Tuesday, December 30, 2008

နှစ်သစ် ဆုတောင်း

ဒီနှစ်သစ်မှာ..
လိုရာဆန္ဒ ပြည့်စုံ ပျော်ရွှင်နိုင်ကြပါစေ။
မိသားစု၊ ကိုယ်ချစ်ခင်သူများနဲ့ ဝေးကွာနေရသူများ အမြန်ဆုံး ပြန်လည် ဆုံဆည်း နိုင်ကြပါစေ။
မတရားမှုတွေ အနိုင်ကျင့်မှုတွေ ကွယ်ပျောက်၊ တရားမျှတမှုတွေ အောင်ပွဲခံတဲ့ နှစ်သစ် မင်္ဂလာဖြစ်ပါစေ။
မေတ္တာတရား လွှမ်းခြုံပြီး ရန်လို ငြူစူ စောင်းမြောင်းခြင်း ကင်းတဲ့ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေ။
ကျန်းမာ အေးချမ်း ပျော်ရွှင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

နှစ်သစ်ကူး လက်ဆောင်အဖြစ် အခုလက်ရှိကိုယ့် ခံစားချက်နဲ့ ကိုက်ညီနေတဲ့ အဖေ့ ကဗျာလေး တပုဒ် လက်ဆောင်ပေးချင်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။


ရွှေပြည်ဌာန သာချင်စွ

အိပ်ရာဝင် ဘုရားဖူးစဉ်
တရားဦး ဓမ္မစကြာကို
မြတ်စွာ ဗုဒ္ဓ ဟောညွှန်ပြရာ
မိဂဒါဝုန် သားမျိုးစုံသည့်
ရဂုံမြိုင်တလျှောက်
ငါ ကိုယ်တိုင် ရောက်ဘိသကဲ့သို့
တအောက်မေ့မေ့ ချမ်းမြေ့မြေ့နှင့်
လွမ်းငွေ့ဝေရ လပြည့်ည။

ဗုဒ္ဓ ဓမ္မ သံဃာ့ အရိပ်
မိရိပ် ဖရိပ် ဆရာရိပ်၌
အိပ်စက်ခဲ့ဖူး ထိုကျေးဇူးကို
ကြည်နူး ချမ်းမြ သတိရ
သြကာသ သြကာသ။

အခွင့်ပန်၍ မာန်ကို လျှော့ဖြေ
မေတ္တာဝေခိုက်
ကိုယ့်မြေရှိရာ ဦးချကာ
ကျန်းမာ ချမ်းသာ ပန်းပမာ
သဗ္ဗေ သတ္တာ အဝေရာ
မင်္ဂလာသုခ အရကြီး ရ
အဆိပ်မှန်သမျှ လျှောကာကျ
သားရွှေအိုးထမ်း အိမ်ပြန်လှ
ရွှေပြည်ဌာန သာချင်စွ။

တင်မိုး
၂၊ ၁၂၊ ၂၀၀၁


ကိုယ်လဲ ဒီနှစ်သစ်မှာ ဒီဆုတောင်းလေး ပြည့်ချင်ပါလှတယ်။ ရွှေပြည်ဌာန သာချင်စွ……။


မိုးချိုသင်း

Tuesday, December 23, 2008

မောင်လေး ဖိုးဥာဏ်

တခါတလေကျရင် ကမ်းခြေမှာ ထိုင်ရင်း ငေးရင် ဟိုး အဝေး မှုန်ပျပျက ပင်လယ်ကူး သဘောင်္ကြီးတွေ ဖြတ်သွားတာ တွေ့ရင် သဘောင်္တွေကို သဘောကျတဲ့ ကိုယ့်ရဲ့ တဦးတည်းသော မောင်လေးကို သတိရမိတတ်တယ်။ သူ့နံမည်က ဥာဏ်မိုး တဲ့။ အဖေ နဲ့ အမေကတော့ ဖိုးဥာဏ် လို့ ခေါ်တယ်။

သူနဲ့ ကိုယ်နဲ့က တနှစ်ကြီး တနှစ်ငယ်။ ဆော့ဖော် ဆော့ဖက်၊ ကျောင်းသွားဖော် ကျောင်းသွားဖက်။ ငယ်ငယ်တုန်းကတော့ တယောက်နဲ့ တယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ကြတယ်။ ကိုယ်ကလဲ သူ့ကို ခေါ်တာ မောင်လေး တဲ့၊ သားသား တဲ့။ သူကလဲ ကိုယ့်ကို မမချို တဲ့။

ကိုယ်တို့အိမ်မှာ ငယ်ငယ်ကဆိုရင် အဖေက မိသားစုဝင်တွေရဲ့အသံကို ကက်ဆက်ထဲ အသံသွင်းထားတတ်တယ်။ တိပ်ခွေလေးနဲ့ပေါ့။ မိသားစု စကားပြောတာ သီချင်းဆိုကြတာ အစုံပဲ။ အားလုံး တယောက်တပုဒ်စီ ဆိုကြ၊ ပြီးရင် ပြန်နားထောင်ကြ နဲ့။ ပျော်စရာ ကောင်းပါပေ့။ ကိုယ်ကလဲ က ရင်း သီချင်းဆိုတာ အသံသွင်းထားသေးတယ်။ ရေဒီယို သီချင်းတွေပေါ့။

ကိုယ်ကတော့ စိန်နားကပ်ကြီး ပန်ရမလို သီချင်းကို အမြဲဆိုတာ။ ကျမအဖို့ မောင့်တမျက်နှာ ကမ္ဘာကြီး တခုလို .. အဲဒီသီချင်းပေါ့။ ဒါပေမဲ့ စကားက မပီသေးတော့ ပါးပို့ မောင့်မျက်နှာ တဘာကြီး တခုလို လို့ ဆိုတယ်။ ဆိုရင်းနဲ့ နောက်အပိုဒ်တွေကျတော့ မရတော့ဘူး။ စာသား မရတော့ ၀ါး ဆို နေတယ်။

အဲဒီအချိန်မှာ အဲ့ ဆိုပြီး ကလေးငိုသံလေး ပေါ်လာပြီး ကိုယ်က “မောင်လေး နိုးပြီ၊ မောင်လေး နိုးပြီ ”လို့ အော်ပြီး ပြေးသွားတာ။ အဲဒီအခွေလေးကို ကြီးတဲ့အထိ၊ ဖွင့်လို့ ရသေးတဲ့အထိ ဖွင့်တုန်း။ သိမ်းထားတုန်း။ သီချင်းစာသားမရတာ မောင်လေး ကယ်သွားပေလို့ပဲ။ အဲဒီလို ချစ်ခဲ့ရတဲ့ ကိုယ့်ရဲ့ မောင်လေးပေါ့။

ငယ်ငယ်တုန်းက သောကြာနေ့ ညနေဖက်ဆိုရင်လဲ ရွှေသွေး တေဇ ထွက်တဲ့ရက်မို့ အရင်ဦးဆုံး ဖတ်ရဖို့ ဦးကြရတယ်။ အစောကြီး ကြိုဦးလို့လဲ မရဘူး။ သောကြာနေ့ မနက် နိုးလာတဲ့အချိန်က စ ပြီး ဦးလို့ ရပြီ။ ဒါနဲ့ သောကြာနေ့မနက် အိပ်ယာက နိုးတာနဲ့ ဥာဏ်မိုးက ငါ ရွှေသွေး၊ တေဇ ပထမ တဲ့။ သူ ဦးတဲ့အချိန် ကိုယ်က ခလူး ခလော အိပ်ကောင်းတုန်း။

ကိုယ်နိုးလာတော့ သူက ဦး ပြီးနေပြီ။ ညနေကျလို့ အမေ ရွှေသွေး ၀ယ်လာရင် သူက အရင်ဖတ်ရတော့မှာ။ ဒါနဲ့ ကိုယ်လဲ ညနေကျတော့ ရွှေသွေးဖတ်ချင်လွန်းလို့ သူ့ရှေ့မှာ လမ်းသလားနေရတယ်။ မမ ဖတ်ပြမယ်လေ၊ အတူတူ ဖတ်ကြမယ်လေ မောင်လေး၊ အဲဒီလို သွားသွား နှူးနေရတာ။ သူကလဲ သုံးခါထက် ပို မနှူးရဘူး။ မမချို ဖတ်ပြ လို့ ပြောလိုက်တာပဲ။

အဲဒီတော့ သူ့ဖာသာသူ သောကြာနေ့ မနက် အစောကြီး ထ ပြီး ဘယ်လောက် ကြို ဦးဦး၊ ဖတ်တော့ အတူတူဖတ်ရတာပါပဲ။ သူကလဲ ကိုယ်ဖတ်ပြရင် ကျေနပ်လို့။ သူတယောက်တည်း မဖတ်ချင်တော့သလောက် ကိုယ်ဖတ်ပြတာကို စွဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဇာတ်ကောင်တွေ စကားပြောတာ ဖတ်ရင် အသံနေ အသံထား အနိမ့်အမြင့်နဲ့ စကားတကယ်ပြောနေသလို ဖတ်တာကိုး။ လူဆိုးဆိုလဲ လူဆိုး အသံ၊ ယုန်ကလေးဆိုလဲ ယုန်ကလေး အားငယ်တဲ့ အသံ။

ကိုယ်တို့ မောင်နှမ နှစ်ယောက် အိပ်ယာပေါ်မှာ ၀မ်းလျားမှောက်ပြီး ဖတ်ကြတာပါ။ သူက ဘေးမှာ ကိုယ်ဖတ်တာကို ပါးစပ်တလှုပ်လှုပ်နဲ့ တလုံးချင်း လိုက်ရွတ်လို့။ ကိုယ်ကျော်သွားရင် ဒီမှာ ကျန်ခဲ့ပြီလို့ ထောက် ပြ တတ်သူပါ။ ကိုယ်က ဆွဲထားတဲ့ သရုပ်ဖော် ပန်းချီဆိုလဲ ဖြည့်စွက်ပြီး ဘာသာပြန်လိုက်သေးတာ။ ပုံကို ကြည့်ပါလား ၀ံပုလွေက ကိုက်စားတော့မှာ စသဖြင့်ပေါ့။ ဆရာကြီး ဦးဘကြည် ပန်းချီတွေဆိုရင် အသက်ဝင်လွန်းလို့ သိပ်ကြိုက်တာပေါ့။

