Thursday, November 27, 2008

မဆုံးတဲ့ အလွမ်း

အခုတလော စာမရေးဖြစ်တာကြာပြီ။ ကြားရတဲ့သတင်းတွေကလဲ မကောင်းဘူး။ ၆၅ နှစ်တဲ့၊ အနှစ် ၂၀ တဲ့၊ ၄၅ နှစ်တဲ့။ အမိန့်ချတဲ့လူတွေတောင် အဲဒီလောက် အသက်မရှည်နိုင်ဘဲနဲ့ ပါးစပ်ထဲရှိတာ လျှောက်ပြော၊ လျှောက်လုပ်နေတာ ရှက်စရာကောင်းလှတယ်။ အဲဒီလောက်လဲ မကြောက်ကြပါနဲ့။

ဒီမနက်မှာတော့ ကိုဇာဂနာ့အမျိုးသမီး မလွင်မာနဲ့ ဖုန်းပြောဖြစ်တယ်။ နောက်ထပ် ၁၄ နှစ်တဲ့ ညီမရေ..တဲ့။ ပထမအကြိမ် ၄၅ နှစ် ချပြီးသား။ နောက်တိုး ၁၄နှစ်ဆိုတော့ စုစုပေါင်း ၅၉ နှစ်ပေါ့။ ဒါပေမဲ့ အကိုက သီချင်းလေးဆိုပြီး ထောင်ထဲ ပြန်ဝင်သွားတယ် တဲ့။ နောက်ထပ် တရားရုံးကို ထပ်လာစရာ မလိုတော့ဘူး။ သူ့ဝေစု ပြီးပြီ။ ဘယ်လောက် နှစ်တွေ တပ်တပ်၊ မမှုပါဘူး။ ဒါတွေက ကိန်းဂဏန်းတွေပဲ။

လွန်ခဲ့တဲ့ ၁၅နှစ်ကျော်ကပေါ့။ ကိုယ်တို့ မိသားစုလဲ ဒီလို အဖြစ်မျိုး ကြုံဖူးတယ်။ အဲဒီတုန်းက ကဗျာဆရာကို ကဗျာရေးလို့ ၄နှစ် ထောင်သွင်း အကျဉ်းချစေ တဲ့။ အဲဒီတုန်းက ကိုယ်တို့က အမေဆုံးပြီးခါစ၊ အဖေက ကဗျာဆရာဆိုတော့ စိတ်က နူးနူးညံ့ညံ့မို့၊ ကိုယ်တို့ကလဲ သမီးတွေမို့ ကိုယ့်အဖေကို ပူမိတာပေါ့။

အဲဒီ ၄နှစ်စလုံး ထောင်ဝင်စာ တွေ့ခွင့်ရတဲ့ စနေနေ့တွေတိုင်း ကိုယ်တို့ မောင်နှမတတွေ တွေ့ခွင့်တိုကင်ယူတိုင်း အမြဲတမ်း တိုကင် နံပါတ် (၁)။ ထောင်ဝင်စာ စ လက်ခံချိန် မနက် ၆နာရီဆိုရင် ကိုယ်တို့ ညီအမတွေကို ထောင်ဗူးဝမှာ တွေ့ရပြီ။ အစောဆုံးပဲ။ ၄နှစ်စလုံး တကြိမ်မှ မပျက်ခဲ့ဘူး။ အမြဲတမ်း တိုကင် နံပါတ် (၁) ပဲ။

ဒါပေမဲ့ နိုင်ငံရေးသမားတွေကို ဘယ်လောက်ပဲ တိုကင်စောယူထား၊ ယူထား၊ နေ့လည် ၂နာရီကျော်မှ ပေးတွေ့တာပါ။ သူတို့ဖာသာ ဘယ်အချိန်မှ ပေးတွေ့ပါစေ၊ ကိုယ်တို့ကတော့ ကိုယ့်ဝတ္တရားမပျက် တိုကင် အစောဆုံးယူတာပဲ။ သူတို့လဲ သူတို့အလုပ် လုပ်သလို၊ ကိုယ်ကလဲ ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ။

ထောင်ဆိုတာက မျက်စိပိတ်၊ နားပိတ်တဲ့ နေရာ။ မျက်လုံးကန်း၊ နားမကြား၊ စကားပြောခွင့် ဆွံ့အ ရတဲ့ နေရာ။ မသွားနိုင် မလာနိုင် ခြေကျိုး လက်ကျိုးသလို ဖြစ်ရတဲ့ နေရာ။ ကိုယ်ချစ်ခင်သူတွေနဲ့ အတူတကွ မနေရ တဲ့ သီးခြား အကျဉ်းစံ နေရာ။ မိတ်ဆွေ အပေါင်းအသင်းကို ချစ်တဲ့ အဖေ၊ အနုပညာ အလှအပကိုသာ ခံစားပြီး စိတ်အေးချမ်းချင်တဲ့ အဖေ့အတွက် လူသတ်သမားတွေ၊ လူဆိုးတွေနဲ့ အခန်းကျဉ်းလေးမှာ စားအတူအိပ်အတူ လူ့အခွင့်အရေးဆိုတာ မူးလို့ ရှူစရာမရှိတဲ့ နေရာမှာ အဖေနေရရှာတာကို တွေးပြီး ခံစားခဲ့ရတာ။

ကဗျာဆရာမို့ စိတ်ကလေးက နုနုမို့ အဖေများ စိတ်ဆင်းရဲနေမလား၊ စိတ်ဓာတ်ကျနေမလား တွေးပြီးပူပန်ရတွေဟာ အဖေနဲ့ ထောင်ဝင်စာ တွေ့ပြီးတာနဲ့ အားတွေရှိပြီး ပြန်လာရတယ်။ အထဲကလူက အပြင်ကလူကို အားပေးတယ်။ သံဇကာကြားက အဖေ့ကို ကြည့်တိုင်း ထောင်ဝတ်စုံ အဖြူလေးနဲ့အတူ မျက်နှာက အမြဲ ပြုံးရွှင် ကြည်စင်နေတာ။

အဖေ့ စိတ်အခြေအနေပြ ဂရပ်ဖ်မှာ အမြဲတမ်း ပုံမှန်။ လောက အထုအထောင်းကို တည်တည်ငြိမ်ငြိမ်ပဲ ရင်ဆိုင်ခဲ့တယ်။ ထိတွေ့ခွင့်တောင် မရတဲ့ သံဇကာ နှစ်ထပ်ခြားပြီး တွေ့ရတဲ့ ၁၀မိနစ်၊ ၁၅မိနစ်မှာ သမီးတွေကို ခွန်အားတွေ ပေးလိုက်တယ်။ ဒါတွေဟာ ဘာမှ အရေးမကြီးဘူး၊ အဖေတို့ဟာ အမှန်တရားကို ချစ်မြတ်နိုးတဲ့အတွက် ခံရတာ ရှက်စရာ မဟုတ်ဘူးလို့ သင်ပြ ခဲ့တယ်။ မတရားတာကို လက်မခံတာ၊ ငြိမ်မခံနေတာသာ လူ့ဘ၀ရဲ့ တန်ဖိုးဖြစ်တယ်လို့ စိတ်ဓာတ်အမွေ ပေးခဲ့တယ်။

