Sunday, December 20, 2009

အပွင့်လေးတို့နဲ့ VZO

စနေ တနင်္ဂနွေ မနက်တွေဆိုရင် ဆိုင်လေးမှာ လူရှင်းတုန်း ကိုယ်ဘာတွေ လုပ်သလဲ ပြောပြချင်မိတယ်။

ဆိုင်ရောက်တာနဲ့ ကွန်ပျူတာဖွင့်၊ VZO သုံးတော့တာပါ။ ကိုယ်ခေါ်လိုက်တဲ့သူတွေက ကိုယ့်ရဲ့ အဝေးက ချစ်တူမတွေဆီကိုပါ။ ကိုယ်တို့ဆီမှာ နေ့လည်ဆို သူတို့ဥရောပမှာ ညဖက်ပေါ့။ ကွန်ပျူတာ ဖန်သားပြင်ကနေ ခေါင်းလေးတွေ တိုးဝှေ့ပြီး အလုအယက် စကားပြောကြတဲ့ ကိုယ့်တူမလေးတွေနဲ့ စကားပြောကြတာ။

တူမလေးက ၄ယောက်။ မိုးပွင့်၊ မိုးဥ၊ စန္ဒြာ၊ မာယာ တဲ့။ မိုးပွင့်က အကြီးဆုံး၊ အသက်က ၁၂ နှစ်။ ပြီးတော့ စန္ဒြာ၊ ပြီးတော့ မိုးဥ၊ အငယ်ဆုံးလေးက မာယာပေါ့။ အများအားဖြင့် မိုးပွင့်လေး နဲ့ စကားပြောတာပါပဲ။ ကျန်တဲ့ကလေးတွေကတော့ ပြေးလာ ပြောလိုက်၊ ဆော့လိုက်ပေါ့။

ကိုယ်က မိုးပွင့်ကို အပွင့်လေး လို့ ခေါ်တယ်။ အပွင့်လေးက ၁၂ နှစ်သာဆိုတယ်၊ အတော်လေး ထွားတယ်။ အရပ်မြင့်မြင့်၊ အဒေါ်လို ၀၀ တုတ်တုတ်လေး၊ မျက်နှာကြီးကြီး နဲ့။ လူကောင်ထွားပေမဲ့ မျက်နှာက တကယ့် ကလေးလေး။ အဲဒါပေါ့ ချိုချိုရယ်.. ၊ သူကလေ အဲဒီလိုပြောတာ ဆိုပြီး စီကာပတ်ကုံး သူ့သူငယ်ချင်းတွေ အကြောင်း ပြောတတ်တယ်။

သူက သူ့ကျောင်းအကြောင်း၊ သူငယ်ချင်းတွေ အကြောင်း၊ သူတို့အတန်းပိုင် ဆရာအကြောင်း တွေကို ရီစရာတွေ လုပ်ပြီး အမူအယာတွေနဲ့ ပြောပြတာ ကိုယ့်မှာ အူနာအောင် ရီရတယ်။ သူ့အမေ ကိုယ့်အမက သူ့ဘေးမှာ ထိုင်ပြီး ကိုယ်တို့ညီအမက သူ ပြောသမျှ ထိုင်ရီကြတာ။

ကိုယ်က သူ့ကို မြန်မာစာ မမေ့စေချင်လို့ စာရေးဖို့ ပြောတော့ ရေးပို့ပါရဲ့၊ ၀တ္ထုတို ဆိုပဲ။ မျက်လုံးပြူးရသေးတယ်။ သူ့သူငယ်ချင်း မိဘတွေ အဆင်မပြေလို့ စိတ်ဆင်းရဲရတဲ့အကြောင်း ကလေးတယောက် အတွေးနဲ့ သူငယ်ချင်းကိုယ်စား ခံစားပြီး ရေးထားတာ။ ဖတ်လို့တော့ ကောင်းနေတာပဲ။ ဒါနဲ့ ကိုယ်က ချိုချို လာမှ ကွန်ပျူတာနဲ့ မြန်မာလို စာရိုက်တာ သင်ပေးမယ် ပြောရတယ်။