ငယ်ငယ်ကတည်းကနေ ၇တန်း ၈တန်း အထိ ကျူရှင်တက်လဲ ကိုယ်တို့ မောင်နှမနှစ်ယောက် အတူတူပဲ။ ကိုယ့်ထက် သူက ၁ တန်းငယ်ပေမဲ့ ကိုယ်အဖော်ရအောင် မိဘတွေက သူ့ကို အမြဲ ကိုယ့်အတန်း လိုက်တက်စေတယ်။ သူက ဥာဏ်လဲ ကောင်းတယ်။ ဒါကြောင့် ၈တန်းမှာ သူ ၅ဘာသာ ဂုဏ်ထူး ထွက်သေးတယ်။

အဲဒီလို လုံးထွေးနေတဲ့ ကိုယ်တို့ မောင်နှမ နှစ်ယောက် နည်းနည်းဝေးသွားတာက သူ ၉တန်းလောက်မှာပါ။ သူက မိန်းကလေးတွေ အမတွေကြားထဲမှာ ကြီးပြင်းလာရသူမို့ မိန်းမ ဆန်မှာ နွဲ့မှာ သူ့ကိုယ်သူ အင်မတန် ပူပုံရတယ်။ ခုမှ အဲဒီအချိန်တွေကို ပြန်စဉ်းစားမိတာက သူ ဒီလို ယောကျာင်္းဆန်ဆန် ကြမ်းကြမ်းတမ်းတမ်းပုံကို ကြိုးစား ဆောက်တည်ယူရပုံရတယ် လို့ ထင်မိတာပါ။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့ အိမ်မှာ ယောကျာင်္းလေးဆိုလို့ သူ့အပြင် အဖေသာရှိတယ်၊ အဖေဆိုတာကလဲ စိတ်က နူးနူးညံ့ညံ့၊ စာနဲ့ ကဗျာမှာပဲ ပျော်မွေ့သူ။ သံတောင် တချက် ရိုက်ဖူးသူ မဟုတ်။ ဥာဏ်မိုး အရွယ်ရောက်လာတော့ အမေနဲ့ ကိုယ်တို့ညီအမတွေမှာ အစွန်းနှစ်ခုကြား စိတ် ပင်ပန်းလိုက်တာ။

ကြုံရတဲ့ ယောကျာင်္းနှစ်ယောက်မှာ အဖေကျတော့ နူးညံ့လွန်းလို့ တဖက်စွန်းမှာ ရပ်နေတဲ့သူ။ စိတ်ကူးယဉ် ကမ္ဘာထဲမှာပဲ နေချင်သူ။ ဥာဏ်မိုးကျတော့ အဖေနဲ့ ဆန့်ကျင်ဖက် တကယ့်ကို ကြမ်းကြမ်းတမ်းတမ်း ၀ုန်းဝုန်း ဒိုင်းဒိုင်း။ လက်တွေ့ကျကျ။ ကိုယ်တို့ ရင်းနှီး ကြီးပြင်းလာရတဲ့ အဖေ့ပုံစံနဲ့ တခြားစီ။ သူလဲ ဟိုဖက် တဖက်စွန်းမှာ ရပ်သူပေပဲ။

ဥာဏ်မိုးက အိမ်ခင်လွန်းသူပါ။ အိမ်ဟင်း အိမ်ထမင်းမှ မြိန်သူပေါ့။ မိတ်ဆွေ သူငယ်ချင်း အပြင်လူအပေါ်မှာတော့ သူက အင်မတန် ကောင်းတယ်။ အိမ်မှာတော့ ဗိုလ်ကျချင်၊ အနိုင်လိုချင်တယ်။ အမေက ချစ်လွန်းတော့ အလိုလည်း လိုက်ရှာတယ်။ တဦးတည်းသော သားထွေး ပေကိုး။

နောက် အမေ ဆုံးတော့ သူ လုံးဝ ပြောင်းလဲသွားတယ်။ အတော်လဲ ရင့်ကျက်လာတယ်။ စာဖတ်တာလဲ ၀ါသနာပါတော့ စာကလဲ သူ့ကို ပြောင်းလဲစေတယ်။ သူ့ကို အမြဲ မေတ္တာထားနေတဲ့ မိဘနဲ့ မိသားစု မေတ္တာကိုလည်း နားလည်သွားတာ ပါမှာပါပဲ။

သူ ရည်းစားထားတော့ တအိမ်လုံး နေ့ချင်းမဆိုင်း သိသွားတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဥာဏ်မိုးက အိမ်မှာ “ သူ ငါ့ကို ပြုစားနေပြီ။ သူ့ကိုပဲ သတိရပြီး မြင်နေတယ်။ ကယ်ကြပါအုံး” လို့ အော်နေလို့ပါ။ ကိုယ်တို့မှာ သူ့မိန်းကလေးကို မမြင်ဖူးခင်ကတည်းက သနားလိုက်ရတာ။ သူ ဗိုလ်ကျမှာ စိတ်ပူရတာကိုး။

ကိုယ်ကလဲ စင်ကာပူကနေ ပို့စ်စကဒ်လေး ပို့လိုက်သေးတယ်။ ပုံလေးက လူဝံကြီးက သူ့ဂျိုင်းကြားထဲမှာ ကြောင်သေးသေးလေး ညှပ်ပြီး ချီထားပုံပါ။ နင်နဲ့ နင့်ကောင်မလေးပုံ ဆိုပြီးတော့လေ။ သူက အသားညိုညို လူကောင်က ထွားထွား၊ သူ့ မိန်းကလေးက အသားဖြူဖြူ ပိန်ပိန်သေးသေး ခပ်ပြုံးပြုံး ခပ်အေးအေး လေ။ နံမည်က ယဉ်ယဉ် တဲ့။

သူတို့ နှစ်ယောက် ရန်ကုန်မြစ်ကို မြင်နေရတဲ့ နေရာလေးမှာ အမြဲထိုင်ပြီး စကားတွေ ပြောကြတာတဲ့။ ဥာဏ်မိုးက သဘောင်္တွေကို အရမ်း စိတ်ဝင်စားတယ်။ သူက အဝေးက လှမ်းမြင်ရတဲ့ ပင်လယ်ကူး သဘောင်္ကြီးတွေကို ကြည့်ပြီး သဘောင်္တွေ အကြောင်း ရှည်ရှည်ဝေးဝေး ရှင်းပြ တတ်တာ တဲ့။ သဘောင်္နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ၀ါသနာပါလွန်းလို့ သဘောင်္သား ဖြစ်ချင်တာ တဲ့။

သူတို့ လက်ထပ်အပြီး ၇လ အကြာမှာ သူ သဘောင်္လိုက်သွားတယ်။ သူ တကယ် သဘောင်္လိုက်ရပြီဆိုတော့လဲ ပျော်ပုံ မရပါဘူး။ သူချစ်တဲ့ ယဉ်ယဉ်နဲ့ ကိုယ်တို့မိသားစုကို အတော်လွမ်းရှာတာပါ။ ပင်ပန်းတာလဲ ပါမှာပါ။ ဖုန်းထဲမှာ သူငို နေတယ်။ မချို..ယဉ်ယဉ့်ကို သတိရလိုက်တာ တဲ့။ ယဉ်ယဉ်နဲ့ စကားမပြောလိုက်ရဘူး တဲ့။ အဲဒီတုန်းက ယဉ်ယဉ်က သူ ဖုန်းဆက်မယ် မှန်း မသိလို့ သူ့ မိဘ မြို့ကို အလည်လိုက်သွားနေတာ။ နောက် ၂ရက်ကြာ ထပ်ဆက်တော့ သူတို့ ဖုန်းပြောလိုက်ရတယ်။

နောက် တပတ်လောက်ကြာတော့ သူလိုက်သွားတဲ့ သဘောင်္အေးဂျင့်က အကြောင်းကြား လာပါတယ်။ ဥာဏ်မိုး ဆုံးပြီတဲ့။ အလုပ်လုပ်ရင်း ရင်ဘတ်အောင့်တယ်ဆိုလို့ အခန်းထဲ နားတုန်းခဏ ငြိမ်ငြိမ်သက်သက် ဆုံးရရှာတယ်။ ဆိပ်ကမ်းဆိုက်တုန်းမို့ ချက်ချင်း ဆေးရုံတင် ကြိုးစားကုသော်လည်း ဆုံးနှင့်ပြီ တဲ့။ နှလုံး ရုတ်တရက် ရပ်သွားတယ်လို့ ဆေးစာမှာ ပါတယ်။

ကိုယ်တို့အားလုံးလဲ ရူးမတတ်ကျန်ခဲ့တာပါပဲ။ သူ့ကို အင်ဒိုနီးရှားက မီဒန်ကျွန်းလေးမှာ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း ကိုယ့်အမျိုးသားကိုယ်တိုင် လိုက်သွား သဂြိုဟ်ပြီး ကိုယ်တို့ရဲ့ တဦးတည်းသော မောင်လေးရဲ့ အရိုးအိုးလေး သာ ပြန်သယ်လာခဲ့တယ်။

သူဆုံးတာ ၇ နှစ်ကျော်ခဲ့ပြီ။ သူဆုံးတော့ အသက်က ၂၇ နှစ်။ အရွယ်ကောင်းတုန်း သန်မာ ဖျတ်လတ်တုန်း။ ခုပြန်တွေးရင် ခု မယုံနိုင် ဖြစ်ရသေး။ ယဉ်ယဉ်လဲ ခုထိ တယောက်တည်း။ ဥာဏ်မိုး မွေးနေ့တွေမှာ ဘုန်းကြီးကျောင်းကို ဆွမ်းပို့မြဲ။

လူ့ဘ၀ဆိုတာ တကယ်တိုတယ်။ နေရတဲ့ အချိန်လေးမှာ တယောက်ကို တယောက် ချစ်ချစ်ခင်ခင် ကြည်ကြည်နူးနူး နေသွားချင်တယ်။ နားလည်ပြီး အပြန်အလှန် ယုံကြည်မှုတွေနဲ့ပဲ ဘ၀ကို ဆက်လျှောက်ချင်တယ်။

