လွန်ခဲ့တဲ့ အပတ်က ၀ါရှင်တန်မှာနေတဲ့ ဘူမိဗေဒ တက်စဉ်က ကျောင်းနေဖက် သူငယ်ချင်း ကိုနေလင်းနဲ့ သူ့အမျိုးသမီး မမမိုး၊ သား လမင်း တို့ မိသားစု လာလည်ကြတယ်။
သူငယ်ချင်းတွေ ပြန်ဆုံရတော့ ကျောင်းတုန်းက ရှေးဟောင်းနှောင်းဖြစ်တွေ စမြုံ့ပြန် ကြတာမို့ ပျော်လဲ ပျော်ရ၊ စိတ်လဲ ချမ်းသာရတာပေါ့။ ညဖက် လေဆိပ်ကို သွားကြိုပြီး အိမ်ရောက်တာနဲ့ စကားထိုင် ပြောကြတာ နောက်တနေ့ မနက် ၂နာရီကူးသွားတယ်။
သူငယ်ချင်းဖြစ်သူက ကျောင်းတုန်းက အဖြစ်အပျက်တွေ အတော်မှတ်မိသား။ ရီစရာတွေလဲ မမေ့ဘူး။ သူပြော ကိုယ်ပြောနဲ့ အချိန်က ကုန်လို့ ကုန်မှန်းတောင် မသိရဘူး။ ကိုယ့်အမျိုးသားက ဘူမိက မဟုတ်ပေမဲ့ ကိုယ်နဲ့ပတ်သက်ပြီး ဘူမိတပိုင်းလောက် ဖြစ်နေတော့ သူကလဲ ၀င်ပြောနဲ့ စကားဝိုင်းက စိုပြည်နေတာ။
နောက်တော့ သူတို့နှစ်ယောက်ချည်း ပြောကြတာ ကိုယ်တောင် ဘေးရောက်နေတယ်။ ည နက်လာတဲ့အထိ သူတို့စကား မပြတ်တော့ ငါ့သူငယ်ချင်းလား၊ သူ့သူငယ်ချင်းများလားတောင် ဇဝေဇ၀ါ ဖြစ်လာတယ်လေ။
နောက်တညကျတော့လဲ သီချင်းတွေ ညနက်တဲ့အထိ အတူဆိုကြပြန်ရော။ ကျောင်းတုန်းက ဆိုခဲ့ တီးခဲ့ကြတဲ့ သီချင်းတွေဆိုတော့ အနှစ်နှစ်ဆယ်တေးလို့ အမည်တပ်ရင် ရနေပြီ ဖြစ်တဲ့ သီချင်းတွေပေါ့လေ။ ကျောင်းသားဘ၀ Field ဆင်းတုန်းက ရထားပေါ်မှာ အတူ တပျော်တပါး ဆိုခဲ့ရတာ၊ တောထဲမှာ သီချင်းသံလေးတွေ နားထောင်ရင်း အမောပြေခဲ့ရတာ…။ လွမ်းတယ် တခွန်းမပြောဘဲ လွမ်းမိသေးတယ်။
သိတဲ့အတိုင်း ကိုယ်က နားထောင်သမား။ အဆိုက ဆိုမယ်ကြံရင် အသံက ဆွဲ ဆွဲထုတ်နေရတာမို့ အခုတခေါက်လဲ သူတို့ချည်း ဆိုကြတယ်။ ကိုနေလင်းက ဆိုလိုက်၊ ကိုကျော်ဝဏ္ဏက ဖြည့်လိုက်ပေါ့။ ကိုယ်က သူတို့ဆိုချင်တဲ့ သီချင်းကို အခွေ ထည့်ပေးရတဲ့သူရယ်ပါ။
ခင်မောင်တိုး အခွေ ထည့်လို့ တီးလုံးလေး စ လာရင်ပဲ ကိုနေလင်းက ခေါင်းကို ဖြေးဖြေးချင်း ခါတယ်။ ကိုယ်လဲ မေးရတော့တာပေါ့။ ဘာလဲ မကြိုက်ဘူးလား၊ နောက်တခွေ ပြောင်းထည့်ရမလား ဆိုတော့ ကြိုက်လွန်းလို့ဟ တဲ့။ ငါ ဖီလင်လာလို့ပါ တဲ့။ အော် ကြိုက်ရင် ခေါင်းခါရတာကိုး။ ကိုယ်က မကြိုက်ဘူး မှတ်လို့။
ဖိုးချိုသီချင်းတွေဆိုပြန်တော့ သူငယ်ချင်းက မျက်စိမှိတ်နေတာ။ ကိုယ်ကလဲ သူ အိပ်ချင်ပြီ ထင်မိတာ။ ဘယ့်နှယ်လဲ၊ ငါ ပိတ်လိုက်ရတော့မလား ဆိုတော့ ငါခံစားနေတာလေဟာ တဲ့။ ကောင်းလွန်းလို့ ဆိုပဲ။ ကိုယ်လဲ သီချင်းမဆိုတတ်သော်ငြားလည်း DJ လုပ်စားရင် ခွက်ဆွဲရမဲ့သဘောမှာ ရှိတယ်။
ဒါနဲ့ ကိုယ်ဟင်းချက်နေလဲ ဘေးနားမှာ ကျောင်းအကြောင်းတွေ ရပ်ရင်း ကြော်လှော်ရင်း ပြော၊ ဟိုဟိုဒီဒီ လမ်းသွားရင်းလဲ ဘူမိဗေဒက သူငယ်ချင်းတွေအကြောင်း ပြော၊ ညီထွေးတို့ ထူးမြတ်တို့ တနှစ်တည်းသမား သူငယ်ချင်းတွေနဲ့ ဆုံကြပြန်တော့လဲ မမေ့နိုင်တဲ့ ကျောင်းသားဘ၀ပဲ ပြော…။
ဒီလိုဆိုတော့ ကိုယ်လဲ တတိယနှစ် ကျောင်းသူဘ၀က Field ဆင်းရင်း ရေးခဲ့တဲ့ စာလေး တပုဒ်ကို ကိုယ့်ဘလော့ဂ်မှာ အမှတ်တရ ပြန်တင်ချင်လာမိတယ်။ အခုတလော ကိုယ်စာမရေးဖြစ်တာလဲ ကြာနေတာဆိုတော့ စာပြန်ရေးဖို့ အပျိုးလေး စ တယ်ပဲ ဆိုပါတော့။
နောက်ပြီး ဒီစာလေးထဲကလိုပဲ အခုအချိန်မှာ ကိုယ့်ဘ၀ရဲ့ မမြင်ရတဲ့ တောင်စဉ်တောင်တန်းတွေကို ကျော်ဖြတ်နေရချိန်လဲ ဖြစ်နေတော့ ဘ၀ကျောင်းတော်ကြီးမှာ တောင်တက်နေရတုန်းလို့ ဆိုချင်လဲ ဆိုနိုင်တာပေါ့နော်။ လမ်းတကွေ့မှာ စမ်းကလေးတွေ့ချင် တွေ့နိုင်မှာလို့ မျှော်လင့်လို့လဲ နေမိတာပေါ့။
တောင်တော့ တက်ရတာပဲ။ ဒါပေမဲ့ အတူလက်တွဲခေါ်မဲ့ ဘ၀အဖော်နဲ့၊ အားပေးမဲ့ မိဘ မောင်နှမတွေနဲ့၊ သိုင်းဝိုင်းမဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ဆိုတော့ ဒီဘ၀ကို ခင်တုန်း မင်တုန်းလို့ ပြောရမှာပါပဲလေ။
၁၉၉၃၊ အောက်တိုဘာလ၊ ရွှေအမြုတေ မှာ ဖော်ပြခဲ့ဖူးပါတယ်။ ငယ်လက်ရာလေးမို့ အပြစ်အနာမကင်းတာ ခွင့်လွှတ်ပေးပါ။
တောင်များကို ကျော်ဖြတ်ခြင်း
သူငယ်ချင်းတွေနဲ့ လမ်းခွဲလက်ပြအပြီးမှာ မြေခဲနီနီတွေပွထနေတဲ့ ထွန်ကြောင်းတလျှောက် သူတို့သုံးယောက်ဖြတ်လျှောက်လာကြတယ်။ သူတို့အုပ်စု(၄)မှာပါတဲ့ ကိုဝင်းအောင်နဲ့ အောင်ကြည်ထွန်းကတော့ ရွှေဥမင်အုပ်စုနဲ့ ပေကြိုးဆွဲရင်း ကျန်ရစ်ခဲ့ကြပြီ။ နေမွန်းမတည့်ခင် တောင်ပေါ်က ပြန်ဆင်းနိုင်ဖို့ ခြေလှမ်းသွက်သွက်လှမ်းရင်း စိတ်စောနေမိကြတယ်။
“တို့ သုံးယောက်ပဲနော်၊
ယောက်ျားလေးတွေ မပါဘူး နင်ကြောက်လား”
တင်တင်က မေးတော့ ချက်ချင်းပဲ သူခေါင်းယမ်းပစ်လိုက်တယ်။
“မကြောက်ပါဘူး၊ ပျော်တောင်ပျော်သေးတယ်၊
ဒီနေ့ ကွင်းဆင်းရတာ နောက်ဆုံးနေ့ကွ။
မနက်ဖြန်ဆို ငါတို့ ပြန်ရတော့မှာ”
ဘူမိဗေဒ ကွင်းဆင်းလေ့လာကြတဲ့ သူတို့ကျောင်းသူ မိန်းကလေးသုံးယောက်ဟာ ကျောပိုးအိပ်တွေ ရေဘူးတွေကို ကိုယ်စီလွယ်ရင်း တောင်တန်းကြီးတွေကြားက တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သွားနေကြတယ်။
သူတို့ကို လေ့လာဖို့ တာဝန်ပေးထားတဲ့ “တောင်ညို”တောင်ဟာ သူတို့တည်းခိုတဲ့ မူလတန်းကျောင်းလေးနဲ့ အဝေးဆုံးပဲ။ တောင်ကြားလမ်းလေးတွေ၊ ထွန်ယက်ပြီး မျိုးမချရသေးတဲ့လယ်ကွင်းတွေ၊ ငရုတ်ခင်းတွေ၊ နှမ်းခင်းတွေ၊ တောင်ကုန်းတွေကို ဖြတ်ကျော်ပြီး နာရီဝက်လောက်လျှောက်သွားပါမှ တောင်ညိုရဲ့ခြေဖျားကို ထိနမ်းခွင့်ရတယ်။
ဒီနေ့ဟာ မြေပုံတင်ပြီးလို့ ပေကြိုးဆွဲအချောသတ်ရမဲ့နေ့ပါ။ ဒါပေမယ့် ဆရာကိုယ်တိုင် လိုက်ကြည့်ထားတဲ့ တောင်ဖြစ်တာကြောင့် သူတို့အုပ်စုရောပြီး ဖြီးချလို့ မရဘဲဖြစ်နေတယ်။ သူတို့မြေပုံက မစုံသေးဘူးတဲ့၊ ဒါကြောင့် လူစုခွဲပြီး ယောက်ျားလေးတွေက ပေကြိုးတိုင်းဖို့ ရွှေဥမင်အုပ်စုနဲ့ကျန်နေခဲ့ပြီး၊ သူတို့မိန်းကလေးသုံးယောက်က မြေပုံကို ပြည့်စုံအောင်တင်ဖို့ တောင်ညိုကို တခေါက်ပြန်လာခဲ့ရတယ်။
ယင်းဇွဲတောင်နောက်ကနေ တောင်ညိုရဲ့အရိပ်ကို လှမ်းမြင်နေရပြီ။ သူတို့တက်မယ့်တောင်ဟာ သေချာတွေးကြည့်ရင် သနားစရာပါပဲ။ တောင်ကတုံးလေး။ ရေမရှိ။ အရိပ်မရှိ။ သစ်ကြီးဝါးကြီး မရှိ။ ထုံးဖြူဖြူသုတ်ထားတဲ့ စေတီလေးတောင် မရှိ။ ပကတိတောင်ချည်းသက်သက်သာဖြစ်တယ်။
၉၈၆-ပေရှိတဲ့ တောင်ညိုမှာ ချမ်းသာကြွယ်ဝတာဆိုလို့ ကန္တရဆူးပင်တွေရှိတယ်။ မြက်ရိုးခြောက်ဝါဝါတွေပေါတယ်။ အနိမ့်အမြင့်မညီမညာ တောင်သုံးခုပေါင်းထားမှ တောင်ညို တတောင်ဖြစ်တယ်။ ဒီလောက်ပါပဲ။
မန်ကျည်းရိပ်အောက်မှာ သူတို့ခဏနားရင်း မြေပုံထုတ်ကြည့်ကြတယ်။ သူတို့လိုအပ်နေတာ တောင်ရဲ့ဘယ်ဘက်အခြမ်းလဲ၊ တောင်ရဲ့ဘယ်နေရာကစတက်ရင် အဆင်ပြေမလဲ။ တောင်ထိပ်ထိတက်ကြမလား။ သုံးယောက်သားမြေကြီးပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချရင်း စဉ်းစားတိုင်ပင်ကြတယ်။ ပတ်ဝန်းကျင်ကတိတ်ဆိတ်လို့။
“နေမမြင့်ခင် မြန်မြန်တက်မှကွ။ ကြာရင်နေပူမယ်၊
တောင်အရိပ်ခိုပြီးတက်ရမှာ”
“စီဗစ်စားဦးမလားဟေ့ - နိုင်နိုင်”
တင်တင် ပစ်ပေးလိုက်တဲ့မန်ကျည်းသီးကိုဖမ်းရင်း အခွံနွှာကာ စီဗစ်အနေနဲ့ နိုင်နိုင်က ဝါးစားပစ်လိုက်တယ်။ ပြီးမှ ဦးထုတ်ကိုချွတ်ပြီး ယပ်ခတ်ရင်းက-
“ငါတို့ဒီလောက်ပင်ပန်းတာကို မေမေတို့က ယုံမှာမဟုတ်ဘူးနော်”
“အင်း”
“ကြည့်စမ်း ပတ်ဝန်းကျင်က တိတ်ဆိတ်လို့၊ အခုအချိန် ကျားလာရင် ဘယ်လိုလုပ်မလဲ-”
“ပေါက်တတ်ကရ ကျားမှမရှိတာ၊ ကျားရှိရင် ဆရာတွေကဘယ်လွှတ်မှာလဲ”
“ဥပမာ ပြောတာပါ၊ တကယ်လို့ ကျားလာရင်ပေါ့လေ”
“ထွက်ပြေးမှာပေါ့”
“ငါတို့ထဲက တယောက်ကို ကျားဆွဲထားရင်ကော”
“မဖြစ်နိုင်တာတွေ မစဉ်းစားပါနဲ့ဟာ”
“ကျားဆွဲထားရင် သူသေသေ ကိုယ်သေသေ ပြန်ချမှာပေါ့ကွ”
“အေးနော်၊ တယောက်ယောက်ကို ကျားဆွဲရင် ပြန်ချကြမယ်”
သူတို့ သုံးယောက်စလုံး ပြန်ငြိမ်သွားကြတယ်။ တကယ်တော့ ဒီနေရာမှာ ကျားလုံးဝမရှိပါဘူး။ အဓိပ္ပါယ်မရှိပေမယ့် ဒီလိုဝိုင်းပြီးပြန်ချမယ်လို့ပြောလိုက်ရတာ စိတ်ကျေနပ်ပြီး အားရှိသွားသလိုပဲ။ နိုင်နိုင်က စိုးရိမ်တတ်တယ်။
သူတို့ ငါးယောက်အုပ်စုမှာ အခုလို ယောက်ျားလေးနှစ်ယောက်မပါဘဲ လာရတာ ဒါ ပထမဆုံးပဲ။ စိတ်ထဲမှာ ကြောက်သလိုလို စိုးရိမ်သလိုလိုနဲ့ ဝေခွဲမရဖြစ်နေတယ်။ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် တောင်တွေက ပတ်ပတ်လည်ဝိုင်းလို့။ ဒီနေရာမှာ ထိုင်ပြီး ဒီလိုငေးရတာ ဒါနောက်ဆုံးပဲ။ သူတွေးရင်း တောင်တန်းတွေကို ကြည့်ပြီးဝမ်းနည်းလာတယ်။
“လွမ်းစရာပဲနော်”
“အေး”
“ငှက်ကလေးတွေ သီချင်းဆိုနေကြပြန်ပြီ”
“အဲဒါ ဘာငှက်သံလဲ”
“မသိဘူး၊ ဟိုနေ့က ဆရာပြောတော့ ခါငှက်သံဆိုလား”
“အများကြီးပဲကွနော်၊ ငှက်အစုံပဲ”
“ကြက်တူရွေးလဲ ပါမယ်ထင်တယ်”
“အေး”
“ဟော - ချေဟောက်သံ၊ ကြားလား”
“ကြားတယ်- ကြားတယ်”
သူတို့တောင်ခြေရင်းမှာထိုင်ရင်း တောင်တက်ဖို့ကို ခဏမေ့သွားတယ်။ သဘာဝအလှနဲ့ သဘာဝအသံက သူတို့ကိုဖမ်းစားထားတယ်။ တောင်တွေကို ပင်ပင်ပန်းပန်းနဲ့ လေးဖက်ထောက် တက်ခဲ့ရတာ ဒါနောက်ဆုံးပဲ။ မနက်ဖြန်ဆို ပြန်ကြရပြီ။
“မြို့မှာဆို ဒီလို စိတ်ငြိမ်းချမ်းမှုမျိုး ငါတို့ မရဘူးနော်”
“အေးဟာ- သိပ်ငြိမ်းချမ်းတာပဲ”
“တောင်ကြီးတွေက အလှကြည့်ဖို့ကောင်းတယ်”
“တက်ဖို့မကောင်းဘူး၊ တက်ရင် ပင်ပန်းတယ်”
တယောက်က နောက်ပြောတော့ လွတ်လွတ်လပ်လပ်အော်ရယ်မိကြတယ်။ သူတို့ရယ်မောသံလေးတွေဟာ တောင်ရဲ့ နံရံတွေကိုပြေးပြီးရိုက်ခတ်ကြတယ်။ ကျောက်သားတွေနဲ့ တည်ဆောက်ထားတဲ့ ကျောက်နံရံကြီးတွေက သူတို့ ရယ်သွမ်းသွေးတာလောက်တော့ မဖြုံပါဘူး။ ခပ်တည်တည်နဲ့ သူတို့ကို ငုံ့ကြည့်နေကြတယ်။
“ဒါပေမယ့် တက်မှ၊ တော်ကြာနေမြင့်သွားမယ်”
ကုန်းရုန်းထလိုက်ပြီး တောင်ညိုရဲ့ခြေဖျားကနေ တရွေ့ ရွေ့  သူတို့တက်ခဲ့ကြတယ်။ တယောက်က ကျောက်အမျိုးအစားခွဲပြီး တယောက်က ကျောက်ရဲ့အငိုက်တွေကို ကွန်ပတ်စ်နဲ့ တိုင်းတယ်။ တယောက်က မြေပုံပေါ်ချက်ချင်း ပုံဖော်တင်ရင်း တာဝန်တွေ ဝေမျှယူခဲ့ကြတယ်။
