ပဲထုပ္ကေလး ကြီနီ

စာမရေးဖြစ်တာ ကြာပါပြီ။ အဲဒီလို ကြာနေလို့ စာပြန်ရေးတော့မယ် ဆိုရင် ကိုယ်ချစ်တဲ့ ကြောင်လေးတွေအကြောင်း နဲ့ စ ပြီး ပြန်နွှေး ရတာမို့ စာလာဖတ်တဲ့ သူငယ်ချင်းတွေက ကိုယ်ပျောက်သွားရင် ကြောင်အကြောင်း ဖတ်ရပြန်အုံးတော့မယ် လို့ ထင်နေမှာလား မသိ။

တကယ်တော့ ကိုယ်က ကိုယ်စိတ်ပါ တဲ့ ကိုယ်ခံစားရတဲ့ အကြောင်းလေးတွေသာ ရေးချင်မိတာပါ။ အခုတလော အလုပ်ကလဲ များ၊ ကျန်းမာရေးကလဲ မကောင်း ဆိုတော့ စာလဲ ကောင်းကောင်း ရေးချင်စိတ် မရှိဘူး။ အဲဒီလို အေးအေးလူလူ နေနေတုန်း ကိုယ်ချစ်တဲ့ ကြောင်လေးက ပျောက်သွားခဲ့တာ..။ ဒါကြောင့် စာရေးပြီး ပြောအုံးမယ် ဆိုပြီး ကြောင်အကြောင်းပဲ ဆွဲထုတ်လာရပါတယ်။ ကြောင်မချစ်သူများ ခွင့်လွှတ်ကြပါ။

ကိုယ်တို့မှာ သမီးလေးတကောင် ရှိပါတယ်။ နံမည်ကတော့ အမျိုးစုံပါပဲ။ လက်နှီးစုတ်လို အဖြူညစ်ရောင်လေးမို့ သမီးဖြူလို့ ခေါ်သလို သူ့အဖေကတော့ ချစ်သမီး တဲ့။ တခါ တခါ မီးမီးညောင် တဲ့။ ပဲများလို့ ပဲထုပ်ကလေး တဲ့။ ကြောင်လဲ သူ့နံမည်ကို မှတ်မိပုံတောင် မရတော့ပါဘူး။ နံမည် အမျိုးမျိုးခေါ်နေတော့ ငါ့ ခေါ်သလား၊ သူ့မိန်းမပဲ သူ ပြန်ခေါ်နေသလား ဇဝေဇ၀ါ ဖြစ်နေပုံပဲ။

ရူပကာကို ဇာချဲ့ရရင် တကိုယ်လုံး အဖြူမှာ မျက်နှာလေး တခုပဲ ကွက်မဲ နေတယ်။ ဒါနဲ့ ကိုယ်က စိတ်ပေါက်ရင် ဟေ့.. ပေါင်ချိန့်သမီးလေး လို့ ခေါ်တတ်တယ်။ မျက်နှာမည်းပေါင်ချိန် ဇာတ်လမ်းတွဲတွေ ကြည့်ဖူးထားတာကိုး။ မျက်လုံးက ပြာပြာမှာ လမ်းလျှောက်ရင် ငိုက်စိုက် ငိုက်စိုက်နဲ့..။ မျက်နှာကို အမြဲလိုလို စူထား ရှုံ့ ထား တတ်တယ်။ ကြောင်က မျက်နှာစူတာ ဘယ်လို ဖြစ်နိုင်မှာလဲ မထင်ပါနဲ့..။ တကယ့်ကို ခံစားချက်ကို ဖော်ပြနိုင်တဲ့ မျက်နှာပိုင်ရှင်ပါ။

ကိုယ်ကလဲ သားအမိ အေးအေးချမ်းချမ်း ရှိတဲ့ အချိန်ဆိုရင် သမီးကို ဘေးထားပြီး ဆုံးမစကား ပြောရပါတယ်။ "အမေက ကိုယ့်သားသမီးကိုဆို မျက်နှာချိုချိုလေး မြင်ချင်တာ..၊ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းမှပေါ့ သမီးရဲ့၊ ဘယ့်နှယ်၊ သမီးအဖေနဲ့တူလို့ မျက်နှာတည် သလား" ဘာညာ စောင်းချိတ် ဆုံးမရတာပေါ့လေ..။


သမီးကလဲ ဘယ်လို ဆုံးမ ဆုံးမ၊ နားပေါက် မပါပါဘူး။ အမြဲ သုန်သုန် မှုန်မှုန်ပါပဲ။ သူ မြူးတဲ့ အချိန် တချိန်တော့ ရှိပါတယ်။ အဲဒါကတော့ လူအိပ်ချိန်ပါ။ တနေ့ခင်းလုံး ကုလားသေ ကုလားမော ဇက်ကျိုးအောင် အိပ်လေတော့ ညဆို လန်းဆန်းပြီး မျက်လုံးက အရောင်တောက် နေတယ်။ နည်းနည်းလေး မလှုပ်နဲ့ ဒိုင်ဗင်ပစ်ပြီး ဆော့မယ် ပဲ။

