လူ့ဘ၀မှာ တခါတလေ အားငယ်တဲ့ အချိန်တွေ ရှိတတ်တယ်။ ကိုယ်လုပ်ချင်တာလေးတွေ မဖြစ်တဲ့အခါ၊ ကိုယ်ပေးချင်တာလေးတွေ မတတ်နိုင်တဲ့အခါမျိုး မှာပေါ့။ အဲဒီအခါ တခြားသူတွေတော့ မသိ၊ ကိုယ်ကတော့ ၀မ်းနည်းလွယ်တတ်သူမို့ ကိုယ့်ဖာသာကိုယ် ပြန်ပြီး အားတင်းယူရတတ်တယ်။
အဲဒါကတော့ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်လေးတခုခုအပေါ်မှာ ပြန်ကြည်နူးပြီး တွေးတတ်တာပါပဲ။ ဒီလို အဖြစ်မျိုးကလဲ ကိုယ့်မှာတော့ များများစားစား မရှိပါဘူး။ ရှိတာ နည်းနည်းလေးပေမဲ့ ပြန်တွေးတိုင်း ကြည်နူးရတာကတော့ လျော့ မသွားဘူး။
ပီတိ ဖြစ်ရတယ် ဆိုတာ ဒါမျိုးလား မသိ။ အဲဒီလို အဖြစ်အပျက်လေးတွေလဲ တမင် တိုက်ဆိုင် ကြုံကြိုက်အောင် လုပ်ယူတာလဲ မဟုတ်။ သူတို့ကိုယ်တိုင်တောင် သတိထားမိချင်မှ ထားမိမဲ့ အဖြစ်လေးတွေပါ။ ဒါပေမဲ့ ကိုယ့်အဖို့မှာတော့ ပြန်တွေးတိုင်း စိတ်ချမ်းသာပြီး အင်အားတွေ ရလာသလိုပဲလေ။ အဲဒါဆို အားငယ်ဝမ်းနည်းတဲ့ စိတ်တွေ သက်သာပြီး ငါ့ဘ၀မှာ ဒီလို အဖြစ်အပျက်လေးတွေ ကြုံနိုင်သေးတယ်လို့ အားတင်းမိတာပါပဲ။
အဲဒီလို ကိုယ် ကြည်နူးချမ်းမြေ့ခဲ့တာလေးတွေကို စာလာဖတ်တဲ့ မိတ်ဆွေတွေကို မျှချင်လို့ ရေးလိုက်ပါတယ်။ လူတိုင်းလူတိုင်းမှာ ဒီလို အဖြစ်မျိုးလေးတွေ ရှိကြမှာပါပဲ။ ပြန်တွေးဖို့ မေ့နေရင် ကိုယ်ကြုံခဲ့တာလေး ပြန်တွေးဖြစ်သွားရင်ကို အနည်းဆုံး တဒင်္ဂတော့ စိတ်ချမ်းသာ သွားမှာပါပဲ။
ကိုယ် အဖြစ်အပျက်လေးတွေက ဒီလိုပါ။ ဘာမှ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကြီး မဟုတ်ဘူးလေ။
ကိုယ် Dim Sum ကို ပထမဆုံး စားဖူးတာ မြန်မာပြည်က Oriental House မှာပါ။ Dim Sum ကိုတော့ လူတိုင်း သိကြမှာပဲ။ တရုတ်ရိုးရာ အစားအစာ လို့ ပြောရမယ်ထင်တယ်။ ကိုယ်အကြိုက်ဆုံး မနက်စာတွေထဲက တခုပေါ့။ ပထမဆုံး စားဖူးတဲ့အချိန်က ကိုယ့်မှာ ကြိုက်လိုက်တာ။ နဂိုကမှ အစားအသောက် မက်ရတဲ့အထဲ အသားလေးတွေ ပေါင်းထား၊ ထုပ်ထား တာဆိုတော့ သဘောကျလိုက်တာ။
အဲဒီအချိန်တုန်းက စားရင်းနဲ့ စဉ်းစားမိတာက ကိုယ်ချစ်ခင်တဲ့ လူကြီးတွေကို ကျွေးချင်တာပါ။ မနက်ခင်းမှာ ရေနွေးလေးသောက်၊ Dim Sum လေး စားရရင် လူကြီးတွေ အဖို့ စားရတာ မာလဲ မမာတော့ ၀ါးရတာ အဆင်ပြေမယ်ပေါ့။ အရသာလဲ ရှိတယ်။ လိုသလောက်လဲ ကိုယ်တနိုင် မှာယူ စားရုံပဲ ဆိုတော့ ပိုတာ ကျန်တာလဲ မဖြစ်ဘူးပေါ့။
ဒါနဲ့ ကိုယ် ချစ်ခင်တဲ့ လူကြီးသူမတွေကို ဆိုင်ကို ခေါ်သွားပြီး ကျွေးခဲ့ပါတယ်။ တကူးတက သွားခေါ်ပြီး သူတို့စားချင်တာလေးတွေ စိတ်တိုင်းကျ ရွေးပြီး မှာပြီး ကျွေးခဲ့တာပါ။ အဲဒီတုန်းက ကိုယ့်မှာ အမေလဲ မရှိတော့၊ အဖေလဲ အဝေးရောက်နေတာမို့ သူတို့ကို ရည်မှန်းပြီး ကျွေးတာမို့ စိတ်ချမ်းသာလိုက်တာ အလွန်ပါပဲ။