ပင်လယ်ကမ်းခြေတနေရာမှာ ပင်လယ်ကူး သဘောင်္ကြီးတွေ ဟိုး အဝေးကနေ တရွေ့ရွေ့သွားနေတာ လှမ်းမြင်ရင် ကိုယ့်မြင်ကွင်းတွေက အမြဲတမ်း မျက်ရည်တွေနဲ့ေ၀၀ါးသွားတော့တာပဲလေ။


မိုးချိုသင်း

Tuesday, December 16, 2008

ကိုယ်နားလည်တဲ့ အိမ်ထောင်ရေး

တနေ့က ညီမလေးတယောက် နဲ့ စကားပြောရင်း အိမ်ထောင်ဖက် ရွေးချယ်တာတွေ၊ မိဘကို အသိပေးရတာတွေ၊ လက်မထပ်မီ လူကြီးတွေ ဆုံးမကြတာတွေကို စကားရောက်သွားတယ်။ ပြောမိတာတော့ အစုံပဲ။ ကိုယ့်အကြောင်းလဲ ပါ၊ စဉ်းစားဆင်ခြင်ရတာတွေလဲ ပါ ဆိုပါတော့။

တကယ်တော့ အိမ်ထောင်ရေးဆိုတာ မိန်းကလေး ဖြစ်စေ၊ ယောကျာင်္းလေး ဖြစ်စေ ဘ၀မှာ အလေးအနက်ထား စဉ်းစားသင့်တဲ့ အရာပေါ့။ ချစ်တာကို အခြေခံပြီး ချစ်ရုံနဲ့ မပြီးဘဲ တဦးကို တဦး နားလည် ခွင့်လွှတ်ပြီး အပေးအယူမျှမယ်၊ မောင်တထမ်း မယ်တရွက် နဲ့ မိသားစု ဘ၀လေးကို အတူ ညှိနှိုင်း တိုင်ပင်မယ်ဆိုရင်တော့ စိတ်ချမ်းသာရတာပေါ့။

ကိုယ်တို့အိမ်ကတော့ အိမ်ထောင်ဖက် ရွေးတာမှာ မိဘ ဆွေမျိုးက ၀င်ရောက်စွက်ဖက်တယ် ဆိုတာ ထုံးစံ မရှိခဲ့ဘူး။ ကိုယ်ချစ်ရင် ကိုယ်သဘောမျှရင် လက်တွဲနိုင်တယ်။ မိဘ ဆွေမျိုးက ကိုယ့်နှလုံးသားနဲ့ အသိဥာဏ်နဲ့ပဲ ဆုံးဖြတ်စေခဲ့တယ်။

ကိုယ်တို့ မောင်နှမတတွေ အရွယ်ရောက်လို့ အသီးသီး ကိုယ်ချစ်တဲ့သူတွေ တွေ့ကြတော့ ကိုယ်တို့မှာ အဖေပဲ ရှိတော့တာ။ အဖေကတော့ သမီးက ချစ်ရင် အဖေကလဲ လိုက်ချစ်ရမှာပေါ့ လို့ပဲ ပြောခဲ့တာပါ။ သားသမီးတိုင်းကို မိဘ မေတ္တာအပြည့်နဲ့ ရေးတဲ့ ကဗျာတပုဒ်နဲ့ လက်ဖွဲ့တတ်သူပါ။ ဒါကြောင့်မို့လဲ အဖေ့သူငယ်ချင်း တက္ကသိုလ်မင်းမော်က ကဗျာနဲ့အတူ၊ သမီးလှူသည်၊ နတ်လူသာဓု ခေါ်စေသောဝ် လို့ ကဗျာစပ်ခဲ့တာ။

ကိုယ်သူ့ကို အိမ်နဲ့ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့တုန်းက အဖေက အထဲမှာ။ အဲဒီတုန်းက ကိုယ်လဲ သူ့အိမ်က ထမင်းဖိတ်ကျွေးလို့ သွားစားရင်း သူ့မိဘ၊ အမတွေနဲ့ ဆုံပြီးပြီ။ ကိုယ့်အိမ်ကို တလှည့် မိတ်ဆက်မယ်ဆိုတော့ အမတွေကို ကြိုပြောထားတာမို့ သူတို့ကလဲ ထမင်းစားဖိတ်မယ်လို့ ပြင်ဆင်ကြတယ်။ အမေအစား အမေ့အမ ကိုယ်တို့ ကြီးကြီးတယောက်ကိုလဲ အသိပေးတဲ့အနေနဲ့ အိမ်မှာ ခေါ်ထားတယ်။

ကိုယ်တကယ်ပူတာက ကိုယ်နဲ့ အထက်အောက် တနှစ်ကြီး တနှစ်ငယ် မောင်လေးနဲ့ အဆင်ပြေပါ့မလား ပူတာ တခုပါပဲ။ သူက မကျေနပ်ရင် ၀ူးဝူးဝါးဝါး လုပ်တတ်လို့ပါ။ အဲဒီတုန်းကများ လန့်လိုက်၊ ထိတ်လိုက်တာ။ ဘာမှ မဖြစ်သလို မနည်း ဟန်ဆောင်နေရတယ်။ သူတလှည့် ကိုယ်တလှည့် တယောက်နဲ့ တယောက် အားပေးနေရတယ်။

တကယ် သူ လာတော့ အားလုံး အဆင်ပြေပါတယ်။ ကိုယ်က ဒီလူကို တသက်တာ ရည်ရွယ်ပါတယ်လို့ အသိပေးပြီးပြီပဲ။ ကိုယ်စိုးရိမ်တဲ့ ကိုယ့်မောင်လေးကလဲ ဘာမှ ပူညံပူညံ မလုပ်တဲ့အပြင် သူထမင်းစားတာကို ဘေးကနေ ထိုင်ပြီး စကားတွေ ဖောင်အောင် ပြောလို့။ အဒေါ်ကလဲ အေးအေးချမ်းချမ်း။ အမတွေကလဲ အေးအေးဆေးဆေး။ မကြေမချမ်း သဘောမတူကြတာက ကိုယ့်ကြောင်လေး တွေပါ။ မထင်တဲ့အကွက်က ထ ဖောက်တာပေါ့။

သူလာတဲ့ အချိန် သောင်းကျန်းလိုက်ကြတာ ဗြောင်းကို ဆန်လို့။ သူ့ကို တိုက်တဲ့ ကော်ဖီခွက်လဲ ပြေးလွှားရင်း တိုက်ပစ်လို့ ကျကွဲလို ကွဲ။ သူထမင်းစားနေတုန်း နံဘေးက ကြောင်အိမ်ပေါ်က သကြားပုလင်းကို တွန်းချလိုက်လို့ ပုလင်းကွဲပြီး သကြားတွေ ပြန့်ကြဲ။ တခါမှ ဒီကြောင်တွေ အဲဒီလို မဆော့ဖူးဘူး။ သူတို့ အချစ်ကိုလုမဲ့သူလို့ သိနေသလိုလိုပါ။

အဖေ အပြင်ရောက်တဲ့အချိန်က သူက ရန်ကုန်မှာ မရှိတော့ဘူး။ အလုပ်သွားလုပ်နေပြီ။ အဖေ့ကို သူ့အကြောင်း မပြောရသေးဘူး။ အဲဒီနေ့က အဖေ လွတ်တယ်ဆိုတော့ အိမ်မှာ လူတွေကလဲ မစဲ၊ ဖုန်းလဲ မနားရ နှုတ်ဆက်ကြ၊ ၀မ်းသာကြနဲ့။ ကိုယ်တို့လဲ လာသမျှ မိတ်ဆွေတွေကို ဧည့်ဝတ်ကျေအောင် ကျွေးဖို့ မွေးဖို့ ပြင်ဆင်ကြပေါ့။

အဖေ့ကိုတော့ အေးအေးဆေးဆေးတနေ့မှ ကိုယ့်မှာ ရည်ရွယ်ထားသူ ရှိကြောင်း ပြောမယ်လို့ပဲ။ အမေရှိရင်တော့ အမေကတဆင့် အသိပေးခွင့်တောင်းမိမှာပဲ။ အခုတော့ အဖေ့ကိုပဲ တိုက်ရိုက် မျက်နှာပူပူနဲ့ ပြောရတော့မှာပဲ လို့ ထင်ထားတာ။ ဒါပေမဲ့ အဲဒီလို ကိုယ် မျက်နှာမပူရဘဲ ကံကောင်းသွားခဲ့တာ။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့က အဖေလွတ်လို့ ၀မ်းသာပြီး ဖုန်းတွေ ဆက်ကြတာမှာ ဖုန်းတခုက သူ့အမေရဲ့ ဖုန်းဖြစ်နေခဲ့တာ။ ဆရာကြီး လွတ်တာ ၀မ်းသာပါတယ် လို့ လှမ်းနှုတ်ဆက်လိုက်တာပါ။ အဲဒီတော့ အဖေက ဘယ်သူပါလဲ လို့ မေးတာပေါ့။ အဲဒီတော့ သူ့အမေ မာမားက သူ့သားနဲ့ သမီးမိုးချိုသင်းက သိပ်ခင်ကြပါတယ် တဲ့။

သူ့သားနဲ့ ကိုယ့်သမီး သူငယ်ချင်းဖြစ်ရုံနဲ့ ခုလို မိခင်ဖြစ်သူက တကူးတက ၀မ်းသာကြောင်း နှုတ်ဆက်ပြောတာ တော်ရုံ တန်ရုံ ခင်မင်မှုတော့ ဘယ်ဟုတ်လိမ့်မလဲ လို့ အဖေလဲ ရိပ်မိသွားတော့တာပေါ့။ ဒါနဲ့ အဖေလဲ ကိုယ့် အမအကြီးဆုံးကို မေးမြန်းရင်း အသိပေးပြီးသား ဖြစ်သွားတာပဲလေ။ အဲဒီကတည်းက ယဉ်ကျေး သိမ်မွေ့တဲ့ သူ့မိဘနှစ်ပါးကို ခုချိန်ထိ ကျေးဇူးတင် ချစ်ခင်နေခဲ့ရတာ။

