မနေ့က အိမ်ကို ဧည့်သည်လာမယ်ဆိုတော့ အိမ်သန့်ရှင်းရေးလုပ်၊ စားဖို့ ချက်ပြုတ် ပြင်ဆင်ရတယ်။ လာမဲ့မိတ်ဆွေတွေက လန်ဒန်မှာ နေတဲ့ ပန်းချီဆရာ ကိုထိန်လင်း ၊ သူ့အမျိုးသမီး Vicky Bowman နဲ့ သမီးလေး အရုဏ်လင်း (Aurora) တို့ပါ။
ကိုထိန်လင်းဆိုတာက ပန်းချီဆရာ၊ အသွေးထဲ အသားထဲကကို ပန်းချီဆွဲချင်စိတ် ပြင်းပြနေသူ။ သူ့ကို စစ်အစိုးရက မတရားဖမ်းဆီး ထောင်ချစဉ်က ထောင်ထဲက သူ့အချိန်တွေကို အကျဉ်းသားတွေရဲ့ ထောင်အ၀တ်အစားတွေပေါ်မှာ ပန်းချီတွေ ခိုးဆွဲပြီး အချိန်တွေကို အဓိပ္ပါယ်ရှိရှိ ကုန်လွန်စေခဲ့သူပါ။ အကျဉ်းသားတွေရဲ့ အဝတ်တွေကို ပိတ်ကား လုပ်လို့ အပြင်ကို သူ့ပန်းချီကားပေါင်း ၃၀၀ ကျော် ထုတ်နိုင်ခဲ့သူဆိုတာ သိဖူး ကြားဖူး ကြမှာပါပဲ။
Vicky ကတော့ မြန်မာပြည်ဆိုင်ရာ အင်္ဂလန် သံအမတ်ကြီးဟောင်းပါ။ သူက မြန်မာစာ၊ မြန်မာ့ယဉ်ကျေးမှုကို နှစ်သက်လေ့လာတဲ့သူဆိုတော့ မြန်မာလို ရေရေလည်လည် လုံးစေ့ပတ်စေ့ ပြောတတ်သူပဲ။ ၁၉၉၀ ကျော်နှစ်တွေတုန်းက Vicky က ကိုယ့်ဝတ္ထုတိုလေး တပုဒ်ကို “Ink over ripped out ငွေမင်သုတ်တယ် ဆုတ်ဖြဲတယ်”ဆိုတဲ့ စာအုပ်မှာ အင်္ဂလိပ်လို ဘာသာပြန်ဖူးပါတယ်။ သူနဲ့ မတွေ့ဖြစ်တာ ဆယ်နှစ်ကျော်ခဲ့ပြီ။ အခုပြန်တွေ့တော့လဲ အရင်လို ချောတုန်းပဲ။
သူတို့ LA ကို အလည်အပတ်လာကြတော့ ကိုယ်တို့အိမ်မှာ ဆုံကြတယ်။ ကိုဇာဂနာ မိသားစုရယ်၊ LA Organizers အဖွဲ့က မိတ်ဆွေ တချို့ရယ်၊ LA မှာ ထုတ်တဲ့ မန္တလေး ဂေဇက်က မိတ်ဆွေတွေရယ် အားလုံး ဆုံပြီး စကားပြောကြတာပါပဲ။ တနေ့လုံး စားလဲစား၊ ပြောလဲ ပြောနဲ့ ညနေစောင်းလို့ စောင်းမှန်းတောင် မသိအောင်ပဲ။
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာ များတယ်။ ကျောင်းတက်တုန်းက အကြောင်းတွေလဲ ပါရဲ့၊ ကိုယ်တို့ ခင်ရတဲ့ သူငယ်ချင်းတွေ အကြောင်း။ တချို့ ဆုံးပါး၊ တချို့ လမ်းခုလတ်မှာ ကိုယ့်အချင်းချင်း နောက်ကျောဓားနဲ့ထိုးခံရတာတွေ၊ တောရိပ် တောင်ရိပ် ခိုခဲ့ရတာတွေ၊ ထောင်ထဲမှာ လျှို့လျှို့ဝှက်ဝှက် ရတဲ့ဆေးနဲ့ ရသလို ပန်းချီဆွဲခဲ့ရပုံတွေ အစုံပေါ့။
တော်တော်လေးကြာတော့ ပန်းချီဆရာက အိမ်ပြင်ထွက်ပြီး အပြင်မှာ ပစ်ထားတဲ့ သုံးထပ်သားပြား တပြားကို ယူလာတယ်။ အိမ်ရှင်ကို ပန်းချီဆွဲပေးမလို့ တဲ့။ ကိုယ့်မှာ ကျေးဇူးတင် ၀မ်းသာလိုက်တာ။ အိမ်မှာ ရှိနေတဲ့ ကြတ်ထားတဲ့ ပန်းချီဘောင်တခု ယူပြီး ဒီပေါ်မှာ ဆွဲပါ ဆိုတော့ မဆွဲချင်ဘူး တဲ့။
ဒါနဲ့ ပင်နီနဲ့ ပုဆိုးလေး ၀တ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီဆရာဟာ ကြမ်းပြင်ပေါ်မှာ အ၀တ်လေးခင်းပြီး ရှိတဲ့ဆေးလေးနဲ့ ပန်းချီ စ ဆွဲပါတယ်။ သူပန်းချီဆွဲနေတာ ကဗျာတပုဒ်လိုပဲ။ ကိုယ်တို့လဲ ဘေးနားမှာ အံ့သြပြီး ငေးကြည့်နေမိတယ်။
သူဆွဲတာက ကိုယ်တို့ ဘယ်တော့မှ မေ့ပျောက်လို့ မရတဲ့ မြသီလာ။ ဘွဲ့နှင်းသဘင်ခမ်းမ နဲ့ သစ်ပုတ်ပင်နဲ့။ ကံကော်ပင်တွေမှာ ကံ့ကော်ပန်းဝါ၀ါလေးတွေတောင် ဝေနေသလားလို့ ထင်မိတယ်။ ငြိမ်းငြိမ်းချမ်းချမ်း အင်းလျားကန်က လှိုင်းကြက်ခွပ်လေးတွေက ပြေးလို့။ တောင်ငူဆောင်ကင်တင်းမှာ အဖေတို့နဲ့အတူ လက်ဖက်ရည်သောက် စာပေ ဆွေးနွေး ကြတာတွေကို သတိရမိလို့ အဲဒီ inspiration နဲ့ ဒီပန်းချီကို ဆွဲတာ တဲ့။
ဘာဖြစ်လို့ သူများလွှင့်ပစ်ထားတဲ့ သုံးထပ်သားပြားကို လမ်းဘေးက ကောက်ပြီး ဆွဲရတာလဲ လို့ မေးတော့ ကိုယ်တို့ဘ၀တွေကိုလဲ အာဏာရှင်တွေက အသုံးမကျ ဖြစ်သွားအောင်၊ စုတ်ပြတ် နင်းခြေ ကန်ကျောက်ပစ်လိုက်တာ တဲ့။ အမှိုက်လိုပဲ တဲ့။ ဒါပေမဲ့ အဲဒီအမှိုက်ကပဲ အခုလို ပန်းချီဆွဲလိုက်တဲ့အခါ လောကအတွက် အသုံးကျစရာ တခုခု ဖြစ်သွားတယ် တဲ့။ ဒါကြောင့်မို့ recycle လို အခက်အခဲ၊ မတရား ဖိနှိပ်မှု ဘယ်လိုရှိရှိ၊ ဖျက်ဆီးတိုင်း မပျက်စီးဘဲ ပြန်ရှင်သန်နေတဲ့ ဘ၀တွေကို ကိုယ်စားပြုတာပါ တဲ့လေ။
ကိုဇာဂနာ့ အမျိုးသမီး မလွင်မာအတွက်လဲ ပန်းချီတကား ဆွဲပေးသေးတယ်။ နောက်ထပ် သွားကောက်လာတဲ့ သုံးထပ်သားပြား တခုနဲ့ပါပဲ။ ဒီတခါ အမအတွက် ဆွဲပေးတာက အငြိမ့် ပန်းချီကားလေးပါ။ မင်းသမီးလေးက က လို့။ ဘေးမှာ လူရွှင်တော်တွေနဲ့။ လူရွှင်တော်ရဲ့ ပုဆိုးကွက် အတုံးကြီးကြီးတွေက ပန်းချီကားကို ပိုမြိုင်အောင် လုပ်ထားတယ်။
ဒါပေမဲ့ လူရွှင်တော် တယောက်ကတော့ ဘောင်ကလေးထဲမှာ ထိုင်နေတယ်။ အဲဒီ လူရွှင်တော်က ကတုံးလေးနဲ့။ အဲဒီဘောင်လေးကို သော့ခတ်ထားသေးတယ်။ အထဲမှာ နေနေရပေမဲ့ သူ့လက်ကလေးက ချိုးပြီး ကနေသေးသလိုလို။ အပြင်မှာ ကနေတဲ့ မင်းသမီးကလဲ အကမပျက်၊ ပန်းပန်လျက်။
ကိုထိန်က ပန်းချီဆွဲရင်း ဘေးနားမှာ ငုတ်တုတ်လေး ထိုင်ပြီး ငေးနေကြတဲ့ မလွင်မာနဲ့ ကိုယ်တို့ကို ရေးလိုက် ပြောလိုက် လုပ်နေတာပါ။ ကိုယ်လဲ ပန်းချီကားထဲက ဘောင်လေးထဲ ရောက်နေတဲ့ လူရွှင်တော် ကတုံးမင်းသားလေးကို ကြည့်ရင်း သူ့ဆေးလေးတွေ ပြန့်သွားသလို ၀ါးကုန်တယ်။ သူလဲ တမင်တကာ စွန့်ပစ်ခံထားရတဲ့ ပစ္စည်းလေးပဲ။ ဒါပေမဲ့ ဒီ recycle က ကိုယ်တို့အားလုံးအဖို့မှာတော့ တန်ဖိုး မဖြတ်နိုင်ပါဘူး။
ညမိုးချုပ်တော့ ဧည့်သည်တွေ ပြန်ကြပြီ။
သူတို့တွေ ပြန်ပေမဲ့ ဘယ်သူတွေ နင်းခြေခြေ မပျက်စီးသွားဘဲ ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ခံပြီး လောကကို ကောင်းကျိုးတစုံတရာ ပြုနိုင်ဆဲဖြစ်တဲ့ recycle လူတွေအကြောင်း တသီတတန်းကြီး တွေးနေမိတာ။
ဒီအချိန်အခါလေးကို အမှတ်တရအနေနဲ့ လိုအပ်တဲ့ တချိန်ချိန်မှာ ပြန်သတိရနိုင်အောင် ကိုယ့်မှတ်တမ်းလေးမှာ ရေးခြစ်လိုက်ပါတယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဒီမြို့ကလေးကို ကိုယ်တို့ ပြောင်းလာတော့ မလည်မဝယ်နဲ့ပါ။
