ဒီလ တလလုံး ကိုယ်စာသိပ်မရေးဖြစ်ဘူး။ မရေးဖြစ်ပေမဲ့ စိတ်ထဲမှာ ပင်ပန်းနေတယ်။ တနင့်တပိုး လေးလေးပင်ပင်ကြီး ခံစားနေရတယ်။
ကိုယ်ဒီဘလော့ဂ်လေးလုပ်တာလဲ ၂၆ရက်နေ့က ၆လ ပြည့်သွားပြီ။ စာ စရေးတုန်းကတော့ အားသွန်ခွန်စိုက် ရေးလိုက်တာ၊ ညတိုင်း စာရေးဖို့ ထိုင်မိတာပဲ။ တနေ့တပုဒ် ပြုံးပြုံး ပြုံးပြုံးနဲ့ ရေးနေလို့ မိတ်ဆွေတယောက်က ဘလော့ဂ်ရေးတာ အဲဒီလို မရေးရဘူးလေ တဲ့။
ကိုယ်ကလဲ နားမလည်ပါဘူး။ ရေးချင်စိတ်ရှိတုန်းလေး ရေးနေမိတာ။ မရေးချင်တော့လဲ ကြည့်ပါလား၊ ပို့စ်တင်တဲ့ အရေအတွက်က တလထက်တလ နည်းနည်းသွားပြီး ဂရပ်ဖ်သာ ဆွဲလို့ကတော့ အောက်ကို ထိုးဆင်းနေလို့ မြေကြီးကို ဒုတ်ဒုတ်ထိနေပါပေါ့။
ကိုယ့်မှာကလဲ ရွေးချယ်စရာ ဘာမှ မရှိဘူး။ စာပဲ ရေးစရာ ရှိတယ်။ သူများတွေလို ကဗျာလဲ မစပ်တတ် (ဒါတောင် အဖေ့ ကဗျာလေးတွေ ကယ်နေပေလို့)။ ငယ်ငယ်ကစိတ်နဲ့သာ ကဗျာ စပ်လိုက်ရင် အကုန်ပြေးကုန်မှာ။ တခါတည်း မိဘမျက်နှာ အိုးမည်းသုတ်ပြီးသား ဖြစ်သွားမယ်။
ပန်းချီလဲ မဆွဲတတ်။ ဆွဲဖို့တော့ ကြိုးစားဖူးပါသေးတယ်။ ကောင်မလေးချောချော မျက်လုံးလေး ထောင့်ကပ်နေပုံပေါ့။ (ဆွဲတာ ရိုးရိုး မဆွဲဘူး။ မတတ်ရတဲ့အထဲ အတတ်က ဆန်းချင်သေးတာ၊ မျက်လုံးထောင့်ကပ်နေပုံ တဲ့။) အဲဒါ မျက်လုံးနှစ်လုံးက ဟိုတဖက် ဒီတဖက် ကပ်နေလို့ ပြောင်သလိုတောင် ဖြစ်နေသေး။ အစွယ်တပ်ပေးလိုက်ရင်တော့ ဘီလူးဖြစ်ပြီ။
ဓာတ်ပုံလဲ ရိုက်တတ်ချင်ပါတယ်။ သူများတွေ ရိုက်တာ ကြည့်ပြီးလဲ အားကျမိပါတယ်။ ဒါပေမဲ့ ရိုက်မယ်ကြံတိုင်း ကိုယ့်လက်က တုန်ချင်တယ်။ ကိုယ်ရိုက်တဲ့ပုံတွေကို ကြည့်လိုက်.. လှိုင်းလေးတွေ ဖြစ်နေတယ်။ လှုပ်နေလို့ ၀ါးနေတာ။ နောက်ပြီး ကိုယ်က မလှရင် ရိုက်လိုက် ပြန်ဖျက်လိုက် အမြဲလုပ်နေတာမို့ ဘက်ထရီ အပိုတွေ အမြဲဝယ်ထားရတယ်။ တပုံရိုက်ပြီး ၁၀ခါလောက် ပြန်ကြည့်၊ နောက်ဆုံးတော့ ဖျက်တဲ့ ဘူတာဆိုက်တာပါပဲ။
ဟင်းချက်တာကျတော့ရော..။ ဒါကတော့ ခင်တဲ့သူတိုင်း သိပြီးသားပါလေ။ သူများ ဘလော့ဂ်တွေမှာ ဟင်းချက်ပြီး တင်ရင် ကိုယ့်ကို မယောင်မလည်နဲ့ အမြဲ တွေ့ရမှာပါ။ သူတို့ ဟင်းချက်နည်းလေးတွေ ကြည့်လိုက်၊ သဘောကျလိုက်။ တခေါက်ပြန်သွားကြည့်လိုက်၊ သွားရည်ကျလိုက်။ မချက်တတ်တော့ ခေါင်းငိုက်စိုက်ချပြီး ပြန်လာလိုက်။
