အလုပ်များနေတာရော၊ ဒီလို လ မျိုးမှာ အလုပ်များနေ အလုပ်ရှုပ်နေအောင် ကြိုးစားပြီး နေနေမိတာရောကြောင့် ဘလော့လေးကို လှည့်မကြည့်ဖြစ်တာ ကြာပါပြီ။ ဒီလိုလတွေဆို ရာသီဥတုက အေးအေး၊ လူ့ခံစားချက်က ခပ်ဆွေးဆွေးမို့ အသံတိတ်လို့သာ ကြိတ်မှိတ်နေချင်မိတာပါလေ..။
ဒါပေမဲ့ ဒီနေ့တော့ အဖေ့ ကဗျာလေး တပုဒ် တင်ချင်မိတယ်။ ကဗျာ နံမည်က အဖိုးကြီး စစ်တမ်း တဲ့။ ဖတ်ကြည့်ပါအုံး..။
အဖိုးကြီး စစ်တမ်း
အသက်ကလေးထောက်ခါမှ
အရက်ခွက်ကလေး တမြှောက်မြှောက်
ချက် အောက် စကားတွေ တပြောပြောနဲ့
တသောသောနေ
အမောဖြေတတ်တဲ့ အဖိုးကြီး။
သေရိပ်နီးခါမှ
စိပ်ပုတီး နာနာကိုင်
မဟာမြိုင် တောရမှီးပေမဲ့
ဒေါသကလဲ ကြီးတတ်သေးရဲ့
လောဘမီးကလဲ အရှိန်ဟပ်
အိမ်မကပ်နိုင်တဲ့ အဖိုးကြီး။
ရွာလယ်မှာ စွာကျယ် စွာကျယ်နဲ့
ငါဟယ် မင်းဟယ်
ငြင်းမယ် လို့ မကြံနဲ့
မင်းတို့က မမှန်
ငါသာလျှင် အမှန် လို့၊ ငါ မာန်တွေ တက်
ငါ အရိုးမျက်နေတဲ့၊ လက်တို အခက်ပို အမျက်သို နေတဲ့ အဖိုးကြီး။
ဒီလို အဖိုးကြီးမျိုးတော့ ဆောရီး..ဆောရီး
မဖြစ်ချင်ပေါင်။
ကြွေခါနီးတဲ့ သစ်သီးလို
အသက်ကြီးတော့လဲ အဖိုးကြီး ဖြစ်မှာပေါ့လေ..
ဒါပေမဲ့ ရိုးရိုးကုပ်ကုပ်
ပုဆိုးစုတ်ကလေးနဲ့ပဲဖြစ်ဖြစ်
ကိုယ့်အလုပ် ကိုယ်ဆင်း၊ ကိုယ့်ယာခင်း ကိုယ်စိုက်
လျှာအလိုမလိုက်၊ ဘာကိုမှ မကြိုက်
ပျော်ပိုက်ရာ တော်ထိုက်ရာနေ
စာပေလဲ မပြတ်၊ ကဗျာတွေလဲ ဖတ်
ရပ်သူ ရွာသားတွေနဲ့
ထပ်တူမခြား နေတတ်တဲ့
ဇရပ်ငုံးတို တာတမံ ခရိုး အနီးက
မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးပဲ ဖြစ်ချင်တယ်။
တင်မိုး
၁၄၊၉၊၂၀၀၃
ဒီနေ့တနေ့လုံး ဟင်းတွေ ချက်ပြီး မနက်ဖန်မှာ ဆွမ်းကပ်ဖို့ ချက်ပြုတ် ပြင်ဆင်နေပါတယ်။
အရင်က ကိုယ်ဟင်းချက်ရင် နံဘေးက စားပွဲလေးမှာ စာရေးရင်း စကားပြော အဖော်လုပ်ပေးတတ်တဲ့၊ သမီးဘာချက်ချက် ကောင်းတာပဲ ပြောတတ်တဲ့၊ မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးကို လွမ်းဆွတ်မိပါရဲ့..။
အလွမ်းခရီး ၃နှစ် ပြည့်ခဲ့ပြီလေ..။
ပြုသမျှ ကုသိုလ်အစုစု ကို ရောက်ရာဘ၀က သာဓု ခေါ်ပါ အဖေ..။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဒီနေ့ဆို မြန်မာပြည်မှာ လွတ်လပ်ရေးနေ့ပေါ့။
ကိုယ်တို့ငယ်ငယ်က လွတ်လပ်ရေးနေ့ဆို သိပ်ပျော်တာပါ။ အဲဒီတုန်းက ပျော်တာက သူ့ကျွန်ဘ၀က လွတ်မြောက်ခဲ့ရတဲ့ ကိုယ်တို့ဘ၀တွေကို သဘောပေါက် ခံစားပြီး တန်ဖိုးထား နားလည် လို့တော့ မဟုတ်သေးဘူး၊ ကလေးဆိုတော့ ကိုယ်တို့ ပျော်ပုံက တမျိုး။
လွတ်လပ်ရေးနေ့ဆို ကျောင်းတွေက ပိတ်တယ်၊ ကျောင်းစာတွေကနေ ခဏ လွတ်လပ်ရေး ရတဲ့သဘောပေါ့။ ကလေးဆိုတော့လဲ ကျောင်းပိတ်ရက်တွေသာ လက်ချိုး ရေတွက်ခဲ့ရတာပါလေ..။ နောက် ရပ်ကွက်တွေ မြို့နယ်တွေမှာ ပြေးပွဲ ပြိုင်ပွဲ ကစားပွဲတွေ လုပ်ကြတယ်။ ဒီကျောင်းပိတ်ရက်က ရိုးရိုးပိတ်ရက် မဟုတ်ဘူးလေ၊ ကစားပွဲတွေ မြိုင်တဲ့ ကျောင်းပိတ်ရက်ဆိုတော့ ပိုပျော်မိတာပေါ့။
ဇန်န၀ါရီ ရဲ့ မြူတွေ ဝေနေတဲ့မနက်ခင်း၊ နှစ်သစ်တခုရဲ့ စောစောစီးစီး မနက်ခင်းလေးမှာ လူတွေအားလုံး လန်းဆတ် တက်ကြွနေသလိုပဲ။ အိမ်ရှေ့မှာ မီးပုံလေး ဖိုပြီး၊ မီးထဲကို ထန်းပင်မြစ်လေးတွေ ထည့်စားပြီး ကိုယ်လဲ မီးပုံဘေးမှာ ကလေးဘာဝ ခုန်ပေါက် ဆော့ကစား နေမိတာ..။ ကိုယ်တို့ ငယ်ငယ်ကနေခဲ့တဲ့ ဆရာ ဆရာမတွေ နေတဲ့ ခြံဝင်းလေးမှာလည်း တခြားလမ်းကလူတွေနဲ့ စုပြီး ကစားပွဲလေးတွေ လုပ်ခဲ့ကြပါတယ်။
ညဖက်ကတည်းက လူကြီးတွေက မီးတွေထွန်းပြီး ပြိုင်ပွဲအတွက် ပြင်ဆင်နေကြပြီ။ ကားလမ်းတွေ ပိတ်ပြီး လမ်းပေါ်မှာ မျဉ်းအဖြူတွေ ဆွဲပြီး ထုပ်ဆီးတိုး တမ်း တို့ ဖန်ခုန်တမ်းတို့ ကစားကြ ပြိုင်ကြတယ်။ အနိုင်ရသူကို ဆုပေးဖို့ ဆုတွေ ထုပ်ကြ ပိုးကြတယ်။ ဆုတွေကလဲ ကြီးကြီးမားမား များများစားစား မဟုတ်ပေမဲ့ ဒါတွေကိုပဲ ခိုးကြည့်ပြီး ရင်ခုန်ခဲ့ရတာ..။
ကိုယ်လဲ ဘယ်နေမလဲ။ ကစားပြိုင်ပွဲတွေမှာ ကိုယ်တို့မောင်နှမ နှစ်ယောက် ၀င်ပြိုင်ခဲ့သေးတာပါ။ ဆုကတော့ ၅ပွဲလောက် ကစားမှ တခု လား ရဖူးတာပါ။ ဒါတောင် ဒုတိယ ဆုပါ။ ပြေးပွဲတွေမှာ ကလန်ကလားနဲ့ နောက်ဆုံးက ကျားကုတ်ကျားခဲ ပြေးနေတာမျိုး ကိုယ့်ကို မြင်ရမှာ..။ ဒါပေမဲ့ ပျော်တာကိုတော့ တားမရဘူး။ ဆုမရလဲ ကိစ္စ မရှိ၊ ကစားရရင် ကျေနပ်ပြီ။ သူငယ်ချင်းတွေနဲ့ ဟိုပြေး ဒီပြေးလုပ်နေရရင်ကိုပဲ ပျော်နေပြီ။
လွတ်လပ်ရေးနေ့တိုင်း အမေက အိမ်မှာ ကောက်ညှင်းပေါင်း ပေါင်းတတ်သေးတယ်။ ကောက်ညှင်းပေါင်း ကို အိုးအကြီးကြီးနဲ့ ပေါင်းတယ်။ ငချိတ် တဖက်၊ ကောက်ညှင်းဖြူ တဖက် ပန်းကန်ပြား အကြီးကြီးထဲ ထည့်ပြီး အုန်းခြစ်ဖြူဖြူဖွေးဖွေးလေးတွေ ဖြူးထားရင် မွှေးနေတာပဲ။ ငါးရံ့ခြောက်လေး၊ ပဲပြုတ် ဆီဆမ်းလေးကို ဘေးမှာ ပုံထားရင် ကိုယ်က တစွတ်စွတ် လက်နဲ့ဆုပ်ပြီး အလုံးလေးတွေ လုပ်၊ စားတတ်တယ်။
လွတ်လပ်ရေးနေ့တိုင်း အဖေ့မိတ်ဆွေတွေ အိမ်မှာ ကောက်ညှင်းပေါင်း လာစားကြတယ်။ အိမ်ရှေ့မှာ ၀ိုင်းထိုင်ပြီး ကောက်ညှင်းပေါင်းလေးနဲ့ ရေနွေးပူပူလေး မှုတ်ပြီး စကားတပြောပြော စားကြတယ်။ ကဗျာတွေ သူတို့ ရွတ်ကြတယ်။ ရီသံတွေ တသောသော ကြားရတယ်။ အဖေ့ကို ပြုံးပြုံး ပြုံးပြုံး နဲ့ လူအုပ်ကြားထဲကနေ မြင်ရတတ်တယ်။ အမေ့ကိုလည်း ကြည်ကြည်နူးနူး လုပ်ကိုင်ပေးနေတာ တွေ့ရတတ်တယ်။
ဒါက ကိုယ့်ငယ်ဘ၀ မိစုံ ဖစုံ နဲ့ ဖြတ်သန်းခဲ့ရတဲ့ လွတ်လပ်ရေးနေ့တွေပေါ့။
နောက်တော့ အရွယ်တွေရောက်လို့ လွတ်လပ်ရေးနေ့ အဓိပ္ပါယ်ကို စာအုပ်တွေထဲမှာ ရှာဖွေ ကြည့်မိတတ်ပြီ။ ၁၉၉၀မှာ အမေ ဆုံးပါးသွားတော့ လွတ်လပ်ရေးနေ့တွေမှာ ကောက်ညှင်းပေါင်း ပေါင်းကျွေးမဲ့သူလဲ မရှိတော့။ နောက်..အဖေ့ကို ညဉ့်ငှက်ဆိုးတွေ သုတ်သွားတဲ့ ည..။ လွတ်လပ်ရေးနေ့တွေကို ကိုယ်တို့ မောင်နှမတွေချည်း တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းခဲ့ကြတယ်။
ကန္တာရ နှစ်တွေ ဖြတ်အပြီး အဖေ လွတ်လာတဲ့နောက် သားအဖ အတူနေခဲ့တဲ့ အချိန်တွေမှာ စကားတွေ ပြောဖြစ်ကြတယ်။ ရောက်တတ်ရာရာ ကြုံရာကျပမ်းပေါ့။ တခါကတော့ ကိုယ်က မေးခွန်းတခု မေးမိတယ် ထင်ပါရဲ့။ “အဖေ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မနေရတဲ့၊ အထဲက အချိန်တွေမှာ မှတ်မှတ်ရရ ဘယ်အချိန်ကို စိတ် အထိခိုက်မိဆုံးလဲ” လို့..။
“အဲဒီနေ့က မနက်အစောကြီး အဖေ့ကို သူတို့ လာနှိုးတယ်။ မနက် ၅နာရီလောက် ဖြစ်မယ် ထင်တယ်။ အဖေကလဲ အဖေ့ကို လွှတ်တော့မှာမို့ လာခေါ်တယ် ထင်မိတာ။ ကပျာကသီပဲ ထ လိုက်လာခဲ့တာ။ နောက်မှ အချုပ်ပြောင်းတာမှန်း သိရတယ်။”
“အဖေ့ကို ချုပ်ထားတာ ကျောက်တံတား ရဲစခန်းမှာလေ..။ သူတို့က အဖေ့ကို လူတွေ မနိုးခင် အချုပ်ပြောင်းတာ။ နံမည်ကြီးလူဆိုးတွေကို ထားတဲ့ ဘားလမ်းက စတီးဝပ်အချုပ်ကို ပို့တာ။ ကဗျာဆရာကို ကဗျာရေးလို့ ထောင်ချမယ်လို့ တရားစွဲပြီး အင်းစိန်ထောင်ကို ပို့ဖို့ပေါ့။ ရမန်ယူဖို့ ဘားလမ်းအချုပ်ကို ပြောင်းထားတာပဲ။”
“အဖေ့ကို ခေါ်ဖို့ ကားက အဆင်မပြေဘူးထင်ပါရဲ့။ လမ်းလျှောက်ပဲ ခေါ်သွားတော့ကွာ တဲ့။ အဖေရယ်၊ နောက်ထပ် အချုပ်သားနှစ်ယောက်ရယ်၊ ရဲသား နှစ်ယောက်ရယ်။ ကျောက်တံတား ရဲစခန်းကနေ ဘားလမ်းကို လမ်းလျှောက်သွားရတယ်။”
“လမ်းပေါ်မှာ လူတွေကလဲ ရှင်းလို့..။ ကားတွေလဲ ရှင်းနေတာပဲ။ အဖေ့လက်ကို သူတို့ ကြိုးတွေ တုပ်ချည်ထားကြတယ်။ မနက်က စောစောစီးစီး၊ အေးက အေးသနဲ့။ အဖေတို့ ခပ်ဖြေးဖြေးပဲ လျှောက်သွားကြတယ်။ အဲဒီအချိန်မှာ ဆူးလေဘုရားဘေးက အဖေတို့ ဖြတ်သွားရတာ သမီး။”
“ဆူးလေဘုရားကြီးက မီးတွေ ထိန်ထိန်ညီးနေတာ သပ္ပါယ်လိုက်တာ သမီးရယ်။ မြတ်စွာဘုရားကို ကြိုးတွေ တုပ်ထားတဲ့ လက်နှစ်ဖက်နဲ့ အဖေ လမ်းလျှောက်ရင်း ရှိခိုးလိုက်ပါတယ်။ အဲဒီအချိန်မှာ အဖေ သတိရလိုက်တာက ဒီနေ့ဟာ လွတ်လပ်ရေးနေ့ ဆိုတာပါပဲ။ အဖေ က ကဗျာဆရာ၊ ကျောင်းဆရာ ပါ သမီး။ အဖေ မျက်ရည်ကျမိတယ်။ အော်..မြန်မာပြည်ကြီး လွတ်လပ်ရေးရတဲ့ နှစ်ပတ်လည်နေ့မှာ ငါ မလွတ်လပ်ပါလား လို့..။ အထဲမှာ နေရတဲ့ အချိန်တွေထဲမှာ အဲဒီအချိန်လေးဟာ အဖေ စိတ်အထိခိုက်ဆုံး အချိန်ပါပဲ” တဲ့။
ကိုယ်လဲ နားထောင်ရင်း မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလို့..။ အဖေ့ကိုယ်၀၀ကြီးကို ဖက်ထားမိတယ်။ ကိုယ်တို့မိသားစုတွေ မပါဘဲ အဖေတယောက်တည်း ဖြတ်သန်းလိုက်ရတဲ့ လွတ်လပ်ရေးနေ့ကို ရင်ထဲမှာ ဆို့မိလို့..။
ကိုယ့်ဘ၀မှာ အဖေ မျက်ရည်ကျတာ မမြင်ဖူးဘူး။ အဖေက အနုပညာသမားမို့ ခံစားလွယ်၊ ထိခိုက်လွယ်တတ်လို့ စိတ်ပျော့ပြောင်းသူဆိုတာ မှန်ပေမဲ့ အဖေ့ မျက်ရည်ကိုတော့ ကိုယ် မမြင်ဖူးခဲ့ဘူး။ အဖေ မျက်ရည်ကျတယ်ဆိုတာ ဒါ ပထမဆုံး အဖေ ပြောဖူးတာပါပဲ။ ပြန်ပြောတဲ့အချိန်မှာလဲ မျက်နှာက မှုန်မှိုင်းနေပေမဲ့ မျက်ရည် မကျခဲ့ပါဘူး။ အဖေ့ရင်ထဲမှာတော့ ကိုယ် မသိတတ်နိုင်ဘူးလေ..။
ဘာရယ်မဟုတ်၊ လွတ်လပ်ရေးနေ့မှာ လွမ်းမိ တွေးမိတာလေးတွေ ရေးကြည့်တာပါ။ ဆူးလေ ဘုရားလမ်းပေါ်မှာ ကျခဲ့တဲ့ မျက်ရည်တွေ ခြောက်သေးရဲ့လား လို့တော့ ကိုယ် ဆက် မတွေးချင်တော့ပါဘူးလေ..။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဘလော့လေးကို နှစ်သစ်ကြိုတဲ့အနေနဲ့ အကျီ င်္လှလှလေး ၀တ်ပေးလိုက်ပါတယ်။ အပြောင်းအလဲလေးလဲ ဖြစ်၊ ကောင်းမွန် လှပတဲ့ ရှေ့ရေးကိုလဲ မျှော်လင့်မိလို့ပါပဲ။
ကိုယ်က ကံ့ကော်တောမှာ မွေးခဲ့သူမို့ ကံ့ကော်ပန်းလေးနဲ့ အလှဆင်ချင်မိတယ်။ အဲဒါကို စိတ်ရှည်ရှည်နဲ့ လိုချင်တဲ့ပုံစံအတိုင်း ဒီဇိုင်းရေး၊ စာလုံးလေးတွေ ပြောင်းထည့် အလှဆင်ပေးတဲ့သူများက ကာတွန်း ကိုဝင်းထွန်း နဲ့ ကိုမင်းကျော် တို့ပါ။ သူတို့က ကွန်ပျူတာနဲ့ web page ပညာ ကျွမ်းကျင်သူတွေပေါ့။ သူတို့ကို ဒီနေရာကနေ ကျေးဇူး မှတ်တမ်းပြုပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ နှစ်သစ်ကို ကြည်ကြည်နူးနူး ရွှင်ရွှင်လန်းလန်း ကြိုလိုက်ပါပြီ။ နှစ်သစ်မှာ မြန်မာပြည်သူ ပြည်သားတွေ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ လွတ်လပ်ပြီး တရားမျှတတဲ့ လူ့ဘောင်သစ်တခုကိုလဲ အတူ ၀ိုင်းပြီး တည်ဆောက်နိုင်ပါစေလို့ မျှော်လင့် ဆုတောင်းမိပါတယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဒီမနက် အီးမေးလ်ဖွင့်ကြည့်တော့ အရင် သင့်ဘ၀မဂ္ဂဇင်းက အယ်ဒီတာ ဆရာမောင်သစ်ဆင်းဆီက နီကိုရဲအကြောင်း ရေးထားတဲ့ အီးမေးလ်တစောင် ရောက်နေပါတယ်။ စာထဲမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ပါတာမို့ ဆရာ့ကို ခွင့်တောင်းပြီး စာလာဖတ်သူများကို ပြန် မျှဝေလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။
ချိုသင်းရေ..
နီကိုရဲ ဆုံးတဲ့အကြောင်း နင့်ဆီက အီးမေး ရမှ သိရတယ်၊ သိရတာကလည်း မနေ့မနက် အိပ်ယာက အထ၊ အီးမေးဖွင့်ကြည့်မှ သိရတာပါ၊ နီကိုရဲ ဆုံးပြီလို့ ဖတ်လိုက်ရတာနဲ့ ခေါင်းထဲမိုက်ခနဲ ဖြစ်သွားရ ပါတယ်၊ ဖြစ်လို့သာ ဖြစ်တာပါဟယ်၊ တကယ်တော့ ကြိုတင်စိုးရိမ်မိ ပြီးသားပါ၊ တာရာမင်းဝေ ဆုံးပြီ ဆိုကတည်းက နီကိုရဲ ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်၊ မအောင်မြင်ခဲ့ပါဘူး၊ သူ ဖုန်းမကိုင်ဘူး။
ဟုတ်ပါတယ်၊ သူဆုံးရတာ အရက်ကြောင့်ဖြစ်ဖို့ ပိုများပါတယ်၊ အဲဒါကြောင့်ပဲ ငါ့မှာ အပြစ်ရှိသလို ခံစားရတာပါ၊ ဘာကြောင့်လည်းဆိုတော့ သူ အရက်စသောက်ဖြစ်အောင် ဖန်တီးသူတွေထဲမှာ ကိုယ်က ပထမဖြစ်ခဲ့တယ်လို့ ခံစားမိလို့ပါ။
နင်ရဲ့ ဘလော့ထဲမှာလည်း ဖတ်ရပါတယ်၊ အယ်ဒီတာတွေကို ခင်မင်အောင် လဘက်ရည်တိုက်၊ အရက်တိုက်ခဲ့ပြီးပေါင်းခဲ့တယ် လို့ သူပြောခဲ့တယ်ဆိုတာ။ တခြား အယ်ဒီတာတွေတော့ မပြောတတ် ပါဘူးဟယ်။ အဲဒီတုန်းက ( နီကိုရဲ စာရေးခါစက ) ဟန်သစ်အယ်ဒီတာ ကိုတင်ကိုအောင် ကပဲ အမြဲလိုလို ညနေပိုင်း ဒကာတော် ဖြစ်လေ့ရှိခဲ့ပါတယ်။ တခါတခါတော့ ကိုခင်ဇော် ( ဆရာချစ်ဦးညိုရဲ့ ညီ ) ပေါ့၊ အဲဒီတုန်းက နီကိုရဲ က အမြည်းစားသူများ စာရင်းမှာ ပါခဲ့တာပေါ့၊ သူအရက် မသောက်တတ်သေးဘူး ချိုသင်းရ။
မောင်သစ်ဆင်းကလည်း အဲဒီတုန်းက အိမ်ထောင်ကျခါစ ရန်ကုန်ရောက်လာပြီး ဟန်သစ်မှာ ဝင်ကူ နေတုန်းပေါ့၊ ဝင်ကူတယ်ဆိုတာကလည်း စာမူဖတ်ရုံ၊ ထိန်းရုံ၊ စာပေစိစစ်ရေးက လဘက်ရည်သောက် ဖိတ်ကြား (ခေါ်ငေါက်တယ်ဆိုတာ နင်သိပြီးသားပါ) တဲ့အခါ ကိုခင်ဇော်နဲ့အတူ ခန့်ခန့်ကြီး သွား ရောက်ပြီး သူတို့ ဒါနမြောက်အောင်ကူညီခဲ့တဲ့ အဆင့်ပဲရှိပါတယ်။
အဲသလို ကူညီနေရင်းနဲ့ တစ်နေ့တော့ တာမွေလမ်းကျယ် ၁၃၅ လမ်းက ဟန်သစ်မဂ္ဂဇင်းရဲ့ ဘူတ နေရာ မဂ္ဂဇင်းတိုက်ကို ပုဂ္ဂိုလ်ကလေး တစ်ယောက်ရောက်ရှိလို့ လာပါတယ်။ ( နေဦး- ဘူတနေရာ လို့ပြောရတာက မူလနေရာမဟုတ်လို့ပါ၊ အဲဒီတုန်းက ဟန်သစ်မဂ္ဂဇင်းရဲ့ မူလနေရာဟာ ဘားလမ်း မွတ်စလင်ဆေးရုံအောက်က လဘက်ရည်ဆိုင်ဘေး လှေကားထစ်တွေပါပဲ။ အဲဒီနေရာမှာပဲ ညနေပိုင်း အချိန်တွေမှာ စာပေးစာယူ၊ သတင်းပေးသတင်းယူ၊ သရုပ်ဖေါ်ပုံအပေးအယူ စတဲ့ မဂ္ဂဇင်းတို့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ကြရတာပေါ့၊ ဒါ ဟန်သစ် တစ်ခုတည်းမဟုတ်ပါဘူး။ အဲဒီတုန်းက မဂ္ဂဇင်း အတော်များများ ဒီလိုပဲလုပ်ကိုင်ခဲ့ကြရတာ မဟုတ်လား၊ အခုတော့ မပြောတတ်ဘူးပေါ့ဟယ်။ ဘာပဲဖြစ်ဖြစ် ငါတော့ အဲဒီဘားလမ်းက လှေကားထစ်တွေကို အခုထိ လွမ်းသေးသဟဲ့ ၊ တို့ နောက်ဆုံးလုပ်ခဲ့တဲ့ သင့်ဘဝမဂ္ဂဇင်းတောင် အဲဒီနေရာနဲ့ လွတ်ကင်းခဲ့တာမှ မဟုတ်ဘဲ နော )
အင်း --မြန်မာပြည်အကြောင်းပြောရင် ကွင်းစ ကွင်းပိတ်တွေနဲ့ ပြောနေရတော့တာပဲနော်။ ထားပါတော့ဟယ်၊ ဟန်သစ်ရဲ့ ဘူတနေရာကို အဲဒီသူငယ်ကလေး ရောက်လာတာက သူ့စာမူတွေ အခြေအနေ လာရောက်စုံစမ်းတာပါ။ ကလောင်နာမည်က နီကိုရဲ ဆိုပဲ၊ ငါလည်းတစ်ခါမှ မကြားဖူးဘူး။ ဟန်သစ်ကို သူပို့ခဲ့တဲ့ စာမူတွေက ငါ ဟန်သစ်ကို မရောက်ခင်ကတည်းက ဆိုပါတော့၊ ဒါနဲ့ စာမူအဟောင်းပုံတွေ ရှာဖွေ လှန်လှောကြည့်ပြန်တော့လည်း သူ့စာမူတွေကို မတွေ့မိဘူးဟဲ့ ၊ (အမှန်က ကိုတင်အောင်ဆီ ရောက်နေပြီး မသုံးသေးတာ) ဒါနဲ့ သူ့ကို နီးရာ လဘက်ရည်ဆိုင် ခေါ် သွားပြီး ( အချိန်တွေကလည်း များနေသဗျ - အဲဒီတုန်းက) အာရိုက်ရတာပေါ့လေ၊ အာရိုက်ရင်း နဲ့ ဒီသူငယ်ဟာ အတော်လေး အာဝဇွန်းကောင်းတယ်ဆိုတာ သတိပြုမိတယ်၊ နိစ္စဓူဝအကြောင်း လေးတွေကိုပဲ သူက စိတ်ဝင်စားအောင်ပြောတတ်တယ်၊
အဲဒီနောက် ကိုတင်ကိုအောင်နဲ့ စကားစပ်မိရင်း နီကိုရဲ အကြောင်းမေးမိတော့ သူက နီကိုရဲ ရဲ့ စာမူ တွေ ထုတ်ပြပါတယ်၊ ငါ ဖတ်ကြည့်တော့ ပြောပလောက်အောင်မဟုတ်ပါ (ငါ့အထင်)။ ဟိုတုန်းက ရှုမဝ (ချစ်ကိုယ်တွေ့) တွေမျိုးလောက်ပဲ ခံစားရပါတယ်၊ ဒါပေမဲ့ သူ့မှာရှိတဲ့ အရည်အချင်းက ဒိထက် မကဘူးလို့ ငါထင်နေတယ်။
တစ်နေ့တော့ ငါတို့ နိစ္စဓူဝ အပန်းဖြေရာ တာမွေက စခန်းတစ်နေရာကို သူ လိုက်လာပါတယ်။ လိုက်လာပေမဲ့ အရက်မသောက်ပါ။ ( မသောက်တတ်ရှာသေးပါ သို့မဟုတ် မသောက်သေးပါ။ ရှိသမျှ အမြည်းတွေ သူတစ်ယောက်တည်း ကုန်အောင်စားတဲ့အခါ ကိုတင်ကိုအောင်က ပြုံးပါတယ်။ ကိုခင်ဇော်က မျက်လုံးပြူးပါတယ်၊ ငါ ကတော့ ဒီသူငယ်ကို ဘယ်လိုရင့်ကျက်အောင်လုပ်ရပါ့မလဲ စဉ်းစားပါတယ် ( အမှန်က ကိုယ့်ထက် သူက လောကရေးရာမှာ ရင့်ကျက်နေပြီးမှန်း မသိခဲ့ပါ။ သူက အဲဒီအချိန်မှာ သင်္ကန်းကျွန်း မဝတ မှာ ရုံးစာရေးလုပ်နေပြီး တောင်ဒဂုံ အပြောင်းအရွှေ့ ကဏ္ဍရဲ့ ထိတ်လန့် သည်းဖို နဲ့ရင်နင့်စရာ အတွေ့အကြုံတွေကို လက်တွေ့မျက်တွေ့ ရင်ဆိုင်ခဲ့ရပြီးပြီ။ အဲဒါတွေချရေးထားဖို့ ပြောခဲ့ဖူးပါ တယ်၊ ရေးမယ်လို့ သူကတိပြုခဲ့ပါတယ်၊ ရေးပြီးမပြီးမသိပါ) အဲသလို သူလိုက်လိုက်လာရင်း နဲ့ သူက သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးကို ဖွင့်ဖွင့်ပြတတ်ပါတယ်၊ ထွန်းအိန္ဒြာဗို့ အရင် ရှစ်နှစ် လောက် စောပြီး ထုတ်လွှင့်ခဲ့တာပါ၊ သူရဲ့ ‘ရည်းစားဦး’ စီးရီး က အတော်ရယ်ရတယ်၊ သူက လွမ်းလွမ်းဆွေးဆွေးပြောနေလေလေ ရယ်ရလေလေပါပဲ။ တချို့ဟာတွေကတော့ သူ့ကိုယ်ပိုင် ထိုးဇာတ်တွေဖြစ်ဖို့များပါတယ်။
ချိုသင်းရေ.. ဒီနေရာမှာတစ်ခုဖြတ်ပြောပါရစေ၊ နိုင်ငံတက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်တဲ့အခါ ဆိုင်ရာ စစ်ဆေးချက်တွေအပြင် အက်ဆေး အနည်းဆုံးတစ်ပုဒ် တင်ရတယ်မဟုတ်လား။ အက်ဆေး သို့မဟုတ် ငါတို့သိကြတဲ့ စာစီစာကုံး ဆိုတာ သူတို့ဆီမှာကတော့ ရေးသူရဲ့ ပင်ကိုယ်ဗီဇအရည်အသွးကို အကဲဖြတ်တဲ့ အရာပါပဲ။ ဥပမာ ချိုသင်းက ကြောင်မလေးမိဖြူ အကြောင်း အက်ဆေးရေးတယ် ဆိုပါစို့၊ မြန်မာ ကျောင်းသားကျောင်းသူအများစု ရေးရိုးထုံးစံအရ ဆိုရင်တော့ - ကျမတွင် ကြောင်မလေး တစ်ကောင်ရှိပါသည်၊ သူ့အမည်မှာ မိဖြူဖြစ်ပါသည်၊ မိဖြူသည် ငါးကြော်ကို အလွန်ကြိုက်ပါသည်၊ ထို့ပြင် သူသည် ကြွက်ခုတ်ခြင်းဖြင့် ကျမတို့ မိသားစုကို ကူညီပါသည်၊ ကျမသည် မိဖြူကို အလွန် ချစ်ပါသည် --- စသည်ဖြင့် ရေးလေ့ရေးထ ရှိကြတယ် မဟုတ်လား၊ ဒီလိုအက်ဆေးဆိုတာတွေမျိုးမှာ ရေးသူရဲ့ ပုံရိပ်၊ ရေးသူရဲ့ ရှုထောင့်၊ ရေးသူရဲ့  အမြင်တွေကို မတွေ့ရသလောက်ပါ။
