သီချင်းလေး ညည်းရင်းနဲ့..

ဒီတခါတော့ ကဗျာဆရာ ကိုဆောင်းယွန်းလ က tag တာပါ။ အားရင် ဘာသီချင်းလေးတွေ ညည်းတတ်သလဲ တဲ့။ ကိုယ်လဲ က ချင်နေတဲ့သူကို ဆိုင်းထည့်ပေးလိုက်သလို ဖြစ်သွားပြီး ရေးမှာပေါ့ လို့ ကဗျာဆရာကို သွားပြောလိုက်တယ်။

တကယ်က ဂီတဆိုတာ လူကို အဖမ်းစားနိုင်ဆုံး အနုပညာပါ။ ဂီတကို ကိုယ်တို့ တမိသားစုလုံး ၀ါသနာကြီးတယ်။ အဖေ့ဖက်က အဖိုးက ရွာမှာ မြို့မတီးဝိုင်းရဲ့ တီးဝိုင်းခေါင်းဆောင် တဲ့။ ဘင်ဂျိုတလက် နဲ့ အဖော်တသိုက်နဲ့ နေတတ်တယ်။ အမေ့ဖက်က အဖိုးကျတော့ ဓာတ်ပြားတိုက် ထောင်တယ်။ သီချင်းရေးဆရာတွေ အဆိုတော်တွေနဲ့ အိမ်မှာ သူ့သမီးတွေကို ပတ္တလား တီး၊ တယောထိုးပြီး ဂီတနဲ့သာ နေစေသတဲ့။ အဲဒီအဖိုးနှစ်ယောက်စလုံး ကိုယ်မမွေးခင် ကွယ်လွန်ကြတယ်။

အဖေ့အလှည့်ကျတော့ ကဗျာဆရာ..။ ဒါပေမဲ့ အဖေ့ကို ကဗျာဆရာအပြင် ဘာများ ဖြစ်ချင်သေးလဲလို့ ကိုယ် စကားစပ်လို့ မေးဖူးတယ်။ အဖေက Orchestra တီးဝိုင်းခေါင်းဆောင် ဖြစ်ချင်တာတဲ့။ ဆရာ မြို့မငြိမ်းတို့လို သီချင်းလေးတွေ ဖန်တီးပြီး ဘ၀မှာ အပြစ်ကင်းကင်း ပျော်ရွှင်ကျေနပ် ရောင့်ရဲချင်တာ လို့ ဆိုတယ်။

အဲဒီလို အဖေပြောတော့ ကိုယ့်မှာ အံ့သြလိုက်တာ။ ကိုယ်က တည့်တည့်ကြီး သွားချင်သူမို့
“ဒါဖြင့် အဖေက ကဗျာဆရာ မလုပ်ချင်ဘူးပေါ့ ” လို့ မေးမိတာ။
“အော် သမီးရယ်၊ ကဗျာဆရာလဲ ကောင်းပါတယ်၊ ဒါပေမဲ့ အဖေ အားကျပြီး ဖြစ်ချင်တာက သံစုံတီးဝိုင်းကြီး ဖန်တီးချင်တာ..”
“ဒါဖြင့် အဖေက တသက်လုံး လုပ်နေတဲ့ ကျောင်းဆရာကျတော့ရော..” ဆိုတော့
“အော် သမီးရယ်၊ ကျောင်းဆရာလဲ ကောင်းပါတယ်၊ ဒါပေမဲ့ အဖေက သီချင်းတွေနဲ့ ဆိုရင် ပိုပျော်တာပေါ့”
“ဒါဖြင့် အဖေက.. ”
“တော်ပါတော့ သမီးရယ်၊ ငါ့သမီးနှယ် နားဝေးလိုက်တာ၊ အဖေက သီချင်းရေးဆရာ ဖြစ်ချင်တာ၊ ဒါပဲ။”
အဲဒီလို အဖေက ပြောပြီး ဟိုဖက်လှည့် ဆေးလိပ်ဖွာပြီး နေတော့တာပါ။ ကိုယ့်မေးခွန်းတွေက သူ့အိပ်မက်တွေကို ဖီလင်အောက် စေတယ် ထင်ပါရဲ့လေ။

ဒီလို တမိသားစုလုံး သီချင်း ၀ါသနာပါတဲ့အကြောင်း ကိုယ်ရေးလဲ ရေးဖူးတယ်။ ဒါပေမဲ့ တယောက်မှတော့ အဆိုတော်၊ တေးရေးဆရာ မဖြစ်သွားဘူး။ ဒါပေမဲ့ သီချင်းတွေနဲ့ ဘလက်အင်ဝှိုက် ဖြစ်နေတဲ့ ကိုယ်တို့ဘ၀တွေကို ဆေးရောင်ခြယ်ခဲ့ကြပါတယ်။