အဖေ့ ၂နှစ်ပြည့် ဆွမ်းကျွေးလုပ်မယ်ဆိုတော့ အိမ်မှာ မိတ်ဆွေအနည်းအကျဉ်း ဖိတ်ပြီး ဆွမ်းကျွေးဖို့ စီစဉ်မိတယ်။ ဘုန်းဘုန်းက ဘာစီစဉ်ထားလဲ တဲ့။ ပွဲမလုပ်ခင် မေးပါတယ်။ လူတွေအတွက်ကတော့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်တဲ့ ဖြူဖြူ နဲ့ Mam က ဒံပေါက် ချက်ပေးမယ်၊ ဘုန်းဘုန်းတို့အတွက်တော့ တပည့်တော် ကိုယ်တိုင် ဆွမ်းဟင်းချက် ကပ်မယ် ဘုရား လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ လျှောက်လိုက်တယ်။ ဘုန်းဘုန်း မျက်နှာမကောင်းဘူး။ ဘုန်းတော်ကြီး ဆိုတော့လဲ ဘာပြောကောင်းမှာလဲ၊ ကိုယ့်လက်ကို သိနေတော့လဲ ခက်တယ်။
မိတ်ဆွေတွေကလဲ မလုပ်ခင် ဖုန်းဆက်မေးကြတယ်။ ဘာချက်မယ် စဉ်းစားသလဲ ချိုသင်း တဲ့။ ကိုယ်ကလဲ ပြန်ပြောတယ်။ ၀က်သားရယ်..၊ ၀က်သားရယ်..၊ အင်း..၀က်သားရယ်..။ တကယ်က ကိုယ်ဘာချက်ရမယ်မှန်း မသိလို့ စိတ်တွေများပြီး မေ့ကုန်တာ။ ၀က်သားကနေ ရှေ့ဆက် မတက်တော့ဘူး။ ကဲ ကဲ နေပါ၊ အမလဲ ကူချက်ပါတော့မယ် တဲ့။
ကိုယ်ကိုယ်တိုင် လက်စွမ်းပြ တော့မယ် ဆိုတော့ ၀ိုင်းကြ ၀န်းကြရတာပေါ့။ ဒါနဲ့ ဆိတ်သားနှပ်မဲ့သူ၊ ငါးနုသန်း ချက်တဲ့သူ၊ ငပိချက် ချက်တဲ့သူ၊ အမဲသားနှပ် နဲ့ မုန်လာဥချဉ်သုတ် တဲ့၊ ပဲစောင်းခါးသီးသုတ် နဲ့ ငပိရည် တို့စရာ တဲ့။ ငပိကြော် ကြော်လာကြ၊ ချဉ်ရည်လေး လုပ်ပါအုံးဟေ့။ ကြက်အသည်းအမြစ်လေးလဲ လုပ်အုံးမှ။ ဒါနဲ့ ကိုယ်ချက်စရာ မကျန်ဘဲ တစားပွဲလုံး ပြည့်ပါလေရော။
ကိုယ်ကလဲ မနေပါဘူး။ ဒီလောက် အတင်းတားတဲ့ကြားက ၀က်သားနှပ်နဲ့ ပုဇွန်တော့ ၀င်ကိုင်လိုက်သေးတာပါ။ အားလုံးစားပြီးသောက်ပြီးမှာ နောက်တနေ့အတွက် ဟင်းတွေပိုလို့ ကျန်နေတာ အဲဒီနှစ်မျိုးတည်းပါ။ ကိုယ်လဲ ကိုယ့်ဟင်း သူများမစားလို့ ကျန်နေတယ် မဖြစ်အောင် ဖိစားတာပါပဲ။ ဒါလဲ ကျန်တာပါပဲ။
အခုတော့ ကိုယ့်ဘလော့ဂ်မှာ ပို့စ် အသစ် မတက်လဲ နားလည်ယူကြပါတော့။ ကိုယ်ရေးတဲ့ ကဗျာကြီး တက်မလာတာ၊ ကိုယ်ဆွဲတဲ့ ပန်းချီပုံကြီး ထွက်မလာရင်ဘဲ ဒီနေ့အဖို့ သင့် ရာသီဥတု သာယာနေလောက်ပါပြီ။ အကြံကုန်လို့ ကိုယ်လက်စွမ်းပြထားတဲ့ ဟင်း ချက်ပြီး ကိုယ်တိုင် ဓာတ်ပုံရိုက်ပြီး တင်ပြီဆိုရင်တော့ ကွန်ပျူတာ ပိတ်ပြီးသာ ပြေးပေတော့။ ။