“အားမလျှော့နဲ့ ရောက်လုပြီ၊ ကြိုးစားတက်ပါမည်”
သူတို့ သီချင်းသံလေးကို လေအေးအေး တသိုက်က သယ်ဆောင်သွားတယ်။ သူတို့ သုံးယောက်စလုံးရဲ့ မျက်နှာမှာ ပင်ပန်းတဲ့အရိပ်မတွေ့ရဘူး။ ချွေးတွေသီးနေပေမယ့် မညည်းညူဘူး။ ကြောက်စိတ်တွေ မရှိတော့ဘူး။
ခဏခဏ ကောင်းကင်ပြာကြီးကို ကြည်နူးစိတ်နဲ့ သူမော့ကြည့်မိတယ်။ သူ လက်လှမ်းလိုက်ရင် ထိတော့မယ့်အတိုင်းပဲ။ မတ်စောက်လို့ ခက်နေတဲ့နေရာတွေမှာ တယောက်ကိုတယောက် သတိပေးရင်း လက်တွဲခေါ်တယ်။ ပျော်စရာကောင်းလိုက်တာ။
ဟိုး တောင်အောက်ခြေမှာ ရွာသားတွေ စီမံကိန်းအရ သစ်ပင်စိုက်ဖို့ မြေကျင်းတူးနေကြတာကို ခပ်ဝါးဝါးတွေ့ရတယ်။ အဲဒီအချိန်မှာ ဆရာမကို သူတွေ့လိုက်ရတာပဲ။ ဆရာမဒေါ်ဌေးက အဲဒီမြေတူးတဲ့လူတွေကြားမှာ။ သူတို့ဖက်ကို လျှောက်လာနေတယ်။ နောက် အော်ခေါ်သံတွေကို ကြားရတယ်။
“ဟေ့- ဟိုမှာ ငါတို့ဆရာမ မဟုတ်လား”
“အေးဟ - ငါတို့ နောက်လိုက်လာတာ ထင်တယ်”
“ငါတို့ကို စိတ်ပူလို့ လိုက်ရှာနေတာများလား”
ဆရာမရေဘူးက သူတို့ဆီမှာ၊ ဆရာမနဲ့ သူတို့လမ်းမှာကွဲသွားကြတာ၊ ဆရာမ ရေငတ်နေတော့မှာပဲ။
“ဆရာမရေ - ဆရာမ ရေဘူး သမီးတို့ဆီမှာ -”
“ပြန်ဆင်းခဲ့တော့လေ”
“သမီးတို့ မပြီးသေးဘူး ဆရာမ”
“ပြီးရင် ငါ့နောက်လိုက်ခဲ့ကြနော်၊ ကောင်လေးတွေရော”
“သူတို့ ရွှေဥမင်တောင်မှာ”
အဲဒီစကားတွေ အကုန်လုံး သူတို့ အကျယ်ကြီးအော်ကြရတယ်။ လေတွေကတိုက်လို့။ မြင်ကွင်းတွေက မှုန်ဝါးဝါး။ သူတို့ သုံးယောက်က တပြိုင်နက်အော်ကြရပြီး ဆရာမက ရွာသားတွေနဲ့ ပေါင်းအော်ပြီး စကားလှမ်းပြောရတယ်။ တောင်ပေါ်နဲ့ တောင်အောက် စကားပြောနည်းက ရယ်စရာပါပဲ။ ဆရာမပြန်လှည့်သွားတော့ သူတို့သုံးယောက် တခွိခွိရယ်ကြတယ်။ ဘာရယ်မဟုတ်ဘူး။ ဒီနေ့ သူတို့ မြူးနေကြတာအမှန်ပဲ။ တောင်ပေါ်ကကို မဆင်းချင်သေးဘူး။
သီချင်းတအေးအေးနဲ့ လုပ်တော့ အလုပ်တွေက ခပ်မြန်မြန်ပြီးသွားတယ်လို့ထင်ရတယ်။ နေမင်းက တောင်ပေါ်တက်ထိုင်ချင်နေပြီ။ မကြာခင် အမိုးအကာမရှိတဲ့ မွန်းတည့်နေအောက်မှာ သူတို့ နေပူလှမ်းခံရတော့မှာကို လျစ်လျူရှူရင်းတောင်အောက်ကို ပြန်ဆင်းဖို့ အတွေးကို ပယ်ချလိုက်ကြတယ်။
ရှားစောင်းပင်နဲ့ တောစံပယ်ပင်လား မသိရတဲ့ စံပယ်ပွင့်လို ခပ်မွှေးမွှေး၊ ခပ်သေးသေး အပင်လေးဘေးမှာ ကျောက်တုံးကို အိပ်ယာလို သဘောထားရင်း လှဲချလိုက်ကြတယ်။ ကျောပိုးအိတ်တွေကို ခေါင်းအုံးရင်းပေါ့။
အဲဒီကျောပိုးအိတ်တွေထဲမှာ ကျောက်ခဲတွေပါတယ်။ ကွန်ပတ်စ်တွေပါတယ်။ ကျောက်ထုဖို့ တူပါတယ်။ မြေပုံစာရွက်စာတမ်းတွေပါတယ်။ ခေါင်းအုံးလို မနူးညံ့ပေမယ့် သူတို့ကျေနပ်တယ်။ ကျောအောက်က ကျောက်တုံးဟာ မွေ့ယာလို ဇိမ်မကျပေမယ့် သူတို့အတွက် အသားကျတယ်။ အဆင်ပြေတယ်။ ဒီလောက် လွတ်လပ်အေးချမ်းတဲ့ အရသာ ဘယ်မှာများ ရနိုင်မှာလဲ။
ရေဘူးက ရေတွေကို အရသာခံပြီး ခပ်ဖြည်းဖြည်းမော့သောက်ကြတယ်။ ဒီရေဟာ အခုအချိန်မှာ ပက်(ပ)စီတခွက်ထက်တန်ဖိုးရှိတယ်။ ရင်အေးသွားတာနဲ့အမျှ သူတို့ ဒီနေ့ လုပ်ရမဲ့တာဝန်ပြီးသွားလို့ စိတ်လက်ပေါ့ပါးနေတယ်။ မြေပုံကိုပြည့်စုံအောင်တင်ခဲ့ပြီးပြီ။ တောင်ပေါ်မှာ လှဲအိပ်ရင်း နောက်ဆံတင်းစရာ အလုပ်မရှိ ဆိုတဲ့ စိတ်က ကြည်နူးစရာကောင်းလွန်းလို့ တောင်တန်းကြီးတွေကိုကြည့်ရင်း သူရင်ခုန်လာမိတယ်။
သူ့အပေါ်မှာ စိုးမိုးထားတဲ့ အပြာရောင်ကောင်းကင်ကြီးက လွတ်လွတ်လပ်လပ်ရှိလွန်းလို့ တအံ့တသြနဲ့ သူငေးမောနေမိတယ်။ ကျယ်ပြန့်လွတ်လပ်လိုက်ပုံများ အားကျလောက်စရာပဲ။ မျက်စိထောင့်စွန်းမှာရှိတဲ့ တိမ်ဖြူဖြူတလိပ်က တောင်ထိပ်မှာ နားတယ်။ လေပူအေး တချက်တိုက်တော့ သူ့စိတ်က အပျော်စိတ်ကလေး ဖျတ်ကနဲ နိုးသွားတယ်။
ငှက်ကလေးတွေက စိုးစိုးစီစီ သီချင်းဆိုပြန်တော့ အသံမကောင်းဘဲ သီချင်းသိပ်ဆိုချင်တဲ့ သူ့ပါးစပ်ကို လက်နဲ့အသာပိတ်ထားလိုက်ရတယ်လေ။ သူ့ဘဝမှာ ဒါကို အကျေနပ်ဆုံးပဲ။ ဒီလို ငြိမ်းချမ်းတဲ့ အခြေအနေကို အကြည်နူးဆုံးပဲ။
မနက်ဖြန် အိမ်ပြန်ရတော့မှာပါလား။
မခွဲစဖူး ပထမဆုံးအကြိမ် ညအိပ်ညနေ အိမ်နဲ့ခွဲရတဲ့သူ့အဖို့ ကွင်းဆင်းတဲ့ ပထမရက်တွေမှာ ဘယ်လိုမှ ကိုယ့်စိတ်နဲ့ကိုယ့်ကို အံဝင်ခွင်ကျ မဖြစ်တာတွေကို ပြန်တွေးနေမိတယ်။ ဆက်တိုက်ကြုံလာတဲ့ ပင်ပန်းမှုတွေကို သူခံနိုင်ရည်မရှိခဲ့ဘူးဆိုတာ ဝန်ခံရဲပါတယ်။
တနေ့ တနေ့ အိမ်ကို ခိုးပြန်ဖို့ သုံးကြိမ်ထက်မနည်း စိတ်ကူးခဲ့မိတာ၊ လမ်းတွေ မမှတ်မိတတ်ပေမယ့် ဘူတာရုံကိုသွားတဲ့လမ်းကို အသေအချာ မှတ်ထားခဲ့တာ၊ အပြင်ထွက်ခွင့်ပေးတာနဲ့ စာတိုက်ကိုပြေးပြီး အိမ်ကို ကြေးနန်းရိုက်ရတာ၊ အို- အများကြီးပါပဲ။
ဒီခရီးတလျှောက်မှာ အမှတ်ရဆုံးနဲ့ မမေ့နိုင်ဆုံးက ဆရာ၊ ဆရာမတတွေရဲ့ မိဘရင်းတမျှ မေတ္တာ စေတနာတွေပါပဲ။ အဲဒီ မေတ္တာတရားကပဲ သူ့ရဲ့ ကလေးဆန်တဲ့ အိမ်ခိုးပြန်ချင်စိတ်တွေကို ရိုက်ချိုးပစ်ခဲ့တာပါ။ ပါမောက္ခကိုယ်တိုင် တတောင်တက် တတောင်ဆင်း စနစ်တကျ စာလိုက်သင်ပေးတာတွေဟာ အမှတ်တရ ကျေးဇူးတင်စရာတွေ ဖြစ်တော့တယ်။ လူကြီးတွေက ပင်ပန်းဆင်းရဲတဲ့ ဒဏ်ကိုခံနိုင်ပြီး သူက ဘာလို့ မခံနိုင်ရမှာလဲဆိုတဲ့ စိတ်နဲ့ သူ့မှာ ခံနိုင်ရည်စွမ်းအားတွေ ရှိလာခဲ့ရတာပါ။
အလေ့အကျင့် မရှိလို့ တောင်တွေပေါ် လေးဘက်ထောက်တက်ရတိုင်း “ငါ့ကို ထားခဲ့ကြပါလို့” တစာစာအော်နေတဲ့သူ့ကို ပင်ပန်းတာချင်း အတူတူ တယောက်တလက် ဆွဲထူသွားကြတဲ့ သူငယ်ချင်းတွေကိုလည်း သူ အမြဲအောက်မေ့နေတော့မှာပဲ။
ဖြူစင်တဲ့မောင်နှမစိတ်မျိုးနဲ့ ရေမျှတိုက်ခဲ့တာ၊ သူတို့ကျောပိုးအိပ်ကြိုးတွေကို ဆွဲရင်း တရွတ်တိုက်လိုက်ခဲ့ရတာ၊ ဆူးတွေကို ဖယ်ရှင်းပေးရင်း ချောက်ကမ်းပါးကြီးတွေကနေ မီးရထားတွဲကြီးလို လက်တွဲဆင်းကြရတာ၊ မောနေရင် သီချင်းတွေကို ရယ်စရာကောင်းအောင် အသံဖျက်ပြီးဆိုရင်း ပျော်ရွှင်မှုရစေတာ။ အားလုံး- အားလုံးကို သူ ကျေးဇူးတင် ကျေနပ်ရပါတယ်။
သူ့ ဒိုင်ယာရီအဖွင့်မှာ “တောင်တွေကို တက်ပြီး ကျောက်တွေကို လေ့လာရတာဟာ ပညာလည်းရတယ်၊ အနာလည်း ရတယ်” လို့ ရေးမိတဲ့အတွက် ခြေထောက်တွေ လက်တွေမှာရှိတဲ့ ဆူးခြစ်ရာ၊ ချော်လဲတဲ့ဒဏ်ရာ၊ အပူလောင်ဖုတွေ၊ ပေါပြဲတဲ့ ဒဏ်ရာတွေက အမှတ်တရပေါ့လို့ ခပ်တိုးတိုးဖြေကြတယ်။
ကွင်းဆင်းအမှတ်တရစာအုပ်လေးတအုပ်မှာ “တောင်တန်းတွေကို ကြည့်ပြီး သင်မည်သို့ခံစားရပါသနည်း” ဆိုတဲ့ မေးခွန်းအောက်မှာ ပင်ပန်းတဲ့စိတ်နဲ့ စိတ်တိုစွာ “ဘူဒိုဇာနဲ့ တိုက်ပစ်ချင်တယ်”လို့ ရေးခဲ့မိတာတွေကို တွေးမိတော့ ထိတ်လန့်တကြား နဘေးက တောင်တန်းကြီးတွေကို လှမ်းကြည့်မိတယ်။ သူတို့ကတော့ ခွင့်လွှတ်ပြုံးကိုယ်စီနဲ့လေ။
ဘေးနားမှာ သူ့လိုပဲ အဝေးကို ငေးနေတဲ့ တင်တင်က ကွင်းဆင်းတဲ့ပထမဆုံးညမှာပဲ “ကင်း”အကိုက်ခံရလို့ “ကင်းဝင် မင်းသမီး”လို့အမည်ပြောင်းသွားတာတွေကို တွေးမိတိုင်း သူ အသံထွက်ပြီး ရယ်မိတယ်။ ကွင်းဆင်းတော့မှ နာမည်တွေပြောင်းသွားတာမှ အများကြီးပဲ။ သူတို့ လေ့လာရေးကွင်းဆင်းတာ ပင်ပန်းဆင်းရဲမှုတွေ၊ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ချည်း ကြုံခဲ့ရတာ မဟုတ်ပါဘူး။ ဖြူစင်တဲ့မေတ္တာတရားတွေ၊ နွေးထွေးတဲ့ ရိုင်းပင်းကူညီမှုတွေ၊ လှိုက်လှဲနက်ရှိုင်းတဲ့ ပျော်ရွှင်မှုတွေအပြင် အဖိုးတန်တဲ့ နယ်မြေဗဟုသုတတွေလဲ ရခဲ့ပါတယ်။
ကျောက်ဆည်မြို့ပေါ်မှာ စခန်းချစဉ် ရွှေသာလျောင်းတောင်ပေါ်မှာ လေ့လာဖို့ တာဝန်ကျခဲ့တာတွေ ပြန်တွေးတော့ တတောင်လုံးပိတောက်၊ တတောလုံးတမာတွေနဲ့ ဖုံးနေတာတွေ လွမ်းမိသေးတယ်။ ပိတောက်ပန်းတွေက နိမ့်နိမ့်လေး။ လက်လှမ်းမီရုံလေး။
ဦးထုတ်ပေါ်မှာ ပန်းတွေ အပြည့်ထိုးပြီး တောင်ပေါ်တက်ရတာ၊ ဘုရားဖူးတွေ စောင်းတန်းအလိုက် တက်နေတာကို ငေးကြည့်ရင်း သူတို့က မတ်ပေ့ဆိုတဲ့ တောင်ကြောတလျှောက်က ကုတ်ကပ်တက်နေရတာ၊ တောင်အောက်က သင်္ကြန်သီချင်းသံ သဲ့သဲ့ကြားတိုင်း တောင်အောက်ကို ပြေးဆင်းသွားချင်စိတ်တွေ အကြိမ်ကြိမ်မျိုချပစ်ခဲ့ရတာတွေလည်း မမေ့နိုင်စရာပဲ။
ညနေခင်း မင်းရဲမြှောင်မှာ ရေချိုးတော့ “ကာမင်း”ဝတ္ထုထဲက ကော်ဒိုဗားညနေခင်းရဲ့ ဂွါဒါကွိဗာမြစ်ကမ်းခြေကို သတိရစရာ။ ကုလားကျောင်းရွာလေးကို ရောက်ပြန်တော့ စာမျှော်ချိန်ညနေခင်း၊ သဘောဖြူတဲ့ကုလားကျောင်းရွာသူတွေနဲ့ စကားလက်ဆုံကျခဲ့ပုံတွေ၊ “ကင်း”ကြောက်တဲ့ည၊ သရဲခြောက်တဲ့ည၊ သူငယ်ချင်းတွေနဲ့ စိတ်ဆိုးတဲ့ည၊ တောရဲ့အသံကို စိတ်လှုပ်ရှားပျော်ရွှင်စွာ ကြားရတဲ့ည၊ ဖယောင်းတိုင်အလင်းရောင်အောက်မှာ စာလုပ်ရတဲ့ည၊ သူ သဘောကျတဲ့ မယ်ဇယ်ပင်အောက်မှာ မယ်ဇယ်ပွင့်တွေက မြေပြင်တခုလုံး ဝါထိန်နေအောင် တဖြုတ်ဖြုတ်ကြွေ…၊ သီချင်းတွေက လွင့်ပျံ့ နေ- အို - အားလုံးဟာ လွမ်းစရာပဲ။
တောင်ထိပ်ကို နေလုံးကြီးရောက်ပြီ။ သူတို့တောင်အောက်ပြန်ဆင်းဖို့ အချိန်တန်ပြီ။
သူ ဒီနေရာကို မနက်ဖြန်မနက်စောစောမှာ ဝါးဦးထုပ်လေးဆောင်းပြီး ကျောက်တုံးတွေကို ထုဖို့ ရောက်လာတော့မှာ မဟုတ်ဘူး။ တောင်အောက်ခြေကနေ တောင်ထိပ်ကို မော့ကြည့်ပြီး “မြင့်လိုက်တာကွာ”လို့ ညည်းညူသံ ကြားရတော့မှာ မဟုတ်ဘူး။
တောင်ကြားလမ်းလေးအတိုင်း ကွေ့ကွေ့ကောက်ကောက်နဲ့ စခန်းဆီပြန်နေကြတဲ့ ကျောင်းသားအုပ်စုလေးတွေကိုလည်း မင်းမနက်ဖြန်မှာ မတွေ့နိုင်တော့ဘူး။ နှုတ်ဆက်ခဲ့ပါတယ် တောင်တန်းကြီးရယ်။
နောက်ဆုံးအနေနဲ့ သူတောင်းပန်ချင်နေသေးတယ်။ ဒီခရီးတလျှောက်မှာ သူ့အမှားတွေ၊ အပြစ်တွေ မသိစိတ်နဲ့ပဲဖြစ်ဖြစ် လုပ်ခဲ့မိမှာပါပဲ။ ပြောမှားဆိုမှားရှိခဲ့ရင်၊ အပြုအမူ အနေအထိုင် မှားခဲ့ရင် ဆရာ၊ ဆရာမတွေအားလုံးကို ခွင့်လွှတ်ဖို့ သူတောင်းပန်ချင်တယ်။
