Thursday, May 21, 2009

ထာဝစဉ်

အခုတလော ဘလော့မရေးနိုင်တာ ကြာပါပြီ။ မရေးနိုင်တဲ့ အကြောင်းကတော့ ကိုယ်ရေးတာထက် သူများရေးတာတွေချည်း စိတ်ဝင်တစား လိုက်ဖတ်နေမိလို့ပါ။ စိတ်မရွှင်တာလဲ ပါတာပေါ့။ တနေ့တနေ့ သတင်းတွေကို ၀င်းဒိုးတွေ အများကြီး ဖွင့်ပြီး ဖတ်နေတာ။

ဒီနေ့မနက်မှာတော့ မမအယ်ဇီ က အဖေ့ရဲ့ ထာဝစဉ် ကဗျာလေး ပြန်တင်ပေးပါ လို့ ပြောလာတာမို့ မဖတ်ဖြစ်တဲ့သူများ ဖတ်ရအောင် ပြန်တင်ပေးလိုက်ပါတယ်။ ဒီဘလော့ကို စလုပ်တာ မနှစ်က ဇူလိုင်လ ၂၆ရက်။ မလုပ်တတ် လုပ်တတ်နဲ့ စလုပ်မယ်ဆိုတော့ ဘလော့ကို ကူညီလုပ်ပေးတဲ့ မသဒ္ဓါ က အစမ်း တပုဒ်လောက် ရေးပြီး ပို့စ် တင်ကြည့်ပါလား တဲ့။

ချက်ချင်းဆိုတော့ ဘာရေးရမှန်းလဲ မသိ၊ ဒါနဲ့ ကိုယ့်စိတ်ထဲမှာ အမြဲစွဲနေပြီး အလွတ်ရနေတဲ့ ဒီကဗျာလေးကို ချရေးပြီး ပထမဆုံးပို့စ် အဖြစ် ဒီဘလော့ကို စ ဖွင့်ခဲ့တာပါ။ ကဗျာနံမည်က ထာဝစဉ် တဲ့။

ဒီကဗျာလေးကို အဖေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးခဲ့တာပါ။ မတရားအကျဉ်းကျခံနေရတဲ့ ဒေါ်စုကို အပြင်မှာ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း သူလုပ်ချင်တဲ့ အလုပ်တွေ လုပ်နေတာကို တွေ့ချင် မြင်ချင်စိတ် အင်မတန်ပေါက်တယ် တဲ့။

ဒါပေမဲ့ ကဗျာဆရာက သူစိတ်ဖြေလိုက်ပါတယ် တဲ့၊ မမြင်ရလည်း ကိစ္စမရှိပါဘူး၊ မတွေ့ရလဲ ကိစ္စမရှိပါဘူး၊ သူ့ကို သတိရလွမ်းဆွတ်စိတ်နဲ့ သူဖြစ်စေချင်တဲ့ လွတ်မြောက်ရာ လမ်းကို အလုပ်လုပ်ရင်း စိတ်ဖြေလိုက်ပါတယ် တဲ့။ ကဗျာလေးကို အောက်မှာ ပြန်ဖော်ပြထားပါတယ်။ ဖတ်ကြည့်ပါအုံးရှင်။

ထာဝစဉ်

မမြင်ရလည်း
သင်က ရဲဘော်ပင်။

မကြားရလည်း
အနားက ရဲဘော်ဟာ သင်။

မတွေ့ရလည်း
မနေ့က အတိုင်းပင်။

နေ့ရက်ကြာလည်း
သစ္စာမပျက်၊ အောက်မေ့လျက်နှင့်
တသက်သက်ပ ၊ လွမ်းဆွတ် တ ကာ
ဘ၀ကို မြှုပ်၊ အလုပ်လုပ်သည်
ဝိမုတ္ထိလမ်း
ထာဝစဉ် ။ ။

တင်မိုး

အဖေ ဒီကဗျာလေးကို အဲဒီတုန်းက နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်သွားပေးခဲ့ပါတယ်။ အဖေနဲ့အတူ ကိုယ့်အမ မနှင်းနဲ့ ကိုယ်ပါ လိုက်သွားခဲ့တာမို့ ပန်းချီကားနဲ့ တွဲရက် ဒီကဗျာလေး ဖတ်ပြီး သူ ပြုံးနေခဲ့တာ ခုထိ မှတ်မိနေပါတယ်။

အခုအချိန်ထိ “မမြင်ရလည်း သင်က ရဲဘော်ပင်” လို့ ဆိုနေရတုန်းကိုတော့ တကယ်ပဲ ၀မ်းနည်းနေမိပါတယ်။


မိုးချိုသင်း

Friday, May 15, 2009

တရား နှင့် ဓား

အခုတလော စိတ်ထဲမှာ တော်တော် စိတ်မကောင်းဖြစ်နေတာပါ။ ကိုယ့်ဘလော့မှာ ခေါင်းစည်းတင်ထားတဲ့ “တရားနှင့်ဓား၊ အားနှစ်အားတွင်၊ တရားကိုချစ်၊ ဓားကိုပစ်အံ့၊ စစ်ကို ငါတို့ မုန်းပါသည်” ဆိုတဲ့စာသားကို တော်တော်ဘ၀င်မကျ၊ သံသယ ဖြစ်နေမိတာပါ။

တရား နိုင်ဖို့အတွက် ဓားကိုတော့ ပစ်လို့ မရဘူးထင်တယ်လို့ မိတ်ဆွေတယောက်က ပြောဖူးတာကိုလည်း သတိရနေတယ်။ ဒါကြောင့် စိတ်လဲ မရွှင်တာမို့ စာရေးဖို့ အတော်တွန့်ဆုတ်နေမိပါတယ်။

ဒါနဲ့ အဖေ့ ကဗျာလေးတွေ ဟိုဟိုဒီဒီ လျှောက်ဖတ်ရင်း ဒီကဗျာတပုဒ်ကို ဂျပန်က မိုးသောက်ကြယ် ဘလော့မှာ ပြန်ဖတ်ဖြစ်ပါတယ်။ အဖေ့လက်ရေးမူနဲ့ တင်ထားတာပါ။ စိတ်အတော်နူးညံ့ပြီး ငြိမ်းငြိမ်းချမ်းချမ်းသာ နေချင်တဲ့ ကဗျာဆရာကို ဘယ်လို အဖြစ်အပျက်တွေက ဒီလိုကဗျာမျိုး ရေးဖို့ တွန်းအားပေးလိုက်သလဲ လို့ စဉ်းစားမိတာ အကြာကြီး။

ရင်ထဲက ခံစားရလွန်းတဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေကို ဒီကဗျာနဲ့ ဖွင့်ထုတ်လိုက်ပုံရပါတယ်။ အခုလဲ ကိုယ့်စိတ်ထဲ မွန်းကြပ်နေတာမို့ ဒီကဗျာလေးကို ကိုယ့်မှတ်တမ်းမှာ ပြန်တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

တော်လှန်ရေး တပ်သား

ကျုပ်တို့လိုချင်တာက
ဗုန်းတွေဗျ ဗုန်းတွေ
စကားလုံးတွေ မဟုတ်ဘူး။

အတွေဝေဆန်တဲ့
အစေခံတွေ မလိုချင်ဘူး။

အခြေမှန် အနေမှန်
အဖြေမှန်နဲ့
မတွေဝေတဲ့ ဥာဏ်နဲ့
ပြတ်သားတဲ့ အသေခံတပ်သားတွေကို လိုချင်တယ်။

အချိန်ဆွဲဖို့
ထမိန်လဲနေတဲ့
လူလိမ်ငနဲတွေကို
ခပ်မိုက်မိုက်နဲ့ အပြတ်တိုက်မှ ဖြစ်မယ်။

ကျုပ်ကတော့
အပေါ်ယံ ဖြတ်စားလပ်စား မကြိုက်တဲ့
တော်လှန်ရေး တပ်သားမိုက်ပဲ။

စကားမရှုပ် မတရား မလုပ်ပေမဲ့
ဓားကိုတော့ ဆုပ်ထားရဦးမှာပဲဗျ။ ။

တင်မိုး
၂၃၊ ၈၊ ၂၀၀၁

အဖေ ချစ်တဲ့ တော်လှန်ရေး တပ်သားတွေကို ကိုယ်လဲ ချစ်ခင်နေမိပါတယ်။


မိုးချိုသင်း

Wednesday, May 13, 2009

Zumba

မနေ့က ကိုယ် သင်တန်းတခု စ အပ်ပါတယ်။ ဆရာဝန်က ကိုယ့် ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတခုခု မဖြစ်မနေ လုပ်ရမယ်လို့ အကြံပေးလို့ပါ။ နို့မို့ဆိုရင်တော့ ဆေးတွေ တိုးပြီး ထိုးရ၊ သောက်ရတာသာ အဖတ်တင်ပါလိမ့်မယ် တဲ့။

