နီကိုရဲရေ..

နီကိုရဲရေ..
နင်ဆုံးပြီ တဲ့။ အံ့သြလိုက်တာ။ နောက်ပြီး စိတ်မကောင်းလိုက်တာ။
ဟုတ်မှ ဟုတ်ရဲ့လား၊ ဟုတ်လို့လား လို့ တတွတ်တွတ် ရွတ်နေမိတယ်။

ဟိုတနေ့ကပဲ သူငယ်ချင်း ကိုလူထွေး ပို့ပေးလို့ နင်ရေးတဲ့ ဈေးသည် အလွဲများ e book လေး ဖတ်နေမိ သေးတယ်။ အဲဒီမှာ နင့်စတိုင်အတိုင်း ရေးထားတာ ဖတ်ပြီး တချိန်လုံး ပြုံးနေမိတာ။

ဟိုးအရင်က နင်နဲ့ စ သိခဲ့တဲ့ ၁၉၉၀ ကျော် နေ့တွေကို သတိရသွားတယ်။ နင့်ကို စာပေလောကထဲမှာ တွေ့တွေ့ဖူးနေတာ ကြာပြီ။ မိန်းကလေးတွေကြားထဲ စကားပြော၊ ခင်မင်နေလို့ သိနေတာ။ ဒါပေမဲ့ နင်က အဲဒီတုန်းက ဟာသတွေ မရေးသေးဘူး။ အတည်ပေါက်ကြီးတွေ ရေးနေတာ။ တနေ့ ဟန်သစ်မှာ နီကိုရဲ ရဲ့ အခန်းဆက်ဝတ္ထုတွေ ရီရလွန်းလို့ ငါ့ဆရာ ဆရာမောင်သစ်ဆင်းကို နီကိုရဲဆိုတာ ဘယ်သူလဲ လို့ မေးမိတယ်။ ဆရာက ငါ့ကို “နင်သူ့ကို သိပါတယ်” တဲ့။ ဘားလမ်း လက်ဖက်ရည်ဆိုင်မှာ၊ လေထန်ကုန်းမှာ အမြဲတွေ့နေတဲ့ တယောက်ဟာလေ တဲ့။ ငါက နင့်ကို လူနဲ့ နံမည်နဲ့ မတွဲမိဘူး။

တနေ့တော့ ဘားလမ်းမှာ နင့်ကို တွေ့တယ်။ ထုံးစံအတိုင်း လူကောင်သေးသေးမှာ အကျီ င်္ကြီးက အကြီးကြီး၊ ဖရိုဖရဲ။ လွယ်အိတ်အကြီးကြီးကိုလဲ ထုံးထားသေးတယ်။ ပုဆိုးက တိုတိုနဲ့။ ငါနဲ့ နင်နဲ့ စကားပြော နှုတ်ဆက်နေတော့ ဆရာက ငါ့ကို “အဲဒါ နီကိုရဲ ပဲလေ” တဲ့။ ငါ့မှာ အံ့သြလိုက်တာ၊ “နင်က နီကိုရဲ ဟုတ်လား၊ နင်က နီကိုရဲ ဆိုတာ တကယ်ပဲလား” ငါ အဲဒီလို ပြောပြောပြီး ရီတော့ နင်က “အေးလေ၊ ငါ နီကိုရဲ လေ၊ နင်နဲ့သိနေတာပဲ ဒီလောက်ကြာပြီ၊ နင်က ငါ့နံမည် မသိဘူးလား” တဲ့။ ငါ့မှာ ရီလိုက်ရတာ။ ပြီးတော့ ပြောခဲ့တယ်။ “နင့် ဟာသ ၀တ္ထုတွေ ငါ သိပ်ကြိုက်တယ်”လို့။ နင်ပြုံးနေတာ အကြာကြီး။

အဲဒီတုန်းက နင်က ဟာသလိုင်းဖက် ရေးဖြစ်သွားရတဲ့ တရားခံကို ငါ့ကို ပြောပြတယ်လေ။ အဲဒီတုန်းက နင်က နင့်စာမူလေးတွေ ပို့ဖို့ ကြိုးစားနေတာ တဲ့၊ (အခုလို လျှမ်းလျှမ်းမတောက်သေးဘူးပေါ့ဟယ်။) အယ်ဒီတာမင်းများကို (နင့်စကားအတိုင်း ပြန်ပြောရရင်) အရက်တိုက်၊ လက်ဖက်ရည်တိုက် နဲ့ ခင်အောင် လုပ်နေတာ တဲ့။ အဲဒီနေ့ ညနေက ဟန်သစ်က ကိုတင်ကိုအောင် ရယ် ဆရာ မောင်သစ်ဆင်းရယ် နင်ရယ် ၀ိုင်းကြတော့ နင်က နင်နဲ့ မကြည်ပြာ (အဲဒီတုန်းကတော့ တခြားနံမည်ပါ) အကြောင်းတွေ ပြောပြတာ သူတို့လဲ ရီရလွန်းလို့ အရက်မူးတွေ ပြေကုန်တယ် တဲ့။ ဒါနဲ့ အဲဒီအကြောင်းတွေ ရေးပေတော့၊ အဲဒါရေးမှသာ စာမူထည့်မယ်လို့ နင့်ကို အကြပ်ကိုင်လို့ ညတွင်းချင်းရေးပြီး ဟန်သစ်ကို နင် စာမူပို့ခဲ့တယ် လို့ ပြောပြတယ်။

အဲဒီ အယ်ဒီတာမင်းများဟာ နင့်ရဲ့ အားသာချက်ကို တကယ်ပဲ ဆွဲထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ငါတို့ နင့်စာတွေကြောင့် ပျော်ရွှင်ရယ်မောနိုင်ခဲ့တာပေါ့။ အဲဒီအတွက် ကျေးဇူးပဲ သူငယ်ချင်း။

နောက်တော့ နင့်ဝတ္ထုတွေ ရုပ်ရှင် ရိုက်တာ၊ နင် ဇာတ်ညွှန်းတွေ ရေးတာ၊ နင် အိမ်ထောင်ကျတာတွေကို ငါ အဝေးကနေပဲ ကြားတယ်။ ငါတို့ အခင်မင် အရင်းနှီးဆုံးတွေ မဟုတ်ခဲ့ပေမဲ့ ငါ နင့်ကို မမေ့နိုင်ပါဘူး။ အထူးသဖြင့် ဒန့်ဒလွန်သီးတွေ တွေ့ရင် ဒန့်ဒလွန်သီးလို နင့်လက်ချောင်းညိုပုတ်ပုတ်တွေကို ငါ သတိရမိတယ်။ လူက လူဖလံလေး၊ လက်က ဒန့်ဒလွန်သီးလက်လို ဖောင်းကား ညိုပုပ်နေတာ ဘာဖြစ်လို့လဲ လို့ တအံ့တသြ ငါ မေးမိတော့ ငါ့ နှလုံး မကောင်းဘူးဟ တဲ့။ နင်က ပေါ့ပေါ့ပဲ ပြောပြလိုက်တာ။ ငါ့စိတ်ထဲ စိတ်မကောင်းလိုက်တာ။

အခု ဘာကြောင့် ဆုံးမှန်း ငါ မသိရသေးပေမဲ့ အခုလောက် မြန်လိမ့်မယ် လို့ မထင်မိဘူးဟာ။ ဒီစာကို ငါ သတင်းဖတ်ပြီးပြီးချင်း ရေးလိုက်တာပါ။ စိတ်မကောင်းဘူး ဆိုတာကလွဲရင် ဘာပြောရမယ်မှန်း မသိတော့လို့ပါ။ ငါ အခုကြားတဲ့သတင်း မှားပါစေ၊ ထုံးစံလိုပဲ အလွဲတွေ ကြုံနေကျ နင့်မှာ သေမင်းနဲ့လဲ လွဲပါစေလို့ ငါ ဆုတောင်းမိပါတယ် သူငယ်ချင်းရယ်။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

အိအိ

ဘလော့ဂ်စ လုပ်ခါစက ကိုယ့်ရဲ့ ကြုံခဲ့ ခင်ခဲ့ရတဲ့ ပထမဆုံးသောသူတွေအကြောင်း မေးလို့ ကိုယ့်မိန်းကလေး သူငယ်ချင်းမှာ အိအိ လို့ ဖြည့်လိုက်ဖူးတယ်။ ဟုတ်တယ်။ အိအိ ဆိုတာ ကိုယ့်သိပ်ခင်ရတဲ့ ကိုယ့်သူငယ်ချင်းတယောက်ပဲ။ ကိုယ်တို့နှစ်ယောက်စလုံး အဲဒီ ပုဂံခြံဝင်းလေးထဲမှာပဲ မွေးခဲ့တယ်။ လူမှန်းသိတတ်စ အရွယ်ကတည်းက ခင်ခဲ့ရတဲ့ သူငယ်ချင်းပေါ့။

