ဒီနေ့ ဆေးရုံသွားတော့ ဆေးယူပြီး ဆေးရုံက အထွက်၊ တံခါးဝမှာ မိသားစု တစုနဲ့ အမှတ်တမဲ့ ဆုံတယ်။ အမေလုပ်တဲ့သူက အဖြူမ၊ ရုပ်ကချောချော ဆံပင်ရွှေရောင် အခွေအလိပ်တွေနဲ့ လှလှပပ စမတ်ကျကျ။ လသားအရွယ် ကလေးလေး ထည့်ထားတဲ့ တွန်းလှည်းလေးကို တွန်းလို့။ သူ့ဘေးမှာက ၅နှစ်အရွယ် သားဖြစ်ပုံရတဲ့ ကလေးတယောက် နဲ့။
ဆေးရုံအပြင်ဖက်ကို ထွက်မယ်ဆိုတော့ မှန်တံခါးကြီးကို တွန်းပြီး ထွက်ရတာမှာ အဲဒီ ၅နှစ် အရွယ် သားလေးက ပြေးပြီး မှန်တံခါးကြီးကို သူ့ကိုယ်လေးနဲ့ တွန်းဖွင့်တာပါ။ သူ့အမေနဲ့ သူ့ညီမလေး သွားလို့ရအောင် သူ့ကိုယ်လေးနဲ့ ခြေကန် တွန်းထားရတာပါ။ သူ့ပုံလေးက ချစ်စရာကောင်းလွန်းလို့ ကိုယ်တို့နှစ်ယောက် သဘောကျပြီး ကြည့်နေမိတယ်။
အမေလုပ်သူက သိတတ်လွန်းတဲ့ သားလေးကို Thank you တောင် တခွန်းမပြောဘဲ တံခါးကြီးပဲ အလိုအလျောက် ပွင့်နေလို့ အေးအေးဆေးဆေးပဲ ထွက်သွားရသလိုလို။ ဒါ ဒီကလေး လုပ်ရမဲ့ တာဝန်မို့ ဘာမှ မထူးဆန်းသလိုလို။ ခပ်ကြော့ကြော့ပဲ။
အဲဒီမှာ ကိုယ်တွေးမိတာက ကိုယ်တို့ အမေတွေဆိုရင် ဒီလို ပေးလုပ်ပါ့မလား ဆိုတာကိုပါ။ နေ..နေ တံခါးညှပ်သွားမယ် သား၊ အမေလုပ်မယ် လို့ ပြောမယ် ထင်ပါရဲ့။ အဲဒီလိုတွေးမိတော့ တဖက်က သူတို့လူမျိုးတွေရဲ့ ငယ်ငယ်ကတည်းက တာဝန်ပေး၊ တာဝန်ယူစေချင်တဲ့ စိတ်ဓာတ်လေးကို သဘောကျမိပေမဲ့ ကိုယ်တို့ လူမျိုးရဲ့ နွေးထွေး အေးမြတဲ့ မိခင်မေတ္တာကို လွမ်းမိသွားတာ အမှန်ပဲ။
ငယ်ငယ်က ကိုယ်က အမေ့ သမီး။ ကိုယ်မွေးပြီး ၃လ အကြာမှာ အမေက အမေ့ကျောင်း ပျိုးခင်း မူကြိုကို စဖွင့်တာမို့ ကိုယ်က ကိုယ့်အမတွေလို နေ့ရော ညပါ အမေနဲ့ အတူ မနေခဲ့ရဘူး။ ကိုယ့်ကို ထိန်းတဲ့ ဒေါ်ကြီးတင်တို့ ဒေါ်လေးချိုတို့ လက်ထဲမှာ အမေ ကျောင်းသွားချိန် တနေ့လည်လုံး နေခဲ့ရတယ်။ ဒါကြောင့် အမေကို ပိုကပ်တယ် ထင်ပါရဲ့။
ကလေး သေးသေးလေးတုန်းက မသိပေမဲ့ တနှစ်လောက် ရောက်တော့ အမေ မနက်ဆို ကျောင်းသွားမှာကို သိပြီ။ အမေ သွားခါနီးရင် ဒေါ်ကြီးတင်တို့က ကိုယ့်ကို ပွေ့ချီပြီး လမ်းဖက် ထွက်တယ်။ စိတ်ကို အမေ့ဖက် မရောက်အောင် စိတ်ပြောင်းကြတာ။ အမေ သွားပြီဆိုမှ ကိုယ့်ကိုချီပြီး အိမ်ပြန်လာတယ်။
အဲဒါဆို ကိုယ်က အိမ်ရောက်တာနဲ့ အိမ်ခန်းတွေထဲ တခန်းပြီး တခန်း အမေ့ကို လိုက်ရှာတာပဲ။ အားလုံး ရှာပြီး အမေ့ကို မတွေ့ရင်တော့ လက်လေးကို ခါပြီး “အမေသွားပြီ၊ ရှိတော့ဘူး” လို့ ပြောတယ် တဲ့။ အဲဒါ မနက်တိုင်း လုပ်နေကျ အလုပ်။ အဲဒီတုန်းက အမေ ကျောင်းသွားတော့မှာမို့ ကိုယ့်ကို လမ်းခေါ်သွားတယ် ဆိုတာ ကလေးပေမဲ့ သိတယ်။ ပါးသေးတယ် ဆိုရမှာပေါ့။
ညနေ အမေ ပြန်လာချိန်ဆိုလဲ သနပ်ခါးတွေ လူးပြီး ခြံထိပ်မှာ ထွက်ထွက်မျှော်ရတာ။ ခြံထိပ်က အုတ်ခုံလေးမှာ ထိုင်ရင်း၊ ဒေါ်ကြီးတင်တို့က ပေါင်ပေါ်မှာ ကိုယ့်ကို တင်ပြီး မျှော်တာ။ အဖြူနဲ့ နီညိုရောင် ၀တ်စုံလေးနဲ့ ဘတ်စ်ကားပေါ်က အမေဆင်းလာရင် မုန့်စားရတော့မှာ။ အမေက မုန့်မ၀ယ်လာတဲ့နေ့ မရှိဘူး။
နောက် ကိုယ့်မှာ မောင်လေး တယောက် ရလာတော့ အမေ့အချစ် လုဖော်လုဖက် တယောက် တိုးလာတယ် ဆိုရမယ်။ အမေ မောမောနဲ့ အလုပ်က ပြန်လာရင် အမေ့ကို ကပ်ပြီး အမေ့ ပေါင်ပေါ်ထိုင်ချင်လို့ ဦးရသေးတာ။ အမေ့ပေါင်ပေါ် ငါထိုင်မယ်နော် လို့ ဦးရင် အရင်ဦးတဲ့လူက ထိုင်စတမ်း။ အမေ့မှာ မောမောနဲ့ စာသင်ပြီးပြန်လာတော့ အိမ်ရောက်တော့လဲ ကလေးတွေ ပေါင်ပေါ်တင်ထားရသေးတာကိုး။
နောက်တော့ မောင်လေးက စကားကပ်ပြီး ပြောတယ်။ မချိုက အမေ့ပေါင်ပေါ်ထိုင်မယ် လို့ပဲ ပြောတာ၊ အားလုံးကို ဦးထားတာ မဟုတ်ဘူး တဲ့။ အဲဒီတော့ တယောက် တပေါင် ထိုင်လို့ ရတယ် ဆိုပဲ။ ဒါနဲ့ ကိုယ့်မှာ နောက်တခါ ဦးရင် အမေ့ပေါင်ပေါ် အားလုံး ဆိုပြီး “အားလုံး” ပါ ထည့်ပြောမှ ကိုယ်တယောက်တည်း ထိုင်လို့ရတယ်။ သူက ဘေးက လျှောက်နေ ကြည့်နေပေတော့ပဲ။
နွေကျတော့ အိုက် ပြန်ရော။ ရာသီဥတုက ပူတော့ မအိပ်နိုင်ဘူး။ အဲဒီတော့ မိတ် တွေပါ ထွက်လာတယ်။ အမေရယ်၊ ကိုယ်ရယ်၊ မောင်လေးရယ် အတူအိပ်တာဆိုတော့ ထုံးစံအတိုင်း အမေက အလယ်မှာ အိပ်ရတယ်။ မိတ်ယားလို့ တအီအီနဲ့ ဂျီကျနေရင် အမေက ကျောကို ပေါင်ဒါလူး၊ လက်လေးနဲ့ ဖြေးဖြေးလေး ကုတ်ပေးတယ်။ ဒါဆို ကျေနပ်ပြီး အိပ်သွားရော။
အိုက်တယ် ဆိုရင် အမေက ကဲ ကဲ အမေ ယပ်ခတ်ပေးမယ် အိပ် အိပ် တဲ့။ ၀ါးမျှင်လေးတွေနဲ့ ယက်ထားတဲ့ ယပ်တောင် ၀ိုင်းဝိုင်းကြီးကြီးနဲ့ အမေ ယပ်ခတ်ပေးတယ်။ မောင်လေးကို ယပ်ခတ်ရင် ကိုယ်က ဒီဖက်ကနေ ရေ ထားသလို၊ ကိုယ့်ကို ယပ်ခတ်ပေးရင်လဲ တကြိမ် မကျော်အောင် သူက ရေ တယ်။ တဖက်ကို အခေါက် ၂၀၀ စီ။ သူ့အလှည့်ပြီး ကိုယ့် အလှည့်။
အမေလဲ အိုက်မှာပါပဲ။ ဒါပေမဲ့ အမေ့ကိုတော့ တခါမှ ကိုယ်တို့ ယပ်ခတ်ပေးဖို့ မတွေးခဲ့မိဘူး။ တကယ်တော့ အမေက တနေ့လုံး ပင်ပင်ပန်းပန်း ကိုယ်တို့ စားဖို့ ၀တ်ဖို့ စာသွားသင်နေတာ။ မောမှာပဲ။ ကိုယ်တို့ကလဲ ကလေးဆိုတော့ နားမလည်ခဲ့တာတွေ အခုအချိန်မှာ ပြန်တွေးရင် မျက်ရည်ဝဲမိတယ်။
ဒါပေမဲ့ အမေ့ကို ကြည့်လိုက်ရင် အမြဲတမ်း သနပ်ခါးလေးနဲ့ မွှေးနေတာပါ။ ပန်းလေးတွေ အမြဲ ပန်ထားတတ်တယ်။ စံပယ်ပန်းကုံးလေးတွေ၊ စကားဝါခိုင်လေးတွေကို နွမ်းသွားလဲ အမေ့ ခေါင်းအုံးအောက်မှာ တွေ့ရတတ်တယ်။ မျက်နှာမှာ သနပ်ခါးပါးပါးလေးနဲ့ အမြဲတမ်း ရိုးရိုးရှင်းရှင်း။ ဆံပင်က နဖူးပေါ်မှာ ကပိုကရိုလေး ကျနေတတ်တယ်။
ကိုယ်က အမေ့ကို အမြဲတမ်း မေးနေတာက အမေ ဘယ်သူ့ကို အချစ်ဆုံးလဲ တဲ့။ သားသမီး ၅ယောက် ရှိတာမှာ ကိုယ့်ကိုပဲ အချစ်ဆုံးလို့ အမေ ဘယ်တော့များ ပြောလိုက်မလဲ လို့ အလစ် အငိုက် အမြဲမေးရတာ။ ဒါပေမဲ့ အမေ အမြဲပြန်ဖြေတာက တယောက်တမျိုးစီပေါ့ သမီးရယ် တဲ့။ အကုန်လုံးကို တမျိုးစီ တူတူချစ်တာပါပဲ တဲ့။ အဲဒါလဲ အမှန်ပါပဲ။
ညဖက် မိသားစု ထမင်းစားပြီးရင် အဖေနဲ့ အမေက အိမ်ရှေ့ ၀ရန်တာလေးမှာ ထိုင်ပြီး တနေ့လုံး ကြုံခဲ့ရတာလေးတွေ ပြောကြ၊ တိုင်ပင်ကြ။ ကိုယ်တို့ မောင်နှမတတွေက အဖေတို့ အမေတို့ဘေးမှာ ထိုင်ပြီး နားထောင်ကြ။ တခါတလေ ကိုယ်တို့ သူငယ်ချင်းတွေ အကြောင်း ၀င်ပြောကြ။ အမေက သူ့ကိုယ်ပိုင် အချိန်လေးတွေကို မိသားစုနဲ့ပဲ သိုက်သိုက်ဝိုင်းဝိုင်း ကုန်လွန်တတ်တယ်။
အမေ တခြား မောင်နှမတွေကို ရိုက်တာ ကိုယ် မမှတ်မိဘူး။ ကိုယ့်ကိုတော့ အမေ တခါ ရိုက်ဖူးပါတယ်။ ကိုယ် ၅တန်း ၆တန်းလောက်က ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူများ အိမ်ခေါင်မိုးပေါ်တက်ပြီး သူများအိမ်က သရက်သီး သွားခိုးခူးလို့ပါ။ သစ်ပင်နဲ့တွယ်ပြီး ခေါင်မိုးပေါ် တက်ကြတာ သူငယ်ချင်းနဲ့ နှစ်ယောက်ပါ။ ကရင်မလေး စေးစေး တဲ့။ နောက်တော့ သရက်သီးတွေ ခေါင်မိုးပေါ်မှာပဲ စားပစ်လိုက်ပြီး ပြန်ဆင်းလာမှ စေးစေးက ကိုယ့်အမတွေကို တိုင်ပြောလိုက်တယ်။
အဲဒီတုန်းက အမေက ကိုယ့်ကို မေးမေးပြီး ခြေသလုံးကို သစ်သားပေတံနဲ့ ရိုက်တာ မှတ်မိနေတယ်။ သမီး သူများ အိမ်ခေါင်မိုးပေါ်တက်တာ ဟုတ်သလား တဲ့၊ လိမ့်ကျပြီး ခြေကျိုး လက်ကျိုးဖြစ်ရင် ဘယ်လိုလုပ်မလဲ တဲ့။ သူများအိမ်က သရက်သီးတွေ ခိုးခူးတယ် ဆိုတာ ကောင်းသလား မကောင်းဘူးလား တဲ့။ အဲဒီနှစ်ချက်ကို ပြောပြီး ရိုက်တာ တခါမှ အမေ့ အရိုက် မခံရဖူးတာမို့ ကောင်းကောင်းမှတ်မိနေပါတယ်။ ခုပြန်တွေးတော့ တကယ်လဲ ရိုက်သင့်ပါတယ်လေ။
ကိုယ်အရွယ်ရောက်လာတော့ စာတွေ မွှေနှောက် ဖတ်နေပြီ။ ကိုယ်စာဖတ်ပြီးတိုင်း ကိုယ် ဒီဝတ္ထုပေါ်မှာ မြင်တာ ခံစားတာ အကုန် အမေ့ကိုပဲ ပြောပြတယ်။ အမေက ဒိုင်ခံ နားထောင်ပေးတယ်။ အမေကလဲ စာသိပ်ဖတ်သူမို့ အမေ့အမြင်ကိုလဲ ပြောပြတတ်တယ်။
တခါတလေ အမေက သနပ်ခါးသွေးရင်း ပြုံးလို့၊ ကိုယ်က ဘေးမှာ အားတက်သရော ပြောနေတာ။ တခါတလေ အမေနဲ့ ကိုယ် ခုတင်ပေါ်မှာ နှစ်ယောက်သား လှဲရင်း ဖတ်မိ ကြိုက်မိတဲ့ စာတွေအကြောင်း ပြောကြတယ်။ တခါတလေ အမေက သူသိပ်ကြိုက်တဲ့ မေရှင် သီချင်းလေးတွေ ဆိုပြတယ်၊ ကိုယ်က အမေ့ အသံအေးအေးလေးကို စွဲနေပြီ။
ကိုယ်စာ စရေးတော့ အမေ့ကိုပဲ ပေးဖတ်တယ်။ အမေက ကိုယ့်ရဲ့ စာတွေ ပထမဆုံး ဖတ်ခဲ့သူ။ ဘာမှ မှတ်ချက်မပေးတတ်ဘူး။ အမြဲတော့ အားပေးတယ်။ တခါကတော့ ကိုယ့်စာတပုဒ် မဂ္ဂဇင်းမှာ ပါလာတော့ အမတယောက်က အားလုံးကို ဖတ်ပြတယ်လေ။ ၀ိုင်းပြောကြ ဆိုကြတုန်း အမေ ဘေးက မျက်ရည်ကျနေတာ တွေ့ဖူးတယ်။ ဘာဖြစ်လို့လဲ ကိုယ် မေးတော့ ဘာမှ မဟုတ်ပါဘူး သမီးရယ် တဲ့။