သူက အကြီးဆိုတော့ သူ့ထက်အငယ် ညီမတွေကိုလည်း သူက ဆော့ပေးရသေးတာပါ။ သူတို့လေးယောက် ကစားကြပုံကိုလဲ ပြောပြချင်သေးတယ်။ မိုးပွင့်က အရုပ်ကဒ်လေးတွေကို ကိုင်ပြီး မေးခွန်းထုတ်တမ်း ကစားနေတာပါ။ ကိုယ်က ဒီဖက်ကနေ ဘယ်လို ကစားကြသလဲ ပြုံးပြီး ကြည့်နေတာ။

မိုးပွင့်က ကဒ်လေးတွေကိုင်ပြီး ကိုယ်တို့ ဆွေမျိုး မောင်နှမတွေ နံမည် မေးနေတာ။ အဖြေမှန်ရင် အရုပ်လှလှလေးပုံပါတဲ့ ကဒ် တကဒ် ပေးလိုက်တာကိုး။ ကိုယ်က ဒီကစားနည်း မကြုံဖူးလို့ ကြည့်နေတယ်။ ဥပမာ ဒီလို ဆိုပါတော့..။

“ဘိုးဘိုး နံမည် ဘယ်သူလဲ သိကြလား” လို့ မိုးပွင့်က မေးလိုက်ရင် ကျန်ကလေး ၃ယောက်က ၀ိုင်းအော် ဖြေကြတယ်။
“ဘိုးဘိုးနံမည် ဘိုးဘိုး ပေါ့” ဒါက အငယ်ဆုံးလေး မာယာ ဖြေတာ။
“ဘိုးဘိုးနံမည်က ဦးတင်မိုး” ဒါက စန္ဒြာ နဲ့ မိုးဥ ဖြေတာ။
“မဟုတ်သေးဘူး၊ ဘိုးဘိုး စာရေးတဲ့ နံမည် မဟုတ်ဘူး၊ ဘိုးဘိုး နံမည် အရင်းကို ပြောနေတာ”
“ဘိုးဘိုးကြီး မဟုတ်လား”
“တင်မိုးဦး၊ မိုးဦးတင်၊ ဦးဥာဏ်မိုး၊ ဦးသန်းညွှန့်၊ လေးလေး.” ဒါမျိုးတွေလဲ ရှိသမျှ အမျိုးတွေထဲက ယောကျာင်္းနံမည်တွေ ပြောင် ပြီး ဖြေကြသေးတယ်။
“မဟုတ်ဘူး၊ အားလုံး မှားတယ်၊ ဘိုးဘိုးနံမည်က ဦးဘဂျမ်း”
အဲဒါဆို အကုန်လုံး ဦးဘဂျမ်း ဦးဘဂျမ်းလို့ ၀ိုင်းအော်ပြီး ပတ်ပြေးလိုက်ကြသေးတာပါ။ ပြီးမှ မိုးပွင့်နား ပြန်လာစု ပြန်ရော။

“ကဲ၊ နောက်တခု မေးမယ်။ ဦးဦးကျော် နံမည်ရော ဘယ်သူလဲ”
“ဦးဦးကျော် နံမည်က ကျော် လေ..” အဲဒါကတော့ မိုးဥ က ဖြေတာပါ။ သူက ငယ်ငယ်ကတည်းက ကိုယ့်အမျိုးသားကို ကျော် လို့ပဲ ခေါ်တာပါ။ ဘယ်လိုသင်သင် ဦးဦး မထည့်ပါဘူး။
“ဦးကျော် နံမည် ဦးကျော်ဝဏ္ဏ၊ ချိုချို့ နံမည် မိုးချိုသင်း” တဲ့။
အဲဒါ စန္ဒြာ က ဖြေလိုက်တာ။ သူ့အဖြေလေးကို နားထောင်ပြီး ကိုယ့်မှာ ပီတိဖြစ်လိုက်ရတာ။ ကိုယ့်တူမလေးတွေကိုလဲ ချစ်လိုက်ရတာ။ ကိုယ်တို့နံမည်တွေကိုလဲ မြန်မာလို စာလုံးပေါင်း ပြသေးတယ်။ မနှင်းသင်ထားတာတွေလေ။