ဒါပေမဲ့ နိုင်ငံတကာ မှာကတော့ အက်ဆေးဆိုတာ ရေးသူကို ရှာဖွေကြည့်ရှုတာဖြစ်ပါတယ်။ ကြောင်မလေးမိဖြူအကြောင်း ရေးတယ်ဆိုရင် မိဖြူအကြောင်းထက် ရေးသူအကြောင်းကို ပိုပြီး စိတ်ဝင်စားတာပါ၊ ချိုသင်းရေးတဲ့ ကြောင်မလေးမိဖြူအကြောင်းကတဆင့် ချိုသင်းကို ကြည့်တာပါ၊ ချိုသင်းရဲ့ ရေးပုံရေးနည်း၊ တွေးထောင့်၊ မြင်ထောင့် က အစ စကားလုံး အသုံးအနှုန်း၊ ဝါကျဖွဲ့ပုံ တင်ပြပုံတွေကနေ ချိုသင်းရဲ့အဆင့်ကို လေ့လာ အကဲဖြတ်တာ ဖြစ်ပါတယ်။
ကိုယ်တို့စခန်းချတဲ့နေရာတွေကို ( ဒီလိုအသုံးအနှုန်းတွေအပေါ် နောက်လူငယ်များ အထင် မကြီးကြစေလိုပါ။ အလကားဟာတွေပါ လူငယ်တို့..။ မင်းတို့ရှေ့က လူတချို့ရဲ့ အမှားတွေပါ။ ဒီကနေ့ လူငယ်တွေ အထင်ကြီးလိမ့်မယ်ရယ်လို့လည်း မယူဆပါ ) နီကိုရဲ လိုက်ပါလာတတ်တဲ့အခါ သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးတွေ ဖွင့်ဖွင်ပြတဲ့အခါ သူ့ရဲ့ စီးရီးတွေထဲကနေ သူ့ကို လှမ်းလှမ်းမြင်ရလေ့ရှိပါတယ်။
တစ်နေ့တော့ အိပ်တန်း ပြန်ရောက်ကျတဲ့ ညတညမှာ ကိုတင်ကိုအောင်က ငါ့ကိုမေးတယ်၊ နီကိုရဲ ကို ဘယ်လိုမြင်သလဲပေါ့၊ တောက်မဲ့မီးခဲ တရဲရဲပါပဲ လို့ပဲ ချက်ချင်းပြောလိုက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဆရာက စာရေးတဲ့နေရာမှာသာမက တခြားနေရာတွေမှာပါ ရဲနေတော့တာကိုး။ ပထမ အရက် နည်းနည်းပါးပါး လိုက်သောက်လာတယ်၊ ကိုယ်တို့က မသောက်တတ်ဘဲနဲ့ လိုက်သောက်နေစရာ မလိုကြောင်း တားမြစ်ခဲ့ကြပေမဲ့ အရက်ဝိုင်းတို့ရဲ့ ထုံးစံအတိုင်း ဒီစကား အရာမထင်ခဲ့ပါ၊ နောက်ဆုံးမတော့ သူ့ကို တယောက်တည်း အရက်သောက်နည်းတောင် ငါက သူ့ကိုသင်ပေးမိခဲ့သဟဲ့ ချိုသင်းရဲ့..။
ရေးဖေါ်ရေးဖက်ချင်းအနေနဲ့ရော အယ်ဒီတာ ( ဒီဝေါဟာရ နဲ့ ငါနဲ့ ထိုက်တန်တယ်လို့ကို အခုထိ မထင်မိပါ) တစ်ယောက်အနေနဲ့ပါ နီကိုရဲ ကို ငါအများကြီး မျှော်လင့်ခဲ့ဖူးပါတယ်။ အနုပညာမှာ ဟာသရသ ဟာ သိပ်ခက်တယ် မဟုတ်လား၊ ဟာသစာရေးဆရာဆိုတာ တခေတ်တယောက် ပေါ်ပေါက်ဖို့ မလွယ်ပါ၊ အဲဒီထဲမှာမှ ခေတ်စနစ်ရဲ့ အခြေအနေကို သရော်လှောင်ပြောင်တတ်ဖို့က ပိုခက်ပါတယ်၊ အခက်ဆုံးကတော့ လူ့ရဲ့စရိုက်တွေ၊ သဘော သဘာဝတွေကို သရော်လှောင်ပြောင်နိုင်တဲ့ ဟာသအရေးအသားဟာ အခက်ခဲဆုံးပါ၊ နီကိုရဲ ကို အဲသလောက်အထိ မျှော်လင့်ခဲ့ဖူးပါတယ်၊ ဒါကိုလည်း သူ သဘောပေါက်တယ် ထင်ပါတယ်၊ သူ့ရဲ့နောက်ပိုင်းအရေးအသားတွေမှာ အဲဒီဘက်ကို တိမ်းညွတ် လာသလားပဲ။
နီကိုရဲအတွက် နင့်ရဲ့လွမ်းစာ၊ ဆရာမ မေငြိမ်းရဲ့ လွမ်းစာတွေ ဖတ်ရပါတယ်။ နင်တို့နဲ့အတူ ကြေကွဲရပါတယ်။ ငါကတော့ လွမ်းစာတွေ မရေးချင်ဘူးဟယ်။ တမ်းစာ တွေပဲ ရေးချင်ပါတယ်။ သွားလေသူ ဆရာ့ဆရာတွေရဲ့ အရည်အသွေးတွေ၊ တန်ဖိုးတွေကို စနစ်တကျ ဖေါ်ကျူးတဲ့ တမ်းစာမျိုးတွေပေါ့။ ဒါပေမဲ့ အဲသလို တမ်းစာ မျိုး ပီပီပြင်ပြင် ရေးနိုင်လောက်အောင်ကလည်း ကိုယ့်မှာ ဝမ်းစာ က မရှိဘူးဟဲ့၊ ဒီတော့ နင့်ဆီကိုပဲ နီကိုရဲ နဲ့ ပတ်သက်ပြီး ကွမ်းစာ ရေးလိုက်ရပါတယ်။ ကွမ်းစာ ဆိုတဲ့အတိုင်း ကွမ်းဝါးပြီးပြောတာ ဆိုတော့ ဗလုံးဗထွေးပေါ့ ဟယ်။ ငါလည်း အခုတော့ ကွမ်းဝါးနေပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ကွမ်းက ဈေးကြီး သဟဲ့။
သိပ်မကြာခင်မှာ ကာတွန်းအော်ပီကျယ်၊ ဝင်းအောင်၊ ဇော်မောင်၊ စောမင်းဝေ၊ စိုးသော်တာ တို့အတွက် လွမ်းစာတွေ မရေးပါရစေနဲ့လို့ ဆုတောင်းရမှာပဲ။
ဘာပဲဖြစ်ဖြစ် မြန်မာဟာသစာပေမှာ နီကိုရဲဟာ အချိန်တိုတောင်းသော်ငြားလည်း တစုံတရာသော မှတ်တိုင်တခုကိုတော့ စိုက်နိုင်ခဲ့တယ်လို့ ငါတော့ထင်တာပဲ။ ခက်ခဲလှတဲ့ ဟာသအနုပညာကို ရေးဖွဲ့ခဲ့ကြတဲ့ မြန်မာဟာသစာရေးဆရာကြီးတွေကို ပူဇော်ချင်ပါတယ်။
မြန်မာမှာ ပူဇော်ခြင်း (၃)မျိုးရှိပါတယ်။ ဝေယျာဝစဏနဲ့ပူဇော်တာ၊ ဆုတောင်းပူဇော်တာ၊ အလုပ်နဲ့ ပူဇော် တာတဲ့၊ ငါတော့ မြန်မာဟာသစာပေကို လေ့လာခြင်းဆိုတဲ့ အလုပ်နဲ့ ပူဇော်ချင်ပါတယ်။
ဒါပေမဲ့ ချိုသင်းရေ.. ဟာသကိုခံစားတဲ့အခါ အူနှိပ်နေရအောင် ရယ်မောရတတ်ပေမဲ့ ဟာသကို လေ့လာတဲ့အခါမတော့ မရယ်ရတော့ဘူးဟဲ့၊ ဒီတော့ အရယ်သန်လှတဲ့ ချိုသင်းကြိုက်မှာ မဟုတ်တဲ့အတွက် ငါလည်း မပူဇော်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတာဝန်ကို ကိုအော်ပီကျယ်က ဆက်လက် တာဝန်ယူမယ်လို့ လွန်ခဲ့တဲ့ ၁ဝ နှစ်က တာမွေအဝိုင်းမှာ တရားဝင်ပြောကြားခဲ့ပါတယ်။ ဒီတော့ နီကိုရဲ ရဲ့ ဦးခေါင်း (အဲ ယောင်လို့) ဂမ္ဘီရ လက်ချောင်းတွေကို ကိုအော်ပီကျယ် ဆီကိုသာ လွှဲလိုက်ပါတော့ ချိုသင်း နဲ့ ဆရာမမေငြိမ်းတို့ရေ..။
မောင်သစ်ဆင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဒီနေ့ ဆရာတော်တပါး ကိုယ်တို့ဆိုင်လေးကို လာအားပေးခဲ့ပါတယ်။
ဆရာတော်က ၂၀၀ရခု စက်တင်ဘာလမှာ ဖြစ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ မေတ္တာပို့ လမ်းလျှောက်ခဲ့ကြသော ရဟန်းရှင် သံဃာတော် အရှင်သူမြတ်တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ လက်မောင်းမှာ ဆေးမင် တင်ခဲ့ပါတယ်။
“လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ” တဲ့။

အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
အဲဒီအချိန်တုန်းက ကိုယ် ၃နှစ်သမီး လောက် ဖြစ်လိမ့်မယ်။
လမ်းကို တောက်တက် တောက်တက် လျှောက်ပြီး အိမ်ထဲမှာ လျှောက်သွားနေတာ။ ကလေးပီပီ လူကြီးတွေ လုပ်သမျှ လိုက်စူးစမ်း လိုက် မှတ်နေချိန်ပေါ့။
ကလေးဆိုတော့လဲ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားနေတာတွေ လိုက်ပြောနေတော့တာလေ။ အဲဒီတုန်းက နားမလည် ပါးမလည် ဆိုဆိုနေတာက “ဦးသန့် ဗိမ္မာန် တည်ဆောက်ရေး ဒို့အရေး ဒို့အရေး” တဲ့။ ကိုယ် ဒီလို အော်လိုက်တိုင်း ကိုယ့်ကိုထိန်းတဲ့ အမကြီးက လူကြားထဲကနေ ကိုယ့်ကို ပွေ့ချီသွားရတာ။ ကိုယ်က ယက်ကန် ယက်ကန်နဲ့ ပါသွားရင်း အော်နေသေးတာ တဲ့။ အမေက ပြုံးရင်း နောင်တော့ ပြန်ပြောပြတယ်။
ဟုတ်တယ်။ ကိုယ်တို့ငယ်ငယ်က တက္ကသိုလ်ဝင်းထဲက ဆရာ၊ ဆရာမတွေနေတဲ့ အိမ်တွေမှာ မွေးခဲ့၊ နေခဲ့၊ ကြီးပြင်းခဲ့ရတော့ ဒါမျိုးတွေနဲ့ ရင်းနှီးခဲ့ရတာ မဆန်းတော့ဘူး။ အဲဒီတုန်းက အဖေက ကိုယ့်ကို ချီပြီး ကျောင်းထဲမှာ ကျောင်းသားတွေ ဟောကြတဲ့ ဟောပြောပွဲတွေကို သွားနားထောင်တတ်တယ်။ ကိုယ့်ငယ်ဘ၀မှာ အကျီင်္အဖြူလက်ရှည်ကို လက်ခေါက်ထားပြီး ကချင်ပုဆိုးဝတ်ထားတဲ့ လူငယ်လေးတွေဟာ အမြဲ လေးစားစရာ ကောင်းနေခဲ့တယ်။
တခါက မှတ်မှတ်ရရ ကိုယ်တို့အိမ်ရဲ့ ၀ရန်တာလေးမှာ အမေက ကုလားထိုင်လေးနဲ့ စာအုပ်ဖတ်နေတယ်။ ကိုယ်တို့တအိမ်လုံး အားလုံး တိုးတိုးတိတ်တိတ်ဖြစ်နေတာ ကလေးဖြစ်တဲ့ ကိုယ်တောင် ရိပ်မိနေတယ်။ ကိုယ်တို့အိမ်ရှေ့မှာ စစ်သား၀၀ကြီးတယောက်။ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတာ။
ကိုယ်ကလဲ အေးအေးဆေးဆေး စာဖတ်နေတဲ့ အမေ့ဘေးမှာ ဆော့နေမိတာ ထင်တယ်။ တော်ကြာနေတော့ စစ်သားကြီးက အိမ်သာ တက်ချင်လိုက်တာ တဲ့၊ မထိန်းနိုင်တော့သလို လက်နှစ်ဖက်ကို စုံခါပြီး အိမ်ရှေ့မှာ လျှောက်နေတယ်။ ကိုယ်ကလဲ အမေ့ကို တလှည့်၊ သူ့ကို တလှည့် ကြည့်လို့။ သူများကို အမြဲကူတတ်တဲ့အမေက ဘာဖြစ်လို့ တံခါး မဖွင့်ပေးပါလိမ့်။
အမေက စာအုပ်ကို ပိတ်၊ အေးအေးဆေးဆေးပဲ အိမ်ထဲကို ၀င်သွားတယ်။ လာ လာ သမီး၊ အိမ်ထဲကို ၀င် တဲ့။ နောက်တော့မှ ကိုယ် နားလည်ရတာ။ ကိုယ်တို့ အိမ်သာရဲ့ အပေါ် ထပ်ခိုးမှာ၊ ကိုယ်တို့ အိမ်အောက်မှာ တိတ်တိတ်လေး ပုန်းနေကြတဲ့ အသက်ကိုတောင် ပြင်းပြင်း မရှူရဲတဲ့ ပြေးလာကြတဲ့ ကျောင်းသားတွေ၊ ဦးပဉ္ဖင်းတွေ။
စစ်ဖိနပ်တွေနဲ့ လားလားမှ မဆိုင်တဲ့ တက္ကသိုလ်မြေကို နေ၀င်း စစ်တပ်က စီးနင်းခဲ့ပြီလေ။
လက်နက်ရှိတဲ့လူတွေရဲ့ အနိုင်ကျင့်မှုက ပြေးခဲ့ရလို့ တချို့က ခြေထောက်တွေ ကွဲ၊ သွေးတွေဖြာကျလို့။ အိမ်နောက်ဖေး တံခါးကို လျင်လျင်မြန်မြန်ပဲ ဖွင့်လိုက်ကြတယ်။ အိမ်ထဲကို တချို့ သုတ်သုတ် ၀င်လာပြီး ထပ်ခိုးပေါ်တက်၊ ကုတင်အောက်ထဲ ၀င်ပြီး ငြိမ်ငြိမ်လေး သူတို့နေကြတယ်။
ညီမလေး..အကိုတို့ကို ရေလေး တခွက်လောက် တိုက်ပါ တဲ့။ ကိုယ်က ကလေးပီပီ ပြေးပြီး သောက်ရေအိုးစင်က ရေကို ကြေးခွက်လေးနဲ့ ခပ်၊ အိမ်အောက်မှာ ပုန်းနေတဲ့ အကိုကြီး အမကြီးတွေဆီ သွားပေးရတယ်။ ဒါကို အမတွေက ဧည့်သည်တွေလာမှ ထုတ်တိုက်တဲ့ ဖန်ခွက် အသစ်တွေ ထုတ်၊ ရေစင်စင်ဆေးပြီးမှ ရေထည့်တိုက်တယ်။
အဲဒီအချိန်မှာပဲ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အသံတွေ မိုးခြိမ်းသံလို ကြားလိုက်ရတယ်။ တခြားနေရာမှာ ပုန်းနေကြတဲ့ ကျောင်းသားလေးတွေ တချို့ မိကုန်ပြီလေ။ ကိုယ်တို့လဲ ကြောက်လိုက်၊ စိတ်ပူလိုက်တာ မပြောပါနဲ့တော့။ ဘာနဲ့မှ မတူတဲ့ ဆိုးဝါးတဲ့ ခံစားမှုတွေပါပဲ။
ဟေ့ကောင်တွေ ထွက်ခဲ့စမ်း။ တော်တော်အလုပ်ရှုပ်တဲ့ ကောင်တွေ၊ ချစမ်းကွာ၊ ဆော်စမ်းကွာ။ မင်းလားကွ ဒို့အရေး အော်တာ။ မင်းလားကွ ကျောင်းသား သမဂ္ဂ အဆောက်အဦ ဆောက်ချင်တာ။ မင်းလားကွ သမဂ္ဂဖွဲ့ချင်တာ။ လုပ်ချင်အုံး၊ အော်ချင်အုံး တဲ့။
ခုနက ဥာဏ်ဆင်ပြီး အိမ်သာတက်ချင်လွန်းတဲ့ စစ်သား၀၀ကြီးက မျက်နှာလိုအားရ သေနတ်ဒင်နဲ့ ချတယ်။ ခေါင်းမှာ သွေးတွေက ဖြာကနဲ။ အိမ်အောက်မှာ ပုန်းနေတဲ့ ကျောင်းသားတွေ၊ ဘုန်းကြီးတွေ ကိုယ်တို့ ခြံထိပ်မှာ ရပ်ထားတဲ့ ကားအပြာကြီး ထဲ ထိုးကြိတ်ပြီး သူတို့ ထည့်လိုက်ကြတယ်။
“အိမ်ထဲမှာ ဖွက်ထားတာရှိရင် ထုတ်၊ ဖွက်ပေးထားတဲ့လူပါ ဖမ်းမှာနော်” တဲ့။ ကိုယ့်အမေက သူ့မျက်နှာကို ခပ်အေးအေးပဲ ကြည့်နေခဲ့တယ်။ အိမ်တံခါးကတော့ ဧည့်ဆိုးတွေအတွက် သော့ခတ်ထားဆဲ။
လူခြေပါးချိန်မှ အဖေ့အ၀တ်အစား တွေ ထုတ်၊ ထပ်ခိုးပေါ်က ကျောင်းသားတွေကို အကျီ င်္လဲစေတယ်။ သူတို့ အကျီ င်္တွေက ချွေးတွေ ရွှဲပြီး ညစ်ပတ် ပေကျံနေတာလေ။ ဖိနပ်မပါဘဲ ပြေးလာကြတဲ့အတွက် အိမ်မှာ ရှိတဲ့ ဖိနပ်တွေ ပေးလိုက်ကြတယ်။ အဖေက လက်ဆွဲပြီး တယောက်ချင်း ခေါ်၊ အိမ်ကို လာလည်တဲ့ ဧည့်သည်တွေ ပြန်လိုက်ပို့သလိုလို နဲ့ ဆရာဆောင် နောက်က တက္ကသိုလ်ဘော်လုံးကွင်းကတဆင့် လွတ်ရာ ကျွတ်ရာကို ပို့ပေးလိုက်တယ်။
ကိုယ်တို့ အိမ်နီးနားချင်း ဆရာ၊ ဆရာမတွေ အိမ်မှာလဲ တချို့က ၅ယောက်၊ တချို့က ၃ယောက်။ ညနေစောင်းမှ၊ တိတ်တိတ်ဆိတ်ဆိတ် စိတ်ချရပြီဆိုမှ လွှတ်လိုက်ကြတယ်။ တယောက်နဲ့ တယောက် နားလည်တဲ့ အကြည့်တွေနဲ့။ ဘယ်သူက ဘယ်လို ဖွက်ထားပေးကြတာ ပြောမနေကြဘူး။ အားလုံးရဲ့ မျက်ဝန်းမှာ ကိုယ့်သားသမီးတွေ ဘေးကင်းရာမှ ရောက်ပါ့မလားလို့ စိုးရိမ်ပူပန်စိတ်တွေက အထင်းသား။
အဲဒီအချိန်တုန်းက ကျောင်းသားတွေက ကိုယ်တို့ ဦးလေး အဒေါ်တွေ အရွယ်။ နောက် ကိုယ်တို့ အကိုတွေ အမတွေ အရွယ်၊ နောက် ကိုယ်တို့ ညီတွေ ညီမတွေ အရွယ်။ ခေတ်အဆက်ဆက် ကျောင်းသူ ကျောင်းသားတွေဟာ မတရားတဲ့ အမိန့် အာဏာကို ဖီဆန်ခဲ့ကြတယ်။ အာဏာရှင်စနစ်ကို လက်မခံကြောင်း သတ္တိရှိရှိ သူတို့ပြခဲ့ကြတယ်။
+++++++++++++++++++++++++++
ကိုယ်တို့ခေတ်မှာ နိုင်ငံကို ချစ်လို့ ကိုယ်ကျိုးစွန့် နေကြတဲ့ သူရဲကောင်းတွေ အများကြီး။ တဦးချင်းစီကို မှတ်တမ်းတင်ဖို့ရာ ကိုယ့်နှလုံးသားက ကျယ်ပြန့် နွေးထွေးပါတယ်။ အဲဒီအထဲက ကိုယ်နဲ့ တခါမှ အပြင်မှာ မတွေ့ဖူး၊ လူချင်း မသိပေမဲ့ သူ့လုပ်ရပ်တွေကို စိတ်ထဲမှာ စွဲနေမိတဲ့ ကျောင်းသားခေါင်းဆောင် တယောက်အကြောင်း ရေးချင်မိတယ်။
သူက ကိုဌေးကြွယ်။ အသား ညိုညို၊ အပြုံး ကြည်ကြည်နဲ့ ခပ်ပိန်ပိန်ပါးပါး လူတယောက်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တယောက်။ ၈၈ အရေးတော်ပုံကနေ လူထု တိုက်ပွဲထဲကို ရဲရဲရင့်ရင့် ပါဝင်လာခဲ့သူ တယောက်။
သူ့ရဲ့ လူငယ်ဘ၀မှာ ဂစ်တာတီးရင်း၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း၊ သီချင်းနားထောင်ရင်း ပျော်ပျော်ရွှင်ရွှင် ကုန်မဲ့အချိန်တွေထဲ တိုင်းပြည် စစ်ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် သူ့အချိန်တွေကို ဖဲ့ပေးခဲ့သူတွေထဲက တဦးပေါ့။ တန်ဖိုးရှိတဲ့ ငယ်ဘ၀ အချိန်တွေထဲမှာ ဆယ်စုနှစ်တနှစ်ကျော် ကြာအောင် (၁၄နှစ် ကျော်) ထောင်ထဲမှာ နေခဲ့ရပြီးသူ။ အခုလက်ရှိလဲ နောက်တကြိမ် ထောင်နန်းစံနေရသူ။
ကိုယ် သူ့ကို လူချင်းတော့ မသိခဲ့ဘူး။ တွေ့ဖို့လဲ အကြောင်းမတိုက်ဆိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ စကားတွေ၊ ဆွေးနွေးချက်တွေက တဆင့် သူ့ကို သိခဲ့ရတယ်။ သူရဲ့စကားတွေက ပျော့ပြောင်းတယ်၊ ဒါပေမဲ့ သူ့ခံယူချက်က ပြတ်သားတယ်။ သူ့မှာ တိုင်းပြည်အေးချမ်းဖို့ အတွက်ဆိုရင် ရန်သူကိုလဲ မိတ်ဆွေလို လက်ခံနိုင်တဲ့ အမြင်ရှိတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ သူ့ရပ်တည်ချက်ကို အလျော်အစားပေးမဲ့သူမျိုး မဟုတ်တာလဲ သေချာတယ်။
နိုင်ငံရေးဆိုတာ ရှုပ်ထွေးချင် ရှုပ်ထွေးမှာပဲ။ အယူအဆ တိုက်ပွဲတွေ ကိုယ့် အချင်းချင်းကြားမှာ ဖြစ်ချင်ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ တိုင်းပြည်ချစ်စိတ်နဲ့ သူတို့ သွေးစည်း ခဲ့ကြတယ်။ ခေါင်းချင်းဆိုင် တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ပြည်သူတွေအဖို့ မွေးရကျိုးနပ်တဲ့ သားကောင်းရတနာတွေ ဖြစ်ခဲ့ပါတယ်။
“၈၈ မျိုးဆက်ဟာ ဘာတွေလုပ်ခဲ့လဲလို့ ပြောရင် ကျနော်တို့ဟာ အငြိမ်းချမ်းဆုံးနဲ့ အညင်သာဆုံး အသွင်ကူးပြောင်းနိုင်ရေးအတွက် ကြိုးပမ်းခဲ့တယ်ဆိုတာကို ကျနော် ခိုင်ခိုင်မာမာ ပြောလိုပါတယ်” လို့ ကိုဌေးကြွယ်က သူတို့သဘောထားကို အဓိပ္ပါယ် ဖွင့်ခဲ့တာပါ။
ဆန္ဒက ဒီလိုဆိုပေမဲ့ အခြေအနေက မပေးလာခဲ့ရင်လဲ ပြတ်ပြတ်သားသား ဆုံးဖြတ် ပြောဆိုခဲ့တယ်။ “တခြားရွေးစရာ လမ်းမရှိတော့ဘူး ဆိုရင်တော့ အရိုးတွေ တောင်လိုပုံမှပဲ တည်ဆောက်လို့ရတော့မယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ မျိုးဆက်သစ်တွေဟာ ပေးဆပ်ဖို့ အဆင်သင့်ပါပဲ” တဲ့။
သူ အမှာစကား ပါးလိုတာက “ဒိထက်ပိုပြီး ညီညွတ်မယ်၊ ဒိထက်ပိုပြီး ကြိုးစားမယ်၊ ဒိထက်ပိုပြီး ရဲရင့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပျက်ကို ပျက်သုဉ်းရမယ်ဆိုတာ သေချာပါတယ်” တဲ့။
ကိုယ်သူ့ကို အမှတ်ရဆုံးနဲ့ အလေးစားမိဆုံး အချိန်တွေ ပြောပြချင်သေးတယ်။ အဲဒီအချိန်တွေက ၂၀၀၇ စက်တင်ဘာတော်လှန်ရေးတုန်းကပါ။ အဲဒီတုန်းက လောင်စာဆီ သပိတ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ လမ်းလျှောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေချိန်။ လူထုခေါင်းဆောင် ကလည်း နေအိမ်အကျယ်ချုပ် ကျနေချိန်။
အဲဒီအချိန်မှာ စစ်တပ်က လက်ဦးမှု ယူပြီး ကျောင်းသားခေါင်းဆောင်တွေ၊ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကို တညတည်းမှာပဲ ဖမ်းဆီးလိုက်ခဲ့တယ်။ အဲဒီအချိန်မှာ ကိုဌေးကြွယ် ကံကောင်းထောက်မစွာ အဖမ်းမခံခဲ့ရဘူး။ ရှောင်တိမ်းနေခဲ့တာပါ။
လူထုကလဲ အထွေထွေ အကြပ်အတည်းကြောင့် မကျေနပ်ဘူး။ မီးခဲပြာဖုံး အခြေအနေ။ စနက်တံကို မီးရှို့မဲ့သူ လိုနေတယ်။ ပြတ်သားတဲ့ ခေါင်းဆောင်မှု အရေးတကြီး လိုနေပါတယ်။ လူထုက အကြောက်တရားတွေ၊ ဖိနှိပ်မှုတွေရဲ့ အောက်က မရဲတရဲ ခေါင်းပြူပြီး ကြည့်နေတဲ့အချိန်မှာ ခေါင်းဆောင်တွေ ပါသွားတော့ ဘယ်လိုနေမလဲ စဉ်းစားသာ ကြည့်ပေတော့။
အဲဒီအချိန်မှာ ပြည်သူက သူ့ကို လိုအပ်ခဲ့တယ်။ လိုအပ်တဲ့အတိုင်း ကိုဌေးကြွယ်က ဦးဆောင်မှု ပေးနိုင်ခဲ့တယ်။ မမီးမီးက လူထုရှေ့က ရပ်ခဲ့တယ်။ မနီလာသိန်းက ရှေ့ဆုံးကနေ ပါခဲ့တယ်။ သာသနာကို စောင့်ရှောက်တဲ့ သံဃာင်္တော်တွေကို ငြိမ်းချမ်းစွာ မေတ္တာပို့နိုင်ဖို့ လူထုကို မေတ္တာရပ်ခံရင်း စည်းရုံးခဲ့တယ်။ သူတို့အသံတွေ လေလှိုင်းမှာ ပျံ့လွင့်နေခဲ့တယ်။ မေတ္တာပို့သံနဲ့ လွှမ်းခြုံတဲ့၊ မတရားတာကို ဆန့်ကျင်တဲ့ လှပမှုတခု ဖြစ်ခဲ့ပါတယ်။
“ကျနော်တို့ရဲ့ ရင်းနှီးသမျှ ပေးဆပ်သမျှဟာ သဲထဲ ရေသွန် ဖြစ်သွားမှာ မဟုတ်ဘူး။ အချည်းနှီး မဟုတ်ဘူး။ လူမိုက်တွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ နိုင်ငံရဲ့ စနစ်တခုကို ပြောင်းလဲချင်တဲ့ နိုင်ငံသားတွေရဲ့ လေးနက်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်” လို့ ကိုဌေးကြွယ်က ရိုးသားစွာ ပြောခဲ့တာ ကိုယ့်နားထဲ စွဲနေခဲ့တာပါ။ သူ့ရဲ့ လွတ်မြောက်ခြင်းဟာ အမှန်တရား ရှင်သန်ခြင်းပါ။