ဈေးလဲ မများပါဘူး။ အလှူကြီးလဲ မဟုတ်ပါဘူး။ ဒါပေမဲ့ စားရတဲ့ လူကြီးတွေတော့ မသိ၊ ကျွေးရတဲ့ ကိုယ့်အဖို့မှာတော့ ကျေနပ်ကြည်နူးရတာ ပြန်တွေးတိုင်းပါပဲ။ ကိုယ်တို့ ချစ်ခင်တဲ့ ဦးလေးကြီး တယောက်ဆိုရင် မမေ့နိုင်တဲ့ စား ပွဲလေး တခုပါပဲ လို့ ပီတိနဲ့ တဖွဖွ ပြောနေတာ။ ကိုယ်တို့ကလဲ သဒ္ဓါတရားအပြည့်နဲ့ ကြည်ကြည်နူးနူး ကျွေးတော့ ရောင်ပြန်ဟပ်သွားတယ် ထင်ပါရဲ့လေ။
နောက် အဖြစ်အပျက်တခုကတော့ အဖေနဲ့ ပတ်သက်တာပါ။ အဖေက ဘာသိဘာသာ သမား ဆိုတာ အဖေ့ကို သိတဲ့လူတွေ ကောင်းကောင်းသိမှာပါပဲ။ အပေါ်ယံ အလှအပတွေကို လုံးဝ ဂရုမထားတဲ့သူပဲ။ နေမိနေရာ ငေးမိငေးရာ နေတတ်သူမျိုးပဲ။ သူ့မှာ မိတ်ဆွေရယ်၊ ဖတ်စရာ ရေးစရာ စာအုပ်ရယ်၊ ဆေးလိပ်ရယ် ရှိရင် တော်ပြီ ဆိုတာမျိုးပေါ့။
သူ လျှောက်သွားသမျှ၊ သူနေသမျှ မိတ်ဆွေတွေ၊ သားသမီးအရင်းလို တပည့်တွေက ဆင်ပေး၊ လဲပေး ကြတာပါပဲ။ ဒါကြောင့် အဖေ့မှာ ၀မ်းမနာ သားသမီးတွေ များလှတယ်။ ၀တ်ပေးရင်လဲ ၀တ်လိုက်တာပဲ။ ဘာရယ်လို့ မရှိဘူး။ ဒီအတိုင်းထားလဲ ဒီအတိုင်းပဲ နေတာပဲ။ အဲဒီလိုမျိုးပေါ့။
တခါကတော့ ဆောင်းရာသီ တရက်မှာပေါ့။ အဖေက အေးလို့ တဲ့။ ရေမချိုးချင်ဘူး။ ရေနွေးနဲ့တောင် မချိုးချင်ဘူး။ ပျင်းတာလဲ ပါတယ်။ ဒါတွေက အပိုအလုပ်တွေပါ သမီးရယ် လို့ ပြောနေတာပါ။ ကိုယ့်မလဲ အဖေ့ကို ချော့ရတာပေါ့။ တကိုယ်ရည်သန့်ရှင်းတာ အပိုအလုပ် မဟုတ်ပါဘူး အဖေရယ်ပေါ့။ ရေချိုးပြီး အကျီ င်္လေး လဲလိုက်ရင် နွေးနွေးထွေးထွေးနဲ့မို့ အဖေ နေလို့ သိပ်ကောင်းမှာပဲ ပေါ့။
အဖေက အကျီ င်္ချွတ်လိုက်ရင် အေးသွားမှာကိုတောင် ကြောက်နေတော့ တော်တော် ပြောယူရတယ်။ ဒါနဲ့ကိုယ်က အဖေ့ကို ရေနွေးနဲ့ ကိုယ်ပတ်တိုက်ပေးမယ်လေ၊ ဘယ်လောက်မှ မကြာစေရပါဘူး လို့ ပြောရတယ်။ နောက်ဆုံး ညည်းညည်းညူညူနဲ့ လက်ခံပါတော့တယ်။
ဒါနဲ့ မျက်နှာသုတ်ပုဝါ အသေးလေးတခုကိုယူ၊ ရေနွေးလေး ဆွတ်ပြီး အဖေ့ကို တကိုယ်လုံး ကိုယ်ပတ်တိုက်ပေးတာပါ။ ခေါင်းကနေ ခြေအဆုံး၊ အကြိုအကြား မကျန် သန့်ရှင်းသွားအောင် အသေအချာ ပွတ်တိုက်ပစ်လိုက်တာပါ။ ရေနွေးလေးနဲ့ဆိုတော့ နွေးနေတာပေါ့။ အဲဒီလို ကိုယ်လုပ်ပေးနေတုန်း အဖေက ကိုယ့်ကို ပြောပါတယ်။
သမီးလုပ်ပေးတာ ကိုယ့်ဖာသာကိုယ် ရေချိုးတာထက်တောင် စင်သေးတယ် တဲ့။ ကောင်းလိုက်တာ၊ လန်းသွားတာပဲ တဲ့။ ဒါနဲ့ သာဓုခေါ်ပြီး ဆုတွေ ပေးနေတာ အကြာကြီးပဲ။ ကိုယ်လဲ လုပ်နေရင်းနဲ့ ကြည်နူးလွန်းလို့ ရင်ထဲမှာ လှပ်လှပ် လှပ်လှပ် ဖြစ်နေတယ်။ အဖေ့ ပီတိတွေ ကိုယ့်ဆီ လာကူးစက်တယ် ထင်ပါရဲ့။ အဲဒီအဖြစ်လေးကိုလဲ ကိုယ် ဘယ်တော့မှ မမေ့နိုင်တော့ဘူးလေ။
နောက် အဖြစ်အပျက်တခုကတော့ ကိုယ် မလေးရှား Johor Bahru မှာ နေတုန်းကပါ။ အဲဒီတုန်းက ကိုယ်တို့က ရန်ကုန် ပြန်တော့မှာ။ နောက် ၂ပတ်လောက်ဆို ပစ္စည်းတွေ သိမ်းပြီး ပြန်တော့မယ်လေ။ တနေ့တော့ ကိုယ်တို့ နှစ်ယောက် အပြင်က ပြန်လာတော့ ကိုယ်တို့နေတဲ့ တိုက်အောက်က ဓာတ်လှေကားနားမှာ စားကြွင်း စားကျန်လေးတွေ ရှာစားနေတဲ့ ကြောင်လေး တကောင် တွေ့တယ်။
