ကြုံလာတဲ့ အခက်အခဲကို ပျော်ပျော်ရွှင်ရွှင် ခေါင်းအေးအေးနဲ့ ဖြတ်သန်းနိုင်ဖို့သာ ကြိုးစားမိတာပါ။ စိတ်ဓာတ်ကျတဲ့အခါ ရှိရင်လည်း ကိုယ်ချစ်ခင်သူတွေနဲ့ ခွဲခွာရတဲ့ သေခြင်းတရားထက်တော့ ဘယ်အရာမှ မဆိုးဝါးလောက်ဘူး လို့ ဖြေရတယ်။ ကိုယ်ကျန်းမာနေရင် စိတ်ကျန်းမာဖို့ ကိုယ်ကိုယ်တိုင်ပဲ အဓိက တတ်နိုင်ပါလိမ့်မယ်လေ။
ဒါကြောင့်မို့ ဘလော့မှာ စာလာဖတ်ပြီး မမြင်ဖူးပေမဲ့ ခင်မင်ရင်းနှီးနေတဲ့ မိတ်ဆွေတွေကို ကိုယ်ဆိုင်ဖွင့်စ ကြုံရတာလေးတွေ ပြောပြချင်သေးတယ်။ သူငယ်ချင်းအချင်းချင်း ရင်ဖွင့်တယ် ဆိုပါတော့။
ကိုယ်တို့ ဆိုင်လေးက သိပ်မကြီးတဲ့ Mall တခုရဲ့ အောက်ထပ်ကလေးမှာပါ။ ပထမဆုံး ဒီ Mall ကို ရောက်ဖူးတာ ဒီဆိုင်လေး ဖွင့်မယ် ဆိုတော့မှပေါ့။ မိတ်ဆွေတယောက် ပြောလို့ အိမ်နဲ့လဲ သိပ်မဝေးတာမို့ သဘောကျမိတာ။ ဒါနဲ့ စ ငှားဖို့ မန်နေဂျာနဲ့ စကားပြောရတယ်။
မန်နေဂျာကြီးကလဲ သဘောကောင်းလိုက်တာ။ ကိုယ်တို့ရဲ့ ပထမဆုံး စ လုပ်တဲ့ ဆိုင်လေး ဆိုတာလဲ သိရော ဆိုင်အတွက် လိုအပ်တဲ့ မှန်ဘီရိုတွေ၊ ရှိုးကေ့စ်တွေ အကုန်ပေးတယ်။ သူပိုင်တာတွေ ငှားတာ တဲ့။ ဘာမှ ပိုက်ဆံ ပေးစရာ မလိုဘူး တဲ့။ ဒါနဲ့ ကိုယ်တို့လဲ “မူချို ဂရာဆီယာ” လို့ ပြောရတာပေါ့။ အဲဒီအဓိပ္ပါယ်က ကျေးဇူး အများကြီး တင်ပါတယ် တဲ့။
ဆိုင်ခန်းလေးက ပေ ၂၀ ပတ်လည်လေး။ ဆိုင်ရှေ့မှာ မက္ကဆီကန် တိုင်းရင်းဆေးလေးတွေ ရောင်းတဲ့ဆိုင် ရှိတယ်။ ချောချောဖြောင့်ဖြောင့် မက္ကဆီကန်မလေး ဈေးရောင်းတယ်။ သူ့နံမည်က လက်တီ တဲ့။ ဘေးက အခန်းက အားကစားအ၀တ်တွေ ရောင်းတဲ့ဆိုင်။ သူ့ပိုင်ရှင်က မျက်နှာသိပ်ချိုတဲ့ အမျိုးသမီး။ Sandra တဲ့။ သူက အမြဲတမ်း ပြုံးနေတာ။
ညာဖက်က အခန်းကတော့ ကွန်ပျူတာတွေ ပြင်တဲ့ လူ။ သူ့နံမည်တော့ ခက်လို့ မမှတ်မိဘူး။ သူက မနက်ဆိုရင် ကိုယ်တို့ဆိုင်ဖက် ကူးလာပြီး radio control helicopter တွေကို လာလာ ငေးတတ်သူ။ သူ့စိတ်ကူးထဲမှာ ဟယ်လီကော်ပတာတွေ ပျံနေတာ မြင်နေပုံပဲ။ မနက်ဆို တချက်တော့ ပြေးလာကြည့်တာပဲ။ ငါ တနေ့ ၀ယ်ကို ၀ယ်မယ်လို့ ပြန်သွားတိုင်း ပြောတတ်သေးတယ်။
ရှေ့ဖက်က နောက်တဆိုင်ကတော့ ကိုးရီးယား အမျိုးသမီး Kim ဖွင့်တဲ့ အ၀တ်ဆိုင်ပဲ။ ကိုးရီးယား မင်းသမီးလေးတွေ လှသလောက် သူကတော့ မတူခြားနားသူပါလေ..။ ဒါပေမဲ့ သဘော သိပ်ကောင်းတယ်။ ဈေးဝယ်လစ်တိုင်း ကိုယ်တို့ခြမ်းဘက် ပြေးလာပြီး ဒီလိုနေရာချ၊ ဒီနေရာမှာ ဒါကိုထား နဲ့ လာပြောပြတတ်တယ်။ သူခြေဟန်လက်ဟန်နဲ့ ပြောပုံက ဒါရိုက်တာကြီးတယောက် ပြောနေသလိုမျိုး။ ကိုယ်တို့လဲ ပါးစပ်ဟ ပြီး ငေးနေရတာ။