ပြီးရင်တော့ သူငယ်ချင်းတွေကို တောင်းပန်ရမယ်။ သူစိတ်ဆိုးလွယ်တာ၊ စိတ်မရှည်နိုင်တာ၊ ဂျီကျတာ၊ အနိုင်ယူတာတွေအတွက် အားလုံးရဲ့ အဆုံးမှာ ဘူဒိုဇာနဲ့ တိုက်ပစ်ချင်တယ်လို့ ပြောခဲ့ဖူးတဲ့ ကောင်မလေးတယောက်ကိုရော ဟောဒီ ကျောက်တောင်ကြီးတွေက ခွင့်လွှတ်ပါ့မလား။
တိတ်တိတ်ဆိတ်ဆိတ်ပဲ တောင်ပေါ်က ဆင်းလာကြတဲ့ သူတို့သုံးယောက်ဟာ လယ်ကွက်တွေကို ထောင့်ဖြတ်ဖြတ်ရင်း တောင်ကြားလေးထဲ တိုးဝင်သွားနေတယ်။ သူတို့ကိုယ်ပေါ်ကို မွန်းတည့်နေရောင်ခြည်က ရက်ရက်စက်စက်ထိုးကျလို့၊ တခါတခါ တိမ်တိုက်ကြီးရဲ့ အရိပ်အောက်မှာ သူတို့က တရွေ့ ရွေ့ မမောတမ်း လမ်လျှောက်လို့။
ငှက်တို့ရဲ့ တေးဆိုသံ - ဟိုး အဝေးကြီးမှာ ကျန်ခဲ့ပြီ။ တောင်လေတို့ရဲ့ မြူးတူးသံ - တိုးတိုးသဲ့သဲ့။ အားလုံးကို နောက်ချန်ထားခဲ့ပေပမယ့် ဘယ်လိုအဓိပ္ပါယ်ဖော်ရမှန်းမသိတဲ့ ဝေဒနာတခုကိုတော့ ဘယ်သူမှ မသိအောင် တိတ်တဆိတ် သူ ယူဆောင်လာခဲ့ပါတယ်။
သူ ငယ်ငယ်က အဖေနဲ့ အမေရဲ့ စကားဝိုင်းမှာ အမေ မကြာခဏပြောဖူးတဲ့ စကားလေးတခွန်းကို အခုအချိန်မှာ သွားသတိရမိတယ်။ အမေက သိပ်ကို အေးချမ်းတဲ့ အပြုံးကိုပြုံးရင်း “ဒီတောင်ကို ကျော်နိုင်လိုက်ပြီ”တဲ့။ အမေ့ရဲ့ ညင်ညင်သာသာ စကားအောက်မှာ အမေ့ကို ငေးကြည့်နေမိတာ။ အမေက ဘဝအခက်အခဲတွေကို “တောင်”တွေနဲ့တင်စားတယ်။ တောင်တွေ တတောင်ပြီးတတောင် အမေ ကျော်ဖြတ်ခဲ့ရမှာပဲ။ ဒါပေမယ့်၊ အမေက ဘယ်တော့မှ အပြုံးမပျက်ခဲ့ဘူး။
အခု အမေ့သမီးကလည်း တောင်တွေကို တတောင်ပြီးတတောင် ကျော်ဖြတ်နေရတာပါပဲ။ အခုအချိန်မှာတော့ မြင်ရတဲ့တောင်တွေ။ နောင်အခါကျရင် မမြင်ရတဲ့တောင်တွေ တတောင်ပြီးတတောင် တက်လိုက် ဆင်းလိုက်နဲ့ပေါ့။ အဲဒီအခါ အမေ့လို အပြုံးမပျက် ခရီးဆက်နိုင်ဖို့ သူကြိုးစားရမယ်လေ။
တောင်တွေကို တက်ရတာ ခက်ခဲတယ်၊ ကြမ်းတမ်းတယ်၊ ဆူးငြှောင့်ခလုတ်တွေ ပေါတယ်၊ ဒါကြောင့် ပင်ပန်းတယ်။
ဒါပေမယ့် …… သူ ပျော်ပါတယ် …..။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဒီနေ့ လူ့အသိုင်းအ၀ိုင်းမှာ၊ လူတယောက်နဲ့ တယောက် ဆက်ဆံရာမှာ တဦးကို တဦး အပြန်အလှန် ယုံကြည်မှု လေးစားမှုဆိုတာ တကယ် လိုအပ်ပါတယ်။
သူ့ကိုတော့ ယုံကြည် စိတ်ချရတယ်၊ သူကတော့ ဒီလို ဘယ်တော့မှ လုပ်လိမ့်မယ့်သူ မဟုတ်ဘူး စတဲ့ ယုံကြည် စိတ်ချခြင်းမျိုးတွေ ကိုယ်ကလဲ ပေးချင်တယ်၊ သူများဆီကလဲ မျှော်လင့်ချင်မိတယ်။
နောက်ကျောမလုံတဲ့ သံသယများတဲ့၊ စိုးတထိတ်ထိတ် ဖြစ်ရတဲ့ အဖြစ်မျိုးတွေ ဘယ်တော့မှ ကိုယ်မလိုချင်ခဲ့ဘူး။ အမြဲပဲ ယုံကြည်စိတ်ချ ချင်နေမိတယ်။ ဒါဟာ လူတွေရဲ့ စကားတခွန်းကို အကြိမ်ကြိမ်ပြောဆိုတတ်တဲ့ ဂတိတွေထက် တန်ဖိုးထားချင်နေမိတာလားတော့ မပြောတတ်ပါဘူး။
ကိုယ်ငယ်ငယ်က ၀တ္ထုလေးတပုဒ်ရေးဖူးတယ်။ အဲဒီတုန်းက ရှုတ်ထွေး ပွေလီ ပရိယာယ်များတဲ့ လောကကြီးထဲ တိုးဝင်ခါစ အရွယ်။ လောကကြီးကို တအံ့တသြ စူးစမ်း ချောင်းကြည့်မိတဲ့ အရွယ်။ မိဘရင်ခွင်ကနေ လောကထဲကို ခြေတလှမ်း မရဲတရဲ စလှမ်းတဲ့ အရွယ်။
အဲဒီတုန်းက ကိုယ်နေခဲ့ ကြီးပြင်းခဲ့တဲ့ ကမ္ဘာနဲ့ မတူ ခြားနားတာတွေကို ခံစားရသလို ရေးမိပါတယ်။ မဟေသီက တမျက်နှာ ၀တ္ထုတိုအဖြစ် ၁၉၉၀ ဒီဇင်ဘာမှာ ပါခဲ့တာပါ။ သံသယကျွန်းသူ တဲ့။ ဖတ်ကြည့်ကြပါအုံး။
သံသယကျွန်းသူ
ကျမ ဘ၀မှာ တချိန်တုန်းက ယုံကြည်မှုဆိုတဲ့ စကားလုံးလေး တခု ရင်ထဲမှာ အသေအချာ ရှိခဲ့ဖူးပါတယ်။
ဒါကို ယုံကြည်ကြစမ်းပါ။
ကျမ လောကကြီးကို ချစ်ပါတယ်။ ပျော်လဲ ပျော်ပါတယ်။ နောက်ပြီး အားမာန်အပြည့်ရှိတဲ့ လူငယ်တယောက်လို့ ပြောလဲ ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ လောကကြီးဟာ စက္ကန့်နဲ့ အမျှ ပြောင်းလဲ နေကြတယ်။ အဲဒီအချိန်မှာ ကျမဟာလဲ လောကကြီးထဲ နစ်မျော ပျော်ဝင်နေတဲ့ ဓာတု ပစ္စည်း တခုပဲပေါ့။
ဟိုး..ငယ်ငယ်တုန်းကပေါ့။ ကျမဟာ (ကလေးတန်မဲ့) အမြင့် ခြောက်လက်မလောက်ရှိတဲ့ ဒေါက်ဖိနပ်ကို စီးချင်ခဲ့ဖူးတယ်။ ပူဆာခဲ့ဖူးတယ်။ အဲဒီခေတ်တုန်းက တန်ဖိုးက များလှပါတယ်။ ၅၃ ကျပ်ဆိုလားပဲ။ ဒါပေမဲ့ အမေက ကျမကို ၀ယ်ပေးမယ်လို့ ဂတိပေးခဲ့တယ်။
ကျမ အမေ့ကို ယုံကြည်ခဲ့တယ်။ တကယ်လဲ ၀ယ်ပေးခဲ့တာပါပဲ။ ဒါပေမဲ့ ကျမ ဒီဖိနပ်လေးကို မပိုင်ဆိုင်ခဲ့ရပါဘူး။ ကျမထက် ဦးသူ ရှိသွားခဲ့တယ်။ အဲဒီကိစ္စအတွက် ၀မ်းနည်းမိတာကလွဲရင် မကျေမနပ် မဖြစ်ခဲ့ပါဘူး။ ထပ်လဲ မပူဆာခဲ့ဘူး။ သံသယလဲ မဖြစ်ခဲ့ဘူး။ ယုံကြည်မှုဆိုတာ အသေအချာ ရှိခဲ့ပါတယ်။
ဟိုးတချိန်က ကျမ အမက ကျမကို တနလာင်္နေ့ကျရင် အကျီ င်္ဝယ်ပေးမယ်လို့ ချော့ဖူးတယ်။ အဲဒီအချိန်ကစ ပြီး တနလာင်္နေ့တိုင်း သူကျောင်းက ပြန်လာရင် အကျီ င်္လေးရော..ဆိုပြီး မေးခဲ့ဖူးတယ်။ အဲဒီတုန်းက အမဟာ ၀င်ငွေ ရှိဖို့နေနေသာသာ မုန့်ဖိုး လက်ဖြန့်တောင်းရတဲ့ ကျောင်းသူဘ၀ပဲ ရှိသေးတယ်။
သူ့ရဲ့ အမှတ်တမဲ့ ပြောတဲ့စကားကို အတည်လို့ပဲ ကျမ မှတ်ယူခဲ့ပါတယ်။ ရမယ်လို့ပဲ သိနေခဲ့တာပဲ။ တခါမှ ရမှာ မဟုတ်ဘူးလို့ သံသယ မဖြစ်ခဲ့ပါဘူး။ ထင်တဲ့အတိုင်းပဲ၊ တနလာင်္နေ့ပေါင်း မြောက်မြားစွာကို ကုန်လွန်ခဲ့ပြီးတဲ့ တနလာင်္နေ့တနေ့မှာ မုန့်ဖိုးလေးတွေ စုထားတဲ့ အပြာရောင် အကျီ င်္လေးတထည်ကို ကျမ တကယ်ပဲ ရခဲ့တယ်လေ။
ဒီလိုနဲ့ ကျမ ဘွဲ့ရတော့ တရုံးတက် တရုံးဆင်း ဘွဲ့လက်မှတ်လေးကိုင်ပြီး ကျမ စာမေးပွဲတွေ ဖြေခဲ့ပါတယ်။ ကျန်တာတွေ သိပ်မပြောချင်ပါဘူးလေ။ နောက်ဆုံး အတွေ့အကြုံတခုကိုပဲ ပြောချင်ပါတယ်။ ကျမဟာ အရာရှိမေးသမျှ မေးခွန်းတွေကို အကုန်နီးပါး ဖြေဆိုနိုင်ခဲ့ပါတယ်။ စာတွေ့အောင်လို့ လူတွေ့ စစ်ဆေးပွဲမှာပါ။
ကျမကိုမေးတဲ့ အရာရှိတွေရဲ့ မျက်နှာမှာလဲ ကျမအပေါ် အားရမှုတွေ ရှိနေတာ ကျမ အသေအချာ ရိပ်မိခဲ့ပါတယ်။ ဒါကြောင့် ဒီအလုပ်ကို ကျမ ရရမယ်လို့ မှန်းထားမိပါတယ်။ မျှော်လင့်တာ မဟုတ်ပါဘူး။ ယုံကြည်တာပါ။
ဒါပေမဲ့ ကျမဆီကို အလုပ်ခန့်စာလေး ရောက်မလာခဲ့ပါဘူး။
နောက် ကျမ ကဗျာ စပ်တယ်။ ဒီလိုပါပဲ မတောက်တခေါက်နဲ့ပေါ့။ မဂ္ဂဇင်းတွေကို ပို့ကြည့်ပါတယ်။ မရဲတရဲနဲ့ပေါ့။ တနေ့တော့ ကျမ ကဗျာလေး မဂ္ဂဇင်းတခုမှာ အရွေးခံရပါတယ်။ အရွေးချယ်ခံရတဲ့ ကလောင်သစ်စာရင်းမှာ ကြိုဖော်ပြထားတာပါ။ ကျမအတွက် ပျော်စရာ အကောင်းဆုံးအချိန်ဆိုတာ နားလည် ခံစားမိကြမှာပါ။ ဒီလ အရွေးခံရရင် နောက်လတွေမှာ ပါတော့မှာပေါ့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ တသိမ့်သိမ့် ကြည်နူး ရွှင်ပျခဲ့ရပါတယ်။
ပထမလ..မပါပါဘူး၊ ဒါကတော့ ကျမ အရင်ရွေးထားတာတွေ ရှိမှာပေါ့လေ။ ဒုတိယလ..မပါပါဘူး။ သိပ်မှ မကြာသေးတာ၊ ဘယ်ပါအုံးမလဲ။ တတိယလ..မပါပါဘူး။ သူတို့မှာ စာမျက်နှာ အခက်အခဲတွေ ရှိနိုင်တာပဲ၊ နားလည်ရမှာပေါ့။ စတုတ္ထလ..မပါပါဘူး။ အို..နောက်လ ဆိုပါလောက်မှာပါ။
ဒီလိုနဲ့ နောက်လ နောက်လနဲ့ လပေါင်းများစွာ ကုန်ဆုံးသွားပါတယ်။ ကျမ ကဗျာလေး လုံးဝ မပါလာတော့ပါဘူး။
ကျမဘ၀မှာ တချိန်က ယုံကြည်မှုဆိုတဲ့ စကားလုံးလေး ရင်ထဲမှာ အသေအချာ ရှိခဲ့ဖူးပါတယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
အခုတလော စာမရေးဖြစ်တာကြာပြီ။ ကြားရတဲ့သတင်းတွေကလဲ မကောင်းဘူး။ ၆၅ နှစ်တဲ့၊ အနှစ် ၂၀ တဲ့၊ ၄၅ နှစ်တဲ့။ အမိန့်ချတဲ့လူတွေတောင် အဲဒီလောက် အသက်မရှည်နိုင်ဘဲနဲ့ ပါးစပ်ထဲရှိတာ လျှောက်ပြော၊ လျှောက်လုပ်နေတာ ရှက်စရာကောင်းလှတယ်။ အဲဒီလောက်လဲ မကြောက်ကြပါနဲ့။
ဒီမနက်မှာတော့ ကိုဇာဂနာ့အမျိုးသမီး မလွင်မာနဲ့ ဖုန်းပြောဖြစ်တယ်။ နောက်ထပ် ၁၄ နှစ်တဲ့ ညီမရေ..တဲ့။ ပထမအကြိမ် ၄၅ နှစ် ချပြီးသား။ နောက်တိုး ၁၄နှစ်ဆိုတော့ စုစုပေါင်း ၅၉ နှစ်ပေါ့။ ဒါပေမဲ့ အကိုက သီချင်းလေးဆိုပြီး ထောင်ထဲ ပြန်ဝင်သွားတယ် တဲ့။ နောက်ထပ် တရားရုံးကို ထပ်လာစရာ မလိုတော့ဘူး။ သူ့ဝေစု ပြီးပြီ။ ဘယ်လောက် နှစ်တွေ တပ်တပ်၊ မမှုပါဘူး။ ဒါတွေက ကိန်းဂဏန်းတွေပဲ။
လွန်ခဲ့တဲ့ ၁၅နှစ်ကျော်ကပေါ့။ ကိုယ်တို့ မိသားစုလဲ ဒီလို အဖြစ်မျိုး ကြုံဖူးတယ်။ အဲဒီတုန်းက ကဗျာဆရာကို ကဗျာရေးလို့ ၄နှစ် ထောင်သွင်း အကျဉ်းချစေ တဲ့။ အဲဒီတုန်းက ကိုယ်တို့က အမေဆုံးပြီးခါစ၊ အဖေက ကဗျာဆရာဆိုတော့ စိတ်က နူးနူးညံ့ညံ့မို့၊ ကိုယ်တို့ကလဲ သမီးတွေမို့ ကိုယ့်အဖေကို ပူမိတာပေါ့။
အဲဒီ ၄နှစ်စလုံး ထောင်ဝင်စာ တွေ့ခွင့်ရတဲ့ စနေနေ့တွေတိုင်း ကိုယ်တို့ မောင်နှမတတွေ တွေ့ခွင့်တိုကင်ယူတိုင်း အမြဲတမ်း တိုကင် နံပါတ် (၁)။ ထောင်ဝင်စာ စ လက်ခံချိန် မနက် ၆နာရီဆိုရင် ကိုယ်တို့ ညီအမတွေကို ထောင်ဗူးဝမှာ တွေ့ရပြီ။ အစောဆုံးပဲ။ ၄နှစ်စလုံး တကြိမ်မှ မပျက်ခဲ့ဘူး။ အမြဲတမ်း တိုကင် နံပါတ် (၁) ပဲ။
ဒါပေမဲ့ နိုင်ငံရေးသမားတွေကို ဘယ်လောက်ပဲ တိုကင်စောယူထား၊ ယူထား၊ နေ့လည် ၂နာရီကျော်မှ ပေးတွေ့တာပါ။ သူတို့ဖာသာ ဘယ်အချိန်မှ ပေးတွေ့ပါစေ၊ ကိုယ်တို့ကတော့ ကိုယ့်ဝတ္တရားမပျက် တိုကင် အစောဆုံးယူတာပဲ။ သူတို့လဲ သူတို့အလုပ် လုပ်သလို၊ ကိုယ်ကလဲ ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ။
ထောင်ဆိုတာက မျက်စိပိတ်၊ နားပိတ်တဲ့ နေရာ။ မျက်လုံးကန်း၊ နားမကြား၊ စကားပြောခွင့် ဆွံ့အ ရတဲ့ နေရာ။ မသွားနိုင် မလာနိုင် ခြေကျိုး လက်ကျိုးသလို ဖြစ်ရတဲ့ နေရာ။ ကိုယ်ချစ်ခင်သူတွေနဲ့ အတူတကွ မနေရ တဲ့ သီးခြား အကျဉ်းစံ နေရာ။ မိတ်ဆွေ အပေါင်းအသင်းကို ချစ်တဲ့ အဖေ၊ အနုပညာ အလှအပကိုသာ ခံစားပြီး စိတ်အေးချမ်းချင်တဲ့ အဖေ့အတွက် လူသတ်သမားတွေ၊ လူဆိုးတွေနဲ့ အခန်းကျဉ်းလေးမှာ စားအတူအိပ်အတူ လူ့အခွင့်အရေးဆိုတာ မူးလို့ ရှူစရာမရှိတဲ့ နေရာမှာ အဖေနေရရှာတာကို တွေးပြီး ခံစားခဲ့ရတာ။
ကဗျာဆရာမို့ စိတ်ကလေးက နုနုမို့ အဖေများ စိတ်ဆင်းရဲနေမလား၊ စိတ်ဓာတ်ကျနေမလား တွေးပြီးပူပန်ရတွေဟာ အဖေနဲ့ ထောင်ဝင်စာ တွေ့ပြီးတာနဲ့ အားတွေရှိပြီး ပြန်လာရတယ်။ အထဲကလူက အပြင်ကလူကို အားပေးတယ်။ သံဇကာကြားက အဖေ့ကို ကြည့်တိုင်း ထောင်ဝတ်စုံ အဖြူလေးနဲ့အတူ မျက်နှာက အမြဲ ပြုံးရွှင် ကြည်စင်နေတာ။