ကိုယ် ၁၀ပုဒ်မြောက် စာလေး မဂ္ဂဇင်းမှာ ပါတဲ့ လမှာပဲ အမေ ဆုံးပါတယ်။ သွေးချိုသမားမို့ အချို အရမ်းကျတုန်း ခဏ ရုတ်တရက် နှလုံး ရပ်သွားရှာတာပါ။ အဲဒီကတည်းက အမေ့ရဲ့ နွေးထွေးတဲ့ မေတ္တာနဲ့ ဝေးခဲ့ရတာ။ ကိုယ့် သိပ်ချစ်မြတ်နိုးတဲ့ အမေ့အကြောင်းလေးတွေကို နှလုံးသားရဲ့ နေရာတနေရာမှာ သေချာ ထုပ်ပိုး သိမ်းထားလိုက်ပြီ။ ဒါမှပဲ ကိုယ် ခရီးဆက်လို့ ရတော့မယ်။
အမေ့အကြောင်း ရေးဖို့ဆိုရင် ကိုယ် လက်တွန့်မိတယ်။ အမေ့မေတ္တာကို ဘယ်တော့မှ ပေါ်လွင်အောင် ရေးနိုင်မှာ မဟုတ်လို့ပဲ။ ကိုယ့်ရဲ့ သိမ်နုတ် သေးကွေးတဲ့ စာကလေးဟာ မပီ့တပီ ဖြစ်နေမှာပဲလေ။
ဒီနေ့ သူငယ်ချင်းတယောက်က လက်ဆင့်ကမ်းတဲ့ စကားလေးတခွန်းကို ပြန်မျှချင်ပါတယ်။ မွေးနေ့ရောက်လို့ အနန္တော အနန္တ ၅ပါးကို ရည်စူးပြီး ဆွမ်းကပ်မယ်ဆိုရင် အဲဒီဆရာတော်က ဆွမ်းမဘုဉ်းခင် မိန့်တော်မူတယ် တဲ့။ ငါ့ကို ဆွမ်းမကပ်ခင် ကိုယ့်ကို မွေးခဲ့တဲ့ ကျေးဇူးရှင် အမေကိုရော ထမင်းကျွေးခဲ့ပြီလား တဲ့။
ကိုယ်လဲ ဒီနေ့မှာ မရှိတော့တဲ့ အမေ့ကို စာတပုဒ်နဲ့ အောက်မေ့ လွမ်းဆွတ် လိုက်ပါတယ်။ သမီး ကန်တော့တဲ့ စာထမင်း စာဟင်းက ဖွယ်ဖွယ်ရာရာ မရှိတာမို့ ခွင့်လွှတ် သည်းခံပါတော့ အမေရေ…။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ငယ်ငယ်တုန်းက ညဖက် ထမင်းစားပြီး အေးအေးချမ်းချမ်း ရှိတဲ့အချိန်ဆို အဖေ နဲ့အမေက လမ်းလျှောက် ထွက်တတ်တယ်။ အဲဒီအခါဆို ကဲ လမ်းလျှောက်ထွက်မယ် လိုက်မလားဟေ့ လို့ တယောက်ယောက်က လောဆော်လိုက်တာပါပဲ။
ဒါဆို ကိုယ်တို့ မောင်နှမတွေလဲ လုပ်လက်စ အလုပ်တွေ ပစ်ချ၊ လိုက်မယ်ဟေ့ လို့ ပြိုင်တူ အော်လိုက်တတ်ကြတယ်။ ငယ်ငယ်တုန်းက လမ်းလျှောက်ဖို့ကို ခုလို မပျင်းဘူး။ မိသားစုလိုက် အေးအေးသက်သာ ထမင်းစားပြီး လမ်းလျှောက်ကြတာမို့ ကြည်နူးစရာတောင် ကောင်းသေးတယ်။
အဲဒီတုန်းကဆို အိမ်က ည ၈နာရီလောက် ထွက်တတ်ကြတယ်။ သိပ်ဝေးဝေးလံလံကြီးလဲ မလျှောက်ပါဘူး။ များသောအားဖြင့် ကိုယ်တို့နေတဲ့ ပုဂံခြံဝင်းကနေ တက္ကသိုလ်ရိပ်သာလမ်း တလျှောက် လှည်းတန်းဈေးဖက် လျှောက်ကြတယ်။ ဒါပေမဲ့ လှည်းတန်းဈေးထိလဲ မရောက်ဘူး။ သထုံလမ်းထိပ်လောက် ရောက်ရင် အိမ်ဖက် ပြန်လှည့်တာပဲ။
အဖေနဲ့ အမေက စကားတပြောပြော နဲ့ နောက်ကနေ ဖြေးဖြေးလျှောက်လိုက်တယ်။ ကိုယ်တို့ကလေးတွေ ကတော့ ရှေ့က ပြေးတမ်းဆော့ကြတာပေါ့။ လမ်းမကြီးကလဲ ရှင်းလို့။ ပလက်ဖောင်းကလဲ ကျယ်တော့ လွတ်လွတ်လပ်လပ် ပြေးလို့ ရသေးတယ်။ ကိုယ်တို့က ခရေပင်တန်းတွေထိ ပြေးကြတာ။
သထုံလမ်းမရောက်ခင် တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ ကိုယ်တို့ငယ်ငယ်ကတော့ ခရေပင်တန်းလေး ရှိတယ်။ ခုတော့ ရှိသေးလား၊ အပင်တွေ ခုတ်လိုက်ကြပြီလား မသိဘူး။ ညဖက်ဆို ခရေတွေက သိပ်မွှေးတာ။ ကိုယ်တို့ မောင်နှမတတွေ ခရေပန်းတွေ ကောက်ကြတာပေါ့။ ဘယ်ဘက် အစွန်ဆုံးကျတဲ့ ခရေပင်ကြီးကတော့ အပွင့်ကြီးကြီးတွေ ကြွေတယ်။ သိပ်လှတာပဲ။
ခရေပွင့်မွှေးမွှေးတွေကို ကိုယ်က ကောက်ရင်း တခါတလေ ကြယ်လေးတွေ ကောက်နေတယ် လို့ ကိုယ့်ကိုယ်ကို ထင်မိသေးတယ်။ ခရေပွင့်ပုံစံက ကြယ်ပုံလေးတွေလိုမို့ ကိုယ်က ချစ်နေမိတာပေါ့။ အဲဒီတုန်းက ကလေးဆိုတော့ လမ်းလျှောက်ရင်း ကောင်းကင်ကို မော့ပြီး ကြယ်တွေနဲ့ လမင်းကြီးကို မော့ကြည့်ရင်း လျှောက်တာ။ မော့ရင်း လျှောက်တော့ ပလက်ဖောင်း အနိမ့်အမြင့် မသိဘဲ လိမ့်လဲ လို လဲ။ ဒူးကွဲလို ကွဲ။
ကိုယ်ဘယ်သွားသွား လမင်းကြီးက နောက်က လိုက်နေသလိုမို့လဲ အံ့သြရသေးတာ။ ပြေးရင်းတန်းလန်း မိဘစကားပြောတာကို ဖြတ်ပြီး “အဖေ၊ အဖေ၊ လမင်းကြီးက သမီးနောက် ဘာလို့ လိုက်နေတာလဲ” လို့ မေးရသေးတာ။ အဖေကတော့ “အဲဒါ သမီးကို ချစ်လို့ပေါ့” တဲ့။ အမေကလဲ ပြုံးလို့။ ကိုယ်ကလဲ ပြုံးပြီး သဘောတွေကျလို့။
“ကြယ်လေးတွေ ချစ်စရာ၊ အပြာရောင် ကောင်းကင်မှာ၊ သူတို့ကို ပြုံးရင်း တလုံးချင်း ကြည့်နေပါ၊ မကြာခင် ပြန်ကာပြုံးလို့ သူတို့လဲ ကိုယ့်ကို ခင်ကာ..” ဆိုတဲ့ ပြုံးတုံ့လှယ် သီချင်းက ကိုယ်တို့ ညီအမတွေ ဆိုနေကျပေါ့။
တခါတလေ ပုဂံလမ်းဖက် လျှောက်သေးတယ်။ အဲဒီမှာ ခြံတခြံက ညမွှေးပန်းတွေ စိုက်ထားတော့ ညဖက်ဆို တလမ်းလုံး မွှေးနေတယ်။ နောက် ယုဇနပန်းနံ့လဲ ရတယ်။ အဲဒီလို ပန်းနံ့လေးနဲ့ မွှေးနေရင် ကိုယ်ကတော့ လေတဝကြီး ရှူပစ်လိုက်တတ်တယ်။
တခါတခါ တက္ကသိုလ် ဘော်လုံးကွင်းတွေဖက် ခြေဆန့်တတ်တယ်။ ညဖက် လသာသာမှာ ဘော်လုံးကွင်းထဲ မိသားစု ခဏတဖြုတ် ထိုင်တတ်သေးတယ်။ တော်လှန်ရေးနေ့ မီးပန်းလွှတ်တာတွေကိုလဲ အဲဒီ တက္ကသိုလ် ဘောလုံးကွင်းကနေ ကိုယ်တို့ မိသားစု ထိုင် ကြည့်တတ်တယ်။
အဲဒီအချိန်ဆိုရင် အဖေက အမှောင်ထဲ ကွင်းပတ်ပြေးခိုင်း၊ ရေမြောင်းတွေကို ခုန်ပြီး ကျော်ခိုင်းတတ်တယ်။ ကဲ ခုန်ကြည့်စမ်း သမီး၊ မကြောက်နဲ့ ရဲရဲ ခုန် တဲ့။ ကိုယ်တို့ကလဲ မြောင်း ဟိုဖက် ဒီဖက် ခုန်ကြတာ။ ပျော်လို့။ တကယ်က အဖေက ကိုယ်တို့ကို ရဲအောင် မကြောက်တတ်အောင် သင်ပေးနေတာပါ။ အဖေ ငယ်ငယ်က မြောင်းတွေမကျော်ရဲ၊ အမှောင်ထဲ မသွားရဲဘူး တဲ့။ ဒါကြောင့် သူ့သားသမီးတွေကို သူ့လို မဖြစ်အောင် သင်ပေးတာ တဲ့။ ကြီးမှ ပြန်ပြောပြလို့ သိတာပါ။
အဲဒီတုန်းကတော့ ညဖက် လမ်းလျှောက်ရုံတင် မကဘူး။ မနက်စောစောလဲ လမ်းထ လျှောက် ကြသေးတယ်။ အဖေတို့ အမေတို့ လမ်းလျှောက်ဖော်တွေက ဒီပုဂံခြံဝင်းမှာ နေတဲ့ ဆရာ၊ ဆရာမ မိသားစုတွေပါပဲ။ ဆရာ ဦးလှဆောင်တို့ စုံတွဲ၊ စာရေးဆရာ ဦးမင်းလှညွန့်ကြူး တို့ စုံတွဲ နဲ့ ဆရာ ဦးတိုးလှ တို့ပါ။ ရန်ကုန်တက္ကသိုလ်ဝင်းကြီးကို ဖြတ်ပြီး မနက်စောစော အင်းလျားကန်ဘောင်ကို လျှောက်ကြတာပါ။
အပြန်ကျရင် အင်းလျားမှာ အကြော်စား၊ တခါတလေ လက်ဖက်ရည်ဆိုင် ထိုင်တတ်ကြတာမို့ ကိုယ်တို့လဲ မုန့်စားချင်လို့ စောစော ထ လိုက်ကြသေးတယ်။ အမြဲတော့ မလိုက်နိုင်ဘူး။ အိပ်ချင်လို့။
အခုတော့ အဲဒီလို လမ်းလျှောက်ခဲ့ရတာတွေဟာ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ။ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ ထမင်းစားပြီးလို့ အစာကြေအောင်ပဲဖြစ်ဖြစ် မလျှောက်ဖြစ် တော့ဘူး။ အဖေတို့ အမေတို့တုန်းကလဲ ၀မ်းရေးအတွက် တနေ့လုံး အလုပ်လုပ်၊ သားသမီး ၅ယောက်အတွက် ရုန်းကန် လှုပ်ရှားခဲ့ရတာပါပဲ။ ဒါပေမဲ့ ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်မိသားစုအတွက် တနေ့တာထဲက အချိန်လေးတချိန် ဖဲ့ပေးနိုင်တယ်။
ကိုယ်တို့အလှည့်ကျတော့ရော..။ ကိုယ်ဆိုရင် လမ်းပိုလျှောက်သင့်တဲ့ ဒီအသက်အရွယ်မှာ ဘာများလုပ်နေပါလိမ့်လို့ တွေးမိတယ်။ ရုံးကပြန်လာရင် သုတ်သုတ် သုတ်သုတ် နဲ့ ထမင်းဟင်းချက်၊ ပြင်ဆင် စားသောက်ပြီးတာနဲ့ ကွန်ပျူတာ ရှေ့ထိုင်တော့တာပဲ။ တနေ့လုံးလဲ အလုပ်တွေ ထိုင်လုပ်ခဲ့ပြီးပြီ။ ပြန်လာတော့လဲ ဒါနဲ့ပဲ မျက်နှာအပ်ထားတယ်။ နှစ်ယောက်သား ကိုယ့်စိတ်ဝင်စားမှုနဲ့ကိုယ် ငြိမ်ငြိမ်ဆိတ်ဆိတ် စာဖတ်နေ၊ စာရေးနေတယ်။ ည ၁၂နာရီထိုးမှ နေရာက ထပြီး အိပ်ရာဝင်တယ်။
လမ်းလျှောက်ဖို့ ပန်းခြံလေး တခုကလဲ ကိုယ်တို့နဲ့ ၄အိမ်ကျော်လောက်မှာ ရှိတာပါ။ ဝေးတယ်ဆိုရင်လဲ မပြောပါဘူး။ အဲဒီပန်းခြံလေးဆို ကိုယ် ၂ခါလား သွားဖူးတယ်။ အဲဒါလဲ လမ်းလျှောက်တာ မဟုတ်သေးဘူး။ သိပ်စိတ်ညစ်တုန်း တခါက နှစ်ယောက်သား ပန်းခြံလေးထဲက ခုံလေးမှာ ထိုင်ပြီး တယောက်လက် တယောက်ဆုပ်ပြီး ငေးနေကြတာပါပဲ။ ပြီးတော့လဲ ထ ပြန်ခဲ့ကြတာ။
ကိုယ့်ရဲ့ boss အံတီက လမ်းလျှောက်ဖြစ်အောင်လို့ ဆိုပြီး ဈေးအတော်ကြီးတဲ့ လမ်းလျှောက်စက်ကြီး ဝယ်လာ၊ အိမ်မှာ လာဆင်ပေးဖူးတယ်။ ခုတော့ စက်ကြီးလဲ လှဲထား ချထားရင် မတော်တဆ လမ်းတက်လျှောက်မိမှာစိုးလို့ စက်ကိုပါ ထောင်ထားလိုက်ပြီ။ တခါတလေ ပိုက်ဆံအိတ်တို့၊ အနွေးထည် ဂျာကင်လေးတွေတောင် စက်ပေါ် ချိတ်လိုက်သေး။
ကိုယ်တို့မိတ်ဆွေ ကိုမိုးကတော့ ပြောပါတယ်။ စက်ကြီးလဲ တဖြေးဖြေး ပိန်ပိန်လာပြီနော် တဲ့။ ဖြစ်နိုင်ပါတယ်။ စက်လဲ အညောင်းမိနေလောက်ရောပေါ့လေ။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