ဒါကြောင့် ကိုယ်ဒီဝတ္ထုလေးကို အဲဒီတုန်းက အဖေ့မွေးနေ့မှာ ရေးဖြစ်ခဲ့တာပါ။ အဖေ့ကို ချစ်တာပေါ့၊ ခွဲနေရရင် လွမ်းတာပေါ့။ ဘာငြင်းစရာ လိုမလဲ။ ဒါပေမဲ့ အဖေနဲ့တွေ့ပြီးတိုင်း ကိုယ့်စိတ်တွေ ပိုခိုင်မာလာသလိုပဲ။ အဖေ့ကိုလဲ စိတ်ချတယ်။ ဒါဟာ ကိုယ့်အဖေ၊ တရားမျှတမှုအတွက် ထောင်ကျခံနေတာ ကိုယ့်အဖေလို့ ပြောရဲတယ်။

ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုဘဲ လိပ်ပြာလုံတဲ့အတွက် လူကြားထဲမှာလဲ နေရဲ သွားရဲပါတယ်။ တချို့ပုဂ္ဂိုလ်ကြီးများလို လွတ်လပ်တဲ့ အပြင်မှာ တိုက်ကြီးတာကြီးနဲ့ ဟိန်းနေအောင် နေနိုင်ပေမဲ့ ပြည်သူကြားထဲမသွားရဲလို့ အစောင့်အရှောက်တွေနဲ့ ကိုယ့်ဖာသာကိုယ် မသေမချင်း ထောင်ချခံနေရတဲ့သူတွေနဲ့တော့ ကွာချင်တိုင်း ကွာပေလိမ့်မယ်။ ဒီလို ဘ၀သေတဲ့ အဖြစ်မျိုး ကိုယ်တို့ ဘယ်တော့မှ မမက်မောဘူး။

ဒါကြောင့် လွန်ခဲ့တဲ့ ၁၅နှစ်၊ ၁၉၉၃ ဖေဖော်ဝါရီလ မဟေသီ မဂ္ဂဇင်းမှာ ပါခဲ့တဲ့ မဆုံးတဲ့ အလွမ်း ဆိုတဲ့ ၀တ္ထုတိုလေးကို ပြန်တင်လိုက်ပါတယ်။ အဲဒီတုန်းက စာပေစိစစ်ရေး လွတ်အောင်လို့ အဖေ့ကို နာမ်စားသုံး ရေးခဲ့ရတာပါ။ အဲဒီဝတ္ထုတိုလေးကို သရုပ်ဖော်ပုံဆွဲပေးခဲ့တာ ပန်းချီဆရာ ကိုမုတ်သုန်ပါ။ သူက လှောင်အိမ်ထဲက ငှက်ကလေး တကောင်ပုံရယ်၊ ဆံပင်နှစ်ဖက်စည်းထားတဲ့ ကလေးမလေး တယောက်ပုံရယ်ကို ဆွဲပေးခဲ့ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

မဆုံးတဲ့အလွမ်း
မဟေသီ၊ ၁၉၉၃ခု၊ ဖေဖေါ်ဝါရီလ။

တဆိတ်ကျေးဇူးပြုပြီး ကျမတောင်းပန်ပါရစေရှင်။ ကျမကိုမသနားကြပါနဲ့။

ကျမရဲ့ ကံမကောင်းမှုဟာ တကယ်တော့ ဘာမှမပြောပလောက်ပါဘူး။ ကျမဟာ ကံထူးတဲ့ မိန်းမတယောက်လို့မပြောနိုင်ပေမဲ့ သူနဲ့စာရင်တော့ ကျမ ကံကောင်းပါသေးတယ်။
ကျမမှာ ကိုယ်စိုးကိုယ်ပိုင်ခြယ်လှယ်နိုင်တဲ့ စိတ်ကလေးရှိသေးတယ်။ ကျမသွားချင်ရာကို သွားလာနိုင်တယ်။ ကျမပြောချင်တဲ့စကားတွေ ပြောနိုင်တယ်။ အယူအဆတွေ ဆွေးနွေးချင် ဆွေးနွေးနိုင်တယ်။ မဆွေးနွေးပဲ နေချင်လည်း နေနိုင်တယ်။ သီချင်းဆိုချင်လည်း ဆိုနိုင်တယ်။ ကျမဘေးမှာရှိတဲ့ ပတ်ဝန်းကျင်အလှအပထဲမှာလည်း နစ်မျောချင်နစ်မျောနိုင်သေးတယ်။ ဘယ်လောက်ကျေနပ်စရာကောင်းလဲ။
ဒါပေမယ့် ကံဆိုးတဲ့မတော်တဆဖြစ်ရပ်တခုကြောင့် မျက်လုံးတွေ ပျက်စီးသွားရှာတဲ့၊ ခြေလက်တွေကျိုးပဲ့ကုန်ရတဲ့၊ စကားဆွံ့အသွားရှာတဲ့၊ သူတွေမှာတော့….။

အဲဒီနေ့ကစပြီး ဘယ်တော့မှခွဲလို့မရတဲ့ကျမတို့ နှစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ကြရ တာပါပဲလေ။ ကျမအတွက် စိတ်ထိခိုက်မှုဟာ အကြောင်းတချက်ပဲရှိပါတယ်။ အဲဒါကတော့ သူနဲ့ကျမ ချစ်လျက်နဲ့ ခွဲခွာရခြင်းပါပဲ။

ကျမသူ့ကို အမြဲသတိရနေမိတယ်။ အဲဒီသတိရခြင်းမှာ လွမ်းဆွတ်ကြေကွဲစွာ ထိခိုက်ခြင်းဟာ ထိပ်ဆုံးက ပါနေပါလိမ့်မယ်။ ကျမရဲ့ နှလုံးသားထဲမှာ သူ့ကိုလွမ်းဆွတ်ခြင်းတွေနဲ့ ကိုက်ခဲနေတတ်ရဲ့။ သူ့အတွက်သောကတွေနဲ့ တအုံနွေးနွေးရှိနေတတ်ရဲ့။

သူအခုအချိန်မှာ ဘယ်လိုများနေပါမလဲ။ ကျမရဲ့အောက်မေ့ခြင်းတွေဟာ သူ့ဆီကို တန်းတန်းမတ်မတ် အရောက်သွားနေကြပါပြီ။