အဲဒီအချိန်တွေဟာ ကိုဌေးကြွယ်ရဲ့ အခက်အခဲဆုံးအချိန်တွေထဲက တခု ဖြစ်မှာ အသေအချာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူသိပ်ချစ်တဲ့ သူ့အမေက သူ့ဘ၀ရဲ့ နောက်ဆုံး အချိန်တွေကို ရင်ဆိုင်နေရလို့ပါပဲ။ ကိုဌေးကြွယ်ရဲ့ အသံတွေကို ပြည်သူတွေ ရေဒီယိုတွေက နားထောင်နေသလို သူ့အမေကလဲ အိပ်ယာထဲကနေ နားထောင်ရင်း သူ့သားလေး လွတ်မြောက်နေသေးတယ်လို့ စိတ်မှန်းနဲ့ သိနေရသူပါ။
အမေချစ်တဲ့ သား..။ သူ့လိုအပ်ချက်တွေကို အရိပ်ကြည့် ဖြည့်ဆည်းပေးနေသူ အမေ..။ အမေ့ နောက်ဆုံး အချိန်မှာ ဘယ်လို စိတ်နဲ့များ အဝေးမှာ နေနိုင်ပါလိမ့်မလဲ။ အပြေး လာတွေ့ချင်မှာပေါ့။ လွတ်လွတ်လပ်လပ် သားအမိ တွေ့ခွင့်၊ ပြုစုခွင့်ကို တမြို့တည်း နေနေရပေမဲ့ အာဏာရှင်စနစ်ကြီးက တံတိုင်းခြားလိုက်တယ်။ တိုင်းပြည်ချစ်စိတ်နဲ့ ဘ၀ကူးခါနီး အမေရဲ့ ဝေးရာမှာ အလုပ်လုပ်ရင်း နေခဲ့ရတယ်။
သူ့ဓာတ်ပုံတွေ ရပ်ကွက်တိုင်း မြို့နယ်တိုင်းရဲ့ နေရာ အနှံ့အပြားမှာ ကပ်ပြီး ဆုငွေ ထုတ်စေကာ အာဏာရှင်ရဲ့ နံပါတ် (၁) ရန်သူ ဖြစ်ကြောင်း သိသာစေခဲ့တယ်။
နောက်တော့ အမေနားထောင်နေကျ ရေဒီယိုလေးဟာ အသံတိတ်သွားခဲ့ပြီ။ မီးပျက်လို့၊ ရေဒီယိုပျက်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူ့သားလေးရဲ့ သတင်းဆိုးကို အမေ့ကို ဖုံးကွယ်ေ၀၀ါး မှောင်ချလိုက်ကြတယ်။ အမေ သိပါတယ်။ ကောင်းကောင်း ရိပ်မိပါတယ်။ “အော်..ဒီကလေးကို အမေ ဘာလို့များ မွေးမိပါလိမ့်၊ ဒုက္ခရောက်လိုက်ရရှာတဲ့ သားရယ်” လို့ အိပ်ယာထဲက ရေရွတ်ရှာသတဲ့။ နောက်တော့ အမေ ရှင်ရက်နဲ့ ပြန်တွေ့ခွင့် မသာတော့ပါဘူး။
ခက်ခဲကြမ်းတမ်းတဲ့ သူရဲကောင်း မှတ်ကျောက် စစ်ကြောရေးစခန်း အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးချိန်မှာ သူချစ်တဲ့ သူငယ်ချင်းရဲဘော်တွေနဲ့အတူ နိုင်ငံတော်က ကိုဌေးကြွယ်ကို ဆုတံဆိပ် ချီးမြှင့်လိုက်တယ်။ ရခိုင်၊ ဘူးသီးတောင် ထောင်မှာ ထောင်ဒဏ် (၆၅)နှစ် တဲ့။
++++++++++++++++++++++++++++++++++++++++
ဒီနေ့ဟာ ဇူလိုင် (၇)ရက်နေ့။ ခေတ်အဆက်ဆက်က ကျောင်းသားတွေဟာ မတရားတဲ့ အာဏာရှင်စနစ်ကို အဆင့်ဆင့် ပုခုံးပြောင်း ဆန့်ကျင် တော်လှန်ခဲ့ကြတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အအုံကြီးကို အာဏာရှင် နေ၀င်း အစိုးရအဖို့ သူပုန်စခန်းရယ်လို့ မှတ်ချပြု အငြိုးထား၊ ဒိုင်းနမိုက်နဲ့ ဖြိုချခဲ့တဲ့ ဖျက်မရတဲ့ သမိုင်းအမည်းစက်ဟာ ဒီနေ့ပေါ့။
ဒီနေ့မှာ ကိုယ်ဟာ သူရဲကောင်းတွေ ပေါများလှတဲ့ ကိုယ်တို့တိုင်းပြည်က အညတရ သူရဲကောင်းလေးတွေကို ဦးညွှတ် အလေးပြု လိုက်ပါတယ်။ သူတို့အသက်၊ သွေး၊ ချွေးတွေ၊ သူတို့စွန့်လွှတ်မှုတွေကြောင့် သူတို့ချစ်တဲ့ အမှန်တရားဟာ တနေ့တော့ အရာထင်လာရမှာ ဧကန်မုချပဲ။
ကိုယ်တို့ရဲ့ ခေတ်အဆက်ဆက် သူရဲကောင်းမှတ်တမ်းကြီးမှာ သူတို့ဟာ သူတို့နံမည်လေးတွေကို ထွင်းထု သွားခဲ့ပြီ။
ကိုယ်တို့ထက် ကြီးတဲ့လူကြီးတွေက ဒီမှတ်တမ်းကြီးကို အသိအမှတ်ပြု လေးစားသမှုနဲ့ ရင်မှာ အပ်ကြလိမ့်မယ်။
ကိုယ်တို့တတွေကတော့ ချစ်ခင် လေးမြတ်မှုတွေနဲ့ အရိုအသေ ပေးရလိမ့်မယ်။
ကိုယ်တို့ထက်ငယ်တဲ့ လူငယ်တွေကလဲ အားကျ ကြည်ညိုစိတ်တွေနဲ့ မှတ်တမ်းကြီးကို ဆက်ဖတ်ကြ၊ ဆက်ရေးကြလိမ့်မယ်။
မှတ်တမ်းတခုလုံး မျက်ရည်တွေ သွေးတွေ စွန်းပေလို့ပါလား။ ။
မိုးချိုသင်း
(စာပါ အင်တာဗျူး အချက်အလက်များကို အင်တာနက် သတင်းဝက်ဘ်ဆိုက်ဒ်များမှ ယူပါသည်။)
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
နေ့လည်က စာတိုက်ပုံးလေးထဲမှာ ပါဆယ်လေး တထုပ် ရောက်နေတယ်။ အပြာရင့်ရောင် အထုပ်ကလေး။
ဖွင့်လိုက်တော့ စာအုပ်ထူထူလေး တအုပ်။ စိုင်းခမ်းလတ်၏ သီချင်းများ တဲ့။ မျက်နှာဖုံးက ဆရာ စိုင်းခမ်းလိတ် ဂစ်တာတီးနေတဲ့ပုံ နဲ့။ သီချင်းတွေနဲ့အတူ မေတ္တာတွေ ထုပ်ပိုး ပို့လိုက်တဲ့သူက ညီမလေး နန်းခမ်းနွဲ့လိတ်။ ကိုယ် ကျေးဇူးတင် ၀မ်းသာလွန်းလို့ စာအုပ်လေးကို ရင်မှာ အပ်ထားမိလိုက်တယ်။
ဆရာ စိုင်းခမ်းလိတ်က ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်က အသက် ၆၀ ပြည့်ခဲ့ပါတယ်။ ဒီသီချင်းစာအုပ်လေးက ဆရာ့မွေးနေ့ အထိမ်းအမှတ်အတွက် ထုတ်တဲ့စာအုပ်လေးပါ။ နန်းဒေ၀ီစာပေက ထုတ်တာပါ။ ဆရာ ရေးစပ်ခဲ့တဲ့ သီချင်းအပုဒ်ရေ ၁၀၀၀ကျော်ထဲက သီချင်း ၃၄၆ ပုဒ် ပါတယ်။ အံ့သြဖို့ မကောင်းဘူးလား။ သီချင်းတပုဒ် လှလှပပ အဓိပ္ပါယ်ရှိရှိ ရေးဖို့တောင် ခဲယဉ်းလွန်းတာ သီချင်းအပုဒ် ၁၀၀၀ ကျော် တဲ့။ ဒါတောင် ပုံနှိပ်ခွင့် မရတဲ့ သီချင်းတွေ အများကြီး ရှိလိမ့်အုံးမယ်။
ကိုယ်တို့ငယ်ငယ် ကက်ဆက်တွေ စ ပေါ်စ က အဖေက ရေဒီယို အမြဲဖွင့်ထားလို့ ရေဒီယို သီချင်းတွေနဲ့ ရင်းနှီးနေခဲ့ရတယ်။ နောက် စတီရီယို သီချင်းတွေ..။ ကိုယ်တို့အိမ်မှာ ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့ ကက်ဆက်ခွေလေးက စိုင်းထီးဆိုင် အခွေပဲ။ မန္တလေးရောက် ရှမ်းတယောက် တဲ့။ ကက်ဆက်ကာဗာက လက်ရေးလေးတွေနဲ့ ရေးထားတာ။ စိုင်းခမ်းလိတ် စာသားတွေနဲ့ စိုင်းထီးဆိုင်ရဲ့ အဆို။ နတ်ဖက်တဲ့ အတွဲပါပဲ။
အဲဒီအခွေကို အဖေက အပ်ကြောင်းထပ်လောက်အောင်ကို ဖွင့်တယ်။ နောက် ဘီးကလေးကို စီး သီချင်း။ စက်ဘီးလေးတွေ တွေ့တိုင်း အဲဒီသီချင်းကို သတိရမိသွားရလောက်အောင်၊ စက်ဘီးစီးတိုင်း မောတော့ မောတာပေါ့၊ ဒါပေမဲ့ မမောဘူး လို့ ဆိုမိရလောက်အောင် စွဲခဲ့တဲ့ သီချင်း။ နောက်များဆို ကိုယ်တို့သမီးလေးပါ ခေါ်မတဲ့၊ ဘီးရှေ့မှာ ခုံတပ်ပြီး လိုက်စေမတဲ့။ ဘယ်လောက် ရိုးသားပြီး ချစ်စရာကောင်းလိုက် တဲ့ မိသားစုလေးလဲနော်။
ငယ်ငယ်တုန်းက ကိုယ်တို့မောင်နှမတွေ အားရင် သီချင်းဆိုနေကြတာပဲ။ ဘာရယ် မဟုတ်၊ သီချင်းပေါင်းချုပ်တွေကိုင်ပြီး အိပ်ယာပေါ်မှာ လှဲရင်း ညီအမတတွေ ခေါင်းချင်းဆိုင် ဆိုကြတာပဲ။ အနှစ်နှစ်ဆယ် တေးပေါင်းချုပ်လဲ ပါရဲ့၊ စိုင်းထီးဆိုင် တေးပေါင်းချုပ်လဲ ပါရဲ့။ ကိုယ်တို့ညီအမတတွေထဲမှာ ကိုယ့်အထက်က အမဖြစ်တဲ့ မနှင်းက အသံ အကောင်းဆုံး။ မနှင်းက သီချင်း အဆိုတတ်ဆုံး။
အမေက မေရှင် သီချင်းတွေ ဆိုလေ့ရှိတယ်။ အမေ့အသံက အေးအေး ချိုချိုလေး။ အမေဆိုရင် ကိုယ်တို့ညီအမတွေက အိပ်ယာကြီးပေါ်မှာ လှဲရင်း ငြိမ်ငြိမ်သက်သက် နားထောင်ကြတယ်။ အမေက မေရှင့်သီချင်းတွေကို ချစ်သလို မေရှင့်ကိုလဲ ချစ်တယ်။ အပြင်မှာ မြင်ဖူးပုံတော့ မရဘူး။ အမေ ဆိုပြီးရင် မနှင်းက စိုင်းထီးဆိုင် သီချင်းတွေ ဆက်ဆို..။
အဲဒါဆိုရင် အဖေရော အမေပါ အတူ လိုက်ဆိုတတ်ကြတာ။ အဲဒီလိုဆိုပြီးရင် အဖေက သီချင်းစာသားလေးတွေ အဓိပ္ပါယ်ရှိရှိ လှတဲ့အကြောင်း ပြောမဆုံးဘူး။ ဘယ်နေရာလေးမှာ ဘယ်လိုလေး စပ်လိုက်တာ စသဖြင့်ပေါ့။ သုံးသွားတဲ့ အသုံးအနှုန်းလေးက ယဉ်ယဉ်ကျေးကျေးနဲ့ ချစ်စရာကောင်းပုံကိုလဲ ခံစားပြောပြတတ်တယ်။ အဖေ အကြိုက်ဆုံး သီချင်းကတော့ ခြင်္သေ့လည်ပြန် ထင်မိတယ်။
ဒါကြောင့် ငယ်ငယ်ကတည်းက ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းတွေနဲ့ ကြီးပြင်းလာခဲ့ရတာ။ “နန်းခမ်းနွဲ့အတွက် သီချင်းတပုဒ်”ဆိုရင် ကိုယ်က ကိုယ့်ကို ကိုယ့်အဖေက ပြောနေသလို စိတ်ကူးယဉ်မိတာ။ ကိုယ်ရနိုင်သလောက်လေးကိုသာ ရောင့်ရဲပျော်ရွှင်တတ်ဖို့ အရေးကြီးဆုံး ဆိုတာ ကိုယ့်အသည်းထဲ စွဲနေခဲ့တာပေါ့။
ဆရာ့သီချင်းတွေက စကားလုံးလဲ ကြွယ်ဝတယ်။ ငယ်ငယ်တုန်းက “သခင့်ဆီ အပြေးပြန်လာမည်” နားထောင်တော့ ပခြုပ်ဆိုင် ဆိုတဲ့ စကားလုံးက ကိုယ့်အတွက် အသစ်ဖြစ်နေခဲ့တာ။ သိတဲ့အတိုင်း အဖေ့ကို စကားပြောနေတုန်း ဖြတ်ပြီး “အဖေ ပခြုပ်ဆိုင် ဆိုတာ ဘာလဲ” လို့ မေးတော့ အဖေ မျက်လုံးပြူးသွားတာပေါ့။ ဘယ်ကသိလာတာလဲ လို့လဲ မေးသေးတယ်။ သီချင်းထဲက ဆိုတော့မှ သက်ပြင်းချတယ်။
နောက်တော့ အရွယ်ရောက်လာတော့ ပိုခံစားနားလည်လာပြီ။ ကိုယ်ကတော့ ချစ်တာတခုပဲ သိတယ် လို့ ညည်းတတ်လာပြီ။ ချယ်ရီကိုတော့ မယုံနိုင်စရာ အကြောင်းမရှိဘူးပေါ့၊ ကံကိုတော့ မယုံဝံ့လို့ ကိုယ်ဆုတောင်းမိတဲ့ အဖြစ်တွေလဲ ရှိခဲ့ပြီ။ ပျော်ရွှင်ကြည်နူးရတာ ဒီတခါ နောက်ဆုံးဖြစ်မှာလဲ စိုးရိမ်တတ်ခဲ့ပြီ။ ကြားလူဖျက်လို့ ပျက်မှာစိုး ကိုတောင် ကူးပြီး သူ့ကို ပေးဖူးသလားမသိ။
နောက်တော့ ကိုယ်တို့တွေ ဘွဲ့ရ၊ အလုပ်ရှာရတော့ နှစ်ရှည်လများ ပညာသင်ပေးခဲ့တဲ့ မိဘများကို အားနာမိတယ်။ ဘွဲ့ရတယ်ဆိုတာ ဘွဲ့ဝတ်စုံဝတ်ပြီး ဧည့်ခန်းမှာ ချိတ်ထားရုံပဲလား။ တတ်တဲ့ပညာတွေက ဒီနေ့ခေတ်ကြီးမှာ အသုံးမ၀င်တော့ဘူးလား။ တကယ့်လူမှန်နေရာမှန် မရှိတဲ့ဘ၀တွေကို ဆရာက နံမည်တပ်ပေးလိုက်တယ်။ ခေတ်လူငယ် ခြေကျ တဲ့။ တကယ်ပဲ ကိုယ်တို့ဟာ အတောင်လက်ရှိပါလျက် လွတ်လပ်တဲ့ ကောင်းကင်ကို မဖန်တီးနိုင်တဲ့ လူငယ် ခြေကျတွေ ဖြစ်ခဲ့ပြီလား။ ကိုယ့်ဖာသာကိုယ် ပြန်မေးမိတယ်။
ကိုယ်တို့ရဲ့ နိစ္စဓူဝ ကိစ္စတွေဟာ ဆရာ့သီချင်းတွေချည်း ဖြစ်ခဲ့တာပါ။ နောက်တော့ သီချင်းဟာ သီချင်းမှာပဲ ရပ်မနေဘဲ သီချင်းကတဆင့် သီချင်းရေးဆရာရဲ့ ခံစားချက်တွေကို နားလည်ဖို့ ကြိုးစားမိတယ်။
ကိုယ်သာ ဆရာနဲ့ ဆုံတွေ့ စကားပြောခွင့်ရမယ် ဆိုရင်….
“ငွေတောင်တန်းဆီသို့ သီချင်းတပုဒ်” ကို ဘယ်အကြောင်းတွေက စေ့ဆော်လို့ စပ်ဖြစ်သလဲ မေးမိမှာပဲ။
“မောင့် အရိုင်းပန်း” ဘယ်လိုများ ဖြစ်ပေါ်လာသလဲ တွေးမိတာပဲ။
“စာခြောက်ရုပ်” လို သီချင်းမျိုးအတွက် ဆရာ့ကို ကန်တော့ချင်တာပဲ။
“ဒီကမ္ဘာကြီးမှာ ကိုယ်အလိုချင်ဆုံးအရာဟာ
ကမ္ဘာတည်မဲ့ ကမ္ဘာတည်မဲ့ မေတ္တာ …..” တဲ့။
ဆရာက ကမ္ဘာကြီးကို မေတ္တာနဲ့ ငြိမ်းချမ်းစေချင်ပုံပါပဲ။ ရသည်ဖြစ်စေ မရသည်ဖြစ်စေ တောင့်တ မိပါတယ်တဲ့။ အဲဒီစိတ်ကလေးနဲ့ ဆရာ သီချင်းတွေ စပ်ခဲ့တယ်လို့ ကိုယ်တော့ ယုံကြည်နေမိတယ်။
သီချင်းအပုဒ်တိုင်းကို ကြိုက်မိပေမဲ့ ကိုယ်အကြိုက်ဆုံး သီချင်းကတော့ သဘာဝရဲ့ ရင်သွေးငယ် သီချင်းပါ။
ဒီကမ္ဘာမှာ စစ်၊ စစ်၊ စစ် မဖြစ်ရာမြေ
တနေရာ ရှိ၊ ရှိ ရှိရမယ်လေ..
ထာဝရငြိမ်းချမ်းမှု ရှာကာ ပျော်ရွှင်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ..
သဘာဝရဲ့ ရင်သွေးငယ်တွေ..
ဒါပေမဲ့ ကမ္ဘာတည်မဲ့ မေတ္တာတွေ လွှမ်းခြုံထားတဲ့ စစ်မဖြစ်ရာ မြေ ကို ကိုယ်တို့ ရဖို့ အများကြီး ကြိုးစားရအုံးမှာ..။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ကြယ်တွေ ဘယ်လောက်တောင် ကြွေသွားခဲ့ပြီလဲ။
ကာတွန်းဆရာကြီး ဦးဖေသိန်း ဆုံးပြီလို့ သတင်းကြားတော့ စိတ်ထဲမှာ သူ့ကာတွန်းထဲကပုံအတိုင်း အမြဲပြုံးပြုံး ရွှင်ရွှင် သန့်သန့်ရှင်းရှင်းနဲ့ နားရွက်ကားကား ဆရာကြီးကို ချက်ချင်း မြင်ယောင်လိုက်မိပါတယ်။
ကာတွန်းဆရာလို့ အမည်ခံလိုက်တာနဲ့ သူဟာ လူတွေကို ပြုံးစေတော့မယ်၊ အဲဒါထက်ပိုပြီး လူမှုဘ၀၊ ခေတ် နဲ့ စနစ်ကို ပါးပါးလေး သရော်တော့မယ်၊ ပြီးတော့ သူ့ကာတွန်းရုပ်လေးတွေ ကနေ ဖတ်သူရင်ထဲကို ရသတခု၊ အသိတခု တွေးမိအောင် ချန်ခဲ့မယ် လို့ ကိုယ်တော့ ရိုးရိုးပဲ နားလည်မိတယ်။
အဲဒီမှာ သူပြောချင်တဲ့ အကြောင်းအရာကို သူမြင်တဲ့ထောင့်ကနေ ပုံလေးနဲ့ ကောက်ခြစ်လိုက်တာဟာ စာဖတ်သူရင်ထဲကို စွဲသွားစေတော့တာပါပဲ။ အဲဒီကာတွန်း တကွက်လေးဟာ စာတွေ တမျက်နှာပြီး တမျက်နှာ ဖတ်ရတာထက် ပို ထိရောက်တတ်တယ်။ တကြောင်းဆွဲ ဆွဲလိုက်သလို စာဖတ်သူရဲ့ နှလုံးကို ပစ်မှတ်လို တန်းကနဲ ထိတယ်။
ကာတွန်းဆရာတွေမှာ ထက်မြက်တဲ့အတွေးတွေ၊ လူအများ မမြင်တဲ့ထောင့်ကနေ လောကကို သရော်ပြုံးနဲ့ ကြည့်တတ်တဲ့ ခပ်ထေ့ထေ့ အတွေးလုံးလေးတွေ ရှိနေတတ်တာ ပြောစရာ မလိုတဲ့ အချက်ပါပဲ။ ဒါကြောင့်မို့ ပုံဆွဲတတ်တိုင်း ကာတွန်းဆရာကောင်း မဖြစ်နိုင်ဘူးလို့ ဆိုကြတာ ဖြစ်မှာပါ။ သူတို့မှာ သူများနဲ့ မတူတဲ့ ထူးခြားတဲ့ အရည်အချင်းရှိကြတယ်လေ။
ဆရာကြီး ဦးဖေသိန်းဆိုတာ မြန်မာ့ ကာတွန်းလောကမှာ မီးရှူးတန်ဆောင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တဦးပါ။ ကိုယ်တို့လူငယ်တွေဟာ ဆရာကြီးကာတွန်းတွေနဲ့ ကြီးခဲ့ကြတာပါ။ ဆရာကြီးရဲ့ ပုံပမာ ကာတွန်းတွေဟာ လူကြီးတွေရော ကလေးတွေပါ စွဲလန်းခဲ့ရတာ။ ၃၈ဖြာမင်္ဂလာ ကာတွန်းတွေနဲ့ ကလေးတွေကို အသိဥာဏ် အလိမ္မာတိုး စေခဲ့တာ။
တခု ထူးခြားတာက ဆရာကြီးရဲ့ လက်ရာဟာ ဘယ်သူ့လက်ရာနဲ့မှ မရောထွေးနိုင်အောင် အမြဲ တသီးတသန့် မူပိုင်ဖြစ်ခဲ့တယ်လို့ ကိုယ်ထင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံတွေကို ကြည့်လိုက်တာနဲ့ ဒါ ဖေသိန်းကာတွန်း လက်ရာပဲ လို့ တန်းပြောနိုင်လောက်အောင် ထင်ရှားပေါ်လွင်ခဲ့တာပါ။
ဆရာကြီး ရဲ့ စုတ်ချက်တွေဟာ သူ့စိတ်လိုပဲ ပြတ်သား ထင်ရှားတယ်။ ဘယ်တော့မှ မတွေဝေဘူး။ အင်မတန် ရဲရင့်ပြီး အားမာန်ရှိတယ်လို့ အမြဲခံစားရတယ်။ သူ့လက်ရာတွေဟာ ဘယ်လောက်အသက်ကြီးသွားသွား နုပျိုလျက်ပဲ။
ကိုယ် အမှတ်မိဆုံး သူ့လက်ရာက ၁၉၈၈ခုက မဂ္ဂဇင်းတခုမှာ ပါခဲ့တာပါ။ ဘယ်မဂ္ဂဇင်းမှာလဲလို့တော့ ကိုယ်မမှတ်မိတော့ဘူး။ ကာတွန်းက သံကွင်းကြိုးတွေလို လုပ်ပြီး 8888 ၈လေးလုံးကို ပုံဖော်ထားတဲ့ ကာတွန်း။ အဲဒီကာတွန်းပုံကို တွေ့ပြီးကတည်းက ဆရာကြီးကို လေးစားချစ်ခင်စိတ် အမြင့်ဆုံးကို တိုး သွားစေခဲ့တာ အမှန်ပေါ့။
သတင်းကာတွန်းဆရာ တဲ့။ ပြည်သူကို သူပေးချင်တဲ့ အချက်အလက် အပြည့်အ၀ ပေးလိုက်တယ်။ သူယုံကြည်တာကို အာဏာရမင်းများ မျက်နှာမကြည့် ၊ ပြည်သူ့မျက်နှာကိုပဲ ကြည့်ပြီး ပြတ်ပြတ်သားသား ထောက်ခံခဲ့တယ်။ အရေးတော်ပုံကို ယုံကြည်ကြောင်း ကလောင်နဲ့ တိုက်ပွဲဝင်ခဲ့တယ်။
စာပေစိစစ်ရေးက Black List ကာတွန်းဆရာထဲမှာ ဟောဒီ ဖေသိန်းဆိုတာ ထိပ်ဆုံးက ရဲရဲကြီး နေခဲ့သူပေါ့။ သူ့ကာတွန်းရုပ်လေးတွေကို ကြောက်လို့၊ သူ ကလော်မဲ့ သူ့ဦးနှောက်ကို ကြောက်လွန်းလို့ မဂ္ဂဇင်းတွေပေါ်မှာ သူ့ကာတွန်းတွေ မဖော်ပြရ လို့ ပိတ်ပင်ခဲ့တာပါ။ ဆရာကြီးကတော့ ကြည်ကြည်လင်လင် ပြုံးနေမှာပါပဲ။
စာပေအနုပညာသမားဆိုတာ ပိုက်ဆံရှိ လူတန်းစား မဟုတ်ကြပါဘူး။ အခွင့်ထူးခံ လူတန်းစားလဲ မဟုတ်ဘူး။ ကိုယ်ဖန်တီးတဲ့ အနုပညာနဲ့ ပျော်မွေ့ ကျေနပ်နေတတ်သူ။ သူတို့ ယုံကြည်ချက်ကို ဘာနဲ့မှ လဲ မစားတတ်သူ။ အနုပညာ မာန ကို ရိုသေ တန်ဖိုးထားတတ်သူ။ အမှန်တရားအတွက်ဆိုရင် အာဏာရှင်ကိုလဲ ရင်ကော့ ရင်ဆိုင် ကလောင်နဲ့ တိုက်ပွဲဝင်မဲ့သူ။
ကိုယ် အဲဒီလို စိတ်ဓာတ်ရှိတဲ့ အနုပညာရှင်အားလုံးကို ချစ်တယ်။ သူတို့ကို လေးစား ရိုကျိုးပြီး တန်ဖိုးထားတယ်။ ရွှေထုပ်တဲ့ မြပုဝါလို့ ထင်တယ်။ သူတို့အားလုံးကို ကိုယ့်နှလုံးသားထဲက ကမ္ဗည်းမှာ ကိုယ့်နှလုံးသွေးနဲ့ မှတ်တမ်းတင် ပူဇော်မယ်။ ဒီလိုပဲ သူတို့ သမိုင်းဟာ အမြဲတမ်း တောက်ပြောင်နေလိမ့်မှာ အမှန်ပဲ။
ဇွန်လ ၁၉ရက် ၂၀၀၉ မှာ ဆရာကြီး ဦးဖေသိန်း (၈၅)နှစ် ဘ၀ တပါးကို ကူးပြောင်းခဲ့ပြီ။ ဆရာကြီးရဲ့ ဖြူစင်မွန်မြတ်တဲ့ အနုပညာကုသိုလ်ကြောင့် ဆရာကြီး ကောင်းရာသုဂတိ လားမှာ အမှန်ပဲ။
မိုးချိုသင်း
ကိုယ်တို့ မင်္ဂလာဆောင်အတွက် ဆရာကြီး ဆွဲပေးလိုက်တဲ့ လက်ဖွဲ့ပါ။
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဟိုးငယ်ငယ်က နေ၀င်ရီတရော ညနေစောင်းကလေး မိသားစု လမ်းလျှောက်ထွက်ကြတဲ့ အချိန်လေး တချိန်ကို ကိုယ်သတိရနေမိတယ်။
ကိုယ်တို့ မိသားစုက ညနေဖက်တွေဆို ထမင်းစားသောက်ပြီးရင် တက္ကသိုလ်ရိပ်သာလမ်း တလျှောက်ကနေ ပင်မတက္ကသိုလ်ဖက်ကို လမ်းလျှောက်ထွက်တတ်ကြတယ်။ ငှက်တွေလဲ အိပ်တန်းပြန်ပြီ။ နေရီဖျိုးဖျမှာ ကျီးတွေကလဲ အုပ်စုလိုက် အာ လို့။
ခရေတွေက မွှေးမွှေး လမ်းကလေးတလျှောက် ကိုယ်တို့ကလေးတွေက ရှေ့ ကပြေးတော့ အဖေနဲ့အမေက နောက်က စကားတပြောပြောနဲ့ လိုက်ကြတယ်။ ကိုယ်တို့ကလေးတွေက လိုက်တမ်းပြေးတမ်း ဆော့သလိုနဲ့ ရှေ့ကို ပြေးသွားလိုက်ကြ၊ နောက်မှာ ကျန်ခဲ့တဲ့ အဖေတို့ အမေတို့ဆီ ပြေးလာလိုက်ကြ။
တခါတလေ လမ်းမှာ အသိနဲ့တွေ့လို့ အဖေတို့ ရပ်စကားပြောနေရင် ကိုယ်တို့ကလဲ ဘေးကနေ ၀ိုင်းမော့ နားထောင်လို့။ ပြီးတော့ လူချင်းခွဲ၊ လမ်းဆက်လျှောက်ကြပြန်တယ်။ အဖေ့ထုံးစံက သူ့မိတ်ဆွေတွေကို ကိုယ်တို့သားသမီးတွေ ဘယ်လောက်ပဲ ငယ်နေပါစေ၊ လူရာသွင်းပြီး နံမည်နဲ့ မိတ်ဆက်ပေးတတ်တာပါ။
ဒါကတော့ ပထမသမီး၊ သူကတော့ ဒုတိယ၊ သူကတော့ တတိယ သမီးလေ၊ ဟိုပြေးနေတဲ့ ကလေးက နံပါတ် (၄)ပေါ့၊ သားကတော့ အငယ်ဆုံး ..ယောကျာင်္းလေး တယောက်ပဲ ပါတယ် စသဖြင့်ပေါ့။ ပြီးရင် မိတ်ဆွေတွေရဲ့ နံမည်ကို ပြောပြတတ်တယ်။ ဒါကတော့ ဦးဦး ဘယ်သူ တဲ့၊ မှတ်ထားနော် သမီး။ ဒါကတော့ အံတီ ဘယ်သူပေါ့။ ကိုယ်တို့လဲ ဟုတ်ကဲ့၊ ဟုတ်ကဲ့ရှင့် နဲ့ ပြောပြော ပြေးပြေး ဆော့ဖို့ စိတ်ရောက်သွားတော့တာပါပဲ။
