စာက စပြန်ရေးစ ဆိုတော့ ကားအင်ဂျင်များ စက်နှိုးသလို တွန့်တွန့် တွန့်တွန့် ဖြစ်နေလို့ ဟိုးရှေးတုန်းက ချက်ပလက်ကားကြီးတွေလို ဂေါက်ကြီးနဲ့ လှည့်နှိုးရမလို ဖြစ်နေတယ်။
ဒါမျိုးမြင်ကွင်းတွေက ဆောင်းရာသီတွေမှာ တွေ့ရတတ်တယ်လေ။ ရန်ကုန်မှာ ဆောင်းရာသီရောက်ရင် မနက်အစောကြီးတွေဆို ကားဂိတ်တွေမှာ ဘတ်စ်ကားအိုကြီးတွေကို ဂေါက်ကြီးတွေနဲ့ ကားဆရာတွေက လှည့်နှိုးနေရတာ ခဏခဏတွေ့ဖူးတယ်။
ကားစီးမဲ့လူတွေက ဘေးမှာ ရပ်စောင့်လို့၊ တချို့က စက်နှိုးတာကို လက်ပိုက်ပြီး ကြည့်ငေးလို့။ တချို့ကျတော့ ခေါင်းကုတ်ပြီး နောက်ကားကို မျက်စိဝေ့၀ဲ ရှာလို့..။ နှိုးရင်းနဲ့ စက်များ နိုးသွားလို့ကတော့ လူအုပ်က ဟေးကနဲ အော်ပြီး ကားပေါ်အတင်းလု ပြေးတက်ပြီး နေရာဦးကြတာ။ စက်နိုးသွားတဲ့ အဲဒီဂလောက်ဂလက် ၀ူး…ဆိုတဲ့အသံက အဲဒီမနက်ခင်းမှာ နားဝင်အချိုဆုံးပဲ :P
တခါတလေ ကားပေါ်ရောက်ပြီး ပြူတင်းပေါက်ဘေး နေရာတွေကို တွန်းတိုက်ဦးပြီး ရလို့ စမတ်ကျမယ်ရှိသေး၊ စက်ပြန်သေသွားလို့ ခဏပြန်ဆင်းကြပါအုံး၊ လုပ်အားလေး ပေးကြပါအုံး ဆိုပြီး ကူပြီး ကားကြီးတွန်းခိုင်းတာမျိုး ကြုံရတတ်သေးတာ။ အဲဒီတော့လဲ ညည်းညည်း ညူညူနဲ့ ဆင်းတွန်းကြရသေးတာ။
အခုလဲ ရေးစမို့ ဂေါက်ကြီးနဲ့တော့ နှိုးကြည့်နေတာပါပဲ။ ဒါကြောင့် စက်နှိုးရလွယ်အောင် ကိုယ်ရေးကိုယ်တာ မိသားစုအကြောင်းလေးတွေရေးမယ်လို့ စိတ်ကူးမိပါတယ်။
ကိုယ့်ရဲ့ ဒီနံမည်ကို အမေက ပေးခဲ့တာ။ လူတွေက ထင်ကြမယ်၊ နံမည်လေးက ဆန်းတယ်၊ ကဗျာဆန်တယ် ပေါ့။ အဖေက ကဗျာဆရာမို့ ဒီလိုနံမည်လေးပေးခဲ့တာလားပေါ့ စသဖြင့် ကိုယ့်ကို အကြိမ်ပေါင်း ရာချီပြီး အမေးခံရဖူးတယ်။ အဲလိုမေးရင် ကိုယ်တို့ညီအမတွေက ကြိတ်ရီကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေ့ရဲ့ နံမည်ပေး ကင်ပွန်းတပ်နဲ့ ပတ်သက်ပြီး အင်မတန်များတဲ့ အတွေ့အကြုံရှိနေလို့ပေါ့။