ခုချိန်မှာ သူဟာ ဆေးရုံပြတင်းပေါက်လေးကနေပြီး အပြင်ကိုတမျှော်တခေါ်ကြီး ငေးကြည့်နေမယ်ထင်တယ်။ ဒါပေမယ့် သူဘာမှမြင်ရမှာမဟုတ်ဘူး။ သူ့မျက်လုံးအိမ်ထဲမှာ အလွမ်းငွေ့တွေပြည့်နေမှာလား။ သူ မလွမ်းပါစေနဲ့လို့ ကျမဆုတောင်းနေပါရစေ။ သူ့ရဲ့ ပင်ပန်းတဲ့ စိတ်ကလေးမှာ အလွမ်းဒဏ်ဖြင့် ဝန်မပိစေလို။
တခါတလေမှာတော့ ပြတင်းပေါက်ကို လက်ထောက်ပြီး သူ့ရဲ့တခုတည်းသောအာရုံဖြစ်တဲ့ အသံတွေကို နားစိုက်ထောင်နေမှာပဲ။ ကားသံ၊ စကားပြောသံ၊ အလှူခံတဲ့အသံချဲ့ စက်ကအသံ၊ ရယ်မောသံ၊ သူသဘောကျတဲ့ ငှက်ကလေးတွေသီချင်းဆိုသံရော နားစွင့်နေမှာလား မသိဘူး။

ဟိုး မဝေးလှတဲ့ အတိတ်ကလေးဆီမှာ ကျမတို့ ပျော်ရွှင်ခြင်းများနဲ့ အရည်ပျော်ခဲ့ရတာတွေ ခုချိန်မှာ ပြန်မတွေးပါရစေနဲ့။ သူ့ရဲ့လစ်ဟာမှုဟာ ကျမရင်ထဲမှာ ကြီးစိုးအနိုင်ယူလွန်းလို့ ကျမစိတ်တွေကို မနည်းတင်းထားရတာပါ။ သူဟာ ကျမအပေါ်မှာ မိုးထားတဲ့ အေးမြသိပ်သည်းတဲ့ အရိပ်ကလေးပါ။

ဒီအချိန်ဆို သူလက်ဖက်ရည်သောက်ချင်နေလိမ့်မယ်။ လက်ဖက်ရည်ဆိုင်မှာ အစဉ်ပြုံးချိုနေတဲ့ ကလေးမျက်နှာလေးနဲ့ သူကတော့ သူ့မိတ်ဆွေတွေနဲ့ စကားဖောင်နေရတာ အကျေနပ်ဆုံးလို့ သူ ထုတ်မပြောလည်း ကျမ သိပါတယ်လေ။

သူ့အတွက်ဆိုပြီး အိမ်ရှေ့ ကွမ်းယာဆိုင်လေးမှာ သုခိတာ(ရွှေပတ်မဟုတ်) နှစ်ကျပ်ဖိုး ပြေးပြေးဝယ်ရတာလဲ လွမ်းမိတယ်။ သူအသားညိုညိုမှာ လက်ဖဝါးကျတော့ ဖောင်းပြီးနီရဲလို့။ ဘယ်တော့မှ အလုပ်ကြမ်း မလုပ်ဘူးတဲ့လက်။ အဲဒီလက်က ဖောင်တိန်ပဲ ကိုင်ဖူးတဲ့လက်ပါ။ အဲဒီလက်ဖောင်းဖောင်းလေးတွေနဲ့ ကျမဝမ်းနည်းအားငယ်နေတဲ့ အချိန်တွေမှာ နွေးနွေးထွေးထွေးဆုပ်ကိုင် အားပေးခဲ့တာတွေလည်း ဘယ်မေ့နိုင်မှာလဲ။

သူနဲ့အတူတူသွားနေကျ လမ်းနီနီလေးမှာ ကျမတယောက်တည်း ခေါင်းငုံ့ပြီး လျှောက်နေရတယ်။ သူက ခေါင်းငုံ့လျှောက်တာ မကြိုက်ဘူး။ “ရဲရဲလျှောက်စမ်းပါ” တဲ့။ “ပျော်ပျော်ရွှင်ရွှင် လျှောက်စမ်းပါ” တဲ့။ သူက ချိုမြပေမယ့် ရဲရင့်တယ်လို့ ကျမထင်တယ်။

နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ သူနဲ့အတူ လျှောက်လည်ခဲ့တာတွေ သတိရနေသေးတော့တယ်။
ကျမယုံကြည်ပါတယ်၊ သူ့ဘဝမှာ တခါမှ အိမ်ထဲမှာကုပ်နေဖို့ စဉ်းစားခဲ့တာ မဟုတ်ဘူး။ လမ်းပေါ်မှာ လျှောက်သွားရင်း သဘာဝတောတောင်အလှကိုခံစားမယ်။ တိုးတက်လာတဲ့ အဆောက်အဦတွေကို ငေးမောမယ်။ ကြုံရာလူတန်းစားမရွေးနဲ့ မိတ်ဆွေဖြစ်ပြီး ဗဟုသုတအသစ်အဆန်းတွေ တိုးမယ်။ ဒါတွေဟာ သူ့ရဲ့စိတ်ရောလူပါ ပင်ပန်းသမျှကို အပန်းဖြေတဲ့နည်း တခုတဲ့လေ။

အခုရော သူဘယ်လိုများနေမှာပါလိမ့်။ ပြင်ပလောကဟာ သူနဲ့မသက်ဆိုင်သလို အခန်းအောင်းနေရတာကို သူဘယ်လောက် ငြီးငွေ့လိုက်မလဲ။ ဖြုန်းကနဲ လက်ခံလိုက်ရတဲ့ အခြေအနေတခုမှာ သူနေတတ်အောင် ကြိုးစားနေရမှာပဲလို့ ကျမ ထိခိုက်မိပါတယ်။

သူ့မှာ အံ့သြစရာကောင်းတဲ့အချက်တခုရှိသေးတယ်။ အဲဒါကိုလည်း ကျမချစ်တယ်။ သူ အိပ်ချင်ပြီဆိုရင် “အိပ်ချင်ပြီ”လို့ စကားမဆုံးခင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်တဲ့လူမျိုးပါ။ ဒါဟာလည်း စိုးရိမ်ပူပန်စိတ်တွေ ဖျောက်ထားနိုင်လို့ပေါ့။ သူ့မှာ စိတ်ညစ်စရာတွေရှိမှာပဲ။ ဒါပေမယ့် သူက စိတ်ကိုအမြဲရှင်းနေတဲ့လူမျိုး။ စိတ်ညစ်စရာကို ခေါင်းထဲမှာ ကြာကြာအောင်းမထားဘူး။ အဲဒီ အကျင့်ကို ကျမ ကြိုးစားပြီးကျင့်ယူရတာအမော။

