ဒီဇင်ဘာရောက်ပြီဆိုတော့ လူတွေကို ကြည့်ရတာ ဆောင်းအအေးဓာတ်နဲ့အတူ လှုပ်လှုပ်ရှားရှား သွားသွားလာလာ နဲ့မို့ ဒီရာသီနဲ့ဒီမြင်ကွင်းတွေက ဒီဇင်ဘာရဲ့ ပုံရိပ်တွေလို ဖြစ်နေတယ်။
ပထမဆုံး ဒီဇင်ဘာရောက်ပြီလို့ သတိထားမိတာက ၁ရက်နေ့ ကစလို့ တချို့အိမ်တွေမှာ မီးအလှဆင်ကြတာကိုပါ။ ကိုယ်တို့ မြို့နယ်လေးမှာတော့ အိမ်တော်တော်များများ ဒီဇင်ဘာ ၁ရက် ဆို Sweet December ဆိုပြီး စ မီးထွန်းကြပြီ။ တလလုံး ထွန်းတဲ့အပြင် နှစ်ကူးပြီး ၁ပတ်လောက်ကြာမှ ပြန်သိမ်းတာ သတိထားမိတယ်။
အိမ်ရှေ့က မြက်ခင်းမှာ နှင်းလူရုပ်ကြီးတွေ၊ သမင်လေးတွေ၊ ရောင်စုံ မီးလုံး၊ မီးသီး၊ မီးတန်းလေးတွေ၊ ခရစ်စမတ် ဘိုးဘိုးကြီး အရုပ်တွေနဲ့ အလှဆင်ကြတာ တွေ့ရတယ်။ အိမ်ထဲမှာတော့ ခရစ်စမတ် သစ်ပင်ကြီးပေါ့။ ကိုယ်တို့လဲ အဲဒါမျိုးတွေ တွေ့ရင် ပျော်ပြီး ကားလေးနဲ့ပတ်ပြီး လိုက်ကြည့်ကြတယ်။
အဖေရှိတုန်းကတော့ အဖေက အဲဒီလို အလှအပလေးတွေကို ကြည်နူးတယ်။ ကိုယ်တို့ ၃ယောက် တလမ်းဝင် တလမ်းထွက် လိုက်ကြည့်ကြတာပဲ။ ဟိုမှာ ကြည့်ပါအုံး သမီးရေ၊ အရုပ်ကလေးက လှုပ်လို့ပါလား တဲ့။ သိပ်လှတဲ့ လမ်းဆို ကားပေါ်က ဆင်းပြီး လမ်းလျှောက်လိုက်သေးတယ်။ ဒါနဲ့ အဲဒီနှစ်ကတော့ ကိုယ်တို့လဲ Home Depot ကနေ မီးကြိုးလေးတွေ သွားဝယ်ပြီး အိမ်ပတ်ပတ်လည်ကို နှစ်သစ်ကို ကြိုတဲ့အနေနဲ့ ထွန်းလိုက်ကြတယ်။
အိမ်ကို တံစက်မြိတ်တလျောက် ပတ်ပြီး ထွန်းရတာမို့ ကြိုး အရှည်ကို မခန့်မှန်းတတ်ပြန်ဘူး။ ဒါနဲ့ ကြိုးလေးက အိမ်ဘေးမှာ အဆုံးထိ မရောက်ဘဲ တွဲလောင်းလေး ကျနေတော့ အဖေက အဲဒါ ပန်းကုံးလေးပေါ့ သမီး တဲ့။ ကပိုကရိုနဲ့ ချစ်စရာကောင်းလိုက်တာ တဲ့။ ဒီအတိုင်းပဲ ကျနေပါစေ တဲ့။ တကယ်က မီးကြိုး တိုသွားလို့ တွဲလောင်းကျရတာလေ။
နောက်ထပ် ဒီဇင်ဘာရဲ့ ပုံရိပ်တခုကတော့ Shopping Mall တွေက အပြိုင်အဆိုင် ဈေးလျှော့ကြတာပါ။ ဈေးလျှော့တဲ့ ကူပွန်တွေကလဲ ဟိုက ဒီက ပို့လိုက်ကြတာမို့ တနေ့ တနေ့ အိမ်က စာတိုက်ပုံးဖွင့်ရင် ကြော်ငြာတွေချည်း။ လက်ဆောင်ပေးတဲ့ ရာသီလဲ ဖြစ်ပြန်တာမို့ လက်ဆောင်ပေးချင်ရင် ဈေးချိုချိုနဲ့ ပစ္စည်းကောင်းရနိုင်တဲ့ အချိန်အခါပေါ့။
