နေ့လည်က စာတိုက်ပုံးလေးထဲမှာ ပါဆယ်လေး တထုပ် ရောက်နေတယ်။ အပြာရင့်ရောင် အထုပ်ကလေး။
ဖွင့်လိုက်တော့ စာအုပ်ထူထူလေး တအုပ်။ စိုင်းခမ်းလတ်၏ သီချင်းများ တဲ့။ မျက်နှာဖုံးက ဆရာ စိုင်းခမ်းလိတ် ဂစ်တာတီးနေတဲ့ပုံ နဲ့။ သီချင်းတွေနဲ့အတူ မေတ္တာတွေ ထုပ်ပိုး ပို့လိုက်တဲ့သူက ညီမလေး နန်းခမ်းနွဲ့လိတ်။ ကိုယ် ကျေးဇူးတင် ၀မ်းသာလွန်းလို့ စာအုပ်လေးကို ရင်မှာ အပ်ထားမိလိုက်တယ်။
ဆရာ စိုင်းခမ်းလိတ်က ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်က အသက် ၆၀ ပြည့်ခဲ့ပါတယ်။ ဒီသီချင်းစာအုပ်လေးက ဆရာ့မွေးနေ့ အထိမ်းအမှတ်အတွက် ထုတ်တဲ့စာအုပ်လေးပါ။ နန်းဒေ၀ီစာပေက ထုတ်တာပါ။ ဆရာ ရေးစပ်ခဲ့တဲ့ သီချင်းအပုဒ်ရေ ၁၀၀၀ကျော်ထဲက သီချင်း ၃၄၆ ပုဒ် ပါတယ်။ အံ့သြဖို့ မကောင်းဘူးလား။ သီချင်းတပုဒ် လှလှပပ အဓိပ္ပါယ်ရှိရှိ ရေးဖို့တောင် ခဲယဉ်းလွန်းတာ သီချင်းအပုဒ် ၁၀၀၀ ကျော် တဲ့။ ဒါတောင် ပုံနှိပ်ခွင့် မရတဲ့ သီချင်းတွေ အများကြီး ရှိလိမ့်အုံးမယ်။
ကိုယ်တို့ငယ်ငယ် ကက်ဆက်တွေ စ ပေါ်စ က အဖေက ရေဒီယို အမြဲဖွင့်ထားလို့ ရေဒီယို သီချင်းတွေနဲ့ ရင်းနှီးနေခဲ့ရတယ်။ နောက် စတီရီယို သီချင်းတွေ..။ ကိုယ်တို့အိမ်မှာ ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့ ကက်ဆက်ခွေလေးက စိုင်းထီးဆိုင် အခွေပဲ။ မန္တလေးရောက် ရှမ်းတယောက် တဲ့။ ကက်ဆက်ကာဗာက လက်ရေးလေးတွေနဲ့ ရေးထားတာ။ စိုင်းခမ်းလိတ် စာသားတွေနဲ့ စိုင်းထီးဆိုင်ရဲ့ အဆို။ နတ်ဖက်တဲ့ အတွဲပါပဲ။
အဲဒီအခွေကို အဖေက အပ်ကြောင်းထပ်လောက်အောင်ကို ဖွင့်တယ်။ နောက် ဘီးကလေးကို စီး သီချင်း။ စက်ဘီးလေးတွေ တွေ့တိုင်း အဲဒီသီချင်းကို သတိရမိသွားရလောက်အောင်၊ စက်ဘီးစီးတိုင်း မောတော့ မောတာပေါ့၊ ဒါပေမဲ့ မမောဘူး လို့ ဆိုမိရလောက်အောင် စွဲခဲ့တဲ့ သီချင်း။ နောက်များဆို ကိုယ်တို့သမီးလေးပါ ခေါ်မတဲ့၊ ဘီးရှေ့မှာ ခုံတပ်ပြီး လိုက်စေမတဲ့။ ဘယ်လောက် ရိုးသားပြီး ချစ်စရာကောင်းလိုက် တဲ့ မိသားစုလေးလဲနော်။
ငယ်ငယ်တုန်းက ကိုယ်တို့မောင်နှမတွေ အားရင် သီချင်းဆိုနေကြတာပဲ။ ဘာရယ် မဟုတ်၊ သီချင်းပေါင်းချုပ်တွေကိုင်ပြီး အိပ်ယာပေါ်မှာ လှဲရင်း ညီအမတတွေ ခေါင်းချင်းဆိုင် ဆိုကြတာပဲ။ အနှစ်နှစ်ဆယ် တေးပေါင်းချုပ်လဲ ပါရဲ့၊ စိုင်းထီးဆိုင် တေးပေါင်းချုပ်လဲ ပါရဲ့။ ကိုယ်တို့ညီအမတတွေထဲမှာ ကိုယ့်အထက်က အမဖြစ်တဲ့ မနှင်းက အသံ အကောင်းဆုံး။ မနှင်းက သီချင်း အဆိုတတ်ဆုံး။
အမေက မေရှင် သီချင်းတွေ ဆိုလေ့ရှိတယ်။ အမေ့အသံက အေးအေး ချိုချိုလေး။ အမေဆိုရင် ကိုယ်တို့ညီအမတွေက အိပ်ယာကြီးပေါ်မှာ လှဲရင်း ငြိမ်ငြိမ်သက်သက် နားထောင်ကြတယ်။ အမေက မေရှင့်သီချင်းတွေကို ချစ်သလို မေရှင့်ကိုလဲ ချစ်တယ်။ အပြင်မှာ မြင်ဖူးပုံတော့ မရဘူး။ အမေ ဆိုပြီးရင် မနှင်းက စိုင်းထီးဆိုင် သီချင်းတွေ ဆက်ဆို..။
