Wednesday, May 13, 2009
Zumba
မနေ့က ကိုယ် သင်တန်းတခု စ အပ်ပါတယ်။ ဆရာဝန်က ကိုယ့် ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတခုခု မဖြစ်မနေ လုပ်ရမယ်လို့ အကြံပေးလို့ပါ။ နို့မို့ဆိုရင်တော့ ဆေးတွေ တိုးပြီး ထိုးရ၊ သောက်ရတာသာ အဖတ်တင်ပါလိမ့်မယ် တဲ့။
ဒါနဲ့ ဆရာဝန်ရယ်၊ သူငယ်ချင်းတွေရယ်၊ မိသားစုရယ် ၀ိုင်းပြီး ဂရုစိုက်လိုက်ကြတာ လူလဲ စိတ်ဓာတ်တော်တော်ကျသွားတယ်။ ကိုယ့်ကို ဂရုစိုက်တာ ချစ်ခင်လို့ ပြောကြတာမှန်း သိတာပေါ့။ ဒါပေမဲ့ ကိုယ်က လိုက်မလုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကို အမြဲ အပြစ်မြင်မိပြီး အဲဒီစိတ်က ၀န်ထုပ် ၀န်ပိုးကြီး တခုလိုဖြစ်နေတာပါ။ အတော်ခံရခက်တဲ့ ဝေဒနာပါပဲ။
ဒါနဲ့ အိမ်နဲ့ နီးနီးနားနားက Community Center မှာ ညနေဖက် လမ်းလျှောက်ရင်း သင်တန်းလေးတွေ သွားစုံစမ်းမိတယ်။ ကောင်တာက မိန်းမချောလေးက ကိုယ့်ကို လမ်းညွှန်ပါတယ်။ Zumba ဆိုတဲ့ သင်တန်းက ကိုယ်နဲ့သင့်တော်မယ် လို့ ထင်ပါသတဲ့။ သူက သီချင်းလေးတွေ ဖွင့်ပြီး သက်သက်သာသာ လေ့ကျင့်ခန်း လုပ်ရတာမျိုးပါ တဲ့။
ဒါနဲ့ ကိုယ်လဲ အချိန်စာရင်းကြည့်လိုက်တော့ တပတ်မှာမှ တရက်တည်း၊ အဲဒီတရက်မှာလဲ ၁နာရီ ဆိုတော့ လုပ်နိုင်လောက်တယ် ဆိုပြီး ပိုက်ဆံသွင်းလိုက်တယ်။ အိမ်နဲ့ ၅ မိနစ်လောက် လမ်းလျှောက်ရုံအကွာအဝေးဆိုတော့လဲ အဆင်ပြေတယ်လေ။ ဒါနဲ့ မနေ့က ရုံးအပြန် ညနေစာ စောစောစားပြီး အိမ်က လူကုန် ကိုယ့်ကို ကလေးကျောင်း လိုက်ပို့သလို လိုက်ပို့ကြတယ်။
ကိုယ်ရောက်တော့ စောနေသေးတယ်။ ခမ်းမကျယ်ကျယ်တခုမှာ သင်တန်းပေးမှာ။ ကိုယ်က အသစ်ဆိုတာ သိနေတော့ သင်တန်းမစခင် စကားစမြည် လာပြောကြတယ်။ မိန်းကလေးတွေ ချည်းပဲ။ လူငယ်တွေများပါတယ်။
ဘယ်လိုသင်ပေးတာလဲဆိုပြီး မေးကြည့်တော့ သင်တန်းဆရာမက သီချင်းအတိုင်း လှုပ်ရှားတာကို လိုက်လုပ်ရုံပဲ တဲ့။ ရီစရာတော့ ကောင်းတယ်၊ ဒါပေမဲ့ မရှက်ပါနဲ့ တဲ့။ အဓိက က ကိုယ်လက်လှုပ်ရှားဖို့ပဲ ဆိုတော့ သူလုပ်သလိုသာ လိုက်လုပ်ပါ တဲ့။ ချွေးထွက်ဖို့သာ ပြင်ထားပေတော့ တဲ့လေ။