ကျမမှာသာ ညညဆို ဟိုတွေး ဒီတွေး ဟိုကိစ္စစိုးရိမ် ဒီကိစ္စစိုးရိမ်နဲ့ တော်တော်နဲ့ မအိပ်ဖြစ်ဘူး။ အဲဒီအချိန်မှာ သူရဲ့အိပ်မောကျတဲ့ ဟောက်သံကတော့ တအိမ်လုံးမှာ သံစဉ်အမျိုးမျိုးနဲ့ပါ။ ဒီလို သူ့အကြောင်း ချစ်စနိုးတွေးမိတော့ အခုအချိန်မှာရော စိတ်လက်ချမ်းသာ အိပ်နိုင်သေးရဲ့လားလို့ စိုးရိမ်ပူပန်မိပြန်ရော။
အခုလို သူ ကျမနဲ့ဝေးနေချိန်မှာ သူနဲ့ပတ်သက်ရင် ဘာတခုမှ မစိုးရိမ်သင့်တာ မရှိဘူးလို့ ကျမက ခေါင်းမာစွာ ယူဆထားတယ်လေ။ ကျမ မလွန်ပါဘူးနော်။

သူနဲ့ ကျမမှာ တူတဲ့အချက်တွေရှိသလို ကွဲပြားချက်တွေလဲ အများကြီးပဲ။ သူ စိတ်ရှည်လွန်းသလောက် ကျမ စိတ်တိုလွယ်တယ်။ သူက အရာရာကို အကောင်းမြင်တဲ့စိတ်မျိုးနဲ့ ကြည့်တတ်ပြီး ကျမကတော့ မကောင်းရင် မကောင်းသလို သဘောမကောင်းတတ်ဘူး။ သူ့မှာ ရောင့်ရဲစိတ်ရှိပြီး ကျမကတော့ လိုချင်ပြီဆိုရင် မရမကပဲ။ သူက ဆုံးမစကားတောင် နားဝင်ချိုအောင် ပြောနိုင်ပြီး၊ ကျမကတော့ သာမန်စကားတောင် ဒိုးဒိုးဒေါက်ဒေါက်ပဲ။ ဒါပေမယ့် ကျမရဲ့ မကောင်းတဲ့အကျင့်တွေဟာလည်း သူ့ရဲ့ နားဝင်ချိုတဲ့ ဆုံးမစကားအောက်မှာ ဝပ်တွားသွားရတာပဲလေ။

သူနဲ့အတူ ခေါင်းချင်းဆိုင်ပြီး စာတွေအတူဖတ်ချင်ပါသေးရဲ့။ ကျမတို့နှစ်ယောက်ရဲ့ ဆွေးနွေးပွဲလေးဟာ သင်္ကြန်ပွဲတခုလို ပျော်စရာကောင်းနေတတ်တယ်။ လွတ်လပ်ပွင့်လင်းတဲ့ ဆွေးနွေးပွဲဟာ ဘယ်တော့မှ ပျင်းစရာမကောင်းတာ ထုံးစံပဲ မဟုတ်လား။

သူက ငှက်ကလေးတွေ နိုးတတ်တဲ့အချိန်မှာ ထထပြီး ကဗျာတွေရေး။ ပဲပြုတ်သည် သုံးလေးယောက် ဖြတ်လျှောက်သွားပြီးချိန်မှ ကျမကနိုးတော့ သူက ကဗျာတွေရေးပြီးနေပြီ။ ကျမက သူ့ကဗျာတွေ အသံထွက်ပြီးဖတ် သူက ဆေးလိပ်ဖွာရင်း နားထောင်။

အဲဒီအချိန်ကလေးတွေဟာ ကျမ အမြတ်နိုးဆုံးအချိန်တွေထဲက တခုမို့ လွမ်းဆွတ်မိတာ ပြောမပြနိုင်အောင်ပါပဲ။ အခုဆို သူ့ကဗျာဟောင်းလေးတွေကို ကျမ တယောက်တည်း ဖတ်နေရပြီ။ သူကလည်း ကျမစာတွေကို ဖတ်နိုင်ပါသေးရဲ့လား။

သူနဲ့ ကျမ ကွဲကွာမှုဟာ တာရှည်ကြာလွန်းလိုက်တာလေ။ တကယ်တော့ ကျမတို့နှစ်ယောက်ဟာ ဘယ်သူ့ဘယ်သူမှ နှုတ်မဆက်ရပါပဲ ဝေးကွာခဲ့ကြရတာပါ။ လက်တွဲဖြုတ်ခဲ့ကြရပေမယ့် သူ့ရဲ့နွေးထွေးတဲ့ အငွေ့အသက်က ကျမ လက်ဖဝါးမှာ ဘယ်လိုမှ ဖျောက်ဖျက်မရနိုင်စွာ စွဲထင်ကျန်ရစ်နေတုန်း …။

တကယ်ပါ။ တောင့်တတိုင်းသာ ဖြစ်ရရင် ကျမဟာ နာရီပြင်သမားတယောက်ဖြစ်နေမှာပဲ။ နာရီလက်တံတွေကို မြန်သထက်မြန်အောင် ရွေ့ နေမိမယ်ထင်တယ်။ မန္တလေးဈေးချိုနာရီစင်မျိုးဆိုရင်တော့ ခက်ခဲပါစေ လှေကားထောင်ပြီး တက်ရတာပ။ အမြန်ဆုံး၊ အမြန်ဆုံး ပျော်ရွှင်စွာ ဆုံကြရမယ့်ရက်တွေဆီကို…။

သူနေတဲ့အိမ်ကလေးမှာ သူ့ပစ္စည်းတွေ၊ သူ့ကုတင်လေးတွေ၊ သူ့စာအုပ်လေးတွေဟာ အရင်ပုံစံအတိုင်း မပြောင်းမလဲ။ သူ့ကို မြတ်နိုးချစ်ခင်လွန်းလှတဲ့ ကျမရဲ့ မျှော်လင့်စိတ်တွေကလည်း …။

ဒီနေ့ဟာ သူ့မွေးနေ့ပါ။ သူ အိမ်ပြန်လာနေကျလမ်းကလေးကို မျက်နှာမူပြီး ရှိရှိသမျှ တံခါးပေါက်တွေကို အကုန်ဖွင့်ပြီး ခုံသေးသေးလေး တလုံးနဲ့ ကျမဟာ သူချစ်တဲ့စာရေးခြင်းအလုပ်ကို တိတ်ဆိတ်ကြေကွဲစွာ လုပ်နေမိတယ်။ ကျမ ခေါင်းထိပ်က ဆံဖျားကနေ အောက်ဆုံးက ခြေဖျားလေးအထိ သူ့ကို သတိရစိတ်တွေနဲ့ တုန်ယင်နေခဲ့တယ်။ ကျမ သူ့မွေးနေ့ကို ဘယ်လိုတည်ငြိမ်စွာ ရင်ဆိုင်ရပါ့မလဲ။

