Tuesday, September 30, 2008

မှုံနံ့သာ ခြယ်ကာ သ တော့..

မနေ့က ကိုယ်ဘာမှ မလုပ်တတ် မကိုင်တတ်တဲ့ အကြောင်း ရေးလိုက်လို့ ဘလော့ဂါ သူငယ်ချင်းတွေ ၀ိုင်းပြီး အားပေးလိုက်ကြတာ.. ပျော်တောင် ပျော်သွားတယ်။ အားမငယ်ရအောင် သူတို့လဲ ကိုယ့်လိုပါပဲဆိုပြီး အဖော်လာလုပ်ပေးကြတာလဲ ရှိတယ်။

တကယ်တော့ ကိုယ်က ဘ၀မှာ အပူအပင်ကင်းကင်း စိတ်ချမ်းချမ်းသာသာ နေချင်သူပါ။ ဒီက လူတွေလိုပေါ့။ သွားချင်ရင် သွားပစ်လိုက်မယ်၊ စားချင်ရင် စားပစ်လိုက်မယ်၊ ပျော်စရာရှိရင် နောက်ဆံမတင်းဘဲ ပျော်ရွှင်ပစ်လိုက်ချင်တာ။

ဒါပေမဲ့ ဘာလို့လဲမသိဘူး။ သူတို့တွေလို ကိုယ့်မှာ မနေတတ်တော့ဘူး။ ခရီးတခု သွားမယ်ဆိုရင်လဲ ရေ ကအစ စားစရာအဆုံး အကုန် တိုလီမုတ်စ လျှောက်ထည့်၊ လျှောက် စဉ်းစားရတယ်။ သူငယ်ချင်းအိမ်မှာ အိပ်မယ်ဆိုရင်တောင် ဧည့်စာရင်း တိုင်ဖို့လိုသေးလား တွေးရတယ်။ လမ်းခရီးမှာ လမ်းပြပုလိပ် က တားပြီး ငွေညှစ်မှာလား လန့်ရသေးတယ်။

သတင်းတခုခု ကြားရင် ကျီးလန့်စာစား ဆန်တွေ၊ ဆီတွေ ထ ထ စု တာလဲ ဘာအကျင့်မှန်းကို မသိ။ သူတို့ဖာသာ သူတို့ စီးပွားကျလို့ ဘဏ်တခု ပိတ်လဲ ဆန် သွားဝယ်မိတာပဲ။ ဘာဖြစ်လို့ ကိုယ့်ဖာသာကိုယ် ပျော်ပျော်ရွှင်ရွှင် အေးအေး မနေတတ်ရတာလဲ လို့ တွေးမိရတော့တာပေါ့။

တကယ်ဆို ကိုယ်က ဖြစ်နိုင်ရင် လှလှပပလေး ၀တ်စားပြီး ပျော်ပွဲရွှင်ပွဲလေးတွေပဲ သွားနေချင်တာပါ။ မိန်းကလေးဆိုတော့ အလှအပလဲ သိပ်ကြိုက်။ သူများ မိန်းကလေးတွေ လှရင် ချောရင် သဘောတွေကို ကျလို့။ တမျိုးတော့ မထင်ပါနဲ့။ အမတွေကြားမှာ နေခဲ့၊ ကြီးပြင်းခဲ့ရတာ ဆိုတော့ မိန်းကလေးတွေ ပြင်ပြင်ဆင်ဆင် နေရင် စိတ်ချမ်းသာနေ တတ်တာမျိုး။

ကိုယ့်အမအလတ်နဲ့ ကိုယ်ကတော့ ကောင်မလေး ချောချော တယောက် ကိုယ်တို့ရှေ့မှာ ဖြတ်လျှောက်သွားပြီ ဆိုရင် လိုက်ကြည့်ရတာ အမော။ ယောကျာင်္းလေးသာ ဖြစ်ရင် တော်တော်ဆိုးတဲ့ကောင်လေး ဖြစ်မှာ။ တခါတလေများ နှစ်ယောက်သား ပါးစပ်ကြီး ဟ လို့၊ သွားရည်မကျရုံတမယ်ပဲ။

ဒီလို ကိုယ်အလှကြိုက်တာ မငြင်းနိုင်ပေမဲ့ ကိုယ်တိုင်ကတော့ မပြင်ဆင်တတ်ဘူး။ အမြဲတမ်း မျက်နှာပြောင်ပဲ။ နှုတ်ခမ်းနီဆိုလဲ ကိုယ် ဒီအရောင်ကို ကြိုက်တယ်ဆိုရင် ဒီတမျိုးပဲ ဆိုးတယ်။ ဒီနှုတ်ခမ်းနီ ကုန်မှ နောက်တခု ၀ယ်တယ်။ ၀ယ်လဲ ဒီအရောင်ပဲ။ ကြိုက်မိရင် မရိုးတမ်း ဆိုးတော့တာပဲ။ အဲဒီတော့ အမတွေက ပြောတယ်။ နင့်ဟာက အရောင်လဲ မထွက်ပါလား တဲ့။ ကိုယ်ကတော့ ဒုံရင်း ဒုံရင်းပဲ။

အိမ်ထောင်ကျပြီးလို့ ရန်ကုန် ခဏ ပြန် နေတုန်းက FMI City ထဲက အိမ်တွင်းဒီဇိုင်းဆင်တဲ့ ကုမ္ပဏီတခုမှာ အလုပ် ခဏ ၀င်လုပ်သေးတယ်။ တနေ့မှာ သူငယ်ချင်းတွေနဲ့ ညစာစားပွဲသွားတော့ သူတို့က ၀ိုင်းပြင်ဆင် ပေးကြတယ်လေ။ အဲဒီတုန်းက ဆံပင်အရောင်ဆိုးတာ ပေါ်ခါစ။ အဲဒါနဲ့ ကိုယ်လဲ သူတို့ ပြင်ပေးတာ ခံကောင်းကောင်းနဲ့ ခံနေတုန်း ဆံပင်ကို ထိပ်ကလေးပဲ ရွှေညိုရောင်လေး ဆိုးပေးလိုက်ကြတယ်။

ကိုယ်လဲ ပျော်လို့။ အိမ်ပြန်ရောက်တော့ သူ့ကို မျက်နှာ အတင်းကြည့်ခိုင်းပြီး ဘာထူးသွားလဲ မေးရတာအမော။ သူကတော့ မပြောတော့ပါဘူး။ လုပ်ပြီးပြီဟာကို။ နောက်တနေ့လဲကျရော သူ့အမေက ကိုယ့်ကို ကြည့်ပြီး သနားလွန်းလို့။ ငါ့သမီးလေး နေပူထဲများ အလုပ်လုပ် နေရသလား တဲ့။ ဆံပင်တွေတောင် နေရောင် ပေါက်ကုန်ပြီဆိုပဲ။ အဲဒီလို ပြင်တာ ဆင်တာ အမြင်တည့်တယ် ဆိုရမှာပေါ့။

ဒါပေမဲ့ ကိုယ့်ဘ၀မှာ အလှအပနဲ့ပတ်သက်ပြီး မိဘ၊ ဆွေမျိုးထဲက မဟုတ်ဘဲ တပါး မိတ်ဆွေက ဆုံးမတာကို ခုထိ မှတ်မိနေတာ တခု ရှိခဲ့တယ်။ အဲဒီလိုပြောခဲ့တာ ကိုယ်တို့ မိဘရဲ့  မိတ်ဆွေ အံတီတယောက်ပါ။ အံတီ့နံမည်က ဒေါ်မြတ်သူ တဲ့။ အဲဒီတုန်းက ကိုယ်တို့မှာ အဖေရော၊ အမေရော မရှိဘူး။ အမေကတော့ ဆုံးသွားခဲ့ပြီ။ အဖေကတော့ အထဲမှာပေါ့။

အဲဒီတုန်းက ကိုယ်က တက္ကသိုလ် ပထမနှစ် တက်နေချိန်။ ဒါပေမဲ့ မိဘက အနားမှာ မရှိနိုင်ရှာတော့ ညီအမတွေ ဘယ်သူ့ကိုမှ အားမကိုးဘဲ သတ္တိရှိရှိ လောကဓံကို ရင်ဆိုင်နေရချိန်ပေါ့။ အမေ ထောင်ခဲ့တဲ့ မူကြိုကျောင်းလေးမှာ မနက်ပိုင်းဆို ကလေးတွေကို စာသင်၊ ကျောင်းတဖက် တက်၊ ထောင်ဝင်စာ သွားတွေ့၊ အဲဒီလို ကသီနေချိန်ပေါ့။ အလှအပလဲ စိတ်ဝင်စားပေမဲ့ မလုပ်အားဘူးပေါ့။

အဲဒီတုန်းက ထောင်ဝင်စာ တွေ့ချိန်တွေက ပျော်စရာကောင်းခဲ့တယ်။ ထောင်ရှေ့မှာ နိုင်ငံရေးနဲ့ ထောင်ကျ မိသားစုတွေ အချင်းချင်း တယောက်နဲ့တယောက် သိုက်သိုက်ဝန်းဝန်း ဖေးဖေးမမ။ ဖျာတွေခင်းပြီး ၀ိုင်းထိုင်ကာ ကိုယ့်ကို ခေါ်မဲ့ အလှည့်ကို စောင့်လို့။ သတင်းတွေ အချင်းချင်း မျှလို့။ ကိုယ့်အတွက် အကောင်းဆုံးဆိုတဲ့ စားစရာလေးတွေကို အထဲက ကိုယ်ချစ်ခင်သူတွေအတွက် ထုပ်ပိုးလို့။ အဲဒီမှာ အံတီ ဒေါ်မြတ်သူက ကိုယ်တို့ကို ပြောခဲ့တာ။

“သမီးတို့၊ မိန်းကလေးဆိုတာ ပြင်ပြင်ဆင်ဆင် နေတတ်ရတယ်၊ အထူးသဖြင့် သမီးတို့ အဖေကို လာတွေ့တဲ့အချိန်မှာ သပ်သပ်ရပ်ရပ် လှလှပပ ဖြစ်စေချင်တယ်။ ငါတို့ကို သူတို့ ဘယ်လောက်ပဲ ထုထောင်းပစေ၊ ဘယ်တော့မှ လဲကျမသွားဘူး၊ ဘယ်လောက်ပဲ ဘ၀က ခက်ခဲ ကြမ်းတမ်းပါစေ၊ ပြုံးပြုံးရွှင်ရွှင်ပဲ ရင်ဆိုင်မယ် ဆိုတာ ပြ တဲ့ သဘောပဲ” တဲ့။

ကိုယ့်မိဘတွေ အနားမှာ မရှိတဲ့အချိန်မှာ ကိုယ်တို့ကို ကိုယ်ချင်းစာစိတ် အပြည့်၊ ချစ်ခင်စိတ်အပြည့်နဲ့ ပြောခဲ့၊ ဆုံးမခဲ့တာပါ။ အဲဒီကတည်းက ကိုယ်တို့လဲ ဖိုသီဖတ်သီ ဘယ်တော့မှ မနေတော့၊ မ၀တ်တော့ဘူး။ မလှပချင်နေ၊ သူများအမြင်မှာ သပ်သပ်ရပ်ရပ်နဲ့ ပြုံးပြုံးရွှင်ရွှင် ဖြစ်နေအောင် ကြိုးစားနေခဲ့ပါတယ်။ ဘာတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရလေ..။

ကိုယ်တို့ ပြင်ပြင်ဆင်ဆင်လေး နေရင် အံတီက အမြဲပဲ သဘောကျတယ်။ “အေး၊ အဲဒီလို နှုတ်ခမ်းနီလေး ဆိုးလာတော့ လှတာပေါ့ သမီးရယ်။ သမီးတို့က မတရား ချွန်ထွက်နေအောင် ပြင်ကြတာမှ မဟုတ်ဘဲ” တဲ့။ ဒီလိုစကားလေးတခွန်းကလဲ ကိုယ်တို့ကို အားတွေ ဖြစ်စေခဲ့တာပဲလေ။ အဲဒီလို အမြဲ အားပေးတဲ့ အံတီ့အမျိုးသား(မုံရွာ ဦးတင်ရွှေ) ကတော့ ထောင်ထဲမှာပဲ ဘ၀ဆုံးတဲ့အထိ နေသွားခဲ့ရရှာပါတယ်။

အလှအပနဲ့ ပတ်သက်ရင် ကိုယ့်စိတ်မှာ စွဲသွားတဲ့ အဲဒီ စကားလေးတခွန်းကို ပြန် ဝေမျှတာပါလေ။ ကိုယ်လဲ ခုထိ အလှပြင်ဖို့ မှန်ရှေ့မှာ ထိုင်လိုက်တိုင်း အဲဒီစကားလေးကို သတိရပြီး အလှပြင်ပါတယ်။ ဘ၀မှာ ဘာကိုပဲ ရင်ဆိုင်ရပါစေ၊ မပြိုလဲပါစေနဲ့ တဲ့။

မိုးချိုသင်း

Sunday, September 28, 2008

လူညံ့လေး တယောက် အကြောင်း

အခုတလော စာမရေးချင်သေးဘူး။ ဒီလိုပဲ လူမှုရေးလေးတွေ၊ ဗာဟီရလေးတွေနဲ့ အလုပ်များချင်ယောင် ဆောင်နေတယ်ပဲ ထားပါတော့။

ဘာဖြစ်လို့လဲ မသိဘူး။ အလုပ်တွေ၊ စိတ်တွေ များလို့ ထင်ပါရဲ့၊ စိတ်လဲ ပင်ပန်းလိုက်တာ။ ဒါနဲ့ အိမ်ကလူကြီးကို စာမရေးချင်ဘူး၊ ဟင်းမချက်တော့ဘူး ပြောပစ်လိုက်တယ်။ အဲဒီတော့ သူက စာတော့ ရေးလိုက်ပါအုံး လို့ ပြောမလား မှတ်တယ်။ မရေး၊ နေပေါ့ တဲ့။ အမာခံ ပရိသတ်ပေပဲ။ ဟင်းကတော့ မချက်ချင်လဲ သူက ၀မ်းတောင်သာနေပုံပါ။ သူလဲ ဖြစ်ညှစ်စားနေရရှာတာပါ။

ဒါနဲ့ မရေးဘူးကွ ဆိုပြီး ဒီနေ့ သတင်းစကားမှာ စာမရေးချင်သေးဘူး လို့ တင်ထားလိုက်တယ်။ အေးဆေးပေါ့။ ပါမစ်လဲ ကျပြီ။ စာရေးမလိုလို လုပ်နေစရာလဲ မလိုတော့ဘူးဆိုပြီး နှပ်နေလိုက်တယ်။

ဆိုတော့ ဒီရက်ပိုင်းအတွင်း ကိုယ်လုပ်ချင်တာလေးတွေ လျှောက်လုပ်နေခဲ့တာပေါ့။ သိပ်စူးစိုက်စရာ မလိုတဲ့ သာမန်ကိစ္စလေးတွေပေါ့။ လမ်းတွေ မှတ်မိအောင် ကိုယ်တိုင် ကားပြန်မောင်းတယ်။ အရင်ကတော့ လမ်းမမှတ်မိတာရော၊ မျက်စိက ဆီးချိုတက်ရင် သိပ်မမြင်ဘဲ ၀ါးနေတာမို့ အန္တရာယ်များလို့ မမောင်းတာကြာပြီ။ အဖေနဲ့ သွားရင်တောင် အဖေ ဟိုရှေ့က ဆိုင်းပုဒ်မှာ ဘာလမ်း တဲ့လဲ၊ ဖတ်ပါအုံး လုပ်ရတာ။

ဒါပေမဲ့ အခုတော့ ကိုယ့်အားကိုယ်ကိုးချင်စိတ်တွေ ရှိလာပြီး လမ်းတွေလဲ သိဖို့ ကြိုးစားလာတယ်။ ပထမဆုံး ကိုယ်ကြိုက်တဲ့ စားသောက်ဆိုင်တွေကို သွားတတ်အောင် လမ်းသိအောင် ကြိုးစားရတယ်။ ပြီးမှ ဟင်းချက်ဖို့ ဈေးဝယ်ဖို့ နေရာတွေ၊ Shopping Mall တွေကို သွားတတ်အောင် လုပ်ရတယ်။

အရင်တခါကတော့ သူမရှိတုန်း ကိုယ်က သူငယ်ချင်းတယောက်နဲ့ Mall မှာ ဈေးဝယ်ဖို့ သွားတာ၊ သွားနေကျမို့ လမ်းသိပါတယ်ဆိုပြီး မောင်းပြီးခေါ်သွားတယ်လေ။ ဒါနဲ့ သီချင်းလေးဖွင့်၊ စကားလေး တပြောပြောနဲ့ သွားလိုက်တာ ဘေးကထိုင်လိုက်တဲ့ အမက တနေရာလဲ ရောက်ရော လက်ညှိုးထိုးပြတယ်။

ချိုသင်းရေ၊ ဒါ အမတို့ သွားမဲ့ Mall ကြီး မဟုတ်လား တဲ့။ ကိုယ်လဲ မောင်းရင်းတဖက် လှမ်းကြည့်လိုက်တာ ဟုတ်ပ၊ ကိုယ်တို့ သွားမဲ့ Shopping Mall ကြီးကို မြင်နေရပြီပဲ။ ဒါပေမဲ့ ခက်တာက ကိုယ်က မျဉ်းပြိုင်လို သွားနေပြီး အလယ်မှာ ဖရီးဝေးကြီး ခြားနေတာလေ။ ကိုယ်က ဆန့်ကျင်ဖက်ကို ဆက်မောင်းနေတုန်း။

အဲဒါမှ ပလုတ်တုတ် ပေါ့။ သန်းနိုင်သီချင်းထဲကလို သံဇကာအလယ်မှာ တို့နှစ်ယောက် တယောက်တဖက်ခြား မဟုတ်ဘဲ ဖရီးဝေးအလယ်မှာ တယောက်တဖက်ခြား ဖြစ်နေတာကိုး။ အဲဒီအခါမျိုးဆိုရင် ကာတွန်းကားတွေကို သိပ်သတိရတာ။ ကာတွန်းကားထဲကလို ရွှီးဆိုပြီး ဖရီးဝေးကို ကားလေးနဲ့ ပျံပြီး ကျော်သွားလို့ ရရင်ကောင်းမှာ။ ခုတော့ ဘယ်နှယ့်လုပ်ရပါ့။

ဒါနဲ့ ပြန်ကွေ့၊ ကားကို ဟိုထိုး ဒီထိုး လျှောက်မောင်းလိုက်တာ ချွေးနည်းနည်း ပြန်ပြီးတော့ ဘယ်လိုက ဘယ်လိုမှန်းမသိ Mall ကြီးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတယ်။ ဒီလိုနဲ့ ပြန်လာတော့ ဘာမှ အရေးမကြီးသလို အိမ်ကလူကို ဈေးဝယ်သွားတယ်လို့ ပြောလိုက်တယ်။ သူ့မှာ ကိုယ် သွားတတ်၊ လာတတ်နေပြီ၊ ကြိုးစားချင်စိတ်ရှိနေပြီဆိုပြီး ပီတိတွေ ဖြစ်လို့။ လမ်းတွေကို မှတ်မိနေပြီပေါ့၊ ၀မ်းသာလိုက်တာ တဲ့။ သွား၊ သွား အဲဒီလို သွားသွားပေး တဲ့။ တကယ်က ဖရီးဝေးကို ဒေါင်လိုက်ကြီး ဖြတ်မသွားလိုက်ရတာ ကံကောင်း။

ဒါနဲ့ နေစမ်းပါအုံး၊ ကိုယ် ဒီလောက် မတုံးသေးပါဘူး ဆိုပြီး သူမပါဘဲ ကိုယ်တိုင် ဈေးဝယ်ဖို့ ထွက်သွားလိုက်တယ်။ ဒီတခါတော့ အိမ်နဲ့ တခေါ်လောက်ပဲ ဝေးတဲ့ မက္ကဆီကန်ဆိုင်ကို မဟားတရား စွန့်စားပြီး သွားလိုက်တာပါ။

ကိုယ့်ရုပ်ကလဲ ခက်တယ်။ နေရာကိုလိုက်လို့ အလိုက်သင့်ရော တတ်တယ်။ ဥပမာ မလေးရှားမှာနေတုန်းကဆို စင်ကာပူ ကူးတဲ့အခါ ကိုယ်က ပုဝါလေး ခေါင်းမှာခြုံလိုက်ရင် ကိုယ့်ကို မလေးမ ထင်ပြီး မလေးရှားImmigration ကတောင် မစစ်ဘူး။ အဝေးကနေ သွား သွား ဆိုတဲ့ သဘောမျိုး လက်နဲ့ပဲ ပြလိုက်တယ်။ ဟန်ကိုကျလို့။ စာအုပ် မကုန်ဘူးပေါ့။

ထိုင်းရောက်တော့ ထိုင်းမ အထင်ခံရပြန်ရော။ ထိုင်းလိုတွေ လာပြောရင် ကိုယ်ကလဲ အားလုံးနဲ့ အလိုက်သင့်ဖြစ်ချင်တော့ ပြုံးပြီး ခေါင်းညိတ်တယ်။ တချို့များ ကွိကျိကွကျ အရှည်ကြီး လာပြောနေတာ။ ပြီးမှ တခုခု မေးလိုက်ပုံရပါတယ်။ ကိုယ်လည်း နားမလည်တော့မှ သူတို့လဲ စိတ်လေ သွားတယ်။

အခုလဲ ဖြစ်ပြန်ပြီ။ ဒီမှာက မက္ကဆီကိုနဲ့ နီးတော့ မက္ကဆီကန်လူမျိုးတွေက မျက်လုံး နက်နက်၊ ဆံပင်နက်နက်တွေမို့ ကိုယ့်ကိုလဲ သူတို့ လူမျိုး ထင်ပြန်တယ်။ ဒါနဲ့ ဆိုင်ရောက်တော့ အသား ၀ယ်ဖို့ လူများနေတာမို့ တိုကင်လေး ယူထားလိုက်တယ်။ ကိုယ့်တိုကင် နံပါတ်ခေါ်ရင် ကိုယ်ဝယ်ချင်တာပြောပြီး ၀ယ်ရမှာလေ။

ဒါပေမဲ့ ခက်တာက မက္ကဆီကန် ဆိုင်ဆိုတော့ သူတို့ဘာသာစကားနဲ့ နံပါတ်တွေကို ခေါ်တာပါ။ နံပါတ်လေးတွေ ပေါ်တဲ့စက်ကလဲ ရပ်ထားတယ်။ ကိုယ်လဲ အဲဒါမှ ဂွပဲ ဆိုပြီး သူတို့က ဘာမှန်းမသိ တခါ အော်လိုက်တိုင်း လက်ထောင်ပြ လိုက်တယ်။ အဲဒီအခါ အဲဒီလူက ကိုယ့်ဆီ ပြေးလာပြီး နံပါတ်တောင်းကြည့်တယ်။ ပြီးတော့ ပြန်ပြောတယ်၊ မဟုတ်သေးဘူး ဒါမှမဟုတ် နင့်နံပါတ် မရောက်သေးဘူး အဲဒီလို ဖြစ်မှာ။ ပြီးတော့ ထပ်အော်ပြန်ရော။

နောက် အားတဲ့ တယောက်က နံပါတ်ခေါ်ပြန်ရော။ ကိုယ်လဲ လက်ထောင်လိုက်ပြန်ရော။ သူတို့လဲ ပြေးလာပြီး နံပါတ်တောင်းကြည့်ပြန်ရော။ ပြီးတော့ ခေါင်းကုတ်ပြီး ကိုယ့်နံပါတ်တိုကင်လေးကို ခြေမွပြီး လက်ထဲ ထိုးထည့်ခဲ့တယ်။ ပါးစပ်ကလဲ ပွစိပွစိနဲ့။

ခက်တာက သူတို့က ကိုယ့်ကို ဘယ်နံပါတ်ရောက်နေပြီလို့ အင်္ဂလိပ်လို မပြောခဲ့တာပဲ။ ကိုယ်ကလဲ နံပါတ်ခေါ်တိုင်း လက်ထောင်တာပဲ။ ကြာတော့ နောက်သလိုတောင် ဖြစ်နေတယ်။ နောက်တော့ သူတို့က ဘာနံပါတ်ခေါ်ခေါ် ကိုယ်လက်ထောင်ရင် ကိုယ့်ကို အသာနေဖို့ ဘေးဖယ်နေဖို့ လက်ပြတားတော့တာ။

ကိုယ့်အဖို့မှာလဲ သနားဖို့တောင် ကောင်းနေပါပြီ။ ကျီးကန်းတွေကြားက ဗျိုင်းလေးလို ဖြစ်နေပါပြီ။ သူတို့လုပ်ပုံက ကိုယ့်နံပါတ်ရောက်ရင်တောင် ကျော်ချ သွားမဲ့ပုံ။ ဒါနဲ့ ဘေးဘီကို မျက်နှာငယ်လေးနဲ့ လိုက်ကြည့်လိုက်တာ သဘောကောင်းမဲ့ပုံပေါက်တဲ့ ခပ်၀၀ လူကြီးကို ပြုံးပြီး မေးရတယ်။ သူကလဲ ကိုယ့်ကို ကြည့်ပြီး သနားသွားတယ် ထင်ပါရဲ့၊ ကိုယ့်နံပါတ်ရောက်ရင် ပြောမယ် တဲ့။

ဒါနဲ့ ကိုယ်လဲ ဟိုက နံပါတ်တခါခေါ်လိုက်တိုင်း သူ့ကို မော့ကြည့်လိုက်တယ်။ သူက ခပ်ဖြေးဖြေးပဲ ခေါင်းခါ ပြတယ်။ မဟုတ်သေးဘူး ဆိုတဲ့သဘော။ ကိုယ်ကလဲ ခပ်အေးအေးပဲ ပြန်စောင့်နေတယ်။ နောက်တခါ ခေါ်လိုက်ပြန်တယ်။ ကိုယ်ကလဲ စွေပြီး ကြည့်လိုက်တယ်။ လူကြီးကလဲ ယောင်ယောင်လေး ခေါင်းခါတယ်။ အလုပ်ကို ဖြစ်လို့။

ဒါနဲ့ပဲ နောက်ဆုံးတော့ အသားဝယ်နိုင်ခဲ့ပါတယ်။ ဒါဆို ကိုယ်ဘယ်မှာ ညံ့လို့လဲ။ နော်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ကို အမြဲ စိတ်ပူတယ် ပြောနေလို့ ကြိုးစားနေရတာပါ။ သူက ဖွဟဲ့ လွဲစေ၊ သူ များ မရှိခဲ့ရင် ဘယ်လိုပုံနဲ့များ ချိုသင်း နေပါ့မလဲ လို့ စိတ်ပူနေရတယ် ဆိုပဲ။ ကိုယ့်အမတွေရှိတဲ့ ဥရောပမှာ သွားနေနော် လို့ တဖွဖွ မှာတတ်တာပါ။ အဲဒီတော့ ကိုယ့်ဖာသာကိုယ် အကုန်လုပ်တတ်အောင် သင်ထားစမ်းပါ တဲ့။