ဒါနဲ့ ဆရာဝန်ရယ်၊ သူငယ်ချင်းတွေရယ်၊ မိသားစုရယ် ၀ိုင်းပြီး ဂရုစိုက်လိုက်ကြတာ လူလဲ စိတ်ဓာတ်တော်တော်ကျသွားတယ်။ ကိုယ့်ကို ဂရုစိုက်တာ ချစ်ခင်လို့ ပြောကြတာမှန်း သိတာပေါ့။ ဒါပေမဲ့ ကိုယ်က လိုက်မလုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကို အမြဲ အပြစ်မြင်မိပြီး အဲဒီစိတ်က ၀န်ထုပ် ၀န်ပိုးကြီး တခုလိုဖြစ်နေတာပါ။ အတော်ခံရခက်တဲ့ ဝေဒနာပါပဲ။

ဒါနဲ့ အိမ်နဲ့ နီးနီးနားနားက Community Center မှာ ညနေဖက် လမ်းလျှောက်ရင်း သင်တန်းလေးတွေ သွားစုံစမ်းမိတယ်။ ကောင်တာက မိန်းမချောလေးက ကိုယ့်ကို လမ်းညွှန်ပါတယ်။ Zumba ဆိုတဲ့ သင်တန်းက ကိုယ်နဲ့သင့်တော်မယ် လို့ ထင်ပါသတဲ့။ သူက သီချင်းလေးတွေ ဖွင့်ပြီး သက်သက်သာသာ လေ့ကျင့်ခန်း လုပ်ရတာမျိုးပါ တဲ့။

ဒါနဲ့ ကိုယ်လဲ အချိန်စာရင်းကြည့်လိုက်တော့ တပတ်မှာမှ တရက်တည်း၊ အဲဒီတရက်မှာလဲ ၁နာရီ ဆိုတော့ လုပ်နိုင်လောက်တယ် ဆိုပြီး ပိုက်ဆံသွင်းလိုက်တယ်။ အိမ်နဲ့ ၅ မိနစ်လောက် လမ်းလျှောက်ရုံအကွာအဝေးဆိုတော့လဲ အဆင်ပြေတယ်လေ။ ဒါနဲ့ မနေ့က ရုံးအပြန် ညနေစာ စောစောစားပြီး အိမ်က လူကုန် ကိုယ့်ကို ကလေးကျောင်း လိုက်ပို့သလို လိုက်ပို့ကြတယ်။

ကိုယ်ရောက်တော့ စောနေသေးတယ်။ ခမ်းမကျယ်ကျယ်တခုမှာ သင်တန်းပေးမှာ။ ကိုယ်က အသစ်ဆိုတာ သိနေတော့ သင်တန်းမစခင် စကားစမြည် လာပြောကြတယ်။ မိန်းကလေးတွေ ချည်းပဲ။ လူငယ်တွေများပါတယ်။

ဘယ်လိုသင်ပေးတာလဲဆိုပြီး မေးကြည့်တော့ သင်တန်းဆရာမက သီချင်းအတိုင်း လှုပ်ရှားတာကို လိုက်လုပ်ရုံပဲ တဲ့။ ရီစရာတော့ ကောင်းတယ်၊ ဒါပေမဲ့ မရှက်ပါနဲ့ တဲ့။ အဓိက က ကိုယ်လက်လှုပ်ရှားဖို့ပဲ ဆိုတော့ သူလုပ်သလိုသာ လိုက်လုပ်ပါ တဲ့။ ချွေးထွက်ဖို့သာ ပြင်ထားပေတော့ တဲ့လေ။

ဒါနဲ့ ဆရာမလာတော့ သီချင်း စ ဖွင့်တယ်။ ဆရာမက ဘော်ဒီတောင့်တောင့်။ အားကစားသမား အကြိုက်။ သီချင်းကတော့ ထုံးစံလို အမြူးသီချင်းပါ။ ကိုယ်ကတော့ ရှက်ရှက်နဲ့ နောက်နားကျကျမှာ သွားနေတာ ကိုယ့်နောက်မှာ ကောင်မလေး တယောက်သာ ကျန်တော့တာ။ အဲဒီကောင်မလေးကတော့ ကိုယ့်ထက်များ ပိုရှက်သလား မသိ၊ နံရံနဲ့တောင် ဖြစ်နိုင်ရင် ကပ်နေမဲ့ပုံ။

သီချင်း ဖွင့်တာနဲ့ ဟေးဟေးဟားဟား သူတို့ လုပ်ကြတယ်။ ပထမတော့ ခြေထောက်လေး လှုပ်ရုံပါပဲ။ နောက်တော့ သီချင်းအတိုင်း သွက်လိုက်ကြတာ ကိုယ့်မှာ ပါးစပ်အဟောင်းသား။ ကိုယ်လဲ ကမန်းကတန်း အမီ လိုက်ရတော့တာ။

ကိုယ်လဲ လိုက်တော့ လိုက်တာပါပဲ။ ဒါပေမဲ့ ယုန်တောင်ပြေး ခွေးမြောက်လိုက် ဆိုသလို ဖြစ်နေပါပြီ။ ဆရာမက သီချင်းဆိုနေတဲ့ကြားက ဘာတွေ သဘောကျတယ် မသိ၊ တဟီးဟီးရီပြီး ညာဖက်ကို ပြေးသွားရင် ကိုယ်က ဘယ်ဘက်ကို ပြေးမိရက်သားကြီး။ သူက နောက်ကို သုံးလှမ်းလောက် ဆုတ်ရင် ကိုယ်က ၇လှမ်းလောက် ဆုတ်မိနေပေါ့။

လက်တွေကိုလဲ ဆန့်လိုက် ကွေးလိုက်နဲ့ လုပ်ကြသေးတယ်။ ဘယ်ဘက်လက်ကို ဘေးကို ဆန့်လိုက် ကွေးလိုက် လုပ်တော့ ကိုယ်က ညာဖက်ကို အားရပါးရ ထုတ်လိုက်တာ ဘေးက ခလေးမကို ထိုးမိတော့မလို့။ ဘေးကကြည့်ရင် သီချင်းနဲ့ က နေတာနဲ့ မတူဘဲ ရန်များဖြစ်သလား ထင်မယ်။

နောက်တော့ လက်ကို အပေါ်ကိုမြှောက် ပြီး မက္ကဆီကန် အကတွေ ကသလို သူတို့ က ကြပြန်တယ်။ ကိုယ့်မှာတော့ လက်လဲ မြှောက်ထားပါရဲ့၊ ဒါပေမဲ့ က တာနဲ့ မတူ၊ ဒို့ အရေး လုပ်သလိုမျိုး လုပ်မိတယ်။ ဒီတခုတော့ ပိုင်သလေ။ ဘေးကများကြည့်ရင် ဘယ့်နှယ့်ဟာကြီးပါလိမ့် ထင်မှာ။

ခက်တော့နေပါပြီ။ ကိုယ်တော့ နေရာမှားပြီ ထင်ပါရဲ့။ ကိုယ်က လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းလွန်းလို့ အိမ်မှာ မလုပ်ဘဲ အဖော်အပေါင်းရှိတဲ့ သင်တန်းလာတက်မိတာ အမှားကြီး မှားပါပြီ။ ကိုယ်က သီချင်းလေးနဲ့ နူးနူးညံ့ညံ့ ထင်မိတာကိုး။ နောက်တော့ ရပ်ပြီး ရီနေမိတော့တာပေါ့။

ကိုယ်ရီတော့ ဆရာမကလဲ သဘောကျပြီး ရီတယ်။ ပြီးတော့ လုပ် လုပ် ဆိုတဲ့သဘော ကိုယ့်ကိုအားပေးသလိုမျိုး မေးထိုးပြတယ်။ ရပ်မနေနဲ့ ဆိုတဲ့သဘော။ သီချင်းကလဲ မရပ်မနား non stop! အဲဒီတော့ သူ ကြိုးတွေ လုံးသလို လုပ်ရင် ကိုယ့်မှာလဲ လိုက်လုံးရ၊ ရေကူးသလိုမျိုး ကူးနေရင် ကိုယ့်မှာလဲ လိုက်ကူးရ။ သူက ဟန်ပါပါ ကိုယ်လေးကို လှည့်တော့ ကိုယ်က စကောဝိုင်း လိုက်သလိုမျိုး ရွှီးကနဲပဲ။

ဆရာမက ကိုယ့်ကို မျက်စိကျသွားပုံပဲ။ ဒါမှမဟုတ် ကိုယ်ခိုနေတာကို သိသွားလို့ရင်လဲ ဖြစ်မယ်၊ ကိုယ့်ဘေးနားလာပြီး ကိုယ်နဲ့အတူ လုပ်တော့တာပါ။ ဂွတော့ ကျနေပါပြီ။ သူက ကိုယ့်ကို အသစ်ဆိုပြီး တွဲခေါ်နေတာပါ။ သူ က တာ အင်မတန်လှတာပါ။

တကယ်က ဒီတခန်းလုံးမှာ သူ့နီးပါး လိုက်လုပ်နိုင်တာ ၃ယောက်လောက် ရှိတာပါလေ။ ကျန်တဲ့လူတွေက သူ့ကိုကြည့်ပြီး လိုက်လုပ်ကြတာ။ ဒါပေမဲ့ သူတို့က ဒီမှာမွေး၊ ဒီအကတွေနဲ့ ကြီးခဲ့ကြတာမို့ နည်းနည်းပြရင် သဘောပေါက်ကြတယ်။ ကိုယ့်မှာသာ အစိမ်းသက်သက်။ ကိုယ်တို့ မြန်မာဆီမီးခွက် အကလောက်ဆို ကိုယ်လိုက်နိုင်မှာ အမှန်ပါ။