ကြောင်လေးက ၄-၅လ သားလောက်ပဲ ရှိပါအုံးမယ်။ ကိုယ်သိပ်လိုချင်တဲ့ အရောင်၊ ကြောင် အ၀ါကြား လေးပေါ့။ ချောလိုက်တာ ကျားပေါက်စ လေးလိုပဲ။ ကိုယ့်တသက် တွေ့ဖူးသမျှ ကြောင်တွေထဲမှာ ဒီကြောင်လေး လှတာကို ဘယ်ကြောင်မှ မမီသေးဘူး။ ဒါနဲ့ ကိုယ်လဲ တိတ်တိတ်လေး နောက်ကနေ ဖမ်းလိုက်ပြီး ကိုယ်တို့နေတဲ့ ၄ထပ်ကို ပွေ့ခေါ်လာခဲ့တယ်။
ကြောင်လေးကလဲ မရုန်းဘူး။ သူ့မျက်လုံးလေးက သောက်ရှူးကြယ် လေးတွေလိုပဲ။ ပြာစင်ပြီး အရောင်တောက်နေတာ။ ဒါနဲ့ နှစ်ယောက်သား မွေးမယ် လို့ ဆုံးဖြတ်လိုက်တယ်။ နို့တွေ၊ ကြောင်စာဗူးတွေ ပြေးဝယ်၊ ကျွေးပေါ့။ ချစ်လွန်းလို့ အရိပ်တကြည့်ကြည့်နေတယ်။ ဒါပေမဲ့ စားပြီးသောက်ပြီးတော့ ကြောင်လေးက သူ့အမေကို သတိရလို့ ထင်ပါရဲ့။ မှိုင်သွားလိုက်တာ။
တရက်ပြီး တရက် ဘာမှလဲ မစားတော့ဘူး။ နုံးပြီး အိပ်ပဲ အိပ်နေတယ်။ ကိုယ်တို့ကလဲ မြန်မာပြည် ခေါ်သွားဖို့တောင် ဆုံးဖြတ်ထားပြီဆိုတော့ တိရိစ္ဆာန်သယ်ရင် လေယာဉ်ခ ဘယ်လို ပေးရလဲတွေ စုံစမ်းနေပြီ။ ကြောင်လေးကတော့ ငယ်လွန်းတော့ အမေကို သတိရနေတယ် ထင်ပါရဲ့။ အသံလဲ မျှင်းမျှင်းလေးပဲ ထွက်တယ်။ ကျောလေးဆန့်ပြီး တချိန်လုံး လှဲနေတော့တယ်။
တညတော့ ကိုယ်တို့နှစ်ယောက် တိုက်အောက်က ရေကန်လေးဘေးမှာ ထိုင်ပြီး စကားပြောနေတုန်း လသာသာမှာ ရေကူးကန်က လျှံနေတဲ့ ရေတွေကို ကြောင်တကောင်က လာလျက် သောက်နေတာကိုး။ ဒါနဲ့ ကိုယ်က အိမ်က ကြောင်လေးရဲ့ အမေ ထင်ပြီး နောက်ကနေ တိတ်တိတ်လေး သွားပြီး ဗိုက်ကို စမ်းလိုက်တယ်။
ဗိုက် မှာလဲ ကလေးတွေ နို့တိုက်ထားပုံပဲ၊ သားသည်အမေပေါ့။ ဒါဆို သေချာပြီ။ ဒါနဲ့ အသာလေး ပွေ့လိုက်တော့ အလိုက်သင့် လိုက်လာတယ်။ ကြောင်အမေကြီး တကိုယ်လုံး နံ လို့။ အမှိုက်ပုံများ ဖွထားသလား မသိ။ ဒါနဲ့ အပေါ်ထပ်ကို ခေါ်ခဲ့ပြီး ကိုယ်တို့ အခန်းတံခါးကို ဖွင့်လိုက်ရင်ပဲ အိမ်မှာကျန်နေတဲ့ ကြောင်လေးက လှဲနေရာက ချက်ချင်း ကုန်းထ ပြီး သူ့အမေကို ညောင် ညောင် နဲ့ စကားတွေ ပြောလိုက်တာ တခန်းလုံး ဆူညံသွားတော့တာပဲ။
သူ့အမေကလဲ ဒီကောင် ပျောက်နေတာ ဒီရောက်နေပါလား ဆိုပြီး အံ့သြနေပုံပဲ။ စကားတွေ ပြန်ပြော၊ လျှာနဲ့ လျက်ပေးတယ်။ နို့တိုက်တယ်။ ကိုယ်တို့ကျွေးထားတဲ့ နို့တွေ စားစရာတွေ အကုန်လုံးကိုတော့ အမေကြီးက အကုန် စားပစ်လိုက်ရော။ ဘယ်လောက် ငတ်နေတယ် မသိ၊ ထပ်ကျွေးလဲ ထပ်ကုန်တာပဲ။
ခုနက အစားမစားနိုင် မသောက်နိုင် တမှိုင်မှိုင် ဖြစ်နေတဲ့ ကြောင်လေးလဲ တက်ကြွ မြူးထူး လို့။ ဒါနဲ့ ကိုယ်တို့ နှစ်ယောက် ခေါင်းချင်းဆိုင် တိုင်ပင်ကြရတာပေါ့။ နောက်တော့ ဆုံးဖြတ်ချက် ချ လိုက်ပြီး သူတို့ နှစ်ကောင်စလုံးကို ပွေ့ချီပြီး အောက်ထပ်ကို လိုက်ပို့ ပေးလိုက်ပါတယ်။