ငယ်ငယ်က အိမ်မှာ ကြောင်လေးတွေမွေးထားတယ်။ အိမ်မှာ ကြောင်ဘယ်တော့မှ မပြတ်ဘူး။ အမြဲလိုလို ၇ကောင် ၈ကောင်အသာလေး ရှိတယ်။ ကြောင်မွေးလို့ရှိရင် ကြောင်သေးသေးလေးတွေကို လက်ဖ၀ါးလေးထဲ ထည့်ပြီး အဖေနဲ့ အမေကို သွားသွားပြ ရတာ။ အဖေ့ကို နံမည်လဲ ပေးခိုင်းရသေးတယ်။ ဒီကြောင်လေးကို မိသားစုဝင်အဖြစ် အသိအမှတ်ပြုပါ ဆိုတဲ့သဘောပေါ့၊ (ဂိုဏ်းချုပ်ကြီးကို သွားပြရတယ်ဆိုပါတော့)
အဲဒါဆို အဖေက ကြောင်လေးက အ၀ါရောင်လေး၊ အထီးဆိုရင် ‘ဖိုးဝါ’လို့ နံမည်ပေးလိုက်တယ်။ ဒါဆိုကျေနပ်ပြီး ကြောင်ကလေးပိုက် ပြန်သွားရော။ အနက်ရောင်၊ အထီးလေး ဆိုရင် ‘ဖိုးနက်’ လို့ ပေးလိုက်တယ်။ အင်းပေါ့လေ၊ ဟုတ်သားပဲ၊ ဖိုးနက်ဆိုတော့ ခေါ်ရလွယ်တာပေါ့။ ဒါလဲ သဘောကျတာပဲ။ အဖြူရောင် အထီးလေးကျတော့ ပေးလိုက်ပြန်ပြီ၊ ‘ဖိုးဖြူ’ တဲ့။ အင်း… တဆိတ်တော့ ဖိုး တွေ များနေပြီထင်တယ်လို့ စိတ်ထဲမှာ ဖြစ်မိသလိုလိုပဲ။
ကဲ..ဒီတခါတော့ ကြောင်အမလေးဟေ့၊ အဖေ့ကို ပြေးသွားပြတယ်၊ အ၀ါရောင်လေးဆိုတော့ မိဝါ တဲ့၊ နံမည်လေးက ရိုးတော့ ရိုးနေသလိုပဲပေါ့နော်၊ စိတ်ထဲမှာ ထင်မိတာပါ။ အနက်လေးကျတော့ရော၊ မိနက် တဲ့။ အင်း ဟုတ်တော့နေပြီပေါ့လေ။ အဖြူလေးကျတော့… (အဖေက မပြောခင် ကိုယ်ကပဲ ဦးအောင်) မိဖြူလို့ နံမည်ပေးလိုက်ရော။ ဒါပဲ လာမှာပဲ မဟုတ်လားလို့။
တခါကျတော့ အ၀ါရောင်လေးက နှစ်ကောင်စလုံး အမ လေးတွေ ဖြစ်နေတယ်။ အဲဒါကျတော့ ဘယ်လိုများ ပေးမှာပါလိမ့်ပေါ့။ အဲဒါလဲ အစဉ်အလာတော့ မပျက်စေရဘူး၊ အ၀ါ အနုလေးကို မိဝါလို့ ပေးပြီး၊ အ၀ါရင့်ရင့် အကောင်လေးကို မိနီတဲ့၊ အနီရောင်လေး သန်းနေလို့ ဆိုပဲ။
အဲဒီတော့ နောက်တခါ အ၀ါလေးနှစ်ကောင် အထီးလေးဆိုရင် အဖေ့ ဖော်မြူလာအတိုင်း တကောင်ကို ဖိုးနီလို့ ပေးပြီး၊ နောက်တကောင်ကို ဖိုးဝါ လို့ ပေးလိုက်တယ်။ အဖေ့ ဖော်မြူလာက လူတိုင်းသိနေပြီလေ။ အထီးဆို ‘ဖိုး’ ရှေ့မှာတပ်ပြီး အရောင်နဲ့ တွဲပေးလိုက်၊ အမဆို ‘မိ’ တပ်ပြီး အရောင်နဲ့ တွဲပေးလိုက်။ အေးရော မဟုတ်လား။