ဒီနေ့လဲ အသက်အာမခံသွားဝယ်ဖို့ စုံစမ်းမယ်ဆိုပြီး မနက်ပိုင်းက နှစ်ယောက်သား သွားကြတယ်။ အသက်အာမခံတွေက နားမလည်ရင် လက်တလုံးခြား လှိမ့်တတ်တာမို့ သူက မ၀ယ်ခင် ကိုယ့်ကို နားလည်စေချင်တာပါ။ ရောင်းတဲ့ အေးဂျင့်ကလဲ ရှင်းပြပါတယ်။ ဇယားတွေဘာတွေ ဆွဲပြီးတော့ကို ရှင်းနေတာပါ။

အေးဂျင့်က သူ့ပေါ်လစီကို အထောက်အကူပြုဖို့ တခြားနေရာမှာ ပိုက်ဆံကို သုံးရင် tax တွေ ဖြတ်တယ်၊ အသက်အာမခံကတော့ ဘာမှ မဖြတ်တဲ့အပြင် ဘာညာ စသဖြင့်ပေါ့။ သိုင်းဝိုင်းပြီး ပြောနေတယ်။ တကယ့် လိုရင်းကို မရောက်သေးဘူး။ ကိုယ်က ဖော်လို လဲ ဟုတ်ပြီ ဟုတ်ရဲ့ လိုက်တော့ ကိုယ့်ကို စိုက်ကြည့်ပြီးပဲ ရှင်းတယ်။

ဒါပေမဲ့ ကိုယ်က ကြာတော့ ငြီးငွေ့လာပြီ။ အဲဒီဇယားတွေလဲ စိတ်မ၀င်စားတော့ဘူး။ ဒါနဲ့ တကယ်ဝယ်ရမဲ့ သူ့ပေါ်လစီလဲ ရှင်းပြတဲ့ အချိန်ကျရော ကိုယ်လဲ အိပ်ငိုက်သွားတော့တာပဲ။ ဘာမှကို နားမလည်လိုက်ဘူး ဖြစ်သွားတယ်။ အေးဂျင့်လဲ ပထမတော့ သူပြောတာ ထောက်ခံပြီး ခေါင်းညိတ်နေတယ် ထင်တာ၊ နောက်မှ ငိုက်နေမှန်း သိတယ်။

ဒါနဲ့ စိတ်ညစ်ပြီး စာအုပ်တွေ ပေးလိုက်တယ်။ terms & conditions တွေကို ဖတ်ပေတော့ တဲ့။ ကိုယ်တို့လဲ အကြောင်းပြန်ပါမယ် ပြောပြီး ပြန်ခဲ့ရတယ်။
ကိုယ်သိပါတယ်။ ကိုယ်က ဘာမှ မလုပ်တတ်၊ မလုပ်ရဲ ညံ့တဲ့လူဆိုတာ..။ အဲဒီလိုလေးမှာ လူကလဲ မကြိုးစားချင်တော့ အရည်အချင်းက ပြောစရာမရှိ ဖြစ်သွားတယ်။

တခါတလေကျတော့လဲ အားငယ်မိတာလေးကို ရင်ဖွင့်ကြည့်တာပါလေ။

မိုးချိုသင်း

Tuesday, September 23, 2008

အကျဉ်းထောင်က အလင်းရောင်

ဒီနေ့ စက်တာဘာ ၂၃ ရက်နေ့မှာ သတင်းစာဆရာကြီး ဘဘ ဦးဝင်းတင် အပါအ၀င် ဒေါက်တာ မေ၀င်းမြင့်၊ ဦးအောင်စိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ဦးဝင်းထိန် နဲ့ ဒေါက်တာ သန်းငြိမ်း စတဲ့ နိုင်ငံရေး အကျဉ်းသမားအချို့ အကျဉ်းထောင်မှ လွတ်မြောက်တယ်လို့ ကြားရ၊ ဖတ်ရတဲ့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်မိပါတယ်။

ဘဘဦးဝင်းတင်ဆိုတာ အထင်ကရ ပြည့်သူ့ သတင်းစာဆရာကြီးပါ။ လက်နက်မကိုင်၊ ကလောင်ကိုင်တဲ့ ဘဘကို ၁၉နှစ်ကျော် ထောင် ထဲမှာ ဖမ်းထားတယ်ဆိုတာ ကလေးကစားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ၁၉နှစ်ဆိုတဲ့ အချိန်က လူတယောက်ကို ကောင်းကောင်းကြီး လူလားမြောက်စေနိုင်တဲ့ နှစ်ပါပဲ။ တော်ရုံ ကြောက်ရွံ့ မှု မဟုတ်ဘူးဆိုတာ လူတိုင်း ခန့်မှန်းလို့ရပါတယ်။

ဒီမနက် DVB သတင်းမှာ သတင်းထောက် ကိုခင်မောင်စိုးနဲ့ အင်တာဗျူးလုပ်ထားတာ ဖတ်ပြီးတဲ့အခါမှာတော့ ရဲရင့်တဲ့ ပြတ်သားရှင်းလင်းတဲ့ သူ့ရဲ့ ရပ်တည်ချက်ကို အလေးအမြတ် ပြုမိပါတယ်။ ဗမာပြည်ဟာ ထောင်ကျနေတာ တဲ့၊ လွတ်လပ်စွာ ပြောဆိုခွင့်မရဘူး။ လွတ်လပ်စွာ ရေးသားခွင့် မရဘူး ဒါကြောင့် ထောင်အ၀တ်အစားနဲ့ပဲ နေမယ် တဲ့။

ဘဘ အပြင်မှာ ရှိနေတာဟာ အင်မတန် တန်ဖိုးရှိတဲ့ အဖိုးတန်ခြင်းပါ။ သူဟာ ပြည်သူကို ဘယ်တော့မှ သစ္စာမဖောက်တဲ့သူ၊ မတရားမှုကို ရဲရဲရင့်ရင့် ဆန့်ကျင် ပြတ်သားသူ၊ လိမ်လည်မှုကို အရင်းအတိုင်း မြင်စေတတ်သူ၊ အခွင့်အရေးကို မျက်စ မပစ်တတ်သူ ဖြစ်ပါတယ်။ ဘဘရဲ့ ဂုဏ်ပုဒ်ကို မပြည့်စုံမှာစိုးလို့ မချီးကျူးရဲပါဘူး။

ဘဘ လွတ်လာတာကို မမြင်နိုင်ရှာတော့တဲ့၊ တိုင်းပြည်အေးချမ်းတာကို မစောင့်နိုင်ရှာတော့ပြီ ဖြစ်တဲ့ ဘဘရဲ့ ခင်မင်ရင်းနှီးလှတဲ့ မိတ်ဆွေကြီး က ဘဘအထဲမှာ ရှိတုန်း သတိတရ စပ်ထားတဲ့ ကဗျာပါ။ ဖတ်ကြည့်ကြပါအုံး။
အကျဉ်းထောင်က အလင်းရောင်

ထောင်စခန်းဆိုတာ
အမှောင်လမ်းပါပဲ
ဒါပေမဲ့ - အောင်ပန်းဆွတ်တဲ့ အာဇာနည်တို့ရဲ့
တာရှည် စံမြန်းရာ။

သစ္စာမဖောက် ဒူးမထောက်
မကြောက်မရွံ့ သူတွေရဲ့ နိဗ္ဗာန်ဘုံမို့
တိရစ္ဆာန်ရုံ မဟုတ်ပါ။

အရိုင်းဆုံးထဲက လူယဉ်ကျေး
အရဲဆုံး သွေး မို့
အရေးတော်ပုံရဲ့  သူရဲကောင်း
အရောင်မပြောင်းတတ်သူပါ။

မြန်မာ့ စာနယ်ဇင်းလောကမှာ
အတောက်ပဆုံး ကလောင်ဘုရင်
ဟံသာဝတီ ဦးဝင်းတင် တဲ့
ဂန္ထ၀င်မြောက် စံတင်လောက်အောင်
ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ကျော်
ခေတ်သစ်ရဲ့  မင်းမဟော်လို့
ပူဇော်ထိုက်သူ အမှန်ပါ။

ပြည်သူကို သူက ချစ်
သူ့ကိုလဲ ပြည်သူက ချစ်
တို့ခေတ်ရဲ့  အလင်းရောင်
မီးရှူးတန်ဆောင် အစစ်ပါ။

အကျဉ်းထောင် က၊ အလင်းရောင် ပြနေတဲ့
အာဂ သတ္တိရှင်
မိခင်မြန်မာရဲ့ သားရတနာကောင်းကို
ညွတ်ပျောင်း ဦးခိုက်၊ ကန်တော့လိုက်ပါရဲ့ 
မိုက်မှောင်ကင်း၍
အလင်းရောက်ပါစေ ဆရာ။ ။

တင်မိုး
၃၁၊ ၁၂၊ ၂၀၀၄

ဘဘ ကျန်းမာပြီး အန္တရာယ်ကင်းရှင်းပါစေကြောင်း သမီးတို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
မိုးချိုသင်း

Monday, September 22, 2008

ပထမဆုံး

အကိုကြီး ကိုအောင်သာငယ်က ပထမဆုံးတွေ ပြောပြ- တဲ့။ Tag လာတယ်။ အကိုနဲ့က ဘလော့ဂ်လုပ်မှ ခင်ရတာဆိုပေမဲ့ ဘူမိဗေဒနဲ့ ကျောင်းပြီးတယ်ဆိုတော့ ဘူမိမောင်နှမတွေမို့ စိတ်ထဲမှာ ခင်မင်ရင်းနှီးသလို ဖြစ်ပြီးသားလေ။ Tag ပုံကလဲ ကြည့်ပါအုံး၊ ရေးချင်ရေး မရေးချင် မရေးနဲ့ တဲ့။ ခပ်မာမာပဲ။ နောက်ပြီး သူရဲ့ ပထမဆုံး ပစ်ဖူးသော သေနတ်က AK-47 ဆိုပဲ။ ဒါနဲ့ ကြောက်ကြောက်နဲ့ မြန်မြန်ပဲ ရေးလိုက်ပါကြောင်း။
စ ပြီဗျို့..

ပထမဆုံး တက်ရသည့် ကျောင်း - အမေ့ကျောင်း ပျိုးခင်း

ပထမဆုံး တက်ရသည့် အတန်း - မူကြို ပေါ့..

ပထမဆုံး အတန်းပိုင် - အမေ လေ။ ဒေါ်မြင့်မြင့်စန်း ပါ။

ပထမဆုံးသော သူငယ်ချင်း (ယောကျာင်္းလေး) - လင်းလင်း (အိမ်နီးနားချင်းပေါ့၊ လင်းညွန့်ကြူး လို့ ခေါ်တယ်)

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - အိအိ တဲ့။ (သူလဲ အိမ်နီးချင်းပဲ။ အိပ်ချိန်ပဲ ခွဲအိပ်တယ်။)

ပထမဆုံး ဖတ်ရသော စာစောင် - ရွှေသွေး။ (ဦးဘကြည် ပန်းချီတွေ သိပ်ကြိုက်တာ။)

ပထမဆုံး ဖတ်ရသော စာအုပ် - စုံထောက် ဦးစံရှား ပေါင်းချုပ် (ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန်တာပါ) အမှုတွေကို အလွတ်ရတဲ့အထိ ဖတ်တယ်။

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ - ဇွန်ပန်းရုံအနီး လှည်းဘီးကျွံနေသည်၊ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် တဲ့။ ခုထိ သူငယ်တန်းစာ မကြေသေးသလိုပဲ။

ပထမဆုံး အလွတ်ရသည့် ကဗျာ -မမ ၀၀ ထထက၊ အက ပထမ ဆိုတဲ့ ကဗျာ။ အဖေ က ကိုယ့်အမတယောက်အတွက် စပ်ပေးတာ။ ကျောင်းမှာလဲ သင်ရတယ်။

ပထမဆုံး ရဖူးသော ဆု - လွတ်လပ်ရေးနေ့ အပြေးပြိုင်ပွဲမှာ၊ ဒုတိယ ရတယ်လေ။ ပြေးလိုက်ရတာ ခုထိပဲ။ သေလု လို့။

ပထမဆုံး စီးရသော ဘတ်စ်ကား -၁၆ ကားကြီး။ ငယ်ငယ်ကတည်းက စီးဖူးတာပါ။ ဘေးအကာတွေက သစ်သားတွေနဲ့ လုပ်ထားတာ။

ပထမဆုံး ဆိုခဲ့သော သီချင်း - ပါးပို့ မောင့်မျက်နှာ၊ တကဘာကြီး တခုလို.. တဲ့။ (တကယ်က ကျမအဖို့ မောင့်မျက်နှာ ကမ္ဘာကြီး တခုလို လို့ ဆိုတာ။ အသံက ပီသေးဘူးလေ အဲဒီတုန်းက)

ပထမဆုံး ရေးခဲ့သော ရည်းစားစာ - ဒီမေးခွန်းကို ကျော်တယ်ဟေ့၊ မမှတ်မိတော့လို့ :P

ပထမဆုံး ကိုယ်ရေးတဲ့ ကဗျာ - အဖေတောင် နားမလည်လို့ abortion ဖြစ်သွားပါတယ်။ မေးကြည့်ချင်တယ် ပို့စ်မှာ ရေးဖူးပါတယ်လေ။ ပြန်မဖော်ပါရစေနဲ့တော့ :P

ပထမဆုံး ရောက်ခဲ့သော အခြားမြို့ - အဖေ့ ရွာ၊ ကန်မြဲ ဇဂျမ်း တဲ့။ တောင်သာ နယ်က။ အဒေါ်နဲ့ ၄တန်းကျောင်းပိတ်ရက်မှာ လိုက်သွားတယ်။

ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား - စင်ကာပူ။ (ဘိုကေ နောက် ဆံရှည် ပါလာတာလေ)

ပထမဆုံး သောက်ဖူးသော ဆေးလိပ် - သုခိတာ ထင်ပါရဲ့။ အဖေ့ဆေးလိပ်တို ဖင်စီခံလေးကို စုပ်နေတုန်း အဖေမိသွားတယ် အဟဲ။

ပထမဆုံး သောက်ဖူးသော အရက် -ကလေးတုန်းက ရေနွေးကြမ်းဆိုပြီး ဦးလေးကြီး တယောက်က ညာတိုက်လို့ တို့ ဖူးတယ်။ ခါးလိုက်တာ။

ပထမဆုံး ဘလော့ဂ် ပို့စ် - ထာဝစဉ်

ပထမဆုံး ပစ်ဖူးသော သေနတ် - ရေ သေနတ် (အထင်မသေးပါနဲ့၊ ကျိုက်ထီးရိုး ၀ါးသေနတ်လဲ ပစ်ဖူးပါတယ်။)

ငယ်ငယ်က အဖြစ်တွေမို့ သိပ် မမှတ်မိလို့ မှတ်မိသလောက် ရေးထားတာပါ။ ခုလို ပြန်တွေး ဖြစ်တော့ ကြည်နူးစရာပေါ့။Tagတာကို ပထမဆုံး ရေးသူ မဖြစ်ခဲ့သော်လည်း နောက်ဆုံးက မဟုတ်တဲ့ ခင်မင်မှုများနဲ့ပါလို့၊ အဟက် ဟက်။ (အော်တိုတွေထဲမှာလို ရေးကြည့်တာ :P)
မိုးချိုသင်း

Sunday, September 21, 2008

ဘ၀ရဲ့ ဆုလာဘ်

တနေ့က ကော်ဖီဆိုင်မှာ နှစ်ယောက်သား စကားပြောကြရင်း ဝေးကွာနေကြရတဲ့ သူငယ်ချင်းတွေကို သတိရလို့ လွမ်းမိရတယ်။ လွမ်းတဲ့အတိုင်းလဲ တယောက်နဲ့ တယောက် ကိုယ့်သူငယ်ချင်းတွေ အကြောင်း ရေပက်မ၀င် ပြောမိကြတာပေါ့။

ကိုယ့်မှာက အိမ်နီးနားချင်း သူငယ်ချင်း၊ ငယ်ငယ်တုန်းက TTC တက်တုန်းက သူငယ်ချင်း၊ Augustine က သူငယ်ချင်း၊ Geology က သူငယ်ချင်း၊ တခြားသင်တန်းပေါင်းစုံက သူငယ်ချင်း၊ စာပေလောက က သူငယ်ချင်း၊ အခု ဒီရောက်မှ ခင်ရတဲ့ သူငယ်ချင်း နဲ့ နောက် ဘလော့ဂ်လုပ်တဲ့အခါမှာ တွေ့တဲ့ သူငယ်ချင်းတွေဆိုပြီး လိုင်းပေါင်းစုံလှတယ်။

ကိုယ်ကလဲ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ပါတတ်တာမို့ အားလုံးကို တယောက်တမျိုးစီ ခင်နေမိတတ်တာပါပဲ။ နောက်ပြီး ကိုယ်က ပျော်ဝင်လွယ်တတ်လွန်းလို့ ကိုယ်ငယ်ငယ်တုန်းကဆိုရင် အိမ်က ကိုယ်ဘယ်သူနဲ့ ပေါင်းနေသလဲဆိုတာ မျက်လုံးဒေါက်ထောက် ကြည့်နေရတယ်။ နည်းနည်းဆိုးတယ်လို့ ထင်တဲ့ သူငယ်ချင်းတွေနဲ့ အတွဲများနေပြီဆိုရင် အမတွေက သတိပေးလေ့ရှိတယ်။

ကိုယ်ကလဲ ကိုယ့်သူငယ်ချင်းဆိုရင် ဘာကြီးလုပ်နေနေ အပြစ်မမြင်လေတော့ အမြဲတမ်း အကြောင်းပြချက် ရှိတယ်။ ကိုယ့်သူငယ်ချင်းဘက်က ရှေ့နေလိုက်ပေးတတ်တယ်လေ။ နောက် ကြီးလာတော့ အမတွေလဲ မပြောတော့ပါဘူး။ ငယ်တုန်းကတော့ မစဉ်းစားတတ်သေးတော့ ကိုယ်မမြင်တာတွေ ထောက်ပြ ရတဲ့ သဘောမျိုးပေါ့။

သူကလဲ ကိုယ့်လိုပဲ မိတ်ဆွေ အပေါင်းအသင်း သိပ်ခင်သူပါ။ ဒါပေမဲ့ ကိုယ့်လို နွေးထွေးတာကို မဖော်ပြတတ်ပါဘူး။ စိတ်ထဲကပဲ ခင်နေပြီး ဘာပဲလုပ်လုပ် သူငယ်ချင်းဖက်က အမြဲ စဉ်းစားပေးတတ်တာ။ အဲဒီတော့ သူ့သူငယ်ချင်းတွေက ဟိုးငယ်ငယ်ကတည်းက တွဲလာတဲ့သူတွေဆိုတာ ခုချိန်ထိ တွဲတုန်း။ ငယ်ငယ်ကအတိုင်း ခင်တုန်း။ သူနဲ့ ရတော့ သူ့သူငယ်ချင်းတွေက ကိုယ့်ကိုလဲ ညီမလေးတယောက် ကောက်ရ သလို ခင်ကြပြီး သူတို့ ဘော်ဒါစာရင်းထဲ သွင်းလိုက်ကြတယ်။ ပျော်စရာကြီး။

တခါတုန်းကများ သူ နိုင်ငံခြားသွားနေတုန်း ကိုယ်က ရန်ကုန်မှာ ကျန်ခဲ့တုန်းကပေါ့။ ကိုယ့်ကို တယ်လီဖုန်း ပြင်တဲ့ လိုင်းသမားလေးက နိုင်ငံခြားနဲ့ အဆက်အသွယ်ရှိမှန်းသိလို့ ဖုန်းလိုင်းကို ခဏခဏဖြတ်ပြီး ငွေညှစ်နေတယ်။ ဒါနဲ့ ကိုယ်လဲ သူ့သူငယ်ချင်း တယောက်ကို အဲဒီအကြောင်း စကားစပ်လို့ ပြောပြလိုက်တော့ အဲဒီအကိုကြီးကကိုယ့်ကို ငွေညှစ်ရပါ့မလား ဆိုပြီး ဒေါသတွေထွက်ပြီး သွားရိုက်မလို့ တဲ့လေ။ ကိုယ့်မှာ တားလိုက်ရ၊ ရီလိုက်ရတာ။ လူပုံက လူကြီးလူကောင်း သဘောကောင်း။ ကိုယ့်ကိုထိတော့ ရိုက်မလို့ တဲ့။ ဒေါသအိုးပဲ။

သူ့သူငယ်ချင်းတွေက လူရိုးတွေ၊ လူပျော်တွေ များပါတယ်။ အဲဒီထဲက နှစ်ယောက်ကတော့ သူတို့လူပျိုဘ၀မှာ တခါမှတောင် ရည်းစားဆိုတာ မထားဖူးပါဘူး။ ကြိုက်မိတဲ့လူတော့ ရှိခဲ့တာပေါ့လေ။ တယောက်က ကိုနိုင် တဲ့၊ နောက်တယောက်က ကိုဦး တဲ့။ ကိုနိုင်ဆိုတဲ့ အကိုကြီးကတော့ ကျောင်းသားဘ၀က ကောင်မလေး တယောက်ကို တိတ်တိတ်လေး ကြိုက်ခဲ့ဖူးပါတယ်။

တနေ့တော့ သူတို့ နှစ်ယောက် ကောင်မလေး အိမ်ရှေ့မှာ ခြေအေး ၀မ်းယောင် သွားလုပ်ကြတာပေါ့။ သူက အဖော်လိုက်ပေးပြီး နှစ်ယောက်သား ကောင်မလေး လမ်းထိပ်မှာ ဘာရယ် မဟုတ်၊ သွားထိုင်နေကြတယ်။ တနေ့တော့ လမ်းထိပ်မှာ ထိုင်နေတုန်း ကောင်မလေးအိမ်ပြန်လာတာ ဟိုးဝေးဝေးကနေ မြင်လိုက်တယ်။ ကောင်မလေးနဲ့ကလဲ မေဂျာတူ တတန်းတည်းသမားတွေမို့ သူက သွားစကားပြော၊ နှုတ်ဆက်ဖို့ ကိုနိုင့်ကို အတင်းတွန်းလွှတ်ပါတယ်။

ကိုနိုင်ကလဲ အေးပါ၊ အေးပါကွာ၊ ငါကြောက်လို့ပါ တဲ့။ ထိုင်ရာက မထ ပါဘူး။ နောက်တော့ သူက ကောင်မလေး အနားမရောက်ခင် မြန်မြန်သွားစမ်းပါ ဆိုပြီး တွန်းထုတ်လိုက်တော့ ရပ်တော့ ရပ်လိုက်ပါတယ်။ ဒါပေမဲ့ ရှေ့ဆက် လမ်းလျှောက်လို့ မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒူးတွေ တဆတ်ဆတ် တုန်နေလို့ပါ။ အဲဒီလိုဖြစ်နေတာနဲ့ ကောင်မလေး သူတို့နား ရောက်လာတယ်။ ကြည့်လိုက်တော့ ကောင်မလေး မဟုတ်ဘဲ သူ့အကျီ င်္ကို ယူဝတ် ထားတဲ့ ကောင်မလေးရဲ့ အမ ဖြစ်နေတာ တဲ့။ မပြောမိတာပဲ ကံကောင်းလို့ ဆိုရမှာ။

ကျောင်းရောက်တော့လဲ လှည့်ပတ်တော့ ချောင်းနေတာပါပဲ။ ဘယ်လိုချောင်းသလဲဆိုရင် ကောင်မလေးကို အတန်းအပြင်ဖက် နောက်နားကျကျက ခိုးကြည့်ပြီး ငါ့ကို မြင်သွားပြီကွ၊ ပြန်ရအောင် တဲ့၊ သတ္တိခဲကြီးက လုပ်သေးတာ။ သူငယ်ချင်းတွေက မင်းကို ကောင်မလေးက နောက်စိနဲ့ ကြည့်လို့ မြင်တာလား လို့ မေးယူရတယ်။

နောက်တော့ သူလဲ လုံးဝ မကြိုးစားရဲဘဲ နေလိုက်တာ ဟိုတယောက်က ယောကျာင်္းရပြီး ဘွဲ့ယူတော့ ကိုယ်ဝန် ကြီးနဲ့။ သူကြိုက်တာ ကောင်မလေးက ရိပ်မိနေလို့ ကိုနိုင့်ကို အတင်းခေါ်ပြီး ဓာတ်ပုံ တွဲရိုက်လိုက်သေးတယ်။ လွမ်းရတဲ့ အဖြစ်လေးတွေပေါ့။

နောက်တယောက်ကတော့ ကိုဦး တဲ့။ သူကတော့ အရက်မသောက်၊ ဆေးလိပ်မသောက် တဲ့သူ။ မိဘကိုလဲ ရိုသေလိုက်တာ တိုက်ပေါ်က တိုက်အောက် ဆင်းရင်တောင် ချိတ်ထားတဲ့ မိဘ ဓာတ်ပုံကို လက်အုပ်ချီပြီးမှ ဆင်းတာ။ အစားအသောက်ပဲ ၀ါသနာပါတယ်။ သူများကိုလည်း ကူညီတတ်လွန်းလို့ ပွဲတခုလုပ်ရင် သူ့ကိုသာ လွှဲထားလိုက်၊ နောက်ပိုင်းကိစ္စတွေ အကုန်လုံး သူလုပ်၊ သူ စီစဉ်သွားတယ်။

ကိုယ်တို့ မင်္ဂလာဆောင်တုန်းကလဲ သူ့မှာ ကာယကံရှင်ထက်တောင် ဖတ်သီ ဖတ်သီ ဖြစ်သေး။ ပျော်လဲ ပျော်တတ်တယ်။ ရီရင်လဲ အကျယ်ကြီး အော်ရီတတ်တယ်။ သူလဲ အသက်ကြီးတဲ့အထိ ချစ်သူ ရည်းစား မရှိဘူး။ ကိုယ့်ကို ညီမလေးအရင်းတယောက်လို ခင်မင်ပြီး အမြဲ စ နောက် နေတတ်သူ။ နင့်မှာ ညီမလေးတွေ ရှိရင်တော့ ငါယူမယ်ဟေ့ လို့ ပြောတတ်သူ။ ကိုယ့်မှာလဲ ဘာ ညီမ မှ မရှိတော့ ခက်တယ်။