အစာလဲ ၀ပြီ၊ အမေနဲ့သားလဲ ပြန်တွေ့ပြီ ဆိုတော့ ကျေနပ်ပြီး နှစ်ကောင်သား တညောင်ညောင် နဲ့ စကားတပြောပြော လျှောက်သွားကြတာ လရောင်အောက်မှာ အမြီးလေးတွေ ထောင်လို့။ အမြီးအကြီးကြီး တခု နဲ့ အမြီးသေးသေးလေး တခု။ ကိုယ်လိုချင်တာ မရလိုက်ပေမဲ့ စိတ်ချမ်းသာပြီး ကျန်ခဲ့တာ ကိုယ်တို့ဘ၀မှာ ဒါ ပထမဆုံး ပါပဲ။
ကိုယ်က ကိုယ့်အမျိုးသားကို မှာခဲ့တယ်။
တကယ်လို့ ရုတ်တရက် မဟုတ်ဘဲ ကိုယ်သေရမယ်ဆိုရင် ကိုယ့် နောက်ဆုံးအချိန်မှာ တရားခွေတွေလဲ မဖွင့်ပါနဲ့တော့လို့။ ကိုယ့်ဘ၀မှာ ကိုယ်လုပ်ခဲ့တာလေးတွေအပေါ် ကြည်နူးမိတာလေးတွေသာ ကိုယ့်ကို ပြောပြပေးပါလို့။ ဒါဆို ဘာအလှူကြီးကြီးမှ မလုပ်နိုင်တဲ့ ကိုယ့်အဖို့ ဘ၀ကူးချိန်မှာ အနည်းဆုံး စိတ်လေးတော့ နည်းနည်း အေးချမ်းသွားမယ်လို့ ထင်မိလို့ပါလေ။

မိုးချိုသင်း
(ဒီပို့စ်လေးကို အခု ခရီးထွက်နေတဲ့ ကိုကျော်ဝဏ္ဏ အတွက် ရေးပါတယ်။ လေယာဉ်နားချိန်မှာ ချိုသင်း ပို့စ်လေး ဖတ်ရရင် ကောင်းမှာပဲ လို့ ပြောတဲ့အတွက်ပါ။)
တကယ်ပဲ ကြည်နူးစရာ ကောင်းပါတယ်။
ReplyDeleteကြည်ကြည်နူးနူးလေးဖတ်သွားပါတယ်...။
ReplyDeleteDim Sum တစ်ခါမှမစာဖူးသေးဘူးသိလားမမ။
ReplyDeleteကြည်ကြည်နူးနူး ခံစားသွားပါတယ်။
အလွန်ကြည်နူးစရာကောင်းပါတယ် မချိုသင်းရေ..
ReplyDeleteနောက်ဆုံးအပိုဒ်လေးကိုဖတ်ပြီ့း  မချိုသင်းဘဝမှာ ကြည်နူးစရာ ပီတိဖြစ်စရာလေးတွေ တော်တော်များများလုပ်နိုင်ခဲ့တာပါလားလို့ ကျနော့်စိတ်ထဲမှာတွေးရင်း မုဒိတာပွားသွားပါတယ်..
ပျော်ရွှင်ကြည်နူးနိုင်ပါစေ...
Hi Moe Cho Thin,
ReplyDeleteYou are a very talented writer. I enjoy reading your posts. I am very pleased to read your posts about cats, because just like you, I love cats so much.
With respect,
Dr Khin Saw Win
This comment has been removed by the author.
ReplyDeleteတကယ်ကို ဖတ်ပြီးတာနဲ့ ကြည်နူးသွားတယ်။ ကျွန်တော်လဲ အမလိုဘဲဗျ။ စိတ်သိပ်ညစ်လာရင် အရင်က ကိုယ်လုပ်ခဲ့ဖူးတဲ့ စိတ်ကြည်နူးစရာလေးတွေ ပြန်တွေးပြီး စိတ်ညစ်တာပျောက်အောင်ကြိုးစားပါတယ်။
ReplyDelete(စာလုံးပေါင်းမှားသွားလို့ အပေါ်ကတစ်ခုဖျက်လိုက်ရပါတယ်)
သည်တစ်ခါလည်း ကြည်နူးစရာတွေ ဝေမျှပေးပြန်ပြီပေါ့ ချိုသင်း။ ကာတွန်းကားထဲကလို အမြီးကြီးကြီးတစ်ခုနဲ့ အမြီးသေးသေးတစ်ခု မြင်လိုက်မိလို့ သဘောကျသွားတယ်။ ကောင်းပါတယ်လေ။ သူ့အမေနဲ့ သူ့သား အတူတူနေလိုက်ရတာ...:)
ReplyDeleteဟုတ်တယ်..တခါတလေကျရင် ဘာမှ မဟုတ်လောက်ပေမယ့် ပြန်တွေးမိရင် တကယ် ပီတိဖြစ်ရတယ်။
ညီမရေ ဖတ်ပြီး ဘာပြောရမှန်းတောင် မသိတော့ပါဘူး...