အဲဒီမှာ မိန်းမပီပီ ဘယ်အချိန် ဈေးဝယ်သင့်တယ်၊ ဘယ်နေရာမှာ ပိုသက်သာပြီး ပစ္စည်းပိုကောင်းတယ် စသဖြင့် သူငယ်ချင်း အချင်းချင်း လက်တို့ကြတယ်။ ကိုယ်ကတော့ bargain shopper ပါ။ ဈေးကြီးတာလဲ မ၀ယ်နိုင်တော့ ဈေးသင့်တင့်ပြီး ပစ္စည်းကြိုက်ရင် ၀ယ်မိတယ်။
အဲဒီမှာ နဂိုက ဈေးချရတဲ့အထဲ အမြဲဝယ်နေကျ ဖောက်သည်တွေကို တနှစ်လုံး ၀ယ်ထားတဲ့ ပမာဏကိုလိုက်လို့ Discount coupon တွေ ပေးတတ်တယ်။ အဲဒါအပြင် ရာခိုင်နှုန်းနဲ့ လိုက်ပြီး ဈေးထပ်လျှော့ပေးသေးတယ်။ ဘယ်လိုပဲ ဈေးလျှော့လျှော့ ကိုယ်က သဘောကျပေမဲ့ rebate တွေကိုတော့ လုံးလုံး မကြိုက်ဘူး။
Mail in rebate ဆိုတာကို ဒီရောက်မှ ကိုယ်စ ကြားဖူးတာ။ သူက ဘယ်လိုလဲဆိုတော့ ပစ္စည်းတခုက ၁၀၀ တန်တယ်ဆိုပါတော့၊ ဒါပေမဲ့ ၉ကျပ် ၉၉ပြားပဲ ပေးရမယ် တဲ့။ ဒါပေမဲ့ အခု ၁၀၀ အရင် ပေးထားရမယ်၊ ပြီးရင် သူတို့ဖြတ်ညှပ်ခိုင်းတဲ့ ဈေးနှုန်းလေဘယ်လ်လေးကို စာတိုက်ကနေ ပြန်ပို့ပေးမှ သူတို့က ၁၀၀ထဲက ၉ကျပ်၉၉ပြားနှုတ်ပြီး ကျန်ငွေကို check နဲ့ မေ့လောက်တဲ့အချိန်လောက်မှ ပြန်ပို့ပေးတယ်။ ပိုက်ဆံ လှည့်သုံးတဲ့သဘောနေမှာပေါ့။
ကိုယ်ကတော့ အဲဒါမျိုး ကွေ့ဝိုက်နေတာ လုံးလုံး မကြိုက်ဘူး။ လျှော့ချင်လျှော့၊ မလျှော့ချင်နေ။ ဟိုလိုလို ဒီလိုလိုတော့ မလုပ်နဲ့ ပဲ။ ပြီးရင် လူက မေ့လို့ သူတို့ဖြတ်ပိုင်း စာမထည့်မိတာနဲ့၊ ဟိုဟာလိုလို့ မပေးရတာနဲ့၊ ဒီဟာမပြည့်စုံလို့ ဆုံးရတာနဲ့။ ကိုယ်လဲ တခါမှ ပြည့်ပြည့်၀၀ ပြန်မရဖူးဘူး။ သူတို့ ပြောတဲ့ rebate စည်းကမ်းတွေဆိုတာလဲ စာလုံးသေးသေးလေးတွေနဲ့ သူများ မမြင်အောင် ရေးထားတာ။ တခုခု လိုရင် မရတော့ပြန်ဘူး။
ဒါကြောင့် ကိုယ်က rebate ဆိုတဲ့ စာလုံးပါရင် ဘယ်လောက် ဈေးချိုချို မ၀ယ်တော့ဘူး။ သူက ဘာနဲ့တူသလဲဆိုတော့ ကိုယ်တို့ ရွှေပြည်ကြီးက လူကြီးမင်းများလိုပဲ။ ပြန်ပေးမယ်၊ ပြန်ပေးမယ်ဆိုပြီး ဟိုဟာလုပ်ရအုံးမှာလိုလို၊ ဒီဟာပဲ လုပ်ဖို့ လိုနေသေးသလိုလို၊ တခုမဟုတ် တခုနဲ့ ငြိနေတော့ကာ နောက်ဆုံးလဲကျရော ဝေလေလေ ဖြစ်ပြီး မောင်ပိုင်စီးသွားပါလေရော။ ကိုယ်ကတော့ ဒါမျိုးတွေ ရိုး…နေပြီမို့ rebate ဆိုတာနဲ့ ပြေးပြီ။