ကိုယ်နဲ့သူနဲ့က အိမ်နီးနားချင်း။ သူက ကိုယ့်ထက် ၁ နှစ်ငယ်လို့ ကိုယ့်မောင်လေးနဲ့မှ ရွယ်တူ။ အသားက ဖြူဖြူ၊ နှာခေါင်းချွန်ချွန်လေးနဲ့ အိအိက ဂုတ်ဝဲဆံပင်လေးပဲ အမြဲထားတယ်။ စကားပြောရင် အဆက်မပြတ် ပြောတတ်တယ်။

ကိုယ်နဲ့ သူနဲ့ကလဲ ခင်လိုက်တာ ဘာပြောကောင်းမလဲ။ ထမင်းစားရင်တောင် မခွဲဘူး။
ကျောင်းပိတ်ရက်ဆို မနက်မိုးလင်းတာနဲ့ တွေ့လိုက် ဆော့လိုက်ကြတာ ထမင်းစားချိန်ကျတော့ နှစ်ယောက်စလုံး အိမ်ပြန်ပြီး ထမင်းတွေ ဟင်းတွေ ပုံထည့်ပြီး အိမ်နှစ်အိမ်ကြားက သေတ္တာလေးတွေ ဆင့်ထားတဲ့အပေါ်မှာ ထိုင်ပြီး စကားပြောရင်း စားကြတယ်။

ထမင်းစားပြီးတာနဲ့ ထမင်းပန်းကန်သွားထားပြီး ထပ်ဆော့ပြန်ရော။ သူအိမ်ထဲဝင်သွားလို့ တော်တော်နဲ့ ပြန်မထွက်လာရင် ကိုယ့်မှာ သူ့ကိုတွေ့နိုး ချောင်းရတာ အမော။ သူမလာဘဲ သူ့အဒေါ်ထွက်လာရင် အိအိကို ခေါ်ပေးပါ အံတီလို့ ပြောလိုက်တာပဲ။ အံတီခင်က အိမ်ထဲကို အော်ခေါ်လိုက်ရင် သူကလဲ ပြေးထွက်လာတာပဲ။

ဒီလောက် မိုးလင်းမိုးချုပ်ဆော့ကြတာ ဘာကစားနည်းများလဲ မမေးပါနဲ့။ များလွန်းလို့ မမှတ်မိတော့ဘူး။ များသောအားဖြင့် အိုးပုတ်တမ်း ဆော့တာပဲ။ အရွက်ကလေးတွေများ ဓားပါးပါးလေးနဲ့ လှီးပြီး အစိမ်းကြော် ကြော်ရသေးတာ။ ကိုယ့်မောင်လေးတို့က ပိုက်ဆံမပေးဘဲ စားလို့ ဆိုင်တော့ ရှုံးပါပြီဆိုပြီး ပိတ်လိုက်ရသေးတယ်။ စီးပွားကျတယ် ဆိုတာ ဒါမျိုးပေါ့။

ကတမ်း ခုန်တမ်းလဲ အပီအပြင် ကစားသေးတယ်။ အိအိ အမ အေးအေးက အက သိပ်ဝါသနာပါတော့ ကိုယ်တို့ အားလုံးကို ခေါ်ပြီး အက သင်ပေးတယ်။ မြနန္ဒာသီချင်းနဲ့ ယိမ်းအကကို အိမ်နီးချင်း ကလေးတွေခေါ်ပြီး က ပြ ရသေးတယ်။ စောင်တွေကို ဝါးလုံးကြီးနဲ့ တန်းပြီး ကန့်လန့်ကာ လုပ်တာ စောင်ကြီး လျှောကျလို့ ပြေးကောက်ရသေးတာပေါ့။

တောင်တောင် ပုပ္ပါး..သီချင်းဆိုပြီး လက်ညိုးလေးထောင်ပြီး သူငယ်တော်လဲ က ရတယ်။ အေးအေးက အက အဆို တော်တော်ဝါသနာပါတယ်။ ကိုယ်တို့ နှစ်ယောက်ကတော့ ဘာရယ်မဟုတ်ဘူး၊ ကက်ဆက်ဖွင့် ကနေရရင် ပြီးတာပဲ။ ဆော့နေရရင် ကျေနပ်နေတာပဲ။

ဒီလို ဒီလို လက်ကို ချိုး ဆိုရင် အတောင့်လိုက် ချိုးလိုက်တာပဲ။ ခါးလေးကို ဒီလိုကွေးဆိုတော့ ကိုယ်ကြီးကို တစောင်းကြီး စောင်းချပစ်လိုက်ရော။ ကြာတော့ အေးအေးလဲ မပြောတော့ပါဘူး။ က ချင်သလို ကနေတာ သင်လဲ တတ်မဲ့ပုံ မပေါ်ဘူးဆိုပြီးတော့လေ။ ကိုယ်တို့နှစ်ယောက် ကတော့ တပြုံးပြုံးနဲ့ ကက်ဆက်မရပ်မချင်း က တာပဲ။

သင်္ကြန်ကျရင်လဲ ကိုယ်တို့ ခြံထိပ်မှာ ရေပုံးလေးတွေ ချပြီး လမ်းသွားလမ်းလာတွေကို ရေပက်ကြတယ်။ ကိုယ့်ဘ၀မှာ ပျော်စရာကောင်းတဲ့ သင်္ကြန်ဆိုရင် အဲဒီအချိန်လေးတွေကိုပဲ သတိရတယ်။ ရေက အိမ်ကနေ ခြံထိပ်အထိ အဝေးကြီးသယ်ရတယ်။ တပုံး တပုံးကို တော်တော် ခပ်ယူရတာမို့ ရေကို ချွေတာပြီး ပက်ရတယ်။

အဲဒီအချိန်တုန်းက ကိုယ်တို့အကြောက်ဆုံးလူက ဒန်နီ ပဲ။ ဒန်နီဆိုတာ ကိုယ်တို့ သူငယ်ချင်း ရိုစီရဲ့ အကိုပေါ့။ သူက သိပ်ဆိုးတာ။ ကလေးတွေ ငိုရင် ဒန်နီလာပြီဆို ချက်ချင်း တိတ်တယ်။ သူက အသံသြကြီးနဲ့ ၀ူးဝူးဝါးဝါး အော်တတ်လို့လေ။ ဒန်နီက ကလေးရော ဘာရော နားမလည်ဘူး။ သူမထင်ရင် မထင်သလို အော်တတ်တော့ ဘာမှန်းမသိဘဲကို ကြောက်နေတာ။

ကိုယ်တို့ ရေပက်နေတုန်းများ ဒန်နီလာရင် ရေပုံးလေးတွေကို ဖိပြီး ကိုင်ထားရတယ်။ တကိုယ်လုံး ရေတွေက ရွှဲပြီး ချမ်းရတဲ့အထဲ ဒန်နီလာရင် လူက ကြောက်တော့ ပိုတုန်တယ်။ အဲဒီလို ရေပုံး ကိုဖိထားတာတောင် သူက ရေပုံးလုပြီး ကိုယ့်ကို လောင်းချလိုက်သေးတာ။ ခပ်ထားသမျှ ရေတွေ ကုန်ပြီ။ ပျော်နေတဲ့ စိတ်လေးတွေလဲ ပျောက်ပြီ။

ငိုယိုပြီး အိမ်ကလူကြီး သွားတိုင်လဲ ဒန်နီက မရှိတော့ဘူး။ တော်တော်ကြာတော့ မျက်ရည်သုတ်ပြီး ရေပြန်ခပ်ပြီး ပြန်ပက်ပြန်တာပဲလေ။ ဘယ်သင်္ကြန်ကားမှလဲ ကိုယ်တို့ကလေးတွေကို အရေးလုပ်ပြီး မရပ်ပေးပါဘူး။ ဒါပေမဲ့ သင်္ကြန်ကားတွေ ရပ်ပေးတဲ့ အချိန်တော့ တခါတလေ ရှိတတ်တယ်။

အဲဒီအချိန်ကတော့ မရင် လာတဲ့ အချိန်ပါ။ မရင်ဆိုတာ ကိုယ်တို့အိမ်ရှေ့အိမ်မှာ အလုပ်လုပ်တဲ့ အမကြီးပါ။ ဘော်ဒီက ရှယ် တောင့်တယ်။ သူဝတ်လိုက်ရင် ပြောင်လုံချည်၊ ပြောင်အကျီ င်္ ဝမ်းဆက်။ မယ်ဗမာတွေလိုပဲ။ သင်္ကြန်မနက်ဆိုရင် မရင်က မြက်ဦးထုပ် အဝိုင်းကြီး ဆောင်းတတ်တယ်။ သင်္ကြန် မုဒ် အပြည့်ပေါ့။

သူက စိတ်လိုလက်ရ ရှိရင် ကိုယ်တို့ ကလေးတွေနားလာပြီး လမ်းသွားလမ်းလာတွေကို ကြည့်တတ်တယ်။ သူရပ်နေရင် သင်္ကြန်ကားတွေက တရွှီရွှီ ဝီစီမှုတ်ပြီး ဟေးးး ချစ်ချစ် တဲ့။ သူကလဲ လက်ပြန်ပြတယ်။ ကိုယ်က အမနဲ့ သိလို့လားဆိုတော့ ပခုံးလေးတွန့်ပြီး သိဘူးလေ တဲ့။ ကိုယ့်အမေးကို သဘောကျပြီး ရီလိုက်တာ။

