Sunday, May 10, 2009

ဆံပင်ညှပ်တဲ့နေ့

မနေ့က ဆံပင်သွားညှပ်ပါတယ်။ ဆံပင်ညှပ်ဆိုင်ရောက်တော့ လူများနေတာနဲ့ စောင့်နေရသေးတယ်။ ဒါတောင် ဖုန်းကြိုခေါ်ထားတာပါ။ ညှပ်တဲ့အမျိုးသမီးက တယောက်တည်းလဲ ဖြစ်ပြန်၊ သူညှပ်တာလဲ မဆိုးဘူးဆိုတော့ လက်မလည်နိုင်ဘူး။ ဒါနဲ့ မဂ္ဂဇင်းထိုင်ဖတ်ရင်း ကိုယ့်အလှည့်ရောက်အောင် စောင့်နေရတာပေါ့။

ကိုယ်က ပြုပြုပြင်ပြင် မရှိ၊ မနေတတ်တာ သူကံကောင်းတာလား မသိဘူး။ မိန်းကလေးများ ပြုပြင်ရင် ကုန်မဆုံးတာမို့ သူကံကောင်းတာလို့ ပြောရတာပါ။ ဒါပေမဲ့ တခြား မိန်းကလေးတွေ ပြင်ပြင်ဆင်ဆင်နေရင်တော့ သဘောကျတာ အရမ်းပဲ။ ကိုယ်ကိုယ်တိုင်သာ မလုပ်ဖြစ်တာရှိမယ်၊ သူများပြင်ရင်တော့ သဘောကျလို့ တပြုံးပြုံးနဲ့နေတယ်။

ရုံးမှာလဲ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ လှလှပပ ပြင်ဆင်ဝတ်စားထားရင် ကိုယ်က သတိထားမိတော့ ချီးကျူးစကားပြောမိတယ်။ သူတို့ကလဲ ကျေနပ်လို့။ ယောကျာင်္းလေး တယောက်က လှတယ် ပြောတာထက် မိန်းကလေးအချင်းချင်း လှတယ် ပြောတာကို ပိုတန်ဖိုးထားတယ် ဆိုပဲ။ နောက်တော့ တခုခု အသစ်အဆန်းလေး ပြင်ဆင်လာတိုင်း ကိုယ့်အခန်းထဲ ၀င်လာပြီး ပြရတာအမော။

ကိုယ်ကတော့ ပုံတုံးပါ။ မတုံးခံနိုင်ရိုးလား။ အခုလို ဆံပင်ညှပ်တာတောင် သူ့ဆံပင်ရှည်နေလို့ ညှပ်ဖြစ်တာ။ ကိုယ်ပြောတာ ရှုပ်သွားပြီလား မသိဘူး။ ကိုယ်တို့နှစ်ယောက်က ဆံပင်ညှပ်လဲ သူနဲ့အတူတူ သူညှပ်တဲ့ဆိုင် ကိုယ်လိုက်ညှပ်လိုက်တာပါ။ ထူးထွေ ပြင်နေတာ မဟုတ်ပါဘူး။

ကိုယ် ဆံပင်ညှပ်ဆိုင်ကို သွားတဲ့အချိန်က သူဆံပင်ရှည်တဲ့အချိန်လို့သာ မှတ်ထားလိုက်တာပါပဲ။ ညှပ်ပြီဆိုလဲ ထိုင်ခုံမှာ ထိုင်လိုက်တာနဲ့ ဘာပုံညှပ်မလဲဆိုရင်လဲ လိုက်မဲ့ပုံသာ ညှပ်ပေးပါ ပဲ။ သိပ်ပြီး ပုံဆိုးပန်းဆိုး ဖြစ်မသွားရင် တော်ပါပြီ။ ဒါပေမဲ့ တခါတလေကျရင် နာဇီအကျဉ်းစခန်းက ထွက်လာတဲ့ သူလို ဆံပင်တွေ မညီမညာ ဟိုထိုးဒီထောင် ဖြစ်လာတတ်သေးတယ်။ အဲဒီအခါကျတော့လဲ ရှိစေတော့ ပေါ့။

ငယ်ငယ်တုန်းကတော့ ကိုယ်က ဆံပင်အရှည်နဲ့ပါ။ မရှိမဲ့ ရှိမဲ့ ဆံပင်လေးကို စုလိုက်၊ ထုံးလိုက် ကံ့ကော်ပန်းလေး ပန်လိုက် လုပ်တတ်သေးတယ်။ ကြီးလာတော့ စိတ်မရှည်တော့ဘူး။ မလေးရှားမှာ တခါ ဆံပင်သွားညှပ်မယ် ဆိုတော့ အိုက်လဲ အိုက်နေတာမို့ ဆံပင်ညှပ်လိုက်ရင် ကောင်းမလား မသိဘူးဆိုပြီး မေးပြောပြောမိတော့ ကတုံးတုံးပြီး ဘေးကြောင်းလေးတွေ ဖော်လိုက်ပါလား တဲ့။ ဒါနဲ့ သူလဲ သဘောတူသားပဲ ဆိုပြီး တိုတိုလေး ညှပ်ခိုင်းလိုက်တယ်။