သူပြန်နေကောင်းလာမှာပါနော်။ သူနေကောင်းသွားတဲ့အခါ သူ ဒီအိမ်လေးကို ပြန်လာမှာပဲဆိုတာ ကျမ ယုံကြည်ပါတယ်။ ဒီနေ့မှာ ကျမဟာ မြတ်စွာဘုရားသခင်ရှေ့ မှောက်မှာ ယုံကြည်လေးနက်စွာ သူ အမြန်ဆုံးကျန်းမာစွာ ပြန်ရောက်ရှိလာဖို့ ထပ်ခါတလဲလဲ ဆုတောင်းခြင်းသည်သာ အတတ်နိုင်ဆုံးဖြစ်ပါတယ်။ ကျမရဲ့ အိမ်ကလေးဟာလည်း သူရှိမှာသာ ချောက်ချားဖွယ်ရာအိပ်မက်က နိုးထလာနိုင်တော့မှာ အမှန်ပဲ။

ခြေဖဝါးတွေ ထုံကျင်လာတဲ့အထိ မြတ်စွာဘုရားရှေ့ မှောက်မှာ ကျမ ရပ်နေမိဆဲ..။ ကျမဟာ လိုချင်စိတ်နဲ့ ဘုရားရှိခိုးသူ မဟုတ်ခဲ့ပါ။ အခုအချိန်မှာတော့ ကျမဟာ ယခင်အခြေအနေနဲ့ ဆန့်ကျင်စွာ …။ ဘုရားသခင် ရှေ့ မှောက်၌ မျှော်လင့်ချက်တခုအတွက် ရူးသွပ်စွာ….။ တောင်းပန်တိုးလျှိုးစွာ….။ ခယဝပ်တွားစွာ….။ နီရဲစိုစွတ်သော မျက်လုံးအစုံနှင့်…..။ စိုးရိမ်ပူပန်သော မျက်လုံးအစုံနှင့်….။ မျှော်လင့်တကြီးရှိလှသော မျက်လုံးအစုံနှင့်……။

မွေးနေ့တိုင်းမှာ သူ့မိတ်ဆွေတွေနဲ့ ဆုံကြတာတွေကို သူသတိရနေမှာပဲ။ သူများမွေးနေ့တွေမှာ အလိုက်တသိ သတိတရရှိလွန်းလှတဲ့ သူ့အတွက် ကျမလေ မရေးတတ် ရေးတတ်နဲ့ ကြိုးစားဖွဲ့ထားတဲ့ ကဗျာလေး တပုဒ်စ၊ နှစ်ပုဒ်စ ပို့လိုက်ချင်ပါရဲ့။ ကာရံမညီမညာနဲ့ ကျမ ကဗျာလေးကို သူဖတ်ရရင် လက်ရှိဘဝက ခဏလွတ်မြောက်ပြီး ရယ်မောနိုင်စေချင်လို့ပါ။ ဒါမှမဟုတ် “တဂိုး”ရဲ့ ကဗျာ တပိုင်းတစ ……

ဝေဒနာ
ငြိမ်းပါစေကြောင်း
ဆုတောင်းခြင်းမပြုလို။

နာကျင်ခြင်းအား
မှုမထားပဲ
ကျော်လွှားနိုင်ကြောင်း
အသည်းကောင်းလိုသည်။


(“ဗမိုး” ဘာသာပြန်)

ဆိုတဲ့ကဗျာလေး တပိုင်းတစပဲဖြစ်ဖြစ် သူ့အတွက် မွေးနေ့လက်ဆောင်။ ဒါပေမယ့် စာငတ်မွတ်နေတဲ့ သူ့မျက်လုံးလေးတွေက ဖွင့်ထားပေမယ့် မြင်မှမမြင်ရဘဲ။

သူနဲ့ ကျမရဲ့ ကွဲကွာခြင်းဟာ သူကျန်းမာတဲ့တနေ့ကျရင် အဆုံးသတ်ရမှာပါ။ ကျမတို့ဟာ လူချင်းဝေးပေမယ့် စိတ်ချင်းမဝေးပါဘူး။ ကံကြမ္မာက ကျမတို့ကို တသီးတခြားစီခွဲထားပေမယ့် စိတ်ချင်းကိုတော့ ဘယ်လိုနည်းနဲ့မှ ခွဲထားလို့မရနိုင်ဘူး။ ဒါကို ကျမ ယုံကြည်ပါတယ်။

ဒါပေမယ့် အရာရာတိုင်းဟာ ဖြည်း ဆေး နှေး ကွေး လေး လံ လျက် နေဆဲပါ။ သမရိုးကျလောကကြီးကို ဘယ်အရာတွေက နိုးကြားဖျတ်လတ်စေမှာလဲ။ ကမ္ဘာလောကကြီးတခုလုံး ပေါ့ဆမှုကြီးထဲ နစ်မြုပ်နေသလိုပဲ။

အချိန်တွေ…..အချိန်တွေဟာ အကုန်မြန်လိုက်တာ။
အချိန်တွေ…..အချိန်တွေဟာ ကုန်နိုင်ခဲလိုက်တာ။

ညက အိပ်မက်ထဲမှာ သူ့ကိုတွေ့ရတယ်။ တခါမှမရောက်ဘူးတဲ့ ဆေးရုံးလေးထဲကို ကျမရောက်သွားတယ်တဲ့။ ဆေးရုံတခုလုံးဟာ လူအများကြီးရှိတယ်လို့ မထင်ရအောင် ဣနြေ္ဒကြီးနေတယ်တဲ့။ တချက်တချက် အော်ဟစ်ညည်းတွားလိုက်တဲ့ လူနာတွေရဲ့အသံသာ နံရံတွေပြန်ကြားရပြီး ကြက်သီးထစရာကောင်းနေတယ်။

သူနေတဲ့အခန်းမှာ လူနာကုတင်တွေဟာ လူသွားလမ်းကိုတောင် နေရာမပေးချင်တော့ဘူး။ ကုတင်တိုင်လေးတွေကို ပွတ်တိုက်တိုးဝှေ့ပြီး သူ့ဆီအရောက်သွားနေတဲ့ ကျမကို ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ လူနာတွေက မျက်လုံးပြူးကြောင်တွေနဲ့ သိစိတ်မဲ့ငေးကြည့်နေကြတယ်တဲ့။

သူ့ဘေးမှာတော့ ပြတင်းပေါက်လေးတပေါက်ရှိပြီး သူက ကျမလာနေတဲ့ဘက်ကို မျက်နှာလှည့်ထားတယ်။ သူမမြင်နိုင်တာကို မေ့ပြီး ကျမ လှမ်းလက်ပြမိတာကို စိတ်ထဲက ကိုယ့်ကိုယ်ကို ကျိန်ဆဲမိပါရဲ့။

သူ့အနားရောက်တော့ သူ့ရဲ့အကြောဆိုင်းနေတဲ့ လက်ကလေးတွေ၊ ခြေထောက်ကလေးတွေကို ကွေးချည် ဖြန့်ချည်နဲ့ ကြိုးစားပြီး လေ့ကျင့်ခန်းလုပ်နေတဲ့ သူ့ကိုတွေ့လိုက်ရတော့ ကျမရဲ့မြန်နေတဲ့ နှလုံးခုန်ချက်ဟာ ခဏ ရပ်တန့်သွားသလားပဲ။