ကိုယ့်ကို မွေးတဲ့အချိန်က ကံ့ကော်ပန်းတွေ လှိုင်လှိုင်ပွင့်တဲ့ အချိန် တဲ့။ ရန်ကုန်တက္ကသိုလ် ပရ၀ုဏ်ထဲမှာ မွေးတာဆိုတော့ တက္ကသိုလ်တခုလုံး ကံ့ကော်တွေနဲ့ အရမ်းလှနေချိန်လို့ အမေက ပြောဖူးတယ်။ ကိုယ်တို့အိမ်ရှေ့က ကံ့ကော်ပင်ကြီးမှာ ကံ့ကော်တွေ သုံးလေးထပ် ပူးပြီးပွင့်တာ တဲ့။ ဒါနဲ့ ဆေးရုံကနေ ကလေးလေးပိုက်ပြီး ဆင်းလာလို့ အိမ်ရှေ့ရောက်ရင်ပဲ ကံ့ကော်ရနံ့တွေ ချိုပြီး သင်းပျံ့ နေလို့ အဖေ့နံမည်လဲ ပါအောင် မိုးချိုသင်းလို့ အမေက ပေးလိုက်တာ တဲ့။
မကံ့ကော်လို့ ပေးရကောင်းမလားလဲ စဉ်းစားသေးတယ် တဲ့။ အဲဒီနံမည်လဲ ကြိုက်တာပါပဲ။ ဒါပေမဲ့ ကိုယ်က ရင်းနှီးသူတွေနဲ့ စကားပြောရင် နံမည်ပါ ထည့်ထည့်ပြောတတ်တော့ ကံ့ကံ့ ကလေ၊ ကော်ကော် ကလေ နဲ့ ပြောရရင် မနိပ်ပါဘူးလို့ ကြီးမှ ပြန်စဉ်းစားမိသေးတယ်။
အဖေက ကဗျာဆရာဆိုပေမဲ့ ကဗျာပိုဆန်တဲ့ အမေက ပေးတာမို့ ကျေနပ်တယ်။ ပြည်ပရောက်လဲ မာရီယာတွေ၊ အဲလိဇဘက်တွေ ဖြစ်သွားမှာ မဟုတ်ပါဘူး။ မိုးချိုသင်းလို့ပဲ အမြဲသုံးသွားမှာပါ။ အသားညိုညို နဲ့ အမ, လေးမို့ မိညို တို့ဘာတို့ မဖြစ်သွားတာပဲ တော်သေးတယ် ပြောရမှာပေါ့နော်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
စာမရေးတာ ကြာပြီ။
ငယ်ငယ်ကတော့ ဘာရယ်မဟုတ်ဘူး။ အပီအပြင်စာရေးတယ်လို့လဲ မဆိုနိုင်၊ တိုတိုထွာထွာ၊ ဟိုခြစ်ဒီခြစ် ရေးဖူးပြီး အိမ်ထောင်လဲ ကျရော၊ စာရေးတဲ့ဖက်ကို လုံးလုံး မလှည့်တော့ဘဲ အပျင်းထူနေတယ် ဆိုပါတော့။ အပျင်းထူနေတာလဲ သိပ်တော့ မကြာပါဘူး၊ ဆယ်စုနှစ်တခုလောက်ပဲ ကြာသွားတယ်။
အဲဒီတုန်းက ကိုယ့်ဖာသာကိုယ် စာမရေးဖြစ်တာ ဘာမှ ထွေလီကာလီ မစဉ်းစားမိပေမဲ့ ဘေးကလူတွေက အတင်းဝိုင်းစဉ်းစားနေကြတာ တွေ့ရတယ်။ ကိုယ့် အိမ်ကလူကြီး ကို နံပါတ်၁ ထားပြီး ၀ိုင်းဆော်ကြတာပေါ့။ 'ဘာဖြစ်လို့ သူ စာမရေးတော့တာလဲ၊ ယောကျာင်္းက ခွင့်မပြုလို့လား၊ စာရေးတာ မကြိုက်ဘူး ထင်တယ်၊ သူ့မျက်နှာကြီးကလဲ ရုပ်တည်ကြီးဆိုတော့ ဟုတ်မှာပါ' စသဖြင့်ပေါ့။ အသားလွတ် အတီးခံနေရတယ်ဆိုပါတော့။ ကိုယ်ကလဲ ဒါမျိုးဆို ငြိမ်သလေ။ သူ့အထင်ခံရ မနည်းဘူး ဆိုပြီး။