ငယ်ငယ်လေးကတည်းက အမေချော့သိပ်တဲ့ သီချင်းလေးတွေကနေ အခု ရော့ခ်၊ ပေါ့ပ်၊ ဟစ်ပ်ဟော့၊ ပန့်ခ် တွေအထိ နားထောင်ဖူးခဲ့တာလဲ အများကြီး။ ကြိုက်တာတွေလဲ အများကြီး။ ဆိုဖို့ကျတော့ ကိုယ့်အသံက သီချင်းကို စပ်ယူရတဲ့ အသံမျိုးလို့ မိတ်ဆွေတယောက်က ပြောဖူးတယ်။ "မောင်းသံ.. တခုသောမောင်းသံ..၊ ကြားလေတိုင်းမှာဖြင့်.. ထွက်ကိုပဲ ထွက်ပြေးချင်တယ်လေ...၊ နားနှစ်ဖက်ကို စုံကာပိတ်လို့.. အတင်းရုန်းကန်.." ဆိုပဲ။

ဒီလောက် အားပေးကြမှတော့ ကိုယ်လဲ တိုးတိုးပဲ ညည်းမိပါတယ်။ မိုက် တွေဘာတွေ သီချင်းဆိုဖို့ လာပေးရင် မျက်နှာတွေ သွေးဆုတ်ဖြူရော်လာတဲ့အထိ ကိုယ့်အကြောင်း ကိုယ်သိပြီး အတင်းပဲ ငြင်းဆန်မိတတ်တယ်။ မောင်းသံ လို့ ဆိုထားတာ မဟုတ်လား။ သူငယ်ချင်းတွေ ဆုံလို့ ပျော်ရွှင်နေချိန်မှာ မောင်းတော့ ထ မတီးသင့်ဘူးလို့ သိနေပါတယ်။

သီချင်းဆိုရာမှာလဲ ဒီအဆိုတော်ကတော့ ဆရာကြီးပဲ၊ သူဆိုတဲ့သီချင်းတွေ ကြိုက်မှ နားထောင်ရည်ဝနေတဲ့ ဆရာကြီးလိုလို ဖြစ်တာမို့ သူ့သီချင်းပဲ ရွေးကြိုက်မယ် ဆိုတာမျိုးလဲ စိတ်ထဲမှာ မရှိ။ ဒီအဆိုတော်ကတော့ ကလေးကွက်တွေပါကွာ၊ ကလေးတွေ ဆိုတာပါ ဆိုတဲ့ အထင်သေးစိတ်မျိုးလဲ မရှိ။ နားထဲဝင်လို့ ကိုယ်နှစ်သက်မိရင် အကုန်ကြိုက်ပဲ။

သီချင်းကတော့ အများကြီး ရတာမျိုးလဲ မဟုတ်၊ တချို့လဲ တပိုဒ်တလေလောက်သာ အထပ်ထပ် စိတ်ထဲက ကျော့နေတာမျိုး။ သူများဆိုရင်လဲ သဘောကျမိ နှစ်သက်မိတာ။ ကိုယ်တို့နှစ်ယောက် ချစ်စ က သူက သူငယ်ချင်းတွေနဲ့အတူ ကိုင်ဇာရဲ့ သီချင်းတပုဒ် ဆိုနေတာ ကြားရတော့ တိုးပြီး ချစ်ခင် မြတ်နိုးစိတ် ဖြစ်သွားခဲ့တာ မှတ်မိသေးတယ်။

“အို..မေ၊ ကိုကိုလေ ရင်ထဲမှာ တဖက်သတ်အချစ်နဲ့ ချစ်ကာနေ..” လို့ သူဆိုတော့ တအုပ်လုံး ဆိုနေကြတာ ဖြစ်ပေမဲ့ သူ့အသံပဲ ကွက်ပြီး ကြားနေမိသလိုလို ဖြစ်မိသေး။ ကွက်ကြားမိုး ဆိုတာ ဒါမျိုးနေမယ်။ ကလေးမနှယ်.. မိုက်ချင်တော့ ပြောပါတယ်။

ဒါနဲ့ နောင်တချိန် အတူနေရင် စုမဲ့ဆောင်းမဲ့ စာရင်းထဲမှာ နံပါတ် (၁)က ကြောင်အ၀ါလေး၊ နံပါတ် (၂) က ဂစ်တာ ဆိုပြီး ချရေးခဲ့ကြတယ်။ စားတာသောက်တာ နေတာထိုင်တာ ဘယ်လိုနေမယ် ဦးဆုံး မစဉ်းစားဘဲ တယောက်က ကြောင် ပိုက်၊ တယောက်က ဂစ်တာ ပိုက်ပြီး နေရအုံးမလိုပါ။ ကံလေး မျက်နှာသာပေးလို့ အိမ်နဲ့ယာနဲ့ နေရတယ် မှတ်ပါတယ်။