ReplyDeleteဖတ်နေရင်း စိတ်ထဲကကို တကယ် ကြည်နူးရပါတယ်.. အမရော အကိုကျော်ဝဏ္ဏရော စိတ်ရင်း တကယ်ကောင်းကြတယ်နော်.. ကိုယ်လုပ်ပေးနိုင်တာကို စေတနာ သန့်သန့်နဲ့ လုပ်ပေးခဲ့တဲ့ အတွက် စေတနာ အကျိုးတွေ အများကြီးခံစားရမှာပါ အမရယ်..
ReplyDeleteပို့စ်တစ်ခုလုံးမှာ...
ReplyDeleteဒီပို့စ်လေးကို အခု ခရီးထွက်နေတဲ့ ကိုကျော်ဝဏ္ဏ အတွက် ရေးပါတယ်။ လေယာဉ်နားချိန်မှာ ချိုသင်း ပို့စ်လေး ဖတ်ရရင် ကောင်းမှာပဲ လို့ ပြောတဲ့အတွက်ပါ ဆိုတာ..ဖတ်ရတာ အကြည်နူးဆုံးပဲ။
What a bewitching writer?
ReplyDeleteMy heart also become warm.
Ya, we forget to appreciate simple and valuable things around ourselves everyday.
My grandfather is from Fatt Taw/ Taung Thar and old school teacher. He said your father (Sayar Gyi Tin Moe) was once his pupil.
Cheers,
ကြောင်သားအမိကို ပုံဖော်ရေးထားလိုက်တာ မျက်စိထဲတောင် မြင်ယောင်တယ်။
ReplyDeleteအစ်မ အသစ်တင်ထားတာတွေ့လို့
ReplyDeleteအပြင်ထွက်ခါနီး နောက်ကျခံပြိး ထိုင်ဖတ်နေတာ...။
ရောပြီး ကြည်နူးမိတယ်..။
ိကိုယ်အဲလို လုပ်ပေးခဲ့ဖူးတာတွေလည်း စဉ်းစားလိုက်ဦးမယ်...။
အဟိန်း.... ကိုအကျော်က ဖတ်ချင်တယ်ဆိုတော့ ချက်ချင်းရေး...၊ ထုံတို့တတွေက မချိုသင်း စာမရေးတာကြာပြီဆိုတော့ မသိချင်ယောင်ဆောင်နေ.....။ လူဇိုးပဲ....။
:P:P
မချိုသင်းရေ- နောက်ဆုံးပိုဒ်က..ဆန္ဒလေးကို ဖတ်ပြီး သဘောကျလိုက်တာ။ ကွင်းစကွင်းပိတ်ထဲက..မှတ်ချက်လေးကိုလည်း ကြည်နူး ပေးလိုက်တယ်..။ ခုလောက်ဆို ဖတ်ပြီး ပြုံးပြုံးကြီး ဖြစ်နေပီထင်တယ်။း)
ReplyDeleteအင်း..မောင်တော် ဗလ၀ဏ်ဏကျော်ထင် တော့ ဒါဖတ်ပြီး သဘောတခု ကျနေအုန်းမှာ.. KM
ReplyDeleteအမချိုသင်း မခေါ်ဘူး။ မခေါ်ဘူး။ ကိုကျော့်အတွက်ဆိုမှ ပို့စ်အသစ်ရေးလို့။ အလကားစတာပါ။ မခေါ်ဘဲမနေနိုင်ပါဘူး။
ReplyDeleteကြည်နူးမိတာလေးတွေက တသက်တာ အမှတ်တရနော်။ ဘယ်တော့မှလည်း ရိုးမသွားဘဲ စိတ်ထဲမှာ ထင်ကျန်နေခဲ့တာ။ အမရဲ့စေတနာ၊ မေတ္တာတွေက ဖတ်ရသူကို ကြည်နူးစေပါတယ်။ ဆရာကြီးက ရေမချိုးချင်ဘူးတဲ့။ အမချိုသင်းရော အဖေတူသမီးလေးလား သိချင်လိုက်တာ။
နိနိ
အံမယ် ..ကိုကျော်ဝဏ္ဏတွက်လည်းတို့တွေဖတ်လို့
ReplyDeleteရတာပဲ... ဟုတ်တယ်ဟုတ်း)
ကြည်နူးစရာကောင်းလိုက်တာ
ပို့စ်လေးရော
ပို့စ်အောက်ကမှတ်ချက်လေးရော...
တကယ့်ကို ကြည်နူးစရာ အကြောင်းလေးတွေပါလား မမထုံသင်းရယ်။ ဟင်း ချစ်ချစ်ဖတ်ဖို့ ရေးတဲ့စာမို့  ကြည်နူးတ၀က် မနာလို တ၀က် နဲ့ ပြန်သွားတယ်
ReplyDeleteMa Gyi cho,
ReplyDeleteWho is ko kyaw wanna? :)
စိတ်ထားကောင်းတဲ့သူပဲ အမရယ်..