အပြင်မှာ သူငယ်ချင်းနဲ့ စောင့်နေတဲ့သူက ကိုယ်ညှပ်နေတာကို တချက်လှမ်းကြည့်လိုက်တော့ ကတ်ကြေးထဲမှာ ဆံပင် အရှည်ကြီး ပါသွားပြီ။ ချက်ချင်း ဆိုင်ထဲ ပြေးဝင်လာပြီး ဟာ..တကယ်ညှပ်လိုက်တာလား တဲ့။ သူ့စကားနားထောင်ပြီး ကတုံးတုံးမယ်ထင်လို့ လန့်သွားတယ်။ ဘေးကကို မခွာတော့ဘူး။

တကယ်တော့ ဆံပင်ညှပ်တာ အနုပညာတမျိုးပဲ လို့ ကိုယ်က ထင်မိတယ်။ ဆံပင်ညှပ်မဲ့သူက သူ့ကို ခေါင်းအပ်လိုက်ပြီဆိုတာနဲ့ လှအောင် ပုံဖော်ပေတော့။ တချို့တွေလဲ သပ်သပ်ရပ်ရပ်လေး ဖြစ်သွားပြီး ပိုလှသွားတယ်။ တချို့ကျတော့လဲ ပိုဆိုးသွားတာ အမှန်ပဲ။ ထိုင်နေရင် အကောင်းသား၊ ဆံပင်ညှပ်ဆိုင်သွားမှ လူမိုက်လိုလို ဘာလိုလို ဖြစ်သွားတယ်။

တချို့ကျတော့လဲ စက်ကတ်ကြေးနဲ့ ကတုံးလို ပြောင်အောင် ထိုးလိုက်တာပဲ။ ထိပ်မှာသာ ဆံပင်ရေးရေးလေး ကျန်တယ်။ အဲဒါကိုပဲ သူ့မှာ ဟိုဖက်လှည့်ကြည့်၊ ဒီဖက်လှည့်ကြည့်နဲ့ ကြည့်မပြီးဘူး။ ကတုံးလိုလိုမှာ ဘယ်က အစ ထွက်မှာမို့ မှန်ကွဲအောင်ထိ ကြည့်နေသလဲ မသိ။ ပြီးမှ ကျေနပ်ပြီး tips များများပေးလိုက်တယ်။

တချို့ကျတော့လဲ ဆံပင်ထူထူပုံစံ ဖြစ်အောင် ညှပ်ပေးပါ တဲ့။ ကြည့်လိုက်တော့ နှစ်မွှေးလား ရှိတယ်။ ညှပ်တဲ့လူကလဲ ဒီနှစ်မွှေးကို ဘယ်လိုထူထူ ညှပ်မလဲ ကိုယ်က စိတ်ဝင်စားနေတယ်။ ဆံပင်ကို အသာလေး လက်နဲ့ ဆွဲပြီး ဘီးနဲ့ သုံးလေးခါ ဖီးတယ်။ ဟိုဖက်ကို ဆွဲပြီး နည်းနည်း တိတယ်၊ နောက်ကို နည်းနည်းယူပြီး အသာလေး တိတယ်။ ၅မိနစ်လောက်နေတော့ ခပ်ထူထူပုံ ဖြစ်သွားပြီဆိုတဲ့သဘော လက်ကို ချထားလိုက်တော့တယ်။ ပြီးသွားပြီလို့ ဆိုလိုချင်တာများလား။ ဒါမှမဟုတ် လက်လျှော့သွားတာလဲ ဖြစ်နိုင်တယ်။

အဖေကျတော့ တမျိုးပါ။ ကိုယ်က ယောကျာင်္းလေးဆို ရိုးရိုးဘိုကေမှာ ဆံပင်တိုတိုညှပ်ထားရင် ချစ်စရာကောင်းတယ် ထင်တတ်သူ။ ဒါကြောင့် အဖေ့ကို ဆံပင်တိုတိုပဲ ညှပ်စေချင်တာ။ အဖေကတော့ ဆံပင်ညှပ်ထိုင်ခုံမှာ ထိုင်လိုက်တာနဲ့ ငြိမ်ငြိမ်နေရတော့ ချက်ချင်း အိပ်ပျော်သွားတာပါ။ အိပ်တာတောင် ပြုံးပြုံးကြီး အိပ်ရင်း အညှပ်ခံနေတာ။