နောက် လက်ထပ်ပြီး စင်ကာပူ လိုက်သွားတော့ အဲဒီမှာ ကိုယ် မပျော်ဘူး။ အဲဒီတော့ ကိုယ်တို့ကားထဲမှာ အမြဲဖွင့်တဲ့ သီချင်းက စိုင်းထီးဆိုင်ရဲ့ ချယ်ရီကိုသာ ပန်ပါကွယ် တဲ့။ လိမ်မာပါတယ် ဗမာမလေး စိတ်မညိုနဲ့ ဆိုတဲ့ သီချင်းပေါ့။ အဲဒီတုန်းက ကြောင်လဲ မွေးခွင့် မကြုံတာမို့ သူက ဒီလို ဖြည့်ဆိုပါတယ်။

“အိမ်ပေါ်မှာလေ ရွှေဝါကြောင်လေး မရှိပေမဲ့၊ ဖြူစင်စေတနာ အရိုးခံ စိတ်ရင်း ရှိပါတယ်” တဲ့။ တကယ်က တောင်ပေါ်မှာလေ တော်ဝင် ပိတောက်ပန်း မရှိပေမဲ့…ဆိုပြီး ဖြစ်ရမှာ..။ ပိတောက်ကနေ ကြောင် ဖြစ်သွားတာကတော့ သူ တရားခံပါပဲ။ ဆရာ စိုင်းခမ်းလိတ် ပြဿနာ လာရှာရင်တော့ သူ့ကို လက်ညှိုးထိုး ပြလိုက်မှာပဲ။

နောက်တော့ အလုပ်တွေ အတူလုပ်ကြတယ်။ အဲဒီတော့ ရုံးအလုပ်က မနက် ၈နာရီကနေ ညနေ ၅နာရီ ထိ ဖြစ်လေတော့ “အခါခါပေါ့၊ မာလာကျော့ လာပါတော့ မျှော်ပေါ့ ငါးနာရီ ထိုးပြီ၊ ထိုးပြီ” လို့ ဆိုမိတယ်။ ၅နာရီထိုးရင် ရုံးဆင်းရမှာကိုး။ မျှော်မိ၊ ပျော်မိတာပေါ့။ ငါ ရေဒီယိုသီချင်းလဲ ရသားပဲလို့ ကိုယ့်ဖာသာကိုယ် အားပေးမိသေးတာ။

အလုပ်ထဲမှာလဲ စီးပွားရေးဆိုတဲ့သဘောတွေကို ကိုယ်က နားမလည်လေတော့ အထက်ကလာတဲ့ အခု ဆီထမင်း၊ အခု စာကလေးကြော် ဆိုတာတွေကို တော်တော် စိတ်ညစ်ဖူးတာပါ။ အဲဒီအခါမှာလဲ သီချင်းလေး ညည်းရင်း စိတ်ဖြေရတာပါ။ “ပြောင်းလဲတတ်တဲ့ မင်းကို၊ တို့ ဘယ်လိုမှ နားမလည်..” ဆိုတဲ့ ထူးအိမ်သင်သီချင်းလေးပေါ့။

အခု ဆိုင်လေး လုပ်ပြန်တော့ အိမ်အပြန်ညတွေမှာ နှစ်ယောက်သား သီချင်း အတူ ညည်းမိတဲ့ ညတွေ ရှိသေးတယ်။ ငယ်ကျွမ်းဆွေပါ။ သူက အရင်ဆိုတယ်။
“ဒီလို ညများ တရာ မက တွေ့ပါရစေ” (ဒီတော့ ကိုယ်ကလဲ ဘယ်အညံ့ခံလိမ့်မလဲ)
“ဒီလို ညပေါင်း ထောင်သောင်းမက တွေ့ပါရစေ” တဲ့။ ဘာလို့လဲဆိုတော့ ဒီည ဈေးရောင်းကောင်းတယ်လေ။

ကြိုက်ပြီး လူကြားအောင် မညည်းရဲတဲ့ သီချင်းလဲ ကိုယ့်မှာ ရှိသေးတယ်။ မောင်သစ်မင်းရဲ့ သီချင်းလေး တပုဒ်ပါ။
“ငါ့ရဲ့ ကြမ်းတမ်း ရုပ်သွင်ပြင်နဲ့ အပေါ်ယံအရေပြားအောက်မှာ
အလွန်သိမ်မွေ့တဲ့ ကြည်လင်နုနယ်
နှလုံးသားတခုဟာ တည်ရှိခဲ့..”
စသဖြင့်ပေါ့။
အဲဒီသီချင်းက ကြိုက်တော့ ကြိုက်သား။ ဒါပေမဲ့ ငါ့ရဲ့ ကြမ်းတမ်း ရုပ်သွင်ပြင်လို့ ဆိုထားတော့ ကိုယ်နဲ့ မလိုက်ဘူး ထင်မိလို့ ညည်းဖြစ်ရင်တောင် လူမကြားအောင် ခပ်တိုးတိုးပဲ။