လက်ထပ်တော့မယ် ဆိုတော့ ကိုယ့်အလုပ်က ဆရာဖြစ်တဲ့ ဆရာ ဦးတင်မောင်သန်းက ကိုယ့်ကို ပြောပါတယ်။ ချိုသင်းရေ..နင်တို့က ချစ်လို့ ယူကြတာဆိုပေမဲ့ တယောက် စိတ်သဘောထား တယောက် အသေးစိတ် သိကြတာ မဟုတ်သေးဘူး။ အခုမှ အသေအချာ သိရမှာဆိုတော့ အမြင်မတူတာတွေ ရှိချင် ရှိနိုင်တယ်။ ဒါတွေကို အသေအချာ သိအောင် ၁နှစ်တော့ သည်းခံ တဲ့။ တနှစ်ကြာရင် သူက ဘယ်လို၊ ဘာကြိုက်တယ်-မကြိုက်ဘူး၊ ကိုယ်က သူနဲ့ ဘာမတူဘူး စသဖြင့် အကုန် သိသလောက် ဖြစ်ပြီ တဲ့။ အဲဒီအခါ နားလည်မှုရအောင် ညှိယူပေတော့ တဲ့။ ဒါဆို ပျော်ရလိမ့်မယ် တဲ့။

ကိုယ်လဲ ကိုယ့်ဆရာပြောလို့သာ နားထောင်လိုက်တာ။ ကိုယ်တို့ချင်း သိပြီး နားလည်ပြီးသား၊ နောက် ချစ်လဲ ချစ်ပြီးသားမို့ ဘာသည်းခံစရာ လိုမလဲ ထင်တာပေါ့။ ဘယ်ဟုတ်လိမ့်မလဲ။ နှစ်ယောက်အတူတူနေရတော့မှ မတူ ကွဲလွဲတာတွေ တပုံကြီး။ တကယ့် လက်တွေ့မှာ ကိုယ့်ကို မကြိုက်တာတွေလဲ ပေါ်၊ သူ့ကို မကြိုက်တဲ့အချက်တွေလဲ သိ ဆိုတော့ တဂျိမ်းဂျိမ်းပဲ။

နှစ်ယောက်စလုံးက မိသားစုထဲမှာ အငယ်တွေ။ သူက ဒုန်းဆို ကိုယ်က ဒိုင်း။ အရင်ကတော့ ကျောင်းသွား၊ကျောင်းပြန် ကြိုပို့ လုပ်တာလောက် သိတာကိုး။ အဲဒီတုန်းကတော့ သူမကြိုက်တာလဲ ကိုယ်မပြော၊ ကိုယ်မကြိုက်တာလဲ သူမလုပ် ကိုး။ အခုတော့ ၂၄နာရီအတူနေရတော့ သိရပြီ။ အဲဒီ transition time တနှစ်လောက်က အတော်ညှိလိုက်ရတယ်။ ဒါတောင် ချစ်လို့ ယူကြတဲ့ အတွဲနော်။ မချစ်သာ မချစ်ရင် ဘယ်လိုနေကြမယ် မသိ။

အဖေ ဆုံးမတာကတော့ တမျိုးပါ။ ဇနီး ခင်ပွန်းဆိုတာ ကိုယ်နဲ့ အရင်းနှီးဆုံးပဲ တဲ့။ အပြင်လူနဲ့ဆိုရင် ကိုယ်က သဘောကောင်း လိုက်လျော ဟန်ဆောင်နေလို့ ရချင်ရတတ်ပေမဲ့ အိမ်မှာတော့ ကိုယ့်စိတ်သဘောထား အမှန်၊ ကိုယ့်အားနည်းချက်၊ ကိုယ့် လိုအပ်ချက်ကို အရင်းနှီးဆုံး ကိုယ့် အိမ်ထောင်ဖက်က အသိဆုံးပဲ တဲ့။

အဲဒီအခါ ကိုယ့်ကို သိလေ ချဉ်လေ မဖြစ်ရအောင် အနီးဆုံးလူက ကိုယ့်ကို လေးစားအောင် နေတတ်ပါစေ ငါ့သမီး တဲ့။ အချင်းချင်းတွေမို့ လေးစားဖို့ မလိုအပ်ဘူးလို့ မထင်ပါနဲ့ တဲ့။ ကိုယ့် အနီးဆုံးလူက ကိုယ့်ကို ချစ်လဲ ချစ်မြတ်နိုး၊ လေးလဲ လေးစားရင် သမီးတို့ အိမ်ထောင်ရေး သာယာပါလိမ့်မယ် တဲ့။

ကိုယ့်အမေဆုံးတော့ အမေ့ကို မြေမချမီ အဖေ့ထက် ၃နှစ်ငယ်ပေမဲ့လည်း အမေ့ မေတ္တာတရားကို ကျေးဇူးတင် လေးစားလို့ အဲဒီဂုဏ်ကို ကန်တော့ခဲ့တာ လို့ အဖေက ရှင်းပြဖူးပါတယ်။

ကိုယ်လဲ perfect မဟုတ်တာတော့ သေချာပါတယ်။ ဒါကြောင့် အားနည်းချက်တွေ လိုအပ်ချက်တွေ များလှတယ်။ ဒါကြောင့်မို့ တခါတလေ စိတ်လိုက်မာန်ပါ ဖြစ်ရင် အဲဒီဆုံးမစကားလေးတွေကို ကြားယောင်ပြီး ကိုယ့်စိတ်ကိုယ် ချွန်းပြန်အုပ်ရတတ်တယ်။ မကောင်းတဲ့ အပြုအမူဆိုလဲ အမြဲသတိထားပြီး မလုပ်မိအောင် ရှောင်ရတယ်။ နောက်ပြီး ကိုယ်က ပျော်ပျော်ရွှင်ရွှင်သာ နေချင်သူမို့ စိတ်ဆိုး စိတ်ကောက်ပြီး ကုန်သွားရတဲ့ အချိန်တွေကို နှမြောလို့။

ဒီလိုနဲ့ ကိုယ်လဲ အိမ်ထောင်ပြုဖို့ စဉ်းစားနေတဲ့ ညီမလေးကို ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ရှင်းပြ ပြောပြလိုက်တာ သူလဲ ဘယ်လို သဘောပေါက်သွားတယ်မသိဘူး။ တော်ပါပြီ မယူတော့ပါဘူး မမရယ်၊ တယောက်တည်းပဲ ကောင်းပါတယ် တဲ့။
အော်....ကိုယ့် ထုံးစံအတိုင်း ခုတ်ရာ တခြား၊ ရှရာ တလွဲ ဖြစ်ပြန်ပြီ ထင်ပါရဲ့လေ။

မိုးချိုသင်း

Thursday, December 11, 2008

ဒီဇင်ဘာ ပုံရိပ်

ဒီဇင်ဘာရောက်ပြီဆိုတော့ လူတွေကို ကြည့်ရတာ ဆောင်းအအေးဓာတ်နဲ့အတူ လှုပ်လှုပ်ရှားရှား သွားသွားလာလာ နဲ့မို့ ဒီရာသီနဲ့ဒီမြင်ကွင်းတွေက ဒီဇင်ဘာရဲ့ ပုံရိပ်တွေလို ဖြစ်နေတယ်။

ပထမဆုံး ဒီဇင်ဘာရောက်ပြီလို့ သတိထားမိတာက ၁ရက်နေ့ ကစလို့ တချို့အိမ်တွေမှာ မီးအလှဆင်ကြတာကိုပါ။ ကိုယ်တို့ မြို့နယ်လေးမှာတော့ အိမ်တော်တော်များများ ဒီဇင်ဘာ ၁ရက် ဆို Sweet December ဆိုပြီး စ မီးထွန်းကြပြီ။ တလလုံး ထွန်းတဲ့အပြင် နှစ်ကူးပြီး ၁ပတ်လောက်ကြာမှ ပြန်သိမ်းတာ သတိထားမိတယ်။

အိမ်ရှေ့က မြက်ခင်းမှာ နှင်းလူရုပ်ကြီးတွေ၊ သမင်လေးတွေ၊ ရောင်စုံ မီးလုံး၊ မီးသီး၊ မီးတန်းလေးတွေ၊ ခရစ်စမတ် ဘိုးဘိုးကြီး အရုပ်တွေနဲ့ အလှဆင်ကြတာ တွေ့ရတယ်။ အိမ်ထဲမှာတော့ ခရစ်စမတ် သစ်ပင်ကြီးပေါ့။ ကိုယ်တို့လဲ အဲဒါမျိုးတွေ တွေ့ရင် ပျော်ပြီး ကားလေးနဲ့ပတ်ပြီး လိုက်ကြည့်ကြတယ်။

အဖေရှိတုန်းကတော့ အဖေက အဲဒီလို အလှအပလေးတွေကို ကြည်နူးတယ်။ ကိုယ်တို့ ၃ယောက် တလမ်းဝင် တလမ်းထွက် လိုက်ကြည့်ကြတာပဲ။ ဟိုမှာ ကြည့်ပါအုံး သမီးရေ၊ အရုပ်ကလေးက လှုပ်လို့ပါလား တဲ့။ သိပ်လှတဲ့ လမ်းဆို ကားပေါ်က ဆင်းပြီး လမ်းလျှောက်လိုက်သေးတယ်။ ဒါနဲ့ အဲဒီနှစ်ကတော့ ကိုယ်တို့လဲ Home Depot ကနေ မီးကြိုးလေးတွေ သွားဝယ်ပြီး အိမ်ပတ်ပတ်လည်ကို နှစ်သစ်ကို ကြိုတဲ့အနေနဲ့ ထွန်းလိုက်ကြတယ်။

အိမ်ကို တံစက်မြိတ်တလျောက် ပတ်ပြီး ထွန်းရတာမို့ ကြိုး အရှည်ကို မခန့်မှန်းတတ်ပြန်ဘူး။ ဒါနဲ့ ကြိုးလေးက အိမ်ဘေးမှာ အဆုံးထိ မရောက်ဘဲ တွဲလောင်းလေး ကျနေတော့ အဖေက အဲဒါ ပန်းကုံးလေးပေါ့ သမီး တဲ့။ ကပိုကရိုနဲ့ ချစ်စရာကောင်းလိုက်တာ တဲ့။ ဒီအတိုင်းပဲ ကျနေပါစေ တဲ့။ တကယ်က မီးကြိုး တိုသွားလို့ တွဲလောင်းကျရတာလေ။

