ရင်ထဲက စကား

အသက်ကလေးက ရလာတော့ ဘာရယ်မဟုတ်၊ ဟိုတွေး ဒီတွေးနဲ့ တွေးနေမိတတ်ပြီ။ အရှိန်နဲ့ လိမ့်နေတဲ့ ဘ၀ယန္တရားကြီးကို ခဏ နား၊ နောက်ပြန် လှည့်ကြည့်၊ ဘ၀မှန်ကူကွက်တွေကို အစီအရီ စီကာ စဉ်ကာ နေမိတတ်တယ်။

ငယ်ငယ်က အကြောင်းတွေ ပြန်တွေးရမှာ ဘယ်တော့မှ မပျင်းခဲ့။ အမေက ၀လုံးလေးတွေ ၀ိုင်းဝိုင်းရေးတတ်အောင် သင်ပေးတယ်။ အဖေက ကဗျာလေးတွေကို မပီကလာ ပီကလာ ဖြစ်ပေမဲ့ အသံသာသာ နဲ့ ဆိုတတ်အောင် သင်ပေးတယ်။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက မတ်မတ်ရပ်ဖို့ ကြိုးစားနေတဲ့ ကိုယ့်ကို ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ လို့ လက်ခုပ်တီးပြီး အားပေးခဲ့ကြတယ်။

ဒီလိုနဲ့ ကိုယ့်ရဲ့ နှေးပေမဲ့ တိုးတက်လာတဲ့ သေးသေးကွေးကွေးလေးတွေအတွက် မိဘကို ဦးဆုံး ကျေးဇူးတင်မိပါတယ်။ ပြီးတော့ သူတထူးကို ကျေးဇူးတင်တတ်တဲ့စိတ်ကို မိဘက အမွေပေးခဲ့တယ်။ တခုခုကို ကိုယ်ရတိုင်း သမီးရေ..ကျေးဇူးတင်ပါတယ် လို့ ပြောလေ.. တဲ့။ ကျေးဇူးတင်ပါတယ် မမ၊ ကျေးဇူးတင်ပါတယ် ကိုကို..၊ ..ဦးဦး၊..ဒေါ်ဒေါ် စသဖြင့်..။

စာသင်ခန်းထဲရောက်တော့ ကိုယ်တို့ရဲ့ မြန်မာစာပေဆိုတာကိုက ကျေးဇူးတရားသိတတ်ခြင်း ဆိုတာက စ ခဲ့တာကို သိလာတယ်။ ရာဇကုမာရ်ကျောက်စာ ဆိုတာ မိဘကို ကျေးဇူးတရား သိတတ်ခြင်း ရဲ့ အထင်အရှား သမိုင်း မှတ်တမ်းတခု။




ဒါနဲ့ ကောင်းခြင်းတခုခုကို လက်ခံရရှိတိုင်း ကျေးဇူးတင်ရမယ် ဆိုတာ သိတတ်လာတယ်။ ကျေးဇူးတင်ဖို့ မမေ့လျော့အောင် ကြိုးစားမိလာတယ်။ နောက်တော့ နားလည်လာတာက ကိုယ်လိုချင်တဲ့ ပစ္စည်းဥစ္စာတခုခု ရလိုက်မှ မဟုတ်ဘဲ စိတ်ချမ်းမြေ့မှုတခု၊ စိတ်ကြည်နူးစရာတခု သူ့ကြောင့် ကိုယ်ရရှိလိုက်ရင်လဲ ကျေးဇူးတင်ရမှာပဲ။