တခါတလေကျရင် ကမ်းခြေမှာ ထိုင်ရင်း ငေးရင် ဟိုး အဝေး မှုန်ပျပျက ပင်လယ်ကူး သဘောင်္ကြီးတွေ ဖြတ်သွားတာ တွေ့ရင် သဘောင်္တွေကို သဘောကျတဲ့ ကိုယ့်ရဲ့ တဦးတည်းသော မောင်လေးကို သတိရမိတတ်တယ်။ သူ့နံမည်က ဥာဏ်မိုး တဲ့။ အဖေ နဲ့ အမေကတော့ ဖိုးဥာဏ် လို့ ခေါ်တယ်။
သူနဲ့ ကိုယ်နဲ့က တနှစ်ကြီး တနှစ်ငယ်။ ဆော့ဖော် ဆော့ဖက်၊ ကျောင်းသွားဖော် ကျောင်းသွားဖက်။ ငယ်ငယ်တုန်းကတော့ တယောက်နဲ့ တယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ကြတယ်။ ကိုယ်ကလဲ သူ့ကို ခေါ်တာ မောင်လေး တဲ့၊ သားသား တဲ့။ သူကလဲ ကိုယ့်ကို မမချို တဲ့။
ကိုယ်တို့အိမ်မှာ ငယ်ငယ်ကဆိုရင် အဖေက မိသားစုဝင်တွေရဲ့အသံကို ကက်ဆက်ထဲ အသံသွင်းထားတတ်တယ်။ တိပ်ခွေလေးနဲ့ပေါ့။ မိသားစု စကားပြောတာ သီချင်းဆိုကြတာ အစုံပဲ။ အားလုံး တယောက်တပုဒ်စီ ဆိုကြ၊ ပြီးရင် ပြန်နားထောင်ကြ နဲ့။ ပျော်စရာ ကောင်းပါပေ့။ ကိုယ်ကလဲ က ရင်း သီချင်းဆိုတာ အသံသွင်းထားသေးတယ်။ ရေဒီယို သီချင်းတွေပေါ့။
ကိုယ်ကတော့ စိန်နားကပ်ကြီး ပန်ရမလို သီချင်းကို အမြဲဆိုတာ။ ကျမအဖို့ မောင့်တမျက်နှာ ကမ္ဘာကြီး တခုလို .. အဲဒီသီချင်းပေါ့။ ဒါပေမဲ့ စကားက မပီသေးတော့ ပါးပို့ မောင့်မျက်နှာ တဘာကြီး တခုလို လို့ ဆိုတယ်။ ဆိုရင်းနဲ့ နောက်အပိုဒ်တွေကျတော့ မရတော့ဘူး။ စာသား မရတော့ ၀ါး ဆို နေတယ်။
အဲဒီအချိန်မှာ အဲ့ ဆိုပြီး ကလေးငိုသံလေး ပေါ်လာပြီး ကိုယ်က “မောင်လေး နိုးပြီ၊ မောင်လေး နိုးပြီ ”လို့ အော်ပြီး ပြေးသွားတာ။ အဲဒီအခွေလေးကို ကြီးတဲ့အထိ၊ ဖွင့်လို့ ရသေးတဲ့အထိ ဖွင့်တုန်း။ သိမ်းထားတုန်း။ သီချင်းစာသားမရတာ မောင်လေး ကယ်သွားပေလို့ပဲ။ အဲဒီလို ချစ်ခဲ့ရတဲ့ ကိုယ့်ရဲ့ မောင်လေးပေါ့။
ငယ်ငယ်တုန်းက သောကြာနေ့ ညနေဖက်ဆိုရင်လဲ ရွှေသွေး တေဇ ထွက်တဲ့ရက်မို့ အရင်ဦးဆုံး ဖတ်ရဖို့ ဦးကြရတယ်။ အစောကြီး ကြိုဦးလို့လဲ မရဘူး။ သောကြာနေ့ မနက် နိုးလာတဲ့အချိန်က စ ပြီး ဦးလို့ ရပြီ။ ဒါနဲ့ သောကြာနေ့မနက် အိပ်ယာက နိုးတာနဲ့ ဥာဏ်မိုးက ငါ ရွှေသွေး၊ တေဇ ပထမ တဲ့။ သူ ဦးတဲ့အချိန် ကိုယ်က ခလူး ခလော အိပ်ကောင်းတုန်း။
ကိုယ်နိုးလာတော့ သူက ဦး ပြီးနေပြီ။ ညနေကျလို့ အမေ ရွှေသွေး ၀ယ်လာရင် သူက အရင်ဖတ်ရတော့မှာ။ ဒါနဲ့ ကိုယ်လဲ ညနေကျတော့ ရွှေသွေးဖတ်ချင်လွန်းလို့ သူ့ရှေ့မှာ လမ်းသလားနေရတယ်။ မမ ဖတ်ပြမယ်လေ၊ အတူတူ ဖတ်ကြမယ်လေ မောင်လေး၊ အဲဒီလို သွားသွား နှူးနေရတာ။ သူကလဲ သုံးခါထက် ပို မနှူးရဘူး။ မမချို ဖတ်ပြ လို့ ပြောလိုက်တာပဲ။
အဲဒီတော့ သူ့ဖာသာသူ သောကြာနေ့ မနက် အစောကြီး ထ ပြီး ဘယ်လောက် ကြို ဦးဦး၊ ဖတ်တော့ အတူတူဖတ်ရတာပါပဲ။ သူကလဲ ကိုယ်ဖတ်ပြရင် ကျေနပ်လို့။ သူတယောက်တည်း မဖတ်ချင်တော့သလောက် ကိုယ်ဖတ်ပြတာကို စွဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဇာတ်ကောင်တွေ စကားပြောတာ ဖတ်ရင် အသံနေ အသံထား အနိမ့်အမြင့်နဲ့ စကားတကယ်ပြောနေသလို ဖတ်တာကိုး။ လူဆိုးဆိုလဲ လူဆိုး အသံ၊ ယုန်ကလေးဆိုလဲ ယုန်ကလေး အားငယ်တဲ့ အသံ။
ကိုယ်တို့ မောင်နှမ နှစ်ယောက် အိပ်ယာပေါ်မှာ ၀မ်းလျားမှောက်ပြီး ဖတ်ကြတာပါ။ သူက ဘေးမှာ ကိုယ်ဖတ်တာကို ပါးစပ်တလှုပ်လှုပ်နဲ့ တလုံးချင်း လိုက်ရွတ်လို့။ ကိုယ်ကျော်သွားရင် ဒီမှာ ကျန်ခဲ့ပြီလို့ ထောက် ပြ တတ်သူပါ။ ကိုယ်က ဆွဲထားတဲ့ သရုပ်ဖော် ပန်းချီဆိုလဲ ဖြည့်စွက်ပြီး ဘာသာပြန်လိုက်သေးတာ။ ပုံကို ကြည့်ပါလား ၀ံပုလွေက ကိုက်စားတော့မှာ စသဖြင့်ပေါ့။ ဆရာကြီး ဦးဘကြည် ပန်းချီတွေဆိုရင် အသက်ဝင်လွန်းလို့ သိပ်ကြိုက်တာပေါ့။
ငယ်ငယ်ကတည်းကနေ ၇တန်း ၈တန်း အထိ ကျူရှင်တက်လဲ ကိုယ်တို့ မောင်နှမနှစ်ယောက် အတူတူပဲ။ ကိုယ့်ထက် သူက ၁ တန်းငယ်ပေမဲ့ ကိုယ်အဖော်ရအောင် မိဘတွေက သူ့ကို အမြဲ ကိုယ့်အတန်း လိုက်တက်စေတယ်။ သူက ဥာဏ်လဲ ကောင်းတယ်။ ဒါကြောင့် ၈တန်းမှာ သူ ၅ဘာသာ ဂုဏ်ထူး ထွက်သေးတယ်။
အဲဒီလို လုံးထွေးနေတဲ့ ကိုယ်တို့ မောင်နှမ နှစ်ယောက် နည်းနည်းဝေးသွားတာက သူ ၉တန်းလောက်မှာပါ။ သူက မိန်းကလေးတွေ အမတွေကြားထဲမှာ ကြီးပြင်းလာရသူမို့ မိန်းမ ဆန်မှာ နွဲ့မှာ သူ့ကိုယ်သူ အင်မတန် ပူပုံရတယ်။ ခုမှ အဲဒီအချိန်တွေကို ပြန်စဉ်းစားမိတာက သူ ဒီလို ယောကျာင်္းဆန်ဆန် ကြမ်းကြမ်းတမ်းတမ်းပုံကို ကြိုးစား ဆောက်တည်ယူရပုံရတယ် လို့ ထင်မိတာပါ။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့ အိမ်မှာ ယောကျာင်္းလေးဆိုလို့ သူ့အပြင် အဖေသာရှိတယ်၊ အဖေဆိုတာကလဲ စိတ်က နူးနူးညံ့ညံ့၊ စာနဲ့ ကဗျာမှာပဲ ပျော်မွေ့သူ။ သံတောင် တချက် ရိုက်ဖူးသူ မဟုတ်။ ဥာဏ်မိုး အရွယ်ရောက်လာတော့ အမေနဲ့ ကိုယ်တို့ညီအမတွေမှာ အစွန်းနှစ်ခုကြား စိတ် ပင်ပန်းလိုက်တာ။
ကြုံရတဲ့ ယောကျာင်္းနှစ်ယောက်မှာ အဖေကျတော့ နူးညံ့လွန်းလို့ တဖက်စွန်းမှာ ရပ်နေတဲ့သူ။ စိတ်ကူးယဉ် ကမ္ဘာထဲမှာပဲ နေချင်သူ။ ဥာဏ်မိုးကျတော့ အဖေနဲ့ ဆန့်ကျင်ဖက် တကယ့်ကို ကြမ်းကြမ်းတမ်းတမ်း ၀ုန်းဝုန်း ဒိုင်းဒိုင်း။ လက်တွေ့ကျကျ။ ကိုယ်တို့ ရင်းနှီး ကြီးပြင်းလာရတဲ့ အဖေ့ပုံစံနဲ့ တခြားစီ။ သူလဲ ဟိုဖက် တဖက်စွန်းမှာ ရပ်သူပေပဲ။
ဥာဏ်မိုးက အိမ်ခင်လွန်းသူပါ။ အိမ်ဟင်း အိမ်ထမင်းမှ မြိန်သူပေါ့။ မိတ်ဆွေ သူငယ်ချင်း အပြင်လူအပေါ်မှာတော့ သူက အင်မတန် ကောင်းတယ်။ အိမ်မှာတော့ ဗိုလ်ကျချင်၊ အနိုင်လိုချင်တယ်။ အမေက ချစ်လွန်းတော့ အလိုလည်း လိုက်ရှာတယ်။ တဦးတည်းသော သားထွေး ပေကိုး။
နောက် အမေ ဆုံးတော့ သူ လုံးဝ ပြောင်းလဲသွားတယ်။ အတော်လဲ ရင့်ကျက်လာတယ်။ စာဖတ်တာလဲ ၀ါသနာပါတော့ စာကလဲ သူ့ကို ပြောင်းလဲစေတယ်။ သူ့ကို အမြဲ မေတ္တာထားနေတဲ့ မိဘနဲ့ မိသားစု မေတ္တာကိုလည်း နားလည်သွားတာ ပါမှာပါပဲ။
သူ ရည်းစားထားတော့ တအိမ်လုံး နေ့ချင်းမဆိုင်း သိသွားတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဥာဏ်မိုးက အိမ်မှာ “ သူ ငါ့ကို ပြုစားနေပြီ။ သူ့ကိုပဲ သတိရပြီး မြင်နေတယ်။ ကယ်ကြပါအုံး” လို့ အော်နေလို့ပါ။ ကိုယ်တို့မှာ သူ့မိန်းကလေးကို မမြင်ဖူးခင်ကတည်းက သနားလိုက်ရတာ။ သူ ဗိုလ်ကျမှာ စိတ်ပူရတာကိုး။
ကိုယ်ကလဲ စင်ကာပူကနေ ပို့စ်စကဒ်လေး ပို့လိုက်သေးတယ်။ ပုံလေးက လူဝံကြီးက သူ့ဂျိုင်းကြားထဲမှာ ကြောင်သေးသေးလေး ညှပ်ပြီး ချီထားပုံပါ။ နင်နဲ့ နင့်ကောင်မလေးပုံ ဆိုပြီးတော့လေ။ သူက အသားညိုညို လူကောင်က ထွားထွား၊ သူ့ မိန်းကလေးက အသားဖြူဖြူ ပိန်ပိန်သေးသေး ခပ်ပြုံးပြုံး ခပ်အေးအေး လေ။ နံမည်က ယဉ်ယဉ် တဲ့။
သူတို့ နှစ်ယောက် ရန်ကုန်မြစ်ကို မြင်နေရတဲ့ နေရာလေးမှာ အမြဲထိုင်ပြီး စကားတွေ ပြောကြတာတဲ့။ ဥာဏ်မိုးက သဘောင်္တွေကို အရမ်း စိတ်ဝင်စားတယ်။ သူက အဝေးက လှမ်းမြင်ရတဲ့ ပင်လယ်ကူး သဘောင်္ကြီးတွေကို ကြည့်ပြီး သဘောင်္တွေ အကြောင်း ရှည်ရှည်ဝေးဝေး ရှင်းပြ တတ်တာ တဲ့။ သဘောင်္နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ၀ါသနာပါလွန်းလို့ သဘောင်္သား ဖြစ်ချင်တာ တဲ့။
သူတို့ လက်ထပ်အပြီး ၇လ အကြာမှာ သူ သဘောင်္လိုက်သွားတယ်။ သူ တကယ် သဘောင်္လိုက်ရပြီဆိုတော့လဲ ပျော်ပုံ မရပါဘူး။ သူချစ်တဲ့ ယဉ်ယဉ်နဲ့ ကိုယ်တို့မိသားစုကို အတော်လွမ်းရှာတာပါ။ ပင်ပန်းတာလဲ ပါမှာပါ။ ဖုန်းထဲမှာ သူငို နေတယ်။ မချို..ယဉ်ယဉ့်ကို သတိရလိုက်တာ တဲ့။ ယဉ်ယဉ်နဲ့ စကားမပြောလိုက်ရဘူး တဲ့။ အဲဒီတုန်းက ယဉ်ယဉ်က သူ ဖုန်းဆက်မယ် မှန်း မသိလို့ သူ့ မိဘ မြို့ကို အလည်လိုက်သွားနေတာ။ နောက် ၂ရက်ကြာ ထပ်ဆက်တော့ သူတို့ ဖုန်းပြောလိုက်ရတယ်။
နောက် တပတ်လောက်ကြာတော့ သူလိုက်သွားတဲ့ သဘောင်္အေးဂျင့်က အကြောင်းကြား လာပါတယ်။ ဥာဏ်မိုး ဆုံးပြီတဲ့။ အလုပ်လုပ်ရင်း ရင်ဘတ်အောင့်တယ်ဆိုလို့ အခန်းထဲ နားတုန်းခဏ ငြိမ်ငြိမ်သက်သက် ဆုံးရရှာတယ်။ ဆိပ်ကမ်းဆိုက်တုန်းမို့ ချက်ချင်း ဆေးရုံတင် ကြိုးစားကုသော်လည်း ဆုံးနှင့်ပြီ တဲ့။ နှလုံး ရုတ်တရက် ရပ်သွားတယ်လို့ ဆေးစာမှာ ပါတယ်။
ကိုယ်တို့အားလုံးလဲ ရူးမတတ်ကျန်ခဲ့တာပါပဲ။ သူ့ကို အင်ဒိုနီးရှားက မီဒန်ကျွန်းလေးမှာ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း ကိုယ့်အမျိုးသားကိုယ်တိုင် လိုက်သွား သဂြိုဟ်ပြီး ကိုယ်တို့ရဲ့ တဦးတည်းသော မောင်လေးရဲ့ အရိုးအိုးလေး သာ ပြန်သယ်လာခဲ့တယ်။