တခါကတော့ ကိုယ့်နဲ့ သိပ်ခင်ရတဲ့ သူငယ်ချင်းတယောက်နဲ့ အဆင်ပြေသွားပါစေတော့ ဆိုပြီး မိတ်ဆက်ပေးတာ၊ သူက ယောကျာင်္းလေးတန်မဲ့ ပတ်ပြေးနေတော့တာပါ။ အဲဒီအကြောင်း မေးမှာစိုးလို့ ကိုယ်တို့အိမ်ကို လုံးလုံး ခြေဦးမလှည့်တော့ဘူး။ အဲဒီတုန်းကတော့ ထင်မိသေးတယ်၊ ဒီလိုလူတွေ မိန်းမတော့ ရအုံးမယ် အားကြီးကြီး လို့။

တကယ်ပဲ နှစ်ယောက်စလုံး မိန်းမ ရသွားကြပါတယ်။ သူတို့ပြောတော့ ယုံတောင် မယုံနိုင်ဘူး။ နှစ်ယောက်စလုံး တူတဲ့အချက်က သူတို့ ရွေးချယ်လိုက်သူတွေက သူတို့ထက် အသက် အများကြီးငယ်ကြပြီး ခေတ်ဆန်ဆန် ကောင်မလေးတွေ ဖြစ်တာရယ်၊ သူတို့ နှစ်အိမ်စလုံးရဲ့ မိဘတွေက သဘောမတူဘဲ အခေါ်အပြော မလုပ်ဘဲ ပစ်ထားလိုက်တော့တာပါ။ အဲဒီတော့လဲ သတ္တိတွေရှိပြီး အမေချစ်သားတွေက ကိုယ့်ဖာသာကိုယ် ကြိုးစားထူထောင်နေကြရှာတယ်။

လူ့ဘ၀တွေက တခါတလေ တကယ်ပဲ ဆန်းကြယ်တယ်။ နေရတဲ့ လူ့ဘ၀ ခဏလေးမှာ လူတွေ သန်းပေါင်းများစွာထဲကမှ ရေစက်ဆုံပြီး တွေ့ကြ၊ ခင်ကြ၊ ပျော်ရွှင်ကြရတယ်။ ကိုယ့်အသိုင်းအ၀ိုင်းလေးနဲ့ကိုယ် ဘ၀ကို ရင်ဆိုင်ဖြတ်သန်း ကြရတယ်။ အဲဒီအခါ မိတ်ဆွေကောင်းတွေ ကြုံကြိုက်ရရင်တော့ ဒါဟာ ဘ၀ရဲ့ ဆုလာဘ် တခုပဲ။

ကိုယ်တို့လဲ မိတ်ဆွေကောင်းတွေနဲ့ ကင်းကွာပြီး ဘယ်လိုမှ မနေနိုင်ပါဘူးလေ။
မိုးချိုသင်း

သနားခြင်း

လောကမှာ ချစ်တာ မုန်းတာ သနားတာ စတဲ့ ခံစားမှုတွေ အမျိုးမျိုး ရှိကြရာမှာ သနားတဲ့ စိတ်ခံစားမှုကတော့ အဆိုးဆုံးပဲ ထင်ပါရဲ့။ သနားမိရင်လဲ တခါတလေ ချစ်တာတွေ ထက်တောင် သူက အလေးသာတတ်တာမို့ သနားပိုတယ် ဆိုတဲ့ အသုံးအနှုန်းများ ပေါ်လာတာလား မသိ။

ကိုယ်ငယ်ငယ်က ကိုယ့်ထက် တနှစ်ငယ်တဲ့ မောင်လေးနဲ့ ကစားရတော့ မိဘတွေ အမတွေက ဘာပဲဖြစ်ဖြစ် ကိုယ်တို့ အငယ်နှစ်ယောက်ကို တော်တော် ဦးစားပေးတယ်။ မုန့်ဆိုလဲ မိဘကို ဦးချပြီးရင် အငယ်နှစ်ယောက် အရင်ရွေးယူပစေ ပဲ။ ပြီးမှ အမတွေက စားတယ်။

အမေကလဲ ဘာလေးဝယ်ဝယ် အငယ်နှစ်ယောက်ကို ၀ယ်ပေးရင် ဆင်တူ ၀ယ်ပေးတတ်တယ်။ ဥပမာ ချွန်စက်ဆိုရင်လဲ ကြောင်ပုံလေးဆို နှစ်ခု၊ သမင်ပုံလေးဆို နှစ်ခု အဲဒီလို ၀ယ်လာတတ်တယ်။ အရောင်တော့ ကွဲတာပေါ့။ မကွဲရင် သူ့ဟာ ကိုယ့်ဟာ ဖြစ်အုံးမှာကိုး။ အ၀ါရောင်လေး တခု၊ အနက်ရောင်လေး တခု အဲဒီလိုမျိုး။ ဒါတောင် ကိုယ်တို့က လှတဲ့ အရောင်ကို လုကြသေးတာ။

ကိုယ်ကတော့ မမှတ်မိတော့ပါဘူး။ သနားတာနဲ့ ပတ်သက်ပြီး အဖေတို့က ပြန်ပြောပြတာပါ။ အဲဒီလို ချွန်စက်တွေလုကြပြီဆိုရင် ကိုယ့်မောင်လေးက လှတဲ့ အ၀ါရောင် ကြောင် ချွန်စက်လေးကိုပဲ လိုချင်တယ်။ ကိုယ်ကလဲ သူ့နည်းတူ အ၀ါရောင်ပဲ လိုချင်တယ်။ အဲဒီအခါ ကိုယ်က မောင်လေးကိုလဲ ဦးစားပေးရာရောက်အောင် အနက်ရောင်လေးကို ယူပေးလိုက်တယ် တဲ့။

ဒါပေမဲ့ ရိုးရိုးတန်းတန်း အနက်ရောင်ကို ယူတာ မဟုတ်ပါဘူး။ ပြောပြီးမှ ယူတာ တဲ့။ ဘယ်လို ပြောလဲ ဆိုရင် “မောင်လေးက ကြောင်အ၀ါလေး လိုချင်တယ်ဆိုရင်လဲ ယူလိုက်ပါ မောင်လေး ရယ်၊ မမက အနက်ရောင်လေးပဲ ယူလိုက်ပါ့မယ်။ ဘာဖြစ်လို့လဲဆိုတော့ အ၀ါလေးက လှတော့ ဘယ်သူမဆို ချစ်ကြမှာပဲလေ။ အနက်လေးကတော့ မလှရှာဘူး။ အဲဒီတော့ မမချိုက သနားလို့ အနက်လေးကိုပဲ ယူလိုက်ပါ့မယ်” တဲ့။

ပြီးတော့ ကိုယ်က ကြောင်အနက် ချွန်စက်လေးကို ပွတ်သပ်ပေးနေသေးတာ။ သနားစရာ ကောင်းလိုက်တဲ့ ကလေး၊ နင့်ကို ဘယ်သူ့မှ မလိုချင်ဘူး ဆိုတဲ့ စတိုင်ပေါ့။ အဲဒီတော့ ကိုယ့်မောင်လေးကလဲ စိုက် ကြည့်နေတယ်။ သူလဲ အနက်လေးကို အရမ်းသနားနေပြီ။ ဒါနဲ့ ပေး ပေး သားကို ကြောင်အနက်လေး ပေး ဆိုပြီး အတင်းယူတယ်။ ကိုယ်ကလဲ မမပဲ ယူပါ့မယ် လုပ်သေးတယ်။ ပြီးမှ ကိုယ်က အ၀ါရောင် ကြောင်ချွန်စက်လေးကို မယူချင်ဘဲနဲ့ အငယ်မို့ သူ့ကိုလျှော့ပေးလိုက်ရသလိုလို နဲ့ ရသွားရောလေ။

အဲဒါကိုကြည့်ပြီး ကိုယ့်မိဘတွေက သိပ်သဘောကျတာ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့ ငယ်ငယ်က မောင်နှမ နှစ်ယောက် ရန်မဖြစ်လို့။ နှစ်ယောက်စလုံး ကိုယ်လိုချင်တာ ရတော့ ကျေကျေနပ်နပ်နဲ့ ကစားကြတယ်လေ။ အဲဒါကို အဖေတို့ အမေတို့က ကြီးလာတဲ့အထိ ပြောမဆုံးဘူး။ နောင်ကျတော့ သူလဲနားလည်သွားပြီး တခုခု ရွေးချယ်ရမယ်ဆိုရင် “နင်ငါ့ကို ငယ်ငယ်ကလို ကြောင်အနက်လေး မမယူပါ့မယ် လာမလုပ်နဲ့တော့။ အနက်လေးကို သနားရင် နင်ပဲယူတော့” တဲ့။ သိကုန်ပြီကိုးလေ..။ ဒုက္ခ ဒုက္ခ။

ကိုယ်ပြောချင်တာက သနားတာဟာ လူ့စိတ်ကို အတော် ကသိကအောက်ဖြစ်စေတာကိုပါ။ အခုပဲ ကြည့်လေ။ ဟိုတခါ သံယောဇဉ်ဆိုတဲ့ ပို့စ်မှာ ကိုယ်ရေးဖူးတဲ့ ကြောင်မိသားစုမှာ ကြောင်ကလေးလေးတွေက ၄ကောင်၊ ကြောင်အမေကြီးက ၁ ကောင် ပြန်လာနေတယ်။ ကိုယ်တို့ကလဲ ၀မ်းသာအားရ ဖြစ်ပြီး စားစရာတွေ ကျွေး၊ နို့တွေတိုက် လုပ်နေတော့ အိမ်က မခွာတော့ဘူး ဆိုပါတော့။

ဒါပေမဲ့ သူတို့က ပိုင်ရှင် မရှိတဲ့ ကြောင်မိသားစုထင်ပါရဲ့။ လူနဲ့ မနီးစပ်လို့ နည်းနည်းရိုင်းတယ်။ စားတဲ့အချိန်ပဲ လာစားတယ်။ ပြီးရင် အကိုင်မခံဘူး။ အရောင်တွေက အမေက တကိုယ်လုံး အနက်ဆိုတော့ ကလေးတွေကလဲ ၂ကောင်က အနက်၊ ၁ကောင်က အနက်ကြား၊ နောက်တကောင်က အဖြူလိုလို၊ ၀ါချင်သလိုလို နဲ့မို့ အနီးစပ်ဆုံး ပြောရရင် လက်နှီးစုတ် အရောင် တဲ့။ ကိုယ့်အမျိုးသားက ပြောတာလေ။

အဲဒီအထဲက အနက်လေး တကောင်ကတော့ ရောဂါသည်လေးပါ။ အစားလဲ သိပ်မစားနိုင်ရှာဘူး။ သနားလို့ သူ့ကိုချည်း သပ်သပ်ကျွေးလဲ နည်းနည်းပဲစားပြီး အသက်ရှူကြပ်နေရော။ ပန်းနာရောဂါသည် ထင်တယ်။ ကိုယ်တို့က သူ့ကို ပိန်ပိန်လေးမို့ ပိညှက်လေး လို့ နံမည်ပေးထားတယ်။

နောက်တခါ အသံကလဲ မထွက်ဘူး။ လည်ချောင်းကွဲနေသလား မသိ။ ပါးစပ်ဟပြီး လျှာလေး နီနေလို့သာ သူအော်နေမှန်း အမြင်နဲ့ သိရတာ။ ဒါတောင် အသားက မဲနေလို့ မှောင်ထဲမှာ ထိုင်နေရင် ဘာမှကို မမြင်ရဘူး။ နောက်ပြီး နှာခေါင်းတဖက်ကလဲ နှာရည်တွေ တချိန်လုံး စီးကျနေသေးတယ်။ မပြည့်စုံ မလှပတဲ့နေရာမှာတော့ complete ပဲ။ ပြောရရင် complete ပိညှက် ပေါ့။

ကိုယ့်အမျိုးသားကိုလဲ သူက ချစ်နေပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သူ့ကိုပဲ ကြောင်လေးတွေက ချစ်နေအောင် အစာကျွေးလဲ သူ၊ နို့တိုက်လဲ သူ လုပ်ထားတယ်။ ကိုယ့်ကိုတော့ သူ့ထက်ပိုချစ်သွားမှာစိုးလို့ အနားမကပ်စေချင်လို့ စာရေး၊ စာရေး ကိုယ်ကျွေးလိုက်မယ် တဲ့။

ဘလော့ဂ်ဖတ်လဲ သူတို့နှစ်ယောက် ကွန်ပျူတာရှေ့မှာ အတူတူ။ ပိညှက်ကလေးက သူ့ပေါင်ပေါ်မှာထိုင်ပြီး ကွန်ပျူတာကို စိုက်ကြည့်လို့။ တီဗီမှာ ဘောလုံးပွဲ ကြည့်တော့လဲ အတူတူ။ ပိညှက်လေးက နားရွက်လေးထောင်ပြီး သူ့ရင်ခွင်ထဲမှာ ထိုင်လို့။

ဘောလုံး တီဗီဂိမ်း ကစားရင်လဲ ဟိုကလေးက သူ့ဘေးမှာ မော့လို့။ သူ့ကိုကြည့်လိုက်၊ အရုပ်တွေကို ကြည့်လိုက်နဲ့။ နှာရည်တွေက ကျလို့။ သူကလဲ ဘေးမှာ တစ်ရှူးဗူးနဲ့။ ကိုယ်က စာရေးရင်းတဖက် သူတို့ နှစ်ယောက်ကို လှမ်းကြည့်ပြီး အကိုရေ ကလေးကို နှပ်သုတ်ပေးလိုက်ပါအုံးဆိုရင် သူကလဲ တစ်ရှူးလေးနဲ့ ဖြေးဖြေးလေး သုတ်ပေးတယ်။ ဖြစ်နေတာ ဖြစ်နေတာ။

သူ့အတွက် အိမ်လေးလဲ ကိုယ့်အမျိုးသားက ကိုယ်တိုင်လုပ်လေရဲ့။ အခန်းလေးတွေဖွဲ့လို့ ဆောက်ထားတော့ ကြောင်က ဧည့်ခန်း၊ အိပ်ခန်း ခွဲသိပါ့မလား မေးရသေးတယ်။ မနေ့ညကလဲ မနက် ၃နာရီကြီး ပိညှက်လေးကို သူက ရှုရှုး ထ တည် သေးတယ်။ ရောဂါပေါင်းစုံ ဖြစ်နေတဲ့ကြားထဲ ဆီးချုပ် ၀မ်းချုပ်ပါ ဖြစ်သွားမှာစိုးလို့။ ကြောင် Insurance လဲ ၀ယ်ဖို့ စုံစမ်းနေရပြီ။ ရောဂါသည်လေး ဆိုတော့လေ။

ညနေဆို ရုံးကနေ နှစ်ယောက်သား သုတ်သုတ် သုတ်သုတ်နဲ့ ပြန်လာကြတယ်။ စတားဘက်စ်လဲ မထိုင်နိုင်၊ ရုပ်ရှင်လဲ မမော့နိုင်၊ သူငယ်ချင်းတွေနဲ့လဲ သဝေမထိုးနိုင်။ အိမ်ရောက်လို့ ပိညှက်လေး တွေ့မှ အော် သူ မသေသေးဘူးလို့ ရင်အေးရတယ်။ ဒီ Fall တောင် မခံလောက်ဘူး ထင်ရတယ်။ အသက်ရှူရင်လဲ ဂလူးဂလွမ်းနဲ့။ အသံပေါင်းစုံ ထွက်နေတယ်။

အဲဒီကြောင်လေးက အကိုင်လဲ ခံနေပြီ၊ လူကိုလဲ ခင်နေပြီဆိုတော့ သံယောဇဉ် ဖြစ်ရပြီပေါ့။ မွေးမဲ့မွေးတော့လဲ ကျန်းမာတဲ့ ကြောင်လေးတွေ ရှိရက်နဲ့ ရောဂါသည်လေးကိုပဲ သည်းသည်းလှုပ် ချစ်မိရတယ်။

သံယောဇဉ်ဆိုတာ ဖြတ်ရခက်ရတဲ့အထဲ ချစ်တာအပြင် သနားတာပါ တိုးလာတော့ ခက်တော့ ခက်နေပါပြီ။ ကိုယ်တို့လဲ ရုန်းမထွက်နိုင်တော့ဘူးလေ..။
မိုးချိုသင်း

Friday, September 19, 2008

ဖြစ်သလို..

ဒီနေ့တော့ ဘလော့ဂ်လောကထဲ ရောက်ပါမှ ကောက်ရလိုက်တဲ့ ညီမလေးတယောက် ဖြစ်တဲ့ လင်းက အမ ဘာတွေ ဖြစ်သလို စားနေလဲ ရေးပေးပါ တဲ့။ tag လာတယ်။ စားတဲ့အကြောင်းဆိုတော့ ကိုယ်ကလဲ စားပဲ စားတတ်တာ၊ ရေးဖို့ကို ဖွယ်ဖွယ်ရာရာ မဖြစ်မှာစိုးပါတယ် မရွှေလင်းရေ။

ကိုယ့်တိုင်းပြည်က ထွက်လာကတည်းက ကိုယ်ကြိုက်တဲ့အစားအသောက်တွေနဲ့ ဝေးနေခဲ့ရတာ ကြာပြီ။ ဗမာပြည်က အစားအသောက်တွေကို စဉ်းစားလိုက်ရင် မျက်ရည်တောင် ၀ဲလာသလိုလိုပဲ။ မလုတို့ ရှင်မင်းတို့လိုလဲ မချက်တတ်၊ မဇနိတို့ ကိုအန်ဒီတို့လိုလဲ အရသာရှိရှိ လက်စွမ်းမပြတတ်လေတော့ သူတို့ ဘလော့ဂ်တွေမှာပဲ သွားသွားမော့ပြီး ခေါင်းငိုက်စိုက်နဲ့ ပြန်လာရတယ်။

ရန်ကုန်မှာဆိုရင်တော့ ဘာအရေးလဲ။ အိမ်မှာ မချက်ဖြစ်လို့ အပြင်သွားစားရင်တောင် ဘာစားစား ကိုယ့်အကြိုက်နဲ့ တည့်တာချည်း။ ညနေ မြို့ထဲ တရုတ်တန်းတလျှောက် လမ်းလျှောက်ရင်း တွေ့တဲ့ဆိုင်လေးတွေမှာ လျှောက်ထိုင်စားမလား၊ အင်းယားကန်မှာ ရခိုင်မုန့်တီနဲ့ အကြော်စုံ စားမလား၊ ဇီးကြံ လို့ခေါ်တဲ့ ကြံရည်နဲ့ ဇီးဖျော်ရည် ရောထားတာလဲ သောက်လို့ရသေးတယ်။ ပြောရရင်တော့ ကုန်မှာမဟုတ်ပါဘူးလေ..။ မစဉ်းစားတာပဲ ကောင်းပါတယ်။ ဂလု..။

ဒီမှာကျတော့ရော..။ ဒီကိုရောက်ပြီး နောက်တနေ့ အဖေ့မိတ်ဆွေတယောက်က အမေရိကန်စာ လိုက်ကျွေးတော့ သူတို့တွေစားကြတာ ပွဲအကြီးကြီးတွေမို့ အံ့သြလိုက်ရတာ။ ဒါကြောင့်မို့ သူတို့တွေ ထွားကြတာ နေမှာ လို့ တွေးမိတယ်။ အဲဒီနေ့က ကုန်တောင် မကုန်ခဲ့ဘူး။ အခုကျတော့လဲ အကျင့်ပါသွားလို့လား မသိဘူး၊ နည်းသလိုလိုတောင် ထင်မိသေး။ :)

ဒါပေမဲ့ ဘယ်လောက်ပဲ ကောင်းပါစေ၊ ကိုယ့်ဗမာပါးစပ်နဲ့တော့ ရေရှည် မစားနိုင်တာ အမှန်ပါပဲ။ အဲဒီလိုပြောလို့ ကိုယ်ကပဲ အိမ်မှာ ဗမာဟင်းတွေ အမျိုးမျိုး ချက်ပြုတ်လုပ်စားနေတဲ့ အတိုင်း။ တကယ်တော့ ကိုယ် ကောင်းကောင်းချက်တတ်တာတခုက ၀က်သားနှပ် တာလို့ ခင်တဲ့ မိတ်ဆွေတွေက ပြောကြတာပဲလေ။ (ခေါင်ကို တက်ကိုင်လိုက်တာ)

အဲဒီတခုကလဲ စနစ်တကျ ချက်တတ်တာတော့ မဟုတ်ပါဘူး။ ကိုယ်က ၀က်ကို ကြိုက်တော့ ခဏခဏ စမ်းပြုနေရင်းက ကျွမ်းကျင်အဆင့်ထဲ ၀င်သွားရတာပါ။ ဒါတောင် တခါတလေ ဟင်းအရောင်က နီလိုက်၊ မဲလိုက်၊ ဖြူလိုက်ပါ။ နီတာက ငရုတ်သီးအရောင်တင် များသွားလို့။ မဲတာက ငံပြာရည် အနောက် သွန်ကျ သွားလို့။ ဖြူတာကတော့ မေ့ပြီး ဘာမှ မထည့်လိုက်မိလို့ပါ။

တကယ်တော့ ကိုယ်အကြိုက်ဆုံးက ဘဲဥ၊ ကြက်ဥပေါ့။ ကြက်ဥ ဘဲဥဆို ပြုတ်ပြုတ်၊ ကြော်ကြော် အကုန်ကြိုက်တာ။ ဒါပေမဲ့ ကိုယ်က အဖော်လေးနဲ့ နေတာဆိုတော့ကာ ကြက်ဥချည်း သူ့ကို ကြော်ကျွေးနေရင် ပြေးသွားမှာစိုးလို့ ကိုယ်ရှိန်သပ်ထားရတာပါ။ ကိုယ့်ချည်းဆိုရင်တော့ ပျင်းတာရော၊ ကြိုက်တာရောနဲ့ ကြက်ဥချည်း ကြော်စားနေမှာ။

ဒါပေမဲ့ တခါကတော့ ကိုယ် ကြက်ဥကို တော်တော်စိတ်ကုန်သွားဖူးတယ်။ အဲဒီတုန်းက သူနဲ့ကိုယ်နဲ့က ချစ်သူဘ၀ပဲ ရှိသေးတာ။ သူကလဲ ကိုယ်ကြက်ဥ ဘဲဥကြိုက်တာကို သိထားတယ်။ သူ့အကြိုက်၊ ကိုယ့်အကြိုက်တွေ ပြုစုတုန်းကာလ ကပေါ့။

တနေ့တော့ ကိုယ်က ဘာကိစ္စနဲ့လဲ မသိဘူး၊ စိတ်ဆိုးတာ တော်တော်နဲ့ မပြေဘူး။ ကိုယ်က စိတ်မကောက်တတ်ပေမဲ့ အကြောင်းရှိလို့ စိတ်ဆိုးပြီဆိုရင်လဲ တော်တော်နဲ့ မပြေတတ်တော့ သူလဲ ဘာလုပ်ရမှန်းမသိတာနဲ့ တညလုံး စဉ်းစားပြီးသကာလ မနက်ကျတော့ အကြံရပြီး ထမင်းကို ကိုယ်တိုင် ကြော်လာပါတယ်။ ကြက်ဥ နိုင်းချင်းနဲ့ပါ။

ကျောင်းရောက်တော့ ကိုယ့်ကို ချော့တဲ့အနေနဲ့ သူ့ထမင်းဗူးကို “ကိုယ်တိုင်ကြော်လာတာပါ” ဆိုပြီး လှမ်းပေးပါတယ်။ ကိုယ်ကလဲ အစားအသောက်ဆိုတော့ စိတ်ဆိုးနေပေမဲ့လည်း မငြင်းကောင်းတာနဲ့ လှမ်းယူလိုက်ရပါတယ်။ သူလဲ ထမင်းဗူးကို ကိုယ်ကယူတယ်ဆိုတော့ ပျော့ပြောင်းလာတဲ့သဘောမို့ ၀မ်းသာပြီး စား၊ စား တဲ့။ ကြက်ဥတွေလဲ အများကြီး ပါတယ် တဲ့။

ကိုယ်လဲ ကြက်ဥကြော်ဆိုတာနဲ့ မျက်လုံးလေး လက်ကနဲ ဖြစ်သွားပြီး နဂိုကလဲ ပြန်ခေါ်ချင်ချင်မို့ စိတ်ဆိုးပြေလိုက်တာပေါ့။ မနက်စောစော ထမင်းကြော်စားရမယ်ဆိုပြီးလဲ ပျော်သွားသေးတယ်။ ဒါနဲ့ ထမင်းဗူးဖွင့်လိုက်တော့ ထမင်းကို ပဲငံပြာရည်လေးထည့်ပြီး တတ်သ၍ မှတ်သ၍ လုပ်ချလာတာပါ။ သနားဖို့တောင် ကောင်းပါတယ်။ :P

သူပြောသလိုပါပဲ။ ကြက်ဥတွေလဲ အများကြီးပါတယ်။ ဒါပေမဲ့ ထမင်းကြော်ပြီးမှ ကြက်ဥတွေကို ဖောက်ပြီး ဖြန့်လောင်းချလိုက်တာမို့ ကြက်ဥအရည်တွေ မကျက်ဘဲ အရည်အတိုင်း စိုစိစိနဲ့ ထမင်းတွေနဲ့ လုံးထွေး ထားတယ်။ ကြက်ဥသိပ်ကြိုက်တဲ့သူတောင် ဟာ ကနဲ ဖြစ်ရတဲ့ အကွက်ပေါ့။ ကြက်ဥ စိမ်းနံ့ကလဲ ညှီလိုက်တာ မပြောပါနဲ့တော့။

အဲဒီတခါပဲ ကြက်ဥကို စိတ်ပျက်ဖူးပါတယ်။ အဲဒီကတည်းက ကိုယ်လဲ သိလိုက်တာပါပဲ။ သူ ဒီလောက် ဟင်းအကြောင်း နားမလည်ရင် ငါ ဟင်းချက် ညံ့လဲ မဆူလောက်ဘူးဆိုပြီး သူ့ကိုပဲ ယူဖို့ ဆုံးဖြတ်ခဲ့တာပဲလေ။ ကိုယ့်အထင်လဲ ခုထိတော့ မလွဲသေးဘူး ထင်တာပါပဲ။

ကဲ လင်းရေ၊ အစားအသောက်အကြောင်းဆိုပြီး ရေးလိုက်တာ ဘာတွေလျှောက်ရေးနေမှန်း မသိပါဘူး။ ရေးတော့ ရေးလိုက်မိပြီ ညီမရေ..။

မိုးချိုသင်း

Wednesday, September 17, 2008

မနှစ်တုန်းက ဒီအချိန်ဆို..

