ဆေး

ဘလော့ဂ်ကို ပစ်ထားတာလဲ ကြာပြီ။
ဘလော့ဂ်မှာ ၃ရက်လောက် ခွင့်ယူမည်ဆိုပြီး သတင်းစကားမှာ ရေးပြီးတင်ထားတာလဲ စိတ်ထဲမှာတော့ ၃ နောက်က သုညတလုံးလောက် တိုးလိုက်ရမလား စဉ်းစားနေတာ။ သုည နှစ်လုံးလောက်ဆိုရင်တော့ အေးဆေးပဲ။

လူကလဲ နေလို့ကို မကောင်းဘူး။ အဖျားက တငွေ့ငွေ့။ ဆီးချိုတွေကလဲ ကုန်ဈေးနှုန်းလိုပဲ။ ဘယ်လိုချချ မကျဘူးဆိုတဲ့အထဲကပဲ။ ဒါပေမဲ့ ကိုယ့်မှာ ဂရုစိုက် မခံရရှာပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က ဖြစ်လာရင် ကိုယ့်ဖာသာကိုယ် ပိုပိုသာသာ သနားပြီး ၀မ်းနည်းပစ်လိုက် တတ်လို့ပါ။ အဲဒီတော့ ဘေးက သနားမဲ့လူတောင် ကိုယ်ဖြစ်နေတာကို ကြည့်ပြီး သူတို့သနားတာတွေ ရပ်ပစ်ချင်စိတ်ပေါက်သွားတယ်လေ။

အဖေကတော့ ကိုယ့်ထောင်ချောက်ထဲ ခဏခဏ ပြိုကျသူပဲ။ အဖေရှိတုန်းကဆိုရင် ကိုယ်က နေမကောင်းဖြစ်ပြီဆိုရင် ခွေနေတာ။ အဲဒီအခါ အဖေက သူ့လက်တုတ်တုတ်ကြီးတွေနဲ့ ကိုယ့်နဖူးကို လာစမ်းပြီး သက်သာလား သမီး လို့ အင်မတန်ပူပန်တဲ့ အသံနဲ့ မေးတတ်တယ်။ ဒါဆို ကိုယ်က အဖေ့ကို မကြည့်ဘဲ အသံတိုးတိုး နဲ့ “အဖေ၊ ချိုသင်းတော့ ဒီတောင် မကျော်နိုင်တော့ဘူး ထင်တယ်” လို့ ပြောလိုက်တာ။

အဖေ့အဖို့မှာတော့ ဟာ ကနဲပေါ့။ ရင်ကို တိုက်ရိုက်မှန်သွားတာ။ ငါ့အသည်းနှလုံး ကြေပြုန်း.. ဘာညာ စိတ်ထဲက ကဗျာစပ်ချင်စပ်နေမှာ။ ကဗျာဆရာမို့ စိတ်က နုနုလေးပါဆိုမှ သမီးက ဒီတောင် မကျော်နိုင်တော့ဘူးဆိုတော့ တကယ်ပျာသွားတယ်။ အဖေ ဘာလုပ်ပေးရမလဲ၊ ဆေးခန်းသွားမလားတွေ ဖြစ်သွားတယ်။

ပြီးတော့ လာ လာ သမီး၊ အခန်းထဲမှာ နေမနေနဲ့၊ အခန်းပြင်ကိုထွက်၊ ကိုယ်လက်လှုပ်ရှား လေးဘာလေးလုပ်တော့ ချွေးတွေထွက်သွားမယ်၊ ဧည့်ခန်းမှာ ထိုင်၊ အဖေ စန္ဒယားတီး ပြမယ်တဲ့။ ဒါနဲ့ အောင်ခြင်းရှစ်ပါးကို အော်ဂင်လေးနဲ့ တီးတော့တာပါပဲ။ ဆေးလဲ မတိုက်တတ်၊ အောင်ခြင်းရှစ်ပါး နားထောင်လိုက်ရင် သမီးရောဂါတွေ ပျောက်ကုန်မယ် ထင်နေတယ်။

ကိုယ့်မှာလဲ အိပ်ယာထဲ လှဲမနေနိုင်၊ တီးလုံးကို နားထောင်နေရတယ်။ တောင်မကျော်နိုင်တာ မှားပြီလို့တော့ ထင်မိသား။ ဒါပေမဲ့ အဖေ့မေတ္တာကို ခံစားရတာမို့ ပိုတောင် မျက်ရည်ဝဲမိတယ်။ အဖေကလဲ ပျောက်စေချင်ဇောနဲ့ ကိုယ့်ကို ပြုံးပြီးကြည့်လိုက်၊ သီချင်းကို ကျော့ကျော့ပြီး တီးလိုက်သေးတယ်။ ဒါက အဖေ့ဆေး လေ။

“သမီးချိုကလေး
ဆီးချို ဝေးပါစေ။
ဆားငန်ငန်နဲ့
အစားသန်တဲ့ သမီးအချစ်အိုးကလေး
သွေးတိုးနဲ့လဲ ဝေးပါစေ”


အဲဒီလိုလဲ စပ်လိုက်သေးတာပါ။ ကိုယ့်မလဲ ကိုယ်အစားသန်တာ ကဗျာတွေဖြစ်ကုန်ပေါ့ ဆိုပြီး အဲဒီကဗျာကို သူများမမြင်အောင် ဖွက်ထားလိုက်ရပါတယ်။

အမတွေကျတော့ တမျိုးပူတာပါ။ အကြီးဆုံးဖြစ်တဲ့ မစံကိုတော့ ကိုယ်က နေမကောင်းဖြစ်ရင် အီးမေးလ်ထဲမှာ “ငါလဲ အခုတလော နေမကောင်းဘူး၊ ဘာမှကို စိတ်သွားတိုင်း ကိုယ်မပါဘူး။ ဘုရားကိုပဲ အပ်လိုက်ပါပြီ။ ကံစီမံရာပါပဲ” လို့ ရေးလိုက်တာ။ အဲဒါဆိုရင် မစံက ချက်ချင်း စာပြန်လာတယ်။

“မိချို၊ နင် ဆေး မှန်မှန် မသောက်ဘူးလား၊ အစားသိပ်သောင်းကျန်းနေသလား။ ကျန်းမာရေးတော့ ဂရုစိုက်မှပေါ့၊ အဝေးမှာဆိုတော့ ငါတို့ကလဲ မလာနိုင်၊ မပြုစုနိုင်” စသဖြင့်ပေါ့။ အကြီးပီပီ အကုန်ပူပန်ပြီး အရှည်ကြီး ရေးတော့တာပါ။ အဲဒါကို ကိုယ်က ပြုံးပြီး ဖတ်နေတာ။

အမအလတ် မအေးကျတော့ တမျိုးပါ။ “မအေးရေ ငါနေမကောင်းဘူးဟေ့” လို့ တခွန်းပဲ ပြောလိုက်၊ ပွဲပြီးပြီ။ သူက သဲသဲ မို့ ငိုသံပါကြီး တန်းဖြစ်သွားတာပါ။ “အမလေး မိချိုလေးရယ်၊ ဖြစ်မှ ဖြစ်ရလေ။ ငါဘာလုပ်ပေးရမလဲဟင်။ လုပ်ကြပါအုံး၊ မိချို နေမကောင်းဘူး” တဲ့။ ဒါနဲ့ ကိုယ်လဲ သေများ သေတော့မှာလားလို့ ကိုယ့်ဖာသာကိုယ်တောင် တွေးပူသွားတယ်။

နေစမ်းပါအုံး၊ ငါဘာမှ မဖြစ်သေးပါဘူး။ နေကောင်းပါတယ်ဟ လို့ မနည်း ပြန်ပြောရတယ်လေ။ အဲဒါနဲ့ နေကောင်းပါစေ ဘာညာနဲ့ ဆုတွေ အရှည်ကြီးပေးတာ အဖွားကြီးတယောက်လိုပဲ။ မနည်း သည်းခံ နားထောင်ရတာပါ။ “နင်ဘာမှ မပူနဲ့ သိလား။ နင်နေမကောင်းရင် ငါတို့ပြုစုမှာပေါ့” လို့ ပြောလို့ အသက်ကြီးလို့ ငါနေမကောင်းဖြစ်ရင် ငါတောင် အိုနေပြီမို့ နင်က ငါ့ထက် ပိုအိုနေပြီပေါ့ဟ လို့ ပြောရတယ်။ အဲဒီတော့လဲ အေး ဟုတ်တာပဲ တဲ့။

အမ အငယ် မနှင်းကတော့ ဆရာဝန်ပီပီ နေမကောင်းဘူးလို့ ကြားတာနဲ့ ကိုယ်စားသောက်တာတွေ အကုန်စစ်ပါတော့တယ်။ ဟိုနေ့က ဘာစားလဲ၊ မနေ့က ဘာစားလဲ။ အပြင်မှာစားသလား၊ ချက်စားသလား။ အေး၊ အဲဒါတွေ စားတာကိုး။ အသီးအရွက် များများစားရမယ်။ နင်က အသားချည်း စားတာကိုး။ အဲဒီတော့ ဆရာဝန်ကို သွားပြပြီးပလား တဲ့။ ဖြေပေတော့ မေးခွန်းတွေ တသီကြီး။

ကိုယ့်အမျိုးသားကတော့ ကိုယ်နေမကောင်းဖြစ်တယ်ဆိုရင် တကယ်ဟုတ်သလား၊ မဟုတ်သလား အရင်သေချာ အကဲခတ် စူးစမ်းလိုက်တယ်။ အတွေ့အကြုံကလဲ များနေပြီဆိုတော့..။ “မှန်း..ကိုယ်ကလဲ ပူလိုက်တာ မီးခဲလိုပါပဲလား၊ သွေးတွေတိုးတာလဲ မီးရထား ခုတ်နေသလိုပဲ” အဲဒီလို ကိုယ့်ထက် ဦးအောင် ပြောလိုက်တယ်။ ဂွတိုက်တယ် ခေါ်ရမှာပေါ့။

ဒီတောင် မကျော်နိုင်တော့ဘူး ဆိုတာလဲ ခဏခဏ ပြောနေကျဆိုတော့ အေး၊ အေး တဲ့။ တောင်မကျော်ဘဲ တောင်အောက်မှာပဲ အေးအေးဆေးဆေး ပျော်ပွဲစားမဲ့ အပေါက်ပါ။ ကိုယ်ကလဲ ကျား ကျား ခဏခဏ လုပ်လေတော့ တကယ့်ကျားလာရင်တောင် ကြောင်ကလေး ထင်ပြီး မီ မီ ခေါ်မဲ့သူပဲ။ ဒါနဲ့ ကိုယ်လဲ လက်လွန်သွားပြီဆိုတာ သိလိုက်ပါတယ်။ ဒါကြောင့် ကိုယ်တကယ် နေမကောင်းရင်တော့ အခု တကယ်ဖြစ်နေတာနော် လို့ ဖြည့် ဖြည့် ပြောရသေးတာ။