အဲဒီအချိန်မှာ မိဘလုပ်တဲ့ ကိုယ်တို့နှစ်ယောက်က တနေ့လုံး အလုပ်လုပ်ရတော့ ပင်ပန်းပြီး အိပ်ချင်နေပြီ။ သူက ဆော့မယ် ဆိုပြီး မျက်စပစ် ခေါ်နေတော့ အလိုလိုက်တဲ့ အဖေလုပ်သူက လိုက်ဆော့ပေးပါတယ်။ သူတို့ တူတူပုန်းတမ်း ဆော့ကြတယ်။ အများအားဖြင့် အဖေလုပ်သူက သမီးပုန်းတာ လိုက်ရှာရတာပါ။ လိုက်ကာနောက်မှာ သမီး ၀င်ပုန်းတာ တကိုယ်လုံး ကွယ်နေပေမဲ့ အမြီးကြီးက ထွက်နေသေးတာပါ။ ဒါကိုလဲ မမြင်ယောင်ဆောင်၊ လိုက်ရှာသလို လုပ်ရပါတယ်။

ဆော့ပြီးလို့ မောရင် သူက သူ့ကိုယ်သူ တကိုယ်လုံး လျှာနဲ့ လျက်ပါတယ်။ သူ့ဖာသာသူ လျက်တာ ကိစ္စ မရှိ၊ အဖေတွေ အမေတွေကိုလဲ လျက်ပေးပါတယ်။ ကိုယ်ကတော့ သူ့လျှာကြမ်းကြီးနဲ့ လျက်တာ မခံနိုင်လို့ မလုပ်ခိုင်းပေမဲ့ ထုံးစံအတိုင်း သူ့အဖေကတော့ လက်တချောင်းလုံး ပေးထားတယ်။ တဖက်က ကွန်ပျူတာကြည့်၊ စာဖတ် လုပ်နေပေမဲ့ လက်တဖက်က သူ့သမီးကို လျက်ပါစေ ဆိုပြီး ပေးထားတာပါ။ ဟိုတကောင်ကလဲ လက်တခုလုံး စိမ်ပြေနပြေ လျက်ပေးတာပါ။ ပြီးမှ လက်ကြီးတခုလုံး ဘရပ်ရှ်တိုက်ထားသလို ထုံနေတယ်လို့ သူက ဆိုသေးတယ်။

ညအိပ်တော့လဲ ၂ယောက် နဲ့ တပိုင်း အတူအိပ်ကြတယ်။ ညဦးပိုင်းမှာတော့ သမီးက ကုတင်အောက်ကို ကုန်းကုန်း ကုန်းကုန်းနဲ့ ၀င်သွားပြီး အိပ်တာပါ။ ညလယ်ရောက်လို့ ကိုယ်တို့လဲ အရမ်းကို အိပ်မောကျပြီး အိပ်မက်တွေဘာတွေ မက်နေချိန်ကျမှ ကုတင်ပေါ်တက်လာပြီး ကိုယ်ပေါ်မှာ ခေါင်းအစ ခြေအဆုံး သူ လမ်းတက် လျှောက်တယ်။

မြူးပြီး Purring လို့ ခေါ်တဲ့ သူတို့ ကျေနပ်ရင် ထွက်တဲ့ ဂူးဂူး ဆိုတဲ့ အသံမျိုးကို အကျယ်ကြီး မြည်ပြီး ခေါက်တုံ့ ခေါက်ပြန် ကိုယ်ပေါ်မှာ လမ်းလျှောက် နေတာပါ။ တခါတလေ သူ့လက်ကလေးနဲ့ စောင်ပေါ်ကနေ ကိုယ့်ကို နှိပ်ပေးသေးတယ်။ အော်..ငါ့သမီးလေးက သိတတ်လို့ နှိပ်ပေးတာ အိပ်ကောင်းနေတဲ့ ညလယ်ခေါင်ကြီးမှာဆိုတော့.. ၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မိသိန်းကြည်ပေါ့။

တခါတလေ ဘေးစောင်းအိပ်နေတုန်း ပုခုံးပေါ်ကနေ မျက်နှာကို မိုးပြီး ကြည့်နေတယ်။ အော်..အမေတို့များ အိပ်နေလိုက်တာ ဆိုတဲ့ အပေါက်။ တရေးနိုးမှာ နှုတ်ခမ်းမွှေးကားကား နဲ့ မျက်လုံးပြူးပြီး ကြည့်နေတာ မြင်ရရင် ဘယ်လိုနေမလဲ စဉ်းစားသာ ကြည့်ပါတော့..။ သူ အပြင်ထွက်ချင်လို့ အခန်းတံခါး ဖွင့်ပေးစေချင်ရင်တော့ နားထဲကို သူ့နှာခေါင်းလေး လာထည့်ထားတတ်တယ်။ သူ့ ဂူးဂူး မြည်သံက ကိုယ်တို့ မနိုးချင်လို့လဲ မရတော့ဘူးလေ..။