တညနေတော့ အဲဒီလို မိသားစု လမ်းလျှောက်ရင်း အဖေတို့ အသိတယောက်နဲ့ လမ်းမှာတွေ့လို့ စကားပြောနေတယ်။ ကိုယ်တို့လဲ ပြေးရင်း ဆော့ရင်း အဖေတို့နားကပ်ပြီး ဘယ်သူများလဲလို့ စပ်စုမိတော့ ပိန်ပိန် အသားဖြူဖြူဝင်းဝင်း အမျိုးသမီး ငယ်ငယ် တယောက်။ မြန်မာဆန်ဆန် ခပ်ရိုးရိုး ၀တ်လို့၊ စာအုပ်တချို့ကို ရင်မှာ ပိုက်လို့။
ကိုယ်တို့ အနားရောက်သွားတော့ အဖေက သမီးတို့ လာပါအုံး၊ သမီးတို့ ဗိုလ်ချုပ်အောင်ဆန်းကို သိတယ် မဟုတ်လား တဲ့။ ခေါင်းညိတ်မိတော့ “အဲဒါ ဗိုလ်ချုပ် သမီးပဲ” တဲ့။ ကိုယ်တို့လဲ အံ့သြသွားတာပေါ့။ ဗိုလ်ချုပ်ကိုတော့ ကောင်းကောင်းသိတာပေါ့။
“အရုဏ်ဦးက ကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ
တို့ဗမာပြည် အမှောင်တွင်း
သူခေါင်းဆောင်လို့ လင်း” လို့ အိမ်မှာ အမြဲဆိုနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတော့ မှတ်မှတ်ထင်ထင် ရှိသွားရတာပေါ့။ နောက်ပြီး သူ့မျက်နှာက ကြည်လင်ပြုံးချို လွန်းလို့ တခါတွေ့ဖူးရင် တသက်မှတ်မိသွားတာမျိုး။
အခုလဲ စာကြည့်တိုက်ကလား၊ စာအုပ်ဆိုင်ကလား ပြန်ခဲ့ပုံပါပဲ။ လက်မှာလဲ စာအုပ်တပွေ့ နဲ့။ သူက နိုင်ငံခြားမှာ ကျောင်းသွားတက်နေရာက ကျောင်းပိတ်ရက် အိမ်ပြန်လာတာတဲ့။ အဖေနဲ့ စာအုပ်ကိစ္စတွေ ပြောကြ ဆိုကြပုံရတယ်။ အဖေက သူပြန်လာတိုင်း သူလိုချင်တဲ့ စာအုပ်တွေ ရှာပေး၊ စာကြည့်တိုက်တွေ အတူသွားကြတယ်။ အဖေတို့ အမေတို့ထက် အများကြီး ငယ်ပုံရပေမဲ့ အဖေရော အမေရော တလေးတစား ဆက်ဆံ စကားပြောနေကြတာ ကိုယ်မှတ်မိနေတယ်။
နောက်တော့ ကိုယ်တို့လဲ အရွယ်ရောက် တက္ကသိုလ်တက်ကြတော့ ၈၈ အရေးတော်ပုံကြီး စ ခဲ့ပြီ။ အဲဒီအချိန်မှာ သူက မိခင် ဒေါ်ခင်ကြည်ကို ပြုစုဖို့ မြန်မာပြည်ကို ရောက်နေတာနဲ့ ကြုံကြိုက်နေတာမို့ မြန်မာ့နိုင်ငံရေးထဲ ပါဝင်ရဖို့ ဖြစ်လာတယ်။ သူ့သတင်းတွေထဲမှာ စွဲနေတာ တခုက “ပြည်သူ့ဖက်ကို အပြတ်လိုက်မယ်” တဲ့။
နောက် ဒေါ်ခင်ကြည် ဈာပနမှာ အဖေက ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ ကဗျာတပုဒ် စပ်ခဲ့ပါတယ်။ အဲဒီကဗျာက “သမီးလက်သို့ အောင်သပြေခက်” တဲ့။ မိဘတွေရဲ့ တိုင်းပြည်ချစ်စိတ်နဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံစိတ်တွေကို သမီးလက်ကို လက်ဆင့်ကမ်းလိုက်တဲ့ အကြောင်းကို စပ်ဆိုလိုက်တဲ့ ကဗျာလေးပါ။
နောက်တော့ ကိုယ်တို့လဲ အရေးတော်ပုံကြီးမှာ အုတ်တချပ် သဲတပွင့် ကျရာ နေရာက ပါဝင်ခဲ့ကြတယ်။ အဖေကတော့ ကလောင်နဲ့ တိုက်ပွဲဝင်၊ ပြည်သူ့ ကဗျာတွေ ရေးစပ်ရင်း NLD ရဲ့ ပင်တိုင် ကဗျာဆရာ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ အဖေက ပါတီဝင် မဟုတ်တဲ့ တဦးတည်းသော NLD တတ်သိပညာရှင် အဖွဲ့ဝင်ပါ။ ရုံးထုံးတမ်းစဉ်လာတွေ ဘာမှ နားမလည်သူမို့ ကဗျာပဲ ရေးပါရစေဆိုတာကို “တတ်သိပညာရှင်ထဲ ဆရာပါရမှာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးလို့ ပါဝင်ခဲ့ရတာပါ။
ကဗျာဆရာကတော့ သူ့အလုပ် သူလုပ်တာပါပဲ။ အဲဒီကဗျာတွေကို နံမည်ဝှက်နဲ့ မရေးဘဲ မူရင်း နံမည်နဲ့ပဲ ရေးလို့ ကဗျာဆရာ ထောင် ဆုရခဲ့တယ်။ စစ်အစိုးရရဲ့ မျက်မာန်ရှ ငြိုးဖွဲ့တာ ခံခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်လဲ အကျယ်ချုပ် ၆နှစ် ကျ ခဲ့ပြီး နေအိမ်အကျယ်ချုပ်က လွတ်လာတော့ အဖေနဲ့တွေ့ချင်တယ်ဆိုလို့ ကိုယ်တို့သားအဖတတွေ သွားတွေ့ခဲ့ကြပါတယ်။
အဲဒီတုန်းက ဆုံခဲ့ရတာ ကိုယ် မမေ့နိုင်ဘူး။ သူ့မျက်နှာက ကြည်ကြည်လင်လင် ပြုံးပြုံးရွှင်ရွှင်။ ထမင်းစားခန်းလေး ထင်ပါရဲ့၊ အဲဒီမှာပဲ ကိုယ်တို့စကားပြောကြတယ်။ စကားပြောကြတာ ဘာမှ ထူးထူးထွေထွေ မပါပါဘူး။ မိသားစု စကားဝိုင်းလိုပဲ ပျော်စရာကောင်းတယ်။ သူက ဟာသဥာဏ်လဲ ရွှင်တော့ တချိန်လုံး ရီမောနေရတာပေါ့။
အဲဒီတုန်းက ဒေါ်စုပြောတဲ့ အကြောင်းလေးတခု ကို မှတ်မိနေဆဲ။ သူ နေအိမ်မှာ အကျယ်ချုပ်ကျတုန်း စာအုပ်တွေ ရှင်းတုန်း ကဗျာလေးတပုဒ် တွေ့တယ် တဲ့။ သူ့အဖေ ဗိုလ်ချုပ် အောင်ဆန်း စပ်ထားတာပါ တဲ့။ သူက ရယ်ရယ်မောမောနဲ့ “ကဗျာကလဲ ကာရန်တွေဘာတွေ သိပ်မမိဘူး ဆရာ၊ ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ဆိုတဲ့ သဘောမျိုး စပ်ထားတာ” တဲ့။
သူလဲ သူ့အဖေ ကဗျာစပ်တယ် မကြားဖူးတော့ အံ့သြမိတယ် တဲ့။ အဲဒီကဗျာမူရင်းကို အဖေ့ကို လက်ဆောင်ပေးချင်ပါတယ် တဲ့။ ဒါပေမဲ့ သူ့ကိုလဲ တခုတော့ ပြန်ပေးရမယ် လို့ သူက ရီမောရင်း ပြောတယ်။ ဒါကိုတော့ သမီးတွေ လုပ်ပေးနိုင်မလားဘဲ လို့ ကိုယ်တို့ဖက်ကို လှည့်ကြည့်ပြီး ပြောသေးတယ်။ သူလိုချင်တာက ကိုယ်တို့အဖေ စပ်ထားတဲ့ ကဗျာတွေ အားလုံး ရနိုင်ရင် လိုချင်ပါတယ် တဲ့။ သူ စာအုပ်ရေးချင်လို့ တဲ့။
နောက်တော့ ကိုယ်တို့ အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။ အဲဒီအချိန်မှာ သူ့အမျိုးသား မိုက်ကယ်အဲရစ်စ်လဲ အိမ်ထဲဝင်လာလို့ သူနဲ့ပါ အတူ မိသားစု ဓာတ်ပုံရိုက်ကြတယ်။ မိုက်ကယ် အဲရစ်စ်က ခြံထိပ်မှာ စောင့်နေတဲ့ စစ်သားလေးတွေနဲ့ ခင်နေလို့ သူတို့နဲ့ စကားသွားပြောနေရာက ပြန်လာတယ်လို့ ဆိုတယ်။ သူတို့ နှစ်ယောက် တယောက်နဲ့ တယောက် သိပ်ချစ်မြတ်နိုးကြတာ သိသာလို့ ကိုယ်တို့စိတ်ထဲ ကြည်နူးပီတိ ဖြစ်မိပါတယ်။
နောက် ၁၀နှစ်ကျော်ကြာတော့ အဖေလဲ မရှိပြီ။ ကိုယ်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လဲ ချစ်ခင်သူတွေနဲ့ ခွဲခွာပြီး အင်းစိန်ထောင်မှာ အချိန်ဆွဲ မတရား အချုပ်အနှောင်ခံနေရရှာပြီ။ သူချစ်တဲ့ ခင်ပွန်းရဲ့ နောက်ဆုံး အချိန်လေးတောင်မှ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ တွေ့ခွင့်မရခဲ့။ အာဏာရှင်တွေလဲ စစ်သွေးကြွတုန်း၊ လူထုလဲ အပူတွေနဲ့ မျက်ရည်ကျရတုန်း။ အရေးတော်ပုံလဲ မပြီးဆုံးသေး။
အဖေ ၂၀၀၄ခု က စပ်ခဲ့တဲ့ ကဗျာတပုဒ်နဲ့ ၁၉ရက် ဇွန်လမှာ ပြည့်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ကို ရည်စူးပြီး ကိုယ် မွေးနေ့ ဆုတောင်းချင်မိပါတယ်။ ကဗျာလေးကို ဖတ်ကြည့်ကြပါအုံး။
“စု” အာဇာနည် သက်တော်ရှည်
ချစ်သူရဲ့ မျက်နှာ
ချစ်သူရဲ့ ဝေဒနာကို
မေတ္တာစိတ် စာနာစိတ်တွေ လျှံဖိတ်နေပေမဲ့
တိတ်တဆိတ် ကျောခိုင်းပြီး
သံတံတိုင်းကြားက မျက်ရည်သုတ်ပြီး
နောက်ဆုံး နှုတ်ဆက်ခဲ့ရှာတဲ့ “စု”။
ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေကို
ကိုယ်နဲ့ထပ်တူ နှိုင်း
ကျောမခိုင်းရက်
ချစ်သူကိုသာ လက်ပြ ထွက်ခွာခဲ့ရှာတဲ့ “စု”။
ကိုယ့်ဒုက္ခ ကိုယ့်ဝေဒနာထက်
တိုင်းပြည်ရဲ့ ဒုက္ခနဲ့ ဝေဒနာကိုသာ
မဖြေသာနိုင်အောင် ခံစားပြီး
အမှန်တရားကိုသာ ဦးတည်တဲ့
အောင်ဆန်းစုကြည် ဆိုတဲ့ တို့ခေါင်းဆောင်။
သူ့နှလုံးသားကို စတေး
သူ့သွေးကို လှူတဲ့
သူမတူတဲ့ အာဇာနည်
သက်တော် ရာကျော် ရှည်ပါစေ။
တင်မိုး
၃၊၆၊ ၂၀၀၄
လူထုက ချစ်တဲ့ လူထု ခေါင်းဆောင် တယောက် ပေါ်ပေါက်ဖို့ဆိုတာ ခက်ခဲလွန်းလို့ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ် ငြိမ်းချမ်းပြီး အသက်ရာကျော် ရှည်ပါစေ။
လူတဦးတယောက်ကို အထူးကြောက်ရတဲ့ အာဏာရှင်စနစ်လဲ ကျဆုံးပါစေ။
မိုးချိုသင်း
(ပန်းချီးကားက ပန်းချီဆရာ ကိုသန်းဌေးမောင်ရဲ့ လက်ရာပါ)
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
အခုတလော ဘလော့မရေးနိုင်တာ ကြာပါပြီ။ မရေးနိုင်တဲ့ အကြောင်းကတော့ ကိုယ်ရေးတာထက် သူများရေးတာတွေချည်း စိတ်ဝင်တစား လိုက်ဖတ်နေမိလို့ပါ။ စိတ်မရွှင်တာလဲ ပါတာပေါ့။ တနေ့တနေ့ သတင်းတွေကို ၀င်းဒိုးတွေ အများကြီး ဖွင့်ပြီး ဖတ်နေတာ။
ဒီနေ့မနက်မှာတော့
မမအယ်ဇီ က အဖေ့ရဲ့ ထာဝစဉ် ကဗျာလေး ပြန်တင်ပေးပါ လို့ ပြောလာတာမို့ မဖတ်ဖြစ်တဲ့သူများ ဖတ်ရအောင် ပြန်တင်ပေးလိုက်ပါတယ်။ ဒီဘလော့ကို စလုပ်တာ မနှစ်က ဇူလိုင်လ ၂၆ရက်။ မလုပ်တတ် လုပ်တတ်နဲ့ စလုပ်မယ်ဆိုတော့ ဘလော့ကို ကူညီလုပ်ပေးတဲ့
မသဒ္ဓါ က အစမ်း တပုဒ်လောက် ရေးပြီး ပို့စ် တင်ကြည့်ပါလား တဲ့။
ချက်ချင်းဆိုတော့ ဘာရေးရမှန်းလဲ မသိ၊ ဒါနဲ့ ကိုယ့်စိတ်ထဲမှာ အမြဲစွဲနေပြီး အလွတ်ရနေတဲ့ ဒီကဗျာလေးကို ချရေးပြီး ပထမဆုံးပို့စ် အဖြစ် ဒီဘလော့ကို စ ဖွင့်ခဲ့တာပါ။ ကဗျာနံမည်က ထာဝစဉ် တဲ့။
ဒီကဗျာလေးကို အဖေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးခဲ့တာပါ။ မတရားအကျဉ်းကျခံနေရတဲ့ ဒေါ်စုကို အပြင်မှာ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း သူလုပ်ချင်တဲ့ အလုပ်တွေ လုပ်နေတာကို တွေ့ချင် မြင်ချင်စိတ် အင်မတန်ပေါက်တယ် တဲ့။
ဒါပေမဲ့ ကဗျာဆရာက သူစိတ်ဖြေလိုက်ပါတယ် တဲ့၊ မမြင်ရလည်း ကိစ္စမရှိပါဘူး၊ မတွေ့ရလဲ ကိစ္စမရှိပါဘူး၊ သူ့ကို သတိရလွမ်းဆွတ်စိတ်နဲ့ သူဖြစ်စေချင်တဲ့ လွတ်မြောက်ရာ လမ်းကို အလုပ်လုပ်ရင်း စိတ်ဖြေလိုက်ပါတယ် တဲ့။ ကဗျာလေးကို အောက်မှာ ပြန်ဖော်ပြထားပါတယ်။ ဖတ်ကြည့်ပါအုံးရှင်။
ထာဝစဉ်
မမြင်ရလည်း
သင်က ရဲဘော်ပင်။
မကြားရလည်း
အနားက ရဲဘော်ဟာ သင်။
မတွေ့ရလည်း
မနေ့က အတိုင်းပင်။
နေ့ရက်ကြာလည်း
သစ္စာမပျက်၊ အောက်မေ့လျက်နှင့်
တသက်သက်ပ ၊ လွမ်းဆွတ် တ ကာ
ဘ၀ကို မြှုပ်၊ အလုပ်လုပ်သည်
ဝိမုတ္ထိလမ်း
ထာဝစဉ် ။ ။
တင်မိုး
အဖေ ဒီကဗျာလေးကို အဲဒီတုန်းက နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်သွားပေးခဲ့ပါတယ်။ အဖေနဲ့အတူ ကိုယ့်အမ မနှင်းနဲ့ ကိုယ်ပါ လိုက်သွားခဲ့တာမို့ ပန်းချီကားနဲ့ တွဲရက် ဒီကဗျာလေး ဖတ်ပြီး သူ ပြုံးနေခဲ့တာ ခုထိ မှတ်မိနေပါတယ်။
အခုအချိန်ထိ “မမြင်ရလည်း သင်က ရဲဘော်ပင်” လို့ ဆိုနေရတုန်းကိုတော့ တကယ်ပဲ ၀မ်းနည်းနေမိပါတယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
မနေ့က အိမ်ကို ဧည့်သည်လာမယ်ဆိုတော့ အိမ်သန့်ရှင်းရေးလုပ်၊ စားဖို့ ချက်ပြုတ် ပြင်ဆင်ရတယ်။ လာမဲ့မိတ်ဆွေတွေက လန်ဒန်မှာ နေတဲ့ ပန်းချီဆရာ ကိုထိန်လင်း ၊ သူ့အမျိုးသမီး Vicky Bowman နဲ့ သမီးလေး အရုဏ်လင်း (Aurora) တို့ပါ။
ကိုထိန်လင်းဆိုတာက ပန်းချီဆရာ၊ အသွေးထဲ အသားထဲကကို ပန်းချီဆွဲချင်စိတ် ပြင်းပြနေသူ။ သူ့ကို စစ်အစိုးရက မတရားဖမ်းဆီး ထောင်ချစဉ်က ထောင်ထဲက သူ့အချိန်တွေကို အကျဉ်းသားတွေရဲ့ ထောင်အ၀တ်အစားတွေပေါ်မှာ ပန်းချီတွေ ခိုးဆွဲပြီး အချိန်တွေကို အဓိပ္ပါယ်ရှိရှိ ကုန်လွန်စေခဲ့သူပါ။ အကျဉ်းသားတွေရဲ့ အဝတ်တွေကို ပိတ်ကား လုပ်လို့ အပြင်ကို သူ့ပန်းချီကားပေါင်း ၃၀၀ ကျော် ထုတ်နိုင်ခဲ့သူဆိုတာ သိဖူး ကြားဖူး ကြမှာပါပဲ။
Vicky ကတော့ မြန်မာပြည်ဆိုင်ရာ အင်္ဂလန် သံအမတ်ကြီးဟောင်းပါ။ သူက မြန်မာစာ၊ မြန်မာ့ယဉ်ကျေးမှုကို နှစ်သက်လေ့လာတဲ့သူဆိုတော့ မြန်မာလို ရေရေလည်လည် လုံးစေ့ပတ်စေ့ ပြောတတ်သူပဲ။ ၁၉၉၀ ကျော်နှစ်တွေတုန်းက Vicky က ကိုယ့်ဝတ္ထုတိုလေး တပုဒ်ကို “Ink over ripped out ငွေမင်သုတ်တယ် ဆုတ်ဖြဲတယ်”ဆိုတဲ့ စာအုပ်မှာ အင်္ဂလိပ်လို ဘာသာပြန်ဖူးပါတယ်။ သူနဲ့ မတွေ့ဖြစ်တာ ဆယ်နှစ်ကျော်ခဲ့ပြီ။ အခုပြန်တွေ့တော့လဲ အရင်လို ချောတုန်းပဲ။
သူတို့ LA ကို အလည်အပတ်လာကြတော့ ကိုယ်တို့အိမ်မှာ ဆုံကြတယ်။ ကိုဇာဂနာ မိသားစုရယ်၊ LA Organizers အဖွဲ့က မိတ်ဆွေ တချို့ရယ်၊ LA မှာ ထုတ်တဲ့ မန္တလေး ဂေဇက်က မိတ်ဆွေတွေရယ် အားလုံး ဆုံပြီး စကားပြောကြတာပါပဲ။ တနေ့လုံး စားလဲစား၊ ပြောလဲ ပြောနဲ့ ညနေစောင်းလို့ စောင်းမှန်းတောင် မသိအောင်ပဲ။
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာ များတယ်။ ကျောင်းတက်တုန်းက အကြောင်းတွေလဲ ပါရဲ့၊ ကိုယ်တို့ ခင်ရတဲ့ သူငယ်ချင်းတွေ အကြောင်း။ တချို့ ဆုံးပါး၊ တချို့ လမ်းခုလတ်မှာ ကိုယ့်အချင်းချင်း နောက်ကျောဓားနဲ့ထိုးခံရတာတွေ၊ တောရိပ် တောင်ရိပ် ခိုခဲ့ရတာတွေ၊ ထောင်ထဲမှာ လျှို့လျှို့ဝှက်ဝှက် ရတဲ့ဆေးနဲ့ ရသလို ပန်းချီဆွဲခဲ့ရပုံတွေ အစုံပေါ့။
တော်တော်လေးကြာတော့ ပန်းချီဆရာက အိမ်ပြင်ထွက်ပြီး အပြင်မှာ ပစ်ထားတဲ့ သုံးထပ်သားပြား တပြားကို ယူလာတယ်။ အိမ်ရှင်ကို ပန်းချီဆွဲပေးမလို့ တဲ့။ ကိုယ့်မှာ ကျေးဇူးတင် ၀မ်းသာလိုက်တာ။ အိမ်မှာ ရှိနေတဲ့ ကြတ်ထားတဲ့ ပန်းချီဘောင်တခု ယူပြီး ဒီပေါ်မှာ ဆွဲပါ ဆိုတော့ မဆွဲချင်ဘူး တဲ့။
ဒါနဲ့ ပင်နီနဲ့ ပုဆိုးလေး ၀တ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီဆရာဟာ ကြမ်းပြင်ပေါ်မှာ အ၀တ်လေးခင်းပြီး ရှိတဲ့ဆေးလေးနဲ့ ပန်းချီ စ ဆွဲပါတယ်။ သူပန်းချီဆွဲနေတာ ကဗျာတပုဒ်လိုပဲ။ ကိုယ်တို့လဲ ဘေးနားမှာ အံ့သြပြီး ငေးကြည့်နေမိတယ်။

သူဆွဲတာက ကိုယ်တို့ ဘယ်တော့မှ မေ့ပျောက်လို့ မရတဲ့ မြသီလာ။ ဘွဲ့နှင်းသဘင်ခမ်းမ နဲ့ သစ်ပုတ်ပင်နဲ့။ ကံကော်ပင်တွေမှာ ကံ့ကော်ပန်းဝါ၀ါလေးတွေတောင် ဝေနေသလားလို့ ထင်မိတယ်။ ငြိမ်းငြိမ်းချမ်းချမ်း အင်းလျားကန်က လှိုင်းကြက်ခွပ်လေးတွေက ပြေးလို့။ တောင်ငူဆောင်ကင်တင်းမှာ အဖေတို့နဲ့အတူ လက်ဖက်ရည်သောက် စာပေ ဆွေးနွေး ကြတာတွေကို သတိရမိလို့ အဲဒီ inspiration နဲ့ ဒီပန်းချီကို ဆွဲတာ တဲ့။
ဘာဖြစ်လို့ သူများလွှင့်ပစ်ထားတဲ့ သုံးထပ်သားပြားကို လမ်းဘေးက ကောက်ပြီး ဆွဲရတာလဲ လို့ မေးတော့ ကိုယ်တို့ဘ၀တွေကိုလဲ အာဏာရှင်တွေက အသုံးမကျ ဖြစ်သွားအောင်၊ စုတ်ပြတ် နင်းခြေ ကန်ကျောက်ပစ်လိုက်တာ တဲ့။ အမှိုက်လိုပဲ တဲ့။ ဒါပေမဲ့ အဲဒီအမှိုက်ကပဲ အခုလို ပန်းချီဆွဲလိုက်တဲ့အခါ လောကအတွက် အသုံးကျစရာ တခုခု ဖြစ်သွားတယ် တဲ့။ ဒါကြောင့်မို့ recycle လို အခက်အခဲ၊ မတရား ဖိနှိပ်မှု ဘယ်လိုရှိရှိ၊ ဖျက်ဆီးတိုင်း မပျက်စီးဘဲ ပြန်ရှင်သန်နေတဲ့ ဘ၀တွေကို ကိုယ်စားပြုတာပါ တဲ့လေ။
ကိုဇာဂနာ့ အမျိုးသမီး မလွင်မာအတွက်လဲ ပန်းချီတကား ဆွဲပေးသေးတယ်။ နောက်ထပ် သွားကောက်လာတဲ့ သုံးထပ်သားပြား တခုနဲ့ပါပဲ။ ဒီတခါ အမအတွက် ဆွဲပေးတာက အငြိမ့် ပန်းချီကားလေးပါ။ မင်းသမီးလေးက က လို့။ ဘေးမှာ လူရွှင်တော်တွေနဲ့။ လူရွှင်တော်ရဲ့ ပုဆိုးကွက် အတုံးကြီးကြီးတွေက ပန်းချီကားကို ပိုမြိုင်အောင် လုပ်ထားတယ်။
ဒါပေမဲ့ လူရွှင်တော် တယောက်ကတော့ ဘောင်ကလေးထဲမှာ ထိုင်နေတယ်။ အဲဒီ လူရွှင်တော်က ကတုံးလေးနဲ့။ အဲဒီဘောင်လေးကို သော့ခတ်ထားသေးတယ်။ အထဲမှာ နေနေရပေမဲ့ သူ့လက်ကလေးက ချိုးပြီး ကနေသေးသလိုလို။ အပြင်မှာ ကနေတဲ့ မင်းသမီးကလဲ အကမပျက်၊ ပန်းပန်လျက်။
ကိုထိန်က ပန်းချီဆွဲရင်း ဘေးနားမှာ ငုတ်တုတ်လေး ထိုင်ပြီး ငေးနေကြတဲ့ မလွင်မာနဲ့ ကိုယ်တို့ကို ရေးလိုက် ပြောလိုက် လုပ်နေတာပါ။ ကိုယ်လဲ ပန်းချီကားထဲက ဘောင်လေးထဲ ရောက်နေတဲ့ လူရွှင်တော် ကတုံးမင်းသားလေးကို ကြည့်ရင်း သူ့ဆေးလေးတွေ ပြန့်သွားသလို ၀ါးကုန်တယ်။ သူလဲ တမင်တကာ စွန့်ပစ်ခံထားရတဲ့ ပစ္စည်းလေးပဲ။ ဒါပေမဲ့ ဒီ recycle က ကိုယ်တို့အားလုံးအဖို့မှာတော့ တန်ဖိုး မဖြတ်နိုင်ပါဘူး။
ညမိုးချုပ်တော့ ဧည့်သည်တွေ ပြန်ကြပြီ။
သူတို့တွေ ပြန်ပေမဲ့ ဘယ်သူတွေ နင်းခြေခြေ မပျက်စီးသွားဘဲ ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ခံပြီး လောကကို ကောင်းကျိုးတစုံတရာ ပြုနိုင်ဆဲဖြစ်တဲ့ recycle လူတွေအကြောင်း တသီတတန်းကြီး တွေးနေမိတာ။
ဒီအချိန်အခါလေးကို အမှတ်တရအနေနဲ့ လိုအပ်တဲ့ တချိန်ချိန်မှာ ပြန်သတိရနိုင်အောင် ကိုယ့်မှတ်တမ်းလေးမှာ ရေးခြစ်လိုက်ပါတယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
အဲဒါဖြစ်ပြီး တစ်ပတ်လောက်အကြာမှာ ဝေမိုးကျနော့်ဆီရောက်လာတယ်။ သူက ပြန်လွတ်လာ တာ မကြာသေးဘူး။ လွတ်လွတ်ပြီးချင်း ဘုန်းကြီးဝတ်တော့ ကျနော်နဲ့ဆရာကြီးတို့ သွားကြသေး တယ်။ အခုသူက ဘုန်းကြီးထွက်ခါစ အိမ်မှာအနားယူနေတဲ့အချိန်။ ကျနော့်ဆီတော့ မကြာခဏ လာတတ်တယ်။ အခုလာတာကတော့ အလုပ်ကိစ္စနဲ့ပါ။ ''အကို့ ကို လူတစ်ယောက်ကတွေ့ချင်လို့ တဲ့။ အရေးကြီးတယ်။ လျှို့ဝှက်တွေ့ရမှာ..''။ တွေ့မယ် သူဘယ်သူလဲ လို့မေးလိုက်တော့ သူက ''ဘယ်သူလို့မပြောရဘူးလို့ မှာလိုက်တယ်။ တွေ့ရင်သိမှာပဲ။'' ဒါဆို ငါမတွေ့တော့ဘူးကွာ။ မင်းပဲ စဉ်းစားကြည့်။ အခုလို နိုင်ငံရေးအခင်းအကျင်းမျိုးမှာ ဘယ်သူမှန်းလည်း ကြိုမသိ၊ အရေးလည်း ကြီး၊ လျှို့ဝှက်လည်း ဆိုသေး ဆိုတော့ ငါမတွေ့တော့ဘူးကွာ..''။ ဝေမိုးပြန်သွားတယ်။ ကျနော် ပြတဲ့အကြောင်းပြချက်က ခိုင်လုံနေတယ်လေ။ နောက်တစ်နေ့ ဝေမိုးပြန်ရောက်လာတယ်။ ကျနော့်နား နားကပ်ပြီး ''ခုတွေ့မယ့်လူက တခြားသူမဟုတ်ဘူး။ ကိုသက်ဝင်းအောင်ပဲ'' လို့ပြောလိုက်တော့ ကျနော်ရင်ထဲ ဒိန်းခနဲဖြစ်သွားတယ်။