အဖေ့ စိတ်အခြေအနေပြ ဂရပ်ဖ်မှာ အမြဲတမ်း ပုံမှန်။ လောက အထုအထောင်းကို တည်တည်ငြိမ်ငြိမ်ပဲ ရင်ဆိုင်ခဲ့တယ်။ ထိတွေ့ခွင့်တောင် မရတဲ့ သံဇကာ နှစ်ထပ်ခြားပြီး တွေ့ရတဲ့ ၁၀မိနစ်၊ ၁၅မိနစ်မှာ သမီးတွေကို ခွန်အားတွေ ပေးလိုက်တယ်။ ဒါတွေဟာ ဘာမှ အရေးမကြီးဘူး၊ အဖေတို့ဟာ အမှန်တရားကို ချစ်မြတ်နိုးတဲ့အတွက် ခံရတာ ရှက်စရာ မဟုတ်ဘူးလို့ သင်ပြ ခဲ့တယ်။ မတရားတာကို လက်မခံတာ၊ ငြိမ်မခံနေတာသာ လူ့ဘ၀ရဲ့ တန်ဖိုးဖြစ်တယ်လို့ စိတ်ဓာတ်အမွေ ပေးခဲ့တယ်။
ဒါကြောင့် ကိုယ်ဒီဝတ္ထုလေးကို အဲဒီတုန်းက အဖေ့မွေးနေ့မှာ ရေးဖြစ်ခဲ့တာပါ။ အဖေ့ကို ချစ်တာပေါ့၊ ခွဲနေရရင် လွမ်းတာပေါ့။ ဘာငြင်းစရာ လိုမလဲ။ ဒါပေမဲ့ အဖေနဲ့တွေ့ပြီးတိုင်း ကိုယ့်စိတ်တွေ ပိုခိုင်မာလာသလိုပဲ။ အဖေ့ကိုလဲ စိတ်ချတယ်။ ဒါဟာ ကိုယ့်အဖေ၊ တရားမျှတမှုအတွက် ထောင်ကျခံနေတာ ကိုယ့်အဖေလို့ ပြောရဲတယ်။
ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုဘဲ လိပ်ပြာလုံတဲ့အတွက် လူကြားထဲမှာလဲ နေရဲ သွားရဲပါတယ်။ တချို့ပုဂ္ဂိုလ်ကြီးများလို လွတ်လပ်တဲ့ အပြင်မှာ တိုက်ကြီးတာကြီးနဲ့ ဟိန်းနေအောင် နေနိုင်ပေမဲ့ ပြည်သူကြားထဲမသွားရဲလို့ အစောင့်အရှောက်တွေနဲ့ ကိုယ့်ဖာသာကိုယ် မသေမချင်း ထောင်ချခံနေရတဲ့သူတွေနဲ့တော့ ကွာချင်တိုင်း ကွာပေလိမ့်မယ်။ ဒီလို ဘ၀သေတဲ့ အဖြစ်မျိုး ကိုယ်တို့ ဘယ်တော့မှ မမက်မောဘူး။
ဒါကြောင့် လွန်ခဲ့တဲ့ ၁၅နှစ်၊ ၁၉၉၃ ဖေဖော်ဝါရီလ မဟေသီ မဂ္ဂဇင်းမှာ ပါခဲ့တဲ့ မဆုံးတဲ့ အလွမ်း ဆိုတဲ့ ၀တ္ထုတိုလေးကို ပြန်တင်လိုက်ပါတယ်။ အဲဒီတုန်းက စာပေစိစစ်ရေး လွတ်အောင်လို့ အဖေ့ကို နာမ်စားသုံး ရေးခဲ့ရတာပါ။ အဲဒီဝတ္ထုတိုလေးကို သရုပ်ဖော်ပုံဆွဲပေးခဲ့တာ ပန်းချီဆရာ ကိုမုတ်သုန်ပါ။ သူက လှောင်အိမ်ထဲက ငှက်ကလေး တကောင်ပုံရယ်၊ ဆံပင်နှစ်ဖက်စည်းထားတဲ့ ကလေးမလေး တယောက်ပုံရယ်ကို ဆွဲပေးခဲ့ပါတယ်။ ဖတ်ကြည့်ကြပါအုံး။
မဆုံးတဲ့အလွမ်း
မဟေသီ၊ ၁၉၉၃ခု၊ ဖေဖေါ်ဝါရီလ။
တဆိတ်ကျေးဇူးပြုပြီး ကျမတောင်းပန်ပါရစေရှင်။ ကျမကိုမသနားကြပါနဲ့။
ကျမရဲ့ ကံမကောင်းမှုဟာ တကယ်တော့ ဘာမှမပြောပလောက်ပါဘူး။ ကျမဟာ ကံထူးတဲ့ မိန်းမတယောက်လို့မပြောနိုင်ပေမဲ့ သူနဲ့စာရင်တော့ ကျမ ကံကောင်းပါသေးတယ်။
ကျမမှာ ကိုယ်စိုးကိုယ်ပိုင်ခြယ်လှယ်နိုင်တဲ့ စိတ်ကလေးရှိသေးတယ်။ ကျမသွားချင်ရာကို သွားလာနိုင်တယ်။ ကျမပြောချင်တဲ့စကားတွေ ပြောနိုင်တယ်။ အယူအဆတွေ ဆွေးနွေးချင် ဆွေးနွေးနိုင်တယ်။ မဆွေးနွေးပဲ နေချင်လည်း နေနိုင်တယ်။ သီချင်းဆိုချင်လည်း ဆိုနိုင်တယ်။ ကျမဘေးမှာရှိတဲ့ ပတ်ဝန်းကျင်အလှအပထဲမှာလည်း နစ်မျောချင်နစ်မျောနိုင်သေးတယ်။ ဘယ်လောက်ကျေနပ်စရာကောင်းလဲ။
ဒါပေမယ့် ကံဆိုးတဲ့မတော်တဆဖြစ်ရပ်တခုကြောင့် မျက်လုံးတွေ ပျက်စီးသွားရှာတဲ့၊ ခြေလက်တွေကျိုးပဲ့ကုန်ရတဲ့၊ စကားဆွံ့အသွားရှာတဲ့၊ သူတွေမှာတော့….။
အဲဒီနေ့ကစပြီး ဘယ်တော့မှခွဲလို့မရတဲ့ကျမတို့ နှစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ကြရ တာပါပဲလေ။ ကျမအတွက် စိတ်ထိခိုက်မှုဟာ အကြောင်းတချက်ပဲရှိပါတယ်။ အဲဒါကတော့ သူနဲ့ကျမ ချစ်လျက်နဲ့ ခွဲခွာရခြင်းပါပဲ။
ကျမသူ့ကို အမြဲသတိရနေမိတယ်။ အဲဒီသတိရခြင်းမှာ လွမ်းဆွတ်ကြေကွဲစွာ ထိခိုက်ခြင်းဟာ ထိပ်ဆုံးက ပါနေပါလိမ့်မယ်။ ကျမရဲ့ နှလုံးသားထဲမှာ သူ့ကိုလွမ်းဆွတ်ခြင်းတွေနဲ့ ကိုက်ခဲနေတတ်ရဲ့။ သူ့အတွက်သောကတွေနဲ့ တအုံနွေးနွေးရှိနေတတ်ရဲ့။
သူအခုအချိန်မှာ ဘယ်လိုများနေပါမလဲ။ ကျမရဲ့အောက်မေ့ခြင်းတွေဟာ သူ့ဆီကို တန်းတန်းမတ်မတ် အရောက်သွားနေကြပါပြီ။
ခုချိန်မှာ သူဟာ ဆေးရုံပြတင်းပေါက်လေးကနေပြီး အပြင်ကိုတမျှော်တခေါ်ကြီး ငေးကြည့်နေမယ်ထင်တယ်။ ဒါပေမယ့် သူဘာမှမြင်ရမှာမဟုတ်ဘူး။ သူ့မျက်လုံးအိမ်ထဲမှာ အလွမ်းငွေ့တွေပြည့်နေမှာလား။ သူ မလွမ်းပါစေနဲ့လို့ ကျမဆုတောင်းနေပါရစေ။ သူ့ရဲ့ ပင်ပန်းတဲ့ စိတ်ကလေးမှာ အလွမ်းဒဏ်ဖြင့် ဝန်မပိစေလို။
တခါတလေမှာတော့ ပြတင်းပေါက်ကို လက်ထောက်ပြီး သူ့ရဲ့တခုတည်းသောအာရုံဖြစ်တဲ့ အသံတွေကို နားစိုက်ထောင်နေမှာပဲ။ ကားသံ၊ စကားပြောသံ၊ အလှူခံတဲ့အသံချဲ့ စက်ကအသံ၊ ရယ်မောသံ၊ သူသဘောကျတဲ့ ငှက်ကလေးတွေသီချင်းဆိုသံရော နားစွင့်နေမှာလား မသိဘူး။
ဟိုး မဝေးလှတဲ့ အတိတ်ကလေးဆီမှာ ကျမတို့ ပျော်ရွှင်ခြင်းများနဲ့ အရည်ပျော်ခဲ့ရတာတွေ ခုချိန်မှာ ပြန်မတွေးပါရစေနဲ့။ သူ့ရဲ့လစ်ဟာမှုဟာ ကျမရင်ထဲမှာ ကြီးစိုးအနိုင်ယူလွန်းလို့ ကျမစိတ်တွေကို မနည်းတင်းထားရတာပါ။ သူဟာ ကျမအပေါ်မှာ မိုးထားတဲ့ အေးမြသိပ်သည်းတဲ့ အရိပ်ကလေးပါ။
ဒီအချိန်ဆို သူလက်ဖက်ရည်သောက်ချင်နေလိမ့်မယ်။ လက်ဖက်ရည်ဆိုင်မှာ အစဉ်ပြုံးချိုနေတဲ့ ကလေးမျက်နှာလေးနဲ့ သူကတော့ သူ့မိတ်ဆွေတွေနဲ့ စကားဖောင်နေရတာ အကျေနပ်ဆုံးလို့ သူ ထုတ်မပြောလည်း ကျမ သိပါတယ်လေ။
သူ့အတွက်ဆိုပြီး အိမ်ရှေ့ ကွမ်းယာဆိုင်လေးမှာ သုခိတာ(ရွှေပတ်မဟုတ်) နှစ်ကျပ်ဖိုး ပြေးပြေးဝယ်ရတာလဲ လွမ်းမိတယ်။ သူအသားညိုညိုမှာ လက်ဖဝါးကျတော့ ဖောင်းပြီးနီရဲလို့။ ဘယ်တော့မှ အလုပ်ကြမ်း မလုပ်ဘူးတဲ့လက်။ အဲဒီလက်က ဖောင်တိန်ပဲ ကိုင်ဖူးတဲ့လက်ပါ။ အဲဒီလက်ဖောင်းဖောင်းလေးတွေနဲ့ ကျမဝမ်းနည်းအားငယ်နေတဲ့ အချိန်တွေမှာ နွေးနွေးထွေးထွေးဆုပ်ကိုင် အားပေးခဲ့တာတွေလည်း ဘယ်မေ့နိုင်မှာလဲ။
သူနဲ့အတူတူသွားနေကျ လမ်းနီနီလေးမှာ ကျမတယောက်တည်း ခေါင်းငုံ့ပြီး လျှောက်နေရတယ်။ သူက ခေါင်းငုံ့လျှောက်တာ မကြိုက်ဘူး။ “ရဲရဲလျှောက်စမ်းပါ” တဲ့။ “ပျော်ပျော်ရွှင်ရွှင် လျှောက်စမ်းပါ” တဲ့။ သူက ချိုမြပေမယ့် ရဲရင့်တယ်လို့ ကျမထင်တယ်။
နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ သူနဲ့အတူ လျှောက်လည်ခဲ့တာတွေ သတိရနေသေးတော့တယ်။
ကျမယုံကြည်ပါတယ်၊ သူ့ဘဝမှာ တခါမှ အိမ်ထဲမှာကုပ်နေဖို့ စဉ်းစားခဲ့တာ မဟုတ်ဘူး။ လမ်းပေါ်မှာ လျှောက်သွားရင်း သဘာဝတောတောင်အလှကိုခံစားမယ်။ တိုးတက်လာတဲ့ အဆောက်အဦတွေကို ငေးမောမယ်။ ကြုံရာလူတန်းစားမရွေးနဲ့ မိတ်ဆွေဖြစ်ပြီး ဗဟုသုတအသစ်အဆန်းတွေ တိုးမယ်။ ဒါတွေဟာ သူ့ရဲ့စိတ်ရောလူပါ ပင်ပန်းသမျှကို အပန်းဖြေတဲ့နည်း တခုတဲ့လေ။
အခုရော သူဘယ်လိုများနေမှာပါလိမ့်။ ပြင်ပလောကဟာ သူနဲ့မသက်ဆိုင်သလို အခန်းအောင်းနေရတာကို သူဘယ်လောက် ငြီးငွေ့လိုက်မလဲ။ ဖြုန်းကနဲ လက်ခံလိုက်ရတဲ့ အခြေအနေတခုမှာ သူနေတတ်အောင် ကြိုးစားနေရမှာပဲလို့ ကျမ ထိခိုက်မိပါတယ်။
သူ့မှာ အံ့သြစရာကောင်းတဲ့အချက်တခုရှိသေးတယ်။ အဲဒါကိုလည်း ကျမချစ်တယ်။ သူ အိပ်ချင်ပြီဆိုရင် “အိပ်ချင်ပြီ”လို့ စကားမဆုံးခင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်တဲ့လူမျိုးပါ။ ဒါဟာလည်း စိုးရိမ်ပူပန်စိတ်တွေ ဖျောက်ထားနိုင်လို့ပေါ့။ သူ့မှာ စိတ်ညစ်စရာတွေရှိမှာပဲ။ ဒါပေမယ့် သူက စိတ်ကိုအမြဲရှင်းနေတဲ့လူမျိုး။ စိတ်ညစ်စရာကို ခေါင်းထဲမှာ ကြာကြာအောင်းမထားဘူး။ အဲဒီ အကျင့်ကို ကျမ ကြိုးစားပြီးကျင့်ယူရတာအမော။
ကျမမှာသာ ညညဆို ဟိုတွေး ဒီတွေး ဟိုကိစ္စစိုးရိမ် ဒီကိစ္စစိုးရိမ်နဲ့ တော်တော်နဲ့ မအိပ်ဖြစ်ဘူး။ အဲဒီအချိန်မှာ သူရဲ့အိပ်မောကျတဲ့ ဟောက်သံကတော့ တအိမ်လုံးမှာ သံစဉ်အမျိုးမျိုးနဲ့ပါ။ ဒီလို သူ့အကြောင်း ချစ်စနိုးတွေးမိတော့ အခုအချိန်မှာရော စိတ်လက်ချမ်းသာ အိပ်နိုင်သေးရဲ့လားလို့ စိုးရိမ်ပူပန်မိပြန်ရော။
အခုလို သူ ကျမနဲ့ဝေးနေချိန်မှာ သူနဲ့ပတ်သက်ရင် ဘာတခုမှ မစိုးရိမ်သင့်တာ မရှိဘူးလို့ ကျမက ခေါင်းမာစွာ ယူဆထားတယ်လေ။ ကျမ မလွန်ပါဘူးနော်။
သူနဲ့ ကျမမှာ တူတဲ့အချက်တွေရှိသလို ကွဲပြားချက်တွေလဲ အများကြီးပဲ။ သူ စိတ်ရှည်လွန်းသလောက် ကျမ စိတ်တိုလွယ်တယ်။ သူက အရာရာကို အကောင်းမြင်တဲ့စိတ်မျိုးနဲ့ ကြည့်တတ်ပြီး ကျမကတော့ မကောင်းရင် မကောင်းသလို သဘောမကောင်းတတ်ဘူး။ သူ့မှာ ရောင့်ရဲစိတ်ရှိပြီး ကျမကတော့ လိုချင်ပြီဆိုရင် မရမကပဲ။ သူက ဆုံးမစကားတောင် နားဝင်ချိုအောင် ပြောနိုင်ပြီး၊ ကျမကတော့ သာမန်စကားတောင် ဒိုးဒိုးဒေါက်ဒေါက်ပဲ။ ဒါပေမယ့် ကျမရဲ့ မကောင်းတဲ့အကျင့်တွေဟာလည်း သူ့ရဲ့ နားဝင်ချိုတဲ့ ဆုံးမစကားအောက်မှာ ဝပ်တွားသွားရတာပဲလေ။
သူနဲ့အတူ ခေါင်းချင်းဆိုင်ပြီး စာတွေအတူဖတ်ချင်ပါသေးရဲ့။ ကျမတို့နှစ်ယောက်ရဲ့ ဆွေးနွေးပွဲလေးဟာ သင်္ကြန်ပွဲတခုလို ပျော်စရာကောင်းနေတတ်တယ်။ လွတ်လပ်ပွင့်လင်းတဲ့ ဆွေးနွေးပွဲဟာ ဘယ်တော့မှ ပျင်းစရာမကောင်းတာ ထုံးစံပဲ မဟုတ်လား။
သူက ငှက်ကလေးတွေ နိုးတတ်တဲ့အချိန်မှာ ထထပြီး ကဗျာတွေရေး။ ပဲပြုတ်သည် သုံးလေးယောက် ဖြတ်လျှောက်သွားပြီးချိန်မှ ကျမကနိုးတော့ သူက ကဗျာတွေရေးပြီးနေပြီ။ ကျမက သူ့ကဗျာတွေ အသံထွက်ပြီးဖတ် သူက ဆေးလိပ်ဖွာရင်း နားထောင်။
အဲဒီအချိန်ကလေးတွေဟာ ကျမ အမြတ်နိုးဆုံးအချိန်တွေထဲက တခုမို့ လွမ်းဆွတ်မိတာ ပြောမပြနိုင်အောင်ပါပဲ။ အခုဆို သူ့ကဗျာဟောင်းလေးတွေကို ကျမ တယောက်တည်း ဖတ်နေရပြီ။ သူကလည်း ကျမစာတွေကို ဖတ်နိုင်ပါသေးရဲ့လား။
သူနဲ့ ကျမ ကွဲကွာမှုဟာ တာရှည်ကြာလွန်းလိုက်တာလေ။ တကယ်တော့ ကျမတို့နှစ်ယောက်ဟာ ဘယ်သူ့ဘယ်သူမှ နှုတ်မဆက်ရပါပဲ ဝေးကွာခဲ့ကြရတာပါ။ လက်တွဲဖြုတ်ခဲ့ကြရပေမယ့် သူ့ရဲ့နွေးထွေးတဲ့ အငွေ့အသက်က ကျမ လက်ဖဝါးမှာ ဘယ်လိုမှ ဖျောက်ဖျက်မရနိုင်စွာ စွဲထင်ကျန်ရစ်နေတုန်း …။
တကယ်ပါ။ တောင့်တတိုင်းသာ ဖြစ်ရရင် ကျမဟာ နာရီပြင်သမားတယောက်ဖြစ်နေမှာပဲ။ နာရီလက်တံတွေကို မြန်သထက်မြန်အောင် ရွေ့ နေမိမယ်ထင်တယ်။ မန္တလေးဈေးချိုနာရီစင်မျိုးဆိုရင်တော့ ခက်ခဲပါစေ လှေကားထောင်ပြီး တက်ရတာပ။ အမြန်ဆုံး၊ အမြန်ဆုံး ပျော်ရွှင်စွာ ဆုံကြရမယ့်ရက်တွေဆီကို…။