တလောကတော့ ကိုယ်တို့မြို့မှာ ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ လုပ်တော့ အိမ်မှာ ရပ်ဝေးက ဧည့်သည်တွေ ပွဲတက်ဖို့ လာတည်းကြပါတယ်။ ဧည့်သည်တွေကို ကျွေးမွေးဖို့ ပြင်ရ ဆင်ရ နဲ့ ဆိုတော့ ကိုယ်တို့လဲ သမီးကို အရင်လို အာရုံမစိုက်နိုင်ခဲ့ဘူး။ ဒါ့အပြင် ညအိပ်ညနေ လာအိပ်တဲ့ ဧည့်သည်ထဲမှာလဲ ရုပ်ဆိုးဆိုး တယောက် နှစ်ယောက်ပါလေတော့ သမီးလဲ လန့်သွားပုံရပါတယ်၊ ပျောက်သွားတော့တာပါပဲ။

မွေးကတည်းက တခါမှ ခွဲမအိပ်ဖူးဘူး။ သူ ဒုက္ခဖြစ်နေလို့သာ အိမ်ပြန်မလာတာပဲ ဆိုပြီး ပူလိုက်ရတာ..။ ဘာများဖြစ်နေမလဲ၊ ခွေးများ ကိုက်သလား၊ ကားများ တိုက်သလား၊ လမ်းများ ပျောက်သလား ပေါ့။ အဖေလုပ်သူက မနက် ၃နာရီထိ သမီးရေ ..သမီးရေ ..နဲ့ ခြံထဲမှာ လိုက်ရှာပါတယ်။ အရိပ်အရောင်တောင် မမြင်ရပါဘူး။

နောက်တနေ့ မနက်စောစောမှာ ကိုယ်တို့နှစ်ယောက် ကင်မရာကိုင်ပြီး သမီးပျောက် ရှာကြတယ်။ ပထမဆုံး သူ သွားလေ့ရှိတဲ့ အိမ်ဘေးက အိမ်ကို သွားမေးပါတယ်။ ငါတို့ ကြောင်လေး ပျောက်သွားတာ တွေ့မိသလား ပေါ့။ သူက မတွေ့မိဘူး တဲ့၊ ဒါနဲ့ ကင်မရာထဲက သမီးပုံကို ပြတော့ သူက ချက်ချင်းသိတယ်။ ပုံကိုတွေ့တာနဲ့ သူ့မျက်လုံးတွေကအစ ပြုံးသွားပြီး သူ့ကို ငါတို့ ခေါ်တာ ကွီနီ တဲ့၊ ငါတို့အိမ်မှာ သူ လာလာ စားတတ်တယ် တဲ့။ ဒီမနက်တော့ သူမလာဘူး တဲ့။ အော်.. သမီးက အိမ် နှစ်အိမ် ခွတုပ်နေတာ အခုမှ ပေါ်တယ် လို့ ၀မ်းနည်းတဲ့ ကြားက တွေးမိသေးတယ်။

နောက်တော့ ကိုယ်တို့မြို့မှာ ရှိတဲ့ Animal Shelter ကို သွားမေးတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့ စိတ်ပင်ပန်း လူပင်ပန်း ညှိုးချုံးနေတဲ့ ပုံကို မြင်ရတာ Officer တိုင်း စိတ်မကောင်းကြလို့ sorry ချင်း ထပ်နေအောင် ပြောကြတယ်။ သူတို့ရဲ့ Lost & Found Website မှာ အမြဲကြည့်ဖို့ မှာတယ်။ ဒီမနက် ဖမ်းမိလာတဲ့ ကြောင်လေး ၅ကောင်ကိုလဲ လိုက်ပြတယ်။ လှောင်အိမ်ထဲမှာ ကြောင်လေးတွေ တွေ့ရတာ စိတ်ဆင်းရဲလိုက်တာ..။ သိပ်ကြောက်နေပုံပဲ။ နေ့တိုင်း လာကြည့်၊ လာမေးပေါ့ တဲ့။ ဒါနဲ့ ခေါင်းငိုက်စိုက် ပြန်ခဲ့ကြတယ်။