အဲဒီတော့ သူကလဲ အဲဒီမေးခွန်းတွေနဲ့ ကိုယ့်ဖက်လှည့်လာတော့တာပေါ့။ 'ချိုသင်းက ဘာလို့ စာမရေးတော့တာလဲ တဲ့။ အိမ်ထောင်ကျလို့ ကိုယ်က စာမရေးခိုင်းရအောင် ရုပ်ပြစားတဲ့ မင်းသမီးယူထားတာလဲ မဟုတ်၊ ဘာလို့ ကိုယ်က တားရမှာလ'ဲ တဲ့။ ပေါက်ကွဲတာ...ပေါက်ကွဲတာ။ ကိုယ်ကလဲ ဒီမေးခွန်းလောက်တော့ အပျော့ပေါ့။ ကိုယ်ကိုယ်တိုင်တောင် မသိတာ၊ ဖြေကို မနေဘူး။ အေးရော။
အခု ဘလော့ဂ်လုပ်တော့ စာကရေးရပြီ။ စာရေးရတာကို လက်ကြောမတင်းတော့ ပျားအုံတုတ်နဲ့ထိုးတာမျိုး တို့ ဘာတို့လဲ လုပ်ပြီးပြီ။ ဘလော့ဂ်ဆိုတာ ကိုယ့်ဒိုင်ယာရီလေးလို ဖြစ်နေတာမို့ ဘောင်မရှိလို့ လွတ်လပ်တာတခုတော့ အင်မတန်စိတ်ချမ်းသာရပါတယ်။ ဒါပေမဲ့ အဖွားလူထုဒေါ်အမာပြောဖူးသလို စာရေးတယ်ဆိုတာ ရေကူးသလိုပဲ၊ အမြဲရေးနေမှ တဲ့။ မကူးရင် နစ်သွားတတ်တယ်တဲ့။ ဘာလေးဖြစ်ဖြစ် ရေးနေမှ မှတ်တမ်းလေးလဲကျန်၊ စိတ်လေးလဲ ချမ်းသာ သတဲ့။
အဲဒီတော့ ညနေ ရုံးအပြန် ထမင်းဟင်းချက်၊စားသောက်ပြီးရင် စာရေးဖို့ ဟိုလိုလိုဒီလိုလို လုပ်နေရတယ်။ အလုပ်တွေပဲ များနေသလိုလို၊ စိတ်ပဲ မကြည်လင်သလိုလို၊ ဟင်းကပဲ မကျက်နိုင်လို့ စောင့်နေရသလိုလို လုပ်နေရတယ်။ အိမ်ကလူကြီးကလဲ မလှမ်းမကမ်းက အကဲခတ်နေတယ်။
ဒါနဲ့ ဒီနေ့တော့ အဖေ့ကဗျာလေးတင်အုံးမှ ဆိုပြီး တယောက်တည်း ရေရွတ်သလိုလို ပြောပြီး၊ စာရွက်တွေ တဖျတ်ဖျတ်လှန်တယ်လေ။ အဲဒီမှာ ကဗျာတပုဒ်က ကိုယ့်စိတ်နဲ့တွေ့ပြီး သဘောကျတာနဲ့ တင်လိုက်ပါတယ်။ အဖေက ဒီကဗျာရေးတုန်းက အသက် ၇၀ကျော်နေပြီမို့ အဆုံးသတ်ကလေးက ကိုယ့်အဖြစ်နဲ့ ကွဲလွဲပါတယ်။ ဒါကိုတော့ အသေအချာ သတိချပ်စေချင်ပါတယ်။ ကဗျာလေးက ဒီလိုပါ။
ဝလုံးရေးတဲ့ ကဗျာဆရာ
ညတညမှာပေါ့
အိပ်မရတာနဲ့ ထပြီး ကဗျာရေးတယ်။
ဝလုံး..၀လုံး..၀လုံး..၀လုံး
အချိန်တွေ ပြုန်းကုန်တာပေါ့။
‘ခုနစ်ဆယ်ကျော် ကဗျာဆရာကြီးက
တောက်တီးတောက်တဲ့ ၀လုံးတွေရေးသတဲ့’ လို့
မဲ့ရွဲ့ ပြောတော့ …
‘ဟောဗျာ.. အဲဒါလေးနက်လှစွာ
ဘ၀အဘိဓမ္မာလေဗျာ…
ဝလုံးမဟုတ်၊ သုညတွေပါ’ တဲ့။
‘ဘ၀ရဲ့  အကာပြဲ့ပြဲ့
အနှစ်မဲ့ပုံကို ထင်ဟပ်ပြီး
ကဗျာစပ်တာပါဗျာ’ တဲ့။
ဖြစ်ရလေ
အဖြေလှအောင် ဖြေမှဖြေတတ်ပလေ…
အဲဒါတွေဟာ သူငယ်ပြန်တာ ကိုယ့်လူရေ..။
တင်မိုး
၂၄၊ ၂၊ ၂၀၀၄
ကိုယ်လဲ ညညကျ ၀လုံးတွေပဲ ရေးနေရရင် ကောင်းမလား။ ???