အလုပ်မှာလဲ ခရစ်စမတ်မတိုင်ခင် ခရစ်စမတ်ပါတီဆိုပြီး လက်ဆောင်ပစ္စည်းချင်း လဲကြ၊ အလုပ်က လက်ဆောင်တွေပေးနဲ့မို့ ပျော်စရာကောင်းပါသေးတယ်။ မနှစ်ကတော့ ကိုယ်တို့အလုပ်မှာ အများမြင်တဲ့ ကြော်ငြာနံရံမှာ ကိုယ်လိုချင်တဲ့ ပစ္စည်းကို ကိုယ့်နံမည်ဘေးမှာ သွားရေးထားရတယ်။ Wish List လို့ ခေါ်တယ်။ ကိုယ်သာ လက်ဆောင်ရမယ် ဆိုရင် ဘာလိုချင်ပါတယ်ပေါ့။
ပြီးတော့ ကိုယ်လက်ဆောင်လဲမဲ့သူကို မဲနှိုက်လို့ တိတ်တိတ်လေး ကြိုသိထားတယ်၊ ဒါဆို သူဘာလိုချင်ပါလိမ့်လို့ wish list မှာ လာကြည့်ထားရတယ်လေ။ ဒါမှ သူလိုချင်တာ ကိုယ်ပေးတော့ အလဟာသ မဖြစ်ဘူးပေါ့။ လက်ဆောင်ဆိုပေမဲ့လဲ မလိုချင်တာရပြီး အပိုဖြစ်မနေဘူးပေါ့။ အတော်လက်တွေ့ကျတယ် ပြောရမယ်။ ဘာလေးများပါလိမ့်ဆိုပြီး အံ့သြ၀မ်းသာတဲ့ ခံစားမှုတော့ မရဘူးပေါ့လေ။
အဲဒီ့ wish list ဖတ်ရတာလဲ စိတ်ဝင်စားစရာပါ။ ချစ်စရာလေးတွေ။ ဘယ်သူမှ ကြီးကြီးမားမား မရေးကြပါဘူး။ ဦးထုပ် တဲ့၊ ဘောလုံး တဲ့၊ ရုပ်ရှင် လက်မှတ်တဲ့၊ gift card တဲ့။ တချို့ကျတော့လဲ ကောင်မလေး ချောချော တဲ့။ တကီလာ အရက် တဲ့။ တယောက်ကတော့ ရေးတယ်၊ ဘာပဲဖြစ်ဖြစ်ပါ တဲ့၊ ငါ့ကိုတော့ အံ့သြအောင်လုပ် တဲ့။ ကိုယ်ကတော့ အဲဒါတွေဖတ်ပြီး ပိုက်ဆံတွေ အများကြီး ရှိချင်တာ။ သူတို့လိုချင်တာတွေ အားလုံးကို လက်ဆောင်ပေးလိုက်ချင်လို့ပါ။ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ မဟုတ်လား။
နှစ်သစ်ကူးတဲ့ည ဆိုရင်တော့ ကိုယ်က မြန်မာပြည်မှာ နေခဲ့တဲ့ အချိန်တွေကို အရမ်းလွမ်းသွားတတ်တယ်။ အဲဒီညဆို အမေက မုန့်တမျိုးမျိုးလုပ်၊ ကော်ဖီပူပူလေး သောက်ပြီး မြန်မာ့အသံက လွှင့်တဲ့သီချင်းတွေ၊ ဟာသတွေ ထိုင်ကြည့်ရင်း စောင့်ကြတာ။ ည ၁၂နာရီထိုးတာနဲ့ အဖေနဲ့အမေက ဘုရားစာတွေ၊ မေတ္တာသုတ်တွေ ရွတ်တတ်တယ်။ ကိုယ်တို့ကတော့ ဖုန်းတွေလာရင် Happy New Year ဆိုပြီး နှုတ်ဆက်ကြတာပေါ့။