ဒါနဲ့ ဆရာမလာတော့ သီချင်း စ ဖွင့်တယ်။ ဆရာမက ဘော်ဒီတောင့်တောင့်။ အားကစားသမား အကြိုက်။ သီချင်းကတော့ ထုံးစံလို အမြူးသီချင်းပါ။ ကိုယ်ကတော့ ရှက်ရှက်နဲ့ နောက်နားကျကျမှာ သွားနေတာ ကိုယ့်နောက်မှာ ကောင်မလေး တယောက်သာ ကျန်တော့တာ။ အဲဒီကောင်မလေးကတော့ ကိုယ့်ထက်များ ပိုရှက်သလား မသိ၊ နံရံနဲ့တောင် ဖြစ်နိုင်ရင် ကပ်နေမဲ့ပုံ။
သီချင်း ဖွင့်တာနဲ့ ဟေးဟေးဟားဟား သူတို့ လုပ်ကြတယ်။ ပထမတော့ ခြေထောက်လေး လှုပ်ရုံပါပဲ။ နောက်တော့ သီချင်းအတိုင်း သွက်လိုက်ကြတာ ကိုယ့်မှာ ပါးစပ်အဟောင်းသား။ ကိုယ်လဲ ကမန်းကတန်း အမီ လိုက်ရတော့တာ။
ကိုယ်လဲ လိုက်တော့ လိုက်တာပါပဲ။ ဒါပေမဲ့ ယုန်တောင်ပြေး ခွေးမြောက်လိုက် ဆိုသလို ဖြစ်နေပါပြီ။ ဆရာမက သီချင်းဆိုနေတဲ့ကြားက ဘာတွေ သဘောကျတယ် မသိ၊ တဟီးဟီးရီပြီး ညာဖက်ကို ပြေးသွားရင် ကိုယ်က ဘယ်ဘက်ကို ပြေးမိရက်သားကြီး။ သူက နောက်ကို သုံးလှမ်းလောက် ဆုတ်ရင် ကိုယ်က ၇လှမ်းလောက် ဆုတ်မိနေပေါ့။
လက်တွေကိုလဲ ဆန့်လိုက် ကွေးလိုက်နဲ့ လုပ်ကြသေးတယ်။ ဘယ်ဘက်လက်ကို ဘေးကို ဆန့်လိုက် ကွေးလိုက် လုပ်တော့ ကိုယ်က ညာဖက်ကို အားရပါးရ ထုတ်လိုက်တာ ဘေးက ခလေးမကို ထိုးမိတော့မလို့။ ဘေးကကြည့်ရင် သီချင်းနဲ့ က နေတာနဲ့ မတူဘဲ ရန်များဖြစ်သလား ထင်မယ်။
နောက်တော့ လက်ကို အပေါ်ကိုမြှောက် ပြီး မက္ကဆီကန် အကတွေ ကသလို သူတို့ က ကြပြန်တယ်။ ကိုယ့်မှာတော့ လက်လဲ မြှောက်ထားပါရဲ့၊ ဒါပေမဲ့ က တာနဲ့ မတူ၊ ဒို့ အရေး လုပ်သလိုမျိုး လုပ်မိတယ်။ ဒီတခုတော့ ပိုင်သလေ။ ဘေးကများကြည့်ရင် ဘယ့်နှယ့်ဟာကြီးပါလိမ့် ထင်မှာ။
ခက်တော့နေပါပြီ။ ကိုယ်တော့ နေရာမှားပြီ ထင်ပါရဲ့။ ကိုယ်က လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းလွန်းလို့ အိမ်မှာ မလုပ်ဘဲ အဖော်အပေါင်းရှိတဲ့ သင်တန်းလာတက်မိတာ အမှားကြီး မှားပါပြီ။ ကိုယ်က သီချင်းလေးနဲ့ နူးနူးညံ့ညံ့ ထင်မိတာကိုး။ နောက်တော့ ရပ်ပြီး ရီနေမိတော့တာပေါ့။