သူဆုံးတာ ၇ နှစ်ကျော်ခဲ့ပြီ။ သူဆုံးတော့ အသက်က ၂၇ နှစ်။ အရွယ်ကောင်းတုန်း သန်မာ ဖျတ်လတ်တုန်း။ ခုပြန်တွေးရင် ခု မယုံနိုင် ဖြစ်ရသေး။ ယဉ်ယဉ်လဲ ခုထိ တယောက်တည်း။ ဥာဏ်မိုး မွေးနေ့တွေမှာ ဘုန်းကြီးကျောင်းကို ဆွမ်းပို့မြဲ။
လူ့ဘ၀ဆိုတာ တကယ်တိုတယ်။ နေရတဲ့ အချိန်လေးမှာ တယောက်ကို တယောက် ချစ်ချစ်ခင်ခင် ကြည်ကြည်နူးနူး နေသွားချင်တယ်။ နားလည်ပြီး အပြန်အလှန် ယုံကြည်မှုတွေနဲ့ပဲ ဘ၀ကို ဆက်လျှောက်ချင်တယ်။
ပင်လယ်ကမ်းခြေတနေရာမှာ ပင်လယ်ကူး သဘောင်္ကြီးတွေ ဟိုး အဝေးကနေ တရွေ့ရွေ့သွားနေတာ လှမ်းမြင်ရင် ကိုယ့်မြင်ကွင်းတွေက အမြဲတမ်း မျက်ရည်တွေနဲ့ေ၀၀ါးသွားတော့တာပဲလေ။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
အိမ် လို့ စဉ်းစားလိုက်ရင် မိသားစု စုံစုံညီညီနဲ့ ညနေထမင်းဝိုင်းမှာ နွေးနွေးထွေးထွေး စကားပြောကြ၊ ပျော်ရွှင်ရတဲ့ အိမ်လေးတွေကိုပဲ သတိရမိတယ်။ အိမ်ဆိုတဲ့ အဓိပ္ပါယ်မှာကိုက ချစ်ခင်မှု၊ နွေးထွေးမှုတွေ ပါဝင် နေတဲ့ သဘောမဟုတ်လား။
လောကထဲကို ရောက်ပြီဆိုတာနဲ့ အိမ်တွေ တအိမ်ပြီး တအိမ် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေခဲ့ရတော့ တခါတလေကျတော့လည်း အိမ်ဆိုတာကို စွဲလန်း ချစ်ခင်ဖို့ဆိုတာလဲ ကိုယ်ကိုယ်တိုင်က ကိုယ့်အိမ်လို့ သတ်မှတ် လက်ခံပါမှ။ နေရသမျှ စိတ်ကြည်နူး အေးချမ်းပါမှ အိမ် ဖြစ်တာလို့ နားလည်မိသူကိုး။
ကိုယ့်ကို မွေးတော့ တက္ကသိုလ်ဝန်ထမ်း ဆရာ၊ ဆရာမတွေကို နေခွင့်ပေးတဲ့ တက္ကသိုလ်ရိပ်သာလမ်းက ပုံဂံခြံဝင်းဆိုတဲ့ အိမ်လေးမှာ။ ဆရာ၊ ဆရာမ မိသားစု အသိုက်အ၀ိုင်း ကြားမှာ ကြီးပြင်းခဲ့ရတော့ ကလေးဘ၀ဆိုတာလဲ မရှိမရှားဆိုပေမဲ့ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်းပဲ။
အဆင့်အတန်းခွဲမှုဆိုတာလဲ မရှိ၊ အပြိုင်အဆိုင်ဆိုတာလဲ မသိ၊ သူ့ရှိရင် ကိုယ်ကြည်နူးလို့၊ ကိုယ့်ရှိရင် သူဝမ်းသာပဲ။ လူကြီးတွေကလဲ ကိုယ်တို့ကလေးတွေကို ကိုယ့်တူ၊ တူမတွေလို။ ကိုယ်တို့ကလဲ ကိုယ့် အဒေါ်တွေ၊ ဦးလေးတွေလို နေခဲ့ကြတာ။
ဒီလို နေလာလိုက်တာ ကိုယ် ဆယ်တန်းရောက်တော့ အိမ်ပြောင်းရဖို့ ကြုံလာတယ်။ အစိုးရမင်းများက တက္ကသိုလ်မှာ အဖေ အလုပ်လုပ်စရာ မလိုတော့ လို့ဆိုတာမို့ ကိုယ်တို့ ၀ယ်ထားတဲ့ အင်းစိန် မင်းကြီးလမ်းက ခြံလေးမှာ အိမ်ဆောက်ဖို့ စဉ်းစားကြတယ်လေ။ အဲဒီခြံလေးက ခြံဘေးပတ်ပတ်လည်မှာ ကသွယ်ချောင်းလို့ ခေါ်တဲ့ချောင်းလေးတခု ပတ်စီးနေတယ်။
ခြံလေးကို ၀ယ်စ က မိုးရွာကြီးထဲ ခြံထဲမှာ ရေတွေဖွေးနေတဲ့ အိမ်သေးသေးလေးကို ကဗျာဆန်တယ်ဆိုပြီး အဖေနဲ့အမေက ချက်ချင်း ကြိုက်ခဲ့ကြတာ။ တကယ်အိမ်ဆောက်မယ် ဆိုတော့ အဲဒီကဗျာဆန်တဲ့ ချောင်းက တော်တော်ပိုက်ဆံကုန်တာပါ။ အိမ်ရဲ့ သုံးဖက် သုံးတန်မှာ ချောင်းက ပတ်စီးနေလေတော့ မြေတွေပါမှာစိုးလို့ မြေဖို့ရ၊ မြေကြီးအနက် ၈ပေ တံတိုင်းတူးပြီး အုတ်တံတိုင်းကာရလို့လေ။
အခု လက်ရှိအိမ်သေးသေးလေးကို ဖျက်ပြီး မိသားစု နေလို့ရအောင် အိမ်ကလေး တလုံး ဆောက်မယ်လို့ ကြံစည်လိုက်တာနဲ့ ကိုယ့်မိသားစုတင် မဟုတ်၊ အဖေရဲ့ မိတ်ဆွေ အပေါင်းအသင်းများကပါ သူတို့ပါ အိမ်ဆောက်မလောက် ၀ိုင်းစဉ်းစားရတော့တာ။
ပထမဆုံး အဖေ့ဆီကို RIT က ဗိသုကာဆရာ၊ ဆရာရွှေက အိမ်ပုံစံလေး နှစ်ခု ဆွဲလာတယ်။ တခုက တထပ်အိမ် လုံးချင်းလေး။ ချစ်စရာလေးပါ။ နောက်တခုကတော့ အိမ်အချွန်လေးမှာ လမ်းမကို တံတားလေး ထိုးထားတဲ့ပုံ။ အိမ်ပုံစံက ဆန်းဆန်း၊ ကဗျာဆန်ဆန်ပေါ့။ အိမ်က လမ်းမထက် နိမ့်နေတာမို့ မင်းကြီးလမ်းကို အိမ်ရဲ့  ဒုတိယထပ်နဲ့မှ တံတားထိုးပြီး ၀င်ထွက်ရတဲ့ ပုံစံမျိုးပေါ့။
အဲဒီတုန်းက ကိုယ်တို့က သိတတ်တဲ့ အရွယ်ရောက်နေပြီမို့ အဖေ အဲဒီအိမ်ပုံစံလေး ယူလာတော့ ကြမ်းပြင်ပေါ်မှာ အိမ်ပုံစံကို ဖြန့်ခင်းပြီး မိသားစု ၀ိုင်းအုံကြည့်ကြရတာကို မှတ်မိနေတယ်။ ပထမဆုံးကိုယ့်ကိုယ်ပိုင် ဖြစ်ရမဲ့ အိမ်လေးဆိုတော့ စိတ်ဝင်စားပြီး သဘောကျတာပေါ့။ စိတ်ကူးတွေလည်း ယဉ်ကြတာပေါ့။
ဒါပေမဲ့ လက်ထဲမှာက ပိုက်ဆံ ၁ သောင်းပဲ ရှိတာ ကိုယ်တို့အားလုံး သိနေတယ်။ တထပ်အိမ်လေးက ၃သောင်းလောက် ကုန်မယ်တဲ့ (၁၉၈၇ က ဈေးပေါ့လေ)၊ ဆရာရွှေက ခန့်မှန်းတယ်။ တံတားနဲ့ အိမ်လေးက ၁သိန်းခွဲလောက် ကျမယ် တဲ့။ တကယ်က ကိုယ်တို့ဘတ်ဂျတ်နဲ့က ဘယ်တခုမှ မမီဘူး။ ဒါပေမဲ့လဲ အဖေရော၊ အမေရော ကိုယ်တို့အားလုံး ဟိုကဗျာဆန်တဲ့ အိမ်လေးပဲ ကြိုက်နေကြတယ်။
အဖေ့မိတ်ဆွေတွေက အဖေ့ကို ချစ်စနိုးနဲ့ ၀ိုင်းမေးကြသေးတာပါ။ ဆရာ ဘယ်အိမ် ကြိုက်သလဲ တဲ့။ အဖေက အိမ်အဆန်းလေးကို လက်ညှိုးထိုးပြတော့ သဘောကျလိုက်တာ။ သူတို့ထင်တာ တထပ်အိမ်လေးကိုပဲ ရွေးမယ်ထင်တာ။ အဖေက ကဗျာဆန်တဲ့အိမ်လေးကို ရွေးလိုက်တော့ တကယ့်ကဗျာဆရာပဲ လို့ ပြုံးကြတာပေါ့။ အင်မတန် စိတ်ကူးယဉ်တာကိုး။
ဒါနဲ့ လူရင်းတွေက အဖေ အိမ်ဆောက်မယ်လို့ ပါးစပ်ကြေငြာမောင်းခတ်လိုက်တော့ သတင်းကြားတာနဲ့ မိတ်ဆွေတွေ အလျှိုလျှိုပေါက်လာပြီး ၀ိုင်းကူကြပါတယ်။ ကျနော့် သစ် ၁၀ တန် ပါမစ်ကျထားတာ ဆရာ၊ ဆရာ သုံးပါ၊ ပိုက်ဆံ အဆင်ပြေမှ ပေးပေါ့ တဲ့။ အဲဒီလူက ကိုမြတ်စံ တဲ့။ သစ်စက်ပိုင်တဲ့ ဦးရွှေမန်းကလဲ ကျနော့်သစ်တွေ ကြိုက်သလောက် သုံး တဲ့။ ဆရာ့အတွက် ကျွန်းတွေချည်း ကျနော် ဖယ်ပေးထားမယ်တဲ့။ ငွေစကား မပြောပါနဲ့ တဲ့။
ပိုက်ဆံတွေကတော့ ဘယ်သူ့ဆီမှ မချေးရပါဘူး။ မိတ်ဆွေတွေက သူတို့ဖာသာ သူတို့ လာပေးကြတာ။ ရွှေလက်ကောက်တွေကို အ၀တ်နဲ့ထုပ်ပြီး လာပေးတဲ့သူတောင် ရှိပါတယ်။ အဖေက မေတ္တာနဲ့ စာပြတဲ့ ကျောင်းဆရာ။ ဘာရာထူးရာခံမှလဲ မရှိ။ အမေက ကိုယ့်တနိုင် မူကြိုကျောင်းလေး ဖွင့်ထားတာ။ မျက်နှာလုပ်စရာ အကြောင်းလဲ မရှိ။ အဲဒါကြောင့် အဖေနဲ့ အမေက အမြဲပြောခဲ့တာ။ ဒီအိမ်လေးက မေတ္တာနဲ့ ဆောက်တဲ့ အိမ် တဲ့။
ဒီလိုနဲ့ အဲ့ဒီ အင်းစိန် မင်းကြီးလမ်းက အိမ်လေးကို ၃လ နဲ့ အပြီး ဆောက်ခဲ့တာပါ။ ဗိသုကာ ဆရာရွှေ က ဂျပန်မှာ ၈နှစ်ကျော် ဗိသုကာပညာကို သင်ခဲ့တာမို့ မြေကွက်နည်းနည်းမှာ အထပ်နဲ့ အိမ်လေးကို ဂျပန်ပုံစံ ဆန်းဆန်းလေး ဆောက်တတ်တယ်။ သူ့ ပညာဖိုး ကတော့ ဈေး ကြီးလှပါတယ်။ အိမ်ပုံစံဆွဲတာရော၊ ဆောက်တဲ့အိမ်မှာ လာနေ၊ လာအိပ်ပြီး ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ခရော တပြားတချပ်မှ မပေးရပါဘူး။ မေတ္တာနဲ့ ဆောက်ပေးတာမို့ ပိုက်ဆံပေးရင် မိတ်ပျက်မယ် တဲ့။
ဆောက်တဲ့ အိမ်ပုံစံကလဲ အဆန်း၊ ခေါင်မိုးက တခြမ်းအချွန်ပဲ ပါတယ်။ အိမ်က ၂ထပ်ခွဲ။ ပေ ၅၀ လောက် ရှည်တဲ့ တံတားနဲ့ လမ်းကို ဆက်ထားတာမို့ အိမ်ဆောက်တုန်းကဆိုရင် အထူးအဆန်းပဲ။ ညနေ အလုပ်ဆင်းချိန်ဆို အင်းစိန်တ၀ိုက်ကလူတွေက ကိုယ့်အိမ်ကိုယ်မပြန်သေးဘဲ လမ်းမပေါ်မှာ ထိုင်ပြီး ဘယ်လိုပုံစံ ထွက်လာမလဲ ခန့်မှန်းကြတာ။ ဖြတ်သွားတဲ့ ဆိုက်ကားတွေ အိမ်ကို ငေးရင်း တိုက်ကြတာလဲ ခဏခဏ။
အဲဒီလို ဆောက်တုန်း ကိုယ်တို့မိသားစုက ပုဂံခြံဝင်းအိမ်မှာနေတုန်းမို့ တပတ်ကို တခါ ပုံမှန် အင်းစိန်ကို သွား သွားကြည့်ကြတယ်။ ကျန်တာက အဖေရော အမေရော ဘာမှလဲ နားမလည်၊ ကြီးလဲ မကြီးကြပ်တတ်တော့ ဆရာရွှေပဲ အကုန်စီစဉ်တယ်။ ကိုယ်တို့သွားတဲ့အချိန်ဆို လက်သမားတွေ ပန်းရံဆရာတွေက ပျော်လွန်းလို့။ တပတ် တပတ်ကို ဘာလေး တိုးတက်လာပြီ၊ ဘယ်သူ့အခန်းလေး ပြီးသွားပြီဆိုတာ ပြချင်လွန်းလို့။ ကိုယ်တို့ကလဲ အဲဒါလေးတွေ ကြည့်ပြီး အရမ်းပျော်ကြတာကိုး။
နောက်တော့ လမ်းထဲကလူတွေက အဖေ့ကို လာပြောရတယ်။ ညကြီးသန်းခေါင်တောင် လက်သမားတွေက မီးထွန်းပြီး အိမ်ဆောက်နေတာမို့ တဒုန်းဒုန်းနဲ့ ကောင်းကောင်း မအိပ်ရလို့ပါ တဲ့။ နေ့ခင်းဖက်ပဲ ဆောက်ခိုင်းပါ တဲ့။
တံတားဆောက်တဲ့နေ့ကတော့ အဆိုးဆုံးပါ။ မနက်ရောက်တော့ တံတားကြီး ဘွားကနဲ ပေါ်လာပြီး လမ်းမနဲ့ အိမ်နဲ့ ဆက်နေလေတော့ ထူးဆန်းပြီး ဘယ်နှယ့်အိမ်ပါလိမ့်လို့ အလုပ်သွားရတာတောင် မသွားချင် သွားချင်နဲ့ ဆိုပဲ။ ဘေးပတ်ပတ်လည်ကလဲ ချောင်း က စီးလို့။ ညနေခင်း အလုပ်ကအပြန် အိမ်မပြန်နိုင်ဘဲ ထမင်းဗူးလေးတွေ ဘေးချပြီး ငေးကြတာ မိုးချုပ်တဲ့အထိပါပဲ။