ဒါနဲ့ ကိုယ်တို့လဲ အကြံရပြီး သူ့ကို သင်္ကြန်ကားတွေ တားခိုင်းရတယ်။ ရေတွေစိုရွှဲနေတဲ့ မမလှလှတယောက်က တားနေမှတော့ ကားတွေက ရပ်ပြီပေါ့။ ကားတွေများ ၃ ၄ စီး တန်းတောင် စီနေတယ်။ မရင်ကတော့ ကားသမားနဲ့ ပြုံးပြီး စကားပြောလို့။ ကိုယ်တို့ ကလေးတွေ ပက်ပစေ ပေါ့။

ခက်တာက ကိုယ်တို့ပဲ။ ပထမ တကားမှာတင် ရေက ကုန်သွားတော့ ထပ်ပြေးခပ်ရတယ်။ နောက်ကားတွေ လွတ်ကုန်ပြီ။ ရေကလဲ လာနေတာ ကြွက်မြီးတန်းမို့ ပြည့်ဖို့ စောင့်ရသေးတာ။ သင်္ကြန်ကားတွေက ရေတွေ ရေတွေ ကုန်ကုန်ပြီ ဆိုတော့ ရှက်လိုက်တာ။ ခွက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့ တဲ့။ ကိုယ်တို့ကလေးတွေမှာတော့ တကယ်မရီနိုင်ဘူး။

သင်္ကြန်တွေ ပြီးတော့ အရင်လိုပဲ မိုးလင်းမိုးချုပ် ဆော့ကြပြန်ပါရော။ အဲဒီမှာ ညနေဆိုရင် ကိုယ်တို့ဆီ လာလာနွားနို့ပို့နေတဲ့ ဦးလေးကြီးတယောက်ရှိတယ်။ သူက စက်ဘီးလေးနဲ့ နောက်ထိုင်ခုံမှာ နွားနို့ပုံးကြီး တင်ပြီး လာပို့တာပါ။ ကိုယ်တို့ နှစ်အိမ်စလုံး နွားနို့ အမြဲယူတယ်။

တနေ့တော့ ကိုယ်တို့ဆော့နေတုန်း ရေဘုံဘိုင် ဘယ်မှာလဲ တဲ့၊ လာမေးတယ်။ ကိုယ်နဲ့ အိအိလဲ အိမ်ဘေးက ရေဘုံဘိုင် ကိုခေါ်သွားပြီး ပြလိုက်တယ်။ ပြီးတော့ ကလေးဆိုတော့ ဘာရယ်မဟုတ်ဘဲ ဘေးမှာ ဆောင့်ကြောင့်ထိုင် ကြည့်နေကြတယ်။

အဲဒီ နွားနို့ပို့တဲ့လူကြီးက ကာတွန်း အောင်ရှိန်ထဲက ဖိုးဆိတ်ဖြူနဲ့ တူတယ်။ သူက ပထမတော့ နွားနို့ပုံးတွေ ဆေးရုံဆေးတယ်။ နောက်တော့ ကိုယ်တို့ကလေးတွေကို မမှုတော့ဘဲ နွားနို့ပုံးထဲ ရေထပ်ဖြည့်ပြီး ထွက်သွားတော့တာပဲ။ ကိုယ်တို့လဲ စက်ဘီးနောက်စွန်းလေး ကိုင်ပြီး လမ်းလျှောက်ပြီး ခြံထိပ်ထိတောင် လိုက်ပို့လိုက်သေး။

ကိုယ်တို့လဲ သူလာရင် ရေဖြည့်တော့မယ် ဆိုတာ အလိုလို သိနေပြီမို့ ကလင် ကလင်သံကြားတာနဲ့ ဆော့နေရာက ထ၊ ရေဘုံဘိုင်နားမှာ သွားစောင့်နေတတ်တယ်။ အိမ်က လူတွေ နွားနို့ယူပြီးသွားရင် ဖိုးဆိတ်ဖြူကြီး ရေဘုံဘိုင်နား ရောက်လာတော့တာပဲ။ ကိုယ်တို့လဲ သူ ရေရောနေတယ်ဆိုတာ မသိဘဲ ဘေးကနေ ထိုင်ကြည့်လို့။ လူကြီးတွေလဲ မသိရှာဘူး။

ကိုယ်တို့ နည်းနည်းကြီးတော့ အိအိတို့ အိမ်ပြောင်းသွားကြတယ်။ ကိုယ်က ကျန်နေခဲ့ရတာပေါ့။ သူတို့အိမ်ကို နောက် ပြောင်းလာတဲ့လူတွေကိုလဲ ကိုယ့်မှာ မခင်နိုင်ဘူး။ ကိုယ်တို့ သီချင်းအတူဆိုကြတာ၊ အိုးပုတ်တမ်းဆော့ကြတာတွေပဲ သတိရတယ်။ အိအိဆီ နေ့တိုင်း စာရေးတယ်။

စာကို ဘယ်လို ပို့သလဲဆိုတော့ နွားနို့သမား ဖိုးဆိတ်ဖြူကြီးနဲ့ ပို့တာပါ။ ကိုယ်က တနေ့လုံး စာတွေ တကုန်းကုန်းနဲ့ ရေး၊ ပြီးရင် ဖိုးဆိတ်ဖြူကြီးနဲ့ ညနေမှာ စာပေးလိုက်တာပါ။ အိအိတို့က သထုံလမ်းကို ပြောင်းသွားတာမို့ ကိုယ်တို့ပြီးရင် သူတို့အိမ်ဖက်ကို ဆက်သွားရမှာလေ။ ဖိုးဆိတ်ဖြူကြီးကလဲ နွားနို့ပို့သမားကနေ စာပို့သမားဖြစ်။ အိအိပေးလိုက်တဲ့စာကို နောက်နေ့မှာ ကိုယ့်ဆီ မပျက်မကွက် ယူလာပေးသေးတာ။

ကိုယ်လဲ အရင်လို မဆော့တော့ဘူး။ စာအုပ်လေးဖတ် ငြိမ်ငြိမ်လေး ဝပ်နေတတ်ပြီ။ ကလင် ကလင် သံကြားရင်တော့ နွားနို့လဲ ရ၊ စာလဲ ဖတ်ရပြီ။ တခါတော့ အိအိက စာရေးတယ်။ ဦးလေးကြီး နင်တို့အိမ်မှာ ရေဖြည့်သေးလား တဲ့။ အဲဒါ သူ ငါတို့ နွားနို့ထဲ ရေရောနေတာ တဲ့။ အဲဒီတော့မှ အလင်းတချက် ပွင့်တယ်။ အရင်ကတော့ အဲဒီလို နားမလည်ခဲ့ဘူး။ သူ့ဖာသာသူ ရေလို လို့ ရေဖြည့်နေတာပဲ ထင်တာ။ ကိုယ်ပဲ ဘုံဘိုင်လိုက်ပြလိုက်သေးတာ မဟုတ်လား။

နောက်တော့ ကိုယ့်သူငယ်ချင်း နွားနို့စစ်စစ်သောက်ရရေး ကိုယ့်မှာ တာဝန်ကြီး တခုလို ဖြစ်သွားတော့တာပဲလေ။

အခုတော့ အိအိနဲ့ မတွေ့ရတာ ဆယ်စုနှစ်တခုတောင် ကျော်ရောပေါ့။ ဖိုးဆိတ်ဖြူကြီးလဲ ရှိမှ ရှိသေးရဲ့လားမသိ။ နွားနို့လား ရေလား မသိ စွန်းပေနေတဲ့ စာလေးတွေကို ဖတ်ချင်နေမိတယ်။

ငယ်ငယ်တုန်းက သူငယ်ချင်းတွေ.. လွမ်းမိပါတယ်လေ။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

အလွမ်းတောင်တန်းများ

ဘူမိဗေဒက ကိုယ့်ချစ်သူငယ်ချင်း မိချော ရဲ့ ညီမ အငယ်ဆုံးလေး မိပ က မနေ့က ကွန်မန့်ထဲမှာ Geology တက်ဖြစ်တဲ့ အကြောင်းလေး ရေးပါအုံး တဲ့။ ကိုယ့်အဖို့မှာလဲ ငိုချင်ရက် လက်တို့ ဆိုသလို ဖြစ်နေပါပြီ။

ကေ တို့ ကိုအောင်သာငယ် တို့က ဘူမိ ကွင်းဆင်းတဲ့ အကြောင်းတွေ ရေးကြတော့ ကိုယ်ကလဲ စိတ်ကူးထဲမှာ လိပ်ပြာလေး နိုးနေချိန် မိပလဲ ရေးခိုင်းရော ဒိုင်သူကြီး ၀ီစီမှုတ်မယ်ကြံတုန်း ပြေးထွက်သွားတဲ့ ကစားသမားလို ဖြစ်နေတယ်။ ၀ီစီက မှုတ်မယ် လုပ်တုန်း ကိုယ်က ကွင်းတ၀က်လောက် ရောက်နေပါပေါ့။