သူနေတဲ့အိမ်ကလေးမှာ သူ့ပစ္စည်းတွေ၊ သူ့ကုတင်လေးတွေ၊ သူ့စာအုပ်လေးတွေဟာ အရင်ပုံစံအတိုင်း မပြောင်းမလဲ။ သူ့ကို မြတ်နိုးချစ်ခင်လွန်းလှတဲ့ ကျမရဲ့ မျှော်လင့်စိတ်တွေကလည်း …။
ဒီနေ့ဟာ သူ့မွေးနေ့ပါ။ သူ အိမ်ပြန်လာနေကျလမ်းကလေးကို မျက်နှာမူပြီး ရှိရှိသမျှ တံခါးပေါက်တွေကို အကုန်ဖွင့်ပြီး ခုံသေးသေးလေး တလုံးနဲ့ ကျမဟာ သူချစ်တဲ့စာရေးခြင်းအလုပ်ကို တိတ်ဆိတ်ကြေကွဲစွာ လုပ်နေမိတယ်။ ကျမ ခေါင်းထိပ်က ဆံဖျားကနေ အောက်ဆုံးက ခြေဖျားလေးအထိ သူ့ကို သတိရစိတ်တွေနဲ့ တုန်ယင်နေခဲ့တယ်။ ကျမ သူ့မွေးနေ့ကို ဘယ်လိုတည်ငြိမ်စွာ ရင်ဆိုင်ရပါ့မလဲ။
သူပြန်နေကောင်းလာမှာပါနော်။ သူနေကောင်းသွားတဲ့အခါ သူ ဒီအိမ်လေးကို ပြန်လာမှာပဲဆိုတာ ကျမ ယုံကြည်ပါတယ်။ ဒီနေ့မှာ ကျမဟာ မြတ်စွာဘုရားသခင်ရှေ့ မှောက်မှာ ယုံကြည်လေးနက်စွာ သူ အမြန်ဆုံးကျန်းမာစွာ ပြန်ရောက်ရှိလာဖို့ ထပ်ခါတလဲလဲ ဆုတောင်းခြင်းသည်သာ အတတ်နိုင်ဆုံးဖြစ်ပါတယ်။ ကျမရဲ့ အိမ်ကလေးဟာလည်း သူရှိမှာသာ ချောက်ချားဖွယ်ရာအိပ်မက်က နိုးထလာနိုင်တော့မှာ အမှန်ပဲ။
ခြေဖဝါးတွေ ထုံကျင်လာတဲ့အထိ မြတ်စွာဘုရားရှေ့ မှောက်မှာ ကျမ ရပ်နေမိဆဲ..။ ကျမဟာ လိုချင်စိတ်နဲ့ ဘုရားရှိခိုးသူ မဟုတ်ခဲ့ပါ။ အခုအချိန်မှာတော့ ကျမဟာ ယခင်အခြေအနေနဲ့ ဆန့်ကျင်စွာ …။ ဘုရားသခင် ရှေ့ မှောက်၌ မျှော်လင့်ချက်တခုအတွက် ရူးသွပ်စွာ….။ တောင်းပန်တိုးလျှိုးစွာ….။ ခယဝပ်တွားစွာ….။ နီရဲစိုစွတ်သော မျက်လုံးအစုံနှင့်…..။ စိုးရိမ်ပူပန်သော မျက်လုံးအစုံနှင့်….။ မျှော်လင့်တကြီးရှိလှသော မျက်လုံးအစုံနှင့်……။
မွေးနေ့တိုင်းမှာ သူ့မိတ်ဆွေတွေနဲ့ ဆုံကြတာတွေကို သူသတိရနေမှာပဲ။ သူများမွေးနေ့တွေမှာ အလိုက်တသိ သတိတရရှိလွန်းလှတဲ့ သူ့အတွက် ကျမလေ မရေးတတ် ရေးတတ်နဲ့ ကြိုးစားဖွဲ့ထားတဲ့ ကဗျာလေး တပုဒ်စ၊ နှစ်ပုဒ်စ ပို့လိုက်ချင်ပါရဲ့။ ကာရံမညီမညာနဲ့ ကျမ ကဗျာလေးကို သူဖတ်ရရင် လက်ရှိဘဝက ခဏလွတ်မြောက်ပြီး ရယ်မောနိုင်စေချင်လို့ပါ။ ဒါမှမဟုတ် “တဂိုး”ရဲ့ ကဗျာ တပိုင်းတစ ……
ဝေဒနာ
ငြိမ်းပါစေကြောင်း
ဆုတောင်းခြင်းမပြုလို။
နာကျင်ခြင်းအား
မှုမထားပဲ
ကျော်လွှားနိုင်ကြောင်း
အသည်းကောင်းလိုသည်။
(“ဗမိုး” ဘာသာပြန်)
ဆိုတဲ့ကဗျာလေး တပိုင်းတစပဲဖြစ်ဖြစ် သူ့အတွက် မွေးနေ့လက်ဆောင်။ ဒါပေမယ့် စာငတ်မွတ်နေတဲ့ သူ့မျက်လုံးလေးတွေက ဖွင့်ထားပေမယ့် မြင်မှမမြင်ရဘဲ။
သူနဲ့ ကျမရဲ့ ကွဲကွာခြင်းဟာ သူကျန်းမာတဲ့တနေ့ကျရင် အဆုံးသတ်ရမှာပါ။ ကျမတို့ဟာ လူချင်းဝေးပေမယ့် စိတ်ချင်းမဝေးပါဘူး။ ကံကြမ္မာက ကျမတို့ကို တသီးတခြားစီခွဲထားပေမယ့် စိတ်ချင်းကိုတော့ ဘယ်လိုနည်းနဲ့မှ ခွဲထားလို့မရနိုင်ဘူး။ ဒါကို ကျမ ယုံကြည်ပါတယ်။
ဒါပေမယ့် အရာရာတိုင်းဟာ ဖြည်း ဆေး နှေး ကွေး လေး လံ လျက် နေဆဲပါ။ သမရိုးကျလောကကြီးကို ဘယ်အရာတွေက နိုးကြားဖျတ်လတ်စေမှာလဲ။ ကမ္ဘာလောကကြီးတခုလုံး ပေါ့ဆမှုကြီးထဲ နစ်မြုပ်နေသလိုပဲ။
အချိန်တွေ…..အချိန်တွေဟာ အကုန်မြန်လိုက်တာ။
အချိန်တွေ…..အချိန်တွေဟာ ကုန်နိုင်ခဲလိုက်တာ။
ညက အိပ်မက်ထဲမှာ သူ့ကိုတွေ့ရတယ်။ တခါမှမရောက်ဘူးတဲ့ ဆေးရုံးလေးထဲကို ကျမရောက်သွားတယ်တဲ့။ ဆေးရုံတခုလုံးဟာ လူအများကြီးရှိတယ်လို့ မထင်ရအောင် ဣနြေ္ဒကြီးနေတယ်တဲ့။ တချက်တချက် အော်ဟစ်ညည်းတွားလိုက်တဲ့ လူနာတွေရဲ့အသံသာ နံရံတွေပြန်ကြားရပြီး ကြက်သီးထစရာကောင်းနေတယ်။
သူနေတဲ့အခန်းမှာ လူနာကုတင်တွေဟာ လူသွားလမ်းကိုတောင် နေရာမပေးချင်တော့ဘူး။ ကုတင်တိုင်လေးတွေကို ပွတ်တိုက်တိုးဝှေ့ပြီး သူ့ဆီအရောက်သွားနေတဲ့ ကျမကို ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ လူနာတွေက မျက်လုံးပြူးကြောင်တွေနဲ့ သိစိတ်မဲ့ငေးကြည့်နေကြတယ်တဲ့။
သူ့ဘေးမှာတော့ ပြတင်းပေါက်လေးတပေါက်ရှိပြီး သူက ကျမလာနေတဲ့ဘက်ကို မျက်နှာလှည့်ထားတယ်။ သူမမြင်နိုင်တာကို မေ့ပြီး ကျမ လှမ်းလက်ပြမိတာကို စိတ်ထဲက ကိုယ့်ကိုယ်ကို ကျိန်ဆဲမိပါရဲ့။
သူ့အနားရောက်တော့ သူ့ရဲ့အကြောဆိုင်းနေတဲ့ လက်ကလေးတွေ၊ ခြေထောက်ကလေးတွေကို ကွေးချည် ဖြန့်ချည်နဲ့ ကြိုးစားပြီး လေ့ကျင့်ခန်းလုပ်နေတဲ့ သူ့ကိုတွေ့လိုက်ရတော့ ကျမရဲ့မြန်နေတဲ့ နှလုံးခုန်ချက်ဟာ ခဏ ရပ်တန့်သွားသလားပဲ။
ကျမ ခန္ဓာကိုယ်ဟာ သူ့ကုတင်ဘေးမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ယိမ်းထိုးနေပြီး သူ့ကို ငုံ့ကြည့်နေမိတယ်။ သူက ဘေးနားမှာ ရှိနေတာကို ခံစားမိပုံနဲ့ ဖျတ်ကနဲမော့ကြည့်တယ်။
အို ….. သူ့မျက်လုံးတွေက ကျမ စိုးရိမ်စိတ်တွေနဲ့ ဟိုးတခြားစီမှာ။ မမြင်နိုင်ပေမယ့် ကြည်စင်နေမြဲဖြစ်တဲ့ သူ့မျက်ဝန်းတွေမှာ တစုံတခုကို ကျမ အသေအချာတွေ့လိုက်ရတယ်။
အဲဒီနောက်မှာ သူ့အပေါ်စိတ်ချခြင်း၊ ကျေနပ်ခြင်း၊ အားပေးခြင်းတွေနဲ့ ကျမဟာ အသံမထွက်ပဲ မျက်လုံးချင်း စကားအများကြီး ပြောဖြစ်ခဲ့ပါတယ်။
အိပ်မက်တွေကို စိတ်မဝင်စားတဲ့ ကျမဟာ ဒီအိပ်မက်ကို အသေးစိတ်ကအစ ပြန်မှတ်မိနေတာ လောကရဲ့ အံ့သြစရာထဲက တခုပါပဲ။
ကျမ သူ့ကုတင်ဘေးက တိတ်တဆိတ်ပြန်ထွက်လာတော့ ကုတင်ခြေရင်းမှာ ဆေးမှတ်တမ်းကဒ်ပြားလေး ချိတ်ထားတာတွေ့လို့ ယူကြည့်လိုက်ပြန်တယ်တဲ့။
သူ့ရဲ့အခြေအနေပြ ဇယားကွက်လေးမှာ ဆေးရုံတက်ချိန်မှ အခုချိန်ထိ ဂရပ်မျဉ်းကြောင်းလေးဟာ အောက်ကိုလည်း မကျ၊ အထက်ကိုလည်း မတက်ပဲ သာမန်အခြေအနေအတိုင်း ပုံမှန်ရှိနေတာ အံ့သြစရာကောင်းအောင်ပဲ ကျမ တွေ့ခဲ့ရတယ်တဲ့။
ဒီထက်ထူးဆန်းတာကတော့ ရောဂါအမျိုးအစားမှာ သူ့ရဲ့ ကိုယ်လက်အင်္ဂါထိခိုက်မှုအကြောင်း ဆရာဝန်က တခုမှ မှတ်ချက်ရေးမထားပဲ စာလုံးကြီးကြီးနဲ့ စာကြောင်းတကြောင်းပဲ ရေးထားတာ ကျမတွေ့ရတယ်။
အဲဒါကတော့ …..
“နှလုံးသားထဲက ဒဏ်ရာ” တဲ့။
ကျမ အိပ်မက်ကလေးဟာ အဲဒီနေရာမှာပဲ ပြီးဆုံးသွားခဲ့ပါတယ်။
မိုးချိုသင်း
(သမီး ငယ်ငယ် အတွက် တင်တဲ့စာ)
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
လူတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ လုပ်ချင်တဲ့ စိတ်ကူးလေးတွေ ရှိတတ်ကြတယ်။ တခါတလေကျတော့လဲ မွန်းကြပ်လာရင် စိတ်ထွက်ပေါက်အနေနဲ့ ကိုယ်လုပ်ချင်တာတွေကို လျှောက်တွေး ပစ်လိုက်တတ်တာ။ စိတ်ကူးထဲမှာ အစွမ်းကုန် လွတ်လပ်ပစ်လိုက်တတ်တာမျိုး ထင်ပါရဲ့။ ကိုယ့်အတွေးထဲမှာတော့ ဘာကိုမှ ထောက်ထား ငဲ့ညှာစရာ မလိုဘူးကိုး။
ကိုယ်လည်း ငယ်ငယ်တုန်းကတော့ အဲဒီလို တွေးမိတာ ခဏခဏပဲ။ ကိုယ့်ဆန္ဒတွေပေါ့။ ကြီးတော့လည်း တွေးမိနေတုန်းပဲ။ တခါတလေပေါ့။ ကိုယ့်စိတ်ကိုက အပူအပင်ကင်းကင်းနဲ့ လွတ်လပ်ချင်နေတာကိုး။
ဒါနဲ့ အခုလဲ stress တွေ များနေတဲ့အချိန်မို့ စာမရေးဖြစ်တဲ့အတူတူ ဒီဝတ္ထုလေးကို ပြန်တင်ဖို့ စဉ်းစားမိတယ်။ ကလေးအတွေးတွေလို့ သဘောထားပေးပေါ့နော်။ ဘာပဲဖြစ်ဖြစ် ၁၉၉၀ ဇူလိုင်လ မဟေသီမှာ ပါခဲ့တဲ့ ၀တ္ထုတိုလေးကို ဘလော့ဂ်မှာ ပြန်အသက်သွင်းလိုက်ပြီ။ ဖတ်ကြည့်ကြပါအုံး။
လေလွင့်အတွေးများ
မြက်ခင်းစိမ်းစိမ်းနုနုလေးတွေ မျက်စိတဆုံး ရှိနေတဲ့ ကွင်းပြင်ကြီးမှာ ပြေးချင်လိုက်တာ။ မြောက်လေပဲ ဖြစ်ဖြစ်၊ အနောက်လေပဲ ဖြစ်ဖြစ် လွတ်လပ်တဲ့လေအေးတခုပေါ့၊ အလိုက်သင့် တိုက်နေစေချင်သေးတယ်။ အချိန်ကလဲ ဘယ်ပန်းချီရေးလို့ မမီနိုင်တဲ့ ညနေဆည်းဆာ အရောင်ဖြာဖြာအောက်မှာပေါ့။
မတ်စေ့သာသာလောက်ရှိတဲ့ ပန်းဝါ၀ါအပွင့်လေးတွေကလဲ လေယူရာ ယိမ်းနွဲ့နေချိန်ကလေး..။ အဲဒီအထဲက နှစ်သက်ရာ ပန်းတပွင့်ကို လွင့်နေတဲ့ ဆံပင်ပေါ်မှာ ထိုးစိုက်လိုက်ချင်သေးတယ်။ ကလစ်မပါလို့ အထိန်းအကွပ်မဲ့နေတဲ့ ပန်းကလေးကလဲ စိမ်းနေတဲ့ မြက်ခင်းပေါ် ကျမသွားစေချင်ပါဘူး။
ပြေးရင်းနဲ့ မောလာပြီလို့ သတိပြုမိတဲ့အချိန်မှာ မြက်ခင်းပေါ်မှာ အိပ်စက်အနားယူ ချင်တယ်။ အမောပြေရင် ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ရှတတ မြက်ခင်းတွေပေါ် ပြားသွားအောင် လွတ်လွတ်လပ်လပ် ပြေးလှိမ့်ပစ်လိုက်ချင်တာ။ နေ၀င်ခါနီးလို့ နီလဲ့လဲ့ ဖြစ်နေတဲ့ ကောင်းကင်ကြီးမှာ ဗျိုင်းကလေးတွေပဲဖြစ်ဖြစ်၊ ကျီးကလေးတွေပဲဖြစ်ဖြစ် အုပ်စုဖွဲ့ပြီး ပြန်သွားတာကို အိပ်နေရာက ငေးချင်သေးတယ်။ ဒါက တခုပေါ့။
သိပ်ပျော်စရာကောင်းမှာပဲ။ မိုးတွေ တဝေါဝေါနဲ့ ဒေါသကြီးနေချိန်မှာ မည်းပြောင်နေတဲ့ ကတ္တရာလမ်းမကြီးပေါ်မှာ လမ်းလျှောက်နေချင်လိုက်တာ။ လမ်းမီးတိုင်တွေကလဲ မှိန်နေစေချင်သေးတယ်။ မီးအရောင်ပျပျအောက်မှာ ခုန်ဆွ ခုန်ဆွဖြစ်နေတဲ့ ဖားကလေးတွေကို မြင်ရမယ်။ ဖားသေးသေးလေးတွေကိုတွေ့ရင် လမ်းမကြီးပေါ်မှာ ဒူးထောက်ပြီး လက်နဲ့ လိုက်ဖမ်းရရင် သိပ်ရယ်ရမှာပဲ။
ဒါပေမဲ့ တခုတော့ ရှိတယ်။ ဒီလမ်းပေါ် ကားမလာစေချင်ဘူး။ ညဆိုတော့ ကားလဲ လာမှာ မဟုတ်ပါဘူး။ တိတ်ဆိတ်တဲ့နေရာမျိုးမှာ သီချင်းလဲ အကျယ်ကြီး ဆိုချင်တယ်။ တိုးသင့်တဲ့နေရာတိုး၊ ကျယ်သင့်တဲ့နေရာမှာ ကျယ်ပေါ့။ ခပ်မှန်မှန်ဆိုရတဲ့သီချင်းဆိုလဲ မပင်ပန်းဘူးမဟုတ်လား။ ဒါကြောင့် ဆိုချင်သေးတာပဲ။
မိုးမတိတ်သေးရင် လမ်းပေါ်မှာ တယောက်တည်း ပြေးချင်တယ်။ ကိုယ့်ဖိနပ်သံကို နားထောင်ရတာ ဂီတသံလိုပါပဲ။ သာယာတယ်။ မိုးကလဲ သည်း၊ လေကလဲ အရမ်းတိုက် ဆိုရင်တော့ ထီးမည်းမည်း အရှည်ကြီးဆောင်းပြီး လေတိုက်တဲ့ဘက်ကို ကွယ်ထားချင်လိုက်တာ။ ထီးလွင့်သွားရင်တော့ ဟာသ တပုဒ်ပေါ့။ လေကတိုက်၊ ထီးကလွင့်နဲ့ တော်တော်ပျော်ရမယ်။
ထီးကိုပိတ်ပြီးတော့လဲ နိမ့်နေတဲ့ သစ်ရွက်တွေကို အသံအကျယ်ကြီးမြည်အောင် ရိုက်ချင်လိုက်တာ။ မမီမကမ်းနဲ့ လှမ်းရိုက်မှာနော်။ ဒါဆိုရင် သူတို့က နာတယ်ဆိုတဲ့သဘောနဲ့ ခပ်ကျယ်ကျယ် အော်ကြလိမ့်မယ်။ နောက်ပြီးတော့..