ဒီနေ့ အိမ်နားက Kaiser ဆေးရုံမှာ ထိုးဆေးကုန်နေလို့ ဆေးသွားယူတော့ ဒီဆေးရုံကြီးဆီကို အမေရိကားရောက်တဲ့ ၅ နှစ်အတွင်း အကြိမ်ပေါင်း မြောက်မြားစွာ လာခဲ့ရတာကို သတိရနေတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအာမခံက ဒီမှာ ရှိနေတဲ့အပြင် အိမ်နဲ့ က ကားမောင်းသွားရင် ၅ မိနစ်လောက်သာ ဝေးတာမို့ အဆင်ပြေပါတယ်။

ဒီဆေးရုံမှာ အမှတ်တရတွေ အများကြီးရှိတဲ့အထဲက အဖေ့ကို နောက်ဆုံးလာတွေ့ရတဲ့ အကြိမ်ကို မေ့လို့ရမှာ မဟုတ်ပါဘူး။ အဖေက အိမ်နားက မက္ကဆီကန် ဆိုင်လေးမှာ နားရင်း၊ ထိုင်နေရင်း ရုတ်တရက် လဲကျ ဆုံးပါးခဲ့ရတာပါ။ အဲဒီအချိန်က ကိုယ်တို့က ရုံးမှာ။ အဖေနဲ့ အဖေ့မိတ်ဆွေ ဦးလေးကြီးတို့ အတူထိုင်ရင်း ဗြုန်းကနဲ နှလုံးရပ် ထိုင်ရက်နဲ့ လဲကျသွားခဲ့တာ။

911 ကို ခေါ်တော့ တမိနစ်တောင် မဆိုင်းဘဲ လာကြသတဲ့။ ခြံဝင်းလေးထဲမှာ ရှိနေတဲ့ အဖေ့ဆီ အသက်ကယ်ဖို့ ဆိုင်တံခါးပေါက်ကတောင် ပတ်မ၀င်ဘဲ ဆိုင်ရဲ့ ခြံစည်းရိုးလေးကို ခုန်ကျော်ပြီး ၀င်ကြသတဲ့။ နှလုံးခုန်ဖို့ ကြိုးစားရာမှာ အဖေ့ အနွေးထည် ဂျာကင်ကြီး ချွတ်နေရင် ကြာနေမှာစိုးလို့ အကျီ င်္တွေ ကတ်ကြေးနဲ့ ညှပ်ပစ်လိုက်ပြီး အမြန်ဆုံး ကုသမှု ပေးခဲ့ပါတယ် တဲ့။ ဒါပေမဲ့ အဖေ့ကို သူတို့ မမီတော့ဘူး။

အဖေတောင် သူဆုံးသွားတာ သိလိုက်မှာ မဟုတ်ဘူး။ ခင်မင်ရတဲ့ မိတ်ဆွေနဲ့ စကားစမြည်ပြောရင်း၊ သမီးပြန်အလာစောင့်ရင်း၊ အအေးလေးတခွက် သောက်ရင်း အဝေးကြီးကို ထွက်သွားပြီ။ အဖေ့ကို အိမ်နဲ့ အနီးဆုံးဖြစ်တဲ့ ဒီ Kaiser ဆေးရုံသစ်ကြီးဆီ ခေါ်လာခဲ့ပြီး သူတို့ ထပ်ကြိုးစားခဲ့ကြပါသေးတယ်။ အဲဒီတုန်းက အဖေ့ကို သမီးဖြစ်တဲ့ကိုယ်က မျက်ရည်လည်ရွဲနဲ့ အပြေး လာတွေ့ခဲ့ရတာ။ ဟောဒီ Emergency အခန်းလေးမှာပေါ့။

အဲဒီနေ့က ဇန်န၀ါရီ ၂၂ရက်။ အဲဒီနောက်ပိုင်း ကိုယ်က အရူးတပိုင်းလို..။ ညတရေးနိုးလဲ ထ ငို..။ ခံစားမှုသက်သာအောင် အလုပ်တွေကို ဖိလုပ်နေရင်းလဲ မျက်ရည်တွေကျ။ အလုပ်က ပြန်ရင်လဲ အိမ်မှာ မျှော်တဲ့အဖေ မရှိတော့ ဒါကို ရင်မဆိုင်ရဲလို့ အိမ်ကို မပြန်ရဲ။ နှစ်ယောက်သား အလုပ်ကအပြန်တိုင်းမှာ beach တွေ တခုပြီးတခု သွားပြီး သမုဒ္ဒရာကြီးကို ငေးလို့။ အားကိုးရာမဲ့သလိုမျိုး၊ ဘာဆို ဘာမှ မရှိတော့သလိုမျိုး..။

သူများတွေ ကမ်းခြေမှာ ပျော်ရွှင်ကစားကြတာတွေလဲ ကိုယ်နဲ့မဆိုင်။ မြင်လဲ မမြင်။ တခါတလေ ကားထဲကတောင် မဆင်းမိဘူး။ ပင်လယ်ကို မျက်နှာမူပြီးကားထိုးရပ်၊ အသံတိတ် ကြေကြေကွဲကွဲ ဖြတ်သန်းရတဲ့ကာလတွေ..။ ညသန်းခေါင်မှ အိပ်ဖို့ပဲ ပြန်တယ်။

ဆရာဝန်တွေနဲ့ ဆေးပြားတွေနဲ့ မွန်းကြပ်ခဲ့ရတဲ့ အချိန်တွေပေါ့။ ဆေးရုံမသွားရတဲ့ နေ့တိုင်းမှာ အီးမေးလ်နဲ့ ကိုယ့်အခြေအနေကို အမြဲ အကြောင်းကြားနေရတာ။ ဒီနေ့မှာတော့ ဘယ်လို ခံစားရတယ်ဆိုတဲ့ အသေးစိတ် အစီရင်ခံစာတွေ..၊ ကိုယ့်ကိုတာဝန်ယူထားတဲ့ ဆရာဝန်မလေးဆီက အားပေးတဲ့ ပြန်စာ အီးမေးလ်လေးတွေ..။

အဲဒီအချိန်မှာ စက်တင်ဘာကို ရောက်လာတယ်။ လောကကြီးရဲ့ အပြင်ဖက်ကို ရောက်နေတဲ့ ကိုယ့်ကို ဗမာပြည်ရဲ့ နေ့စဉ်သတင်းတွေက ဗြုန်းကနဲ တုန်လှုပ်ရပ်တန့်သွားစေတယ်။ သံဃာတော် အရှင်သူမြတ်တွေရဲ့ မေတ္တာပို့သံက ကိုယ့်ရင်ကို အေးချမ်း တည်ငြိမ်စေခဲ့တယ်။ ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်ရတာ၊ မြန်မာတယောက်ဖြစ်ရတာ ပြီးပြည့်စုံစေခဲ့တယ်။

ကြည့်ပါအုံး။ တကမ္ဘာလုံးက အံ့သြငေးမောလို့။ အဆင့်တန်းမြင့်လှတဲ့ လှပတဲ့ ငြင်းဆန်မှု။ မိုးတွေ သည်းသည်းရွာနေတဲ့ကြားမှာ..။ သေနတ်တွေ ချိန်ထားတဲ့၊ သံဆူးကြိုးတွေကာထားတဲ့ ကြားမှာ..။ ဆွမ်းလေးတနပ် မ၀တ၀ စားလို့ သတ္တ၀ါအပေါင်းကို မေတ္တာပို့လို့..။ လမ်းတွေအားလုံး ရွှေဝါရောင် လွှမ်းလို့လေ..။

ဒါကမှ ဒို့ ကိုးကွယ်တဲ့ ဘာသာ။ မေတ္တာဓာတ်နဲ့ လွှမ်းခြုံလို့လေ..။ ဒါကမှ ဒို့ မြန်မာ။ ယဉ်ကျေးတဲ့ ညီညွတ်မှုနဲ့လေ..။ ကိုယ့်ကို ကျွေးတဲ့ မြန်မာပြည်သူ ပြည်သား တကာ၊ တကာမတွေရဲ့ ကျေးဇူးကို သိတတ်၊ အလေးအနက်ပြုသောအားဖြင့်..၊ သူတို့ရဲ့ ဒုက္ခကို စာနာသော အားဖြင့် မေတ္တာပို့ အေးချမ်းစေရပါတယ် တဲ့။ ဒီလိုနဲ့ ကိုယ်တို့တတွေရင်ထဲက ဘုရားသာသနာကို အဓွန့်ရှည်စေခဲ့ပါတယ်။

ကိုယ်တို့မိဘတွေက ပြောခဲ့တယ်။ လောကမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဆိုတဲ့ အနန္တော၊ အနန္တ (၅)ပါးကို ဘယ်တော့မှ စိတ်နဲ့တောင် မပြစ်မှားလေနဲ့ တဲ့။
အခုတော့..မကြုံဖူးတာတွေ ကြုံကြရပြီ။ လူတွေ ဖိနပ်ချွတ်ပြီးမှတောင် ၀င်ခွင့်ရှိတဲ့ ဘုရားရိပ်၊ တရားရိပ်တွေကို သူတို့ စစ်ဖိနပ်တွေနဲ့ ၀င်ပြီး သူပုန်စခန်းလို ၀င်ရောက် ရက်စက် အကြမ်းဖက်ခဲ့ကြပြီ။

မမြင်ဖူးတာတွေ မြင်ကြရပြီ။ ကမ္ဘာ့သတင်းဌာနတွေက သာသနာ့အလံကို စွဲစွဲမြဲမြဲ ကိုင်ထားတဲ့ ကိုယ်တော်တွေကို စစ်သားတွေက ရိုက်နှက် ကန်ကြောက်နေတာတွေ အကြိမ်ပေါင်းများစွာ ထုတ်လွှင့်ပြသခဲ့ကြပြီ။

မကြားဖူးတာတွေ ကြားကြရပြီ။ ဟေ့ လိမ်မော်သီး လာစမ်း။ ဘယ်သွားမလို့လဲ။ သွား..၊ ဟို နားက နေပူထဲမှာ ဒူးတုပ် သွားထိုင်နေစမ်း တဲ့။ အဲဒါ ကိုယ်အမွန်အမြတ်ထားတဲ့ ဘုရားသားတော် တွေကို ပြောတဲ့ စကားတဲ့လား။

အဲလိုအချိန်မှာ ကိုယ် အဖေ့ကို မတူသော သတိရခြင်းနဲ့ ပထမဆုံးအကြိမ် သတိရမိပါတယ်။ အဖေကြီးရေ..၊ အဖေ ဒါတွေ မမြင်လိုက်ရတာ အင်မတန် ကံကောင်းပါတယ်။ နို့မို့ဆို အဖေ့ အသည်းနှလုံးတွေ နုံးကြေကြရလိမ့်မယ်။ မေတ္တာအစား မုန်းတီးရွံရှာရလိမ့်မယ်။ ငါချစ်တဲ့ပြည်ကိုတော့ မိစ္ဆာတွေ အုပ်စိုးကြလေပြီလို့ ငိုကြွေးမိရလိမ့်မယ်။

အဖေ သိတော့ သွားခဲ့ပါတယ်။ ဒါကြောင့်လဲ ဒီကဗျာလေးကို စပ်ခဲ့တာ ဖြစ်မှာပေါ့။ ၂၀၀၀ ခုနှစ်က စပ်တဲ့ ကဗျာတပုဒ်ကို ဒီနေ့မှာ အမှတ်တရ ပြန်ဖော်ပြချင်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။


စစ်ကို မလိုပါ

စေတီ တန်ဆောင်း
ဂူကျောင်း ပြာဿဒ်တွေမှာ
စစ်ဖိနပ်နဲ့ တက်နင်းတော့
ခံပြင်းတဲ့ ဒဏ်ရာ
ရင်တွင်းက အနာ။

စေတီပုထိုးတွေရှိရာ
မေတ္တာမိုးရွာသင့်ပါလျက်
မသမာတဲ့ စိတ်ဓာတ်
လက်နက်ကိုင်တပ်တွေက
အထွတ်အမြတ်နေရာခင်းတော့
ခံပြင်းတဲ့ဒဏ်ရာ
ရင်တွင်းက အနာ။

ငါတို့ မြန်မာနိုင်ငံ
စစ်မှန်တဲ့ မေတ္တာနဲ့ တည်ဆောက်ရင်
ပြီးမြောက်အောင်မြင်ရာမှာ
စစ်တပ်ခင်းပြီး
စစ်ဖိနပ်နဲ့ နင်းဖို့ မလိုပါ။

တင်မိုး
၂၉၊ ၂၊ ၂၀၀၀

ရင်ထဲက အနာတွေ မရှိဘဲ အဖေ အေးချမ်းပါစေတော့။ ။

မိုးချိုသင်း

Monday, September 15, 2008

စကား ဘယ်လိုပြောကြသလဲ

ဒီနေ့တော့ စကားတွေ ပြောကြတာနဲ့ ပတ်သက်ပြီး ကိုယ်စဉ်းစားမိတာလေးတွေ ရေးကြည့်မလို့ပါ။
လူတွေ တယောက်နဲ့တယောက် ပြောဆို ဆက်ဆံကြတဲ့အခါ ပြောတဲ့စကားက ဘာကို ဆိုလိုသလဲဆိုတာ သိမှ နားထောင်တဲ့လူက ပြန်ပြော၊ ပြန်ဖြေနိုင်တာမျိုး မဟုတ်လား။ အဲဒီတော့ လူတွေက စကားပြောကြပြီဆိုရင် သူ့စတိုင်နဲ့သူ၊ သူ့ဝသီနဲ့သူ ပြောတတ်ဆိုတတ်ကြတယ်လေ။ အဖေ့မိတ်ဆွေတွေထဲမှာကို စတိုင်အမျိုးမျိုးနဲ့ အများကြီးတွေ့ရတယ်။

တချို့ကျတော့ စကားစ ပြောရင် သမိုင်းနဲ့ ချီတယ်။ တကယ့်လိုရင်းက ခုနကလေးတင် ဖြစ်သွားတဲ့အကြောင်း ပြောမလို့။ ဒါပေမဲ့ အစချီတော့ ဘိုးတော်ဘုရား လေးဖက်သွားတဲ့ ခေတ်ကနေ စ ပြောတယ်။ အဲဒီတော့ နားထောင်ရတဲ့လူက focus တွေ ဝေ ၀ါးကုန်တယ်။ သူပြောချင်တာ သမိုင်းကို ပြောချင်တာ ထင်တယ်တို့ ဘာတို့ ဖြစ်ကုန်တယ်။ အပျိုး များသွားတယ် ဆိုပါတော့။

တချို့ကျတော့လဲ ကျောင်းဆရာလုပ်လာတာ နှစ်ကြာလာတော့ အရိုးစွဲသွားတာမျိုး ရှိတတ်သေးတယ်။ သူက နားထောင်နေတဲ့သူကို ပြန်မေးတာ။ ကျောင်းသားကို စာမေးသလိုမျိုး။ စကားတ၀က်မှာ ရပ်ပြီး အဲဒီတော့.. ဘာဖြစ်သလဲ..တဲ့။ အဲဒီအခါ နားထောင်နေတဲ့ကိုယ်က စကားထောက်ပေးရတော့တာ။ သူက ဒီလို ဖြတ်ဖြတ်မေးနေတော့ သူ့စကားကို အမြဲစူးစိုက်နေမှကို ဖြစ်တော့မယ်လေ။ ဒါမှ ထောက်လို့ ရမှာပေါ့၊ ဟုတ်ဖူးလား။

ကိုယ်တို့မိဘတွေက ဆရာ၊ ဆရာမ အသိုင်းအ၀ိုင်းဆိုတော့ ဒါမျိုးတွေ ခဏခဏ ကြုံရတတ်တယ်။ အကျင့်ကြီးကို ပါနေတာပါလေ။ အဲဒီလို လူမျိုးတွေနဲ့တွေ့ရင်တော့ ကိုယ်တို့က မအောင့်နိုင်ဘဲ အရယ်သန်သူပီပီ သူ့ရှေ့မှာပဲ တခွိခွိ နဲ့ ရီမိတော့တာပဲ။ ပြောတဲ့သူကတော့ ဘာကို ရီမှန်းမရိပ်မိလို့ အံ့သြလို့။ သူ့အဖို့တော့ ဘာမှ မထူးဆန်းဘူးလေ။ နိစ္စဓူဝ ကျောင်းသားတွေကို စာသင်သလိုပဲ ပြောနေမိတာကိုး။
အဲဒီတော့ ဘာဖြစ်သလဲ သမီး..။
ခွိခွိ ခွိ ဘာမှ မဖြစ်ပါဘူး ဦး၊ ခွိ ခွိ..

အဖေ့မိတ်ဆွေ ဂီတဆရာတယောက်ကတော့ စကားကို တ၀က်ပဲ ပြောတယ်။ သူက အတွေးထဲမှာ ရှေ့က တ၀က်ကို ပြောပြီးသွားပြီ။ အဲဒီတော့ နောက်ဆုံးစကားလုံးလောက်ပဲ ပြောလိုက်တယ်။ နားထောင်ရတဲ့သူက တ၀က်တန်းလန်းကြီးနဲ့ ဘာကိုဆိုလိုမှန်း မသိ ဖြစ်ရတယ်။ ပြီးတော့ လူကလဲ ညင်သာယဉ်ကျေးလေတော့ အသံက တိုးတိုးလေး။ သူ တနာရီလောက် တိုးတိုး တိုးတိုးနဲ့ ပြောသွားရင် ကိုယ်တကယ်သဘောပေါက်တာက တလုံး နှစ်လုံးလောက်ပဲ ဖြစ်နေတယ်။ တကယ့်သေရေး ရှင်ရေး ဆို ဒုက္ခ။

နောက်တယောက်ကတော့ ကိုယ်တို့မိသားစုနဲ့ အရမ်းခင်တဲ့ ပန်းချီဆရာ။ သူကတော့ စကားပြောရင် subject တွေ အကုန် ဖြုတ်ခဲ့တယ်။ verb လောက်ပဲ ပြောတယ်။ ဥပမာ..

“အဲဒီတော့ … ဖြစ်တယ်၊ ဖြစ်တယ်”
“ဘာဖြစ်တာလဲ ဦး၊ ဘာတွေ ဖြစ်ကုန်တာလဲ”
“အော်..မြို့ထဲမှာ အရေးအခင်းတွေ ဖြစ်တာကို ပြောတာပါ”
“ဟင် ဟုတ်လား၊ ဘယ်နားမှာလဲ”
“ရှိတယ် ရှိတယ်..”
“ဘာရှိတာလဲ ဦး”
“အော်..ထောက်လှမ်းရေးတွေ ရှိနေတာကို ပြောတာ သမီး”
“အဲဒီတော့ ဘာဖြစ်ကုန်သလဲ ဦး”
“ပါကုန်တယ် ပါကုန်တယ်..”
“ဘာလဲ ကျောင်းသားတွေ ပါကုန်တယ် ပြောတာလား”
“အေး ဟုတ်တယ်၊ ပါကုန်တယ်”

ကဲ စဉ်းစားသာ ကြည့်ကြပါတော့ အရပ်ကတို့။ အဲလိုမျိုးနဲ့ ကိုယ်သိချင်တဲ့ သတင်းကို မေးနေရတာပါ။ တကယ်တော့ သူက မြို့ထဲက ပြန်လာတာမို့ ကိုယ်တို့ကို ဒီသတင်း ပြောပြချင်လွန်းလို့ အပြန်မှာ အိမ်ကို ၀င်လာတာ။ သူက အခုလို verb လေးတွေပဲ ပြောတဲ့အခါကျတော့ စကားတခု လိပ်ပတ်လည်ဖို့ ပဟေဠိဖော်နေရသလိုပါ။

ဒါနဲ့ ကိုယ်လဲ ဒီလိုအသိုင်းအ၀ိုင်းမှာ ကြီးပြင်းခဲ့ရတော့ စကားပြောရင် သတိထားပါတယ်။ ကိုယ်ပြောတာ သိပ်ရှည်နေမလား၊ မြန်မြန်ဖြတ်တယ်။ နားထောင်တဲ့သူ စိတ်ဝင်စားရဲ့လား အကဲခတ်တယ်။ အဆုံးတွေချည်း မပြောမိဖို့လဲ ဂရုစိုက်ပါတယ်။

ဒါပေမဲ့ အခုတလော ကိုယ်က ဟိုတွေး ဒီတွေးနဲ့မို့ စကားတွေလဲ ဟိုဒီရောက်ကုန်တယ် ထင်ပါ့။ စကားတွေကို မှတ်မိတဲ့အချိန်၊ သတိရတဲ့အချိန်မှ ထ ပြောတတ်တာပါ။ ကိုယ့်ဒဏ်ကို ကိုယ့်အမျိုးသား ခံနေရတယ် ဆိုပါတော့။
ညနေခင်း အလုပ်တွေဘာတွေပြီးလို့ အေးအေးလူလူ ပြန်လာကြတော့..သီချင်းလေး နားထောင်နေတုန်း..

“အဲဒီပစ္စည်း မပို့လို့ မဖြစ်ဘူးနော်”
“ဘာပစ္စည်းလဲ၊ ဘာကို ပြောနေတာလဲ ချိုသင်း”
“အော် မနက်က ဟိုလူ မှာထားတာလေ၊ ပို့ရအုံးမယ် ပြောတာ”
“အေးပါ သိပါတယ်။ ချိုသင်းဟာက ဘာမှန်းမသိ၊ အမြီးမပါ ခေါင်းမပါ နဲ့။ တယ်ခက်ပါလား။”

“ဟိုကိစ္စကြီး လုပ်ပြီးပြီလား”
“ဘာကိစ္စကြီးလဲ၊ လုပ်လာပြန်ပြီ” (သူက ခေါင်းကို တွင်တွင်ကုတ်ပါတယ်)
“ဟိုကိစ္စကြီးဟာလေ..၊ သူပဲလုပ်ပေးမယ် ပြောပြီးတော့..။”
“အေးလေ၊ ဘာကိုပြောနေတာလဲ လို့ မေးနေတာ။”
“အော်..ဖုန်းဆက်ရမဲ့ ကိစ္စလေ။”
“သိပြီ သိပြီ။ အဲဒီလိုလေးဘာလေး ထည့်ပြောစမ်းပါကွာ..။”

“အကိုရေ အရမ်းအရေးကြီးတယ်၊ သွားယူရမယ်နော် မမေ့နဲ့”
“ဘာသွားယူရမှာလဲ ဘာအရေးကြီးတာလဲ”
“အော် ဆေးသွားယူပေးဖို့လေ၊ မေ့နေမှာစိုးလို့ သတိပေးတာ”
“မင်းဟာက အလယ်သားချည်းပဲ ပြောနေပါလားကွ”

ဟိုး..ရှေးရှေးတုန်းက တဲ့။ ဘုရင်ကြီးက အမတ်ကြီး ဦးပေါ်ဦးကို မေးတော်မူတယ် တဲ့။ အမတ်ကြီး၊ ကမ္ဘာပေါ်မှာ ဘယ်ဥက အဆိမ့်ဆုံးလဲ တဲ့။ အမတ်ကြီးက ပြန်ဖြေတယ်။ လိပ်ဥ ပါဘုရား တဲ့။ ဘုရင်ကလဲ ဘာမှ ပြန်မပြောဘူး။ ဆိတ်ဆိတ်နေတယ်။ အမတ်ကြီးကလဲ သူ့ memory chip လေးထဲမှာ ထည့်ထားလိုက်ရတာပေါ့။ နောက်တခါ သူပြန်မေးရင် အဆင်သင့် ဖြစ်နေအောင်လေ။

နောက် တော်တော်ကြီး ကြာမှ ဘုရင်ကြီးက တခြားစကားတွေ ပြောနေရင်းက ထ မေးတယ်။ အလယ်ကနေ ဖောက်မေးတာပါ။ ပေါ်ဦး သူ့ချည်းပဲလားဟေ့ တဲ့။ အဲဒီတော့ အမတ်ကြီးက သူ့ memory ထဲကနေ ကမန်းကတန်း ထုတ်လိုက်ပြီး ဆားနဲ့ပါ ဘုရား လို့ လျှောက်လိုက်တယ် တဲ့။ ဘုရင်ကြီးက ကျေနပ်သွားတာပေါ့။

အင်း..ကိုယ့်အမျိုးသားကိုလဲ အမတ်ကြီး ဦးပေါ်ဦးရဲ့ memory chip လေးတခုတော့ ၀ယ်ပေးအုံးမှပါ။

မိုးချိုသင်း

Sunday, September 14, 2008

အထင်လွဲခြင်း

အခုတလော စာမရေးဖြစ်ဘူး။ အလုပ်များနေတာလဲ ပါတယ်။ စိတ်မကြည်လင်တာလဲ ပါမယ်။ စိတ်မကြည်ရင် စာမရေးချင်ဘူး။ ဒါနဲ့ ဘလော့ဂ်လေးတွေ လျှောက်လည် ပြီးတာနဲ့ စာမရေးဘဲ စောင်လေးခြုံပြီး အိပ်တာပဲ။ အိပ်လို့ကောင်းလိုက်တာလဲ အရမ်းပဲ။

တကယ်တော့ စိတ်ညစ်စရာက ဘာမှ မယ်မယ်ရရ ရှိတာလဲ မဟုတ်ပါဘူး။ စိတ်လေနေတယ် ဆိုပါတော့။ ဒါနဲ့ ဟိုနားလျှောက်၊ ဒီနားလျှောက်နဲ့ grocery store တခုကို ၀င်ပြီး ကြည့်မိတယ်။ လူတွေက ၀ယ်လိုက်ကြတာ တိုးတိုးကြိတ်ကြိတ်။ discount ချတဲ့ ဈေးနှုန်း အနီကဒ်လေးတွေကလဲ နေရာ အနှံ့အပြားပဲ။

ဒါနဲ့ လျှောက်ကြည့်မိတော့ အရင်က ၆ကျပ် ၇ကျပ်တန် ပန်းကန်လုံးလေးတွေက ၃၇ ပြား တဲ့။ ၈၉ ပြား တဲ့။ အဲဒါနဲ့ ဟုတ်မှ ဟုတ်ရဲ့လားလို့ အသေအချာ မျက်လုံး ပွတ်ကြည့်ရသေးတယ်။ ငါ အိပ်ချင်မူးတူးများ ဖြစ်နေသလားပေါ့။ ဒါကြောင့် လူများနေတာကိုးလို့လဲ ချက်ချင်း သဘောပေါက်ပြီး ဆိုင်ပြုတ်ပြီထင်တယ်လို့ တဆက်တည်း ဆက်တွေးလိုက်တယ်လေ။

ဘာဖြစ်လို့ အဲဒီလိုတွေးရလဲဆိုတော့ အခု အမေရိကားမှာ စီးပွားရေးတွေ ထိုးကျနေတော့ အိမ်ဈေးတွေလဲ ပြုတ်ကျ၊ အလုပ်တွေလဲ အလုပ်သမားတွေ လျှော့၊ ဆိုင်တွေလဲ သိမ်းကြတာဆိုတော့ နေ့မြင် ညပျောက်လိုပဲ။ ဒီနေ့ ဒီဈေးဆိုင်မှာ ဈေးဝယ်လို့ကောင်းတုန်း နောက်တပတ် အဲဒီနားရောက်တော့ နောက်တဆိုင် ရောက်နေပြီ။ ဒါကြောင့် ကိုယ်လဲ အဲဒီလို ထင်လိုက်မိတာ။