အဲဒီအခါ ကျေးဇူးတရားက ပိုကျယ်ပြန့်သွားပြီ။
ပို့စကဒ်ထဲက စာကြောင်းတကြောင်းကလဲ အများကြီး စကားပြောသွားတတ်တယ်။ ကိုယ်ထိုင်ဖို့ သူ ထ ပေးလိုက်တဲ့ အပြုအမူကလဲ ကျေးဇူးပဲ။ သူကြည့်ဖို့ မျှပြီး သူ့ဖက် ပိုရွှေ့ ပေးလိုက်တဲ့ ဖတ်စာအုပ်လေးကြောင့်လဲ အနီးကြီးနီးသွားခဲ့ပြီ။ မိုးထဲမှာ ကိုယ့်ဖက်ကို တိုးပေးလိုက်တဲ့ ထီးစောင်းစောင်းလေးတချောင်းဟာလဲ ကျေးဇူးတရားကို မှတ်တမ်းပြုတတ်ပါသေးတယ်။

တခါတလေတော့ ဟင်းလေးတမယ်၊ လက်ဖက်လေးတပွဲ၊ ကိတ်မုန့်လေး တချပ်၊ ရေခဲမုန့်လေး တခု.. အဲဒါလေးတွေကို သတိတရ ရိုက်ပြီး ပို့တဲ့ဓာတ်ပုံလေးကိုက တဖက်လူရဲ့ သဒ္ဓါတရား ခေါင်းလောင်းမြည်သံကို ကြည်ကြည်နူးနူး ကြားလိုက်ရတတ်တယ်။

သူ့ဖာသာသူ စပ်လိုက်တဲ့ ကဗျာလေးတပုဒ်ကလဲ ကိုယ့်စိတ်ကို ကြည်နူးသွားစေလို့ ကျေးဇူးတင်မိတာပဲ။ ကိုယ့်ကို ဘာတခွန်းမှ မပြောဘဲ ငဲ့ညှာလိုက်တဲ့ အပြုအမူလေးတခုကလဲ ကိုယ့်ရင်ကို ကျေးဇူးတရားတွေနဲ့ လှုပ်ခါစေခဲ့ပြီ။

နောက်ထပ် တဆင့်တိုးပြီး ကိုယ်စဉ်းစားမိတယ်။ ကိုယ့်ကို တိုက်ရိုက် မဟုတ်ဘဲ ကိုယ်ချစ်ခင်သူတွေကို စိတ်ချမ်းသာစေတာကိုလဲ ကျေးဇူးတင်ရမှာပါပဲ။ ကိုယ့်မိဘကို ဂရုစိုက်တဲ့အတွက် ကိုယ့်မောင်နှမသားချင်းတွေကို ကျေးဇူးတင်တယ်။ သူတို့ရဲ့ မိတ်ဆွေအပေါင်းအသင်း၊ တပည့်တပန်းတွေကို ကျေးဇူးတင်တယ်။ ကိုယ့်အမ၊ ညီမ၊ သူငယ်ချင်းတွေကို ကြင်နာတဲ့အတွက် သူတို့ချစ်သူတွေကို ကိုယ်ကျေးဇူးတင်တယ်။ ကိုယ့် တူ၊ တူမလေးတွေ ပျော်ရွှင်တဲ့အတွက် သူတို့မိဘတွေကို ကိုယ်ကျေးဇူးတင်တယ်။

နောက်တော့ ဒိထက် ပိုပြီး ကျေးဇူးစက်ဝန်းကို ပိုချဲ့ထွင်ခဲ့ကြတယ်။ ကိုယ့်မိသားစု သေးသေးလေး ကနေ တဆင့် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်ချစ်တဲ့ ကိုယ့် တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် အလုပ်လုပ်နေတဲ့သူတွေကို ကိုယ်တို့က ပိုလို့တောင် ကျေးဇူးတင်သင့်တာပေါ့။ သူတို့က လူတဦးချင်းစီရဲ့ လိုအပ်ချက်တွေကို စိတ်စေတနာ သဒ္ဓါတရားထက်ထက်သန်သန် နဲ့ မိမိကိုယ်ကျိုး လုံးလုံးမပါဘဲ ကိုယ်တတ်စွမ်းရာ နေရာကနေ အကျိုးပြုနေကြတာမဟုတ်လား။