နောက်တနေ့နဲ့ တညမှာလဲ လုံးလုံး ပေါ်မလာပါဘူး။ ညဆိုရင် သူ့ ဂူးဂူး အသံပဲ ကြားနေတယ်။ အော် သေသွားပြီ ထင်ပါရဲ့ လို့ မတွေးရဲ တွေးရဲ တွေးတယ်။ နောက်များ ဘာကြောင်၊ ဘာခွေးမှ မမွေးဘူး လို့ နှစ်ယောက်သား ၀မ်းပမ်းတနည်း ပြောတယ်။ လိမ်မာလိုက်တဲ့ ငါ့သမီးလေး နောင်ဘ၀ လူဖြစ်ပါစေ လို့ ဆုတောင်းတယ်။ သူဆိုးတာတွေ၊ လက်ကို ကိုက်ပြီး ပြေးတာတွေ မေ့..၊ သူ ကိုယ့်ကိုယ်ပေါ်မှာ ကျေနပ်ပြီး အိပ်နေတာလေးပဲ မြင်တယ်။

မိတ်ဆွေတွေကလဲ အကြံပေးကြပါတယ်။ သမီးပုံလေးတွေ ဓာတ်တိုင်တွေမှာ လိုက်ကပ်ပြီး ကြောင်ပျောက် ကြော်ငြာ လုပ်ပါ တဲ့။ ကိုယ်တို့မာမား သမီး ဖွားဖွားကြီးကလဲ စိတ်မကောင်းဘူး။ သံယောဇဉ်များ တယ်ခက်တာပဲ သမီးတို့ သားတို့ရယ် တဲ့။ အဖေလုပ်သူကတော့ အသံကို မထွက်တော့ပါဘူး။ ကိုယ်ကတော့ အမြဲကို ငိုချင်နေတော့တာပါ။ လက်နဲ့ လာထိရင်တောင် အကြောင်းရှာ ငိုလိုက်တော့မှာ..။

သမီးပျောက်လို့ ၂ရက်မြောက်နေ့ကျတော့ မနက်အစောကြီး ကိုယ်ကျောင်းသွားရတယ်။ ကျောင်းတက်နေတုန်း ဖုန်းမြည်လာလို့ ဆရာမ အဆူ ခံလိုက်ရသေးတယ်။ ကိုယ်လဲ စိတ်တွေ လွတ်ပြီး စာသင်ချိန် ဖုန်းပိတ်ဖို့ မေ့သွားတာ။ အိမ်က ဆက်တာပါ။ သမီး ပြန်လာပြီ တဲ့။ မျက်နှာလေး ရှုံ့ ပြီး တံခါးဝမှာ လာထိုင်နေသတဲ့။ ၀မ်းသာလိုက်တာလေ..။ ကိုယ့်မှာ စာသင်နေတာတောင် ပြုံးပြုံးကြီးးး..။

အိမ်ပြန်ရောက်ရင် အဖေနဲ့ သမီး သည်းသည်းလှုပ်တာတွေ တွေ့ရ၊ အမြင်ကပ်ရပြန်အုံးမယ်။

မိုးချိုသင်း

49 comments:

Nay Nay Naing said...

ချစ်တတ်လိုက်တာ..
နောက်ဆုံးမှာ ပြန်တွေ့ ပြီဆိုတာသိရလို့  ၀မ်းသာပါတယ် အစ်မ။

စန္ဒကူး said...

မမကြောင်ချစ်တာကိုး...
ကူးလဲချစ်တယ်...
သူပြန်ရောက်လာလို့တော်သေးတယ်..မ
ဟုတ်ရင်အလွမ်းဇတ်လမ်းလေးဖတ်ရအုံးမှာ..း))

Thazin said...

အမရေးထားတာ ချစ်စရာကောင်းလိုက်တာ.

Nge Naing said...

မမိုးချိုသင်းတို့ ကြောင်ကိုတောင် ဒီလိုသဲသဲလှုပ်ဖြစ်နေရင် ကိုယ်တိုင်မွေးတဲ့ လူတိုရင်တော့ ဘယ်လိုနေမလဲမသိဘူးနော့်။ ကျွန်မလည်း တိရိစ္ဆာန်ကို ဒီလောက်မချစ်တတ်ပေမဲ့ တိရိစ္ဆာန်တွေ မွေးထားပြီး တချိန်ကျရင် သခင်နဲ့ လမ်းခွဲရတာတွေကို အမြဲကြုံဖူးနေပြီး သူ့သခင်တွေ ဘာမှ မခံစားရပေမဲ့ ကျွန်မက တိရိစ္ဆာန်တွေ နေရာက ၀င်ခံစားရတာတွေ အမြဲတမ်း ဖြစ်ဖူးတယ်။ အထူးသဖြင့် ခွေးတွေ အကြောင်းပါ။ တခါလောက်တော့ ဒီအကြောင်းတွေကို ပို့စ်တင်ဦးမယ်လို့ စဉ်းစားထားတယ်။

သက်ဝေ said...

ချိုသင်းရယ်...
တလျှောက်လုံး ဖတ်လာတာ ကိုယ့်ဟာကိုယ် အသက်ရှုမနေမှန်း သတိမထားမိဘူး အဆုံးကျမှ အသက်ရှုထုတ် လိုက်မိမှန်းသိတယ်...
တော်ပါသေးရဲ့ လို့...