ဒါနဲ့ ဘေးနားမှာ ပစ္စည်းတွေ ပြန်စီနေတဲ့ ဆိုင်က ၀န်ထမ်းကို "နင်တို့ဆိုင် ပြုတ်လို့ အကုန် လျှော့ဈေးချနေတာလား" လို့ မေးလိုက်မိတယ်။ ဘာမှ မဟုတ်ပါဘူး။ စပ်စုချင်တာကြောင့် စကားရောဖောရော လုပ်လိုက်တာပါ။ ၀န်ထမ်းက အံ့သြလို့။ ပြီးတော့ မျက်မှောင်ကြီး အတွန့်ချိုးပြီး season တခုကုန်ခါနီးလို့ sale ချတာပါ တဲ့။ ငါတို့ဆိုင် မပြုတ်ပါဘူး တဲ့။

ဖြစ်ရမယ်လေ။ ကိုယ်က ဘာမှ သေချာ မသိဘဲနဲ့ အဲဒီလို အထင်နဲ့ ပြောလိုက်တော့ သူလဲ သူ့ဆိုင်ကို မဦးမချွတ် ဒီလိုပြောရပါ့မလားလို့ စိတ်ဆိုးသွားတာ ဖြစ်မှာပေါ့။ ကိုယ်လဲ ရယ်ကြဲကြဲနဲ့ ဆောရီးပြောပြီး အသာလစ်ထွက်ခဲ့ရတယ်။ သူ ရိုက်မထုတ်ခင်..။

ဒါနဲ့ လောကကြီးမှာ အထင်နဲ့ ပြောတာဟာ သူများကို ထိခိုက်စေတဲ့အပြင် ဘယ်သူမှလဲ အကျိုးမရှိဘူးလို့ စဉ်းစားမိတယ်လေ။ ဒါကြောင့်မို့ နားလည်မှုလွဲတဲ့ misunderstanding ဆိုတဲ့ စကားလုံးကြီးကို ကိုယ်တို့ နေရာတကာ တွေ့ နေရတာပေါ့။

မစိမ်းတစိမ်း၊ မကျက်တကျက်တွေနဲ့တင် မဟုတ်ဘဲ တခါတလေ ချစ်ခင် ရင်းနှီးကြတဲ့ သူတွေကြားမှာလဲ သူက ဘွားကနဲ ပေါ်လာတတ်တယ်။ ကိုယ်က ဒီလိုထင်တာ၊ သူက ဒီလိုပြောတော့ ဆိုတဲ့ စကားတွေနဲ့ပဲ ရှုပ်ထွေးနေတတ်တယ်။ အဲဒါကြောင့် အစည်းအဝေးတွေ၊ စကားဝိုင်းတွေ လုပ်ရပြီး တယောက်နဲ့ တယောက် နားလည်မှုတွေ ညှိယူရလေ့ရှိပါတယ်။ ပြေလည်သွားရင်တော့ စိတ်ပေါ့ပါးပြီး ပျော်စရာ ကောင်းသွားတာပေါ့။

အဲဒီလို အထင်အမြင်လွဲကြတာတွေ၊ နားလည်မှုလွဲကြတာတွေက နေ့တဒူဝ ဖြစ်နေတော့ ကိုယ့်ဘ၀မှာလဲ ဒီလို ခဏခဏ ကြုံရတယ်။ အထုံးလေးတွေ ဖြစ်သွားလိုက်၊ နားလည်မှု ရသွားရင် ပြန်ပြေသွားလိုက်။ နောက်အထုံးတထုံး ကိုယ်က ထုံးလိုက်မိ၊ သူက ဖြေလိုက်။ သူက ထုံးလိုက်ပြန်၊ ကိုယ်က ဖြေလိုက်ပေါ့။ တခါတလေကျတော့ အထုံး ထုံးတမ်းများ ကစားနေတာလားလို့တောင် ထင်လိုက်မိသေး။ လွဲ လွဲနိုင်လွန်းလို့လေ။

တခါကတော့ သူများက နားလည်မှုလွဲတာကို ကိုယ်က သိသိကြီးနဲ့ ပြန်မဖြေဘဲ ငြိမ်ပြီး အရသာရှိနေတဲ့ အခါတွေ ရှိခဲ့ဖူးတယ်။
အဲဒီတုန်းက ကိုယ်က မလေးရှား Johor Bahru မှာ နေစဉ်ကပေါ့။ မနက်ဆိုရင် Singapore မှာ သွားပြီး ရုံးတက်ရတယ်။ ကိုယ့်အမျိုးသားက မလေးရှားကို ပြောင်းလာတော့ ကိုယ်အလုပ်မပြောင်းခင် စပ်ကြား စင်ကာပူကို နေ့တိုင်း ကူးနေရတာပေါ့။ မနက်သွား အလုပ်လုပ်၊ ည ဒီဖက် ပြန်အိပ်ပေါ့။

ကိုယ်က အဲဒီတုန်းက အိုက်တတ်တော့ အကျီ င်္လေးတွေ ၀တ်ရင် ပွပွလေးတွေချည်း ၀တ်တာ။ လူကလဲ ၀၀လေးဆိုတော့ သူများတွေက ဘယ်လို နားလည်မှုလွဲသလဲ မပြောတတ်ပါဘူး။ ကိုယ် ဘတ်စ်ကားပေါ်တက်လာပြီဆိုရင် ထိုင်နေတဲ့သူတွေ ထ ပြီး နေရာပေးကြတော့တာပဲ။

ပထမတော့ ကိုယ်လဲ အံ့သြမိတယ်။ နောက်တော့ ငါက အထုပ်အပိုးတွေ သယ်လာလို့ ဖြစ်မှာပေါ့လေ လို့ ထင်မိတယ်။ နောက်နေ့တွေမှာ စီးတော့လဲ ဒီအတိုင်းပဲ။ မထိုင်ပါဘူး ပြောလဲ မရ၊ လူတွေအများကြီးကို ကျော်ပြီး ကိုယ့်ကိုပဲ အတင်းထိုင်ခိုင်းတာ။ အဲဒီ မလေးလူကြီးက ပါးစပ်ကလဲ ပြောတယ်။ ဘေဘီ ဘေဘီ တဲ့။ ကိုယ့်ဗိုက်ကို လက်ညှိုးထိုးပြီးလေ..။ အော်..ဒါ့ကြောင့်ကိုး။

ကိုယ့်ကို ကိုယ်ဝန်ဆောင် အမျိုးသမီးထင်လို့ သူတို့က နေရာပေးနေတာကိုး။ ကိုယ်လဲ ကိုယ့်ဖာသာကိုယ် တော်တော်သဘောကျသွားတယ်။ ဘတ်စ်ကားကြီးပေါ်မှာ “မဟုတ်ပါဘူး မရှိပါဘူး” ငြင်းလို့လဲ မကောင်းတော့ သူများ နားလည်မှုလွဲတာကို ကိုယ်က ပျော်ပျော်ကြီး ကျေနပ်နေတာလေ။ ကောင်းလေစွ ကောင်းလေစွ ပေါ့။

ဒါနဲ့ ကိုယ့်ဘ၀မှာ အဖြစ်အပျက်တွေ တော်တော်များများ ကြုံဖူးတာမှာ သူများအထင်လွဲတာကို ပျော်ရတဲ့ အဖြစ်မျိုးလဲ ရှိပါသေးလားလို့ တွေးပြီး၊ ဒါလဲ အဆိုးထဲက အကောင်းပဲလို့ တွေးရပါသေးတယ်။

မိုးချိုသင်း

Wednesday, September 10, 2008

မီးခိုးကြွက်လျှောက်

ဒီနေ့ စာမရေးခင် သတင်းတွေ ထုံးစံအတိုင်း လျှောက်ဖတ်နေတာ။ ဖတ်ရင်းနဲ့ ဖတ်သမျှသတင်းက အကြောင်းအရာ တခုတည်းပေါ်မှာပဲ အခြေခံတယ်လို့ ထင်လာမိတယ်။ အထဲက အကြောင်းအရာတွေကို အသာထားလို့ ခေါင်းစဉ်လေးတွေကိုပဲ ကြည့်ပါအုံးလေ..

အရှင်ဂမ္ဘီရကို အမှုကြီး ၁၆မှုဖြင့် တရားစွဲထား..တဲ့။ မေတ္တာပို့ လမ်းလျှောက်တဲ့ ဘုန်းဘုန်းကို ဘာကြောင့်များ ဧရာမအမှုကြီးတွေ တပ်ရတာပါလိမ့်..။
လူဆိုးသူဆိုးများကိုသာ ဖမ်းရန်အကြောင်းရှိသည်၊ သတင်းထောက်များကို မဖမ်းပါနှင့်..တဲ့။ အဲဒီသတင်းက သတင်းထောက် တယောက်ကို ဖမ်းတဲ့အကြောင်း ရေးထားတာ..။
အင်တာနက်ကို အမိန့်အာဏာနဲ့ ပိတ်လို့ရမည် မဟုတ်.. တဲ့။ ဒီသတင်းက အင်တာနက်တွေ ပိတ်ဆို့လို့ ထွက်လာရတဲ့ သတင်းတပုဒ်..။

ဒါနဲ့ ဘာရယ်မဟုတ်ဘူး၊ ကိုယ်ငယ်ငယ်က ရေးဖြစ်ခဲ့တဲ့ ၀တ္တုတပုဒ်ကို သတိရတာနဲ့ ပို့စ်တင်ချင်စိတ် ပေါက်လာလို့ တင်ပေးလိုက်ပါတယ်။ ၀တ္ထုနံမည်က မီးခိုးကြွက်လျှောက် တဲ့။ ၁၉၉၃၊ ဇွန်လ၊ မြားနတ်မောင် မဂ္ဂဇင်းမှာ ပါခဲ့တာပါ။ ဆိုင်မဆိုင်တော့ မသိဘူးလေ..။
ဖတ်ကြည့်ကြပါအုံး။ လွန်ခဲ့တဲ့ ၁၅နှစ်က လက်ရာပါ။


မီးခိုးကြွက်လျှောက်

ကျနော်က ဦးဘသာရဲ့ ဒရိုင်ဗာ ကိုစံအေးပါ။ လွန်ခဲ့တဲ့ တနှစ်လောက်က စပြီး ဒီမှာ အလုပ်ဝင်ပါတယ်။ ကျနော် ဒီမှာလုပ်ရတာ ပျော်လား၊ ဟုတ်လား။ အင်း..ဘယ်လို ပြောရမှန်းတောင် ကျနော်မသိဘူး။ ဒါပေမဲ့ ဒီလို အလုပ်ရှင်မျိုး တခါမှ မတွေ့ဖူးတာတော့ အမှန်ပဲဗျ။

ခင်ဗျားတို့သိချင်ရင် ကျနော်ပြောပြဖို့ ၀န်မလေးပါဘူး။ မဟုတ်ဘူး၊ မဟုတ်ဘူး။ သူ လခ ကောင်းကောင်းပေးပါတယ်။ အဲဒီအတွက် ကျနော် စိတ်မဘစ်ပါဘူး။ ကျနော်စိတ်ညစ်ရတာက တခြားဗျ။ အဲ- အဲ..အခုကိစ္စပေါ့လေ။ အခုဖြစ်သွားတဲ့ ကိစ္စကြောင့် စိတ်ညစ်ရတာ။

ပထမဆုံး ကျနော်အလုပ်စ၀င်တဲ့ အကြောင်းလေး ပြောပြမယ်နော်။ တွေ့ဆုံပုံလေးက တကယ်သင်းတယ်။ ကျနော့်ကို ဦးဘသာရဲ့ မိတ်ဆွေ ကျနော့်ဆရာ ဦးထွန်းအေးက တဆင့် ဒီမှာ အလုပ်ဝင်ဖို့ လွှတ်ပေးလိုက်တာပါ။ ဆရာက ဦးဘသာအကြောင်း ဘာမှ ကျနော့်ကို မပြောဘူးဗျ။ သူနဲ့သိပ်ခင်တဲ့ သူငယ်ချင်းမို့ အဆင်ပြေအောင်နေဖို့ပဲ ပြောတယ်။ ဒါနဲ့ ကျနော် ဦးဘသာအိမ် ရောက်သွားတယ် ဆိုပါတော့။

ကျနော် သူ့အိမ်ကို မနက်စောစောပိုင်းမှာ ရောက်သွားသွားချင်း ဦးဘသာလို့ ထင်ရတဲ့သူကို ဧည့်ခန်းမှာ တွေ့ရတယ်။ ကံဆိုးချင်တော့ ဒေါသ အကြီးအကျယ် ပွနေချိန်ဗျ။ တအိမ်လုံး သူ့အသံတသံပဲ ဟိန်းနေတယ်။ အိမ်ဖော်အဒေါ်ကြီးကလဲ အရွယ်နဲ့ မလိုက်အောင် ကြောက်နေတယ်။ ကျန်တဲ့ အလုပ်သမားတွေကလဲ တန်းစီပြီး ခေါင်းငုံ့နေကြတယ်။ တကယ့် ပြဿနာပေါ့။ ပြဿနာဖြစ်တဲ့ မနက်ကြီးမှာမှ ကျနော်က ရောက်သွားမိတာ။

ဟာ ဖြစ်ပါ့မလား။ ကျနော်လဲ ပြန်လှည့်မယ် စိတ်ကူးတော့ ကျနော့် ကုတ်ချောင်းချောင်းပုံကို ဦးဘသာ မြင်သွားတယ် ထင်ပါတယ်။ “ခင်ဗျား ဘယ်သူလဲ၊ ဘယ်သူနဲ့ တွေ့ချင်လို့လဲ” တဲ့။ လှမ်းမေးတယ်။ ကျနော်က ဆရာဦးထွန်းအေးက လွှတ်လိုက်တဲ့အကြောင်း ဒီအိမ်မှာ ဒရိုင်ဗာလုပ်ဖို့ လာတဲ့အကြောင်း တရိုတသေပဲ ပြန်ပြောပြလိုက်ပါတယ်။

ဒီတော့မှ သူက ပြုံးတယ်ဗျ။ သူ့အပြုံးက နှစ်ခါပြန်ကြည့်ဖို့ မပြောနဲ့ တခါတည်းတောင် စိတ်ကုန်ချင်စရာကောင်းတဲ့ စပ်ဖြဲဖြဲ အီလည်လည် အပြုံးမျိုး။ အတော်ပဲ တဲ့။ တခါတည်း ပြောထားရမယ် တဲ့။ ခင်ဗျားက လူသစ်ဆိုတော့သိသေးမှာ မဟုတ်ဘူး တဲ့။ သူတို့ကို ကျနော် ဆူနေတာ ဘာကြောင့်လဲ ခင်ဗျား သိလား တဲ့။

ကျနော်ဘယ်မှာလာပြီး သိနိုင်မှာလဲ ခင်ဗျာလို့ ပြန်ပြောတော့ သူက တခါတည်း ဒေါသတကြီးပုံ ပြန်ဖြစ်သွားပြီး ဟောဒီ မီးခလုတ်ကို ဖွင့်ပြီး လျှောက်သွားနေလို့ တဲ့ဗျ။ အောင်မလေးဗျာ။ သူ့ကိစ္စက တကယ့် ရေးကြီးခွင်ကျယ်ပါလား။ မီးပေါ့ဆရင် အန္တရာယ် ဖြစ်စေမှန်း ကျနော်သိပေမဲ့ ဒီလောက် အချိန်လေးအတွင်းမှာတော့ ဒုက္ခရောက်မသွားနိုင်ဘူး လို့ ကျနော်ထင်ပါတယ်လေ။ အဲဒီကတည်းက ကျနော်ရိပ်မိသွားခဲ့ပါတယ်။ ကျနော်ဟာ ဂွကျကျ ကပ်သီးကပ်သပ် လူတယောက်ဆီမှာ အလုပ်ဝင်ရတော့မှာပါလား လို့ပေါ့။

ဦးဘသာရဲ့ အိမ်က တကယ့်ကို ခမ်းနားကြီးကျယ်ပါတယ်။ အဆောင်ဆောင် အခန်းခန်း တွေနဲ့ပါ။ ရှိုးကေ့စ်ထဲမှာလဲ ကျနော်တခါမှ မမြင်ဖူးတဲ့ ပစ္စည်းပစ္စယတွေ၊ အရုပ်သေးသေးလေးတွေ၊ ပန်းကန်လုံး ဆိုက်ဇ်စုံတွေနဲ့ သိပ်လှတာပဲ။ လှပေ့ဆိုတဲ့ ပန်းချီကားတွေဆိုတာ အခန်းတိုင်းမှာ။ ဒါတွေဟာ သူဆင်ထားတာ မဟုတ်ဘူးလို့ ကျနော် သိရတယ်။ တအိမ်လုံး လှပအောင်၊ အနုပညာဆန်အောင် လူအထင်ကြီးစရာ ဖြစ်အောင် အခကြေးငွေနဲ့ ငှားပြီး ပြင်ဆင်စေတာဆိုပဲ။ တကယ်တော့ သူဟာ ဒီပစ္စည်းတွေနဲ့ အဝေးကြီးမှာ တဲ့။ သူစိတ်ဝင်စားတာ ဒါတွေ မဟုတ်ဘူး တဲ့လေ။ ဘယ်လောက် အံ့သြဖို့ ကောင်းလဲ။

နောက်ပြီး ကျနော့်ကို အိမ်ဖော် ဒေါ်ခင်ကြီး ပြောပြထားတာ ရှိသေးတယ်။ ဦးဘသာဟာ သိပ်ချမ်းသာတာပဲ တဲ့။ ဒါတောင် ဒီတအိမ်တည်း ပိုင်တာ မဟုတ်ဘူး တဲ့။ ချမ်းသာတဲ့သူများ တကယ်ချမ်းသာရင် လိုက်မမီဘူးနော်။ မန္တလေးနဲ့ တောင်ကြီးမှာလည်း အိမ်တွေ ရှိသေးတယ်လို့ ပြောတယ်။ ဘာနဲ့ ဒီလောက်ချမ်းသာနေမှန်း ကျနော် သိဖို့ မလိုသလို ကျနော်ကလဲ မစပ်စုတတ်ပါဘူး။ ဒါပေမဲ့ ကျနော် မစပ်စုဘဲ မနေနိုင်လောက်အောင် ကလိကလိ နဲ့ အသည်းယားရတဲ့ ကိစ္စတခုတော့ရှိတယ်။ အဲဒါကတော့ မီးကြိုးတွေ၊ မီးခလုတ်တွေပါပဲ။

ဒီအိမ်ကြီးမှာ အထူးခြားဆုံးက မီးခလုတ်တွေပဲဗျ။ ဦးဘသာအိမ်က မီးခလုတ်မျိုး နောင်ဘ၀တွေမှာ မဖြစ်ပါရစေနဲ့လို့ ကျနော်တော့ ဆုတောင်းမိပါရဲ့။ တကယ်ပါ။ ခင်ဗျား မြင်ရင် ကျနော်ပြောတာ မလွန်ဘူးဆိုတာ သေချာသွားမယ်။

မီးမလုတ်တွေဟာ တကယ့်ကို မွန်းကြပ်ပြီး ပုံပန်း မကျမန ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပလာစတာတွေနဲ့ အထပ်ထပ်ကိုင်ထားလို့လေ။ မီးခလုတ်တွေတောင် မပီသရှာပါဘူးဗျာ။ အဲဒါ ဘာဖြစ်လို့လဲ ခင်ဗျား သိချင်သေးလား။ ဦးဘသာစကားအတိုင်း ကျနော်ပြောရရင် “ရှော့ခ် ဖြစ်မယ်ဗျ၊ ရှော့ခ် ဖြစ်မယ်။ ခင်ဗျား ဘယ်လောက်နားလည်လို့လဲ” တဲ့လေ။ ဟဲ..ဟဲ။

“ခင်ဗျားတို့ မီးခလုတ်တွေ၊ မီးကြိုးတွေ ငြိမ်နေလို့ အထင်သွားမသေးရဘူး။ သူတို့က အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ သေစေလောက်အောင် မီးခိုးကြွက်လျှောက် ဒုက္ခပေးနိုင်တဲ့ ပစ္စည်းတွေဗျ။ ခင်ဗျားတို့ မီးကြိုးတွေကို ကျုပ်တယောက်တည်း ကြည့်လို့ လုံလောက်ပြီ မထင်နဲ့။ ဒီအိမ်မှာ အလုပ်လုပ်တဲ့ လူတိုင်း မီးခလုတ်တွေကို ဂရုစိုက်ရမယ်။ မီးဖွင့်မယ်ကြံရင် အနားမှာရှိတဲ့ အ၀တ်နဲ့ ကိုင်ဖွင့်၊ အ၀တ်နဲ့ပိတ်၊ ဒါပဲ။ ဒီလိုမှမလုပ်လို့ ဓာတ်လိုက်ပြီး ရှော့ခ်ဖြစ်ရင် တအိမ်လုံး မီးခိုးကြွက်လျှောက် ဒုက္ခရောက်မယ်။ ကျုပ်ပစ္စည်းတွေ ဆုံးရှုံးမယ်။ ပြီးတော့ မီးပေါ့ဆမှုနဲ့ အိမ်ရှင်ဖြစ်တဲ့ ကျုပ်က ထောင်ကျမယ်။ ကဲ ကောင်းကြသေးရဲ့လား။”

သိပ်ကောင်းပါတယ်လို့ ကျနော် ပြန်ပြောချင်စိတ်ကို မနက်တိုင်း ထိန်းချုပ်ရတာ တကယ်ကို ပင်ပန်းပါတယ်ဗျာ။ ဒီလက်ချာဟာ တနေ့လည်း မဟုတ်ဘူး။ နေ့တိုင်း။ နေ့တိုင်းတောင် မနက်တိုင်း မကဘူး။ ရုံးသွားရုံးပြန် အားရင် အားသလို ပွစိပွစိ။

သူ့မှာ ဒီစကားပဲ ပြောစရာ ရှိပုံမျိုးပါ။ တနေ့တနေ့ တအိမ်လုံးရဲ့ မီးကြိုးတွေကို လိုက်စစ်နေရတာ သူ့မှာ အမော။ ဘယ်နေရာမှာ ပေါက်ပြဲနေပြီလဲ။ ဘယ်နေရာမှာ ပလာစတာ ကွာနေပြီလဲ။ ဘယ်ကလာ..ခင်ဗျားကလဲ။ မီးကြိုးတွေက သူ့ဖာသာသူနေတဲ့ ဥစ္စာ။ ဒီအိမ်မှာ လက်ဆော့တဲ့ကလေးလဲ မရှိဘူး။ ကုန်ကုန်ပြောရရင် မီးကြိုးကိုက်မဲ့ ကြွက်တောင် မရှိဘူး။ အလကား သူ့ဖာသာသူ အကြောက်ကြီးနေတာ။ တွေးကြောက်နေတာ။ ဟိုကဖြင့် အနေသာကြီး။

တခါကများ ပြောရရင် ရီချင်တယ်။ ကျနော်က ဦးဘသာကို ရုံးပို့ပြီးအပြန် မီးဖိုချောင်ထဲ တိတ်တိတ်လေး ၀င်လာတော့ ဒေါ်ခင်ကြီးက မိပုကို ပြောနေတယ်။ “ညက တချွတ်ချွတ်နဲ့ အသံကြားတော့ ချက်ချင်း မကြည့်ရဲဘူး။ သူခိုးကပ်တယ် အောက်မေ့တာ။ ဒါနဲ့ ချောင်းဟန့်ကြည့်တော့လဲ တချွတ်ချွတ်အသံက ပျောက်မသွားဘူး။ နောက်ဆုံးတော့ ငါလည်း တံခါးပေါက်က ချောင်းကြည့်လိုက်တော့ လား လား ဘယ်သူထင်သလဲဟေ့ မိပု” (မိပုရော ဒေါ်ခင်ကြီးပါ ကြိုသိထားတဲ့အလား တခွိခွိရယ်နေကြတယ်)

“ဘယ်သူရှိရမလဲ၊ အကြောက်ကြီး လေ။ (ဦးဘသာကို ကွယ်ရာမှာ အလုပ်သမားတွေက ဒီလိုပဲ ခေါ်ကြတယ်။) ဘာလုပ်နေတာလဲ သိလား။ မီးခလုတ်တွေတင် မကဘူး။ အခု မီးကြိုးတွေပါ ညသန်းခေါင် ပလာစတာ လိုက်ကပ်နေတာဟေ့။” သူတို့ပြောမှ ကျနော်လဲ မီးကြိုးတွေ မော့ကြည့်မိတော့ ပလာစတာ အနီအ၀ါလေးတွေနဲ့ တွေ့ရတာကိုး။ သူတို့က အတောမသတ်နိုင်အောင် ရယ်နေကြတော့ ကျနော်လည်း ပုန်းနေရာကနေ ဟိတ် ဆိုပြီး ခြောက်လိုက်တာပေါ့။ နှစ်ယောက်စလုံး အကြောက်ကြီး..အဲလေ..ဦးဘသာထင်လို့ လန့်သွားကြတာ ဒေါ်ခင်ကြီးဆို ကြောက်သေးတောင် ပါချတယ်.. ကဲ။

တကယ်တော့ ကျနော်တို့ အဲဒီကတည်းက ဆရာဝန်တွေ ဘာတွေနဲ့ တိုင်ပင်ဖို့ ကောင်းမှန်း သိပါတယ်ဗျာ။ ဒါပေမဲ့ အခြေအနေက ခင်ဗျားပဲ စဉ်းစားကြည့်လေ။ သူက အိမ်ရှင်၊ အလုပ်ရှင်။ ကျနော်တို့က အလုပ်သမား။ ဖြစ်မလားဗျ။ ကျနောတို့ ကိုယ်တိုင်က သူလို အလုပ်ရှင်အောက်မှာ လုပ်နေရတာ ရှေးဘ၀ ၀ဋ်ကြွေးလို့ပဲ အောက်မေ့လိုက်ပါတယ်လေ။

ကျနော်တို့ အလုပ်မဆင်းရဲပါဘူး။ ဦးဘသာက တယောက်တည်း သမားလေ။ ဒါပေမဲ့ စိတ်ဆင်းရဲရတယ်။ စကားမစပ်သူက အပျော်အပါးတော့ အတော်လေး လိုက်စားတဲ့သူနော်။ ကျနော်က သူ့ဒရိုင်ဗာမို့ တခြားအလုပ်သမားတွေထက် ဒီအကြောင်းပိုသိတယ်။ ဒီလို စည်းစိမ်လေးတွေ လိုချင်လို့လဲ တကိုယ်တည်းနေသလားမှ မသိနိုင်ဘဲ။ နောက်ပြီး ဒီလောက်ချမ်းသာနေတာတောင် မကျေနပ်နိုင်ဘဲ ထပ်ထပ်ကြံဖန်နေတာကတော့ သူ့လောဘ မီးနဲ့ တူပါတယ်ဗျာ။ ကျနော်နဲ့ သိပ်မဆိုင်လှပါဘူး။