ဆရာမက မြန်လဲမြန်သေးတယ်။ သူရှေ့ကို ပြေးသလိုလုပ်တော့ ကိုယ်လိုက်ပြေးရင်ဘဲ သူက နောက်ပြန်ဆုတ်နေပြီ။ သူအဆုတ် ကိုယ်အတက် တိုက်မိတော့မှာ။ တခါမှာ မျက်နှာချင်း အတော်နီးသွားလို့ သူလဲ လန့်သွားတယ်။ ဒါနဲ့ ဟိုးရှေ့မှာပဲ သွားပြန်လုပ်နေတော့တယ်။

အချိန်က တနာရီမို့ပဲ။ တကမ္ဘာလောက်ကြာသလို ခံစားမိတယ်။ ချွေးတွေလဲ တကိုယ်လုံး ရွှဲနေပြီ။ ဒါနဲ့ သီချင်းလဲဆုံးရော ဂွတ်ဒ်နိုက် တဲ့။ ဒီစကားအချိုဆုံးပဲ။ သင်တန်းပြီးသွားတဲ့သဘော အားလုံးပျော်ပြီး ဟူးးးး ရေးးးး နဲ့ လက်ခုပ်တီးကြတော့ ကိုယ့် လက်ခုပ်သံ အကျယ်ဆုံး ထင်မိတယ်။

နောက်တပတ်သွားဖို့တော့ စဉ်းစားကာ နေရအုံးမယ်။


မိုးချိုသင်း

Sunday, May 10, 2009

ဆံပင်ညှပ်တဲ့နေ့

မနေ့က ဆံပင်သွားညှပ်ပါတယ်။ ဆံပင်ညှပ်ဆိုင်ရောက်တော့ လူများနေတာနဲ့ စောင့်နေရသေးတယ်။ ဒါတောင် ဖုန်းကြိုခေါ်ထားတာပါ။ ညှပ်တဲ့အမျိုးသမီးက တယောက်တည်းလဲ ဖြစ်ပြန်၊ သူညှပ်တာလဲ မဆိုးဘူးဆိုတော့ လက်မလည်နိုင်ဘူး။ ဒါနဲ့ မဂ္ဂဇင်းထိုင်ဖတ်ရင်း ကိုယ့်အလှည့်ရောက်အောင် စောင့်နေရတာပေါ့။

ကိုယ်က ပြုပြုပြင်ပြင် မရှိ၊ မနေတတ်တာ သူကံကောင်းတာလား မသိဘူး။ မိန်းကလေးများ ပြုပြင်ရင် ကုန်မဆုံးတာမို့ သူကံကောင်းတာလို့ ပြောရတာပါ။ ဒါပေမဲ့ တခြား မိန်းကလေးတွေ ပြင်ပြင်ဆင်ဆင်နေရင်တော့ သဘောကျတာ အရမ်းပဲ။ ကိုယ်ကိုယ်တိုင်သာ မလုပ်ဖြစ်တာရှိမယ်၊ သူများပြင်ရင်တော့ သဘောကျလို့ တပြုံးပြုံးနဲ့နေတယ်။

ရုံးမှာလဲ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ လှလှပပ ပြင်ဆင်ဝတ်စားထားရင် ကိုယ်က သတိထားမိတော့ ချီးကျူးစကားပြောမိတယ်။ သူတို့ကလဲ ကျေနပ်လို့။ ယောကျာင်္းလေး တယောက်က လှတယ် ပြောတာထက် မိန်းကလေးအချင်းချင်း လှတယ် ပြောတာကို ပိုတန်ဖိုးထားတယ် ဆိုပဲ။ နောက်တော့ တခုခု အသစ်အဆန်းလေး ပြင်ဆင်လာတိုင်း ကိုယ့်အခန်းထဲ ၀င်လာပြီး ပြရတာအမော။

ကိုယ်ကတော့ ပုံတုံးပါ။ မတုံးခံနိုင်ရိုးလား။ အခုလို ဆံပင်ညှပ်တာတောင် သူ့ဆံပင်ရှည်နေလို့ ညှပ်ဖြစ်တာ။ ကိုယ်ပြောတာ ရှုပ်သွားပြီလား မသိဘူး။ ကိုယ်တို့နှစ်ယောက်က ဆံပင်ညှပ်လဲ သူနဲ့အတူတူ သူညှပ်တဲ့ဆိုင် ကိုယ်လိုက်ညှပ်လိုက်တာပါ။ ထူးထွေ ပြင်နေတာ မဟုတ်ပါဘူး။

ကိုယ် ဆံပင်ညှပ်ဆိုင်ကို သွားတဲ့အချိန်က သူဆံပင်ရှည်တဲ့အချိန်လို့သာ မှတ်ထားလိုက်တာပါပဲ။ ညှပ်ပြီဆိုလဲ ထိုင်ခုံမှာ ထိုင်လိုက်တာနဲ့ ဘာပုံညှပ်မလဲဆိုရင်လဲ လိုက်မဲ့ပုံသာ ညှပ်ပေးပါ ပဲ။ သိပ်ပြီး ပုံဆိုးပန်းဆိုး ဖြစ်မသွားရင် တော်ပါပြီ။ ဒါပေမဲ့ တခါတလေကျရင် နာဇီအကျဉ်းစခန်းက ထွက်လာတဲ့ သူလို ဆံပင်တွေ မညီမညာ ဟိုထိုးဒီထောင် ဖြစ်လာတတ်သေးတယ်။ အဲဒီအခါကျတော့လဲ ရှိစေတော့ ပေါ့။

ငယ်ငယ်တုန်းကတော့ ကိုယ်က ဆံပင်အရှည်နဲ့ပါ။ မရှိမဲ့ ရှိမဲ့ ဆံပင်လေးကို စုလိုက်၊ ထုံးလိုက် ကံ့ကော်ပန်းလေး ပန်လိုက် လုပ်တတ်သေးတယ်။ ကြီးလာတော့ စိတ်မရှည်တော့ဘူး။ မလေးရှားမှာ တခါ ဆံပင်သွားညှပ်မယ် ဆိုတော့ အိုက်လဲ အိုက်နေတာမို့ ဆံပင်ညှပ်လိုက်ရင် ကောင်းမလား မသိဘူးဆိုပြီး မေးပြောပြောမိတော့ ကတုံးတုံးပြီး ဘေးကြောင်းလေးတွေ ဖော်လိုက်ပါလား တဲ့။ ဒါနဲ့ သူလဲ သဘောတူသားပဲ ဆိုပြီး တိုတိုလေး ညှပ်ခိုင်းလိုက်တယ်။

အပြင်မှာ သူငယ်ချင်းနဲ့ စောင့်နေတဲ့သူက ကိုယ်ညှပ်နေတာကို တချက်လှမ်းကြည့်လိုက်တော့ ကတ်ကြေးထဲမှာ ဆံပင် အရှည်ကြီး ပါသွားပြီ။ ချက်ချင်း ဆိုင်ထဲ ပြေးဝင်လာပြီး ဟာ..တကယ်ညှပ်လိုက်တာလား တဲ့။ သူ့စကားနားထောင်ပြီး ကတုံးတုံးမယ်ထင်လို့ လန့်သွားတယ်။ ဘေးကကို မခွာတော့ဘူး။

တကယ်တော့ ဆံပင်ညှပ်တာ အနုပညာတမျိုးပဲ လို့ ကိုယ်က ထင်မိတယ်။ ဆံပင်ညှပ်မဲ့သူက သူ့ကို ခေါင်းအပ်လိုက်ပြီဆိုတာနဲ့ လှအောင် ပုံဖော်ပေတော့။ တချို့တွေလဲ သပ်သပ်ရပ်ရပ်လေး ဖြစ်သွားပြီး ပိုလှသွားတယ်။ တချို့ကျတော့လဲ ပိုဆိုးသွားတာ အမှန်ပဲ။ ထိုင်နေရင် အကောင်းသား၊ ဆံပင်ညှပ်ဆိုင်သွားမှ လူမိုက်လိုလို ဘာလိုလို ဖြစ်သွားတယ်။

တချို့ကျတော့လဲ စက်ကတ်ကြေးနဲ့ ကတုံးလို ပြောင်အောင် ထိုးလိုက်တာပဲ။ ထိပ်မှာသာ ဆံပင်ရေးရေးလေး ကျန်တယ်။ အဲဒါကိုပဲ သူ့မှာ ဟိုဖက်လှည့်ကြည့်၊ ဒီဖက်လှည့်ကြည့်နဲ့ ကြည့်မပြီးဘူး။ ကတုံးလိုလိုမှာ ဘယ်က အစ ထွက်မှာမို့ မှန်ကွဲအောင်ထိ ကြည့်နေသလဲ မသိ။ ပြီးမှ ကျေနပ်ပြီး tips များများပေးလိုက်တယ်။