အဲဒါဆိုရင် အဖေရော အမေပါ အတူ လိုက်ဆိုတတ်ကြတာ။ အဲဒီလိုဆိုပြီးရင် အဖေက သီချင်းစာသားလေးတွေ အဓိပ္ပါယ်ရှိရှိ လှတဲ့အကြောင်း ပြောမဆုံးဘူး။ ဘယ်နေရာလေးမှာ ဘယ်လိုလေး စပ်လိုက်တာ စသဖြင့်ပေါ့။ သုံးသွားတဲ့ အသုံးအနှုန်းလေးက ယဉ်ယဉ်ကျေးကျေးနဲ့ ချစ်စရာကောင်းပုံကိုလဲ ခံစားပြောပြတတ်တယ်။ အဖေ အကြိုက်ဆုံး သီချင်းကတော့ ခြင်္သေ့လည်ပြန် ထင်မိတယ်။
ဒါကြောင့် ငယ်ငယ်ကတည်းက ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းတွေနဲ့ ကြီးပြင်းလာခဲ့ရတာ။ “နန်းခမ်းနွဲ့အတွက် သီချင်းတပုဒ်”ဆိုရင် ကိုယ်က ကိုယ့်ကို ကိုယ့်အဖေက ပြောနေသလို စိတ်ကူးယဉ်မိတာ။ ကိုယ်ရနိုင်သလောက်လေးကိုသာ ရောင့်ရဲပျော်ရွှင်တတ်ဖို့ အရေးကြီးဆုံး ဆိုတာ ကိုယ့်အသည်းထဲ စွဲနေခဲ့တာပေါ့။
ဆရာ့သီချင်းတွေက စကားလုံးလဲ ကြွယ်ဝတယ်။ ငယ်ငယ်တုန်းက “သခင့်ဆီ အပြေးပြန်လာမည်” နားထောင်တော့ ပခြုပ်ဆိုင် ဆိုတဲ့ စကားလုံးက ကိုယ့်အတွက် အသစ်ဖြစ်နေခဲ့တာ။ သိတဲ့အတိုင်း အဖေ့ကို စကားပြောနေတုန်း ဖြတ်ပြီး “အဖေ ပခြုပ်ဆိုင် ဆိုတာ ဘာလဲ” လို့ မေးတော့ အဖေ မျက်လုံးပြူးသွားတာပေါ့။ ဘယ်ကသိလာတာလဲ လို့လဲ မေးသေးတယ်။ သီချင်းထဲက ဆိုတော့မှ သက်ပြင်းချတယ်။
နောက်တော့ အရွယ်ရောက်လာတော့ ပိုခံစားနားလည်လာပြီ။ ကိုယ်ကတော့ ချစ်တာတခုပဲ သိတယ် လို့ ညည်းတတ်လာပြီ။ ချယ်ရီကိုတော့ မယုံနိုင်စရာ အကြောင်းမရှိဘူးပေါ့၊ ကံကိုတော့ မယုံဝံ့လို့ ကိုယ်ဆုတောင်းမိတဲ့ အဖြစ်တွေလဲ ရှိခဲ့ပြီ။ ပျော်ရွှင်ကြည်နူးရတာ ဒီတခါ နောက်ဆုံးဖြစ်မှာလဲ စိုးရိမ်တတ်ခဲ့ပြီ။ ကြားလူဖျက်လို့ ပျက်မှာစိုး ကိုတောင် ကူးပြီး သူ့ကို ပေးဖူးသလားမသိ။
နောက်တော့ ကိုယ်တို့တွေ ဘွဲ့ရ၊ အလုပ်ရှာရတော့ နှစ်ရှည်လများ ပညာသင်ပေးခဲ့တဲ့ မိဘများကို အားနာမိတယ်။ ဘွဲ့ရတယ်ဆိုတာ ဘွဲ့ဝတ်စုံဝတ်ပြီး ဧည့်ခန်းမှာ ချိတ်ထားရုံပဲလား။ တတ်တဲ့ပညာတွေက ဒီနေ့ခေတ်ကြီးမှာ အသုံးမ၀င်တော့ဘူးလား။ တကယ့်လူမှန်နေရာမှန် မရှိတဲ့ဘ၀တွေကို ဆရာက နံမည်တပ်ပေးလိုက်တယ်။ ခေတ်လူငယ် ခြေကျ တဲ့။ တကယ်ပဲ ကိုယ်တို့ဟာ အတောင်လက်ရှိပါလျက် လွတ်လပ်တဲ့ ကောင်းကင်ကို မဖန်တီးနိုင်တဲ့ လူငယ် ခြေကျတွေ ဖြစ်ခဲ့ပြီလား။ ကိုယ့်ဖာသာကိုယ် ပြန်မေးမိတယ်။
ကိုယ်တို့ရဲ့ နိစ္စဓူဝ ကိစ္စတွေဟာ ဆရာ့သီချင်းတွေချည်း ဖြစ်ခဲ့တာပါ။ နောက်တော့ သီချင်းဟာ သီချင်းမှာပဲ ရပ်မနေဘဲ သီချင်းကတဆင့် သီချင်းရေးဆရာရဲ့ ခံစားချက်တွေကို နားလည်ဖို့ ကြိုးစားမိတယ်။
ကိုယ်သာ ဆရာနဲ့ ဆုံတွေ့ စကားပြောခွင့်ရမယ် ဆိုရင်….