မိုးချိုသင်း
ဆောရီး ချိုသင်းရေ.. နောက်ဆို ၀က်သားနဲ့ ပုဇွန် ၀ိုင်းစား
ReplyDeleteပေးပါမယ်လို့  ကတိပြုပါတယ်။ မယုံရင် ပြည်ထောင်စုနေ့ 
့အထိမ်းအမှတ် ဘာညာ ခေါင်းစဉ်တပ်ပြီး ထမင်းစားဖိတ်လိုက်လေ။ ဟဲ..ဟဲ။ KM
အမရေးတဲ့စာတွေဖတ်ရတာ သိပ်ကောင်းတာပဲ.. လေးနေတာကိုလဲ ပေါ့အောင်ရေးနိုင်တယ်..စိတ်ညစ်စရာကိုလည်း ဟာသလေးနှောပြီး ရေးနိုင်တယ်.. ဘာပဲဖြစ်ဖြစ်ပဲ အမစာလေးတွေဖတ်ပြီးရင် စိတ်ပေါ့ပါးသွားတာ အမှန်ပါ... ကျန်းမာ ချမ်းသာစွာ ဆက်လက် ဘလော့ဂ် နိုင်ပါစေ အမရေ ။။
ReplyDeleteမမချိုသင်း....
ReplyDeleteအစ်မ ဆွဲတဲ့ ကောင်မလေး မျက်လုံးလေး ထောင့်ကပ် နေတဲ့ပန်းချီပုံလေး လည်းကြည့်ချင်တာပဲ....။
ကဗျာလေးတွေလည်း ဖတ်ချင်တာပဲ....။
ဝါးတားတား ဓါတ်ပုံလေးတွေလည်းကြည့်ချင်တာပဲ..။
အခုပိုနေတဲ့ ၀က်သားနဲ့ ပုဇွန်ဟင်းလည်း စားချင်တာပဲ...။အစ်မ ကိုယ့်ကိုယ်ကိုယ်ပြောနေသလို မကောင်းဘူး ဆိုရင်တောင် ချစ်လို့ ပြုံးမိဦးမှာ...။(အဲဒါ မကောင်းဘူးဆိုတာ မယုံဘူး..၊ ပန်းချီတွေ၊ ဓါတ်ပုံတွေ ပြပါ၊ ဟင်းတွေပြပါ..:P:P)
ဒီကို စာတွေလာဖတ်တာ ကတော့ အစ်မကိုချစ်လို့ သက်သက်မဟုတ်ဘူး..၊ အစ်မရေးတဲ့စာတွေကို ကြိုက်လို့ လာတာပါ..။
ချစ်ခင်စွာ...
SDL
အမကမှ ဘလော့ဂ်ကို တစ်ယောက်တည်း ရေးလို့တော်သေးတယ်
ReplyDeleteကျနော့်မှာ မဇနိနဲ့ရေးရတာ - မလွယ်ပါဘူး။
ဘယ်သူကမှ မယှဉ်ပေမယ့် ကိုယ့်နှိုက်က စာရေးတာ အားနည်းနေတော့ အားငယ်ရပါတယ်လေ...
အမက စာရေးအလွန်ကောင်းတယ်..
အမဆွဲတဲ့ပန်းချီ၊ ရိုက်တဲ့ဓာတ်ပုံ အားလုံးအားလုံးကို ခုံခုံမင်မင် ကြည့်ချင်ပါသေးတယ်.. ဘလော့ဂ်မှာတင်ပါဦး
အစ်မ စိတ်ထဲရှိတာ ရေးတာကိုက ဖတ်လို့ကောင်းနေတာပါ။ ဘာရေးရေး ဖတ်လို့ကောင်းပါတယ်။
ReplyDeleteဦးဦးနိနဲ့ အန်တီဆင်ထုံကို ထောက်ခံပါတယ်..
ReplyDeleteကွန်ပြူတာတော့ပိတ်မပြေးပါဘူး.. အဟီး
အန်တီချိုသင်းရေးတာတွေဖတ်ပြီး ရီလိုက်ရတာ
ဘာဖြစ်လဲမချက်တတ်၊ မရိုက်တတ်၊ မဆွဲတတ်လည်း
လုပ်သာလုပ်.. အားပေးမယ်..
