖွားကြီးတွေဆို နှုတ်ခမ်းနီလေးတွေဆိုးလို့၊ ပုတီးလေးတွေဆွဲလို့၊ နှစ်ယောက်စလုံး သန့်သန့်ရှင်းရှင်းလေးတွေ ၀တ်စားပြီး တယောက်လက် တယောက် ကြင်ကြင်နာနာဆွဲလို့ ရုပ်ရှင်လာကြတယ်။
အဲလိုမြင်ကွင်းတွေတွေ့ရင် ကိုယ်က သူ့ကို ပြရတယ်။ ကြည့်စမ်း၊ တို့တွေလဲ ကြီးရင် အဲလို နေမှာ။ ကြီးတဲ့အထိ ရုပ်ရှင်တွေကြည့်ပြီး အမြင်ချင်းဖလှယ်လို့။ ဘ၀ကို ဒီလိုမျိုး enjoy လုပ်ကြတယ်။ အဲလိုမျိုး အသက်ရှည်ရင်တော့ ကောင်းမှာပဲပေါ့။
အဖေရှိတုန်းကတော့ ကိုယ်တို့ ရုပ်ရှင်ကြည့်မယ်ဆိုရင် အဖေမရှိတဲ့အချိန်၊ အဖေ ခရီးထွက်တဲ့အချိန်မှပဲ ရုပ်ရှင်သွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေက ရုပ်ရှင် မကြိုက်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တနေရာတည်းမှာ ငြိမ်ပြီး ပိတ်ကားကို စိုက်ကြည့်ပြီး ကြာကြာ မနေချင်ဘူး။ မိတ်ဆွေနဲ့ အပေါင်းအသင်းနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားပြောရတာကို ပိုသဘောကျတယ်လေ။
အဖေ့သဘာဝက ၅မိနစ်လောက် ငြိမ်ငြိမ်လေး နေလိုက်ရင် တခါတည်း အိပ်ပျော်သွားရော။ အရမ်းအပူအပင် ကင်းတယ်။ ချက်ချင်းအိပ်နိုင်၊ နိုးနိုင်တယ်။ အဲဒါ အဖေ့မိတ်ဆွေ သူငယ်ချင်းတိုင်း သိကြတယ်။ ခုပဲ စကားပြောနေ၊ ခုပဲ အိပ်ပျော်သွားတတ်တာမျိုးပါ။
တနေ့တော့ ကိုယ်တို့ ၃ယောက်သား ရုပ်ရှင် သွားကြည့်ကြရော ဆိုပါတော့။ ကားနံမည်က မြူးနစ်ခ် တဲ့။ တကယ့်အဖြစ်အပျက်ကို ပြန်ရိုက်ထားတာဆိုတော့ အဲဒီလို ဖြစ်ရပ်မှန်တွေကို မလွတ်တမ်းကြည့်တဲ့ ကိုယ်တို့က မအောင့်နိုင်တော့ဘူး။ အဖေ့ကို သွားကြည့်ရအောင် ပြောတော့ အဖေကလဲ စိတ်ဝင်စားတယ်။ ကြည့်ကြတာပေါ့ တဲ့။
အစ ပထမတော့ ဟုတ်လို့ပဲ။ အဖေကြီးက စိတ်ဝင်တစားကြည့်နေတာ။ ကိုယ်ကလဲ ဇာတ်ကားကို ကြည့်လိုက်၊ အဖေများ ပျင်းနေသလားလို့ အဖေ့မျက်နှာကြည့် အကဲခတ်လိုက်ပေါ့။ နောက် ၅မိနစ်လောက်ကြာတော့ ရုံထဲမှာ အေးကလဲအေး၊ ငြိမ်ကလဲ ငြိမ်နေရတာဆိုတော့ အဖေ အိပ်ပျော်သွားပါလေရော။
ပထမတော့ ကိုယ်က ကောင်းခန်းတွေ လွတ်သွားမှာစိုးလို့ အဖေ့ကို တိုးတိုးလေး နှိုးသေးတယ်။ မရပါဘူး။ အိပ်တာမှ ဟောက်တောင် ဟောက်နေသေးတာပါ။ ရုပ်ရှင်နဲ့ အပြိုင်ပေါ့လေ။ ဟောက်သံက နည်းနည်းကျယ်လာတော့ ဘေးကလူတွေက ခပ်ရှမ်းရှမ်း ကြည့်ကြတယ်။ ကိုယ်ကလဲ ပြန်ပြုံးပြရတာပေါ့။ အဖေ့တော့ မနှိုးနိုင်ပါဘူးဆိုတဲ့ အပြုံးမျိုးပေါ့။
အဲဒီအချိန်မှာ ၀ုန်းဒိုင်းဆိုပြီး ရုပ်ရှင်ထဲမှာ သေနတ်တွေ ထ ပစ်ကြပါလေရော။ အဲဒီတော့ အဖေလဲ အရမ်းလန့်ပြီး နိုးလာတယ်။ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ သမီး တဲ့။ ကိုယ့်လက်ကို ဆုပ်ပြီး မေးတယ်။ အော် အဖေ၊ အဲဒါ သေနတ်ပစ်ကြတာလေ၊ အိုလံပစ် အားကစားသမားတွေကို ပြန်ပေးဆွဲပြီး ပစ်သတ်လိုက်တဲ့ အခန်းလေ။ အော်၊ အေး အေး။ အဖေ လွတ်သွားလို့ အဖေ့ကို ပြန်ရှင်းပြပါအုံး တဲ့။ အဲဒါနဲ့ ကိုယ်လဲ တတ်သ၍ မှတ်သ၍ နားလည်သလောက် နောက်ကြောင်းပြန်ပြီး ပြန်ရှင်းပြရတာပေါ့။