တချို့ဆိုရင် ကန့်သတ်ချက်၊ ဘောင်တွေ မတရားစည်းမျဉ်းတွေကြားကနေ စေတနာ သဒ္ဓါတရား ထက်ထက်သန်သန်နဲ့ အလုပ်လုပ်ကြတယ်။ မနိုင်ဝန်ကို မျှထမ်းကြတယ်။ ဘ၀မှာ အေးအေးဆေးဆေးနေနိုင်ပါလျက် မငြိမ်းချမ်းနိုင်ဘဲ သူ့အပူ ကိုယ်မျှယူလို့ လူမှုရေး လုပ်ကြတယ်။ အတိုက်အခံလုပ်ပြီး တချို့ ထောင်ကျ တန်းကျ လူမှုရေး လုပ်ကြရတယ်။ ဘာဖြစ်လို့လဲ။

လိုအပ်ချက်တွေကို မျက်နှာမလွှဲပစ်နိုင်တဲ့ စိတ်ကောင်းလေးတခုကြောင့်သာ ဖြစ်မှာပဲ လို့ ရိုးရိုးလေး တွေးမိပါတယ်။ ကောင်းတဲ့လူက ကောင်းတဲ့အလုပ်ကို လုပ်တာ ဘာဖြစ်လို့ ကိုယ်တို့က appreciate မလုပ်နိုင်ရမှာလဲ။ ကောင်းတဲ့ လုပ်ငန်းတွေ လုပ်နေတာကို အားပေးတာတောင်မှ ရာဇ၀တ်မှုလုပ်နေရသလို သိုသိုသိပ်သိပ် မလုပ်ချင်ပါဘူး။ တိုးတိုးတိတ်တိတ် မလှူဒါန်းချင်ပါဘူး။ သူတို့တွေကို ကျေးဇူးတင်ပါတယ်ဆိုတာ ရဲရဲဝံ့ဝံ့ မပြောပြသင့်ဘူးလား။

အခု ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာပြည်သူ ပြည်သားတွေက ပြည်တွင်းမှာ လူမှုရေးလုပ်နေတဲ့ ပုဂ္ဂိုလ်ထူး တွေကို ကျေးဇူးတင်ကြောင်း ပြောတဲ့ ပွဲလေးတခု လုပ်ကြမယ် တဲ့။ အမေရိကားမှာ ရှိတဲ့ မြို့ကြီး ၁၄မြို့မှာ ရှိတဲ့ မြန်မာတွေ ပေါင်းပြီး လုပ်ကြမှာပါ။ ပြည်တွင်း ပြည်ပ မည်သူမဆို ပါဝင်လို့ရတယ် လို့ ဖိတ်ခေါ်ထားပါတယ်။

မြန်မာပြည်သူ ပြည်သားတွေရဲ့ အကျိုးကို စေတနာ့ဝန်ထမ်း သယ်ပိုးတဲ့အတွက် ဒီလူရှိခြင်း ဟာဖြင့် မြန်မာပြည်အတွက် ဂုဏ်ယူစရာ တရပ်ပါပဲ လို့ လူသိရှင်ကြား အသိအမှတ်ပြုတဲ့ပွဲပါ တဲ့။ မြန်မာပြည်သူတွေရဲ့ ဂုဏ်ကို ဆောင်လို့ “ပြည့်သူ့ဂုဏ်ရည် (Citizen of Burma Award)” ပေးချင်တာပါ တဲ့။ အဲဒီ website ကို ဒီ link လေးကနေ သွားနိုင်ပါတယ်။

ကိုယ်လဲ တတ်အားသ၍ လှူလဲ လှူတယ်၊ ကူလဲ ကူတယ်။ vote လုပ်ပြီး မဲလဲ ထည့်ပါတယ်။ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကိုလဲ ဒီဝက်ဆိုက်ကို သွားလေ့လာပြီး vote လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ အချိန်တိုတွင်းမှာ လုပ်ရတဲ့ ပထမဆုံးနှစ်ဖြစ်တဲ့အတွက် လိုအပ်တာတွေ ရှိပါတယ်။ သတင်းအချက်အလက်တွေ နောက်နှစ်တွေမှာ ပိုပြည့်စုံနိုင်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