အားလုံးထဲမှာ စန္ဒြာက ကဒ် အများဆုံး ရတယ်။ သူက သူနဲ့ တ၀မ်းကွဲတွေ ဖြစ်တဲ့ ရွာက အမတွေရဲ့ ကလေးတွေ နံမည်တွေလဲ အကုန် မှတ်မိတယ်။ ကိုကို့ နံမည် ဖိုးစွမ်း တဲ့။ မမ နံမည် စန္ဒီမ တဲ့။ မမအကြီးဆုံးက မမ အိမွန်ကို တဲ့။ မာယာလေးကတော့ အကြီးတွေကို ကြည့်ပြီး လိုက်ဝါး ဖြေတတ်တယ်။ တခါတခါကျရင် ခေါင်းရှုပ်ပြီး မာယာ သိတော့ဘူးကွာ၊ မာယာ ဖြေတတ်ဘူးကွာ နဲ့။

မာယာလုပ်တတ်တာကတော့ သီချင်း ကောင်းကောင်း ဆိုတတ်တာပါပဲ။ သူက ဂီတကို အတော်ဝါသနာပါပုံရတယ်။ အမြဲတမ်း သီချင်းလေး တအေးအေးနဲ့ နေတတ်တယ်။ စကားမပြောတတ်ခင်ကတည်းက သံစဉ်လေးတွေ ညည်းနေတတ်လို့ သူ့ဘိုးဘိုးက မာယာလေးကို သိပ်ကို အေးချမ်းတဲ့ ကလေး၊ ကြီးလာရင် အဆိုတော်ကြီး ဖြစ်မှာ လို့ အထင်ကြီးရှာတယ်။

မာယာကလည်း အဘိုး နဲ့ အတူဆုံးကလေးပဲ။ လူတွေကို သိပ်ခင်တယ်၊ လူတိုင်းနဲ့ တည့်တယ်။ အပေါင်းအသင်း ခင်တယ်။ သီချင်းသံကြားရင် ကြားတဲ့နေရာက ပြေးလာပြီး ဆိုတော့တာပဲ။ စကားပြောရမှာ ရှက်သလောက် သီချင်းဆိုဖို့တော့ ပါးစပ်ကြီး ဖွင့်ပြီး အော်ဆိုတော့တာပဲ။

တခါကတော့ သူတို့၎ယောက်စလုံး အခုလက်ရှိ အကြိုက်ဆုံး ဖြစ်ပုံရတဲ့ သီချင်းလေးကို ဖွင့်ပြီး လေးယောက်သား ကိုယ့်ကို ဆိုပြကြတယ်။ အဲဒီသီချင်းက သူတို့လေးတွေ အရွယ် ဖြစ်တဲ့ ဆယ်နှစ်သမီးလေး Laura က Belgium နိုင်ငံ ကိုယ်စားပြုပြီး ဥရောပတခွင် ၀င်ပြိုင်လို့ရတဲ့ Junior Eurovision 2009 မှာ ပြိုင်ပွဲဝင်တဲ့ သီချင်းလေးပါ။

သီချင်းက မြူးလဲ မြူး၊ ဆိုတဲ့ကလေးက ဆိုလဲ ဆိုတတ်တဲ့အပြင် yodeling ဆိုနည်းလေးကိုပါ သီချင်းထဲမှာ ညှပ်ပြီး ထည့်ဆိုတာမို့ အဒေါ်လုပ်သူကပါ သဘောအကျကြီးကျပြီး သူ့ပရိသတ် ဖြစ်ရတာပါ။ သူတို့ တနိုင်ငံလုံး ဆယ်ကျော်သက်တွေ အသည်းစွဲ သီချင်းလေး ထင်ပါရဲ့။