သက်ဝင်းအောင်နဲ့ကျနော် မတွေ့ရတာ (၆)နှစ် ကျော်ပြီ။ ၁၉၉၂ သူလွတ်သွားပြီး ကျနော့်ကို ရုံးထွက်မှာလာတွေ့ခဲ့တာ နောက်ဆုံးပဲ။ ၁၉၉၇ ကျနော်ထောင်ကလွတ်တော့ သူရန်ကုန်မှာ မရှိတော့ဘူး။ နိုင်ငံရေးကိစ္စတွေနဲ့ ထောက်လှမ်းရေး လိုက်ဖမ်းနေလို့ ထိုင်းဘက်ထွက်သွားပြီ။ ဒါကြောင့် သက်ဝင်းအောင်ကိုတွေ့ရင် ဖမ်းဖို့ ထောက်လှမ်းရေးက ဝရမ်းထုတ်ထားတဲ့အချိန်။ ဒါပေမဲ့ သူ ထိုင်းမှာရှိနေတယ်ဆိုတော့ ကိစ္စမရှိဘူးပေါ့။ ခုတော့ မြန်မာပြည်ထဲ ပြန်ရောက်ပြီး လှုပ်ရှားနေပြီပေါ့။ သြဂုတ် လှည်းတန်းကိစ္စ၊ ပုံမှန်ထွက်နေ တဲ့ Statement ကိစ္စ၊ ကျောင်းသား လှုပ်ရှားမှုတွေ..။ တစ်ခုချင်း ကျနော့်ခေါင်းထဲ အစီစီအရီရီ ပေါ်လာတယ်။ ဒါ သူ့လက်တွေပဲ။ သူနဲ့တစ်စုံတစ်ရာ ပတ်သတ်နေတယ်ဆိုတာ သိထားပေမဲ့ လူ ကိုယ်တိုင် ပြည်တွင်းပြန်ရောက်ပြီး လှုပ်ရှားနေမယ်တော့ ထင်မထားခဲ့မိဘူး။ အခု သူပြန်ရောက် နေပြီ။ လှုပ်ရှားနေပြီ။ ကျနော့်ကိုတွေ့ဖို့ ချိန်းနေပြီ။ ကျနော်ဘာလုပ်ရမလဲ။
ဒီအချိန်မှာက ညတိုင်း လူဖမ်းပွဲကြီးလုပ်နေတဲ့အချိန်။ NLD အဖွဲ့ဝင်တွေရော၊ ကျောင်းသားတွေရော တစ်သုတ်ပြီး တစ်သုတ်ဖမ်းခံနေရချိန်။ ကျနော်က ထောင်ကထွက်လာတာ (၁)နှစ်တောင် တင်းတင်းမပြည့်ချင် သေးဘူး။ ထောက်လှမ်းရေး စစ်ကြောရေးခန်းက ပြန်ထွက်လာတာ ရက်ပိုင်းပဲရှိသေးတယ်။ ဒီ အခြေအနေမှာ သူ့ကိုသွားတွေ့မလား။ မတွေ့ဘဲ ငြင်းလိုက်မလား။ သွားတွေ့ရင် အကြီးအကျယ် အန္တရာယ်ရှိနိုင်တယ်။ အနည်းဆုံး ထောင်ဒဏ် (၇)နှစ်ပဲ။ မတွေ့ဘဲ ငြင်းလိုက်ရင်ကော ကျနော့် ခေါင်းထဲ ဆက်တိုက်ဖြစ်လာတဲ့အတွေးတွေပါ။ ကျနော် ငြိမ်ကျသွားတာကို ဝေမိုးသတိထားမိ တယ်။ နောက်ဆုံးတော့ ကျနော်တွေ့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ တွေ့မယ့်အချိန်နဲ့နေရာ သတ်မှတ်ပြီး ဝေမိုးပြန်သွားတယ်။
ခုလို သက်ဝင်းအောင်နဲ့ တွေ့ဖို့ဆုံးဖြတ်လိုက်တာဟာ ကျနော့်အတွက် အန္တရာယ်ကြားကစွန့်စားမှု တစ်ခုပါပဲ။ သာမန်အချိန်မှာ အဲဒီလောက်မဟုတ်ပေမဲ့ အဲဒီတုန်းက နိုင်ငံရေးအခင်းအကျင်းက ဇာတ်ရှိန်အမြင့်ဆုံးဖြစ်နေတဲ့အချိန်၊ ကျနော်ပြင်ဆင်သင့်တာတွေ အသေးစိတ်ပြင်ဆင်တယ်။ ကျနော့်အမိုးအတွက် လိုအပ်တာတွေ၊ ပေးရမယ့်အရာတွေ၊ ရစရာရှိတာတွေ အကုန်စာရင်းချပြီး အပြီးလုပ်ထားလိုက်ပါတယ်။ နောက်နေ့မနက် (၉)နာရီလောက် ဝေမိုးရောက်လာတယ်။ သူ လည်း လိုက်ဖို့လာပြောတာပါ။ ဒါပေမဲ့တွေ့ဖို့ချိန်းထားတာက နေ့လည် (၂)နာရီ။ အချိန်အစော ကြီး ရှိသေးလို့ ကျနော်တို့အိမ်မှာပဲ စကားထိုင်ပြောနေကြတယ်။ (၁၁)နာရီလောက်ကျတော့ ဆရာကြီးက ဆိုင်းမဆင့် ဗုံမဆင့် ဗြုန်းစားကြီးရောက်ချလာတယ်။ သူနဲ့လိုက်ခဲ့ဖို့ အတင်းခေါ်နေ တော့တယ်။ ပထမ ကျနော်ငြင်းသေးတယ်။ ဒါပေမဲ့သူကမရဘူး။ အကြောင်းပြချက် မခိုင်လုံလို့ ကတော့ အတင်းဇွတ်နေတော့တာ။ ကျနော်လည်း နာရီကြည့်တော့ အခုမှ (၁၁)နာရီဆိုတော့ (၃)နာရီလောက် လိုသေးတာပဲဆိုပြီး သူနဲ့လိုက်သွားလိုက်တယ်။
ဝေမိုးလည်း လိုက်လာတယ်။ ပထမတော့ မဂ္ဂဇင်းတိုက်ကို သွားကြတာ။ နောက် ကျနော်တို့တွေ ပန်းဆိုးတန်းက ဟိန္ဒူဘုရား ဝင်းထဲဖွင့်ထားတဲ့လက်ဖက်ရည်ဆိုင် သွားထိုင်ကြတယ်။ အဲဒီမှာက စားစရာစုံတယ်လေ။ အဲဒီမှာ နေရင်း (၁)နာရီထိုးတော့ ကျနော်ထွက်ဖို့လုပ်တယ်။ ဆရာကြီးက မရဘူး။ ညနေထိ သူနဲ့နေချည်း လုပ်နေတယ်။ သူပြန်ပို့ပေးမယ်ပေါ့။ ကျနော်ကလည်း ချိန်းထားတာရှိလို့ သွားမယ်ဆိုတာကို ''ဘာလဲ မင်းရည်းစားရနေပြီလား။ ငါ့ကို မိတ်ဆက်ပေး၊ ငါလည်းလိုက်မယ်''ဆိုပြီး လုပ်နေတယ်။ ကျနော်လည်း ဘယ်လိုပြောရမလဲမသိတော့ဘူး။ နာရီကြည့်ပြီး ဝေမိုးလည်း မျက်စိမျက်နှာပျက် နေပြီ။ သက်ဝင်းအောင်နဲ့တွေ့ဖို့ကိစ္စကို ကျနော် ဆရာကြီးကိုအသိမပေးချင်ဘူး။ သူ့ကိုအန္တရာယ် စက်ကွင်းထဲ မရောက်စေချင်လို့။ ဘာပြောပြော သိထားရင် အန္တရာယ်ရှိတယ်လေ။
ဘယ်လိုမှ ထွက်လို့မရတဲ့အဆုံး ကျနော်ဝေမိုးကိုမျက်ရိပ်ပြလိုက်ပြီး ဆရာကြီးကို လက်ကုတ်လိုက်တယ်။ လက်ဖက်ရည်ဆိုင်ကထွက်လာပြီး ဆရာကြီးနားကပ်ပြီး အခုတွေ့မှာ သက်ဝင်းအောင်ဖြစ်ကြောင်း ဆရာကြီးအန္တရာယ်ရှိမှာစိုးလို့ အသိမပေးတာဖြစ်ကြောင်း၊ အခုချိန်းထားတဲ့အချိန် မိနစ်ပိုင်းပဲ လို တော့ကြောင်း၊ ပြောလိုက်မှ မျက်လုံးပြူးသွားတယ်။ ချက်ခြင်းပဲ '' အေး.. အေး..သွား.. ငါ့ကားယူသွား '' ဆိုပြီး ကားပါ ပေးလိုက်တယ်။ သူကတော့ အဲဒီမှာဘဲ ကျန်ခဲ့တယ်။ ကားပေါ်တက်ခါနီး ကျနော့်နားနားကပ်ပြီး '' သက်ဝင်းအောင်ကိုပြောလိုက် ၊ ငါသတိရနေတယ်လို့ ။ ငါ့ကိုပေးစရာရှိတဲ့အကြွေးလည်း ဆပ်ဦး'' လို့ မှာလိုက်သေးတယ်။ သူ့ကိုပေးစရာရှိတဲ့အကြွေးးဆိုတာက အထဲမှာနေကြတုန်း စာမေးပွဲပြန်ဖြေဖို့ သူတောင်းထားတဲ့ကတိကို သက်ဝင်းအောင်က ပေးခဲ့ပြီး စာမေးပွဲမဖြေဖြစ်သေးတာကို ပြောတာပါ။
ချိန်းထားတဲ့နေရာရောက်တော့ သက်ဝင်းအောင်က ကြိုရောက်နှင့်နေပြီ။ သူ့ပုံစံက လွန်ခဲ့တဲ့ (၆) နှစ်က အတိုင်းပဲ။ ဘာမှ သိပ်မပြောင်းဘူး။ ကျနော့်ကို တွေ့တွေ့ချင်း ကျနော့်လက်မောင်းကို လက်သီးနဲ့ ထိုးလိုက်တယ်။ ကျနော်လည်း သူ့ရဲ့ပြောင်နေတဲ့နဖူးကို လက်နဲ့လှမ်းတောက်ချလိုက် တယ်။ ပြီးမှ (၂)ယောက်သား ပြိုင်တူရယ်လိုက်ကြပြီး ဘေးချင်းယှဉ်လျှက်က တစ်ယောက်ပခုံး တစ်ယောက်လှမ်း ဖက်ထားလိုက်ကြတယ်။ အဲဒါ ကျနော်တို့နှစ်ယောက် နှုတ်ဆက်နေကျပုံစံလေ။ သူနဲ့ကျနော် (၁) ဆောင် မှာအတူတူနေကြတုန်းက ကျနော်က နေ့တိုင်း 'ဒိုက်' ထိုးတယ်။ အဲဒါကို သူက ''မင်းလက်မောင်းတွေက ကောင်းသားပဲ။ မှန်း ..ငါစမ်းကြည့်စမ်းမယ်”ဆိုပြီး ထိုးတော့တာ ပဲ။ ကျနော့်ကို ဘယ်အချိန်တွေ့တွေ့ကျနော့်လက်မောင်းကို ထိုးလိုက်ရမှ ကျေနပ်တဲ့ကောင်။ ကျနော်ကလည်း သူ့နဖူးကို လက်နဲ့လှမ်းလှမ်း တောက်တယ်။ သူ့နဖူးပြင်က ထူးထူးခြားခြားကို ကျယ်နေတာ။ အဲဒါကို သူက ဆံပင်နဲ့ဖုံးထားတတ်တယ်။ ကျနော်ကသူ့ကိုဘယ်အချိန်တွေ့တွေ့ သူ့နဖူးကို တစ်ချက်လောက် တောက်လိုက်ရမှ ကျေနပ်တဲ့ကောင်လေ။ ဒီလိုနဲ့ သူနဲ့ကျနော်ကြားမှာ အဲဒီလို နှုတ်ဆက်တဲ့ပုံစံလေး ဖြစ်မှန်းမသိ ဖြစ်သွားကြတာလေ။
အဲဒီမှာ ခဏပဲနေပြီး ရွှေတိဂုံဘုရားသွားဖို့ သူကပြောတယ်။ သူက သူ့ဆိုင်ကယ်နဲ့ သက်သက် သွားတယ်။ ကျနော်နဲ့ဝေမိုးက ဆရာကြီးကားနဲ့။ ဘုရားပေါ်မှာ ညနေ (၅)နာရီလောက်ထိ အေးအေး ဆေးဆေး စကားတွေပြောဖြစ်ကြတယ်။ သူ ကျနော့်ကို တွေ့ဖို့ခေါ်တဲ့ အကြောင်းကတော့ အလုပ်ကိစ္စ ထက် အရင်သံယောဇဉ်အရ ခေါ်တွေ့တဲ့သဘောပါပဲ။ အဲဒီမှာ သူ ကျနော့်ကို ပြောခဲ့ တာတွေကတော့ ပုံမှန်တရားထိုင်ဖို့၊ သူလည်း ပုံမှန်တရားထိုင်ဖြစ်တဲ့အကြောင်း၊ အခက်အခဲတွေ ကြုံလာတဲ့အခါတိုင်း တရားထိုင်ထားတဲ့အကျိုးကြောင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်လို့ရခဲ့ကြောင်း၊ ဒါကြောင့် တရားထိုင်တာ အကျိုးများကြောင်း၊ ကျနော်အနေနဲ့ လောလောဆယ် နိုင်ငံရေးကိစ္စ ခဏနားထားပြီး ပညာရေးကိစ္စကို ဇောင်းပေးသင့်ကြောင်း၊ ကျနော့်အနေနဲ့ ဟိုဖက်ထွက်ပြီး ပညာရေးဆက်လုပ်သင့်ကြောင်းတွေ ပြောတာပါ။ အဲဒီတုန်းက သူက ကျနော်ထောင်ထဲ (၆)နှစ် ကျော်နေခဲ့ရတာကို စိတ်မကောင်းဖြစ်နေတာ။
ကျနော်ကတော့ သူ့ကို သိပ်ပြီးမပြောဖြစ်ပါဘူး။ သိပ်ပြီး အတင့်မရဲဖို့နဲ့ ကိစ္စဝိစ္စပြီးရင် ခြေရာဖျောက် နေဖို့လောက်သာ သတိပေးလိုက်တာပါ။ ညနေ (၅)နာရီထိုးတော့ ကျနော်တို့ပြန်ဖို့ ထရပ်လိုက်ကြတယ်။ ထုံးစံအတိုင်း သူက ကျနော့် လက်မောင်းကို ထိုးလိုက်တော့ ကျနော်က သူ့နဖူးကို လှမ်းတောက်လိုက်တယ်။ ပြီးတော့ တယောက်ပခုံး တယောက်ဖက်ပြီး နှုတ်ဆက်လိုက်ကြတယ်။ အဲဒါ ကျနော်တို့နောက်ဆုံးနှုတ်ဆက်ကြတယ်ဆိုတာ (၂)ယောက်လုံး မသိခဲ့ကြဘူးလေ။ ကျနော်နဲ့တွေ့ပြီး နောက်(၂)ရက်လောက် နေတော့ သူအဖမ်းခံရတယ်။ အဲဒီထဲက အပြင်လောကကို အသက်ရှင်လျက် ပြန်ထွက်လာခွင့် မရတော့ပါဘူး။ ထောင်ထဲမှာ (၈)နှစ်ကျော်လောက် ခက်ခဲကြမ်းတမ်းမှုတွေ၊ တိုက်ပွဲတွေနဲ့ ရင်ဆိုင်တိုးခဲ့ရပြီး ပထမအောက်ပိုင်း သေသွားတယ်။ နောက်တော့ (၂ဝဝ၆) အောက်တိုဘာ (၁၆)မှာ မန္တလေးထောင်ထဲမှာ ကျဆုံးသွားရတယ်။ သူဆုံးတော့ ကျနော်က သာယာဝတီမှာ၊ နံရံတွေကြား ကနေပဲ သူ့ကို ''သက်ဝင်းအောင် (သို့မဟုတ်) ငြိမ်းချမ်းရေးဝိညာဉ်'' လို့ကင်ပွန်းတပ်ပြီး လှမ်း ဦး ညွတ်ခဲ့ရတယ်။
သက်ဝင်းအောင်အဖမ်းခံရပြီး ဘိုဘိုလည်း ဖမ်းခံရတယ်။ နောက်တော့ ကိုထွန်းမြင့်အောင်ပါ အဖမ်းခံရတော့ ကျနော်လည်း အိမ်မှာသိပ်မနေပဲ ရှောင်နေလိုက်ရတော့တယ်။ အဲဒီအတောအတွင်း ပညာရေးစနစ်အပြောင်းအလဲတွေ ဖြစ်သွားတယ်။ နှစ်စတုန်းက ပြောခဲ့တဲ့စနစ်က နောက်နှစ်မှစမှာ ဆိုတော့ ဒီနှစ်မှာ ဘယ်သူမဆို ဆယ်တန်းအပြင်ဖြေခွင့်ရှိသေးတယ်။ ကျနော့် ဆရာမတွေက ကျနော့် အတွက် 'ဖောင်' ဝယ်ပြီး တင်ဖို့လုပ်တယ်။ ကျနော့်လက်မှတ်လိုနေလို့ ကျနော့်ဆီ အကြောင်းကြားတော့ လက်မှတ်သွားထိုးပေးလိုက်ရတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ စာမေးပွဲဖြေဖို့ စိတ်ကူးလုံးဝမရှိတော့ပါဘူး။ မြန်မာပြည်ပညာရေးကို လုံးဝကျောခိုင်းလိုက်ပါပြီ။ လောလောဆယ် ကျနော်ကိုယ်တိုင်လည်း အဖမ်းခံရမလား၊ ထွက်ပြေးရမလား ဆိုတာလည်း သေသေချာချာ မသိနိုင်သေးဘူး။ ဒါတွေကို ဆရာမတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ ဖွင့်မပြောခဲ့ပါဘူး။ ဒီအတောအတွင်း အခြေအနေက ပိုရှုပ်ထွေးလာတယ်။ ကျနော့်အိမ်ကို ထောက်လှမ်းရေးတွေ လာမေးနေပြီဆိုတာသိတော့ ကျနော် နယ်ထွက်သွားပါတော့တယ်။
နယ်မှာ (၃)လလောက်ရှောင်နေပြီး အေးဆေးပြီဆိုမှ ရန်ကုန်ပြန်တက်လာခဲ့တယ်။ မှတ်မှတ်ရရ ကျနော် ရန်ကုန် ပြန်ရောက်တဲ့နေ့က ၁၉၉၈ရဲ့ နောက်ဆုံးနေ့ ဒီဇင်ဘာ (၃၁)ရက်နေ့ပါ။ နောက်နေ့မှာ ဆရာမတွေ သွားနှုတ်ဆက်တယ်။ ဟိုရောက်တော့ ဆရာမတွေက ကျနော့်ကို မျှော် နေကြတာ။ စာမေးပွဲအတွက် ပြင်ဆင်ဖို့၊ စာကျက်ဖို့အတွက်ပါ။ ဒီတော့မှ ကျနော် စာမေးပွဲဖြေဖို့ အစီအစဉ် မရှိတဲ့အကြောင်း ပြောပြလိုက်တယ်။ ဆရာမက မရဘူး၊ ဖြေကို ဖြေရမယ် ဆိုပြီး အတင်း လုပ်တော့တာပဲ။ ကျနော်လည်း မဖြေတော့ဘူးဆိုတာ အကြောင်းတွေရှိတယ်လေ။ စာမေးပွဲဖြေရမှာက မတ်လ (၉)ရက်နေ့။ ကြားထဲမှာ (၂)လလောက်ပဲ အချိန်ရှိတော့တာ။ ခေါင်းထဲမှာလည်း ဘာစာမှမရှိတော့ဘူး။ ဒီကြားထဲမှာလည်း အိပ်မက်ဆိုးတွေ ဖြတ်သန်းမက်ခဲ့ရသေးတော့ ကျနော်တော်တော် ပင်ပန်းနွမ်းနယ်နေပြီ။ ဒါကြောင့် မဖြေတော့ဘူး။ ဖြေရင်လည်း ကျဖို့ပဲရှိတော့တယ်။ ကျနော့်မူက ''ဖြေရင်အောင်ရမယ်'' ။ ဆရာမတွေက ဘယ်လိုပဲဖြစ်ဖြစ် ဖြေကိုဖြေရမယ်၊ နောက်ဆုံး ကျရင်ကျပါစေ။ ကျနော် စာမေးပွဲခန်းထဲဝင်ရင်တော်ပြီ။
ဒီလိုနဲ့ ကျနော်နဲ့ ဆရာမတို့ စကားအခြေအတင် ဖြစ်ကြတယ်။ ကျနော်က မဖြေတော့ဘူးလို့ ပြောပြီး ပြန်ဆင်း ဖို့လုပ်တော့ ဆရာမက ''မင်းမပြန်နဲ့။ ဒီမှာ စာကျက်ရမယ်။ မင်း ဖြေကိုဖြေရမယ်။'' လို့လှမ်းပြော တယ်။ ကျနော်ကလည်း မရဘူး။ ဖိနပ်စီးပြီး တံခါးဖွင့်ဆင်းမယ်လုပ်တော့ ဆရာမက နောက်ကနေ ကျနော့်ဂုတ်ကိုကိုင်ပြီး မျက်နှာကို လက်သီး နဲ့ထိုးချလိုက်တယ်။ ကျနော့်မျက်စိထဲ မီးတောင် ပွင့်သွားတယ်။ ဆရာမအဖေက နာမည်ကျော် လက်ဝှေ့သမားကြီး။ ဆရာမလည်း ငယ်ငယ်က သဲအိတ်တွေ ဘာတွေထိုးပြီး လက်သီးကျင့်ခဲ့ဖူးတဲ့ ဆရာမ။ သူက ကျောင်းသားတွေကို ဘယ် တော့မှ မရိုက်ဘူး။ မာမာထန်ထန်တောင် ပြောတာမဟုတ်ဘူး။ စာသင်ရင် အမြဲပြုံးရွှင်နေ တတ်တာ။ ဒါပေမဲ့ သူစိတ်ဆိုးပြီဆိုရင်တော့ ခုနကလို ဂုတ်ဆွဲပြီး ဘယ်ပြန်ညာပြန် ထိုး တော့တာ။
ကျနော့်အကို ငယ်ငယ်တုန်းက သူ့လက်သီးစာမိပြီး (၃)ရက်လောက် ထမင်းမစားနိုင် ဖြစ်ခဲ့ဖူး တယ်။ ကျနော်လည်း (၈)တန်းနှစ်လောက်က တစ်ကြိမ်ထိခဲ့ဖူးတယ်။ အခု တစ်ကြိမ်ထိပြန်ပြီ။ စိတ်ထဲ ထူပူသွားပြီး ဆရာမကို လှည့်ကြည့်လိုက်တော့ သူက မင်းအထဲပြန်ဝင်ဆိုပြီး နောက်တစ် ချက်ထိုးချလိုက်ပြန်တယ်။ ဒီတခါ ကျနော်ရှောင်လိုက်နိုင်ပါတယ်။ ဒီတစ်ချက်ပါထိရင်တော့ ကျနော်ထင်တယ် (၅)ရက်လောက် ဆန်ပြုတ်သောက်ရမယ့်ကိန်းပဲ။ ကျနော်လည်း အသားလည်း နာ၊ ရှက်လည်း ရှက်ဆိုတော့ ဆရာမကို စူးစူးရဲရဲပြန်ကြည့်လိုက်တယ်။ အရိုင်းစိတ်တွေ ကြွလာတယ်။ ဆရာမနေရာမှာ တခြားလူဆိုရင်တော့ အရိုးတခြား၊ အသားတခြားဖြစ်သွားမှာ အမှန်ပဲ။ ဒါပေမဲ့ ဒီဆရာမက ကျနော့်ကို ငယ်ငယ်ထဲက သားတစ်ယောက်လို စောင့်ရှောက်ခဲ့တဲ့ဆရာမ၊ ကျနော်က အမေတစ်ယောက်လိုချစ်ခဲ့ရတဲ့ဆရာမ ဆိုတော့ စိတ်လျှော့ပြီး ခေါင်းငုံခံလိုက်ရတယ်။ ဆရာမအမေရောက်လာပြီး ကျနော်တို့ကို အိမ်ထဲခေါ်သွားလို့ ဆရာမလည်း ဘာမှ ထပ်မပြော တော့ပါဘူး။
ကျနော် စဉ်းစားကြည့်တယ်။ ကျနော့်ဘဝမှာ အနိုင်ကျင့်မှုမှန်သမျှကို ဘယ်တော့မှ ခေါင်းငုံ့ခံလေ့ မရှိဘူး။ ရတဲ့နည်းနဲ့ တွန်းလှန်ခဲ့တာချည်းပဲ။ ရုပ်ပိုင်းနဲ့ တွန်းလှန်လို့မရတဲ့ကိစ္စတွေဆိုရင် စိတ်ပိုင်း နဲ့တွန်းလှန်ခဲ့တာပဲ။ ဒါပေမဲ့ ကျနော်တွန်းလှန်လို့မရဘဲ ဒူးထောက်အညံ့ခံခဲ့ရတဲ့ အနိုင်ကျင့်မှုတော့ ရှိတယ်။ အဲဒါ 'မေတ္တာရဲ့အနိုင်ကျင့်မှုပဲ'။ အခုဆရာမလုပ်ရပ်နဲ့ ကျနော် ထောင်ထဲမှာရှိစဉ် ထောင်မှူးစောထွန်းနဲ့ဖြစ်တဲ့ကိစ္စမှာ ဆရာကြီးပါဝင်ခဲ့တဲ့ လုပ်ရပ်မျိုးတွေပါပဲ။ အဲဒါတွေကို ကျနော်က 'မေတ္တာရဲ့အနိုင်ကျင့်မှု' လို့ ခေါ်ချင်တယ်။ လူတယောက်က လူတယောက်ကို အနိုင်ကျင့်တယ်ဆိုတာ အနိုင်ကျင့်သူက သူ့ရဲ့အတ္တ အကျိုးစီးပွားအတွက် အနိုင်ကျင့်တာပါပဲ။ ဒါပေမဲ့ မေတ္တာရဲ့အနိုင်ကျင့်မှုကတော့ အဲဒါနဲ့ပြောင်းပြန်ပါ။ အနိုင်ကျင့်သူက သူရဲ့အတ္တ အကျိုး စီးပွားလုံးဝမပါဘဲ အနိုင်ကျင့်ခံရသူရဲ့ အကျိုးကို ရှေးရှုပြီး အနိုင်ကျင့်တာပါ။ ဒီလိုအနိုင်ကျင့်မှုမျိုးကို မေတ္တာရဲ့အနိုင်ကျင့်မှုလို့ ယူဆတယ်။ ကျနော့်ဘဝမှာ ကျနော် ဘာကိုမှ မကြောက်ပါဘူး။ မေတ္တာရဲ့အစွမ်းသတ္တိကိုတော့ အရမ်းကြောက်တယ်။ ဒီဒဏ်ကို ကျနော်မခံနိုင်ဘူး။ တကယ်တော့ ကျနော့်ဘဝမှာ အငတ်မွတ်ဆုံး၊ အတောင့်တဆုံးအရာဟာ မေတ္တာပဲလေ။
အဲဒီလိုမေတ္တာရဲ့အနိုင်ကျင့်မှုကြောင့် (၁ဝ)တန်းဖြေဖို့ လုပ်ရပါတော့တယ်။ ဖြေရဖို့ရက်က တအား နီးနေတော့ ဂုဏ်ထူးထွက်ဖို့ မမျှော်မှန်းတော့ဘူး။ အောင်မှတ်ရဖို့တောင် မနည်းလုပ်ရမှာ။ တော် သေးတာက ဝိဇ္ဇာတွဲ (၃)ဘာသာမှာ (၂)ဘာသာ (၄ဝ) ရရင် အောင်တယ်။ သိပ္ပံတွဲလည်း ဒီလိုပဲ။ အချိန်မရတော့လို့ ဝိဇ္ဇာတွဲထဲက သမိုင်းနဲ့အီကိုပဲ ကြည့်ပြီး ပထဝီကို လုံးဝလွှတ်ထားလိုက်တယ်။ သိပ္ပံတွဲထဲက Chemistry နဲ့ Physics ကိုပဲကြည့်ပြီး Bio ကို လုံးဝလွှတ်လိုက်တယ်။ အိပ်ချိန် (၅) နာရီလောက်ပဲထားပြီး ကျန်တဲ့အချိန်တွေမှာ စာနဲ့ပဲ မျက်နှာအပ်ထားလိုက်တယ်။ ဆရာကြီးက ကျနော့်ဆီ တစ်ပတ်တစ်ခါလောက် လူကိုယ်တိုင်ရောက်လာတတ်ပြီး ဖုံးနဲ့တော့ နေ့တိုင်းနီးပါး ပြောဖြစ်ကြပါတယ်။ စာအုပ်တွေ၊ မေးခွန်းလွှာတွေ တောက်လျှောက်ပို့ပေးပါတယ်။ စာမေးပွဲ စ ဖြေတော့ မြန်မာစာ ရှောရှောရှုရှုပဲ ဖြေနိုင်တယ်။ အင်္ဂလိပ်လည်း အေးအေးဆေးဆေးပဲ။ သချာင်္ လည်းအောင်မှတ်ရအောင် ဖြေနိုင်တယ်။
သိပ္ပံတွဲမဖြေခင်ညမှာတော့ ဆရာမက ကျနော့်အတွက် နည်းနည်းစိုးရိမ်နေတယ်။ Bio ကို လုံးဝလွှတ်ထားတော့ ကျန်တဲ့ Physics နဲ့ Chemistry ကို အပြည့်ရထားစေချင်တယ်။ Physics ကတော့ ရပါရဲ့။ Chemistry ကတော့ (၁) ခန်းလောက် လွှတ်လိုက်ရတယ်။ အချိန်လည်းမရှိ၊ ကျနော်လည်း အရမ်းပန်းနေပြီလေ။ ဒါပေမဲ့ ကျနော်ကတော့ ကျရာမှကျရော။ ကျနော်ခံယူချက်ကို လုံးဝ အထိမခံဘူး။ ကူးချလို့အောင်တာထက်စာရင် အကျခံပြီး ဂုဏ်ယူလိုက်မယ်။ စာခိုးချတာ ဘယ်သူ မှမသိရင်တောင် ကိုယ်ကိုယ်တိုင်တော့ သိနေဦးမှာပဲ။ ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့အဖြစ်မျိုး မလုပ်ချင်ဘူး။ ကျနော် လိပ်ပြာသန့်ချင်တာလို့ ပြောလိုက်တော့ ဆရာမက ကျနော့်ကို အထူးအဆန်းလို ကြည့်နေတယ်။
စာမေးပွဲဖြေပြီးပြီးချင်းပဲ ကျနော်နဲ့ သူငယ်ချင်းတို့စုပေါင်းပြီး အလူမီနီယမ်ကုမ္ပဏီတစ်ခု ထောင် လိုက်ပါတယ်။ ဆရာကြီးက သဘောတွေကျလို့။ သူလည်း ရှယ်ယာထည့်မယ်ဆိုပြီး သူ့သမီး ဆီက ပိုက်ဆံယူလာပြီး ကျနော့်ဆီမှာ ရှယ်ယာထည့်တယ်။ ကျနော်တို့ ကုမ္ပဏီဖွင့်ပွဲမှာ ဆရာကြီးလာပြီး ဧည့်မှတ်တမ်းစာအုပ်မှာ အောင်မြင်စေကြောင်း ဆုတောင်းလက်မှတ် ထိုးပေးခဲ့သေးတယ်။ ဒီလိုနဲ့ သြဂုတ်လထဲမှာ (၁ဝ)တန်း အောင်စာရင်းထွက် တယ်။ အဲဒီနေ့က ကျနော် ရန်ကုန်မှာ မရှိဘူး။ အလုပ်ကိစ္စနဲ့ မအူပင်ရောက်နေတယ်။ အောင် စာရင်းထွက်မှန်းတောင် မသိပါဘူး။ ရန်ကုန်က ဖုံးဆက်ပြောမှသိတာ။ နောက်တစ်နေ့ ရန်ကုန် ပြန်ရောက်တော့ ကျနော် ဆရာကြီးဆီ သွားလိုက်တယ်။ ကျနော့်မြင်တော့ ဆရာကြီးက ထုံးစံအတိုင်း ''ခွေးကောင်..ငါ အရမ်း ဝမ်းသာတယ်ကွာ။ မင်း စာမေးပွဲအောင်တာ..''ဆိုပြီး ကျနော့် ခေါင်းကို သူ့ရင်ဘတ်နဲ့ ဖိကပ်ထားတော့တယ်။ ကျနော့်ကို ဂုဏ်ပြုမယ်လို့လည်း ပြောပါသေး တယ်။