ပေဖူးလွှာ မဂ္ဂဇင်းမှာ ကဗျာဆရာ့အိမ် ဆိုပြီး အိမ်ပုံစံလေး ပါလာတော့ လူတွေက ပိုစိတ်ဝင်စားကြတယ်။ အဖေကလဲ အိမ်က အချွန်လေးမို့ “ကဗျာတွေ တိမ်အရောက် ရေးရော့ဟဲ့ လို့၊ ဆရာရွှေ အိမ်ဆောက်ပေးခဲ့တယ်” လို့ ကဗျာစပ်သေးတယ်။
လူတွေကတော့ အမျိုးမျိုး ခေါ်ကြတာပဲ။ သူတို့အိမ်တွေကို လမ်းညွှန်ရင်လဲ ကိုယ်တို့အိမ်ကို ဆွဲဆွဲထည့်တယ်။ “အိမ်အချွန်လေးလေ သိတယ်မဟုတ်လား။ အဲဒီအိမ်လေးကို ကျော်သွားရင် ငါတို့အိမ်ကို ရောက်ပြီ” ဆိုတာမျိုး။ “ဟို တံတားလေးနဲ့ အိမ်ကလေးဟာလေ” (တံတားလေးနဲ့ အိမ်ဆိုတာတော့ သိပ်မမိုက်ဘူးပေါ့။ ကိုယ်တို့က တံတားလေးမှာ နေသလို ဖြစ်နေတာကိုး)။ တခါကတော့ ကြေးနန်းရိုက်တာများ “ကဗျာဆရာတင်မိုး၊ ဂျပန်အိမ်ကလေး၊ မင်းကြီးလမ်း၊ အင်းစိန်” တဲ့။ အဲဒါလဲ ကိုယ်တို့ဆီ ရောက်တာပဲ။
အဲဒီအိမ်လေးမှာ ကိုယ်တို့ မိသားစု စုံစုံညီညီနဲ့ နေခဲ့၊ ပျော်ခဲ့ကြတာ..။ ညနေခင်း မိသားစု ထမင်းဝိုင်းတွေက အရမ်းလွမ်းစရာကောင်းတဲ့ အတိတ်တွေ ဖြစ်သွားပြီ။ မိုးတွင်းမှာ ချောင်းရေစီးသံလေးကို နားထောင်ရင်း “ကသွယ်ချောင်းငဲ့၊ ငယ်ပေါင်းတမျှ၊ ချစ်ခဲ့ပြီ” လို့ ကဗျာစပ်တဲ့ အဖေလဲ အိမ်လေးဆီ ပြန်မလာနိုင်တော့။ စွယ်တော်ပင်လေးတွေ၊ ဆောင်တော်ကူးပင်လေးတွေ၊ စံပယ်ပင်လေးတွေ စိုက်တတ်တဲ့ အမေလဲ မရှိတော့။ ကိုယ်တို့ ညီအမတွေလဲ ရုန်းရ၊ ကန်ရ တို့ဘ၀လဲ တစစီ တကွဲစီပါတကား လို့ ဆိုရမလို..။
အခုတော့ အဲဒီအိမ်ကလေးမှာ ကိုယ့်အမအကြီးဆုံး မစံ နေနေတယ်။ ဘ၀ဒဏ်ကို ကိုယ်တို့နဲ့အတူ အိမ်လေးလဲ အတူခံခဲ့၊ ရင်ဆိုင်ခဲ့တယ်။ ဒီအိမ်လေးကနေပဲ လုံခြုံနွေးထွေးမှုတွေ၊ အေးချမ်းတဲ့ မေတ္တာတွေ၊ ရင်ဆိုင်ရဲတဲ့ သတ္တိတွေကို ကိုယ်တို့ နှလုံးသားတွေထဲ ထည့်ပေးခဲ့တာပါ။
အိမ်ပြန်ချင်လိုက်တာ..။
မိုးချိုသင်း
(ဒီနေ့ comment ထဲမှာ မီယာ ဆိုသူက အင်းစိန်အိမ်ကလေး ဘယ်လိုဆောက်ခဲ့သလဲ ရေးပါလားလို့ ပြောလို့ သတိတရ ရေးပါတယ်။ မီယာ့ကိုလဲ ကျေးဇူးတင်ပါတယ်။)
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
အခုတလော အလုပ်များနေတာနဲ့ ဘလော့ဂ်ကို မရေးဖြစ်ပြန်ဘူး။ တကယ်က အလုပ်လုပ်ရတာ challenge တွေနဲ့မို့ စိတ်ပင်ပန်း လူပင်ပန်းနဲ့ပါ။ တခါတလေကျတော့လဲ စာက အရမ်းရေးချင်နေပြီး လုပ်စရာတွေက များလွန်းတာမို့ နောက်ဆံတငင်ငင်နဲ့ပဲ။ ဟိုအကြောင်းလေးဆိုလဲ ရေးလိုက်ချင်၊ ဒီအကြောင်းလေးဆိုလဲ ရေးလိုက်ချင်နဲ့။
ဘ၀မှာ အသက်မွေးဝမ်းကျောင်းအလုပ်ကလဲ အဓိက အချက်ထဲမှာပါတာမို့ ကိုယ်ကလဲ အမြဲပဲ လေးလေးစားစား လုပ်ခဲ့တယ်။ ကိုယ်ဝါသနာ မပါတဲ့အလုပ်ဖြစ်စေဦး၊ ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်မို့ ဗမာပီပီ စေတနာရှိရှိ ရိုရိုသေသေပဲ လုပ်ခဲ့၊ လုပ်နေတယ်။ အလုပ်ကို တာဝန်ကျေချင်တာလဲ တကြောင်း၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့အနေနဲ့ မှန်မှန်ကန်ကန် လုပ်ချင်တာလဲ တကြောင်းပေါ့။
အလုပ်လို့ စဉ်းစားလိုက်မိရင် အရင်ဆုံး သတိရမိတာက ကိုယ်လဲ ၀ါသနာပါပြီး၊ အပျော်ရွှင်ဆုံးလဲ ဖြစ်တဲ့ ကိုယ့်ပထမဆုံးအလုပ်ပေါ့။ သင့်ဘ၀မဂ္ဂဇင်း မှာ လုပ်ခဲ့တာပါ။ အဲဒီတုန်းက အသက်က ၂၃နှစ်။ ကိုယ့်ဆရာတွေက ဆရာဦးတင်မောင်သန်း နဲ့ ဆရာ မောင်သစ်ဆင်း တို့ပေါ့။ ဆရာမောင်သစ်ဆင်းကိုတော့ အေးလွန်းလို့ ကိုယ်က ဆရာမောင်သစ်တုံး လို့ ခေါ်တယ်။ ငွေစာရင်းကိုင်တဲ့ ဦးတင်အောင်ဝင်းဆိုတဲ့ ဦးတယောက်လဲရှိတယ်၊ ဒီဇိုင်းတွေလုပ်တဲ့ ကေကေ လို့ခေါ်တဲ့ ကိုကျော်ခိုင်လဲ ရှိပါတယ်။
အဲဒီမှာ ကိုယ်က ကျောပိုးအိတ်တလုံးနဲ့ လမ်းတကာ လျှောက်သွားပြီး အားလုံးကို လိုက် လော ရတော့တာပဲ။ မဂ္ဂဇင်း ပုံမှန် အချိန်မီ ထွက်နိုင်ဖို့ စာမူဖတ်ရတယ်၊ စာမူရွေးပြီး ဆရာတွေဆီ တင်ရတယ်၊ ဆရာတွေ ရွေးပြီဆိုရင် ကွန်ပျူတာ စာစီဖို့ ပို့ရတယ်။ အဲဒီတုန်းက ကွန်ပျူတာဆိုတာကလဲ ရှားသေးတော့ အမြန်ဆုံး ကိုယ့်စာမူရိုက်ဖို့ အချိန်မီဖို့ ပြောရ၊ လောရ တယ်။ ၀င်းမောက် ပုံနှိပ်စက်က ဦးနဲ့ အမကြီးဆို ကိုယ့်ဒဏ်ကို ကောင်းကောင်း ခံခဲ့ရတာ။
နောက် ဒီဇိုင်း။ အရင်က သင့်ဘ၀က ရိုးရိုးပဲ စာကို အဓိကထားခဲ့တော့ ဒီဇိုင်းမှာလဲ နည်းနည်းတော့ ပြင်ပြင်ဆင်ဆင်လေး ဖြစ်အောင် ကြိုးစားရသေးတယ်။ ဒီစာပေလောက ဆိုတာကလဲ ကိုယ်ငယ်ငယ်ကတည်းက ကြီးပြင်းခဲ့ရတာဆိုတော့ အားလုံးက အဖေ့ကို ချစ်ခင်တဲ့ စိတ်နဲ့ ကိုယ် လော သမျှ၊ အနိုင်ကျင့်သမျှ သည်းခံကြတယ်။ အထူးသဖြင့် စာမူတွေကို သရုပ်ဖော်တဲ့ ဒီဇိုင်းဆရာ၊ ပန်းချီဆရာတွေပေါ့။
ဒီဇိုင်းဆရာ၊ ပန်းချီဆရာဆိုတာကလဲ သူတို့ ဈာန်ဝင်စားရာ ဆွဲတတ်ကြတာ။ ဥပမာ ပန်းချီဆရာတယောက်က သရုပ်ဖော်ပုံကို ဒီလမှာ ပိုးကောင်လေး ဆွဲတယ် ဆိုပါတော့၊ နောက်တလလဲ သူ့ကို အပ်တော့ ပိုးကောင်လေးက ဒေါင်လိုက်လေး ပြေးနေတယ်။ နောက်တလကျတော့လဲ ပိုးကောင်လေး ပဲ၊ ထောင့်လေးမှာ ကပ်ပြီး ဘေးတိုက်လေး သွားနေတယ်။ ဒါဆို ကိုယ်နဲ့ တွေ့ပြီ။ နောက်တခါ ပိုးကောင်လေး ချိုသင်းတို့ သင့်ဘ၀မှာ လာမဆွဲနဲ့ မမြင်ချင်ဘူး ပြောပစ်လိုက်တာ။ ပန်းချီဆရာကလဲ အေးပါ အေးပါဟာ ဆိုပြီး ရီလို့။
နောက်တယောက်ကတော့ အဲဒီတုန်းက မုဒ်ဝင်နေလို့ဆိုလား၊ ကြိုးတွေချည်း ဆွဲတယ်။ ပထမ ကဗျာက မြစ်အကြောင်းဆိုတော့ ကြိုးပုံကောက်ကောက်လေး ဆွဲတော့ မြစ်လိုလို ဖြစ်နေတာမို့ ရှိစေတော့။ နောက်ထပ်ကဗျာကတော့ မီးရထားနဲ့ ခရီးသွားတဲ့အကြောင်း။ အဲဒါလဲ ကြိုးပုံပဲ။ အင်း..ရထားလမ်းလိုလို ဖြစ်နေပါတယ်လေ ဆိုပြီး မပြောသေးဘူး။
နောက်တပုဒ်ကျတော့ သားအဖနှစ်ယောက်၊ ခေတ်နှစ်ခေတ်အကြောင်း စပ်ထားတာ။ အဲဒါကိုတော့ သူဆွဲတဲ့ဘေးမှာ သွားထိုင်ကြည့်နေလိုက်တယ်။ ပန်းချီဆရာကလဲ သိတယ်။ သူ့ကို ပြောဖို့စောင့်နေပြီဆိုတာ။ စပ်ဖြဲဖြဲနဲ့ ပန်းချီဆွဲတယ်။ ကြိုးလေး မျှင်မျှင် လဲ လုပ်ချင်သေးတယ်။ ဘေးကနေ အဟမ်း၊ အဟမ်း လုပ်လိုက်မှ တခြားပုံ ပြောင်းသွားတယ်။
နောက်တယောက်ကတော့ ဘော်လုံးလေးတွေချည်း ဆွဲတာ။ လူဆိုရင် မျက်လုံးနှစ်လုံး ဘော်လုံးလေးမှာ တပ်လိုက်တာ။ ဒါပဲ.. ပြီးပြီ။ ကိုယ်က အနုပညာနားမလည်တော့ ဒါမျိုးဆို သိပ်မကြိုက်ဘူး။ အရမ်းလွယ်တယ် ထင်နေတယ်။ ကိုယ်ဆိုးတာ ပြောပါတယ်။ ဒါနဲ့ လာပြန်ပြီလား ဒီဘော်လုံးလို့ ပြောတော့ ကျနော် ဒီလို ဘော်လုံးလေး ထောင်နေဖို့ တော်တော်ကျင့်ထားရတာ တဲ့။ မျက်နှာလေး ငယ်ပြီး ပြောတယ်လေ။
ကိုယ်တို့မှာ စာမူကလဲ နှစ်မျိုးနှစ်စား ရှိတယ်။ တောင်းစာမူနဲ့ ရွေးစာမူ တဲ့။ တောင်းစာမူ ကတော့ စာရေးဆရာကြီးတွေဆီက တောင်းရတာ။ ကိုယ့်မဂ္ဂဇင်းမှာ သူ့စာမူ ပါချင်လွန်းလို့ တရိုတသေတောင်း၊ အိမ်အထိ သွားယူရတာ။ ဒါပေမဲ့ ကိုယ်လုပ်ခဲ့တဲ့အချိန်မှာတော့ ဆရာကြီးတွေက လာယူလှဲ့ လို့ ချိန်းရင် မပြီးသေးလို့ဆိုပြီး ပြန်လှည့်လာခဲ့ရတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကိုယ့်အပေါ်မှာ စေတနာထား အချိန်မီရေးပေးခဲ့ကြတာ တကယ်ပဲ မမေ့နိုင်ဘူး။
အထူးသဖြင့် ဆရာ ဦးမြသန်းတင့်ပါ။ အင်မတန်ယဉ်ကျေးပြီး လူကြီးလူကောင်းဆန်တဲ့ ဆရာပါ။ ဘယ်နေ့ စာမူ လာယူရမလဲဆရာ လို့ မေးရင် သူပြီးမဲ့အချိန်ပဲ ပြောတယ်။ ဘယ်တော့မှ ဂတိမပျက်ခဲ့ဘူး။ ဗုဒ္ဒဟူးနေ့လာခဲ့ သမီးရေ ဆိုရင် အတိအကျကို ရတယ်။
တခါတလေ ဆရာအလုပ်များနေလို့ မပြီးသေးရင်လဲ အိမ်ပေါ်ထပ်မှာ လက်နှိပ်စက်လေးနဲ့ တဂျောက်ဂျောက် လက်တမ်းရိုက်နေတယ်။ စာမူကို စောင့်ယူရတယ်။ နောက်နေ့မှ လာယူ၊ မပြီးသေးဘူးလို့ ပြောလိုက်လဲ ရနေတာပါပဲ။ ဒါပေမဲ့ တက်ကြွနေတဲ့ လူငယ်စိတ်ကလေးကို စိတ်မပျက်သွားစေချင်လို့ အလုပ်တွေ များရက်နဲ့ ဂတိတည်အောင် ကြိုးစားခဲ့တယ်လို့ ဆရာ့စေတနာကို နားလည်ခံစားမိပါတယ်။
ကိုယ်လုပ်တဲ့ အချိန် ၉၄ခု တုန်းက မိန်းကလေး အယ်ဒီတာဆိုတာ ငယ်ငယ်ရွယ်ရွယ် ဒီလိုပြေးလွှား၊ လျှောက်သွားနေတာမျိုး သိပ်မရှိသေးဘူး။ ဒါကြောင့် ဆရာက ကိုယ်စာမူရလို့ ပြန်တော့မယ်ဆိုတိုင်း “ဖြစ်ရဲ့လား၊ ဘတ်စ်ကားစီးရတာ အဆင်ပြေရဲ့လား” အမြဲမေးတတ်တာပါ။ နေပူတုန်းပဲ သမီး၊ သမီးအံတီနဲ့ ကော်ဖီသောက်ရင်း နေအေးကို စောင့်လိုက်ပါအုံး လို့လဲ ပြောတတ်တာပါ။