ကိုယ်တို့ လှူနိုင်တဲ့ အလှူငွေအင်အားက သူတို့ရဲ့ လုပ်ရပ်တွေနဲ့စာရင် မပြောပ လောက်တာ အမှန်ပေါ့။ ဒါပေမဲ့ ဒီဂုဏ်ပြု အလှူငွေဟာ ဘယ်အစိုးရရဲ့ ထောက်ပံ့ကြေးမှ မဟုတ်ဘူး၊ ငွေကြေးရှင်ကြီးတွေရဲ့ အခွန်ကင်းလွတ် သဒ္ဓါကြေးတွေ မဟုတ်ဘူး။ ပြည်ပက ပင်ပင်ပန်းပန်း အလုပ်လုပ်သူတွေရဲ့ stressful life တွေကြားက ရလာတဲ့ ချွေးနည်းစာတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ကျေးဇူးတင် ဂုဏ်ပြုပ၀ါလေး နဲ့ အသေအချာ ထုပ်ပိုးထားတဲ့ ဖြူစင်တဲ့ သာဓုခေါ်မှုသာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာပြည်မှာ လူမှုရေးလုပ်နေတဲ့သူတွေ အင်မတန်ကို များပြားလှတယ်။ မြန်မာတွေရဲ့ စိတ်ရင်းကိုက ကူညီချင်စိတ်က အရင်းခံတဲ့အပြင် တိုင်းပြည်ကလဲ အစစအရာရာမှာ လိုအပ်နေလေတော့ တယောက်တလက် တွဲထူကြရတာ..။

အဓိက က ဒီလူတွေဟာ လူသားပီသစွာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ လူမှုဘ၀မြှင့်တင်ရေး အတွက် တထောင့်တနေရာကနေ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး စွမ်းစွမ်းတမံ လုပ်နေပါလား၊ ဒါဟာ ငါတို့ မြန်မာပြည်သားတွေ ဂုဏ်ယူထိုက်တဲ့ လူတွေပါလား လို့ အများသိပြီး သာဓုခေါ် ကြည်နူးပီတိ မျှဝေချင်တာ..။

နိုင်ငံရပ်ခြားမှာ နိုင်ငံခြားအဖွဲ့အစည်းတွေက လူ့တန်ဖိုးကို လိုက်ပြီး လူ့အခွင့်အရေးဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ၊ စာပေနဲ့ အနုပညာဆိုင်ရာ ဆုတွေ ရှိကြပါတယ်။ အဲဒီထဲက ဆုတချို့တွေကို မြန်မာပြည်က ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ လူပုဂ္ဂိုလ်တွေ ရကြတယ်ဆိုတာ မုဒိတာပွားစရာ သိဖူး မှတ်ဖူးပါတယ်။

ဒါပေမဲ့ မြန်မာပြည်သားကို မြန်မာပြည်သူ ပြည်သားတွေကိုယ်တိုင်က appreciate လုပ်၊ အသိအမှတ်ပြု ဆု ချီးမြှင့်တာတော့ ကြားခဲလှပါတယ်။ ကိုယ့်အဖို့မှာတော့ ကိုယ့်လူမျိုးတယောက်ရဲ့ လုပ်ရပ် ကို ကိုယ့်ပြည်သူ ပြည်သားက ချီးမြှင့်ဂုဏ်ပြုတယ်ဆိုတာကို ပိုတန်ဖိုးထား အလေးအနက်ပြုမိပါတယ်။ နောင်တချိန် လွတ်လပ် မျှတ တဲ့ လူ့ဘောင်သစ်တခုမှာ တိုင်းပြည်က တင့်တင့်တယ်တယ် အသိအမှတ်ပြု ဂုဏ်ပြုရမှာပါ။

ရိုးရိုးလေးပါပဲ။ ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်နေသူများကို ကျမ ကျေးဇူးတင်ပါတယ် လို့ သေသေချာချာ ပြောပါတယ်။

မိုးချိုသင်း

41 comments:

စုချစ် said...