''ငါက ကျောင်းဆရာတစ်ယောက်ဆိုတော့ ကျောင်းသားတစ်ယောက် စာမေးပွဲအောင်တာ မဆန်းသလို ကျတာလည်းမဆန်းဘူး။ ဒါပေမဲ့ မင်းအောင်တာအတွက်တော့ ဆန်းတယ်။ အခက်ခဲ တွေ၊ အပိတ်ဆို့ အတားဆီးတွေ အထပ်ထပ်ကနေ ဖြေရမလို မဖြေရတော့ဘူး လိုလိုနဲ့ ကမျော သောပါး ဖြေခဲ့ရတာ မဟုတ်လား။ ဒါထက်ပိုတာက စာလုံးဝခိုးမချဘဲဖြေမယ်ဆိုတဲ့ မင်းရဲ့ခံယူ ချက်အတွက် ငါချီးကျူးတာ..'' လို့ ဝမ်းသာအားရ ဆက်ပြောနေပါသေးတယ်။ သူက ''အဲဒါသစ္စာပဲကွ။ သစ္စာရဲ့ရောင်ပြန်ဟပ်မှုပဲ'' လို့ ပြောပါ တယ်။ ကျနော်ကြောင်သွားတယ်။ ခုကိစ္စနဲ့ သစ္စာနဲ့ ဘယ်လိုစပ်ဆက်နေလဲပေါ့။ အဲတော့မှ သူက ''မင်းစာမေးပွဲမဖြေခင်ထဲက ကိုယ်မသိတာတွေ၊ အဖြေလွှာထဲမပါသွားစေရဘူး။ ကျရင် ကျပစေ။ စာလုံးဝခိုးမချဘူးဆိုပြီး မင်းဆုံးဖြတ်ထားတယ် မဟုတ်လား။ အဲဒီခံယူချက်က သစ္စာပဲ။ မှန်တဲ့ သစ္စာကြောင့် မင်းအခုအခက်အခဲတွေကြားကနေ အောင်ခဲ့တာ” တဲ့။
ကျနော်က သစ္စာဆိုတာ သိပ် နားမလည်သေးတော့ သူ့ကို ထပ်မေးမိတယ်။ သူက ''ဗုဒ္ဓဘာသာတရားတော်ကို ခြုံလိုက်ရင် စကား လုံး (၂)လုံးပဲ ထွက်လာတယ်။ အဲဒီ (၂)လုံးက ပညာနဲ့သစ္စာပဲ။ ပညာဆိုတာက ''အကောင်းမြင်'' နဲ့ ''အဆိုးမြင်''ကလွတ်တဲ့ ''ယထာဘူတအမြင်'' ကိုရတဲ့ပညာ။ သစ္စာဆိုတာကတော့ အမှန်တရား ပဲ။ တကယ့်အစစ်အမှန်၊ တကယ့်အဖြစ်တရား၊ အရှိတရားပဲ။ ဗုဒ္ဓတရားတော်တွေမှာ ပညာအကြောင်း အများကြီးပါသလို၊ သစ္စာနဲ့ပတ်သတ်ပြီးလည်း အများကြီးပါတယ်။ သစ္စာလေးပါးကို ခဏထားလိုက်။ ထောင်ထဲမှာတုန်းက ရွတ်နေတဲ့ ပရိတ်ထဲမှာ အင်္ဂုလိမာလသုတ်ဆိုတာ ရှိတယ်။ အဲဒါက သစ္စာကို ဟောတာပဲ။ ''ငါသည် အရိယာ ဖြစ်ပြီးသည့်အချိန်မှစ၍ မည်သည့်အသက်ကိုမှသတ်ခြင်းမရှိခဲ့ပါ။ ဤမှန်သောသစ္စာစကားကြောင့် မိခင်ရော၊ ခလေးပါ ချမ်းသာရာရပါစေ။''ဆိုပြီး သစ္စာပြုတာ ဒါကို ရှင်းရှင်းယူကြည့်ရင် ကိုယ် တကယ်စောင့်ထိန်းတဲ့၊ ကျင့်ကြံတဲ့တရားတစ်ခုကို သစ္စာပြုရင် အဲဒီသစ္စာစူးရှတာပဲ..''လို့ ရှင်းပြ တယ်။ တကယ်ဆို အဲဒီတုန်းက ဆရာကြီးပြောခဲ့တာတွေကို ကျနော်သေသေချာချာနားမလည်ခဲ့ပါဘူး။ ရေးရေးလေးလောက်သာ မိခဲ့တာပါ။
ကျနော့်ကို ဘာမေဂျာလျှောက်မှာလဲလို့ မေးပါသေးတယ်။ ကျနော်က Law လျှောက်ဖို့ စဉ်းစားထားတယ်ဆိုတော့ သူက Law မယူနဲ့ကွာ။ ဥပဒေအကြောင်းက အပြင်ကနေ စာတွေ ဖတ်ယူလို့ရတယ်။ မင်းနဲ့ကိုက်တာ ''ဖီလော်''ပဲ။ ဒါကြောင့် ''ဖီလော်''ယူကွာတဲ့။ ကျနော်သိထား တဲ့ ဖီလော်ဆိုတာက နက်နက်နဲနဲစဉ်းစားရတဲ့အလုပ်။ အငြိမ်အလုပ်။ ကျနော်က လှုပ်လှုပ်ရှားရှား သမား။ အပူနဲ့အအေးတခြားစီလို့ ဆရာကြီးကို ပြန်ပြောလိုက်တယ်။ ''ဆရာကြီးက မင်းကိုအပေါ် ယံသဘောကြည့်ရင်တော့ဟုတ်တယ်။ ဒါပေမဲ့ မင်းရဲ့အတွေးတွေထဲမှာ ဖီလော်နဲ့ဆက်စပ်နေ တယ်။ ဥပမာ စေတီကိုဖြိုကြည့်လိုက်ရင် အုတ်၊ သဲ၊ ကျောက်ပဲ ထွက်လာမယ်။ ဒါကို ဘာလို့ ကန်တော့ရလဲဆိုတဲ့ မင်းအသက် (၂ဝ)လောက်က ငါ့ကိုမေးခဲ့တဲ့စကားမျိုး နောက်အများကြီး ရှိ သေးတယ်။ မင်းက အများလက်ခံထားတဲ့အတိုင်း လက်ခံချင်မှ လက်ခံတာ။ အဲဒီအမြင်တွေက ဖီလော်နဲ့အကိုက်ဆုံးပဲ။ ဒါကြောင့် မင်း ဖီလော်ယူသင့်တယ်။ ငါမင်းကို အကြံပေးလို့ မင်းဒုက္ခ ရောက်တာ ရှိဖူးလား'' ဆိုပြီး မေးပါတယ်။ ဟုတ်ပါတယ် ဆရာကြီးကြောင့် ဒုက္ခမတွေ့ရဖူးပါဘူး။ ဒါပေမဲ့ ကျနော် စဉ်းစားဦးမယ်လို့ ပြောတော့ ဆရာကြီးက ''အဲဒါပဲ။ မင်းက ကိစ္စတစ်ခုကို ဘယ်တော့မှ လွယ်လွယ်နဲ့ အဖြေမပေးဘူး။ စဉ်းစားပြီးမှပေးတယ်။ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်လည်း ရေကုန်ရေခမ်းလုပ်တော့တာပဲ။ အဲဒါ မင်းဆီမှာ ငါကြိုက်တဲ့ စရိုက်တွေထဲက တခုပဲ''တဲ့။
ဒါပေမဲ့ ကျနော် ဆရာကြီးပြောခဲ့တဲ့ ''ဖီလော်'' မလျှောက်ဖြစ်ခဲ့ဘူး။ ဘာမေဂျာမှ မလျှောက်ရခင် ထောင်ထဲရောက်လာခဲ့တာ ခုထိပါပဲ။ ကျနော် ထောင်ထဲရောက်ပြီး မှ စာအုပ်တအုပ်ထဲမှာ ''ဖီလော်''ကို အဓိပ္ပါယ်ဖွင့်ထားတာက “Philo” နဲ့ “Sophia” ကနေ လာ ထားတာလို့ဆိုတယ်။ အဓိပ္ပါယ်ကတော့ Love and Wisdom or Love of Wisdom တဲ့။ ဆိုတော့ ''ပညာကို ချစ်မြတ်နိုးခြင်း''လို့လည်း အဓိပ္ပါယ်ထွက်နိုင်တယ်လေ။ ဒီတော့ ဆရာကြီး ကျနော့်ကို ဖီလော်လျှောက်ခိုင်းတာဟာ ''အတွေးအခေါ်ပညာ''ကို လေ့လာဆည်းပူးခိုင်းတာပဲလား။ ဒီထက်ပိုပြီး ပညာကို ချစ်မြတ်နိုးဖို့ ပညာသားပါပါ တွန်းအားပေးခဲ့တာများလား..ကျနော့် စိတ်ထဲ သိချင်တာ။ ဆရာကြီးနဲ့ တွေ့ပြီး ပြောလိုက်ချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့ဖူးတယ်။ ခု တော့ ဆရာကြီး မရှိတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးဆုံးတယ်ကြားတဲ့ နောက်တနေ့မှာပဲ ကျနော်ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ကျောင်းတက်ဖြစ်ရင် ''ဖီလော်''ဘာသာရပ်ယူမယ်။ ခမ်းခမ်းနားနားမဟုတ်ရင်တောင် နက်နဲတဲ့ ဒဿနစာတမ်းတစ်စောင် ပြုစုဖို့ ကြိုးစားမယ်။ ကျနော့်အပေါ်တင်နေတဲ့ ဆရာကြီးရဲ့ ကျေးဇူးတွေအတွက် ဒီစာတမ်းနဲ့ ဆရာကြီးကို ကျနော် ပူဇော်မယ်။
အောင်စာရင်းထွက်ပြီး သိပ်မကြာဘူး။ တညနေမှာ ဆရာကြီး ကျနော့်ကိုဖုံးဆက်ပြီးခေါ်ပါတယ်။ အရေးကြီးလို့ အခုပဲလာခဲ့ပါတဲ့။ ကျနော် ဖုံးလက်ခံတဲ့အချိန်က ည (၇)နာရီလောက်ရှိပြီ။ တာမွေ နဲ့ အင်းစိန်က (၁)နာရီလောက်သွားရတော့ ဟိုကို (၈)နာရီလောက်မှရောက်တယ်။ ဟိုရောက် တော့ ဆရာကြီးက ''ငါ မနက်ဖြန် နိုင်ငံခြားထွက်တော့မယ်'' လို့ပြောတော့ ကျနော်အံ့သြသွားတယ်။ နံမည်ရင်းဖြစ်တဲ့ ဦးဘဂျမ်းဆိုတဲ့ နာမည်နဲ့တင်ပြီး သိုသိုဝှက်ဝှက်လုပ်ခဲ့လို့ အခုမှအသိပေးတာလို့ ဆက်ပြောပါတယ်။ ဒါတောင် ဒီည လျှို့ဝှက်ထားဖို့ ပြောပါသေးတယ်။ မနက်ဖြန်လေဆိပ်မှာ အတားခံရမယ့် အန္တရာယ်ရှိသေးတယ်လေ။ မိသားစုဝင်တွေလောက်နဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေလောက်ပဲ အသိပေးထားတာတဲ့။ ဘာပြောပြောဆရာကြီးနဲ့ ခွဲရတော့ မယ်ဆိုတော့ ကျနော်ဝမ်းနည်းသွားတယ်။ ဘယ်တော့လောက် ပြန်လာမလဲမေးတော့ ''သိပ်မကြာ ပါဘူးကွာ။ အလွန်ဆုံး (၃)နှစ်ပေါ့''တဲ့။
ကျနော် ဆရာကြီးကို ကြမ်းပြင်မှာထိုင်ပြီး ကန်တော့လိုက် ပါတယ်။ ဘေးမှာထိုင်နေတဲ့မမိုးချိုသင်းက ခုံကထပြီး ဘေးကနေရပ်ကြည့်နေတယ်။ ကျနော်ရော၊ ဆရာကြီးပါ မျက်ရည်တွေဝဲနေတာ သူထင်ထင်ရှားရှား တွေ့ရမှာပဲလေ။ အဲဒါ ကျနော် ဆရာကြီး ကို နောက်ဆုံးကန်တော့ခြင်းပါပဲ။ အဲဒီတုန်းကတော့ နောက်ဆုံးလို့ ဘယ်ထင်ပါ့မလဲ။ ပြီးတော့မှ ဆရာကြီးက မင်းနဲ့ငါအမှတ်တရ လက်ဖက်ရည်ဆိုင်ထိုင်ရအောင်ဆိုပြီး အိမ်ကထွက်ခဲ့ကြတယ်။ တံခါးလိုက်ဖွင့်ပေးတဲ့ မမိုးချိုသင်းက သိပ်ဝေးဝေးမသွားဖို့မှာတယ်။ ကျနော် သူ့ကိုလှည့်ကြည့် တော့ ''မနက်ဖြန်လေဆိပ်မှာ အတားအဆီးဖြစ်မှာ ပူနေလို့''တဲ့။ ကျနော် ကိုယ်ချင်းစာပါတယ်။ သူတို့လဲ သူတို့အဖေကို ပူကြမှာပါပဲ။ တကယ်ဆို ဒီအချိန်မှာ အပြင်မထွက်သင့်တော့ဘူးလေ။ ခါတိုင်းအချိန်တွေမှာ ဘာမှပြောလေ့မရှိပေမဲ့ အခုသူတို့စိုးရိမ်မှုကို ကျနော် အသိအမှတ်ပြုရမယ်။ ဒါကြောင့် ကျနော်ကမသွားတော့ဘူးပြောတော့ ဆရာကြီးက မရဘူး။ ''လမ်းထဲက လက်ဖက်ရည်ဆိုင်လေး သွားထိုင်မယ်''တဲ့။ ဒါနဲ့ သူနဲ့ကျနော် ထိုင်ဖြစ်သွားတယ်။ ဆရာကြီးအတွက် မြန်မာပြည်ရဲ့နောက်ဆုံး လက်ဖက်ရည်ဆိုင်ထိုင်ခြင်း ဖြစ်ပါလိမ့်မယ်။ အဲဒီညက ဆရာကြီးက သူ့အိမ်မှာအိပ်ဖို့ ကျနော့်ကို ပြောသေးတယ်။ ကျနော် ငြင်းလိုက်တယ်။ သူ သမီးတွေနဲ့ လွတ်လွတ်လပ်လပ် နှုတ်ဆက်ကြပါစေ။ လူစိမ်းတစ်ယောက်ရှိနေရင် သူတို့ရဲ့လွတ်လပ်မှုကို အနည်းအများ ထိခိုက်နိုင်တယ်လေ။ အဲဒီနေ့ညက ဆရာကြီးအိမ်က ကျနော်ပြန်ထွက်တော့ ည (၉)နာရီကျော်နေပါပြီ။
နောက်တစ်နေ့ ဆရာကြီး ဘန်ကောက်လေဆိပ်ကို ချောချောမောမောရောက်သွားတယ်။ နောက် တစ်ပတ်လောက်နေတော့ ကျနော်လည်း ဒုတိယအကြိမ်ထောင်နန်းစံရတာ ခုထိစံနေရတုန်းပါပဲ။
ခုတော့ ဆရာကြီးဆုံးပြီ။ ကိုယ့်တိုင်းပြည်ရှိနေရက်နဲ့ ကိုယ့်ပြည်ကိုယ့်ရွာကို ချစ်လျက်နဲ့ သူတပါး တိုင်းပြည်မှာ ဆုံးပါးရတာ ကျနော်ဘယ်လိုဖြေရမလဲ ဆရာကြီး။ ဆရာကြီး ရုပ်အလောင်း ရှိတဲ့ L.A မှာ နှင်းတွေကျနေလား။ ကျနော်မသိဘူး။ မြန်မာပြည် သာယာဝတီမှာတော့ နှင်းတွေတအား ကျနေတယ်။ ခါတိုင်းနှစ်တွေထက် အအေးပိုလွန်းတဲ့ ဒီနှစ်မှာ ထူးထူးခြားခြား အအေးကလည်း တာရှည်နေသေးတယ်။ ကျနော့်ရင်ထဲမှာ မီးဟုန်းဟုန်းတောက်နေလေရဲ့။ ဟိုးလွန်ခဲ့တဲ့ (၁၅)နှစ် က ခုလို ဇန်နဝါရီ နှင်းတွေဝေနေတဲ့ မနက်ခင်းလေးမှာ ဆရာကြီးရယ်၊ ကျနော်ရယ်၊ သက်ဝင်းအောင်ရယ် (၃)ယောက်လေ။ ခုတော့ ကျနော်တစ်ယောက်တည်း ကျန်ပါတော့လား။ ၂ဝဝ၆၊ အောက်တိုဘာ ၁၆ရက်နေ့မှာ သက်ဝင်းအောင်ဆုံးတယ်။ နောက် (၃)လအကြာမှာ ဆရာကြီးဆုံးပြန်တယ်။ ကျနော် ဘယ်လိုဖြေရမလဲ ဆရာကြီး။ ပိုကြေကွဲဖို့ကောင်းတာက ဒီနှစ်ယောက်လုံးရဲ့ ဈာပနအခမ်းအနားကို ကျနော်တက်ရောက်ခွင့် မရဘူးလေ။ အုတ်ရိုး၊ သံတိုင်၊ သော့ခလောက်တွေက မိစ္ဆာတွေအလိုကျ ကျနော့်ကို တားဆီးထားကြတယ်လေ။ 8’ 10’ အခန်း ကျဉ်းလေးထဲမှာ ကျနော်တယောက်ထဲ စိတ်နဲ့ ဦးညွတ်အလေးပြုနေရတယ်လေ။
တိုက်ဆိုင်လွန်းတယ်ပဲ ပြောရမလား။ သက်ဝင်းအောင်ဆုံးတော့ ၈၈မျိုးဆက်သစ် ကျောင်းသား တွေရဲ့ ''အဖြူရောင်ဖော်ပြချက်'' လှုပ်ရှားမှုကာလ။ လူတိုင်းအဖြူရောင်ဝတ်ပြီး ဆန္ဒထုတ်ဖော် ပြနေချိန်မှာ သက်ဝင်းအောင်က သူ့ရဲ့ခန္ဓာကိုယ်ကို မီးသင်္ဂြိုလ်စက်ထဲထည့်၊ ပြန်ထွက်ကျလာတဲ့ အဖြူရောင်ပြာမှုန့်တွေနဲ့ အမြင့်ဆုံးဆန္ဒထုတ်ဖော်ပြလိုက်တယ်လေ။ ''အခု ဆရာကြီးဆုံးတဲ့အချိန် မှာလည်း (၈၈) မျိုးဆက်တွေရဲ့ ''ရင်ဖွင့်လွှာ'' လှုပ်ရှားမှုကာလ။ လူတိုင်းလူတိုင်း သူတို့ခံစားနေရ တဲ့ ဒုက္ခတွေ၊ မတရားမှုတွေကို ဖွင့်ဟထုတ်ဖော် စာရေးသားနေချိန်မှာ ဆရာကြီးက ''ငါသိပ်ချစ် တဲ့ ငါ့တိုင်းပြည်ကို ငါပြန်ချင်တာ ငါ့ကို ပြန်ခွင့်မပြုဘဲ မတရားပိတ်ပင်တားဆီးထားကြတယ်ဟေ့'' ဆိုပြီး လူသိရှင်ကြားဖြစ်အောင် အကောင်းပကတိကနေ ဘုန်းကနဲလဲသေပြလိုက်ပါရောလား။ ဒါ ဟာ ''အမြင့်ဆုံး ရင်ဖွင့်လွှာ'' ရေးပြလိုက်တာများလား..။
သက်ဝင်းအောင်ရော ဆရာကြီးပါ (၂) ယောက်လုံး ဘုန်းခနဲလဲကျ၊ နှလုံးရပ်ပြီး သေသွားကြပုံ တူနေတာ တမင်တကာ တိုက်ဆိုင်မှု တွေများလား။ သက်ဝင်းအောင်က သူ့မိသားစုနဲ့ဝေးရာ နံရံလေးဘက်ကြား တစ်ယောက်ထဲ ရေကန်အသွား ဘုန်းခနဲလဲကျ နှလုံးရပ်သွားတယ်။ ဆရာကြီးက သူ့မိသားစုနဲ့ရော သူချစ်တဲ့ တိုင်းပြည်နဲ့ဝေးရာ တိုင်းတပါးမှာ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဘုန်းကနဲ လဲကျ နှလုံးရပ်သွားတယ်။ သက်ဝင်းအောင်အရိုးအိုးကို သူ့ဇာတိရန်ကုန်မှာ ပြန်သင်္ဂြိုလ်ချင်တာ ခွင့်မပြုဘူးတဲ့လေ။ ဆရာကြီးရဲ့အရိုးအိုးကို သူ့ဇာတိမြန်မာပြည်ကို ပြန်သယ်ချင်တာ သယ်ခွင့်မရဘူးဆိုပါလား။ ကျနော် ဘယ်လိုဖြေရမလဲ ဆရာကြီး။ ကျနော်ကိုယ်တိုင် အုတ်ရိုး၊ သံတိုင်၊ နံရံလေးဘက်ကြားမှာ ဒီ ကြေ ကွဲဖွယ်ရာဖြစ်ရပ်တွေကို ရင်နဲ့မဆန့်အောင် ခံစားနေရတယ်လေ။
သူတို့ သိပ်ရက်စက်ကြပါလား..အဟုတ်ပဲ သူတို့ သိပ်ကို ရက်စက်လွန်းတယ် ဆရာကြီးရေ..။ ဆရာကြီး အရိုးပြာအိုးကို မြန်မာပြည် သယ်ခွင့်မပေးတာ ထားပါဦး။ ဆရာကြီး နာရေးကြော်ငြာ ကိုတောင် ထည့်ခွင့်မပြုကြဘူးတဲ့။ လူကြားလို့မှ ကောင်းကြသေးရဲ့လား။ ဒါ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်တဲ့လား။ ယဉ်ကျေးပါတဲ့ မြန်မာလူမျိုးတွေ ကမ္ဘာ့အလယ်မှာ ဘယ်လိုမျက်နှာပြဝံ့ကြ တော့မှာလဲ။ ဆရာကြီးရေ သူတို့ ဆရာကြီးကို အူလှိုက်သည်းလှိုက်မုန်းနေကြပါရောလား။ သူရဲ၊ တစ္ဆေတွေ 'ဂုဏ်တော်' မြင်ရင် ထွန့်ထွန့်လူးကြောက်ကြသလို သူတို့ ဆရာကြီးရဲ့ဝိညာဉ်ကို ကြောက်နေကြပြီလေ။ ဒါကြောင့် ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဝိညာဉ် ပြည်တော်ဝင်ခွင့်ကို မပေးရဲ ကြတော့တာလေ။ ဆရာကြီး ရေးခဲ့ဖူးသားပဲ။ ဗုဒ္ဓဆင်းတုကို သံကြိုးနဲ့တုပ် ချုပ်နှောင်ထားမဲ့ ဗိုလ် ချုပ်တွေဆိုတာလေ။ ဆရာကြီး မလွန်ဘူး။ သူတို့ မြင်မြင်ကရာ သံကြိုးနဲ့တုပ်၊ ချုပ်နှောင်ချင်နေ ကြတာ ဘုရားတောင် ချမ်းသာမပေးကြတော့ဘူးလေ။
ဆရာကြီး ကျနော် ဘယ်လိုဖြေရမလဲ။ ဆရာဦးမြသန်း ဈာပနမှာ ဆရာကြီး ပြောခဲ့ဖူးတယ်လေ။ ''လူဟာ အသေကောင်းဖို့လိုတယ်။ အနေကောင်းမှ အသေကောင်းမယ်''ဆိုတာလေ။ ဆရာကြီး ရော၊ သက်ဝင်းအောင်ရော အနေကောင်းခဲ့ကြတယ်ဆိုတာ ကျနော် အပြည့်အဝ လက်ခံတယ်။ ဒါပေမဲ့ အသေကော ကောင်းကြရဲ့လား။ ဆရာကြီးက အနေကောင်းရင် အသေကောင်းမယ်လို့ မြင်တယ်နော်။ ကျနော်ကတော့ အသေကောင်းဖို့အတွက် အနေကောင်းရုံသက်သက်နဲ့ မလုံ လောက်ဘူးလို့ ယုံနေတယ်။ အသေလည်း ဖြောင့်ဖို့လိုတယ် မဟုတ်လား။ အသေဖြောင့်မှ အသေ ကောင်းမယ်လေ။ အနေလည်းကောင်း၊ အသေလည်းဖြောင့်မှ အသေလည်း ကောင်းတယ်လို့ ပြောလို့ရမယ်လေ။
ဒါဆို ဆရာကြီး အသေဖြောင့်ခဲ့ရဲ့လား။ အနေကောင်းခဲ့ပေမဲ့ အသေမဖြောင့် ခဲ့ဘူးမဟုတ်လား။ မသေခင်မှာ ဆရာကြီးသိပ်ချစ်တဲ့ တိုင်းပြည်ကို ပြန်ချင်တဲ့ အိမ်လွမ်းစိတ် ဝေဒနာအကြီးအကျယ် ခံစားခဲ့ရတယ် မဟုတ်လား။ အိမ်ပြန်ချင်တဲ့ဆန္ဒမပြည့်ဘဲ သေသွားခဲ့ရတာ မဟုတ်လား။ ဆရာကြီးသိပ်ချစ်တဲ့တိုင်းပြည်လည်း အမှောင်လွှမ်းနေဆဲမဟုတ်လား။ ဒီမိုကရေစီမရှိ၊ လူ့အခွင့်အရေးမရှိ၊ ဆင်းရဲခြင်းနဲ့ မတရားမှုတွေကြားမှာ ဆရာကြီး ချစ်တဲ့ပြည်သူတွေ မချိမဆန့်ခံစားနေရဆဲဆိုတာ ဆရာကြီးအသိပဲ မဟုတ်လား။ ဒီဝေဒနာတွေက လွတ်မြောက် စေချင်လွန်းလို့ ဆရာကြီးပဲ တဖွဖွပြောနေခဲ့တာ မဟုတ်လား။ ကိုယ့်ပြည်ကိုယ့်ရွာ ပြန်ခွင့်မရဘဲ သေခဲ့ရတဲ့ဆရာကြီး၊ ကိုယ့်တိုင်းပြည်ကို လွတ်လပ်တဲ့၊ တရားမျှတတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် မျက်ဝါးထင်ထင် မမြင်လိုက်ရဘဲ သေခဲ့ရတဲ့ဆရာကြီး အသေမဖြောင့်ခဲ့ဘူး မဟုတ်လား။ ဟုတ်တယ်။ ဆရာကြီး အသေမဖြောင့်ခဲ့တာ သေချာတယ်။
ဆရာကြီး ..ကျနော် ဘယ်လိုဖြေရမလဲ။ ဆရာကြီးနဲ့တွေ့ရင် ပြောဖို့ ရင်ဘတ်ထဲ ထည့်သိမ်းထား ခဲ့တဲ့စကားတွေ အခု ကျနော်ဘယ်သူ့ကို သွားပြောရတော့မှာလဲ။ ကျနော့်ရင်ထဲက စကားတွေ ဆရာကြီး မကြားနိုင်တော့ဘူးလား။ ဆရာကြီး ကျနော့်ကို ကဗျာခံစားဖတ်ရှုစေချင်ခဲ့တာ မဟုတ်လား။ အခု ကျနော်ကဗျာကို တရှိုက်မက်မက် ခံစားတတ်နေပြီ။ ကဗျာကို ကိုယ်တိုင်ဖန်တီးနေပြီ။ ကဗျာနဲ့ ကျနော့်နှလုံးသားကို နူးညံ့အောင် မွမ်းမံနေပြီလေ။ ဆရာကြီး ကျနော့်ကို ဘာသာတရား နဲ့ ယဉ်ကျေးတဲ့လူသားတစ်ယောက် ဖြစ်စေချင်ခဲ့တာ မဟုတ်လား။ အခု ကျနော် ဘာသာတရား ကို သက်ဝင်ယုံကြည်သူတစ်ယောက် ဖြစ်နေရုံတင်မက ဘာဝနာပါ ကျင့်ကြံနေပြီလေ။ ဒါတွေ ဆရာကြီး သိမသွားရဘူး။ ဒီအကြောင်းတွေ ကျနော် ဆရာကြီးကို မပြောလိုက်ရသေးဘူး။
ဆရာကြီး .. ကျနော် ဘယ်လိုဖြေရမလဲ။ ကျနော် ဆရာကြီးကို ကတိပေးမယ်။ ဆရာကြီး သိပ် ချစ်တဲ့ တိုင်းပြည်အတွက်၊ ဆရာကြီး သိပ်တန်ဖိုးထား မြတ်နိုးတဲ့ ပညာရေးလုပ်ငန်းတွေအတွက် ဘဝတစ်ခုလုံးနှစ်ပြီး အစွမ်းကုန်လုပ်သွားဖို့ ကတိပေးတယ်။ ဆရာကြီး .. ကျနော့်အသံကြားရလား။ ကျနော် ကတိပေးတာ ကြားရရဲ့လား။ ကျနော်ကတိပေးတယ်။ ကျနော့်အသက်နဲ့ ထပ်ပြီး ပေးတဲ့ကတိပါ ဆရာကြီး။ သူများတိုင်းပြည်မှာ နေနေရတဲ့ ဆရာကြီးရဲ့အရိုးပြာအိုးကို ကိုယ့်ပြည် ကိုယ့်ရွာကို မရောက်ရောက်အောင် ကျနော်ပြန်သယ်မယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင် ကျနော် ပြန်သယ်မယ်။ ဆရာကြီးလို တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်ကြီးရဲ့အုတ်ဂူဟာ မြန်မာပြည်မှာ အထင်ကရ ရှိနေရမယ်လေ။ ကျနော် သစ္စာပြုတယ်။
ဆရာကြီးရဲ့ အရိုးပြာအိုး မြန်မာပြည် ပြန် မရောက်မချင်း ကျနော် မသေသေးဘူး။ ဆရာကြီး ကျနော် ကတိပေးပြီလေ။ ''မင်းက ကတိပေး ပြီးရင် မဖြစ်ဖြစ်အောင် လုပ်တတ်တယ်ဆိုတာ ငါယုံတယ်'' လို့ ဆရာကြီး ပြောခဲ့ဖူးတယ် မဟုတ်လား။ ယုံတော့ဆရာကြီး။ အခု ကျနော်ကတိပေးပြီ။ အသက်နဲ့ထပ်ပြီး ပေးတဲ့ကတိလေ။ သစ္စာပြုပြီးပေးတဲ့ကတိလေ။ ဆရာကြီး ကျနော့်အသံ ကြားရရဲ့လား။ ကျနော် ကတိပေးတာ ကြားရရဲ့ လား။ ကျနော့်ရင်ထဲကို အလိုအလျောက် ထိုးဖောက်သိနိုင်စွမ်းတဲ့ ဆရာကြီး၊ အခု ကျနော့် ရင်ထဲ သိမ်းထားတဲ့စကားတွေ မြင်ရရဲ့လား။
ကျနော် တက်ခွင့်မရတဲ့ ဆရာကြီးရဲ့ဈာပန အခမ်းအနားမှာ ဆရာအောင်ဝေးက ''ဆရာ ကွယ်လွန်သွားပါပြီ။ ဒါပေမဲ့ ဆရာမသေဘူးတဲ့။ ဆရာ သက်တော် ရာကျော်ရှည်ပါစေ''တဲ့။ ဟုတ် တယ်။ ဆရာအောင်ဝေးပြောတာ ကျနော်အပြည့်အဝ သဘောတူတယ်။ ဆရာကြီး မသေဘူး။ ဘယ်တော့မှ ဆရာကြီး မသေဘူး။ ဆရာကြီးကိုယ်တိုင် ရေးခဲ့ဖူးတာပဲ။ ''အာဇာနည်မျိုး၊ သေရိုး မရှိ၊ အာဇာနည်တိုင်း၊ သမိုင်းမသေ'' ဆိုတာလေ။ ဆရာကြီးက ကျနော့် အာဇာနည်ပဲ။ မြန်မာ ပြည်ရဲ့ အာဇာနည်ပဲ။ အာဇာနည်ဆရာကြီး သေရိုးထုံးစံမရှိဘူး။ မြန်မာရာဇဝင်မှာ ဆရာကြီး သမိုင်းတွင်ရစ်နေဦးမယ်။ ဆရာကြီး ထာဝရ ငြိမ်းချမ်းပါစေ ...