သူသင်ပေးချင်လဲ သင်ပေးချင်စရာပါ။ ကိုယ်တို့ ဆိုင်လေးမှာ tattoo corner လေး ထားသလို၊ မိန်းကလေး အလှအပ ပစ္စည်းလေးတွေ၊ လူကြီးကစားတဲ့ remote control ကား၊ ဟယ်လီကော်ပတာလေးတွေ ရောင်းသေးတာ။ ပြင်ဆင်ပုံကလဲ နှစ်ယောက်သား စိတ်ကူးတည့်ရာ လုပ်ကြတာ ရီမုဒ် ကွန်ထရိုး မော်တော်ကားတွေက အပေါ်မှာ ပျံလို့၊ ဟယ်လီကော်ပတာတွေက အောက်မှာ ၀ပ်လို့။ ဟ တလွဲတွေတော့ ဖြစ်ကုန်ပြီလို့ ပြောပြီး ရီရသေးတယ်။
ပစ္စည်းဝယ်တော့လဲ ကိုယ့်ဆရာက ကိုယ်ဝယ်တုန်း ဘေးက အကြံပေးပါတယ်။ “ဒါတွေ မ၀ယ်နဲ့ ချိုသင်း၊ ဘယ်သူမှ မကြိုက်ဘူး၊ ဟိုဟာမျိုးတွေ ၀ယ်..” စသဖြင့်ပေါ့။ တကယ်ကျတော့ သူမ၀ယ်ခိုင်းတာတွေချည်း ရောင်းရတာ။ သူ့များ လုံးလုံးပုံမိရင် အခက်။ ဖက်ရှင် မျက်စိ ရှိတယ် ဆိုရမှာပေါ့လေ။
ဒါပေမဲ့ ကိုယ်က သူရွေးချယ်တာတွေ သိပ်မစွံတဲ့အကြောင်း လူထူထူမှာ မပြောရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကလဲ ကိုယ့်ကို ရွေးထားတာဆိုတော့ကာ ကိုယ်လဲ မစွံတာကြီး ဖြစ်နေအုံးမယ် ဆိုပြီး ကိုယ့်တပ်ကိုယ်ပြန်နင်းသလို ဖြစ်မှာစိုးလို့။ ဒါမျိုးက အသံတိတ်နေတာ ကောင်းလိမ့်မယ်။
သူကတော့ ကိုယ့်ကို ပြောပါတယ်။ ချိုသင်းက အမြဲပြုံးနေလို့ အားကိုးပြီး ဆိုင်ဖွင့်ဖို့ စဉ်းစားတာနော် တဲ့။ သူ့လိုသာဆိုရင် မပြုံးတတ်ဘူး ဆိုပဲ။ ဒါနဲ့ ကိုယ်လဲ အားတက်ပြီး ဈေးဝယ်လာတိုင်း ကိုယ်ကချည်း ပြုံးပြုံး ပြုံးပြုံး နဲ့ စကားသွားပြောတာပါ။ ပြောပုံကိုလဲ ကြည့်ပါ။ ကောင်လေးတယောက် ဈေးလာဝယ်တော့…
“ကိုယ့်မိန်းကလေးကို လော့ကက်လေး လက်ဆောင်ပေးချင်တယ်။ မင်းသာဆိုရင် ဘယ်လိုမျိုး လော့ကက်လေး ကြိုက်မလဲ၊ ကိုယ့်ကို ရွေးပေးမလား”
“ရတယ်လေ၊ ဒါမျိုးလေးဆို ရှင့်မိန်းကလေး ကြိုက်မှာပဲ”
(ကိုယ်ရွေးပေးလိုက်တာ အသဲပုံ လော့ကက်လေးပါ။ အသဲတော့ အသဲ၊ ဒါပေမဲ့ ခရမ်းရောင် အသဲ။ အသဲက လတ်ဆတ်ပြီး နီနေသင့်တာ၊ ကိုယ်က အသဲပုတ်ကြီး ရွေးသလို ဖြစ်နေပါပေါ့၊ ကောင်လေးလဲ ခေါင်းကို တွင်တွင် ကုတ်တယ်။)
ဒီတခါတော့ အဖွားအရွယ် မိန်းမကြီးတယောက် လာဝယ်ပြန်တယ်။
“ဒီဆိုင်ဖွင့်တာ မကြာသေးဘူး ထင်တယ်။ ငါကြိုက်တာလေးတွေ ရှိတယ်။ ဒီဆွဲကြိုးလေး နှစ်ကုံးစလုံး ထုတ်ပြပါအုံး။”