အဲဒီညဆိုရင် ခရစ်ယန်ဘုရားသီချင်းတွေကို အဖေ့မိတ်ဆွေတွေက အိမ်မှာ လာဆို တတ်သေးတယ်။ စာရေးဆရာ ဦးငြိမ်းကျော်တို့ အဖွဲ့၊ စာရေးဆရာ ဦးမင်းသစ်တို့ အဖွဲ့ စသဖြင့်ပေါ့။ ပျော်စရာကြီး။ ဆရာဦးငြိမ်းကျော်ဆို သူလဲ ဗုဒ္ဓဘာသာဆိုပေမဲ့ ပျော်လို့ အဲဒီအဖွဲ့တွေနဲ့ လိုက်နေတာ တညလုံးပဲ တဲ့။ ဆရာ ဦးမင်းသစ် အမျိုးသမီးက အံတီ ရှယ်လီ တဲ့။ အရင်က အဆိုတော်။ အသံသိပ်ကောင်းတယ်။ တနှစ်မှာ We are the World ကို အိမ်မှာ သူဆိုတာ မှတ်မိနေတယ်။
ဒီရောက်ပြီး လွန်ခဲ့တဲ့ တနှစ်ကျော်ကတော့ ကိုယ်တို့အိမ်မှာ ကိုယ်တို့ သားအဖ ၃ယောက် ဟော့ပေါ့ လုပ်စားရင်း နှစ်ကူး စောင့်ကြတယ်။ ကိုယ်က ထမင်းလေးကြော်၊ ရာသီဥတု အေးအေးလေးမှာ ဟော့ပေါ့ နဲ့ ၀ိုင်တခွက် နဲ့။ အဖေက ကိုယ်လုပ်တဲ့ ဟော့ပေါ့ကို ကြိုက်လွန်းလို့။ တဖွဖွ ပြောမဆုံးဘူး။ အပြင်ဆိုင်တွေမှာ ဘယ်ဒီလိုကောင်းမလဲ သမီး တဲ့။
တကယ်က ကိုယ်ကလဲ သိလို့ လုပ်တတ်လို့ မဟုတ်ဘူး။ ကြားဖူးနားဝနဲ့ ပင်လယ်စာ အစုံဝယ်ပြီး ကြက်ပေါင်းရည်ထဲ ပြွတ်သိပ် ထည့်လိုက်တာပဲ။ ချိုပြီး ကောင်းသွားတာပေါ့လေ။ အဖေကတော့ ကိုယ့်လိုပဲ ချိုရင် ကြိုက်တာပဲကိုး။ ပြီးတော့ ၀ိုင်လေး တခွက်ဝင်သွားတာနဲ့ မူးပြီး အိပ်ပျော်သွားလို့ ၁၂နာရီ ထိုးခါနီးမှာ အဖေကြီးရေ ထ ထ၊ နှစ်သစ်ကို ကြိုပါအုံး ပြောရတယ်။ အဲဒီတော့လဲ ထပြီး တကုန်းကုန်းနဲ့ ကဗျာရေးနေပြန်ရော။
ဒီလိုပဲ ဟိုတွေး ဒီတွေးနဲ့ နောက်တနှစ်တောင် ကူးတော့မယ်။ အသက်လဲ တနှစ်ကြီးပြန်အုံးမယ်။ ဘာတွေ ရင်ဆိုင်ရပြီး၊ ဘာတွေ ပျော်ရွှင်ရအုံးမလဲ ကိုယ်သိချင်မိတယ်။ အဲဒီလို လိမ့်တခါ လူးတလှည့်၊ ပျော်တလှည့် မော်တလှည့် ဘ၀ကြီးကိုပဲ ကိုယ့်မှာ တွယ်တာပြီး ချစ်ခင်နေမိတော့တယ်။
မိုးချိုသင်း
ဟိဟိ ပြီးမှဖတ်မယ်နော်.. အရင်ဆုံးမန့်ချင်လို့
ReplyDeleteဖတ်ပြီးပြီ အစ်မချိုသင်း.. :P:P
ReplyDeleteMail in rebate ကတော့ ခုမှ ကြားဖူးတယ်။
ဒီဇင်ဘာ 31 ရက်နေ့ညမှာ Happy New year
လုပ်ကြပြီး ဖုန်းမအားနိုင်တာကို အစ်မစာဖတ်မှ ပြန်သတိရသွားပြီ...