တခါက စူပါမားကက် အကြီးကြီးတခုကို သွားကြတော့ အဲဒီမှာ အဲဒီသီချင်းလဲ ဖွင့်လိုက်ရော ကလေးတွေ အကုန် နီးရာ ခုံ အမြင့်တွေပေါ် တက်ပြီး က ကြ လိုက်ဆိုကြသတဲ့။ ကျန်တဲ့ ကိုယ့်တူမတွေကတော့ မက ရဲလို့ မက ကြပေမဲ့ မာယာကတော့ ဖင်လေးလှုပ်ပြီး ၀င် က ပါသတဲ့။ yodeling လို လုပ်တာလဲ မာယာက ကောင်းကောင်း လိုက်လုပ်တတ်ပါတယ်။

အဲဒီသီချင်း အဓိပ္ပါယ် သမီးတို့ နားလည်လား၊ ချိုချို့ကို ရှင်းပြပါအုံး ဆိုတော့ အလုအယက် ၀ိုင်းရှင်းပြကြသေးတယ်။ ကျောင်းမှာ ပေါ်ပြူလာ ဖြစ်တဲ့ ကောင်လေးကို ကောင်မလေးက စိတ်ဝင်စားမိတဲ့ အကြောင်းပါ တဲ့။ ကိုယ့်မှာ ဆယ်နှစ်ကလေးက စပ်တဲ့သီချင်းဆိုတော့ အံ့သြပြီး ပြုံးရသေးတယ်။

ပြိုင်ပွဲအပြီး အင်တာဗျူးမှာ အဲဒီသီချင်းထဲက ကောင်လေး တကယ်ရှိသလား မေးတာကို Laura က တကယ်ရှိပါတယ်၊ သူ့ boyfriend ဖြစ်နေပါပြီ လို့ ဖြေပါသတဲ့ (ဘုရား..ဘုရား)။ ပြိုင်ပွဲမှာ အဲဒီကလေးမက တတိယဆုပဲ ချိတ်ပါတယ်။ ပထမဆုကို ခြေထောက်နဲ့ စည်းချက်လိုက်တဲ့ tap dancing အကပါတဲ့ နယ်သာလန်က ကောင်လေးက ရသွားတာပါ။

ကိုယ်ကလဲ သူတို့ ကလေးတွေနဲ့ ပေါင်းချင်တော့ကာ သူတို့ စိတ်ဝင်စားတာလေးတွေ လိုက်စိတ်ဝင်စားရ၊ သူတို့ကြိုက်တာလေးတွေ လိုက် နားထောင်ရတာ။ အမြဲတမ်း ခေတ်မီနေမှ တော်ကာကျမယ်ဆိုပြီး အဒေါ်က တရွတ်တိုက် လိုက်နေရတာပေါ့လေ။

အဲဒီတော့ VZO ဖွင့်ရင် ဟိုဖက်က သီချင်းလေး ဖွင့်လိုက်၊ ဒီဖက်ကို လင့်ခ်လေး ပို့ပေးလိုက်၊ နားထောင်လိုက်၊ သဘောကျပြီး ဒီဖက်က တခါ ပြန်လိုက်ဖွင့်တော့ တူမတွေ လိုက်ဆိုကြတာ ကြည်နူးလိုက်နဲ့ပေါ့။ သူတို့တွေ dutch လို ပြောကြ ဆိုကြတာ ကိုယ်က တလုံးမှ နားမလည်ပေမဲ့ တပြုံးပြုံးနဲ့ အမီလိုက်နေတာ။

စာဖတ်သူတွေလဲ နားထောင်ကြည့်ပါအုံး။ ကိုယ်သဘောကျလို့ အောက်မှာ လင့်ခ်လေး ရေးပေးလိုက်ပါမယ်။ သီချင်းလေးနားထောင်ပြီး ပျော်ရွှင် ချမ်းမြေ့ကြစေဖို့ ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။
မိုးချိုသင်း

41 comments:

  1. ကျနော်တို့ရော ပါလို့ရမလား

    ပျော်ချင်လို့ပါခင်ဗျာ

    ReplyDelete
  2. ပျော်စရာလေးတွေ ချိုသင်းရေ...
    ပြီးတော့ ခေါ်ပုံက အပွင့်လေး တဲ့...
    ချစ်စရာလေး...း))

    အပေါ်က တယောက်ကလဲ ပါမယ်၊ ပျော်မယ် ဆိုတာချည်းပဲ... ဟိုမှာက ဆယ်နှစ်သမီးလေးတွေ ကနေ၊ ဆိုနေကြတာကို...း((

    ReplyDelete
  3. မမမိုးချိုသင်းရေ ဖတ်မိတိုင်း ကြည်နူးစွာ ပြုံးမိတာချည်းပဲ ရေးတတ်လိုက်တာ

    မမသက်ဝေ အပေါ်က တယောက်လည်း ၁၀ နှစ်ပါပဲလေ လွန်ခဲ့တဲ့ ၁၀ နှစ် ၂ခါပြန်လောက်က သူလည်း ၁၀ နှစ်ပဲ မမရဲ့ 

    ReplyDelete
  4. ဟဟလင့်ခ်လေးထဲဝင်သွားတာ
    သီချင်းနဲ့မျောသွားတယ်
    မန့်ဖို့တောင်မေ့သွားတယ်
    မိုးပွင့်လေး ကဗျာဖတ်ဖူးတယ်
    ဆရာ့စာအုပ်ထဲမှာ

    ReplyDelete
  5. ဒေါ်ဒေါ် တို့ ရဲ့ ဖီလင်များပေါ့လေ.. မချိုသင်းရယ်။း)

    ReplyDelete
  6. ဟာကွာ..အဲဒီကောင်မလေးလိုသာ ဟိုတုန်းက ဆိုခဲ့မိရင် အကောင်းသား။ဟဲ..ဟဲ
    ဆယ်နှစ်ကတော့ နည်းနည်းငယ်သေးတာပေါ့နော်။
    တူမလေးတွေက သွက်သွက်နဲ့ အဒေါ်တစ်ယောက် X-15စီးလိုက်ပါမှ တော်ကာကြမယ်နော်။

    ReplyDelete
  7. ချစ်ဖို့ကောင်းတဲ့ တူမလေးတွေနဲ့ဆိုတော့ အဒေါ်တွေလည်း အဖော်ရ၊ အပျင်းလည်းပြေ...မာယာလေးကတော့ အမတွေနောက် လိုက်ဝါးရတာ ပင်ပန်းရှာရော့မယ်..:)..
    ဟုတ်ပ ချိုသင်းရေ... သူတို့ပြောသမျှ လိုက်မီအောင် မနည်းလိုက်နေရတာ..နားမလည်ရင် သူတို့က ဟားကြသေးရဲ့...ကစားနည်းတွေကလည်း သူတို့ အချင်းချင်းတော့ နားလည်လွယ်ကြသား...

    ချိုသင်းရဲ့ စာတွေက အချစ်တွေနဲ့ ရေးထားတော့ ဖတ်ရင်းနဲ့ကို စိတ်ထဲ ပျော်ရွှင်နေမိတာပဲ...

    သတိရတိုင်း လာလာချောင်းကြည့်ပါတယ် ချိုသင်းရေ... ပျော်ရွှင်ချမ်းမြေ့ ကျန်းမာကြပါစေနော်..