ဆေးတွေကတော့ အများကြီး သောက်ရ ထိုးရတာ နေ့တိုင်းပါပဲ။ ဒါပေမဲ့ ဒီမေတ္တာဆေးတွေလောက်တော့ ဘယ်ဆေးမှ အစွမ်းမထက်ဘူး ထင်တာပဲ။ ပုံမှန်ဆေးတွေနဲ့ မသက်သာရင် မေတ္တာဆေးတော့ ကူရသေးတာပဲလေ။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ဆုတောင်း

ဆုတောင်းတယ်ဆိုတဲ့ အလေ့အထက ဘယ်က ဆင်းသက်လာပါလိမ့်။ သူတပါးကို ဆုတောင်းပေးတယ်ဆိုတာ အဲဒီလူအပေါ်မှာ မေတ္တာထားတာ၊ စေတနာရှိတာ၊ ကောင်းစေချင်တာလို့ ယူဆရင် ကိုယ်ဒီနေ့ လူတယောက်အတွက် ဆုတောင်းပေးချင်ပါတယ်။

အဲဒီလူက..
ကိုယ့်ကို အေးချမ်း လုံခြုံတဲ့ မေတ္တာ အရိပ် မိုးခဲ့သူ..
ကိုယ့်ရဲ့ ဘ၀အခက်အခဲ တောင်စဉ်တောင်တန်းတွေမှာ တချက်မှ မညည်းမညူဘဲ အတူဖေးမ ရင်ဆိုင်ခဲ့သူ..
ကိုယ့်အပေါ်မှာသာမက ကိုယ့်မိသားစု အပေါ်မှာပါ နားလည် နွေးထွေးတတ်တဲ့သူ..
ကိုယ့်ဘ၀ရဲ့ စိတ်ချမ်းသာမှု တော်တော်များများကို ဖန်တီးပေးခဲ့သူ..

ဘ၀လက်တွဲဖော်၊ ထာဝရ မိတ်ဆွေ၊ အရင်းနှီး အချစ်ခင်ဆုံး သူစိမ်းတယောက် ရဲ့ မွေးနေ့မှာ သူ့ကျေးဇူးကို အောက်မေ့ပြီး လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒများ တလုံးတ၀တည်း ပြည့်စုံပါစေ။
အနန္တော အနန္တ ၅ပါး ရဲ့ ကျေးဇူးကို သိမြဲ သိတတ်တဲ့သူ ဖြစ်ပါစေ။
မေတ္တာတရား ကို နားလည်ခံစားတတ်သူ ဖြစ်မြဲ ဖြစ်ပါစေ။
အမှန်တရားကို မြတ်နိုး တန်ဖိုးထားတတ်သူ ဖြစ်မြဲ ဖြစ်ပါစေ။
နောင်ဘ၀များတွင်လည်း ဒီလူ ဒီစိတ်ထားနဲ့ပဲ ချိုသင်း ဆုံဆည်းရပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

မေတ္တာနဲ့ ဆောက်တဲ့ အိမ်

အိမ် လို့ စဉ်းစားလိုက်ရင် မိသားစု စုံစုံညီညီနဲ့ ညနေထမင်းဝိုင်းမှာ နွေးနွေးထွေးထွေး စကားပြောကြ၊ ပျော်ရွှင်ရတဲ့ အိမ်လေးတွေကိုပဲ သတိရမိတယ်။ အိမ်ဆိုတဲ့ အဓိပ္ပါယ်မှာကိုက ချစ်ခင်မှု၊ နွေးထွေးမှုတွေ ပါဝင် နေတဲ့ သဘောမဟုတ်လား။

လောကထဲကို ရောက်ပြီဆိုတာနဲ့ အိမ်တွေ တအိမ်ပြီး တအိမ် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေခဲ့ရတော့ တခါတလေကျတော့လည်း အိမ်ဆိုတာကို စွဲလန်း ချစ်ခင်ဖို့ဆိုတာလဲ ကိုယ်ကိုယ်တိုင်က ကိုယ့်အိမ်လို့ သတ်မှတ် လက်ခံပါမှ။ နေရသမျှ စိတ်ကြည်နူး အေးချမ်းပါမှ အိမ် ဖြစ်တာလို့ နားလည်မိသူကိုး။

ကိုယ့်ကို မွေးတော့ တက္ကသိုလ်ဝန်ထမ်း ဆရာ၊ ဆရာမတွေကို နေခွင့်ပေးတဲ့ တက္ကသိုလ်ရိပ်သာလမ်းက ပုံဂံခြံဝင်းဆိုတဲ့ အိမ်လေးမှာ။ ဆရာ၊ ဆရာမ မိသားစု အသိုက်အ၀ိုင်း ကြားမှာ ကြီးပြင်းခဲ့ရတော့ ကလေးဘ၀ဆိုတာလဲ မရှိမရှားဆိုပေမဲ့ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်းပဲ။

အဆင့်အတန်းခွဲမှုဆိုတာလဲ မရှိ၊ အပြိုင်အဆိုင်ဆိုတာလဲ မသိ၊ သူ့ရှိရင် ကိုယ်ကြည်နူးလို့၊ ကိုယ့်ရှိရင် သူဝမ်းသာပဲ။ လူကြီးတွေကလဲ ကိုယ်တို့ကလေးတွေကို ကိုယ့်တူ၊ တူမတွေလို။ ကိုယ်တို့ကလဲ ကိုယ့် အဒေါ်တွေ၊ ဦးလေးတွေလို နေခဲ့ကြတာ။

ဒီလို နေလာလိုက်တာ ကိုယ် ဆယ်တန်းရောက်တော့ အိမ်ပြောင်းရဖို့ ကြုံလာတယ်။ အစိုးရမင်းများက တက္ကသိုလ်မှာ အဖေ အလုပ်လုပ်စရာ မလိုတော့ လို့ဆိုတာမို့ ကိုယ်တို့ ၀ယ်ထားတဲ့ အင်းစိန် မင်းကြီးလမ်းက ခြံလေးမှာ အိမ်ဆောက်ဖို့ စဉ်းစားကြတယ်လေ။ အဲဒီခြံလေးက ခြံဘေးပတ်ပတ်လည်မှာ ကသွယ်ချောင်းလို့ ခေါ်တဲ့ချောင်းလေးတခု ပတ်စီးနေတယ်။

ခြံလေးကို ၀ယ်စ က မိုးရွာကြီးထဲ ခြံထဲမှာ ရေတွေဖွေးနေတဲ့ အိမ်သေးသေးလေးကို ကဗျာဆန်တယ်ဆိုပြီး အဖေနဲ့အမေက ချက်ချင်း ကြိုက်ခဲ့ကြတာ။ တကယ်အိမ်ဆောက်မယ် ဆိုတော့ အဲဒီကဗျာဆန်တဲ့ ချောင်းက တော်တော်ပိုက်ဆံကုန်တာပါ။ အိမ်ရဲ့ သုံးဖက် သုံးတန်မှာ ချောင်းက ပတ်စီးနေလေတော့ မြေတွေပါမှာစိုးလို့ မြေဖို့ရ၊ မြေကြီးအနက် ၈ပေ တံတိုင်းတူးပြီး အုတ်တံတိုင်းကာရလို့လေ။

အခု လက်ရှိအိမ်သေးသေးလေးကို ဖျက်ပြီး မိသားစု နေလို့ရအောင် အိမ်ကလေး တလုံး ဆောက်မယ်လို့ ကြံစည်လိုက်တာနဲ့ ကိုယ့်မိသားစုတင် မဟုတ်၊ အဖေရဲ့ မိတ်ဆွေ အပေါင်းအသင်းများကပါ သူတို့ပါ အိမ်ဆောက်မလောက် ၀ိုင်းစဉ်းစားရတော့တာ။

ပထမဆုံး အဖေ့ဆီကို RIT က ဗိသုကာဆရာ၊ ဆရာရွှေက အိမ်ပုံစံလေး နှစ်ခု ဆွဲလာတယ်။ တခုက တထပ်အိမ် လုံးချင်းလေး။ ချစ်စရာလေးပါ။ နောက်တခုကတော့ အိမ်အချွန်လေးမှာ လမ်းမကို တံတားလေး ထိုးထားတဲ့ပုံ။ အိမ်ပုံစံက ဆန်းဆန်း၊ ကဗျာဆန်ဆန်ပေါ့။ အိမ်က လမ်းမထက် နိမ့်နေတာမို့ မင်းကြီးလမ်းကို အိမ်ရဲ့  ဒုတိယထပ်နဲ့မှ တံတားထိုးပြီး ၀င်ထွက်ရတဲ့ ပုံစံမျိုးပေါ့။

အဲဒီတုန်းက ကိုယ်တို့က သိတတ်တဲ့ အရွယ်ရောက်နေပြီမို့ အဖေ အဲဒီအိမ်ပုံစံလေး ယူလာတော့ ကြမ်းပြင်ပေါ်မှာ အိမ်ပုံစံကို ဖြန့်ခင်းပြီး မိသားစု ၀ိုင်းအုံကြည့်ကြရတာကို မှတ်မိနေတယ်။ ပထမဆုံးကိုယ့်ကိုယ်ပိုင် ဖြစ်ရမဲ့ အိမ်လေးဆိုတော့ စိတ်ဝင်စားပြီး သဘောကျတာပေါ့။ စိတ်ကူးတွေလည်း ယဉ်ကြတာပေါ့။

ဒါပေမဲ့ လက်ထဲမှာက ပိုက်ဆံ ၁ သောင်းပဲ ရှိတာ ကိုယ်တို့အားလုံး သိနေတယ်။ တထပ်အိမ်လေးက ၃သောင်းလောက် ကုန်မယ်တဲ့ (၁၉၈၇ က ဈေးပေါ့လေ)၊ ဆရာရွှေက ခန့်မှန်းတယ်။ တံတားနဲ့ အိမ်လေးက ၁သိန်းခွဲလောက် ကျမယ် တဲ့။ တကယ်က ကိုယ်တို့ဘတ်ဂျတ်နဲ့က ဘယ်တခုမှ မမီဘူး။ ဒါပေမဲ့လဲ အဖေရော၊ အမေရော ကိုယ်တို့အားလုံး ဟိုကဗျာဆန်တဲ့ အိမ်လေးပဲ ကြိုက်နေကြတယ်။