“ငွေတောင်တန်းဆီသို့ သီချင်းတပုဒ်” ကို ဘယ်အကြောင်းတွေက စေ့ဆော်လို့ စပ်ဖြစ်သလဲ မေးမိမှာပဲ။
“မောင့် အရိုင်းပန်း” ဘယ်လိုများ ဖြစ်ပေါ်လာသလဲ တွေးမိတာပဲ။
“စာခြောက်ရုပ်” လို သီချင်းမျိုးအတွက် ဆရာ့ကို ကန်တော့ချင်တာပဲ။
“ဒီကမ္ဘာကြီးမှာ ကိုယ်အလိုချင်ဆုံးအရာဟာ
ကမ္ဘာတည်မဲ့ ကမ္ဘာတည်မဲ့ မေတ္တာ …..” တဲ့။
ဆရာက ကမ္ဘာကြီးကို မေတ္တာနဲ့ ငြိမ်းချမ်းစေချင်ပုံပါပဲ။ ရသည်ဖြစ်စေ မရသည်ဖြစ်စေ တောင့်တ မိပါတယ်တဲ့။ အဲဒီစိတ်ကလေးနဲ့ ဆရာ သီချင်းတွေ စပ်ခဲ့တယ်လို့ ကိုယ်တော့ ယုံကြည်နေမိတယ်။
သီချင်းအပုဒ်တိုင်းကို ကြိုက်မိပေမဲ့ ကိုယ်အကြိုက်ဆုံး သီချင်းကတော့ သဘာဝရဲ့ ရင်သွေးငယ် သီချင်းပါ။
ဒီကမ္ဘာမှာ စစ်၊ စစ်၊ စစ် မဖြစ်ရာမြေ
တနေရာ ရှိ၊ ရှိ ရှိရမယ်လေ..
ထာဝရငြိမ်းချမ်းမှု ရှာကာ ပျော်ရွှင်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ..
သဘာဝရဲ့ ရင်သွေးငယ်တွေ..
ဒါပေမဲ့ ကမ္ဘာတည်မဲ့ မေတ္တာတွေ လွှမ်းခြုံထားတဲ့ စစ်မဖြစ်ရာ မြေ ကို ကိုယ်တို့ ရဖို့ အများကြီး ကြိုးစားရအုံးမှာ..။

မိုးချိုသင်း
hats of to sayar kan. all the best for his birthday
ReplyDeleteမမိုးချိုရေးထားတဲ့သီချင်းတွေကိုဖတ်မိပြီး ငယ်တုန်းက ဘ၀လေးကို စိတ်က ပြန်ရောက်သွားတယ်။ အဲ့ဒီသီချင်းတွေကို အရမ်းကြိုက်ခဲ့တာ။ အခုထိလည်း ကြိုက်တုန်းပါပဲလေ။ မောင့်အရိုင်းပန်း သီချင်းစာသားကို ရေးတုန်းက သီချင်းရေးသူအနေနဲ့ဘယ်လိုများ ခံစား ရေးဖွဲ့ခဲ့သလဲလို့ သီချင်းညည်းမိတိုင်း တွေးခဲ့မိတာ။ သီချင်းရေးတဲ့သူတွေ၊ ကဗျာတွေ စာတွေရေးတဲ့သူတွေရဲ့ ရင်ထဲက ခံစားချက်တွေကိုတော့ လုလု လိုက်မမီပါ။ သူတို့အားလုံး အားကျမိတာတော့ အမှန်တကယ်ပါ။
ReplyDeleteအဲဒီသီချင်းတွေ တော်တော်များများကို ရင်းနှီးခဲ့ဖူးတယ် အစ်မရေ။ သဘာဝရဲ့ ရင်သွေးငယ်ကို လည်းကြိုက်တယ်။ သီချင်း၁၀၀၀ ကျော်တောင် ရေးခဲ့တယ်လို့ ဖတ်ရတော့ အံ့သြချီးကျူးမိတယ်။ အစ်မပြောသလိုပဲ သီချင်းတစ်ပုဒ်ကို ဖန်တီးဖို့က မလွယ်လှပါဘူး။
ReplyDeleteသီချင်းတွေအားလုံးကြိုက်တယ်အမ။
ReplyDeleteအမရေးပြလိုက်တော့ ပိုပြီး ခံစားသွားမိတယ်။
စစ်မဖြစ်ရာမြေ....