    ReplyDelete
  8. သီချင်းနားထောင်ပြီး မန့်ဖို့ မေ့သွားတယ် ခု တခေါက်ပြန်လာ နားထောင်တာ အမ ချိုသင်း..း)

    ReplyDelete
  9. ဘုရား ဘုရား တောင်တပြီး ဖြုံရပါတယ်။

    ReplyDelete
  10. နွေထွေးတဲ့ ခံစားမှုလေး ရပါတယ်။

    ReplyDelete
  11. ကြည်နူးစရာ၊ ပျော်စရာပါပဲ အမရယ်။
    တူမတို့ရဲ့ ကစားနည်းက ကောင်းလိုက်တာ။
    ဆွေမျိုးတွေကို မမေ့စေတာမျိုး။

    ReplyDelete
  12. ချိုသင်းရေ...၁၀ကျော်သက်ကလေး သီချင်းဆိုတာ လင့်ခ်ကနေ ကြည့်သွားတယ်...ချိုသင်း တူမလေး ဖင်လေး လိန်ကျစ် လိန်ကျစ်နဲ့ လှုပ်ကနေတာကို မြင်ယောင်မိတယ်...နောက်တခါကျရင် သူ ကတာလေးပါ တွဲတင်ပေးဟယ်...။

    ReplyDelete
  13. မမချိုသင်းရဲ့ ကလေးလေးတွေက ငယ်ပေမယ့်
    တော်လိုက်တာနော်
    ပါရမီကြီးလိုက်ကြတာ
    မမချိုသင်းရဲ့တူမလေးတွေနဲ့
    စကားပြောတာကိုဖတ်ပြီးလဲသဘောကျတယ်
    ကလေးတွေများတတ်လိုက်ကြတာလို့လဲချီးကျူးမိတယ်

    ReplyDelete
  14. ပျော်စရာကြီးနော်။

    ReplyDelete
  15. တော်လိုက်တဲ့ကလေးလေးတွေ၊ အန်တီချိုသင်းကြီးတော့ ကြည်နူးလိုက်ရမယ့် ဖြစ်ခြင်းနော်။
    ဟိုကလေးလေးဆိုထားတဲ့ သီချင်းနားထောင်ပြီးပြီ အရွယ်နဲ့တောင်မလိုက်ဘူး ဆိုတတ်လိုက်တာဗျာ။ ဒီအရွယ်လေးနဲ့ အသံတော်တော်ပိုင်နေပြီ။

    ReplyDelete
  16. အဝေးက အရင်းအနှီး သူငယ်ချင်း ဆွေမျိုးတွေနဲ့ ပြောဖို့ဆို.. VZO ကလည်း ကောင်းသားနော်...

    ReplyDelete
  17. မိသားစု များနဲ့ အမြဲ touch လုပ်နေတာ ကောင်းသော အလေ့အကျင့်လေး တခုပါ ... သီချင်းလေးကလည်း နားမလည်ပေမယ့် သံစဉ်လေးက အရမ်း နားဝင်ချို ပါတယ်ဗျာ ..

    ReplyDelete
  18. ဟိုတလော ဓာတ်ပုံထဲမှာပါတဲ့ ကလေးတွေမဟုတ်လား... ပုံထဲမှာ အပြာရောင် ပိုက်လုံးကြီးတွေတောင် ပါသေးတယ်လေ...

းဝ)

    ReplyDelete
  19. Saya Nay Win Myint : http://www.multiupload.com/0JYJ10IJBD

    Sayarma Juu : http://www.multiupload.com/WPWPCH14MN

    Saya Chit Oo Nyo : http://www.multiupload.com/TMUEQWY8P1


    OR

    Nay Win Myint…….. http://www.mediafire.com/?jywmbimwzg2

    Juu………………….. http://www.mediafire.com/?zd0mtwdwg0q

    Chit Oo Nyo……….. http://www.mediafire.com/?wjgzvazyned

    ReplyDelete
  20. အဒေါ်လည်း dutch လိုသင်တော့မှထင်တယ် မမချိုရေ

    ReplyDelete
  21. တို့ရုံးကားက ချိုသင်းတို့ မင်းကြီးလမ်း အိမ်ရှေ့က ဖြတ်တယ် ချိုသင်းဘလော့ကို မသိခင်ကတည်းက ဆရာတင်မိုးအိမ်ဆိုပြီးသိတယ်။ ဆရာက အိမ်ကိုလည်း ကဗျာဆန်ဆန်ဆောက်ထားတယ်လို့ ပြောဖြစ်တယ်။ ချိုသင်းလဲ ဆရာ့သမီးပီသတယ်နော်