အဖေ့မိတ်ဆွေတွေက အဖေ့ကို ချစ်စနိုးနဲ့ ၀ိုင်းမေးကြသေးတာပါ။ ဆရာ ဘယ်အိမ် ကြိုက်သလဲ တဲ့။ အဖေက အိမ်အဆန်းလေးကို လက်ညှိုးထိုးပြတော့ သဘောကျလိုက်တာ။ သူတို့ထင်တာ တထပ်အိမ်လေးကိုပဲ ရွေးမယ်ထင်တာ။ အဖေက ကဗျာဆန်တဲ့အိမ်လေးကို ရွေးလိုက်တော့ တကယ့်ကဗျာဆရာပဲ လို့ ပြုံးကြတာပေါ့။ အင်မတန် စိတ်ကူးယဉ်တာကိုး။

ဒါနဲ့ လူရင်းတွေက အဖေ အိမ်ဆောက်မယ်လို့ ပါးစပ်ကြေငြာမောင်းခတ်လိုက်တော့ သတင်းကြားတာနဲ့ မိတ်ဆွေတွေ အလျှိုလျှိုပေါက်လာပြီး ၀ိုင်းကူကြပါတယ်။ ကျနော့် သစ် ၁၀ တန် ပါမစ်ကျထားတာ ဆရာ၊ ဆရာ သုံးပါ၊ ပိုက်ဆံ အဆင်ပြေမှ ပေးပေါ့ တဲ့။ အဲဒီလူက ကိုမြတ်စံ တဲ့။ သစ်စက်ပိုင်တဲ့ ဦးရွှေမန်းကလဲ ကျနော့်သစ်တွေ ကြိုက်သလောက် သုံး တဲ့။ ဆရာ့အတွက် ကျွန်းတွေချည်း ကျနော် ဖယ်ပေးထားမယ်တဲ့။ ငွေစကား မပြောပါနဲ့ တဲ့။

ပိုက်ဆံတွေကတော့ ဘယ်သူ့ဆီမှ မချေးရပါဘူး။ မိတ်ဆွေတွေက သူတို့ဖာသာ သူတို့ လာပေးကြတာ။ ရွှေလက်ကောက်တွေကို အ၀တ်နဲ့ထုပ်ပြီး လာပေးတဲ့သူတောင် ရှိပါတယ်။ အဖေက မေတ္တာနဲ့ စာပြတဲ့ ကျောင်းဆရာ။ ဘာရာထူးရာခံမှလဲ မရှိ။ အမေက ကိုယ့်တနိုင် မူကြိုကျောင်းလေး ဖွင့်ထားတာ။ မျက်နှာလုပ်စရာ အကြောင်းလဲ မရှိ။ အဲဒါကြောင့် အဖေနဲ့ အမေက အမြဲပြောခဲ့တာ။ ဒီအိမ်လေးက မေတ္တာနဲ့ ဆောက်တဲ့ အိမ် တဲ့။

ဒီလိုနဲ့ အဲ့ဒီ အင်းစိန် မင်းကြီးလမ်းက အိမ်လေးကို ၃လ နဲ့ အပြီး ဆောက်ခဲ့တာပါ။ ဗိသုကာ ဆရာရွှေ က ဂျပန်မှာ ၈နှစ်ကျော် ဗိသုကာပညာကို သင်ခဲ့တာမို့ မြေကွက်နည်းနည်းမှာ အထပ်နဲ့ အိမ်လေးကို ဂျပန်ပုံစံ ဆန်းဆန်းလေး ဆောက်တတ်တယ်။ သူ့ ပညာဖိုး ကတော့ ဈေး ကြီးလှပါတယ်။ အိမ်ပုံစံဆွဲတာရော၊ ဆောက်တဲ့အိမ်မှာ လာနေ၊ လာအိပ်ပြီး ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ခရော တပြားတချပ်မှ မပေးရပါဘူး။ မေတ္တာနဲ့ ဆောက်ပေးတာမို့ ပိုက်ဆံပေးရင် မိတ်ပျက်မယ် တဲ့။

ဆောက်တဲ့ အိမ်ပုံစံကလဲ အဆန်း၊ ခေါင်မိုးက တခြမ်းအချွန်ပဲ ပါတယ်။ အိမ်က ၂ထပ်ခွဲ။ ပေ ၅၀ လောက် ရှည်တဲ့ တံတားနဲ့ လမ်းကို ဆက်ထားတာမို့ အိမ်ဆောက်တုန်းကဆိုရင် အထူးအဆန်းပဲ။ ညနေ အလုပ်ဆင်းချိန်ဆို အင်းစိန်တ၀ိုက်ကလူတွေက ကိုယ့်အိမ်ကိုယ်မပြန်သေးဘဲ လမ်းမပေါ်မှာ ထိုင်ပြီး ဘယ်လိုပုံစံ ထွက်လာမလဲ ခန့်မှန်းကြတာ။ ဖြတ်သွားတဲ့ ဆိုက်ကားတွေ အိမ်ကို ငေးရင်း တိုက်ကြတာလဲ ခဏခဏ။

အဲဒီလို ဆောက်တုန်း ကိုယ်တို့မိသားစုက ပုဂံခြံဝင်းအိမ်မှာနေတုန်းမို့ တပတ်ကို တခါ ပုံမှန် အင်းစိန်ကို သွား သွားကြည့်ကြတယ်။ ကျန်တာက အဖေရော အမေရော ဘာမှလဲ နားမလည်၊ ကြီးလဲ မကြီးကြပ်တတ်တော့ ဆရာရွှေပဲ အကုန်စီစဉ်တယ်။ ကိုယ်တို့သွားတဲ့အချိန်ဆို လက်သမားတွေ ပန်းရံဆရာတွေက ပျော်လွန်းလို့။ တပတ် တပတ်ကို ဘာလေး တိုးတက်လာပြီ၊ ဘယ်သူ့အခန်းလေး ပြီးသွားပြီဆိုတာ ပြချင်လွန်းလို့။ ကိုယ်တို့ကလဲ အဲဒါလေးတွေ ကြည့်ပြီး အရမ်းပျော်ကြတာကိုး။

နောက်တော့ လမ်းထဲကလူတွေက အဖေ့ကို လာပြောရတယ်။ ညကြီးသန်းခေါင်တောင် လက်သမားတွေက မီးထွန်းပြီး အိမ်ဆောက်နေတာမို့ တဒုန်းဒုန်းနဲ့ ကောင်းကောင်း မအိပ်ရလို့ပါ တဲ့။ နေ့ခင်းဖက်ပဲ ဆောက်ခိုင်းပါ တဲ့။

တံတားဆောက်တဲ့နေ့ကတော့ အဆိုးဆုံးပါ။ မနက်ရောက်တော့ တံတားကြီး ဘွားကနဲ ပေါ်လာပြီး လမ်းမနဲ့ အိမ်နဲ့ ဆက်နေလေတော့ ထူးဆန်းပြီး ဘယ်နှယ့်အိမ်ပါလိမ့်လို့ အလုပ်သွားရတာတောင် မသွားချင် သွားချင်နဲ့ ဆိုပဲ။ ဘေးပတ်ပတ်လည်ကလဲ ချောင်း က စီးလို့။ ညနေခင်း အလုပ်ကအပြန် အိမ်မပြန်နိုင်ဘဲ ထမင်းဗူးလေးတွေ ဘေးချပြီး ငေးကြတာ မိုးချုပ်တဲ့အထိပါပဲ။

ပေဖူးလွှာ မဂ္ဂဇင်းမှာ ကဗျာဆရာ့အိမ် ဆိုပြီး အိမ်ပုံစံလေး ပါလာတော့ လူတွေက ပိုစိတ်ဝင်စားကြတယ်။ အဖေကလဲ အိမ်က အချွန်လေးမို့ “ကဗျာတွေ တိမ်အရောက် ရေးရော့ဟဲ့ လို့၊ ဆရာရွှေ အိမ်ဆောက်ပေးခဲ့တယ်” လို့ ကဗျာစပ်သေးတယ်။

လူတွေကတော့ အမျိုးမျိုး ခေါ်ကြတာပဲ။ သူတို့အိမ်တွေကို လမ်းညွှန်ရင်လဲ ကိုယ်တို့အိမ်ကို ဆွဲဆွဲထည့်တယ်။ “အိမ်အချွန်လေးလေ သိတယ်မဟုတ်လား။ အဲဒီအိမ်လေးကို ကျော်သွားရင် ငါတို့အိမ်ကို ရောက်ပြီ” ဆိုတာမျိုး။ “ဟို တံတားလေးနဲ့ အိမ်ကလေးဟာလေ” (တံတားလေးနဲ့ အိမ်ဆိုတာတော့ သိပ်မမိုက်ဘူးပေါ့။ ကိုယ်တို့က တံတားလေးမှာ နေသလို ဖြစ်နေတာကိုး)။ တခါကတော့ ကြေးနန်းရိုက်တာများ “ကဗျာဆရာတင်မိုး၊ ဂျပန်အိမ်ကလေး၊ မင်းကြီးလမ်း၊ အင်းစိန်” တဲ့။ အဲဒါလဲ ကိုယ်တို့ဆီ ရောက်တာပဲ။

အဲဒီအိမ်လေးမှာ ကိုယ်တို့ မိသားစု စုံစုံညီညီနဲ့ နေခဲ့၊ ပျော်ခဲ့ကြတာ..။ ညနေခင်း မိသားစု ထမင်းဝိုင်းတွေက အရမ်းလွမ်းစရာကောင်းတဲ့ အတိတ်တွေ ဖြစ်သွားပြီ။ မိုးတွင်းမှာ ချောင်းရေစီးသံလေးကို နားထောင်ရင်း “ကသွယ်ချောင်းငဲ့၊ ငယ်ပေါင်းတမျှ၊ ချစ်ခဲ့ပြီ” လို့ ကဗျာစပ်တဲ့ အဖေလဲ အိမ်လေးဆီ ပြန်မလာနိုင်တော့။ စွယ်တော်ပင်လေးတွေ၊ ဆောင်တော်ကူးပင်လေးတွေ၊ စံပယ်ပင်လေးတွေ စိုက်တတ်တဲ့ အမေလဲ မရှိတော့။ ကိုယ်တို့ ညီအမတွေလဲ ရုန်းရ၊ ကန်ရ တို့ဘ၀လဲ တစစီ တကွဲစီပါတကား လို့ ဆိုရမလို..။

အခုတော့ အဲဒီအိမ်ကလေးမှာ ကိုယ့်အမအကြီးဆုံး မစံ နေနေတယ်။ ဘ၀ဒဏ်ကို ကိုယ်တို့နဲ့အတူ အိမ်လေးလဲ အတူခံခဲ့၊ ရင်ဆိုင်ခဲ့တယ်။ ဒီအိမ်လေးကနေပဲ လုံခြုံနွေးထွေးမှုတွေ၊ အေးချမ်းတဲ့ မေတ္တာတွေ၊ ရင်ဆိုင်ရဲတဲ့ သတ္တိတွေကို ကိုယ်တို့ နှလုံးသားတွေထဲ ထည့်ပေးခဲ့တာပါ။

အိမ်ပြန်ချင်လိုက်တာ..။

မိုးချိုသင်း

(ဒီနေ့ comment ထဲမှာ မီယာ ဆိုသူက အင်းစိန်အိမ်ကလေး ဘယ်လိုဆောက်ခဲ့သလဲ ရေးပါလားလို့ ပြောလို့ သတိတရ ရေးပါတယ်။ မီယာ့ကိုလဲ ကျေးဇူးတင်ပါတယ်။)

အပြည့်အစုံဖတ်မယ်...