ဟိုဝက်သားနဲ့ ပုဇွန်ကိုကျန်မှာစိုးပြီး ဖိစားတယ်ဆိုလို့
သဘောအတော်ကျသွားတယ်.. ဟီဟီး
သားဝိုင်းစားပေးပါ့မယ်ဗျား
စေတနာနဲ့ချက်တာဘဲ စားကောင်းမှာပါ။ ညီမ ပုစွန်ဟင်း ကူစားပေးမယ်နော်။ ပုစွန်အရမ်းကြိုက်လို့။ ပုစွန်ဆို ဘယ်လိုလုပ်လုပ်စားတယ်။ အမက သူများကို ဖိတ်ကျွေးဖို့ ချက်ရဲတယ်၊ ညီမဆို ဧည့်သည်လာမှာ အတော်ကြောက်၊ လက်ရာတွေ အရသာတွေ စိတ်မချဘူး။ သူများလူမျိုးတွေစားပြီး ဒါလား မြန်မာဟင်းလို့ အထင်ခံရမှာလည်း စိုးတယ်။ အလှူလို အများကြီးချက်တတ်ဖို့ဆိုတာ ဝေးရော။ အဲလိုတော်တာ။ :D
ReplyDeleteမချိုသင်းကလဲ.. ဒါလေးများ..အိုဘားမားတို့ပုံလေးတွေ တင်ပေးပေါ့။ ကွန်ပြူတာ screen saver မှာတောင် တွေ့လိုက်တယ်။း)
ReplyDeleteဘာပဲပြောပြော- လေးလေးလံလံ ကျမ အတွက်တော့..မချိုသင်း နဲ့ စကားပြောရရင် ပျော်ပြီး..မနော်နဲ့ နေရင်တော့..နုပျိုလာမယ် ထင်တယ်။ ( ဟိ- ဆွဲထဲ့ထားတယ်)
ချိုသင်းလို စာရေးကောင်း မဟုတ်တာကလွဲရင် ကျန်တာတွေ တော်တော် တူပါတယ်..။ ဘုန်းဘုန်းမျက်နှာ မြင်ယောင်ပြီး ရယ်ချင်သွားရပါတယ်။ နောက်တစ်ခါ ဆွမ်းကျွေးရင် ကိုယ်ချက်တဲ့ဟင်း ကုန်အောင်လို့ သူများတွေကို ဟင်းဝင်မချက်စေဖို့ မေတ္တာရပ်ခံသင့်ပါကြောင်း..(စ တာနော်..)
ReplyDeleteကိုယ်နဲ့နေရင်နုပျိုလာမယ်တဲ့..ကေ က..လာနေချင်
ReplyDeleteအောင်ထပ်ပြောဦးမယ်..တို့က ဟင်းချက်ကောင်းတယ်
တဲ့...(တူညားတွေကြောတာပဲရေ..)ချိုသင်းတစ်ခုခု
ဆိုတို့ချက်ပေးမယ်..ပြီးရင်အားလုံးသာခေါ်ကျွေးလိုက်..
ဗမာပြည်မှာချက်ရတာအားမရလို့ဒီမှာတောင်ထမင်းချက်
လာလုပ်တာနော..ဘာရမလဲ..း)
ရန်ကုန်မှာတုန်းကတော့ချက်တတ်တယ်ဆိုတဲ့နာမည်လေး
ခံပြီးဆိုင်မှာပဲစားရတာ..ခုကျမှ..
This comment has been removed by the author.
ReplyDeleteငါ့ညီမနှယ် အဲနေ့က ဘာလို့ မပြောလဲ...
ReplyDeleteအဲလိုမှန်းသိရင် ဒန်ပေါက် မစားပါဘူး...