သီချင်းဆိုတာကလဲ ရင်ထဲက ခံစားချက်နဲ့ တိုက်ဆိုင်တော့ ပိုဆိုလို့ ကောင်းတယ် ထင်မိတာပဲ။ ဒါပေမဲ့ စိတ်ထဲမှာ ဘာရယ်မဟုတ်ဘဲ ဆိုဖြစ် ညည်းဖြစ်တဲ့ သီချင်းတွေကလဲ အများသား။ တခါကတော့ ကိုယ်သိပ်ကြိုက်တဲ့ မမီရဲ့ ရုပ်ရှင်သီချင်းတပုဒ်ဖြစ်တဲ့
“ပျော်စရာဆိုတာ တို့ရဲ့ကမ္ဘာမှာ မရှိပါ၊ ရင်နာစရာတွေ တွေးမိပြန်ရင် ရင်ထဲမှာ..” လို့ ဆိုမိတော့ ကိုယ့်ဆရာက သူ့ကိုလဲ ပျော်အောင် ထားရက်နဲ့ တဲ့။ အင်းးး သိပ် အထ အန မကောက်တာ ကောင်းပါလိမ့်မယ်လေ။

အမြဲလိုလို ညည်းမိတဲ့ နောက်သီချင်းတပုဒ်က ခိုင်ထူးရဲ့ နောက်ဆုံး အိပ်မက်။ ကိုနေ၀င်း စပ်ခဲ့တာ။
“ရဲရင့်…ကျောက်ခက်တို့ ပြိုနေဆဲ..
ငါ့အတွက် အဖြေ ရှာနေတုန်းပေါ့
တချို့တွေ နေနိုင်လွန်းတယ်…”
အခုတလော အဲဒီသီချင်းလေးကို အမြဲ ညည်းမိတာ။ “တယောက်တည်း ငါ ငိုနေတုန်း၊ ရင်ထဲမှာ မကျေနပ်ဆုံး ………..” လို့ ဆိုလိုက်ရမှ ရင်ထဲမှာ နည်းနည်း သက်သာသွားသလိုပါ။

နောက်တပုဒ်ကတော့ ကိုယ့်မှာ ၀မ်းနည်းစရာ အကြောင်းတိုက်ဆိုင်တိုင်း ဆွတ်ပျံ့နာကြင်စွာ ဆိုမိတဲ့ သီချင်းလေး။ ဆိုမိတိုင်း ဒဏ်ရာများနဲ့ လူ ဟာ ကိုယ်ကိုယ်တိုင်ပဲ လို့ ထင်မိတယ်။ ဦးလှိုင် ရေးခဲ့တာပါ။
“ကြယ်တွေ ကြွေတုန်းလား…
မသိချင် ရင်ထဲ အားတင်းထား
ကြွေတဲ့ ကြယ်တွေရဲ့ အကြောင်းကို ရင်မှာ မခံစားရဲ..”


ဒီလိုနဲ့ ဆိုဖြစ်တဲ့ သီချင်းတွေအကြောင်း ရေးရရင်တော့ အများကြီးပေါ့။ သီချင်းတွေကတော့ ဆိုဖြစ် ညည်းဖြစ်နေမှာပါပဲ။
ရင်ထဲက ခံစားချက်တွေ နီလိုက် ပြာလိုက် ၀ါလိုက် ရောင်စုံပြေးနေသလို သီချင်းတွေနဲ့ ဘ၀ အထုအထောင်းတွေကို ခုသာ ခံသာအောင် လုပ်နေရသလိုပေါ့။
တခုတော့ သေချာပါတယ်။
သီချင်းတွေကြောင့် လောကကြီး ပိုလှသွားတယ် ဆိုတာ..။


မိုးချိုသင်း

54 comments:

Vista said...

ဝေး ၁ ကွ

Vista said...

မမိုးချိုဘလော့မှာ
အမြဲတမ်းဘိတ်ကပဲနေရတယ် အခုမှ ၁ ရဖူးတယ်

may said...

မမချိုသင်းရေးတာလေးတွေများ ဖတ်ပြီးကြည်နူးစိတ် အပျော်စိတ်လေး ဖြစ်မိတာကြီးပဲ
စာရေးတာလေးတွေ သိပ်ကောင်းတာပဲ

ရွာသားလေးဝိုင်တီယူ said...

မောင်းသံလေးတော့ ကြားဖူးချင်သား...

SDL said...

မချိုသင်း...