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
ဘလော့ဂ်ကလေး တခုလောက် လုပ်မယ်လို့ စဉ်းစားလိုက်တော့ တခြားဘာတွေရေးမယ် ဘယ်လိုလုပ်မယ်တွေ မစဉ်းစားနဲ့အုံး၊ ကိုယ့်ကိုယ်ကိုတော့ ဘ၀ကြီးမှာ တော်တော်အသုံးမကျတဲ့သူမှန်း သိသွားရတယ်လေ။
ဘာဖြစ်လို့လဲဆိုတော့ ဘလော့ဂ်လုပ်ရင် အခြေခံအဆင့်က ကွန်ပျူတာထဲမှာ ဇော်ဂျီဖောင့် သွင်းပြီးသား ဖြစ်နေရမယ်၊ ရိုက်တတ်ရမယ်၊ ယူနီကုတ် ဆိုလား ရှိရမယ် စသဖြင့်ပေါ့။ ကိုယ်က ကွန်ပျူတာမှာ သုညထက် နည်းနည်းနိမ့်တဲ့အဆင့်လေးမှာ တစ် နေတာဆိုတော့ တော်တော်ဦးနှောက်ခြောက် သွားးရတယ်။ အရပ်ကူပါ လူဝိုင်းပါ ဖြစ်သွားတာပေါ့။
လူအပြင် ဘုန်းဘုန်းပါ အဆစ်ပါသေးတယ်။ ဘုန်းဘုန်းတောင် ကိုယ့်ထက်ကျွမ်းသေးတယ်လေ။
တကယ်တော့ ကိုယ့်ဖာသာပဲ အပြစ်တွေပုံ တင်လိုက်ပါတယ်။ ဆတ်ဆော့မိတာကိုး။ တနေ့တနေ့ အင်တာနက်ကနေ သတင်းတွေဖတ်၊ ဘလော့ဂ်တွေထဲ လျှောက်လည်ပြီး စာလေးတွေဖတ်ပြီး ဒီအတိုင်းနေ အကောင်းသား။ စာဖတ်ရတာများ အရသာရှိလိုက်တာ။ တချို့ ဘလော့ဂ်တွေများ နေ့တိုင်းသွားမဖတ်ရဘဲ မနေနိုင်ဘူး။
ဒါနဲ့ သူများတွေကို အားကျပြီး ကိုယ့်ဒိုင်ယာရီလေးလို၊ မှတ်တမ်းလေးလို စာလေးတွေ၊ အက်ဆေးလေးတွေ ရေးမယ်၊ အဖေ့ ကဗျာလေးတွေလဲ တင်ရရင် ကောင်းမှာပဲလို့ တွေးမိတော့ ကိုယ့်အမလို ချစ်ရတဲ့ အမတယောက်ကို ပြောပြမိတယ်။ အမကလဲ အားတက်သရောပဲ၊ လုပ်လေ ဆက်ဆက်လုပ်၊ အမ အားပေးတယ်၊ အမလဲ ချိုသင်းသို့ ပေးစာ ဆိုပြီး ၀င်ရေးမယ် တဲ့။
အဖော်လဲ ရှိပြီဆိုတော့ ဘာပြောကောင်းမလဲ၊ နီးစပ်ရာတွေကို အကူအညီတောင်းလိုက်တာ ဗြောင်းကို ဆန်သွားတာပဲ။ ကိုယ်က အဲဒီလောကဓာတ်ပညာတွေနဲ့က သုညအဆင့်ဆိုပေမဲ့ အမကတော့ မိုင်းနပ်စ်ပါတဲ့။ ဟန်တော့ ကျနေပါပြီ။
အဲဒီတော့ ဘာမှ မလုပ်ရသေးခင် အရင်တောင်းပန်ချင်တာက တခါတလေ မာတိကာကြီးက စာမျက်နှာရဲ့ ဘေးမှာ မရှိဘဲ ဟိုးအောက်မှာ ရှိချင်ရှိနေလိမ့်မယ်၊ အဲဒါဆိုရင် ချိုသင်းတော့ မှားနှိပ်လိုက်ပြန်ပြီလို့ သဘောထားပေး။ တခါတလေ စာလုံးတွေက စာမျက်နှာအပြည့် မညီမညာ ဟိုပြေး ဒီပြေးတက်လာလိမ့်မယ်၊ အဲဒါဆို ချိုသင်းတော့ တောက်တလွဲ လုပ်လိုက်ပြန်ပြီလို့ နားလည်ပေး။ တခါတလေ မှိန်ရမဲ့နေရာမှာ ထင်းထင်းကြီး ဖြစ်နေတာတို့၊ စာပြန်ခေါက်ရမှာ ခေါက်လို့မရဘဲ စန့်စန့်ကြီး ဖြစ်နေတာတို့ တွေ့ရင် ချိုသင်းတော့ လုပ်ရမှာတွေ မလုပ်ဘဲ မေ့သွားပြန်ပြီလို့ ဖြည့်တွေးပေး။