နေခြူး
2.2.07
11:10 PM
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
၁၉၉၈ သင်္ကြန်အပြီးလောက်မှာ ဆရာကြီးရဲ့ရပ်ဆွေရပ်မျိုးတစ်ယောက်ရဲ့သမီး မင်္ဂလာဆောင်ရှိလို့ သူမြင်းခြံသွားရမယ့်အကြောင်းပေါ်လာတယ်။ ဆရာကြီးညီမ အန်တီစန်းလည်း ရန်ကုန်ရောက်နေပြီး သူနဲ့အတူ မြင်းခြံပြန်မယ်။ ကျနော့်ကိုသူနဲ့လိုက်ဖို့ ဆရာကြီးက အတင်းခေါ်တယ်။ ဆရာကြီးရဲ့သမီးတွေကလည်း သူတို့အဖေနဲ့အဒေါ် လူငယ်အဖော်မပါဘဲ ခရီးသွားရမှာပူနေတာနဲ့ ကျနော်လိုက်သွားနိုင်ရင် သိပ်ကောင်းမယ်လို့ ပြောကြတယ်။ ကျနော်ကလည်း မြင်းခြံထောင်က ထွက်လာတော့ အထဲကရဲဘော်တွေကို စားစရာပေးချင်တာနဲ့အကြောင်းဆုံပြီး လိုက်သွားဖြစ်ရော ဆိုပါတော့။ ကျနော်တို့ကို ဆရာကြီးသမီးတွေက အဝေးပြေးဂိတ်အထိ လိုက်ပို့ကြတယ်။ မမိုးအေးရဲ့သမီးလေးက သူ့အဖိုးနဲ့လိုက်မယ်ချည်းတကဲကဲ ။ ဒီကလေးလေးက ဆရာကြီးနဲ့ အတော့်ကိုချွတ်စွတ်တူတာ။ ရဲလိုက်တာမှ လွန်ရော။ ဘာကိုမှမကြောက်တတ်ဘူး။ ကျနော့်ကိုလည်း မြင်ရဖန်များလာတော့ မှတ်မိနေပြီ။ ဦး.. ဦးဆိုပြီး လက်ကမ်းပေးတတ်တယ်။ ကျနော်ကလည်း သူ့အတွက် ကစားစရာလေးတွေ ယူသွားပေးတတ်တာကိုး။
အဲဒီ့မြင်းခြံခရီးကတော့ ဆရာကြီးနဲ့ကျနော်နဲ့တကယ့်အမှတ်တရလေးပဲ။ ဆရာကြီးနဲ့ကျနော် ပထမဦးဆုံးနဲ့ နောက်ဆုံးခရီးရှည်ထွက်ခြင်းပါဘဲ ။ ဆရာကြီးအတွက်ကတော့ သူ့ဇာတိမြေကို ပြန်ခဲ့တဲ့ နောက်ဆုံးခရီးရှည်ထွက်ခြင်းပါဘဲ ။ ဆရာကြီးအတွက်တော့ သူ့ဇာတိမြေကို ပြန်ခဲ့တဲ့နောက်ဆုံးခရီး ဖြစ်မယ်ဆိုတာ အဲဒီ့တုန်းကမသိခဲ့ကြဘူးလေ။ ကားစစထွက်ချင်း စကားတွေပြောလိုက်တာ တောက်လျှောက်ဘဲ ။ တစ်မှေးလောက်ဘဲ မှေးခဲ့ရတယ်။ ဆရာကြီးကတော့ စကားတွေလည်းပြော ၊ ကားတစ်ခါရပ်ရင် ဒေသစာတစ်ခုမဟုတ် တစ်ခုဝယ်စားတယ်။ တစ်လမ်းလုံးပဲ။
သူ့ဇာတိမြေပြန်ရမှာဆိုတော့ သူ့ပုံစံက တက်ကြွလန်းဆန်း မြူးတူးနေတယ်။ တကယ့်ပီဘိ ကလေးလေးတစ်ယောက်လိုဘဲ ။ သူ့ဇာတိမြေအကြောင်း ၊ သူ့ငယ်ဘဝ နေပုံထိုင်ပုံအကြောင်းတွေ ၊ ငယ်သူငယ်ချင်းတွေအကြောင်းအစုံပဲ ဖောင်နေအောင် ပြောပြတာ။ အခုကျနော်တို့စီးနေတဲ့ကားက သူ့အဆက်ဟောင်းပိုင်တဲ့ကားလိုင်း လို့ ရှက်အမ်းအမ်းနဲ့ ပြောပြသေးတယ်။ ကားပေါ်မှာ '' ရွှေသုန္ဒရီ '' သီချင်းဖွင့်တော့ သူ့ရွာသား 'ပန်းရည်ဘဏ်တိုက်' သီချင်းရေးဖွဲ့သူ အကြောင်း ပြန်ပြောပြပါတယ်။ အဲဒီ့ပုဂ္ဂိုလ်ရဲ့အနုပညာဗီဇနဲ့ သူ့အစ်မကြီးအကြောင်း သူဆုံးတော့ သူ့အစ်မကြီးက ကျန်ခဲ့တဲ့ အနုပညာအစအနအားလုံးကို မီးရှို့လိုက်လို့ နှမြောတသ ဖြစ်ရတဲ့အကြောင်း ဆွေးဆွေးမြေ့မြေ့ပြောပြပါတယ်။ ကျနော်သိသမျှ ဆရာကြီး ရွှင်လန်းအတက်ကြွဆုံးအချိန်ဟာ အဲဒီ့ခရီးစဉ်ဘဲဖြစ်မယ်ထင်ပါတယ်။
နောက်တစ်နေ့မနက်စောစောမြင်းခြံရောက်တော့ မင်္ဂလာပွဲကျင်းပတဲ့အိမ်မှာဘဲ ကျနော်တို့ တည်းရတယ်။ တောဓလေ့မင်္ဂလာပွဲဆိုတော့ ရွာနီးဝန်းကျင်က ဆွေမျိုးသားချင်းတွေ မင်္ဂလာပွဲမစခင် တစ်ပတ်လောက်ထဲက ကြိုရောက်နေကြတာ တစ်အိမ်လုံး ဧည့်သည်တွေချည်း တရုံးရုံးနဲ့ ။ ဆရာကြီးကို ဝိုင်းနှုတ်ဆက်ကြတဲ့အထဲမှာ သူ့သူငယ်ချင်းအဖိုးကြီးတစ်ချို့လည်းပါတယ်။ ' ဟေ့ . . ဘဂျမ်း.. ဟေ့ဘယ်သူ.. မင်း.. ငါ ' နဲ့ ပြောနေလိုက်ကြတာ။ ရယ်လိုက်မောလိုက်နဲ့ တစ်ကယ့်လူပျိုပေါက်စနလေးတွေအတိုင်းပါဘဲ ။ ဘေးကကျနော်တို့ကိုတောင် အမှတ်မရကြတော့ဘူးနဲ့ တူပါတယ်။
မင်္ဂလာပွဲက နောက် ( ၁ ) ရက်ကျော်မှ ကျင်းပတယ်။ အဲဒီ့အိမ်နဲ့မနီးမဝေး ဧည့်ခန်းမမှာပါ။ မြင်းခြံမြို့ရဲ့အကောင်းဆုံးခန်းမလို့ ဆိုတာပါဘဲ။ ဆရာကြီးနဲ့ကျနော့်ကိုရှေ့ဆုံးက လူကြီးတွေ အတွက် သီးသန့်ထားတဲ့ခုံတွေမှာ နေရာချပေးတယ်။ အဖိုးကြီးတွေကြားနေရတာဆိုတော့ ကျနော့်မှာ မလွတ်မလပ်နဲ့ မအီမသာကြီးကိုဖြစ်လို့ ။ မင်္ဂလာပွဲအစီအစဉ်စတော့ ဆရာကြီးက သူ့ရဲ့အချစ် ကဗျာတစ်ပုဒ်စင်မြင့်တက်ပြီး ကိုယ်တိုင်ရွတ်တယ်။ '' အချစ်ဆိုတဲ့'ချောက်'.. လက်တွဲကာအတူလျှောက်တော့..'' ဆိုတဲ့ ကဗျာလေးပါ။ မင်္ဂလာပွဲပြီးတော့ ကျနော်တို့ နောက်ထပ်
( ၃ ) ရက်လောက် နေကြသေးတယ်။ မြင်းခြံထောင်ထဲရဲဘော်တွေအတွက် အစားအသောက်တွေ သွားပို့ဖြစ်တယ်။ ဆရာကြီးနဲ့ သူ့မိတ်ဆွေတွေက ဝိုင်းပေးကြဆိုတော့ ပစ္စည်းတွေအများကြီးဘဲ ။ မြင်းခြံသပိတ်ကိစ္စနဲ့ထောင်ကျနေတဲ့ရဲဘော်ကြီးကိုသန်းဌေးအိမ်လည်း ရောက်ခဲ့သေးတယ်။ သူ့ကိုထောင်ဝင်စာသွားတွေ့သေးပေမယ့် ဝန်ထမ်းတွေ ကျနော့်ကိုမှတ်မိသွားလို့ မတွေ့ရဘဲ ပြန်ခဲ့ရတယ်။
စွန်းလွန်းဆရာတော်ကြီး ရုပ်ကလာပ်ကိုသွားဖူးဖို့ ဆရာကြီးကခေါ်သွားတယ်။ ဟိုရောက်တော့ ဆရာကြီးနဲ့သူ့မိတ်ဆွေက ရုပ်ကလာပ်ကိုဝပ်ချကန်တော့နေတော့ ကျနော်တစ်ယောက်တည်း မိုးတိုးမတ်တပ်ကြီး ဖြစ်နေတာ။ ဆရာကြီးက ကျနော့်လက်ဆွဲပြီး အတင်းဝပ်ချကန်တော့ဖို့ မျက်ရိပ်မျက်ကဲပြ ၊ ပါးစပ်ကလည်း လေသံလေးနဲ့ '' ကန်တော့.. ဦးချ '' လို့ ပြောသေးတာ။ ကျနော်ကပေရပ်နေတော့ သူ ကျနော့်နားနားကပ်ပြီး ဒီဆရာတော်ကြီးကို ဖူးရခဲတယ်၊ ဖူးထား ..တဲ့။
တစ်ညနေတော့ ဆရာကြီးက မြို့ပြင်ထန်းတောသွားဖို့ ကျနော့်ကိုခေါ်သွားတယ်။ သူ့မိတ်ဆွေလူကြီး ( ၂ ) ယောက်နဲ့ လူလတ်ပိုင်းကျောင်းဆရာဟောင်း တယောက်လည်း ပါတယ်။ ဆရာကြီးက '' ငါ.. သောက်ကျင့် မရှိတော့ မူးရင်နည်းနည်းပါးပါး ငါ့ထိန်းဦး ။ ငါ့အနားမှာနေ။ လိုရင်မင်းကိုတွဲလျှောက်လို့ရတာပေါ့ '' လို့ ကျနော့်ကိုကြိုပြောထားပါတယ်။ ထန်းတောရောက်တော့ တဲလေးတစ်လုံး ရှေ့အပင်အောက်မှာ သစ်သားကွပ်ပျစ်လေးတစ်ခု ၊ ဘာခွက် ဘာပုလင်းမှ မရှိဘူး ။ တခြားလည်း ဘယ်သူမှမရှိဘူး။ ခဏနေတော့ ထန်းရည်အပြည့်ဖြည့်ထားတဲ့ မြေအိုးလေးတစ်လုံး လာချပေးတယ်။ လက်ကိုင်တပ်ထားတဲ့ အုန်းမှုတ်တစ်လုံးပါ လာချပေးတယ်။ ကျနော်အတော်အံ့သြနေတာ။ လူက ( ၅ ) ယောက် ၊ အိုးတစ်လုံး ၊ ခွက်တစ်ခွက်တည်း ၊ ဘယ်လိုသောက်ကြမလဲပေါ့။ အမြည်းဆိုလို့ ပဲလှော်နဲ့မြေပဲလှော် ( ၂ ) မျိုးတည်း ။ ကျောင်းဆရာယူလာတဲ့ အမဲကြော်လေးပါလာလို့ တော်သေးတယ်။
အဲဒီ့တုန်းက ဆရာကြီးက သူ့သွားတွေ ပြန်စိုက်ပြီးပြီဆိုတော့ ပဲလှော်လည်း ဝါးလို့ရနေပြီ။ (ကြုံတုန်းပြောရဦးမယ်။ ကျနော် ထောင်က လွတ်ခါစက ဆရာကြီးကို ကြည့်ပြီး အံ့သြရသေးတယ်။ ကြည့်ဦးလေ ။ သွားတွေ အကုန်ပြန်စိုက်ထားတယ်။ စပို့ရှပ်နဲ့ ။ ခေါင်းလည်း ဆေးဆိုးထားတော့ နက်လို့ ။ သူ့သမီးတွေ သူ့ကို အပြတ်ရှိုင်းပေးထားတာ။ ကျနော်က ''ဆရာကြီးက ဒီလိုဆိုတော့ တော်တော်ကြည့်ကောင်းတာဘဲ ၊ နုဖတ်လို့ ''ဆိုတော့ သူက ''မင်းပြောသလိုဆို ခုမှ ကြည့်ကောင်းတယ်ဆိုတော့ အရင်က တော်တော်ကြည့်ရဆိုးတဲ့သဘောဖြစ်နေပြီ '' လို့ ရယ်ရယ်မောမော ပြန်ပြောတယ်) ဒီလိုနဲ့ ကျနော်တို့ ထန်းရည်သောက်ကြတယ်ဆိုပါတော့။ သူတို့ ထန်းရည် သောက်တဲ့ဓလေ့က တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ ဝိုင်းပတ်သောက်ကြတာ။ သူ့ခွက်ကိုယ့်ခွက် သပ်သပ်စီသောက်ကြတာမဟုတ်ဘူး ။
သောက်ရင်းနဲ့ ( ၂ ) အိုးကုန်ပြီ နောက်( ၁ ) အိုး ထပ်သောက်ကြတယ်။ ကျနော်က တော်ပြီ။ ကျနော့်ကိုအလှည့်ကျော်လိုက်ဖို့ ပြောတာ မရဖူးတဲ့။ တစ်ယောက်တော်ရင် တစ်ဝိုင်းလုံးတော် ရတာ။ ကျော်လို့မရဘူးတဲ့လေ။ ဒါနဲ့တစ်အိုးကုန် ဆက်သောက်လိုက်ရတယ်။ သောက်လို့ပြီးလို့ ပြန်ဖို့ထကြတော့ ဆရာကြီးက ကျနော့်အနားကပ်ပြီး '' ငါနည်းနည်းထိတယ်ကွ '' ဆိုပြီး ကျနော့်ပုခုံးကိုကိုင်ပြီး ကားရပ်ထားတဲ့ဆီ လျှောက်လာကြတယ်။ မေလနေပူရှိန်ကလည်း ပြင်း၊ ကျနော်က သောက်လေ့သောက်ထလည်း သိပ်မရှိတော့ လူကမဟန်ဘူးးဖြစ်နေတယ်။ ယိုင်တိုင်တိုင်ဖြစ်နေတာ ကိုယ့်ကိုယ်ကိုလည်း မနည်းမတ်ထားရတယ်။ ကားနားရောက်တော့ ကျနော်က မဟန်တော့ဘူး။ ထိန်းထားရင်းနဲ့ကို လဲကျသွားပါရော။ ဆရာကြီးက ကျနော့်ကို ပြန်ထူနေရတယ်။ သူကထိတယ်သာဆိုတယ် အေးအေးဆေးဆေးလမ်းလျှောက်လို့ရသေးတယ်။ ကားပေါ်ရောက်တော့ ကျနော်မနေနိုင်ဘူး။ အန်ချင်နေတာ။ မနည်းထိန်းထားရတယ်။
တည်းတဲ့အိမ်ရောက်လို့ ကားပေါ်ကဆင်း အိမ်ထဲဝင်ရုံရှိသေးတယ်။ ကျနော်ထိုးအန်ပါလေရော။ ဧည့်သည်တွေအများကြီး ကျနော့်ကို ဝိုင်းကြည့်နေကြတာ။ အိမ်ထဲက လူငယ် (၂) ယောက် ထွက်လာပြီး ကျနော့်ကိုလာတွဲခေါ်ကြတယ်။ ရေချိုးခန်းရောက်တော့ အားရအောင် အန်လိုက်မှ နည်းနည်းသက်သာသွားသလို ရှိလာတယ်။ ဆရာကြီးက ရေချိုးခန်းထဲထိ လိုက်လာပြီး ချက်ချင်းရေမချိုးဖို့ လာသတိပေးတယ်။ အဲဒီ့ညနေက ကျနော်ထမင်းလည်း မစားနိုင်တော့ဘူး။ တစ်ညလုံးလည်း အိပ်လို့မရဘူး။ ရင်ပူလို့ထလိုက် ရေသောက်လိုက်နဲ့ မိုးကို စင်စင်လင်းရော။
ဘေးနားက ဆရာကြီးကတော့ ထုံးစံအတိုင်း တခေါခေါနဲ့ ဟောက်တောင် နေလိုက်သေးတယ်။ မိုးလင်းလို့ ရေချိုးကော်ဖီကြမ်းသောက် ၊ မုန့်စားပြီးမှ နေလို့ သက်သာလာတယ်။ မနေ့ကတော့ မူးနေလို့ ရှက်ရကောင်းမှန်းမသိတာ။ ဒီမနက်တော့ ရှက်လွန်းလို့ လူရှေ့တောင် မျက်နှာမပြရဲတော့ဘူး။ အိမ်ရှင်တွေကတော့ ရယ်ရယ်မောမောပါဘဲ ။ '' ရန်ကုန်သားသာဆိုတယ် ၊ ထန်းရည်လေးနည်းနည်း သောက်တာ ခေါင်းကိုမထောင်နိုင်တော့ .. အံ့ပါရဲ့ '' တဲ့ ။ ဆရာကြီးကတော့ ထုံးစံအတိုင်း '' ခွေးကောင်.. ငါမင်းကိုပြန်တွဲနေရတယ်၊ ပြောင်းပြန်ဖြစ်နေပြီ '' ဆိုပြီး ကျနော့်ခေါင်းကို ထုပါလေရော။ ခုနေပြန်တွေးကြည့်တော့ မနေ့တစ်နေ့တုန်းကလိုဘဲ ဆရာကြီးမျက်နှာမြင်ယောင်လာပြီး လွမ်းလိုက်တာ။ ရင်ထဲ ဆို့တက်လာမိတယ်။
ရန်ကုန်ပြန်ရောက်ပြီး သိပ်မကြာလိုက်ဘူး။ ဆရာဦးမြသန်း ဆုံးတယ်။ ဆရာကြီးအိမ်မှာ ရှိ၊ မရှိ ဖုံးဆက်ပြီး ရှိတယ်ဆိုတော့ အိမ်ကို ကဗျာတောင်းဖို့ လူကိုယ်တိုင်သွား လိုက်တယ်။ ဟိုရောက်တော့ အကျိုးအကြောင်းပြောလိုက်တော့ ဆရာကြီးမျက်နှာမှိုင်းကျသွား တယ်။ ''ကိုမြသန်းက တော်တော်စိတ်နှလုံး နူးညံ့တဲ့သူပဲ။ ဆရာဆိုတဲ့ဂုဏ်နဲ့ ရာနှုန်းပြည့် ထိုက်တန်တဲ့သူ။ စေတနာနဲ့ စာသင်ဖို့ လောကမှာ လူအဖြစ်မွေးဖွားလာတဲ့လူပဲ။ သိပ်နှမြောဖို့ကောင်း တယ်'' ဆိုပြီး လေးလေးတွဲတွဲကြီး ပြောနေတော့တယ်။ ပြီးမှ ဒီည သူကဗျာရေးမယ်ဆိုတဲ့ အကြောင်းနဲ့၊ မနက်ဖြန်မနက် ကျနော့်ဆီကမှတဆင့် ဆရာဦးမြသန်းအိမ်ကိုသွားကြဖို့ပြောတယ်။ နောက်တနေ့မနက် အစောကြီး သူ ကျနော့်ဆီရောက်ချလာပြီး ကျနော့်လက်ထဲကဗျာ (၂) ပုဒ် ထည့်ပေးတယ်။ တစ်ပုဒ်က ''မြတ်ဆရာ'' ဆိုလားပဲ။ ''အပြုံးတမြမြနဲ့ နှလုံးလှတဲ့တို့ရဲဘော်..'' ဆိုပြီး နုနုညက်ညက် သိမ်သိမ်မွေ့မွေ့လေး။ နောက်တစ်ပုဒ်ကတော့ စကားလုံးတွေက ခပ်မာမာ၊ ခပ်ပြင်းပြင်း။
ဟိုရောက်တော့ (၂) ပုဒ်လုံးကို white board မှာ ကူးရေးလိုက်တယ် ဆိုတော့ နာရေးလာမေးသူတိုင်း အလွယ်တကူ ဖတ်လို့ရသွားတာပေါ့။ ဈာပနအဖွဲ့လေးဖွဲ့ပြီး တာဝန်တွေခွဲတော့ ကျနော်လည်း တာဝန်ထည့်ခွဲထားတယ်။ ဒါကြောင့် မြေချတဲ့နေ့မှာ ဆရာကြီးက သူ့ကားနဲ့သွားဖို့ပြောပေမယ့် ကျနော်လိုက်လို့မရဘဲ လွမ်းသူ့ပန်းခွေကိစ္စ လုပ်နေရတယ်။ ကျနော့်တသက်တာမှာ အဲဒီလောက်စည်ကားပြီး လူများများစားစားလိုက်ပို့ကြတဲ့ ဈာပနအခမ်းအနားမျိုး တခါမှ မတွေ့ဖူးဘူး။ လမ်းတစ်ခုလုံးပြည့်နေတဲ့အပြင်၊ အပြင်ဘက် လမ်းမကြီးအထိ ကားတွေ၊ လူတွေ ပြွတ်ခဲနေတယ်။ ဆရာ့ကို ချစ်ခင်လေးစားသူတွေ ဘယ်လောက်များခဲ့တယ်ဆိုတာ သူရဲ့နောက်ဆုံးခရီးမှာ အထင်းသားတွေ့နေရတယ်လေ။ ဆရာ က တာမွေ (၅) ကျောင်းမှာ အလုပ်လုပ်ဖူးတယ်။ အခုလည်း တောက်လျှောက်စာသင်နေတာ။ ဆရာဝန်က ကျန်းမာရေးအရ အနားယူဖို့၊ အထပ်မြင့်မတက်ဖို့ သတိပေးလျက်နဲ့ သူ့တပည့်တွေကိုငဲ့ပြီး အထပ်မြင့်တိုက်တွေ ပေါ်တက်ပြီး စာသွားပြတာ။ သင်ရင်းနဲ့ ဆေးရုံရောက်ပြီး ဆုံးသွားရတာ ဆိုတော့ ဆရာဟာ သေတဲ့အထိ စာသင်သွားသူလို့ ပြောရမှာပဲ။
တကယ်တော့ ဆရာ့ကို ကျနော်လူချင်းမကြုံဖူးပါဘူး။ ကျနော့်အမှုတွဲတွေဖြစ်တဲ့ သက်ဝင်းအောင် တို၊ ဇေယျာဝင်းတို့ပြောပြလို့ ဆရာ့အကြောင်းသိနေကြရတာ။ ကျနော်ထောင်ကလွတ်တော့ ဆရာ့ဆီမှာ အင်္ဂလိပ်စာသွားသင်ဖို့ ဆရာကြီးက တိုက်တွန်းခဲ့တယ်။ ကျနော်သွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆရာအိမ်မှာမရှိလို့ မဆုံလိုက်ရဘူး။ နောက်ပိုင်းလည်း ကျနော် မရောက်ဖြစ်တော့ပါဘူး။ အခု သူဆုံးမှရောက်ဖြစ်တာ။ ပြောရရင် ဆရာ့အကြောင်း နားနဲ့မဆံ့အောင် မွှေးမွှေးမြမြကြားခဲ့ရပေမဲ့ သက်ရှိထင်ရှား တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ ဆရာရဲ့စိတ်ကောင်းစေတနာကောင်းတွေကြောင့်ပဲ ဆရာ့ကို လာရောက် ဂါရဝပြုသူတွေ ဖွေးဖွေးလှုပ်နေကြတာလေ။ လူတွေကတအားများတော့ ထိမိခိုက်မိမှာစိုးလို့ ဆရာ့ရုပ်ကလာပ်ကို ကာထားတာပါ။ ကျနော့်ကို ကာဖို့တာဝန်ပေးထားတော့ ကြိုးဝိုင်းထဲဝင်ပြီး ဆရာ့ရုပ်ကလာပ် နားမှာစောင့်ကြည့်ပေး နေရတယ်။ ဆရာက သေတာနဲ့မတူဘူး။ အိပ်ပျော်နေသလိုပဲ။ မျက်နှာမှာ တင်းမာမှုအရှင်းမရှိဘူး။ ငြိမ်းချမ်းလို့။ ဆရာ့လက်ထဲ ဘောလ်ပင်လေးထည့်ပေးထားကြတယ်။
အပြန်လက်ဖက်ရည်ဆိုင်ထိုင်တော့ ဆရာကြီးပြောခဲ့တဲ့ စကားတွေ ကျနော့်နားထဲ အခုထိ ကြားယောင်နေသေးတယ်။ ''လူက အသေကောင်းဖို့လိုတယ်။ ဒါပေမဲ့ အနေကောင်းမှ အသေကောင်းမယ်။ ကိုမြသန်းဆို ဘဝတစ်လျှောက်လုံး ကောင်းတာ တွေပဲလုပ်ခဲ့တော့ အနေကောင်းခဲ့တယ်။ တကယ့်စေတနာဆရာ၊ မြတ်ဆရာ တစ်ယောက်ပဲ။ စာသင်တဲ့အလုပ်ကို မြတ်မြတ်နိုးနိုးလုပ်ခဲ့တဲ့သူ။ သူမြတ်နိုးတဲ့အလုပ်ကို သေတဲ့အထိလုပ်သွားတာ အားကျဖို့ကောင်းတယ်။ သေတော့လည်း ဘယ်သူ့ကိုမှ ဒုက္ခပေးမသွားဘူး။ အနေလည်းကောင်းခဲ့တယ်။ ဒါကြောင့် အသေလည်းကောင်းတာ..''
ဆရာဦးမြသန်း ရက်လည်ပြီးတော့ ကျနော် (၁ဝ)တန်းဖြေဖို့၊ ကျူရှင်တက်၊ ပြင်ဆင်တာတွေ လုပ် ရတော့တယ်။ ဆရာကြီးက သန်လျှင်က သူ့ခြံကြီးဆီသွားတိုင်း ကျနော့်ဆီဝင်လာတတ်တယ်။ တစ်နေ့ကျ အဲဒီခြံအသွား ကျနော့်ဆီဝင်လာတယ်။ ကျနော့် အိမ်မှာ ခဏနေပြီး ဖုံးဆက်သေးတယ်။ ပြီးမှ ထွက်သွားကြတာ။ နောက်တစ်နေ့ညနေကျတော့ ဖုံးနဲ့ နံရံကြားမှာ ပိုက်ဆံအိတ်တစ်လုံးတွေ့လို့ အံ့သြပြီး ဖွင့်ကြည့်လိုက်တော့ ဆရာကြီးအိတ်ဖြစ် နေတယ်။ ဒါနဲ့ ကျနော် ချက်ချင်းဖုန်းဆက်လိုက်တော့ မမိုးမိုးစံ ဖုံးလာကိုင်တယ်။ ည (၇)နာရီ လောက်ရှိမယ်။ ကျနော်က ဆရာကြီးပိုက်ဆံအိတ် ကျနော့်ဆီ ကျန်ခဲ့ကြောင်းပြောတော့ မစံက ရယ်နေတယ်။ ''ဟုတ်လား..ဖေဖေက သူခါးပိုက်နှိုက်ခံရတယ် ပြောနေတာ။ သူ့နှိုက်တဲ့ ခါးပိုက် နှိုက်တောင် သူမြင်ရင် မှတ်မိတယ်တဲ့။ သူ့ကို ဝင်တိုက်သွားပြီးမှ နှိုက်သွားတာလို့ အတိအကျ ပြောနေတာ'' လို့ ပြောပါတယ်။ ဒါနဲ့ ကျနော်က ''ဒါဆို မစံ သူ့ကို သွားခေါ်ပေး။ ဘာမှ သွား မ ပြောနဲ့ဦး။ ကျနော် စဦးမယ်'' လို့ပြောတော့ မစံ သွားခေါ်ပေးတယ်။
သူဖုံးကိုင်တော့ ကျနော်က ဘာမှမသိသေးသလိုနဲ့ မနေ့ကဘယ်လိုဖြစ်တာလဲဆိုပြီး မေးလိုက်တော့ သူက ''အေးကွာ..မင်း အိမ်ကထွက်ပြီး သံလျင်အသွား ကားပေါ်မှာ ခါးပိုက်နှိုက်ခံလိုက်ရတာ။ ငါ့ကိုဝင်တိုက်သွားသေးတာ။ အမှုမဲ့ အမှတ်မဲ့ပေါ့။ ကားခပေးဖို့ကြည့်လိုက်မှ ပိုက်ဆံအိတ်မရှိတော့ဘူး။ ပါသွားပြီ။ ငါ့ ဝင်တိုက်သွားတဲ့ ခါးပိုက်နှိုက်ကြည့်တော့လည်း မရှိတော့ဘူး။ ဘယ်မှာဆင်းသွားတယ် မသိဘူး။ ကားသမားကို အကျိုးအကြောင်းပြောပြီး စီးခဲ့ရတယ်။ သန်လျင်ရောက်တော့ မိတ်ဆွေ တစ်ယောက်ဆီ ငွေချေးပြီး ပြန်လာခဲ့ရတာ'' လို့ပြောတော့တာပဲ။
ဒါနဲ့ ကျနော်က ''ဘာမှ ခါးပိုက် မနှိုက်ဘူး။ ကိုယ့်ဟာကိုယ် မေ့ကျန်ခဲ့ပြီးတော့။ အခုပိုက်ဆံအိတ်က ကျနော့်လက်ထဲမှာ။ ဆရာကြီး ဖုံးဆက်ပြီးမေ့ကျန်ခဲ့တာ။ ကျနော်လည်း ကြားထဲကျနေတော့မမြင်ဘူး။ အခုမှတွေ့လို့ ဆရာကြီးဆီ ချက်ချင်းဖုံးဆက်လိုက်တာ။ မနက်ဖြန်ကျနော်ပြန်ပေးမယ်။ ဒါပေမယ့် ဒီအတိုင်းမရဘူး။ ရေအဆုံး၊ ကုန်းတစ်ဝက်ဆိုတော့ ကျနော်တဝက်ပိုင်တယ်'' လို့ပြောလိုက်တော့ သူက ရယ် ပြီး ''ရပါတယ်ကွာ'' တဲ့။ နောက်တ်နေ့ မနက်ပိုက်ဆံအိတ်သွားပြန်ပေးတော့ ကျနော်နဲ့သူ့သမီးတွေက ဝိုင်းစကြသေးတယ်။ ''ခါးပိုက်နှိုက်ခံရသလေး ဘာလေးနဲ့။ ခါးပိုက်နှိုက်ပဲ သူသိသလိုလို၊ ဘာလိုလိုနဲ့ ဆိုပြီးတော့ပေါ့လေ။ သူက သူ့အပြစ်သူသိတော့ ဘာမှမပြောဘူး။ ရယ်ပဲရယ်နေတယ်။ ကျနော်ကထပ်ပြီး ''ဆရာကြီးကလည်း လူကြီး ရှက်တော့ရယ်ဆိုတာ ဒါမျိုးဖြစ်မယ်ဆိုတော့ သူက ''ခွေးကောင်..မရယ်လို့ ငါက ကလေးလိုငိုရမှာလား''တဲ့။ အဲဒီနေ့က သူ့ပိုက်ဆံအိတ်ပြန်ရလို့ ကျနော်နဲ့ကိုပိုက်ကြီးကို လက်ဖက်ရည်လိုက်တိုက်ပါသေးတယ်။
ပညာရေးနဲ့ပတ်သတ်ရင် ကျနော်မှာ အမြဲအခက်အခဲတွေ့ရတတ်တယ်။ ခုလည်း (၁ဝ)တန်းဖြေဖို့ ကျူရှင်တက်နေတုန်း ဒီနှစ်ပညာရေးစနစ်ပြောင်းပြီဆိုပြီးဖြစ်ရော။ (၁ဝ)တန်း ကျဖူးသူတွေသာ အပြင်ဖြေလို့ရမယ်။ အခုမှ (၉)တန်းအောင် (၁ဝ)တန်းစတက်တဲ့သူတွေ အပြင်ဖြေလို့မရဘူး။ ကျောင်းတက်၊ ကျောင်းခေါ်ချိန်ပြည့်မှ စာမေးပွဲဖြေလို့ရမယ်ဆိုပြီး လုပ်ရော။ အဓိကကတော့ ဘော်ဒါဆောင်တွေကိုသတ်ချင်တာပါ။ အများစုက (၉)တန်းအောင်တယ်ဆိုတာနဲ့ ကျောင်းမတက် တော့ဘဲ ဘော်ဒါတက်ပြီး အပြင်ဝင်ဖြေကြတာမဟုတ်လား။ ဒါကိုသတ်ချင်လို့ စနစ်ပြောင်းဖို့လုပ် လိုက်တာထင်ပါတယ်။
ကျနော့်အတွက်တော့ သတင်းဆိုးကြီးပါပဲ။ ကျနော်က ခုမှ(၉)တန်းအောင် တဲ့သူဆိုတော့ (၁ဝ)တန်းကို အပြင်ဖြေလို့မရတော့ဘူးပေါ့။ ကျောင်းတက်ဖို့ဆိုတာကလည်း ကြည့် ပါဦး။ အသက်က (၂၇)နှစ်၊ ကိုယ့်ထက် (၁ဝ)နှစ် (၁၁)နှစ်လောက်ငယ်တဲ့ တူ၊ တူမအရွယ်တွေနဲ့ အတူ အဖြူအစိမ်းဝတ်ပြီး ကျောင်းပြန်တက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဆရာမတွေကတော့ ကျောင်း အပ်ပြီး ဖြေဖို့ပဲ တိုက်တွန်းနေကြတယ်။ ကျနော်ကလည်း ဒီအရွယ်ကြီးကျမှ အဖြူအစိမ်းဝတ်ပြီး ကျောင်းထဲပြန်မဝင်ချင်တော့ဘူး။ ဒါကြောင့် မဖြေတော့ဘူးဆိုပြီးနေလိုက်တယ်။