သားအဖ ၃ယောက် အခန်းကျယ်ကျယ်လေး တခု ငှားနေမယ် လို့ စဉ်းစားကြတော့ ဘုန်းဘုန်း တကာမ၊ အဖေ့ မိတ်ဆွေမောင်နှံက သူတို့အိမ်ကို ငှားမယ် တဲ့။ ဆရာတို့ ကြိုက်သလို နေပါ တဲ့။
ကိုယ်တို့က ပထမတော့ တွန့်ဆုတ်နေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့လိုက်ရှာနေတာက အိပ်ခန်း ၂ခန်းပါတဲ့ အပတ်မန့်လေးတခု။ အခု မိတ်ဆွေတွေ ငှားမယ်ဆိုတဲ့အိမ်က သွားကြည့်တော့ အိပ်ခန်း ၃ခန်းပါတဲ့ အိမ်လေး။ ကိုယ့်မိသားစုချည်း နေလို့ ကျယ်ဝန်းတဲ့အပြင် မိတ်ဆွေတွေ လာလည်ရင် တည်းခိုစရာ အခန်းသပ်သပ်လေး ပိုသေးတာကိုး။ ဒါကြောင့် ကိုယ်တို့ ဘတ်ဂျက်ထဲ ဝင်ပါ့မလားလို့ တွန့်ဆုတ်မိတာပါ။
အဖေကတော့ အိမ်လေးကို သဘောကျနေပြီ။ သူဆေးလိပ်သောက်ဖို့ ခြံလေးလဲ ရှိသတဲ့။ ဒါနဲ့ အိမ်ရှင် ဦးရစ်ချတ်နဲ့ မသိန်းသိန်းဌေးတို့ လင်မယားကို အိမ်ငှားခ ဘယ်လောက်ပေးရမလဲ မေးတော့ အလွန်ချိုသာတဲ့ ဈေးနှုန်းနဲ့ ငှားပါ့မယ် တဲ့။ ဒါတောင် မပေးနိုင်လဲ မပေးသေးနဲ့အုံး တဲ့။ ကိုယ်တို့လဲ အံ့သြဝမ်းသာ ဖြစ်ရတာပေါ့။
အမေရိကန် လွတ်လပ်ရေးနေ့ ဂျူလိုင်လ ၄ရက်နေ့မှာ ဒီမြို့ကလေးကို ကိုယ်တို့ ပြောင်းခဲ့ကြတယ်။ အဖေ့ မိတ်ဆွေတွေ၊ ကိုယ်တို့ သူငယ်ချင်းတွေ ဝိုင်းပြောင်းပေးခဲ့ကြတာပါ။ တနေ့လုံး ပစ္စည်းတွေ နေရာချရ၊ ထားရ သိုရနဲ့ ပင်ပန်းနေတာတောင် ကိုယ် တညလုံး အိပ်မရခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မီးရှူး မီးပန်းတွေ တညလုံး ဖောက်နေကြလို့လေ။ အဲဒီလို ပျော်တတ်တဲ့ မြို့လေးဆိုတာ ကိုယ် စ ရောက်ရောက်ချင်း ညမှာကို သိခဲ့ရပါတယ်။
မြို့ကလေးက ထည်ထည်ဝါ၀ါ ခမ်းခမ်းနားနား မဟုတ်ပါဘူး။ သာမန် မြို့လေး တမြို့ပါပဲ။ နာရီဝက် ၄၅ မိနစ် လောက် ကားမောင်းသွားရင် မြို့လယ်ခေါင်ကို ရောက်သွားတယ်၊ ဟောလီဝုဒ်လမ်းမကြီးက Walk of Fame မှာ လမ်းလျှောက်လို့ရတယ်။ နံမည်ကြီး ကြယ်ပွင့်တွေ နေတဲ့ စင်တာမော်နီကာ ဘိခ်ျမှာ ပစိဖိတ် သမုဒ္ဒရာကြီးကို သွားငေးလို့ရတယ်။ အဲဒီလို မြို့ကြီးနဲ့ မနီးမဝေးဆိုပါတော့။
ကိုယ်တို့ရောက်စက အဖေက ခြံထဲက လိမ်မော်ပင်အောက်မှာ စားပွဲလေးချ၊ ရေနွေးလေးသောက်ရင်း စာရေး၊ ဆေးလိပ်ဖွာရင်း ကဗျာစပ်။ ဒီအိမ်မှာ အထူးခြားဆုံးက ငှက်သံမျိုးစုံ ကြားရတာပဲ။ တခါမှ မမြင်ဖူးတဲ့ အရောင်စိုစို နှုတ်သီးချွန်ချွန်နဲ့ ငှက်ကလေးတွေလဲ ရှိတယ်။ သီချင်းဆိုသလို အကြာကြီး သံစဉ်အနိမ့်အမြင့်နဲ့ ဆိုနေတဲ့ ငှက်ကလေးတွေလဲ ရှိတယ်။
အဖေကတော့ သူကဗျာစပ်တုန်း သူ့မြေးလေးတွေကို ခြံထဲမှာ ဆော့ကစား ပျော်ရွှင်နေတာကို မြင်ချင်တာ လို့ မကြာခဏ ပြောဖူးတယ်။ သမီးရေ နောက်ဖက်မှာ အိမ်လေးတွေ ထပ်ဆောက်ပြီး သားသမီးတွေမြေးတွေနဲ့ တစုတစည်းတည်း နေရရင် ကောင်းမှာပဲ လို့ ပြောတတ်တယ်။
ကိုယ်တို့မြို့လေးထဲမှာပဲ မိတ်ဆွေ အပေါင်းအသင်းတွေကိုလဲ လာနေစေချင်သေးတာ။ ဒါမှ ပျော်စရာကောင်းတဲ့ အနုပညာမြို့လေး ဖြစ်သွားအောင်လို့ တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြို့ကလူတွေက ငွေကြေး ထည်ထည်ဝါ၀ါ မရှိပေမဲ့ မျက်နှာ ကြည်ကြည်လင်လင် ပြုံးပြုံးရွှင်ရွှင် ရှိကြတယ်လို့ ထင်လို့ပါတဲ့။
ကိုယ်တို့အိမ်ကနေ အိမ်လေးငါးအိမ် လောက် ဖြတ်လျှောက်လိုက်ရင် မြို့ရဲ့ Community Center ကို ရောက်ရော။ အဲဒီမှာ လူကြီးတွေအတွက် အခကြေးငွေ မယူဘဲ ဖွင့်တဲ့ သင်တန်းတွေ စုံစုံလင်လင် ရှိပါတယ်။ အဖေတောင် အဲဒီမှာ စန္ဒယားတီး သွားသင်သေးတယ်။ စနစ်တကျ တီးတတ်အောင်လို့ တဲ့။
ရေကူးသင်တန်း၊ အားကစားလေ့ကျင့်ခန်း သင်တန်း၊ ပန်းချီ ပန်းပု သင်တန်း၊ စားပွဲတင် တင်းနစ်၊ ဘတ်စကတ်ဘော အကုန်လုံး တက်လို့ရတယ်။ ကိုယ်တို့ သားအဖနှစ်ယောက် လက်ချင်းချိတ်ပြီး အဲဒီသင်တန်းတွေ တခန်းဝင် တခန်းထွက် သွားကြည့်၊ လေ့လာကြတာပေါ့။ အားကစားများတော့ နှစ်ယောက်စလုံး စိတ်မ၀င်စားလို့ မြန်မြန်ပြန်ထွက်ကြရသေးတယ်။ ပြီးတော့ center ထဲမှာပဲ ကော်ဖီသောက်၊ မုန့်စား။ ကော်ဖီတခွက် ၁၅ပြား တဲ့။ လူကြီးတွေအတွက်တော့ အခမဲ့။
အဲဒီရှေ့မှာ ပန်းခြံလေး ရှိသေးတယ်။ ဒါလဲ သိပ်ကျယ်ကျယ်ဝန်းဝန်းကြီး မဟုတ်ဘူး။ ဆော့လို့ ကစားလို့ မိသားစု အပန်းဖြေလို့ လောက်ငရုံ ကျယ်ဝန်းတယ်။ လမ်းတဖက်မှာတော့ Fast Food ဆိုင်တွေ စုံစုံလင်လင် ရှိပါတယ်။ ဘာဂါစားမလား၊ ကြက်ကြော်စားမလား၊ ပီဇာ စားမလား၊ မက္ကဆီကန်စာ စားမလား။ ကိုယ့်ကိုမေးရင်တော့ အကုန်စားမယ် ဖြေမှာပဲ။
ကိုယ်တို့အိမ်ကနေ ၅မိနစ်လောက် ကားမောင်းသွားရင် တမြို့တည်းမှာပဲ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ရှိသေးတယ်။ အဖေက ဒီအိမ်လေးကို သဘောကျတာမှာ ဒီအချက်ကလဲ အဓိက အချက်အနေနဲ့ ပါတာပေါ့။ အဖေက တရားစခန်းကို တယောစခန်းဖြစ်အောင် တယောလေး သွားသွားထိုးနေတဲ့ ကျောင်းပေါ့။ နောက်ပြီး သူ့မိတ်ဆွေတွေကို လာတည်းခို ဖို့ အားတက်သရော ခေါ်တတ်ပြီး အိမ်မှာ မဆန့်ရင် ဘုန်းကြီးကျောင်းတကျောင်းလုံး ရှိတယ်လို့ ပြောတတ်သေးရဲ့။
ကိုယ်တို့မြို့မှာ မြို့တွင်းသာသွားတဲ့ ဘတ်စ်ကားလေးတွေလဲ ရှိသေးတယ်။ မြို့တွင်း ဘယ်စီးစီး ၆၅ ပြားလား မသိ၊ ပေးရတယ်။ ဘတ်စ်ကားပေါ်မှာ ရောင်စုံ လက်ဝါးပုံသဏ္ဍန်တွေ ကပ်ထားတာ။ မြင်လိုက်တာနဲ့ ပျော်ပြီး မြို့ကလေးတပတ်တော့ စီးလိုက်ချင်စရာ။
ကိုယ်လဲ သွားရင်းလာရင်း အေးအေးလူလူ တက်လိုက်သွားချင်တာ အမြဲပဲ။ ဒါပေမဲ့ ဘယ်တော့မှ အချိန်မရခဲ့ဘူး။ တနေ့တော့ မြို့တွင်းဘတ်စ်လေး စီးဖို့ အကြောင်းက ဖန်လာတယ်။