စိတ်ကလဲ ဘာမှ မလုပ်ခင် ကျကျသွားတတ်တော့ကာ ပို့စ်အသစ်လဲ တော်တော်ကြီးကြာမှ ပေါ်လာချင်ပေါ်လာမယ်ပေါ့နော်။ အဲဒါလေးတွေ နည်းနည်းလောက် နားလည်ပေးရင်တော့ အိုကေသွားမှာပါ။ ကိုယ့်ဖက်ကလဲ ကြိုးစားပြီး ကွက်လပ်တွေ ဖြည့်သွားပါ့မယ်လို့။
ဒီအဆင့်လေးတက်လာဖို့ ၀ိုင်းတွန်းပေးကြတဲ့ ဘုန်းဘုန်း ကိုသက်၊ ကိုမိုး၊ ကိုအေးဝင်း၊ ကိုမြင့်လှိုင်၊ မသဒ္ဓါ၊ ကိုမောင်ရစ်၊ ကိုဇာနည် နဲ့ ကိုယ့်အခြေအနေအမှန်ကိုသိသော်လည်း စိတ်မပျက်ဘဲ အထူးအားပေးသော ချစ်တဲ့ အမ မမေသန်းဌေး တို့ကို ကျေးဇူးမှတ်တမ်း ပြုလိုက်ပါတယ်။
မိုးချိုသင်း
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...
မမြင်ရလည်း
သင်က ရဲဘော်ပင်။
မကြားရလည်း
အနားက ရဲဘော်ဟာ သင်။
မတွေ့ရလည်း
မနေ့က အတိုင်းပင်။
နေ့ရက်ကြာလည်း
သစ္စာ မပျက် အောက်မေ့လျက်နှင့်
တသက်သက်ပ
လွမ်းဆွတ်တ ကာ
ဘ၀ကို မြှုပ်
အလုပ်လုပ်သည်
ဝိမုတ္တိလမ်း ထာဝစဉ်။ ။
တင်မိုး
-
ဒီကဗျာလေးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အကျဉ်းကျစဉ်ကာလတုန်းက အဖေ ရေးခဲ့တဲ့ ကဗျာလေးပါ။ ၁၉၉၅ ခုနှစ်လောက်ကလို့ ထင်ပါတယ်။
အဖေက အဲဒီကဗျာ ရေးဖြစ်တဲ့ အကြောင်းလေးကို စာပေဟောပြောပွဲတခုမှာ ပြောပြခဲ့ပါတယ်။
ဒေါ်စုကို မမြင်မတွေ့ရတာ ကြာလို့ မြင်ချင်တွေ့ချင်စိတ် အင်မတန်ပေါက်တယ် တဲ့။ ဒါပေမဲ့ သူ စိတ်ဖြေလိုက်ပါတယ် တဲ့။ မမြင်ရလည်း ကိစ္စ မရှိပါဘူး၊ မတွေ့ရလဲ ကိစ္စ မရှိပါဘူး တဲ့။ သူ့ကို သတိရ လွမ်းဆွတ်စိတ်နဲ့ သူဖြစ်စေချင်တဲ့ လွတ်မြောက်ရာ လမ်းကို အလုပ်လုပ်ရင်း စိတ်ဖြေလိုက်ပါတယ် ဆိုတဲ့ အကြောင်းပါ။ ဒီနေ့ခေတ် နဲ့ ကိုက်ညီတယ် ထင်လို့ အဖေ့ကို သတိရစိတ်နဲ့ ဖော်ပြလိုက်ပါတယ်။
အပြည့်အစုံဖတ်မယ်...
ပြန်ခေါက်ထားခဲ့မယ်...