အော... စကားမစပ်... ကိုဝဏကတော့ ဒန်ပေါက်တွေပဲ ထည့်စားနေတာ တွေခဲ့တာ ဒါကြောင့်ကိုး...း)
စိတ်မဆိုးနဲ့နော်...း)
့ မမိုးချိုသင်းရေ ဟင်းချက်ကောင်း တယောက်ဖြစ်ချင်ရင် ဟင်းကိုဘယ်လိုလေးချက်ရင်ကောင်းမလဲဆိုတဲ့ စိတ်ကူးကအရေးကြီးတယ်ပြောတာပဲ စာရေးတဲ့အခါ ဘယ်လိုပြင်ဆင်စဉ်းစားရေးလဲမသိပါဘူး ဖတ်လို့ကတော့ကောင်းနေတာပဲ ရိုးရိုးလေးအကြောင်းအရာကို ကောင်းနေအောင်ရေးတတ်တာပဲ ဟင်းလဲအဲ့ဒီလိုချက်ရင်နောက်ကြရင်ကောင်းလာတာပဲဗျ
ReplyDeleteအွန်လိုင်းပေါ်မှာ စာဖတ်တော့မယ်ဆိုရင် မမိုးချိုသင်း ဘာအသစ်ရေးထားပြီလဲ အမြဲအရင်ကြည့်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ရသ တခုခုကို ရလိုက်တာချည်းပါပဲ၊ အစ်မမှာ အဲဒီပါရမီရှိနေတယ်၊ စာအားလုံးကို လာလာဖတ်ပါတယ်၊ ဘာရေးရမှန်းမသိလို့ ပြန်ပြန်သွားခဲ့တာပါ၊ အားပေးနေပါတယ် အမြဲ။
ReplyDeleteအမချက်ထားတဲ့ဟင်းတွေကိုတော့ အကိုက ကြိုက်မှာပါ.. ဟင်းချက် ကောင်းမကောင်း သိရအောင် တကယ်ဖိတ်ကျွေးပါလား.. :)
ReplyDeleteဟင်းချက်တာ၊ဓာတ်ပုံရိုက်တာ၊ ကဗျာရေးတာ၊ ပန်းချီဆွဲတာတွေတော့ မမြင်ဘူးလို့ မသိဘူးရယ် .. ဒါပေမယ့်လေ အမ ရေးတဲ့ စာတွေကို ဖတ်ရတာ ရသမျိုးစုံရတယ်.. အမရင်ထဲမှာ ဖြစ်နေတဲ့အတိုင်းကို စာဖတ်ပြီး ခံစားလို့ရတယ်.. အထူးသဖြင့် ဆရာကြီးနဲ့ ပတ်သက်တဲ့စာတွေဖတ်ပြီးရင် ဒီဘက်က မျက်ရည်ကျတဲ့အထိကို ခံစားရတယ်အမရေ..
သတင်းခေါင်းစဉ်
ReplyDelete၂၅ ရက်နေ့က အိမ်ပေါ်မှအောက်မဆင်းမိသောကြောင့် မဇနိအိမ်သို့ kom သတင်း ထောက်လှမ်းခြင်း
25 Jan 09, 15:43
ုkom: မိးချိါ်သင်းအိမ် မှာ ဆွမ်းကျွေးရှိတာတောင် မသွားဘူး။ သူချက်တယ် ဆိုလို့။ :)
25 Jan 09, 15:43
ုkom: ဒိမှာ အငတ်ဘေးသင့်နေတယ်။ အိမ်ထဲ မှာ.. ဘာမှ လဲ မချက် အောက်လဲ မဆင်း..ဘာလေးများချက်သလဲဟင်။။
အစ်မက စာရေးကောင်းလိုက်တာ ။
ReplyDeleteဟား ဟား ဟား . . .
ရယ်တာ ရပ်လို့မရတော့ဘူး ။
အမြဲတန်း လာဖတ်နေကျပေမယ့် မြန်မာလိုစာမရိုက်တတ်လို့ comment မပေးဖြစ်ဘူး ။
အစ်မလဲ ပျော်ရွှင်ပါစေ ။
( PS. အစ်မ ဆွဲတဲ့ ကောင်မလေး မျက်လုံးလေး ထောင့်ကပ် နေတဲ့ပန်းချီပုံလေး ကြည့်ချင်ပါတယ် ) :P
ထပ်မဖြည့်စွက်ခြင်း
ReplyDeleteသက်သေမကျန်ရစ်ခဲ့.
ပြောတော့ပြောမိပါသည်။
ခင်မျိုးချစ် ချက်သလိုနေမှာပါအေ..။လို့
သော်တာဆွေတို့ ကိုခေါ်က်ဆွဲကြော်ကျွေးမယ်ဆိုပြီး ခေါ်ကျွေးတဲ့ ပုံစံမှိုး။်ထင်တာဘဲ။
သော်တာဆွေ ဗိုလ်ချူပ်အောင်ဆန်းပုံ ဆွဲတာ သတိရမိသေးတော့တယ။်
ReplyDeleteရေးထားတာလေးက ချစ်စရာကောင်းလိုက်တာ...
ReplyDelete(အမြဲလိုလို လာဖတ်ပေမဲ့ ကော်မန့်တော့ မရေးဖြစ်ဘူး။ ဒီတစ်ခါတော့ မအောင့်နိုင်တော့လို့ .. ဘုန်းကြီးကျောင်းကို ဆွမ်းအုပ်ပို့ဖို့ တို့အလှည့်ကျရင် ဆရာတော်က ဒကာမကြီး တစ်ယောက်ထဲမနိုင်မှာ စိုးတယ်ဆိုပြီး အခြားဒကာမတွေကိုပါ အကြောင်းကြားထားတတ်တာ...အခု..ပေါက်သွားပီဗျို့)
ရေးထားတာလေးက ချစ်စရာကောင်းလိုက်တာ...