ကိုယ်ရီတော့ ဆရာမကလဲ သဘောကျပြီး ရီတယ်။ ပြီးတော့ လုပ် လုပ် ဆိုတဲ့သဘော ကိုယ့်ကိုအားပေးသလိုမျိုး မေးထိုးပြတယ်။ ရပ်မနေနဲ့ ဆိုတဲ့သဘော။ သီချင်းကလဲ မရပ်မနား non stop! အဲဒီတော့ သူ ကြိုးတွေ လုံးသလို လုပ်ရင် ကိုယ့်မှာလဲ လိုက်လုံးရ၊ ရေကူးသလိုမျိုး ကူးနေရင် ကိုယ့်မှာလဲ လိုက်ကူးရ။ သူက ဟန်ပါပါ ကိုယ်လေးကို လှည့်တော့ ကိုယ်က စကောဝိုင်း လိုက်သလိုမျိုး ရွှီးကနဲပဲ။
ဆရာမက ကိုယ့်ကို မျက်စိကျသွားပုံပဲ။ ဒါမှမဟုတ် ကိုယ်ခိုနေတာကို သိသွားလို့ရင်လဲ ဖြစ်မယ်၊ ကိုယ့်ဘေးနားလာပြီး ကိုယ်နဲ့အတူ လုပ်တော့တာပါ။ ဂွတော့ ကျနေပါပြီ။ သူက ကိုယ့်ကို အသစ်ဆိုပြီး တွဲခေါ်နေတာပါ။ သူ က တာ အင်မတန်လှတာပါ။
တကယ်က ဒီတခန်းလုံးမှာ သူ့နီးပါး လိုက်လုပ်နိုင်တာ ၃ယောက်လောက် ရှိတာပါလေ။ ကျန်တဲ့လူတွေက သူ့ကိုကြည့်ပြီး လိုက်လုပ်ကြတာ။ ဒါပေမဲ့ သူတို့က ဒီမှာမွေး၊ ဒီအကတွေနဲ့ ကြီးခဲ့ကြတာမို့ နည်းနည်းပြရင် သဘောပေါက်ကြတယ်။ ကိုယ့်မှာသာ အစိမ်းသက်သက်။ ကိုယ်တို့ မြန်မာဆီမီးခွက် အကလောက်ဆို ကိုယ်လိုက်နိုင်မှာ အမှန်ပါ။
ဆရာမက မြန်လဲမြန်သေးတယ်။ သူရှေ့ကို ပြေးသလိုလုပ်တော့ ကိုယ်လိုက်ပြေးရင်ဘဲ သူက နောက်ပြန်ဆုတ်နေပြီ။ သူအဆုတ် ကိုယ်အတက် တိုက်မိတော့မှာ။ တခါမှာ မျက်နှာချင်း အတော်နီးသွားလို့ သူလဲ လန့်သွားတယ်။ ဒါနဲ့ ဟိုးရှေ့မှာပဲ သွားပြန်လုပ်နေတော့တယ်။
အချိန်က တနာရီမို့ပဲ။ တကမ္ဘာလောက်ကြာသလို ခံစားမိတယ်။ ချွေးတွေလဲ တကိုယ်လုံး ရွှဲနေပြီ။ ဒါနဲ့ သီချင်းလဲဆုံးရော ဂွတ်ဒ်နိုက် တဲ့။ ဒီစကားအချိုဆုံးပဲ။ သင်တန်းပြီးသွားတဲ့သဘော အားလုံးပျော်ပြီး ဟူးးးး ရေးးးး နဲ့ လက်ခုပ်တီးကြတော့ ကိုယ့် လက်ခုပ်သံ အကျယ်ဆုံး ထင်မိတယ်။
နောက်တပတ်သွားဖို့တော့ စဉ်းစားကာ နေရအုံးမယ်။
မိုးချိုသင်း
49 comments:
  1. ဟားဟားရယ်လိုက်ရတာအမရယ် ။ မမချိုသင်း ကနေပုံကို ၊ ဘေးကလာရပ်ကြည့်နေသလိုကိုမြင်ယောင်မိပ။ :-P
    အကသင်တန်းတွေက စတက်စမှာအဲလိုကြီးပဲမရဲ့ ။
    ရှက်နေတာနဲ့ပဲစိတ်ကိုလွှတ်လိုက်ဖို.ခက်နေတာ။ တပတ်တရက်ထဲကတော့နဲတာပေါ.။ :P
    ဆက်တိုက်တပတ်လောက်သွားကပစ်လိုက်ရင် ok သွားမှာပါ ။
    နောက်တပတ်လဲသွားပါအုံးနော် ။ အားပေးခဲ့ပြီ ။ :-) အမြဲကျန်းမာနေအောင်လို. ။
    ReplyDelete