သံယောဇဉ်ဆိုတာ တော်တော်ခက်ပါတယ်...
ဒါကြောင့် အခု ဘာကောင်မှ မမွေးတော့ဘူး...း))

ညီမလေး said...

ကြောင်တော့ မချစ်ဘူး အမမချိုသင်းကိုချစ်လို့ ဖတ်လိုက်တယ်း) ။
ရေးထားတာလဲ အမလိုပဲ ချစ်စရာကောင်းတယ် ။ ရေးလဲရေးတတ်လွန်းတယ် အမရယ် ။
တကယ်ပဲ သံယောဇဉ်များ တယ်ခက်တာပဲ နော် .. ။
အမက ကြောင်လေးခွေးလေးတွေတောင် အဲ့လောက်ချစ်တတ်ရင် လူဆိုရင်တော့ မပြောတော့ပါဘူးလေ ဟိဟိ... ။။
အမ... ကျန်းမာရေးတော့ ဂရုစိုက်ပါနော်။

Kyaw Nyo Thway said...

ကြောင်ကိုမသနားဘူး
လူကို သနားသွားတယ် ဟိဟိ :)

G said...

အဲလောက်ကြီး သံယောဇဉ်မတွယ်ပါနဲ့လား
အစ်မရယ်။ပြန်တွေ့လို့ တော်သေးတာပေါ့။ ကြောင်လေးက
အကင်းပါးပြီး အတော်သိ..အတော်ညာစားတတ်ပုံပဲ။
ဒါလေးတွေနဲ့ပဲ ကျားနဲ့ဆင်တို့ အသဲစွဲနေရတာနေမှာ.
ဓါတ်ပုံကြည့်ပြီး ပဲများနေတာ အသားယားတယ် နှာခေါင်းမွေးဆွဲချင်လိုက်တာ။

(အင်း..တော်သေးရဲ့ အဲဒီမြို့ကို အဲဒီအချိန်ပိုင်းကသာ လာမိရင်
..မသကာၤျဖစ္ခံရအုံးမွာ)

တန္ခူး said...

ချိုသင်းရေ... ပျောက်များသွားပလားလို့ ဖတ်နေရင်း စိတ်ပူလိုက်ရတာ...ပြန်တွေ့ တော့မှ စိတ်အေးသွားတယ်... သားကလဲ ကြောင်လေးတွေကို မီးမီးညှောင်လို့ ခေါ်တယ်... ချိုသင်းသမီးလေးက တော်တော်ချစ်ဖို့ ကောင်းတယ်နော်... အိမ်ရောက်မှ ပုံလေးကို ကြောင်ချစ်တဲ့အိမ်က သားအဖကို ပြရဦးမယ်... ဒီပို့ စ်လေးဖတ်မိတော့ အမတို့ ငယ်ငယ်က အိမ်မှာမွေးတဲ့ ကြောင်ကလေး(သူ့ နာမည်က ဘေဘီတဲ့) ကိုသွားသတိရမိတယ်... အဲလိုပဲ ပျောက်သွားတာ... သူများတွေက ငရုတ်ဆုံပေါ်တက်ပြီး သူ့ နာမည်ခေါ်ရင် ပြန်လာတယ်ဆိုလို့ ခေါ်လိုက်ရတာအမော ချိုသင်းရယ်.. နောက်မှ သိလိုက်ရတာက ချက်စားခံလိုက်ရတာကိုပါပဲ... အမတို့ တအိမ်လုံးအတော်ခံစားခဲ့ရတာ...

Rita said...

အော် သူပြန်လာတယ်ပေါ့။

ဒီတခေါက် အိမ်ပြန်တော့ အိမ်ကကြောင် မရှိရှာတော့ဘူး။ ဆုံးသွားပြီ။ အသက်လည်းကြီးပြီလေ။ ၇ နှစ်လောက် ရှိရော့မယ်။ ရန်ကုန်မှာနေတုန်း
အိမ်မှာနေတဲ့အချိန်ဆို ကျောင်းပြီးခါနီး သူတို့ မွေးကာစ ပုံစံပဲ ပြန်မြင်နေမိတယ်။ အဲဒီတုန်းကတော့ အတော် မျက်စေ့နောက်တာ။

ပထမတခေါက် ပြန်တုန်းကတောင် သူက မှတ်မိတယ်။ ခုတော့ မရှိတော့ဘူး။

mini nilay said...

ေုကာင်ကလေးကအရမ်းချစ်စရာကောင်းတာပဲ..ဧည့်သည်ချောချောတွေကိုတွေ့ ရင်တော့ အရမ်းဝမ်းသာသွားမှာပဲနော် ဟဲဟဲ

YM said...

မချိုသင်းရေ..
သံယောဇဉ်ဆိုတာ တကယ့်ကို ဖြတ်ရခက်တဲ့ အမျိုးပါ။
မြသွေးလဲ ကြုံဖူးလို့ ကိုယ်ချင်းစာပါတယ်။ အဆုံးသတ်မှ ...ဟင်း.. ချနိုင်တော့တယ်။

မြသွေးနီ
www.myathwayyni.com

myo said...