    ReplyDelete
  22. မာယာ လိန်ကျစ် လိန်ကျစ် မျက်စိထဲ မြင်ယောင်တယ်။
    ဟီယားဟီယားဝို့ ဟီးယားဟီးဟားဝို့


    မအယ်

    ReplyDelete
  23. သီချင်းလာ နားထောင်သွားပါတယ်။

    ReplyDelete
  24. စာဖတ်ပြီးပေမယ့် သီချင်းနားမထောင်ရသေးလို့ ခုမှလာမန့်ဖြစ်တယ်။ ကလေးတွေနဲ့အတူ ပျော်သွားပါတယ်။ VZO တော့ တစ်ခါမှ မသုံးဖူးဘူး။ Gtalk တောင် သိပ်မသုံးဖြစ်တော့ဘူး။ အစ်မမှတ်တမ်းကတော့ အမြဲဖတ်ဖြစ်တယ်။ Merry X'mas မှာ ချစ်ခင်ရတဲ့သူတွေနဲ့အတူ ပျော်ရွှင်ပါစေနော်။ :)

    ReplyDelete
  25. ပျော်စရာ..အားကျစရာကြီးး
    ညီအမ ၄ယောက်တောင်..။။
    အိမ်ကတစ်ယောက် လဲ အက၀ါသနာပါတယ်။။
    မကတတ်တာတစ်ခုပဲ။။

    ReplyDelete
  26. ချိုသင်းတို့ကလဲ စောင့်ဖတ်ရတာကြာမှကြာ ဖတ်ရတော့လဲ ကြည်နူးစရာ..

    ReplyDelete
  27. ငါ့တူမတွေပုံ တင်ပါဦး ချိုသင်းရဲ့

    ReplyDelete
  28. ဖတ်ရတာကြည်နူးစရာ။။။

    အိမ်နဲ့ vzo ချက်ရင် အမေ့ ရုပ်သာ မြင်ရပြီး အသံက မကြား
    ကြားရတော့လဲ ဟလို.. ကြားလား မကြားလားနဲ့ အချိန်သာကုန်သွားရော...

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  29. ဥရောပမှာ နှင်းတွေကျနေသည်။
    http://www.voanews.com/burmese/2009-12-22-voa5.cfm

    ReplyDelete
  30. အယ် ... မမရေ ဟုတ်ပနော်။ တကယ် နားထောင်လို့ ကောင်းတာပဲ။ ကလေးလေးက တော်လိုက်တာ။ မမတူမတွေမပြောနဲ့ နွယ်တောင် နားထောင်းရင်း ကချင်းလာတယ်။း)

    ခင်မင်လေးစားလျှက်

    ReplyDelete
  31. ဟက်ပီး မယ်ရီခရစ်စမတ်ပါ အစ်မ MCT

    ReplyDelete
  32. Ma Cho Thin, thank you so much for this post as my little son loves it.

    ReplyDelete
  33. Ah Ma, thank you so much for this post as my little son loves it.

    ReplyDelete
  34. အမရေ ..
    ပျော်ရွှင်စရာ ခရစ်စမတ် ဖြစ်ပါစေ ...

    ReplyDelete
  35. Merry X'Mas ပါ ချိုသင်းရေ့...

    ReplyDelete
  36. Ma Moe Cho Thinn ,Saya U Tin Moe & Dassk
    http://www.pbase.com/dassk/image/18095335

    ReplyDelete
  37. ကလေးတွေ တအုံတမကြီးကို ရေးထားတာကို ဖတ်မိပြီး... သြော် ငါ အတော် နောက်ကျနေပါလား... လို့ သံဝေဂ ရသွားပါတယ်။ ဆိုင်ဆိုင် မဆိုင်ဆိုင်ပေါ့။ နောက်ကျတာက နောက်ကျတာပါပဲလေ။ ကြော်ငြာ မဟုတ်ပါ။

    ReplyDelete
  38. Is your blog design changed? Very nice!

    ReplyDelete

အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။