  2. တပတ်မှ တရက်တည်းမဟုတ်လား အမ
    သွားပါ ကျန်းမာရေးအတွက်ပဲနော်
    နောက်လုပ်ရင်းနဲ့ အသားကျသွားမှာပါ :)
    ReplyDelete
  3. ဖတ်ရင်းနဲ့ ရယ်လိုက်ရတာ။ ကြိုးတွေ လုံးသလိုမျိုး ကကွက်ကိုတောင် မြင်ယောင်လာတယ်။ က ပြီး အမောပြေ စားဘို့ ပဲပလတာ လာပို့တယ်နော်။
    ReplyDelete
  4. Ama Yay,
    very funny.
    Go ahead. You can dance very well after a couple week. Dancing is the best exercise.
    Again, go again in next week plz.
    ReplyDelete
  5. မချိုသင်းရဲ့ Zumba အက ကတော့ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းပဲ..
    ရီလည်းတော်တော်ရီရတယ်.. :D
    ReplyDelete
  6. အရေးကလည်းကောင်း။ မျက်စိထဲ အစ်မမိုးချိုသင်းကနေတဲ့ ပုံကို မြင်ယောင်ပြီး ရီချင်တယ်။
    ဒါပေမဲ့ အတော်ကောင်းတဲ့ အိုင်ဒီယာပါ။ ကျွန်တော်လည်း ၀တ်လျှော့ဖို့ ကြိုးစားနေတာနဲ့ အတော်ပဲဖြစ်သွားတယ်။ ရပ်ကွက်ထဲက နတ်ပွဲတကာလှည့်ပြီး လိုက်ကဦးမယ်။
    မဖြစ်သေးပါဘူး။ တော်ကြာ ကိုကြီးကျော်နဲ့ချည်း တွေ့နေဦးမယ်။
    ReplyDelete
  7. :D
    မရပ်ပါနဲ့ သွားပါ အန်တီချိုရဲ့... ကျန်းမာရေးက အရေးကြီးတယ်။ (ဒါမှ နောက်လည်း အန်တီချို က, တာတွေ ဖတ်ရမှာ ...ဟီဟိ့)
    ReplyDelete
  8. ဟား ဟား အမချိုသင်းရယ် ရယ်လိုက်ရတာ။ အကဆရာမက အမကို လန့်သွားပုံရတယ်နော်။ ပျော်စရာကြီးရယ် နောက်တပတ်လည်း သွားသာသွားပါ။ အိမ်ရှိလူကုန် ကျောင်းလိုက်ပို့တာလည်း ခံရတယ်။ အလိုလိုက်ခံရ နည်းတာမှတ်လို့။ ကျန်းမာရေးလည်း ကောင်းတာပေါ့ အမရဲ့။ သွားသာသွားအမ။ အဟီး ကိုယ့်လွှတ်ရင်တော့ လွှတ်တဲ့သူ ရန်သူမှတ်မှာ အမချိုသင်းကိုသာ သွားဖို့မြှောက်ပေးခဲ့တာ။
    နိနိ
    ReplyDelete
  9. အမ Zumba အကဆိုတာ သေသေချာချာ မသိလို့ you tube မှာကြည့်ပြီးမှ လာ comment တာ။ ဟုတ်တယ်နော်.. ရေကူးသလို လုပ်လိုက်.. လက် နှစ်ဘက် အပေါ်မြောက်ရမ်းသလို လုပ်လိုက်နဲ့ .. အတော့်ကို အကြောအချင် ပြေမှာပဲဗျာ။ ဒါပေမယ့် နောက်က သင်တန်းသူတွေ ကတာကြည့်ပြီး တော်တော်ရီနေရတယ်။ အမချိုသင်း ကတာများသာ ကြည့်လို့ ရရင်တော့ အူလိမ့်နေမှာ အမှန်ပဲ။ :D