မလေးရှားမှာတော့ ဘာဒီဇင်ဘာ ပုံရိမ်မှ ရှာမတွေ့ဘူး ဖြစ်နေတယ်။ ဆောင်းအအေးဓာတ်ကလည်း မရှိတော့ တစ်ခါတစ်လေ ဒီလဟာ ဒီဇင်ဘာ ဆိုတာကြီးကို မေ့မေ့နေတယ်။ မိုးကလည်း ရွာလွန်းလို့ မိုးတွင်းဘဲ ရှိသေးသလားလို့ တစ်ခါ တစ်ခါ ထင်မိတယ်။ ဥတုသုံးပါး မရှိတဲ့ အရပ်မှာ နေရတာလည်း မကောင်းဘူးနော်။ အစ်မရေးထားတာဖတ်ပြီး ဟော့ပေါ့စားချင်လာပြီ။ :)
ReplyDeleteအမချိုသင်းရေ ဒီဇင်ဘာပုံရိပ်လေးတွေကို သဘောတကျဖတ်သွားတယ်။
ReplyDeleteဒီမှာလည်း ဒီဇင်ဘာကစ နယူးရီးယားထိ ဒစ်စကောင့်တွေချတယ်။ အဲဒီအချိန်ဆို နေရာတိုင်း လူတွေကို မဲမဲလှုပ်နေတာပဲ။
ကျောင်းသူတွေဆို ဒီဇင်ဘာမှာ တနှစ်လုံးလွယ်လာတဲ့ လွယ်အိတ်တွေ လဲပြီး အသစ်လွယ်ကြတယ် အမရဲ့။ နိနိက နှင်းတွေထူတဲ့မြို့ကို နယူးရီးယားသွားမှာ။ အမချိုသင်း လိုက်အုံးမလား။
ချိုသင်းရေ...ဒီဇင်ဘာဆိုတာလွမ်းစရာတွေနဲ့ဖွဲ့စည်း
ReplyDeleteထားတဲ့လထင်ပါရဲ့....
ဒီမှာလဲခုဆို carol အဖွဲ့တွေလာနေကြပြီ....
Merry Christmas and Happy New Year
ပါနော်...
မွေးနေ့ဆုတောင်းလေးအတွက်ကျေးဇူး
ပြီးတော့ ဒီနေ့ချိုသင်းသူငယ်ချင်း စမ်းသီတာနဲ့တွေ့တယ်။
တို့တွေကဗျာစာအုပ်စုထုတ်ကြမလို့လေ...
ချိုသင်းဆွဲတဲ့ပုံတွေနဲ့ စမ်းသီတာရဲ့ကဗျာစာအုပ်လေးကို
သတိမရဘူးလား....
ချိုသင်းရေ...
ReplyDeleteတို့ လဲ ဒီဇင်ဘာကို ချစ်တဲ့သူမို့  ချိုသင်းရဲ့  ပိုစ့်လေးကို စိမ်ပြေနပြေဖတ်ပြီး မျက်စေ့ထဲမှာ ပုံဖေါ်ကြည့်နေမိတယ်...။ တွဲလောင်းကျနေတဲ့ မီးကြိုး ပန်းကုံးလေး မြင်ကွင်းကိုလဲ နှစ်သက်လိုက်တာ...
Discount တွေကိုတော့ မိန်းမပီပီ စပ်စပ်စုစုတော့ လုပ်မိပါတယ်။ ရောက်ခါစ ကတော့ Discount ချတိုင်း ပေါတယ် ပေါတယ်ဆိုပြီး ၀ယ်တာပေါ့...။ တကယ်တန်းကျ ကိုယ့်အတွက် အသုံးကျတဲ့ပစ္စည်းက နဲနဲရယ်.. အပိုတွေ မလိုအပ်တာတွေ ပါပါလာတတ်လွန်းလို့  ခုတော့ သိပ်မသွားဖြစ်တော့ဘူး။
ခံရပေါင်းများလို့  ဖုနေပြီ ဆိုတဲ့ စကားလိုပါဘဲ...။
MCT ကြီးရဲ့ ဒီဇင်ဘာပုံရိပ်က အသက်ဝင်တယ်ဗျာ ၊၊
ReplyDeleteအမရေ.. ဒီဇင်ဘာရောက်လာပြန်ပြီဆိုတော့ ဘာလိုလိုနဲ့ နှစ်ဟောင်းကုန်ပြန်ဦးတော့မယ်နော်.. အချိန်တွေကလည်း ကုန်မြန်တယ်ပြောရမလား နှေးတယ်ပြောရမလား ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး.. ဒီမှာလည်း Christmas Lighting တွေတော့ ထွန်းတယ်.. Discount တွေကတော့ နှစ်ဆန်းမှတဲ့.. အမချက်တဲ့ Hot pot စားချင်တယ်.. :D
ReplyDeleteThe way you describe December is so sweet...
ReplyDeleteMerry Christmas!
ချိုသင်းရယ် အမမှာတော့ အလွမ်းဒီဇင်ဘာ ဖြစ်လို့ပါပဲ..