နောက်ထပ် ဒီဇင်ဘာရဲ့ ပုံရိပ်တခုကတော့ Shopping Mall တွေက အပြိုင်အဆိုင် ဈေးလျှော့ကြတာပါ။ ဈေးလျှော့တဲ့ ကူပွန်တွေကလဲ ဟိုက ဒီက ပို့လိုက်ကြတာမို့ တနေ့ တနေ့ အိမ်က စာတိုက်ပုံးဖွင့်ရင် ကြော်ငြာတွေချည်း။ လက်ဆောင်ပေးတဲ့ ရာသီလဲ ဖြစ်ပြန်တာမို့ လက်ဆောင်ပေးချင်ရင် ဈေးချိုချိုနဲ့ ပစ္စည်းကောင်းရနိုင်တဲ့ အချိန်အခါပေါ့။

အဲဒီမှာ မိန်းမပီပီ ဘယ်အချိန် ဈေးဝယ်သင့်တယ်၊ ဘယ်နေရာမှာ ပိုသက်သာပြီး ပစ္စည်းပိုကောင်းတယ် စသဖြင့် သူငယ်ချင်း အချင်းချင်း လက်တို့ကြတယ်။ ကိုယ်ကတော့ bargain shopper ပါ။ ဈေးကြီးတာလဲ မ၀ယ်နိုင်တော့ ဈေးသင့်တင့်ပြီး ပစ္စည်းကြိုက်ရင် ၀ယ်မိတယ်။

အဲဒီမှာ နဂိုက ဈေးချရတဲ့အထဲ အမြဲဝယ်နေကျ ဖောက်သည်တွေကို တနှစ်လုံး ၀ယ်ထားတဲ့ ပမာဏကိုလိုက်လို့ Discount coupon တွေ ပေးတတ်တယ်။ အဲဒါအပြင် ရာခိုင်နှုန်းနဲ့ လိုက်ပြီး ဈေးထပ်လျှော့ပေးသေးတယ်။ ဘယ်လိုပဲ ဈေးလျှော့လျှော့ ကိုယ်က သဘောကျပေမဲ့ rebate တွေကိုတော့ လုံးလုံး မကြိုက်ဘူး။

Mail in rebate ဆိုတာကို ဒီရောက်မှ ကိုယ်စ ကြားဖူးတာ။ သူက ဘယ်လိုလဲဆိုတော့ ပစ္စည်းတခုက ၁၀၀ တန်တယ်ဆိုပါတော့၊ ဒါပေမဲ့ ၉ကျပ် ၉၉ပြားပဲ ပေးရမယ် တဲ့။ ဒါပေမဲ့ အခု ၁၀၀ အရင် ပေးထားရမယ်၊ ပြီးရင် သူတို့ဖြတ်ညှပ်ခိုင်းတဲ့ ဈေးနှုန်းလေဘယ်လ်လေးကို စာတိုက်ကနေ ပြန်ပို့ပေးမှ သူတို့က ၁၀၀ထဲက ၉ကျပ်၉၉ပြားနှုတ်ပြီး ကျန်ငွေကို check နဲ့ မေ့လောက်တဲ့အချိန်လောက်မှ ပြန်ပို့ပေးတယ်။ ပိုက်ဆံ လှည့်သုံးတဲ့သဘောနေမှာပေါ့။

ကိုယ်ကတော့ အဲဒါမျိုး ကွေ့ဝိုက်နေတာ လုံးလုံး မကြိုက်ဘူး။ လျှော့ချင်လျှော့၊ မလျှော့ချင်နေ။ ဟိုလိုလို ဒီလိုလိုတော့ မလုပ်နဲ့ ပဲ။ ပြီးရင် လူက မေ့လို့ သူတို့ဖြတ်ပိုင်း စာမထည့်မိတာနဲ့၊ ဟိုဟာလိုလို့ မပေးရတာနဲ့၊ ဒီဟာမပြည့်စုံလို့ ဆုံးရတာနဲ့။ ကိုယ်လဲ တခါမှ ပြည့်ပြည့်၀၀ ပြန်မရဖူးဘူး။ သူတို့ ပြောတဲ့ rebate စည်းကမ်းတွေဆိုတာလဲ စာလုံးသေးသေးလေးတွေနဲ့ သူများ မမြင်အောင် ရေးထားတာ။ တခုခု လိုရင် မရတော့ပြန်ဘူး။

ဒါကြောင့် ကိုယ်က rebate ဆိုတဲ့ စာလုံးပါရင် ဘယ်လောက် ဈေးချိုချို မ၀ယ်တော့ဘူး။ သူက ဘာနဲ့တူသလဲဆိုတော့ ကိုယ်တို့ ရွှေပြည်ကြီးက လူကြီးမင်းများလိုပဲ။ ပြန်ပေးမယ်၊ ပြန်ပေးမယ်ဆိုပြီး ဟိုဟာလုပ်ရအုံးမှာလိုလို၊ ဒီဟာပဲ လုပ်ဖို့ လိုနေသေးသလိုလို၊ တခုမဟုတ် တခုနဲ့ ငြိနေတော့ကာ နောက်ဆုံးလဲကျရော ဝေလေလေ ဖြစ်ပြီး မောင်ပိုင်စီးသွားပါလေရော။ ကိုယ်ကတော့ ဒါမျိုးတွေ ရိုး…နေပြီမို့ rebate ဆိုတာနဲ့ ပြေးပြီ။

အလုပ်မှာလဲ ခရစ်စမတ်မတိုင်ခင် ခရစ်စမတ်ပါတီဆိုပြီး လက်ဆောင်ပစ္စည်းချင်း လဲကြ၊ အလုပ်က လက်ဆောင်တွေပေးနဲ့မို့ ပျော်စရာကောင်းပါသေးတယ်။ မနှစ်ကတော့ ကိုယ်တို့အလုပ်မှာ အများမြင်တဲ့ ကြော်ငြာနံရံမှာ ကိုယ်လိုချင်တဲ့ ပစ္စည်းကို ကိုယ့်နံမည်ဘေးမှာ သွားရေးထားရတယ်။ Wish List လို့ ခေါ်တယ်။ ကိုယ်သာ လက်ဆောင်ရမယ် ဆိုရင် ဘာလိုချင်ပါတယ်ပေါ့။

ပြီးတော့ ကိုယ်လက်ဆောင်လဲမဲ့သူကို မဲနှိုက်လို့ တိတ်တိတ်လေး ကြိုသိထားတယ်၊ ဒါဆို သူဘာလိုချင်ပါလိမ့်လို့ wish list မှာ လာကြည့်ထားရတယ်လေ။ ဒါမှ သူလိုချင်တာ ကိုယ်ပေးတော့ အလဟာသ မဖြစ်ဘူးပေါ့။ လက်ဆောင်ဆိုပေမဲ့လဲ မလိုချင်တာရပြီး အပိုဖြစ်မနေဘူးပေါ့။ အတော်လက်တွေ့ကျတယ် ပြောရမယ်။ ဘာလေးများပါလိမ့်ဆိုပြီး အံ့သြ၀မ်းသာတဲ့ ခံစားမှုတော့ မရဘူးပေါ့လေ။

အဲဒီ့ wish list ဖတ်ရတာလဲ စိတ်ဝင်စားစရာပါ။ ချစ်စရာလေးတွေ။ ဘယ်သူမှ ကြီးကြီးမားမား မရေးကြပါဘူး။ ဦးထုပ် တဲ့၊ ဘောလုံး တဲ့၊ ရုပ်ရှင် လက်မှတ်တဲ့၊ gift card တဲ့။ တချို့ကျတော့လဲ ကောင်မလေး ချောချော တဲ့။ တကီလာ အရက် တဲ့။ တယောက်ကတော့ ရေးတယ်၊ ဘာပဲဖြစ်ဖြစ်ပါ တဲ့၊ ငါ့ကိုတော့ အံ့သြအောင်လုပ် တဲ့။ ကိုယ်ကတော့ အဲဒါတွေဖတ်ပြီး ပိုက်ဆံတွေ အများကြီး ရှိချင်တာ။ သူတို့လိုချင်တာတွေ အားလုံးကို လက်ဆောင်ပေးလိုက်ချင်လို့ပါ။ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ မဟုတ်လား။

နှစ်သစ်ကူးတဲ့ည ဆိုရင်တော့ ကိုယ်က မြန်မာပြည်မှာ နေခဲ့တဲ့ အချိန်တွေကို အရမ်းလွမ်းသွားတတ်တယ်။ အဲဒီညဆို အမေက မုန့်တမျိုးမျိုးလုပ်၊ ကော်ဖီပူပူလေး သောက်ပြီး မြန်မာ့အသံက လွှင့်တဲ့သီချင်းတွေ၊ ဟာသတွေ ထိုင်ကြည့်ရင်း စောင့်ကြတာ။ ည ၁၂နာရီထိုးတာနဲ့ အဖေနဲ့အမေက ဘုရားစာတွေ၊ မေတ္တာသုတ်တွေ ရွတ်တတ်တယ်။ ကိုယ်တို့ကတော့ ဖုန်းတွေလာရင် Happy New Year ဆိုပြီး နှုတ်ဆက်ကြတာပေါ့။

အဲဒီညဆိုရင် ခရစ်ယန်ဘုရားသီချင်းတွေကို အဖေ့မိတ်ဆွေတွေက အိမ်မှာ လာဆို တတ်သေးတယ်။ စာရေးဆရာ ဦးငြိမ်းကျော်တို့ အဖွဲ့၊ စာရေးဆရာ ဦးမင်းသစ်တို့ အဖွဲ့ စသဖြင့်ပေါ့။ ပျော်စရာကြီး။ ဆရာဦးငြိမ်းကျော်ဆို သူလဲ ဗုဒ္ဓဘာသာဆိုပေမဲ့ ပျော်လို့ အဲဒီအဖွဲ့တွေနဲ့ လိုက်နေတာ တညလုံးပဲ တဲ့။ ဆရာ ဦးမင်းသစ် အမျိုးသမီးက အံတီ ရှယ်လီ တဲ့။ အရင်က အဆိုတော်။ အသံသိပ်ကောင်းတယ်။ တနှစ်မှာ We are the World ကို အိမ်မှာ သူဆိုတာ မှတ်မိနေတယ်။