ReplyDeleteကောင်းတဲ့စိတ်တွေနဲ့ပဲ...
ဘ၀ကူးနိုင်မှာပါ..
(ဖွ.ဟဲ့.အမရေးလို့ရေးတာနော်....အဟီး..)
ချစ်ခင်လေးစားစွာ
ွှဲ
အိန္ဒြာ
အောက်ဆုံး စာကြောင်း အကြိုက်ဆုံး အစ်မ။
ReplyDeleteပြီးတော့ အမြီးကြီးကြီး တစ်ခုနဲ့ အမြီးသေးသေးတစ်ခုထောင်ပြီး စကားတပြောပြောနဲ့ သွားကြရော ဆိုတာ။
အော် ဒီ post က အမျှပေးတာနဲ့ တူလိုက်တာ
:)
IT'S TOUCH MY HEART
ReplyDeleteပြောချင်တာတွေ အရှေ့ကလူတွေ
ReplyDeleteပြောပြီးသွားပြီ ...
မှတ်သားသွားတယ်နော် မချိုသင်း
ကြီးတော်..
ReplyDeleteဟိုတနေ့ကတောင် ဆရာမနဲ့စကားစပ်မိရင်း
နင်မှော်အောင်နေတဲ့အကြောင်းပြောဖြစ်ကြတယ်..
အစဉ်မပြတ်ရေးစေချင်တယ်...ဗမာစာရိုက်ဖို့လူလိုရင်
လည်းပြော..ကိုကျော်ဝဏ္ဍကို 2days class ပို့ကြတာပေါ့. :))
ကျန်းမာရေးဂရုစိုက်...
လောက်ဖျား
အလုပ်ခဏ နားချိန်မှာ လာဖတ်ရင်း သဘောကျကြည်နူးသွားပါတယ်။ လူ့လောကက မထွက်ခွာမီဘ၀ရဲ့ နောက်ဆုံးအချိန်လေးမှာ ကိုယ်လုပ်ခဲ့တဲ့အရာတွေ အတွက် ကျေနပ်ပီတိဖြစ်ဖို့် တောင်းဆိုတဲ့အတွေးတစ်စလေးကိုကြိုက်ပါတယ်။
ReplyDeleteဖတ်သွားသည်။ ဘာမှ မပြောလို့။ကြိုက်သည။်
ReplyDeleteငြိမ်ငြိမ်လေး စာလာဖတ်နေပါတယ်ခင်ဗျ၊၊
ReplyDeleteဘယ်သူဖတ်ဖို့ရေးရေး အမချိုသင်းရေးတာ ဖတ်လို့ကောင်းတာ အမှန်ပဲ...
ReplyDeleteကြည်နူးပုံရိပ်တွေ ဝေမျှသွားပါတယ်...
ဘာပြောရမယ်တောင် မသိတော့ပါ......
ReplyDeleteဟမ်းးးးးးးးးးး
ဆရာုကီးက သာဓုတွေ ခေါ်ပြီး ဆုပေးတယ်ဆိုလို့ ပါ။ ကျနော့ရဲ့  အခန်းထဲရောက်တော့ စာအုပ်စင်က စာအုပ်တွေကို လိုက်ုကည့်ပါတယ်။ ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ စစ်နှင့် ငြိမ်းချမ်းရေး စာအုပ် ဒုတိယအုကိမ်ထုတ်ထားတဲ့ စာအုပ်ကိုတွေ့ တော့ သာဓုတွေခေါ်ပါတယ်။ ၁၉၇၄ုသဂုတ်လမှာ ဒုတိယအုကိမ် ထုတ်ထားတာဆိုတော့ ကျနော့ အသက်ထက်တောင် ၃ လုကီးနေပါသေးတယ်။ စာအုပ်တွေ စုထားလို့  သာဓုခေါ်တဲ့သူမျိုး ဆရာုကီးတယောက်နဲ့ ဘဲ ဆုံဘူးပါသေးတယ် မချိုသင်းရေ။
ReplyDeleteOrrr Lord
ReplyDeleteI think you wrote for me. Isn't it?
For him? :((( It's not fair.
I'm so sad. That's why I used english words.
အဲလို ကိုယ့်အတွက် ဘာမျှော်လင့်ချက်မှ မပါဘဲ (သမုဒယ မနွယ်ဘဲ) လုပ်ပေးလိုက်တာလေးတွေကို မေတ္တာလို့ ဆရာတော် ဦးဇောတိက စာအုပ်မှာ ဖတ်ဖူးပါတယ်..
ReplyDeleteအစ်မက အခု မေတ္တာတရားအကြောင်း
ရေးထားလိုက်တာ ကြည်နူးစရာ...
(ဒီပို့စ်လေးကို အခု ခရီးထွက်နေတဲ့ ကိုကျော်ဝဏ္ဏ အတွက် ရေးပါတယ်။ လေယာဉ်နားချိန်မှာ ချိုသင်း ပို့စ်လေး ဖတ်ရရင် ကောင်းမှာပဲ လို့ ပြောတဲ့အတွက်ပါ။)
အဲလို footnote ရေးထားပေမယ့် ပျော်ပျော်ကြီး ဖတ်သွားပါတယ်..:P
စာဖတ်သူအားလုံး ဖတ်ပြီး ကြည့်နူးမှာ အမှန်ပါ အမချိုသင်းရေ.. ကိုကျော်ဝဏ္ဏကတော့ အကြည်နူးဆုံး ဖြစ်မှာပါ။ ကိုယ်ရေးတဲ့ စာကြောင့် သူတပါး စိတ်ကြည်နူးရရင် အမလည်း ကောင်းကြီး မင်္ဂလာတွေ ကုသိုလ်တွေ အများကြီး ရပါတယ်။ အမတို့ ကြောင်ချစ်ပုံကတော့ စံပါပဲ...