ညှပ်တဲ့သူက ခုံကို လှည့်ပတ် မွှေ့ပြီး ညှပ်နေလဲ အိပ်နေတုန်း။ ညှပ်တဲ့သူက သဘောကျပြီး ကိုယ့်ကို လှမ်းပြသေးတာ၊ တွေ့လား မင့်အဖေ အိပ်နေပြီ ဆိုသလိုမျိုး။ ဆိုင်ရှင်ကလဲ ကိုယ်တို့ကို ခင်နေပြီ။ ကိုယ့်အမျိုးသားက အဖေ့ကို ဆံပင်ညှပ်တဲ့သူကို အမြဲတမ်း tips များများ ပေးတော့ လူများလို့ အဖေ မစောင့်နိုင်ရင်တောင် ဆိုင်ရှင်က လိုက်ခေါ်တာပါ။ ထွက်လာတော့လဲ ဒီပုံ ဒီပုံပါပဲ။

ကိုယ့်အမေကျတော့ ဆံပင်ညှပ်တဲ့ပေါ်မှာ ယူဆပုံ တမျိုးပါ။ ဆံပင်က လူ့ရုပ်ကို ပြောင်းစေတာမို့ လက်ရာ ကောင်းကောင်းဆိုင်မှာသာ ညှပ်စေချင်တာပါ။ တခါတလေမှ ဆံပင်ညှပ်တာကိုလဲ ဘယ်တော့မှ မနှမြောတတ်ပါဘူး။ တန်ဖိုးသိတယ်လို့ ပြောရမလားဘဲ။

ကိုယ်တို့ ငယ်ငယ်လေးတုန်းက အမေက ကိုယ်တို့ညီအမတွေကို ခေါ်သွားပြီး ဗိုလ်ချုပ်ဈေးက နံမည်ကြီး ဆံပင်ညှပ်ဆိုင်မှာ အမြဲ လိုက်ညှပ်ပေးခဲ့တာ မှတ်မိနေပါတယ်။ ကလေးတွေမို့ ဖြစ်လေရာ ညှပ်လိုက်မယ် သဘောမထားခဲ့ဘူး။ ကိုယ်ကတော့ ဆံပင်ညှပ်ရမယ်ဆိုရင် ပျော်နေတာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ဈေးက ဆိုင်တွေမှာ မုန့်အ၀ စားရလို့ပါပဲ။

နည်းနည်းလေးကြီးလာတော့ အမေလိုက်ပို့စရာ မလိုတော့ဘူး။ ညီအမတတွေ ကိုယ့်ဖာသာကိုယ် ကြိုက်တဲ့ဆိုင်မှာ သွားညှပ်ကြတယ်။ အဲဒီအချိန်တုန်းက အခုလို ဆံပင်ညှပ်ဆိုင်တွေ သိပ်မများသေးဘူး။ ကိုယ်တို့ အမြဲညှပ်နေကျဆိုင်က ကုက္ကိုင်းက ဂျပန်အမျိုးသမီးတယောက် ဖွင့်ထားတဲ့ အိမ်ဆိုင်လေးပါ။ ကြည်အေး ကိတ်မုန့်တိုက်ဘေးက လမ်းလေးထဲ ၀င်သွားရင်ရောက်တဲ့ သူ့အိမ်မှာ ညှပ်ပေးတာပါ။

အဲဒီတုန်းက ၅ကျပ်ဆိုရင် ဆံပင်ကောင်းကောင်းညှပ်လို့ ရနေတဲ့အချိန်မှာ သူက ၁၅ကျပ် ပေးရတယ်။ လူများလွန်းလို့ ဆံပင် တခါညှပ်ဖို့အရေး နေ့တ၀က်လောက် စောင့်ရတာမျိုး။ ကိုယ်ကတော့ စိတ်မရှည်လို့ တညည်းညည်း တညူညူ နဲ့ပေါ့။ ကိုယ့်အမတွေကတော့ သဘောကျတာမို့ စွဲစွဲမြဲမြဲ အဲဒီမှာပဲ စောင့်ညှပ်ကြတယ်။

တခါကတော့ သူငယ်ချင်းတယောက်ရဲ့ အမက ဆံပင်ဘယ်မှာညှပ်သလဲ မေးတာနဲ့ အဲဒီဆိုင်ကို ညွှန်လိုက်မိတယ်။ သူလဲ ဆိုက်ဆိုက်မြိုက်မြိုက် သွားညှပ်တယ်။ ဆံပင်ညှပ်တယ်ဆိုတာ ခဏပဲ ထင်တော့ သူ့အဖေကလဲ ခြံထဲမှာ ကားထိုးပြီး စောင့်နေတယ်။ ခဏနေရင် သူ့သမီး ပြန်ထွက်လာမယ်ပဲ ထင်တာပေါ့။