ကိုယ့်ဘ၀မှာ လွတ်လွတ်လပ်လပ်နဲ့ အပျော်ရွှင်ဆုံး အချိန်တွေဆိုတာ တက္ကသိုလ် ကျောင်းတော်ကြီး တက်ရတဲ့ အချိန်တွေ ဖြစ်မယ်။ ဒါတောင် ကိုယ်တို့က နှစ်ပြည့် တက်ကြရတာ မဟုတ်ဘူး။ ၈၈မှာ ပထမနှစ်ဆိုတော့ ကျောင်းတွေက ပိတ်လိုက် ဖွင့်လိုက်မို့ ထုံ့ပိုင်း ထုံ့ပိုင်း နဲ့ ကျောင်းတက်ခဲ့ရတာ။ ကျောင်းပြီးတော့ ၉၄မှာ။

နှစ်တွေ ကြာပေမဲ့ တက်ရတဲ့အချိန်ကတော့ နည်းပါတယ်။ တက္ကသိုလ်တွေ စာသင်ကျောင်းတွေကို သူပုန်ကျောင်းတွေလို့ အစိုးရက ထင်နေတဲ့ကာလတွေမို့ ခေတ်ကြီးနဲ့အတူ ဆန်ခဲ့ရတယ်။ ဒီလောက် အချိန်တိုတိုလေးသာ တက်လိုက်ရပေမဲ့ ကျောင်းကြီးအပေါ်မှာ ဘူမိဌာနအပေါ်မှာ သံယောဇဉ်ကတော့ ထုနဲ့ ထည်နဲ့ ကြီးမားခဲ့ပါတယ်။

ကျောင်းသူ ကျောင်းသားဘ၀ဆိုတာ အပျော်ဆုံး၊ အလွတ်လပ်ဆုံး အချိန်တွေပဲ မဟုတ်လား။ ကိုယ်ပျော်မယ်ထင်တာတွေ လုပ်လိုက်ကြ၊ မှားမှားမှန်မှန် ဒီအချိန်မှာ ဘာမှ အရေးမကြီးသလိုပဲ။ သူငယ်ချင်းတွေ တအုပ်ကြီးနဲ့ သွားလိုက် လာလိုက်ကြ။ ကျောင်းတံခါးပိတ်တောင် အိမ်မပြန်ချင်ကြဘူးလေ။

ဒါကြောင့်မို့ ကျောင်းမှာ အားကစားပွဲတွေ လုပ်ရင် တခြားမေဂျာတွေက ပြောကြတာ ဘူမိက တောကျီးကန်း တွေတဲ့။ တယောက်ကို ထိရင် အကုန် ၀ိုင်းအာ တတ်ကြလို့ လူအမြင်ကတ်လဲ အုပ်စုလိုက် ခံရတတ်တယ်။

ဒီအထဲမှာ စာသင်တော့လဲ စာသင်ခန်းတင် မဟုတ်၊ တောထဲတောင်ထဲ Field ဆင်းရ၊ ကျောက်ထုရင်း စာသင်ရပြန်တာမို့ အပိုဆု ရသလိုတောင် ထင်မိတယ်။ အဲဒီအပြင် ပင်ပန်းဆင်းရဲတော့လဲ အတူ၊ ငတ်အတူ ပြတ်အတူ (အိမ်က ပါလာတဲ့ ပိုက်ဆံတွေ ပြတ်လပ်ကုန်လို့) နေခဲ့ကြတာဆိုတော့ တယောက်နဲ့ တယောက်လဲ ပိုပြီး ခင်မင်မိကြတယ်။

ကိုယ်တို့ မေဂျာက မိန်းကလေး နည်းတယ်။ ဒီမေဂျာရဖို့ မိုင် ၂၀ လမ်းလျှောက်ပြီးမှ ၀င်ခွင့်ရခဲ့တာဆိုတော့ သူများတွေလို နုနုငယ်ငယ်တွေ နည်းပါတယ်။ အဲဒီအထဲမှာ ကိုယ်တို့ သူငယ်ချင်း ၄ယောက် တွဲမိကြတယ်။ မိန်းကလေးအားလုံး ခင်ကြပေမဲ့ ထိုင်တော့ ဒီလေးယောက် အတူတူ ထိုင်တာမို့ ပိုတွဲမိကြတယ် ဆိုပါတော့။

မိချော တဲ့။ နိုင်နိုင် တဲ့။ စ၀တ တဲ့။ စ၀တ ဆိုလို့ တမျိုးတော့ မထင်ပါနဲ့။ န၀တ တို့ နအဖ တို့နဲ့ လားလားမှ မဆိုင်ပါဘူး။ နံမည်က စိုးဝင်းတင် ဖြစ်နေလို့ စ၀တ ဖြစ်သွားရတာ။ နင့်နံမည်ကလဲဟယ်၊ ယောကျာင်္းနံမည်လိုလို ဘာလိုလိုနဲ့ ဆိုတော့ ခါးလောက်ရှိတဲ့ ဆံပင်အရှည်ကြီးနဲ့ မိန်းမပီသတဲ့ သူငယ်ချင်းက ပြုံးရှာတယ်။

မိချော နဲ့ နိုင်နိုင်ကတော့ အရပ်က ၄ပေကျော်ကျော် ၅ပေအောက် မတိမ်းမယိမ်းလေးတွေ။ စ၀တက အရပ် ၅ပေ ၈လက်မဆိုတော့ တခုခုသွားမလို့ ဘတ်စ်ကားစီးမယ် ကြံရင် ဒတ်ဆန်း အပုကားဆို စ၀တက သူမစီးချင်ဘူး၊ သူ့ကိုယ်ကြီး ခွေခေါက်ပြီး ငုံ့ရလို့။ ဟီးနိုး ဒေ၀ူးကားကြီးဆို မိချောနဲ့ နိုင်နိုင်က မစီးချင်ဘူး။ ကား လက်ကိုင်ကွင်းကို မမီတော့ ကားဘရိတ်အုပ်ရင် ကားရှေ့ကို လွင့်လွင့်သွားလို့။ ကိုယ်ကတော့ ၅ပေ ၃လက်မဆိုတော့ ဘာကားလာလာ အိုကေတယ်။ J

ပြောရရင်တော့ သတိရစရာတွေ အများကြီးပေါ့လေ။ တတိယနှစ် ကွင်းဆင်းတော့ ကျောက်ဆည် ကုလားကျောင်းမှာ ကွင်းဆင်းရတယ်။ ပထမဆုံး ကွင်းဆင်း အတွေ့အကြုံဆိုတော့ စိတ်လှုပ်ရှားမိတာပေါ့။ ပျော်လဲ ပျော်၊ ပင်လဲ ပင်ပန်းတယ်။

ကျောက်ဆည် စ ရောက်တဲ့ ညမှာပဲ ကိုယ်တို့ထဲက တင်တင်က နံမည်အသစ်ရသွားတယ်။ ညမှောင်မဲမဲ အထက ကျောင်းရဲ့ အိမ်သာကိုအသွား ကင်း က ထမိန်ထဲဝင်ပြီး ပေါင်ကို ကိုက်လိုက်လို့။ ကင်းဝင်မင်းသမီး တဲ့။ မြေကြီးပေါ်မှာ နာလွန်းလို့ လူးနေတဲ့ တင်တင့်ကို ကြည့်ပြီး သနားလိုက်တာ။ အိမ်သာကို မသွားရဲကြတော့လို့ ဒုက္ခအတော်ရောက်ရသေးတယ်။

အဲဒီတုန်းက ညည ကျရင် ခြင်ထောင်ထဲမှာ ဖယောင်းတိုင်မီးထွန်းပြီး ကွတ်ကီးနဲ့ အအေး သောက်ကြတဲ့ ခြင်ထောင်ပါတီလဲ ရှိသေးတာ။ တနေ့လုံး ပင်ပန်းသမျှ ပြန်ပြောကြတာပေါ့။ ပင်ပန်းတာတွေ စိတ်အခန့်မသင့် ဖြစ်တာတွေ ခြင်ထောင်ထဲမှာ မိန်းကလေးတွေ တိုးတိုး တိုးတိုးနဲ့ ရင်ဖွင့်ကြတာပါပဲ။ ဆရာမက မအိပ်ကြသေးဘူးလား ဒီကောင်မလေးတွေ..လို့ ပြောမှ အလျှိုလျှို ခြင်ထောင်ထဲက ထွက်ကြတာ။

ကိုယ်နဲ့ စ၀တ က အတူတူအိပ်တယ်။ သူဆံပင် အရှည်ကြီးက သန်ပြီး မွှေးနေတာပဲ။ ကိုယ်က သူ့ဆံပင်တွေကို ကိုင်ရင်း အိပ်တယ်။ သဘောကျလို့။ နောက်ပြီး ကိုယ်က ငပျင်း။ မနက်အစောကြီးထ ကိုယ့်ဂျူတီဆို သောက်ရေအိုးတွေ ဖြည့်ပြီးမှ အ၀တ်အစားလဲ တောထဲ ဆင်းရတာမို့ မနက်ပိုအိပ်လို့ ရအောင် တခါတည်း ၀တ်စုံပြည့် ၀တ်ပြီး အိပ်တယ်။ တခါတလေ ဘွတ်ဖိနပ်ပါ ၀တ်ရက် အိပ်မလို့ စ၀တက နင် ငါ့ကို ကန်မိမှာနော် အခုချွတ် ဆိုမှ စပ်ဖြဲဖြဲနဲ့ ချွတ်ရတာ။