တချို့ကျတော့လဲ ဆံပင်ထူထူပုံစံ ဖြစ်အောင် ညှပ်ပေးပါ တဲ့။ ကြည့်လိုက်တော့ နှစ်မွှေးလား ရှိတယ်။ ညှပ်တဲ့လူကလဲ ဒီနှစ်မွှေးကို ဘယ်လိုထူထူ ညှပ်မလဲ ကိုယ်က စိတ်ဝင်စားနေတယ်။ ဆံပင်ကို အသာလေး လက်နဲ့ ဆွဲပြီး ဘီးနဲ့ သုံးလေးခါ ဖီးတယ်။ ဟိုဖက်ကို ဆွဲပြီး နည်းနည်း တိတယ်၊ နောက်ကို နည်းနည်းယူပြီး အသာလေး တိတယ်။ ၅မိနစ်လောက်နေတော့ ခပ်ထူထူပုံ ဖြစ်သွားပြီဆိုတဲ့သဘော လက်ကို ချထားလိုက်တော့တယ်။ ပြီးသွားပြီလို့ ဆိုလိုချင်တာများလား။ ဒါမှမဟုတ် လက်လျှော့သွားတာလဲ ဖြစ်နိုင်တယ်။

အဖေကျတော့ တမျိုးပါ။ ကိုယ်က ယောကျာင်္းလေးဆို ရိုးရိုးဘိုကေမှာ ဆံပင်တိုတိုညှပ်ထားရင် ချစ်စရာကောင်းတယ် ထင်တတ်သူ။ ဒါကြောင့် အဖေ့ကို ဆံပင်တိုတိုပဲ ညှပ်စေချင်တာ။ အဖေကတော့ ဆံပင်ညှပ်ထိုင်ခုံမှာ ထိုင်လိုက်တာနဲ့ ငြိမ်ငြိမ်နေရတော့ ချက်ချင်း အိပ်ပျော်သွားတာပါ။ အိပ်တာတောင် ပြုံးပြုံးကြီး အိပ်ရင်း အညှပ်ခံနေတာ။

ညှပ်တဲ့သူက ခုံကို လှည့်ပတ် မွှေ့ပြီး ညှပ်နေလဲ အိပ်နေတုန်း။ ညှပ်တဲ့သူက သဘောကျပြီး ကိုယ့်ကို လှမ်းပြသေးတာ၊ တွေ့လား မင့်အဖေ အိပ်နေပြီ ဆိုသလိုမျိုး။ ဆိုင်ရှင်ကလဲ ကိုယ်တို့ကို ခင်နေပြီ။ ကိုယ့်အမျိုးသားက အဖေ့ကို ဆံပင်ညှပ်တဲ့သူကို အမြဲတမ်း tips များများ ပေးတော့ လူများလို့ အဖေ မစောင့်နိုင်ရင်တောင် ဆိုင်ရှင်က လိုက်ခေါ်တာပါ။ ထွက်လာတော့လဲ ဒီပုံ ဒီပုံပါပဲ။

ကိုယ့်အမေကျတော့ ဆံပင်ညှပ်တဲ့ပေါ်မှာ ယူဆပုံ တမျိုးပါ။ ဆံပင်က လူ့ရုပ်ကို ပြောင်းစေတာမို့ လက်ရာ ကောင်းကောင်းဆိုင်မှာသာ ညှပ်စေချင်တာပါ။ တခါတလေမှ ဆံပင်ညှပ်တာကိုလဲ ဘယ်တော့မှ မနှမြောတတ်ပါဘူး။ တန်ဖိုးသိတယ်လို့ ပြောရမလားဘဲ။

ကိုယ်တို့ ငယ်ငယ်လေးတုန်းက အမေက ကိုယ်တို့ညီအမတွေကို ခေါ်သွားပြီး ဗိုလ်ချုပ်ဈေးက နံမည်ကြီး ဆံပင်ညှပ်ဆိုင်မှာ အမြဲ လိုက်ညှပ်ပေးခဲ့တာ မှတ်မိနေပါတယ်။ ကလေးတွေမို့ ဖြစ်လေရာ ညှပ်လိုက်မယ် သဘောမထားခဲ့ဘူး။ ကိုယ်ကတော့ ဆံပင်ညှပ်ရမယ်ဆိုရင် ပျော်နေတာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ဈေးက ဆိုင်တွေမှာ မုန့်အ၀ စားရလို့ပါပဲ။

နည်းနည်းလေးကြီးလာတော့ အမေလိုက်ပို့စရာ မလိုတော့ဘူး။ ညီအမတတွေ ကိုယ့်ဖာသာကိုယ် ကြိုက်တဲ့ဆိုင်မှာ သွားညှပ်ကြတယ်။ အဲဒီအချိန်တုန်းက အခုလို ဆံပင်ညှပ်ဆိုင်တွေ သိပ်မများသေးဘူး။ ကိုယ်တို့ အမြဲညှပ်နေကျဆိုင်က ကုက္ကိုင်းက ဂျပန်အမျိုးသမီးတယောက် ဖွင့်ထားတဲ့ အိမ်ဆိုင်လေးပါ။ ကြည်အေး ကိတ်မုန့်တိုက်ဘေးက လမ်းလေးထဲ ၀င်သွားရင်ရောက်တဲ့ သူ့အိမ်မှာ ညှပ်ပေးတာပါ။

အဲဒီတုန်းက ၅ကျပ်ဆိုရင် ဆံပင်ကောင်းကောင်းညှပ်လို့ ရနေတဲ့အချိန်မှာ သူက ၁၅ကျပ် ပေးရတယ်။ လူများလွန်းလို့ ဆံပင် တခါညှပ်ဖို့အရေး နေ့တ၀က်လောက် စောင့်ရတာမျိုး။ ကိုယ်ကတော့ စိတ်မရှည်လို့ တညည်းညည်း တညူညူ နဲ့ပေါ့။ ကိုယ့်အမတွေကတော့ သဘောကျတာမို့ စွဲစွဲမြဲမြဲ အဲဒီမှာပဲ စောင့်ညှပ်ကြတယ်။

တခါကတော့ သူငယ်ချင်းတယောက်ရဲ့ အမက ဆံပင်ဘယ်မှာညှပ်သလဲ မေးတာနဲ့ အဲဒီဆိုင်ကို ညွှန်လိုက်မိတယ်။ သူလဲ ဆိုက်ဆိုက်မြိုက်မြိုက် သွားညှပ်တယ်။ ဆံပင်ညှပ်တယ်ဆိုတာ ခဏပဲ ထင်တော့ သူ့အဖေကလဲ ခြံထဲမှာ ကားထိုးပြီး စောင့်နေတယ်။ ခဏနေရင် သူ့သမီး ပြန်ထွက်လာမယ်ပဲ ထင်တာပေါ့။

တနာရီလဲ မပေါ်လာ၊ နှစ်နာရီလဲ မပေါ်လာ။ အိမ်ထဲလဲ လိုက်မသွားချင်။ ကားထဲမှာလဲ ပူတော့ ခြံထဲ ဆင်းလျှောက်နေပြန်တယ်။ လျှောက်ရတာလဲ ခြေတိုပြီ။ ခုထိလဲ သမီးက ထွက်မလာသေး။ နောက်ဆုံးတော့ အဖေလုပ်သူလဲ မစောင့်နိုင်တော့လို့ အကျယ်ကြီး လှမ်းအော်လိုက်ပါသတဲ့။
“သမီး စန္ဒာရေ၊ နင့်ကို ထမင်းများ ကျွေးနေသလားဟဲ့ ” တဲ့..။

ထမင်းများ ကျွေးရင်တော့ ကိုယ်လဲ အမြဲလိုလို သွားညှပ်နေမှာမို့ ဆံပင်လဲ ငုတ်စိပဲ ရှိတော့မှာ မြင်ယောင်ပါသေးတယ်။ ဘာရယ်မဟုတ်၊ ဆံပင်ညှပ်ရင်း လျှောက်တွေးမိတာလေးတွေပါ။


မိုးချိုသင်း

Wednesday, May 6, 2009

ရိုးမ ရဲ့ ဟိုဖက်မှာ ..