တနာရီလဲ မပေါ်လာ၊ နှစ်နာရီလဲ မပေါ်လာ။ အိမ်ထဲလဲ လိုက်မသွားချင်။ ကားထဲမှာလဲ ပူတော့ ခြံထဲ ဆင်းလျှောက်နေပြန်တယ်။ လျှောက်ရတာလဲ ခြေတိုပြီ။ ခုထိလဲ သမီးက ထွက်မလာသေး။ နောက်ဆုံးတော့ အဖေလုပ်သူလဲ မစောင့်နိုင်တော့လို့ အကျယ်ကြီး လှမ်းအော်လိုက်ပါသတဲ့။
“သမီး စန္ဒာရေ၊ နင့်ကို ထမင်းများ ကျွေးနေသလားဟဲ့ ” တဲ့..။

ထမင်းများ ကျွေးရင်တော့ ကိုယ်လဲ အမြဲလိုလို သွားညှပ်နေမှာမို့ ဆံပင်လဲ ငုတ်စိပဲ ရှိတော့မှာ မြင်ယောင်ပါသေးတယ်။ ဘာရယ်မဟုတ်၊ ဆံပင်ညှပ်ရင်း လျှောက်တွေးမိတာလေးတွေပါ။


မိုးချိုသင်း

42 comments:

  1. နံပါတ် (၁) ဗျ ၊၊

    ReplyDelete
  2. အမြန်နေရာဦးထားလိုက်တာ အစ်မ(MCT) ၊ ဒီမှာလည်း အရမ်းပူလို့ ခေါင်းတုံး တုံးရင်ကောင်းမလား စဉ်းစားနေတာ ၊၊ ဆံပင်ပြန်မထွက်လာမှာ စိုးလို့ ၊၊

    ReplyDelete
  3. ဆံပင်ကိုညှပ်ချင်တဲ့ပုံညှပ်တယ်။သူငယ်ချင်းတွေ ညှပ်ပေးလည်း လက်ခံတယ်။ဆိုင်သွားရမှာ ပျင်းလို့ ကိုယ့်ဘာသာ ကိုယ်လည်းညှပ်တယ်။ဘယ်ပုံစံ ဖြစ်ဖြစ် တိုရင်ပြီးရောပဲ။

    ReplyDelete
  4. ဆံပင်အညှပ်ခံရတာ အိပ်ချင်စရာပဲ အစ်မရဲ့။ ဒါကြောင့် အစ်မဖေဖေ ဆရာဦးတင်မိုး အိပ်ပျော်သွားတာ။

    ReplyDelete
  5. ကျွန်တော်လဲ ဆံပင်ညှပ်ခံရင်း မှေးရတာ သိပ်ကြိုက်တယ်။ ကပ်ကြေးသံလေး တချွင်ချွင်ကို နားထောင်ရင်းငိုက်ရတာကောင်းတယ်။
    အဲ ဆံပင်ညှပ်သမားတော့ တတ်နိုင်သမျှမရွေးဘူး။ လက်ကောင်းတဲ့လူဆိုတာ အတွေ့အကြုံ အများကြီးယူပြီးမှ ဖြစ်လာတာဆိုတော့ လက်သစ်တွေကို အညှပ်ခံမယ့်လူမရှိရင် သူလဲလက်တက်လာတော့မှာ မဟုတ်ဘူးဆိုပြီး ကိုယ့်ခေါင်းကို ရဲရဲကြီးအပ်လိုက်ပြီး ညှပ်လိုက်တာပါဘဲ။ တော်တော်ကြီး ပုံဆိုးသွားရင်တော့ နောက်တစ်ခါအခွင့်အရေးမပေးတော့ပါဘူး။ ဟီးဟီး။ လူပြောင်းလိုက်တာဘဲ။

    ReplyDelete
  6. အမချိုသင်းရေ ကျနော်လည်း အရင်တုန်းက ဆိုင်မရွေးဘူး။ ဒါပေမဲ့ ခုတော့ ရွေးပြီ :D အမအမေလိုပဲ ယူဆတယ်

    ReplyDelete
  7. ငယ်ငယ်တုန်းကစန္ဒာပုံဘဲညှပ်ခဲ့၇တာကိုသတိ၇တယ်၊၊အခုသမီးအလှည့်ရောက်တော့ သူဖာသူဆံပင်ညှပ်ယုံတင်မကတော့ဘဲ မျက်တောင်မွှေးတွေပါ ကျောင်းသုံးကတ်ကြေးနဲ့ညှပ်တောတာ့ဘဲလေ...လူမသိအောင်ပေါ့ ။

    ReplyDelete
  8. အမချိုသင်း အဲဆိုင်လေး လိုက်ပို့စမ်းပါ။ အခု ဆံပင်က ဘာပုံပေါက်နေမှန်းကို မသိပါဘူး။ ဒီမှာလည်း သူတို့ညှပ်တဲ့ပုံတွေနဲ့ မဖြစ်ပါဘူး။ အမဆိုင်လေးကို လာညှပ်ရမလား။ နေကလည်း ပူလှပြီ။ အညာမှာဆို ယောက်ျားလေးပုံညှပ်ထားလိုက်တယ်။ အေးရော။
    နိနိ