ReplyDeleteသီချင်းက အခုအချိန်နဲ့ဆို ပိုလို့တောင်ကိုက်သေးတယ်နော်။
အမရေ.... စိုင်းခမ်းလိတ် ရေးပြီး စိုင်းထီးဆိုင် ဆိုတဲ့သီချင်းနဲ့ လူဖြစ်လာတဲ့သူမို့ အခုထိ ကြိုက်နေဆဲ၊ နားထောင်မိဆဲပါဗျာ။ သဘာဝရဲ့ ရင်သွေးငယ် နဲ့ ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံကတော့ ကျွန်တော့်ဘဝရဲ့ အရေးကြီးတဲ့ နေရာမှာ ပါဝင်နေတယ်ဗျ။
ReplyDeleteခြင်္သေင့်္လည်ပြန် ကျွန်မလည်း သိပ်ကြိုက်တယ်
ReplyDeleteTV မှာ ရင်ဂို ပြန်ဆိုတာ လွှင့်တာနဲ့ ကြုံတုန်း tape နဲ့တောင် ဖမ်းကူးထားသေးတာ။ သီချင်းလေးဖြစ်လာတဲ့ သမိုင်းကြောင်းလေး ဖတ်ဖူးတယ်။
ခုလောလောဆယ် ရေးနေတဲ့စာ အခန်းဆက်ကြီးကိုလည်း ငယ်ချစ်ဦးနဲ့ အချစ်ကို ဦးစားပေးခဲ့သူ ညည်းရင်း ပျောက်သွားတဲ့ inspiration တွေ ပြန်ပြန်ရှာရတယ်။
အမရေ....
ReplyDeleteကျနော်တို့ တိုင်းပြည်မှာ စစ်ပြေညိမ်းဖို့ စစ်အစိုးရ ကို အနိုင်တိုက်နိုင်မှ စစ်မဖြစ်ရာမြေ ဖြစ်လာမှာပါ ...
ကိုဇော်
ဆရာခမ်းလိတ်နဲ့ ဘိုထီးကတော့
ReplyDeleteချီးမွမ်းစရာ စကားလုံးရှာမတွေ့နိုင်အောင် ကောင်းလွန်းတယ် ...။
ဒါနဲ့ စကားမစပ် မမိုးချို ဘိုထီးသီချင်းဆိုနေတဲ့ပုံ
ကို မြင်ယောင်ကြည့်လိုက်တာ.. ဘယ်လိုမှ လွမ်းလို့မရတော့ဘူး... တွေးကြည်တာနဲ့ ရီချင်နေတယ် ......း)
မချိုသင်းရေ တိုက်တိုက်ဆိုင်ဆိုင်ပဲ ညက စိုင်းထီးဆိုင်
ReplyDeleteသီချင်းတွေနားထောင်ဖြစ်တယ်။ ငယ်ငယ်က ဒီသီချင်းတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ဘ၀လေး ကို ပြန်တွေးပြီး
လွမ်းနေတုန်း မချိုသင်းရဲ့  Post လေးဖတ်လိုက်ရလို့ 
ပိုလွမ်းသွားပြီ။ ဒီနေ့ ဒီဘက်မှာ မိုးအုံ့ နေတယ်။ အိမ်မှာလည်း တစ်ယောက်ထဲဆိုတော့ အခွေလေးထပ်နား
ထောင်လိုက်အုံးမယ်။ ကျေးဇူးပါပဲ။
အရေးအခင်းတုန်းအဖမ်းခံရတဲ့ကျောင်းသားတွေ တောခိုကျောင်းသားတွေ မက်မက်စပ်စပ် ဆိုခဲ့တဲ့ သဘာဝရဲ့ရင်သွေးငယ်ကို ပါပီမမှာ ထည့်လိုက်တော့ ကျွန်တော်သိပ်ကြိုက်ခဲ့တာ တောင်အရမ်းမုန်းသွား ခဲ့တယ် ဒါပေမယ့် သူတို့ဖြတ်သန်းခဲ့တဲ့ ခေတ်ရယ် စနစ်ရယ် လူနေမှုဘ၀တွေကို ဂီတနဲ့ဖော်ကျူးခဲ့တဲ့ စိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်ဟာ မြန်မာနိုင်ငံရဲ့ တကယ့် classic တွေပါ
ReplyDeleteသူ့သီချင်းတွေကိုအရမ်းကြိုက်ပြီး ခံစားခဲ့ရတာပါ
ReplyDeleteမောင့်အရိုင်းပန်းကတောင်ပေါ်သူရှမ်းမလေးတယောက်
ရဲ့ရင်နင့်စရာအဖြစ်လို့ကြားဖူးတယ်..
ဟုတ်မဟုတ်တော့ရေးစပ်သူဘဲသိမှာပေါ့နော်..
ပျောက်ဆုံးနေသောနိဗ္ပန်ဘုံဆိုတဲ့သီချင်းလေးကတော့
ခုထိခံစားလို့ရတုန်း..
မမမိုး
ReplyDeleteမမကြိုက်တဲ့ သီချင်းတွေကို www.apytz.netလာရောက် တောင်းဆိုပြီး နားဆင်နိုင်ပါတယ်လို့ ဖိတ်ခေါ်ပါတယ်ရှင့်။
M3
စိုင်းခမ်းလိတ် သီချင်းတွေ အဓိပ္ပာယ်ပြည့်ဝတဲ့ စာသားတွေနဲ့ချည်းပဲ။
ReplyDeleteငယ်ငယ်ကဆို စိုင်းထီဆိုင် ရဲ့ သီချင်းတွေ နားထောင်ခဲ့ရတာများတယ်။
သဘာဝရဲ့ရင်သွေးငယ် သီချင်းက ပေါ်လစီ သီချင်းအလုပ်ခံလိုက်ရတာ နှမျောစရာ.. ပြန်နားထောင်တော့ နားထောင်လို့ကောင်းနေတုန်းပဲ...
