မနေ့ညက စိတ်ကူးပေါက်ပြီး ကိုယ့်ရဲ့ facebook စာမျက်နှာမှာ ဒီလို သတင်းစကားလေး တင်လိုက်ပါတယ်။ သူငယ်ချင်းတွေကို တချက် လှမ်းပြီး signal ရိုက်လိုက်တာပါ။
Blog တို့ FB တို့ မပါဘဲ ဘ၀ကို ဖြတ်သန်းကြည့်အုံးမယ် .. လို့။
အဲဒီလိုရေးလိုက်တာနဲ့ ပထမဆုံး တုံ့ပြန်ရေးလိုက်တာ အဝေးက မိတ်ဆွေတယောက်ဖြစ်တဲ့ ကိုကျော် ပေါ့။ သူက ဒီလိုပြန်ရေးတယ်။ ဘယ်နှစ်နာရီလဲ တဲ့။ အဲဒါတွေနဲ့ ဝေးပြီး ဘယ်နှစ်နာရီ နေမှာလဲ လို့ ပြန်မေးလိုက်တာပါ။ အဲဒါကို ကိုယ်ကလဲ စက္ကန့်မခြား ဒီဖက်ကနေ ပြုံးပြီး ဖတ်နေမိတာ..။ ငါ့အကြောင်းတွေ သိကုန်ပြီလို့ ပြုံးစိစိ ဖြစ်နေတာ..။
အစကတော့ ဘာမှ မသိခဲ့ဘူး။ ခေတ်ပေါ် လောကဓာတ်ပညာတွေကို နားလဲ မလည်ဘူး၊ သိလဲ မသိချင်ခဲ့ဘူး။ အဲဒါတွေ လုပ်ကြည့်ရင် မှားသွားမလား၊ မှားရင် ငါလဲ မပြင်တတ်တော့ ဒုက္ခ ဆိုတဲ့ ကြောက်တဲ့ စိတ်အခံကလဲ ရှိနေတယ်။ အခုလဲ သိတယ်လို့ မဆိုနိုင်ပါဘူး။ မျက်မမြင် ဆင်စမ်းတုန်းပါပဲ။ ဆင်မြီးကို မြွေကြီးပါလား ဖြစ်တုန်းပါပဲ။
ဒါပေမဲ့ ကိုယ့်ကို အဓိက ဆွဲဆောင်လိုက်တာက သူငယ်ချင်းတွေပါ။ သူငယ်ချင်းတွေရှိတယ် ဆိုတဲ့ အသိနဲ့ အဲဒီကစားပွဲထဲ ၀င်ဆော့မိတယ်။ သူများ ထုတ်စီးတိုးနေရင် ကိုယ်ကလဲ ထုတ်စီးဝင်တိုး လိုက်ချင်တာကိုး။ သူတို့ ၀ိုင်းကြီးပတ်ပတ်ဆော့နေရင် ကိုယ်ကလဲ သွားလက်တွဲပြီး ၀ိုင်းလိုက်ချင်သေးတာကိုး။ ဒါနဲ့ facebook ကို မနက်တိုင်း ဖွင့်ကြည့်မိပါတယ်။
အတော်အလုပ်များသွားတာတော့ အမှန်ပဲ။ သူငယ်ချင်းတချို့က ဟင်းတွေချက်ပြီး ကိုယ့်ကို တဂ်တယ်။ လာစားပါအုံး တဲ့။ အစားအသောက်ကို ခုံမင်မှန်းသိတော့ လာခေါ်တယ်လေ။ အစားအစာတွေကလဲ ကိုယ့်အကြိုက်ချည်း ဖြစ်နေတယ်။ ပြုံးပြုံး ပြုံးပြုံး နဲ့ သူ့ရဲ့ တံခါးခေါက်၊ သူ့ထမင်းစားပွဲမှာ ၀င်ထိုင်ပြီး စကားတပြောပြောနဲ့ ၀င်စားခဲ့တယ်။ အအေးတွေလုပ် တိုက်ရင်လဲ သောက်၊ ဒါကတော့ အကြိုက်ဆုံးပဲ၊ လုပ်နည်းလေး မျှပါအုံး ဘာညာ ပြောပြီး ပြန်လာခဲ့တယ်။