ကျနော်လည်း ကျနော့်ဆရာ ဦးထွန်းအေးမျက်နှာနဲ့ ကြိတ်မှိတ်ပြီး နေခဲ့ပါတယ်။ တအိမ်လုံး မီးခလုတ်တွေတင်မကဘဲ မီးကြိုးတွေပါ လူနာတွေလို ပလာစတာနဲ့ ဖြစ်ကုန်တော့ သူအကြောက်ကြီးမှုဟာ ကျနော်တို့အပေါ် တော်တော် ထိခိုက်နေတယ်ဗျာ။ အိမ်ကြီးမှာနေရတာ လူမချမ်းသာ၊ စိတ်လည်း မချမ်းသာနဲ့ပါလား။ သူများလည်း ဒီလိုပဲ နေနေကြတာပဲ။ သာမန်ပေါ့ဗျ။ ဒီလောက် အပြင်းအထန် ရှော့ခ်ဖြစ်မှာ ကြောက်နေဖို့ မလိုဘူးလေ။ သူကပြောတော့..ဘာတဲ့၊ တနေရာက စဖြစ်ရင် အကုန်လုံး မီးခိုးကြွက်လျှောက် တဲ့။ အခုတော့ ရှော့ခ် ဆိုတဲ့စကားကို သူ့စိတ်မလုံခြုံတိုင်း ကျနော်တို့ ကြားနေရတာပဲ။

အခုဖြစ်ပုံက ဒီလိုပါ။ ကျနော်လဲ သူ့အနားမှာ ရှိနေချိန်ပါ။ သူခိုင်းဖို့ ကျနော့်ကို ခေါ်ထားပါတယ်။ သူက ကျနော့်ကို စကားလှမ်းပြောရင်း ဗီဒီယို ခလုတ်ကို သွားဖွင့်လိုက်တယ်ဗျ။ အဲဒီမှာ ပြဿနာက စ တာပဲ။ ဟင့်အင်း..၊ သူစိုးရိမ်နေတဲ့ မီးကြိုးတွေ မီးခလုတ်တွေက မဟုတ်ပါဘူး။ သူဘယ်လိုမှ မျှော်လင့်မထားတဲ့ တီဗီအနောက်ဖက်ကပါ။

ပထမ မီးပွားတွေ ဖြောင်း ဖြောင်းဆိုပြီး နှစ်ချက်ဆင့် ပွင့်ထွက်လာတာ ကျနော်တွေ့လိုက် ရတယ်။ တအိမ်လုံးလည်း မီးတွေ ငြိမ်းသွားတယ်။ ဦးဘသာလည်း ပထမတော့ အံ့အားသင့်နေတယ်။ ပြီးမှ “သွားပြီဗျ၊ သွားပြီ။ ရှော့ခ် ဖြစ်ပြီ၊ ကယ်ကြပါအုံး”လို့ အော်ပြီး ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ပြီး အခန်းထဲ ပတ်ပြေးတော့တာပါပဲ။

ကျနော် ဦးဘသာကို လိုက်ဆွဲပါသေးတယ်။ ဒါပေမဲ့ သူက “မီး-ခိုး-ကြွက်-လျှောက်၊ မီး-ခိုး-ကြွက်-လျှောက်” ဆိုပြီး ပတ်ပြေးနေတော့ တော်တော်နဲ့ ဖမ်းမမိဘူး ဖြစ်နေတာ။ နောက်မှ ဘုန်းကနဲ ဆက်တီပေါ် ပစ်ကျသွားတယ်။ မီးပွားကလဲ ခဏလေးပါ။ တကယ့်ကို သုံး လေးချက်ပါ။ ဒါပေမဲ့ ဦးဘသာကတော့ လုံးဝ သတိမလည်လာတော့ဘူးလေ။ ဒါနဲ့ ကျနော်တို့လည်း ဖုန်းတွေ အကုန်လျှောက်ဆက်ပြီး ဆေးရုံပို့လိုက်ရပါတယ်။

အခုတော့ သူ့ဆွေမျိုးတွေက ဦးဘသာ ရူးသွားတဲ့ကိစ္စမှာ မကျေနပ်ကြဘူးတဲ့လေ။ သွေးရိုး သားရိုးလို့ မထင်ကြဘူးဗျ။ ဘယ်တတ်နိုင်မှာလဲ။ ကျနော်တို့ အလုပ်သမားတွေ အားလုံးကိုလဲ အလုပ်ကဖြုတ်ပစ်လိုက်တယ်။ အကောင်းပကတိကြီးကနေ ခုလို သွက်သွက်ခါအောင် ရူးသွားတော့ သူတို့ မယုံနိုင်ကြဘူး ဖြစ်နေတယ်။

တကယ်တော့ ဒါ ဆန်းမှ မဆန်းဘဲ။ ဦးဘသာ ရူးသွားတာ ရူးသင့်လို့ရူးသွားတာပဲ လို့ သူနဲ့ အနီးကပ်ဆုံး ဖြစ်တဲ့ ကျနော်တို့ အလုပ်သမားတွေက သိနေတယ်။ ဦးဘသာရဲ့ ဘယ်အလုပ်သမားကို မေးမေး၊ အခု ကျနော်ပြောသလိုပဲ ပြောမှာပဲ။

ခင်ဗျားတို့ထင်သလို သွေးရိုးသားရိုးကိစ္စ ဟုတ်ချင်ဟုတ်မယ်၊ မဟုတ်ချင် မဟုတ်ဘူး။ ဒါ ကျနော်မပြောတတ်ဘူး။ သိလည်း မသိဘူး။ သေချာတာ တခုတော့ ရှိတယ်။ အဲဒါက ဘာလဲဆိုရင် ဦးဘသာတယောက် အကြောက်လွန်ပြီး ရူးသွားတယ် ဆိုတာပါပဲဗျာ။ ။

မိုးချိုသင်း
(အပေါ်က သရုပ်ဖော် ပန်းချီက ပန်းချီဆရာ အောင်အောင်တိတ် ဆွဲတာပါ။ ပွင့်သစ် မဂ္ဂဇင်း အဖုံးအဖြစ် တခါ အသုံးပြုခဲ့ဖူးပါတယ်။)

Tuesday, September 9, 2008

အသက် ဆိုသည်မှာ..

အသက်အကြောင်း မတန်ခူး က ရေးလာတော့ အသက်ကို မကွယ်ဝှက်တတ်သူပီပီ “ကျမ အသက် ၃၈ ၊ ခစ် ခစ် ခစ်” တဲ့။ ပြီးတော့ ကိုယ့်ကိုလဲ သူ့ထက်ကြီးတယ်ထင်ပြီး အမ ခေါ်မိတာ တောင်းပန်နေသေးတယ်။ ကိုယ်ကလဲ မတန်ခူးကို မမြင်ဖူးပေမဲ့ ခင်နေတော့ သူငယ်ချင်းတွေနဲ့သာ အတူသွားရရင် ဘယ်ကိုမဆို လိုက်မယ်ဆိုတဲ့ စိတ်က ရှိပြီးသားမို့ သူဖော် ကိုယ်ဖော်ဆိုပြီး ကိုယ့်အသက်ကိုပါ ကွန်မန့်သွားရေးပစ်လိုက်တယ်။

တကယ်တော့ ကိုယ်က အမထက် ၁နှစ်ပဲ ငယ်တာပါ လို့။ အဲဒီလို ကွန်မန့်မရေးခင်လဲ စဉ်းစားသေးတာ။ အမ သူ့ အသက်အမှန်ကို ရေးထားတာကို ၃ ဂဏန်း မှာ အောက်က အချောင်းလေး သွားဖြုတ်ပြီး ၁ လိုလို သွားလုပ်ထားရ ကောင်းမလားလို့ပါ။ ဒါဆို မတန်ခူးက ၁၈၊ ကိုယ်က တနှစ်ငယ်တယ်ဆိုထားတော့ ၁၇ နှစ် ပေါ့။ ဟန်ကိုကျလို့..၊ စိတ်ကူးထဲမှာ ပြောပါတယ်။

နောက်တော့ သူ့ ပို့စ်ကို ကိုယ်ဝင်ပြင်လို့ မရတာနဲ့ ၁ ပြင်မဲ့ အစီအစဉ် လက်လျှော့ လိုက်ရတယ်။ ရှိပါစေတော့လေ ဆိုပြီး။ လောကကြီးက အစိုးမရတာတွေလဲ ကြာလေ သိလေပဲ ဆိုပါတော့။

အသက်ဆိုတာ သူ့ဖာသာသူနေပေမဲ့ အဒီအသက်ကိုပဲ သွား သွား ခလုတ်တိုက်နေရတယ်။ ဘာကိုမဆို ကိုယ့်အသက်အရွယ်နဲ့ သင့်တင့်လျောက်ပတ်တာ မလုပ်ရင်၊ မပြောရင်၊ မနေထိုင်ရင် သူများ ပြောစရာ ဖြစ်မှာမို့ ဆင်ခြင်ရတာတွေ ရှိတယ်။ သူများတော့ မသိဘူး၊ ကိုယ်တော့ အဲဒီလို အဖြစ်အပျက်မျိုးတွေ ကြုံဖူးတယ်။

ပထမဆုံး အသက်အကြောင်း စဉ်းစားမိတာ မှတ်မိသလောက် ဆယ်တန်းရောက်မှ ထင်တာပဲ။ အိမ်မှာတော့ အငယ်ဆုံးမို့ ငယ်ငယ်က တအိမ်လုံးက မီးမီးလေး၊ မီးချိုလေး နဲ့ ချစ်စနိုးခေါ်ကြတာ။ ကိုယ်က ချူချာသူမို့ ၀ိုင်းပြီး ဂရုစိုက်ကြတာလဲ ပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို မီးမီးက..လို့ ပြောတာ အကျင့်ပါသွားတယ်။

ဆယ်တန်းရောက်တော့ တနေ့ အဖေ့ကို စကားပြောရင်း မီးမီးက မီးမီးက နဲ့ ပြောနေတော့ အဖေက ပြောပါတယ်။ သမီး၊ မီးမီးလို့ ကိုယ့်ကိုယ်ကို မပြောနဲ့တော့ တဲ့၊ သမီးလဲ အရွယ်ရပြီ၊ သူများတွေနဲ့ စကားပြောရင် နံမည်ဖြစ်ဖြစ် တပ်ပြောလေ..တဲ့။ အဲဒီမှာ အရင်က ကိုယ့်ကိုယ်ကို သတိမထားမိတာ ချက်ချင်း ဂရုပြုမိသွားတယ်။ ကိုယ်မထင်တဲ့ အပြုအမူက ကလေးဆန်သလို ဖြစ်နေတာကိုး။ အဲဒီကစလို့ အသက် ဆိုတာကို ထည့်တွက်ရမှာပါလား လို့ နည်းနည်းရိပ်မိလာတယ် ထင်တာပဲ။

နောက်တော့ အဖေပြောတာ မှန်တယ်ဆိုတာ သိလာတယ်။ တခါက အသက် ၅၀ကျော် အမျိုးသမီးတယောက်ရယ်၊ သူ့သမီးလေး တယောက်ရယ် အဖေနဲ့ စကားပြောနေကြတာ ဘေးကနားထောင်နေတုန်း မီးကလေ မီးကလေ နဲ့ ပြောနေတော့ သူ့သမီးကို ပြောနေတယ် မှတ်တာ၊ ဘယ့်နှယ်ဟုတ်ရမှာလဲ၊ သူ့ကိုယ်သူ မီးကလေ လို့ ပြောနေတာ။ အဲဒါနဲ့ နားထောင်ရတာ မသင့်တော်မှန်း သိလို့ ငါ ဒီလိုမဖြစ်တာ တော်ပါသေးရဲ့ ဖြစ်ရတယ်။

အသက်ကို ကြည့်လို့ အခေါ်အဝေါ်ကလဲ အရေးကြီးသေးတယ်။ ကိုယ်ထက် သိပ်မကြီးရင် အကို၊ အမ၊ မမ ပေါ့။ ငယ်ရင်တော့ ညီမ၊ မောင်လေး၊ သိပ်ငယ်ရင် သမီး၊ သားလို့လဲ အခုအရွယ်မှာ ခေါ်နေရပါပြီ။ ရန်ကုန်မှာနေတုန်းက ကိုယ်တို့အိမ်မှာ လာနေ၊ အလုပ်လုပ်တဲ့ ကောင်မလေးက ကိုယ့်ထက် ၅ နှစ်လောက်ပဲ ငယ်ပေမဲ့ ကိုယ့်ကို ခေါ်တာ အံတီ တဲ့။ တော်တော် အောင့်သွားတာ။ အော်..ငါတော်တော် ရင့်ကျက်နေပုံပေါက်တယ်လို့ ကြံဖန် ဖြေလိုက်ရတယ်။

တချို့ကျတော့လဲ အသက်သိပ်မကွာဘူးထင်လို့ မေးကြည့်တော့ ကိုယ့်ထက်တောင် ၃ နှစ်လောက် ကြီးနေသေးတယ်။ အော် ဒါဆို ချိုသင်းက တို့ထက်တောင် ငယ်နေတာပေါ့နော် တဲ့။ ပြီးတော့လဲ ဆက်ပြီး ခုနကခေါ်သလို အမ ပဲ ဆက်ခေါ်တာပဲလေ။ တကယ်တော့ အဲဒီတုန်းက တို့ဘယ်လို နားလည်ရမလဲ တွေဘာတွေ လုပ်လိုက်ရမှာ။

နောက်တခါ ကြုံဖူးတာက ကိုယ့်အမအလတ် မအေး နဲ့ ကိုယ်နဲ့က ရုပ်ချင်းက အတော်ဆင်တယ်။ သူနဲ့က ရီဖော်ရီဖက်မို့ တတွဲတွဲ သွားလာတတ်သလို၊ တခါတလေ အကျီ င်္ တွေဘာတွေ ဆင်တူ ၀တ်တတ်သေးတယ်။ တခါက အကျီ င်္ ဆင်တူဝတ်ပြီး လမ်းလျှောက်လာတော့ နောက်ကနေ ပြောသံကြားတယ်။ အမွှာထင်တယ် တဲ့။ ကောင်လေး နှစ်ယောက် စက်ဘီးစီးလာရင်း ပြောနေသံပါ။ ရှေ့ကို သွားကြည့်ရအောင် တဲ့။ ဒါနဲ့ ကိုယ်တို့လဲ မျက်နှာကြည့်မိရင်တော့ မဟုတ်ဘူးလို့ ကွဲသွားလောက်တယ် ထင်တာပေါ့လေ။ သူတို့လဲ ကိုယ်တို့ကို ကျော်တက်ပြီး မျက်နှာကို သမင်လည်ပြန်ကြည့်ပြီးမှ မှတ်ချက်ချတယ်။ ဟုတ်တယ်ကွ၊ အမွှာပဲ တဲ့။

ကိုယ်တို့လဲ သူတို့မှတ်ချက်ကို ကြားတော့ မနေနိုင်အောင် ပြုံးစိစိ ဖြစ်သွားရတယ်။ ဒါပေမဲ့ သေချာ ပြန်စဉ်းစားလိုက်တော့ မအေးက ကိုယ့်ထက် ၆နှစ်ကြီးတာမို့ အမွှာထင်တာ ကိုယ့်အတွက် ၀မ်းသာစရာ မဟုတ်။ ကိုယ်က ၆နှစ်ကြီးတဲ့ ရုပ်ထွက်နေတာလား၊ သူက ၆နှစ် ငယ်တဲ့ ရုပ်ဖြစ်နေတာလား..။ တွေးရင်တော့ ကိုယ့်ဖက်က ၀မ်းနည်းစရာချည်းပါ။

အဲဒီတော့ ကိုယ်လဲ မသိစိတ်မှာ ငယ်ချင်သလား မသိ။ ဈေးဝယ်ရင် တခါတလေ junior တန်းဖက် သွားပြီး အကျီ င်္လေးတွေ ကိုယ်မှာ ကပ်ကြည့်ဘာညာ လုပ်မိသေးတယ်။ အဲဒီတော့ ကိုယ့်မောင်တော်က မေးတယ်။ တူမတွေအတွက် ၀ယ်ပေးမလို့လား တဲ့။ အဲဒါတွေ ခက်တာပဲ။ ဒီက ကိုယ့်အတွက် စဉ်းစားနေတဲ့ဟာကို..။

ဒါက သူများတွေ အသက်မခန့်မှန်းတတ်တာကို ပြောပြနေတာပါ။ ကိုယ်ကိုယ်တိုင်ကလဲ အသက်ကို မခန့်မှန်းတတ်လို့ အားနာရဖူးပါတယ်။ အဖေ့မိတ်ဆွေ အံတီတယောက်က ကိုယ်တို့ငယ်ငယ် ရန်ကုန်မှာကတည်းက ခင်ခဲ့သူမို့ ဒီရောက်တော့လဲ ကိုယ့်ကို ဖုန်းအမြဲဆက် စကားပြောဖြစ်နေတယ်။ နေတဲ့နေရာချင်းကလဲ မတူတော့ မတွေ့ဖြစ်ကြဘူးပေါ့။

တနေ့တော့ အိမ်ကို ပါဆယ်ထုပ်ကြီး တထုပ်ရောက်လာလို့ ဖွင့်ကြည့်လိုက်တော့ ဒီမှာ ရှားပါးတဲ့ ဗမာအစားအစာတွေကို အမျိုးမျိုးအစုံစုံ ပို့လိုက်တာပါ။ သူ ဗမာဆိုင်ရောက်တုန်း ငါ့တူမလေး စားချင်ရှာမှာပဲ တွေးမိလို့ တဲ့။ နည်းတာမှ မဟုတ်ဘဲ။ အဲဒီတော့ ကိုယ်လဲ အားနာပြီး ဘာများ သူ့ကို ပြန်ပေးရင်ကောင်းမလဲလို့ တွေးရတာပေါ့။

နောက်တော့ စဉ်းစားမိတာက အယ်လ်အေမှာ ပဲကြော်က နံမည်ကြီးလေ။ အိမ်ရှင်မတွေ အကြိုက် မုန့်ဟင်းခါးထဲပဲ ထည့်ထည့်၊ အသုပ်ပဲ သုတ်စားစား လတ်လတ်ဆတ်ဆတ် ပဲကြော်လေးတွေ ကြိုက်တတ်တာမို့ ပုံးကြီးနဲ့ တပုံး ပဲကြော်တွေ ၀ယ်ပြီး ပို့ပစ်လိုက်တယ်။ အံတီက အပျိုကြီးမို့ တယောက်တည်းပဲ၊ စားပါလေ့။

ပို့ပြီးနောက်ပိုင်း ဖုန်းပြောတော့ ကိုယ်လဲ မမေးဘဲ ဒီအတိုင်း တခြားအကြောင်းပဲ ပြောနေတယ်။ သူ့ဆီ မရောက်သေးလို့ မသိသေးတာနေမှာ။ နောက်တခါ ဖုန်းဆက်တော့လဲ သူက စ ပြီး မပြောပြန်ဘူး၊ ပဲကြော်တွေ ပို့လိုက်တာ ရပြီသမီးရေ၊ ဒါနဲ့ ရရချင်းကို မုန့်ဟင်းခါးလေး ချက်စားလိုက်တာ ဘာညာ ပြောမယ်ထင်တာ။ ဒီတခေါက်လဲ မပြောပြန်ဘူး။

နောက်တော့ စဉ်းစားရတယ်။ ငါပို့လိုက်တာ အမြန် နဲ့ပို့တာပါ။ ပဲကြော်ပုံး ရောက်သင့်ပါပြီပေါ့။ ဒါနဲ့ နောက်တခါ ဖုန်းဆက်တော့ မေးကြည့်လိုက်တယ်။ အံတီ သမီး ပဲကြော်တွေပို့တာ ရောက်ပြီလား ပေါ့။ အံတီ့အသံက အေးတိအေးစက်ပဲ၊ ၀မ်းသာတဲ့အသံလဲ မဟုတ်ဘူး။ အေး၊ ရပါပြီ သမီး တဲ့။ အော် ချိုသင်းက လမ်းမှာများ ပျောက်သလားလို့။ ဒီမှာတော့ အဲဒီ ပဲကြော်လိုချင်ရင် ကြိုတောင် မှာရတာ၊ နံမည်ကြီးပဲကြော်မို့ အံတီ စားစေချင်လို့ပါ ပေါ့။

အဲဒီတော့ အံတီက ပြန်ပြောတယ်။ အံတီ သူငယ်ချင်းတွေကို ဝေလိုက်ပါတယ်ကွယ်။ အံတီကတော့ သွားတွေ မရှိတော့လို့ ပဲကြော် မစားတာ ကြာပါပြီ တဲ့။ ကောင်းပါရောရှင်။ အော်..အသက်..အသက်..၊ လုပ်ပေါက်က လူကို လာမသတ်သွားတာပဲ ကံကောင်းတယ် ပြောရမလိုပါပဲလေ။

မိုးချိုသင်း

Saturday, September 6, 2008

အိယောင်ဝါး

အခုတလော စာမရေးဖြစ်ဘူး။ စာမရေးဖြစ်တာလား စာမရေးချင်တာလား စာရေးမလိုလို လုပ်နေတာလား ဘယ်ဟာမှန်းကို ကိုယ့်ကိုယ်ကို မသိဘူး။ အဲဒီလို ကိုယ့်ကိုယ်ကို ဘာမှန်းမသိ ဖြစ်နေတာကို သိအောင်ပဲ ကြိုးစားနေသလိုလို အလိုက်သင့်ပဲ နေသလိုလို အကုန်လုံး လိုလိုလေးတွေပဲ လုပ်ထားတယ်။

ကိုယ်က ဒီလို ငယ်ငယ်ကတည်းက လုပ်တတ်လို့လားတော့ မသိဘူး။ အမေနဲ့ အမတွေက ကိုယ့်ကို ပြောကြတာ ခဏခဏ ကြားဖူးတယ်။ မိချို အိယောင်ဝါး လုပ်မနေနဲ့နော်၊ လုပ်စရာရှိတာ မြန်မြန်လုပ် တဲ့။ အဲဒီတုန်းက ကလေးဆိုတော့ အိယောင်ဝါးဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်သိမှာလဲ။ ဒါပေမဲ့ ငါ့ရဲ့ ဟိုလိုလို ဒီလိုလို မျောနေတာလေးကို ပြောတာ ဖြစ်မှာပဲ လို့ မသိစိတ်က လက်ခံထားတယ်။

ခုထိလဲ အိယောင်ဝါးဆိုတဲ့ စကားလုံးကို အဘိဓာန်တွေဘာတွေမှာ ရှာကြည့်ဖို့ မစဉ်းစားပါဘူးလေ။ အဘိဓာန်ထဲမှာ ရှိသလား မရှိသလားတောင် ရဲရဲ မသိချင်ပါဘူး ဆိုနေ။ ငါလုပ်တတ်တဲ့ အကျင့်က အိယောင်ဝါးဆိုတာလောက် သိရရင် တော်ပြီပေါ့။ ဘာလို့များ ဒီလောက်တောင် ပညာ ဆည်းပူးနေမလဲ..။ အေးဆေးပါ။

တကယ်တော့ ပြောရရင် အခုအချိန်မှာ အိမ်ထောင်ကျနေတာတောင် ကံကောင်းသလိုလို ဖြစ်နေတယ်။ ကိုယ် အိယောင်ဝါးလုပ်နေရင် ပြောမဲ့သူက ကိုယ့်အမျိုးသားတယောက်ပဲ ရှိတော့ကာ အုပ်ထိန်းသူ တယောက်လောက်ပဲ ရှိတဲ့သဘောမှာ ရှိတယ်။ ငယ်ငယ်ကတော့ အဖေ၊ အမေ၊ အမ ၃ယောက်၊ မောင်လေးက ၁ယောက် (သူကလဲ အကြီး အင်မတန် လုပ်ချင်တာ)၊ နောက် ကိုယ့်ကို ပြန်တိုင်မဲ့ အိမ်မှာ အလုပ်လုပ်တဲ့ အမတွေကလဲ ရှိသေးတယ်။ “ဒေါ်လေး၊ ဒေါ်လေးသမီးက နေ့လည်က စာကျက်မလိုလိုနဲ့ မကျက်ဘူး၊ သီချင်းနားထောင်သလိုလို၊ စာအုပ်ဖတ်နေသလိုလို လုပ်နေတယ်” လို့ အမေ ညနေပြန်လာရင် ဆီး တိုင်မဲ့သူတွေက ရှိသေးတာ။ ထောက်လှမ်းရေးတွေ ဆိုပါတော့။

ဟိုတလောက မခင်မင်းဇော် က tag လိုက်တော့ အဲဒီညက စာရေးဖို့ မလိုဘူး ဖြစ်သွားတယ်။ မေးခွန်းလေးတွေ ဖြေရမှာဆိုတော့ ကြည့်လိုက်တော့ ကိုယ်ဖြေနိုင်လောက်တဲ့ မေးခွန်းတွေ ဖြစ်နေတယ်။ စာမေးပွဲခန်းထဲမှာလို ချွေးမပြန်ဘူးပေါ့။ ဒါနဲ့ ဒီနေ့တော့ ဒါလေးပဲ တင်လိုက်မယ်လေ လို့ ကိုယ့်ဖာသာကိုယ် ပြောသလိုလိုနဲ့ သူကြားအောင် ပြောလိုက်တယ်။ သဘောက ဒီနေ့ညတော့ စာမရေးဘူးဟေ့.. အဲဒီလို။

သူကလဲ ဒါမျိုးတွေ ရိုးနေတော့ အကင်းပါးတယ်။ tag တပုဒ်တင်၊ စာတပုဒ် တင်ပေါ့ တဲ့။ ချော့သလိုလိုနဲ့ လာပြောတယ်။ အားပါးပါး..စာရေးတာ စက်နဲ့ လှည့်ထုတ်တယ်များ ထင်နေသလား..။ ကိုယ်က ရေးချင်သလိုရေးနေတာကို အကိုးအကားတွေ ရှာပြီး စာတမ်းတစောင် ပြုနေရသလောက် ခက်ခဲသယောင် ပြန်ပြောလိုက်တယ်။ အဟက်ဟက်..။ (ဒီစာကို ယောင်လို့များ သူမဖတ်မိပါစေနဲ့..ကျော်သွားပါစေ။)