မနက်အစောကြီး နှင်းတွေ အရမ်းကျနေချိန်ပေါ့။ ကျောက်တောင်ကြီးပေါ်မှာ ထင်းအကြီးကြီးတွေနဲ့ မီးဖိုကြီး ဖိုချင်လိုက်တာ။ တောင်ထိပ်ပေါ်ကဆိုတော့ နေတက်လာပုံကို မြင်ရမှာပဲ။ မနက်ဝေလီဝေလင်း မြူတွေကလဲ ကျ ဆိုတော့ ချမ်းစိမ့်စိမ့်လေး။ စောင်တထည် သဘက်တခုလောက် ကိုယ်ကို ပတ်ထားလိုက်မယ်။
တောင်ပေါ်က စေတီလေးတွေကို ထုံးဖွေးဖွေးနဲ့ လှမ်းမြင်ပြီး ဖူးရတာလဲ အရသာ တမျိုးပဲ။ သိပ်ကြည်နူးစရာကောင်းမယ်။ တအားအေးလို့ ပါးစပ်ဖွင့် ထားလိုက်ရင် အာငွေ့လေးတွေ မှုတ်ထုတ်တာလဲ ကစားနည်းတခု ရမှာပဲ။ မီးစွဲနေတဲ့ ထင်းတခုကို မီးပုံကြီးထဲက ဆွဲထုတ်ပြီး လေမှာ မြှောက်ကစားရင် သိပ်ပျော်ရမယ်။ ဒါက တမျိုး။
မီးတွေ ထိန်ထိန်လင်းနေတဲ့ သီတင်းကျွတ်လို တန်ဆောင်တိုင်လို ပွဲတွေမှာ ပွဲခင်းထဲ လမ်းလျှောက်ရင် သိပ်ပျော်စရာကောင်းမှာပဲ။ လမ်းဘေးတလျှောက်မှာ တရှဲရှဲနဲ့ ရေမုန့်တွေ၊ မုန့်ဆီကြော်တွေ အီကြာကွေးတွေ ကြော်ကြနဲ့ဆိုတော့ များလွန်းလို့ ဘာစားရမှန်းတောင် သိမှာ မဟုတ်ဘူး။
လူအုပ်ထဲမှာဆိုတော့ တခါတခါ ခြေချဖို့တောင် မလိုဘူး သိလား။ တိုးတိုးဝှေ့ဝှေ့ ငေးငေးမောမောနဲ့ပေါ့။ ထိုင်ခုံမရှိတဲ့ အငြိမ့်ပွဲတွေမှာလဲ ခဏတဖြုတ်ရပ်ကြည့်မိချင်မိနေမှာ။ လမ်းဘေးရုပ်ရှင်တွေလဲ ရှိသေးတာ။ ဒါပေမဲ့ အဲဒီကားတွေတော့ မကြည့်ချင်ပါဘူး။
မေ့နေလိုက်တာ။ ပျော်စရာအကောင်းဆုံး တခု ကျန်သေးတာပဲ။ ရောင်စုံ မီးချောင်းတွေနဲ့ ရဟတ်ကြီးပေါ့။ ရဟတ်ကြီးကလေ ဟိုး..အဝေးကကြီးက မြင်ရင်ကို လူကို ပျော်သွားနိုင်လောက်အောင် ဆွဲဆောင်မှုရှိတယ်။ ညဈေးတန်းရောက်ရင် ရဟတ်ကြီးကို စီးဖြစ်အောင် စီးသင့်တာ။ ရဟတ်ရဲ့ အပေါ်ဆုံးကို ရောက်သွားရင် ငုံ့ကြည့်လိုက်ပါလား။ လူတွေတလှုပ်လှုပ်နဲ့ သွားလာနေကြတာကို မျက်စိတဆုံး မြင်ရတယ်။ ရဟတ်ကြီး ကြမ်းကြမ်းတမ်းတမ်း လွှဲရင်အော်ကြ ဟစ်ကြနဲ့ တအားပျော်စရာကောင်းတာ။ ပျော်ကို ပျော်ရပါတယ်လေ။
တယောက်တည်း ခရီးအရှည်ကြီး သွားချင်သေးတယ်။ မီးရထားရဲ့ အထက်တန်းတွဲ ပြူတင်းပေါက်ရှိတဲ့ နေရာလေးမှာပေါ့။ ပြူတင်းပေါက် အကျယ်ကြီးမှာ သဘာဝပန်းချီကားတွေ တခုပြီး တခု ၀င်လာမှာပဲ။ ဓာတ်ကြိုးပေါ်မှာ လေဟုန်စီးနေတဲ့ ဆက်ရက်လေးတွေကို လန့်ပြီး ပျံသွားအောင် ခြောက်လိုက်ချင်သေးတယ်။
ကောက်ရိုးပုံတွေ မီးရှို့လို့ မီးခိုးတလူတလူ ထွက်နေတာလဲ သိပ်ကြည့်လို့ ကောင်းမှာပဲ။ အက ကောင်းတဲ့ အ၀ါရောင် စပါးခင်းကြီးကိုလဲ နောက်ချန်ထားခဲ့ရမှာ ၀မ်းနည်းစရာ။ အောက်က ချောင်းရှိလို့ ရထားကြီး တံတားပေါ်ဖြတ်သွားရတဲ့အခါ သိပ်အသည်းယားစရာကောင်းတာ။
ရထားအရှိန်နဲ့ လေတိုက်တာကိုလဲ ကြည်ကြည်နူးနူး ခံစာချင်သေးတယ်။ နောက်ပြီး လွမ်းလွမ်းဆွေးဆွေး ဥသြဆွဲသံကိုလဲ တမြတ်တနိုး နားထောင်ချင်သေးတယ်။ ဘူတာတခုဆိုက်ရင် အပြေးအလွှားလာရောင်းကြတဲ့ ဈေးသည်တွေထဲမှာ စာကလေးကြော်တို့ ချိုးကြော်တို့ကို စားပစ်မှာပဲ။ ဖရဲသီးတွေ တွေ့ရင်လဲ အိမ်အတွက် ၀ယ်သွားချင်တယ်။
နောက်ပြီး တိရိစ္ဆာန်လေးတွေနဲ့ အတူနေချင်တယ်။ သိပ်ပျော်စရာကောင်းမှာ သေချာတယ်။ တိရိစ္ဆာန်လေးတွေက ရိုင်းစိုင်းပေမဲ့ ရိုးစင်းကြပါတယ်။ သူတို့ အမူအယာလေးတွေဟာ နှစ်လိုဖွယ်ရာ အပြည့်ပဲ။ ကြောင်လေးတွေဆို ချည်လုံးတွေကို လက်ကလေးနဲ့ တို့ တို့ ပြီး ဆော့နေမယ်။ ငှက်ကလေးတွေဆို သီချင်းတွေ အများကြီး ဆိုနေမှာပေါ့။
မျောက်ကလေးတွေဆိုရင်တော့ နောက်တီးနောက်တောက် လိုက် စ နေမယ် ထင်တယ်။ သမင်ကလေးတွေဟာလဲ နေရောင်ခြည်အောက်မှာ ချိုလေးတွေ တကားကားနဲ့ ခုန်ပေါက်နေမှာပဲ။ ပုံပြင်ထဲမှာ ပညာရှိလို့ နံမည်ကောင်းရထားတဲ့ ယုန်လေးတွေကိုတော့ ချုံပုတ်တွေအကြားမှာ တွေ့ရမယ် ထင်တယ်။ သူတို့နဲ့သာ အတူနေရရင် စိတ်ချမ်းသာမှု အပြည့်အ၀ရမယ်ဆိုတာ ယုံကြည်တယ်လေ။
အိမ်မှာပျင်းတဲ့အခါများဆို ကိုယ်ခင်တဲ့ သူငယ်ချင်းတွေဆီ စာတွေ တစောင်ပြီးတစောင် ရေးချင်တယ်။ စာရေးရတာ လုံးဝပျင်းစရာ မကောင်းပါဘူး။ ကိုယ်ရေးတဲ့စာကို ပြီးရင် ပြန်ဖတ်ရတာလဲ အရသာရှိတာပဲ။ သူငယ်ချင်းတွေကို အဖြစ်အပျက်အကြောင်းအရာတွေ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ပြောပြလို့ရတယ်။ စကားပြောရတာထက် ပိုနှစ်သက်တယ်လို့ ပြောရင်တောင် ရတယ်။
တစောင်ပြီးတစောင် မမောတမ်းကို ရေးနေချင်တာ။ သူတို့က စာပြန်တာ မပြန်တာ အပထား၊ ကိုယ်ရေးနေရရင်ကို စိတ်က အလိုလို ပျော်နေမိမှာ။ သူတို့ဆီက ပြန်လာတဲ့စာတွေဆိုရင် အခါခါဖတ်လေ မပျင်းလေပဲ။ ဒီစာ ကြာသွားလို့ ရိုးသွားတယ် မရှိဘဲ ခံစားမှုတွေ အသစ်ဖြစ်လို့ ကိုယ်ငယ်ငယ်က စာဆိုရင် ပိုနှစ်သက်စရာကောင်းတာ။ ပြီးရင်တော့..
ဒီလို လွတ်လွတ်လပ်လပ် ကိုယ်စိတ်ကူးရှိတဲ့အကြောင်းအရာတွေကို ၀တ္ထုရေးနေရရင် သိပ်ကောင်းမှာပဲ ။ ။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဒီနေ့ စာမရေးခင် သတင်းတွေ ထုံးစံအတိုင်း လျှောက်ဖတ်နေတာ။ ဖတ်ရင်းနဲ့ ဖတ်သမျှသတင်းက အကြောင်းအရာ တခုတည်းပေါ်မှာပဲ အခြေခံတယ်လို့ ထင်လာမိတယ်။ အထဲက အကြောင်းအရာတွေကို အသာထားလို့ ခေါင်းစဉ်လေးတွေကိုပဲ ကြည့်ပါအုံးလေ..
အရှင်ဂမ္ဘီရကို အမှုကြီး ၁၆မှုဖြင့် တရားစွဲထား..တဲ့။ မေတ္တာပို့ လမ်းလျှောက်တဲ့ ဘုန်းဘုန်းကို ဘာကြောင့်များ ဧရာမအမှုကြီးတွေ တပ်ရတာပါလိမ့်..။
လူဆိုးသူဆိုးများကိုသာ ဖမ်းရန်အကြောင်းရှိသည်၊ သတင်းထောက်များကို မဖမ်းပါနှင့်..တဲ့။ အဲဒီသတင်းက သတင်းထောက် တယောက်ကို ဖမ်းတဲ့အကြောင်း ရေးထားတာ..။
အင်တာနက်ကို အမိန့်အာဏာနဲ့ ပိတ်လို့ရမည် မဟုတ်.. တဲ့။ ဒီသတင်းက အင်တာနက်တွေ ပိတ်ဆို့လို့ ထွက်လာရတဲ့ သတင်းတပုဒ်..။
ဒါနဲ့ ဘာရယ်မဟုတ်ဘူး၊ ကိုယ်ငယ်ငယ်က ရေးဖြစ်ခဲ့တဲ့ ၀တ္တုတပုဒ်ကို သတိရတာနဲ့ ပို့စ်တင်ချင်စိတ် ပေါက်လာလို့ တင်ပေးလိုက်ပါတယ်။ ၀တ္ထုနံမည်က မီးခိုးကြွက်လျှောက် တဲ့။ ၁၉၉၃၊ ဇွန်လ၊ မြားနတ်မောင် မဂ္ဂဇင်းမှာ ပါခဲ့တာပါ။ ဆိုင်မဆိုင်တော့ မသိဘူးလေ..။
ဖတ်ကြည့်ကြပါအုံး။ လွန်ခဲ့တဲ့ ၁၅နှစ်က လက်ရာပါ။
မီးခိုးကြွက်လျှောက်
ကျနော်က ဦးဘသာရဲ့ ဒရိုင်ဗာ ကိုစံအေးပါ။ လွန်ခဲ့တဲ့ တနှစ်လောက်က စပြီး ဒီမှာ အလုပ်ဝင်ပါတယ်။ ကျနော် ဒီမှာလုပ်ရတာ ပျော်လား၊ ဟုတ်လား။ အင်း..ဘယ်လို ပြောရမှန်းတောင် ကျနော်မသိဘူး။ ဒါပေမဲ့ ဒီလို အလုပ်ရှင်မျိုး တခါမှ မတွေ့ဖူးတာတော့ အမှန်ပဲဗျ။
ခင်ဗျားတို့သိချင်ရင် ကျနော်ပြောပြဖို့ ၀န်မလေးပါဘူး။ မဟုတ်ဘူး၊ မဟုတ်ဘူး။ သူ လခ ကောင်းကောင်းပေးပါတယ်။ အဲဒီအတွက် ကျနော် စိတ်မဘစ်ပါဘူး။ ကျနော်စိတ်ညစ်ရတာက တခြားဗျ။ အဲ- အဲ..အခုကိစ္စပေါ့လေ။ အခုဖြစ်သွားတဲ့ ကိစ္စကြောင့် စိတ်ညစ်ရတာ။
ပထမဆုံး ကျနော်အလုပ်စ၀င်တဲ့ အကြောင်းလေး ပြောပြမယ်နော်။ တွေ့ဆုံပုံလေးက တကယ်သင်းတယ်။ ကျနော့်ကို ဦးဘသာရဲ့ မိတ်ဆွေ ကျနော့်ဆရာ ဦးထွန်းအေးက တဆင့် ဒီမှာ အလုပ်ဝင်ဖို့ လွှတ်ပေးလိုက်တာပါ။ ဆရာက ဦးဘသာအကြောင်း ဘာမှ ကျနော့်ကို မပြောဘူးဗျ။ သူနဲ့သိပ်ခင်တဲ့ သူငယ်ချင်းမို့ အဆင်ပြေအောင်နေဖို့ပဲ ပြောတယ်။ ဒါနဲ့ ကျနော် ဦးဘသာအိမ် ရောက်သွားတယ် ဆိုပါတော့။
ကျနော် သူ့အိမ်ကို မနက်စောစောပိုင်းမှာ ရောက်သွားသွားချင်း ဦးဘသာလို့ ထင်ရတဲ့သူကို ဧည့်ခန်းမှာ တွေ့ရတယ်။ ကံဆိုးချင်တော့ ဒေါသ အကြီးအကျယ် ပွနေချိန်ဗျ။ တအိမ်လုံး သူ့အသံတသံပဲ ဟိန်းနေတယ်။ အိမ်ဖော်အဒေါ်ကြီးကလဲ အရွယ်နဲ့ မလိုက်အောင် ကြောက်နေတယ်။ ကျန်တဲ့ အလုပ်သမားတွေကလဲ တန်းစီပြီး ခေါင်းငုံ့နေကြတယ်။ တကယ့် ပြဿနာပေါ့။ ပြဿနာဖြစ်တဲ့ မနက်ကြီးမှာမှ ကျနော်က ရောက်သွားမိတာ။
ဟာ ဖြစ်ပါ့မလား။ ကျနော်လဲ ပြန်လှည့်မယ် စိတ်ကူးတော့ ကျနော့် ကုတ်ချောင်းချောင်းပုံကို ဦးဘသာ မြင်သွားတယ် ထင်ပါတယ်။ “ခင်ဗျား ဘယ်သူလဲ၊ ဘယ်သူနဲ့ တွေ့ချင်လို့လဲ” တဲ့။ လှမ်းမေးတယ်။ ကျနော်က ဆရာဦးထွန်းအေးက လွှတ်လိုက်တဲ့အကြောင်း ဒီအိမ်မှာ ဒရိုင်ဗာလုပ်ဖို့ လာတဲ့အကြောင်း တရိုတသေပဲ ပြန်ပြောပြလိုက်ပါတယ်။
ဒီတော့မှ သူက ပြုံးတယ်ဗျ။ သူ့အပြုံးက နှစ်ခါပြန်ကြည့်ဖို့ မပြောနဲ့ တခါတည်းတောင် စိတ်ကုန်ချင်စရာကောင်းတဲ့ စပ်ဖြဲဖြဲ အီလည်လည် အပြုံးမျိုး။ အတော်ပဲ တဲ့။ တခါတည်း ပြောထားရမယ် တဲ့။ ခင်ဗျားက လူသစ်ဆိုတော့သိသေးမှာ မဟုတ်ဘူး တဲ့။ သူတို့ကို ကျနော် ဆူနေတာ ဘာကြောင့်လဲ ခင်ဗျား သိလား တဲ့။
ကျနော်ဘယ်မှာလာပြီး သိနိုင်မှာလဲ ခင်ဗျာလို့ ပြန်ပြောတော့ သူက တခါတည်း ဒေါသတကြီးပုံ ပြန်ဖြစ်သွားပြီး ဟောဒီ မီးခလုတ်ကို ဖွင့်ပြီး လျှောက်သွားနေလို့ တဲ့ဗျ။ အောင်မလေးဗျာ။ သူ့ကိစ္စက တကယ့် ရေးကြီးခွင်ကျယ်ပါလား။ မီးပေါ့ဆရင် အန္တရာယ် ဖြစ်စေမှန်း ကျနော်သိပေမဲ့ ဒီလောက် အချိန်လေးအတွင်းမှာတော့ ဒုက္ခရောက်မသွားနိုင်ဘူး လို့ ကျနော်ထင်ပါတယ်လေ။ အဲဒီကတည်းက ကျနော်ရိပ်မိသွားခဲ့ပါတယ်။ ကျနော်ဟာ ဂွကျကျ ကပ်သီးကပ်သပ် လူတယောက်ဆီမှာ အလုပ်ဝင်ရတော့မှာပါလား လို့ပေါ့။
ဦးဘသာရဲ့ အိမ်က တကယ့်ကို ခမ်းနားကြီးကျယ်ပါတယ်။ အဆောင်ဆောင် အခန်းခန်း တွေနဲ့ပါ။ ရှိုးကေ့စ်ထဲမှာလဲ ကျနော်တခါမှ မမြင်ဖူးတဲ့ ပစ္စည်းပစ္စယတွေ၊ အရုပ်သေးသေးလေးတွေ၊ ပန်းကန်လုံး ဆိုက်ဇ်စုံတွေနဲ့ သိပ်လှတာပဲ။ လှပေ့ဆိုတဲ့ ပန်းချီကားတွေဆိုတာ အခန်းတိုင်းမှာ။ ဒါတွေဟာ သူဆင်ထားတာ မဟုတ်ဘူးလို့ ကျနော် သိရတယ်။ တအိမ်လုံး လှပအောင်၊ အနုပညာဆန်အောင် လူအထင်ကြီးစရာ ဖြစ်အောင် အခကြေးငွေနဲ့ ငှားပြီး ပြင်ဆင်စေတာဆိုပဲ။ တကယ်တော့ သူဟာ ဒီပစ္စည်းတွေနဲ့ အဝေးကြီးမှာ တဲ့။ သူစိတ်ဝင်စားတာ ဒါတွေ မဟုတ်ဘူး တဲ့လေ။ ဘယ်လောက် အံ့သြဖို့ ကောင်းလဲ။
နောက်ပြီး ကျနော့်ကို အိမ်ဖော် ဒေါ်ခင်ကြီး ပြောပြထားတာ ရှိသေးတယ်။ ဦးဘသာဟာ သိပ်ချမ်းသာတာပဲ တဲ့။ ဒါတောင် ဒီတအိမ်တည်း ပိုင်တာ မဟုတ်ဘူး တဲ့။ ချမ်းသာတဲ့သူများ တကယ်ချမ်းသာရင် လိုက်မမီဘူးနော်။ မန္တလေးနဲ့ တောင်ကြီးမှာလည်း အိမ်တွေ ရှိသေးတယ်လို့ ပြောတယ်။ ဘာနဲ့ ဒီလောက်ချမ်းသာနေမှန်း ကျနော် သိဖို့ မလိုသလို ကျနော်ကလဲ မစပ်စုတတ်ပါဘူး။ ဒါပေမဲ့ ကျနော် မစပ်စုဘဲ မနေနိုင်လောက်အောင် ကလိကလိ နဲ့ အသည်းယားရတဲ့ ကိစ္စတခုတော့ရှိတယ်။ အဲဒါကတော့ မီးကြိုးတွေ၊ မီးခလုတ်တွေပါပဲ။
ဒီအိမ်ကြီးမှာ အထူးခြားဆုံးက မီးခလုတ်တွေပဲဗျ။ ဦးဘသာအိမ်က မီးခလုတ်မျိုး နောင်ဘ၀တွေမှာ မဖြစ်ပါရစေနဲ့လို့ ကျနော်တော့ ဆုတောင်းမိပါရဲ့။ တကယ်ပါ။ ခင်ဗျား မြင်ရင် ကျနော်ပြောတာ မလွန်ဘူးဆိုတာ သေချာသွားမယ်။