အဲဒီနေ့က ကိုယ်က ဆေးရုံမှာ မျက်စိ သွားစစ်ရမဲ့နေ့။ တနှစ်မှာ တခါ မျက်စိစစ်ရမှာမို့ ဆေးရုံသွားရတယ်။ ဆေးရုံကလဲ ကိုယ်တို့အိမ်နဲ့ နီးနီးလေး။ ၅မိနစ်လောက် ကားမောင်းသွားရင် ရောက်ပြီ ဆိုတာမျိုး။ ဒါနဲ့ ကိုယ့်ကို ဆေးရုံမှာ ကိုယ့်အမျိုးသားက ချခဲ့ပြီး သူအလုပ်ရှိတာမို့ အပြန် မြို့တွင်းဘတ်စ်လေးနဲ့ပဲ ပြန်ခဲ့ပေတော့ တဲ့။ ကိုယ်လဲ ၀မ်းသာပြီး ကျန်ခဲ့တယ်။
ဆေးရုံမှာ မျက်စိစစ်တော့ မျက်လုံးထဲ ဆေးရည်တွေထည့်တာ ဘာညာ သူတို့ လုပ်ကြတယ်။ ကိုယ်လဲ ပြုသမျှ ခိုင်းသမျှ စာလုံးတွေ ကြည့်လိုက်ရ၊ ဖတ်လိုက်ရ၊ မျက်လုံး မှိတ်ထားလိုက်ရနဲ့ လိုက်လုပ်ရသေးတယ်။ အားလုံးပြီးသွားတော့ နေကာမျက်မှန် တပ်ထားပါ တဲ့။ မျက်စဉ်းကြောင့် သားငယ်အိမ် ခဏကျယ်နေမယ်ဆိုလား ပြောကြပြန်တယ်။
ကိုယ်ကလဲ တွေ့ကရာနေရာ မျက်မှန်မေ့ခဲ့တတ်သူ။ ဒီလို လိုအပ်မယ်မှန်း မသိတော့ နေကာမျက်မှန် မယူလာခဲ့ရဘူး။ ဒါနဲ့ သူတို့က မျက်မှန် အနက်ကြီးတခု တပ်ပေးလိုက်ပါရော။ ဒါကို နာရီဝက်ကြာမှ ဖြုတ် တဲ့။ ဒါနဲ့ ကိုယ်လဲ ဆေးရုံရှေ့က ခုံလေးမှာ မြို့တွင်းဘတ်စ်လေးကို မျက်မှန်နက်ကြီးတပ်ပြီး စောင့်နေရတာပေါ့။
ဘတ်စ်ကားလေးက ဆေးရုံထဲထိ ဝင်ကြိုတယ်။ ကားလေးလာတော့ ကိုယ်က ပျော်ပြီး ဘေးလူမရှိပါဘဲ ရန်ကုန်အကျင့်ပါပြီး လုတက်မလို့။ ကားသမားက ကိုယ့်ကို ပျာပျာသလဲ တားတယ်။ ကိုယ်လဲ ငါစီးချင်တဲ့ မြို့တွင်းဘတ်စ်လေးများ မဟုတ်လို့လားဆိုပြီး ကြောင်သွားတာ။ ဘယ်ဟုတ်ပါ့မလဲ။ ဒရိုင်ဗာက ဘတ်စ်ကား ခြေနင်းလေးကို ပလက်ဖောင်းလောက်ထိ နှိမ့်ပြီး ကိုယ့်ကို ဖြေးဖြေးချင်း တက်ခိုင်းတာပါ။ အကောင်းမဟုတ်ပါဘူး။ မျက်စိမမြင်တဲ့လူလို့ ထင်လို့ပါ။
ကိုယ်လဲ မျက်မှန်အနက်ကြီးနဲ့ တက်သွားပြီး ကားခပေးမယ်ဆိုတော့ နေ..နေ ဆိုတဲ့သဘောမျိုး လက်ခါပြတယ်။ ဒါပေမဲ့ ကိုယ်က အသင့်ထုတ်ထားတဲ့ အကြွေတွေကို ထည့်ခဲ့တယ်။ ကိုယ်နေရာကို ရောက်လို့ သေချာထိုင်မှ သူက ကားစ မောင်းတာ။ ကိုယ်လဲ ဘေးက ရှုခင်းတွေ ငေးလိုက်လာတာပေါ့။
ကားက တမြို့လုံး အားရပါးရ ပတ်တော့တာပဲကိုး။ မြို့ကလဲ ကျယ်တော့ အတော်စုံစုံ ရောက်တယ်။ ကိုယ်လဲ မရောက်ဖူးတဲ့နေရာတွေ တွေ့ရတော့ ပထမတော့ ပျော်လိုက်တာ။ လမ်းခရီးတွေလဲ မှတ်ပေါ့လေ။ နေ့ခင်းဆိုတော့ ကားစီးတဲ့လူလဲ နည်းတော့ ကားသမားက ဒီ “မမြင်” တော်တော် ရှုခင်းကြည့်ပါလား ထင်မှာ။
နောက်တော့ ၅မိနစ်ဆို အိမ်ရောက်ရမဲ့ကိစ္စ ပတ်လို့ပဲ မပြီးနိုင်တော့ ကိုယ် လော လာတယ်။ အဖေက အိမ်မှာ ကျန်နေခဲ့တာဆိုတော့ မြန်မြန်ရောက်စေချင်ပြီ။ ဒီလိုနဲ့ အိမ်နားက ပန်းခြံလေးမှာ ဂိတ်ဆုံးရော ဆိုပါတော့။ ကိုယ်ဆင်းမယ်ဆိုတော့ ကားသမားက ပေးမဆင်းပြန်ဘူး။ သူ့ခြေနင်းခုံကြီး နှိမ့်နေသေးတာ။ ဒီက ဂျွမ်းထိုးပြီးတောင် ဆင်းပစ်လိုက်ချင်တာ။
လမ်းပေါ်ရောက်တာနဲ့ ဒီလောက်ပတ်တဲ့ကား နေတော့ဟယ်ဆိုပြီး မျက်မှန်ကြီးချွတ် အိမ်ကို အပြေးလေး ပြေးသွားလိုက်တာပေါ့။ နောက်မှ သတိရပြီး ဘတ်စ်ကားကို ပြန်လှည့်ကြည့်မိတော့ ကားသမားက သူ့ခုံပေါ်ကနေ ကိုယ့်ကို ပါးစပ်ကြီး ဟပြီး အံ့သြတကြီး ငေးလို့။ သူ မျက်စိမမြင်ဘူး ထင်ထားတဲ့တယောက်က ကားပေါ်ကဆင်းတော့ မျက်မှန်ကြီးချွတ်ပြီး ဒေါင်းတိမောင်းတိ ပြေးသွားတာကိုး။
အဲဒီနောက်ပိုင်းမှာ ကိုယ်လဲ ဒီမြို့ကလူတွေကို “သူတပါးကို ကူညီတတ်သော၊ နောက်ပြီး လူကဲ မခတ်တတ်သော..”လို့ ကိုယ့်အိမ်ကို ရေးတဲ့စာတွေမှာ ထည့်ထည့် ရေးမိပါတော့တယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
အခုတလော လျှောက်တွေးကြည့်မိတာလေးတွေ ပြောပြချင်သေးတယ်။
ဟိုတနေ့က ဘာရယ်မဟုတ်ဘူး၊ စိတ်ထဲမှာ ပင်ပန်းလာတာနဲ့ လိုကို ဖြစ်ချင်တယ် လို့ ရေးလိုက်မိတယ်။ အဲဒီတော့ ရင်းနှီးတဲ့ ဘလော့ဂ် မိတ်ဆွေတွေက ကိုယ့်ကို သိပ်စိတ်ဓာတ်များ ကျနေသလား၊ နေမှ ကောင်းရဲ့လား၊ ကျန်းမာရေးရော ဂရုစိုက်ရဲ့လားဆိုပြီး ပူပန်ကြပါတယ်။
ကိုယ်လဲ အဲဒီတုန်းက ရေးမဲ့သာ ရေးလိုက်တာ၊ ရေးလဲ ပြီးရော စိတ်ညစ်လဲ ပျောက်ရော ဆိုပါတော့။ ကိုယ်ရေးခဲ့တာတွေလဲ မေ့၊ LAမှာလုပ်တဲ့ သင်္ကြန်ပွဲကို ပျော်ပျော်ကြီး ချီတက်သွားတယ်။ ဟိုမှာလဲ မိတ်ဆွေတွေနဲ့ ဆုံ၊ ကိုယ့်အကြိုက် အစားအသောက်တွေက ပုံ နေတဲ့အပြင် သင်္ကြန်သီချင်းတွေနဲ့မို့ တပြုံးပြုံး နေမိတယ်။
လိုကို ဖြစ်ချင်သူက သင်္ကြန်မှာ ဒီလို ဓာတ်ပုံ အရိုက်ခံလိုက်သေး
အဲဒီတော့ မိတ်ဆွေတယောက်က ပြောတယ်။ ရေးတော့ဖြင့် လိုကို ဖြစ်ချင်တယ်လေး ဘာလေးနဲ့ အတော် စိတ်ဓာတ်ကျနေပြီမှတ်တာ တဲ့။ သူများတွေက မြန်မာနှစ်ဆန်းမို့ ဆုတွေ တောင်းကြ၊ ကုသိုလ်တွေ လုပ်ကြ နဲ့ အရှိန်ရနေတုန်း သူက လိုကို ဆိုတော့ ဘယ်လိုနားလည်ရမလဲ ဖြစ်သွားတယ် တဲ့။
သူ ဒီလိုပြောမှ ကိုယ်လဲ သတိထားမိတာ။ ဟုတ်တာပေါ့။ သင်္ကြန် ပြီးလို့ မြန်မာနှစ်ဆန်း တရက်မှာ အေးအေးချမ်းချမ်းနဲ့ အနာဂတ်ကို မျှော်နေတုန်း ကိုယ်က ရူးချင်တယ် တဲ့။ အ၀င် မတတ်တာ ပြောပါတယ်။ သူများတွေက ငြင်ငြင်သာသာ စီးဆင်းနေတုန်း ကိုယ်က ဗိန်းမောင်း တိုက်သလိုပေါ့။ တယောက်တည်း ဟတ်ကော့ကြီး။
အရင်ကလဲ ကိုယ် အဲဒီလိုမျိုး အကြိမ်ကြိမ် ဖြစ်ဖူးပါတယ်။ များလွန်းလို့ မေ့တောင် မေ့ပစ်လိုက်ပြီ။ တခါကတော့ အဖေ ကိုယ်တိုင် စိတ်ညစ်သွားရသေးတာပေါ့။ အဲဒီတုန်းက ကိုယ်တို့မြို့မှာ စာပေဟောပြောပွဲ လုပ်တာမို့ ထုံးစံအတိုင်း ကိုယ်တို့အိမ်မှာပဲ စာရေးဆရာတွေ တည်းပါတယ်။
ကိုယ်လဲ ဆရာတွေစားဖို့ ထမင်းဟင်းချက်ရင်း သောက်ဖို့ အမြည်းလေးတွေ လုပ်နေတုန်း။ ထမင်းမစားခင် အဖေနဲ့ ဆရာမောင်သစ်ဆင်း နဲ့ စာပေအကြောင်းတွေ ပြောကြတာ အရှိန်တော်တော်ရနေတယ်။ အဖေကလဲ စိတ်တူ ဘာသာစကားတူသူချင်း ဆုံရတော့ ၀မ်းသာအားရ ပြောမ၀။ ဆရာ မောင်သစ်ဆင်းကလဲ မောင်သစ်တုံး ဖြစ်ခဲ့တာတွေ မေ့၊ အဖေနဲ့ ကရားရေလွှတ် တတွတ်တွတ်။