စ၀တ က ကိုယ့်ကို အတော် သည်းခံရှာတယ်။ ကိုယ်က အိပ်ရင်းလဲ ယောင်သေးတာ ခဏခဏ။ အမေ၊ အမေ ဆိုပြီးတော့ တဲ့။ သူအိပ်လို့ကောင်းတုန်း ကိုယ်က အမေ အမေဆိုပြီး နှိုးတော့ သူလဲ ကြားထဲက အမေ ဖြစ်လိုဖြစ်ပေါ့။ တခါကလဲ သူ့အိပ်မက်ထဲမှာ တောင်တက်ရင်း ကျောက်တုံးပိလို့ တဲ့။ ကျောက်တုံးကြီး ကို တွန်းမရ ဖယ်မရ မွန်းလိုက်တာ တဲ့။ နိုးလာတော့ ကိုယ်က ချမ်းလို့ သူ့အပေါ်တက်ဖိပြီး အိပ်နေတာလေ။

ညရောက်လို့ အိမ်သာ သွားရင်လဲ သူငယ်ချင်းတွေ တယောက်တလှည့် လက်နှိပ်ဓာတ်မီးလေးတွေ ကိုင်ပြီး ကျောင်းနဲ့ ခပ်ဝေးဝေးက အိမ်သာ မှာ သွားရတယ်။ အိမ်သာအသွားလမ်းမှာ သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုကြီးသာ တို့ ကိုဝင်းအောင်တို့က ဗြူးဗြဲနဲ့ ခြောက်တတ်သေးလို့ အမြဲ တထိတ်ထိတ် တလန့်လန့် နဲ့။

တယောက်အိမ်သာထဲ ၀င်တုန်း အပြင်က မှောင်ကြီးထဲ တယောက်တည်း မစောင့်ရဲ ပြန်တော့ အိမ်သာထဲ နှစ်ယောက်စလုံးဝင် တယောက်က ဟိုဖက်လှည့်ပြီး သီချင်းဆိုနေတတ်တယ်။ ရဲဆေးတင်ရင်း သီချင်းဆိုကြတာလေ။ အဲဒီလောက်ထိ ချစ်ခင် ရင်းနှီးခဲ့ကြတာ။

ကိုယ့်အုပ်စုနဲ့ ကိုယ် တောထဲ တောင်ထဲ ကျောက်တွေ တိုင်းရရင်တော့ ကိုယ်တို့ရဲ့ ပျော်ရွှင်မှုက ဓာတ်စက်သံပါပဲ။ တောင်ပေါ်မှာ ကျောက်ထုရင်း ဓာတ်စက်သံကို နားစွင့်နေမိတာ။ တွံတေးသိန်းတန်များ ဟစ်လိုက်ရင် တခါတည်း ပြုံးသွားတာ။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်စက်သံကြားရင် အလှူရှိတယ်လေ။

ဒါဆိုရင် ထမင်းဗူး ဟန်းကောလေးတွေ ကိုင်ပြီး အသံရှိရာ ချီတက်ကြတော့တာပါပဲ။ ဘုန်းကြီးကျောင်း တွေ့တာနဲ့ ပုဆိန်ပေါက် ဦးချပြီး ရီပြလိုက်ရင်ပဲ ဘုန်းတော်ကြီးက ဒီကျောင်းသားတွေကို ကျွေးလိုက်ကြပါဟေ့ တဲ့။ ဘယ်နှစ်ဖွဲ့များ ကိုယ်တို့ရှေ့မှာ ဒီလိုစားခဲ့ဖူးကြလို့ ကျောင်းသားတွေ မြင်ရင် ဒီလောက် ဓာတ်ပေါက်နေရပါလိမ့်။


စားပြီးသောက်ပြီး ကိုရင်များနဲ့ ပြုံးပြုံးရွှင်ရွှင်
ပြီးရင် ပါလာတဲ့ ပိုက်ဆံလေးတွေ စု၊ ဘုန်းဘုန်းကျောင်းကို တတ်အားသမျှ လှူခဲ့ကြတာပေါ့။ စားတုန်း ဘေးမှာ ကိုရင်လေးတွေရော၊ ရွာကလူတွေရော ၀ိုင်းအုံပြီး ကြည့်လို့။ စားလို့ ပြီးရင် ထန်းညှက် တခဲ ရေနွေးကြမ်းတအိုးနဲ့ ဧည့်ခံရင်း စကားစမြည် ပြောကြသေးတာ။

ကိုယ်တို့ရဲ့ Field in charge ဆရာမက နှစ် နှစ်စလုံး ဆရာမဒေါ်ကျော့မင်းဌေးပေါ့။ တပည့်တွေကို သိပ်ချစ်၊ သိပ်နားလည် တတ်လို့ ကိုယ်တို့လဲ ပင်ပန်းခက်ခဲတဲ့ကြားထဲက ပျော်ရွှင်ခဲ့ရတာပါ။ ကိုယ်တို့ ကွင်းဆင်းတော့ ပါမောက္ခ ဆရာ ဒေါက်တာ ဦးသိန်းကိုယ်တိုင် လိုက်ပေးခဲ့တာ။ ဆရာ့ကို ကိုယ်တို့က ကွယ်ရာမှာ ခေါ်တာ ကျောက်ဆရာကြီး တဲ့။ ယရစ်နဲ့ ကြောက်တဲ့ ကြောက်စရာ တော့ မဟုတ်ဘူး။ ကျောက်တွေကို ထုံးလိုခြေ ရေလိုနှောက် သိလွန်းလို့ ကျောက်ဆရာကြီးလို့ ခေါ်တာ။ ဆရာ့ကို တပည့်အားလုံးက ချစ်ကြတာပဲ။

ဒီအကြောင်းတွေ ပြန်တွေးမိရင် ကိုယ်အလွမ်းဆုံး အချိန်တွေက ကျောင်းစာတွေလုပ်ပြီးလို့ ညဦး သီချင်းတွေ ဆိုကြတဲ့ အချိန်တွေပါပဲ။ ယောကျာင်္းလေးတွေက ဂစ်တာတီး၊ မိန်းကလေးတွေကလဲ တခါတလေ ဆိုကြတယ်။ ဆရာမလဲ အင်္ဂလိပ်သီချင်းတွေ အဆို အရမ်းကောင်းတာ မှတ်မိနေတယ်။ ဆရာ တပည့်တွေ လွတ်လွတ်လပ်လပ် ဆိုကြ တီးကြ တာပဲ။

ကိုယ်ကတော့ နားထောင်သမား။ ဂစ်တာအတီးကောင်း အဆိုကောင်းတွေက ကိုဝင်းအောင် တို့ ကိုနေလင်းတို့။ ခင်မောင်တိုး သီချင်းတွေ ခင်ဝမ်းသီချင်းတွေ ဆိုကြတာ များတယ်။ မိန်းကလေးထဲမှာ ယဉ်ယဉ်က အသံသိပ်ကောင်းတယ်။ အဲဒီသီချင်းတွေ အခုအချိန် ပြန်ကြားရင် အမြဲ မျက်ရည်ဝဲမိတယ်။ ဒီလိုအချိန်တွေ ပြန်မရနိုင်တော့ဘူးလေ။

တနေ့ကတော့ အိပ်မက်တောင် မက်တယ်။ အိပ်မက်ထဲမှာလဲ အခု လက်ရှိ အရွယ်တွေပါပဲ။ ကိုယ်တို့ သူငယ်ချင်း လေးယောက် ပြန်ဆုံကြတယ် တဲ့။

မိချောက သူ့သမီးလေးကို ချီလို့၊ ဒါက နင်သွားပြီးမှ မွေးတဲ့ အငယ်မလေးလေ တဲ့။ ငါ စုနန္ဒာအောင်လို့ နံမည်ပေးထားတာ တဲ့။ သမီးက အမေကို သိပ်ကပ်တယ်တဲ့။
နိုင်နိုင်ကတော့ သားကစ် ကို ကျောင်းသွားကြိုရအုံးမှာ တဲ့။ နိုင်နိုင့် ထုံးစံအတိုင်း ငါ့သားကစ်ကလေးက ချစ်စရာလေးနော် လို့ တပြောတည်း ပြောနေတုန်းပဲ။
စ ၀ တ ကတော့ ပြုံးလို့။ သူက အခုတော့ သဘောကောင်း ရုပ်ချော တဲ့ အပျိုကြီး။ ဆံပင်က ခါးထိဖြောင့်စင်းပြီး ရှည်နေတာကို ဖြတ်ပစ်လိုက်လို့ ကိုယ့်မှာ နှမြောလိုက်တာ။