ဆရာဆုံးတော့ ကိုယ်က စင်ကာပူမှာ..။ ဆရာလိမ့်ကျတယ်ဆိုတဲ့ အဲဒီ လှေကားလေးကနေ စာမူလေးကိုင်ပြီး ဆရာဆင်းလာတာကို မတ်တပ်ရပ်ရင်း၊ ပြုံးရင်း ကြိုခဲ့ဖူးတာမို့ ကိုယ်မြင်ယောင်ပြီး ငိုခဲ့ရတယ်။ မြန်မာစာပေလောကရဲ့ ကျေးဇူးရှင်ကြီး ဆုံးရှုံးလိုက်ရလို့ပေါ့။
နောက် - မြန်မာပြည်မှာ မဂ္ဂဇင်းလုပ်ပြီဆိုရင် မပါမဖြစ်က စာပေစိစစ်ရေးပဲ။ ကိုယ့်ကို စာပေစိစစ်ရေးရဲ့ လုပ်ပုံကိုင်ပုံတွေကို သင်ပေးခဲ့တာ ကေကေ လို့ခေါ်တဲ့ ကိုကျော်ခိုင်ပါ။ (အခု သူက နံမည်ကြီး ဒီဇိုင်းဆရာ ဖြစ်နေပြီ။) ကိုယ့်မဂ္ဂဇင်းကလဲ သူတို့ မျက်စိ စပါးမွှေးစူးစရာ အချွန်အတက်နဲ့ချည်း။ သင့်ဘ၀တို့ စာပေဂျာနယ်တို့ဆိုတာ သူတို့ အမဲပဲ။
စာပေစိစစ်ရေးက ဆရာသမားများကလဲ အမြဲ ၀င်ထွက်နေတော့ လူကိုတော့ ခင်ပါတယ်၊ စာကိုတော့ မခင်နိုင်ပါ ဆိုတဲ့ မူ ကို ကျင့်သုံးကြတယ် ထင်ပါရဲ့။ သင့်ဘ၀ဆိုရင် မှန်ဘီလူးနဲ့ ကြည့်ကြတယ်။ တခါတလေတော့လဲ တွေးမိတယ်။ ဘယ်လောက်များ ငရဲကြီးလိုက်မလဲ လို့။ စာပေသားသတ်ရုံကြီးထဲ ၀င်သွားရသလိုပဲ။ အဲဒီကို သွားရတာ ကိုယ်ဘယ်တော့မှ မပျော်ခဲ့ဘူး။
သင့်ဘ၀မှာ ကိုယ်အပျော်ဆုံးအလုပ်က အင်တာဗျူး လုပ်ရတာပါ။ အဲဒီအတွေ့အကြုံတွေက ကိုယ့်ဘ၀ကို အများကြီး အထောက်အကူပြုတယ်လို့ ယုံကြည်ပါတယ်။ မဂ္ဂဇင်းအတွက် cover story ကို ဆရာနှစ်ယောက်ကပဲ ပင်တိုင်ရေးကြပါတယ်။ သူတို့ရေးဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းရ၊ အင်တာဗျူးရတယ်။
ကိုယ်က နားထောင်ရတာ သဘောအကျဆုံး။ အင်တာဗျူးလုပ်ရတဲ့ ပုဂ္ဂိုလ်ကြီးတွေက အစုံပဲ။ ဆရာတွေကမေး၊ ကိုယ်က အသံဖမ်း၊ သိချင်တာ ၀င်မေးပေါ့။ တိပိဋိက ဆရာတော် ဦးသုမင်္ဂလ ကိုလည်း မုသားဆိုတာ ဘာလဲ တဲ့။ မုသားတွေပေါတဲ့ အချိန်ကြီးမှာ အချိန်ကိုက်ပါပဲ။ ဆရာတော်က အဲဒီတုန်းက မော်စကိုက ပြန်လာခါစလေ။
တက္ကသိုလ်ပါမောက္ခ ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ပညာရဲ့ အရေးပါပုံ အခန်းဆက် ဆောင်းပါးတွေလဲ စိတ်ဝင်စားဖို့ ကောင်းခဲ့တယ်။ ဒါနဆိုတဲ့ ဆောင်းပါးအတွက် ဘဘဦးသုခကိုလည်း မေးရပြီး အတတ်ပညာရှင် အနုပညာရှင်တွေနဲ့လဲ ထိတွေ့ရတယ်။ cover story အတွက် စာပုဒ်လေး တပုဒ်ရဖို့ ပညာရှင်တွေနဲ့ တွေ့ဆုံရသလို AIDS လိုဆောင်းပါးအတွက် ပြည့်တန်ဆာလေးတွေနဲ့လဲ တွေ့ရတာပါပဲ။ မိဘမဲ့ကလေးကျောင်းလေး ကိုသွားတော့ အင်တာဗျူးရင်း၊ နားထောင်ရင်း မျက်ရည်စက်လက်နဲ့ပါ။
အလုပ်ဆိုတာကို ၀န်ထုပ်ဝန်ပိုးတခုလို မဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင် စိတ်ပါဝင်စားပြီး လုပ်ရတာ ကိုယ့်ဘ၀မှာ တကယ့်ကို အမှတ်တရ ဖြစ်ခဲ့တာပေါ့။ ကိုယ့်ကို အသိပညာလဲပေး၊ စိတ်ချမ်းသာမှုလည်း ပေးတဲ့ ဒီပထမဆုံးအလုပ်ကို ဘယ်မေ့နိုင်ပါ့မလဲ။ ဘ၀မှာ အရေးပါတဲ့ အခန်းတခုအနေနဲ့ အဲဒီအချိန်တွေကို တန်ဖိုးထားနေခဲ့ပါတယ်။
နောက်..ကိုယ်က ရောင်နောက် ဆံထုံးပါ၊ ဘိုကေနောက် ဆံရှည်ပါ ဆိုတော့ လက်ထပ်ပြီး စင်ကာပူလိုက်သွားမယ်ဆိုတော့ နေ့စဉ် နေ့တိုင်း စိတ်ရောကိုယ်ပါ ကြိုးစားလုပ်ခဲ့တဲ့ အလုပ်ကလေးကို တိကနဲ ဖြတ်လိုက်တာ။ ရွှေတိဂုံဘုရားလမ်းက အခန်းလေးကို လုံးလုံး လှည့်မကြည့်တော့ဘူး။ ဆရာတွေက မျှော်နေသေးတယ်။ ကိုယ်ကတော့ အလုပ်သံယောဇဉ်ကို စိတ်မခိုင်လို့ မကြည့်တော့ဘူး။
ဒီလိုနဲ့ ကိုယ့်ကို ကိုယ်ပိုင် အလင်းရောင်လေးပေးခဲ့တဲ့ ဒီအလုပ်ကလေးကို သေတ္တာထဲ တမြတ်တနိုး သိမ်းထားလိုက်ပြီ။ ကိုယ့်မင်္ဂလာဆောင်မှာ စာပေမိတ်ဆွေတွေက စ နောက်ပြီး သင့်ဘ၀မှာ ကိုယ်မရှိတော့မှာမို့ “သင့်ဘ၀ အတွက်ပဲ တွေးကာပူမိသည်” လို့ ဆိုကြတာကိုတော့ အခုအချိန်မှာ ပြန်တွေးရင်တောင် ကျေနပ်နေမိပါသေးတယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဒီနေ့တော့ မိုးလေးကလဲ အုံ့၊ ညဖက်မှာလဲ မိုးလေးက နည်းနည်းပါးပါး ရွာထားပြန်၊ ဆောင်းဦးရာသီလဲ ၀င်လာပြီဆိုတော့ ရာသီဥတုက မှုန်မှုန် မှိုင်းမှိုင်းလေး ဖြစ်နေတယ်။ အဲဒီတော့ လူ့စိတ်က ဘာရယ်မဟုတ်ဘူး၊ ဟိုတွေး ဒီတွေးနဲ့ ဟိုကို လွမ်းသလိုလို၊ ဒီကို လွမ်းသလိုလို ဖြစ်မိတယ်။
လွမ်းတယ်ဆိုတာကလဲ အမျိုးမျိုး ရှိတယ် ထင်တာပဲ။ အကြောင်းတိုက်ဆိုင်လို့ လွမ်းသွားတာ၊ ၀မ်းပန်းတနည်း လွမ်းမိတာ၊ တခါတလေကျပြန်တော့ ကောင်းသော သတိရခြင်းနဲ့ လွမ်းလိုက်တာ ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ကိုယ်လွမ်းချင်လို့ လွမ်းနေမိတာကို သတိမထားမိ တတ်တာမျိုးကလဲ ရှိတတ်သေးတယ်။
ကိုယ်ဘလော့ဂ်ရေးခါစက စာ ပြန်ရေးတော့ အဖေ့အကြောင်းတွေကို ရီစရာလေးတွေ စွက်ပြီး ရေးမိတယ်။ အဲဒီတော့ ခင်မင်ရတဲ့ မိတ်ဆွေတွေက အားပေးကြတာပေါ့လေ။ ရီရတယ်နော်၊ ဖတ်ရတာ စိတ်ပေါ့ပါးသွားသလိုပဲ ဆက်ရေးပါ စသဖြင့်ပေါ့။ အဲဒီတော့ ကိုယ်လဲ စဉ်းစားတယ်။ ကိုယ်လဲ ဟာသတော့ မရေးဖူးလို့ မရေးတတ်ဘူး၊ ဘာဖြစ်လို့ သိပ်ရီရတာပဲလို့ ပြောတာပါလိမ့် ပေါ့။
အဖေကိုယ်တိုင်က အများနဲ့မတူ ရိုးရိုးကြီးနေတတ်တာမို့ သူလုပ်သမျှတွေက သဘောကျစရာ၊ ပြုံးစရာ ဖြစ်နေတာပါ။ အဲဒါကြောင့်များလား လို့ စဉ်းစားနေတုန်း မိတ်ဆွေတယောက်က ဖုန်းဆက်လာတယ်။ ချိုသင်းစာတွေကို ဖတ်ရတာ ချိုသင်း အဖေ့ကို ဘယ်လောက်တောင် လွမ်းနေမှန်းမသိ-တဲ့၊ ရီစရာတွေလို့ ထင်ရပေမဲ့ တကယ်က အလွမ်းစာတွေ- တဲ့။ အဲဒီမှာ ကိုယ်က အဖေ ကိုယ်တို့ကို ပြောပြောဖူးနေတဲ့ ကောင်းသော သတိရခြင်းနဲ့ လွမ်းပါ ဆိုတာကို သွားသတိရမိတာပါပဲ။
ကိုယ်တို့အမေ ဆုံးခါစက အဖေက အဲဒီစကားကို ခဏခဏ ပြောတာပါ။ ငယ်ရွယ်သေးတဲ့၊ မရင့်ကျက်သေးတဲ့ သား သမီးတွေကို နှစ်သိမ့်တာလဲပါ၊ အဖေ ကိုယ်တိုင်လဲ ဖြေယူတာလဲ ပါမှာပါ။ “မလွမ်းရဘူး မပြောပါဘူး၊ လွမ်းနိုင်ပါတယ် တဲ့၊ ဒါပေမဲ့ ကောင်းသော သတိရခြင်းနဲ့ လွမ်းပါ” တဲ့။ အဲဒီတော့ ကိုယ်လဲ အကျင့်ပါပြီး အဝေးကလူတယောက်ကို သတိရပြီဆိုတာနဲ့ သူနဲ့အတူ ပျော်ခဲ့တာ၊ သူကိုယ့်အပေါ်မှာ ကောင်းခဲ့တာ၊ သူ့ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးကိုပဲ ရွေးပြီး သတိရချင်မိတော့တာလေ။
အဲဒီလိုနည်းနဲ့ သတိရချင်စရာ အကောင်းဆုံးကတော့ ကိုယ့်အမအလတ် မအေးပါ။ ကိုယ့်မှာ အမ ၃ယောက် ရှိပါတယ်။ မစံ၊ မအေး၊ မနှင်း တဲ့။ မစံကတော့ မိသားစုထဲမှာ အကြီးပီပီ အားအကိုးရဆုံး။ သူပဲ အကုန် စီမံ ခန့်ခွဲတယ်။ အဖေနဲ့ အမေကလဲ မစံကို အားအကိုးဆုံးပဲ။ အမ အငယ် မနှင်းကတော့ မိသားစုထဲမှာ အထက်ဆုံး၊ အနုပညာမှာ အခံစားတတ်ဆုံး။ အဖေ့စိတ်ကို နားလည်မှု အပေးနိုင်ဆုံးပဲ။
မအေးနဲ့ ကိုယ်နဲ့ကတော့ ကြားထဲမှာ ဝေလေလေ ဖြစ်နေတယ် ဆိုရမှာပေါ့။ တခြားကွိကျိ ကွကျတွေလဲ သိပ်နားမလည်၊ ထူးလဲ မထူးချွန်၊ ရီစရာပဲ မက်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်တယ်။ မအေးက မိသားစုထဲမှာ စိတ်ထားအကောင်းဆုံး။ နောက်ပြီး သူက မိသားစုထဲမှာ ဂျိုကာလို ဖြစ်နေတာမို့ ဘယ်သူနဲ့ တွဲတွဲ အဆင်ပြေတယ်လေ။
သူက ဘ၀ကို ရိုးရိုးနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းချင်တဲ့သူ။ ဘုရား တရား၊ လူကြီးမိဘကို ရိုသေ ကိုင်းရှိုင်းမယ်၊ အကုန်လုံး လုပ်ကိုင်ပေးမယ်၊ ဒါပေမဲ့ ဘာ ဘ၀အခက်အခဲမှ မသိချင်ဘူး၊ ပိုက်ဆံမရှိလို့လဲ သူ မပူဘူး။ သူ့ဖာသာ သူ ဖြစ်သွားလိမ့်မယ် ပဲ။ ဘယ်တော့မှ မောင်နှမ အပေါ်မှာပဲဖြစ်ဖြစ်၊ သူများအပေါ်မှာပဲ ဖြစ်ဖြစ် မာနလဲ မထားတတ်ဘူး။ အမြဲ အောက်ကျို့ပြီး ဆက်ဆံတတ်တယ်။
သူ့လက်သုံးစကားက ကျေးဇူးတင်ပါတယ် တဲ့။ သူ့မှာ ဘာလေးဖြစ်ဖြစ် ကျေးဇူးတင်လို့ မပြီးဘူးလေ။ စားသောက်ဆိုင်သွားလို့ စားပြီးသောက်ပြီးလို့ စားပွဲထိုးလေးကို tips ပေးရင်လဲ သူက ခါးကိုကျိုးပြီး ကျေးဇူးတင်ပါတယ် ပြောနေတာ။ ကိုယ်လဲ ကြည့်နေရင်း ဘယ်သူက tips ပေးလို့၊ ဘယ်သူက ယူနေတာလဲ ဆိုတာတောင် ဇဝေဇ၀ါ ဖြစ်သွားရတာ။
ဖုန်းတခါဆက်ရင်လဲ ဖုန်းကဒ်က မိနစ် ၂၀လောက် ပဲ ရတာမို့ ပြောချင်တာတွေ မကျန်ရအောင် အလုအယက်ပြောမလို့ ကြံစည်တုန်း သူက ကျေးဇူးတင်ပါတယ်တွေ အထပ်ထပ်ပြောနေတာနဲ့ မိနစ်က ကုန်ရော။ တခါတလေကျတော့လဲ နင့် ကျေးဇူးတင်တာတွေ ခဏထားစမ်းပါအုံး လုပ်ရတာ။ အဲဒီတော့လဲ ရီနေရော။
ကိုယ့်အမျိုးသားနဲ့ မအေးနဲ့ စကားပြောကြရင်လည်း သူတို့နှစ်ယောက်က အထာနဲ့။ သူ့ထက်ငါ ဦးအောင် ကျေးဇူးတင်ပါတယ် ပြောပြီး နှုတ်ဆက်ကြတာ။ မအေး၊ ကျေးဇူးတင်ပါတယ်နော် လို့ တယောက်က ပြောရင် မအေးကလဲ ကျော်ဝဏ္ဏကို အမ ကျေးဇူးတင်လိုက်တာ ပြန်လုပ်တာ။ ပြီးရင် သူတို့ပဲ တခွိခွိနဲ့။