အခုတလော ခရီးထွက်ချင်စိတ် ပြင်းပြနေလို့လား မသိဘူး။ တနေရာရာကို အေးအေးဆေးဆေး သွားနေလိုက်ချင်စိတ်တွေ ဖြစ်နေမိတယ်။ အခုအချိန်မှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်သေးတော့ ဟိုးအရင် ခရီးထွက်ခဲ့တာတွေ ပြန်တွေးမိတာပေါ့။

လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကိုယ့်အမျိုးသားရဲ့ သူငယ်ချင်းတယောက်က သူနဲ့စပ်တူ တနိုင်တပိုင် ရေလုပ်ငန်း လုပ်ရအောင်ဆိုပြီး အဖော်စပ်လို့ နှစ်ယောက်သား ရခိုင်ပြည်နယ်၊ တောင်ကုတ်မှာ ခပ်သေးသေး လုပ်ငန်းလေးတခု တွဲလုပ်ကြတယ်။ တွဲလုပ်တယ်သာဆိုတယ်၊ ကိုယ်တို့က ငွေစိုက်ရုံပဲ။ နားလဲ မလည်တော့ သွားလဲ မသွားမိဘူး။

လုပ်ငန်းတော့ ဘယ်လိုနေလဲ မသိ။ ကိုယ်ကတော့ အဲဒီသူငယ်ချင်း တောင်ကုတ်ကနေ ရန်ကုန်လာရင် ပါလာတတ်တဲ့ ပုဇွန်တုပ်ကြီးတွေ၊ ငါးပတ်ကြီးတွေသာ မျှော်မိတာပဲလေ။ ပါလာရင်တော့ အင်မတန် လတ်ဆတ်တာမို့ ကိုယ်ပေးချင်တဲ့လူတွေလဲ လက်ဆောင်ပေး၊ ကိုယ်လဲ ကောင်းကောင်းချက်စား ပစ်လိုက်တာပေါ့။

တနေ့တော့ တောင်ကုတ်ကို လိုက်လာခဲ့ပါအုံး တဲ့။ သူငယ်ချင်းက လှမ်းမှာတယ်။ အဲဒီအချိန်မှာ ကိုယ့်အမျိုးသားကလဲ ခရီးထွက်နေတော့ ကိုယ်ပဲ လိုက်သွားရမလို ဖြစ်နေတာပေါ့။ တောင်ကုတ်ဆိုတာ တခါမှလဲ မရောက်ဖူး၊ ကြားရုံ ကြားဖူးတာ။ ဒါနဲ့ ကိုယ့်ယောင်းမလေး ယဉ်ယဉ် (ဆုံးသွားတဲ့ ကိုယ့်မောင်လေးရဲ့ အမျိုးသမီး)နဲ့ အိမ်မှာနေတဲ့ ညီမတယောက်ကို အဖော်စပ်ပြီး သုံးယောက်သား တောင်ကုတ်ကို တက်ခဲ့တာပေါ့။

အဲဒီတုန်းက ညနေမှ ထွက်တဲ့ အဲကွန်းဘတ်စ်ကြီးတွေ စီးရတာပါ။ ခရီးထွက်ရတော့မယ်ဆိုပြီး ပျော်နေတဲ့ အပျော်တွေက ဘတ်စ်ကားပေါ်ရောက်တာနဲ့ အားလုံး ပျောက်ကုန်တော့တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကားပေါ်မှာ ကြက်သွန်နီ အိတ်တွေနဲ့ ပြည့်နေတာ။ ခုံအောက်တိုင်းမှာ ကြက်သွန်နီအိတ်တွေ ထိုးထားတာမို့ ကုလားထိုင်မှာ ငုတ်တုတ်လေး ထိုင်ရတယ်။ တကားလုံး မွှန်ရတဲ့အထဲ အဲကွန်းဘတ်စ်မို့ တံခါးပိတ်ထားတော့ ကိုယ့်မှာ တလမ်းလုံး မျော့နေအောင် အန်သွားတာ။

လမ်းခရီး ထမင်းဆိုင်ရောက်တော့လဲ စားချင်ရက်နဲ့ မစားနိုင်။ လူက မူးတူး ယိုင်တိုင်။ အုပ်ထိန်းသူတွေ မပါလို့ ပျော်မယ် စားမယ်ဆိုတဲ့ အကြံတွေလဲ ကြက်ပျောက် ငှက်ပျောက်။ ညကလဲ မှောင်လို့ အိပ်ချင်ပြီ။ ကားပေါ်က တီဗီကလဲ ဘာတွေမှန်း မသိ၊ မရပ်မနား ပြနေတာပါ။ ဒီလိုနဲ့ ရခိုင်ရိုးမကို စတက်တော့ လုံးလုံးမှောင်ပြီ။

ကိုယ်တို့လဲ ကားရှေ့ပိုင်းကျတဲ့ ကားသမားနောက်က ထိုင်ခုံမှာ ထိုင်ရတော့ ဘေးဘီဝဲယာက မှောင်ပိန်းနေတာမို့ ရှေ့ကိုပဲ အားစိုက်ကြည့်ရတယ်။ လမ်းဘေးမမြင်ရတာ တော်သေးတာပေါ့။ ကားတစီးစာ သွားသာရုံ တောင်ပတ်လမ်းလေးမှာ ဘေးက ချောက်ကမ်းပါးကြီး။ မျက်နှာချင်းဆိုင်က ကားလာရင် အတက်ကားကို ဦးစားပေးပြီး လမ်းဘေးကပ်ပေးရတာ။

ကိုယ်လဲ ရိုးမကို စ ကျော်တာနဲ့ ကားသမား အိပ်ငိုက်မှာ စိုးရိမ်လိုက်ရတာ။ သူတို့ငိုက်သလား၊ မငိုက်သလား ကြည့်နေမိတော့ ကားအကူကလဲ နောက်လှည့်ပြီး လှမ်းလှမ်း ပြုံးပြသေးတာ။ ရှေ့ကို ကြည့်ပါဆို နောက်ကို လှည့်နေတော့ အော်..ချောက်ထဲများ ကားထိုးကျသွားရင် ခက်ရချည်ရဲ့။

တညလုံး သူတို့ သီချင်းဖွင့်တယ်။ ရိုးမပေါ်တက်တာနဲ့ အဲကွန်းပိတ်၊ တီဗီပိတ်၊ သီချင်း စ ဖွင့်တယ်။ အမြူးသီချင်းတွေချည်း ဖွင့်တာပါ။ ကားသမားတွေ အိပ်မငိုက်အောင် ထင်တာပဲ။ သူတို့ တလမ်းလုံး အော်ဆို သွားတာ။ အိပ်ချင်တဲ့လူက သီချင်းသံကြားမှာ ရအောင် အိပ်ပေတော့ ပဲ။

ဒီလိုနဲ့ ရိုးမ တနေရာမှာ ကားရပ်တယ်။ အားလုံး ဆင်းကြပါ ခင်ဗျား တဲ့။ မှတ်ပုံတင် စစ်မယ် ဆိုပဲ။ ကားသမားတွေလဲ ၁၅မိနစ်လောက်လဲ နားအုံးမယ်တဲ့။ ကိုယ်တို့လဲ ဆင်းကြရတာပေါ့။ နေရာက မိုးထိတောင် တဲ့။ ရိုးမတောင်ထိပ်ကြီး ရောက်နေတယ်ဆိုတဲ့အသိနဲ့ ပျော်သွားတာ။ ဒါပေမဲ့ ကားပေါ်က ဆင်းလိုက်တာနဲ့ အေးလိုက်တာ။ နှင်းမိုးလေးတွေ ရွာနေသလိုလို။ မှောင်မဲမဲထဲမှာ ဆိုင်တန်းလေးတွေဆီ စိုစိုစိစိ သွားရတယ်။

ဆတ်သားကြော်၊ ဂျီသားကြော်၊ ဆီထမင်း နဲ့ ကောက်ညှင်းပေါင်း ရမယ်တဲ့။ မနက် ၁နာရီလောက် ရှိပြီ ထင်တယ်။ ဒါနဲ့ အဆာပြေ ဆတ်သားကြော်နဲ့ ဆီထမင်း စားကြတယ်။ တသက်မမေ့နိုင်တဲ့ မနက်စာပေါ့။ ရင်ထဲမှာ နွေးပြီး စားလို့ကောင်းလိုက်တာ မပြောပါနဲ့တော့။ ရေနွေးကြမ်းလေး တငုံသောက်၊ ဆတ်သားကြော်လေး တဖဲ့နဲ့။

ကားပေါ်တက်ရတော့မယ်ဆိုတော့ မှတ်ပုံတင်နဲ့ နံမည်ခေါ်မှ တဦးချင်းစီ တက်ရတာ။ ကားပေါ်မှာ လူစုံပြန်တော့ ကားက မထွက်သေးဘူး။ ကားသမားတွေက ကာရာအိုကေဆိုင်မှာ သီချင်းတပုဒ်လောက် ဟဲနေလို့ တဲ့။ အော်..ရိုးမပေါ်မှာလဲ ကာရာအိုကေဆိုင် ရှိသေးသကိုးလို့ မှတ်ချက်ပြုရတယ်။

ကိုယ့်အထင် ရခိုင်ရိုးမကိုသွားမဲ့ ဘတ်စ်ကားကြီးတွေက တစီးနဲ့တစီး အချိန်သိပ်ခွာပြီး မထွက်ဘူး။ အားလုံး ညနေစောင်းပဲ ထွက်ကြတယ်။ ဒါမှ ကားတစီးစီးပျက်ခဲ့ရင် တစီးနဲ့ တစီး ကူနိုင်အောင်လို့ လို့ ထင်မိတယ်။ လမ်းမှာ ကားတစီးပျက်တာတွေ့ရင် ကျန်တဲ့ကားတွေ အကုန် ဆင်းပြင်ပေးကြ၊ လိုတာပေးကြနဲ့ အင်မတန် ရိုင်းပင်းတာ တွေ့ခဲ့ရလို့လေ။

မနက် ဝေလီဝေလင်းမှာ ရိုးမပေါ်က ဆင်းပြီ။ မြေကြီးနီနီနဲ့ စိုက်ခင်းစိမ်းစိမ်း အိမ်ပုပုလေးတွေ စ တွေ့ရပြီ။ ရခိုင်ရိုးမကြီးရဲ့ တဖက်မှာ ဒီလိုအိမ်လေးတွေ ရွာလေးတွေ ရှိနေသေးတာ တွေ့ရတော့ အံ့သြမိသလို ကြည်လဲ ကြည်နူးမိတယ်။ ကိုယ်တို့ သွေးသားညီအကိုတွေပဲပေါ့။ စကားကို ရှင်းရှင်းပြတ်ပြတ် ပြောကြပေမဲ့ စိတ်ရင်းကောင်းလို့ ခင်မင်စရာ။