နိုးလာတော့ ကိုယ့်ပါးပြင်မှာ မျက်ရည်တွေနဲ့ စိုစွတ်လို့॥။ ဟိုး…..အဝေးက ခင်မောင်တိုးရဲ့ ဒဏ္ဍာရီ သီချင်းသံ တိုးတိုးလေးလဲ ကြားလိုက်မိသလိုပဲ။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

မိတ်ဆုံပွဲ

လာမဲ့ သောကြာနေ့ကျရင် ကိုယ်တို့ ခရီးတိုလေးတခု သွားပါမယ်။ ဆန်ဖရန်စစ်စကို ကိုပါ။ အယ်လ်အေနဲ့ ဆန်ဖရန်စစ်စကို ဆိုတာ နီးတယ်လဲ ပြောလို့ရသလို ဝေးတယ်လဲ ပြောလို့ရတယ်။

ဘာဖြစ်လို့လဲဆိုတော့ ခရီးအကွာအဝေးက မိုင် ၄၀၀ကျော် ဝေးတာမို့ ရန်ကုန် မန္တလေး ခရီး လောက်ပေါ့။ ဒါပေမဲ့ လမ်းက ချောတော့ ကားမောင်းသွားရင် ၆နာရီလောက် မောင်းရပါတယ်။ အခုသွားမှာက စာပေဟောပြောပွဲ သွားနားထောင်မလို့ပါ။ ရန်ကုန်မှာလိုပေါ့။ စာပေဟောပြောပွဲရှိရင် ကိုယ်နားထောင်ချင်တဲ့ စာရေးဆရာဆိုရင် ဝေးလဲ လိုက်နားထောင်သလိုပေါ့။

ဟောပြောပွဲက ၈ရက် စနေနေ့ လုပ်မှာ။ စာရေးဆရာတွေက ဆရာဦးဝင်းဖေ၊ ဆရာ မောင်စွမ်းရည်၊ ဆရာ ဦးအောင်ဝေး၊ ဒေါ်မာမာအေး နဲ့ မြို့ခံ ဆရာတော် ဦးဥာဏိက (စာရေးဆရာ ဥာဏ်ဦးမောင်) တို့ ဟောပြောမှာပါ။ ၉ရက်နေ့ကျရင် ဒီဆရာတွေနဲ့ပဲ မိုးမခ ၅နှစ်ပြည့် မိတ်ဆုံပွဲလုပ်မှာမို့ မိုးမခပွဲကို တက်ချင်တာလဲ ပါတာပေါ့။

ကိုယ်တို့က အယ်လ်အေကနေ နေ့လည် ၁၂နာရီ ရုံးက နေ့တ၀က်ဆင်းပြီး သွားကြမှာ။ အဖော်ကလဲ ကောင်းတယ်။ သူငယ်ချင်း ဘိုဘိုရဲ့ ကားနဲ့ သူငယ်ချင်း ၅ယောက် တက်ကြမယ်။ မလွင်မာ (ကိုဇာဂနာ အမျိုးသမီး) ရယ်၊ သမီး ငယ်ငယ် ရယ်၊ ဘိုဘို နဲ့ ကိုယ်တို့ နှစ်ယောက်ပေါ့။

ကိုယ့်မှာ အမအရင်းက ၃ယောက်ရှိပေမဲ့ အရင်းအချာလိုပဲ ချစ်ခင် ရင်းနှီးရတဲ့ အမတွေကလဲ ရှိသေးတာ။ အဲဒီအထဲမှာ ဒီရောက်မှ တွေ့ဖူး ခင်ဖူးပေမဲ့ ကိုယ့်အမအရင်းတွေလို ချစ်ခင်ရတဲ့ အမ နှစ်ယောက်ကတော့ မမေသန်းဌေးနဲ့ မလွင်မာပေါ့။ မမေသန်းဌေးက မိုးမခက ကိုမောင်ရစ်ရဲ့ မဟေသီ၊ မလွင်မာက ကိုဇာဂနာ့ မဟေသီပဲ။

ကိုယ်တို့ ၃ယောက်မှာ မလွင်မာက အကြီးဆုံး၊ ပြီးတော့ မမေသန်းဌေး၊ ပြီးမှ ကိုယ်လေ။ မလွင်မာက အကြီးဆုံးဆိုပေမဲ့ ရုပ်က နုတော့ အငယ်ဆုံးလိုပဲ၊ ဒါ့အပြင် အမြဲတမ်း ပြင်ပြင်ဆင်ဆင်၊ သပ်သပ်ရပ်ရပ်လေး နေတတ်တယ်။ ကိုယ့်ကိုယ်ကိုလဲ အစားအသောက်က အစ ဂရုစိုက်တယ်။ အမ များ ပြင်ဆင်ပြီး ထွက်လာရင် ကိုယ်တို့ အငယ်နှစ်ယောက်က ပါးစပ်ကြီး ဟ ပြီး ငေးနေရတာ။ ဘေးကမိတ်ဆွေတွေက “ချိုသင်းတော့ သူ့အမကို ငေးတာ အောက်မေးပြုတ်နေပြီ” တဲ့။

မမေသန်းဌေးကတော့ သွက်တယ်။ ပေါင်းသင်းဆက်ဆံရေးလဲ အရမ်းကောင်းတယ်။ လုပ်စရာရှိရင် မြန်မြန်သွက်သွက်နဲ့ အကုန်စီမံ သွားတတ်တယ်။ ကိုယ့်ကိုလဲ ဟင်းချက် က အစ၊ ပိုက်ဆံ သုံးစွဲတာအဆုံး သင်ပေးတာပါ။ မလိုအပ်တဲ့နေရာ မကုန်ရအောင် စီးတဲ့ရေ ဆည်တဲ့ကန်သင်း လုပ်တတ်တယ်။

ကိုယ့်ကို ဒီဘလော့ဂ်လေး စ ဖို့ အမ တိုက်တွန်းခဲ့တာ။ အမလဲ ၀င်ရေးမယ် ဆိုပြီး အားပေးလို့ ကိုယ်က အမနဲ့ဆို အဖော်ရှိပြီဆိုပြီး အားတက်ပြီး လုပ်ခဲ့တာ။ ပြီးတော့ အမက မရေးဘူး။ အမက ဟေမာန်သဇင်ဆိုတဲ့ နံမည်နဲ့ ရေးပြီး မိုးမခကို ပို့တာ စာမူထည့်ဖို့ ၆လလောက် သည်းခံ စောင့်ရတယ်။ အယ်ဒီတာ ညစ်တဲ့သဘောပေါ့။

အခု ကိုယ်တို့က စာပေဟောပြောပွဲလဲ သွားနားထောင်ရင်း ကိုယ်တို့ ညီအမတွေလဲ ဆုံရင်းပေါ့။ ကိုယ်နဲ့ မလွင်မာက အယ်လ်အေမှာ နေတာဆိုတော့ တပတ်ကို မဆုံဖြစ်ဘူး ဆိုရင်တောင် ၂ခါတော့ အနည်းဆုံး ဆုံကြတယ်။ အိမ်မှာ အတူ ချက်စား၊ စကားပြော ကြတာပေါ့။ အမရဲ့ သမီးလေး ငယ်ငယ်ကလဲ ကိုယ်တို့ ၀ိုင်းတော်သား ဖြစ်လာပြီ။ ဘ၀ရဲ့ အနိမ့်အမြင့်တွေကို အတူရင်ဆိုင်ကြ၊ တယောက်နဲ့ တယောက် ခံစားနားလည်ကြ၊ အခက်အခဲတွေကို အတူဖြေရှင်းကြရတယ်။

မမေသန်းဌေးကတော့ ဆန်ဖရန်စစ်စကို မှာနေတာမို့ အခုလို သွားပါမှ၊ သူတို့ကလဲ လာပါမှ တွေ့ကြ၊ ဆုံကြရတယ်။ ပိတ်ရက်ရှိတာနဲ့ အမတို့က အယ်လ်အေကို အမြဲ ဆင်းလာတတ်တာမို့ အမတို့ မိတ်ဆွေတွေက ဒီမိသားစုကို ဘယ်သွားမလို့လဲ မမေးတော့ဘူး။ အယ်လ်အေပဲ သွားမှာပဲဆိုတာ မေးစရာမလိုအောင် သိပြီးသား။ ရောက်ရင်လဲ ဘယ်မှ သိပ်မသွားဖြစ်ဘဲ တနေ့လုံး တညလုံး စကားပြောကြတယ်။ အရောင်တူ၊ စိတ်တူဆိုတော့ ပြောစရာ များတာပေါ့။

မဆုံဖြစ်တဲ့ အချိန်မှာလဲ ဖုန်းကတော့ အမြဲလိုလို ဆက်ဖြစ်တယ်။ တခါကတော့ ကိုယ်က ဘန်ကောက်ကနေ ခရီးသွား ပြန်လာတော့ ပြောစရာတွေများပြီး အတိုးချ ပြောလိုက်တာ အဲဒီလ ဖုန်းဖိုး ၂၀၀ ကျော်သွားတယ်။ အမရဲ့ ဖုန်း ဘီလ်မှာ ကိုယ့်နံပါတ်တွေ ပြူးပြဲနေအောင် ပေါ်နေတာလေ။ တခါခေါ်ရင် မိနစ် ၁၀၀ အသာလေးပဲ။ ဒါနဲ့ နှစ်ယောက်သား ကိုယ်ရှိန်သပ်ပြီး ဖုန်းဆက်တဲ့ရက်၊ အချိန်တွေကို သတ်သတ်မှတ်မှတ် ထားထားရတာပေါ့။