ဆန့်ကျင်ဖက်တို့ ညီညွတ်မှု

တလောကတော့ လမ်းလျှောက်လာရင်း လမ်းဘေးမှာ ပန်းချီကားလေးတွေကို အစီအရီ သပ်သပ်ရပ်ရပ် ပြထားတာတွေ့တာနဲ့ အမှတ်တမဲ့ ၀င်ကြည့်မိတယ်။ ပုံလေးတွေက ကောင်းပါတယ်။ အပျော်တမ်းဆွဲတယ် ဆိုပေမဲ့ ပရော်ဖက်ရှင်နယ် ဆွဲသလောက် ကောင်းမွန်တာပါ။ ပန်းချီဆရာက ခပ်ငယ်ငယ် မုတ်ဆိတ်ရေးရေး နဲ့ အဝေးကို မျှော်ကြည့်နေတတ်တဲ့ မျက်လုံးရီရီတွေနဲ့ပါ။

ကိုယ်လဲ နားလည်လို့ မဟုတ်ပေမဲ့ ဒီလိုပဲ လျှောက်ကြည့်နေမိတာ။ အဲဒီထဲမှာ ပန်းချီကားတကားကတော့ ကိုယ့်ကို အတော်ဆွဲဆောင်သလိုရှိတာမို့ ရပ်ပြီး ငေးမိတယ်။ သူသုံးထားတာ ဆန့်ကျင်ဖက်အရောင်တွေကို လှလှပပ တွဲသုံးသွားတာမို့ တခြားကားနဲ့မတူ၊ တမျိုး လှ နေတာပါပဲ။ ညနေခင်းမှာ ဘတ်စ်ကားစောင့်နေပုံရတဲ့ လူပင်လယ်ကြီးကို ဆွဲထားတာ။

ဒါနဲ့ အေးလဲအေး၊ မှောင်စလဲ ပြုလာပြီမို့ ဆက်မကြည့်တော့ဘဲ ပန်းချီဆရာကို ပြုံးနှုတ်ဆက်ပြီး လမ်းလျှောက်ထွက်ခဲ့တယ်။ လမ်းမှာလဲ စဉ်းစားလာမိတာ။ ကြည့်သမျှ ပန်းချီကားအားလုံး တွဲဖက်ညီတဲ့ အရောင်လေးတွေနဲ့ စပ်ဟပ်ဆွဲထားတာ ချစ်စရာ..။ ဟာမိုနီ ဖြစ်နေတယ် ဆိုပေမဲ့ ဘာလို့ ဟိုပန်းချီကားကိုပဲ အတွေးထဲမှာ သယ်လာရပါလိမ့် လို့ပေါ့။

တကယ်တော့ မတူညီတဲ့ နှစ်ခု ပေါင်းစပ်ရင်လဲ အလှဆိုတာ ဖြစ်ပေါ်တတ်တာပဲ။ အဲဒါကို တွေးမိလို့ အဖေစပ်ထားတဲ့ ကဗျာတပုဒ်ကို သတိရသွားတာနဲ့ အိမ်ရောက်တော့ ပြန်ရှာ ကြည့်မိတယ်။

အဲဒီကဗျာကို အဖေက စန်ဒီယေးဂိုးမြို့က လာဟိုယာကမ်းခြေကို ရောက်တုန်းမှာ စပ်ခဲ့တယ် လို့ အောက်ခြေမှတ်စုလေး ရေးထားပါတယ်။ ဖတ်ကြည့်ပါအုံးနော်။ ခေါင်းစဉ်က ဆန့်ကျင့်ဖက်တို့ ညီညွတ်မှု တဲ့..။

မြသားပင်လယ်၊ သမုဒ်ကျယ်မှာ
လှိုင်းစွယ် လှိုင်းကြမ်း၊ လှိုင်းငါးမန်းတွေ
သွေးဖြန်ဖြန်းထ ၀ိုင်းအုံကြွလဲ
ကမ်းစ သဲပြင်၊ နေရောင်လွင်မှာ
ဖျံလျင်တစု၊ ဘာမမှုဘဲ
သူ့သဘာဝ၊ လဲလျောင်းကြတယ်
တက်ကြွမှုနဲ့ ငြိမ်သက်မှု..။
ဆန့်ကျင်ဖက်တို့ ညီညွတ်မှု..။

တင်မိုး
၁၊ ၁၊ ၂၀၀၄

ကိုယ်လဲ ကဗျာလေးကို ဖတ်ရင်း ဆန့်ကျင်ဖက်တို့ ညီညွတ်ရင်လဲ အလှတရားပဲလို့ ဆက်တွေးမိနေပါတယ်။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

လေယာဉ်ကြီး နဲ့ ကိုယ်

တနေ့က မိတ်ဆွေတယောက်ပြန်တာ လေဆိပ်လိုက်ပို့ရင်း လေယာဉ်စီးရတာတွေ၊ လေဆိပ်တွေနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ကြုံရတာတွေ ရေးချင်စိတ် ပေါ်လာတယ်။

ကိုယ်က လေဆိပ်တွေ ရောက်တိုင်း၊ လိုက်ပို့၊ လာကြိုရတိုင်း ပျော်ပြီး ခရီးထွက်ချင်စိတ် အမြဲဖြစ်တယ်။ လူတွေ ဥဒဟို သွားနေတာ အားကျပြီး ကိုယ်လဲ ခရီး ထွက်ပစ်လိုက်ချင်တာ။ ဘူတာရုံကျတော့ ၀မ်းနည်းတာ။ ကိုယ်သာ ရထားကြီးနဲ့ လိုက်မသွားရဘူးဆိုရင် ဘယ်တော့မှ ဘူတာရုံကို လိုက်မပို့ချင်ဘူး။ ဘာမှန်းမသိ ၀မ်းနည်းတတ်လို့။ လေဆိပ်နဲ့ ဘူတာမှာ ခွဲခွာရခြင်းတောင် ခံစားမှုက မတူဘူး။

လေယာဉ်တွေကို မြင်ဖူးတာ ငယ်ငယ်က တိုင်းမ်တို့ နယူးစ်ဝိခ် မဂ္ဂဇင်းတွေထဲက ကြော်ငြာတွေမှာပါ။ လေယာဉ်မယ်လေးတွေက လှလိုက်တာ။ အများအားဖြင့် ထိုင်းလေကြောင်းလိုင်း ကြော်ငြာတွေ ထင်ပါရဲ့။ တခါတလေ နိုင်ငံပေါင်းစုံက အ၀တ်အစားတွေ ၀တ်ပြီး လေယာဉ်မယ်လေးတွေ တန်းစီပြီးနေရင် ကိုယ်တို့မှာ ဘယ်တယောက်ကို အလှဆုံးလဲ အကြိုက်ဆုံးလဲဆိုပြီး ရွေးရတာ အမော။

ပထမဆုံး လေယာဉ်စီးတော့ စင်ကာပူကိုပေါ့။ စီးရတာ ကြောက်တော့ ကြောက်တယ်။ အဲဒီတော့ လေယာဉ် တက်တဲ့အချိန်နဲ့ ဆင်းတဲ့အချိန် လက်ရန်းကို ကုပ်ပြီး ကိုင်ထားရတာပေါ့။ ကိုယ့်တူလေးကို တခါက ကြွားပြီး အံတီချိုက တိုက်လေယာဉ်မောင်းမှာ လို့ ပြောဖူးတာ သွားသတိရမိတယ်။ ဘယ်လို စိတ်ရူးပေါက်ပြီး ပြောမိပါလိမ့်လို့ အဲဒီလို လေယာဉ်အတက် အဆင်းတွေမှာ နောင်တ ရတတ်ပါတယ်။ အခုလို ငြိမ့်ငြိမ့်လေး တက်နေ၊ ဆင်းနေတာတောင် ဘုရားတ နေရတာ မဟုတ်လား။ တိုက်လေယာဉ်ဆို အသဲတွေ အူတွေ ဗြောင်းဆန်ကုန်မှာပေါ့။

လေထဲရောက်သွားရင်တော့ အေးဆေးပါ။ လေယာဉ်ထဲမှာပေးတဲ့ သတင်းစာဖတ်၊ ဈေးဝယ် လမ်းညွှန် ကြော်ငြာလေးတွေလျှောက်ကြည့် ပြီးရင် ပြူတင်းပေါက်ကနေ တိမ်တွေနဲ့ လှနေတဲ့ ကောင်းကင်အပြာကြီးကို တမေ့တမော ငေးတော့တာပါပဲ။ ပြီးတော့ လာကျွေးသမျှစား၊ တိုက်သမျှ သောက်ပေါ့။ တခါမှ မငြင်းဖူးဘူး ထင်တာပဲ။ စားသမျှလဲ အကုန်ကောင်းတယ် ထင်တာပဲ။ အဲဒါ အာရှတွင်း သွားတဲ့ လေယာဉ်တွေ စီးလို့ပါ။

အမေရိကန် ပြည်တွင်းသွား လေယာဉ်တွေကတော့ လေကြောင်းလိုင်းတွေ များသလောက် ကိုယ်စီးသမျှတော့ service မကောင်းဘူး။ လေယာဉ်မယ်လေးတွေကလဲ ငယ်ငယ်လှလှ လေးတွေ သိပ်မတွေ့ရသလိုပဲ။ အသက်ကြီးကြီး နှုတ်ခမ်းနီရဲရဲကြီးတွေ ဆိုးထားပြီး မုန့်လဲ မကျွေးဘူး။ အများဆုံးကျွေးမှ မုန့်ကျိုးလိမ် တခုလောက် ပစ်ပေးလိုက်တာပါပဲ။ သူတို့ဆီမှာ ခရီးသွားတဲ့သူက များလွန်းတော့ ထူးပြီး ခရီးသည်ကို ချော့နေစရာ မလိုဘူးလို့များ ထင်သလား မသိ။