သူက သဘောကောင်းလေတော့ သူ့ကို နိုင်ကြတဲ့သူကလဲ အများသား။ အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေးတွေက အစ သူ့ကိုဆို တို့ မမအေးကြီးက ရပါတယ်၊ အေးဆေးပါ တဲ့။ တခါတလေ မအေးက မျက်ရည်လေး ၀ဲတဲ ၀ဲတဲ နဲ့ ဘယ်သူကတော့ သူ့ကို ဘယ်လို ပြောလိုက်ပြန်ပြီ၊ ဘယ်လိုလုပ်လိုက်ပြန်ပြီ နဲ့ ကိုယ့်ကို လာပြောပြသေးတာ။
ကိုယ်ကလဲ ဘာပြောကောင်းမလဲ၊ ဘွင်းဘွင်းသမားဆိုတော့ ချိုသင်းအမကို မထိနဲ့နော်၊ သည်းမခံဘူး တို့ဘာတို့ သွားပြောပစ်တာ။ အဲဒီကိစ္စ မနက်လောက်က ဖြစ်သွားရင် ညနေကျတော့ သူ့ကို ပြောတဲ့လူနဲ့ သူက ပြန်တည့်လို့။ ဟီးဟီး ဟားဟားနဲ့ အတူတူ ရီကြတာ မျက်ရည်များတောင် ထွက်လို့။ ကိုယ်က သီးခြားကြီး ဘေးမှာ ကြည့်နေရတတ်တာမျိုး။
နင့်ဟာက ဘယ်လိုကြီးလဲ၊ ငါ့မှာဖြင့် နင့်ဖက်က နာလိုက်ရတာ၊ ရန်တောင်ဖြစ်ပြီးနေပြီ လို့ ပြောတော့ သူက “သူလဲ အဆိုးကြီး မဟုတ်ရှာပါဘူးဟယ်၊ တခါတလေတော့ ဒီလိုပေါ့၊ နင်ကလဲ” တဲ့။ ကိုယ့်မှာသာ ဟတ်ကော့ကြီး ကျန်ခဲ့ရတာ ခဏခဏ။
သူက ငွေရေးကြေးရေးလဲ ခုထိ နားမလည်ဘူး။ ကိုယ်တို့ ခက်ခဲတဲ့ အချိန်တွေတုန်းက အမေ့မူကြိုကျောင်းလေးကို သူပဲ ဦးဆောင် ဆက်လုပ်ပြီး တအိမ်လုံးကို ကျွေးထား၊ ကိုယ်တို့အငယ်တွေကို ကျောင်းထားခဲ့တာ။ မောမောပန်းပန်း စာသင်ပြီး ပြန်လာတာနဲ့ ပိုက်ဆံအိတ်ကို မစံဆီ ပေးလိုက်တာပဲ။ ဘယ်လောက်ရလို့၊ ဘယ်လိုဆိုတာလဲ မသိ၊ ဈေးဘယ်လို ၀ယ်ရတယ်၊ ဘယ်လို စားရမယ် ဆိုတာလဲ မသိ။ သူ့ကို အလုပ်သွားဖို့ ဘတ်စ်ကားခပဲ ပြန်ပေးရတယ်။
အဲဒီတုန်းကဆို ကိုယ်တို့က သိပ်ချွေတာနေရတဲ့အချိန်။ အမေ မဆုံးခင်က အမြဲပြောတယ်။ သမီးမိန်းကလေးတွေ မွေးထားတာနော်၊ ဘယ်သူ့ကိုမှ အကူအညီမတောင်းရအောင် နေရမယ်၊ ကိုယ့်အားကိုယ်ကိုး ကြိုးစားရမယ် လို့ သမီးတွေကို အမြဲဆုံးမတယ်။ အဲဒီတော့ ညီအမ ၄ယောက်က အုတ်တံတိုင်း လေးဖက် လို ဖြစ်နေတယ်။ မာလဲမာတယ်၊ ညီလဲ ညီတယ်။
အဲဒီတုန်းက အမေ မရှိတော့ ပိုပြီး ကသီတယ်။ အဖေ့ကို ထောင်ဝင်စာ များများ ပို့ချင်တယ်။ အဲဒီတော့ တနေ့ကို ဈေးဖိုး ၁၅ကျပ်ပဲ သုံးမယ်လို့ ညှိပြီး ဆုံးဖြတ်ကြတယ်။ ဈေးဝယ်ရတာများ စဉ်းစားရတာ ခေါင်းခြောက်ပါရဲ့။ ဈေးပတ်ပြီး ဘယ်လို ဖွယ်ရာအောင် လုပ်ရပါ့မလဲ လို့လေ။ အဲဒီလို ကိုယ်တို့ ဈေးပတ်နေချိန်မှာ မအေးက ဈေးမပတ်ပါဘူး။ ဈေးထိပ်က စောင့်တာပါ။ ဘုရားပန်း အမျိုးမျိုး ၀ယ်ပြီး စောင့်နေတာ။
ကိုယ်တို့မှာ ဈေးပတ်ပြီး ပြန်လာတော့ သူက ဘုရားပန်းတွေ ၀ယ်ပြီးပြီ။ အလှဆုံး၊ ဈေးကြီးတဲ့ ပန်းတွေပဲ ရွေးထားတာ။ သူသိတာ ဘုရားပန်းလှလှ ထိုးမယ်၊ ဒါပဲလေ။ (ပန်းသည်တွေကလဲ သူ့နားမှာ ၀ိုင်းနေတယ်) ၀ယ်တာကလဲ ဘုရားပန်း ဆိုတော့ ကိုယ်တို့မှာ ပြောရခက်ကြီး။ ဘတ်ဂျက်လဲ နားမလည်။ သူ့ကို ပြောတုန်းကတော့ အေးပါ အေးပါ တဲ့။ ကိုယ်တို့လဲ ပန်းတွေ တပွေ့ကြီးနဲ့ သူ့ကို မြင်တာနဲ့ သက်ပြင်းချရတော့တာပဲ။
ဟာသဥာဏ်လဲ သူက အရွှင်ဆုံး။ အဖေ့မိတ်ဆွေတွေလဲ သူပြောင်တာ ကုန်ပေါ့။ နံမည်ဝှက်လေးတွေလဲ ပေးထားတော့ အဖေနဲ့အမေက အဲဒီမိတ်ဆွေနဲ့ ပြန်တွေ့ရင် မအေး လုပ်ပြထားတာတွေ သတိရပြီး မိတ်ဆွေရှေ့မှာ မရီမိအောင် မနည်း ထိန်းနေရတတ်တာ။ အဖေကဆို ရီရလွန်းလို့ ငါ့သမီးရယ်၊ တော်ပါတော့ တဲ့။
တခါကတော့ သူဗမာပြည်မှာ ရှိတုန်း သူ့ဆီဖုန်းဆက်တော့ သူက လေသံတိုးတိုးနဲ့ “မိချိုရေ၊ ဆိုးဂျား (soldiers) တွေကတော့ ဆိုးမန်းနီး (so many) ပဲ” တဲ့။ သတင်းပေးရှာတယ်။ ဒါနဲ့ ကိုယ်က “မအေးရယ်၊ စစ်သားတွေက သူတို့ကို soldier ခေါ်တာလောက်တော့ သိမှာပေါ့ဟ” လို့ ပြောရတယ်။ အဲဒီတော့ သူက “မသိဘူးလေ၊ ငါ့မလဲ လျှို့ဝှက် ပြောရတာ၊ ဟီးဟီး” တဲ့။
အင်း.. ဒီလို အမမျိုးရတာ ကိုယ်ကတော့ လောကကြီးကို သူ့စကားအတိုင်း ကျေးဇူးတင်ပါတယ်လို့ပဲ အထပ်ထပ် ပြောရမှာပါပဲလေ။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
လူတွေဆိုတာ တယောက်နဲ့တယောက် ဘယ်လိုမှ အကြိုက်ချင်း မတူနိုင်ဘူး။ တထပ်တည်း မကျနိုင်ဘူးလေ။ ဒီလိုရေးလို့ ချိုသင်းတယောက် ဘာတွေ ပျိုးနေပြန်ပြီလဲလို့ ထင်ကြအုံးမယ်။ ဘာမှ မပျိုးရပါဘူး။ တယောက်နဲ့တယောက် မတူညီကြတာလေးတွေကို တွေးမိလို့ပါ။
ကိုယ်နဲ့သူမှာလဲ အိမ်ထောင်သာကျလာတာ မတူတဲ့အချက်တွေက တော်တော်များတာပါ။ အဲဒီတော့ မတူတာတွေ ထိုင်ရေးနေရင်လဲ ဒီည မအိပ်လိုက်ရဘဲ မနက်ရုံးကို အိပ်ချင်မူးတူးနဲ့ တန်းအလုပ်ဆင်း လိုက်ရလိမ့်မယ်။ အဲဒီတော့ တူတာတွေ ပြောရင် ပိုတိုမယ် ထင်တာပဲ။
အကြိုက်အတူဆုံး အချက်ကို ပြောရရင်တော့ နှစ်ယောက်စလုံး ရုပ်ရှင်ကြိုက်ကြတာကိုပါ။ ရုပ်ရှင်များကြည့်နေရင် ငြိမ် နေတာပဲ။ နှစ်ယောက်သား အားရက်ဆိုရင် ရုပ်ရှင်ရုံအောက်မှာ သွားမော့နေတာ တွေ့ရမယ်။
ရုံးအားရက်တွေမှာ ဆဲလ်ဖုန်းကို ဆက်လို့ မကိုင်တော့ဘူးဆိုရင် သဘောသာပေါက်ပေတော့ လို့ ရင်းနှီးသူတွေကို ပြောထားရတယ်။ နည်းနည်းစောသေးလို့ ဖုန်းကိုင်ရင်လဲ ကိုင်လိုက်တာနဲ့ ဟိုဖက်က သူငယ်ချင်းက ဒီနေ့ ဘာကားလဲဟေ့ တဲ့။ မေးပုံက။ မသိတဲ့သူဆို ကားပွဲစား လုပ်နေသလား ထင်မှာ။
ကိုယ် ဒီအမေရိကားကို စ ရောက်လို့ ပထမဆုံး ရုပ်ရှင်ကြည့်တဲ့ညကို သတိရမိသေးတယ်။ ဟောလိဝုဒ်ရှိတဲ့ ရုပ်ရှင်မြို့တော်မှာ နေမိရက်သားဖြစ်နေတာမို့ ကိုယ်ကြည့်ချင်တဲ့ကားတွေ ဦးဦးဖျားဖျား ကြည့်ရတော့မှာ တွေးပြီး အရမ်းဝမ်းသာနေတာ။ ဒါနဲ့ ရုံထဲဝင်ဖို့ လက်မှတ်ပြတော့ လက်မှတ်စစ် လူကြီးက ကိုယ့်အမျိုးသားကို မေးတယ်လေ။ ခင်ဗျားရဲ့အမျိုးသမီး ဒီလောက်ပြုံးနေအောင် ဘာတွေများ လုပ်ထားသလဲ သိချင်လိုက်တာ တဲ့။ တကယ်တော့ သူက ဘာမှ လုပ်ထားတာ မဟုတ်ဘူး။ ဒီက ရုပ်ရှင်တွေ ကြည့်ရတော့မယ် ဆိုပြီး ပလပ်ပလပ် ဖြစ်နေတာ။
ရုပ်ရှင်ကြည့်တဲ့လူတွေကလည်း အမျိုးမျိုးအစားစား ရှိသေးတာ။ သောကြာနေ့ညမှာ ကြည့်တဲ့လူက တမျိုးတစား၊ စနေ၊ တနင်္ဂနွေမှာ ကြည့်တဲ့လူက တမျိုးတစား။ သောကြာနေ့ညတွေမှာဆို လူငယ်တွေ အများဆုံး တွေ့ရတယ်။ လူငယ်သူငယ်ချင်းအုပ်စုတွေ၊ လူငယ်စုံတွဲတွေ အများဆုံး တွေ့ရတယ်။
အဲလိုညတွေမှာ ရုပ်ရှင်ကြည့်မယ်ဆိုရင် ခပ်ဟော့ဟော့ ကားလေးတွေပဲကြည့်၊ ဒါမှ ပရိသတ်နဲ့ လိုက်တယ်။ အသေအချာ ခံစားရမဲ့ကား၊ အလေးအနက် ထားရမဲ့ကားတွေဆို ဘယ်တော့မှ သောကြာည သွားမကြည့်လေနဲ့။ ကိုယ်က ဖီလင်နဲ့ကြည့်နေ၊ သူတို့က စကားပြော၊ ဆူညံနေဆိုရင် ပျက်ရောပဲ။
စနေ၊ တနင်္ဂနွေမှာဆို မိသားစုတွေ လာကြည့်တာများတယ်။ အဖိုးကြီးအဖွားကြီး စုံတွဲလေးတွေလဲ လာကြတယ်။ တချို့ အသက်ကြီးကြီး အဖွားကြီးတွေဆို နှုတ်ခမ်းနီလေးတွေဆိုးလို့၊ ပုတီးလေးတွေဆွဲလို့၊ နှစ်ယောက်စလုံး သန့်သန့်ရှင်းရှင်းလေးတွေ ၀တ်စားပြီး တယောက်လက် တယောက် ကြင်ကြင်နာနာဆွဲလို့ ရုပ်ရှင်လာကြတယ်။
အဲလိုမြင်ကွင်းတွေတွေ့ရင် ကိုယ်က သူ့ကို ပြရတယ်။ ကြည့်စမ်း၊ တို့တွေလဲ ကြီးရင် အဲလို နေမှာ။ ကြီးတဲ့အထိ ရုပ်ရှင်တွေကြည့်ပြီး အမြင်ချင်းဖလှယ်လို့။ ဘ၀ကို ဒီလိုမျိုး enjoy လုပ်ကြတယ်။ အဲလိုမျိုး အသက်ရှည်ရင်တော့ ကောင်းမှာပဲပေါ့။
အဖေရှိတုန်းကတော့ ကိုယ်တို့ ရုပ်ရှင်ကြည့်မယ်ဆိုရင် အဖေမရှိတဲ့အချိန်၊ အဖေ ခရီးထွက်တဲ့အချိန်မှပဲ ရုပ်ရှင်သွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေက ရုပ်ရှင် မကြိုက်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တနေရာတည်းမှာ ငြိမ်ပြီး ပိတ်ကားကို စိုက်ကြည့်ပြီး ကြာကြာ မနေချင်ဘူး။ မိတ်ဆွေနဲ့ အပေါင်းအသင်းနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားပြောရတာကို ပိုသဘောကျတယ်လေ။
အဖေ့သဘာဝက ၅မိနစ်လောက် ငြိမ်ငြိမ်လေး နေလိုက်ရင် တခါတည်း အိပ်ပျော်သွားရော။ အရမ်းအပူအပင် ကင်းတယ်။ ချက်ချင်းအိပ်နိုင်၊ နိုးနိုင်တယ်။ အဲဒါ အဖေ့မိတ်ဆွေ သူငယ်ချင်းတိုင်း သိကြတယ်။ ခုပဲ စကားပြောနေ၊ ခုပဲ အိပ်ပျော်သွားတတ်တာမျိုးပါ။
တနေ့တော့ ကိုယ်တို့ ၃ယောက်သား ရုပ်ရှင် သွားကြည့်ကြရော ဆိုပါတော့။ ကားနံမည်က မြူးနစ်ခ် တဲ့။ တကယ့်အဖြစ်အပျက်ကို ပြန်ရိုက်ထားတာဆိုတော့ အဲဒီလို ဖြစ်ရပ်မှန်တွေကို မလွတ်တမ်းကြည့်တဲ့ ကိုယ်တို့က မအောင့်နိုင်တော့ဘူး။ အဖေ့ကို သွားကြည့်ရအောင် ပြောတော့ အဖေကလဲ စိတ်ဝင်စားတယ်။ ကြည့်ကြတာပေါ့ တဲ့။