ကိုမောင်ရစ်တို့ အမတို့မှာလဲ ၁၀နှစ်အရွယ် သမီးကလေး တယောက်ရှိသေးတယ်။ နံမည်က ပွင့်ဖြူ နန္ဒာ တဲ့။ ကိုယ်တို့က မီးမီးလို့ပဲ ခေါ်တယ်။ မီးမီးက အေးတယ်။ စာဖတ်၊ စာရေး၊ ပုံဆွဲပဲ လုပ်တယ်။ စာတော်တယ်။ ဒါပေမဲ့ ကစားနည်းဆိုရင် ဘယ်ကစားနည်းပဲ ဖြစ်ဖြစ် သူမကစားရဲဘူး။ ရှုံးမှာ ကြောက်လို့။ ဝမ်းနည်းတတ်တယ်။ စာရေး အရမ်းကောင်းတယ်။ ဘဘဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ မြစ်ကလေး။ သူက အတွေးသမား။ ကိုယ်နဲ့ပေါင်းမှ ရိုလာ ကိုစတာ စီးဖူးတာမို့ ကိုယ့်ကို ခေါ်တာ ရိုလာကိုစတာ မမ တဲ့။

မလွင်မာ့ သမီး ငယ်ငယ်ကတော့ ခုမှ ၁၈နှစ်။ အဖေချစ် သမီးချောပေါ့။ သူလဲ စာတော်တာပါပဲ။ နံမည်က ငယ်ဦးမွန် တဲ့။ သူကတော့ သတ္တိရှိတယ်။ ၁၈နှစ်ပြည့်ပြည့်ချင်း ကားမောင်းလိုင်စင်သွားဖြေတာ တကြိမ်တည်းနဲ့ အောင်သွားပြီ။ သူ့ကို ကားမောင်းသင်ပေးတဲ့ ဆရာက နင်ငါ့ကို ဂျပန်ဖြစ်အောင် လုပ်တယ် လို့ အပြောခံရသူလေ။ ဘာဖြစ်လို့လဲဆိုတော့ ကားကို ဘရိတ်ဆောင့်အုပ်လို့ ရှေ့ကို ဟိုက် ဆိုပြီး ငိုက် ငိုက်သွားတာမို့ ဂျပန်ဖြစ်ရတာ တဲ့။

ကလေး နှစ်ယောက်စလုံး တိရိစ္ဆာန် ချစ်ကြတယ်။ အဲဒီတော့ ကိုယ်နဲ့ အဖွဲ့ပေါ့။ ကိုယ်ကတော့ ကလေးတွေနဲ့လဲ သူငယ်ချင်း၊ ကလေးတို့ အမေတွေနဲ့လဲ သူငယ်ချင်းပဲ။ ဒီလိုပဲ တယောက်ကို တယောက် စောင့်စောင့်ရှောက်ရှောက်၊ ချစ်ချစ်ခင်ခင် နေကြရတာပဲပေါ့လေ။ ကိုယ့်ရဲ့ အားငယ်နေတဲ့အချိန်၊ ၀မ်းနည်းနေတဲ့အချိန်တွေမှာ ဒီအမနှစ်ယောက်က ဘေးကနေ အမြဲ ရပ်ပြီး ကိုယ့်ကို ထူခဲ့ကြဖူးတယ်။ ပျော်စရာဆိုလဲ အတူတူ မျှဝေ ပျော်ရွှင်ခဲ့ကြတယ်။

ဒီလို သူငယ်ချင်းတွေနဲ့အတူ ကိုယ်ဝါသနာပါတဲ့ စာပေစကားတွေ၊ စာပေအတွေ့အကြုံတွေ နားထောင်ရမှာဆိုတော့ ဘလော့ဂ်ကနေ ခွင့် ၅ရက်လောက် ယူရင်လဲ အပြစ်ယူမယ် မထင်ပါဘူးလေ။ ဟုတ်တယ် မဟုတ်လား။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ဘ၀ရဲ့ ဆုလာဘ်

တနေ့က ကော်ဖီဆိုင်မှာ နှစ်ယောက်သား စကားပြောကြရင်း ဝေးကွာနေကြရတဲ့ သူငယ်ချင်းတွေကို သတိရလို့ လွမ်းမိရတယ်။ လွမ်းတဲ့အတိုင်းလဲ တယောက်နဲ့ တယောက် ကိုယ့်သူငယ်ချင်းတွေ အကြောင်း ရေပက်မ၀င် ပြောမိကြတာပေါ့။

ကိုယ့်မှာက အိမ်နီးနားချင်း သူငယ်ချင်း၊ ငယ်ငယ်တုန်းက TTC တက်တုန်းက သူငယ်ချင်း၊ Augustine က သူငယ်ချင်း၊ Geology က သူငယ်ချင်း၊ တခြားသင်တန်းပေါင်းစုံက သူငယ်ချင်း၊ စာပေလောက က သူငယ်ချင်း၊ အခု ဒီရောက်မှ ခင်ရတဲ့ သူငယ်ချင်း နဲ့ နောက် ဘလော့ဂ်လုပ်တဲ့အခါမှာ တွေ့တဲ့ သူငယ်ချင်းတွေဆိုပြီး လိုင်းပေါင်းစုံလှတယ်။

ကိုယ်ကလဲ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ပါတတ်တာမို့ အားလုံးကို တယောက်တမျိုးစီ ခင်နေမိတတ်တာပါပဲ။ နောက်ပြီး ကိုယ်က ပျော်ဝင်လွယ်တတ်လွန်းလို့ ကိုယ်ငယ်ငယ်တုန်းကဆိုရင် အိမ်က ကိုယ်ဘယ်သူနဲ့ ပေါင်းနေသလဲဆိုတာ မျက်လုံးဒေါက်ထောက် ကြည့်နေရတယ်။ နည်းနည်းဆိုးတယ်လို့ ထင်တဲ့ သူငယ်ချင်းတွေနဲ့ အတွဲများနေပြီဆိုရင် အမတွေက သတိပေးလေ့ရှိတယ်။

ကိုယ်ကလဲ ကိုယ့်သူငယ်ချင်းဆိုရင် ဘာကြီးလုပ်နေနေ အပြစ်မမြင်လေတော့ အမြဲတမ်း အကြောင်းပြချက် ရှိတယ်။ ကိုယ့်သူငယ်ချင်းဘက်က ရှေ့နေလိုက်ပေးတတ်တယ်လေ။ နောက် ကြီးလာတော့ အမတွေလဲ မပြောတော့ပါဘူး။ ငယ်တုန်းကတော့ မစဉ်းစားတတ်သေးတော့ ကိုယ်မမြင်တာတွေ ထောက်ပြ ရတဲ့ သဘောမျိုးပေါ့။

သူကလဲ ကိုယ့်လိုပဲ မိတ်ဆွေ အပေါင်းအသင်း သိပ်ခင်သူပါ။ ဒါပေမဲ့ ကိုယ့်လို နွေးထွေးတာကို မဖော်ပြတတ်ပါဘူး။ စိတ်ထဲကပဲ ခင်နေပြီး ဘာပဲလုပ်လုပ် သူငယ်ချင်းဖက်က အမြဲ စဉ်းစားပေးတတ်တာ။ အဲဒီတော့ သူ့သူငယ်ချင်းတွေက ဟိုးငယ်ငယ်ကတည်းက တွဲလာတဲ့သူတွေဆိုတာ ခုချိန်ထိ တွဲတုန်း။ ငယ်ငယ်ကအတိုင်း ခင်တုန်း။ သူနဲ့ ရတော့ သူ့သူငယ်ချင်းတွေက ကိုယ့်ကိုလဲ ညီမလေးတယောက် ကောက်ရ သလို ခင်ကြပြီး သူတို့ ဘော်ဒါစာရင်းထဲ သွင်းလိုက်ကြတယ်။ ပျော်စရာကြီး။

တခါတုန်းကများ သူ နိုင်ငံခြားသွားနေတုန်း ကိုယ်က ရန်ကုန်မှာ ကျန်ခဲ့တုန်းကပေါ့။ ကိုယ့်ကို တယ်လီဖုန်း ပြင်တဲ့ လိုင်းသမားလေးက နိုင်ငံခြားနဲ့ အဆက်အသွယ်ရှိမှန်းသိလို့ ဖုန်းလိုင်းကို ခဏခဏဖြတ်ပြီး ငွေညှစ်နေတယ်။ ဒါနဲ့ ကိုယ်လဲ သူ့သူငယ်ချင်း တယောက်ကို အဲဒီအကြောင်း စကားစပ်လို့ ပြောပြလိုက်တော့ အဲဒီအကိုကြီးကကိုယ့်ကို ငွေညှစ်ရပါ့မလား ဆိုပြီး ဒေါသတွေထွက်ပြီး သွားရိုက်မလို့ တဲ့လေ။ ကိုယ့်မှာ တားလိုက်ရ၊ ရီလိုက်ရတာ။ လူပုံက လူကြီးလူကောင်း သဘောကောင်း။ ကိုယ့်ကိုထိတော့ ရိုက်မလို့ တဲ့။ ဒေါသအိုးပဲ။