နယူးယောက်ခ်သွားတုန်းကလဲ လေယာဉ်လက်မှတ် ၀ယ်မယ်ဆိုတော့ ဆင်းမဲ့ လေဆိပ်က လဂွားဒီးယား တဲ့။ ဘယ့်နှယ် နံမည်ကြီးပါလိမ့်ဆိုပြီး ကိုယ်က အဲဒီလေဆိပ်ကို မဆင်းဘူး။ နံမည် မလှလို့။ JFK ဂျွန် အက်ဖ် ကနေဒီ လေဆိပ်ကို ဆင်းတဲ့လက်မှတ်ပဲ ရွေးဝယ်တယ်။ အဲဒီလေဆိပ်က မြို့နဲ့ လှမ်းတာမို့ မိတ်ဆွေတွေ အဝေးကြီး လာကြိုရတယ်။ လုပ်လိုက်ရင် တလွဲပဲ။

နောက်ထပ် လေဆိပ်အတွေအကြုံတခုက အယ်လ်အေမှာပါပဲ။ အဲဒီတုန်းက ကိုယ်က ဗိုက်ခွဲပြီး အော်ပရေးရှင်း လုပ်ထားလို့ အိမ်မှာ bed rest နားနေရတဲ့ ကာလ။ ဆန်ဖရန်စစ်စကိုက မိုးမခ စကားဝိုင်းအတွက် အဖေ သွားတော့ ဟိုမှာ အဖေ နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြရမယ် တဲ့။ မိုးမခက ကိုမောင်ရစ်က ဖုန်းဆက်လာတယ်။ ဒါနဲ့ ဖုန်းချချချင်း ထူပူပြီး လေယာဉ်နဲ့ လိုက်သွားမယ်ဆိုပြီး ထွက်ခဲ့ကြတယ်။

လေယာဉ်လက်မှတ်ကို အနီးဆုံးအချိန် ချက်ချင်းဝယ်ပြီး အိမ်က ချက်ချင်းထွက်ရတာမို့ လေယာဉ် မမီမှာစိုးလို့ လေဆိပ်မှာ ကိုယ့်အမျိုးသားက ရှေ့က ပြေးသွားတယ်။ ကိုယ်က ဗိုက်ခွဲထားလို့ ဖြေးဖြေးပဲ နောက်က လိုက်ရတယ်။ ခါးမှာလဲ ခါးပတ်ပြားကြီး ပတ်ထားရပြီး အကျီ င်္နဲ့ ဖုံးထားရတာ။ security စစ်တဲ့ နေရာလဲ ရောက်ရော ကိုယ့်ကိုတွေ့တာနဲ့ လုံခြုံရေး ၀န်ထမ်းတွေ အကုန်ပျာကုန်တာ။ သူတို့က ပုံမှန်မဟုတ်တာ ချက်ချင်းသိတယ်။

VIP မို့လို့ မဟုတ်ဘူး။ Suicide Bomber ထင်လို့လေ။ ကိုယ့်ကို မလှုပ်နဲ့၊ ရှေ့မတိုးနဲ့ တဲ့။ ခါးမှာ ထိုးထားတဲ့ သေနတ်ပေါ်ကို လက်တွေတင်ရင်း ပြောတယ်။ အားလုံးက ကိုယ့်ကို ကြည့်လို့။ ကိုယ်ကလဲ လေယာဉ် မမီလိုက်မှာစိုးလို့ ရှေ့ကို ဖြေးဖြေးချင်း တိုးမလို့။ တယောက်က ခပ်ကျယ်ကျယ် အော်တယ်။ မင်းအကျီ င်္အောက်မှာ ဘာလဲ တဲ့။ တခုခု ရှိတယ် တဲ့။ (ဗုံးတွေ ချိတ်ထားတာဟေ့ လို့ ပြောလိုက်ရင်တော့ ပွဲပြီးပြီ။ ဒီဘလော့ဂ်တောင် လုပ်ရမှာ မဟုတ်ဘူး။)

အဲဒီတော့ ကိုယ်ကလဲ ပြန်ပြောရတယ်။ ငါအခုမှ ဆေးရုံက ဆင်းတာ ရက်ပိုင်းပဲ ရှိပါသေးတယ် လို့။ အော်ပရေးရှင်း လုပ်ထားရလို့ ခါးပတ်ပတ်ထားရတာပါ လို့။ အခု ငါ့အဖေ နေမကောင်းလို့ သွားတွေ့မှာ လို့။ သူတို့က ကြောက်တော့ ခပ်လှမ်းလှမ်းက အော်မေးတာမို့ ကိုယ်ကလဲ အော်ပြောရတာ။ အဲဒီတော့ သူတို့က အဖေ့ကို စိတ်ပူလို့ ငိုချင်သလို ဖြစ်နေတဲ့ ကိုယ့်ပုံကိုကြည့်ပြီး ယုံသွားလား မသိဘူး။

အခန်းတခန်းထဲခေါ်သွားပြီး အမျိုးသမီး အော်ဖစ်ဆာ နှစ်ယောက်နဲ့ တကိုယ်လုံး စစ်ဆေးတော့တာပဲ။ ပြီးမှ မှန်ကန်တော့မှ “ငါတို့ တွန်းလှည်းနဲ့ လိုက်ပို့ပေးရမလား” ဘာညာ မေးတာ။ အဖော်ရော မပါဘူးလား တဲ့။ ဒီလိုအချိန် ခရီးမသွားသင့်ဘူးလဲ ပြောသေးတယ်။ ကိုယ်ကလဲ အမျိုးသားပါပါတယ်။ သူလဲ စိတ်ပူလို့ ရှေ့က ပြေးပြီလို့ ပြောလိုက်ရတယ်။ ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းပဲလေ။

ပထမဆုံး အမေရိကားကို လာတုန်းကတော့ လေယာဉ်ကို ၁၆နာရီကျော်ကြာအောင် စီးရတာ။ အကြာကြီးစီးရတာ အဲဒီအကြိမ် ပထမဆုံးဆိုတော့ လေယာဉ်ကြီးက အကြီးကြီးမို့ သဘောကျလိုက်တာ။ လူတယောက်ကို ကိုယ့်ရှေ့မှာ တီဗီ တလုံးနဲ့။ ရုပ်ရှင်ပေါင်း ၅၀ကျော် ရွေးပြီး ကြည့်လို့ရတယ်။ ဂိမ်းတွေဆော့၊ စတိတ်ရှိုးတွေ ကြည့်သွားလဲ ရတယ်။

ခက်တာက ထိုင်ခုံမှာ ခလုတ်တွေ စုံနေတာပါ။ ကိုယ်ကလဲ လောကဓာတ်ပညာတွေကို လန့်တဲ့ အခံကလဲ ရှိတယ်။ ဒါပေမဲ့ ရုပ်ရှင်ကလဲ အရမ်းကြိုက်တော့ ကြည့်လဲ ကြည့်ချင်တယ်။ ဒါနဲ့ တခုကြည့်ချင်တိုင်း ဘေးနားက ကိုယ့်အမျိုးသားကို လုပ်ပေးပါအုံး၊ ချယ်နယ် ပြောင်းပေးပါအုံး ပြောရတယ်။

နောက်တော့ သူလဲ အိပ်ရော ကိုယ်လဲ မနှိုးချင်တာနဲ့ ကိုယ့်ဖာသာကိုယ် စမ်းသပ်မယ် ဆိုပြီးစိတ်ထဲက ဖြစ်လာတယ်။ ဒါနဲ့ ဟိုခလုတ်လေး နှိပ်ကြည့်လိုက်၊ တီဗီက ဖလပ်ဆို ပိတ်သွားလိုက်၊ ချယ်နယ်ပြောင်းမယ်ဆိုပြီး ခလုတ်တခု နှိပ်လိုက် ခြေနင်းခုံက ဗြုန်းဆို မြောက်တက်လာလိုက်နဲ့..။

တော်ပါပြီလေ မစမ်းတော့ပါဘူးဆိုပြီး ဇိမ်နဲ့ကြည့်မယ် လုပ်ပြန်တော့ တံတောင်နဲ့ ရီမုဒ်ကို ဖိမိပြီး တခုပြီးတခု ပြောင်းကုန်လို့ ဟိုက် သောက်ပလုတ်တုပ် ဖြစ်ရသေး။ နောက်တော့ ကိုယ့်ဖာသာကိုယ် အတင်းကြိုးစားပြီး ဒါက ဒါကို နှိပ်တာ၊ ဟိုဟာက ဟိုဟာကို နှိပ်တာနဲ့ တတွတ်တွတ် ရွတ်ပြီး သိသလိုလို ရှိပြီဆိုတော့ လေယာဉ်က အယ်လ်အေမြို့ပေါ်မှာ ဆင်းဖို့ ၀ဲနေပြီ။ ကိုယ်က လုပ်တတ်တုန်းလေး ခဏ စမ်းကြည့်ချင်လို့ပါဆိုပြီး နေခဲ့လိုက်ချင်သေးတာ။

အဲဒီခရီးမှာပဲ လေယာဉ်ပေါ်မှာ အိမ်သာကိုသွားတော့ တံခါးလက်ကိုင်ကို ကိုင်လိုက်တာနဲ့ ဓာတ်လိုက်တာပါ။ ဘယ့်နှယ်ဟာကြီးပါလိမ့် လို့ စိတ်ထဲမှာ ဖြစ်နေတုန်း၊ ဟုတ်မှ ဟုတ်ရဲ့လား လို့လဲ ထင်မိသေးတယ်။ အမှန်ပဲ။ အမေရိကားအလာ လေယာဉ်ပေါ်မှာကတည်းက စ လိုက်တာ သတ္ထုပစ္စည်းတွေနဲ့ ဓာတ်လိုက်တာ အခုထိပဲ။

ကိုယ့်ကိုယ်မှာ မတရား ဓာတ်တွေ စီးနေပြီထင်တယ် လို့ စိတ်တော့ ပူမိသား။ နောက်မှ သူများတွေလဲ ဓာတ်တွေ လိုက်ကြတာ မေးကြည့်လို့ သိရတယ်။ လူတိုင်းတော့ မဟုတ်ဘူး။ တချို့ပေါ့။ ကိုယ်လဲ တဖျပ်ဖျပ်နဲ့ ဓာတ်လိုက်တာများ တခါတလေ မီးတောင်ပွင့်တယ်။ လာမထိနဲ့ မီးပွင့်သွားမယ် ဆိုတာ ကိုယ်က တကယ်ကြီး ပြောတာ..။