ReplyDeleteအစ်မရေ ပုံရိပ် အကြောင်းများ ရေးသလားလို့။ :D အလကား စတာပါ။ အစ်မက အစ်ကိုကျော်ဝဏ္ဏကို သတိရနေပြီ ထင်တယ်။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်လေးတွေ ကြီးကြီးငယ်ငယ်၊ စိတ်သာ အဓိကပါ အစ်မရယ်။
ReplyDeleteချိုသင်းရေ…ဟိုတနေ့ ကပဲ သုမောင်ရဲ့ ရွှေအမြုတေထဲက မိဘကျေးဇူးဆပ်ဖူးပြီလားဆိုတဲ့ ၀တ္ထုတိုလေး ဖတ်ထားတာ.. သူ့ ဘ၀မှာ ဘာမှ မဟုတ်လောက်ဘူးလို့ ထင်ခဲ့ရတာလေးတွေက မိဘစိတ်ချမ်းသာစေခဲ့တာကြောင့် သူအလှည့်ကျ သားသမီးရ ကံကောင်းတာတဲ့… သူလုပ်ပေးတာလေးတွေ ပြန်ရေးတာ မခမ်းနားပေမယ့် ကြည်နူးစရာ… စင်္ကာပူသွားမယ်လို့ ပြောတုန်းက တို့ ဆရာကြီးက မေးတယ်.. ဘာလို့ သွားချင်တာလဲ.. မိဘကျေးဇူးဆပ်ချင်လို့ ပါဆိုတော့… ပိုက်ဆံရှာတာတခုပဲမိဘကျေးဇူးဆပ်တာမဟုတ်ဘူးတဲ့.. မိဘကို အနားမှာ ခြေဆုပ်လက်နယ်ပြုခြင်းကလဲ မိဘကျေးဇူးဆပ်ခြင်းပဲ… ချိုသင်းဖေဖေကို ရေပတ်တိုက်ပေးတာလေးမျိုးပေါ့… ချိုသင်းရေ… အဖေနဲ့ နေပြီး အဖေ့ကို ပြုစုခွင့်ရလိုက်တာ ကြည်နူးစရာ.. အဖိုးမဖြတ်နိုင်တဲ့အရာပါ… တို့ မှာ အဲဒီလို အတူနေဖို့ အခွင့်အရေးမရဘူးလေ… သူတပါးစိတ်ချမ်းသာအောင်လုပ်ပေးရတဲ့ စေတနာက ကိုယ့်ကို ရောင်ပြန်ဟပ်ကြည်နူးငြိမ်းချမ်းတာလေး ပေါ်လွင်အောင်ရေးနိုင်တဲ့ ဒီပို့ စ်လေးအတွက် ကျေးဇူးပါ… ချိုသင်းအမျိုးသားလဲ ဒီပို့ စ်လေး ဖတ်ပြီး ကြည်နူးနေမှာပါ…
ReplyDeleteAma Yay,
ReplyDeleteSo cool!
U love pet so much, humm?
u r a talented writer. I like whatever u write.
ဝမ်းသာ ကြည်နူးစရာတွေကို အထင်းသား မြင်တွေ့နေရတဲ့ ပိုစ့်လေး တစ်ခုပါ...
ReplyDeleteကိုယ်လဲ ချိုသင်းလိုပါပဲ...
မိဘတွေနဲ့က အချိန်ပြည့် အတူတူနေနေရတာ မဟုတ်လေတော့ အခုလက်ရှိ ကျင်လည်နေရတဲ့
ပတ်ဝန်းကျင် အသိုင်းအ၀န်းလေးထဲမှာ အတတ်နိုင်ဆုံးတော့ ကြည်နူးစရာ ပီတိလေးတွေ ကုသိုလ်လေးတွေ ရနိုင်ဖို့တော့ အခါ အခွင့်သင့်တိုင်း ကြိုးစားမိပါတယ်...။
ကိုယ်ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို
ပြန်တွေးဖို့ မမေ့အောင် အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်...။
** ကိုကျော်ဝဏ္ဏ အတွက်သာမဟုတ် အားလုံးအတွက် ကြည်နူးမှုဖြစ်စေတဲ့ ပိုစ့်လေးလို့ မြင်မိပါရဲ့...။
မိုးချို
ReplyDeleteတရားသိပီး တရား ရှိတာပဲ။
ပြုခဲ့ဖူးတဲ့ကောင်းမှုကုသိုလ်ဟာ ပြုသူရဲ့ စေတနာ၊ နဲ့ အပြုခံရသူအလူခံသူရဲ့ သီလသမာဓိ၊ (သာမာန်သက်ရှိတွေအတွက်ဆိုလိုအပ်ချက်ပမာဏ၊)ညီညွတ်ရင် ဒါနဟာ အင်မတန်အားကောင်းပြီး အကျိုးပေးတယ်။
ပြန်လည်စဉ်းစားဆင်ခြင်မိတိုင်းလဲ အလှုပီတိ အကြိမ်ကြိမ်ဖြစ်တဲ့အတွက် ကုသိုလ်အသစ်သစ်ကြိမ်ဖန်များစွာဖြစ်တယ်ဆိုတယ်။