ကိုယ်ကလဲ ပြုံးပြီး ဆွဲကြိုးလေးတွေ ထုတ်၊ သူ့ကို မှန်ရှေ့မှာ ဆင်ပေးလိုက်တယ်။
“လှတယ်နော်။ ဒါပေမဲ့ ဒီဆွဲကြိုးလေးက ပိုပြီ ဖန်စီ ဖြစ်တယ်” (သူသိပ်ကြိုက်နေတဲ့ ဆွဲကြိုးလေးကို ပြပြီး ပြောတာ)
“ဟုတ်တယ်၊ အဲဒါက လူငယ်တွေနဲ့ ပိုလိုက်တယ်”
(ကိုယ်ပြောတဲ့သဘောက ငယ်တဲ့သူတွေနဲ့ လိုက်တယ်ဆိုတော့ အဖွားက အသက်ကြီးပြီ၊ ဒါမျိုးတွေ ဆွဲမနေနဲ့တော့ လို့ ပြောသလို ဖြစ်နေပြန်ရော..၊ အင်း ဒုက္ခ ဒုက္ခ)
ကိုယ်လဲ ကြိုးစားပြီး သင်ယူနေတာပါပဲ။ ရောင်းတဲ့နေရာမှာ မနိပ်တောင် ၀ယ်တဲ့နေရာမှာတော့ ဟန်ကျချင်ပါသေးတယ်။ တခါကတော့ ဒီလက်ကောက်လေးတွေ လှလိုက်တာဆိုပြီး ၀ယ်လာတာ ဆိုင်ရောက်တော့ ဖွင့်ကြည့်မှ နားကပ်တွေ ဖြစ်နေလို့ မျက်လုံးကလယ်ကလယ် ဖြစ်ရသေးတယ်။ ဘယ်သူက လှည်းဘီးလောက်ဟာကြီးကို နားဆွဲလို့ ထင်မှာတုန်း။ ခေတ်ကလေးတွေများ တယ်နားလေး ချင်သကိုး။
ဆိုင်တွေမှာလဲ သီချင်းလေးတွေ ဖွင့်ကြသေးတယ်။ ကိုယ်လဲ သူဖွင့် ကိုယ်ဖွင့်ပေါ့ ဆိုပြီး DVD သေးသေးလေး တခု သယ်သွားတယ်။ ဘေးဆိုင်တွေ နားဝင်ပီယံ ဖြစ်မဖြစ်တော့ မသိဘူး၊ ကိုယ်ကတော့ ပျော်ပျော်ရွှင်ရွှင် ဆိုတော့တာပါ။ မြန်မာသီချင်းတွေမို့ပါ။
မြန်မာသီချင်းတွေမှာလဲ ခေတ်ပေါ်ဟော့ရှော့၊ ဟစ်ပ်ဟော့ လေးတွေ ဖွင့်တာ မဟုတ်ပါဘူး။ Radio Alive ဆိုတဲ့ ရေဒီယို သီချင်းလေးတွေ ဖွင့်တာပါ။ “သူမလာတာ သုံးလေးငါးရက် ကြာပြီရှင်” တို့ဘာတို့ပေါ့။ ဈေးဝယ်ကို စောင်းဆိုတယ်လို့ မထင်ကြပါနဲ့လေ။ သူတို့လဲ နားမလည်ကြပါဘူး။ နောက် ကိုယ်ကြိုက်တဲ့ “အရပ်သုံးစကားမို့ ကဗျာမဆန်ပါတယ်….” လို့ ဆိုပစ်လိုက်တော့ ကဗျာဆန်တောင် ဘေးလူတွေက နားမလည်တော့ မျက်လုံးအပြူးသားပေါ့။ ဘာမှတော့ မပြောကြတော့ပါဘူး။
တခါတလေ DVD ဖွင့်ရင်း “ဆရာမ၊ သမီး ဗိုက်ထဲက အောင့်အောင့်နေတယ်” တို့ “အသင် ရုက္ခစိုးမင်း…..” ဘာညာ ကယ်ပါ စသဖြင့် ပညာပေးတွေ လာနေလို့ ပြေးပိတ်ရသေးတယ်။ ကိုယ့်ဟာနဲ့ကိုယ်တော့ အလုပ်တော်တော်ရှုပ်သား။
ဘာပဲဖြစ်ဖြစ် ကိုယ် ဒီဆိုင်လေးကို ချစ်ပါတယ်။ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် လုပ်နေမိတာမို့ မပြည့်စုံပေမဲ့လည်း အနည်းဆုံး စိတ်ချမ်းသာမှုလေးတော့ ရနေပါတယ်။ ကိုယ်လုပ်သမျှ ကိုယ်ကျေနပ်ရင် ဘ၀မှာ နေပျော်တယ်လို့ ထင်မိသေးတယ်။
ဒါကြောင့် ကိုယ့်မှတ်တမ်းလေးမှာ အမှတ်တရ ရေးခြစ်လိုက်ပါရဲ့။
မိုးချိုသင်း