"အိမ်ပြန်ရောက်ရင် အဖေနဲ့ သမီး သည်းသည်းလှုပ်တာတွေ တွေ့ရ၊ အမြင်ကပ်ရပြန်အုံးမယ်။" တဲ့
တော်တော်ကို ကျေနပ်နေတဲ့ အသံကြီး. :P

Vista said...

နောက်ဆုံးမှာပြန်တွေ့ လို့ မတွေ့ ရင် ငိုချလိုက်တော့မယ်ဒီက .. ကျနော်လည်းမမလိုပဲ တော်တော်ချစ်တတ်တယ်။ ကျနော်ကြောင်လေး ရှိတော့ဘူး ဟင့်

သိင်္ဂါကျော် said...

ဟုတ်တယ်နော်.. ကြောင်လေး ခွေးလေးတွေလည်း မွေးထားရင် သံယောဇဉ်ကြီးရတာပဲ.. အစ်မတို့ကလည်း သံယောဇဉ်ကြီးတတ်လို့ နေမှာပါ။ အိမ်မှာ အမေလည်း အဲဒီလိုပဲ..

Kay said...

မချိုသင်းစာ ဖတ်လိုက်မှပဲ..မျက်နှာကြောတွေ ပြေလျော့သွားတော့တယ်...

အပြုံးကြီးကြီးဖြင့်း)

little brook said...

ကြောင်မချစ်တတ်ဘူး သို့သော်လည်း စာကချစ်တတ်လာအောင်ရေးသွားတာကိုးဗျ
စာဖတ်နေတုန်းတော့ ကြောင်ချစ်သွားတယ် အမရေ

မိုးဦးစံပယ် said...

ကြောင်မချစ်တတ်တဲ့လူတောင်မှ အမရေးထားတာလေးကို ဖတ်ပြီး ချစ်တတ်လိုက်တာလို့ ကြည်နူးမိတယ်။ ဖတ်နေရင်း ပြန်မှတွေ့ပါ့မလားလို့ စိတ်ပူနေတာ။ ဆုံးကိုဖတ်ပြီးမှပဲ စိတ်အေးသွားတယ်။

မယ်ကိုး said...

မမစာလေး တင်လို့ ဝမ်းသာအားရပြေးလာတာ။ ကြောင်လေးအကြောင်းဖတ်ရတော့ ည ည တံခါးဖွင့်ပိတ်လုပ်ပေးရတာ မယ့်ကြောင်လေးနဲ့ တူလိုက်တာ ဆိုပြီး ဝမ်းသာ။ ပျောက်သွားလို့ ဝမ်းနည်း။ပြန်တွေ့မယ်မှန်း ခန့်မှန်းမိပေမယ့်
တူလိုက်တာ ဆိုပြီး ... စိတ်မကောင်းဖြစ် ...
နောက်ဆုံးကျမှ အားပါးတရပြုံးသွားပါတယ် မမ =)

:) said...

love U ma ma cho thinn...

ဇွန်မိုးစက် said...

ကြောင်သိပ်မချစ်တတ်ပေမယ့် မမချိုဘာရေးရေး ချစ်ဖို့ကောင်းမှန်းသိလို့ လာဖတ်ပါတယ်။

ဖတ်ရင်းနဲ့ ကြောင် ပျောက်သွားတာ တော်တော်ကြာတယ်လို့ ထင်သွားတာ။ နောက်မှ နှစ်ရက်တဲ့။

ပြန်တွေ့သွားတယ်ဆိုလို့ ၀မ်းသာပါတယ် မမရေ။း)

ကျန်းမာရေးလည်း ဂရုစိုက်ပါဦးနော်။

Nay Lin said...

" ဒါ့အပြင် ညအိပ်ညနေ လာအိပ်တဲ့ ဧည့်သည်ထဲမှာလဲ ရုပ်ဆိုးဆိုး တယောက် နှစ်ယောက်ပါလေတော့ သမီးလဲ လန့်သွားပုံရပါတယ်၊ "

ဘကြီးဦးအောင်ဒင် နဲ့ ဦးကြီးဝေလငါးတို့ သိရင် စိတ်မကောင်းဖြစ်ကြဦးမယ်..
အဲဒီလိုမနောက်ပါနဲ့မိသိန်းကြည်ရယ်..:))

မေငြိမ်း said...

ဟိဟိ.. နေလင်းပြောတာ ဦးသွား၏.. တို့လည်း အဲဒါပဲ ပြောမလို့.. ခိ

ဂျူနို said...

သဲသဲလှုပ်ရဲ့ သမီး ပဲထုပ်ကလေး
ပတ်ချွဲနှပ်ချွဲ အမေ အပြုတ်လိုသလေး

sonata-cantata said...