တောင်ကုတ်ရောက်တော့ မိုးစင်စင်လင်းပြီ။ တည်းခိုဖို့ အိမ်က အဖေ့မိတ်ဆွေအိမ်။ ဦးကျောက်တောင် တဲ့။ ဦးက ရန်ကုန် ရောက်နေတာမို့ ဦးရဲ့ ညီမတွေက လိုလေသေးမရှိ လုပ်ကိုင်ချက်ပြုတ်ကျွေးမွေးကြတာပါ။ သူငယ်ချင်းက လာတွေ့၊ လုပ်စရာရှိတာတွေ လုပ်ပြီးတော့ ညီအမတတွေ တောင်ကုတ်ဈေးလေးလဲ ပတ်ကြသေးတယ်။ ရခိုင်မုန့်တီလဲ ရှူးရှူးရှဲရှဲ သောက်ကြသေးတယ်။

အဲဒီမှာ လှေနဲ့ဖမ်းလာတဲ့ ငါးပုဇွန်တွေကို ကမ်းစပ်နားမှာပဲ လတ်လတ်ဆတ်ဆတ် ချရောင်းနေတာလဲ ရှိတယ်၊ ဟင်းသီးဟင်းရွက်တွေကလဲ မြိုင်ဆိုင်နေတာ။ ငရုတ်သီးပုံကြီး တွေ့တာနဲ့ အံ့သြမိသေးတယ်။ အဲဒီကလူတွေက ငရုတ်သီးကို ပြည်တောင်းနဲ့ ၀ယ်ကြ၊ ရောင်းကြတာတဲ့။ တပြည်ကို ၃ရက်ပဲစားတယ်ဆိုလား၊ အားပါးပါး ကြားတာနဲ့ စပ်သွားတယ်။

လေဘေးအထည်တွေ ရောင်းကြ ၀ယ်ကြတာလဲ တွေ့ခဲ့ရသေးတယ်။ ဒါပေမဲ့ ရန်ကုန်လို နေရာမျိုးကို ပို့ဖို့ထင်တယ်။ ဘေထုပ်လိုက် ရောင်းကြ ၀ယ်ကြတယ်။ ပါကင်ဖောက်တာ မတွေ့မိဘူး။ ကိုယ်ကတော့ ရခိုင်ရိုးရာလေးတွေ ၀ယ်ဖို့ လျှောက်ကြည့်တော့ ခရုဆွဲကြိုးလေးတွေ၊ ခရုလေးတွေနဲ့ လုပ်ထားတဲ့ သမင်ပုံလေးတွေပဲ ၀ယ်ခဲ့တယ်။ ရခိုင်လုံချည်လေးတွေလဲ တထည် နှစ်ထည် ၀ယ်ခဲ့သေးတယ်။

တရက် နှစ်ရက်နေတော့ ငပလီကို ချီတက်ကြတာပေါ့။ ငပလီကို သွားတဲ့လမ်းကို သဘောအကျဆုံး။ အုန်းပင်တွေ တောင်တွေကြားက ပင်လယ်ကြီးကို တချက်တချက် ဖျတ်ကနဲ မြင်လိုက်ရတာ သဘောကျတယ်။ ပြာနေတဲ့ ပင်လယ်ကြီးကို လှိုင်းဖွေးဖွေးတွေက အနားသတ်ထားသလိုမျိုး။ ကိုယ်သာ ပန်းချီဆွဲတတ်ရင် အရောင်စိုစိုတွေကို ဆွဲမိမှာ။

မနက်တိုင်း ညနေတိုင်း ညီအမတတွေ ရေကူး၊ ရွာလေးတွေထဲ လျှောက်လည် ငါးခြောက်တွေ ဒေသထွက် အစားအစာတွေ ၀ယ်၊ ညနေဆို အုန်းရေသောက်ရင်း ပင်လယ်လှမ်းမြင်ရတဲ့ ကမ်းစပ်မှာ နေ၀င်တာကြည့်ရင်း ညစာစားကြတယ်။ အသားတွေလဲ မဲချိတ်လို့။ ဒါပေမဲ့ ပျော်နေတာပဲ။

ဒီလိုနဲ့ ပြန်ချိန်တန်တော့ တောင်ကုတ်ကတဆင့် ခရီးကြမ်းကြီး နှင်ရပြန်တယ်။ ရိုးမရဲ့ တဖက်မှာ သိပ်လှတဲ့ ရှုခင်းတွေ ရှိနေတာ၊ သိပ်ရိုးသားပြီး ခင်မင်စရာကောင်းတဲ့ လူတွေ ရှိနေတာ ဘာလို့ အရင်က မသိခဲ့၊ မရောက်ခဲ့ပါလိမ့်။ လမ်းခရီးတွေ ချောမွေ့ပြီး ကူးသန်းသွားလာရ လွယ်ကူရင် ဘယ်လောက် ကောင်းလိုက်မလဲ လို့ အပြန်လမ်းမှာ တွေးနေမိတယ်။

ငပလီကိုတော့ လေယာဉ်နဲ့သွားရင် ရတာ သိတာပေါ့။ ကုန်းလမ်းခရီးကိုလဲ ချောမွေ့စေချင်တာပါ။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ရောက်ခဲ့တာဆိုတော့ အခုအချိန်မှာ ဘယ်လိုနေမယ် မသိတော့ဘူး။ ပိုကောင်းနေပြီလား၊ လမ်းတွေ ပိုဆိုးသွားပလား မပြောတတ်တော့ဘူး။

ရေခြားမြေခြားမှာ ခရီးတွေ ထွက်ပေမဲ့ ဒီလို ရှုခင်းမျိုးတွေ၊ ဒီလို အပြုံးမျက်နှာနဲ့ နှလုံးသားဖြူစင်သူတွေ ကိုယ် ရှာမတွေ့တော့ပါဘူးလေ။ ငပလီကနေ တောင်ကုတ်အပြန် လမ်းက စိုက်ခင်းလေးတွေထဲမှာ လက်ပြနေတဲ့ ကလေးလေးတွေ အရင်လိုပဲ ပြုံးနေနိုင်သေးရဲ့လားလို့ တွေးမိနေတာပါပဲ။


မိုးချိုသင်း

Saturday, May 2, 2009

အိမ်နီးချင်းများ

ကိုယ်တို့ မြန်မာပြည်ကို အမျိုးမျိုး အဖုံဖုံ လွမ်းကြတဲ့အထဲမှာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မရနိုင် မတွေ့နိုင်တဲ့ မြန်မာ့ ရှေးဟောင်း အမွေအနှစ်တွေဖြစ်တဲ့ ရွှေတိဂုံဘုရားကြီးရယ် ပုဂံရယ်၊ မြန်မာပြည်ရဲ့ အသက်သွေးကြော ဧရာဝတီ မြစ်တို့ကိုတော့ လူတိုင်းလိုလို လွမ်းကြမှာပါပဲ။

အဲဒါတွေအပြင် ကိုယ်ကတော့ မြန်မာ့စိတ်ရင်းနဲ့ ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းရင်းနှီးကြတဲ့ အိမ်နီးချင်း မိတ်ဆွေတွေကိုလဲ လွမ်းမိပါတယ်။

ကိုယ်ငယ်ငယ် သိတတ်စ အရွယ်မှာ အိမ်နီးချင်းဆိုတဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းသိခဲ့ပြီ။ ဆော့ဖော်ဆော့ဖက် သူငယ်ချင်းတွေဆိုတာ တခါတလေ စိတ်မလိုရင် ရန်ဖြစ် စိတ်ကောက်ကြပေမဲ့ လူကြီးတွေကတော့ ရန်မဖြစ်ဘူးကိုး။ သူ့ကလေးကို ကိုယ့်ကလေးလို ဂရုစိုက်၊ သူသားသမီးဟာ ကိုယ့်သားသမီးလို နေခဲ့ကြတယ်။

ကိုယ်တို့နေတဲ့ ခြံဝင်းလေးက တက္ကသိုလ်ဆရာ၊ ဆရာမတွေသာ နေတဲ့ အသိုင်းအ၀ိုင်းလေးမို့ ချစ်စရာကောင်းတာလဲ ပါမှာပါပဲ။ ကလေးတိုင်းကို ဆရာ၊ ဆရာမစိတ်နဲ့သာ ပြုစု ချစ်ခင်တတ်ကြတာကိုး။ ဘယ်သူမှလဲ မတရား ချမ်းသာကြွယ်ဝတယ်ရယ်လို့ မရှိ၊ ပညာနဲ့သာ အေးအေးချမ်းချမ်း နေချင်ကြပုံရပါတယ်။