ReplyDeletewish listမှာရေးရတာကို မကြိုက်ဘူး။ ရုတ်တရက် ရလိုက်တာကို ပိုသဘောကျတယ်။
ReplyDeleteNewyearမှာ ပထမဆုံး wish လုပ်ခံထိတဲ့သူက ကံကောင်းမယ်ဆိုလို့ ဖုန်းလုကိုင်ရတာ အမောပဲ။
ဒီနှစ်ကော ဟော့ပေါ့နဲ့ဝိုင် အစီအစဉ်ရှိအုံးမလား? လမ်းမကြုံ ကြုံအောင်လုပ်ပြီး လာအားပေးမယ်လေ ---
ReplyDeleteအဟွတ် - ဟွတ် - ဟွတ် ---
ပျော်စရာတွေ လွမ်းစရာတွေကို သတိရသွားတယ်...ဟင့်း( အင်းလျားကန်ဘောင်မှာ (၃၁)ရက်ည နှစ်ကူးကြတဲ့ ခေတ်ကို အဖျားလေး မီခဲ့ပေမယ့် ကိုယ်တိုင် သွားမနွှဲဖူးလိုက်ဘူး။ ဒီနှစ်တော့ ဘလော့ဂ်တွေ လည်ပြီး new year wish လုပ်ရမယ့် အလုပ်သစ်တစ်ခု ရပြီး)
ReplyDeleteမမိုး....
ReplyDeleteဒီဇင်္ဘာအကြောင်းလေးက ဖတ်လို့ ကောင်းပါတယ်...
အမအမေကတော့ ဖြစ်ပျက်သမျှကို အလှတရားတစ်ခုအနေနဲ့ အမြဲကြည့်တတ်တယ်...ချီးကျူးပါတယ်...
စာပိုဒ်အဆုံးကဒီစာလေးကိုတော့ အကြိုက်ဆုံးဘဲ...။
လိမ့်တခါ လူးတလှည့်၊ ပျော်တလှည့် မော်တလှည့် ဘ၀ကြီးကိုပဲ ကိုယ့်မှာ တွယ်တာပြီး ချစ်ခင်နေမိတော့တယ်။
၃၁ရက်နေ့ညမှာ အင်တာနက်ရှိတဲ့ နေရာမှာရှိနေပါစေလို့ ဆုတောင်းတယ်။ ဘလော့ခ် တကာ လည်ရအောင်း)
ReplyDeleteဒီဇင်ဘာအကြောင်း ရေးတာ သူများတွေနဲ့မတူဘူးနော်..
ReplyDeleteသံစဉ်လေးတစ်ခုပါနေသလိုပဲ.. အဲဒါ မမိုးချိုသင်းရဲ့ သံစဉ်ပဲနေမှာပါ..
အမရေ...ငယ်ငယ်တုန်းက new year လေးတွေကို အရမ်းပြန်သတိရသွားပြီ။ကန်ဘောင် new year မှာ ဒွေးကို happy new year ဆိုပြီး လက်ဆွဲ သွားနှုတ်ဆက်တာ အမှတ်ရဆုံးပဲ။
ReplyDeleteအစ်မရေ တူးလည်း သူငယ်ချင်းတွေ လိုချင်သမျှ လက်ဆောင်တွေကို ဝယ်ပေးချင်လိုက်တာ ... အစ်မပြောသလို ပိုက်ဆံတွေ အများကြီးရှိရင်ကောင်းမှာပဲနော် .. ။ New Year ကတော့ အိမ်မှာမရှိတာများတယ်။ ကာဖျူးထုတ်ထားတဲ့ နှစ်ကတော့ အိမ်မှာ ဝက်ခြေထောက်စွပ်ပြုပ်အိုးကြီးနဲ့ New Year ကြတာ မှတ်မိသေးတယ်။ အဲဒီတုန်းက တူး ပါပါလည်း ရှိသေးတယ်လေ။ ဒီနှစ်တော့ တကိုယ်တော် New Year ရမယ် ထင်ပါရဲ့ ..။
ReplyDeleteMa Cho Thinn,
ReplyDeleteAfter reading this post, I remember the song 'Home" by Westlife.
"I am lucky, I know but l wanna go home. I wanna come home.
LET ME GO HOME."
Ama yay, Happy New Year naw!