ကျမ ခန္ဓာကိုယ်ဟာ သူ့ကုတင်ဘေးမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ယိမ်းထိုးနေပြီး သူ့ကို ငုံ့ကြည့်နေမိတယ်။ သူက ဘေးနားမှာ ရှိနေတာကို ခံစားမိပုံနဲ့ ဖျတ်ကနဲမော့ကြည့်တယ်။

အို ….. သူ့မျက်လုံးတွေက ကျမ စိုးရိမ်စိတ်တွေနဲ့ ဟိုးတခြားစီမှာ။ မမြင်နိုင်ပေမယ့် ကြည်စင်နေမြဲဖြစ်တဲ့ သူ့မျက်ဝန်းတွေမှာ တစုံတခုကို ကျမ အသေအချာတွေ့လိုက်ရတယ်။

အဲဒီနောက်မှာ သူ့အပေါ်စိတ်ချခြင်း၊ ကျေနပ်ခြင်း၊ အားပေးခြင်းတွေနဲ့ ကျမဟာ အသံမထွက်ပဲ မျက်လုံးချင်း စကားအများကြီး ပြောဖြစ်ခဲ့ပါတယ်။

အိပ်မက်တွေကို စိတ်မဝင်စားတဲ့ ကျမဟာ ဒီအိပ်မက်ကို အသေးစိတ်ကအစ ပြန်မှတ်မိနေတာ လောကရဲ့ အံ့သြစရာထဲက တခုပါပဲ။

ကျမ သူ့ကုတင်ဘေးက တိတ်တဆိတ်ပြန်ထွက်လာတော့ ကုတင်ခြေရင်းမှာ ဆေးမှတ်တမ်းကဒ်ပြားလေး ချိတ်ထားတာတွေ့လို့ ယူကြည့်လိုက်ပြန်တယ်တဲ့။

သူ့ရဲ့အခြေအနေပြ ဇယားကွက်လေးမှာ ဆေးရုံတက်ချိန်မှ အခုချိန်ထိ ဂရပ်မျဉ်းကြောင်းလေးဟာ အောက်ကိုလည်း မကျ၊ အထက်ကိုလည်း မတက်ပဲ သာမန်အခြေအနေအတိုင်း ပုံမှန်ရှိနေတာ အံ့သြစရာကောင်းအောင်ပဲ ကျမ တွေ့ခဲ့ရတယ်တဲ့။

ဒီထက်ထူးဆန်းတာကတော့ ရောဂါအမျိုးအစားမှာ သူ့ရဲ့ ကိုယ်လက်အင်္ဂါထိခိုက်မှုအကြောင်း ဆရာဝန်က တခုမှ မှတ်ချက်ရေးမထားပဲ စာလုံးကြီးကြီးနဲ့ စာကြောင်းတကြောင်းပဲ ရေးထားတာ ကျမတွေ့ရတယ်။

အဲဒါကတော့ …..
“နှလုံးသားထဲက ဒဏ်ရာ” တဲ့။

ကျမ အိပ်မက်ကလေးဟာ အဲဒီနေရာမှာပဲ ပြီးဆုံးသွားခဲ့ပါတယ်။


မိုးချိုသင်း

(သမီး ငယ်ငယ် အတွက် တင်တဲ့စာ)

37 comments:

  1. နာကျင်ရပါတယ်။ KM

    ReplyDelete
  2. အခုလို ပြန်ဖတ်ခွင့်ရတဲ့ အတွက် အမ မိုးချိုသင်း
    ကို ကျေးဇူးအရမ်းတင်ပါတယ်။

    ReplyDelete
  3. ငယ်ငယ်နဲ့မလွင်မာ အားတင်းနိုင်ပါစေ။

    ReplyDelete
  4. ညီမရေ အကိုတို့မိသားစုကတော့ လွန်ခဲ့တဲ့ ၂၇ နှစ်က စပြီး အဖေ့ကို ထောင်ဝင်စာ သွားတွေ့ရဖူးခဲ့တာ။
    ဒဏ်ရာတွေ ကြေမွနေတဲ့ မိသားစုတွေ
    ဘယ်လောက် များနေပြီလဲ။
    တွေးမိတိုင်း နာကျင်နေတယ်။

    ReplyDelete
  5. ခုလို ပြန်ဖော်ပြပေးတာ ကျေးဇူးပါ အမရေ။

    ReplyDelete
  6. မြတ်ကောင်းတို့ မိသားစု သူရို့အဖေကြီးရဲ့ အများအတွက် စွန့်လွှတ်ပေးဆပ်မှုကို ဂုဏ်ယူ နိုင်ပါစေ။ လေးစားစွာ ဦးညွှတ်လျှက်....... အညတရ

    ReplyDelete
  7. စိတ်ထိခိုက်မိတယ် အစ်မရယ်

    ReplyDelete
  8. အဲဒီကာလကတည်းက အဲဒီစာလေးကိုမဟေသီမှာ မဖတ်
    ဖူးခင်ကတည်းက ကဗျာဆရာအတွက်တွေးပူနေတဲ့သူ
    တွေအများကြီးရှိနေခဲ့တာကိုကိုယ်ကအပြင်လူတစ်ယောက်
    အနေနဲ့သိခဲ့ဖူးတယ်။
    တကယ်တော့ ကဗျာဆရာဆိုတာ အနူးညံ့ဆုံးနန်းကြိုးမျှင်
    လေးတွေလိုပဲ..ဒါဏ်ခံအားကောင်းတယ်..ဒါတော့သေ
    ချာပါတယ်...

    ReplyDelete
  9. ရင်ထဲနင့်နေအောင်ခံစားရပါတယ်အစ်မရေ..