တခါကတော့ Mall ထဲမှာ လမ်းလျှောက်နေတုန်း ဘေးနားက မှန်မှာ ကိုယ့်ပုံကို ကြည့်မိတော့ ဆံပင်တွေ အကုန်လုံး ထောင်လို့။ ကာတွန်းကားထဲက ဆံပင်တွေထောင်နေတဲ့ ရုပ်ပြောင်ပုံလိုမျိုးပဲ။ သူကလဲ အံ့သြလို့။ အဲဒီနေ့က သိုးမွှေးအကျီ င်္ ခေါင်းစွပ်ဝတ်ထားတယ်။ သတိထားမိတာ သိုးမွှေးအကျီ င်္ဝတ်ရင် ပိုဖြစ်သလိုပဲ။ လျှပ်ကူးမြန်လို့ ထင်ပါရဲ့။

အခုတော့ ကိုယ်က သံတွေ၊ သတ္ထုတွေဆို ဘာမှ မကိုင်ရဲတော့တာမို့ အခန့်ကြီးစားလိုတောင် ဖြစ်နေတယ်။ ဥပမာ စတိုးဆိုင်ထဲ ၀င်မယ်ဆိုရင် ခပ်တည်တည်နဲ့ လျှောက်လာ၊ တန်းဝင်သွားရုံပဲ။ တံခါးလက်ကိုင်က သံမို့ မကိုင်ရဲလို့ သူက တံခါးဖွင့်ပေးထားတယ်လေ။ စတိုင်ပေါ့။ ကုသိုလ်ကံများ ပြောပါတယ်။ သူကလဲ ကားတံခါး၊ ဆိုင်တံခါး ဖွင့်ဖွင့်ပေးရတာ Lady first မို့ ဦးစားပဲ ပေးနေရသလိုလို။ တကယ်က ဓာတ်လိုက်မှာ ကြောက်လွန်းလို့ ကိုယ့်အကြောင်း ကိုယ်တို့ပဲ သိတယ်လေ။

အဲဒါ လေယာဉ်ပေါ်ကတည်းက စ တဲ့ဇာတ်လမ်း။ ခုထိ မဆုံးသေးဘူး။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ပျော်ရွှင်သော အလုပ်

အခုတလော အလုပ်များနေတာနဲ့ ဘလော့ဂ်ကို မရေးဖြစ်ပြန်ဘူး။ တကယ်က အလုပ်လုပ်ရတာ challenge တွေနဲ့မို့ စိတ်ပင်ပန်း လူပင်ပန်းနဲ့ပါ။ တခါတလေကျတော့လဲ စာက အရမ်းရေးချင်နေပြီး လုပ်စရာတွေက များလွန်းတာမို့ နောက်ဆံတငင်ငင်နဲ့ပဲ။ ဟိုအကြောင်းလေးဆိုလဲ ရေးလိုက်ချင်၊ ဒီအကြောင်းလေးဆိုလဲ ရေးလိုက်ချင်နဲ့။

ဘ၀မှာ အသက်မွေးဝမ်းကျောင်းအလုပ်ကလဲ အဓိက အချက်ထဲမှာပါတာမို့ ကိုယ်ကလဲ အမြဲပဲ လေးလေးစားစား လုပ်ခဲ့တယ်။ ကိုယ်ဝါသနာ မပါတဲ့အလုပ်ဖြစ်စေဦး၊ ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်မို့ ဗမာပီပီ စေတနာရှိရှိ ရိုရိုသေသေပဲ လုပ်ခဲ့၊ လုပ်နေတယ်။ အလုပ်ကို တာဝန်ကျေချင်တာလဲ တကြောင်း၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့အနေနဲ့ မှန်မှန်ကန်ကန် လုပ်ချင်တာလဲ တကြောင်းပေါ့။

အလုပ်လို့ စဉ်းစားလိုက်မိရင် အရင်ဆုံး သတိရမိတာက ကိုယ်လဲ ၀ါသနာပါပြီး၊ အပျော်ရွှင်ဆုံးလဲ ဖြစ်တဲ့ ကိုယ့်ပထမဆုံးအလုပ်ပေါ့။ သင့်ဘ၀မဂ္ဂဇင်း မှာ လုပ်ခဲ့တာပါ။ အဲဒီတုန်းက အသက်က ၂၃နှစ်။ ကိုယ့်ဆရာတွေက ဆရာဦးတင်မောင်သန်း နဲ့ ဆရာ မောင်သစ်ဆင်း တို့ပေါ့။ ဆရာမောင်သစ်ဆင်းကိုတော့ အေးလွန်းလို့ ကိုယ်က ဆရာမောင်သစ်တုံး လို့ ခေါ်တယ်။ ငွေစာရင်းကိုင်တဲ့ ဦးတင်အောင်ဝင်းဆိုတဲ့ ဦးတယောက်လဲရှိတယ်၊ ဒီဇိုင်းတွေလုပ်တဲ့ ကေကေ လို့ခေါ်တဲ့ ကိုကျော်ခိုင်လဲ ရှိပါတယ်။

အဲဒီမှာ ကိုယ်က ကျောပိုးအိတ်တလုံးနဲ့ လမ်းတကာ လျှောက်သွားပြီး အားလုံးကို လိုက် လော ရတော့တာပဲ။ မဂ္ဂဇင်း ပုံမှန် အချိန်မီ ထွက်နိုင်ဖို့ စာမူဖတ်ရတယ်၊ စာမူရွေးပြီး ဆရာတွေဆီ တင်ရတယ်၊ ဆရာတွေ ရွေးပြီဆိုရင် ကွန်ပျူတာ စာစီဖို့ ပို့ရတယ်။ အဲဒီတုန်းက ကွန်ပျူတာဆိုတာကလဲ ရှားသေးတော့ အမြန်ဆုံး ကိုယ့်စာမူရိုက်ဖို့ အချိန်မီဖို့ ပြောရ၊ လောရ တယ်။ ၀င်းမောက် ပုံနှိပ်စက်က ဦးနဲ့ အမကြီးဆို ကိုယ့်ဒဏ်ကို ကောင်းကောင်း ခံခဲ့ရတာ။

နောက် ဒီဇိုင်း။ အရင်က သင့်ဘ၀က ရိုးရိုးပဲ စာကို အဓိကထားခဲ့တော့ ဒီဇိုင်းမှာလဲ နည်းနည်းတော့ ပြင်ပြင်ဆင်ဆင်လေး ဖြစ်အောင် ကြိုးစားရသေးတယ်။ ဒီစာပေလောက ဆိုတာကလဲ ကိုယ်ငယ်ငယ်ကတည်းက ကြီးပြင်းခဲ့ရတာဆိုတော့ အားလုံးက အဖေ့ကို ချစ်ခင်တဲ့ စိတ်နဲ့ ကိုယ် လော သမျှ၊ အနိုင်ကျင့်သမျှ သည်းခံကြတယ်။ အထူးသဖြင့် စာမူတွေကို သရုပ်ဖော်တဲ့ ဒီဇိုင်းဆရာ၊ ပန်းချီဆရာတွေပေါ့။

ဒီဇိုင်းဆရာ၊ ပန်းချီဆရာဆိုတာကလဲ သူတို့ ဈာန်ဝင်စားရာ ဆွဲတတ်ကြတာ။ ဥပမာ ပန်းချီဆရာတယောက်က သရုပ်ဖော်ပုံကို ဒီလမှာ ပိုးကောင်လေး ဆွဲတယ် ဆိုပါတော့၊ နောက်တလလဲ သူ့ကို အပ်တော့ ပိုးကောင်လေးက ဒေါင်လိုက်လေး ပြေးနေတယ်။ နောက်တလကျတော့လဲ ပိုးကောင်လေး ပဲ၊ ထောင့်လေးမှာ ကပ်ပြီး ဘေးတိုက်လေး သွားနေတယ်။ ဒါဆို ကိုယ်နဲ့ တွေ့ပြီ။ နောက်တခါ ပိုးကောင်လေး ချိုသင်းတို့ သင့်ဘ၀မှာ လာမဆွဲနဲ့ မမြင်ချင်ဘူး ပြောပစ်လိုက်တာ။ ပန်းချီဆရာကလဲ အေးပါ အေးပါဟာ ဆိုပြီး ရီလို့။

နောက်တယောက်ကတော့ အဲဒီတုန်းက မုဒ်ဝင်နေလို့ဆိုလား၊ ကြိုးတွေချည်း ဆွဲတယ်။ ပထမ ကဗျာက မြစ်အကြောင်းဆိုတော့ ကြိုးပုံကောက်ကောက်လေး ဆွဲတော့ မြစ်လိုလို ဖြစ်နေတာမို့ ရှိစေတော့။ နောက်ထပ်ကဗျာကတော့ မီးရထားနဲ့ ခရီးသွားတဲ့အကြောင်း။ အဲဒါလဲ ကြိုးပုံပဲ။ အင်း..ရထားလမ်းလိုလို ဖြစ်နေပါတယ်လေ ဆိုပြီး မပြောသေးဘူး။

နောက်တပုဒ်ကျတော့ သားအဖနှစ်ယောက်၊ ခေတ်နှစ်ခေတ်အကြောင်း စပ်ထားတာ။ အဲဒါကိုတော့ သူဆွဲတဲ့ဘေးမှာ သွားထိုင်ကြည့်နေလိုက်တယ်။ ပန်းချီဆရာကလဲ သိတယ်။ သူ့ကို ပြောဖို့စောင့်နေပြီဆိုတာ။ စပ်ဖြဲဖြဲနဲ့ ပန်းချီဆွဲတယ်။ ကြိုးလေး မျှင်မျှင် လဲ လုပ်ချင်သေးတယ်။ ဘေးကနေ အဟမ်း၊ အဟမ်း လုပ်လိုက်မှ တခြားပုံ ပြောင်းသွားတယ်။

နောက်တယောက်ကတော့ ဘော်လုံးလေးတွေချည်း ဆွဲတာ။ လူဆိုရင် မျက်လုံးနှစ်လုံး ဘော်လုံးလေးမှာ တပ်လိုက်တာ။ ဒါပဲ.. ပြီးပြီ။ ကိုယ်က အနုပညာနားမလည်တော့ ဒါမျိုးဆို သိပ်မကြိုက်ဘူး။ အရမ်းလွယ်တယ် ထင်နေတယ်။ ကိုယ်ဆိုးတာ ပြောပါတယ်။ ဒါနဲ့ လာပြန်ပြီလား ဒီဘော်လုံးလို့ ပြောတော့ ကျနော် ဒီလို ဘော်လုံးလေး ထောင်နေဖို့ တော်တော်ကျင့်ထားရတာ တဲ့။ မျက်နှာလေး ငယ်ပြီး ပြောတယ်လေ။