သူတို့ သမီးတကောင် ပျောက်တာ
တို့ပါ မျက်ရည်လည်အောင်လုပ်တယ်
လူဇိုးပဲ

အပြုံးပန်း said...

အကောင်တွေ မချစ်တတ်ပေမယ့်
အမတို့ရဲ့ အချစ်တွေကိုတော့ မျှဝေခံစားမိပါတယ်။
ငိုချင်တယ်ဆိုတာတောင် လိုက်ပြီး ၀မ်းနည်းသလိုလိုပဲ၊
အဖေအမေနဲ့ ကြောင်သမီးကို မြင်ယောင်မိပါတော့တယ်၊

ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနား ဓါတ်ပုံတွေမှာ အမကို တွေ့လိုက်တယ်၊ နောက်ပိုင်းကနေ။

ကြောင်ကလေး ပဲများတာ သိသာတယ်။ :)

Nay Lin said...

ဆရာမရေ..

အဲဒါပေါ့ သမီးတယောက် နွားတထောင်ထိန်းရသလိုပဲ
ဆိုတာ...
ကျွန်တော်ပြောပါတယ်..ဘဲနဲ့လိမ့်ပြီးရင်ပြန်လာမှာပါလို့
အခုခေတ်သားသမီးတွေများပြောရဆိုရခက်ပါတယ်လေ..
ဟား.ဟား:))

khin oo may said...

တို့လဲအမြင်ကပ်တယ်။

MANORHARY said...

ချိုသင်း
ကြောင်တွေပဲ ဂရုစိုက်နေတာပဲ
ကိုယ့်ကျန်းမာရေးလည်းကိုယ်ဂရုစိုက်နော်
ကိုယ်လည်း ကြောင်သိပ်ချစ်တော့
ကိုယ်ချင်းစာတယ် ..
နေကောင်းပါစေ ...
(အသက်ကရလာတော့သတိပေးရတယ် အချင်းချင်းတွေး)) )

MANORHARY said...

ချိုသင်း
ကြောင်တွေပဲ ဂရုစိုက်နေတာပဲ
ကိုယ့်ကျန်းမာရေးလည်းကိုယ်ဂရုစိုက်နော်
ကိုယ်လည်း ကြောင်သိပ်ချစ်တော့
ကိုယ်ချင်းစာတယ် ..
နေကောင်းပါစေ ...
(အသက်ကရလာတော့သတိပေးရတယ် အချင်းချင်းတွေး)) )

ကိုလူထွေး said...

အဲဒီနေ့က ချာမ စာအုပ်ကြီးကွယ်လို့ ပြုံးပြုံးကြီးနဲ့ စပ်ဖြီးဖြီးဖြစ်နေတာ ဒါ့ကြောင့်ဂိုး...

းဝ)

PAUK said...

မချစ်ပါဘူး..
ကြောင်ကို..

ရွှေရတုမှတ်တမ်း said...

လူကိုယ်တိုင် စာမရေးပဲပျောက်နေတာ..ကြောင်ပျောက်လိုက်ရှာနေတာကိုး

အိန္ဒြာ said...

မမချိုသင်းရေ...

သိပ်ကိုနူးညံ့ကြင်နာတတ်မယ့် နှလုံးသားနှစ်စုံကို
အတိုင်းသားမြင်နေတွေ့နေရတော့တာ....

T T Sweet said...

မချိုသင်းကြောင်အကြောင်းရေးထားတာလေး ဖတ်ပြီး ပြုံးလိုက်၊ ကြည်နူးလိုက် သနားလိုက်နဲ့ နောက်ဆုံး ပြန်လာတေယ်ဆိုတော့ ပျော်သွားတယ်။ တို့လဲကြောင်ချစ်တတ်သူပါ။ ကြောင် ၁၂ ကောင်အထိမွေးဘူးလို့ ကြောင်သံယျောဇဉ်၊ မွေးဘူးတဲ့ကြောင်လေးတွေ ပြန်သတိရလာတယ်။ သူတို့က လူကို ချစ်ရင် ဂူးဂူးလို့ မြည်တာနော်။ လက်ကလဲ နှိပ်ပေးသေးတယ်။

ရွှန်းလဲ့ said...

ပြန်ရောက်လာတော့ ဝမ်းသာသွားတယ်... :)

မမတို့ မိသားစု ပျော်ရွှင်ပါစေ...

ချစ်ကြည်အေး said...

ချိုသင်းရေ စတင်တဲ့နေ့ထဲက ရုံးမှာ ဖတ်ပြီးသား...၊ အမလည်း စာတွေ ရေးချင်တဲ့ လောဘ၊ ပိုစ့်တွေ တင်ချင်တဲ့ လောဘ နဲ့ မအားရဘူးဟယ်၊ ချိုသင်းက ကြောင်အကြောင်း ဆွဲထုပ်လာပြီးပဲ ရေးရေး၊ ကြောင်ဖေဖေကြီး အကြောင်းပဲ ရေးရေး၊ ကြောင်မေမေကြီး အကြောင်းပဲ ရေးရေး ဘာရေးရေး ဖတ်ကောင်းနေတာပါပဲ...:) ရေးတတ်သူများကျတော့လည်းနော်...:)

ကျန်းမာရေးတော့ ဂရုစိုက်ပါဟယ် ကြောင်မွှေးတွေက ရင်ကြပ်တတ်တယ် ဆိုလား ကြားဖူးတာပဲ...