    ReplyDelete
  10. အမရေ ရင်နဲ့ အမျှခံစားသွားပါတယ်။
    နံရံလေးဘက် ကာရံထားတဲ့ အခန်းထဲက ဘ၀ပေါင်းများစွာကို စာနာနားလည်စွာဖြင့်ပါ။
    အမပြောသလို နာရီပြင်သမား တစ်ယောက်ဖြစ်ပြီး အချိန်တွေကို ရွှေ့ ပေးနိုင်ရင်လည်းကောင်းသား။

    ReplyDelete
  11. အမရေ ဒီစာကို ဖတ်ရတာ လွမ်းဆွတ်စွာ ခံစားရပါတယ်...
    အမရယ် - ဒီလို ဒုက္ခတွေ မြန်မြန် အရှင်း ပျောက်စေချင်လှပါပြီ

    ReplyDelete
  12. လွန်ခဲ့တဲ့ ၁၅ နှစ်က..မချိုသင်း ရယ်..အခု ငယ်ငယ်လေးရယ်.. နောက်ထပ်.. ငယ်ငယ်လေးများရယ်.. အတွက်..အလေးအနက်..အားပေး ဆန္ဒပြုပါတယ်။ ဦးဇာဂနာ ပြောသလိုပဲ.. အဓိပ္ပါယ်မရှိတဲ့..ကိန်းဂဏန်းတွေမှာ.. အဓိပ္ပါယ်ရှိတဲ့..ဘ၀တွေကို နင်းချေဝါးမြိုဖို့ ကြိုးစားနေပေမဲ့..၀ိညဉ်တွေကို..အမြင့်ဆုံးမှာ လွှင့်တင်ထားနိုင်တဲ့..သူရဲကောင်းများအတွက်.. နံရံများ ပြိုလဲကျပါစေသား။

    ReplyDelete
  13. ဖတ်ရင်းနဲ့ စိတ်ထဲတော်တော်လေး ထိခိုက်မိပါတယ်။ နံရံတွေကြားမှာ မတရားမှုများစွာဖြင့် ပိတ်ခံထားရသော သူရဲကောင်းများအတွက် အမှန်တရား အလင်းရောင်ဟာ သစ္စာဝိဥာဉ်များနှင့်အတူ မတရားမှုနံရံတွေကို ချိုးဖောက် ထွက်ပေါ်လာမှာပါ။

    ReplyDelete
  14. စိတ်မကောင်းပါဘူးအမရာ။ စနစ်ဆိုးကြီးကို မုန်းတီးလှပါပြီ

    ReplyDelete
  15. အမရေ.. အခုလို အဖြစ်ဆိုးတွေကြုံနေရတဲ့ မိသားစုတွေအတွက် အလွမ်းတွေ ကုန်ဆုံးပါစေ.. အချိန်တွေ ကုန်မြန်ပါစေလို့ ဆုတောင်းတယ်.. စိတ်ထဲလည်း မကောင်းဘူး.. မတရားသက်သက်ကြီး ခံနေကြရတာ..

    ReplyDelete
  16. ကျွန်တော် ပြန်ဖတ်ချင်နေတာ အဲဒီ စာတစ်ပုဒ်ပဲ။

    ReplyDelete
  17. အစ်မရေ.. မိုးမခမှာ ဒီစာလေးကိုဆရာကြီးပုံနဲ့တွဲတင်ထားလို့ ထပ်ဖတ်ခဲ့သေးတယ်

    ReplyDelete
  18. အမတို့ကအစောဆုံးရောက်မှာပေါ့၊
    အင်းစိန်ထောင်နဲ့အိမ်နဲ့က ကျောချင်းကပ်နေတားကိုး၊
    စိတ်ဆိုးနဲ့နော်၊နောက်တာာ။
    လူငယ်တွေစကားပြေရင်ငေးကြည့်နေတတ်တဲ့ဆရာ့ကို သတိရတယ်ဗျာ။

    ReplyDelete
  19. အများပြည်သူ မကြည်ဖြူတဲ့သူဆိုတော့ ကိုယ့်အကြောင်းကိုသိပြီး လူကြားဘယ်သွားရဲမှာလဲ။

    သူတို့ က ကိုယ့်အရိပ်တောင် ကိုယ်ပြန်ကြောက်နေတဲ့ သူတွေ။

    ထောင်ဒဏ်တွေကြီးကြီးချလေ သူတို့ ကြောက်ကြောင်း အသုံးမကြကြောင်းပေါ်လေပဲ။

    ReplyDelete
  20. ဘာပြောရမှန်းမသိအောင်ဖတ်ပြီး ဆွံ့အနေခဲ့တယ် အစ်မMCT. ရင်ဘတ်ထဲရောက်သွားတာ ဆိုတာ ဒါလားမသိဘူးဗျာ ၊၊

    ReplyDelete
  21. မိသားစုတွေရဲ့ နှလုံးသားတွေမှာ ဒဏ်ရာကိုယ်စီ အနာရွတ်တွေကိုယ်စီ ရှိနေကြရတာ ...
    အဓိပ္ပာယ်မရှိတဲ့ ကိန်းဂဏန်းတွေ အမြန်ဆုံး ကုန်ဆုံးပါစေ.။

    ReplyDelete
  22. ချိုသင်းရေ..
    ဒီစာလေးဖတ်ပြီး အမအဖေကို သတိရမိတယ်..
    သူလဲ ဘယ်လိုနေရှာမလဲ...

    ReplyDelete
  23. ဖတ်ပြီး စိတ်မကောင်းပါ အစ်မရေ။

    ReplyDelete
  24. “xxxxx အချိန်တွေ…..အချိန်တွေဟာ အကုန်မြန်လိုက်တာ။
    အချိန်တွေ…..အချိန်တွေဟာ ကုန်နိုင်ခဲလိုက်တာ xxxxxxx။………………….”

    နင့်နင့်သီးသီး လွမ်းတဲ့ဒါဏ်ရာတစ်ခုကို ကုန်လွယ်သွားတဲ့ အချိန်တွေနဲ့ အားမရဖြစ်မိလိုက်၊ ဘာသာဖြေသိမ့်လိုက် ဖြစ်နေတဲ့ ဆန့် ကျင်ဘက်စိတ်ခံစားမှုအဖွဲ့ 

    “xxxxx သူက ခေါင်းငုံ့လျှောက်တာ မကြိုက်ဘူး။
    “ရဲရဲလျှောက်စမ်းပါ” တဲ့။ “ပျော်ပျော်ရွှင်ရွှင် လျှောက်စမ်းပါ” တဲ့။ သူက ချိုမြပေမယ့် ရဲရင့်တယ် xxxxxx ”………………

    ဒါပဲလေ..ဓားသွားထက် ကလောင်သွားထက်ဆိုတာ။ အင်မတန်မှာနူးညံ့သိမ်မွေ့ တဲ့ ကဗျာဆရာရဲ့ စိတ်ဓာတ်ဟာတစ်ဖက်မှာ ကျောက်ဆောင်ကျောက်သားပမာ မာကျောလို “့ ။ဒါကြောင့်ပဲသူ့ နှလုံးသားကစီးကျလာတဲ့စကားလုံးတွေဟာ လက်နက်ကိုင်ထားတဲ့သူတွေကိုစိန်ခေါ်နိုင်ခဲ့တာ။ ကြောက်ရွံ့ စေခဲ့တာ။

    “xxxxx ကျမက သူ့ကဗျာတွေ အသံထွက်ပြီးဖတ် သူက ဆေးလိပ်ဖွာရင်း နားထောင်။
    အဲဒီအချိန်ကလေးတွေဟာ ကျမ အမြတ်နိုးဆုံးအချိန်တွေထဲက တခုမို့ လွမ်းဆွတ်မိတာ ပြောမပြနိုင်အောင်ပါပဲ။xxxxx”….