မောင်သစ်မင်းရဲ့ သီချင်းကလွဲလို့ ကျန်တာတွေ အကုန်သိတယ်...။
တပြုံးပြုံးနဲ့ ဖတ်သွားပါတယ်။

Bagothu said...

ဆိုနေတဲ့သီချင်းကို ကြည့်ပြီး
အဲဒီလူရဲ့စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ
သိနိုင်တာမို့
ခံစားချက်တွေ ပေါ့ပါးအောင်
သီချင်းဆက်ဆိုကြမယ်။

Rita said...

ကောင်းလိုက်တဲ့ သီချင်းလေးတွေ

အခြေအနေ အချိန်အခါနဲ့လိုက်အောင် ဆိုတတ်ပါဘိ။
:)

kohan said...

လာဖတ်ကြောင်းပါခင်ညား

မီးမီးချစ် said...

ဒီလိုညများ ထောင်သောင်းမက တွေ့ ပါစေ.. ရောင်းကောင်းတယ် ဆိုလို့ ..း))

--MeMoRiEs-- said...

thank you so much,very nice to read your post.

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ချိုသင်း
ရေးတာလေးတွေ ဖတ်ရရင်..
ဟက်ဟက်ပက်ပက် ရီ၇တတ်လွန်းလို့
ဘ၀အမောလေးတွေပြေပြေသွားတာပဲ

ရေတမာ said...

“ဒီလို ညပေါင်း ထောင်သောင်းမက တွေ့ပါရစေ” ဆိုပြီး မောင်းသံလေးနဲ့ အမြဲဆိုနိုင်ပါစေ

ဂျူနို said...

အိမ်ပြန်လမ်းမှာ ကားပေါ်ထိုင်ရင်း နေ့ တိုင်း
“ဒီလို ညပေါင်း ထောင်သောင်းမက တွေ့ပါရစေ”
ဆိုနိုင်ပါစေ ချိုသင်းရေ

မအယ်တော့ စိတ္တဇ ညများ ကုန်ဆုံး လွန်မြောက်ပါစေ ဆိုနေတယ်။

မအယ်

MANORHARY said...

“ရဲရင့်…ကျောက်ခက်တို့ ပြိုနေဆဲ..
ငါ့အတွက် အဖြေ ရှာနေတုန်းပေါ့
တချို့တွေ နေနိုင်လွန်းတယ်…”
..................
တရေးမှ မပျော်တဲ့ညမှောင်လွန်းနေဆဲ
တစ်ယောက်ထဲငါ ငိုနေတုန်း
ရင်ထဲမှာ မကျေနပ်ဆုံး .........
.....................
ဆိုနေကျမို့ဆက်ဆိုမိသွားတယ် စိတ်ထဲက
ကိုယ်ဆိုရင်တော့ ချိုသင်းကိုကဖို့ခေါ်ထားမလားလို့
တွေးထားတယ်း))

Kay said...

Thank you for the music, the songs Im singing
Thanks for all the joy theyre bringing
Who can live without it, I ask in all honesty
What would life be?
Without a song or a dance what are we?
So I say thank you for the music
For giving it to me

ညီမလေး said...

ဟုတ်တယ်အမ ... သီချင်းတွေကြောင့် ဂီတကြောင့် လောကကြီးက ပိုလှနေတယ်ဆိုတာကို အပြည့်အဝထောက်ခံတယ် ... ကိုယ်ကိုယ်တိုင်ကတော့ အနူပညာကို ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်တတ်ပါဘူး ..ဒါပေမဲ့ သေချာတာတော့ ခံစားတတ်တယ် ..သီချင်းတွေ မရှိရင် ဒီလောကကြီးက ပိုပျင်းစရာကောင်းနေမယ် ထင်တယ်နော်အမ..

kiki said...

မချိုသင်း ကြောင်ကလေးပိုက်ပြီး ၊ ကိုဝဏ္ဏ ဂီတာတီး
သီချင်းလေးတွေညည်း ...လောကကြီး လှပနေတော့လည်း ပျော်စရာကြီး ပါလား ...း)

Pan Ei said...

အစ်မရေ

ဒီပို့စ်လေးကို အရမ်းကြိုက်ပါတယ်... အမြဲလာဖတ်ပေမယ့် ခုမှ comment ရေးဖြစ်တယ်... ပို့စ်တွေအားလုံးအတွက် ကျေးဇူးပါနော်

မယ်ကိုး said...

မသီချင်းညဉ်းတာလေးကို နားထောင်ကြည့်ချင်လိုက်တာ
အခုတော့ အိမ်မှာကြောင်လေးတွေနဲ့ မ ပျော်နေပြီပေါ့နော်။ =)

မယ်ကိုး said...

မ စာပြန်ရေးတော့မယ်ဆိုလို့ ဝမ်းသာကျေးဇူးနေပါတယ် မ။

မမသီရိ said...