ဒါကို ဆရာကြီး သိတော့ စိတ်မကောင်းဘူး။ ပညာရေးစနစ် ကမောက်ကမကိုလည်း သူသိတယ်။ ''တတ်နိုင်ရင် တော့ ကျောင်းအပ်ပြီးဝင်ဖြေကွာ။ သူသူငါငါ (၁ဝ)တန်းအောင်ဘွဲ့ရနေချိန်မှာ ကိုယ်က(၁ဝ)တန်း တောင်မအောင်ဘူးဆိုတော့ အများအမြင်မှာ မတင့်တယ်ဘူး။ အထင်သေးခံရတတ်တယ်..'' ပြောလိုက်တော့ ကျနော့်ရင်ထဲ အောင့်သွားတယ်။ သူ့ကိုတစ်ချက်ကြည့်ပြီး ''ကျနော်မအောင်တာ မဟုတ်ဘူး ဆရာကြီး။ မဖြေတာ...''လို့ ပြောလိုက်တယ်။ သူက ''ဒါပေမဲ့ အများက အဲဒါတွေ သိမှာမဟုတ်ဘူး။ ပညာအရည်အချင်းမေးရင် (၁ဝ)တန်းပဲ။ ဒါဆို (၁ဝ)တန်းမအောင်ဘူး။ ဒါပဲ သိကြမှာ'' လို့ ပြန်ပြောတယ်။
ကျနော့်ရင်ထဲမှာ ဆစ်ကနဲနာသွားတယ်။ အတန်းပညာ (၁ဝ)တန်း ပဲရှိလို့ အထင်သေးတတ်တဲ့
သူတွေထဲ ဆရာကြီးပါနေပြီလား။ ဒါဆို လူတစ်ယောက်ရဲ့ အရည် အချင်းကို (၁ဝ)တန်းအောင်၊ မအောင်နဲ့ တိုင်းတာကြတာလား။ ကျနော့်အမြင်မှာတော့ (၁ဝ) တန်းအောင်ဘွဲ့ရပြီး ''ဖွတ်''ဖြစ်နေတဲ့သူတွေ တပုံကြီး၊ မမြင်ချင်မှအဆုံး။ အတန်းပညာမရှိပေမဲ့ အရည်အချင်း ရှိတဲ့သူတွေ ဒုနဲ့ဒေးပဲ။ ကျနော့်ရင်ထဲ ဗလောင်ဆူနေတယ်။ ဆရာကြီးကိုတော့ ဘာဘာညာညာမပြောတော့ပါဘူး။ နှုတ်ဆက်ပြီးထပြန်ခဲ့တယ်။
ကျနော်မျက်နှာမကောင်းဖြစ်သွားတာ သူသိတယ်။ ဒါကြောင့် နောက်နေ့မှာ ကျောင်းတက်ဖို့ကိစ္စ ဆုံးဖြတ်ပြီးပြီလားလို့ ဖုံးနဲ့လှမ်း မေးတယ်။ ကျနော်က မဆုံးဖြတ်ရသေးဘူး။ ဆရာမတွေ နားပူနားဆာလုပ်နေလို့ ကျနော်ဂွကျနေတယ်လို့ ပြန်ပြောလိုက်တယ်။ ''ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပါကွာ'' လို့ပြောပြီး ဖုံးချ သွားတယ်။
ကျနော် ဘယ်လိုဆုံးဖြတ်ရမလဲမသိတော့ဘူး။ ကိုယ့်ကိုကိုယ် မျက်စိထဲ ပြန်မြင်ကြည့်တယ်။ အဖြူ၊ အစိမ်းဝတ်၊ လက်ပိုက်၊ စာအော်ဆို..ဘေးက ကိုယ့် တူ၊ တူမအရွယ်တွေ၊ တဖက်မှာကလည်း ကိုယ့်ကို သားလိုချစ်ကြတဲ့အမေလိုဆရာမတွေ၊ ကိုယ့်ကို(၁ဝ)တန်းအောင် ဘွဲ့ရစေချင်တဲ့ မေတ္တာ ရှင်တွေ။ နောက်တဘက်မှာက '(၁ဝ)တန်းတောင်မအောင်ဘူး' ဆိုပြီး အထင်သေးကြတဲ့သူတွေ။ ကျနော့်ခေါင်းထဲချာချာလည်နေတယ်။ နောက်ဆုံးတော့ ကျနော်ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
နောက်တစ်နေ့မနက် ဆရာမတွေဆီသွားပြီး ကျောင်းတက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုတော့ ဆရာမတွေခမျာ ဝမ်းသာလွန်းလို့ မျက်ရည်တွေဘာတွေကျလို့။ ''ငါ့သား..မင်းဖြေရင် သေချာပေါက်အောင်မှာ။ ဆရာမတို့ယုံတယ်''တဲ့။ ''ကျနော်အောင်ရုံလေးနဲ့ ကျောင်းတက်ပြီးဖြေမှာ မဟုတ်ဘူး။ ဘာသာစုံဂုဏ်ထူးရ ရမယ်။ ဒါတွေကို အထင်ကြီးလို့၊ မက်မောလို့တော့ မဟုတ်ဘူး။ ထောင်ကျ ဖိနှိပ်ခံခဲ့ရပေမဲ့ အရှုံး ပေးမသွားဘူး။ ဒါမျိုးရအောင် လုပ်လို့ရတယ်ဆိုပြီး ပြချင်လို့၊ ကျနော့်အရင်းနှီးဆုံးလူတွေထဲကတောင်(၁ဝ)တန်းမအောင်တာကို အထင်သေးချင်တဲ့အသံတွေ ကြားရတာကို ရင်နာလွန်းလို့ .. ဒါကြောင့် ဘာသာစုံဂုဏ်ထူး ရအောင်ချမယ်''ဆိုပြီး ရင်ထဲရှိတာတွေ ဖွင့်ထုတ်ပစ်လိုက်တယ်။ ဆရာမတွေက ပိုတောင်ဝမ်းသာကြသေးတယ်။ ''ငါ့သား .. ချ ဆရာမတို့နောက်ကနေ လိုတာ မှန်သမျှ အပြည့်အဝပံ့ပိုးပေးမယ်..'' လို့ အားပေးကြတယ်။
ကျနော်ဒီလိုဆုံးဖြတ်တာ ဆရာကြီးကို မပြောဘူး။ ဟိုနေ့က သူပြောခဲ့တဲ့စကားတွေကြောင့် ရင်ထဲ ခုထိမကောင်းသေးလို့။ ကျောင်းအပ်တော့ ကျနော်အရင်တက်ခဲ့တဲ့ ကျောင်းက လက်မခံဘူး။ ဆရာမတွေက လက်ခံချင်ပေမဲ့ ထောက်လှမ်းရေးက ထောင်ထွက်ကျောင်းသားကို ကျောင်းတက် ခွင့်မပေးရဘူး ညွှန်ကြားထားလို့တဲ့။ ကျနော့်စိတ်ထဲ တင်းခနဲဖြစ်သွားတယ်။ ကျနော် ထိပ်တိုက် ဝင်တိုးလည်း ရမှာမဟုတ်ဘူး။ သူတို့က ဓါးထက်နေတဲ့အချိန်လေ။ ကျနော့်အကိုကြီးနဲ့တိုင်ပင်ပြီး ကျနော့်နောက်ကြောင်းမသိတဲ့ လူလည်းနည်းတဲ့ တခြားကျောင်းမှာ သွား အပ်လိုက်တယ်။ ကျောင်းအုပ်ဆရာမကြီးကိုတော့ လိမ်ထားရတာပေါ့။ အရေးအခင်းမှာ ကျောင်း ကတစ်ပိုင်းတစ်စနဲ့ စင်္ကာပူထွက်ပြီး အလုပ်လုပ်နေလို့။ အခု (၁ဝ)နှစ်လောက်ကြာမှ မြန်မာပြည် ပြန်ရောက်တာ။ သူငယ်ချင်းတွေအားလုံး ဘွဲ့ရနေကြလို့၊ မခံချင်တာနဲ့ ကျောင်းတက်ပြီး ဘွဲ့ယူမလို့ဆိုပြီး အကြောင်းပြရတယ်။ ဒါနဲ့အဆင်ပြေပြီး ကျောင်းတက်ဖြစ်ရော ဆိုပါတော့။
ဆရာမတွေ ဝယ်ပေးတဲ့ အဖြူအစိမ်းဝတ်ပြီး ကျောင်းထဲဝင်တော့ ကျောင်းသူ၊ ကျောင်းသားတွေက ဆရာအသစ်လို့ ထင်နေကြတာ. ကျနော်က ခန္ဓာကိုယ်ကလည်း ခပ်ကြီးကြီး၊ (၁၄၅) ပေါင်ရှိတယ်။ အရပ်က (၅ပေ ၇လက်မ)။ ဆံပင်လည်း တိုတိုကပ်ကပ်လေး ညှပ်ထားလိုက်တော့ မျက်စိထဲ မြင်သာမြင် ကြည့်လိုက်တော့။ ပထမဆုံး ကျောင်းထဲ စဝင်တဲ့နေ့က ရင်တွေဘာတွေခုန်လို့။ စာသင်ခုံမှာ ဝင်ထိုင်ပြီး ''မင်္ဂလာပါဆရာမ'' လို့ ကျောင်းသူ ကျောင်းသားတွေနဲ့အတူ သံပြိုင်နှုတ်ဆက်ရတော့ ရင်ထဲ တမျိုးကြီး။ တလှပ်လှပ်နဲ့။ ရှက်တာလည်းမဟုတ်ဘူး။ (၈၈) မတိုင်ခင် ငယ်ဘဝစာသင်ခန်း တွေကို ပြန်မြင်ယောင်ပြီး လွမ်းသလိုလို။
နောက်နေ့တွေမှာတော့ သူ့ဟာသူ အထာကျသွားပါတယ်။ ကျနော်လည်း အချိန်ပြည့် ကျောင်းနဲ့ စာမှာပဲ နှစ်ထားလိုက်တယ်။ ဘယ်သူနဲ့မှလည်း သိပ်မတွေ့ဖြစ်ဘူး။ ကိုယ့်ဝန်းကျင်နဲ့ အဆက် ဖြတ်ထားလိုက်တယ်။ ကျောင်းတက်တဲ့ကိစ္စ ဆရာကြီး မသိသေးဘူး။ ဆရာကြီးပြောခဲ့တဲ့စကားနဲ့ အကြည့်က ခုထိရင်ထဲ အခုအခံရှိနေသေးလို့ ကျောင်းတက်တာကို သူ့မပြောဘဲထားလိုက်တာ။ တစ်နေ့တော့ အဖြူအစိမ်းဝတ်စုံနဲ့ကျောင်းသွားဖို့အထွက်မှာ ဆရာကြီး ကျနော့်ဆီအလာနဲ့ တိုက် တိုက်ဆိုင်ဆိုင် သွားဆုံတယ်။ ကျနော့်ကို အဖြူအစိမ်းနဲ့ လွယ်အိတ်နဲ့မြင်တော့ ဆရာကြီးမျက်နှာ အပြုံးနဲ့ အရောင်လက်သွားတယ်။ ''ခွေးကောင်..ဒီလိုဆိုတော့ မင်းကချောသားပဲကွ'' ဆိုပြီး ထုံး စံအတိုင်း ကျနော့်ခေါင်းကိုဆွဲပြီး သူ့ရင်ဘက်နဲ့ဖိထားတော့တယ်။
တကယ်တော့ ကျနော်ကျောင်း တက်နေပြီဆိုတာ ကျနော့်အမိုး ဖုန်းထဲက ပြောထားလို့ သိထားပြီးသားပါ။ အခု ကျနော်ကျောင်း သွားမယ့်အချိန်ကိုက် ကျနော့်ကိုလာကြည့်တာ ''ဆယ်တန်းအောင်မှ လူရာဝင်တယ်ဆိုတာ ငါ သတ်မှတ်တာမဟုတ်ဘူးကွ။ မင်းနဲ့ ငါတို့ပတ်ဝန်းကျင်က လူတွေ သတ်မှတ်ကြတာ။ လူတွေနဲ့နေရင် ကြိုက်ကြိုက်မကြိုက်ကြိုက် လူ့သတ်မှတ်ချက်တွေကိုရှောင်လို့မလွတ်ဘူး။ အဲဒီသတ်မှတ်ချက် ဘောင်ထဲမှာ ရာနှုန်းပြည့်ဖြစ်အောင် ကိုယ့်ကိုကိုယ် လုပ်ဖို့ပဲလိုတာ'' လို့ပြောပါတယ်။ ကျနော့် ရင်ထဲက အဖုအထစ်လေးကို သူဖြည်တာပါ။ ''ဆရာကြီး ..ကျနော်မဖြေသေးလို့ပါ။ ဖြေရင် အောင်ရုံတင်မကဘူး။ ဟိုဘက်ကမ်းတောင် လွန်သေးတယ်။ ဆရာကြီးစောင့်ကြည့်'' လို့ ပြန်ပြော လိုက်ပြီး ကျနော်က ကျောင်းသွား၊ သူက မြို့ထဲထွက်သွားပါတယ်။
ကျနော်ကျောင်းအပ်တော့ ဇူလိုင် ပုံမှန်အပ်ရမှာထက် (၁)လနောက်ကျပြီးမှ အပ်ဖြစ်တာ။ အခု ကျောင်းတက်ပြီး (၁)လကျော်ကျော်လောက် ရှိသေးတယ်။ မထင်မှတ်တဲ့ မုန်တိုင်းတစ်ခုနဲ့ရင်ဆိုင် တိုးရပြန်ရော။ NLD က 'လွှတ်တော်' ခေါ်ပေးဖို့တောင်းဆိုပြီး မြန်မာတစ်ပြည်လုံးကို တပ်လှန့်လိုက် တယ်။ နိုင်ငံတကာရော၊ ပြည်တွင်းမှာပါ လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ အခုကျနော်တက်နေတဲ့ ကျောင်းက တာမွေမြို့နယ်မှာ လူဦးရေအနည်းဆုံး၊ အစဉ်အလာအရ နိုင်ငံရေးလှုပ် ရှားမှုတွေမှာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဖူးဘူး။ ဖြစ်ချင်တော့ ကျနော်ခိုးပြီးတက်တဲ့နှစ်ကျမှ တခြား ကျောင်းတွေ ငြိမ်နေတဲ့အချိန်မှာ ဒီကျောင်းက ထဆန္ဒပြပါလေရော။ လွှတ်တော်ခေါ်ယူရေးကိစ္စ နဲ့ တပြည်လုံး နိုင်ငံရေးစိတ်နိုးကြားနေတဲ့အချိန်မှာ ဒီကျောင်းက ထဆန္ဒပြတာဆိုတော့ ရဲတွေ၊ ထောက်လှမ်းရေးတွေ ချက်ခြင်းရောက်လာပြီး ကျောင်းကိုဝိုင်းထားလိုက်တယ်။လမ်းဟိုဘက်ဒီဘက်မှာလဲ စစ်ကားတွေ ပိတ်ထားလိုက်ကြတယ်။ ကျောင်းသားမိဘတွေရောက်လာကြပြီး ကျောင်းသားကျောင်းသူတွေကို မိဘတွေ လက်ထဲထည့်ပြီး ပြန်လွှတ်နေတယ်။
ဆန္ဒပြဖို့စတင်တဲ့ ကျောင်းသား (၁၅)ယောက်လောက်က ကျောင်းအပြင်ရောက်သွားနှင့်ကြပြီ။ ကျနော်လည်း လူ အုပ်ကြားထဲက ကိုယ်ရောင်ဖျောက်ပြီး ကျောင်းပြင်ထွက်ဖို့ ကြိုးစားပေမဲ့ ထောက်လှမ်းရေးတွေက ကျနော့်ကိုတွေ့သွားကြတယ်။ ကျနော့်အကြောင်းသိထားကြတော့ ဒီကိစ္စ ကျနော့်လက်ချက်လို့ယူဆပြီး ညကျတော့ ကျနော့်ကိုလာဖမ်းပါလေရော။ ကျနော်ကလည်း မရှောင်ဘူး။ စာမေးပွဲအောင်ရေးပဲ ဗျူဟာချထားတော့ ကျန်တာတွေအားလုံးဖြတ်ထားတယ်။ ကျောင်းအုပ်ဆရာမကြီးအပါအဝင်တစ်ကျောင်းလုံးက ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ အားလုံး ကျနော့်အကြောင်း မသိကြဘူး။ စင်္ကာပူကပြန်လာပြီး ကျောင်းပြန်တက်တယ်ပဲ သိထားကြတာ။ ဆန္ဒထပြတဲ့ ကျောင်းသားတွေကိုယ်တိုင်လည်း မသိကြဘူး။
ထောက်လှမ်းရေးကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်လေ့မရှိတဲ့ကျောင်းက ခုမှ ဒီလို ဖြစ်တာဆိုတော့ ကျနော့်ကြောင့်ပဲလို့ ကောက်ချက်အခိုင်အမာ ချထားတယ်။ ဖမ်းထားတဲ့ ကျောင်းသားလေးတွေကို ကျနော်ခိုင်းလို့လုပ်တာ မဟုတ်လားဆိုပြီး အတင်းမေးကြတာ။ ဟုတ်မှမဟုတ်ဘဲ။ အားလုံးကထွက်ချက်တွေတူနေတော့ နောက်ဆုံး ကျနော့် ကို ပြန်လွှတ်လိုက်တယ်။ ဒါပေမဲ့ ကျောင်းထဲမဝင်ဖို့ ဝင်ရင်ဖမ်းမယ်ဆိုပြီး အတိအလင်းပြောလိုက်တယ်။ ကျနော်အကြီးအကျယ် ဒေါပွသွားတယ်။
''ခင်ဗျားတို့ဟာ လွန်လွန်းတယ်ဗျာ။ အေးအေး ဆေးဆေး ပညာသင်တာကို ခွင့်မပြုရအောင် ကျနော်က ဘာဖြစ်နေလို့လဲ။ ရာဇဝင်လူဆိုးမို့လား။ အကြမ်းဖက်သမား မို့လား။ ထောင်ကလွတ်ပြီးမှ အပြင်မှာထောင်ကျနေတဲ့ အကျဉ်းသားလို ဖြစ်နေပြီ။ ကောင်းပြီ။ ကျနော်ကျောင်းထဲမဝင်ရရင် ကျောင်းခေါ်ချိန်ရအောင် ခင်ဗျားတို့လုပ်ပေး။ အဲဒါမှ ကျနော် စာမေးပွဲဖြေလို့ရမှာ..''ဆိုပြီး မာမာထန်ထန်ပဲ ပြန်ပြောလိုက်တယ်။ဒါပေမဲ့မရပါဘူး။ ကျောင်းခေါ်ချိန်ကိစ္စ သူတို့လုပ်ပေးလို့ မရနိုင်ဘူး။ သူတို့အနေနဲ့တော့ ကျောင်းထဲဝင်ရင် ဖမ်းရမှာပဲလို့ အတိအလင်းထပ်ပြောပါတယ်။
ဒါမတရားမှုတစ်ခုပဲ။ လက်နက်ရှိတယ်၊ အာဏာရှိတယ်ဆိုပြီး ဥပဒေကို ဘေးဖယ်လိုက်တာပဲ။ လူကို နိုင့်ထက်စီးနင်းလုပ်တာပဲ။ တိုင်းသူပြည်သားတစ်ယောက်ရဲ့ ငြိမ်းချမ်းစွာပညာသင်ခွင့်ကို အဓမ္မ ကျင့်ပစ်လိုက်တာပဲ။ ကျနော့်ရင်ထဲ ဗလောင်ဆူနေတယ်။
အိမ်ရောက်တော့ ဘယ်သူနဲ့မှ စကားမပြောတော့ဘဲ အိပ်ယာထဲတန်းဝင်ပြီး ကုတင်ပေါ်ပစ်လှဲလိုက်တယ်။ ကျနော့်မှာ ရွေးချယ်ခွင့်၊ ရွေးချယ်စရာ ဘာမှမရှိတော့ဘူး။ ကျောင်းထဲဝင်ရင် အဖမ်းခံရမယ်။ ကျောင်းထဲမဝင်ရင် ကျောင်းမတက်လို့ ကျောင်းခေါ်ချိန်မရရင် စာမေးပွဲဖြေလို့မရဘူ။ အပြင်လည်း ဖြေလို့မရဘူး။ ဒီ စာမေးပွဲဖြေဖို့ ကျနော်အခက်အခဲတွေ၊ စိတ်ညစ်စရာတွေအားလုံးကို နပမ်းလုံးပြီး ကြိုးစားခဲ့ရတာ။ အားခဲထားတာ။ နှစ်ပြီးလုပ်ထားတာ။ ဆယ်တန်းအောင်တာကို မက်မောလွန်းလို့တော့ မဟုတ်ဘူး။ ကျနော် ပြောခဲ့သလို မခံချင်လို့ ထလုပ်ခဲ့တာ။ အခုတော့ မျှတတဲ့အကြောင်းပြချက် မရှိဘဲနဲ့ ကျနော်ကျောင်းကထွက်ခဲ့ရပြန်ပြီ။ မျက်နှာကို အစိမ်းသက်သက်ဖြတ်ရိုက်သလိုမျိုး ခံစားနေရတာ။ ဗလာချည်ကြီး။
မတရားမှုမှန်းသိပါလျက်နဲ့ ဘာမှ ပြန်လုပ်လို့မရတာလောက် ခံရခက်တာ လောကမှာ ဘာမှမရှိတော့ဘူး။ အဲဒီအချိန်မှာကျနော့်လက်ထဲလက်ပစ်ဗုံးသာရှိရင် အဲဒီထောက်လှမ်းရေးရုံးကို သွားထုမိမှာအသေအချာပဲ။ အဲဒီအချိန်မှာပဲ ဘေးနားစာကြည့်စားပွဲပေါ်က ကျောင်းစာအုပ်တွေ မြင်တော့ ကျနော့်ရင်ထဲနင့်ကနဲ ဖြစ်သွားတယ်။ ကျနော်မခံနိုင်တော့ဘူး။ စာအုပ်တွေအားလုံးကို အောက်ထပ် သံမံတလင်းပေါ်ချပြီး တစ်အုပ်မကျန်မီးရှို့ပစ်လိုက်တော့တယ်။ မီးတောက်တွေကို ကြည့်ပြီး ကျနော့်ရင်ထဲမှာလည်း မီးဟုန်းဟုန်းတောက်နေတယ်လေ။ ရင်ထဲကမီးက ပိုပူတယ်ဆိုတာ ပြောဖို့တောင်မလိုဘူးထင်ပါရဲ့။
စာအုပ်တွေမီးရှို့ပစ်တာကို အမိုးကတဆင့် ဆရာကြီးသိတော့ ချက်ခြင်း ကျနော့်ဆီရောက်လာပါ တယ်။ အဲဒီအချိန်မှာ ကျနော်အတော်ဖလက်ပြနေပြီ။ မုန်ယိုနေတဲ့ဆင်တစ်ကောင်လိုလား။ ဒါမှ မဟုတ် နာနေတဲ့ကျားနာတစ်ကောင်လိုလားတော့ ဘာဖြစ်မယ် ကျနော်မသိဘူး။ သေချာတာကတော့ ကျနော်အကြီးအကျယ်နာနေတာပဲ။ ဆရာကြီး ကျနော့်အခြေအနေမြင်တော့ အတော်စိတ် ထိခိုက်သွားပုံရပါတယ်။ သူ့မျက်နှာပေါ်မှာ ဖော်ပြလို့မရတဲ့ အသွင်ပြင်မျိုးလို့ ကျနော်ထင်တယ်။ မှိုင်းပြီးမှောင်နေတာမျိုးလည်း မဟုတ်ဘူး။ ဒေါသနဲ့ခက်ထန်နေတာမျိုးလဲမဟုတ်ဘူး။ ထိန်းချုပ် ထားရလို့ ခံရခက်တဲ့အရိပ်ယောင်လေးတော့ တွေ့ရတယ်။ ကျနော့်အတွက် သူလဲ စိတ်ထိခိုက်နေ တာသေချာတယ်လေ။ ဒါဟာမတရားမှုဆိုတာ သူလည်းသိနေတယ်လေ။ ပြီးမှ ကျနော့်ကို စကား တစ်လုံးချင်းပြောပါတော့တယ်။ ''စာအုပ်တွေ မီးရှို့ပစ်တာတော့ မကောင်းဘူး။ မတော်လို့အိမ်ပါ မီးလောင်သွားရင် မခက်ပါလား..''တဲ့။
''အိမ်ပါမဟုတ်ဘူး။ ကျနော်ပါ မီးထဲပါသွားရင် ပိုတောင်ကောင်းဦးမယ်..''လို့ပြောလိုက်တော့ သူက ''မင်းဘယ်လိုခံစားရမယ်ဆိုတာငါနားလည်ပါတယ်။ မင်းအစွမ်းကုန်လုပ်ခဲ့ပြီးပြီပဲ။ သူတို့က လက်နက်တွေ၊ အာဏာတွေနဲ့ မင်းသွားမယ့်လမ်းကို ပိတ် ဆို့လိုက်ကြတာ။ ကိုယ်မှန်းထားတဲ့၊ ကိုယ်အားခဲထားတဲ့ ကိုယ့်ရဲ့ဆန္ဒကို ပိတ်ပင်ခံလိုက်ရတာလောက် ခံရခက်တာ ဘာရှိဦးမှာလဲ။ ဒါပေမဲ့ ငါအခုပြောမှာ သေချာနားထောင်ကွာ။ မင်းအခု (၁ဝ)တန်းမဖြေရတော့ ဘာဖြစ်သေးလဲ။ ဘွဲ့မရတော့ကော ဘာဖြစ်သေးလဲ။ ဒီမှာ ..ဆယ်တန်း အောင်၊ ဘွဲ့ရဆိုတာ သာမန်ရွက်ကြမ်းရည်ကြို လူတွေအတွက်ပဲလိုတာပါ။ မင်းလိုအရည်အချင်းရှိ တဲ့လူတွေအတွက်တော့ ဆယ်တန်းအောင် ဘွဲ့ရဆိုတာမလိုပါဘူး။ အမေရိကန် သမ္မတတွေထဲမှာ အတော်ဆုံးလို့ ပြောလို့ရတဲ့ လင်ကွန်းကိုကြည့်..နောက် ဒေါက်တာနိုင်ပန်းလှ..နောက်..'' ဆိုပြီး နောက်ထပ်နာမည် သုံးလေးခုလောက် ဆက်ပြောပါသေးတယ်။ ကျနော့်နားထဲပဲ့တင်ထပ် ကျန်ခဲ့တာကတော့ 'ရွက်ကြမ်းရေကျို '...'မင်းလိုအရည်အချင်း ရှိသူတွေ' ..'ဆယ်တန်း အောင်ဘွဲ့ရ..လိုမလို' ဆိုတာတွေပါပဲ။
ကျနော်ဆရာကြီးကို သေသေချာချာကြည့်လိုက်မိတယ်။ ခါတိုင်းလို ရယ်ရယ်မောမောမဟုတ်ဘူး။ လေးနက်တည်ကြည်ပြီး ငြိမ်သက်နေတယ်။ တိုင်းပြည် ကို တိုက်ရိုက်စကားပြောနေတဲ့ သမ္မတတစ်ယောက်ရဲ့ဟန်မျိုး။ သူ့အသံက ခါတိုင်းနဲ့မတူဘူး။ ခပ်လေးလေး ဒါပေမဲ့ မာနေတယ်။ ဆယ်တန်းအောင် မအောင်ကိစ္စ သူအရင်က ပြောခဲ့တဲ့စကား ကျနော့်နားထဲ ပြန်ကြားယောင်လာတယ်။ ''သူသူငါငါ ဆယ်တန်းအောင်၊ ဘွဲ့ရနေတဲ့ခေတ်မှာ ကိုယ်က ဆယ်တန်းလေးတောင် မအောင်ဘူးဆိုတော့ လူရာမဝင်ဘူး၊ လူအထင်သေးခံရတတ်တယ်..'' ဆိုတာလေ။ အခုလေးတင် သူပြောလိုက်တဲ့စကားနဲ့ အရင်ပြောခဲ့တဲ့စကား အကြောင်း အရာတစ်ခုပေါ်မှာပဲ ဆန့်ကျင်ဘက်ဖြစ်မနေဘူးလား။
ကျနော့်ရင်ထဲ သိချင်စိတ်ပြင်းပြလာတာနဲ့ ''ဆရာကြီး အရင်တစ်ခါက ဆယ်တန်းလေးတောင် မအောင်ရင် လူရာမဝင်ဘူး၊ လူအထင်သေးခံရ တတ်တယ်လို့ပြောခဲ့ဖူးတယ်မဟုတ်လား။ အခုတော့ ကျနော့်လိုလူတွေအတွက် ဆယ်တန်းအောင် ဖို့မလိုဘူးပြောနေပြန်ပြီ။ ရှေ့စကားနဲ့နောက်စကား ဆန့်ကျင်ဘက်ဖြစ်မနေဘူးလား'' လို့ ပြောလိုက်တော့ သူက ''အေး ဟုတ်တယ်။ အဲဒီတုန်းက မင်းဖြေခွင့်ရှိတယ် မဖြေတာ။ အခုက ဖြေမယ်။ ဒါပေမဲ့ ဖြေခွင့်ပိတ်ခံရတယ်။ ရတနသုတ်ကျက်ခဲ့တာ မှတ်မိသေးလား။ ကျက်ရင် ရရဲ့ သားနဲ့ မကျက်ဘဲနေတာ။ မင်းရဲ့မခံချင်စိတ်ကို ဆွပေးလိုက်မှ မင်းကျက်တယ်။ တကယ်လည်း ရ ခဲ့တယ်။ ခုလည်း ဒီအတိုင်းပဲ။ ဖြေခွင့်ရှိတာကို မင်းက မဖြေချင်ဘူး။ မင်းဖြေရင်အောင်မယ်ဆို တာငါယုံတယ်။ မင်းစကားနဲ့ပြောရရင် အောင်ရုံတင်မကဘူး။ ဟိုဘက်ကမ်းတောင် လွန်သေး တယ်။ ဒါကြောင့် မင်းဖြေဖြစ်အောင် ငါတမင်ပြောလိုက်တာပဲ။ မင်းငါ့ကို စိတ်ကွက်သွားတယ် ဆိုတာလဲ ငါသိတယ်။ ဒါကြောင့် ကျောင်းအပ်ပြီးတာတောင် မင်းငါ့ကို အသိမပေးခဲ့ဘူး။ အခု အဲဒါတွေထားလိုက်တော့။ မင်းလိုလူအတွက် ဆယ်တန်းမအောင်လည်း ဘာမှမဖြစ်ဘူး။ ပင်ကိုယ် အရည်အချင်း ရှိပြီးသားပဲ။ ဘဝမှာလုပ်စရာတွေအများကြီး ရှိသေးတယ်။ အဲဒီအတွက် အားမွေး၊ ကိုယ့်ကို ကိုယ် တည်ဆောက်ရမှာ အရေးကြီးဆုံးပဲ။ မင်းလုပ်နိုင်သမျှ အစွမ်းကုန် လုပ်ခဲ့ပြီးပြီ။ မင်းညံ့လို့ မဟုတ်ဘူး။ မတရားမှုကြောင့် ကိုယ့်ရည်ရွယ်ချက် အထမမြောက်ရတာ။ ဘာမှ ဝမ်းနည်းစရာမလိုဘူး..'' ကျနော် ဆရာကြီးစကားတွေနားထောင်နေရင်း လေဟာနယ်ထဲ မြောက်တက်သွားသလို ခံစားလိုက်ရတယ်။ ရင်ထဲမှာလည်း ပေါ့ပါးလွတ်လပ် သွားသလိုမျိုး၊ ကာလတစ်ခု ထိ ဆရာကြီးပေါ် ''ဖု''နေတဲ့စိတ်အခံရော၊ အခုလောလောလတ်လတ် ခံစားနေရတာတွေရော အားလုံးလွင့်စင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်။
ဆရာကြီးကိုကြည့်ရင်း ကျနော် လက်အုပ်ချီလိုက်မိတယ်။ ''ကျနော်ကို ခွင့်လွှတ်ပါ။ ကျေးဇူးကြီးလွန်းပါတယ် ဆရာကြီး'' လို့ပြောချင်နေတာ။ ဒါပေမဲ့ ပါးစပ်က ဘာအသံမှထွက်ကျ မလာဘူး။ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ရင်း ပါးပြင်ပေါ်မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတယ်။ ကျနော်စကားပြောချင်နေပေမဲ့ ပြောလို့ မရဘူး။ တဒင်္ဂ ဆွံ့အသွားသလို ခံစားနေရတယ်။ ရင်ထဲမှာ စကားတွေအဆက်မပြတ်ပြောနေသလိုပဲ။ ဆရာကြီးက လက်အုပ်ချီထားတဲ့ ကျနော့်လက်ကိုကိုင်လိုက်ပြီး ကျနော့်ခေါင်းကို သူ့ ရင်ဘတ်နဲ့ထိပြီး ဖိထားလိုက်တယ်။ ကျနော့်ရင်ထဲကစကားကို ဆရာကြီးသိသွားပြီလေ။ တကယ်ဆို ကျနော့်ရင်ထဲ ထိုးဖောက်မြင်နိုင်တဲ့သူဟာ ဆရာကြီးပဲလေ။ ခုလို ကျနော် မျက်ရည် ပိုးပိုး ပေါက်ပေါက်ကျတာကို ဆရာကြီးမြင်ဖူးတာ ပထမဆုံးပါပဲ။ ပြီးတော့နောက်လည်းနောက်ဆုံးပါပဲ။ (၂ဝဝ၇၊ ဇန်နဝါရီ နံနက်ခင်းနှင်းတွေကြားမှာ ကျတဲ့မျက်ရည်တွေကိုတော့ သူမမြင်နိုင်တော့ဘူး။ သူမှမဟုတ်ပါဘူး။ ဘယ်သူမှမမြင်နိုင်အောင် နံရံတွေအထပ်ထပ်ခြားထားကြတယ်လေ။)
ဆက်ပါအုံးမည်..
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...