နောက်တော့ ကိုယ့်ဘလော့ဂ်ကို ပို့စ်တင်ပုံတင်နည်း ပြပေးနေတဲ့ ကိုမိုးဆီ အီးမေးလ်တစောင် လှမ်းပို့လိုက်တယ်။ ကိုမိုးရေ သူများဘလော့ဂ်တွေမှာ တင်ထားတဲ့ current status ဆိုတဲ့ window လေး လုပ်ပေးပါအုံး။ ဒါမှ ကိုယ့်စာလာဖတ်သူတွေကို သတင်းပေးလို့ ကောင်းမှာ။ ဥပမာ “ဒီနေ့ နေမကောင်း..” ။ ဒီလောက်ဆို အိုကေပြီ။ ဖတ်တဲ့လူတွေက လူကိုမမြင်ရတော့ သနားလို့..။ အော် ဘာများ ဖြစ်ပါလိမ့်မလဲ၊ နေမကောင်းဘူးဆိုတော့..။ ဆီးချိုတွေများ သိပ်တက်သွားသလား၊ ဘာညာပေါ့။ စဉ်းစားပစေ.. စဉ်းစားပစေ..။

နောက်ထပ် ဥပမာက.. စာမေးပွဲ ရှိလို့ စာကျက်နေရသည် ..။ ဒီလိုဆိုလဲ မဆိုးဘူး။ ဒါဆို စာမေးပွဲပြီးရင် သူစာပြန်ရေးလိမ့်မယ်လေ ဆိုပြီး မျှော်..လို့။ ၄-၅ ရက်ကြာတော့ ကိုယ်က စာပြန်ရေးရော။ အဲဒါဆိုတော့ စာမေးပွဲဖြေနိုင်လားတွေ ဘာတွေ လာမေးကြအုံးမှာ။ ကိုယ်ကလဲ ဒီဖက်ကနေ ပြုံးပြုံးကြီးနဲ့ ဖြေနိုင်ပါတယ်တွေ ဘာတွေ လုပ်အုံးမှာ။

နောက်တခါကျရင်တော့ အဲဒီ window လေးမှာ BUSY ဆိုပြီး ဒါလေးပဲ ပြ ထားလိုက်မယ်။ အဲဒါဆိုရင်တော့ အကြောင်းပြချက်တွေက သိပ်များသွားပြီ။ ကိုယ့်အကြိုက်ပဲ။ အိမ်ကို ရပ်ဝေးက ဧည့်သည်လာလို့ busy ဖြစ်တာလဲ ဖြစ်နိုင်တယ်၊ အလုပ်က အချိန်ပိုတွေ ရှိလို့ busy တာလဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကိုယ့်အိမ်မှာ အစည်းအဝေးလုပ်ကြမှာမို့ ဧည့်ခံရ၊ ချက်ပြုတ်ရမှာတွေအတွက် busy ဖြစ်တာလဲ ဖြစ်နိုင်တယ်။ တွေးစမ်းပါလေ့..။

ဒါပေမဲ့ ကိုယ့်အမျိုးသားက အိမ်ထောင်သက်ကလဲ ၁၂ နှစ်ကျော်ပြီဆိုတော့ တော်တော် သဘောပေါက်နေပြီ ပြောရမယ်။ သူကလဲ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေတာလဲ ပါတယ်။ အရင်က ကိုယ်က စာရေးနေရာက သူနဲ့လဲ အိမ်ထောင်ပြုရော တိကနဲ စာရေးတာ ရပ်လိုက်တော့ လူတွေက သူ မရေးခိုင်းလို့ချည်း ထင်ကြတာ။ ကိုယ့်ရဲ့ အိယောင်ဝါးကို မမြင်ကြဘူး ဆိုပါတော့။ ကိုယ်ကပဲ အချုပ်ချယ်ခံနေရသလိုလို..ကိုယ့်ကို သနားကြတာ၊ သနားကြတာ..။

အခု ကိုယ် စာလဲ ပြန်ရေးရော သူလဲ တိမ်ကင်းစင်တဲ့ လ လို ဖြစ်သွားတယ်။ သူ့ကြောင့် မဟုတ်ဘူး ဆိုတာ ရှင်းပြီးသား ဖြစ်သွားတယ်။ အဲဒါကြောင့် ကိုယ်စာရေးတော့မယ်ဆိုရင် သူ့မှာ အရမ်း ၀မ်းတွေသာနေတယ်။ အဲဒီအချိန် သူဘာလုပ်လုပ် တိုးတိုးတိတ်တိတ်ပဲ။ သိပ်ငြင်သာတယ်၊ အသံကျယ်သွားရင် ကိုယ်စာရေး ပျက်သွားမစိုးလို့॥။ ဖုန်းလာလို့ ဖုန်းပြောရင်တောင် ခပ်ဝေးဝေးသွားပြောတယ်။ ကိုယ့် အိယောင်ဝါး မလုပ်ဖြစ်အောင် အသည်းအသန် ကြိုးပမ်းနေတာလေ။

ကိုယ်စာရေးတဲ့ စားပွဲလေးက ဧည့်ခန်းနဲ့ ကပ်နေတာမို့ သူက ဧည့်ခန်းမှာ တီဗီကြည့်နေသလိုလို နဲ့ ကိုယ့်ကို တချက်တချက် လှမ်း ချက်ခ် တယ်။ ဘလော့ဂ်တွေ လျှောက်လည်နေတာလား၊ စာရေးနေတာလား ပေါ့။ ကိုယ် ကွန်ပျူတာ ကို စိုက်ကြည့်ပြီး ပြုံးနေရင် သေချာတယ်၊ ဘလော့ဂ်တွေလျှောက်လည်နေပြီ။ စာရေးဖို့ မ စ ရသေးဘူး။ ဒါဆို စာရေးဖို့ အိယောင်ဝါး လုပ်နေတဲ့သဘော။ အဲဒီအချိန်ဆို နည်းနည်း လှမ်းပြောလိုက်တယ်။ ၁၂ နာရီအိပ်ရမယ်နော်၊ မနက်ကျရင် အလုပ်သွားရအုံးမှာ တဲ့။

အဲဒါဆို ကိုယ်ကလဲ ချက်ချင်း ပြန်ပြောလိုက်တယ်၊ တီဗီသံကြီး ဆူနေတော့ ဘယ်မှာစာရေးလို့ ရမှာလဲ ပေါ့။ အင်း.. အကြောင်းပြတာ၊ အကြောင်းပြတာ။ တခါတလေကျတော့လဲ ဒီလိုပြောတယ်။ အိုက်လွန်းလို့ စာရေးလို့ မရပါဘူး တဲ့။ တခါတလေကျတော့လဲ သူကျတော့ ရုပ်ရှင်တွေ ကြည့်နေပြီး ချိုသင်းကျတော့ မကြည့်ဘဲ စာရေးနေရတာ မတရားဘူး တဲ့။ တခါတလေတော့လဲ သိပ်ပြင်းပြင်းထန်ထန် ပြောလိုက်တာမျိုး ရှိသေးတယ်။ ဘာတဲ့.. အသက်လေး ရှူပါရစေအုံး တဲ့လေ။ တိုင်းပြည် အုပ်ချုပ်နေရလို့ အလုပ်များနေရတဲ့ အပေါက်မျိုးပေါ့။

သိတဲ့အတိုင်း အိယောင်ဝါးလုပ်တတ်တဲ့သူတွေက အမြဲတမ်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကြောင်းပြချက် တခုခုတော့ ရှာထားရတာ။ သူများမပြောခင် ကြို ကန် ထားရတာ။ ဒီလောက် အကြောင်းပြချက်တွေ ရှာထားရတာတောင် ပျော်ပျော်ပါးပါး အိယောင်ဝါး လုပ်ရတာ မဟုတ်ဘူး။ စိတ်မဖြောင့်ဘဲ တထင့်ထင့်နဲ့ ပတ်ကွေ့နေရတာ။

တကယ်ပဲ ဒုက္ခကြီးပါတယ်လေ။

မိုးချိုသင်း

Thursday, September 4, 2008

သူများမေးတဲ့ ကိုယ့်အကြောင်း

အမ မခင်မင်းဇော်က ကိုယ့်ရဲ့အကြောင်း မေးခွန်းလေးတွေနဲ့ မေးတာကို ဖြေပေးဖို့ TAG လုပ်ထားပါတယ်။ TAG လုပ်တယ်ဆိုတာ အစက ဘာမှန်းမသိပေမဲ့ ဘလော့ဂ်လောကမှာ ဒီလို သူငယ်ချင်းတွေ အချင်းချင်း tag လုပ်ရင် သူပြောတဲ့ ခေါင်းစဉ်အောက်မှာ သူလုပ်ခိုင်းသလို ကိုယ့်အယူအဆ၊ ခံစားချက်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေးရတာပါ တဲ့။ ဒီလို tag ရင် ဘော်ဒါစိတ်နဲ့ ရေးကြရတယ် တဲ့။ ဒီလို ရေး ဆိုရင်လဲ ရေးရတာပေါ့။

ကဲ အမရေ.. အသက်ကြီးလို့ စာမေးပွဲတွေနဲ့ ဝေးသွားပြီ ထင်တာ၊ အခုတော့ မေးခွန်းတွေ တလှေကြီးနဲ့ လာတိုးနေပါပေါ့လား။ မှန်း… ဖြေကြည့်လိုက်စမ်းမယ်..။

ကိုယ့်ရဲ့ နံမည် - မိုးချိုသင်း
ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ချိုသင်း၊ မိုးချို၊ xxx xxx xxx
ကိုယ်ဒီမှာ နေတယ် - CA – 91706
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ဖုန်း ဆိုလို့ ခုမှ သတိရတယ်၊ တနေရာရာမှာ ကျန်ခဲ့ပြီ ထင်တယ်

ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - အဖြူ (မိတ်ဆွေတယောက်ကပြောတယ်၊ အဖြူရောင်ဆိုတာ ကိုယ့်အသည်းနှလုံး ရဲ့ အရောင် တဲ့၊ ဒါဆို သူ့ heart က ဖြူဖတ်ဖြူရော်ကြီးပေါ့ :))
အ၀တ်အစားဆိုရင် - လှပြီး ရိုးရင် ကြိုက်တာပဲ
အစားအစာဆိုရင် - အကုန်ကြိုက်နေတော့ ရွေးရခက်တယ်..
ပစ္စည်းဆိုရင် - fancy နားကပ်လှလှလေးတွေ..(၀ယ်ပြီး အလှကြည့်တာ၊ သိပ်မ၀တ်ဘူး)
သီချင်းဆိုရင် - သိပ်အော်နေတဲ့ သီချင်းတွေကလွဲရင် အကုန်ကြိုက် ။
(အရမ်းအော်နေရင် ကိုယ့်ကို ဆူတယ်ထင်လို့ မကြိုက်)
စာရေးဆရာ - ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ အနုပညာပါရင် သဘောကျပါတယ်။
စာအုပ် - အရွယ်နဲ့လိုက်ပြီး အကြိုက်ပြောင်းတတ်သလားလို့..
Life style - ရောင့်ရဲပြီး အေးအေးချမ်းချမ်းပဲ နေချင်တယ်

ကိုယ့်ရဲ့ ၀ါသနာ - စာဖတ် သီချင်းနားထောင် ရုပ်ရှင်ကြည့်
အလိုချင်ဆုံး လက်ဆောင် - ဘယ်သူ့ဆီကလဲ ?
ကိုယ့်ရဲ့ အချစ်ဆုံးသူက - မိဘ
ကိုယ့်ရဲ့ အလေးစားဆုံးသူက - ဒေါ်အောင်ဆန်းစုကြည်
ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက - ဘ၀လက်တွဲဖော် မောင်ကြီး
ကိုယ့်ကို အများဆုံး နားလည်မှုပေးနိုင်သူက - အထက်ပါအတိုင်း
ကိုယ့်ရဲ့ အမုန်းဆုံးသူက - မိုက်ခဲတို့ အုပ်စု

ရင်အခုန်ဆုံး အချိန် - ရိုလာကိုစတာ စီးတဲ့အချိန်
အကြောက်ဆုံး အချိန် - ကိုယ်ချစ်ခင်သူတွေ ဆုံးတဲ့အချိန်
အပျော်ဆုံး အချိန် - တာဝန်ကျေတယ်လို့ ထင်တဲ့အချိန်
အမှတ်တရနေ့ - အများကြီးပဲ
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - တရားသဖြင့်သာ ဖြစ်ရ၊ နေရ ပါလို၏

အချစ် ဆိုတာ - စိတ်ထဲမှာ ကြည်နူး အေးချမ်းတာ..
အမုန်း ဆိုတာ - မရှိရင် ကောင်းတာပေါ့
အလွမ်း ဆိုတာ - တော်တော်ခံရခက်တဲ့ ဝေဒနာ
သံယောဇဉ် ဆိုတာ - ကိုယ်ကပဲ ဖြည့်ဆည်းပေးချင်တာ
ဘ၀ ဆိုတာ - အမလေး.. ၂ လုံး တည်းမို့ပဲ..
သူငယ်ချင်း ဆိုတာ - ကိုယ်နဲ့အတူ ပျော်၊ ကိုယ်နဲ့ အတူ ငို..
ချစ်သူ ဆိုတာ - မေတ္တာနဲ့ အပြန်အလှန် နားလည်ယုံကြည်တတ်သူ

ကိုယ့်ကိုယ်ကို ဒီလို ထင်တယ် - သူများတွေ ပြောဖို့ ထားလိုက်မယ်
ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က - ရိုးသားမှုသာ ချစ်စရာ

အပြောချင်ဆုံး စကားတခွန်း - ပြောချင်တာတွေ ပြောပစ်လိုက်ပြီးပြီ။ ဘာမှ ချန်မထားဘူး။

ကဲ ဒီလောက်ပါပဲ။ ကိုယ့်စိတ်ထဲရှိတာ အရိုးသားဆုံး ဖြေထားပါတယ်။ အမ ကျေနပ်မယ် ထင်ပါရဲ့။

မိုးချိုသင်း

မေ့မရတဲ့ သူငယ်ချင်းတယောက်

ငယ်ငယ်တုန်းက သူငယ်ချင်းတယောက် ရှိခဲ့တယ်။ ဆယ်တန်းတုန်းက သိပ်ခင်ရတဲ့ သူငယ်ချင်းမလေးပါ။ အသားက ညိုညို၊ မျက်နှာက ချိုချို၊ ဆံပင်က တိုတို နဲ့။ နံမည်က တိုးတိုး တဲ့။

အဲဒီတုန်းက ဆယ်တန်းဆိုတော့ ၁၉၈၇ ခုနှစ်လောက်ကပေါ့။ ကိုယ့်အိမ်မှာ စာ စု သင်ကြ၊ ကျက်ကြတော့ အသိတယောက်က တဆင့် သူပါ ပါလာတယ်။ အဖေကလဲ ကိုယ်တို့ကို မြန်မာစာ သင်ပေးတယ်။ ကိုယ်တို့ နှစ်ယောက်လဲ တွေ့တွေ့ချင်း ခင်သွားလိုက်ကြတာ ညီအမတွေလိုကို ဖြစ်သွားပါလေရော။

သူက အေးလဲအေး၊ သဘောလဲ ကောင်း၊ စာရှင်းပြတာလဲ တော်တယ်။ ဆယ်တန်း တနှစ်လုံး ကိုယ်တို့နှစ်ယောက်က အမြဲတတွဲတွဲပဲ။ သူနားမလည်တာ ကိုယ်ရှင်းပြ၊ ကိုယ်နားမလည်တာ သူရှင်းပြ ပေါ့။ မှားရင်လဲ နှစ်ယောက်အတူတူ ဆရာအဆူခံကြရတယ်။ အဲဒီအချိန်ဆို မျက်ရည်လေး ၀ဲတဲ ၀ဲတဲနဲ့ တယောက်နဲ့တယောက် ကြည့်ရင်း ပြုံးပြီး အားပေးရတယ်။ ၀မ်းနည်းလွယ်တဲ့နေရာမှာလဲ တူကြတယ်လေ။

သူနေတာက မင်္ဂလာဒုံ အရာရှိရိပ်သာမှာ။ ကိုယ်နေတာက တက္ကသိုလ် ၀င်းထဲမှာ။ ကိုယ်တို့အိမ်မှာ စာသင်ပြီးရင် မင်္ဂလာဒုံကို အဝေးကြီး ညတိုင်း ပြန်ရတယ်။ ဒါပေမဲ့ သူက တရက်မှ စာအလာသင် မပျက်ဘူး။ နေမကောင်းတောင် အနွေးထည်လေးနဲ့ လာတာပဲ။

မှတ်မှတ်ရရ ကိုယ်က သူ့ကို ၀ါးယပ်တောင်လေးတချောင်း ပေးဖူးတယ်။ ယပ်တောင်ရွက်ကလေးတွေပေါ်မှာ ကိုယ်က လက်ရေးဝိုင်းဝိုင်းကြီးကြီး တွေနဲ့ နင် စိတ်မအိုက်နေစေဖို့ တဲ့၊ ကိုယ်ရေးတာကို သူက သဘောကျလွန်းလို့ ပြောမဆုံးဘူး။

ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်တော့ သူနဲ့ ကိုယ် မေဂျာ ကွဲသွားတယ်လေ။ သူက ဓာတုဗေဒ၊ ကိုယ်က ဘူမိဗေဒ။ ဒါပေမဲ့ ကိုယ်ကအတန်းအားတာနဲ့ လှစ်ကနဲဆို သူ့ဆီရောက်သွားပြီ။ သူကလဲ အားတာနဲ့ ကိုယ်တို့ဖက် ကူးလာပြီ။ ညဆိုရင်လဲ ဖုန်းဆက်ပြီး ကျောင်းကအကြောင်းတွေ ပြောကြတာပေါ့။

နောက်တော့ အရေးအခင်းဖြစ်လို့ ကျောင်းပိတ်ကြတော့ ကျောင်းမှာ မတွေ့ရတော့ဘူး။ ဖုန်းနဲ့ပဲ စကားပြောကြ၊ အဆက်အသွယ်လုပ်ကြတယ်။ ဒါပေမဲ့ ဘာဖြစ်လို့လဲ မသိဘူး၊ သူနဲ့ ကိုယ်နဲ့ ဝေး သွားသလိုပဲ ခံစားရတယ်။ ကိုယ်ကလဲ နေ့စဉ်ရက်ဆက် ဆန္ဒပြတဲ့အထဲရောက်လို့။ သူကလဲ အဲဒီအချိန်မှာ အိမ်ထဲက အိမ်ပြင်တောင် မထွက်ဖြစ်ဘူး တဲ့။ အဲဒါတွေနဲ့ ခပ်ကင်းကင်းမှာ နေသတဲ့။

အဲဒီကတည်းက စကားတွေ ပြောကြရင် သူပြောတာလဲ ကိုယ်မခံစားနိုင်၊ ကိုယ်တို့ ခံစားချက်ကိုလဲ သူ နားမလည်နိုင်၊ သူ အထင်ကြီးတာလဲ ကိုယ်က အထင်မကြီး ဖြစ်နေတယ်။ ဒါနဲ့ ဖုန်းလဲမဆက်ဖြစ်၊ အရင်လို ဖက်လှဲတကင်းလဲ စကား မပြောဖြစ်တော့ဘူး။ ရန်ဖြစ်ကြတာလဲ မဟုတ်ဘဲနဲ့လေ။

နောက်တော့ ကိုယ့်အဖေ အထဲ ရောက်သွားတယ်။ အဖေ့ကို သူက ဆရာတယောက်အနေနဲ့ အင်မတန်ချစ်တာမို့ အဲဒီတုန်းက သူ ဖုန်းဆက်လာတယ်။ အဲဒါ သူနဲ့ နောက်ဆုံး ဖုန်းဆက်ဖြစ်တာ ထင်တာပဲ။

ဘာဖြစ်လို့ ဆရာ့ကို ဖမ်းကြတာလဲ တဲ့။ ကိုယ်လဲ အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်တယ်။ နင်လဲ အဖေ့အကြောင်း သိနေတာပဲလေ။ အဖေက ကဗျာဆရာ၊ ကျောင်းဆရာတယောက်ပဲ။ ကဗျာဆရာ.. ကဗျာရေးလို့ ဖမ်းတယ် တဲ့၊ ကျောင်းဆရာ..ကျောင်းသားတွေနဲ့ အတူရှိလို့ ဖမ်းတယ် တဲ့။ ခုထိ ငါတို့ အဖေ့သတင်း မရသေးဘူး။ ၈လကျော်ပြီ..။

သူလဲ အသံတိတ်သွားတာမှ အကြာကြီး။ ချိုသင်း.. ငါ စိတ်မကောင်းပါဘူး တဲ့။

အဲဒီတုန်းက သူလဲ ဖုန်းကိုင်ရင်းတွေး၊ ကိုယ်လဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ တွေးနေလိုက်တာ။ အဲဒီတုန်းက သူဘာတွေ စဉ်းစားနေလဲ လို့ အခုအချိန်မှာ သိချင်မိတယ်။ သိပ်ခင်တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အတွေးမှာ အမုန်းတွေတော့ မပါဘူး ထင်တာပဲ။

ကျောင်းတွေပြီးကြတော့ ကိုယ်လဲ အလုပ်နဲ့ မအား၊ သူလဲ ကျောင်းမှာ ဆရာမ ပြန်လုပ်နေတာ သိရတယ်။ တခါကတော့ ကျောင်းထဲကို ကိစ္စတခုရှိလို့ သွားတော့ တောင်ငူဆောင် ကင်တင်းမှာ သူနဲ့ ဆုံသေးတယ်။ နှစ်ယောက်သား ပြန်တွေ့ရလို့ ၀မ်းသာတာ မဖုံးဖိနိုင်ဘူး။ သူက ပြောသေးတယ်။ တနေ့ကတောင် ငါ နင့်ကို အိပ်မက်မက်သေးတယ် တဲ့။ ဒီလိုပဲ သူအမြဲ ပြောနေကျ။ ကိုယ်လဲ အမြဲသတိရတာတွေကိုတော့ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါတယ်။

နောက် ၄နှစ်ကြာတော့ အဖေလဲ ပြန်လွတ်လာတယ်။ အဖေထွက်လာပြီးမှ ကိုယ်လဲ အိမ်ထောင်ပြုပြီး ရေကြည်ရာ မြက်နုရာမှာ အလုပ်သွားလုပ်တယ်။ သူ့အကြောင်းတော့ နီးစပ်ရာ အမြဲမေးမိလို့ သူ စစ်တပ်က ဗိုလ်ကြီး တယောက်နဲ့ အိမ်ထောင်ပြုသွားတာ ကြားပါတယ်။ ကိုယ့်မင်္ဂလာဆောင်လဲ မဖိတ်မိ၊ သူ့ မင်္ဂလာဆောင်လဲ မသွားဖြစ်ဘူး ထင်ပါရဲ့။

ချစ်သူခင်သူတွေ ဝေးသွားကြတာတွေက အကြောင်းအမျိုးမျိုးတော့ ရှိကြတာပဲ။ ဘယ်လိုပဲ ဝေးဝေး ဝေးကြပြီဆိုရင် စိတ်တော့ ထိခိုက်ကြရတာပါပဲလေ။

ကိုယ့်မှာ သူငယ်ချင်းတယောက်ကို ခင်မိပြီဆိုရင် တိုးပြီး ခင်ဖို့သာ ရှိခဲ့တာ။ သူငယ်ချင်းတွေ အများကြီးထဲက ဒီသူငယ်ချင်းလေးတယောက်ကတော့ ချစ်စ လေးတောင် ပြတ်သလိုလို ဖြစ်ရတာမို့ ၀မ်းနည်းမိပါတယ် သူငယ်ချင်းရယ်။ တကယ်တော့ ကိုယ်ကလဲ ဘာမှ မဟုတ်၊ မင်းကို မုန်းလို့လဲ မဟုတ်၊ စနစ်ဆိုးတခုကို မရှိခိုးနိုင်တာပါပဲ။

ဂဏန်းတွဲတွေနဲ့ ပတ်သက်ရင် ကိုယ်က မှတ်ဥာဏ်သိပ်ကောင်းတာမဟုတ်ပေမဲ့ သူ့ဖုန်းနံပါတ်ကိုတော့ ခုထိ မှတ်မိနေတုန်းပဲ။ အသုံးမပြုတာ နှစ် နှစ်ဆယ်ကျော် ကြာနေတဲ့ ဖုန်းနံပါတ်လေးတခုပေါ့လေ။

တို့ပြည် တို့ရွာ လငပုပ်ဖမ်းတာက လွတ်တဲ့ တနေ့ကျရင် ကိုယ်လဲ ကိုယ့်ပြည်ကို ပြန်နိုင်ပြီး မင်းအိမ်ကို လာလည်ခွင့်ရမယ် ထင်ပါရဲ့ သူငယ်ချင်းရယ်။


မိုးချိုသင်း

Tuesday, September 2, 2008

မိုးပွင့်တို့ ညီအမတတွေ..