ဒီရောက်ပြီး လွန်ခဲ့တဲ့ တနှစ်ကျော်ကတော့ ကိုယ်တို့အိမ်မှာ ကိုယ်တို့ သားအဖ ၃ယောက် ဟော့ပေါ့ လုပ်စားရင်း နှစ်ကူး စောင့်ကြတယ်။ ကိုယ်က ထမင်းလေးကြော်၊ ရာသီဥတု အေးအေးလေးမှာ ဟော့ပေါ့ နဲ့ ၀ိုင်တခွက် နဲ့။ အဖေက ကိုယ်လုပ်တဲ့ ဟော့ပေါ့ကို ကြိုက်လွန်းလို့။ တဖွဖွ ပြောမဆုံးဘူး။ အပြင်ဆိုင်တွေမှာ ဘယ်ဒီလိုကောင်းမလဲ သမီး တဲ့။

တကယ်က ကိုယ်ကလဲ သိလို့ လုပ်တတ်လို့ မဟုတ်ဘူး။ ကြားဖူးနားဝနဲ့ ပင်လယ်စာ အစုံဝယ်ပြီး ကြက်ပေါင်းရည်ထဲ ပြွတ်သိပ် ထည့်လိုက်တာပဲ။ ချိုပြီး ကောင်းသွားတာပေါ့လေ။ အဖေကတော့ ကိုယ့်လိုပဲ ချိုရင် ကြိုက်တာပဲကိုး။ ပြီးတော့ ၀ိုင်လေး တခွက်ဝင်သွားတာနဲ့ မူးပြီး အိပ်ပျော်သွားလို့ ၁၂နာရီ ထိုးခါနီးမှာ အဖေကြီးရေ ထ ထ၊ နှစ်သစ်ကို ကြိုပါအုံး ပြောရတယ်။ အဲဒီတော့လဲ ထပြီး တကုန်းကုန်းနဲ့ ကဗျာရေးနေပြန်ရော။

ဒီလိုပဲ ဟိုတွေး ဒီတွေးနဲ့ နောက်တနှစ်တောင် ကူးတော့မယ်။ အသက်လဲ တနှစ်ကြီးပြန်အုံးမယ်။ ဘာတွေ ရင်ဆိုင်ရပြီး၊ ဘာတွေ ပျော်ရွှင်ရအုံးမလဲ ကိုယ်သိချင်မိတယ်။ အဲဒီလို လိမ့်တခါ လူးတလှည့်၊ ပျော်တလှည့် မော်တလှည့် ဘ၀ကြီးကိုပဲ ကိုယ့်မှာ တွယ်တာပြီး ချစ်ခင်နေမိတော့တယ်။


မိုးချိုသင်း

Tuesday, December 9, 2008

လက်တကမ်းမှာ..

အခုတလော ဟိုတွေး ဒီတွေးနဲ့ စာမရေးဘဲ ရာသီဥတု အေးအေးမှာ စောင်ခြုံထဲ ထွေးပြီး တွေးနေချင်မိတယ်။

ဘ၀မှာ တခါတလေ ကိုယ့်ရဲ့ လိုအပ်ဆန္ဒတွေနောက်လိုက်ရင်း စိတ်ဖိစီးမှုတွေနဲ့ မောပန်းရတာတွေ ရှိတယ်။ အဲဒီအခါ ကိုယ့်အနားမှာ ရှိနေတဲ့ ကိုယ်အလိုလိုရနေတဲ့ အရာတွေကို ဘယ်နှစ်ခါ လျစ်လျူရှုမိသလဲ၊ ဘယ်နှစ်ခါ တန်ဖိုး မထားဘဲ ပစ်ထားမိသလဲ လို့ တွေးရင် အဲဒီလိုအင်ဆန္ဒတွေ မောပန်းမှုတွေဟာ မှုန်ဝါး ပျောက်ကွယ်သွားပြီး စိတ်သက်သာရာ ရသွားတတ်ပါတယ်။

ဒါကြောင့် ခုလို စာမရေးဖြစ်တဲ့ အချိန်တွေမှာ အဖေ့ကဗျာလေးတပုဒ်နဲ့ ဧည့်ခံပါရစေအုံး။ ကိုယ်မေ့နေတဲ့ ကောင်းမြတ်ခြင်းတွေ ပျော်ရွှင်ခြင်းတွေ ကိုယ့်ဆီမှာ၊ ကိုယ့်နားမှာ ရှိနေတတ်တာကိုလဲ သတိတရ နဲ့ ကျေနပ်ကြည်နူး သတိထားမိစေချင်လို့ပါ။ ဖတ်ကြည့်ပါအုံးနော်။

အချည်းနှီး

လက်တကမ်းမှာ
ပန်းတွေ ဝေအောင်ပွင့်နေသည်။

မချူမိက
သူ၏အလျောက် ကြွေရှာလိမ့်။


တင်မိုး
၁၁၊ ၁၊ ၁၉၉၁

ကိုယ်မြင်တဲ့ထောင့်က ကြိုက်သလို ခံစားနိုင်ပါတယ်။ ဖတ်တဲ့သူ စိတ်သဘောအတိုင်းပါပဲ။

မိုးချိုသင်း

Thursday, December 4, 2008

ကိုယ့်အားနည်းချက်တွေ..

ကိုယ့်ကိုယ်ကို မုန်းမိတဲ့ အချက် ၁၀ ချက် တဲ့။ မလင်းပျာ (ပျာတိပျာလောင် နဲ့မို့ပါ) က tag ပါတယ်။ ကိုယ်ကလဲ ကိုယ့်ကိုယ်ကို အားငယ်ပြီး အမြဲတမ်း အားပေးနှစ်သိမ့်နေကျမို့ မုန်းတယ်ဆိုတာကြီး သုံးရမှာ အားနာနေတာ။ ကိုယ့်ဖာသာကိုယ် ဆိုတော့ ညှာရတယ်လေ။

ဒါနဲ့ လူမိုက် ငှားမယ်ဆိုပြီး အိမ်က မောင်တော်ကို ကိုယ့်ကို ဘယ်လိုအချိန်တွေမှာများ ကြည့်မရ ဖြစ်တတ်သလဲ ဆိုပြီး မေးမိတယ်။ သူကလဲ ဘယ်အချိန်ကတည်းက အမြင်ကတ်နေတယ် မသိဘူး၊ ချက်ချင်းကိုပဲ ပြန်ဖြေတယ်။ ဒါပေမဲ့ သူက တချက်တည်း ပြောပြီး အဲဒီတချက်ကိုပဲ နံပါတ် ၁ ထားပါ တဲ့။ ဒါနဲ့ပဲ သူမုန်းတဲ့ ကိုယ့်အပြုအမူနဲ့ စ ဖွင့်လိုက်ပါတယ်။

၁) sometimes ၀ုန်းဒိုင်း
ဒါ သူပြောသလို ရေးထားတာပါ။ ကိုယ်က စိတ်ဆိုးရင် ၀ုန်းဒိုင်းကြဲတတ်တာမို့ပါ။ အဲဒီအချိန်ဆို ဘာပြောပြော နားမ၀င်၊ နားမထောင်၊ နားမကြား၊ ချော့မရ ပြုမရ ၀ုန်းဝုန်းဒိုင်းဒိုင်း လုပ်တတ်တယ်။ ဒါပေမဲ့ တခါတရံမှ လို့ ပါပါတယ်လေ။ အဲဒီလို ၀ုန်းဒိုင်းလုပ်ပြီးရင်လဲ ခဏကြာ အလိုလို စိတ်ပြေသွားတာပါလေ။

၂) အားနာတတ်တာ
အားနာလို့ ဈေးဝယ်လိုက်ရတာ၊ အားနာလို့ ပြန်မပြောတာ၊ အားနာလို့ မနိုင်ဝန်ထမ်းနေတာ၊ အားနာလို့ အနေကျုံ့နေရတာ အစုံပါပဲ။ အဲဒီတခုကိုတော့ သတိထားပြီး အခု တော်တော်ပြင်နေပါပြီ။

၃) စင်းလုံးချော ဖြစ်ချင်တာ
အဲဒီတခုကတော့ တော်တော်ဆိုးတာပါ။ ကိုယ်နားလည် သိတတ်တဲ့အရွယ်က စလို့ အဲဒီလိုမျိုးပဲ ကြုံချင်၊ ဖြစ်ချင်တယ်။ လူတိုင်းကိုတော့ မဟုတ်ဘူး၊ ကိုယ်နဲ့ ပတ်သက်တဲ့လူဆိုရင် ကောင်းတာပဲ ဖြစ်စေချင်၊ လုပ်စေချင်တယ်။ အဲဒီ perfect ဖြစ်ချင်တဲ့ စိတ်က ဘယ်လောက်ဆိုးလဲဆိုရင် သီချင်းဆိုရင်လဲ စာသားက မှန်နေမှ၊ စာရေးရင်လဲ ဖျက်ရာ မရှိဘဲ လှနေမှ။ တော်တော်ဒုက္ခပေးတဲ့ စိတ်ပါ။ ကြိုးစားပြီး ပြင်နေဆဲ။

၎) ကိုယ့်ကိုယ်ကို ညှာတာ
စာကျက်တဲ့အချိန်တွေမှာ အဖြစ်ဆုံးပါ။ ငါသနားဖို့ကောင်းနေပြီလို့ တွေးမိနေတာ အကြိမ်ကြိမ်ပါ။ အခုတောင် အဲဒါကို မုန်းစရာကောင်းတဲ့အချက်ထဲ ထည့်သင့်ရဲ့လာ်း စဉ်းစားနေမိတာ။ တော်ကြာနေ မထည့်သင့်ပါဘူး လို့ ညှာပြီး တွေးလိုက်၊ ထည့်ရမှာပေါ့ လို့ ပြန်တင်းမာလိုက်။ အခု စိတ်မပြောင်းခင် မညှာဘဲ ထည့်လိုက်ပြီ။