ပူရင် ချိုတာ ပါဘဲ ဆိုတဲ့ ပုံပြင်လေး ကြားဘူးတယ် မဟုတ်လား။ ဒါကြောင့်မို့ အဖေ ကြေ့ပာသွားတာ နေမှာ.။ :P
ReplyDeleteပုံပြင် က မောင်သောင်းဖေ ။ ဦးဖိုးကျားလားဟင် (လုပ်ပြန်ပြီ ပေါက်တတ် ကရ ဆိုပြီး အမှားလာမပြင်နဲ့ဦးနော်. မှတ်တော့ မှတ်မိတယ် တလွဲချည်းဘဲ။)
ဒီဇင်ဘာမှာ လွမ်းတော့ လွမ်းတယ်။ ဘာကို လွမ်းရမှန်း မသိတာက ခက်တယ်။ ဟီးဟီး။
ReplyDeleteအစ်မ....
ReplyDeleteဘာမှ မဖျက်ထားဘူးလေ။ မခင်မင်းဇော် ရေးတဲ့ လင့်ခ်နဲ့စာက စီပုံးထဲမှာ ရှိနေတယ်လေ။ ကျွန်တော် ဘလော့သက်တမ်း ၁ နှစ်ခွဲကျော်မှာ စီပုံးထဲကို စာကို ဖျက်တာ တစ်ခါမှ မရှိသေးဘူး ခင်ဗျ။
အခုချိန်ထိ ရှိနေသေးပါတယ်။ အစ်မ အကြည့်လျှမ်း သွားတာဖြစ်နိုင်ပါတယ်။
ပြောစရာ နေရာမရှိလို့ ဒီမှာ ရေးခဲ့ပါတယ်။
နှစ်သစ်တောင်ကူးတော့မယ်လို့ သတိပေးတာ ကျေးဇူးတင်တယ်။ ကျနော်လဲ ဒီနှစ်နှစ်သစ်ကို ကဗျာဆန်ဆန် ဘယ်လိုကူးမယ်ဆိုတာ မသိသေးဘူး။
ReplyDeleteနောက်ပြီး 'rebate နဲ့ လူကြီးမင်းများ' ကို သဘောကျတယ်။
ဒီဇင်ဘာ ရဲ့ ပုံရိပ် ကို ခံစားသက်ဝင် ရတာသိပ်ကြည်နူးစရာပဲဗျာ
ReplyDeleteအရေးအသားပြေပြစ်တာလဲပါတော့ ဖတ်ရတဲ့လူ ခံစားလို့ ကောင်းတယ်ဗျာ
(ကိုမျိုးချိုသင်းလို့ ခေါ်မိတာတောင်းပန်ပါတယ်ခင်ဗျာ ကျနော် တကယ်မသိလို့ပါ ။ ခွင့်လွှတ်ပေးပါခင်ဗျာ )
မရောက်ဖြစ်တာနဲ့  ဒီတခါ နောက်ဆုံးဘိတ်ကွန်မင့်ဖြစ်သွားပြီ။ အမရဲ့ လက်ရာ ဟော့ပေါ့စားချင်တယ် ချက်ကျွေး။
ReplyDeleteလင်းရဲ့  wish list လေး ပေးသွားမယ်နော်။ လက်ဆောင်ပို့ လိုက် ... လိုချင်တယ်။
မမရေ
ReplyDeleteမမရေးပြမှပဲ ဟိုလူဆိုးကြီးတွေနဲ့ Rebate နဲ့က အကယ်ချွတ်စွတ်ပဲနော် အခုမှပဲ သူတို့ ရဲ့ လုပ်ထုံးလုပ်နည်းကို ကွက်ကွက်ကွင်းကွင်း သိသွားတယ်။ သမီးတော့ Rebate နဲ့ ပိုက်ဆံ အဆုံးခံရတာ ၂ခါရှိပြီ မြန်မာပြည်ကတော့ နှစ်၂၀ပေါ့နော်
နောက်တစ်ခါ မဆုံးအောင် ဒီတစ်ခါကျရင် သေချာလုပ်ရမယ်။ ဘာလို့ လည်းဆိုတော့ ၃ ခါထိလို့မှ မသိရင် ကမ္ဘာကျော် လူညံ့ကြီး ဖြစ်သွားမှာ စိုးလို့ ပါ။
ဘယ်လောက် ယုတ်မာတဲ့ လူနဲ့ပဲ တွေ့ တွေ့ ကိုယ်ကသာ တကယ်တော်ရင်တော့ 007 ပေါ့နော
တွေ့ ကြသေးတာပေါ့ Rebate ရယ်--
ချိုသင်းရေ… ဒီဇင်ဘာပုံရိပ်လေးကို ခံစားသွားတယ်…