ReplyDelete(အမြဲလိုလို လာဖတ်ပေမဲ့ ကော်မန့်တော့ မရေးဖြစ်ဘူး။ ဒီတစ်ခါတော့ မအောင့်နိုင်တော့လို့ .. ဘုန်းကြီးကျောင်းကို ဆွမ်းအုပ်ပို့ဖို့ တို့အလှည့်ကျရင် ဆရာတော်က ဒကာမကြီး တစ်ယောက်ထဲမနိုင်မှာ စိုးတယ်ဆိုပြီး အခြားဒကာမတွေကိုပါ အကြောင်းကြားထားတတ်တာ...အခု..ပေါက်သွားပီဗျို့)
ရယ်ရတယ်.. ဟိဟိ
ReplyDeleteအစ်မရယ်..ဒီလောက်လည်း ကိုယ့်ကိုယ်ကို မနှိမ့်ချပါနဲ့.. ကိုယ်တိုင်လာမြည်းကြည့်မှပဲ ယုံတော့မှာပဲ။ :D
ချိုသင်းရေ...
ReplyDeleteကိုယ့်လက်ရာဆိုတော့ ချိုသင်း ဘာချက်သလဲ အပြေးလာကြည့်တာ... ဘာမှ မပူပါနဲ့ လေ... စေတနာသာ အဓိကပါ...
စေတနာနဲ့  ချက်တဲ့ဟင်းတိုင်း စားကောင်းမှာပါပဲ
စေတနာနဲ့  ရေးတဲ့စာတိုင်းလဲ ဖတ်ကောင်းတာပါပဲ...
မျက်လုံးနှစ်လုံးက ဟိုတဖက် ဒီတဖက် ကပ်နေတဲ့ပုံလဲ.... အင်း... လှ မှာ ပါ ပဲ... (တလုံးချင်း ခပ်ဖြေးဖြေးလေး ပြောသွားသည်)
မတွေ့တာကြာပြီအမရေ။
ReplyDeleteဘယ်သူတွေ ဘာပြောပြော
ကျွန်တော်ကတော့ အမပြောတာတွေ
ယုံတယ်ဗျား။ ဟီး ဟီး :D
ကိုယ့်လက်ရာ ဆိုတော့ အမချိုသင်း နိနိတို့ကို အားကျပြီး ဘာများချက်တာလဲလို့ လာပြေးကြည့်တာ။ ဟင်း မချက်တတ်ဘူး ဆိုတာ မယုံပါဘူး။ အမလက်ရာ စာလေးတွေများ အရသာပြည့်ပြီး စေတနာ အပြည့်ပဲ။ ဟင်းတွေလည်း ဒီလိုပဲ နေမှာပေါ့။ (လာစားမယ်နော်)
ReplyDeleteသီချင်းဆိုကြည့်ပါလား။ ဖြစ်ချင်ဖြစ်မှာ။ လာလည်သွားပါတယ်၊
ReplyDeleteဟုတ်တယ် မချိုသင်းရေ တခြားဟာတွေ တင်ဖို့အဆင်မပြေလဲ သီချင်းဆိုတာလေး တင်ပေးပေါ့ ...
ReplyDeleteသူများတွေလဲ သီချင်းလေးတွေ ဆိုပြီးတင်ပေးနေတာ
အမကအသံကောင်းမှာပါ ...
ဆရာကြီးလဲ သီချင်းဆိုတာ ၀ါသနာပါတာဘဲ ....
အားပေးပါတယ် ...
အားပေးကြတယ်ဆိုတော့ ပြောပြရအုံးမှာပေါ့။
ReplyDeleteသီချင်းက အလွတ် ဆိုဖူးပါတယ်။ မောင်းကွဲသံလို့ နံမည်ကြီးတဲ့ အဖေတောင်ကိုယ်ဆိုတာ နားထောင်ပြီး ပြောရှာတယ်။
ငါ့သမီးရယ် ဟုတ်မှဟုတ်သေးရဲ့လား တဲ့။
ကီး တလွဲချည်း ဆိုနေလို့ သူက နောက်နေတယ်တောင် ထင်နေတာ။
ဒီဘ၀မှာတော့ ဒီလိုလေးပဲ ရှိစေတော့.. :)
Hello Ma Mo Cho Thin,
ReplyDeleteHow are you? Long time no see.