ကြောင်လေးတွေ က နားကောင်းပါတယ် ချိုသင်းရယ်..း)
အချစ်က ဂစ်တာတီးခိုက် ညီမ သီချင်း လိုက်ဆိုတော့
သူတို့ ရင်ခွင်ထဲ က ဆင်းမပြေးဘူး မို့ လား..း)

မောင်းသံလေး နဲ့ အသံလေး ဘာလေး တင်ပေးပါလား
ဘလော့မှာ မမတို့ တွေ အားပေး ရအောင်...
ဝ တဲ့ လှတဲ့ သူတွေ အသံ ကောင်းတယ် ပြောကြတာပဲ
လေးလေးဝါး တို့.. ကဗျာဘွဲ့မှူး တို့...

Bino said...

I love songs.

nu-san said...

အမရေ.. ဈေးရောင်းကောင်းလို့ ဆိုတဲ့သီချင်းက အမိုက်ဆုံးပဲ.. ;)

PAUK said...

ဂီတကို ချစ်တယ်..
ကြောင်ကို ကြောက်တယ်..

tg.nwai said...

ကြောင်ဝါလေးမှလား ချိုသင်းရယ်... ချိုသင်းစာတွေဖတ်ရတာ သိပ်ချစ်ဖို့ကောင်းတာပဲ..ဘာတဲ့..တယောက်သောသူ အသံပဲ ကွက်ကြားတာ ဘာဖြစ်လဲ..ဘာဖြစ်လဲနော်..:)

ချိုသင်းရဲ့ မောင်းသံလေးတော့ ကြားချင်ပါသေးတယ်လေ...သီချင်းတွေ ဒီလောက်အများကြီးရတာနော်..

ချိုသင်းသီချင်းညည်းသံလေးတွေ ကြားယောင်ရင်း ပျော်ရွှင်ပေါ့ပါးကြည်နူးသွားရတာအတွက် ကျေးဇူးပါ...

ကိုလူထွေး said...

နှစ်သက်ရာတခုကိုရွေးပါ...

၁။ မောင်းသံ ဆိုတော့ လွင်လွင်လေးပေါ့...

၂။ မောင်းသံ ကမှ နားခံသာပါသေးတယ်ဗျာ...

းဝ)

ဆောင်းယွန်းလ said...

မချိုသင်း ဒုတိယရပါတယ်ခင်ဗျာ...ဇော်ကြီးက ပထမရသွားတယ်ဗျ..အရင်ဆုံး ကဗျာစပ်လိုက်လို့
တဂ်ပို့စ်ကို ခုလို အမြန်ဆုံးရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.ဝမ်းလည်းသာပါတယ်

ဆရာမိုး သီချင်းဆိုတာကိုလည်း အမေမာမာအေးအိမ်မှာ နားထောင်ခဲ့ဖူးပါတယ်ဗျာ..

မချိုသင်းရဲ့ ရင်ထဲက သီချင်းတွေအားလုံးက အနှစ်သာရရှိကြပါတယ်။ သီချင်းနဲ့ဂီတမရှိခဲ့ရင် ကမ္ဘာကြီးဘယ်လှနိုင်ပါ့မလဲဗျာ...တကယ်တော့ ဂီတနဲ့သီချင်းဟာ လူတွေရဲ့ စိတ်နှလုံးကို နူးညံ့ပျော့ပြောင်းအောင် ဖန်တီးပေးတဲ့ အနူပညာတရပ်ပဲ မဟုတ်လား..
ပို့စ်ကတော့ ထုံးစံအတိုင်း ဖတ်လို့ကောင်းဆဲ ကောင်းမြဲပါပဲ...ပြုံးစရာလေးတွေကို တွေ့ရစမြဲပါပဲ...

တဂ်တဲ့သူက ကွန်မန့်ကို ၂၇ရောက်မှ ရေးရတာတော့ နာတယ်ဗျာ..ခုမှ ရုံးကပြန်ရောက်လို့ပါ...
ပို့စ်လေးအတွက် အမှတ်တရရေးပေးခြင်းအပေါ် ကျေးဇူးအထူးပါ...

ခင်မင်လျှက်
ဆောင်းယွန်းလ

မီယာ said...

အမရေ ဆိုချင်တာသာ ဆိုပါ... သီချင်းတွေက တခါတလေ ကိုယ့်အတွက် စပ်ထားပေးသလား မှတ်ရအောင် တိုက်ဆိုင်တာတွေ ဆိုလို့ ကောင်းတာတွေ အများကြီးလေ... နွဲ့ယဉ်ဝင်းရဲ့ ရွှေပင်လယ်ကြီး ဆို အသံပြဲကြီးနဲ့ အော်လို့ကောင်းမှကောင်း :P

P.Ti said...