တချို့မိတ်ဆွေတွေကျတော့လဲ စာကောင်းလေး မြည်းပါအုံး တဲ့။ ကိုယ်ဆို ဒီလိုစာကောင်းတွေ ဖတ်ရဖို့ ဘယ်လိုက်ရှာရမယ်မှန်း မသိ။ အခုလို တခုတ်တရ ကိုယ့်ရှေ့အရောက်ပို့ပေးပြန်တော့ ကျေးဇူးတင်ရတာပေါ့။ ဗဟုသုတလဲ ရတယ်။ အသိဥာဏ်လဲ တိုးတယ်။ စာဖတ်ပြီး ထင်မြင်ချက်တွေ တယောက်တပေါက် ပြောကြပြန်တော့ ထောင့်မျိုးစုံက မြင်ကြည့်လို့ ရပြန်ပါရော..။
တချို့ကျတော့လဲ သူတို့ရဲ့ ကိုယ်ပိုင် အနုပညာတွေ..။ မျှဝေတာတွေ..။ စာတွေ၊ ကဗျာတွေ၊ ပန်းချီ၊ ဒီဇိုင်းတွေ ရင်သပ်ရှုမော မုဒိတာပွားရတယ်။ ၀မ်းနည်းစရာဆို သူငယ်ချင်းနဲ့အတူ ငိုရတယ်။ ပီတိဖြစ်စရာဆို အပြုံးချင်း ဖလှယ်ရတယ်။ နွေးထွေးတဲ့ နှလုံးသားရှိသူချင်း မျက်နှာချင်း ဆုံရတယ်။
တချို့ကျတော့လဲ သတင်းတွေ..။ လတ်တလော ဖြစ်ပျက်သွားတဲ့ သတင်းပူပူနွေးနွေးတွေကို အံ့သြတကြီး ဖတ်ရတတ်တယ်။ နာရေး၊ သာရေး၊ လူမှုရေး အကုန် အစုံပဲ။ နာရေးဆို ဟာ..ကနဲ ဖြစ်ရ။ သာရေးဆို ၀မ်းသာရ။ လူမှုရေးဆို သာဓုခေါ်ရ ပေါ့။ ကမ္ဘာရွာဆိုတာ ဒါ နေမှာ..။
အရင်ကတော့ ရွာက လူ မြို့တက်လာလို့ အိမ်ရောက်မှ ခေါင်းပေါ်က အထုပ်လေးချ၊ ပတ်လာတဲ့ ပုဝါလေး ဖြုတ်ပြီး ယပ်ခတ်ပါစေအုံး စောင့်ရတာ။ အမောပြေမှ ရေလေး တခွက် တိုက်စမ်းပါအုံးအေ လုပ်သေးတာ။ ပြီးမှ ဖြေးဖြေးချင်း ပြောလာတဲ့ သတင်းစကား နားထောင်ရတာမျိုးကိုး။ အဲဒီတော့မှ ကစားဖော်ကစားဖက် အေးသာ ဟိုလူကြီးနဲ့ လိုက်ပြေးသွားပြီ ဆိုတာမျိုး သိရတာကိုး။
အခု ကမ္ဘာရွာဖြစ်ပုံများကတော့ ရွာက ကြီးဒေါ်ကြီးကိုလဲ စောင့်စရာ မလိုဘူး။ လကြတ် နေကြတ်တာက စလို့ မင်းသမီး ပါးရိုက်တာအဆုံး မိနစ်ပိုင်း အတွင်း ခရေစေ့တွင်းကျ သိရတော့တာ..။ ထင်မြင်ချက်အမျိုးမျိုး၊ ဆန္ဒအမျိုးမျိုး ကို ရှုထောင့်မျိုးစုံကနေ ဖတ်ရတယ်။ စကားဝိုင်းလေးတွေ ဟိုနား တစု၊ ဒီနား တစု ဖြစ်သွားတတ်တယ်။ စကားဝိုင်းမှာ ၀င်မဆွေးနွေးဘဲ အနားမှာ ငြိမ်ငြိမ်သက်သက် ၀င်နားထောင် နိုင်တယ်။
တချို့ကျတော့လဲ ဗီဒီယိုလေးတွေ..။