I want to ring you but I don't know when I can ring you. We've got time difference. I have a small book that has to be sent to you since last 2 years ago. Some of the people who love Sayar Gyi U Tin Moe, wrote their comments in that book and I have to send it to you. But I don't know your address. By the way I'm Mi Pa, Mi Chaw's youngest sister from Sydney. :) Please email me your address if possible. My email is (maysithuaung@gmail.com).
Sorry, I'm too lazy to practice writing in Burmese. But love to read your blog. I love your writings since we were in Yangon. I miss the old times. I'll be waiting for your email. With love , MI PA
အစ်မရေးပုံအရ... ဘုန်းကြီးခင်ဗျာ... အစ်မလက်ရာကို တွေးမိပြီး အောင့်သက်သက်ကြီး ဖြစ်သွားရှာပုံပဲ။ မျက်နှာ မကောင်းဘူး ဆိုလို့ပါ။ ဟဟ...
ReplyDeleteဘာပဲဖြစ်ဖြစ် စာရေးတတ်နေတာတင် လုံလောက်ပါတယ်။ အကုန်လုံးကို လိုက်လုပ်နေဖို့မှ မလိုတာနော့်။ တစ်ခုခုမှာ ထူးချွန်နေရင် တော်ပါပြီ။
ကျွန်တော့်လို ဟိုစပ်စပ် ဒီစပ်စပ် မဖြစ်တော့ဘူးပေါ့။
အမ မိုးချို စာရေး အရမ်းကောင်းတာပဲ။ လေးစားပါတယ်။
ReplyDeleteအစ်မ MCT .. ဆွမ်းဟင်းချက် ကပ်မယ် လျှောက်ချက်က သဘောကျစရာကောင်းလို့ ၊၊ ဘုန်းဘုန်း မျက်နှာမကောင်းဘူး ဆိုပဲ ၊၊ အဟီး တော်တော် သဘောကျမိတယ် ၊၊
ReplyDeleteအမ ၀က်သားနှပ်လေးမြည်းချင်တယ်။ ပုံလေးရိုက်ပြီးတင်ပါ ထွက်မပြေးပါဘူး။
ReplyDeleteအတူတူချင်းတွေဟာ။ ဟိဟိ အမက အများကြီးတောင် သာသေးတယ်။ အားမငယ်နဲ့ 
လင်းထုံ
အမရေ.. ရှိသေးရင် နည်းနည်းကျွေးပါ... :P
ReplyDeleteချိုသင်း သီချင်းဆိုသံကို ရည်ရွယ်ပြီး ဆရာနဲ့ကျနော်တို့ စန္ဒယားချစ်ဆွေ ရဲ့ "ပင်လုံထိပ်ထားဦး"သီချင်းကို အမြဲဆိုကြတာ။
ReplyDelete"မောင်းသံ.. တခုသောမောင်းသံ ကြားလေတိုင်းမှာဖြင့်.. ထွက်ကိုပဲ ထွက်ပြေးချင်တယ်လေ...၊ နားနှစ်ကို စုံကာပိတ်လို့.. အတင်းရုန်းကန်.."
ဟဲဟဲ စတာနော်။ အသံလဲကောင်းတယ်။ ၀က်သားဟင်းလဲကောင်းတယ်။ လူတွေ မစားကြတာက သွေးတိုးမှာ ကြောက်လို့ပါ
ချိုသင်း
ReplyDeleteကျန်းမာရေးဂရုစိုက်..အစားအကြောင်းပဲကြားနေရတယ်..:)
မကုန်သေးရင်ပို့လိုက်လို့ရတယ်..:P
ချောချောညီမငယ်..
ချောချောနဲ့ကိုသီတို့ကို..သတိရနူတ်ဆက်တယ်လို့
ကျေးဇူး..
နေလင်း
မမိုး...
ReplyDeleteကျနော်ငယ်တုန်းက ဆရာမောင်သာရ ရေးတဲ့ 
“ ရေးတတ်ရင် ၀တ္တုဖြစ်တယ်” ဆိုတဲ့ စာအုပ်ဖတ်ဖူးတယ်..။
မမိုးက ဒီလောက်ကို စာရေးတော်တာပါ...။
အကြောင်းအရာ စင်းစင်းလေးကို ဆွဲပြီးရေးတတ်တယ်..
ဖတ်လို့ ကောင်းနေတာဘဲ..။
နောက်တစ်ခါမမိုးဟင်းချက်ရင် လာစားချင်တယ်...
ကျနော်က သားကြီးငါးကြီး ဘာမှ မစားတော့
ဝက်သားဟင်းထဲက ပုဇွန်လေးတွေဘဲ ရွေးပြီး စားပါ့မယ်..