    ကျန်းမာဖို့  အပတ်စဉ် ၁ နာရီ လေ့ကျင့်ပါစို့ ။။ (အမအတွက်နော် ကျွန်တော်ကတော့ အိပ်တယ်ဟီးး)
    ReplyDelete
  10. ဟိုက်ရှားပါး။
    ချိုသင်းက ရှိတ်ဆွဲနေပြီ။ နောက်ဆို ဘလော့မှာတွေ့ ရတော့မှာ မဟုတ်ဘူး။ ဒစ္စကို သွားနေလို့  ဟင်းဟင်းဟင်း ပါတီသွားနေလို့ ဟင်းဟင်းဟင်း
    ကိုကိုချိုသင်းက ဂိုးဂိုးဂိုးနဲ့ ဘော့လုံးပွဲကြည့်
    မမချိုသင်းက ဘော့လုံးလေးလို လိမ့်နေအောင်က ကြည့်ချင်လိုက်တာနော်။
    ပွတ်သဘင်တွေ ဘဲလေးကတွေ ရက်ပတွေ အာဖရိကန် ဒန့် စတွေ အာခရိုဘက်တွေ ဆက်ရန်ရှိသေးသည်။မျှော်
    ReplyDelete
  11. ဆက်သွားပါ အစ်မရဲ့ ။ ပျော်ဖို့ကောင်းတယ်နော် ။ ကြိုးတွေ လုံးသလို ကတာကိုမြင်ယောင်ပြီး ရယ်မိတယ် ။ ဟား ဟား ။
    ReplyDelete
  12. အစ်မရေ..youtube မှာ ရှာကြည့်ပြီးသွားပြီ ။ သူတို့ကတာကိုကြည့်တာပဲ ။ ဒါပေမယ့် အစ်မကတာကိုပါ မြင်ယောင်ကြည့်ပြီး ရယ်လိုက်ရတာ ဖတ်ဖတ်မော ... ဗိုက်တွေတောင်နာတယ် ။ ဟောဟဲ..ဟောဟဲ...
    ReplyDelete
  13. ဟားဟားးးးးးးးးးမမကနေပုံ ကိုမြင်ယောင်ပြီး ရီလိုက်ရတာ။
    ReplyDelete
  14. ကြည့်လည်းကြည့်ချင်တယ်
    အတူလည်းလာကချင်ပါတယ်
    တကယ်ပါ...း)
    ReplyDelete
  15. သေချာတာတစ်ခုတော့ရှိတယ် မကြီးချိုသင်း
    သတိရမိတဲ့အချိန်
    ရေချိုးခန်းမှာဖြစ်ဖြစ်
    မှန်ရှေ့မှာဖြစ်ဖြစ်
    မကြီးလှုပ်ရှားကြည့်နေမယ်ဆိုတာ
    မြင်ယောင်နေသေး
    ဟုတ်တယ်မဟုတ်လား
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်
    ReplyDelete
  16. ကိုယ့်အမကြီးအမြဲကျမ်းမာပျော်ရွှ့င်တာကိုတော့
    မြင်ချင်ပါတယ်
    ဒါမှဘယ်သွားသွား ထမိန်ဆွဲလိုက်လို့ရမှာလေ
    ဟုတ်ဘူးလား
    အဟီးးး
    ReplyDelete
  17. ဟီးဟီး။ ဝိတ်ချတာ ကောင်းပါတယ် အမရဲ့။ ဟစ်ဟော့ပ်ပါ သင်ပြီး ဒစ္စကို သွားပေါ့။ ပျော်ဖို့ ကောင်းပါတယ်။
    ReplyDelete
  18. ပင်ပန်းပြီး ပိုမစားနိုင်ဘူးလားဗျ :)
    ReplyDelete
  19. ချိုသင်းရေ.