မလှုခင်၊လှုဆဲ၊လှုပြီးလဲ စိတ်ထဲရှိရမည်..တဲ့
(ချမ်းမြေ့ ရိပ်သာမှနာခဲ့ဖူးတဲ့တရားတစ်ပိုင်းတစ်စပါ။)
ကိုကျော်ဖတ်ရန်ရည်ရွယ်ပေမဲ့ ကျနော်လည်းဝင်ဖတ်သွားပါတယ်။
ReplyDeleteပီတိစိတ်ကလေးပါ မမိုးချိုသင်းရေ ကုသိုလ်စိတ်လေးပါဗျာ
ReplyDeleteနောက်လဲကြုံရအုံမှာနော် ကျနော်ထင်တာတော့ အဲ့ဒီပီတိစိတ်ကလေးကနေ ကုသိုလ်ဆိုတာပွားများလာတာပါပဲဗျာ တကယ်ပဲမုဒိတာပွားသွားပါတယ်ဗျာ ဇနီးမောင်နှံနှစ်ယောက်စလုံး ရွှင်လန်းခမ်းမြေ့ကြပါစေ...။
ကြည်နူးစရာလေးတွေကို ဗယ်လင်တိုင်းနေ့မှာ ထပ်ခံစားသွားတယ်။
ReplyDeleteမမိုးချိုသင်းတို့ မိသားစု အမြဲတမ်း အေးချမ်း ပျော်ရွှင်ပါစေ။
ကြည်နူးပုံရိပ်လေးတွေခံစားသွားပါတယ် အစ်မချိုသင်းရေ။ ချစ်သူများနေ့ မှာကြည်နူးပျော်ရွှင်ပါစေနော်။
ReplyDeleteဟာာာာ....မောရပါတယ် မမိုးချိုသင်းရယ်
ReplyDeleteလာ လာဖတ်ရမှာကိုလဲကြောက်ရပါချီရဲ့။
မှားပါတယ် မလာရလည်းမနေနိုင်။
မောတယ်ဗျာ မောတယ်
ငိုမိတယ်ဗျာ
ကြည်နူးပီတိလေးတွေကို မျှယူပီတိဖြစ်သွားရပါတယ်ရှင်... အစစအဆင်ပြေငြိမ်းချမ်းပါစေ.......
ReplyDeleteစိတ်ကို နူးညံ့စေတဲ့ စာနောက်တစ်ပုဒ်အတွက် ကျေးဇူးတင်ပါတယ်။
ReplyDeleteနောက်ဆုံးစာပိုဒ်ကိုလည်း လုံးဝ သဘောတူတယ်။ အရာရာ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်နိုင်တဲ့ လောကကြီးထဲမှာ အဲသလို ဖြစ်နိုင်ဖို့ သိပ်လွယ်လှတယ် မထင်ဘူး။ ဒါပေမယ့် နောက်ဆုံးအချိန်မှာ ကံကောင်းချင်တယ်။
ကျွန်မဦးကြီး(မေမေ့ အစ်ကို)ဦးမြင့်မောင်က ဆရာဦးတင်မိုးနဲ့သိပါတယ်။ အစ်မတို့အိမ်ကို ကြည့်ပြီး ၁၉၈၈ လောက်မှာ ဆရာရွှေနဲ့ပဲ ရေစကြိုမှာ ကျွန်မတို့ အိမ်ကို ဆောက်ခဲ့တယ်။ ဆရာရွှေ့ design အမိုး တစ်ခြမ်းစောင်း ချွန်ချွန်လေးနဲ့ပဲ။ ဒီတခါ ပြန်ဖြစ်ရင်တော့ ဓါတ်ပုံယူလာဦးမယ်။ အစ်မလဲ ဓါတ်ပုံတင်ပေးနိုင်ရင် ကောင်းမှာ။
ReplyDelete(မဖတ်ရသေးတဲ့ post အဟောင်းတွေ ပြန်ဖတ်ရင်းရေးမိတာ)
အသစ်လာမျှော်တာ...အမရေ...
ReplyDeleteဘယ်လောက်ကျဲမှာတုန်း.....
မျှော်ရတာ....မော
အိန္ဒြာ
မအေးမြတ်မြတ်ကိုရေ ...
ReplyDeleteဟုတ်တယ်
အမပြောတဲ့ရေစကြိုကအိမ်ကလေ
တမြို့လုံးမှာ တပုံစံတည်း တလုံးတည်းရှိတဲ့
အခုတည်းသောအိမ်ပဲ
ဝတီတို့မြို့ခံတွေက ”ဟင်းလင်းပြင်မှာရွက်လွှင့်ခြင်း ”
လို့အမည်ပေးထားတယ်
ပိုစ့်အသစ်လေးများ မျှော်နေပါ၏
ReplyDeleteကြည်ကြည်နူးနူးဖတ်သွားပါတယ် အမရေ
ReplyDeleteစာဖတ်နေရင်း ကြက်သီးတောင်ထသွားတယ်၊ တကယ်တော်ပါတယ်၊ ရေးထားတာကောင်းသလို စိတ်ထားလေးက စာထဲမှာ အထင်းသားပဲ၊ ပျော်ရွှင်ချမ်းမြေ့ပါစေ၊
ReplyDelete