    ReplyDelete
  9. အဟိ..ရီရတယ်တော့။ ဆံပင်ပြန်အရှည်ထားပြီး ကပ်ပလီလိုကောက်
    မလို့ စဉ်းစားနေတာ။ ဆံပင်သွားညှပ်ရတာ ပျင်းလာလို့လေ။

    ReplyDelete
  10. မမ က စိတ်မချလို့ ဆံပင်ညပ်ဆိုင်ထိ လိုက်သွားတာမှတ်လား.. သိတယ်နော်..းP
    ညီမ ဆို ကိုကိုချစ်ကို စက်ကတ်ကျေးဝယ်ပြီး ကိုယ်တိုင်ပဲ ညှပ်ပေးလိုက်တယ်...ကောင်းရော

    ReplyDelete
  11. သိပ်ပျင်းတဲ့အလုပ်ထဲမှာ
    အဲလိုဆိုင်သွားစောင့်ပြီး
    ဆံပင်ညှပ်ရမှာပါတယ်
    ဒီတော့ အရှည်လေးထားလိုက်ရော
း) ညှပ်ခသက်သာတာပေါ့ ..း)

    ReplyDelete
  12. ငယ်ငယ်က အဖေက ညှပ်ပေးတယ်။
    နောက်တော့ ကြုံသလိုပဲ။
    ဒီရောက်တော့ ပိုက်ဆံမရှိတာနဲ့ ရှည်သွားတယ်။
    ခုတော့ ခါးလောက်ရောက်နေပြီ။ မဖြတ်တော့ဘူး။
    လှတယ်ပြောလို့ ။

    ReplyDelete
  13. ဒါကြောင့်မို့ ဆံပင် အရှည် ထားထားတာ...း)

    ReplyDelete
  14. သမီးအမျိုးသားက သမီးကို "ဆံပင်ပေါက်လာတာ သူများပေါက်တာနဲ့ မတူဘူးနော်" တဲ့...
    ဆံပင်ညှပ်ဆိုင်သွားတာ ပုံဘယ်လောက်ဆိုးလာလဲ တွေးကြည့်ပြီး စိတ်လေသွားတာပဲ... ။:)

    ReplyDelete
  15. ကျနော်ဒီမှာ အရမ်းကပ်စည်းနည်းတဲ့အကိုကြီးတစ်ယောက်ကို မတတ်ပဲဆရာလုပ်ပြီးညှပ်ပေးဖူးတယ်
    ညှပ်တာက ညသန်းခေါင်း
    မူးနေတာကနှစ်ယောက်လုံး
    ညှပ်တတ်လားမေးတော့ မတတ်စရာအကြောင်းရှိလားလို့
    စမ်းမှာပေါ့လို့ပြောလိုက်တာ
    သူကလဲဒါဆိုဟိုနည်းနည်းဒီနည်းနည်း
    သူပြောသလိုညှပ်ပေးလိုက်တယ်
    ညှပ်ပြီးကာစကတော့မိုက်တယ်ဆိုပြီးအိပ်လိုက်တာ
    မိုးလဲလင်းရော မှန်ကြည့်ပြီးထအော်ပါလေရောဗျာ
    ညာဘက်ခေါင်းတချမ်းကဆံပင်ပိုးစားသလို ဟိုတကွက် ဒီတကွက်နဲ့ ဘယ်ဘက်နားအုံကတော့ပြောင်တိတိ
    သူ့ကိုကြည့်လိုက်တာငိုအားထက်ရယ်အားသန်
    နောက်တော့လဲ ဆံပင်ညှပ်ရင်ကျမယ့်ပိုက်ဆံအတိုင်း
    ကတုံးတုံးလိုက်ရတာ တကယ့်အမှတ်တရ
    အဟီးးး
    နောက်တခါဆိုမကြီးချိုသင်းကျနော့်ကိုဖုန်းဆက်ခေါ်လိုက
    ဝိုင်လေးပါဝယ်ထားပေး
    လှသွားစေရမယ်
    ဘာရယ်မဟုတ်ဘူး မကြီးချိုသင်းဆံပင်ညှပ်တဲ့နေ့ကို
    ဖတ်မိပြီးသတိရသွားတာ
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  16. တို့ကျတော့လည်း ဆံပင်ကောက်တော့ ရှည်လာတဲ့ ဆံပင်တွေက ကောက်သွားတာနဲ့ ဆံပင်ညှပ်ဆိုင်ကို တနှစ်နေမှ နှစ်ခေါက်လောက်ပဲ သွားဖြစ်တယ်..။