အဲဒီလို မြန်မာစာပေရေစီးကြီး အရှိန်ကောင်းနေတုန်းမှာ ကိုယ်လဲ ဘေးကနေ လုပ်ကိုင်နေရင်းက ချိုသင်းလဲ တခု မေးချင်တယ် လို့ ကြားဖြတ်ပြောလိုက်မိတယ်။ အဖေရော ဆရာရော မျက်နှာဝင်းပ သွားတာ သိသာလွန်းတယ်။ အဖေက အဲဒီတုန်းက ကိုယ်စာမရေးတော့တာကို စိတ်မကောင်းဖြစ်နေတာ။ အခု စာပေအကြောင်း ပြောတုန်း သမီးစိတ်ဝင်စားလာပြီး ဆွေးနွေး မေးမြန်းတော့မယ် ဆိုပြီး မျက်လုံးလေး လက်သွားတယ်။
မေး၊ မေး သမီး၊ ဘာမေးမလဲ တဲ့။ ကိုယ်မေးလာမဲ့ မေးခွန်းကို နှစ်ယောက်သား ပြုံးပြီး နားထောင်နေတယ်။ အဲဒီမှာ ကိုယ်က မေးလိုက်ပါတယ်။ “အဖေတို့ ထမင်းအရင် စားကြမှာလား၊ အရက်အရင် သောက်ကြမှာလား၊ ဘယ်ဟာ အရင်လုပ်ရတာလဲ၊ ချိုသင်း မသိလို့” တဲ့။
သူတို့ နှစ်ယောက်စလုံး ဟာ..ကနဲ ဖြစ်သွားတယ်။ ငါ့သမီးနှယ် စာပေရေစီးကြောင်း အားကောင်းတုန်း ဘယ့်နှယ် မေးလိုက်ပါလိမ့် တဲ့။ သူတို့ မျှော်လင့်နေတာက မော်ဒန်ဆိုတာ စကားလုံးတွေ နိမိတ်ပုံတွေ အားကောင်းတာပေါ့နော် ဆိုတာမျိုး။ ၀တ္တုတွေဟာ ခေတ်အရိပ်ကို ထင်ဟပ်..ဘာညာပေါ့။
ကိုယ့်မလဲ ဘာများ မှားသွားပါလိမ့် လို့။ ကိုယ်က ဒီအစားအသောက် ပြင်တဲ့အထဲ စိတ်ရောက်နေတာဆိုတော့ သိချင်တာ မေးမိတာပါပဲ။ အဲဒီလိုပဲ အ၀င်မတတ်တော့ ဂွကျတာတွေ ဖြစ်တတ်တယ်။
အ၀င်တတ်ဖို့တင် မဟုတ်၊ သူများ ၀င်လာရင်လဲ အသာ ဆီး ပိတ်တတ်မှ အဖွင့် အပိတ် လှတာမျိုး ရှိတတ်သေးတယ်။ အဲဒီမှာလဲ ကိုယ်ညံ့ပြန်ပါရော။
မှတ်မိတာတခု ပြောရရင် အဲဒီတုန်းက ကိုယ်က ရန်ကုန်မှာ သင့်ဘ၀မဂ္ဂဇင်း လုပ်နေစဉ်က ပေါ့။ ညနေဆိုရင် ၄၈ ဒတ်ဆန်းကားလေးတွေ စီးပြီး အင်းစိန်ကို ပြန်ရတယ်။ အဲဒါဆို ညနေတိုင်း ဘတ်စ်ကား မှတ်တိုင်မှာ လူတန်းရှည်ကြီး တန်းစီစောင့်ရတယ်။ ဘတ်စ်ကားလာရင် တန်းစီတက်ရတာပေါ့။
အဲဒီလိုအချိန်ဆိုရင် အလုပ်က ဆင်းလာတော့ လူတွေအားလုံး ပင်ပန်းပြီး အိမ်မြန်မြန် ရောက်ချင်နေပြီ။ ကြားဖြတ်ရင် လူတွေက မကြိုက်ဘူး။ ကိုယ်ချင်းစာပါပေါ့၊ ဒီမှာ အကြာကြီး တန်းစီထားရတာ အဲဒီလိုမျိုး။
တနေ့တော့ ကိုယ်လဲ အိမ်ပြန်မလို့ ကျောပိုးအိတ်လေးလွယ်ပြီး တန်းစီရင်း ဘတ်စ်ကား စောင့်နေတယ်။ ဒီတခါ တန်းက အတော်ရှည်တယ်။ အဲဒီအချိန်မှာ ကိုယ်တို့ မဂ္ဂဇင်းတိုက်က ဒီဇိုင်းဆရာ ကေကေ က လွယ်အိတ်လေး လွယ်ပြီး အနားရောက်လာတယ်။
ဟာ.. မချိုသင်း၊ ကျနော့်ကို စောင့်နေတာလား၊ ကျနော် နည်းနည်း နောက်ကျသွားတယ်ဗျာ တဲ့။ သူပြုံးပြီး ပြောလိုက်တဲ့အချိန်မှာ ကိုယ်လဲ မျက်နှာ ထူပူ သွားတာပဲ။ ဟယ် ငါလဲ သူ့ကို မစောင့်ဘဲနဲ့ ဘာတွေ လာပြောနေပါလိမ့်ပေါ့။ အထာ ကို မသိဘူး။ ဒါနဲ့ ချက်ချင်းပဲ ပြန်ပြောလိုက်တယ်။ မစောင့်ပါဘူး၊ ဘာလို့ စောင့်ရမှာလဲ၊ ကိုယ့်ဖာသာကိုယ် ဘတ်စ်ကားစောင့်နေတာ လို့။
အဲဒီမှာ တန်းစီနေတဲ့ ကိုယ့်နောက်ကလူတွေက ရီလိုက်ကြတာ။ ကေကေကလဲ ကိုယ့်ကို တိုးတိုး လာပြောတယ်။ မချိုသင်းကလဲ၊ ကျနော်က ကြားဖြတ်ချင်လို့ ပြောနေတဲ့ဟာကို တဲ့။ ကိုယ်လဲ မသိဘူးလေ။ ပြောမှ မပြောထားတဲ့ဟာ။ ဒါနဲ့ နောက်ကလူတွေက ကဲ ကဲ ၀င်ပါဗျာ တဲ့။ ရီရီမောမောနဲ့ ခွင့်ပြုလိုက်ကြတယ်။
ကိုယ်က ဒါမျိုးတွေ ခဏခဏ ဖြစ်ဖူး ခံဖူးတော့ ကိုယ့်လို မဖြစ်အောင် ပြောပြရတာပါ။ လောကမှာ အ၀င်တတ်ဖို့လဲ လိုသေးတာဆိုတာ ခံပါများတော့ နည်းနည်းသိပြီ။
ကိုယ့်လို ထီးထီးကြီးလဲ ထွက်မသွားနဲ့၊ အတိုင်အဖောက်လဲ ညီပါမှ။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
အခုတလော လူလဲ အလွမ်းတွေနဲ့ပိ လို့ နေလို့ မကောင်းဘူး။ မြန်မာပြည်က သင်္ကြန်ကိုလွမ်း၊ မရှိတော့တဲ့ မိသားစုဝင်တွေကို လွမ်း၊ မြန်မာနှစ်ကူးမှာ ပျော်ခွင့် မရနိုင်ရှာသူတွေကို လွမ်း အစုံပါပဲ။ စိတ်မပျော်ရင် စိတ်မရွှင်ရင် စာမရေးချင်တော့ ဘလော့ဂ်လဲ မရေးဖြစ်ဘူး။
စိတ်မပျော်တော့ လူလဲ နေမကောင်းလို့ ဆေးရုံချည်း သွားလို့ နေရတယ်။ ဆရာဝန်က တိုက်တွန်းတာတွေလဲ နားမဝင်၊ ပေတေလို့ နေမိတယ်။ ကိုယ့်အမျိုးသား ပြောပြောနေသလို ခေါင်းမာလွန်းလို့ လေတိုက်ရင်တောင် ထန် ထန် ထန် နဲ့ မြည်နေသလိုမျိုးပေါ့။ သူများလုပ်ချင်လာအောင် အားပေးမယ်၊ တွဲကူမယ် မစဉ်းစားဘဲ ဒါ လုပ်ရမယ်၊ ဒါ လုပ်သင့်တယ် ဆိုတာတွေ မပြောသင့်ပါဘူးလို့ ဘုတောချင်မိတယ်။
အဖေရှိစဉ်က အဖေအမြဲပြောပြောနေတဲ့ စကားတခွန်းကို အခုတလောမှ ပိုနားလည်လာ သလိုပဲ။ အဖေက ဘာမှ အရေးမကြီးပါဘူး သမီးရယ် တဲ့။ အရင်ကတော့ ဘယ့်နှယ် အရေးမကြီးရမလဲ လို့ ထင်မိတာ။ ကိုယ့်မှာ ကိစ္စတိုင်း အရေးကြီးနေလို့ စိတ်ပင်ပန်းလိုက်တာ။ အသေးစိတ်ကလေးတွေကအစ ပူပန်နေရတာ။ လူလည်း အပူသည်ကြီးကို ဖြစ်လို့။
ဒီရောက်စက ပထမဆုံး စ နေဖြစ်တဲ့ အခန်းလေးကနေ ပြောင်းမယ်ဆိုတော့ ကိုယ်တယောက်တည်း တနေ့လုံး တကုပ်ကုပ်နဲ့ သိမ်းထုပ်နေတာ ပြီး မပြီးနိုင်ဘူး။ အဲဒီမှာ အဖေက ကိုယ့်အနားလာပြီး ပြောတာပါ။
အဲဒါတွေ ဘာမှ အရေးမကြီးပါဘူး သမီးရယ်၊ သမီးကို ကြည့်ရတာ ပင်ပန်းလိုက်တာ တဲ့။ အိမ်ပြောင်းတာများ သီချင်းလေးဆိုပြီး ပျော်ပျော်ရွှင်ရွှင် ပြောင်းတာပေါ့ တဲ့။ ကိုယ်က သီချင်းဆိုပြီး အိမ်ပြောင်းရမယ် ဆိုတာ နားကို မလည်ခဲ့ဘူး။ ဒါဆို ဒီပစ္စည်းတွေ ဘယ်သူ သိမ်းမလဲ အဖေရဲ့ ဆိုပြီး နားမလည်လေခြင်းဆိုပြီး ငိုလိုက်တာ။
အဖေပြောချင်တာက ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်လုပ်စရာတွေကို အေးအေးချမ်းချမ်း လုပ်စေချင်လို့ ပြောတာပါ။ စိတ်ဖိစီးတဲ့ဒဏ်နဲ့ လူ ပင်ပန်းပြီး နွမ်းကြေမှာကို စိတ်သက်သာရာ ရစေချင်လို့ နှစ်သိမ့်တာပါ။ ပူပန်တာတွေကို ကြိုပြီး မောမနေဖို့ သတိပေးတာပါ။