လူလေးနဲ့ ဘုံဘုံအကြောင်း ရေးပြီးတော့ မိုးပွင့်တို့ ညီအမတွေအကြောင်း ရေးရအုံးမယ်။ ရှေ့မှာ ပြောခဲ့သလိုပဲ ကိုယ့်အမအလတ်က မွေးတဲ့ မိုးပွင့်နဲ့ မိုးဥ ဆိုတဲ့ သမီးလေး နှစ်ယောက်ရယ်၊ အမအငယ်က မွေးတဲ့ စန္ဒရာနဲ့ မာယာဆိုတဲ့ သမီးလေး နှစ်ယောက်ရယ် ရှိသေးတယ်။

နံမည်တွေက အတိုကောက်ခေါ်လိုက်တာပါ။ တကယ်တော့ သူတို့ နံမည်တွေက အရှည်ကြီးတွေ။ အဒေါ်ကိုယ်တိုင် ခေါ်ရတာ မောလွန်းလို့ အပြည့်အစုံသာ ခေါ်ရရင် ရေသောက်ပြီး ခေါ်ရမယ်။ သီရိမိုးပွင့်မူယာစိုး တဲ့၊ ရွှေစင်မိုးဥ တဲ့၊ စန္ဒရာမိုးမြင့်ကလေး တဲ့၊ မာယာမိုးမြင့်ကလေး တဲ့။ အမလေး ငါ့ကို ရေပေးစမ်းပါအုံး၊ ယပ်ခတ်ပေးကြပါအုံး ပြောရမဲ့ အပေါက်ပါ။

သူတို့လေးတွေ မွေးတော့ သူတို့အဖိုး၊ ကိုယ်တို့အဖေက အားလုံးကို အမေ ၀င်စားတယ်ချည်း ထင်တာ။ ကိုယ်တို့အမေက ခပ်ငယ်ငယ်က ဆုံးသွားလေတော့ အမေ က သမီးတွေ ကိုယ်ဝန်ရှိတဲ့အခါ ၀င်စားပြီး အဖေ့ဆီပြန်လာတယ်ပဲ အဖေက ထင်တယ်။ မဟုတ်လဲ ဇွတ်ပဲ ထင်တယ်။ ကလေးက ဘာလေးလုပ်လိုက်လုပ်လိုက်၊ အမေနဲ့တူတယ်ပဲ ထင်တာကိုး။

မိုးပွင့်လေး သုံးနှစ်ကျော်ကျော်လောက်ရှိတုန်းက စကားကလဲ တတ်၊ ချစ်စရာကလဲ အင်မတန်ကောင်းတော့ အဖေက သူ့ဧည့်သည်တွေလာရင် သူ့မြေးကို အမြဲ ထုတ်ကြွားတယ်။ မြေးကလေးရေ၊ ဖိုးဖိုးဆီ လာပါအုံးကွယ်။ (မိုးပွင့်ကလေးက တောက်တောက် တောက်တောက်နဲ့ ပြေးလာတယ်) ကဲ ဖြေလိုက်ပါအုံး၊ သမီးက ဘယ်သူလဲ တဲ့ (ဧည့်သည်က မမေးရပါဘဲ အဖေက ၀င်မေးတာပါ)။ ဧည့်သည်ကလဲ ပြုံးပြီး ကြည့်နေရတာပေါ့။

အဲဒီတော့ မိုးပွင့်က ‘သမီးက ဖွားဖွားမြင့်မြင့်စန်းပါ’ တဲ့။ ဧည့်သည်ကလဲ ဟာ ကနဲ ဖြစ်သွားတယ်။ ကြည့်စမ်း၊ ဆရာ့အမျိုးသမီး ပြန်ဝင်စားတာ၊ ကလေးကတောင် ပြောနေပြီပေါ့။ အဖေကလဲ အရမ်းကျေနပ်တဲ့မျက်နှာနဲ့ ပြုံးပြီး ဧည့်သည်ကို ပြန်ကြည့်တယ်။ တွေ့လား.. ဆိုတဲ့သဘော။ အဲဒီလို အဓိပ္ပါယ်ပါပါ ကြည့်နေကြတုန်း ကလေးက ဆက်ပြောလိုက်တယ်။ “အဲဒါ ဖိုးဖိုးသင်ပေးတာ” တဲ့လေ။ ပြီးပါလေရော။

မိုးဥလေးမွေးတော့ အဖေ ဗမာပြည်မှာ မရှိတော့ဘူး။ မိုးဥကို သူ့အဖိုး မမြင်ဖူးလိုက်ရဘူး။ မိုးဥကတော့ အသားက တော်တော်ညိုလေတော့ သူ့အမေ မအေးက ငါ သူ့ကိုယ်ဝန်ကြီးနဲ့ ပုဂံသွားလို့ နေပူလျှပ်သွားတယ် ထင်တယ် တဲ့။ သူ့ရုပ်က ကိုယ်ငယ်ငယ်ကနဲ့ ချွတ်စွပ်တူတာမို့ မချောရှာပါဘူး။ ဆံပင်ကလဲ ပလူမွှေးပလူတောင်ပဲလေ။ ရုပ်တင်မကဘူး၊ စိတ်ကပါ အဒေါ်နဲ့တူတယ်လို့ ပြောရမလိုပါပဲ။ သူမလုပ်ချင်တာဆို ဘယ်သူခိုင်းခိုင်းမလုပ်ဘူး၊ ခေါင်းတော်တော်မာပါတယ်။

သူငယ်ငယ်က ကြက်ဥခြင်းကြီးတင်ထားတဲ့ စင်ကို မှီနေလို့ ကိုယ်က သမီးရေ၊ စင် လဲပြီး ကြက်ဥ တွေကွဲကုန်မယ်၊ မမှီနဲ့ လို့ပြောတာ သူက နားမထောင်ပါဘူး။ ပြောလိုက်မှ လူကိုကြည့်ပြီး စင်ကို လက်နှစ်ဖက်နဲ့ ကိုင်တောင် လှုပ်လိုက်သေးတာပါ။ ဟဲ့ ဒီကလေး၊ မလုပ်ပါနဲ့ဆို လို့ ပြောတော့ ပိုတောင် လှုပ်လိုက်သေး။ ဒါပေမဲ့ အဲဒါလေးကိုပဲ ပြောပြောပြီး ချစ်နေရပြန်ပါရော။

မနှင်းကမွေးတဲ့ အကြီးမလေးကတော့ စန္ဒရာ တဲ့။ စန္ဒရာကတော့ အေးတယ်။ သူ့ဖာသာသူ ပုံဆွဲ၊ စာလုပ်ပဲ နေတယ်။ စာလဲ တော်တယ်။ သူတို့ကတော့ မြန်မာပြည်မှာ မွေးတာမဟုတ်လို့ ကိုယ့်အမက ဗမာစာကို အရေးအဖတ်အဆို အမြဲသင်ပေးတယ်။ အသက်က ၇နှစ်မှာ ကိုယ့်ဆီကို ဗမာလို စာရေးတာများ ချော လို့။ တနေ့က ဖုန်းဆက်တော့ ကမ္ဘာမကြေ လဲ အလွတ်ရပြီတဲ့။ အဖေ့ကဗျာလေးတွေလဲ အကုန်ဆိုတတ်ကြတယ်။

စန္ဒရာက ကိုယ်တို့ညီအမတွေ ၀ိုင်းဖွဲ့စကားပြောကြရင် သူ့အဖေ နားမလည်မှာစိုးလို့ သူတို့အဖေ ဘာသာစကားနဲ့ ကိုယ်တို့တခွန်းပြော၊ သူက တခွန်းဘာသာပြန် ပြောပြနေတာ။ ကိုယ်တို့စကားဝိုင်းနားမှာ အရုပ်ကလေးတွေနဲ့ ဆော့ရင်းနားထောင်ပြီး ပြန်ပြောနေတာလေ။ အဖေ့သမီးလေးပေါ့။

အငယ်မလေး မာယာကတော့ သူ့အဖိုးနဲ့အတူဆုံးကလေးပဲ။ လူတွေကို ဘယ်လို ခင်မှန်းမသိ၊ အားလုံးနဲ့ တည့်အောင် ခင်အောင်ပေါင်းတတ်တယ်။ အငယ်ဆုံး ဖြစ်ပေမဲ့ လူတိုင်းကို အလျှော့ပေး ပေါင်းတတ်တယ်။ မာယာဆိုတဲ့အတိုင်း မူယာမာယာကလဲ များပါဘိ။ ရုပ်ကလေးက သူ့အမလို မချောပေမဲ့ ချစ်စရာလေးမို့ တွေ့တဲ့လူတိုင်းက ချစ်ကြတယ်လေ။

သူ့ကိုလဲ အဖေက အမေ၀င်စားတယ် ထင်ပြန်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မာယာတို့ငယ်ငယ် အဖေ သွားနေတုန်းက အဖေ့ကိုပဲ တချိန်လုံး လိုက်ကြည့်နေတာ တဲ့။ တချိန်လုံး ဟိုနားက ချောင်းကြည့်လိုက်၊ ဒီနားက ချောင်းကြည့်လိုက်နဲ့ တဲ့။ ကလေးလေးတယောက်က တချိန်လုံး ချောင်းကြည့်နေတော့ နေရတာတောင် မလွတ်မလပ်ဖြစ်ရတယ် တဲ့။ အမေ့လိုလဲ သီချင်းလေး တအေးအေးနဲ့ နေတတ်သေးတယ်။

တခါကတော့ အဖေက မာယာ့အကြောင်းချည်း ပြောနေတော့ မာယာက တော်တော်စကား တတ်နေပြီလား လို့ မေးကြည့်မိတယ်။ အဖေက တတ်လိုက်တာမှ သမီးရယ်၊ သူ့ဖာသာသူ သီချင်းတွေတောင် ဆိုနေတာ တဲ့။ အဲဒါနဲ့ အံ့သြပြီး “ဘာသီချင်းတွေ ဆိုနေတာလဲ အဖေ” ဆိုတော့ နဂါးနီ ကို ညည်းနေတာဆိုပဲ။ သူ့မြေးကို ချစ်လွန်းတော့ သူ့ဖာသာသူ သံစဉ်ညည်းတာတောင် နဂါးနီ ဆိုနေတယ် ထင်နေတာလေ။

မာယာက စာကျတော့ နည်းနည်း ပျင်းချင်တယ်။ အဲဒါနဲ့ သူ့အမေက ကကြီးခခွေးသင်တာ မရတော့ ဗမာပီပီ လက်ကို ခပ်စပ်စပ်လေး ရိုက်လိုက်တယ်တဲ့။ အဲဒီတော့ အသားလေးက နီသွားတာပေါ့။ အဲဒါကို မာယာက သူ့ကျောင်းက ဆရာမကို သွားပြတာပါ။ ဒဏ်ရာကို ပြပြီး “မေမေ ကကြီးခခွေး” ဆိုပြီး သွားတိုင်တာပါ။ ဆရာမကလဲ သူ့အမေကို ကကြီးခခွေးဆိုတာ ဘာအဓိပ္ပါယ်လဲ မေးပါသတဲ့။ သူ့အမေလဲ ငါ့ကိုတော့ တိုင်ကုန်ပြီဟ ဆိုပြီး မီးပူနဲ့ တိုက်မိတာကို ပြောတာပါလို့ ဖြေလိုက်ရသတဲ့။ တော်တော်လာတဲ့ကလေးတွေ ပါ။

တနေ့ကလဲ ကိုယ်က ဖုန်းဆက်တော့ မာယာကဖုန်းကိုလာကိုင်ပြီး “ချိုချို၊ မီးလုံး မီးသီး၊ မီးလုံး မီးသီး” နဲ့ လာပြောနေပါတယ်။ ကိုယ်လဲ နားမလည်တာနဲ့ ဘာပြောတာလဲ မီးလုံး မီးသီးဆိုတာ ဆိုပြီး သူ့အမေကို မေးမိတယ်။ အဲဒီတော့ မနှင်းက ငါ မီးလုံးမီးသီးကို သတ်ပုံစစ်တာ မရလို့ မီးလုံးမီးသီးကို လက်ညှိုးထိုးပြီး အခေါက် ၁၀၀ ဆိုခိုင်းလို့ နင့်ကို လာတိုင်တာ နေမှာ တဲ့။ အဲဒါနဲ့ ဗမာစာ ကြောက်ကုန်ပါ့မယ် သိပ်မကြမ်းပါနဲ့ လို့ တားလိုက်ရတယ်။

သူတို့ကလဲ သူတို့အဖိုးကို တော်တော် ချစ်ကြ၊ နောက်လဲ နောက်ကြတယ်။ အဖေ အရမ်းဈာန်ဝင်ပြီး စာရေးရင်း စဉ်းစားနေတုန်း ဗြုန်းကနဲ ဘောလ်ပင်ကို ဆွဲယူသွားလို့ အော်..ဒီကလေးနှယ် ဆိုပြီး အတွေးပျက်ရတာလဲ ခဏခဏ။ တရေးတမော အိပ်ရင်လဲ ကိုယ်ပေါ်ခွတက်ပြီး မျက်လုံးဖြဲကြည့်ကြသေးတာ။ အိပ်မအိပ် စစ်တာလေ။

အခု သူတို့ ညီအမ လေးယောက်က ကိုယ်တို့ ညီအမ လေးယောက်လိုပဲ တတွဲတွဲ လုံးနေကြပြီ။ အရွယ်လေးတွေက သိပ်အကွာကြီးမဟုတ်တော့ ဆော့ဖော်ဆော့ဖက်၊ ကျောင်းသွားဖော် ကျောင်းသွားဖက် အဖော်ရနေတာပေါ့။

တနေ့ကတော့ မာယာကပြောတယ်တဲ့။ မာယာ့ရင်ထဲမှာ ဖိုးဖိုး အမြဲ ရှိတယ် တဲ့။ ကိုယ်လဲ သူတို့လေးတွေ ကြီးလာချိန်မှာ သူတို့အဖိုးကို အနားမှာ ရှိစေချင်လိုက်တာ။ အဖိုးရဲ့ အဆုံးအမနဲ့ ကြီးပြင်းစေချင်လိုက်တာလို့ စိတ်ထဲမှာ ဖြစ်မိပါတယ်။

မိုးချိုသင်း

Monday, September 1, 2008

လူလေး နဲ့ ဘုံဘုံ

ကိုယ့်မှာ တူ၊ တူမ ၆ ယောက်တောင် ရှိတယ်။ ကိုယ်တို့မှာ သားသမီးကလဲ မရှိတော့ ဒီကလေးတွေကိုပဲ ချစ်လိုက်ရတာ။ နှစ်ယောက်စလုံးက ကလေးဆို သိပ်ချစ်တော့ တနေ့တနေ့ သူတို့အကြောင်းလေးတွေပဲ ပြောပြီး အငွေ့ရှူနေရတယ်။ ကလေးတွေက သူတို့ မိဘတွေနဲ့အတူနေကြတာဆိုတော့ သူတို့လာလည်တဲ့အခါ၊ ကိုယ်သွားလည်တဲ့အခါလောက်ပဲ တွေ့ရတာလေ။

သူ့အမက နှစ်ယောက်မွေးထားတယ်၊ လူလေးနဲ့ ဘုံဘုံ တဲ့။ ကိုယ့်အမအလတ် မအေးက နှစ်ယောက် မွေးတယ်။ မိုးပွင့် နဲ့ မိုးဥ တဲ့။ အမအငယ် မနှင်းက နှစ်ယောက် မွေးတယ်။ စန္ဒရာ နဲ့ မာယာ တဲ့။

တူ၊ တူမတွေရှိတော့မှ ငယ်ငယ်က အမေ ပြောတဲ့စကား တယ်မှန်ပါလား လို့ ပြန်စဉ်းစားမိတယ်။ ငယ်ငယ်ကတော့ အမေ့ကို နေ့တိုင်းလောက် မေးရတာ။ အမေ သားသမီးထဲမှာ ဘယ်သူ့အချစ်ဆုံးလဲ လို့။ အမေကလဲ အမြဲတမ်း ဒီအဖြေပဲ ဖြေတယ်။ အော် သမီးရယ်၊ တယောက်တမျိုးစီ ချစ်ရတာပေါ့၊ ဘယ်သူ့ကိုမှ ပိုတယ် မရှိပါဘူး တဲ့။

ကိုယ်ကလဲ အမေ ဘယ်အချိန်များ ယောင်မှားပြီး ကိုယ့်ကို အချစ်ဆုံးပေါ့ လို့များ ဖြေလိုက်မလဲ လို့ နေ့တိုင်း မေးတာ။ အမေကလဲ တခါမှ ယောင်လို့ မဖြေဘူး။ တကယ်တော့ အဲဒါအမှန်ပဲ ဆိုတာ အခု ကိုယ့်မှာ တူ တူမတွေ ရှိတော့ သိပြီလေ။

လူလေးကတော့ ကိုယ့်ကို အင်မတန်ကပ်တယ်။ ရန်ကုန်မှာနေတုန်းကဆို ကျောင်းဆင်းလို့ အိမ်မှာ လွယ်အိတ်ချပြီးတာနဲ့ ကိုယ်တို့အိမ်ဖက် ကူးလာပြီး အိမ်မှာပဲ နေတော့တာ။ ည မိုးချုပ်မှ သူ့အိမ်ပြန်တယ်။ အဲဒီတုန်းက သူက ၅နှစ်၊ ၆နှစ်သားလောက် ရှိသေးတာ။ သူ့အတွက် ဘာမှ အထူးအထွေ လုပ်ပေးစရာ မလိုဘူး။ သူက စာဖတ် ၀ါသနာပါတော့ အိပ်ယာထဲမှာ သူက ရွှေသွေးပေါင်းချုပ်ဖတ်၊ ကိုယ်ကလဲ စာအုပ်တအုပ်ဖတ်ပြီး နေကြတာပဲ။

ရန်ကုန်မှာတုန်းက ကိုယ်နဲ့လူလေးကို အမြဲတတွဲတွဲတွေ့ရတတ်တယ်။ သူ့တူလေးဆိုတော့ ရုပ်ကလဲ သူနဲ့ဆင်နေတယ်၊ အဲဒီတော့ တချို့ မိတ်ဆွေတွေက ကိုယ့်ကလေးပဲ ထင်ကြတယ်။ ကိုယ်ကလဲ လူလေးကို ကိုယ့်သား အထင်ခံရလဲ မနည်းဘူးဆိုပြီး မဟုတ်ဘူး ဘာညာ မရှင်းဘူး။ သူကလဲ ကိုယ်သွားလေရာ တကောက်ကောက် လိုက်တာပဲလေ။

သူ တာဇံ တီဗီဂိမ်း ကစားရင် ကိုယ်က ဘေးမှာ ထိုင်ပြီး ဝေဖန်တာပါ။ ကစားနည်းက တာဇံသွားတဲ့လမ်းမှာ မျောက်တွေထွက်လာပြီး နှောင့်ယှက်တတ်လို့ ခြောက်ထုတ်၊ အုန်းသီးနဲ့ ပေါက် အဲလိုလုပ်ရတယ်။ နို့မို့ဆို မျောက်က ကိုက်ရင် အမှတ်လျော့တယ် ဆိုပါတော့။ အဲဒါဆို ကိုယ်က ဘေးကနေကြည့်နေတယ်၊ လူလေးက မျောက်ကို အုန်းသီးနဲ့ သုံးခါပေါက်လို့ မျောက်က ပျောက်သွားပြီဆိုရင် ကိုယ်က ထ ပြောပြီ။ သားရယ်၊ မျောက်ကလေး သနားပါတယ်၊ အဲဒီလို လုပ်တာ အံတီချို မကြိုက်ဘူးနော်၊ မျောက်ကလေးကို မပေါက်နဲ့နော်။

ဟာ အံတီချိုကလဲ၊ သား မပေါက်ရင် သား တာဇံ သေသွားမှာပေါ့။ သူက ကိုက်တယ်ဗျ တဲ့။ ကိုယ်ကလဲ စ ချင်တာနဲ့ အတည်ယူပြီး လူလေးရယ်၊ မျောက်ကလေး သနားပါတယ် လို့ ဘေးကနေ တချိန်လုံး ထိုင်လုပ်နေတာ။ နောက်တော့ သူ စိတ်ညစ်လာတယ်။ ဒါ ကစားနေတာ အံတီချိုရ။ ကဲ ကဲ သား မျောက်ကို ရှောင်သွားပြီနော်၊ မသတ်တော့ဘူးနော်။ ဒါပေမဲ့ အချိန်တွေကြာကုန်လို့ အမှတ်တွေတော့ လျော့ကုန်ပါပြီ တဲ့။

သူ့ညီမလေးကတော့ ဘုံဘုံတဲ့။ ဘုံဘုံလေးကတော့ အရမ်း အကင်းပါးတာပါ။ သူ့စိတ်ထဲမှာ လူလေးကို ကိုယ်တို့နှစ်ယောက်က ပိုချစ်တယ်များ ထင်နေသလား မသိ၊ ကိုယ်တို့လာရင် သူ့မှာ လုပ်ပေးကိုင်ပေးချင်တာ ပျာလို့။ စာကလဲ တော်လိုက်တာ ပြောစရာ မရှိ။ အိမ်ပြန်ရောက်တာနဲ့ ဘယ်သူကမှ မပြောရဘဲ စာတွေ လုပ်တော့တာပဲ။ စာပြီးမှ ကစားတယ်။

ဒါပေမဲ့ ကိုယ်တို့လာပြီလို့ အသံကြားတာနဲ့ သူရေးနေတာ၊ လုပ်နေတာတွေ အကုန်ချ၊ ပြေးပြီး ရေသွားခပ်ရတာ။ အံတီချို သောက်ပါအုံး တဲ့။ ကိုယ်အပြင်သွားမယ်ဆိုရင်လဲ သူ့အိမ်က နှင်းဆီတွေ၊ စပယ်တွေခူးပြီး ကိုယ်ပန်ဖို့ ပေးရတာ အမော။ သူလဲ သူ့နည်းသူ့ဟန် နဲ့ သူ့ကို ချစ်အောင် လုပ်ရတာပေါ့လေ။

ဘုံဘုံလေးက အလှအပလည်း ကြိုက်တတ်တော့ ကိုယ့်ရဲ့ ဆွဲကြိုးလေးတွေ၊ ကလစ်လေးတွေ လိုချင်တယ်။ ဒါပေမဲ့ သူက သူ့အမေ ဆူမှာလဲ စိုးတယ်။ အဲဒီတော့ ကိုယ်က ပြောရတယ်။ သမီးလေး၊ အံတီချိုတို့မှာ သားသမီးလဲ မရှိတော့ တူ၊ တူမလေးတွေ အတွက်ပဲပေါ့။ သမီးတို့မှ မယူရင် ဘယ်သူယူမလဲ ပေါ့။ အဲဒါနဲ့ သူလဲ ကိုယ့်အဖြေကို ကျေနပ်ပြီး ယူတယ်။ နောက်တော့ သူ့အမေက သိသွားလို့ သူ့ကို ဆူတော့ ဘုံဘုံက ဘာပြန်ပြောသလဲဆိုရင် အံတီချို့ဆီမှာ သားသမီးမှ မရှိတာ ယူရမှာပဲ တဲ့။ အခု အံတီချိုလဲ နေမကောင်းဖြစ်နေပြီ၊ ဒီတော့ ယူကို ယူရမှာပဲ တဲ့။ သူက သူယူမိတာ ပိုခိုင်မာအောင်လို့ ဖြည့်ပြောလိုက်တာလေ။ ကိုယ်တို့မှာ ရီ လိုက်ရတာ။

သူတို့မောင်နှမ နှစ်ယောက်က ခဏခဏ နောင်ဂျိန်ပလေးတတ်တော့ ကိုယ်က ကစားနည်း တခု လုပ်ထားရတယ်။ သည်းခံတမ်း ကစားတာလေ။ တယောက်ကို တယောက်က သည်းခံလိုက်ရင် သည်းခံလိုက်တဲ့လူကို အမှတ် ၁မှတ် ပေးတယ်ပေါ့။ အမှတ်များတဲ့သူကို ကိုယ်က သူတို့တောင်းဆိုတာ ၀ယ်ပေးမယ်ပေါ့။ အဲဒီလို စည်းကမ်းလုပ်ထားတယ်။

တနေ့ကျတော့ လူလေးနဲ့ဘုံဘုံက ကိုယ့်ကို ဥာဏ်စမ်းစာအုပ်တအုပ်ကိုင်ပြီး ၀ိုင်းမေးခွန်းထုတ်ကြတယ်။ ကိုယ်ကလဲ ဥာဏ်စမ်းဆိုရင် ခပ်တုံးတုံးမို့ လုံးဝ မစဉ်းစားချင်ဘူး။ သူတို့နှစ်ယောက်ကလဲ ညှိထားတယ်၊ အဖြေမပြောကြေးပေါ့။

ဒါနဲ့ စ မေးတယ်၊ အံတီချို ကမ္ဘာပေါ်မှာ ဘယ်အရာက အလေးဆုံး လဲ တဲ့။
ကိုယ်။ ။ ဒါလေးများ...၊ ကျောက်တုံးကြီးပေါ့..
လူလေးနဲ့ ဘုံဘုံ ။ ။ မဟုတ်ဘူး..
ကိုယ်။ ။ ဒါဆို ဘာဖြစ်ပါလိမ့်မလဲ..ကဲ အံတီချိုလဲ မသိတော့ဘူးကွာ၊
ဘုံဘုံ။ ။ (သူက အဲဒီဥာဏ်စမ်းစာအုပ်ကို အကုန်ဖတ်ပြီး မှတ်မိနေတော့ အရမ်းပြောချင်ဇောနဲ့) အော်၊ အံတီချိုကလဲ ဒါလေးက လွယ်လွယ်လေး..။ မျက်ခွံပေါ့ အံတီချိုရဲ့၊ သူက အိပ်ချင်ပြီဆိုရင် လေးလွန်းလို့ ဘယ်လိုမှ တွန်းလို့ မရတော့ဘူးလေ။
လူလေး။ ။ (အသံအကျယ်ကြီးနဲ့) ဘုံဘုံ!!! နင်ပြောလိုက်ပြန်ပြီလား။ ငါဒေါသထွက်လာပြီနော်။ အေးလေ.. သည်းခံလိုက်ပါမယ်လေ၊ အံတီချို သား သည်းခံလိုက်တယ်နော်၊ တမှတ်နော်။

နောက် ဆက်မေးကြပြန်ရော..
လူလေးနဲ့ဘုံဘုံ။ ။ လူတယောက်က အမြင့်ကြီးပေါ်က ခုန်ချတာ ဘာမှ မဖြစ်ဘူး တဲ့၊ အဲဒါ ဘာဖြစ်လို့လဲ။
ကိုယ်။ ။ အိပ်မက်ထဲမှာမို့လို့ ဖြစ်မှာပေါ့၊ ဟုတ်တယ် မဟုတ်လား။
ဘုံဘုံ။ ။ (ကြားဖြတ်ပြီး) မဟုတ်ဘူးလေ အံတီချိုရဲ့။ သူက ရေထဲခုန်ချတော့ ဘာမှ မဖြစ်ဘူးပေါ့။
လူလေး။ ။ ဘုံဘုံ!!! နင်ပြောလိုက်ပြန်ပြီလား။ မပြောပါနဲ့ဆိုမှ..။
အေးလေ.. သည်းခံလိုက်ပါတယ်လေ၊ အံတီချို သားသည်းခံလိုက်တယ်နော်။

ဒီလိုနဲ့ သူတို့နှစ်ယောက် စာအုပ်တအုပ်လုံး ကုန်အောင် မေးခွန်းတွေ မေးလိုက်ကြ၊ ကိုယ်က မဖြေနိုင်တော့ စဉ်းစားလိုက်၊ ဘုံဘုံက မနေနိုင်လို့ အဖြေ ၀င်ပြောလိုက်၊ လူလေးက ဘုံဘုံ လို့ အော်ပြီး ဒေါသဖြစ်လိုက်၊ နောက် သည်းခံလိုက်ပါတယ်လေ ဆိုပြီး တမှတ်ယူလိုက်။

စာအုပ်လဲ ကုန်ရော လူလေးလဲ သည်းခံရတဲ့အမှတ်တွေ တော်တော်ရသွားပြီ။ ဘုံဘုံလဲ မနေနိုင်လို့ အဖြေ၀င်ပြောမိတာ နောက်ဆုံးကျတော့ သူ့အကိုက အမှတ်တွေရပြီး သူ့မှာ မျက်နှာကောင်းလဲ မရ။ အိပ်ယာပေါ်သွားမှောက်ပြီး တအိအိနဲ့ ငိုပါလေရော။
ကိုယ်လဲ အဲဒီ သည်းခံတမ်း ကစားတာလေးကို ခုထိမမေ့နိုင်ဘူး ဖြစ်သွားတော့တာပါပဲလေ။

မိုးချိုသင်း