    ဖြစ်အောင်သွားနော်
    VOA Interview မှာကြားခဲ့တုန်းထဲက မမ လှမ်းသတိပေးချင်နေတာ
    အသံလေးက ခပ်အက်အက်လေး ဖြစ်နေလို့..
    ဘယ်လိုပြောရမယ် မှန်းမသိလို့ ပါ..
    ကျန်းမာရေး ဂရုစိုက်ပါ ညီမရေ
    မမ တွေ့ချင်ဆုံး လူသားထဲ မှာ ညီမ ပါနေတယ်
    တို့တွေ ဆုံ ကြမယ်လေ...
    ဖြစ်အောင်သွားနော်..
    ခင်တဲ့
    မမ
    ReplyDelete
  20. လေ့ကျင့်ခန်းလုပ်ပြီးလျှင်၊အဆာပြေ Donut လာစားပါ။
    ReplyDelete
  21. စဉ်းစားကာ မနေပါနဲ့...
    နောက်တစ်ပတ်သွားဖြစ်အောင် ဆက်သွားပါ...။
    အပြင်က ဗိုက်ဆာပြီး ပြန်လာတာ မမချိုသင်း အသစ်တက်လို့ အရင်ဖတ်နေတာ...။ အင်နဲ့ အားနဲ့ အော်ရယ်မိလို့ ဗိုက်တောင် ပိုချောင်သွားပြီ... ဒါတောင် မစားသေးပဲ ကောမန့်အရင်ရေးပြီး ကဲရီးအွန်ဖို့ အားပေးနေတာနော်....။
    ReplyDelete
  22. ရာဝင်အိုးကြီး ခြေလှုပ် လက်လှုပ် ကနေတာ မြင်ယောင် မိပါပေရဲ့ ..း)
    ReplyDelete
  23. Dont give up.
    Please continue.
    ReplyDelete
  24. သွားပါ အန်တီချိုရဲ့... ပထမကြိမ်ဆိုတော့ဒီလိုဖြစ်မှာပေါ့ .... မစဉ်းစားနဲ့...သွားနော် ...နောက်တော့အားလုံးအဆင်ပြေသွားမှာပါ...အဲ့ကျတော့ကရတာပျော်လာလိမ့်မယ် ... ကျန်းမာရေးကိုလည်းဂရုစိုက်နော်....ဂရုစိုက်မယ့်သူတွေရှိတာကောင်းတာပေါ့အန်တီချိုရယ်....avocado တို့ဖြင့်ပြီးခဲ့တဲ့ရက်နေမကောင်းဖြစ်တာတောင်တစ်ယောက်ထဲ... အမေကိုပိုလွမ်းလို့ဖုန်းဆက်ရင်းငိုရသေးတယ်... ဘာပဲဖြစ်ဖြစ်ကျန်းမာရေးဂရုစိုက်နော် ..နောက်အပတ်အကသင်တန်းလည်းသွားနော်
    ReplyDelete
  25. မမ နောက်တပတ်ကျရင် ဗွီဒီယိုပါရိုက်လာပြီး တင်ပါလား။ Blog Hit တွေ နင်းကန် မတက်ရင် ပြောချင်တိုင်းပြော...
    :D
    ReplyDelete
  26. မချိုသင်းရေ ကျမလည်း တစ်လောက ကံစမ်းမဲပေါက်
    တယ်။ Fitness Studio တခုမှာ ၂လလုပ်ခွင့် ရတယ်။ အစပိုင်းတော့ မချိုသင်းလိုပဲ မောနေတာပေါ။
    တဖြေးဖြေးနဲ့ အခုတော့အရှိန်ရလာပြီး ပျော်လာတယ်။
    အားတင်းထား။။။။။။။ ညနေကြရင်တောင် သွားလိုက်အုံး
    မယ်။ မချိုသင်းကို သတိရ နေမယ်။
    ReplyDelete
  27. သွားပါ အစ်မရယ်...