    ချိုသင်းစာတွေဖတ်ပြီး လူအမျိုးမျိုးအကြောင်းမြင်ရလို့ သဘောကျလိုက်တာ...။

    ReplyDelete
  17. သိလား အစ်မ.. ဆိုင်က ညှပ်ပြီးကာစတော့ ကြည့်လို့ကောင်းသား ။ သူတို့က ကြည့်လို့ကောင်းအောင် လေမှုတ်ပေးလိုက်တာလေ ။ ဒီတစ်ခါတော့ ဟုတ်ပြီဆိုပြီးတော့ မြောက်ကြွမြောက်ကြွပြန်လာ ။ နောက်နေ့မနက်မိုးလည်းလင်းရော... အီးးးးး ညှပ်မိတာ မမြဲနောင်တရ ရတယ် ။

    ReplyDelete
  18. မမချိုသင်း....
    ဖိုးစိန်မန့်တာဖတ်ပြီး သတိရလာလို့ ။ နောက်ဆုံးနှစ်တုံးက ယောက်ျားလေးဆောင်မှာ ဆံပင်ညှပ်ခမရှိကြလို့ဆိုပြီး ညဖက် တစ်ယောက်တစ်လှည့် ဆံပင်ညှပ်ပေးကြတယ်တဲ့....။
    မနက်ကျောင်းလာတော့ ကတုံးတွေချည်းပဲ....။ ညီမတို့မေဂျာမှာတင် ကတုံး ၅ယောက်ဖြစ်သွားတာ.... ။

    ReplyDelete
  19. မကြာ မကြာ ကြည့်ဖြစ်တဲံ Mr.Ben ကားလေး သွားသတိရတယ်..း)
    သူဆံပင်သွားညှပ်တာ.. ဆံသ ဆရာ က ဖုန်း ၀င်လာလို့ အပြင်ထွက်သွားတော့.. နောက်ဝင်လာတဲ့ သူတွေကို သူက လက်တည့်စမ်းခွင့်ရသွားတာလေ..း)
    ညီမ ကြည့်ဖူးလား..း)
    ကောင်လေး တယောက်၊ အဖိုါ်ကြီးတယောက်နဲ့
    လူဂွယ်တယောက် ခံလိုက်ရတယ်..း)

    နောက်တံခါ သွားညှပ်ရင် သတိထားနော် ညီမလေး..
    ဘင်းန် လက်သစ်နဲ့ တွေ့နေမယ်..း)

    ReplyDelete
  20. ငါကတော့ပထမနှစ်..ပထမနေ့ကကျောင်းထဲဝင်လာတဲ့မိုးချိုသင်းပုံကို
    အမှတ်ထင်ထင်ရှိနေသေးတယ်..:))

    I have a plan to visit and drive around Southern California in this Summer. I'll contact you later.

    NL

    ReplyDelete
  21. ဆံပင်ညှပ်ရင်း တွေးဖြစ်တဲ့ အတွေးလေးတွေတဲ့လား...
    ချစ်စရာ... ဘာတွေးတွေး ဘာရေးရေး ချစ်စရာ...
    အမလဲ ဆံပင်ညှပ်ဆိုင်မှာ အချိန်တွေကုန်ရတာ စိတ်နောက်လွန်းလို့ နဲနဲရှည်ရှည်ထားပြီး စည်းထားလိုက်တယ်... သိပ်အရှည်ကြီး ဖြစ်မလာသေးသ၍ ဆိုင်သွားစရာမလိုတော့ဘူး... ပြတ်ကရော...

    ReplyDelete
  22. အခု ဆံပင်ညှတ်ချင်နေတုန်း ဖတ်လိုက်ရတာ။ ဒီမှာဆံပင်
    ညှတ်ရတာအဆင်မပြေဘူး။ အုန်းမှုတ်ခွက်စွပ်ထားသလို
    လည်းဇြစ်ဘူးတယ်။ ဆံပင်ကပါးပါး။ကျွတ်ကလည်းကျွတ်
    ဆိုတော့တိုတိုပဲထားချင်တယ်။ အခုညှတ်ဖို့ အချိန်တန်နေ
    ပြီ။ ဒီတခါ တော့ အဆင်ပြေပါစေ။

    ReplyDelete
  23. ဆံပင်တိုလေးနဲ့ဓာတ်ပုံတင်ပါဦး မမချိုသင်းရဲ့ ။အနော်ကတော့ သူများတွေ ဆံပင်တိုလေးနဲ့ လွပ်လပ်ပေါ့ပါးရင် ကြိုက်တယ်။ ကိုယ်ကိုယ်တိုင်ကတော့ ဆိုင်မှာစောင့်ရရင် ဇက်ကြောတက်လွန်းလို့ခုတော့ အရှည်ထားလေ့ကျင့်နေတယ်။ ကောင်းပါတယ် ဆံပင်တိုလေးနဲ့

    ReplyDelete
  24. ကျွန်မတော့ Beauty Saloon သွားရတာ ကြိုက်တယ် မမ။ Relax ဖြစ်တယ်။ အနားယူ နေရသလိုပဲ။ ခေါင်းလျှော်ပေးတာခံရတာလည်း ဇိမ်ကျတယ် လို့ထင်တတ်တယ်။ အလုပ်ဝင်ပြီးတဲ့ အချိန်မှာ အဲဒါ ပိုသိသာလာတာ။