အိမ်မှာ တခုခုလိုပြီဆိုရင်လဲ ဟိုဖက်အိမ်ပြေးပြီး နည်းနည်းပေးစမ်းပါ သွားတောင်းလိုက် တာပါပဲ။ နေ့လည်နေ့ခင်း လက်ဖက်နဲ့ ထမင်းစားချင်လို့ ထမင်းကုန်နေရင် ဟိုဖက်အိမ်ပြေးပြီး ထမင်းကြမ်း တခဲလောက် တဲ့။ အန်တီဒေါ်စိန်ရွှေကလဲ “နောက်ဖေးက အိုးထဲမှာ ရှိသလောက်သာ ခူးခပ်ယူသွားပေတော့အေ” တဲ့။

သူတို့အိမ်က ဆန်၊ ဆား လိုလဲ ကိုယ့်ဆီက တဆုပ် နှစ်ဆုပ် နှိုက်သွားရုံပဲ။ ပြန်ပေးစရာလဲ မလို။ အိမ်မှာ ဟင်းလေးကောင်းရင်လဲ တခွက်တလေ ဘေးအိမ်တွေ မျှရသေးတာ။ ဟင်းထည့်လာတဲ့ ပန်းကန်မှာ ကိုယ့်အိမ်က ဘာလေးညာလေး ပြန်ထည့်ပေးလိုက်သေးတာ။ ရှိတာလေး ဆွဲသွားပါအုံး ပေါ့။ လက်ချည်းပြန်ရတယ်လို့ မရှိသလောက်ပဲ။

ကိုယ်တို့ ကျောင်းစ တက်တော့ ကလေးတအုပ်လုံး တီတီစီမှာ ကျောင်းတက်ကြတာပါ။ ကိုယ်တို့အိမ်နီးနားချင်း တီတီစီက ဒုတိယကျောင်းအုပ်ဆရာမ မာမီဌေးက ခြံထဲက ကလေးတွေ အကုန်လုံးကို ထိန်းကျောင်း ခေါ်သွားတာပဲ။ ဘယ်မိဘမှ လိုက်ပို့စရာ မလိုပါဘူး။ “ချိုသင်း၊ ဥာဏ်မိုး၊ လေးနိုင်၊ မိသက်၊ သီရိ၊ သိဂီ င်္ ကျောင်းသွားကြမယ်ဟေ့ ”တဲ့။

အဲဒီအခါဆို ကိုယ့်မောင်လေး ဥာဏ်မိုးက ထွန့်ထွန့်လူး ငိုတော့တာ။ ကျောင်းမတက်ချင်လို့ ကုတင်အောက်မှာ ၀င်ပုန်းနေသေးတယ်။ အဖေက ပေတံတချောင်းနဲ့ ထိတောင် ထိတာ မဟုတ်ဘဲနဲ့ ရိုက်မယ် တကဲကဲ။ မာမီဌေးက ဥာဏ်မိုးကို ပွေ့ထားပြီး ကျမသားလေးက လိမ်မာပါတယ်ရှင်၊ မရိုက်ပါနဲ့ တဲ့။

ကျောင်းကားက ကိုယ်တို့ခြံဝင်းလေးထဲက အံကယ် ဦးအောင်နိုင်၊ (မော်ကွန်းထိန်း) အံတီ ဒေါ်သိန်းတို့ကား။ သူတို့သားကြီး ကိုလင်းနိုင်က မောင်းပို့ပေးတယ်။ ဖယ်မလီယာ အဖြူလေး ပေါ့။ ကိုလင်းနိုင်ကလဲ ကိုယ်တို့ကလေးတွေအားလုံးကို သိပ်သည်းခံတယ်။ ကျောင်းသွားတဲ့ လမ်းတလျှောက် ဥာဏ်မိုး ကန်ကျောက် သွားတာကို ထိန်းရင်းတဖက် ကားကို မြန်မြန် မောင်းရရှာတယ်။ ဒါတောင် ဥာဏ်မိုးက ကျောင်းကိုပို့ရပါ့မလားဆိုပြီး တခါတလေ ခုန်အုပ်သေးတာ။ ကိုယ်တို့ကလေးတွေကလဲ ၀ိုင်းမကူတဲ့အပြင် တခွိခွိနဲ့။

ကျောင်းပေါက်ဝကို ရောက်တာနဲ့ ဥာဏ်မိုးက တိကနဲ အငိုတိတ်၊ ခြင်းတောင်းနဲ့ လွယ်အိတ်ဆွဲပြီး ကားပေါ်က ဆင်း ကျောင်းခန်းထဲ ၀င်သွားတာများ ဖြောင့်လို့။ ခုနက ငိုတာ ကန်တာ သူမဟုတ်တဲ့အတိုင်း။ ကားပေါ်မှာ မောလို့ ပက်လက် ကျန်ခဲ့တာက မာမီဌေးပဲ။ ကန်ကျောက်တာကို ဖက်ထားတာမို့ အကျီ င်္တွေ ကြေမွ တွန့်လိပ်လို့၊ အသာသပ်၊ ပြန့်အောင်ဆွဲချပြီး ဖတ်သီ ဖတ်သီနဲ့ ကျောင်းခန်းထဲ ၀င်ရတယ်လေ။

တခါကျတော့ ကိုလင်းနိုင်တို့ ကားမှန် သူခိုး အခိုးခံရတယ်။ ကားရှေ့မှန်ကြီးခိုးခံရတော့ မှန်လဲတပ်ဖို့ ဆိုင်မှာ မှာထားတုန်း ကားရှေ့မှာ ပလပ်စတစ်ကြီးနဲ့ကာပြီး ကျောင်းလာကြိုတယ်။ အဲဒါကို ကိုယ်တို့ကလေးတွေက လာမကြိုရဘူးဆိုပြီး ၀ိုင်းဂျီတိုက်ကြတာ။ ကျောင်းရှေ့မှာ ကားမရပ်ပါနဲ့၊ ပလပ်စတစ်ကြီးကာထားလို့ ရှက်တယ်တဲ့။ ဆိုးလိုက်တဲ့ ကလေးတွေနော်။ အဲဒါကို အကိုက အလိုလိုက်ပြီး ကားကို ကျောင်းနဲ့ ဟိုးအဝေးကြီးမှာ သွားရပ်ပြီး မိုးရွာထဲမှာ ထီးတချောင်းနဲ့ ကလေးတယောက်ချင်းစီ ခေါက်တုံ့ခေါက်ပြန် ကြိုရှာတယ်။ အဲဒီလို သည်းခံ အလိုလိုက်တဲ့ အိမ်နီးချင်း အကိုကြီးပါ။

ဒီလို အိမ်နီးချင်းတွေနဲ့ ကြီးပြင်းလာခဲ့ပြီးတဲ့နောက် ကိုယ်တို့ အင်းစိန်ကို ပြောင်းလာခဲ့ပြန်တယ်။ အင်းစိန်ရောက်တော့ အရွယ်လဲ ရောက်လာပြီမို့ ဆော့ကစားတဲ့အရွယ်လဲ မဟုတ်တော့ အိမ်ထဲမှာပဲ စာဖတ်နေမိတယ်။ အိမ်ချင်းကပ်ရပ်က စာအုပ်ငှားတဲ့ ဆိုင်လေးဆိုတော့ သိပ်ဟန်ကျတာပဲ။ ဒီလို အိမ်နီးချင်းမျိုး ဆိုတော့ ၀မ်းသာမိတာပေါ့။

စာအုပ်ဆိုင်က အမက မတူးမာ တဲ့။ စာအုပ်ဆိုင်လေးဖွင့်ပြီး ရတဲ့ ပိုက်ဆံလေးနဲ့ သုံးတယ်၊ ကျောင်းတက်တယ်။ မိဘက တတ်နိုင်ပေမဲ့ ကိုယ့်ဖာသာကိုယ် ရှာတဲ့ ပိုက်ဆံလေးနဲ့ပဲ သုံးချင်လို့ လေ။ ကိုယ်သွားငှားတိုင်း ကိုယ်ဖတ်နေကျ မဂ္ဂဇင်းတွေကို အမြဲ သပ်သပ် ချန်ထားပေးတာ။

ကိုယ်ကလဲ သူချန်ထားတဲ့ မဂ္ဂဇင်း သုံးလေးအုပ် ငှားလာပြီး ခေါင်းအုံးအောက်မှာ ထိုးထည့်ပြီး အဖတ်ချင်ဆုံး တအုပ်ကို ရွေးဖတ်နေတယ်။ အိမ်က အမတွေက ကိုယ့်နားမှာ ရစ်သီရစ်သီနဲ့၊ စာအုပ်ဖတ်ချင်လို့။ နင်ပြီးရင် ငါ့ကို ပေးနော် တဲ့။ ကိုယ်ကလဲ အဖတ်မပျက် အေး၊ အေး တဲ့။ ကိုယ် ကုန်အောင်ဖတ်လို့ပြီးတော့မှ အနားမှာရှိတဲ့ အမကို ပေးလိုက်တယ်၊ ပြီးတော့ ခေါင်းအုံးအောက်က တအုပ်ကို ဆွဲထုတ်ပြီး ဖတ်တယ်။

