Tuesday, December 9, 2008

လက်တကမ်းမှာ..

အခုတလော ဟိုတွေး ဒီတွေးနဲ့ စာမရေးဘဲ ရာသီဥတု အေးအေးမှာ စောင်ခြုံထဲ ထွေးပြီး တွေးနေချင်မိတယ်။

ဘ၀မှာ တခါတလေ ကိုယ့်ရဲ့ လိုအပ်ဆန္ဒတွေနောက်လိုက်ရင်း စိတ်ဖိစီးမှုတွေနဲ့ မောပန်းရတာတွေ ရှိတယ်။ အဲဒီအခါ ကိုယ့်အနားမှာ ရှိနေတဲ့ ကိုယ်အလိုလိုရနေတဲ့ အရာတွေကို ဘယ်နှစ်ခါ လျစ်လျူရှုမိသလဲ၊ ဘယ်နှစ်ခါ တန်ဖိုး မထားဘဲ ပစ်ထားမိသလဲ လို့ တွေးရင် အဲဒီလိုအင်ဆန္ဒတွေ မောပန်းမှုတွေဟာ မှုန်ဝါး ပျောက်ကွယ်သွားပြီး စိတ်သက်သာရာ ရသွားတတ်ပါတယ်။

ဒါကြောင့် ခုလို စာမရေးဖြစ်တဲ့ အချိန်တွေမှာ အဖေ့ကဗျာလေးတပုဒ်နဲ့ ဧည့်ခံပါရစေအုံး။ ကိုယ်မေ့နေတဲ့ ကောင်းမြတ်ခြင်းတွေ ပျော်ရွှင်ခြင်းတွေ ကိုယ့်ဆီမှာ၊ ကိုယ့်နားမှာ ရှိနေတတ်တာကိုလဲ သတိတရ နဲ့ ကျေနပ်ကြည်နူး သတိထားမိစေချင်လို့ပါ။ ဖတ်ကြည့်ပါအုံးနော်။

အချည်းနှီး

လက်တကမ်းမှာ
ပန်းတွေ ဝေအောင်ပွင့်နေသည်။

မချူမိက
သူ၏အလျောက် ကြွေရှာလိမ့်။


တင်မိုး
၁၁၊ ၁၊ ၁၉၉၁

ကိုယ်မြင်တဲ့ထောင့်က ကြိုက်သလို ခံစားနိုင်ပါတယ်။ ဖတ်တဲ့သူ စိတ်သဘောအတိုင်းပါပဲ။

မိုးချိုသင်း

23 comments:

  1. ရိုးရိုးလေးနဲ့စွဲဆောင်မှုများရှိတာ ဆရာစာများပါ။

    ReplyDelete
  2. ကိုယ်စိတ်ကူးနဲ့ကိုယ် တွေးပြီး ....
    အင်း..လုပ်စရာရှိတာတွေ လုပ်လိုက်တယ်။

    ReplyDelete
  3. လက်တကမ်းမှာ ရှိနေတဲ့ အရာတွေကို လွန်ပြီး မျှော်မောနေမှုကြောင့် လက်ရှိအချိန်လေးကို “နေ”ဖို့ မေ့နေတာကို သတိပေးလိုက်သလိုပါပဲ။ ကျေးဇူး..ချိုသင်း။

    ReplyDelete
  4. အမရေ … အမ ဖေဖေ ကဗျာလေးက တိုတိုလေးနဲ့ ထိမိလှတယ်။ ခေါင်းစဉ်ဟာ ကဗျာရဲ့ အသက် ဆိုသလိုပဲ အချည်းနှီးဆိုတဲ့ ခေါင်းစဉ်လေးက ကဗျာရဲ့ အဓိပ္ပါယ်ကို ပိုပြီး ပြည့်စုံ ပေါ်လွင် စေတယ်နော်။

    ဒီကဗျာလေးကို ဖတ်ရင်း တခြားရှုထောင့် တခုနဲ့ တွေးမိပြီး ခုလို ရေးလိုက်မိပါတယ်။
    ***
    *သဘာဝ*