သီချင်းဆိုကတော့ အမနဲ့ ကျွန်တော် နင်လားငါလားပဲ...
ဝါသနာပါသလိုလိုရှိပေမယ့် ဆိုလိုက်ရင် တော်ပါတော့ အပြောခံရတာချည်းပဲဆိုတော့ တိုးတိုးပဲ ညည်းတော့တယ်။

ကြည်ဖြူပိုင် said...

သီချင်းလေးညည်းလိုက်ရင်စိတ်ကြည်နူးသွားတယ်နော်
ဆိုသာဆိုမမရေများများသာဆို.ဒါမှမမချိုသင်းလေးပိုပိုပြီးချစ်ဖို့ကောင်းမှာ

လင်းဒီပ said...

ဘဝဆိုတာကြီးကို သီချင်းတွေနဲ့ပဲ ဆက်မောင်းနေရတာပါလေ

အပြုံးပန်း said...

အမ၊
သီချင်းများနဲ့လူ ဒီကမ္ဘာကို သာယာလာအောင် ကူညီနိုင်ပါစေသားကွယ်၊
လို့ ထူးအိမ်သင်က
ဆိုခဲ့ပါရောလား။

rose said...

မမရေ့ 

သမီး ကိုကျော်ဝဏ တိုးတိုးဆိုနေတဲ့ သီချင်းတစ်ပုဒ်ကြားဘူးတယ်။ ဟိုလေ ဇော်ဝင်းထွဍ်ဆိုခဲ့တာလေ။ ဘာတဲ့ " ဒါဝဍ်ကြွေးပဲ အချစ်ရယ်" ဆိုလားပဲ။ သေချာတော့ မသိပါဘူး။ ကြုံလို့ ပြောပြတာပါ။

း)း)

ဖြူတုတ်လေး said...

မမကလေ 'လက်နဲ့ထိရင် ရွှေဖြစ်ဆိုသလိုပဲ'... ဘယ်ခေါင်းစဉ်ပဲဖြစ်ဖြစ် မမရေးရင် အရမ်းဖတ်လို့ကောင်းပါတယ်။ ဖြူတုတ်လဲ နောက်ဆို Tag မယ်နော်။

phyoaung said...

အမမိုးချို...စာကလေးကြော်နဲ့ ထမင်းကြော်မှားနေပြီထင်တယ်ဗျ...
ကျွန်တော်ကြားဖူးတာ ခုဆီထမင်း၊ခုစာကလေး
ကြော်ပါဗျာ။
အမဘာရေးရေးဖတ်လို့ကောင်းတယ်။
အမပိုစ့်အသစ်ဆို မဖတ်ခင် ခေါင်းစဉ်မြင်ကတည်းက ကြိုပြုံးထားတာ။ အင်း....ဘာတွေလာဦးမလဲဟ ဆိုပြီးတော့...
ဆိုင်အတွေ့အကြုံလေးတွေ ရေးပါဦးဗျာ...

Nay Mya Mya Swe said...

http://www.snapshot-news.com/ss/index.php?option=com_content&view=article&id=1692:2009-09-26-10-23-51&catid=153:vol2-no52&Itemid=120

Moe Cho Thinn said...

ကိုဖြိုးအောင် မှန်ပါတယ်။
အဲဒါရေးတုန်းက ထမင်းကြော် စားချင်နေလို့ ဖြစ်မယ်။ စာကလေးကြော်လဲ ကြိုက်လို့ အခု ပြောင်းလိုက်ပါပြီ။ ပြင်ပေးလို့ ကျေးဇူးနော်။

ကိုလူထွေး said...

ကိုဝဏ္ဏက "ဒါဝဋ်ကြွေးပဲအချစ်ရယ်" လို့ ဇော်ဝင်းထွဋ်လို အော်အော်ဆိုတယ်ဆို...

တကယ် ဟုတ်သလား...

းဝ)

tututha said...

အစ်မ တူးလည်းခုတလော စိမ်းမြ သီချင်းကို ဆိုနေမိတယ် ... ရင်ထဲမှာ မကျေနပ်ဆုံး၊ တယောက်တည်းငါ ငိုနေတုန်းဆိုတဲ့နေရာရောက်ရင် ရင်ဖွင့်ပြီး အော်ပလိုက်တာပဲ ... အစ်မ ပျော်ရွှင်ပါစေ။

တူး

သက်ဝေ said...

သီချင်းတွေကြောင့် လောကကြီး ပိုလှသွားတယ်... ပြီးတော့ ချိုသင်းရဲ့ ပျော်စရာကောင်းတဲ့ ပိုစ့်လေး ကြောင့် ဒီညလေးက ပိုလှသွားပါတယ်...

TNS said...