လူရယ်လို့ ဖြစ်လာမှတော့ မော စရာတွေ အနည်းနဲ့အများ ရှိတာပါပဲ။ ကိုယ်လဲ တခါတလေတော့ မောနေတယ်။ အဲဒီအခါ ကိုယ်နိုင်သလောက် လုပ်မယ် ကြိုးစားမယ်၊ မလုပ်နိုင်တာ မဖြစ်နိုင်တာတော့ မဖြစ်လဲ အရေးမကြီးတော့ပါဘူး၊ ပူပန်မနေတော့ပါဘူး လို့ စိတ်ထားတတ်အောင် နေမှ သက်သာရာရတော့မှာပေါ့။ အဲဒါက ပြောတော့သာ လွယ်တယ်၊ တကယ်နားလည် ကျင့်သုံးဖို့ ခက်တာ ကိုယ့်လက်တွေ့။
ကိုယ်တို့ အလုပ်က warehouse ဖက်မှာ အလုပ်သမားတယောက် ရှိတယ်။ သူ့နံမည်ရင်းတော့ ကိုယ်မသိဘူး။ သူ့ကို အလုပ်သမားအချင်းချင်းက ခေါ်တာ loco (လိုကို) တဲ့။ လိုကို ဆိုတာ မက္ကဆီကန်လို အရူး လို့ ပြောတာ။
သူ့ကို ကြည့်ရင် အမြဲတမ်း သွား၃၆ချောင်း ပေါ်အောင် ရီလို့။ လူက ကတုံးကေ နဲ့။ ကိုယ်ကာယနဲ့ အလုပ်လုပ်ရသူမို့ ဗလက ခပ်တောင့်တောင့် အရပ်ကပုပု။ တခါတလေများ ပြုံးပြုံး ပြုံးပြုံးနဲ့ မြန်မြန်သွက်သွက် လုပ်နေတာ တကိုယ်လုံး ပေတူးလို့။ ကိုယ်တို့မှာ ချမ်းချမ်းစီးစီး အနွေးထည် အထပ်ထပ် ဝတ်နေချိန်မှာ သူက တီရှပ်လေးတထည်နဲ့ ပြေးလွှားနေတယ်။
သူ့ကို warehouse က လူတိုင်း ချစ်ကြတယ်။ သူ့ကို စ နောက်လဲ စိတ်ဆိုးပုံ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက သဘောကောင်းတာကိုးလို့ ကိုယ်က ထင်မိတာ။ နောက်မှ တစေ့တစောင်း သတိထားကြည့်မိတာ သူ့မှာ သူများနဲ့ မတူတဲ့ အရည်အချင်း ရှိတာတွေ့ရတယ်။
လိုကိုကြီး ဒီလာ လုပ်ပါအုံး ဆိုလဲ ပြေးသွားတာပဲ။ သူနိုင်ရင် ကူထမ်းလိုက်တာပဲ၊ သူလဲ လုပ်နိုင်ရက်သားနဲ့ အလုပ်သမားအချင်းချင်း ငါ့ကို ပြန်ခိုင်းနေတယ် လို့လဲ စိတ်ထဲမှာ မရှိ။ လိုကိုရေ ဟိုကို သွား၊ ဒါတွေ ပြီးအောင်လုပ်ပြီးမှ ပြန် နော် ဆိုလဲ ပြုံးဖြီးဖြီးနဲ့ လုပ်တာပါပဲ။ ဒါ သူ့အလုပ်မို့ လုပ်ရမှာပေါ့လို့ ပြောချင်လဲ ပြောနိုင်တာပေါ့။ ဒါပေမဲ့ သူ့အလုပ်မှာကို သူက ပင်ပန်းလှချည့်လို့ သဘောမထားဘဲ ပျော်ပျော်ရွှင်ရွှင် လုပ်နေတာကို ကိုယ်က ပြောချင်တာပါ။
အဲဒီတော့ သူ့ကို ခိုင်းတဲ့လူလဲ စိတ်ချမ်းသာတယ်၊ လုပ်နေတဲ့သူကိုယ်တိုင်လဲ စိတ်ပျော်ရွှင်တယ်။ အလုပ်တာဝန် ၀တ္တရားဆိုတာရဲ့ အထက်မှာ လိုကို က မိန့်မိန့်ကြီး ရှိနေတယ်။ သူ့အလုပ်ကို သူတာဝန်ကျေနေတာ ဘယ်သူ့ကိုမှ ကြေငြာမနေဘူး၊ အနှောင့်အယှက် ပေးမနေဘူး၊ ပင်ပန်းလိုက်တာလို့လဲ မညည်းညူဘူး။
တနေ့က သူ့ရဲ့ supervisor က သူ့ကို နေ့စားမို့ နှစ်ပတ်တခါ သူလုပ်တဲ့ အချိန်ပို လုပ်ခတွေကို ရှင်းပြရင်း ပိုက်ဆံ တွက်ပေးနေတာပါ။ မင်းလုပ်တာက ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ဘယ်လောက်၊ ဘယ်နေ့မှာ ဘယ်လောက် ဆိုတာ အသေအချာ ရှင်းပြနေတာပါ။ သူက သွားတွေပေါ်အောင် ပြုံးလို့။ နားလည်ပုံလဲ မရပါဘူး။
အားလုံး ရှင်းပြပြီးတဲ့အခါ သူ့ကို ပိုက်ဆံပေးလိုက်တော့ သူပိုက်ဆံယူပုံကို ကိုယ့်မှာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားမိတယ်။ သူက ပေးလိုက်တဲ့ ပိုက်ဆံတွေကို သူ့လက်ကြမ်းကြီးနဲ့ ဆုပ်ခြေသလို လုံးပြီး ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်တာပါ။ ဘယ်လောက်ရယ်လို့လဲ မရေတွက်၊ လျော့သလား လဲ မစဉ်းစား၊ ကျန်တာတွေ နားမလည်ဘူး။ သူအလုပ်လုပ်တယ် ပိုက်ဆံရတယ်။ ပြီးပြီ။
ကိုယ်လဲ အခုတလော စိတ်ပင်ပန်းနေတုန်း အေးရာ အေးကြောင်း လျှောက်စဉ်းစားမိတာ လိုကို့ ကိုပဲ သွားသွားမြင်နေတယ် ဆိုပါတော့။ တခြားတော့ တောင်တောင်အီအီ မတွေးပါနဲ့လေ။ ခဏလောက် လိုကို ဖြစ်ဖို့ကိုတောင် တော်တော်ခက်ခဲတာ စဉ်းစားနေမိလို့ပါ။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
တနေ့က ကဗျာတွေ အရေးကောင်းတဲ့
မမသီရိ က ကိုယ့်ရဲ့ ပို့စ်အဟောင်းတွေထဲက နှစ်သက်သဘောကျမိတဲ့ ပို့စ်လေးတပုဒ် ပြန်တင်ပေးဖို့ tag လာတယ်။
ချက်ချင်းပဲ ဝမ်းသာအားရနဲ့ ရေးပေးမှာပေါ့လို့ ပြောလိုက်တယ်။ အသစ်ရေးစရာမှ မလိုတော့ ဟန်ကျတာပဲ လို့ အပျင်းထူပြီး ပျော်နေတာ။ ဒါနဲ့ ကိုယ်ရေးခဲ့တဲ့ အဟောင်းတွေကို ဟိုဟာ ကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ ပြန်ဖတ်ကြည့်တော့ “အကောင်းကား ရှာ၏၊ မတွေ့”ဆိုသလိုပဲ။ ခေါင်းတောင် ချာချာလည်သွားပါရော။
ကိုယ်လဲ စိတ်ထဲရှိတာတွေ လျှောက်ရေးမိတာဆိုတော့ တချို့ပို့စ်တွေကျတော့လဲ ကိုယ်ရေးကိုယ်တာတွေ များနေသလိုလို။ တချို့ဟာတွေကျတော့လဲ ပေါ့ပေါ့တန်တန်များ ဖြစ်နေသလား။
ဖတ်ရင်းနဲ့ မမ ကို အခုလို tag တာ ကျေးဇူးတော်တော်တင်မိတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခုမှ နောက်ပြန် လှည့်ကြည့်မိလို့လေ။ နောင်ကျရင်တော့ ဒီလို မရေးတော့ဘူး ဘာညာ တွေးနေမိပေမဲ့ မနက်ဖန် စာရေးရင်လဲ ကီးဘုတ်ပေါ်လက်တင်တာနဲ့ တလွဲတွေ ထွက်သွားအုံးတော့မှာ၊ ကိုယ်ရေးချင်တာ ရေးပစ်လိုက်အုံးမှာ သိနေပါတယ်။ ကျည်တောက်စွပ်ချိန်လောက်သာ ဖြောင့်တာကိုးလေ။
ဒီဘလော့ဂ်လေးကို စ ရေးမယ် ဆိုကတည်းက ကိုယ်ရေးချင်တာလဲ ရေး၊ အဖေ့ ကဗျာလေးတွေလဲ တင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ စ ခဲ့တာမို့ အခု ဒုတိယတကြိမ် ပြန်တင်ချင်တဲ့ ပို့စ်ကိုလဲ ကဗျာပါတဲ့ ပို့စ်လေးကိုပဲ ရွေးလိုက်ပါတယ်။ ဒီပို့စ်ကို သြဂုတ်လ ၁၅ရက်၊ ၂၀၀၈ က ရေးခဲ့တာပါ။ ဘလော့ဂ်စ ရေးပြီး ၃ပတ် အကြာမှာပေါ့။
ကဗျာချစ်တဲ့ မမ နှစ်သက်ဖို့ရာ ဆန္ဒပြုလိုက်ပါတယ်။
**********************************************
ရီယိုဟွန်ဒို မှ ရန်ကုန်တက္ကသိုလ် သို့ ..