ဟိုတလောက ချစ်ခင်ရတဲ့ ညီမလေးတယောက်က သူ့သားကလေး ချိုပြုံးရွှင်ပုံကို ဗီဒီယိုရိုက်ပြီး တင်တယ်။ ကိုယ်ကလဲ ကလေးချစ်တတ်သူမို့ အဲဒါလေးသွားသွားကြည့်ပြီး ကလေးနဲ့အတူ ရီမောလို့ သဘောကျနေတာ။ နောက်မှ ကိုယ့်အဖြစ်က အံတီမာမာအေးရဲ့ သီချင်းတပုဒ်နဲ့ တူနေတာ သတိရပြီး ကွန်မန့်ရေးခဲ့တယ်။ ပုံ/ကျွဲမ ဆိုပြီးတော့လေ..။
နောက်မှ ပြန်စဉ်းစားတာ ကလေးရူးမအကြောင်းက ကျွဲမ မဟုတ်သေးပါဘူးလို့..။ သီချင်းပြန်ဆိုကြည့်မှ အာယားမ သီချင်း ဖြစ်နေလို့ အာယားမ ရေးရမှာ ကျွဲမ သွားရေးမိတယ် လို့ ပြန်သွားပြောရသေးတယ်။ သူကလဲ ဘာ ကျွဲမ ပါလိမ့် စဉ်းစားနေတာ တဲ့၊ လိုက်မေးအုံးမလို့ တဲ့။ နောက်တော့ ကိုယ်ကလဲ ခပ်ညိုညိုမို့ ကျွဲမလဲ ဟုတ်တော့ ဟုတ်ပါတယ်လေ..လို့ မလုပ်ချင်ဘဲ လုပ်လိုက်ရသေးတယ်။ ကျွဲမ သီချင်းထဲမှာ ထမင်းအိုးဖင် လို့ဆိုထားတော့ တူတော့ မတူချင်ဘူးပေါ့။
တခါတလေ သီချင်းလေးတွေ နားထောင်ရ၊ ရုပ်ရှင်တိုလေးတွေ မျှဝေတာ ကြည့်ရသေးတယ်။ ဒါ ကိုယ်ငယ်ငယ်က သိပ်ကြိုက်ခဲ့တဲ့ သီချင်းပဲ ဆိုပြီး လိုက်များတောင် ဆိုလို့..။ ပျော်ဝင်လွယ်တာများ ပြောပါတယ်။ ရုပ်ရှင်ကျတော့လဲ ကြိုက်ရပြန်ပါပြီ။ ကောလိပ်ဂျင်နေ၀င်းကားဆို ၂ခါလောက်တော့ ကလစ် လိုက်တာပဲ။
တချို့ကျတော့လဲ Virus တဲ့။ မည်သို့မည်ပုံ လုပ်လိုက်သည် မသိ၊ ကိုယ့် facebook wall မှာ ကြိုးလေးတချောင်းတည်း sexy ပုံကြီး လာပေါ်နေတယ်။ ဟ..ဘယ့်နှယ့်ဟာကြီးပါလိမ့် လို့ ဖြစ်ရသေးတယ်။ ပို့တဲ့ မိတ်ဆွေကို မေးကြည့်တော့ သူဖွင့်ရုံ ဖွင့်လိုက်တာပါ တဲ့၊ ကိုယ့်ဆီ အလိုအလျောက် ရောက်သွားတယ် ပြောတယ်။ အဲဒါ Virus တဲ့။ အဲဒီလို Virus တွေလဲ ရှိတယ်လို့ ပြောချင်တာပါ။
ခက်တယ်။ တကယ် ခက်တယ်။ အရင်က ဘလော့ တခုတည်းတောင် အလုပ်က များလှပြီ။ အခု facebook ပါ ဆိုတော့ ကိုယ့်အိမ်ကို လာလည်တဲ့ မိတ်ဆွေများက ဟာ..ရန်ကုန်က အလုံ အမှိုက်ပုံကြီး LA ရွှေ့ထားပါလား ထင်ကြမှာ..။ ဒါတောင် မိတ်ဆွေတယောက် က twitter လုပ်သေးလား တဲ့။ ဒါမျိုး နောက်တခုရှိသေးတာလား ဆိုပြီး ကိုယ့်နဖူးကိုယ် ရိုက်မိတယ်။