မျက်နှာမကောင်းဖြစ်ခဲ့ ရင်တောင် သိပ်မသိသာဘူးပေါ့....း)
အမေရိကန် အိုင်ဒေါ ဟောလီးဝုဒ် ရောက်လာပြီ ဝင်ပြိုင်ပါဦးလား? မချိုသင်း ရ.....:P
ReplyDeleteဖတ်ပြီးတော့ ပြုံးရုံတင်မက ရယ်ပါရယ်လိုက်ရလို့ အနား
ReplyDeleteမှာ စာဖတ်နေတဲ့ သမီးအလတ်မက ဘာရယ်တာလဲလို့
မေးနေလေရဲ့ မချိုသင်းရေ.
ရေးလည်း ရေးတတ်ပါဘိဗျာ
ခင်မင်လျက်
ဘာပဲပြောပြော.. အမပြောတဲ့ ၀က်သားရယ်...၀က်သားရယ် ချက်တဲ့ အလှူမှာ လာစားချင်သား။
ReplyDeleteMoe Cho Thinn said...
ReplyDeleteအသံတိတ် ကြိတ်ရှိုက် သွားသည်..
January 31, 2009 12:14 PM
ဘုန်းဘုန်း က မျက်နှာမကောင်းယုံ ဆိုတော်သေးတာပေါ့. သူ့ခမျာ ပြေးစရာ မြေမရှိလို့ဖြစ်မယ် မြန်မာပြည်မှာသာဆိုရင် ချဉ်ပေါင်တဲုံးခါမှ မောင်ဖုံး ပြန်ခဲ့မယ် ဆိုပြီး ကျောင်းပြောင်းရွေ့ သွားမှာ။
ReplyDeleteတို့လဲ သီချင်းလေး ညည်းမိဘူးပါတယ။် အစ်မ က နင်စာဖတ်နေတာ လား ဆိုတာ နဲ့ ဘူးသီးနု ကလေး အမွေးသပ်သွားကြတာ.စိတ်နာတယ်။ တကယ်ဘဲ။
ReplyDeleteသွားလိုက်ပါဦမးယ် ကောင်းသောနေ့ပါ။
အမေရိကန် အိုင်ဒေါ ၀င်ပြိုင်ဖို့ ချောက်တွန်း..... အဲ့လေ.. တိုက်တွန်းတဲ့သူက တွန်းကုန်ပီ
ReplyDeleteလုပ်လိုက်အစ်မရေ.. ကြာသလားလို့...........း)
အမချိုသင်းလက်ရာဆို ဘာဖြစ်ဖြစ် ကြိုက်မှာ သေချာတယ်။ စာရေးတောင် ဒီလောက်ကောင်းတာ။ ဟိုနေ့က ကိုနိပြောနေတာ အမချိုသင်းက တကယ်ဟင်းတွေ သိပ်မချက်တတ်တာလား မသိဘူးတဲ့။
ReplyDeleteဘယ်ရမလဲ နိနိက ပြန်ပြောလိုက်တာ အယ်မယ် ချက်တတ်ပါတယ်နော် ချဉ်ပေါင်ဟင်း၊ ငါးပိရည်လေးဆမ်းပြီး အမဲသားနှပ်လေးနဲ့စားတာ ထမင်းသုံးပန်းကန်ကုန်ပါတယ်တဲ့ဆိုလို့။ ဒီလောက်ဟင်းတွေ စုံနေအောင်ချက်တတ်တာ လို့ နိနိက ကြွားထားတာနော်။ ခုပို့စ်ဖတ်လိုက်တော့ ဇဝေဇဝါဖြစ်သွားတယ်။ ဒါဆို ဆွမ်းကျွေးနေ့က သူများလာကူချက်ပေးသွားတဲ့ ဟင်း တွေထဲက ငါးပိရည်နဲ့အမဲနှပ်ကျန်နေတာများလားလို့။ ဟိဟိ။ နောက်နေ့သပ်သပ် အမချိုသင်းထပ်ချက်တာ ဟုတ်ပါတယ်နော်ရယ်။ ကိုနိကို ကြွားချင်လို့ပါ အမဟင်းချက်တတ်ပါတယ်လို့။
နိနိ
အစ်မရေ...
ReplyDeleteနောက်ကျသွားတယ်...
ဆေးစက်ကျရာအရုပ်ထင်ဆိုတာမျိုးထင်ပါရဲ့..
အစ်မ ဘာလေး ရေးရေး..ဖတ်လို့ကောင်းနေတာပါပဲ..
အားကျတယ်..
စိတ်၏ကိုယ်၏ချမ်းသာနိုင်ပါစေ
ချစ်ခင်လေးစားတဲ့
အကြံကုန် ချိုသင်း ၀က်ချက်
ReplyDelete