စိမ်းလဲ့အိမ် said...

ချစ်ရတာလဲ မကောင်းဘူးနော်
ပူလောင်ရတယ်..
ဘာဘဲဖြစ်ဖြစ် ပြန်တွေ့တာ ၀မ်းသာစရာ

မန်းကိုကို said...

ကြောင်နေပြီ .. အဲ .. ကြောင်ပြန်လာပြီဆိုလို့ ဝမ်းသာပါတယ်ဗျာ။ ချစ်စရလည်း ကောင်းပါတယ်။ ကြောင်တွေမွေးဖူးသူမို့ သတိပေးပါရစေ။ သူတို့သက်တမ်းဟာ လူတွေထက်အများကြီးတိုပါတယ်။ အင်းလေ .. ဘာပဲဖြစ်ဖြစ် ကျုပ်တို့အားလုံး လူသားတွေဆိုတော့ .. ဒီလိုပါပဲ .. ကြုံရ၊ ဆုံရ .. ဟာ .. တရားတွေ လာဟောနေမိပြီ။

ကိုချစ်ဖေ said...

သမီးနဲ့အဖေတင်သည်းသည်းလှုပ်တာလား.
အမေနဲ့သမီးကော.ခွေးလေးတွေက တော်ရုံမပျောက်ဘူးလားလို့ သခင့်ရှင်ကိုလဲ ပိုဂရုစိုက်သလားလို့..

mg lay said...

အမရေးထားတာဖတ်လို့ကောင်းလိုက်တာ။ကြောင်လေးပြန်တွေ့ လို့ တော်သေးတာပေါ့ 

ဦးဂင်ကြီး said...

မောင်မယ်နှစ်ဖြာ ကြောင်ငယ်ရှာရင်းမောသွားကြပါကလား။ အင်းလေသံယောစဉ်ဆိုတာကအခက်သားနော် ချိုသင်းတို့ဇနီးမောင်နှံရေ။

အင်ကြင်းသန့် said...

မမရယ် ရေးထားတာလေးက ကြည်နူးစရာကောင်းပြီး ချစ်စရာကောင်းလိုက်တာ ညီမလေးလည်း ကြောင်ချစ်တတ်တယ်... :))

ညီမလေးဆီမှာ စာလာဖတ်ပြီး ရီသွားပေးလို့ ကျေးဇူးတင်တယ်နော် မမ...

ခင်မင်စွာဖြင့်
ညီမလေး
အင်ကြင်း

Libra said...

မမမိုးချို ... အရမ်းရေးတတ်တယ်နော် သမီးတကယ်လေးစားအားကျတယ်...ပြီးတော့ ချစ်လဲချစ်တယ်

thay said...

ခွေးငါးကောင်ကြောင်တစ်ကောင်နဲ.အဖော်ပြုပြီး
ကျန်ခဲ.တဲ.အဖေနဲ.အမေ.ကိုသတိရလိုက်တာ

su mon said...

အမချိုသင်းရယ်...
အမဘာရေးရေးဖတ်လို့ကောင်းတဲ့စာတွေဖြစ်နေတာပဲ။
ကြောင်မချစ်တဲ့သူတောင်..တမျိုးဖြစ်လာတယ်။
အိမ်မှာအဒေါ်ကကြောင်ချစ်သူလေ..မွေးထားတာ5ကောင်ရှိတယ်။နေ့စဉ်မကြားချင်အဆုံးကြားလိုက်ရတဲ့အသံတွေလေ :P
အမချိုသင်းရေ..ကျန်းမာရေးလဲဂရုစိုက်ပါအုန်းနော်..

AMK said...

တော်သေးတယ်နော် အစ်မရေ ပဲထုပ်ကလေး ပြန်ရောက်လာလို့  အစ်ကို ပြောတာ ဟုတ်တယ် အစ်မ ကြောင်လျှာလေးတွေ က ကြမ်းတယ် နေကောင်းအောင်နေ နော် အစ်မ

Raymond.Kyaw Minn Naing said...

အမကကြောင်တော်တော်ချစ်တာပဲ။ သံယောဇဉ်ကြီးပါ့ဗျား။

gina vinasoy said...

Hi, I have been visiting your blog. ¡Congratulations for your work! I invite you to visit my blog at http://motors.com.mm/?utm_campaign=mot_mm_lb_blog_
gvisoy&utm_source=mot_lb_blog&utm_medium=lb_blog