မနက် နိုးတာနဲ့ မနက်စာ စားဖို့ ပြေးလုပ်၊ ပြီးရင် ကွန်ပျူတာ ထဲ ခေါင်းဝင်နေတယ်။ ဟင်းချက်နည်း စာအုပ်ထုတ်မလားလဲ စဉ်းစားနေတယ်။ အမြန်စာ၊ ပြီးစလွယ်စာ၊ မနူးမနပ်စာ၊ ကတိုက်ကရိုက်စာ စသဖြင့်ပေါ့။ ဒါမျိုးတွေချည်း အိမ်မှာ ချက်ကျွေးနေမိလို့ပါ။ အစိမ်းမစားရသေးတာ တော်သေးတာပေါ့လို့ အကောင်းဖက်လှည့်တွေးရင်တော့ ဖြစ်ပါတယ်။
ကျောင်းကလဲ တဖက်တက်သေးတော့ ကျောင်းမှာ စာစီစာကုံးရေးရင်း အီးမေးလ်ကို ယောင်ယောင်ပြီး ဖွင့်ကြည့်မိတယ်။ facebook က စာတွေလာတာတွေ့ရင် ဟယ် သူ ဘာများ ရေးပါလိမ့် တဲ့ (ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာ ရေးပြတာပါ)။ ဒါနဲ့ လိုက်သွားကြည့်တော့ မြန်မာစာ ဖတ်လို့မရတဲ့ကွန်ပျူတာ ဖြစ်နေတာမို့ လေးထောင့်တုံးတွေ မြင်ရမှ လက်လျှော့ ပြန်လာတယ်။ ဆရာမက control လုပ်ပြီး သူ့ကွန်ပျူတာကနေ ကျောင်းသားတွေ ဘာလုပ်လဲ ကြည့်နေတာမို့ နောက်တခါ စာလုပ်ချိန် စာမလုပ်ရင် အမှတ်လျှော့မတဲ့။ မျက်နှာလေး ငယ်ပြီး မကြားသလို လုပ်နေရတယ်။
ကိုဇာဂနာ့ ဟာသ လို “ကျန်းမာရေးကလဲ မကောင်း..” လို့ ညည်းမလို့ လုပ်ရင် “ဘယ်ကောင်းမှာလဲ၊ လမ်းလေးဘာလေးလျှောက်၊ လေ့ကျင့်ခန်းလေး ဘာလေးမှ မလုပ်ဘဲကိုး” တဲ့။ “အားတဲ့အချိန် ကွန်ပျူတာပဲ ကြည့်နေတာ” တဲ့။ သနားမလား အောက်မေ့တယ်၊ လက်ပစ်ဗုံးနဲ့ ထုတယ်။
ဆီးချိုကလဲ တရိပ်ရိပ် တက်..။ ဆရာဝန်ပြတော့ အားလပ်ချိန် ဘာလုပ်သလဲ တဲ့။ အချိုရည် သောက်ရင်း ကွန်ပျူတာမှာ စာထိုင်ဖတ်တာပဲ လို့ ပြောရင် လူနာစာရင်းကတောင် ထုတ်လိုက်မဲ့ကိန်း ရှိတယ်။ သူကြားချင်တာက diabetes ပညာပေး သင်တန်း တက်နေပါတယ်တို့ ဘာတို့..။ ဒါပေမဲ့ အိပ်မက်ဟာ တကယ်ဖြစ်မလာ.. ဆိုတာ သူ မသိသေးဘူး။
အခုတော့ Facebook တို့ ဘလော့တို့ မပါဘဲ နေကြည့်မယ်ဆိုတော့ နည်းနည်း လိမ်မာအုံးမယ် လို့ ပြောချင်တဲ့သဘောများလား။ ဒါမှမဟုတ် မိတ်ဆွေ တယောက် ပြောသလို အမူးပြေရင်တော့ ထန်းပင်ကို ပြန်မော့ကြည့်နေမဲ့သူများ ဖြစ်နေမလား။
အကောင်းဆုံးကတော့ ဘ၀မှာ လုပ်ချင်တာနဲ့ လုပ်သင့်တာကို မျှပြီး ဟန်ချက်ညီညီ လုပ်နိုင်ဖို့သာ ကြိုးစားရမှာပဲ။ ဒါမှ တကယ့်ပျော်ရွှင်မှုရမယ်လို့ ထင်မိတာပဲလေ..။
မိုးချိုသင်း