၅) အိမ်မှုကိစ္စ မလုပ်ချင်တာ
ဖြစ်နိုင်ရင် အပြင်ထွက်ပြီးသာ အလုပ်လုပ်လိုက်၊ သွားလိုက် လာလိုက်နေချင်တာ။ စာအုပ်တအုပ်နဲ့ ကွေး စာဖတ်နေချင်တာ။ အိမ်မှုကိစ္စ လုံးလုံး ၀ါသနာ မပါဘူး။ ဒါပေမဲ့ မိန်းမဖြစ်နေတော့ အိမ်ရှင်း၊ အ၀တ်လျှော်၊ မီးပူတိုက် လုပ်ရမယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရရင် ပင်ပန်းတယ်ထင်နေတဲ့ စိတ်ကို မုန်းတယ်။

၆) အစားအသောက်မက်တာ
တည့်တာ မတည့်တာ မရှောင်နိုင်ဘဲ ကိုယ်ကြိုက်တဲ့အစားအစာဆို စားလိုက်ချင်တာ။ စိတ်ဓာတ်ပျော့ညံ့တယ်လို့ ခေါ်ရမှာပေါ့။ မတည့်လဲ နောင်ခါလာ နောင်ခါဈေးပဲလို့ သဘောထားပြီး အစားအသောက်နဲ့ ပတ်သက်လို့ မထိန်းနိုင်တဲ့စိတ်ကို မကြိုက်ဘူး။

၇) သူတပါးကို ယုံလွယ်တာ
အဲဒါကတော့ ပထမတန်းပါပဲ။ အမြဲတမ်း ကိုယ်ချင်းစာစိတ်နဲ့ ယုံကြည်လွယ်တယ်။ ယုံလို့ လိမ်သွားရင်လဲ လိမ်တဲ့သူသာ ရှက်စရာ လို့ ထင်တယ်။ ငါညံ့လှချည့်လို့ ဘယ်တော့မှ မထင်ဘူး။ ဆက်ယုံနေတုန်းပဲ။ ပါးစပ်ဟပြီး သူများပြောတာ ခေါင်းညိတ်တာ အကျင့်ပါနေပြီ။

၈) ခေါင်းမာတာလား မသိ
ကိုယ်မှန်တယ် ထင်ရင် ဘယ်သူတားတား လုပ်မှာပဲ။ တစောက်ကန်းလို့ ခေါ်မလား၊ တယူသန်လို့ ပြောမလား။ ဒီလမ်း မှန်တယ်ထင်ရင် ဘယ်ကွေ့ပြောလဲ ညာကွေ့မှာပဲ။ ရပ်အုံး ပြောလဲ ဆက်သွားမှာပဲ။ ထ ပါအုံး ပြောရင်တော့ အသေကျောက်ချ ထိုင်ပြီ။

၉) ခံစား ထိခိုက်လွယ်တာ
ဘ၀အခက်အခဲဆိုရင် စိတ်က မာပြီး ခံနိုင်ရည်ရှိပေမဲ့ မိဘ၊ မောင်နှမ၊ ကိုယ်ချစ်ခင်သူတွေနဲ့ ပတ်သက်ရင်တော့ ဖယောင်းပဲ။ ချက်ချင်း ပျော်ကျ ငိုမိရတာပဲ။ သူတို့နဲ့ပတ်သက်ရင် ၀မ်းသာရင်လဲ ငိုတယ်၊ ၀မ်းနည်းရင်လဲ ငိုတယ်။

၁၀) လှေနံဓားထစ်
ဒါကို ပြောထားရင် ဒါကိုပဲ လုပ်မှ၊ ဒီလိုပြောပြီး ဟိုလိုလုပ်ရင် နည်းနည်းမှ သည်းမခံတတ် နားမလည်နိုင်တာ တကယ်ဆိုးတဲ့ အကျင့်။ အိမ်မှာရော အလုပ်မှာပါ တသမတ်တည်း ဖြစ်နေတဲ့စိတ်ကို ပြောင်းမရ။ (ကိုယ့်အမျိုးသားကတော့ အဲဒီလှေနံဓားထစ်စိတ်ကို ပို့စ်တပုဒ်ရလောက်တယ်လို့ ခံရသူပီပီ ပြောရှာတယ်)

ကဲ..ဒါတွေက ကိုယ့်ကိုယ်ကို အားမလို အားမရတဲ့အချက်တွေပါ။ နောက်ပြီး ပြင်ဖို့ အကြိမ်ကြိမ် ကြိုးစားလဲ ပြင်မရတဲ့ အချက်တွေပဲ ထင်ပါရဲ့။ ကိုယ်နဲ့အတူ သေသည်အထိ တွဲပါသွားမဲ့ မကောင်းတဲ့အချက်တွေလို့ ယူဆချင်ရင်လဲ ဖြစ်နိုင်ပါတယ်။

ကိုယ်မကောင်းတဲ့အချက်တွေတော့ ပြောလိုက်မိပြီ။ ဒါတွေဖတ်ပြီး မုန်းမှာတော့ စိုးရိမ်သား။

မိုးချိုသင်း

Tuesday, December 2, 2008

မော်တော်ကား နဲ့ ကိုယ်

ပြီးခဲ့တဲ့ အပတ်က ကိုယ်တို့အလုပ်က နေရာပြောင်းတော့ ကံကြမ္မာက မျက်နှာသာပေးတယ် ဆိုရမယ်၊ ကိုယ်တို့အိမ်နားကို ရုံးက ရွှေ့လာတယ်။ အရင်ကဆိုရင် အလုပ်က မိုင် ၂၀လောက် ဝေးတာမို့ ဖရီးဝေး မကြပ်ရင် နာရီဝက်၊ ဖရီးဝေး ကြပ်ရင် ၄၅မိနစ်တော့ အသာလေး မောင်းရပါတယ်။ အသွားအပြန်ဆိုတော့ လမ်းမှာ ၁နာရီခွဲလောက်ကုန်နေတဲ့ သဘောပေါ့။

ကယ်လီဖိုးနီးယားမှာ မိုင် ၂၀ ဆိုတာ သိပ်မဝေးဘူး၊ နီးပါတယ် လို့ ဆိုရမလိုလို။ အယ်လ်အေက ကျယ်လွန်း ကြီးလွန်းလို့ နာရီဝက်မောင်းသွားရတဲ့ နေရာဆိုရင် နီးသေးတယ် ပြောရမလို ဖြစ်နေတယ်။ ကားမောင်းတတ်မှ၊ ကားရှိမှ ခြေလက် ရှိသလိုပဲ။ ကားမမောင်းရင် သူများကို မှီခိုနေရလို့ သိပ်အဆင်မပြေတတ်ဘူး။

အခု ရုံးက နီးလာပြီဆိုတော့ ဖရီးဝေးလဲ မောင်းစရာမလိုတော့ဘူး၊ မြို့တွင်းလမ်းကလေးကနေ ၅မိနစ်လောက် မောင်းသွားရင် ရုံးကို ရောက်ပြီ။ ၃မိုင်ပဲ ဝေးတယ်။ အဲဒီတော့ ရုံးကလူတွေက ကိုယ့်ကို ကျန်းမာရေးလဲ လိုက်စားဖြစ်အောင်၊ ၀ိတ်လဲ ချပြီးသားဖြစ်သွားအောင် ရုံးကို လမ်းလျှောက်လာပါလား လို့ဆိုကြတယ်။ သူကလဲ ကောင်းသားပဲ တဲ့။ ကိုယ်ကတော့ ဒါမျိုးတွေ မကြားချင်လို့ ဟိုငေး ဒီငေး လုပ်နေရတယ်။

အဲဒီတော့ အခု တနလာင်္နေ့က စ လို့ ဟိုဖက်ရုံးမှာ လက်စသပ်ပြီး ဒီဖက်ရုံးကို စ တက်ရပြီ။ ဒီတော့ ကိုယ်လဲ ကိုယ့်ကို လမ်းလျှောက်တက်ခိုင်းမှာစိုးလို့ ကားကို ကိုယ်မောင်းပါ့မယ်ဆိုပြီး အကြံနဲ့ တာဝန်ယူလိုက်ရတယ်။ မောင်းတဲ့လူက ဘယ်လမ်းဆင်းလျှောက်လို့ ဖြစ်ပါ့မလဲ၊ ဘေးက ထိုင်လိုက်တဲ့သူသာ လျှောက်ချင် လျှောက်ပေါ့၊ ဟုတ်ဖူးလား။

ကိုယ်တို့ နှစ်ယောက်က တရုံးတည်းဆိုတော့ ကားတစီးတည်းသွားနေကျမှာ မိုင် ၂၀ မောင်းရတုန်းကတော့ သူ့ကို ဦးစားပေးပြီး ၃မိုင်ကျတော့ ကိုယ်က တလှည့် ပြန်မောင်းပေးရတဲ့ သဘောပါပဲ။ သူတလှည့် ကိုယ်တလှည့်ဆိုတော့ မျှမျှတတ လဲ ဖြစ်တာပေါ့။ ဒါပေမဲ့ အဲဒီ ၃မိုင်ကိုပဲ ကိုယ်က မိုင် ၃၀ လောက် ထင်သွားရတယ်လေ။

ဘာဖြစ်လို့လဲဆိုတော့ ဆရာသမားက ဘေးကနေ ငြိမ်ငြိမ် မလိုက်ဘဲ ကိုယ့်ကို ဆုံးမ သြ၀ါဒ ပေးနေတာမို့ပါ။ တကယ်က ကိုယ်လဲ ဂွေမကိုင်တာ ကြာပါပြီ။ အခုသာ လမ်းလျှောက်ခိုင်းမှာ စိုးလို့ မကိုင်မဖြစ်ကိုင်ရရှာတာပါ။