    အင်မတန်မှ ကြည်နူးဖွယ်ကောင်းတဲ့သန္တရသကလေး ကိုလွမ်းလွမ်းဆွတ်ဆွတ်ရလိုက်တယ်..

    မဆုံးတဲ့အလွမ်း နဲ့ “နှလုံးသားထဲက ဒဏ်ရာ” ဟာ အတွင်း စိတ် ခံစားမှုနောက်ကို့ မျောပါခေါ်ဆောင်သွား နိုင်တဲ့ expressionism နဲ့ ဖွဲ့ ထားတဲ့ဝတ္ထုတိုကောင်းတစ်ပုဒ်လို့ ဆိုချင်တယ်။ ဟိုးတုန်းထဲက ဖတ်ခဲ့ဖူးသား။ ခုတော့ဘလော့ဂ်ကျေးဇူးကြောင့် စာရေးသူကိုတိုက်ရိုက်ကြီး ကိုယ်မြင်တဲ့ ခံစားမိသမျှ ကွန်မန့် ပေးလို့ ရသွားပီ။

    မောင်ရင်

    ReplyDelete
  25. ဖတ်ဖူးတယ်...
    တောင့်တတိုင်းသာ ဖြစ်ရရင် ကျမဟာ နာရီပြင်သမားတယောက်ဖြစ်နေမှာပဲ... ဆိုတဲ့ စာကြောင်းလေးကို မှတ်မိနေတယ်...
    ဒီကိန်းဂဏန်းတွေကြားထဲက မိသားစုတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့  စိတ်မကောင်းဖြစ်မိတယ်...။
    ဆုတောင်းကြတာပေါ့နော်...

    ReplyDelete
  26. အဲဒီလို စိတ်ဒဏ်ရာတွေဟာ ခုဆို.. ထောင်သေးသေးတွေထဲက လူတွေနဲ့အတူ.. ထောင်အကြီးကြီးနဲ့တူတဲ့ ဗမာပြည်ထဲက မိသားစုတွေရော..တိုင်းပြည်ပြင်ပရောက်နေပေမဲ့ ထပ်တူခံစားပူဆွေးနေရသူတွေဆီမှာရော.. အတိမ်အနက်သာ ကွာမယ်.. ဒဏ်ရာရပုံချင်းကတော့ အတူတူပဲ ထင်တယ်နော်..။ အဲဒီ နံရံတွေကို မုန်းတယ်။

    ReplyDelete
  27. မမိုး...
    နူးညံ့ပေမယ့် အင်အားတစ်ရပ်ပေးနိုင်စွမ်းတဲ့
    စာတွေကို လာဖတ်သွားပါတယ်...။
    ကိုယ်ချင်းစာတယ်ဗျာ....။
    ငယ်ငယ်တို့ သားအမိအတွက်လဲ စိတ်မကောင်းဘူး...။
    ထပ်တူထပ်မျှစိတ်မကောင်းဘူး...။
    ဒိထက်လေးနက်တဲ့ စကားလုံးတွေနဲ့ ပြောချင်ပေမယ့်
    နှိုင်းစရာ စကားလုံးမရှိဘူးဗျာ...
    ကိုယ်ချင်းစာပါတယ်ဆိုတဲ့  စကားက
    ကာယကံရှင်ရဲ့ ခံစားမှုခြေဖျားကိုတောင်မမှီပါဘူး....။
    သန်းရွှေဆိုတဲ့ နာမည်တူတွေ မြန်မာပြည်မှာ ရိုက်သတ်လို့ မကုန်အောင် ဖောင်းပွပေါများပေမယ့်...
    ဇာဂနာ....ဆိုတာ မြန်မာပြည်မှာ...
    တစ်ယောက်ဘဲရှိပါတယ်...
    နာမည်ကောင်းတဲ့ သမိုင်းနဲ့ လူသားပါ...။

    ReplyDelete
  28. အစ်မချိုသင်းရေ..


    မျက်ရည်တွေနဲ့ပြန်သွားရပါတယ်..။

    အိန္ဒြာ

    ReplyDelete
  29. တင်တဲ့စာနဲ့ အချိန်အခါ ကွက်တိပဲချိုသင်းရေ။ ငယ်ငယ်နဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ ရင်သွေးတွေ အတွက် ခွန်အားရှိတဲ့စာတပုဒ်ပါ။

    ReplyDelete
  30. အဲလိုစာမျိုးတွေဖတ်ရရင်မဖတ်ချင်ဘူး...
    ကိုယ်ချင်းစာစိတ်နဲ့ စိတ်မကောင်းဖြစ်ရတယ်..

    ReplyDelete
  31. မတရားမှုတွေရဲ့ နိဂုံးဆိုတာ ရှိကို ရှိရမယ်။

    ReplyDelete
  32. ဒီလောက်ယုတ်မာအောက်တန်းကျတဲ.ခွေသူတောင်းစားတွေ ဘယ်တော.များမှ ၀ဋ်လည်မှာလဲ

    ReplyDelete
  33. မမချိုသင်းရေ
    အနော့ဘလော့ကို လာလည်တာကျေးဇူးအများကြီး တင်ပါတယ်။ အနော့ဘလော့ကတော့ ဆွဲဆောင်မှု လုံးဝမရှိပါဘူး။ အမဆီကို လာရင်တော့ အမစာလေးတွေကိုဖတ်ပြီး နစ်မြောပျော်ဝင်သွား တယ်။

    မဆုံးတဲ့အလွမ်းကို ဖတ်ရတာ ရင်ကိုထိရှစေတယ်။ အရေးအသားသိပ်ညက်ညောပြီး ကောင်းလှတဲ့အမ
    အနော်အရမ်းလေးစားတယ်
    ချိုမာ
    www.kyiphyupaing.blogspot.com

    ReplyDelete
  34. This comment has been removed by the author.

    ReplyDelete
  35. At that time I am still remember, I was in F.M.A, I was in 21 years old, after reading your story in MahayThi ,I know this is about Saya U Tin Moe, I told and showed to Saya U Sein Win, we told about your story , my comment is, this is not a short story, this is a poem. He told this one is different with others. He told your are one of the students in F.M.A. He told some more about recent about of Saya U Tin Moe.
    I told other F.M.A member , this is about our great poet, read it, I want to tell to them, not only about your story , how our great poet are pressed by this government , I want other student to know about recent situation of our country, how nice poet are departed with his family, how he was brave, but the poet never bound. Your writing is nice.
    My father is also from Myin Gyan also friend of Saya U Tin Moe, Saya U Sein Win, they met each other in Mandalay University. Since our child hood time my father always told about Saya U Tin Moe and his poems. We live in Taunggyi.
    When my dad heard , Saya U Tin Moe was arrested,he told us, Ko Tin Moe is very delicate,decent and nice poet. How cruel this government on him.
    This story was a story first time to read among your other at that time.
    I am still missing.
    Thanks for your story.

    ReplyDelete

အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။