ကိုယ် ဒီကိုရောက်စက မအူမလည်နဲ့မို့ အလုပ်လဲ မဝင်သေးတော့ အဖေက ကျောင်းတက်၊ ကျောင်းတက်ဆိုပြီး ပြောပါတယ်။ ဒါနဲ့ အိမ်နဲ့ သိပ်မဝေးတဲ့ Rio Hondo Community College လေးမှာ အင်္ဂလိပ်စာနဲ့ ဘူမိဗေဒ သွားတက်လိုက်သေးတယ်။
ကိုယ်တက်ခဲ့တဲ့ကျောင်းလေးက ချစ်စရာ။ စိမ်းနေတဲ့ တောင်ကုန်းလေးပေါ်မှာ..။ တောင်အောက်ကနေ ကျောင်းသူကျောင်းသားတွေကို ဖယ်ရီကားလေးတွေနဲ့ တောင်ပေါ်က ကျောင်းကို ခေါက်တုံ့ခေါက်ပြန် သယ်ပို့ပေးတယ်။ ကျောင်းလေးက မကျယ်ဝန်း၊ မခန်းနားလှပါဘူး။ တောင်ပေါ်မှာဆိုတော့ ရှူခင်းလေးတွေ လှတယ်။ လေကောင်းလေသန့်လေး ရတယ်။
စာကြည့်တိုက်ရဲ့ အောက်ဆုံးထပ်မှာ ကိုယ်နဲ့အဖေ အမြဲထိုင်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ အယ်လ်အေမြို့ ကြီးကို အပေါ်စီးကနေ လှမ်းမြင်လို့ ရတယ်လေ။ ညဖက်ဆိုရင် တောင်ပေါ်ကနေ ကားနဲ့ဆင်းလာရင် အဲဒီမြင်ကွင်းကို ကိုယ်မကြည့်ငေးဘဲ မနေနိုင်ဘူး။ မီးရောင်လေးတွေက ပြိုးပြိုးပြက်ပြက် နဲ့။ မြို့ ပြနဲ့တူတဲ့ တိုက်အမြင့်ကြီးတွေမရှိ၊ ရဲတင်းတောက်ပြောင်တဲ့ နီယွန်ဆိုင်းပုဒ်တွေ မရှိ၊ လမ်းမီး အိမ်မီးလေးတွေချည်း မှိတ်တုပ် မှိတ်တုပ်နဲ့ မြန်မာပြည်က တောမြို့ လေးတခုနဲ့ ပိုတူတယ်။
အဲဒီတုန်းက ကျောင်းသွားမယ် ဆိုတာနဲ့ ကိုယ်က စာအုပ်တွေပါတဲ့ အိတ်ကိုလွယ်၊ အဖေကလဲ ကချင်လွယ်အိတ်ကို ကောက်လွယ်တော့တာပဲ။ ကိုယ့်အမျိုးသားက အလုပ်သွား၊ ကိုယ်တို့နှစ်ယောက်က ကျောင်းသွားပေါ့။ မနက်ကတည်းက သွားလိုက်တာ ကိုယ်က အတန်းတွေ ပြေးတက်လိုက်၊ အတန်းအားချိန်လေးမှာ စာကြည့်တိုက်နားမှာ စောင့်နေတဲ့ အဖေ့ဆီ ပြေးသွားလိုက်။ စကားပြောလိုက်၊ ရှူခင်းကြည့်လိုက်၊ အဖေက တခါတလေ ခုံတန်းလျားလေးမှာ စာအုပ်လေးဖွင့်ပြီး ကဗျာစပ်လို့။
ကိုယ်တို့ သားအဖကို တကျောင်းလုံး သိကြပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူများနဲ့မတူ၊ ထူးဆန်းနေတာကိုး။ ဒီအရွယ်၊ ဒီကျောင်းမှာ ဘယ်သူမှ မိဘ မလိုက်တော့တာရော၊ အဖေက ပုဆိုးပဲ အမြဲဝတ်တာမို့ သူတို့အမြင်မှာ ထူးဆန်းနေပါလိမ့်မယ်။ ဘယ်တိုင်းပြည်ကလဲ၊ ဘာလူမျိုးလဲ လာ လာမေးတတ်တယ်။ ယောင်္ကျားကြီးက စကပ်လိုလို ဘာလိုလိုကြီး အမြဲဝတ်ထားပြီး ကချင်လွယ်အိတ်တလုံးကလဲ အမြဲပုခုံးမှာ ချိတ်လို့၊ သမီးကလဲ ပုံတုံးတုံး၊ သူတို့သားအဖ နှစ်ယောက်ပဲ စကားပြောလိုက်ကြ ရီလိုက်ကြနဲ့။
အခု Fall ရာသီ ရောက်တော့မှာမို့ အဲဒီအချိန်တွေကို ပြန်သတိရမိပြီး အဲဒီတုန်းက အဖေစပ်ခဲ့တဲ့ ကဗျာလေးတပုဒ်ကို အမှတ်တရ တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါအုံး။
ရီယိုဟွန်ဒို မှ ရန်ကုန်တက္ကသိုလ် သို့
ရီယိုဟွန်ဒို ကောလိပ်…တဲ့
တောင်ထိပ်က ထန်းပင်
ပန်းနုရောင်လွင်လွင် ပန်းပင်တွေနဲ့
လွမ်းချင်စရာ တက္ကသီလာ။
သမီး ချိုကလေး နဲ့
ခရီးတို ပြေးပြီး
ဟို အဝေးက ပြာမှိုင်းမှိုင်းနဲ့
မြူခြေတွေက ခပ်ဆိုင်းဆိုင်း
စစ်ကိုင်းတောင်ကို သတိရ
မန္တလေးတက္ကသိုလ်ကိုလဲ သတိရနဲ့
လွမ်းစတွေ ငင်
လွမ်းကြိုးမျှင် စောင်းခတ်
ကျောင်းပတ်ပတ်လည် ခံစားပြီး
ကျောင်းတံခါးကို ဝင်ခဲ့တယ်။
ရန်ကုန်တက္ကသိုလ်မှ ရီယိုဟွန်ဒိုကောလိပ်သို့
သမီးကလေးချို ပညာသင်တော့
အကြင်နာဝင်တဲ့ ဖခင်ပါလိုက်ပြီး
စာကြည့်တိုက်နား ရစ်သီ ရစ်သီ
ရင်ပြင်ဆီ ရစ်ဝဲ ရစ်ဝဲ နဲ့
အကဲ တခတ်ခတ်
အသည်း တဖျတ်ဖျတ်နဲ့
အမြဲမပြတ် စောင့်ကြည့်နေမိတယ်။
ပီဇာ ဟမ်ဘာဂါ မုန့်ဆိုင်မှာ
သားအဖ နှစ်ယောက် အပြိုင် စား
ခုံတန်းလျားမှာ ခဏနားပြီး
ကျောင်းသားဘဝ ပြန်လည်ရသလိုလို။
တို့နိုင်ငံ တို့ တက္ကသိုလ်မှာ
နုပျိုသူ ငယ်ရွယ်သူကလေးတွေကို
ပိုးမွေးသလို မွေးပါ့မလား။
တို့အရေးတွေ ဟစ်အော်
တကြော်ကြော် တောင်းဆိုရင်း
ကျောင်းထဲကို မရောက်
မြောင်းထဲကို ရောက်သွားကြလေရော့သလား။
မနက်ကြည်ကြည်မြ အချိန်မှာ
မျက်ရည်ကျမိပါတယ် သမီးလေးရယ်။
မြန်မာအပေါင်း၊ ကံကြမ္မာ ကောင်းပါစေလို့
ကျောင်းရိပ်မှာ ဒေါင်းနိမိတ် တမြင်မြင်နဲ့
ဆုပန်ဆင်ပါရစေတော့ ။ ။
တင်မိုး
၁၇၊ ၈၊ ၂၀၀၄
အဖေ့ အရိုးပြာအိုးလေးကို အဖေသဘောကျတဲ့ အဲဒီကျောင်းလေးနားက Rose Hill ဆိုတဲ့ တောင်ကုန်းလေးပေါ်မှာ ထားထားပါတယ်။ တနေ့ မြန်မာပြည် ငြိမ်းချမ်းရင် အဖေ့ကို အိမ်ပြန်ပို့မယ်လေ။ အခုတော့ ဧည့်သည်ကြီး အိမ်မပြန်နိုင်ရှာသေးဘူး …။ ။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဘလော့ဂ်စ လုပ်ခါစက ကိုယ့်ရဲ့ ကြုံခဲ့ ခင်ခဲ့ရတဲ့ ပထမဆုံးသောသူတွေအကြောင်း မေးလို့ ကိုယ့်မိန်းကလေး သူငယ်ချင်းမှာ အိအိ လို့ ဖြည့်လိုက်ဖူးတယ်။ ဟုတ်တယ်။ အိအိ ဆိုတာ ကိုယ့်သိပ်ခင်ရတဲ့ ကိုယ့်သူငယ်ချင်းတယောက်ပဲ။ ကိုယ်တို့နှစ်ယောက်စလုံး အဲဒီ ပုဂံခြံဝင်းလေးထဲမှာပဲ မွေးခဲ့တယ်။ လူမှန်းသိတတ်စ အရွယ်ကတည်းက ခင်ခဲ့ရတဲ့ သူငယ်ချင်းပေါ့။
ကိုယ်နဲ့သူနဲ့က အိမ်နီးနားချင်း။ သူက ကိုယ့်ထက် ၁ နှစ်ငယ်လို့ ကိုယ့်မောင်လေးနဲ့မှ ရွယ်တူ။ အသားက ဖြူဖြူ၊ နှာခေါင်းချွန်ချွန်လေးနဲ့ အိအိက ဂုတ်ဝဲဆံပင်လေးပဲ အမြဲထားတယ်။ စကားပြောရင် အဆက်မပြတ် ပြောတတ်တယ်။
ကိုယ်နဲ့ သူနဲ့ကလဲ ခင်လိုက်တာ ဘာပြောကောင်းမလဲ။ ထမင်းစားရင်တောင် မခွဲဘူး။
ကျောင်းပိတ်ရက်ဆို မနက်မိုးလင်းတာနဲ့ တွေ့လိုက် ဆော့လိုက်ကြတာ ထမင်းစားချိန်ကျတော့ နှစ်ယောက်စလုံး အိမ်ပြန်ပြီး ထမင်းတွေ ဟင်းတွေ ပုံထည့်ပြီး အိမ်နှစ်အိမ်ကြားက သေတ္တာလေးတွေ ဆင့်ထားတဲ့အပေါ်မှာ ထိုင်ပြီး စကားပြောရင်း စားကြတယ်။