ငယ်ငယ်က ဘီနံပတ် OK0122L ကိုနားထောင်ပြီ ကိုယ်စက်ဘီးရဲ့ frame နံပတ် ဘယ်လောက်လဲဆိုတာ လိုက်ရှာဖူးတယ် :D
ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ လေးထဲမှာတော့ စစ် မဖြစ်တဲ့နေရာတွေ ရှိနေအုံးမယ်ထင်ရတယ် မချိုသင်းရေ။
ReplyDeleteခုတော့ ငရဲ သာသာ ဒါမှမဟုတ် ငရဲလောက်နီးပါး မြေလေးမှာ နေထိုင် နေကြရသူတွေ အတွက် လွတ်မြောက်ရာ မြေ ...ဘယ်နေရာမှာ ရှိနေပါလိမ့် မလည်း လို့  အဖြေမသိတဲ့  မေးခွန်းလေး ထုတ်ကြည့်ရင်း
ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းလေးတွေ အသက်ဝင်လာမဲ့ အချိန်လေးကို မရေ ရာ စွာနဲ့ စောင့်မျှော်နေရတယ် ။
ခင်မင်လျှက်
ကိကီ ။
အမရေ ဒီသီချင်းတွေကို ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တာ။ ပျောက်ဆုံးနေသော နိဗာန်ဘုံကို အဒေါ်တွေက ဂစ်တာတီးရင် အမြဲထည့်ဆိုတယ်။ ငယ်ချစ်ဦးသီချင်းကို သူ့အရှေ့မှာ မဆိုရလို့ တားမြစ်တတ်တဲ့ အမကြီးတယောက်လည်း ရှိတယ်။ မောင့်လပြည့်ဝန်းကို မန်းလေး ရထားကြီးပေါ်မှာ တိုးတိုးလေး ညည်းရတာ လွမ်းသလိုလို။ သခင့်ဆီ အပြေးပြန်လာမည်ကို ခံစားချက်နဲ့ ဆိုကြတဲ့ အမတွေ အကိုကြီးတွေနဲ့လည်း တူတူကြီးပြင်းခဲ့ရသေးတာ။ တခါလေ နေရာတိုင်းမှာကို ကိုယ့်ဘာသာ ညည်းနေတယ်။
ReplyDeleteပခြုပ်ဆိုင် ဆိုတာ ဘာလဲ အမ..
ReplyDeleteအရက်ဆိုင်လား
သီချင်းတပုဒ် လှလှပပ အဓိပ္ပါယ်ရှိရှိ ရေးဖို့ ခဲယဉ်းသလို စာတပုဒ် ကောင်းကောင်းမွန်မွန် ဖြစ်လာဖို့လည်း အတော်ခက်ခဲတာပါပဲ။
ReplyDeleteရုပ်ရှင် တကား အောင်မြင်တဲ့ခါ မင်းသားမင်းသမီးက နာမည်ကြီးသွားတယ်။ အဲ့ဒီကားကို ရိုက်တဲ့ ဒါရိုက်တာတို့ ဇာတ်ညွန်းရေးတဲ့သူတွေကြ တော့ လူတွေရဲ့ စိတ်ဝင်စားမှုခံရတာ အသိမှတ်ပြုခံရတာ ရှားတယ်။
ReplyDeleteဒီလိုပဲ သီချင်းတွေ နာမည်ကြီးအောင်မြင်တဲ့ခါ အဆိုတော်ကိုသာ ၀ိုင်းအုံမြှောက်စားတတ်ကြပေမဲ့ သီချင်းရေးတဲ့သူတွေ တီးခတ်တဲ့သူတွေကတော့ မေ့လျော့ခံထားကြရတာ များတယ်လေ။
ဆရာခမ်းလိတ်ကတော့ ရှားရှားပါးပါး မေ့လျော့မခံရတဲ့ သီချင်းရေးဆရာပါ။ ဒါကလည်း သီချင်းတွေမှာတွေ့ ရ ခံစားရတဲ့ သူရဲ့ စေတနာ မေတ္တာ ခံစားမှုတွေ ကြောင့် ဖြစ်မယ်။
သဘာဝရဲ့ ရင်သွေးငယ်လို သီချင်းဟာလည်း တကယ့်ကိုပဲ မြန်မာလူငယ်တွေရဲ့ ရင်ကို ထိမှန်စေတဲ့ သီချင်းကို။
မအယ်
ချိုသင်းရေ
ReplyDeleteဒီနေရာမှာတော့ ငြင်းခုံဖွယ်ရာမရှိ၊ ရင်ခုန်သံခြင်း တထပ်ထဲ ကျတယ်ပြောပြော ရင်ဘတ်ခြင်း ပလပ်တပ်ထားတယ်ပြောပြော၊ ထပ်တူထပ်မျှပါဘဲ။ ဆရာစိုင်းခမ်းလိတ်ရဲ့ စေတနာတွေ ပြန်ပြောင်းသတိရ မိအောင် ပြန်ပြောပြတဲ့အတွက် ကျေးဇူးအထူးပါ။ KM
အပေါ်ပိုင်း သုံး လေး ပိုဒ်လောက်ပဲဖတ်ရသေးတယ်။ အမေ့ဆီဖုန်းလှမ်းဆက်ပြီး သီချင်းစာအုပ်လေးထွက်နေပြီဆိုတဲ့ အကြောင်းပြောတော့ အမေက သိပြီးနေပြီတဲ့... အမေ့အကြိုက်ဆုံး သီချင်းရေးဆရာနဲ့ အဆိုတော်ဆိုရင်တော့ စိုင်းခမ်းလိတ်နဲ စိုင်းထီးစိုင်ပါပဲ။
ReplyDeleteဒီရောက်တော့ myanamar mp3 album ကနေ စိုင်းထီးဆိုင် သီးချင်းတွေချည်းပဲ ကူးပြီး ဒီဗီဒီနဲ့ burn ပေးလိုက်သေးလိုက်တာ... အမေ့မှာ ၀မ်းသာလွန်းလို့ ရွှေရတဲ့ အတိုင်းဖြစ်နေတာ သတိရမိတယ်။ အပိုတချပ်ပါ ထပ်ကူးထားပါတဲ့ ... ဒီတချပ်ပျက်သွားရင် နားထောင်လို့ မရတော့မှစိုးလို့တဲ့...