မီးမလုတ်တွေဟာ တကယ့်ကို မွန်းကြပ်ပြီး ပုံပန်း မကျမန ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပလာစတာတွေနဲ့ အထပ်ထပ်ကိုင်ထားလို့လေ။ မီးခလုတ်တွေတောင် မပီသရှာပါဘူးဗျာ။ အဲဒါ ဘာဖြစ်လို့လဲ ခင်ဗျား သိချင်သေးလား။ ဦးဘသာစကားအတိုင်း ကျနော်ပြောရရင် “ရှော့ခ် ဖြစ်မယ်ဗျ၊ ရှော့ခ် ဖြစ်မယ်။ ခင်ဗျား ဘယ်လောက်နားလည်လို့လဲ” တဲ့လေ။ ဟဲ..ဟဲ။
“ခင်ဗျားတို့ မီးခလုတ်တွေ၊ မီးကြိုးတွေ ငြိမ်နေလို့ အထင်သွားမသေးရဘူး။ သူတို့က အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ သေစေလောက်အောင် မီးခိုးကြွက်လျှောက် ဒုက္ခပေးနိုင်တဲ့ ပစ္စည်းတွေဗျ။ ခင်ဗျားတို့ မီးကြိုးတွေကို ကျုပ်တယောက်တည်း ကြည့်လို့ လုံလောက်ပြီ မထင်နဲ့။ ဒီအိမ်မှာ အလုပ်လုပ်တဲ့ လူတိုင်း မီးခလုတ်တွေကို ဂရုစိုက်ရမယ်။ မီးဖွင့်မယ်ကြံရင် အနားမှာရှိတဲ့ အ၀တ်နဲ့ ကိုင်ဖွင့်၊ အ၀တ်နဲ့ပိတ်၊ ဒါပဲ။ ဒီလိုမှမလုပ်လို့ ဓာတ်လိုက်ပြီး ရှော့ခ်ဖြစ်ရင် တအိမ်လုံး မီးခိုးကြွက်လျှောက် ဒုက္ခရောက်မယ်။ ကျုပ်ပစ္စည်းတွေ ဆုံးရှုံးမယ်။ ပြီးတော့ မီးပေါ့ဆမှုနဲ့ အိမ်ရှင်ဖြစ်တဲ့ ကျုပ်က ထောင်ကျမယ်။ ကဲ ကောင်းကြသေးရဲ့လား။”
သိပ်ကောင်းပါတယ်လို့ ကျနော် ပြန်ပြောချင်စိတ်ကို မနက်တိုင်း ထိန်းချုပ်ရတာ တကယ်ကို ပင်ပန်းပါတယ်ဗျာ။ ဒီလက်ချာဟာ တနေ့လည်း မဟုတ်ဘူး။ နေ့တိုင်း။ နေ့တိုင်းတောင် မနက်တိုင်း မကဘူး။ ရုံးသွားရုံးပြန် အားရင် အားသလို ပွစိပွစိ။
သူ့မှာ ဒီစကားပဲ ပြောစရာ ရှိပုံမျိုးပါ။ တနေ့တနေ့ တအိမ်လုံးရဲ့ မီးကြိုးတွေကို လိုက်စစ်နေရတာ သူ့မှာ အမော။ ဘယ်နေရာမှာ ပေါက်ပြဲနေပြီလဲ။ ဘယ်နေရာမှာ ပလာစတာ ကွာနေပြီလဲ။ ဘယ်ကလာ..ခင်ဗျားကလဲ။ မီးကြိုးတွေက သူ့ဖာသာသူနေတဲ့ ဥစ္စာ။ ဒီအိမ်မှာ လက်ဆော့တဲ့ကလေးလဲ မရှိဘူး။ ကုန်ကုန်ပြောရရင် မီးကြိုးကိုက်မဲ့ ကြွက်တောင် မရှိဘူး။ အလကား သူ့ဖာသာသူ အကြောက်ကြီးနေတာ။ တွေးကြောက်နေတာ။ ဟိုကဖြင့် အနေသာကြီး။
တခါကများ ပြောရရင် ရီချင်တယ်။ ကျနော်က ဦးဘသာကို ရုံးပို့ပြီးအပြန် မီးဖိုချောင်ထဲ တိတ်တိတ်လေး ၀င်လာတော့ ဒေါ်ခင်ကြီးက မိပုကို ပြောနေတယ်။ “ညက တချွတ်ချွတ်နဲ့ အသံကြားတော့ ချက်ချင်း မကြည့်ရဲဘူး။ သူခိုးကပ်တယ် အောက်မေ့တာ။ ဒါနဲ့ ချောင်းဟန့်ကြည့်တော့လဲ တချွတ်ချွတ်အသံက ပျောက်မသွားဘူး။ နောက်ဆုံးတော့ ငါလည်း တံခါးပေါက်က ချောင်းကြည့်လိုက်တော့ လား လား ဘယ်သူထင်သလဲဟေ့ မိပု” (မိပုရော ဒေါ်ခင်ကြီးပါ ကြိုသိထားတဲ့အလား တခွိခွိရယ်နေကြတယ်)
“ဘယ်သူရှိရမလဲ၊ အကြောက်ကြီး လေ။ (ဦးဘသာကို ကွယ်ရာမှာ အလုပ်သမားတွေက ဒီလိုပဲ ခေါ်ကြတယ်။) ဘာလုပ်နေတာလဲ သိလား။ မီးခလုတ်တွေတင် မကဘူး။ အခု မီးကြိုးတွေပါ ညသန်းခေါင် ပလာစတာ လိုက်ကပ်နေတာဟေ့။” သူတို့ပြောမှ ကျနော်လဲ မီးကြိုးတွေ မော့ကြည့်မိတော့ ပလာစတာ အနီအ၀ါလေးတွေနဲ့ တွေ့ရတာကိုး။ သူတို့က အတောမသတ်နိုင်အောင် ရယ်နေကြတော့ ကျနော်လည်း ပုန်းနေရာကနေ ဟိတ် ဆိုပြီး ခြောက်လိုက်တာပေါ့။ နှစ်ယောက်စလုံး အကြောက်ကြီး..အဲလေ..ဦးဘသာထင်လို့ လန့်သွားကြတာ ဒေါ်ခင်ကြီးဆို ကြောက်သေးတောင် ပါချတယ်.. ကဲ။
တကယ်တော့ ကျနော်တို့ အဲဒီကတည်းက ဆရာဝန်တွေ ဘာတွေနဲ့ တိုင်ပင်ဖို့ ကောင်းမှန်း သိပါတယ်ဗျာ။ ဒါပေမဲ့ အခြေအနေက ခင်ဗျားပဲ စဉ်းစားကြည့်လေ။ သူက အိမ်ရှင်၊ အလုပ်ရှင်။ ကျနော်တို့က အလုပ်သမား။ ဖြစ်မလားဗျ။ ကျနောတို့ ကိုယ်တိုင်က သူလို အလုပ်ရှင်အောက်မှာ လုပ်နေရတာ ရှေးဘ၀ ၀ဋ်ကြွေးလို့ပဲ အောက်မေ့လိုက်ပါတယ်လေ။
ကျနော်တို့ အလုပ်မဆင်းရဲပါဘူး။ ဦးဘသာက တယောက်တည်း သမားလေ။ ဒါပေမဲ့ စိတ်ဆင်းရဲရတယ်။ စကားမစပ်သူက အပျော်အပါးတော့ အတော်လေး လိုက်စားတဲ့သူနော်။ ကျနော်က သူ့ဒရိုင်ဗာမို့ တခြားအလုပ်သမားတွေထက် ဒီအကြောင်းပိုသိတယ်။ ဒီလို စည်းစိမ်လေးတွေ လိုချင်လို့လဲ တကိုယ်တည်းနေသလားမှ မသိနိုင်ဘဲ။ နောက်ပြီး ဒီလောက်ချမ်းသာနေတာတောင် မကျေနပ်နိုင်ဘဲ ထပ်ထပ်ကြံဖန်နေတာကတော့ သူ့လောဘ မီးနဲ့ တူပါတယ်ဗျာ။ ကျနော်နဲ့ သိပ်မဆိုင်လှပါဘူး။
ကျနော်လည်း ကျနော့်ဆရာ ဦးထွန်းအေးမျက်နှာနဲ့ ကြိတ်မှိတ်ပြီး နေခဲ့ပါတယ်။ တအိမ်လုံး မီးခလုတ်တွေတင်မကဘဲ မီးကြိုးတွေပါ လူနာတွေလို ပလာစတာနဲ့ ဖြစ်ကုန်တော့ သူအကြောက်ကြီးမှုဟာ ကျနော်တို့အပေါ် တော်တော် ထိခိုက်နေတယ်ဗျာ။ အိမ်ကြီးမှာနေရတာ လူမချမ်းသာ၊ စိတ်လည်း မချမ်းသာနဲ့ပါလား။ သူများလည်း ဒီလိုပဲ နေနေကြတာပဲ။ သာမန်ပေါ့ဗျ။ ဒီလောက် အပြင်းအထန် ရှော့ခ်ဖြစ်မှာ ကြောက်နေဖို့ မလိုဘူးလေ။ သူကပြောတော့..ဘာတဲ့၊ တနေရာက စဖြစ်ရင် အကုန်လုံး မီးခိုးကြွက်လျှောက် တဲ့။ အခုတော့ ရှော့ခ် ဆိုတဲ့စကားကို သူ့စိတ်မလုံခြုံတိုင်း ကျနော်တို့ ကြားနေရတာပဲ။
အခုဖြစ်ပုံက ဒီလိုပါ။ ကျနော်လဲ သူ့အနားမှာ ရှိနေချိန်ပါ။ သူခိုင်းဖို့ ကျနော့်ကို ခေါ်ထားပါတယ်။ သူက ကျနော့်ကို စကားလှမ်းပြောရင်း ဗီဒီယို ခလုတ်ကို သွားဖွင့်လိုက်တယ်ဗျ။ အဲဒီမှာ ပြဿနာက စ တာပဲ။ ဟင့်အင်း..၊ သူစိုးရိမ်နေတဲ့ မီးကြိုးတွေ မီးခလုတ်တွေက မဟုတ်ပါဘူး။ သူဘယ်လိုမှ မျှော်လင့်မထားတဲ့ တီဗီအနောက်ဖက်ကပါ။
ပထမ မီးပွားတွေ ဖြောင်း ဖြောင်းဆိုပြီး နှစ်ချက်ဆင့် ပွင့်ထွက်လာတာ ကျနော်တွေ့လိုက် ရတယ်။ တအိမ်လုံးလည်း မီးတွေ ငြိမ်းသွားတယ်။ ဦးဘသာလည်း ပထမတော့ အံ့အားသင့်နေတယ်။ ပြီးမှ “သွားပြီဗျ၊ သွားပြီ။ ရှော့ခ် ဖြစ်ပြီ၊ ကယ်ကြပါအုံး”လို့ အော်ပြီး ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ပြီး အခန်းထဲ ပတ်ပြေးတော့တာပါပဲ။
ကျနော် ဦးဘသာကို လိုက်ဆွဲပါသေးတယ်။ ဒါပေမဲ့ သူက “မီး-ခိုး-ကြွက်-လျှောက်၊ မီး-ခိုး-ကြွက်-လျှောက်” ဆိုပြီး ပတ်ပြေးနေတော့ တော်တော်နဲ့ ဖမ်းမမိဘူး ဖြစ်နေတာ။ နောက်မှ ဘုန်းကနဲ ဆက်တီပေါ် ပစ်ကျသွားတယ်။ မီးပွားကလဲ ခဏလေးပါ။ တကယ့်ကို သုံး လေးချက်ပါ။ ဒါပေမဲ့ ဦးဘသာကတော့ လုံးဝ သတိမလည်လာတော့ဘူးလေ။ ဒါနဲ့ ကျနော်တို့လည်း ဖုန်းတွေ အကုန်လျှောက်ဆက်ပြီး ဆေးရုံပို့လိုက်ရပါတယ်။
အခုတော့ သူ့ဆွေမျိုးတွေက ဦးဘသာ ရူးသွားတဲ့ကိစ္စမှာ မကျေနပ်ကြဘူးတဲ့လေ။ သွေးရိုး သားရိုးလို့ မထင်ကြဘူးဗျ။ ဘယ်တတ်နိုင်မှာလဲ။ ကျနော်တို့ အလုပ်သမားတွေ အားလုံးကိုလဲ အလုပ်ကဖြုတ်ပစ်လိုက်တယ်။ အကောင်းပကတိကြီးကနေ ခုလို သွက်သွက်ခါအောင် ရူးသွားတော့ သူတို့ မယုံနိုင်ကြဘူး ဖြစ်နေတယ်။
တကယ်တော့ ဒါ ဆန်းမှ မဆန်းဘဲ။ ဦးဘသာ ရူးသွားတာ ရူးသင့်လို့ရူးသွားတာပဲ လို့ သူနဲ့ အနီးကပ်ဆုံး ဖြစ်တဲ့ ကျနော်တို့ အလုပ်သမားတွေက သိနေတယ်။ ဦးဘသာရဲ့ ဘယ်အလုပ်သမားကို မေးမေး၊ အခု ကျနော်ပြောသလိုပဲ ပြောမှာပဲ။
ခင်ဗျားတို့ထင်သလို သွေးရိုးသားရိုးကိစ္စ ဟုတ်ချင်ဟုတ်မယ်၊ မဟုတ်ချင် မဟုတ်ဘူး။ ဒါ ကျနော်မပြောတတ်ဘူး။ သိလည်း မသိဘူး။ သေချာတာ တခုတော့ ရှိတယ်။ အဲဒါက ဘာလဲဆိုရင် ဦးဘသာတယောက် အကြောက်လွန်ပြီး ရူးသွားတယ် ဆိုတာပါပဲဗျာ။ ။
မိုးချိုသင်း
(အပေါ်က သရုပ်ဖော် ပန်းချီက ပန်းချီဆရာ အောင်အောင်တိတ် ဆွဲတာပါ။ ပွင့်သစ် မဂ္ဂဇင်း အဖုံးအဖြစ် တခါ အသုံးပြုခဲ့ဖူးပါတယ်။)
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ စ ပြီ။
ဒါဆိုရင် အိမ်မှာ ဘောလုံးပွဲကြီး လာခင်းကျင်းထားသလို မနက်မိုးလင်း နိုးလာရင်လဲ နိုးနိုးချင်း ကြားရမှာက ဘောလုံးပွဲကြေငြာသူရဲ့ အသံတွေ၊ ပရိသတ်ရဲ့ အားပေးသံ၊ သီချင်းဆိုသံ၊ လက်ခေါက်မှုတ်သံ၊ ၀ီစီသံတွေ..။
ဒီလိုအသံတွေနဲ့ ယဉ်ပါးနေတာ ဆယ်စုနှစ် တခုတောင် ကျော်ခဲ့ပြီ။ ကိုယ်ကလဲ ဘောလုံးဆိုတာကို World Cup လောက်ပဲ စိတ်ဝင်စားတော့ ကျန်တဲ့ ကစားပွဲတွေဆို သိပ်ပြီးကြည့်လို့ နားမလည်ဘူးလေ။ World Cup ဆိုရင်တော့ နိုင်ငံတွေနဲ့ ခွဲထားတာမို့ အပြာအသင်းက အီတလီ၊ အ၀ါအသင်းက ဘရာဇီး စသဖြင့် ခွဲလို့ လွယ်လို့ ကြည့်တတ်တာပါ။
သူကတော့ အင်္ဂလန်က Manchester United အသင်းကို အားပေးသူမို့ အသင်းသားတွေကို သူ့ ငယ်ပေါင်းကြီးဖော်၊ ဂေါ်လီတောက် ဖက် တွေအလား ခင်မင်နေတာပါ။ တခါက သူ့အသင်း ရှုံးသွားလို့ လောကကြီးမှာ နေရတာပဲ အဓိပ္ပါယ် မရှိတော့သလိုလို လာပြောနေလို့ နည်းနည်း ကြည့်ပေးလိုက်ရတယ်။ ဘယ့်နှယ့်ဟာကြီးပါလိမ့် လို့။ သူ အဖြစ်သည်းတာလေးတွေ ပြောပါတယ်။
အဲဒါနဲ့ ၁၉၉၉ ခုနှစ်က ရေးဖြစ်ခဲ့ပြီး ၂၀၀၀ခုနှစ် ဇန်န၀ါရီ ရွှေအမြုတေ မဂ္ဂဇင်းမှာပါခဲ့တဲ့ သူ့ဝါသနာအကြောင်း ရေးထားတဲ့ ကိုယ့်ရဲ့ ၀တ္တုတိုလေး တပုဒ်ကို အမှတ်တရ ပြန်ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။
ဘောလုံးနဲ့ အချစ်ဆုံး
ကျမ မှန်ထဲမှာ ကိုယ့်ပုံကိုယ်ကြည့်ပြီး စိတ်ညစ်ရမလို၊ ရယ်ပစ်ရမလို ဖြစ်နေတယ်။ ကြည့်စမ်း.. ကျမ ပုံက ဘောလုံးနဲ့တူသတဲ့။ ဒါဆို ကျမတို့ရဲ့ ဖူးစာရေးနတ်က ဘောလုံးကြီးပေါ့။ သူပြောပုံအရ ဆိုရင်လေ။
သူနဲ့ကျမ အိမ်ထောင်သက် ၃ နှစ်ကျော်ပြီ။ ရည်းစားဘဝက သူ့ပါးစပ်က ကျမကို ချစ်ကြောင်း၊ ကြိုက်ကြောင်း၊ လွမ်းကြောင်းပဲ ထွက်တယ်။ တစ်ခါမှ ဘောလုံးဆိုတာကို မကြားဖူးပါဘူး။ ကျမတို့နဲ့ ဘောလုံးက အဝေးကြီး၊ အဲဒီလို ထင်ခဲ့မိတာ။ အဲဒါ တက်တက်စင်လွဲတာပဲ။ မှားတယ်ဆိုတာတောင် သူ့လောက် အမှားမကြီးဘူး။
ဘောလုံးအကြောင်းကို ကျမ သူနဲ့ ရပြီး မင်္ဂလာဦးညမှာ စကြားရတာ။ ဒီလိုပါပဲ တစ်ယောက်အကြောင်း တစ်ယောက် ရောက်တတ်ရာရာ ပြောကြတာပဲ။ အိမ်အကြောင်း၊ သူငယ်ချင်းတွေအကြောင်း၊ ကိုယ့်အလုပ်အကြောင်း အစုံပဲပေါ့။ အဲဒီမှာ စကားစပ်မိသွားရော။ ဖြစ်ချင်တာ ပြောပါတယ်။ သူနဲ့ကျမက အထက်တန်းကျောင်းမှာ တစ်ကျောင်းတည်း အတူနေခဲ့ကြတာ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိဖူး၊ မြင်ဖူးတာ မဟုတ်ဘူး။ သူက ကျမထက် ၄ နှစ်နီးပါး ကြီးတော့ လူကြီးပေါ့။ သူကလည်း ကျမလို ချာတိတ်ကို ခေါင်းထဲမထည့်။ တခြား ရွယ်တူကောင်မလေးတွေ လှတာလောက်ပဲ သိနေ၊ ကျမကလည်း ကိုယ့်စိတ်ဝင်စားမှုနဲ့ ကိုယ်ပေါ့။ အနေသာကြီး။