ထမင်းစားပြီးတာနဲ့ ထမင်းပန်းကန်သွားထားပြီး ထပ်ဆော့ပြန်ရော။ သူအိမ်ထဲဝင်သွားလို့ တော်တော်နဲ့ ပြန်မထွက်လာရင် ကိုယ့်မှာ သူ့ကိုတွေ့နိုး ချောင်းရတာ အမော။ သူမလာဘဲ သူ့အဒေါ်ထွက်လာရင် အိအိကို ခေါ်ပေးပါ အံတီလို့ ပြောလိုက်တာပဲ။ အံတီခင်က အိမ်ထဲကို အော်ခေါ်လိုက်ရင် သူကလဲ ပြေးထွက်လာတာပဲ။
ဒီလောက် မိုးလင်းမိုးချုပ်ဆော့ကြတာ ဘာကစားနည်းများလဲ မမေးပါနဲ့။ များလွန်းလို့ မမှတ်မိတော့ဘူး။ များသောအားဖြင့် အိုးပုတ်တမ်း ဆော့တာပဲ။ အရွက်ကလေးတွေများ ဓားပါးပါးလေးနဲ့ လှီးပြီး အစိမ်းကြော် ကြော်ရသေးတာ။ ကိုယ့်မောင်လေးတို့က ပိုက်ဆံမပေးဘဲ စားလို့ ဆိုင်တော့ ရှုံးပါပြီဆိုပြီး ပိတ်လိုက်ရသေးတယ်။ စီးပွားကျတယ် ဆိုတာ ဒါမျိုးပေါ့။
ကတမ်း ခုန်တမ်းလဲ အပီအပြင် ကစားသေးတယ်။ အိအိ အမ အေးအေးက အက သိပ်ဝါသနာပါတော့ ကိုယ်တို့ အားလုံးကို ခေါ်ပြီး အက သင်ပေးတယ်။ မြနန္ဒာသီချင်းနဲ့ ယိမ်းအကကို အိမ်နီးချင်း ကလေးတွေခေါ်ပြီး က ပြ ရသေးတယ်။ စောင်တွေကို ဝါးလုံးကြီးနဲ့ တန်းပြီး ကန့်လန့်ကာ လုပ်တာ စောင်ကြီး လျှောကျလို့ ပြေးကောက်ရသေးတာပေါ့။
တောင်တောင် ပုပ္ပါး..သီချင်းဆိုပြီး လက်ညိုးလေးထောင်ပြီး သူငယ်တော်လဲ က ရတယ်။ အေးအေးက အက အဆို တော်တော်ဝါသနာပါတယ်။ ကိုယ်တို့ နှစ်ယောက်ကတော့ ဘာရယ်မဟုတ်ဘူး၊ ကက်ဆက်ဖွင့် ကနေရရင် ပြီးတာပဲ။ ဆော့နေရရင် ကျေနပ်နေတာပဲ။
ဒီလို ဒီလို လက်ကို ချိုး ဆိုရင် အတောင့်လိုက် ချိုးလိုက်တာပဲ။ ခါးလေးကို ဒီလိုကွေးဆိုတော့ ကိုယ်ကြီးကို တစောင်းကြီး စောင်းချပစ်လိုက်ရော။ ကြာတော့ အေးအေးလဲ မပြောတော့ပါဘူး။ က ချင်သလို ကနေတာ သင်လဲ တတ်မဲ့ပုံ မပေါ်ဘူးဆိုပြီးတော့လေ။ ကိုယ်တို့နှစ်ယောက် ကတော့ တပြုံးပြုံးနဲ့ ကက်ဆက်မရပ်မချင်း က တာပဲ။
သင်္ကြန်ကျရင်လဲ ကိုယ်တို့ ခြံထိပ်မှာ ရေပုံးလေးတွေ ချပြီး လမ်းသွားလမ်းလာတွေကို ရေပက်ကြတယ်။ ကိုယ့်ဘ၀မှာ ပျော်စရာကောင်းတဲ့ သင်္ကြန်ဆိုရင် အဲဒီအချိန်လေးတွေကိုပဲ သတိရတယ်။ ရေက အိမ်ကနေ ခြံထိပ်အထိ အဝေးကြီးသယ်ရတယ်။ တပုံး တပုံးကို တော်တော် ခပ်ယူရတာမို့ ရေကို ချွေတာပြီး ပက်ရတယ်။
အဲဒီအချိန်တုန်းက ကိုယ်တို့အကြောက်ဆုံးလူက ဒန်နီ ပဲ။ ဒန်နီဆိုတာ ကိုယ်တို့ သူငယ်ချင်း ရိုစီရဲ့ အကိုပေါ့။ သူက သိပ်ဆိုးတာ။ ကလေးတွေ ငိုရင် ဒန်နီလာပြီဆို ချက်ချင်း တိတ်တယ်။ သူက အသံသြကြီးနဲ့ ၀ူးဝူးဝါးဝါး အော်တတ်လို့လေ။ ဒန်နီက ကလေးရော ဘာရော နားမလည်ဘူး။ သူမထင်ရင် မထင်သလို အော်တတ်တော့ ဘာမှန်းမသိဘဲကို ကြောက်နေတာ။
ကိုယ်တို့ ရေပက်နေတုန်းများ ဒန်နီလာရင် ရေပုံးလေးတွေကို ဖိပြီး ကိုင်ထားရတယ်။ တကိုယ်လုံး ရေတွေက ရွှဲပြီး ချမ်းရတဲ့အထဲ ဒန်နီလာရင် လူက ကြောက်တော့ ပိုတုန်တယ်။ အဲဒီလို ရေပုံး ကိုဖိထားတာတောင် သူက ရေပုံးလုပြီး ကိုယ့်ကို လောင်းချလိုက်သေးတာ။ ခပ်ထားသမျှ ရေတွေ ကုန်ပြီ။ ပျော်နေတဲ့ စိတ်လေးတွေလဲ ပျောက်ပြီ။
ငိုယိုပြီး အိမ်ကလူကြီး သွားတိုင်လဲ ဒန်နီက မရှိတော့ဘူး။ တော်တော်ကြာတော့ မျက်ရည်သုတ်ပြီး ရေပြန်ခပ်ပြီး ပြန်ပက်ပြန်တာပဲလေ။ ဘယ်သင်္ကြန်ကားမှလဲ ကိုယ်တို့ကလေးတွေကို အရေးလုပ်ပြီး မရပ်ပေးပါဘူး။ ဒါပေမဲ့ သင်္ကြန်ကားတွေ ရပ်ပေးတဲ့ အချိန်တော့ တခါတလေ ရှိတတ်တယ်။
အဲဒီအချိန်ကတော့ မရင် လာတဲ့ အချိန်ပါ။ မရင်ဆိုတာ ကိုယ်တို့အိမ်ရှေ့အိမ်မှာ အလုပ်လုပ်တဲ့ အမကြီးပါ။ ဘော်ဒီက ရှယ် တောင့်တယ်။ သူဝတ်လိုက်ရင် ပြောင်လုံချည်၊ ပြောင်အကျီ င်္ ဝမ်းဆက်။ မယ်ဗမာတွေလိုပဲ။ သင်္ကြန်မနက်ဆိုရင် မရင်က မြက်ဦးထုပ် အဝိုင်းကြီး ဆောင်းတတ်တယ်။ သင်္ကြန် မုဒ် အပြည့်ပေါ့။
သူက စိတ်လိုလက်ရ ရှိရင် ကိုယ်တို့ ကလေးတွေနားလာပြီး လမ်းသွားလမ်းလာတွေကို ကြည့်တတ်တယ်။ သူရပ်နေရင် သင်္ကြန်ကားတွေက တရွှီရွှီ ဝီစီမှုတ်ပြီး ဟေးးး ချစ်ချစ် တဲ့။ သူကလဲ လက်ပြန်ပြတယ်။ ကိုယ်က အမနဲ့ သိလို့လားဆိုတော့ ပခုံးလေးတွန့်ပြီး သိဘူးလေ တဲ့။ ကိုယ့်အမေးကို သဘောကျပြီး ရီလိုက်တာ။
ဒါနဲ့ ကိုယ်တို့လဲ အကြံရပြီး သူ့ကို သင်္ကြန်ကားတွေ တားခိုင်းရတယ်။ ရေတွေစိုရွှဲနေတဲ့ မမလှလှတယောက်က တားနေမှတော့ ကားတွေက ရပ်ပြီပေါ့။ ကားတွေများ ၃ ၄ စီး တန်းတောင် စီနေတယ်။ မရင်ကတော့ ကားသမားနဲ့ ပြုံးပြီး စကားပြောလို့။ ကိုယ်တို့ ကလေးတွေ ပက်ပစေ ပေါ့။
ခက်တာက ကိုယ်တို့ပဲ။ ပထမ တကားမှာတင် ရေက ကုန်သွားတော့ ထပ်ပြေးခပ်ရတယ်။ နောက်ကားတွေ လွတ်ကုန်ပြီ။ ရေကလဲ လာနေတာ ကြွက်မြီးတန်းမို့ ပြည့်ဖို့ စောင့်ရသေးတာ။ သင်္ကြန်ကားတွေက ရေတွေ ရေတွေ ကုန်ကုန်ပြီ ဆိုတော့ ရှက်လိုက်တာ။ ခွက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့ တဲ့။ ကိုယ်တို့ကလေးတွေမှာတော့ တကယ်မရီနိုင်ဘူး။
သင်္ကြန်တွေ ပြီးတော့ အရင်လိုပဲ မိုးလင်းမိုးချုပ် ဆော့ကြပြန်ပါရော။ အဲဒီမှာ ညနေဆိုရင် ကိုယ်တို့ဆီ လာလာနွားနို့ပို့နေတဲ့ ဦးလေးကြီးတယောက်ရှိတယ်။ သူက စက်ဘီးလေးနဲ့ နောက်ထိုင်ခုံမှာ နွားနို့ပုံးကြီး တင်ပြီး လာပို့တာပါ။ ကိုယ်တို့ နှစ်အိမ်စလုံး နွားနို့ အမြဲယူတယ်။
တနေ့တော့ ကိုယ်တို့ဆော့နေတုန်း ရေဘုံဘိုင် ဘယ်မှာလဲ တဲ့၊ လာမေးတယ်။ ကိုယ်နဲ့ အိအိလဲ အိမ်ဘေးက ရေဘုံဘိုင် ကိုခေါ်သွားပြီး ပြလိုက်တယ်။ ပြီးတော့ ကလေးဆိုတော့ ဘာရယ်မဟုတ်ဘဲ ဘေးမှာ ဆောင့်ကြောင့်ထိုင် ကြည့်နေကြတယ်။