“ရှေ့မှာ မီးပွိုင့်က နီနေတယ်လေ၊ ဘာဖြစ်လို့ လီဗာ နင်းနေတာလဲ၊ အရှိန်လျှော့မှပေါ့”
“ရှေ့ကျရင် ဘယ်ကို ကွေ့ရမှာနော်၊ ဟော.. ပြောရင်းဆိုရင်း ညာကွေ့လိုက်ပြီ။ ဘယ် ကို ကွေ့ရမှာလေ ချိုသင်း”
“ဟာ.. ကားမောင်းနေတာ concentrate မလုပ်ပါလား၊ မောင်းရင်း ဟိုဖက်လိုင်းကို ကျော်နေပြီ၊ ဘေးကကားနဲ့ တိုက်တော့မယ်”

ကိုယ်လဲ ၃မိနစ်ပဲ မောင်းရပေလို့ပဲ။ ချွေး ၃ ပိဿာလောက် ထွက်သွားတယ်။ ဒါကြောင့် ကားမောင်းသင်ရင် ကိုယ့်ယောကျာင်္းနဲ့ ဘယ်တော့မှ ကားမောင်းမသင်နဲ့လို့ ဆိုကြတာပါ။

ကိုယ်လဲ ရန်ကုန်မှာ ကားမောင်းသင်တုန်းက သူနဲ့ လုံးလုံး မသင်ခဲ့ပါဘူး။ သင်တန်းတက်တယ်၊ အိမ်က ကားမောင်းတဲ့ သော်ဇင်ဆိုတဲ့ ကောင်လေးနဲ့ သင်တယ်။ သူတို့က တစိမ်းတွေမို့ စိတ်ရှည်ကြတယ်။ ဒါပေမဲ့ ကိုယ်မောင်းလို့ ဘေးကနေ ထိုင်လိုက်ရင် ယောင်ယောင်ပြီး ဘရိတ်တွေ အုပ်ရလွန်းလို့ ကားပေါ်ကလဲ ဆင်းရော သော်ဇင်ခမျာ ပေါင်ကြီးတန်းပြီး နာနေရော။

ဒါနဲ့ ကားမောင်းတတ်ရော ဆိုပါတော့။ အဲဒီအချိန်က သူက ရန်ကုန်မှာ မရှိတော့ ဟန်ကိုကျလို့။ ဆူမဲ့လူ၊ ပြောမဲ့လူ မရှိ။ မှားသွားလို့ တိုက်မိမလို ဖြစ်သွားလဲ သွားလေးဖြဲ၊ လက်ကလေးပြ ကိုယ်က ဦးအောင် တောင်းပန်လိုက်တာပဲ။ ဟိုဖက်လူကလဲ ရီပြနေတဲ့လူကိုတော့ ကြာကြာ ဘယ်စိတ်ဆိုးမလဲ။ အေးဆေးပဲ။

ရန်ကုန်မှာ တခါ ကားတိုက်ဖူးတယ်။ ဈေးသွားရင်း ရန်ကင်းစင်တာမှာပါ။ ကိုယ်က ကားကို ပါကင်ကနေ နောက်ဆုတ်နေတာ အတည့်လာနေတဲ့ကားနဲ့ သွားခြစ်မိတာပါ။ သူကလဲ ကိုယ်နောက်ဆုတ်နေတာကို မမြင်တာလားမသိ၊ ကိုယ်ကတော့ သူ့ကို မမြင်တာ သေချာတယ်။ ဒါနဲ့ သူမှားတယ်၊ ကိုယ်မှားတယ် ဖြစ်တော့ ပုလိပ်ကလဲ ညှိလိုက်ပါ တဲ့။ ဒါနဲ့ ကိုယ်လဲ ညှိလိုက်တယ်လေ။ သူ့ကားကို ကိုယ်ပြင်ပေးမယ်၊ ကိုယ့်ကားကို သူပြင်ပေး၊ ကြေပြီပေါ့ လို့။

စာရင်းချုပ်လိုက်တော့ သူ့ကားပြင်ခ က ၁သောင်း ၁ထောင် ကျပြီး ကိုယ့်ကားပြင်ခက ၃ထောင် ပဲ ကျတာပါ။ ကိုယ်က ၇ထောင် စိုက်ပေးလိုက်ရတာပါ။ အဲဒါကို ကိုယ့်အမျိုးသားက နားထောင်ပြီး “ဟိုလူက မှားပြီး ချိုသင်းက ဘယ့်နှယ် ၇ထောင် ထွက်သွားတာလဲ” တဲ့။ ကိုယ်ကလဲ ရှင်းပြပါတယ်။ ဟုတ်တယ်လေ၊ ချိုသင်းက ကြေအောင် လုပ်လိုက်တာ၊ သူ့ကား ကိုယ်ပြင်၊ ကိုယ့်ကား သူပြင် ဆိုပြီးတော့.....လို့။

ဒါနဲ့ အမေရိကားရောက်တော့ လိုင်စင်ဆိုတာကြီး ထပ်ဖြေရမယ် ဖြစ်ပြန်ရော။ အဲဒီတော့ လမ်းစည်းကမ်းတွေ သေချာသိအောင် တဲ့၊ စာအုပ်ကြီး သူက ဖတ်ခိုင်းတယ်။ ကိုယ့်မှာ လမ်းစည်းကမ်းမို့ မှားမှာစိုးလို့ ကြောက်ပြီး Dictionary နဲ့ တောင် ဖတ်ရတာ။ သူများတွေလို မေးခွန်းဟောင်းလေးတွေ ကြည့်ပြီး သွားဖြေရတာ မဟုတ်ဘူး။ စာအုပ်ကြီး အတိုင်းပေါ့။

ရေးဖြေအောင်လို့ ကားမောင်းဖြေတဲ့နေ့ကတော့ စစ်တဲ့လူက ကိုယ့်ဘေးကနေ ထိုင်လိုက်ပြီး ဘေးကနေ ဘယ်ကွေ့၊ ညာကွေ့၊ ဟိုနားရပ်၊ ဒီလမ်းထဲသွား စသဖြင့်ပေါ့ ပြောလာတယ်။ ကိုယ်ကလဲ အကုန် ရတယ်။ နောက်ဆုံးပြီးပြီလဲ ဆိုရော ပါကင်မှာ ရပ်ရတယ်။ ဒါနဲ့ examiner က အမှတ်လေးတွေ ခြစ်ပြီး ကိုယ့်ကို အအောင်ပေးတော့မှာ။

သူက လိုအပ်တာလေးတွေ ပြောရင်း ကိုယ့်ခြေထောက်ကို ကြည့်လိုက်တော့ သူအံ့သြသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဖိနပ် မပါဘဲ မောင်းနေတာကိုး။ မင်း ဖိနပ်ရော တဲ့၊ သူက မေးတယ်။ ကိုယ်ကလဲ ရှိတယ်လေ၊ ဒီမှာ ဆိုပြီး ကားခုံအောက်က ဖိနပ်ကလေးကို ခြေထောက်လေးနဲ့ ကော်ပြီး လှိမ့်ထုတ်လိုက်တယ်။

အဲဒီအချိန်မှာ သွားတာပါပဲ။ ဟာ..ဒါ အန္တရာယ် သိပ်များတယ်၊ ဘရိတ်အုပ်လို့ ဖိနပ်က လိမ့်လာရင် ခြေနင်းနားရောက်ပြီး တကယ် ဘရိတ်အုပ်ရမဲ့အချိန်ကျရင် ရှုပ်ကုန်မယ် ဆိုပြီး စာမေးပွဲ ချလိုက်တာပဲ။ ကိုယ့်မှာ ရီရခက် ငိုရခက်။ ရန်ကုန်မှာကတည်းက ကိုယ်က ဖိနပ်ချွတ်ပြီးပဲ မောင်းနေတာ၊ အားရလို့။ ကုန်ကားဒရိုင်ဗာကြီးတွေ ပူလွန်းလို့ ဖိနပ်ချွတ်မောင်းသလိုလေ။ ဒီလိုနဲ့ နောက်တခေါက်မှ အောင်ပါတော့တယ်။

ဒီမှာတော့ ကိုယ်က ကားသိပ်မမောင်းတော့ဘူး။ လမ်းမသိတာရော၊ မျက်စိ သိပ်မမြင်ချင်တော့တာရော ကြောင့်ပါ။ သူငယ်ချင်းတွေနဲ့ သွားရင်တော့ ဘေးကနေ ဟိုကွေ့ ဒီကွေ့ ဆိုပြီး မောင်းတဲ့ လူကို လမ်းညွှန်ပါတယ်။ သူတို့မောင်းရင် ကိုယ်က စတိုင်နဲ့ ဘေးကနေ သူငယ်ချင်းတွေဆီ ဖုန်းနဲ့ပွားရင်း လမ်းပြ တာပါ။

တခါကလဲ “ညီမရေ ညာကွေ့ ညာကွေ့” ဆိုပြီး ဖုန်းပြောရင်းတဖက် အတင်းကွေ့ခိုင်းတာ one way လမ်းကြီး ဖြစ်နေလို့ ဟိုက် သောက်ပလုတ်တုပ် ဖြစ်ရသေး။ တခါကလဲ ကားရပ်နေလို့ ဆက်သွားလေ ဆက်သွား လို့ ပြောမိလို့ မီးနီနေတယ်လေ အမ တဲ့။ မီးနီကြီး အတင်း ဖြတ်ခိုင်းနေတာနော်။ ဖရီးဝေး အ၀င်ကိုလဲ လမ်းထင်ပြီး ကွေ့ခိုင်းပြီးမှ ဖရီးဝေးကြီး ဖြစ်နေလို့ ကွေ့ပါဟ မြန်မြန်ပြန်ကွေ့ပါဟ လို့ အော်ရသေးတယ်။

ဆိုတော့ ကိုယ်လဲ confidence ပျောက်သလိုတောင် ဖြစ်နေပြီ။ တကယ်တော့ ကိုယ့်မှာ ကားမောင်းရင်း တလွဲဖြစ်ရတဲ့ ဇာတ်လမ်းတွေ ရှိသေးတယ်။ ဒါပေမဲ့ အိမ်ကလူကြီး ဖတ်ပြီး လမ်းလျှောက်ခိုင်းနေမှာစိုးလို့ တိတ်တိတ်ပဲ နေတာ ကောင်းမယ်ထင်ပါရဲ့။ နို့မို့ဆို ရုံးကို ဖတ်သီဖတ်သီ ပြေးသွားနေရပါအုံးမယ်လေ။

မိုးချိုသင်း