    နောက် ကတတ်သွားရင်...
    ပျော်စရာကောင်းတာမှပေါ့...
    အစ်မကိုယ်မြင်ယောင်ကြည့်ရင်း..ရယ်နေမိတယ်..။
    ReplyDelete
  28. စိတ်ကူးနဲ့ ပုံဖော် ရီသွားပါသည်။...:P
    ReplyDelete
  29. ရယ်လိုက်ရတာ မရယ်....အရမ်း ချစ်ဖို့  ကောင်းတာပဲ...မ မှတ်တမ်းလေးတွေ ပေါင်းပြီး စာအုပ်ထုတ်တော့နော်...
    ReplyDelete
  30. အစ်မချိုသင်းရေ..
    မဖတ်ရသေးတဲ့ သုံးပုဒ်လုံး ဖတ်သွားပြီ..
    အစ်မလိုရေးတတ်ချင်လိုက်တာနော်...
    ReplyDelete
  31. ပြဇာတ်တွေ အငြိမ့်တွေမှာ လူရွှင်တော်တွေ ဟာသလုပ်သလိုပဲ နေမှာ။ သီချင်းဖွင့်ပြီး တစ်ယောက်တစ်ပေါက် စိတ်ကြိုက်ကကြတာလေ။ တိုင်ပင်မကိုက် စည်းမကိုက်။ ပျော်တော့ ပျော်စရာပဲ။
    ReplyDelete
  32. သင်တန်းပြန်ဖွင့်လို့ရအောင် လုပ်ဗျ...။
    ဆီမီးခွက်အက ကို ပြန်ပြုပြင်ပြီး သင်တန်းပြန်ဖွင့်ကြည့်ပေါ့..ဟဲဟဲ..။
    အဆင်းဘီးတပ်သွားသည်...။
    ...ခင်မင်သောအားဖြင့်...
    ReplyDelete
  33. မြင်ယောင်ပြီး
    ထိုင်ဟားနေတယ်..
    ReplyDelete
  34. စာဖတ်ရတာ Mr.BEAN ကြည့်နေရသလိုပဲ...
    ဂွတ်နိုက်ဆိုတော့ ပျော်လိုက်တာတဲ့လား...
    အဖော်တွေနဲ့ လုပ်ရတာလဲ ပျော်စရာကြီးပါဗျာ... နောက်တော့လဲ အသားကျသွားမှာပေါ့...
    ဘာပဲဖြစ်ဖြစ် ချွေးထွက်သွားတယ်ဆိုတော့ အကျိုးရှိတာပဲလေ...
    ဇမ်ဘာကထားတယ်ဆိုပြီး အိမ်ရောက်တော့မှ နင်းကန်တွယ်မနေနဲ့ ဦး... လုပ်ထားသမျှ သဲထဲရေသွန်ဖြစ်မှာစိုးလို့ ပါ...
    နောက်တစ်ပတ်ထပ်သွားကြည့်ဦးလေ...
    မအယ်ဇီရဲ့ ဆီပုံးမှာ မချိုသင်း ရှိတ်ဆွဲနေတာ တွေ့ ခဲ့ပါတယ်ဗျာ...
    ReplyDelete
  35. ကိုလူထွေး မိန်းမက ဘေးကနေပြီး ရေးခိုင်းတာ...
    ချွေးထွက်များမှ သွေးထွက်နည်းမှာတဲ့.. ဒါမှ သွေးခဏခဏ သွားမဖောက်ရတော့မှာတဲ့
    တော်ကြာ ခြောက်လီတာဖောက်မယ့် နပ်စ်မနဲ့ တိုးနေဦးမယ်တဲ့...