    လက်တကမ်းမှာ
    ဝေဖြာနေသော ပန်းပွင့်တွေ … ။

    ချူလိုပါလျက်
    အလှပျက်မှာ စိုးထိတ်နေ … ။
    ***

    ReplyDelete
  5. အဲဒီမှာ တော်တော် အေးနေပြီလား။ ဒီမှာတော့ ဒီရက်ပိုင်း ရေခဲမှတ် ရောက်နေလို့ အတော် သတိထားနေရတယ်။

    ဆရာကြီးရဲ့ ကဗျာလေးက တိုပေမယ့် အရှည်တွေးစရာတွေနဲ့ရယ်။

    ဒီနိုင်ငံမှာတော့ ပန်းဆို မခူးကြဘူး။ အပင်ပေါ်မှာပဲ သူ့သဘာဝအတိုင်း နေစေ၊ ကြွေစေတာနော်။ တစ်ကျောင်း တစ်ဂါထာပေါ့လေ။

    ReplyDelete
  6. ချမ်းမြေ့ပါစေ

    ReplyDelete
  7. အလိုလို ရနေတတ်ရင် တန်ဖိုးထားဖို့မေ့လျော့တတ်ကြတာ ဘာလို့ပါလိမ့်ဗျာ

    ReplyDelete
  8. ပျော်ရွှင် ချမ်းမြေ့ပါစေ

    ReplyDelete
  9. မသီဂီ င်္ပြောသလိုပါပဲ...
    နောက်ပြီး..
    ခုတလော..စိတ်နဲ့လူနဲ့ တစ်သားတည်းဖြစ်မနေဘူး

    ReplyDelete
  10. ဆရာကြီးတင်မိုးရဲ့ ကဗျာတွေက ရိုးရှင်းပြီး နားလည်လွယ်တယ်။ အဲဒါမျိုးရေးဖို့က ခက်တာပဲနော်...

    ဘယ်နှစ်ခါ လျစ်လျူရှုမိသလဲဆိုတော့ အခါခါပဲပေါ့ အမရယ်...

    အမချိုသင်း ရွှင်လန်းချမ်းမြေ့ပါစေ။

    ReplyDelete
  11. ကိုယ်အလိုလိုရနေတဲ့ အရာတွေကို ဘယ်နှစ်ခါ လျစ်လျူရှုမိသလဲ၊ ဘယ်နှစ်ခါ တန်ဖိုး မထားဘဲ ပစ်ထားမိသလဲ တဲ့လား
    အကြိမ်ပေါင်းများစွာ တန်ဖိုးမထားဘဲ လစ်လျူရှုခဲ့မိတယ်။ ပြန်မရနိုင်တော့ အချိန်ကျမှ တသသလွမ်းပြီး တမ်းတနေရတယ် အမရေ

    ReplyDelete
  12. အမချိုသင်း အခုလည်း စောင်ခြုံမှာကွေးနေတာမို့လား။
    ကဗျာလေးအတွက် ကျေးဇူးပါ မမ။
    နိနိ

    ReplyDelete
  13. ဆရာကြီး ကဗျာက ရိုးရှင်းပြီး အဓိပ္ပာယ်ရှိသလို အမရဲ့ ပို့စ်မှာ ရေးထားတဲ့ စာပိုဒ်ကိုလည်း သဘောကျတယ်.. :)

    ReplyDelete
  14. ဟေ့...စာမရေးချင်ရင်အဲလိုကဗျာလေးတွေနဲ့ဧည့်ခံ
    ရတယ် ...း)
    အဲဒီကဗျာလေးဖတ်ပြီး..စဉ်းစားနေတယ်..
    လက်တစ်ကမ်းမှာရှိတဲ့အရာတွေကိုဘာလို့
    လွန်နေမိကြတယ်ဆိုတာကို....