ReplyDeleteတို့ လဲ Rebateဆို သိပ်မုန်း… ချိုသင်းပြောတဲ့ အတိုင်းပဲ… နားလှည့်ပါးရိုက်ဆိုတဲ့ စကားလိုပေါ့…
ဦးမင်းသစ်တို့ နဲ့  အရမ်းခင်ပါတယ်… တို့ စာလေး မတောက်တခေါက်ရေးတော့ ကလောင်နာမည်လေး ကိုယ့်ဘာသာရွေးထားတာ နာမည်တူရှိလို့  နောက်ဆုံးအလုံးလေး ဦးမင်းသစ်ရွေးပေးတာ… ခုတော့ သူတို့ မေမြို့ မှာ ဘော်ဒါဖွင့်နေသေးတယ် ထင်တယ်…
အန်တီရှယ်လီအသံကတော့ တကယ့် နွဲ့ ယဉ်ဝင်းတို့  တင်မိုးခိုင်တို့ နဲ့ အပြိုင်နော်…
ချိုသင်းရေ… ပျော်ရွှင်ဖွယ် ဒီဇင်ဘာဖြစ်ပါစေလို့ … မီးပန်းကုံးလေးလဲ ထွန်းဖို့ မမေ့နဲ့ နော်…
အစ်မရေ..ဒီဇင်ဘာပုံရိပ်လေးတွေက ချစ်စရာလဲကောင်း၊အားကျစရာလဲကောင်းလိုက်တာ။
ReplyDeleteညီမလဲ အစ်မတို့လို ရေးတတ်ချင်လိုက်တာ။
ညီမဆီကိုလာလည်သွားတာ ကျေးဇူးအထူးတင်ကြောင်းပြောရင်းကွန်မန့်ခဲ့ပါတယ်..။
လေးစားခင်မင်လျက်
လွမ်းတယ် MCT ရယ်၊မိသားစု နေခဲ့ရတယ့်
ReplyDeleteဘ၀လေးကို၊သက်ပျင်းအခါခါချမိရင်းနဲ့
အစ်မရေ နှစ်သစ်ကူးမှာ အစ်ကိုနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ရွှင်စွာ ဖြတ်ကျော်နိုင်ပါစေနော်..
ReplyDeleteအစ်မ ပို့စ်လေးတွေ အမြဲ လာလာဖတ်ပါတယ်နော် ဒါပေမယ့် တစ်ခါတစ်လေ မမန့်ခဲ့ဘူး အဲ့တာက မကြိုက်လို့မဟုတ်ဘူး စိတ်ထဲ အရမ်း နှစ်သက်သွားရင် ဘာမှကို မပြောချင်တော့ဘူး ပြုံးပြီး ကျေနပ် သွားတာမျိုး သိလား အစ်မ...
အခုကကျတော့ ဒီဇင်ဘာရဲ့အလှကို ရေးထားတာ အဲ့နေရာလေးတွေကို ကြည့်ချင်စိတ်ပေါက်လာလို့လေ..
နှင်းခဲတွေကို အပြင်မှာ အရမ်းမြင်ဖူးချင်တယ်...အန်တီကြည်ခင်ပုံမှာ တွေ့ရတာလဲ လွမ်းစရာလေး..ပုံလေးတွေ တင်ပေးပါလားနော်..ရေးလို့ပြီးပြီ အနော်..
ပြန်သွားပါပြီနော် ဟီး
rebate အကြောင်း ကောင်းကောင်း မသိခဲ့ဘူး။
ReplyDeleteတော်တော် အလုပ်ရှုပ်သွားတာ တစ်ခါဆို ဆိုသလောက်ပါပဲ။
အခုထက်ထိလဲ မရသေးဘူး။
အစ်မ ပြောသလိုပဲ မေ့လောက်မှ ရောက်မယ် ထင်ပါရဲ့။
အစ်မ ရေးတဲ့စာတွေကို ဟိုအရင်ကတည်းက မဂ္ဂဇင်းထဲမှာ ဖတ်နေခဲ့တာ။
အပြင်ထွက်သွားပြီး စာတွေ မတွေ့ရတော့ စိတ်မကောင်းဘူး။
အခု ဒီမှာ ပြန်တွေ့ရတော့ အရမ်းဝမ်းသာတာပဲ။
ဒီကို လာဖတ်နေဖြစ်တာ တစ်လကျော်ပြီ။
ဘာမှ မရေးခဲ့ဖြစ်သေးတာ။
အစ်မနေနေတဲ့ မြို့ကို ရောက်တော့ မေးမိသေးတယ်။
အနှောက်အယှက်ပေးသလို ဖြစ်မှာစိုးလို့ လာမတွေ့သွားတာ။