ချိုသင်းရေ
ReplyDeleteကျနော်တို့ နိုင်ငံကြီး စစ်မဖြစ်ရာမြေ ဖြစ်လာမယ့် နေ့ တနေ့ ၊ ကမ္ဘာတည်မယ့် မေတ္တာတွေ လွှမ်းခြုံထားတဲ့ မြေ ဖြစ်လာမယ့်နေ့ တနေ့ ၊ မိသားစုတိုင်း သီချင်းတွေ လွတ်လပ်ပျော်ရွှင်စွာ ခေါင်းခြင်းဆိုင်ပြီး သီဆိုခွင့်ရမယ့် နေ့ တနေ့ ကို ကျနော်တို့ အားလုံး မြင်ချင်တွေ့ ချင်ပါတယ်။ ဒီနေ့ သစ်ကို ဘယ်သူတွေက ဆောင်ယူလာမှာလဲ၊ ဖန်တီးပေးနိုင်မှာလဲ။ ဆရာခမ်းလိတ်ရဲ့ "နေ့ သစ်" သီချင်းလေး နားထောင်ပြီးတော့ လွမ်းမိပါတယ်။ KM
ဆယ်နှစ်နီးပါးစောင့်ခဲ့ရပြီးမှ...
ReplyDeleteဒီအချိန်မှာ သနားချစ်အဖြစ်... နှစ်သိမ့်ဆုလေးလောက်တော့...
ရသည်ဖြစ်စေ... မရသည်ဖြစ်စေ...
တောင့်တ ချင်ပါတယ်...။
စိုင်းခမ်းလိတ်.သီချင်းတွေ ကြိုက်တယ်။ နွဲံ့တင်နေရာကနေ ရင်ခုန်ခဲ့မိသေးဘူးတယ။်
ReplyDeleteငယ်ငယ်က.............
ReplyDeleteကလေးတို့ဘဝမှာ...
ပျော်ပါးဖို့အရမ်း... လွယ်ပါတယ်...
ကိုယ်ရတာနဲ့ ... တင်းတိမ် ရောင့်ရဲ... ဟဲအယ်...
စားချိန်မှာ ဝင်စားမယ်....
အိမ်ချိန်မှာ ဝင်အိပ်မယ်.........
အပူအပင်ကင်းးးးးးးးးးးးတဲ့
ကလေးလေး ဘဝကို
တခါပြန်ပြီး ရချင်သေးတယ်... အဲ့ဟယ်...
အပြစ်မရှိသေးတဲ့ ... ကလေးလေး ဘဝကို
တခါပြန်ပြီး ရောက်ချင့်သေ့းးးးတယ်....ဟယ်.....
အသက်ကြီးလာတာနဲ့အမျှ
ဖြူနေတဲ့ ဆံပင်တွေမည်းလာကြသလိုပဲ...
စိတ်ဓာတ်တွေကလဲ ညစ်ထေးလာကြလေတော့...
ဟမ်. တို့ ၆၀ ရှိတာ လူတွေ သိကုန်ပါပေါ့။
ReplyDeleteP.Ti ရေ OK0122L စက်ဘီး frame နံပါတ်ဆိုတာ ထက် သေချာပြန်စီကြည့်ရင် look ၁၂ ရက် ၂ လ ပြည်ထောင်စုနေ့ (ပင်လုံစာချုပ်) ကိုပြောတာလို့ ကြားဘူးတယ်။ သီချင်းခေါင်းစဉ်က ပျောက်ဆုံးသွားသော ဘီးကလေးပါ။ ပင်လုံစာချုပ်ကို ပျောက်ဆုံးသွားသော ဘီးကလေးနဲ့ နှိုင်းခဲ့တယ်လို့ ကြားဘူးပါတယ်
ReplyDeleteသီချင်းဆိုရတာကြိုက်တော့
ReplyDeleteငယ်ငယ်တုန်းကဆို
ကိုယ်ကြိုက်တဲ့အဆိုတော်တွေရဲ့
သီချင်းစာအုပ်တွေ ထွက်သမျှ ၀ယ်သိမ်းတာ
ကာရာအိုခေ မပေါ်ခင်ကဆို
ဒီတိုင်းလေးပဲ အိပ်ယာထဲမှာ ဟဲလိုက်
ရေချိုးခန်းမှာ ဟဲ လိုက်..း)
ဟေမာနေ၀င်း၊ စိုင်းထီးဆိုင်၊ မေဆွိ၊
အက်စ်ကဲနက်၊ တူးတူး၊ မင်းအောင်
...