    အလှတော့ အချိန်ပေးပြီး မပြင်တတ်ဘူး။
    (လှပြီးသား ဆိုတော့လေ။ တင်ထားတဲ့ ဓါတ်ပုံတွေ ကြည့်ကြည့်။ ဘယ်မှာ ပြင်ထားလို့လဲ)

    လက်သည်း ခြေသည်းကို ဆိုင်လာလုပ်ပြီး ပိုက်ဆံအထပ်လိုက် ပေးတဲ့လူမျိုးတွေတော့ အင်မတန် အံ့သြပဲ။

    ReplyDelete
  25. ငယ်တုန်းက အိမ်မှာအလုပ်လုပ်တဲ့ကောင်မလေးတွေကို
    ကက်ကျေးသေးသေးလေးနဲ့..
    မညှပ်မနေရ ညှပ်ပေးတယ်..
    (သူများကိုညှပ်ပေးရတာဝါသနာလေ..)
    မိတ်ကပ်တွေလဲ လိမ်းပေးတတ်တယ်..
    အခု ချန်းကို ညှပ်ပေးတယ်..
    (သူက ဆံပင်ရှည်ထားချင်တော့..
    ဆိုင်ရောက်ရင် အာဗြဲလျှာဗြဲအော်ငိုအရှက်ခွဲနေကျ...)
    ဆိုတော့..အိမ်မှာပဲ ညှပ်ပေးတယ်..
    ဟီးဟိ
    မလှထုံနောက်တစ်ခါညှပ်ရင် ကျနော်ညှပ်ပေးမယ်..

    ReplyDelete
  26. ဆံပင်ပုံစံကို ခပ်ရိုးရိုးပဲညှပ်တယ်။ ခေါင်းလျှော်တဲ့ဆိုင်ကိုတော့ သွားတာများတယ်။

    ငယ်ငယ်က AirWolf မင်းသားပုံစံ ဘဘောအရမ်းကျတာ။ တောကဆိုင်မှာ AirWolf မင်းသားပုံစံ ညှပ်ပေးပါသွားပြောတော့ ဆိုင်က ညှပ်တဲ့ အဖိုးကြီးက AirWolf မင်းသားပုံစံ၊ AirWolf မင်းသားပုံစံ နဲ့ ပြောပြီး သူညှပ်ချင်သလို ညှပ်လိုက်တာလေ။

    နောက်တော့ ရှိတ်နဲ့ ပါးပါး တိုတိုညှပ်လို့ပဲပြောတော့တယ်။ အဟီး...

    ဒီမှာတော့ short with high slope ပေါ့... တခါညှပ် ၁၀တန် ဆိုင်မှာပဲ ညှပ်ပါတယ်။

    စောင့်ရတာ စိတ်မရှည်လို့ လူရှင်းတဲ့ဆိုင်မှာ ညှပ်ပြီး ဆိုင် အစွဲထားလေ့မရှိဘူး...

    ReplyDelete
  27. ဘာကိုပဲရေးရေး မျက်စိထဲပေါ်အောင် ချစ်စဖွယ် မ မို့  ရေးတတ်လေတယ်။
    မ စိတ်လေးသိပ်ဖြူတာပဲလို့  ဖတ်တိုင်းတွေးမိပါရဲ့  တကယ်။

    ReplyDelete
  28. ဖြူဆို အိုမို သုံးတာကိုး...

    အိုမို (ဆပ်ပြာမှူန့်)

    ReplyDelete
  29. ဒီပိုစ့်ကိုဖတ်ပြီး...
    online ဆံပင်ညှပ်ဆိုင်ထောင်ရင် ကောင်းမလားစိတ်ကူးမိတယ်။
    ဆံပင်လည်း ဆေးဆိုးသည်.. ပေါ့
    ဖိုးစိန်သူငယ်ချင်းကို manager ခန့် မယ်...

    ReplyDelete
  30. ဆံပင်အညှပ်ခံရတဲ့ အရသာကို ကြိုက်တယ်..။
    ကိုယ့်ခေါင်းကို ဖွဖွလေးကိုင်ပြီး ဟိုလှည့်ဒီလှည့်လုပ်တာ..မိုက်တယ်.။
    ငယ်ငယ်ကတော့ ဆံပင်ညှပ်ရမယ်ဆို ကြောက်တယ်..။
    လက်ထဲမှာ သင်တုန်းဓါးကြီးကိုင်ထားတာ ကိုး..။
    ...ခင်မင်သောအားဖြင့်..