ကိုယ်တို့မှာ စာမူကလဲ နှစ်မျိုးနှစ်စား ရှိတယ်။ တောင်းစာမူနဲ့ ရွေးစာမူ တဲ့။ တောင်းစာမူ ကတော့ စာရေးဆရာကြီးတွေဆီက တောင်းရတာ။ ကိုယ့်မဂ္ဂဇင်းမှာ သူ့စာမူ ပါချင်လွန်းလို့ တရိုတသေတောင်း၊ အိမ်အထိ သွားယူရတာ။ ဒါပေမဲ့ ကိုယ်လုပ်ခဲ့တဲ့အချိန်မှာတော့ ဆရာကြီးတွေက လာယူလှဲ့ လို့ ချိန်းရင် မပြီးသေးလို့ဆိုပြီး ပြန်လှည့်လာခဲ့ရတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကိုယ့်အပေါ်မှာ စေတနာထား အချိန်မီရေးပေးခဲ့ကြတာ တကယ်ပဲ မမေ့နိုင်ဘူး။

အထူးသဖြင့် ဆရာ ဦးမြသန်းတင့်ပါ။ အင်မတန်ယဉ်ကျေးပြီး လူကြီးလူကောင်းဆန်တဲ့ ဆရာပါ။ ဘယ်နေ့ စာမူ လာယူရမလဲဆရာ လို့ မေးရင် သူပြီးမဲ့အချိန်ပဲ ပြောတယ်။ ဘယ်တော့မှ ဂတိမပျက်ခဲ့ဘူး။ ဗုဒ္ဒဟူးနေ့လာခဲ့ သမီးရေ ဆိုရင် အတိအကျကို ရတယ်။

တခါတလေ ဆရာအလုပ်များနေလို့ မပြီးသေးရင်လဲ အိမ်ပေါ်ထပ်မှာ လက်နှိပ်စက်လေးနဲ့ တဂျောက်ဂျောက် လက်တမ်းရိုက်နေတယ်။ စာမူကို စောင့်ယူရတယ်။ နောက်နေ့မှ လာယူ၊ မပြီးသေးဘူးလို့ ပြောလိုက်လဲ ရနေတာပါပဲ။ ဒါပေမဲ့ တက်ကြွနေတဲ့ လူငယ်စိတ်ကလေးကို စိတ်မပျက်သွားစေချင်လို့ အလုပ်တွေ များရက်နဲ့ ဂတိတည်အောင် ကြိုးစားခဲ့တယ်လို့ ဆရာ့စေတနာကို နားလည်ခံစားမိပါတယ်။

ကိုယ်လုပ်တဲ့ အချိန် ၉၄ခု တုန်းက မိန်းကလေး အယ်ဒီတာဆိုတာ ငယ်ငယ်ရွယ်ရွယ် ဒီလိုပြေးလွှား၊ လျှောက်သွားနေတာမျိုး သိပ်မရှိသေးဘူး။ ဒါကြောင့် ဆရာက ကိုယ်စာမူရလို့ ပြန်တော့မယ်ဆိုတိုင်း “ဖြစ်ရဲ့လား၊ ဘတ်စ်ကားစီးရတာ အဆင်ပြေရဲ့လား” အမြဲမေးတတ်တာပါ။ နေပူတုန်းပဲ သမီး၊ သမီးအံတီနဲ့ ကော်ဖီသောက်ရင်း နေအေးကို စောင့်လိုက်ပါအုံး လို့လဲ ပြောတတ်တာပါ။

ဆရာဆုံးတော့ ကိုယ်က စင်ကာပူမှာ..။ ဆရာလိမ့်ကျတယ်ဆိုတဲ့ အဲဒီ လှေကားလေးကနေ စာမူလေးကိုင်ပြီး ဆရာဆင်းလာတာကို မတ်တပ်ရပ်ရင်း၊ ပြုံးရင်း ကြိုခဲ့ဖူးတာမို့ ကိုယ်မြင်ယောင်ပြီး ငိုခဲ့ရတယ်။ မြန်မာစာပေလောကရဲ့ ကျေးဇူးရှင်ကြီး ဆုံးရှုံးလိုက်ရလို့ပေါ့။

နောက် - မြန်မာပြည်မှာ မဂ္ဂဇင်းလုပ်ပြီဆိုရင် မပါမဖြစ်က စာပေစိစစ်ရေးပဲ။ ကိုယ့်ကို စာပေစိစစ်ရေးရဲ့ လုပ်ပုံကိုင်ပုံတွေကို သင်ပေးခဲ့တာ ကေကေ လို့ခေါ်တဲ့ ကိုကျော်ခိုင်ပါ။ (အခု သူက နံမည်ကြီး ဒီဇိုင်းဆရာ ဖြစ်နေပြီ။) ကိုယ့်မဂ္ဂဇင်းကလဲ သူတို့ မျက်စိ စပါးမွှေးစူးစရာ အချွန်အတက်နဲ့ချည်း။ သင့်ဘ၀တို့ စာပေဂျာနယ်တို့ဆိုတာ သူတို့ အမဲပဲ။

စာပေစိစစ်ရေးက ဆရာသမားများကလဲ အမြဲ ၀င်ထွက်နေတော့ လူကိုတော့ ခင်ပါတယ်၊ စာကိုတော့ မခင်နိုင်ပါ ဆိုတဲ့ မူ ကို ကျင့်သုံးကြတယ် ထင်ပါရဲ့။ သင့်ဘ၀ဆိုရင် မှန်ဘီလူးနဲ့ ကြည့်ကြတယ်။ တခါတလေတော့လဲ တွေးမိတယ်။ ဘယ်လောက်များ ငရဲကြီးလိုက်မလဲ လို့။ စာပေသားသတ်ရုံကြီးထဲ ၀င်သွားရသလိုပဲ။ အဲဒီကို သွားရတာ ကိုယ်ဘယ်တော့မှ မပျော်ခဲ့ဘူး။

သင့်ဘ၀မှာ ကိုယ်အပျော်ဆုံးအလုပ်က အင်တာဗျူး လုပ်ရတာပါ။ အဲဒီအတွေ့အကြုံတွေက ကိုယ့်ဘ၀ကို အများကြီး အထောက်အကူပြုတယ်လို့ ယုံကြည်ပါတယ်။ မဂ္ဂဇင်းအတွက် cover story ကို ဆရာနှစ်ယောက်ကပဲ ပင်တိုင်ရေးကြပါတယ်။ သူတို့ရေးဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းရ၊ အင်တာဗျူးရတယ်။

ကိုယ်က နားထောင်ရတာ သဘောအကျဆုံး။ အင်တာဗျူးလုပ်ရတဲ့ ပုဂ္ဂိုလ်ကြီးတွေက အစုံပဲ။ ဆရာတွေကမေး၊ ကိုယ်က အသံဖမ်း၊ သိချင်တာ ၀င်မေးပေါ့။ တိပိဋိက ဆရာတော် ဦးသုမင်္ဂလ ကိုလည်း မုသားဆိုတာ ဘာလဲ တဲ့။ မုသားတွေပေါတဲ့ အချိန်ကြီးမှာ အချိန်ကိုက်ပါပဲ။ ဆရာတော်က အဲဒီတုန်းက မော်စကိုက ပြန်လာခါစလေ။

တက္ကသိုလ်ပါမောက္ခ ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ပညာရဲ့ အရေးပါပုံ အခန်းဆက် ဆောင်းပါးတွေလဲ စိတ်ဝင်စားဖို့ ကောင်းခဲ့တယ်။ ဒါနဆိုတဲ့ ဆောင်းပါးအတွက် ဘဘဦးသုခကိုလည်း မေးရပြီး အတတ်ပညာရှင် အနုပညာရှင်တွေနဲ့လဲ ထိတွေ့ရတယ်။ cover story အတွက် စာပုဒ်လေး တပုဒ်ရဖို့ ပညာရှင်တွေနဲ့ တွေ့ဆုံရသလို AIDS လိုဆောင်းပါးအတွက် ပြည့်တန်ဆာလေးတွေနဲ့လဲ တွေ့ရတာပါပဲ။ မိဘမဲ့ကလေးကျောင်းလေး ကိုသွားတော့ အင်တာဗျူးရင်း၊ နားထောင်ရင်း မျက်ရည်စက်လက်နဲ့ပါ။

အလုပ်ဆိုတာကို ၀န်ထုပ်ဝန်ပိုးတခုလို မဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင် စိတ်ပါဝင်စားပြီး လုပ်ရတာ ကိုယ့်ဘ၀မှာ တကယ့်ကို အမှတ်တရ ဖြစ်ခဲ့တာပေါ့။ ကိုယ့်ကို အသိပညာလဲပေး၊ စိတ်ချမ်းသာမှုလည်း ပေးတဲ့ ဒီပထမဆုံးအလုပ်ကို ဘယ်မေ့နိုင်ပါ့မလဲ။ ဘ၀မှာ အရေးပါတဲ့ အခန်းတခုအနေနဲ့ အဲဒီအချိန်တွေကို တန်ဖိုးထားနေခဲ့ပါတယ်။

နောက်..ကိုယ်က ရောင်နောက် ဆံထုံးပါ၊ ဘိုကေနောက် ဆံရှည်ပါ ဆိုတော့ လက်ထပ်ပြီး စင်ကာပူလိုက်သွားမယ်ဆိုတော့ နေ့စဉ် နေ့တိုင်း စိတ်ရောကိုယ်ပါ ကြိုးစားလုပ်ခဲ့တဲ့ အလုပ်ကလေးကို တိကနဲ ဖြတ်လိုက်တာ။ ရွှေတိဂုံဘုရားလမ်းက အခန်းလေးကို လုံးလုံး လှည့်မကြည့်တော့ဘူး။ ဆရာတွေက မျှော်နေသေးတယ်။ ကိုယ်ကတော့ အလုပ်သံယောဇဉ်ကို စိတ်မခိုင်လို့ မကြည့်တော့ဘူး။

ဒီလိုနဲ့ ကိုယ့်ကို ကိုယ်ပိုင် အလင်းရောင်လေးပေးခဲ့တဲ့ ဒီအလုပ်ကလေးကို သေတ္တာထဲ တမြတ်တနိုး သိမ်းထားလိုက်ပြီ။ ကိုယ့်မင်္ဂလာဆောင်မှာ စာပေမိတ်ဆွေတွေက စ နောက်ပြီး သင့်ဘ၀မှာ ကိုယ်မရှိတော့မှာမို့ “သင့်ဘ၀ အတွက်ပဲ တွေးကာပူမိသည်” လို့ ဆိုကြတာကိုတော့ အခုအချိန်မှာ ပြန်တွေးရင်တောင် ကျေနပ်နေမိပါသေးတယ်။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ဘလော့ဂ် မှတ်စု