စိတ်ပျော်လို့ ပဲ ဖြစ်ဖြစ်
စိတ်ညစ်လို့ပဲ ဖြစ်ဖြစ် ပါးစပ်ဖျားပေါ်
အော်တိုရောက်လာခဲ့တဲ့ သီချင်းတွေ က
သိပ်တော့ မများ လှပါဘူး
အဲဒီထဲမှာ သဘာဝရဲ့ ရင်သွေးငယ်
မိုးလုံးမှိုင်း နဲ့ ပျံသာ ပျံပါ ခွပ်ဒေါင်းနီ
သီချင်းတွေ က ထိပ်ဆုံး က
ဒီပို့စ်လေး ဖတ်ပြီး
ငယ်ဘ၀ တမ်းတမိပေါ့ ညီမ ရေ..
မမ ချိုသင်း ပြောတာနဲ့ စိုင်းထီးဆိုင် ကိုလွမ်းသွားပြီ...ဟုတ်တယ်..ဆရာဦးစိုင်းခမ်းလိတ်က အရမ်းတော်ပါတယ်..။ သူ့ သီချင်းလေးတွေ ဟာကိုယ်ပိုင်သံစဉ်ကြီးတွေပါပဲ...ဒီခေတ်မှာတော့ မရှိသလောက်ရှားသွားပါပြီ..။
ReplyDeleteအစ်မချိုသင်းရေ
ReplyDeleteဆရာစိုင်းခမ်းလိတ်သီချင်းတွေကို ကြိုက်ပါတယ်။ နောက်ပိုင်းကိုယ်ပိုင်သံစဉ်ရေးသူတွေ ဘာကြောင့်မီအောင်မရေးနိုင်တော့တာလဲမသိ။ သူတို့ ၃ ၄ ခွေဆိုရင်သံစဉ်တွေထပ်နေပြီ။
ဆရာစိုင်းတို့ဆို သီချင်းတွေ ထောင်ချီမှာ ထပ်မနေဘူး။ အင်ထရိုနားထောင်တာနဲ့ သီချင်းကို သိသာတယ်။
ခင်မင်စွာဖြင့်
သီဟသစ်
မမချိုသင်းရေ....
ReplyDeleteမိသားစု အေးအေးလူလူနဲ့ သီချင်းတွေ အလှည့်ကျဆိုညည်းခဲ့တဲ့ ဘ၀လေးက ချစ်စရာကောင်းလိုက်တာ နော်...။
ဘယ်အချိန်ပြန်တွေးတွေး..ကြည်နူးစရာပါလား...
ဘာပဲဖြစ်ဖြစ်ပိုင်ဆိုင်ဖူးခဲ့တယ် ဆိုတာနဲ့တင် ကျေနပ်နေပျာ်ဖွယ်ရာပါ မမရယ်..။
ချစ်တဲ့
အိန္ဒြာ
ဟုတ်ပအမရယ်။ စိုင်းထီးဆိုင် သီချင်းတွေဟာ တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့ တွေးစရာပါတဲ့ အရေးအသားတွေ လှပတဲ့ ဖွဲ့စည်းပုံတွေကြောင့် ငယ်ငယ်ဂီတာတီးတတ်စကထဲက ကြိုက်ခဲ့တာ။
ReplyDeleteတစ်ခေတ်မှာ တစ်ယောက်ထွန်းတောက်သလိုမျိုးတွေပါဘဲ။
ချိုသင်းတို့ မိသားစုလေးက အေးချမ်းလိုက်တာနော်..။
ReplyDeleteတို့တွေလည်း ဘီးနံပါတ်အိုကေသုညရယ်.ဘီးကလေးကိုစီးပြီး အချစ်ကလေးကို တင်ပြီး သီချင်းလေးတွေက ဖေဖေတို့ ကြိုက်တဲ့ သီချင်းလေးတွေပေါ့... သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ် သီချင်းကတော့ တို့အတွက် အရေးကြီးတဲ့နေရာက ပါခဲ့သေးတယ်..အဟဲ...
ပြောရင်းဆိုရင် ထပ်လွမ်းသွားလို့ သီချင်းတွေ ထပ်နားထောင်လိုက်ဦးမယ်..။
မောင့် အ၇ိုင်းပန်းက တကယ့် အဖြစ်အပျက် ကိုရေးထားတာလို့ ပြောတယ်ဗျ။
ReplyDeleteကျနော်လည်း ကြားဖူးလို့ပါ။
မောင်လေး ရီနို
ဆရာစိုင်းခမ်းလိတ် သီချင်းတွေကတော့ မကြိုက်တာ မရှိလောက်အောင်ကိုပါ....ဒီလောက်ကောင်းတဲ့ သီချင်းတွေ အများကြီး ထိုင်ပြောရင် တစ်ညနဲ့လည်း ပြီးမှာမဟုတ်ပါဘူး...။အခုထိ သူ့သီချင်းတွေ အရူးအမူး နားထောင်နေဆဲ....။
ReplyDeleteI would like to argue to those who misunderstood about a song " The Wild Ones" which was used in a film "Par Pi Ma" produced by Major Tin Thann Oo. They asked Sai Kham Leik to allow them for using that song in their propagating film. One of my senior person had seen that letter from a composer. A composer was unable to deny due to many reasons. But SK Leik never compose any policy song for them and when (Mya Wa Ti)made an interview with him in 1996 and asked him that we haven't seen your songs assiting to country( Tain Kyo Pyi Pyu). SK Leik replied strongly," All my songs are benefitting to people and country". Moreover, a song,"Mg' a Yein Pann" was not composed by SK Leik but his sibling Late Sai Kham Thi. I would like to share you all SK Leik's poem.