မချိုသင်းရဲ့ ချစ်စရာကောင်းတဲ့ စာလေးတွေဖတ်ရတဲ့အတွက်လည်း အမြဲကျေးဇူးတင်နေပါတယ်။
စာဖတ်ပရိတ်သတ်တဦး... စုချစ်

MieMie said...

ချိုသင်း ရေ .. ပျော်ရွှင်ချမ်းမြေ့  စရာ နှစ်ကူးသင်္ကြန် ဖြစ်ပါစေ ... ကိုဇာဂနာ ကို ပေးခဲ့တယ် ... အနစ်နာခံသူတွေ အားလုံးကို ချိုသင်း နဲ့ အတူ ကျေးဇူးတင်တယ် .. ၀က်ဆိုက် ကို မျှဝေ ပေးတဲ့ အတွက်လည်း ချိုသင်း ကို ကျေးဇူးတင်ပါတယ်...

mie nge

G said...

ကျော်သူကို ထည့်တယ်အစ်မ။ သူ့ကိုချစ်လို့။

:) said...

ထည့်ချင်တာတစ်ယောက်မကဘူး၊
ထည့်ခဲ့ပြီ မမ။
စာတွေပြန်ရေးလာတာဝမ်းသာတယ်။ ဒီစာလေးဖတ်ရတာလည်း ကြည်နူးတယ်။

pifpif

P.Ti said...

ဟုတ်တယ်အမ။ သူတို့ အားလုံးရသင့်ပါတယ်။ တယောက်ပဲပေးမယ်ဆိုလို့သာ မဲပေးခဲ့ရတာ။
တကယ်ပဲ ကျေးဇူးတင်ပါတယ်။

ရေတမာ said...

အခုလိုဖော်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အကုန်လုံးကို ပေးချင်တာပါ။ ဒါပေမယ့် မဖြူဖြူသင်းကို ရစေချင်တယ်။ တခြားသူတွေက အထိုက်အလျောက် လူသိရှိပြီသူများ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ကျေးဇူးတင်ပါတယ်

Thant said...

မဲပေးပြီးပါပြီ အစ်မ.....
(အစ်မရဲ့ ချစ်စရာကောင်းတဲ့ စာလေးတွေဖတ်ရတဲ့အတွက်ရော ဒီလင့်လေးဝေမျှပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ်...)

Thant said...
This comment has been removed by the author.
kiki said...
This comment has been removed by the author.
kiki said...

ဟုတ်ပါတယ် မချိုသင်းရေ ။
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ကိုယ်ကျိုးမဖက် စွန့် စား စွန့် လွှတ် ပေးဆပ်နေကြသူ မြန်မာပြည်သားတွေ အတွက် ဂုဏ်ယူစရာ ကျေးဇူးတင်စရာပါပဲ ။
မဲပေးချင်တဲ့သူက ၃ ယောက်တောင် ဖြစ်နေတာ ။ ဘယ်လို ရွေးရမှန်း မသိလောက်အောင်ပါပဲ ...
( ထဲ့တော့ ထဲ့ လိုက်ပြီ .. လျှို့ ဝှက်မဲ .. .း)))))

ဇွန်မိုးစက် said...

မမရေ ဒီပို့စ်လေးအတွက် ကျေးဇူးပါပဲ။ ညီမလည်း မဲသွားပေးလိုက်အုံးမယ်။း)

တန်ခူး said...

ချိုသင်းရေ… အရမ်းတန်ဖိုးရှိတဲ့ ပို့ စ်လေးနဲ့  သတင်းလေးမို့  ချိုသင်းကို ကျေးဇူးတင်ပါတယ်… စကာတင် ၅ဦးလုံးက ကိုယ်ကျိုးစွန့် ပြီး အများအကျိုးထမ်းဆောင်တဲ့နေရာမှာ စံပြတွေမို့  စကာတင်၅ဦးလုံး ဆုရသူတွေလို့ မြင်မိပါတယ်…

phyoaung said...