ဒီနေ့တော့ ခင်ရတဲ့ မနော်ဟရီက ဘလော့ဂ်မှတ်စုလေး လုပ်ပါအုံး တဲ့။ tag လာတယ်။

မှတ်စုဆိုတော့ ကိုယ့်မှာက မှတ်မှတ်သားသား ဘာမှမရှိလို့ကို ဒီမှတ်တမ်းလေး လုပ်ထားရတာ။ ဘလော့ဂ်လုပ်သက်ကလဲ ၂လခွဲ ဆိုတော့ ပြောပလောက်အောင် မရှိပေမဲ့ ဘလော့ဂ်နဲ့ပတ်သက်ရင် ကိုယ့်သူငယ်ချင်းအကြောင်း ပြောရသလို ဖြစ်နေတာမို့ ကြိုးစားပြီး ပြောမှာပေါ့ လို့ မနော်ကို ပြောလိုက်တယ်။ ငယ်ငယ်ကစာမေးပွဲဖြေသလို မေးခွန်းတခြား အဖြေတခြား ဖြစ်တတ်လွန်းလို့ အဲဒီလို ဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်ပေါ့ နော..။ ကဲ စပြီ။

ဘလော့ဂ်ဆိုတဲ့စကားကို ပထမဆုံး ကြားဖူးတာ ဆရာမ မေငြိမ်းဆီကပါ။ ဆရာမနဲ့ ဂျီတော့ခ် ပြောနေတုန်း ဆရာမက သူဘလော့ဂ်လေးတခု လုပ်နေတာ သိလား တဲ့။ ဒီက ငဒူကလဲ ထုံးစံအတိုင်း မသိပါဘူးဆိုတော့ ဆရာမက လင့်ခ်လေး တခု ပို့လိုက်တယ်။ “အဲဒါ ဆရာမ ဘလော့ဂ်ပဲ၊ ရဲရဲသာ နှိပ်လိုက်” တဲ့။ ဒါနဲ့ ကိုယ်လဲ နှိပ်ပစ်လိုက်တာ ဆရာမ ဘလော့ဂ်ကို တန်းရောက်သွားတော့တာပဲ။

တွေ့တွေ့ချင်း အံ့သြလိုက်တာ။ ပထမဆုံး ခံစားရတာက လွတ်လပ်တဲ့ အရသာ ပါ။ ကိုယ် ကြိုက်တာကို၊ ကိုယ်ရေးချင်တဲ့အချိန်မှာ၊ ကိုယ်ရေးချင်သလောက် စိတ်ကြိုက် ရေးစမ်းပါလေ့။ စာပေစိစစ်ရေးမရှိတာကို သဘောအကျမိဆုံး။ ကိုယ်သာလျှင် အယ်ဒီတာ၊ ကိုယ်သာလျှင် စာရေးသူ၊ ကိုယ့်စာကိုယ် တာဝန်ယူပေတော့ပဲ။

ဗမာပြည်မှာတုန်းက ကိုယ်ရေးတဲ့စာမူလေးက အယ်ဒီတာငယ်ကတဆင့်၊ အယ်ဒီတာကြီးတွေဆီရောက်၊ သူတို့ကြိုက်လို့ ရွေးရင်တောင် စာပေစိစစ်ရေး စားပွဲတွေ အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ မဂ္ဂဇင်းစာမျက်နှာတွေပေါ် ရောက်ရတာ။ သင့်ဘ၀မဂ္ဂဇင်းမှာ အယ်ဒီတာ ပေါက်စ၀င်လုပ်တုန်းကဆို စာပေစိစစ်ရေးနဲ့ သင့်ဘ၀ကို ခေါက်တုံ့ခေါက်ပြန် ကျောပိုးအိတ်လေး တလုံးနဲ့ ပြေးလွှားလိုက်ရတာ။ ချောင်းပေါက်မတတ်ပဲ။

ဒီစာမူတခု လွတ်ပါမဲ့အရေး စာရေးဆရာကလဲ ကိုယ်ပေးချင် ပြောချင်တဲ့ မက်ဆေ့ခ်ျကို လျှို့ဝှက်သည်းဖိုထက်တောင် လျှို့ဝှက်ရသေး။ တခါတလေများ လွတ်တော့လွတ်ပါရဲ့၊ အရသာများတောင် ပျက်လို့။ နောက်က ခက်ဆစ် အဓိပ္ပါယ်ဖွင့်သလို နောက်ဆက်တွဲနဲ့ တွဲထုတ်ရမဲ့ပုံ။ ဖတ်တဲ့သူကလဲ ပဟေဠိ အဖြေညှိနေရသလိုပဲ။

ဘယ်စာရေးဆရာ၊ အနုပညာသမားမှ ကိုယ့်စာကို အလွှမ်းမိုးခံချင်မှာ မဟုတ်ပါဘူး။ အဲဒီအရသာကို ဒီဘလော့ဂ်တွေမှာ ရက်ရက်ရောရော တွေ့ရတတ်တာ။ စာရေးသူရဲ့ သဘောအတိုင်းပဲ။ ဒါကြောင့် ဘလော့ဂ်ရေးတာဟာ လွတ်လပ်စွာရေးသားခွင့် ဆိုတာကို ရော့ - ဆိုပြီး ပြန်ပေးတာ လက်ခံလိုက်ရသလိုပဲ ကိုယ်က ခံစားမိတယ်။ ဒါကြောင့် မြုပ်နေတဲ့၊ ကွပ်ညှပ်ခံနေရတဲ့ အနုပညာတွေ၊ အယူအဆတွေ ရဲရဲရင့်ရင့် လှလှပပ ပွင့်နေကြတာ မြင်လိုက်ရသလိုပဲလေ။

နောက်တခုက ဘလော့ဂ်ရေးတော့ ဘလော့ဂ်ရေးသူနဲ့ ဖတ်သူ ပိုရင်းနှီးခင်မင်မိစေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချင်းချင်း မျှဝေကြတာကိုး။ ကိုယ်ဆို ဘလော့ဂ်ဖတ်နေတာလို့တောင် မခံစားမိဘူး။ သူပြောတာကို သွားနားထောင်လိုက် ကိုယ့်အကြောင်းလေး ပြန်ပြောပြလိုက်.. လို့တောင် ခံစားနေမိတယ်။ အသက်ဝင်နေလို့လေ။

စာလာဖတ်နေသူ ဘယ်သူဘယ်ဝါဆိုတာလဲ ကိုယ်မသိ၊ သိဖို့လဲ မကြိုးစား သူပြောသမျှ ကျေနပ်၊ သူ မျှတာ ကိုယ်ယူ၊ သူချက်တာ ကိုယ်စားလို့ ပျော်ပျော်ပဲ သူငယ်ချင်းဖွဲ့နေတယ်။ ကိုယ့်အကြည်ဓာတ်လေး မပျက်အောင် နေရင် ပျော်စရာကောင်းတယ်။ အဲဒါ ဘလော့ဂ်ရဲ့ လွတ်လပ်တဲ့ အရသာကို တန်ဖိုးထားလို့ပဲ။

တခါတလေ စိတ်ခံစားမှုကို ဖော်ပြတဲ့ သင်္ကေတ ပုံလေးတွေ ထည့်တတ်တာမို့ ဒါလေးတွေ ဘယ်သူများ ထွင်ပါလိမ့်လို့ ကြည်နူး ကျေးဇူးတင်ရသေးတယ်။ ကိုယ်ကတော့ အဲဒီလိုလေးတွေ့ရင် ခေါင်းစောင်း စောင်းသွားတတ်တာ။ ဥပမာ :) smilie လေးဆိုရင် ကိုယ့်ကွန်ပျူတာမှာ အတည့်မပေါ်တော့ စောင်းပြီး ပြန်ပြုံးပြရတာ။ သူပြုံး ကိုယ်ပြုံး၊ သူငို ကိုယ်ငို ပေါ့။

အဲဒီတော့ ဘလော့ဂါ ဖြစ်ရတာ မကျေနပ် မပျော်ရွှင် ဘယ်ရှိပါ့မလဲ။ ကိုယ်ဖတ်ချင်တာ ဖတ်ရတယ်၊ ကိုယ်နဲ့ တူတဲ့ မိတ်ဆွေတွေ အများကြီး တွေ့ရတယ်၊ ကိုယ်ရေးချင်တာတွေကို open diary လို ရေးနေလို့ စိတ်လက်ပေါ့ပါးတယ်။ အဲဒါအပြင် ဘလော့ဂ်လောကမှာ အချင်းချင်း ချစ်ခင်စိတ်နဲ့ appreciate လုပ်တဲ့ အလေ့အထကြောင့် စာပိုရေးချင်စိတ်ကို ဖြစ်ပေါ်စေတာတော့ အမှန်ပါပဲ။ သူ့အားပေးပြုံးကို ကိုယ်တွေ့လိုက်ရသလိုပဲလေ။

ဒါကြောင့် စာကို ရေးချင်လို့ကို ရေးနေတဲ့သူတွေအဖို့မှာတော့ ဘလော့ဂ်က ပိုက်ဆံလဲ မရပါဘူး။ ဒါပေမဲ့ ပိုက်ဆံနဲ့ မယှဉ်နိုင်တဲ့ စိတ်ကြည်နူးမှုတွေ၊ ဗဟုသုတတွေ၊ သတင်းတွေ ရလို့ ရသ သုတ ပေါင်းစုံ ရတဲ့ ကွန်ယက်ကြီးလိုပါပဲ။ အဲဒီအထဲက ကိုယ်လိုချင်တာယူ၊ ကိုယ်မလိုချင်တာ မဖတ်ချင်တာ မသွားရုံသာ။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်။ ကိုယ့် စိတ်ဝင်စားမှုနဲ့ ကိုယ်။ ကိုယ့် စိတ်ချမ်းသာမှုနဲ့ ကိုယ်ပေါ့။

ဒီလောက်ဆို ကိုယ့်ရဲ့ ဘလော့ဂ်အပေါ်မှာ နားလည်သလောက်၊ ဘလော့ဂါတယောက်ရဲ့ ခံစားမှုကို မနော် ဖတ်မိပြီ ထင်တာပဲလေ။
ဘလော့ဂ်ပေါ်မှာ အတူတူ စီးဆင်းရင်း ရွှင်လန်းချမ်းမြေ့ဖို့ ဆုတောင်းနေပါတယ်။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...