ReplyDeleteWe speak in the dark,
We whisper during the night;
For all this and after tomorrow,
To laugh in the open light.
Sai Kham Leik
21.6.1969
Unfortunately, we haven't got the opportunities to listen and access many of his songs which are still waiting in the dark; such as,
ReplyDeleteBeyond the Darkness,
The Most Beautiful Period of Salween
Passing by, Without Resting
A Story of Sai Hto Nao
Release Tai Literature
Be Patriotic Forever
The Land I Dream Of and so on.
I hope we could listen his everlasting songs in the open light one day.
" If you believe more tomorrow than today,
Then you can come to where a hope is the thing."
From " The Wild Ones"
Sai Kham Leik
ဆရာစိုင်းခမ်းလိတ်တို့ ကိုနေဝင်းတို့ ဂီတအစပိုင်း ကာလ တပိုင်းတစ ကို မောင်သစ်မင်း ရဲ့ တေးမြုံငှက် ဆိုတဲ့ ဝတ္ထုမှာ ဖတ်နိုင်ပါတယ်။ အဲဒီစာအုပ်က နောက်ပိုင်း ပြန်ထုတ်ဖြစ်လားတော့ မသိ၊ မထုတ်ဖြစ်ရင်တော့ တော်တော်လေး ရှားနေလောက်ပြီ။
ReplyDeleteစိုင်းထီးဆိုင်ကနေ ပါရမီရှင်ဆိုပြီးထွက်တာ ဆရာစိုင်းခမ်းလိတ်ရေးတာတွေ မဟုတ်တော့ အရသာ ပေါ့သွားတယ်။ အစ်မပြော ၂ယောက်ပေါင်းမှ နတ်ဖက်တဲ့ အတွဲဖြစ်မယ်။
ReplyDeleteဒါနဲ့ နိစ္စဓူဝ လို့ ပေါင်းမယ်ထင်တယ်။
သင်တုန်းကတော့ သင်လိုက်ရတဲ့ပညာတွေ
ReplyDeleteကမ္ဘာမြေကို အုပ်စိုးဖို့ ဘယ်လောက်ကျနေ
ကိုယ်ဘွဲ့ရတော့ ရှာထားခဲ့တဲ့ ဒီအတတ်တွေ
အသုံးဝင်ပေမယ့် ဘယ်သူမှ မသုံးပေ
အတောင်အလက် ပြည့်ပြီးကာမှ ကောင်းကင်လိုင်စင် မရလို့
မပျံနိုင်တဲ့ ငှက်ကလေးလို
တို့များရဲ့ ဘဝဟာလေ တကယ့်လူမှန် နေရာမရှိတဲ့
ခေတ်လူငယ် ခြေကျတွေ
ကျွန်တော် အဲဒီ သီချင်းကို အကြိုက်ဆုံးပဲ။ ဆင်ဆာငြိလို့ ထွက်ခွင့်မရလိုက်ဘူး ကြားတယ်။ နောက်မှ မွန်းအောင် ပြန်ဆိုတာ ကြားဖူးလိုက်တယ်။
အစ်မရေ...
ReplyDeleteဘိုထီးကိုလည်းအရမ်းကြိုက်တယ်။
စိုင်းခမ်းလိတ်ကိုလည်းအရမ်းကြိုက်တယ်
ဂန္တ၀င်တွင်ရစ်မယ့် သီချင်းရေးဆရာကို ပြပါဆိုရင် သူ့ပဲ ပြစရာရှိတာပါ။ သူ့သီချင်းတွေ နားထောင်တဲ့အခါတိုင်း နူးညံ့ပြီး ဆွတ်ပျံ့တဲ့ အတွေးလေးတွေ ကွန့်မြူးခဲ့ရတာချည်းပဲ။ အကြိုက်တူပါတယ်..
ReplyDeleteခင်မင်လျက်
မိုးမောင်
ပလက်ဖောင်းမင်းသားကို အကြိုက်ဆုံး။
ReplyDelete"မျက်ရည် ကျပြီး လိုက်ခေါ်သူရယ် မရှိ
သေလိုက သေနိုင်၏ ရှင်လိုက ရှင်နိုင်၏"
" လူဆိုတာက တော်ရုံနဲ့ သေခဲ .. ကြာလာတော့လဲ ခံနိုင်ရည်နဲ့ ၀" ဆိုတဲ့ စာသားလေးတွေ ..။
ချိုသင်းရေ....
ReplyDelete“ထာဝရငြိမ်းချမ်းမှု ရှာကာ ပျော်ရွှင်နေ” လို့ ဆိုခဲ့တဲ့ ကိုထီး ရော..ထာဝရငြိမ်းချမ်းမှု ကိုတွေ့သွားရဲ့လားမသိဘူး...။
http://www.youtube.com/watch?v=cFxGZxQFujA&
ReplyDelete