    ReplyDelete
  15. ထိမိပြီး..ရှင်းလင်းတဲ့ ကဗျာလေးပါ။ Count your blessing လို့ပြောတတ်ကြတာကိုလည်း...သတိရမိပါတယ်။ နီတိလေး တခု ပါပဲ။

    ReplyDelete
  16. ဘ၀မှာ မချူခဲ့မိလို့ ကြွေသွားခဲ့တဲ့ လက်တကမ်းက ပန်းတွေ ပြန်တွေးမိသွားတယ်..
    အလွန်အဓိပ္ပါယ်ပြည့်ဝပြီး နမိတ်ပုံတွေနဲ့ အားကောင်းနေသော ကဗျာတိုကလေးပဲ..
    ဆရာကြီးစာတွေက ခုထိလတ်ဆတ်နေဆဲပဲဗျာ

    ReplyDelete
  17. ကိုယ်မေ့နေတဲ့ ကောင်းမြတ်ခြင်းတွေ ပျော်ရွှင်ခြင်းတွေ ကိုယ့်ဆီမှာ၊ ကိုယ့်အနားမှာ ရှိနေတတ်တာကို
    သတိရဖို့  သတိပေးတဲ့ ပိုစ့်လေးအတွက် ကျေးဇူးပါ ချိုသင်းရေ...။
    **** ရာသီဥတု အေးအေးလေးမှာ စာတစ်အုပ်နဲ့  စောင်ခြုံထဲ ကွေးနေရတဲ့ အရသာကို ဘာနဲ့  မှမလဲနိုင်ဘူးနော်...။ ဟီဟိ..

    ReplyDelete
  18. (ဟုတ်ကဲ့ ဟိုတွေး ဒီတွေးနဲ့ စာမရေးဘဲ ကွေးပါ )
    ကဗျာလေးကို လေးစား နှစ်သက်ပါတယ်၊၊ အများကြီးပြောပြနေသလိုပါ ၊၊ ကျေးဇူးပါ ၊၊

    ReplyDelete
  19. ဒီမှာလဲ တော်တော်အေးနေပြီ။ စောင်နှစ်ထပ်နဲ့ ကွေးနေရတယ်။ မှတ်မှတ်ရရ မိုးချိုရဲ့ ဖေဖေကို လွန်ခဲ့တဲ့ mmk ၃နှစ်မြောက် မိတ်ဆုံပွဲတုန်းက စတွေ့ဖူးတာ၊ အဲဒီမှာ သူပြုံးပြုံးလေးနဲ့ စကားတွေပြောနေတာကို ကြည့်ရင်း သူ့ကို အရမ်းလေးစားသွားတယ်။ မိုးချိုမှာလည်း အဖေနဲ့တူတဲ့ အပြုံးရှိတာကိုလည်း သတိထားမိတယ်။

    ReplyDelete
  20. မ..ကြီး
    လေးစားခင်မင်လျက်

    ညီမငယ်

    ReplyDelete
  21. လက်တကမ်းမှာ ရှိနေသောအရာများကို သေချာ ပြန်ကြည့်လိုက်မိပါသည်။ ပြီးတော့ ကျေနပ်စွာ ပြုံးလိုက်သည်...

    ReplyDelete
  22. ခုတလော စိတ်ရောလူပါပင်ပန်းပြီး depressedဖြစ်ချင်သလိုလိုတောင် ဖြစ်နေတာ… ဘဘကဗျာလေး ဖတ်လိုက်ရလို့  လန်းဆန်းသွားတယ် ချိုသင်းရေ… ခုလို ဝေမျှပေးတာ ကျေးဇူးပါ… ဘ၀ကို အကောင်းမြင်တဲ့ဘက်က ကြည့်ဖို့  လက်တို့ သတိပေးလိုက်သလိုပါပဲ….

    ReplyDelete
  23. ချိုသင်းရေ
    အခွင့်အလမ်းကောင်း ကြုံကြိုက်ခိုက် ရစေချင်တဲ့ စေတနာထားသူ ဆရာတို့လိုပုဂ္ဂိုလ်မျိုးတွေအတွက် သိပ်ပြီးဝမ်းနည်းစရာကောင်းတယ်။ အမျိုးယုတ်တွေကတော့ ပန်းတွေမြန်မြန်ကြွေအောင် ချွေချနေလေရဲ့။ ဆရာရေ တမလွန်က စုတ်သတ်နေလေမလား?

    ReplyDelete

အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။