အမမိုးချိုကိုလဲ ကျေးဇူးတင်ပါတယ်ဗျာ..ချစ်စရာ ကောင်းတဲ့စာလေးတွေ ရေးပြီး ကျနော်တို့ရဲ့ စိတ်ဖိစီးမှု့တွေကို အထိုက်အလျောက်လျော့ပါးစေခဲ့တာတွေကြောင့်ပါ။ တကယ်ပါ ..ကတ်သီးကတ်ဖဲ့နဲ့ စကားကြီး စကားကျယ်တွေပြောပြီး ကိုယ်ရည်သွေး၊ ကိုယ့်အကျိုးမဲ့အောင် ဒုက္ခပေးနိုင်မဲ့သူ မဟုတ်ဘူးဆိုရင် အမြင်မတော်ဘူးထင်သမျှ အကျယ်တ၀င့် ထောက်ပြပြစ်တင်၊ ကိုယ့်ကိုပြန်ပတ်နိုင်မဲ့သူ ဆိုရင် နှာပြင်းပြင်းထန်ထန်စီးလေ့ မရှိအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမမိုးချိုရဲ့ မိဘ၂ပါးကိုလဲ လေးစားမိပါတယ်..

Thet Maung said...

ဆရာမ သန်းမြင်.အောင် နှင်.တ မဖြူဖြူသင်း ကို ရ စေချင်ပါတယ်...

ဆောင်းယွန်းလ said...

တန်ဖိုးရှိလှတဲ့ ပို့ကောင်းတခုကိုဖတ်ခွင့်ရတဲ့အတွက်လည်း
ကျေးဇူးတင်မိပါတယ် မချိုသင်းရေ။

နှစ်သစ်မှာ ကျန်းမာရွှင်လန်းနိုင်ကြပါစေ။

T T Sweet said...

ဒီပို့စ်လေးအတွက်ရော၊ မချိုသင်းရဲ့ စာလေးတွေ အတွက်ရော၊ စာတွေ ပြန်ရေးလာတဲ့ အတွက်ရော ... ကျေးဇူး။

ဂျူနို said...

ဟုတ်တယ် ချိုသင်းရေ၊ ကိုယ့်တိုင်းပြည်အတွက် လုပ်ကိုင်ပေးနေတဲ့ လေးစားစရာကောင်းတဲ့ သူတွေကို တလေးတစား ဂုဏ်ပြုမယ်ဆိုတာ သိတ်ကောင်းတဲ့ အစီ အစဉ်ပဲ။

ချစ်ကြည်အေး said...

ဗုတ်လုပ်ခဲ့ပြီနော် ချိုသင်း...တကယ့်ကို တိုင်းပြည်အတွက် အာဇာနည်တွေပါပဲ...

မင်္ဂလာရှိသော သင်္ကြန်ပါ ညီမ နဲ့ ကိုဝဏ္ဏတို့ရေ....:)

TNS said...

မမိုး
ကျေးဇူးတရားကို မမေ့လျှော့တတ်ခြင်းသည်လဲ
မင်္ဂလာတစ်ပါးပါ..။

victorOway said...