မမိုး..
ဆိုင်မှာ ဈေးလာဝယ်သူ..တက်တူးထိုးသူတွေကို
မမိုးရဲ့  ကာရာအိုကီ သီချင်းလေးတွေနဲ့ ဖျော်ဖြေ
ပေးရင် ကောင်းမလားမသိ။
ရှုးးးးး “မောင်း”သံ ဆိုတဲ့ မြန်မာဝေါဟာရ စကားကို နိုင်ငံခြားသားတွေ လုံးဝ မရိပ်မိစေနဲ့ ..။

မြူးသျှရီ said...

စီပုံးရှိဖူးဆိုတော့
မရေ........
မြူးလေး သီတင်းကျွတ် လာကန်တော့တာနော်
မုန့် ဖိုးပေးနဲပသိလား
တက်တူထိုးပေးနော်....မမ
ဖြေမိုးမှာ ကင်းမြီးကောက်ထိုးမယ်သိလား

khin oo may said...

နားထောင်တတ်တယ်။ မဆိုတတ်ဘူး. ဘာသီချင်းမှလဲမရဘူး။

znzw said...

ကျွန်တော်အမြဲဖတ်ဖြစ်နေတဲ့ Blog တစ်ခုပါ။ ကျွန်တော်ကတော့ သိပ်စိတ်ညစ်တဲ့အခါ ဂစ်တာတီးပြီး သီချင်းဆိုလိုက်ရင် ပေါ့သွားပါတယ်။

တန်ခူး said...

ချိုသင်းရေ… ရေးထားတာလေးက ချစ်ဖို့ ကောင်းလိုက်တာ… ပြီးတော့ ရသလဲစုံပါ့… ညည်းဖြစ်တဲ့သီချင်းလေးတွေထဲမှာကို ပြောချင်တာလေး ခပ်ပါးပါးပြောသွားသေးတာ…

ဂျူနို said...

တပတ်လုံး သီချင်းပဲ ညည်းနေတာပဲ။
သီချင်းလေးတွေနဲ့ ကိုယ် dance ရင်း လုပ်ပါအုန်း
ဆိုပြီးပြီဆိုတော့ ကတော့လေ။

မအယ်

မ မမ said...

ချိုသင်းလေးကတော့
ဘာရေးရေး စာနဲ့လူနဲ့ လိုက်အောင်ချစ်ဘို့ ကောင်းတယ်

ဒူကဘာ said...

မိုက္ကရိုဖုန်း လေးများရလိုရငြား သီချင်းဆိုဖို့ လာကြည့်သွားတာ။

ကြည်ဖြူပိုင် said...

မမချိုသင်းရေ
လွမ်းလို့လာလည်ရင်းနဲ့
စာအသစ်ရှိမလားလာချောင်းတယ်
စိတ်ချမ်းသာပျော်ရွှင်ပါစေနော်
ခင်တဲ့
KPP

zawhtat said...

မမိုးချိုသင်း စာတွေကို တိုးတိုးတိတ်တိတ်လာဖတ်နေတာကြာပြီ..အခုကျွှန်တော် ဘလော့လေးကိုအသက်သွင်းချင်လို့ 
လာဖတ်ပြီး အကြံဥဏ်ပေးသွားပါအုံး

ကိုချစ်ဖေ said...

မမိုးချိုသင်းရေ.
မမိုးချိုသင်း ရေးတဲ့စာလေးတွေ ကြည်နူးစရာ အားကြစ
ရာပါပဲ။ ဆရာကြီးသိရင် သိပ်ဝမ်းသာမှာပါ.ကိုနေ၀င်းအောင်သာ သိရင်.စဦးမယ်.ငါ့ရဲ့ကြမ်းတမ်းရုပ်သွင်မြင်တိုင်း..သီချင်းက ချိုသင်းနဲ့
လိုက်တယ်လို့..
ပျော်ရွှင်ပါစေ.စာတွေများများရေးနိုင်ပါစေ..

HAPPY CLOUD said...

“ဒီလို ညများ တရာ မက တွေ့ပါရစေ” (ဒီတော့ ကိုယ်ကလဲ ဘယ်အညံ့ခံလိမ့်မလဲ)
“ဒီလို ညပေါင်း ထောင်သောင်းမက တွေ့ပါရစေ” တဲ့။ ဘာလို့လဲဆိုတော့ ဒီည ဈေးရောင်းကောင်းတယ်လေ။

ဒီည ဈေးရောင်းကောင်းတယ်ပါလာလို့ပေါ့။ တွေးပြီး ပြုံးစိစိဖြစ်ကုန်တယ် အမရေ။

khin oo may said...

you are still the one

khin oo may said...

သတင်းစကား
စာမရေးနိုင်တာ ခွင့်လွှတ်ပါအုံး..

နိုးနိုးနိုး။

တစ်လ နစ်ပုဒ် မုန်းစရာကြီး