သူ့သူငယ်ချင်းတွေက လူရိုးတွေ၊ လူပျော်တွေ များပါတယ်။ အဲဒီထဲက နှစ်ယောက်ကတော့ သူတို့လူပျိုဘ၀မှာ တခါမှတောင် ရည်းစားဆိုတာ မထားဖူးပါဘူး။ ကြိုက်မိတဲ့လူတော့ ရှိခဲ့တာပေါ့လေ။ တယောက်က ကိုနိုင် တဲ့၊ နောက်တယောက်က ကိုဦး တဲ့။ ကိုနိုင်ဆိုတဲ့ အကိုကြီးကတော့ ကျောင်းသားဘ၀က ကောင်မလေး တယောက်ကို တိတ်တိတ်လေး ကြိုက်ခဲ့ဖူးပါတယ်။

တနေ့တော့ သူတို့ နှစ်ယောက် ကောင်မလေး အိမ်ရှေ့မှာ ခြေအေး ၀မ်းယောင် သွားလုပ်ကြတာပေါ့။ သူက အဖော်လိုက်ပေးပြီး နှစ်ယောက်သား ကောင်မလေး လမ်းထိပ်မှာ ဘာရယ် မဟုတ်၊ သွားထိုင်နေကြတယ်။ တနေ့တော့ လမ်းထိပ်မှာ ထိုင်နေတုန်း ကောင်မလေးအိမ်ပြန်လာတာ ဟိုးဝေးဝေးကနေ မြင်လိုက်တယ်။ ကောင်မလေးနဲ့ကလဲ မေဂျာတူ တတန်းတည်းသမားတွေမို့ သူက သွားစကားပြော၊ နှုတ်ဆက်ဖို့ ကိုနိုင့်ကို အတင်းတွန်းလွှတ်ပါတယ်။

ကိုနိုင်ကလဲ အေးပါ၊ အေးပါကွာ၊ ငါကြောက်လို့ပါ တဲ့။ ထိုင်ရာက မထ ပါဘူး။ နောက်တော့ သူက ကောင်မလေး အနားမရောက်ခင် မြန်မြန်သွားစမ်းပါ ဆိုပြီး တွန်းထုတ်လိုက်တော့ ရပ်တော့ ရပ်လိုက်ပါတယ်။ ဒါပေမဲ့ ရှေ့ဆက် လမ်းလျှောက်လို့ မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒူးတွေ တဆတ်ဆတ် တုန်နေလို့ပါ။ အဲဒီလိုဖြစ်နေတာနဲ့ ကောင်မလေး သူတို့နား ရောက်လာတယ်။ ကြည့်လိုက်တော့ ကောင်မလေး မဟုတ်ဘဲ သူ့အကျီ င်္ကို ယူဝတ် ထားတဲ့ ကောင်မလေးရဲ့ အမ ဖြစ်နေတာ တဲ့။ မပြောမိတာပဲ ကံကောင်းလို့ ဆိုရမှာ။

ကျောင်းရောက်တော့လဲ လှည့်ပတ်တော့ ချောင်းနေတာပါပဲ။ ဘယ်လိုချောင်းသလဲဆိုရင် ကောင်မလေးကို အတန်းအပြင်ဖက် နောက်နားကျကျက ခိုးကြည့်ပြီး ငါ့ကို မြင်သွားပြီကွ၊ ပြန်ရအောင် တဲ့၊ သတ္တိခဲကြီးက လုပ်သေးတာ။ သူငယ်ချင်းတွေက မင်းကို ကောင်မလေးက နောက်စိနဲ့ ကြည့်လို့ မြင်တာလား လို့ မေးယူရတယ်။

နောက်တော့ သူလဲ လုံးဝ မကြိုးစားရဲဘဲ နေလိုက်တာ ဟိုတယောက်က ယောကျာင်္းရပြီး ဘွဲ့ယူတော့ ကိုယ်ဝန် ကြီးနဲ့။ သူကြိုက်တာ ကောင်မလေးက ရိပ်မိနေလို့ ကိုနိုင့်ကို အတင်းခေါ်ပြီး ဓာတ်ပုံ တွဲရိုက်လိုက်သေးတယ်။ လွမ်းရတဲ့ အဖြစ်လေးတွေပေါ့။

နောက်တယောက်ကတော့ ကိုဦး တဲ့။ သူကတော့ အရက်မသောက်၊ ဆေးလိပ်မသောက် တဲ့သူ။ မိဘကိုလဲ ရိုသေလိုက်တာ တိုက်ပေါ်က တိုက်အောက် ဆင်းရင်တောင် ချိတ်ထားတဲ့ မိဘ ဓာတ်ပုံကို လက်အုပ်ချီပြီးမှ ဆင်းတာ။ အစားအသောက်ပဲ ၀ါသနာပါတယ်။ သူများကိုလည်း ကူညီတတ်လွန်းလို့ ပွဲတခုလုပ်ရင် သူ့ကိုသာ လွှဲထားလိုက်၊ နောက်ပိုင်းကိစ္စတွေ အကုန်လုံး သူလုပ်၊ သူ စီစဉ်သွားတယ်။

ကိုယ်တို့ မင်္ဂလာဆောင်တုန်းကလဲ သူ့မှာ ကာယကံရှင်ထက်တောင် ဖတ်သီ ဖတ်သီ ဖြစ်သေး။ ပျော်လဲ ပျော်တတ်တယ်။ ရီရင်လဲ အကျယ်ကြီး အော်ရီတတ်တယ်။ သူလဲ အသက်ကြီးတဲ့အထိ ချစ်သူ ရည်းစား မရှိဘူး။ ကိုယ့်ကို ညီမလေးအရင်းတယောက်လို ခင်မင်ပြီး အမြဲ စ နောက် နေတတ်သူ။ နင့်မှာ ညီမလေးတွေ ရှိရင်တော့ ငါယူမယ်ဟေ့ လို့ ပြောတတ်သူ။ ကိုယ့်မှာလဲ ဘာ ညီမ မှ မရှိတော့ ခက်တယ်။

တခါကတော့ ကိုယ့်နဲ့ သိပ်ခင်ရတဲ့ သူငယ်ချင်းတယောက်နဲ့ အဆင်ပြေသွားပါစေတော့ ဆိုပြီး မိတ်ဆက်ပေးတာ၊ သူက ယောကျာင်္းလေးတန်မဲ့ ပတ်ပြေးနေတော့တာပါ။ အဲဒီအကြောင်း မေးမှာစိုးလို့ ကိုယ်တို့အိမ်ကို လုံးလုံး ခြေဦးမလှည့်တော့ဘူး။ အဲဒီတုန်းကတော့ ထင်မိသေးတယ်၊ ဒီလိုလူတွေ မိန်းမတော့ ရအုံးမယ် အားကြီးကြီး လို့။

တကယ်ပဲ နှစ်ယောက်စလုံး မိန်းမ ရသွားကြပါတယ်။ သူတို့ပြောတော့ ယုံတောင် မယုံနိုင်ဘူး။ နှစ်ယောက်စလုံး တူတဲ့အချက်က သူတို့ ရွေးချယ်လိုက်သူတွေက သူတို့ထက် အသက် အများကြီးငယ်ကြပြီး ခေတ်ဆန်ဆန် ကောင်မလေးတွေ ဖြစ်တာရယ်၊ သူတို့ နှစ်အိမ်စလုံးရဲ့ မိဘတွေက သဘောမတူဘဲ အခေါ်အပြော မလုပ်ဘဲ ပစ်ထားလိုက်တော့တာပါ။ အဲဒီတော့လဲ သတ္တိတွေရှိပြီး အမေချစ်သားတွေက ကိုယ့်ဖာသာကိုယ် ကြိုးစားထူထောင်နေကြရှာတယ်။

လူ့ဘ၀တွေက တခါတလေ တကယ်ပဲ ဆန်းကြယ်တယ်။ နေရတဲ့ လူ့ဘ၀ ခဏလေးမှာ လူတွေ သန်းပေါင်းများစွာထဲကမှ ရေစက်ဆုံပြီး တွေ့ကြ၊ ခင်ကြ၊ ပျော်ရွှင်ကြရတယ်။ ကိုယ့်အသိုင်းအ၀ိုင်းလေးနဲ့ကိုယ် ဘ၀ကို ရင်ဆိုင်ဖြတ်သန်း ကြရတယ်။ အဲဒီအခါ မိတ်ဆွေကောင်းတွေ ကြုံကြိုက်ရရင်တော့ ဒါဟာ ဘ၀ရဲ့ ဆုလာဘ် တခုပဲ။

ကိုယ်တို့လဲ မိတ်ဆွေကောင်းတွေနဲ့ ကင်းကွာပြီး ဘယ်လိုမှ မနေနိုင်ပါဘူးလေ။
မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...