အဖေကလဲ ခေါင်းညိတ်ပြီး နားထောင်တယ်။ ရှင်းလဲ ပြပြီးရော၊ ခဏနေတော့ ပြန်အိပ်ပျော်သွားပြန်ပါရော။ တော်တော်ကြာတော့ ဟောက်သံထွက်လာပြန်ပါရော။ ဘေးကလူတွေကလဲ ထပ်တော့ကြည့်ကြသေးတယ်။ ဒါပေမဲ့ တကားလုံး အဖေက အိပ်လိုက်၊ ဟောက်လိုက်၊ လန့်နိုးလာလိုက်၊ သမီးက ရှင်းပြလိုက်နဲ့ဆိုတော့ နောက်တော့လဲ ရိုးသွားပုံရပါတယ်။ ကိုယ်တို့ကို ကြည့်ပြီး ပြုံးနေကြတယ်။
ရုံပြင်ထွက်လာတော့ ကောင်းရဲ့လား အဖေဆိုတော့ အေး၊ အေး တဲ့။ (တကယ်တော့ အိပ်လို့ ကောင်းတာ နေမှာ) ဟိုတလောကလဲ မနှင်းနဲ့ ဘယ်လ်ဂျီယံမ်မှာ ရုပ်ရှင်သွားကြည့်သေးတယ် တဲ့။ (မနှင်းဆိုတာ ကိုယ့်အမအငယ် ကို ပြောတာပါ) ဘာကားသွားကြည့်တာလဲ ဆိုတော့ Brokeback Mountain တဲ့။ ဟာ အော်စကာကားပဲ၊ အဖေ ကြိုက်ရဲ့လား ဆိုတော့ ပြန်ဖြေပါတယ်။ Brokeback မဟုတ်ဘူး၊ ဗရုတ်ဗရက် မောင်တိန် ပဲ သမီးရ။ ယောကျာင်္းချင်း ကြိုက်ရတယ် လို့ တဲ့။ ဟုတ်သားပဲ။ အဲဒီကားက gay တွေအကြောင်း ရိုက်ထားတာလေ။
အော် အဖေကြီးကို လွမ်းလိုက်တာနော်...။
မိုးချိုသင်း
အမ...
ReplyDeleteလာဖတ်ပီး ပြုံးသွားပါတယ်
အင်း..... တခါမှ မကြည့်ဖူးတဲ့
ReplyDeleteဗရုက်ဗရက် မောင်းတိန်းတောင်
လွမ်းစရာ ဖြစ်သွားပါပေါ့....
အိမ်က မာတာမိခင်လဲ အမအဖေလိုပဲ ။
ReplyDeleteအမလေး…ပြောတာနဲ့တင် သွားရည်ယိုသဗျိုး။ စင်္ကာပူမှာရှိတဲ့ ရုပ်ရှင်ရုံတွေကတော့ အော်စကာကားတွေဆိုရင် ရှောင်ကွင်းပြီးပြသလားလို့တောင် အောက်မေ့ရတယ်။ ကျနော်တို့မှာ အခွေလေးတွေ ၀ယ်ကြည့်ပြီးတော့ဘဲ ရသစိတ်ဖြေ နေရရှာတယ်။
ReplyDeleteမ ရယ်…ဒီpostဖတ်ရတာကိုက သားအဖနှစ်ယောက်ရဲ့ အလွမ်းရုပ်ရှင်ကြည့်နေရသလိုပဲ…
ReplyDeleteအမရေ Munich ထဲမှာ ဗုံးပေါက်တော့ရော ဆရာက အိပ်နေသေးတာပဲလား
ReplyDeleteGreat.................
ReplyDeleteIt is real sad movie .
ကျနော်တော့ ဒီက ရုပ်ရှင်ရုံကို နှစ်ခါလား ရောက်ဖူးတယ်။ ရမ်ဘိုကားတုန်းကတခါ၊ Jumper ကားတုန်းက တခါ...။ ရုံထဲမှာက sound effect တွေကို သေသေချာချာ ခံစားရအောင် လုပ်ထားတော့ သေနတ်ပစ်သံတို့၊ ဗုံးကွဲသံတို့ဆိုရင် အနားမှာ လာပစ်နေခတ်နေ၊ ဗုံးကွဲနေသလားတောင် မှတ်ရတာ...။ အဲဒါ ဆရာကြီးက အိပ်လို့တောင် ပျော်တယ်ဆိုတော့ အမရေးသလိုပဲ တော်တော်ကို အပူအပင်ကင်းတာပဲ။ အမ အခုရေးထားတာ သားအဖနှစ်ယောက်ရဲ့ ရုပ်ရှင်ရုံထဲက အဖြစ်အပျက်ကို မျက်စိထဲမှာ ရုပ်ရှင်ပြကွက်လို မြင်ယောင်စေတာမို့ အလွမ်းရုပ်ရှင်ဆိုတဲ့ ခေါင်းစဉ်နဲ့လဲ လိုက်ဖက်ပါပေ့ဗျာ။
ReplyDelete