အဲဒီ နွားနို့ပို့တဲ့လူကြီးက ကာတွန်း အောင်ရှိန်ထဲက ဖိုးဆိတ်ဖြူနဲ့ တူတယ်။ သူက ပထမတော့ နွားနို့ပုံးတွေ ဆေးရုံဆေးတယ်။ နောက်တော့ ကိုယ်တို့ကလေးတွေကို မမှုတော့ဘဲ နွားနို့ပုံးထဲ ရေထပ်ဖြည့်ပြီး ထွက်သွားတော့တာပဲ။ ကိုယ်တို့လဲ စက်ဘီးနောက်စွန်းလေး ကိုင်ပြီး လမ်းလျှောက်ပြီး ခြံထိပ်ထိတောင် လိုက်ပို့လိုက်သေး။
ကိုယ်တို့လဲ သူလာရင် ရေဖြည့်တော့မယ် ဆိုတာ အလိုလို သိနေပြီမို့ ကလင် ကလင်သံကြားတာနဲ့ ဆော့နေရာက ထ၊ ရေဘုံဘိုင်နားမှာ သွားစောင့်နေတတ်တယ်။ အိမ်က လူတွေ နွားနို့ယူပြီးသွားရင် ဖိုးဆိတ်ဖြူကြီး ရေဘုံဘိုင်နား ရောက်လာတော့တာပဲ။ ကိုယ်တို့လဲ သူ ရေရောနေတယ်ဆိုတာ မသိဘဲ ဘေးကနေ ထိုင်ကြည့်လို့။ လူကြီးတွေလဲ မသိရှာဘူး။
ကိုယ်တို့ နည်းနည်းကြီးတော့ အိအိတို့ အိမ်ပြောင်းသွားကြတယ်။ ကိုယ်က ကျန်နေခဲ့ရတာပေါ့။ သူတို့အိမ်ကို နောက် ပြောင်းလာတဲ့လူတွေကိုလဲ ကိုယ့်မှာ မခင်နိုင်ဘူး။ ကိုယ်တို့ သီချင်းအတူဆိုကြတာ၊ အိုးပုတ်တမ်းဆော့ကြတာတွေပဲ သတိရတယ်။ အိအိဆီ နေ့တိုင်း စာရေးတယ်။
စာကို ဘယ်လို ပို့သလဲဆိုတော့ နွားနို့သမား ဖိုးဆိတ်ဖြူကြီးနဲ့ ပို့တာပါ။ ကိုယ်က တနေ့လုံး စာတွေ တကုန်းကုန်းနဲ့ ရေး၊ ပြီးရင် ဖိုးဆိတ်ဖြူကြီးနဲ့ ညနေမှာ စာပေးလိုက်တာပါ။ အိအိတို့က သထုံလမ်းကို ပြောင်းသွားတာမို့ ကိုယ်တို့ပြီးရင် သူတို့အိမ်ဖက်ကို ဆက်သွားရမှာလေ။ ဖိုးဆိတ်ဖြူကြီးကလဲ နွားနို့ပို့သမားကနေ စာပို့သမားဖြစ်။ အိအိပေးလိုက်တဲ့စာကို နောက်နေ့မှာ ကိုယ့်ဆီ မပျက်မကွက် ယူလာပေးသေးတာ။
ကိုယ်လဲ အရင်လို မဆော့တော့ဘူး။ စာအုပ်လေးဖတ် ငြိမ်ငြိမ်လေး ဝပ်နေတတ်ပြီ။ ကလင် ကလင် သံကြားရင်တော့ နွားနို့လဲ ရ၊ စာလဲ ဖတ်ရပြီ။ တခါတော့ အိအိက စာရေးတယ်။ ဦးလေးကြီး နင်တို့အိမ်မှာ ရေဖြည့်သေးလား တဲ့။ အဲဒါ သူ ငါတို့ နွားနို့ထဲ ရေရောနေတာ တဲ့။ အဲဒီတော့မှ အလင်းတချက် ပွင့်တယ်။ အရင်ကတော့ အဲဒီလို နားမလည်ခဲ့ဘူး။ သူ့ဖာသာသူ ရေလို လို့ ရေဖြည့်နေတာပဲ ထင်တာ။ ကိုယ်ပဲ ဘုံဘိုင်လိုက်ပြလိုက်သေးတာ မဟုတ်လား။
နောက်တော့ ကိုယ့်သူငယ်ချင်း နွားနို့စစ်စစ်သောက်ရရေး ကိုယ့်မှာ တာဝန်ကြီး တခုလို ဖြစ်သွားတော့တာပဲလေ။
အခုတော့ အိအိနဲ့ မတွေ့ရတာ ဆယ်စုနှစ်တခုတောင် ကျော်ရောပေါ့။ ဖိုးဆိတ်ဖြူကြီးလဲ ရှိမှ ရှိသေးရဲ့လားမသိ။ နွားနို့လား ရေလား မသိ စွန်းပေနေတဲ့ စာလေးတွေကို ဖတ်ချင်နေမိတယ်။
ငယ်ငယ်တုန်းက သူငယ်ချင်းတွေ.. လွမ်းမိပါတယ်လေ။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
အခုတလော စိတ်တွေက ဟိုဟိုဒီဒီ ရောက်လို့ ခံစားမှုတွေက တမျိုးပြီး တမျိုး။ ဖျတ်ကနဲ ဖျတ်ကနဲ သစ်ရွက်ကလေးပေါ်မှာ ပြေးသွားတဲ့ နေခြည်လေးလို တောက်တချက် မှိန်တချက်။
တခါတလေလဲ ဆံပင် ဖွာရရာနဲ့ အိပ်ယာထဲ ခွေခွေလေး လှဲပြီး ငြိမ်ငြိမ်လေး နေချင်တယ်။ တခါတလေကျတော့လဲ ဘ၀မှာ မျှော်လင့်ချက်တွေ တကယ်ရှိပါတယ် လို့ ယုံကြည်ပြီး ကျောင်းတွေတက်၊ စာတွေ ဖတ်၊ အလုပ်တွေ လုပ် လို့ နေချင်တယ်။ ဘ၀ လှေခါးထစ်တွေကို ကြိုးစားလို့ တက်ကြည့်ချင်တယ်။
တော်တော်ကြာပြန်တော့ ဘ၀မှာ ဘယ်အရာမှ အရေးမကြီးပါဘူး လို့ ကိုယ့်ကိုယ်ကို တိုးတိုးလေး ပြောပြီး ကြုံရာ ဖြစ်ရာ ဘ၀မှာ ရိုးရိုးသားသား ကိုယ်နေတတ်သလို အချိန်တွေ ကုန်ဆုံးလိုက်ချင်တယ်။ ကြုံချင်တာ ကြုံ၊ တွေ့ချင်ရာတွေ့ လူပီပီသသပဲ ရင်ဆိုင်မယ်။
ငိုစရာ ရှိရင် ငိုမိမှာပဲ။ ပျော်စရာ ရှိရင် ပျော်လို့ ရီရင်လဲ ပါးစပ်ပိတ်လို့တော့ မပြုံးချင်ဘူး။ စည်းကမ်း ဘောင်တွေကို ခဏဘေးချိတ်၊ ဆိတ်ဆိတ်နေရတာ အရသာလို့ မှတ်မယ်။ ကျောပေါ်က တာဝန်နည်းနည်းလေးကို အသာခါချ၊ ကျော ခဏ ဆန့်ချင်တယ်။ အိပ်ရေး၀၀ အိပ်ပြီး အိပ်မက်လှလှ မက်ဖို့ ကလေးတယောက်လို ဆုတောင်းမယ်။
တခဏလေးဆိုတဲ့ ဘ၀အရေးမှာ မရဏဘေးက အမြဲ ခြိမ်းခြောက်နေတာကိုလဲ ခပ်အေးအေးပဲ ရှိချင်တယ်။ နံပါတ် အနိမ့်အမြင့်တွေကိုလဲ အမှုမထား၊ ဆရာဝန်စကားလဲ ခဏတားချင်တယ်။
ဒီလိုအချိန်မှာ အဖေ့ကဗျာလေးတပုဒ်ကို သတိရမိလို့ ဝေမျှချင်ပါတယ်။ ဒီကဗျာကို အဖေ ၂၀၀၄ ခုက ရေးခဲ့တာပါ။ မြန်မာပြည်က မဂ္ဂဇင်းတစောင်မှာ အဖေ့ တခြား ကလောင် နံမည်တခုနဲ့ ဖော်ပြခဲ့ဖူးတာမို့ တချို့ ဖတ်ဖူးသူများ မှတ်မိချင် မှတ်မိပါလိမ့်မယ်။ မြန်မာပြည်မှာ တင်မိုး ကို ပိတ်ထားပေမဲ့ ဒီမှာတော့ နံမည်ရင်းနဲ့ပဲ လွတ်လွတ်လပ်လပ် ဖော်ပြလိုက်ပါတယ်။
အပျင်းထူတမ်း
အဆင်းဖြူဖြူ နှင်းမြူတွေကြား
ပြဒါးလင်းဂူ သွားပြီး
အပျင်းထူထူနဲ့ ကစားချင်တယ်။
ဗိုက်ဆာမှ အမဲလိုက်
သူရဲတသိုက်လို ဆူညံ ဆူညံ
လူသံ သူသံနဲ့ ကင်းဝေး
အပျင်းမွေးပြီး အိပ်နေမယ်။
တဏှာလောဘတွေနဲ့
ကမ္ဘာလောကကို ရွ့ံမုန်း
ကိုယ်တုံးလုံးနဲ့ နေချင်နေ
နေမသိ လ မသိ
ညမရှိ နေ့မရှိ
အဲဒါမှ ဘ၀ပီတိ။
မငြင်းမခုန်ဘဲ
သီချင်းအစုံ ဆိုချင်ရာဆို
စိတ်လိုတိုင်း ဖန်တီး
ကကြီး ခခွေးတွေ
ရေးချင်ရာရေး
တွေးချင်ရာ တွေးနေမယ်။
အဟံ ငါတကား တွေနဲ့
ဈာန်ပျံကာ ကြွားနေတဲ့
မာန်သတ္တ၀ါသမားတွေကို
ဟားတိုက်လို့ ရယ်မောပြီး
တခေါခေါ အိပ်ပစ်မယ်။
မင်းရှိတာ ငါယူစား
ငါရှိတာ မင်းယူစား
အသားတွေ တဖဲ့စီဝေ
ရေအိုင်မှာ အတူသောက်
ဗိုက်မှောက်ပြီး နေတန်နေ
ဒီမြေဟာ အတူပိုင်တယ်
တူပြိုင် ဂူလိုဏ် သစ္စာတိုင်။
လမ်းတွေ အတူဖောက်
စမ်းရေ အတူသောက်ကြစို့
ဂူပေါက်ကို သွား၊ ဂူထဲမှာ နားမယ်
အမှားတွေ လုပ်ရတာ ပျင်းတယ်။
ပြဒါးလင်းဂူသွားပြီး
အပျင်းထူတမ်း ကစားရအောင်။ ။
တင်မိုး
၂၆၊ ၆၊ ၂၀၀၄
ပြဒါးလင်းဂူမှာ အပျင်းထူတမ်းကစားဖို့ စောင့်မယ်။ စိတ်တူရင် လိုက်ခဲ့ပါတော့..။ ။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...