အစ ပထမတော့ ဟုတ်လို့ပဲ။ အဖေကြီးက စိတ်ဝင်တစားကြည့်နေတာ။ ကိုယ်ကလဲ ဇာတ်ကားကို ကြည့်လိုက်၊ အဖေများ ပျင်းနေသလားလို့ အဖေ့မျက်နှာကြည့် အကဲခတ်လိုက်ပေါ့။ နောက် ၅မိနစ်လောက်ကြာတော့ ရုံထဲမှာ အေးကလဲအေး၊ ငြိမ်ကလဲ ငြိမ်နေရတာဆိုတော့ အဖေ အိပ်ပျော်သွားပါလေရော။
ပထမတော့ ကိုယ်က ကောင်းခန်းတွေ လွတ်သွားမှာစိုးလို့ အဖေ့ကို တိုးတိုးလေး နှိုးသေးတယ်။ မရပါဘူး။ အိပ်တာမှ ဟောက်တောင် ဟောက်နေသေးတာပါ။ ရုပ်ရှင်နဲ့ အပြိုင်ပေါ့လေ။ ဟောက်သံက နည်းနည်းကျယ်လာတော့ ဘေးကလူတွေက ခပ်ရှမ်းရှမ်း ကြည့်ကြတယ်။ ကိုယ်ကလဲ ပြန်ပြုံးပြရတာပေါ့။ အဖေ့တော့ မနှိုးနိုင်ပါဘူးဆိုတဲ့ အပြုံးမျိုးပေါ့။
အဲဒီအချိန်မှာ ၀ုန်းဒိုင်းဆိုပြီး ရုပ်ရှင်ထဲမှာ သေနတ်တွေ ထ ပစ်ကြပါလေရော။ အဲဒီတော့ အဖေလဲ အရမ်းလန့်ပြီး နိုးလာတယ်။ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ သမီး တဲ့။ ကိုယ့်လက်ကို ဆုပ်ပြီး မေးတယ်။ အော် အဖေ၊ အဲဒါ သေနတ်ပစ်ကြတာလေ၊ အိုလံပစ် အားကစားသမားတွေကို ပြန်ပေးဆွဲပြီး ပစ်သတ်လိုက်တဲ့ အခန်းလေ။ အော်၊ အေး အေး။ အဖေ လွတ်သွားလို့ အဖေ့ကို ပြန်ရှင်းပြပါအုံး တဲ့။ အဲဒါနဲ့ ကိုယ်လဲ တတ်သ၍ မှတ်သ၍ နားလည်သလောက် နောက်ကြောင်းပြန်ပြီး ပြန်ရှင်းပြရတာပေါ့။
အဖေကလဲ ခေါင်းညိတ်ပြီး နားထောင်တယ်။ ရှင်းလဲ ပြပြီးရော၊ ခဏနေတော့ ပြန်အိပ်ပျော်သွားပြန်ပါရော။ တော်တော်ကြာတော့ ဟောက်သံထွက်လာပြန်ပါရော။ ဘေးကလူတွေကလဲ ထပ်တော့ကြည့်ကြသေးတယ်။ ဒါပေမဲ့ တကားလုံး အဖေက အိပ်လိုက်၊ ဟောက်လိုက်၊ လန့်နိုးလာလိုက်၊ သမီးက ရှင်းပြလိုက်နဲ့ဆိုတော့ နောက်တော့လဲ ရိုးသွားပုံရပါတယ်။ ကိုယ်တို့ကို ကြည့်ပြီး ပြုံးနေကြတယ်။
ရုံပြင်ထွက်လာတော့ ကောင်းရဲ့လား အဖေဆိုတော့ အေး၊ အေး တဲ့။ (တကယ်တော့ အိပ်လို့ ကောင်းတာ နေမှာ) ဟိုတလောကလဲ မနှင်းနဲ့ ဘယ်လ်ဂျီယံမ်မှာ ရုပ်ရှင်သွားကြည့်သေးတယ် တဲ့။ (မနှင်းဆိုတာ ကိုယ့်အမအငယ် ကို ပြောတာပါ) ဘာကားသွားကြည့်တာလဲ ဆိုတော့ Brokeback Mountain တဲ့။ ဟာ အော်စကာကားပဲ၊ အဖေ ကြိုက်ရဲ့လား ဆိုတော့ ပြန်ဖြေပါတယ်။ Brokeback မဟုတ်ဘူး၊ ဗရုတ်ဗရက် မောင်တိန် ပဲ သမီးရ။ ယောကျာင်္းချင်း ကြိုက်ရတယ် လို့ တဲ့။ ဟုတ်သားပဲ။ အဲဒီကားက gay တွေအကြောင်း ရိုက်ထားတာလေ။
အော် အဖေကြီးကို လွမ်းလိုက်တာနော်...။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဘလော့ဂ်လုပ်တော့ သတိအရမိဆုံးသူက အဖေပါ။
နေ့စဉ်နေ့တိုင်း တရက်မပျက် သတိရစရာချည်းဖြစ်ပေမဲ့ ဘလော့ဂ်လုပ်တော့ ပို ပြီး သတိရမိပါတယ်။ အဖေ့အကြောင်းရေးမယ်ဆိုရင် အပိုင်းပိုင်းတွေခွဲပြီး ရေးစရာတွေက တပုံကြီး။ တွေးမိရင် ငိုချင်လာတယ်၊ ဖြစ်နိုင်ရင် အဖေအရင်ကလို ခရီးတွေထွက်နေတယ်၊ တနေ့ အိမ်ပြန်လာမှာပဲ လို့ပဲ တသက်လုံး ယူဆထားချင်တယ်။ ဒါကြောင့် မရှိတော့တာကို မတွေးဘဲ အဖေများ ဘလော့ဂ်ဂါဖြစ်ရင် ဆိုတဲ့ စိတ်ကူးနဲ့ပဲ ခဏရူးလိုက်မိပါတယ်။
အဖေက ဘော်ဒါတွေက များမှများ။ ရန်ကုန်မှာဆို အဖေလက်ဖက်ရည်ဆိုင်ထိုင်ရင် လူသီးကြီး ဖြစ်နေတာ။ သူ့ဘေးမှာ လူတွေအုံလို့။ စကားပြောရင် အမြဲပဲ ပြုံးပြီး ပြောတယ်။ မိတ်ဆွေ အပေါင်းအသင်းကို သိပ်ခင်မင်လို့ သူ့ကိုလဲ လူတိုင်းက ချစ်တာ မဆန်းပါဘူး။ ဘယ်သူ့ကိုမဆို အနိမ့်အမြင့် အတန်းအစားမရွေး အသက်အရွယ် ကြီးငယ်မရွေး သူ့ကိုယ်သူလိုပဲ ယုံယုံကြည်ကြည် ပေါင်းတတ်တယ်။
ပကာသန လုံးဝမရှိ၊ အရှိကို အရှိအတိုင်း ရိုးရိုးကြီးနေတတ်လို့ အင်မတန်လည်ပြီး သူများအပေါ် လှည့်စားတတ်တယ် ဆိုတဲ့သူတွေတောင် အဖေ့ကိုတော့ ဘေးမဲ့ ပေးထားကြတာ တွေ့ရတတ်တယ်။ ငါတော့ ဆရာ့ကို မလိမ်တော့ပါဘူးလေ၊ လိမ်လဲ သိမဲ့ပုံ မပေါ်ပါဘူးပေါ့။
ကိုယ်ဘလော့ဂ်လုပ်တော့ အဖေက အနားရောက်လာတယ်။ ထုံးစံအတိုင်း ခေတ်ပေါ် နည်းပညာဆို ဘာမှမလုပ်တတ်ပေမဲ့ သိပ်သဘောကျတယ်လေ။ အခုလို ကိုယ်ရေးတဲ့စာတွေ ရိုက်တင်နေရုံပဲ ဆိုတဲ့ ဘလော့ဂ်လိုဟာမျိုးဆို အဖေနဲ့သိပ်ကိုက်ပေါ့။ ဘလော့ဂ် တီထွင်တဲ့သူတွေကို ရည်ညွှန်းပြီး ကဗျာတွေဘာတွေတောင် စပ်ပစ်လိုက်အုံးမှာ။
အဲဒါနဲ့ ကိုယ်ဘလော့ဂ် လုပ်နေတာ သိသွားပြီး အဖေလဲ ဘလော့ဂ်ဂါလုပ်မယ် ဖြစ်ပါလေရော။ သူ့အသည်းလေးနဲ့ လူတိုင်းကို ဖုန်းဆက်ပါတော့တယ်။ သူ့အသည်းလေးဆိုလို့ တခြားမထင်ပါနဲ့။ နေ့နေ့ညည အပေါင်းအသင်းတွေနဲ့ ကွန်တက်ပြတ်သွားမှာစိုးလို့ သူ့ဆဲလ်ဖုန်းလေးကို မျက်စိအောက်က အပျောက်မခံတတ်လို့ ကိုယ်တို့နှစ်ယောက်က အဖေ့ဖုန်းလေးကို အဖေ့အသည်းလေးလို့ တိတ်တိတ်လေး နံမည်ပေးထားတာပါ။
“ဒီလိုပါ၊ ကိုယ် ဘလော့ဂ်ရေးမလို့လေ။ အဲဒါ ကိုယ့်ကို ဘလော့ဂ်တခုလောက် လုပ်ပေးစမ်းပါ။ နံမည်ကိုတော့ ဖန်မီးအိမ်လို့ ပေးဖို့ ကိုယ်စဉ်းစားထားတယ်၊ အင်း၊ ရပါတယ်၊ တင်မိုး ဘလော့ဂ် ဆိုလဲ တမျိုးတော့ကောင်းပါတယ်၊ အဲဒါလေး ကူပါအုံးဗျာ”
ဒါနဲ့ သူခင်တဲ့ လူတိုင်းကို လိုက်ပြောလိုက်တာ ဟိုလူက တခုလုပ်ပေး၊ ဒီလူက တခုလုပ်ပေးနဲ့ ဘလော့ဂ် ၁၅ခုလောက် ဖြစ်သွားပါလေရော။ ဘလော့ဂ်ဂါ အကြီးစားကြီး ဖြစ်သွားတာပေါ့။ ဖန်မီးအိမ် တဲ့၊ တင်မိုး ဘလော့ဂ်တဲ့၊ လှေတစင်းနဲ့ သီချင်းသည် တဲ့၊ ဒီမိုကရေစီ အောင်ဆုရည် တဲ့၊ ဒို့အရေး ဘလော့ဂ် တဲ့၊ သီချင်းတွေကလဲ အကုန်ရတော့ ဒီမိုကရေစီ သီချင်းဘလော့ဂ် ဆိုတာလဲ လုပ်ထားသေးတာ။ (အံတီမာမာအေး အသံဖိုင်နဲ့လဲ စာသားနဲ့ တွဲထည့်တယ်) သူ့ဘလော့ဂ်တွေရဲ့ နံမည်တွေအကုန်လုံးကို များလွန်းလို့ သူ ကိုယ်တိုင်လဲ မမှတ်မိတော့ဘူး တဲ့။
“သမီး ဒီဘလော့ဂ်မှာ ဆီပုံးလေး ထားလိုက်ပါအုံး။ လူတွေနဲ့တွေ့ရတာ သိပ်ကောင်းတာပေါ့ သမီးရယ်။ အဖေ့ဖုန်းနံပါတ်လေးကိုလဲ ဘလော့ဂ်ထိပ်မှာ ရေးထားလိုက်ရင်ကောင်းမယ် (ဟာ ဘယ်သူမှ ဒီလို မထည့်ဘူးအဖေ) လုပ်လိုက်ပါ သမီး၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ် ရတာပေါ့။”
“ဒီဘလော့ဂ်လုပ်ဖြစ်တာ အရမ်းမှန်သွားတယ်၊ ဒီလူနဲ့ အဖေ အဆက်အသွယ်ပြတ်နေတာ ကြာပြီ၊ အခုမှ ပြန်အဆက်အသွယ်ရတယ်။ အဖေတို့က ဟိုးအရင်ကတည်းက သိပ်ခင်တဲ့ သူငယ်ချင်းတွေ။ သူ့ဖုန်းနံပါတ်ကို ပေးဖို့ စီဘောက်စ်ကနေ အော်လိုက်ပါအုံး။ (ဖြစ်ပါ့မလား အဖေ၊ တကယ်ကြီး လုပ်ခိုင်းနေတာလား) အော် ငါ့သမီးနှယ်၊ တယ်ခက်ပါလား၊ ဒါဆိုလဲ အဖေ့ဖုန်းကို ဆက် လို့ ရေးလိုက်။ ဖုန်းနံပါတ်က ဘလော့ဂ်ထိပ်မှာ ရေးထားတယ်လို့။”
“သူ့ကွန်မန့်ကလေးက အတော်ကောင်းတာပဲ။ အဖေ အဲဒါကို ကဗျာလေးနဲ့ ပြန်ဖြေလိုက်မယ်။ သမီး အခု တင်လိုက်ပေါ့။ (အဖေ ဒီနေ့တနေ့တည်း ပို့စ် ၇ခု ရှိနေပြီနော်) အော် သမီးရယ်၊ ပိုက်ဆံပေးရတာမှ မဟုတ်တာ။ လွတ်လွတ်လပ်လပ် စာပေစိစစ်ရေးမရှိဘဲ ရေးရတာ ဘယ်လောက်ကောင်းသလဲ။ ဘယ်နှစ်ပုဒ် တင်တင်ပေါ့။ ငါ့သမီးတို့က တခါတလေ တော်တော် နားဝေးသေးတယ်။”
အဲလိုနဲ့ အဖေ ဘလော့ဂ်လုပ်လိုက်တာ ကိုယ်လဲ အလုပ်က ထွက်လိုက်ရပြီး ၂၄နာရီမှာ နာရီ ၂၀လောက် အဖေ့စာမူတွေ ရိုက်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေ့ကို ကွန်ပျူတာ စာရိုက်သင်ပေးတာ ထုံးစံအတိုင်း မအောင်မြင်ပြန်ပါဘူး။
စာတလုံးကို နှိပ်ရင် သူ့လက်၀၀ကြီးတွေနဲ့ အကြာကြီး နှိပ်ထားလို့ ဟိုးတား လို့ အော်ရပေါင်း မနည်းတော့ဘူးလေ။ ဥပမာ အေ ကို တချက်နှိပ်လိုက်တာ အေ တွေချည်း တမျက်နှာလောက် ပြည့်သွားလို့ပါ။ ဖိမိဖိရာ နှိပ်ထားလိုက်တာ။ “ကဲ ကဲ ငါ့သမီးပဲ လုပ်တော့။ အဖေ ဘေးကနေ ကြည့်မယ်။”
နဂိုကမှ အပေါင်းအသင်းများရတဲ့အထဲ နောက်ထပ် ဘလော့ဂါ ဘော်ဒါတွေ ထပ်ရလာလို့ အဖေ့ဖုန်းက နားကို မနားရတော့ဘူးလေ။ နဂိုယူထားတဲ့ မိနစ် ၁၀၀၀ plan မလောက်တော့လို့ unlimited plan ကို ပြောင်းယူထားရသေးတယ် တဲ့။ ဖုန်းကုမ္ပဏီတွေကလဲ အဖေက အမှန်တကယ်သုံးစွဲသူကြီးဆိုတော့ အဖေနဲ့တောင် ကြော်ငြာရိုက်ဖို့ စဉ်းစားနေရတယ် တဲ့။
အော် တခါတလေကျတော့လည်း တွေးမိတယ်။ ကိုယ့်စိတ်ကူးတွေ အသက်ဝင်လာရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ပေါ့။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...