    ReplyDelete
  31. ညီမလည်း ဆံပင်ညှပ်ချင်နေတယ်... ဒါပေမဲ့ ဟိုတလောက ကိုယ့်ဘာသာလက်စွမ်းပြလိုက်တာ ပုံပျက်သွားလို့ နည်းနည်းပြန်ရှည်အောင်စောင့်နေတယ်.. ဟဲဟဲ
    ပုံကလဲ တော်တော်ပျက်သွားတာ.. MRT ပေါ်မှာဆို အဲဒီဆံပင်ကိုပဲ လူတွေက လိုက်ကြည့်နေတယ်လို့ ထင်ထင်နေတယ်.. :(

    ReplyDelete
  32. Ma Ma

    www.apytz.net
    M3 acc mar Mama ya blog ko link htar kwain pay par naw

    M3

    ReplyDelete
  33. ချိုသင်းရေ… ဘာရယ်မဟုတ်ပေမယ့်လဲ ဖတ်လို့ ကောင်းနေတာပါပဲ… ဟုတ်တယ်နော်… ကြီးလာတော့ ဆံပင်ထိန်းသိမ်းရတာ ငယ်ကလောက် အချိန်သိပ်မရတော့ တိုတိုသာညှပ်ပစ်ချင်တော့တာ… နောက်ဆုံးအပိုင်းက အတော်ရယ်ရတာ… တို့ ဖေဖေသာဆို ဆံပင်ညှပ်ဆိုင်ထဲ လိုက်လာမှာပဲ…

    ReplyDelete
  34. မနေ့ က မချိုသင်းရေးတဲ့ ဆံပင်ညှပ်တဲ့အကြောင်းဖတ်ပြီးတော့
    မနေနိုင်ပဲ ညကချက်ချင်း လက်စွမ်းပြလိုက်တယ်။
    တော်ပါသေးရဲ့ ပုံဆိုးပန်းဆိုးဖြစ်မသွားတာ....
    ဟဲ..ဟဲ..ဟဲ...

    ReplyDelete
  35. အစ်မချိုသင်း...ညီမ ကတော့ ဆံပင်ညှပ်ပြီးတိုင်း ငိုချင်တယ်..ရုပ်ဆိုးသွားတယ်ထင်လို့..(နဂိုထဲက ရုပ်ကခပ်ဆိုးဆိုး)..
    အစ်မရေ ကော့မန့်ရေးပြီးတိုင်း.. ဘာလို့ siskhaung ဆိုတဲ့နာမည်နဲ့ပေါ်နေတာလဲ.. ကိုယ့်နာမည်နဲ့ကိုယ်ရေးလို့လဲ မရဘူး..ဘယ်လို လုပ်ရပါ့..း(

    ReplyDelete
  36. ကျွန်မကတော့ ဒီရောက်တာ တစ်နှစ်ကျော်ပြီ ဆံပင်တခါပဲညှပ်ရသေးတယ်။
    ဒီကို လာခဲ့တုံးက ကတုံးကေလို တိုတိုလေး ညှပ်ခဲ့လို့။ :D

    ReplyDelete
  37. အစ်မရေ့ ကျွန်မကတော့ ဗိုက်ပူမ ဆိုတော့ ပူလွန်းလို့ ရယ်၊ ဆံပင်ရှေ့တွေက နဂိုလိုင်းတွေကပိုဆိုးလာတာကြောင့် ကတုံး စကစ်လို့ တောင် ပြောရမလားမသိတော့ဘူး။ တိုတိုလေးဖြစ်သွားပြီ။ ခေါင်းကတော့ ပေါ့နေတာပဲ။

    ReplyDelete
  38. ကျနော်ဂတုံးတုံးထားတာ ၃နှစ်ရှီပြီဗျ..

    ReplyDelete
  39. ပထမဆုံး ရောက်ဖြစ်တာပါ..အစ်မ

    ကျွန်တော်က ဒီဘက်ခေတ်က ပိစိကွေးလူငယ်တစ်ယောက် ဖြစ်ပေမယ့် ဆရာကြီးဦးတင်မိုး ကိုသိပါတယ်အစ်မ၊ လေးစားမိပါတယ်.... အစ်မအတွက်လည်းကိုယ်စားဂုဏ်ယူမိပါတယ်....

    အစ်မအတွက် Link လုပ်ပေးထားပါတယ်...

    Han Thu

    ReplyDelete
  40. i want to read more.
    do write if u r not so busy.
    thanks

    ReplyDelete
  41. I always tell Barber "Quick and Short", somehow they love it. NO 1 on sides and 2 on the top. I haven't gone to Barber shop for years now because my wife cut my hair, no! let me correct that she own my hair now. Well she is the one who looks at me, so it is fair. But why taken so long to cut man's hair? Honey! No 1 on sides and 2 on top...She said "No! quiet!"

    ReplyDelete
  42. Hey Cho Thin,

    My first step as you have suggested ...I have explored your site and read most novels. Very heart-felt emotions you can induce in me!!

    I miss you , all of my friends , our childhood, the past and the present.

    I love you.

    Yours,
    Thida Htay

    ReplyDelete

အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။