    ReplyDelete
  36. အင်း..ဒီပုံနဲ့ဆိုရင်လမ်းလျှောက်တိုင်းကျောက်ကျောတုံးကြီး
    လို
ိုတုန်၊ခါနေတဲ့ကိုယ်ကြီးတော့ဝိတ်ကြအုံးမယ်
    ReplyDelete
  37. ဆက်သွားပါ အစ်မရာ။ နောက်တော့လည်း အဆင်ပြေသွားမှာပေါ့။ ကျန်းမာရေးက အရေးကြီးတယ်လေ။ ကျန်းမာရေး ဂရုစိုက်ပါနော်။
    ReplyDelete
  38. http://www.youtube.com/watch?v=BILiNvLA-lo&feature=related
    only the teachers can dance.
    don't fret.
    you'll get better.
    even if you don't get better, who cares.
    important thing is you get exercise you need and have fun doing it.
    ReplyDelete
  39. This comment has been removed by the author.
    ReplyDelete
  40. မမရေ... ဆက်သွားဖြစ်အောင်သွားပါနော်.. ကျန်းမာရေးအတွက်လေ..ပျော်စရာလဲ ကောင်းပါတယ်..
    ReplyDelete
  41. အမရေ...နောက်အပတ်တွေဆက်သွားဖြစ်အောင်သွားနော်...အားမလျှော့လိုက်နဲ့...နောက်တော့လဲအဆင်ပြေသွားမှာပါ..ပျော်လဲပျော်လာမှာပေါ့...
    အမရဲ့ ပို့စ်အသစ်တွေကို နေ့တိုင်းလာလာချောင်းနေတာ..
    အသစ်မတွေ့ရင်စိတ်ညစ်ပီးပြန်ပြန်သွားရရော..
    အမကျန်းမာပျော်ရွှင်စွာနဲ့ နေ့တိုင်းနေ့တိုင်းစာများများရေးနိုင်ပါစေ။ ။
    ReplyDelete
  42. မမ....
    အပေါ်က ယူကျုလင့်ကိုကြည့်ပြီး နောက်ဆုံးတန်းက အစိမ်းလေးနေရာမှာ မမချိုသင်းကို မြင်ယောင်ကြည့်မိတာ
    အော်ရယ်မိပါရော.... အဲလိုလေး ဖြစ်နေတာလား မမ..။
    ReplyDelete
  43. http://www.youtube.com/watch?v=BILiNvLA-lo&feature=related
    အပေါ်က လင့်ခ် ကိုစပ်စုပြီး သွားကြည့်တာ... သေချာပါတယ် နောက်ဆုံးက အစိမ်းလေး က မမိုးချိုသင်းပါပဲ...ခွိခွိ။
    မိပ။
    ReplyDelete
  44. ဆရာမက မြန်လဲမြန်သေးတယ်။ သူရှေ့ကို ပြေးသလိုလုပ်တော့ ကိုယ်လိုက်ပြေးရင်ဘဲ သူက နောက်ပြန်ဆုတ်နေပြီ။ သူအဆုတ် ကိုယ်အတက် တိုက်မိတော့မှာ။ တခါမှာ မျက်နှာချင်း အတော်နီးသွားလို့ သူလဲ လန့်သွားတယ်။ ဒါနဲ့ ဟိုးရှေ့မှာပဲ သွားပြန်လုပ်နေတော့တယ်။
    ဟဟ…ဒီစာသားကို အရီချင်ဆုံးပဲ ။ မျက်လုံးထဲမှာကွက်ကွက်ကွင်းကွင်းကို မြင်တာနော်။မိုက်တယ်။ ကောင်းတယ် အမရေ သွားသာသွား အားပေးတယ်
    ReplyDelete
  45. ဟီဟီ ရယ်ရတယ် အစ်မ ကနေတဲ့ပုံလေး မြင်ယောင်မိတယ် ထိုင်းမှာလဲ အုပ်စုလိုက် ညနေတိုင်းကကြတယ် ညီမလေးကတော့ ရှေ့ဆုံးက မျောက်လို ခုန်ပေါက်နေတာပဲ ဆရာမတောင် မျက်လုံးပြူးတယ်
    ReplyDelete
အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။