သင်္ကြန်ဆိုတော့ပြောရဦးမယ်။ရှေ့ တန်းထွက်ရင်းတခူးနွေရဲ့ ပူပြင်းမှုတွေကြောင့် နောက်နှစ်အတွက်တောင်ယာခုတ်ထားတဲ့မီးလောင်ပြင်ကြီးကိုဖြတ်ရတာပူပြင်လို့ နေပေါ.။ မောလည်းမောဟိုက်၊ ဒီလိုနဲ့ -ဟိုးအဝေးကမြင်နေရတဲ့ထင်းရူးတောတန်းနဲ့ ဝါးရုံစိမ်းစိမ်းလေးထဲအရောက်သွားပြီးနားမှပဲဆိုပြီးအားတင်းရင်းသေနတ်ကိုထမ်း-- ၀ါးရုံစိမ်းစိမ်းလေးအောက်မှာ ပူအိုက်လွန်းလို့ ဆောင်းထားတဲ့ ဦးထုတ်ကိုချွတ်ပြီးယက်ခတ်ပြီး လေးနုအေးလေးကိုမျှော်ရှိုက်ရင်း--ရုတ်တရက်--ဗွမ်းဆို--ကျနော့ကျောပြင်ပေါ်သို့ အေးစက်လှတဲ့သင်္ကြန်ရေအေးလေး-ရင်ကိုလန်းဆန်းသွားတာပဲ-- ဘယ်သူလည်းလို့ ကြည့်လိုက်တော့--တောင်ပေါ်ကရင်ရွာထဲက ကလေးလေးတစ်ရောက် ကျနော့ကိုပြုံးပြီး-လက်တဘက်မှာလည်း ၀ါးဆစ်ဘူးလေးကိုင်လို့ --ကျနော့်တော်လှန်ရေးဘ၀မှာ-အဲဒီလိုရှားပါးတဲ့သင်္ကြန်လေးကိုသတိရနေဦးမှာပါ။

သစ္စာ | သ​စ်စာ said...

ကောင်းပါတယ်။ အားပေးလျှက်ပါ။

mini nilay said...

နေ့ တိုင်း အိမ်က ရော ရုံးကပါ..vote နေပါတယ်..:)

JulyDream said...

အစ်မရေ...
နောက်ဆုံးဇကာတင် ငါးဦးထဲကနေ တစ်ယောက်ကို Vote လုပ်ထားလိုက်ပါတယ်။

sonata-cantata said...

ဧရာ သီတာတို့ voteလုပ်ပြီးပါပြီ

ကိုခိုင် said...

cbox မတွေ့လို့ပါ။
မင်္ဂလာရှိသောမြန်မာနှစ်သစ်ဖြစ်ပါစေ။
လိုရာဆန္ဒများပြည့်ဝသောနှစ်ဖြစ်ပါစေ။

ကိုခိုင်

ညီမလေး said...

ဟုတ်တယ် အမ.. နှမ်းတစေ့ထဲနဲ့ဆီမဖြစ်ပေမဲ့ ဆီဖြစ်ဖို့ရာအတွက် အဲ့နှမ်းစေ့လေးတွေ အများကြီးလိုတယ်လေ .... တကယ့်ကို လေးစားစရာ ကျေးဇူးတင်စရာ ကောင်းတဲ့သူတွေပါ ။
ဒါနဲ့ .. အမစာပြန်ရေးတာ မြင်ရလို့ ၀မ်းသာမိတယ် .. အမြဲ ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်နော် ..

ချစ်တဲ့ ..

ကိုလူထွေး said...

အရေးအသား ပါးနပ်လိုက်ပါပေ့ မချိုသင်းရယ်...


းဝ)

ရေကြည်ချမ်းမြ said...

သတင်းပေးလို့ မဲပေးခဲ့ပါတယ်။ ကျေးဇူး။

tututha said...

အစ်မ ဘလော့လေး သိပ်လှနေတာ ခုမှသိတော့တယ်။ ကံ့ကော်တွေနဲ့ ...

Thet Oo said...

ကျနော်ကတော့ ကိုဇာဂနာကို မဲပေးထားပါတယ်။ သူဟာ ကျနော် လေးစားရတဲ့ အနုပညာရှင် သူရဲကောင်းတဦးပါ။

ပိုင် (Pi) said...

"မြန်မာစာပေဆိုတာကိုက ကျေးဇူးတရားသိတတ်ခြင်း ဆိုတာက စ ခဲ့တာ" ဆိုတာလေးကို သဘောကျတယ် အမရေ။

kkma said...