ဒါပေမယ့် ဘယ်နေရာမှာ စကားက သွားဆုံသလဲဆိုတော့ သူက ကျောင်းမှာ လက်ရွေးစင်ဘောလုံးသမားပါတဲ့။ ဒီတော့မှ ကျမက အံ့သြတော့တာ။ သူက ကျမ မြင်ဖူးနေတဲ့ ဘောလုံးသမားတွေလို တုတ်တုတ်ခိုင်ခိုင် ထွားထွားကြိုင်းကြိုင်းမှ မဟုတ်ဘဲ။ ရုပ်က အနုပညာသမားရုပ်မျိုး။ နုနုဖတ်ဖတ်ရယ်။ ကျမကလည်း ကျောင်းက ဘောလုံးသမားတွေကို ပန်းစည်းဆက်ဖို့ ဆရာမတွေက တာဝန်ပေးတဲ့ လှပျိုဖြူတွေထဲမှာ ပါသပေါ့လေ။ ဒါပေမယ့် ဖူးစာက အချိန်မကျသေးလေတော့ ကျမ ပန်းစည်းဆက်ရတဲ့ ဘောလုံးသမားက သူမဖြစ်ဘဲ စိတ်ကူးယဉ်စရာ မကောင်းလောက်အောင် ကုလားကြီးပဲ ဖြစ်နေ၊ သူ ပန်းစည်းလက်ခံရတဲ့သူကလည်း မျက်နှာမှာ ပေါင်ဒါအဖွေးသားနဲ့ ချောကလက်မှိုတက်ပဲ ဖြစ်နေသတဲ့။ အဲဒီတော့မှ စသိရတာ၊ သူ ဘောလုံးဝါသနာ ပါတာကို..။
သူက သူ့အကြောင်းကို မျိုးနဲ့ ရိုးနဲ့ချီပြီး ဇနီးဖြစ်သူကို ပြောပြရှာတာပါ။ သူ့အဖေ ရဲ့ အဖေ သူ့အဘိုးကလည်း ဘောလုံးကို အသေအလဲ ဝါသနာကြီးတာတဲ့။ အသက် ၆ဝ ကျော်၊ ၇ဝ ကျော်ထိ ရောက်တာတောင် ရပ်ကွက်ဘောလုံးပွဲကအစ သူ့ကို လက်ဆွဲပြီး ရှေ့ဆုံးက သွားအားပေးတုန်းပါတဲ့။ တစ်ခါ ဘောလုံးပွဲမှာ ‘ညစ်’ကြလို့ အချင်းချင်း ချကြတော့ သူ့အဘိုးကို မထိခိုက်မိအောင် လူအုပ်ကြားထဲက ကာကွယ်ပြီးခေါ်ခဲ့ရတယ် ဆိုလားပဲ။ ကျမလည်း ပြုံးပြီး ငေးနားထောင်နေလိုက်တယ်။ ဒါက အင်ထရိုပေါ့နော်။
ပြီးတော့ သူ့အဖေ ဘောလုံးကို စိတ်ဝင်စားပုံ၊ သူ့ဦးလေးက ဘောလုံး အသည်းအမဲ ဖြစ်ပုံတွေကို စုံနေအောင် ပြောပြနေတာပါ။ ဒါမှ သူဘောလုံးစိတ်ဝင်စားတာဟာ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာတစ်ခုလို၊ ဥပမာ နေက အရှေ့ကထွက်ပြီး အနောက်ကို ပြန်ဝင်သွားတာလိုမျိုး၊ ကမ္ဘာက နေကိုပတ်နေတဲ့ ကိစ္စလိုမျိုး ကျမက သတ်မှတ်ရတော့မလိုပါ။ မျိုးနဲ့ ရိုးနဲ့ ချီနေတာဆိုတော့လေ။
အဲဒီဘောလုံးအကြောင်း ဆက်မပြောခင် ကျမတို့ နှစ် ယောက်အကြောင်းလေး နည်းနည်း ပြောပါရစေဦး။
ကျမနဲ့ သူနဲ့က ရုပ်သွင်ပြင်လက္ခဏာကစလို့ အကြိုက်ချင်းက အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်ပဲ။ သူက ပိန်ပိန်ဖြူဖြူ၊ ကျမက ညိုညို ဝဝ။ သူ့အကြိုက်ဆုံး အစားအစာက ဓညင်းသီးနဲ့ ကန်စွန်းရွက်ချဉ်ရည်ဖြစ်ပြီး ကျမ ခံတွင်းတွေ့တာက ပုစွန်ထုပ်နဲ့ ဝက်သားတို့မှပါ။ ဒီတော့လည်း ဆိုက်ဇ်ချင်းက မတူပါလေ ဆိုတဲ့အထဲကပေါ့။ ဒါပေမယ့် နှစ်ယောက်လုံး ဟာသတွေနှစ်သက်သူမို့ ကျမတို့ ၂ ယောက်ကိုတွေ့ရင် ကြံဖန်ရယ်ပြုံး နေတတ်ပြီး တချို့သူငယ်ချင်းတွေက စိတ်ချမ်းသာလို့ ဒီစုံတွဲကို အမြဲ မြင်ချင်ပါသတဲ့။
အစာစားရင် သူက အသားသိပ်မကြိုက်ဘဲ အရွက်ပဲ ရွေးစားတာများပြီး၊ ကျမ ကတော့ အရွက်စိမ်းစိမ်းမြင်တာနဲ့ သူ့ပန်းကန်ထဲ ထည့်လိုက်တော့တာပါ။ အဲဒါကိုကြည့်ပြီး ကျမ အဒေါ်လိုချစ်ရတဲ့ ကြီးကြီးတစ်ယောက်က “နင်တို့လင်မယားက ဟန်ကျလိုက်တာဟယ်၊ အစားအသောက်ဆို ဘာမှမပစ်ရဘူး။ တစ်ယောက်က အသားကြိုက်၊ တစ်ယောက်က အရွက်ကြိုက်” တဲ့။ ကြီးကြီးပြောတာ မှန်ပါတယ်။ အကြိုက်ချင်းတူရင် လုစားနေရဦးမှာ။ ခုတော့ ဒုက္ခအေးတာပေါ့။
ကျမနဲ့ချစ်တော့ သူက မေးတယ်။ ရှေ့ရေးကို တွက်ချက်ပြီး ကြိုတင် ပြင်ဆင်ထားချင်လို့ပါတဲ့။ ကျမကြိုက်တဲ့ အသုံးအဆောင်၊ အနေအထိုင်၊ အစားအသောက်တွေ အင်တာဗျူးပါလေရော။
‘တနှစ်ကို ဖိနပ်ဘယ်နှစ်ရံ ကုန်သလဲ’ တဲ့။ (ကျမလည်း ကိုယ်စီးတာတောင် မရေတွက်ထားမိပါဘူး) အင်း၊ သုံးလေးရံတော့ ရှိမှာပေါ့ဆိုတော့ သက်ပြင်းချရှာတယ်။ ဖိနပ်ကို ရှပ်တိုက်မစီးပါနဲ့တဲ့။ ပါးကုန်မှာစိုးလို့ ဖွဖွနင်းပါ ဆိုလားပဲ။ ကျမတော့ ငတက်ပြားလျှောက်နည်း ခြေဖျားထောက် လျှောက်ရမယ့်ပုံ။
အင်္ကျီက တစ်လ ဘယ်နှစ်ထည် ဝယ်သလဲတဲ့။ ပုံမှန်မရှိပါဘူးဆိုတော့ ဖျင်ကြမ်းကြီးဆို ခိုင်ခံ့သတဲ့။ ကျမတော့ ဖျင်ကြမ်းထူလပျစ်ကြီးပဲ မချွတ်တမ်း ‘ဒါဝတ်’ လုပ်ရမယ့်ပုံ။
‘အအေး’ ကရောတဲ့။ ဘာ အအေးကြိုက်သလဲတဲ့။ ကျမက သွက်လက်စွာ ထောပတ်သီးဖျော်ရည်လို့ ပြောတော့ သူက ဟိုးအဝေးကြီးကို ဆွေးဆွေးမြည့်မြည့် ငေးနေသေးတယ်။ ပြီးတော့မှ တွေးတွေးဆဆ ပြောတယ်။ တစ်လ တစ်ခွက်လောက်တော့ သောက်ပေါ့ တဲ့။ မှားမိပါတယ်နော်။
‘ဟင်း’ ရောတဲ့။ (အသံက သိပ်တိုးနေပြီ)။ ကျမက တကယ်လည်း အကြိုက်ဆုံးဖြစ်ပြီး သူ့ကို သနားတာလည်း ပါတာမို့ “ကြက်ဥကို ပြုတ် ပြုတ်၊ ကြော်ကြော် အကုန်ကြိုက်တာပဲ” လို့ ဖြေလိုက်တော့ သူက အားရပါးရပြုံးပြီး “ဒါတော့ မဆိုးဘူး” တဲ့ ကျမတို့ ချစ်တဲ့အချိန်က ကြက်ဥဈေးက တစ်လုံး ၃ ကျပ်ခွဲပဲ ရှိသေးတယ်လေ။
ကျမတို့ အိမ်ထောင်မပြုခင် plan ဆွဲတဲ့ အဲဒီအသုံးစရိတ် ဇယားလေးဟာ ရန်ကုန်တက္ကသိုလ်က ဦးယမ်းဘီလူး ဆိုင်သွားတဲ့ ကော်ရစ်ဒါနံရံလေးမှာ ဆေးအသစ်သာ မသုတ်သေးရင် ခုထိရှိဦးမှာပါ။ ကျမ တကယ်ပဲ လွမ်းမိပါတယ်။
အဲဒီလို စကားမျိုးတွေ၊ ချစ်ကြောင်း၊ လွမ်းကြောင်းတွေပဲ အပ်ကြောင်းထပ်ခဲ့တဲ့ ကျမတို့ ချစ်ခရီးဟာ အိမ်ထောင်ပြုအပြီးမှာတော့ ကျမ သူ့ကို သူ့လို ဘာလို့များ အင်တာဗျူး မလုပ်ခဲ့မိပါလိမ့်လို့ နောင်တရမိပါတော့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမသာ သူ့ကို မေးဖြစ်ခဲ့ရင် ဘာမေးမေး၊ ဘာဗျူးဗျူး သူ့ပါးစပ်က ဘောလုံး၊ ဘောလုံး ဆိုတာချည်းပဲ ကြားရမှာကို အသေအချာ သိနေလို့ပါပဲ။
ကျမ ဘောလုံးကို မမုန်းပါဘူး။ သူနဲ့ရမှ ဘောလုံးပွဲကို ပွဲကြည့်စင်မှာ ထိုင်ကြည့်ဖူးတဲ့သူပါ။ ကြည့်ခဲ့တဲ့အကြိမ်ပေါင်းလည်း မနည်းတော့ပါဘူး။ သူကြည့်ချင်တဲ့ပွဲဆိုရင် မိုးရွာရွာ၊ နေပူပူ သူနဲ့အတူ မခွဲမခွာ တကယ့်ကို စိတ်ပါဝင်စားစွာ လိုက်အားပေးခဲ့တာပါ။ ဒါပေမယ့် ကျမက ကစားနေတဲ့ ဘောလုံးပွဲထက် ဘောလုံးပွဲကြည့်ပရိသတ်ကို ပိုစိတ်ဝင်စားနေမိတာတော့ ဝန်ခံရမှာပဲ။ ပရိသတ်ကြီး ပျော်ရွှင်တာ၊ အားမလိုအားမရဖြစ်တာ၊ စိတ်ပျက်လက်ပျက် ဖြစ်တာတွေဟာ ကျမရင်ထဲကို လှိုင်းတွေလို တချိန်လုံး ဝင်ရိုက်ခတ် နေခဲ့တာ။ ကျမ လူအုပ်နဲ့အတူ အားပေးမိတယ်။ သီချင်းတွေ သံပြိုင်ဆိုမိတယ်။ ကြွေးကြော် အော်ဟစ်ခဲ့တယ်။ သူ့လက်ကို မြဲမြဲဆုပ်ကိုင်ရင်းပေါ့။
ဒါအပြင် တီဗီမှာလည်း ဘောလုံးပွဲတွေ အမြဲလာနေသေးတယ်။ တိုက်ရိုက် ထုတ်လွှင့်မှုဆိုရင် ညဘက်မှာ လာတတ်တာမို့ အင်မတန် အိပ်ရေးပျက်ပါတယ်။ အဲဒါ ဆိုရင်တော့ အပြင်မှာလည်း ဘောလုံး၊ အိမ်မှာလည်း ဘောလုံးဆိုတော့ ကျမလည်း ငြီးငွေ့ပြီ။ ညလယ်စာ ဘောလုံးပွဲကြည့်ရင်းစားဖို့ ခေါက်ဆွဲပြုတ်ဖြစ်ဖြစ် လုပ်ပေးပြီး ကျမ အိပ်တော့တာပဲ။ တခါတလေ ကျမ အိပ်မောကျနေတုန်း ကျမကိုလာနှိုးပြီး “ဟိုမှာ အာဆင်နယ်ကို ဂိုးသွင်းတော့မယ် မြန်မြန်လာ” တဲ့။ သူကြည့်နေရာက ကောင်းတဲ့အကွက်လေး လွတ်သွားမှာစိုးလို့ တကူးတက ခေါ်ရှာပါသေးတယ်။ ကျမသာ ပြန်အိပ်လို့လည်းမပျော်ဘဲ မူးတူးကြောင်တောင် ဖြစ်ကျန်ခဲ့ရတယ်လေ။
တခါတခါ ကျမလည်း ဘောလုံးပွဲကြည့်တဲ့ သူ့ဘေးမှာ ထိုင်ပြီး “အဲဒါ မိုက်ကယ်အိုဝင် မဟုတ်လား” လို့ မေးလိုက်မိရင် ကျမပါ စိတ်ဝင်စားလာပြီ ဆိုပြီး ဝမ်းသာအားရ ရှင်းပြပါလိမ့်မယ် တသီကြီး။ အင်အားဂျာနယ်၊ တက်လမ်းဂျာနယ် စတဲ့ အားကစားဂျာနယ်တွေရဲ့ အမာခံပရိသတ်ဟာ သူမှအစစ်ပေါ့။ တခါက သူချောတယ်ဆိုတဲ့ ဘောလုံးသမားတွေပြလို့ ကြည့်လိုက်တော့ အားလုံး ကတုံးတွေချည်း။ ပုံစံအမျိုးမျိုးနဲ့ ပိုစ့်ပေးနေကြတာပါ။ အားပေးတဲ့ လူတွေရှိတော့လည်း လုပ်ကြပေါ့လေလို့ပဲ စိတ်လျှော့ရပါသေးတယ်။
ကမ္ဘာ့ဘောလုံးဝိဇ္ဇာတွေ တော်ပုံ၊ အားကြိုးမာန်တက် ကြိုးစားခဲ့ရပုံ၊ အခု တစ်လမှာ ဝင်ငွေက ဘယ်လောက်တောင် မြင့်သွားပြီ၊ အသင်းပြောင်းကြေးက ဘယ်နှစ်သန်းတောင် ပေးရတာဆိုတာတွေကို အင်မတန် စိတ်ရှည်သဘောကောင်းတဲ့ ဆရာတစ်ယောက်လို နူးညံ့စွာ ရှင်းပြတတ်ပါတယ်။ ကျမကတော့ သူတို့အကြောင်းထက် သူတို့ဝင်ငွေတွေကိုပဲ အားကျနေမိပါတော့တယ်။ အဲဒီတော့ မခက်လား။
ကမ္ဘာ့ဖလားပွဲတုန်းကတော့ အဆိုးဆုံးပါ။ ပွဲစဉ်ဇယားတွေကို စနစ်တကျ မင်နီ၊ မင်ဝါ၊ မင်စိမ်းတွေတားပြီး highlight လုပ်ကာ အိပ်ရာခေါင်းရင်းမှာ ကပ်ထားပါတယ်။ ဒါ့အပြင် အနိုင်ရတဲ့၊ အမှတ်များတဲ့ ဟိုအသင်းနဲ့ဒီအသင်း တွေ့ကြတော့မို့ မြားတွေ ရှုပ်ယှက်ခတ်ပြီး ဟိုထိုးဒီထိုးနဲ့ ပြထားသေးတယ်။ ပြီးရင် ဒေးဗစ်ဘက်ကမ်းက ဘယ်လိုဂိုးသွင်းပြီး၊ ရော်နယ်ဒိုက လိမ်ခေါက်ပြီး ဘောလုံး ဆွဲပြေးသွားတာကအစ၊ မာလ်ဒိနီ ဘောလုံးဖျက်ထုတ်လိုက်တာ အဆုံးပါပဲ။ ကျမလည်း သူပြောတဲ့ နံမည်တွေများလွန်းတော့ ဒီဘက်နားက ဝင်ပြီး ဟိုဘက်နားက ထွက်သွားတော့တာပဲလေ။
ကမ္ဘာ့ဖလားပွဲပြီးတုန်းကတော့ ကျမလည်း ဝဋ်ကျွတ်ပြီကွဆိုပြီး အားရဝမ်းသာ လက်သီးလက်မောင်း တန်းရုံရှိသေး၊ ဥရောပခြေစစ်ပွဲတွေ လာတော့မယ်ဆိုလား၊ လာနေပြီ ဆိုလား၊ ဟိုကောင်တွေ အပြတ်ကျင့်ကုန်ကြပြီဆိုလား ပြောလို့ စိတ်ဓာတ်များတောင် ကျရပါသေးတယ်။
ဒီလိုပြောလို့ သူက အလုပ်မေ့ မယားမေ့တဲ့သူတော့ မဟုတ်သေးပါဘူး။ သူက ကျမကို အင်မတန် ဂရုစိုက်တတ်သူ တစ်ဦးပါ။ သူ့အကြောင်းစဉ်းစားရင် ကျမ စိတ်ကျေနပ်ခဲ့ရ၊ သူ့ရဲ့ အလိုက်သိမှုကို အံ့သြရ၊ သူ့ရဲ့ ဣနြေ္ဒရတဲ့ မြတ်နိုးမှုကို ကြည်နူးခဲ့ရတဲ့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ ဒီလိုပဲ ကျမကိစ္စ၊ ကျမဆန္ဒ၊ ကျမ လိုအပ်ချက်၊ ကျမ စိတ်ဝင်စားမှုတွေမှန်သမျှကို သူ့ခေါင်းထဲမှာ အမြဲထည့်ထားသလို ကျမခေါင်းထဲမှာလည်း သူပြောတဲ့ အနီကတ်၊ အဝါကတ်၊ ရှေ့တန်းတိုက်စစ်မှူး၊ နောက်တန်းညာအစွန်လူ၊ ခံစစ်နည်းဗျူဟာ၊ ခြေစစ်ပွဲ၊ အုပ်စုပတ်လည်ပွဲ၊ တစ်ဂိုးစီ သရေပွဲနဲ့ တစ်မှတ်စီ ခွဲယူလိုက်ရတယ်တို့ အစုံရောက်နေတာပေါ့ရှင်။
ကမ္ဘာ့ဖလား၊ ဥရောပအဖွဲ့ချုပ်ဖလား၊ အာရှဖလား၊ အရှေ့တောင် အာရှဖလား စတဲ့ ဖလားတွေလည်း ဒီလောက်ပေါများမှန်း ခုမှ သိရပါတော့တယ်။ ကျမက ရေဖလားလောက်သာ သိသူမဟုတ်လား။ တခါတလေတော့လည်း ငါတို့အကြိုက်ချင်း၊ ဝါသနာချင်းတူရင် အကောင်းသားလို့ စိတ်အားငယ်မိပါရဲ့။ ဘောလုံးကို သဝန်တိုကာ ကျမနဲ့ ဘောလုံး ဘယ်သူ့ပိုချစ်သလဲလို့ မေးရအောင်လည်း ဘောလုံးက သက်ရှိဆို ဟုတ်တုတ်တုတ်။ သူချစ်တဲ့ ဘောလုံးမှာ ကန်နေတဲ့သူတွေတောင် မိန်းမ ပါရှာတာ မဟုတ်ပါဘူးလေလို့ ရူးရူးပေါက်ပေါက် လျှောက်တွေးမိတဲ့အထိပါပဲနော်။
တနေ့ကတော့ သူက ကျမကို ချစ်စဖွယ် စေ့စေ့ကြည့်ပြီး ပြုံးနေတော့ ကျမက “ဘာပြုံးတာလဲ” လို့မေးကြည့်မိတယ်။ အဲဒီတော့ သူက ဘာပြန်ပြောလဲသိလား။ ကျမက ဝပြီး လုံးနေတော့ ဘောလုံးလေးနဲ့တူနေတယ်တဲ့။ ဒါကြောင့် သူပိုချစ်မိသွားတာ ဖြစ်မယ်တဲ့.. ကဲ။
ဒီလိုများဖြင့်လေ.. အင်မတန် လှကြပါတဲ့ အခုခေတ် မော်ဒယ်လ်တွေလို ပိန်ဖို့ဆိုတာ ဒီဘဝမှာ ရှိပါစေတော့။ ။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...