ကိုယ့်အမတွေက အံ့သြလွန်းလို့။ သူ့မှာ တအုပ်ကျန်သေးတာ မပြောဘူးတော့ တဲ့။ သူဖတ်နေတုန်းများ ငါတို့တအုပ် ပေးဖတ်တာ မဟုတ်ဘူး တဲ့။ ကိုယ်ကလဲ ကျန်တာသာ မနှမြောတတ်တာ၊ စာအုပ်ဆို လောဘကြီး လို့ ဘာမှ ပြန်မပြောဘဲ ပြုံးပြုံးကြီး ဖတ်နေတာ။ စိတ်ပုတ်တယ် ခေါ်ရမှာပေါ့လေ။

နောက် အင်းစိန်မှာ ဟင်းချက် ကောင်းတဲ့ အိမ်နီးချင်းလဲ ရှိသေးတာ။ အဲဒါကတော့ စာရေးဆရာ ဆရာကြီးသော်တာဆွေ ပေါ့။ ဆရာကြီးနဲ့ သူ့ရဲ့ မိတ်ဆွေ ကိုပိုက်က မနက်ဆို ခြင်းကလေးဆွဲ ဈေးဝယ်ထွက်ကြတယ်။ ကိုယ်တို့ အိမ်ရှေ့ ကုန်းကလေးပေါ်က ကရင်ဈေးလေးမှာပေါ့။ လတ်လတ်ဆတ်ဆတ် ယုန်သား၊ ဂျီသား၊ ငါးရှဉ့် လိုမျိုး ရလာရင် ဟင်းတခွက် လာပို့အုံးမယ်လို့ ဈေးပြန်မှာ ၀ယ်ပြောသွားတာပါ။ ပြီးရင် မွှေးပြီး အရသာအရမ်းရှိတဲ့ ဟင်းလေးတခွက် ရောက်လာတတ်တယ်။

နောက် အရေးအခင်းတွေ ဖြစ်လို့ အမေလဲ ဆုံး၊ အဖေလဲ အထိန်းသိမ်းခံရတော့ ကိုယ်တို့ မောင်နှမ ၅ယောက်ပဲ ဒီအင်းစိန်အိမ်လေးမှာ နေခဲ့ရတာပါ။ မိဘမရှိဘဲ ရုန်းကန်နေခဲ့ရတဲ့ ခက်ခဲတဲ့ အဲဒီအချိန်တွေမှာ ဘေးပတ်ဝန်းကျင် မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေက အနှောင့်အယှက်မပေးလို့ အေးအေးချမ်းချမ်း နေခဲ့ရတယ်။ ၀ိုင်းစောင့်ရှောက်ကြတယ် လို့တောင် စိတ်ထဲမှာ ခံစားမိခဲ့တယ်။

နောက်တော့ အိမ်ထောင်ကျ၊ ရေကြည်ရာ မြက်နုရာ ပြောင်းလာတော့ ဒီကို ရောက်လာတယ် ဆိုပါတော့။ ဟိုတလောက ကိုယ်ရေးခဲ့တဲ့ မြို့ကလေးမှာ နေနေဆဲပါပဲ။ ဒီမှာနေတော့ မြန်မာပြည်ကို လွမ်းတဲ့ အထဲမှာ ကိုယ့်အရင်က အိမ်နီးချင်းတွေကိုလဲ အတော်လေး သတိရမိတာပေါ့။

ဒီမှာက မိုးလင်းတာနဲ့ အလုပ်သွားရ၊ ပြန်လာတာနဲ့ ဗာဟီရ အိမ်မှုကိစ္စတွေနဲ့ လုံးပန်းရ။ အိမ်ဘေးကအိမ်ဆိုတာလဲ အိမ်ရှေ့မှာ ရေလောင်းချိန်လောက်သာ လက်ပြ နှုတ်ဆက် ဖြစ်တာကိုး။ ကားအ၀င်အထွက် ဆုံတုန်းခဏသာ ပြုံးပြ နှုတ်ဆက်ရုံကိုး။ Hey.. Hi လောက်နဲ့ ပြီးတာဆိုတော့ တခုခု လိုအပ်နေသလို ခံစားနေမိတာပေါ့။

ကိုယ့်အိမ်မှာ မုန့်လုပ်၊ ဆွမ်းကျွေးတော့လဲ ကိုယ့်အိမ်နီးချင်းတွေကို မဖိတ်ဖြစ်၊ သူ့အိမ်မှာ ပါတီပေး ပျော်ပွဲဆင်တော့လဲ ကိုယ်မသွား။ ကိုယ့်ပျော်ရွှင်မှုနဲ့ကိုယ်၊ ကိုယ့်စိတ်ဝင်စားမှုနဲ့ ကိုယ်ဆိုတော့ သူ့ပြည်မှာ သူ့ပုံစံနဲ့ မနွေးထွေးသလို ဖြစ်နေတာမို့ တခါတလေ အားငယ်နေမိတယ်။ ကိုယ်ခရီးသွားတာ သူဂရုပြုမိရင်ပဲ မဆိုးဘူး ပြောရမှာကိုးနော်။

တနေ့တော့ ကိုယ်လဲ အိမ်ထဲမှာ ပန်းကန်ဆေးရင်း အိမ်နောက်ဖက်က ခြံလေးထဲမှာ ပြေးလွှားဆော့နေတဲ့ ကြောင်သားအမိကို ပြူတင်းပေါက်ကနေ လှမ်းကြည့်ရင်း ကြည်နူးနေမိတာ။ ကြောင်အမေကြီးက မြက်ခင်းပေါ်လှဲပြီး နေပူဆာလှုံလို့။ ကလေးတွေက ပိစိညှောက်တောက်လေးတွေမို့ ပြေးလိုက်ကြ၊ ခုန်လိုက်ကြ၊ ဆော့လိုက်ကြနဲ့။

အဲဒီမြင်ကွင်းလေး လှမ်းကြည့်နေတုန်း ဗြုန်းဆို ဘယ်က ၀င်လာမှန်း မသိတဲ့ ခွေးဘီလူးကြီး နှစ်ကောင် ကားကား ကားကားနဲ့ ပြေးဝင်လာပြီး ကြောင်အသေးလေးတွေကို ၀င်ဆွဲတော့မလို့။ ကိုယ်လဲ မြင်မြင်ချင်း လန့်လိုက်တာ မပြောပါနဲ့တော့။ ကိုယ့်မျက်စိရှေ့မှာ ခွေးပါးစပ်ထဲ ပါတော့မဲ့ ကြောင်လေးတွေကို မကြည့်ရက်တော့ဘူး။

ဒါနဲ့ ကိုယ်လဲ တအားကြောက်ပြီး လန့်လန့်နဲ့ မျက်စိမှိတ်ပြီး အသံကုန်ခြစ် အော်လိုက်တာ ဘယ်လောက်တောင် အော်မိမှန်း မသိ။ ခွေးကြီးတွေက အသံကြားရာ ကိုယ့်ဖက်ကို ပြေးလာကြပြီး ကြောင်လေးတွေဖက် မသွားတော့ဘူး ဖြစ်သွားတယ်။ သူတို့လဲ ကိုယ့်အသံကို လန့်သွားပုံပဲ။ ခွေးဘီလူးနှစ်ကောင် ပြေးလိုက်ကြတာ တန်းလို့။

ကိုယ်မျက်စိဖွင့်လိုက်တော့ ပထမဆုံး မြင်ရတာ လူးဝစ်စ် ကိုပါ။ ဘေးအိမ်က အိမ်နီးချင်း လူကြီးပါ။ သူက သူတို့အိမ်နဲ့ ကိုယ်တို့အိမ်ကို ကာထားတဲ့ လူတရပ်ကျော်ကျော်မြင့်တဲ့ ခြံစည်းရိုး အုတ်တံတိုင်းမှာ ခွရက်ကြီး။ ကိုယ့်အသံကြားလို့ စိတ်ပူပြီး ခုန်တက်လိုက်တာ တဲ့။ အိုကေရဲ့လား၊ ဘာဖြစ်တာလဲ တဲ့။

ကိုယ်လဲ အသံတုန်တုန်နဲ့ ခွေးတွေ ခွေးတွေ..ဆိုပြီး ရှင်းပြလိုက်မှ သူလဲ သဘောပေါက်သွားတယ်။ သူက မင်းအသံကြားတော့ စိတ်ပူသွားတာ တဲ့။ ပြီးမှ သူလဲ အုတ်တံတိုင်းပေါ်က ဖြေးဖြေးချင်း ဆင်းရရှာတယ်။ ရန်ကုန်မှာလို အုတ်တံတိုင်းပေါ်မှာ ပုလင်းကွဲတွေ သံချွန်တွေ တပ်မိရင် အခက်။

အဲဒီညက ကိုယ်က တွေးတွေးပြီး သဘောကျနေတာ။ မြန်မာပြည်က ကိုယ့်အရင် အိမ်နီးချင်းတွေကို သတိရပြီး အားငယ်နေတဲ့စိတ်တွေလဲ နည်းနည်းလုံခြုံသွား သလိုပဲ။ အရေးအကြောင်း ရှိတော့လဲ အားကိုးရသားပဲလေ လို့ တွေးမိရင်း ကျေနပ်သွားမိတဲ့အကြောင်း ကြုံရင်တော့ ကိုယ့်အိမ်နီးချင်းကို ပြောပြချင်ပါသေးတယ်။

မိုးချိုသင်း