မင်္ဂလာပါ မချိုသင်း
အဲ့ဒီ ဆုချီးမြှင့်တဲ့အခမ်းအနားအပြီး ညအိပ်ခွင့်နဲ့ ညစာ မနက်စာ၊ နေ့လည်စာတွေ အားလုံးအတွက် မချိုသင်းနဲ့ ကိုကျော်ဝဏ္ဏကို အထူးကျေးဇူးတင်ကြောင်း စာဖြင့် ထပ်မံရေးပြောပါရစေခင်ဗျား။ ပြန်လည်ဧည့်ဝတ်ပြုခွင့်ကို မျှော်လင့်လျက်ရှိပါတယ်။ မိသားစု ကျန်းမာပျော်ရွှင်စွာရှိပါစေ။

thadarhline said...

မချိုသင်းရဲ့စာပေတွေအတွက်ကျေးဇူးတင်ပါတယ်။ တကယ့်ကိုကိုယ်ကျိုးစွန့်အနစ်နာခံကြိုးစားကူညီပေးနေတဲ့
သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်.။

ခင်တဲ့
ညီမသဒ္ဓါ

thadarhline said...

မချိုသင်းရဲ့စာပေတွေအတွက်ကျေးဇူးတင်ပါတယ်။ တကယ့်ကိုကိုယ်ကျိုးစွန့်အနစ်နာခံကြိုးစားကူညီပေးနေတဲ့
သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်.။

ခင်တဲ့
ညီမသဒ္ဓါ

thadarhline said...

မချိုသင်းရဲ့စာပေတွေအတွက်ကျေးဇူးတင်ပါတယ်။ တကယ့်ကိုကိုယ်ကျိုးစွန့်အနစ်နာခံကြိုးစားကူညီပေးနေတဲ့
သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်.။

ခင်တဲ့
ညီမသဒ္ဓါ

thadarhline said...

မချိုသင်းရဲ့စာပေတွေအတွက်ကျေးဇူးတင်ပါတယ်။ တကယ့်ကိုကိုယ်ကျိုးစွန့်အနစ်နာခံကြိုးစားကူညီပေးနေတဲ့
သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်.။

ခင်တဲ့
ညီမသဒ္ဓါ

thadarhline said...
This comment has been removed by the author.
အိန္ဒြာ said...

မမချိုသင်းရေ..

ညီမလေးလည်း ပြန်ရောက်ကတည်းက ရှုပ်နေတာ.
ခုမှလာဖြစ်တော့တယ် အောက်ကပိုစ့်တွေကို နောက်မှ လာဖတ်တော့မယ်နော်...ပြည်သူ့ဂုဏ်ဆောင်တဲ့
ပြည်သူ့ဂုဏ်ရည်တွေလည်း ၀မ်းသာဂုဏ်ယူလို့မဆုံးပါဘူး..။

ကျေးဇူးရှင်တွေများလွန်းလို့ ခြေထောက်ဘယ်နားထားအိပ်ရမှန်းမသိဘူး ဆိုတဲ့ကဗျာလေးထဲကလို....

အခု ခြေထောက် အမေရိကားဘက်ထိုးမအိပ်ရဲတော့ဘူးးးးးး

မမ ကျေးဇူးတင်တယ်...

ဒီစာသားလေး..ကြောင့်
အချစ်ကဗျာရေးချင်လာလို့..း)

((မိုးထဲမှာ ကိုယ့်ဖက်ကို တိုးပေးလိုက်တဲ့ ထီးစောင်းစောင်းလေးတချောင်းဟာလဲ ကျေးဇူးတရားကို မှတ်တမ်းပြုတတ်ပါသေးတယ်။))

Republic said...

ဖတ်ပြီးတာ အရင်နေ့တည်းကပါ ။ ခုက ၀င်နှုတ်ဆက်တာ။
ကိုယ်တိုင်က ပေါ်ချည်မြုပ်ချည်မို့ ။ မင်္ဂလာပါ အစ်မMCT

suu said...

မချိုသင်းရေးတဲ့ စာလေးတွေဖတ်ပြီးတိုင်း စိတ်ထဲမှာုကည်လင်အေးချမ်းရတယ်။ စာဖတ်သူတွေရဲ့ စိတ်နှလုံုးကည်လင်အေးချမ်းစေတဲ့ မချိုသင်းကို ကျေးဇူးတင်ပါတယ်။

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog