ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး

အဖေ ကဗျာဆရာဦးတင်မိုး ဆုံးပြီး လအနည်းကြာတဲ့ တနေ့မှာ ကိုယ့်လက်ထဲကို စာအုပ်လေး တအုပ် ရောက်လာပါတယ်။ အဖေ့ သားအရင်းတယောက်လို ချစ်ခင်တဲ့ ကျောင်းသားလေး တယောက်ရဲ့ အဖေ့အကြောင်းရေးထားတဲ့ စာမူပါ။ မလွတ်လပ်တဲ့ နေရာ၊ အကျဉ်းထောင်ထဲကနေ နှလုံးသွေးနဲ့ ရေးလိုက်တဲ့ စာမူလေးပါ။

အဖေ့အကြောင်းကို လူတွေ သူတို့မြင်တဲ့ထောင့်ကနေ အမျိုးမျိုးရေးကြတာ ဖတ်ဖူး မှတ်ဖူးပါတယ်။ ဒါပေမဲ့ အမှန်တရားအတွက် အဖေ မတရားအဖမ်းဆီးခံရစဉ် အင်းစိန်ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေကိုတော့ မသိခဲ့ရပါဘူး။ လွတ်လပ်မှုကို မြတ်နိုးလွန်းတဲ့ အဖေ အကျဉ်းထောင်ထဲမှာ ဘယ်လိုများ နေထိုင်ခဲ့သလဲ ကိုယ်တွေးကြည့်မိဖူးတယ်။

အခု ဖော်ပြမဲ့ ဒီစာလေးဟာ အဲဒီကွက်လပ်လေးကို ဖြည့်လိုက်တာပါပဲ။ ဒီစာထဲမှာ အကျဉ်းစံတွေ ဖြစ်တဲ့၊ အာဏာရှင်စနစ်ကို မရှိခိုးနိုင်ကြတဲ့ ကျောင်းသားလေးတယောက်နဲ့ ကျောင်းဆရာ ကဗျာဆရာတယောက်ရဲ့ မမြင်ရတဲ့ သံယောဇဉ်တွေကို တွေ့ရမှာပါ။ အကျဉ်းကျသူတွေရဲ့ ရင်ဆိုင် ရုန်းကန်နေရတဲ့ ဘဝတွေကို နားလည်ခံစားလို့ရမယ်၊ သူတို့ရဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ခံစားချက်တွေကို ဖတ်ရင်း စာနာနားလည်နိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။

စာမူကို အပိုင်းခွဲပြီး တင်သွားပါမယ်။ ဖတ်ကြည့်ကြပါအုံးရှင်။

မိုးချိုသင်း

အမတို့ခင်ဗျား

လူတစ်ယောက်ဆုံးပါးသွားတဲ့အခါ သူ့ကိုချစ်ခင်တန်ဖိုးထားလေးစားတဲ့သူတွေက လူကိုယ်တိုင် ဈာပနအခမ်းအနားကို တက်ရောက်ကြတယ်။ အကြောင်းတစ်ခုခုကြောင့် မတက်ရောက်နိုင်ကြရင် ဝမ်းနည်းကြောင်းသဝဏ်လွှာ ၊ လွမ်းသူ့ပန်းခွေ ပန်းစည်းတွေပို့ပြီး မိသားစုနဲ့အတူထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း သူတို့ရဲ့စာနာမှုတွေကို ပြသလေ့ရှိကြတယ်။ ဒါဟာယဉ်ကျေးတဲ့သူတွေရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတစ်ခုပါဘဲ။ ကျနော်က လူကိုယ်တိုင်လည်းတက်လို့မရ ပန်းခွေပန်းစည်း သဝဏ်လွှာလည်းပို့လို့မရ.. ဆိုတော့ ကျနော်က မယဉ်ကျေးတဲ့သူများဖြစ်နေမလားဘဲ။

ဆရာကြီးကအမတို့သိပ်ချစ်ရတဲ့အဖေပါ။ ဒီလိုဘဲ။ ကျနော့်ရဲ့အဖေဆိုလည်း မမှားပါဘူး။ ဆရာကြီးဆုံးသွားလို့ အမတို့ညီအမတွေ ကြေကွဲထိခိုက်ကြရသလို ကျနော်လည်း ဘယ်လောက်ကြေကွဲထိခိုက်ရသလဲဆိုတာ ခုကျနော်ပို့လိုက်တဲ့စာအုပ်ကို စ..ဆုံးဖတ်ကြည့်ရင် တွေ့ရပါလိမ့်မယ်။

တိုင်းသိပြည်သိဆရာကြီးရဲ့အများသိပြီးသားအကြောင်းတွေကို ထည့်မရေးတော့ဘဲ တကယ်ဖြစ်ခဲ့ပြီး လူသိပ်မသိတဲ့အကြောင်းတွေကိုဘဲ ရေးထားတာပါ။ အထူးသဖြင့် ဘာမှမဟုတ်တဲ့ ခပ်ရိုင်းရိုင်းကောင်လေးတစ်ယောက်ကို ယဉ်ကျေးတဲ့ လူသားတစ်ယောက်ဖြစ်အောင် သူ ဘယ်လို ထုဆစ်ခဲ့တယ် ဆိုတာ လူသိရှင်ကြားသိစေချင်တာပါ။ လူသူမမြင်နိုင်တဲ့နေရာမျိုးတွေမှာတောင် ဆရာကြီးဟာ အရိုးခံသက်သက်ပြုမူနေထိုင်ခဲ့တာတွေ ၊ ဟန်ဆောင်မှုကင်းပြီး မာန်မာနမရှိတာတွေ ဖြူစင်ရိုးသားပြီး စာနာတရားကြီးမားတာတွေ ကဗျာ စာပေနဲ့ ပညာကို ချစ်မက်တန်ဖိုးထားတာတွေ သိစေချင်လို့၊ အထူးသဖြင့် ကျနော့်လို အရိုင်းကို အယဉ်ဖြစ်အောင် လုပ်နိုင်စွမ်းတဲ့ မေတ္တာတရားကြီးမားတာကို အမတို့သိစေချင်လို့ ''ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ဧည့်သည်ကြီး'' ဖြစ်လာရတာပါဘဲ။

အရေးကြီးဆုံးကတော့ ဆရာကြီးရဲ့အရိုးပြာအိုး မြန်မာပြည်ကို မုချပြန်ရောက်ရမယ်လို့ လူသိရှင်ကြားဟစ်ကြွေးလိုက်တာပါဘဲ။

အမတို့ငြိမ်းချမ်းပါစေ..

နေခြူး

Tue, Feb 6 , 2007

10:05 PM



ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး

၂ဝဝ၇၊ ဇန်နဝါရီ ၂၂ ၊ ညနေ ( ၄ ) နာရီ၊ အမေရိကန်၊ လော့အိန်ဂျလိစ်မှာ ဆရာကြီးဆုံးပြီတဲ့။ ကျင်စက်နဲ့ တို့ခံလိုက်ရသလို တကိုယ်လုံး တောင့်တောင့်ကြီးဖြစ်သွားရတဲ့အထိ။ ကိုယ့်နားတောင် ကိုယ်မယုံချင်ဘူး။ မဟုတ်ပါစေနဲ့...မဟုတ်ပါစေနဲ့ လို့ တကိုယ်တည်း နတ်ပူးသလို ရေရွတ်နေမိတယ်။ အမြင်၊ အကြားအာရုံတွေ ဆွံ့အသွားသလို ပတ်ဝန်းကျင်တစ်ခုလုံး လင်းလိုက် မှောင် လိုက်နဲ့။ ဆောင်းခေါင်ခေါင်ကြီး မိုးခြိမ်းသံတွေ တဂျုန်းဂျုန်း၊ တဂျိမ်းဂျိမ်း ...ဘုရား...ဘုရား ... အိပ်မက်မဟုတ်ဘူးပဲ။ တကယ် ဆရာကြီးဆုံးပြီတဲ့..။

တမာနံ့သင်းသင်း၊ နေပြင်းပြင်း အညာဒေသမှာမွေးဖွားခဲ့တဲ့ အညာသားစစ်စစ်ကြီး ဦးဘဂျမ်း၊ မြန်မာ့ ယဉ်ကျေးမှု ကျေးလက်စရိုက်ကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးတဲ့ မျိုးချစ်ကဗျာစာဆိုကြီး တင်မိုး၊ 'ဖန်မီးအိမ်' 'ဧည့်သည်ကြီး' ကဗျာတွေနဲ့ ကဗျာတခေတ် မော်ကွန်းထိုးခဲ့တဲ့ ကဗျာသူရဲကောင်းကြီး။ ဒီမိုကရေစီရေးနဲ့ လွတ်လပ်ခွင့်ကို ချစ်မြတ်နိုးလွန်းလို့ ထောင်သွင်းအကျဉ်းကျခံရတဲ့ ပြည်သူ့ဘက်တော်သားကြီး၊ အများက ''သခင်ကိုယ်တော်မိုး''လို့ မှည့်ခေါ်ရလောက်အောင် ငြိမ်းချမ်းရေးစိတ် ပြင်းပြလွန်းတဲ့ တိုင်းချစ်ပြည်ချစ် ဆရာကြီး...ခုတော့ သူသိပ်ချစ်တဲ့ သူ့မွေးရပ်တိုင်းပြည်မှာ ခေါင်းချခွင့်မရရှာတာ ဘယ်လောက် ကြေကွဲထိခိုက်ဖို့ကောင်းလိုက်သလဲလို့...

သူ့ကို ကျနော်စတွေ့ခဲ့တာ၊ ဟိုးလွန်ခဲ့တဲ့ (၁၅)နှစ်လောက်က ခုလိုနှစ်တနှစ်ရဲ့ နှစ်ဦးကာလ နှင်းတွေဝေ နေတဲ့ မနက်ခင်းလေး။ အင်းစိန်ကျောင်းတော်ကြီးရဲ့ အမှတ် ( ၁ ) အိပ်ဆောင်မှာပါ။ ကျနော်နဲ့ သက်ဝင်းအောင်က အမှုတွဲ၊ အပေါ် (၁.ခ)မှာ အတူတူနေ နေရတဲ့အချိန်။ (၁၉၉၁၊ ဇွန်လ)ထဲက ရုံးထွက် ရုံးပြန်နဲ့ ဒီအဆောင်မှာ နေနေရတာ။ ၁၉၉၂ ဇန်နဝါရီလကုန်ပိုင်းလောက် တညနေခင်းမှာ ရုံးပြန် တစ်ယောက် ကျနော်တို့ဆီ ရောက်လာပြီး ''ကဗျာဆရာတင်မိုး'' ဆိုတာ ဒီနေ့ အချုပ်သစ်နဲ့ပါလာတယ်လို့ သတင်းလာပေးတယ်။

ကျနော်က ''ကဗျာဆရာတင်မိုး''ဆိုတာကို မသိဘူး။ မသိဆို ကြားတောင် မကြား ဖူးဘူး။ သက်ဝင်းအောင်က လူကိုသာမသိတာ။ သူ့နာမည်ကြားဖူးတယ်။ ထင်ရှားတဲ့ ကဗျာဆရာကြီးဆို တာသိနေတယ်။ ကျနော်တို့က အရင်ရောက်နှင့်နေတဲ့ လူဟောင်းတွေဆိုတော့ လိုအပ်တာတွေကူညီဖို့ နှစ်ယောက်သားတိုင်ပင်ဖြစ်ကြတယ်။

သူက ဒီနေ့မှ စရောက်တာဆိုတော့ ပုံစံခန်းဝင်ရဦးမယ်။ ပုံစံခန်းဆိုတာ ကျနော်တို့နေတဲ့အခန်းရဲ့ အောက်တည့်တည့် အခန်းနံပါတ် (၁-က)။ ရောက်လာခဲ့သူမှန်သမျှ ဒီအခန်းကိုဝင်ကြရတာ ထုံးစံပဲ။ ပုံစံ ခန်းဆိုတဲ့အတိုင်း ရောက်လာတဲ့အချုပ်သစ်တွေကို သံမံတလင်းမှာ ဖင်ချထိုင်ခိုင်းထားပြီး ပုံစံပြ တစ်ယောက်က ရှေ့မှာပုံစံပြမယ်။ ''စည်းကမ်းထိန်း''ဆိုတဲ့သူတွေက တုတ်တွေ၊ သားရေပတ်တွေကိုင်ထား ပြီး တွေ့ကရာလူကို လျှောက်ရိုက်မယ်။ ပုံစံလို့အော်လိုက်ရင် လက်မကို လက်ဖဝါးထဲထည့်ဆုတ်ပြီး တင် ပလ္လင်ချိတ်ထိုင်ထားတဲ့ ဒူးနှစ်ဖက်ပေါ်တင်တား၊ ခါးဆန့်ပြီး ခေါင်းငုံ့ထားရတယ်။ ''အေးစေ''လို့အော်မှ ခေါင်းမော့ရတယ်။ ''ပုံစံရပ်''နဲ့ ''အရေးပေါ်ပုံစံ''ဆိုတာ ရှိသေးတယ်။ ကိုလိုနီစရိုက်နဲ့ အာဏာရှင်ဝါဒ သားစပ်ကျထားတဲ့ မော်ဖူးစေပုံစံတစ်ခုပါပဲ။

ပုံစံပြနေတုန်း အယောင်ယောင်အမှားမှားဖြစ်တဲ့သူကို စည်းကမ်းထိန်းတွေက တအုံးအုံး၊ တဒိုင်းဒိုင်းနဲ့ ရိုက်နှက်ကန်ကျောက် ကြတော့တာပဲ။ ပုံစံခန်း ဆိုတာ ငရဲခန်း အသေးစားလေးဆိုရင် မမှားဘူး။ အချုပ်သစ်နဲ့ရောက်လာသူမှန်သမျှ ဒီအခန်းထဲကို ဝင်ရတယ်။ (၂)ရက်လောက်နေပြီးမှ တခြားအခန်းကို ခွဲပို့တယ်။ ကျနော်နဲ့ သက်ဝင်းအောင်လည်း ဒီအခန်းမှာ(၂)ရက်လောက်နေပြီးမှ အခုနေတဲ့ ( အခန်း ၁-ခ )ကို ရောက်နေကြရတာ။

ညနေဖက် သူရောက်တယ်ကြားပြီး နောက်တနေ့မနက် တန်းဖွင့်တော့ ကျနော်နဲ့ သက်ဝင်းအောင်တို့ ပုံစံ ခန်းသွားပြီး သူ့ကိုရှာကြတယ်။ အခုမှ ရောက်တာဆိုတော့ သူမှာ ဘာမှပါမှာမဟုတ်ဘူးဆိုတာ အတွေ့ အကြုံအရ သိနှင့်ပြီးသား။ ဒါကြောင့် သွားတိုက်တံအသစ် တစ်ချောင်း ရှာပြီး သွားတိုက်ဆေးပါယူသွားကြ တယ်။ သူ့ကို လူမမြင်ဖူးတော့ ''ဦးတင်မိုး'' ဘယ်သူလဲဆိုတာ လိုက်မေးကြရတာ။ အခန်းဝရပ်နေတဲ့ လူ တစ်ယောက်က လက်ညှိုးထိုးပြလို့ကြည့်လိုက်တော့ အသက်ကြီးကြီး ဝဝဖိုင့်ဖိုင့် အဖိုးကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ခေါင်းရင်းဘက်ပြတင်းပေါက် သံတိုင်တွေကိုကိုင်ပြီး အပြင်ကို ငေးကြည့်နေတယ်။

ကျနော်တို့နှစ်ယောက် သူ့ဆီသွားပြီး ''အဘက ဦးတင်မိုးလား''လို့ မေးလိုက်တော့ သူကကျောခိုင်းလျက် ကျနော်တို့ဘက်လှည့်ပြီး ''ဟုတ်ပါတယ်။ ကျနော်တင်မိုးပါ''လို့ ပြန်ဖြေတယ်။ မျက်လုံးကဝိုင်းဝိုင်း၊ ပါးက ဖောင်းဖောင်းကြီးနဲ့ အံ့သြတဲ့အမူအရာနဲ့ ကျနော်တို့နှစ်ယောက်ကို တစ်လှည့်စီကြည့်နေတယ်။ ကျနော်တို့ ကျောင်းသားတွေပါ။ နာမည်ဘယ်သူဘယ်ဝါပါဆိုပြီး ကျနော်တို့အကြောင်း အကျဉ်းချုံးမိတ်ဆက်လိုက် တော့ သူ့မျက်နှာဝင်းသွားပြီး ဖက်လှဲတကင်း ပြန်နှုတ်ဆက်ပါတယ်။ သူ့ဖြစ်စဉ်အကြောင်းလည်း အကျဉ်းချုံးပြောပြပါတယ်။ ကျနော်တို့က အဘ မျက်နှာမသစ်ရသေးဘူးမဟုတ်လား။ လာ..ရေကန်သွားမယ်ဆို ပြီး ခေါ်သွားပါတယ်။ ရေကန်ရောက်တော့ သွားတိုက်တံပေါ် သွားတိုက်ဆေးညှစ်ထည့်ပြီး သူ့ကိုပေး လိုက်တော့ သူကသွားတိုက်တံပေါ်က သွားတိုက်ဆေးကို လက်ညှိုးလေးနဲ့ကော်ပြီး သွားတိုက်တံကို ပြန် ပေးတယ်။

ကျနော်က ''အဘ..ရွံတတ်လို့လား။ ဒါသွားတိုက်တံအသစ်ပါလို့ ပြောလိုက်တော့'' သူက ''ဟာ..မဟုတ်ဘူး။ မဟုတ်ဘူး။ ကိုယ်မရွံတတ်ပါဘူး။ သွားတိုက်တံနဲ့တိုက်လို့မရလို့ပါ'' လို့ ပျာပျာသလဲ ပြန်ဖြေပြီး သူ့ပါးစပ်ကို ''ဟ''ပြပါတယ်။ ကြည့်လိုက်တော့ ပါးစပ်ကဟောင်းလောင်းကြီး၊ သွားတွေ တချောင်းမှ မရှိဘူး။ ဟုတ်တာပေါ့။ သွားဖုံးချည်းသက်သက်ကို သွားတိုက်တံနဲ့တိုက်လို့ ဘယ်ရပါ့မလဲ။ ကျနော်နဲ့ သက်ဝင်းအောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးစိစိလေးဖြစ်သွားတော့ သူက အားရပါးရ ရယ်မောလိုက်ပါတော့တယ်။ အဲဒါ သူနဲ့ကျနော် ပထမဆုံး စတွေ့တွေ့ချင်း အမှတ်ရစရာ လေးပါ။ ၁၉၉၂ နှစ်ဦးပိုင်း နှင်းတွေဝေနေတဲ့ဆောင်းနံနက်ခင်းလေးက အစပြုလို့ အေးမြတဲ့ နွေးထွေးတဲ့ မေတ္တာရိပ်တွေ ကျနော့်နှလုံးသားကို သိုင်းခြုံရစ်ပတ်တော့မယ်ဆိုတာ ကျနော်မသိခဲ့ဘူးလေ။

သူပုံစံခန်းကထွက်တော့ ကျနော်နေတဲ့ အပေါ် (၁-ခ) မှာ လာနေရတယ်။ ကျနော်နဲ့ ဘေးချင်းယှဉ်အိပ် ရတာပါ။ သက်ဝင်းအောင်က ကပ်လျက်အခန်းက အပေါ်(၁-က)မှာ။ အဲဒီတုန်းကကျနော်နဲ့သက်ဝင်းအောင် က အသက် (၁၉)နှစ်အရွယ် (၉)တန်း ကျောင်းသားလေးတွေ၊ သူက ကျောင်းဆရာ၊ ကဗျာဆရာ ၊ ပညာနဲ့ မွေ့လျော်သူဆိုတော့ ကျနော်တို့ (၂)ယောက်ကို (၉)တန်းပြန်ဖြေပြီး ဘွဲ့ရအောင်ယူဖို့ တိုက်တွန်းတယ်။ ကတိလည်းတောင်းတယ်။ သက်ဝင်းအောင်က ပြန်ဖြေဖို့ကတိပေးလိုက်ပေမဲ့ ကျနော်ကမပေးဘူး။ မသေချာပဲနဲ့ ဘာကတိမှ မပေးချင်ဘူးလို့ ပြန်ပြောလိုက်တော့ သူ ကျနော့်ကို စိုက်ကြည့်နေတယ်။ ဘာမှ တော့မပြောဘူး။ ဒါပေမဲ့ သူ့မျက်နှာမှာ ခပ်မှိုင်းမှိုင်းအရိပ်လေးတွေ တွေ့လိုက်ရတယ်။

အဲဒီတုန်းက ကျနော်ကခပ်ထန်ထန်၊ ခပ်ရိုင်းရိုင်း။ ကချင်ပြည်နယ်တောတောင်တွေထဲ (၂)နှစ်ခွဲလောက် လက်နက်ကိုင် တိုက်ခိုက်နေရာကနေ၊ လောလောလတ်လတ် အချုပ်ကျနေတဲ့ကာလ။ ပြောရရင် အရှင်လတ်လတ် လှောင်ချိုင့်ထဲ ထည့်ပိတ်ခံထားရလို့ ရှူးရှူးရှားရှားဖြစ်နေတဲ့ တောရိုင်းတိရိစ္ဆာန်တစ်ကောင်လိုမျိုး။ အစွယ် တပြပြ၊ လက်သည်းတပြင်ပြင်နဲ့။ ပိုဆိုးတာက ဘာ ဘာသာရေးမှ မရှိတာ။ အရိုင်းတုံးကြီး။ အဖေက ဗုဒ္ဓ ဘာသာ မြန်မာလူမျိုး၊ အမေက ခရစ်ယန် ကရင်လူမျိုး ဆိုတော့ ဘာသာက ဖက်စပ်၊ လူမျိုးက ကပြား။ သြကာသမသိ၊ သခင်ယေရှုမသိ၊ ကိုယ်ထင်ရာ ကိုယ်ခိုင်းနေတဲ့စိတ်အခံမျိုး။

အဲဒီလို ဘာသာမဲ့၊ တောပြန် အချုပ်ကျ ရိုင်းချင်တိုင်း ရိုင်းနေတဲ့ကျနော့်ကို သူကတခြား ကျနော်ကြုံရလေ့ရှိတဲ့ လူကြီးတွေလိုမျိုး ရှောင် ဖယ်ဖယ် နေတာမျိုးမလုပ်ဘူး။ ဖေးဖေးမမနဲ့ တရင်းတနှီးဆက်ဆံတယ်။ ကျနော့် နောက်ခံ ဘဝဇာတ် ကြောင်းကို ခရေစေ့တွင်းကျမေးတယ်။ အဖေအကြောင်း၊ အမေအကြောင်း၊ မိသားစုနေထိုင်မှုပုံတွေ အကြောင်း၊ ကျနော်တက်ခဲ့တဲ့ ကျောင်းကအစ၊ တောထဲနေခဲ့ရတဲ့ တိုက်ပွဲတွေအဆုံး အကုန်မေးတယ်။ တိုက်ဆိုင်ချင်တော့ ကျနော်ရဲ့အတန်းဖော် ခိုင်ဝတ်မှုန်ဆိုတာ သူ့ရဲ့ ရဲဘော်ကြီး ဦးတင်မောင်ဝင်းရဲ့ သမီး၊ သူ့တပည့်မ ဖြစ်နေတယ်။ အဲဒီလိုလျှောက်မေးနေတော့ ကျနော်ကပြောပြရတယ်။

အံ့သြဖို့ကောင်းတာက ကျနော်ပြောသမျှကို သူက သေသေချာချာကို အာရုံစိုက်ပြီး နားထောင်တာ။ တစ်ခါတစ်ခါတော့ သူမေး တာကို ကျနော်က ''ဘု'' ပြန်တောမိတာလည်း ရှိတယ်။ အဲဒီလိုအခါမျိုးမှာ ဘယ်တော့မှ စိတ်ဆိုးဟန်မပြ ဘူး။

''အေး..အေး..ခုမပြောချင်လဲနေ၊ နောက်မှပြောပေါ့။ လာ..အခုလမ်းလျှောက်ကြရအောင်''ဆို ပြီး ကျနော့်လက်ကိုဆွဲပြီး ထလမ်းလျှောက်တော့တာပဲ။ ဒီအကြောင်း အခုပြန်တွေးတော့ သူ့မျက်နှာမြင် ယောင်ပြီး ရင်ထဲဆစ်ကနဲ နာကျင်မိတာအမှန်ပဲ။ အဲ ဒီလိုတရင်းတနှီးနေကြရင်း ကျနော် သူ့ကို ''အဘ'' လို့ခေါ်ရာကနေ ''ဆရာကြီး''လို့ ပြောင်းခေါ်မိတယ်။ ဘယ်လိုဘယ်လို အဲဒီလိုခေါ်မိတယ်မသိဘူး။ စာ သင်တဲ့ဆရာ၊ အသက်ကြီးလို့ ခေါ်မိတာလား၊ ကဗျာဆရာကြီး မို့လို့ခေါ်မိတာလားလည်း မသိဘူး။ နောက်ပိုင်း ကျနော်ရော၊ သက်ဝင်းအောင်ရော ဆရာကြီးလို့ခေါ်ဖြစ်ကြတော့တယ်။

သူက ပထမ သူ့ ကိုယ်သူ 'ကျနော်' လို့ပြောတယ်။ နောက်တော့ 'ကိုယ်' 'မောင်ရင်' လို့ ပြောရာကနေ 'မင်း' 'ငါ'ဆိုပြီး တရင်းတနှီးဖြစ်လာတယ်။ တစ်ခါတစ်လေ 'ဟေ့ကောင်၊ ခွေးကောင်...ခွေးမသား..လာ..' ဆိုပြီး အာလုတ်သံကြီးနဲ့ တလုံးတခဲပြောပြီး ကျနော်ခေါင်းကို သူ့ရင်ဘတ်မှာ ဖိထားတာမျိုး လုပ်တတ်တယ်။ ပထမတော့ အဲဒီလိုခေါ်တာကို ကျနော်မကြိုက်ဘူး။ စိတ်ဆိုးမိတယ်။ 'ဆရာကြီး ကျနော့်ကို ဘာဖြစ်လို့ ခွေးကောင်လို့ခေါ်တာလဲ'လို့ ပြန်မေးတော့ သူ စိတ်မကောင်းဖြစ်သွားပုံရတယ်။

''မဟုတ်ပါဘူးကွာ .. ငါ ဘယ်သူ့ဖြစ်ဖြစ်၊ ဘယ်လောက်ငယ်ငယ် 'မင်း' 'ငါ' ဆိုတာမျိုးတောင် မသုံးပါဘူး။ မင်းကိုတော့ ငါချစ် လို့ ဒီလို ရင်းရင်းနှီးနှီး ပြောတာပါ။ စိတ်မဆိုးပါနဲ့ကွာ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုရင်လည်း သခင် နုတို့၊ သခင်အောင်ဆန်းတို့ကို အဲဒီလို ရင်းရင်းနှီးနှီးပြောဆိုတာပဲ'' လို့ ပြန်ပြောတယ်။

အဲဒီကစလို့ သူနဲ့ ကျနော်ကြား ဘယ်အခါတွေ့တွေ့ ''ဟေ့ကောင်...ခွေးကောင်...ခွေးမသား...လာ''ဆိုပြီး ကျနော့် ခေါင်းကို အတင်းဆွဲ သူ့ရင်ဘက်နဲ့ အတင်းဖိကပ်ထားတော့တာပဲ။ အဲဒီ သူ ကျနော့်ကို နှုတ်ဆက်နေကျ ပုံရိပ်လေး တစ်ခုအဖြစ် ကျနော့်ရင်ထဲ စွဲကျန်နေမိတယ်။

အဲဒီလို သူနဲ့ကျနော်တို့ (၄)လလောက် အတူနေရာကနေ တစ်နေ့ သူ့ကို စစ်ခုံရုံးကနေခေါ်ပြီး အမိန့်ချ မှတ်လိုက်တယ်။ (၄)နှစ်တဲ့။ စစ်ခုံရုံးအမိန့်ချပြီးတာနဲ့ အကျဆောင် (၅)ကို တန်းပို့လိုက်တော့ ကျနော်တို့ ချင်း မတွေ့ကြရတော့ဘူး။ နောင် သူနဲ့အကျဆောင်မှာ ပြန်တွေ့တော့မှ စစ်ခုံရုံးအတွေ့အကြုံကို ဖလှယ် ရင်း သူ့ကို ဘယ်လိုစီရင်ချက်စွဲတယ်ဆိုတာ သူပြန်ပြောလို့သိရတယ်။ စစ်ခုံရုံးက သူ့ကဗျာလေးဖတ်ပြပြီး စီရင်ချက် ချလိုက်တာတဲ့။ ခုံရုံးတရားသူကြီးက သူ့ကဗျာကိုဖတ်တော့ ယူနီဖောင်းအပြည့်အစုံနဲ့တဲ့။ ''လမ်းဘေးသွေးအိုင်ထဲ လဲနေတဲ့ ကျောင်းသားလေး..သားပြန်အလာကိုမျှော်နေတဲ့ အမေတစ်ယောက် ရဲ့အဖြစ်...'' စတဲ့ ကဗျာလေးပါ။ ''ဒီတခုနဲ့တင် တန်သွားပြီကွာ'' တဲ့။

ဆရာကြီးအမိန့်ချခံရပြီး တစ်လလောက်ထပ်နေပြီးတော့ သက်ဝင်းအောင် အချုပ်ဘဝကနေ လွတ်မြောက် သွားတယ်။ နောက်ထပ်တစ်လလောက် ထပ်နေပြီးတော့ ကျနော့်ကို စစ်ခုံရုံးက (၇)နှစ် အမိန့်ချလိုက် တယ်။ ဒီတော့ ဆရာကြီး ရှိတဲ့ (၅)ဆောင်ကို ရောက်ပြီး သူနဲ့ပြန်ဆုံရတယ်။ ကျနော့်ကို စစ်ခုံရုံးအမိန့်ချ လိုက်တာ မှတ်မှတ်ရရ ၁၉၉၂၊ ဇူလိုင် (၂၃) ရက်နေ့။ ထုံးစံအတိုင်း အကျဆောင်ရောက်တော့ အချုပ် ဆောင်တုန်းကလိုပဲ ပုံစံခန်းဆိုတာ ဝင်ရသေးတယ်။ ကျနော်အမိန့်ကျပြီး (၅) ဆောင်ရောက်တယ်ဆိုတာ ညတွင်းချင်း ဆရာကြီးသိတယ်။ နောက်တစ်နေ့ တန်းဖွင့်ဖွင့်ချင်း သူကျနော့်ဆီ ရောက်လာတယ်။

မျက်နှာသုတ်ပုဝါပုခုံးပေါ်တင်၊ ဆပ်ပြာခွက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ လက်ထဲကိုင်လို့။ ကျနော့်ဆီ လာတွေ့မယ်ဆိုတာသိနေရက်နဲ့ ဗြုန်းကနဲ အဖြူရောင် ထက်အောက် 'ထောင်ဝတ်စုံ'နဲ့ တွေ့လိုက်ရတော့ ရင်ထဲ တစ်မျိုးကြီးဖြစ်သွားတယ်။ အချုပ်ဆောင်တုန်းက အရပ်ဝတ် အရပ်စားနဲ့တွေ့နေကြလေ။ ခုတော့ ထောင်ဝတ်စုံကြီးနဲ့ ခေါင်းကလည်း ဖွေးဖွေးဖြူလို့။ တွေ့ရတာ တစ်မျိုးကြီးပဲ။ တွေ့တွေ့ချင်း သူကတော့ ထုံးစံအတိုင်း ''ဟေ့..ခွေးကောင်..လာ'' ဆိုပြီး ကျနော့်ခေါင်းကိုဆွဲပြီး သူ့ရင်ဘတ်နဲ့ထိထားတယ်။ ပြီးမှ မျက်နှာသွားသစ်ရအောင်လို့ ပြောတယ်။ ကျနော်က သူ့လက်ထဲက သွားတိုက်ဆေး၊ သွားတိုက်တံကို တလှည့်၊ သူ့ကိုတလှည့်ကြည့်နေတော့ သူက ''ဘာလဲ၊ မင်း ရွံ့တတ်လို့လား။ သွားတိုက်တံက အသစ်ပါ ကွ။ သွားတိုက်ဆေးကိုလက်ညှိုးနဲ့ကော်ပြီး တိုက်စရာမလိုပါဘူး။ မင်း သွားတွေကအကောင်းတွေချည်းပဲ'' တဲ့။ ကျနော်တို့ အချုပ်ဆောင်မှာ ပထမဆုံးတွေ့ခဲ့ကြတဲ့ မြင်ကွင်းလေးကို အမှတ်ရလို့ ပြန်ပြောတာနဲ့ တူ ပါရဲ့။

ကျနော်လဲ စတွေ့ကြတုန်းက သူပြောခဲ့တဲ့ပုံကို ပြန်ပြောပြီး နှစ်ယောက်သား အားပါးတရ ရယ်မော မိကြတယ်။ အချုပ်ဆောင်မှာတုန်းက ကျနော်က သွားတိုက်ဆေးလာပေးသူ၊ ဒီအကျဆောင်မှာတော့ သူက လာပေးရတဲ့သူ။ ဟိုမှာတုန်းက သူကလူသစ်၊ ကျနော်က လူဟောင်း။ ဒီကျတော့ သူကလူဟောင်း၊ ကျနော်က လူသစ်။ အဲဒီတုန်းက ဇန်နဝါရီနံနက်ခင်း၊ နှင်းတွေဝေလို့။ ခုတော့ ဇူလိုင်နံနက်ခင်း မိုးတွေရွာ လို့။

ဒီလိုနဲ့ ကျနော်တို့ (၅)ဆောင်မှာ အတူနေကြရပြန်တယ်။ အခန်းကတော့ မတူဘူး။ သူက (၃)၊ ကျနော် က (၄)။ မနက်ခင်းတွေမှာ ကျနော်က တောင်ယာတဲဆင်း၊ သူက လမ်းလျှောက်ပေါ့။ ညနေခင်းတွေဆို ကျနော်တို့နှစ်ယောက် အတူတူလမ်းလျှောက်ကြ၊ စကားတွေပြောကြနဲ့။ နေ့ခင်းတွေဆို သူက ထုံးစံ အတိုင်း မေးခွန်းတွေမေး၊ ကျနော်ကဖြေပေါ့လေ။ သူက စာတွေ၊ ကဗျာတွေအကြောင်း ပြောပြတယ်။ ကြုံရင်ကြုံသလို ကဗျာလေးတွေ ညှပ်ပြီး ရွတ်ပြသေးတယ်။ ထူးဆန်းတာက သူရွတ်တဲ့ကဗျာတွေထဲ သူ့ ကဗျာတစ်ပုဒ်မှ မပါတာဘဲ။

''ဧည့်သည်ကြီး'' ကဗျာအကြောင်းတော့ တခုတ်တရပြောပြတယ်။ မန္တလေး မှာ သူနဲ့မောင်စွမ်းရည်၊ မောင်ကြည်အောင်တို့ ကဗျာတွေစုရေးကြပုံတွေလဲပါတယ်။ များသောအားဖြင့် သူရွတ်ပြတဲ့ကဗျာတွေဟာ ဆရာကြီးမင်းသုဝဏ်နဲ့ ဆရာကြီးဇော်ဂျီ ကဗျာတွေပါပဲ ။

သူပြောပြတဲ့အထဲမှာ ဆရာကြီးဖေမောင်တင်အကြောင်း ၊ ဆရာကြီးဒဂုန်တာရာ၊ ဒေါက်တာသန်းထွန်း၊ လူထုဦးလှ နဲ့ အမေမာအကြောင်း၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ မောင်ကြည်အောင် စတဲ့သူနဲ့ ခေတ်ပြိုင်ကဗျာ ဆရာကြီးတွေအကြောင်း ...အစုံပါပဲ။

ခက်တာက သူပြောတဲ့လူတွေအကြောင်း တယောက်မှ ကျနော် မသိတာပဲ။ နာမည်တောင် ကြားဖူးတာမဟုတ်ဘူး။ ကဗျာဆိုတာ ဘာမှန်းလည်းမသိ။ ခံစားရကောင်းမှန်း၊ ဖတ်ရကောင်းမှန်းတောင် သိတာမဟုတ်ဘူး။ အားနာလို့သာ နားထောင်နေရတာ၊ ပျင်းလည်းပျင်း၊ စိတ်ကလည်းညစ်ပေါ့။ ဒါကို သူရိပ်မိတယ်နဲ့တူပါတယ်။ တနေ့ ကျနော့်ကို ကဗျာနဲ့ပတ်သတ်ပြီး ဘယ်လို သဘောထားလဲဆိုပြီး မေးခွန်းမေးလာတယ်။

ကျနော်ကလည်း သိတဲ့အတိုင်း ဘုဆတ်ဆတ်၊ ဂျစ်ကန်ကန် နဲ့ဆိုတော့ ''ဟာ...ကဗျာဆိုတာ လူဘော်ကြော့တွေ၊ အလုပ်အကိုင်မရှိ၊ လူပျင်းတွေလုပ်တဲ့အလုပ်ပါ။ ဘာမှန်းလည်းမသိဘူး။ ခံစားလို့လည်းမရဘူးလို့'' ပြန်ပြောလိုက်တော့ သူခဏတွေသွားတယ်။ ပြီးမှ ကျနော့်ပခုံးပေါ်လက်တင်ပြီး ''အဲလိုမဟုတ်ပါဘူးကွာ။ ကဗျာဆိုတာ အင်မတန်သိမ်မွေ့နူးညံ့တဲ့ပစ္စည်းပါ။ လူ့နှလုံးသားနူးညံ့ပျော့ပျောင်းဖို့ ကဗျာဖတ်ဖို့လိုတယ်။ နှလုံးသားကြမ်းတမ်းတဲ့သူတွေဟာ လောကကို အဖျက်မြင်တတ်ကြတယ်..'' ဆိုပြီး ကဗျာနဲ့ပတ်သတ်တဲ့ သဘောသဘာဝတွေ တသီတတန်းကြီး ပြော နေပါတော့တယ်။

ဥပမာတွေလည်း အများကြီးပဲ။ ကျနော် အသေးစိတ်မမှတ်မိတော့ဘူး။ အဲဒီတုန်းက ကျနော်ပြောခဲ့တဲ့စကားတွေအတွက် အခုဆရာကြီးကို လက်အုပ်ချီတောင်းပန်မိတယ်။ တကယ်တော့ ဆရာကြီးဟာ စိတ်နှလုံးနူးညံ့ပျော့ပြောင်းသူပါ။ မတောင်းပန်ခင်က ခွင့်လွှတ်ပြီးသားဆိုတာ ကျနော် အသေအချာယုံတယ်။ ကဗျာကို ရှုတ်ရှုတ်ချချပြောခဲ့တဲ့ကျနော်၊ ခုတော့ ကဗျာကို ခံစားဖတ်ရှုနိုင်ရုံမက ကိုယ်တိုင်ကဗျာဖန်တီးသူတစ်ယောက် ဖြစ်ခဲ့ရပြီ ။ ဒီအကြောင်းတွေ ဆရာကြီး သိမှသိသွားပါလေစ။

ကျနော့်စိတ်ကူးထဲ ထောင်ကလွတ်လို့ ဆရာကြီးနဲ့ပြန်ဆုံရင် ပြောမယ့်စကားတွေ ရင်ထဲအပြည့်။ ရင်ဘတ် ကြီးထဲအကန့်လိုက် ခွဲခွဲသိမ်းထားခဲ့ရတာတွေ။ ခုတော့ ဆရာကြီးဆုံးပြီတဲ့။ ဆရာပွင့်ကို ကျနော် တခါက ဒီလိုပြောဖူးတယ်။ ဆရာပွင့်ထက်အရင် ကျနော် စော လွတ်ရင် ဘာလုပ်ပေးရမလဲလို့။ ဆရာပွင့်ကလည်း ကျနော့်ကို ဒီလိုပြန်မေးတယ်။ ''ခင်ဗျားထက် ကျနော် စော လွတ်ရင်ကော'' တဲ့။

ဒီတော့ ကျနော်က “ဆရာကြီးနဲ့ထိတွေ့ခဲ့ပြီးတဲ့နောက် ကျနော့်နှလုံးသားထဲ ဆိုက်ဆိုက်မြိုက်မြိုက်ဝင်လာသူဟာ ဆရာပွင့်ပါပဲလို့။ အခု ကျနော်အထဲမှာ ဘာတွေလုပ်နေတယ်၊ ဘယ်လိုကျင့်ကြံနေတယ်ဆိုတာတွေ ဆရာပွင့်အသိဆုံးပါပဲ။ ကျနော့်စိတ်ကူး၊ ကျနော့်အိပ်မက်တွေ၊ ခံစားမှုတွေကို ကောင်းကောင်းသိတဲ့သူဟာလည်း ဆရာပွင့်ပါပဲ။ ကျနော် ဆရာကြီးအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာလည်း အသိဆုံးပါ။ ဒါကြောင့် ဆရာပွင့် ကျနော့်ထက်စောလွတ်ရင် ဆရာကြီးနဲ့ဆက်သွယ်ပြီး အဲဒါတွေပြောပြပေးပါ”လို့ ဆရာပွင့်ကို ကျနော် သေသေချာချာမှာခဲ့ဖူးတယ်။ ဒါတွေသာသိရင် ဆရာကြီးဘယ်လောက်များ ဝမ်းသာပီတိဖြစ်နေလိုက်မလဲ ဆိုတာ စိတ်ကူးနဲ့ ကျနော်မြင်ယောင်မိပါသေးတော့တယ်။

အခုတော့ ဆရာကြီးမရှိတော့ပါဘူး။ ကျနော် သိစေချင်တဲ့ ကျနော့်ရင်ထဲကစကားတွေ သိမှသိသွားပါ့မလား။ ဆရာကြီးမဆုံးခင် တစ်နှစ်ခွဲလောက် ကြို ပြီး ဆရာပွင့်လွတ်သွားပါရဲ့။

ဒါပေမယ့် သူ ပြောမှ ပြောဖြစ်ပါ့မလား...။ ပြောချင်အုံးတော့ ပြောခွင့်မှ သာရဲ့လား။ ကျနော့်ရင်ဘတ်ထဲ တဆစ်ဆစ်ကိုက်နေလိုက်တာ။

ဆရာကြီးနဲ့ကျနော် (၅) ဆောင်မှာ (၅) လလောက်ပဲ အတူနေရသေးတယ်။ ၁၉၉၂၊ ဒီဇင်ဘာ (၇) ရက် ညမှာ ထောင်ဝန်ထမ်းတွေ အုံလိုက်ကျင်းလိုက်ဝင်လာပြီး ကျနော်အပါအဝင် (၁၅) ယောက်လောက်ကို နာမည်ခေါ်၊ ခေါင်းစွပ် စွပ်ပြီး သီးသန့်ထောင်ကို ပို့လိုက်တယ်။ မကြာခင် ကျင်းပတော့မယ့် အမျိုးသား ညီလာခံနဲ့ ပတ်သတ်ပြီး အထဲမှာ လှုပ်လှုပ်ရွရွဖြစ်နေတယ်လို့ ယူဆတယ်နဲ့ တူပါရဲ့။ ကျနော်တို့ကို လူစု ခွဲလိုက်တဲ့သဘောပါ။ ဒါကြောင့် ဆရာကြီးနဲ့ တခါ ထပ်ခွဲရပြန်တယ်။ သူက (၅)ဆောင်မှာပဲ ကျန်ခဲ့တာ။ သီးသန့်ရောက်လို့ ဆရာကြီးနဲ့ဝေးရတော့မှ ကျနော် ဆရာကြီးကို သတိရ ရကောင်းမှန်းသိလာတယ်။ ညနေခင်းလမ်းလျှောက်ခဲ့ပုံတွေ၊ ကျနော့်ကိုမေးခွန်းတွေ မေးခဲ့ပုံတွေ၊ ...အစုံပါပဲ။ ဆရာကြီးကို ကျနော် လွမ်းနေပြီလေ။

(၅)ဆောင်ကနေ ကျနော်နဲ့အတူ ပြောင်းရွှေ့ခဲရတဲ့သူတွေထဲမှာ ကိုကျော်ကျော်ဝင်းလည်း ပါတယ်။ သူက ပညာကိုချစ်မြတ်နိုးသူ။ အေးအေးဆေးဆေးနေတတ်ပြီး ကဗျာဖွဲ့ဖို့ ကြိုးစားအားထုတ်နေ တဲ့သူ။ သီးသန့်မှာနေကြတုန်း သူဖွဲ့ဖြစ်တဲ့ကဗျာလေးတွေ လမ်းလျှောက်ရင်း ကျနော့်ကို ရွတ်ပြလေ့ရှိ တယ်။ ဘယ်လိုသဘောလဲ မသိပါဘူး။ အဲဒီကဗျာဆိုတာကြီးနဲ့ ကျနော့်ကို လာ လာပတ်သတ်နေတာ ပြောပါတယ်။ ကဗျာဆရာကြီးရဲ့ကဗျာဗေဒကွန်ယက်ကနေ လွတ်ပြီ၊ ကျွတ်ပြီမှတ်တယ်။ ခု ကဗျာဆရာ လေးရဲ့ထောင်ချောက်မှာ ယက်ကန်၊ ယက်ကန်နဲ့ လာငြိနေပြန်ရော။

ဒီလိုနဲ့နေကြရင်း တစ်နေ့မှာ ကျနော်နဲ့ ကိုကျော်ကျော်ဝင်းလမ်းလျှောက်နေကြတုန်း လေအဝှေ့မှာ လွင့်လာတဲ့စာရွက်တစ်ရွက် ကျနော် တို့ ရှေ့တည့်တည့်လာကြတယ်။ ကိုကျော်ကျော်ဝင်းက လှမ်းကောက်ပြီးဖတ်ကြည့်ကာ ဖတ်ရင်း သူ အံ့သြသွားပုံက ပါးစပ်ကတောင် အသံထွက်လာတယ်။ ''ဟေ့လူ၊ ဒီမှာကြည့်စမ်း။ ဆရာကြီးရဲ့ ကဗျာလေး ဗျ'' တဲ့။ ကျနော်လည်း ဆွဲယူဖတ်ကြည့်တော့ အဟုတ်ပဲ ကဗျာခေါင်းစဉ်အပိုင်းတော့ စုတ်ပြဲနေလို့ မပါ တော့ဘူး။ ကဗျာအောက်ခြေမှာတော့ 'တင်မိုး' ဆိုပြီး ထင်ထင်ရှားရှားပါနေသေးတယ်။

''ဆရာကြီးမှိုင်းကို ဖွဲ့ထားတဲ့ ပြဋ္ဌာန်းစာအုပ်မှာပါတဲ့ ကဗျာလေးပါ။ ''ကွမ်းအစ်တစ်လုံး၊ ယောင်တစ်ထုံးနဲ့ အစချီပြီး ... သောင်းမြန်ပြည်တန်ခိုး ဒေါင်းအလံလွှင့်ထိုး'' ဆိုပြီး အဆုံးသတ်ထားတဲ့ ကဗျာလေး။ ဘာပြောပြော ကျနော်ရော၊ ကိုကျော်ကျော်ဝင်းပါ ဝမ်းသာသွားကြတယ်။ ''ဒါ ဆရာကြီး ကျနော်တို့ကို ပို့လိုက်တဲ့မေတ္တာလက်ဆောင်လေးပဲ။ ကျနော်တို့ မကြာခင်ဆရာကြီးနဲ့ ပြန်ဆုံရမယ့် သဘောပဲ'' လို့ ကိုကျော်ကျော်ဝင်းက ပြောတယ်။ ကျနော်လည်း ဒီအတိုင်းခံစားရတယ်လေ။ ဒါကြောင့် ကျနော်တို့နှစ်ယောက် ဒီကဗျာလေးကို အလွတ်ကျက်ထားပြီး ဆရာကြီးနဲ့ပြန်ဆုံရင် ရွတ်ပြရအောင်လို့ သဘောတူပြီး ကျက်ထားလိုက်ကြတယ်။

ကိုကျော်ကျော်ဝင်းကတော့ အထဲမှာ ဆရာကြီးနဲ့ပြန်မဆုံဖြစ်တော့ပါဘူး။ ဘာကြောင့်ဆို အဲဒီစာရွက်ရပြီး မကြာခင်မှာဘဲ လွတ်ရက်စေ့လို့ သူလွတ်မြောက်သွားတယ်လေ။

သူ့ကိုလွှတ်ဖို့လာခေါ်တဲ့အချိန်မှာ ကျနော့်အခန်းရှေ့ပြေးလာပြီး ''ခင်ဗျား ဆရာကြီးနဲ့ပြန်ဆုံရင် ဒီကဗျာလေးရပုံပြောပြီး အလွတ်ရွတ်ပြလိုက်ဗျာ။ ကျနော့်ကိုယ်စားပါ (၂) ခေါက် ရွက်ပြလိုက်'' လို့ အမှတ်တရလာပြောသွားပါ သေးတယ်။ သီးသန့်မှာ (၈)လလောက် နေရပြီး ကျနော်တို့ကို ထောင်မကြီးထဲ ပြန်ပြောင်းလိုက်ပါတယ်။ ထောင်မကြီးရောက်လို့ မိန်းဂျေလ်းမှာ ထိုင်ခိုင်းထားပြီး အဆောင်ခွဲပို့ဖို့ လူစစ်ကြတယ်။ ထုံးစံအရ ကိုယ် ထွက်သွားတဲ့အဆောင်ကို ပြန်ပို့လေ့မရှိဘူး။ ကျနော်က (၅)ဆောင်က ထွက်သွားရတာဆိုတော့ (၃) နဲ့ (၄) ဆောင် တခုခုရောက်ရမယ်။ ဖြစ်ချင်တော့ ဘယ်ကဘယ်လိုခွဲလိုက်တယ်မသိဘူး။ ကျနော်က (၅)ဆောင် ပြန်ရောက်မယ့်စာရင်းထဲပါနေတယ်။ နောင်မှပြန်သိရတာက ကျနော်ထွက်သွားခဲ့တဲ့အဆောင်စာရင်းမှာ (၅)ဆောင်အစား (၃)ဆောင်လို့ ရေးထားတယ်လို့ဆိုတယ်။ ဒါကြောင့် (၃)ဆောင်ကို မရောက်တော့ဘဲ ဆရာကြီး ရှိရာ (၅)ဆောင်ကို ဆိုက်ဆိုက်မြိုက်မြိုက်ပြန်ရောက်ပါလေရော။

ကျနော်တို့အဆောင်ထဲကို ဝင်တဲ့အချိန်ကနေ့ခင်းကြီးဆိုတော့ ကျန်တဲ့ရဲဘော်တွေက ထွက်ပြီးကြိုနေကြ တယ်။ ကျနော်လည်း အိပ်ယာလိပ်ကတစ်ဖက်၊ ကျန်တဲ့ပစ္စည်းတွေကတစ်ဖက်နဲ့ (၅)ဆောင်ထဲ ဝင်ရုံရှိ သေးတယ်။ လူအုပ်ကြားထဲက ဆရာကြီးထွက်လာပြီး ''ဟေ့ကောင်..ခွေးကောင်..လာ''ဆိုပြီး ကျနော့် ခေါင်းကိုဆွဲ သူ့ရင်ဘတ်ထဲဖိထားတော့တာပဲ။ ကျနော်လည်း အိပ်ယာလိပ်နဲ့ပစ္စည်းတွေပစ်ချလိုက်ပြီး ဆရာကြီးကို ဖက်ထားလိုက်တယ်။

တအောင့်နေလို့ လူချင်းခွာပြီး ဆရာကြီးမျက်နှာမော့ကြည့်လိုက်တော့ သူ့မျက်ဝန်းမှာ မျက်ရည်ကြည်တွေ ရစ်ဝိုင်းနေတာ တွေ့လိုက်ရတယ်။ ရုတ်တရက် ကျနော် ကြောင်အမ်း အမ်းဖြစ်သွားတယ်။ ဟုတ်မှာပါ။ ဆရာကြီးက ''ဟေ့..ခွေးကောင်..လာ''ဆိုပြီး ရင်ခွင်ထဲအတင်းဖိကပ် ထားတဲ့အချိန်တိုင်း ကျနော် သူ့ကိုပြန်ဖက်လေ့မရှိခဲ့ဘူးလေ။ သူ ကျနော့်ခေါင်းကို အတင်းဖိကပ်ထားလို့ သာ ဒီအတိုင်း နေနေရတာပဲရှိတယ်။ ခုမှ ကျနော်က ပထမဆုံးအကြိမ် ပြန်ဖက်ထားလိုက်မိတာကိုး။ ဖက် ထားတာမှ တအားကိုဖက်ထားတာ။ နဲနဲလည်းကြာသွားတယ်ထင်ပါရဲ့။ ဒါကြောင့် ဆရာကြီးမျက်ရည်ဝဲ သွားတာဖြစ်မှာ။

ဒါနဲ့ ကျနော်က ''ဆရာကြီး..ခဏလေး။ ဒီအိပ်ရာလိပ်တွေ သွားထားလိုက်ဦးမယ်။ ပြီး ရင် ချက်ခြင်းပြန်လာခဲ့မယ်။ ပြောစရာရှိတယ်လို့'' ပြောပြီး ပစ္စည်းတွေသွားထားလိုက်တယ်။ ပြီးတာနဲ့ ချက်ခြင်းပြန်လာပြီး ဆရာကြီးနေတဲ့ (၃)ခန်းမှာ နှစ်ယောက်သားထိုင်လိုက်ကြတယ်။ ကျနော်လဲ လှုပ်လှုပ် ရှားရှားသွားလာခဲ့ရတော့ နဲနဲမောနေတာနဲ့ အမောဖြေထိုင်နေတုန်း ဆရာကြီးက ''ကဲ၊ ပြောစရာရှိတယ် ဆို..ပြော..ဘာပြောမှာလဲ'' ဆိုတဲ့သဘောနဲ့ ကျနော့်ကို ပြုံးပြီးကြည့်နေတယ်။

ကျနော်က ''တခြား မဟုတ်ဘူး ဆရာကြီး ..ကဗျာတစ်ပုဒ် ရွတ်ပြမလို့ လို့ပြောပြီး ''ကွမ်းအစ်တစ်လုံး ယောင်တစ်ထုံးနဲ့'' အစချီပြီး တောက်လျှောက်ရွတ်ပြလိုက်တယ်။ ရွတ်ရင်း သူ့မျက်နှာကို ကြည့်နေတော့ သူအတော် အံ့သြ သွားပုံရတယ်။ ကဗျာအကြောင်းပြောရင် အမြဲညစ်နေတတ်တဲ့ကျနော်က အခု သူ့ကဗျာကို အလွတ်ရွတ် ပြနေတော့ သူ မအံ့သြဘဲ ဘယ်နေပါ့မလဲ။ ''မင်း..ဒီကဗျာဘယ်လိုရနေတာလဲ။ အရင်ကမရပါဘူး'' လို့ တအံ့တသြမေးပါတယ်။

ကျနော်က ''ဆရာကြီးပဲ ကျနော်တို့ကို မေတ္တာလက်ဆောင်ပို့ပေးလိုက်တာလေ။ အဲဒီက ရတာပေါ့'' လို့ အတည်ပေါက် ဟဲလိုက်တော့ သူ မျက်မှောက်ကြုတ်သွားတယ်။ သူလဲ မပေးရပါ လား၊ ဘယ်လိုပါလိမ့်ဆိုတဲ့သဘောပေါ့။ အဲဒီတော့မှ ကျနော်က ကဗျာရပုံ ထူးထူးဆန်းဆန်းအကြောင်း လေးပြောပြီး ကိုကျော်ကျော်ဝင်းမှာတဲ့အတိုင်း နောက်တစ်ကြိမ်တောင် ရွတ်ပြလိုက်ပါသေး တယ်။ ဆရာကြီး အဲဒီအချိန်တုန်းက ကျနော့်ကိုကြည့်တဲ့အကြည့်က တစ်မျိုးလေးပဲ။ ကျနော်ပါးစပ်က ကဗျာ ရွတ်နေတာကို သူအတော်ပီတိဖြစ်နေတဲ့ပုံပါ။

ပြီးတော့မှ ကျနော့်ကို သူ့ထုံးစံအတိုင်းဖြည်းဖြည်း တိုးတိုးလေးပြောပါတော့တယ်။ ''မင်းတို့ကဗျာရပုံလေး ဆန်းတယ်။ ကျော်ကျော်ဝင်းလွတ်သွားတာ ဝမ်း သာတယ်။ မင်းကဗျာရွတ်တာ ပိုလို့တောင် ဝမ်းသာသေးတယ်။ ငါလည်း မင်းကို သတိရနေတာ။ ကဗျာ ဆိုတာ နှလုံးသားနဲ့ ထိတွေ့ရတဲ့အရာပါ။ မင်းနှလုံးသားက ခက်ထန်မာကြောလွန်းတယ်ကွာ။ မင်းမှာ ဖြောင့်မတ်မှု၊ သစ္စာရှိမှုတွေ ရှိတယ်။ သတ္တိလည်း အရမ်းကောင်းတဲ့ကောင်။ ဒါပေမဲ့ မင်းနှလုံးသား ပျော့ ပြောင်းဖို့ လိုနေတယ်။ အဲဒီလို ပျော့ပြောင်းလာတာနဲ့ မင်းဟာ အရမ်းကို ပြည့်စုံသွားမယ့်သူပဲ။ တိုင်းပြည် အတွက် အားကိုးရမယ်။ ငါတို့က အသက်ကြီးလာပြီဆိုတော့ နောင်အနာဂတ်အတွက် မင်းတို့လို လူငယ် တွေကိုပဲ အားကိုးရမှာ။ ဒါကြောင့် မင်းကဗျာဖတ်ဖို့လိုတယ်။ စာတွေအများကြီးဖတ်ဖို့လိုတယ်။ ငါက ကျောင်းဆရာဆိုတော့ ကျောင်းသူ၊ ကျောင်းသားပေါင်းများစွာကို စာသင်ပေးခဲ့ရတယ်။ မင်းက ထူးဆန်း တယ်။ ပြီးတော့ မင်းကို သားတစ်ယောက်လို ချစ်တာပါကွာ..'' လို့ တသီတတန်းကြီးပြောလိုက်ပါတယ်။ ကျနော် သူ့စကားနားထောင်းရင်း ကြက်သီးမွှေးညင်းထသွားတယ်။ ဖော်ပြလို့မရတဲ့ ထူးဆန်းတဲ့ ခံစားမှု လေးခံစားလိုက်ရတာ။ ဘာမှမပြောမိဘဲ သူ့ရှေ့ ဒီအတိုင်း ငူငူကြီးထိုင်နေမိတယ်။ ကျနော့်ရင်ထဲ အသည်းထဲကနေ သိလိုက်ပါပြီ။ ကျနော့်ကို ချည်နှောင်ထားတဲ့ သူရဲ့မေတ္တာကြိုးဟာ ဘယ်လောက်ခိုင်မာ သလဲဆိုတာလေ..။

ဆက်ပါအုံးမည်..
ဓာတ်ပုံကို မိုးသောက်ကြယ်ဘလော့ဂ် မှ ယူပါသည်

အပြည့်အစုံဖတ်မယ်...

မီးရထားနှင့် ခရီးသွားခြင်း


လွန်ခဲ့တဲ့ ၂နှစ်တုန်းက ဒီနေ့ ဒီအချိန်ပါပဲ။

ပြက္ခဒိန်ထဲမှာ ဒီနေ့ ဒီရက်ကို ထုတ်ပစ်လို့ရရင် ထုတ်ထားလိုက်ချင်ပါတယ်။ မမျှော်လင့်ဘဲ အဖေ ရုတ်တရက် ခွဲခွာသွားတဲ့နေ့။

မနက်စောစော ရုံးသွားခါနီး နှုတ်ဆက်တော့ အဖေ့ကို နောက်ဆုံး အသက်ရှင်ရက် မြင်လိုက်ရတာပါပဲ။ ထုံးစံလို စားပွဲမှာ ထိုင်ပြီး ဆေးလိပ်ဖွာလို့။ စားပွဲပေါ်မှာ ဆေးလိပ်ပြာခွက်၊ ကော်ဖီ၊ မုန့်၊ မီးခြစ်။ အိမ်ကအထွက် တံခါးဝကို ကျောပေးထိုင်နေတဲ့ အဖေ့ကျောပြင်ကြီးကို နောက်ဆုံး တွေ့ရခြင်းပါပဲ။

သွားတော့မယ် အဖေ၊ အေး…အေး၊ ဖြေးဖြေးသွား သမီး။

တကယ်က ဘယ်သူက အပြီးသွားမှာလဲ။ ဘယ်သူက အပြီး နှုတ်ဆက်တာလဲ။ သားအဖ နှစ်ယောက်စလုံး မသိကြ။ သိရင်လဲ အလုပ်ကို ဘယ်သွားပါ့မလဲ။ အဖေ့ကျောပြင်ကြီးမှာ ပါးအပ်ထားမိမှာပေါ့။ ခွဲရမယ်မှန်းသိရင် အဖေ့ကိုယ်ဝဝကြီးကို နောက်ကနေ ဖက်ပြီး မျက်ရည်တွေနဲ့ ပေကျံ စွန်းထင်းစေမှာပေါ့။ မသွားပါနဲ့ မသွားပါနဲ့လို့ တားမိမှာပေါ့။

ဒီလိုနဲ့ ညနေက စောင်းပြီ။ ၄နာရီခွဲပြီ။ သမီးတို့ကို ဘူတာကအပြန် ဒီဆိုင်လေးက စောင့်မယ် တဲ့။ ဆိုင်က အမိုးလေးတွေ သပ်သပ်ရပ်ရပ်နဲ့ လှသတဲ့။ အဖေက သူ့ချစ်သမီးကို ထိုင်ရင်း လဲကျ စောင့်ခဲ့ရှာတယ်။ အဖေ မရှိတဲ့နောက် ကိုယ် တနှစ်လောက် အဲဒီဆိုင်လေး ရှေ့က မဖြတ်ရဲခဲ့ဘူး။ ပုဆိုးကြီးစီးပြီး လွယ်အိတ်လေးလွယ်လို့ ဘယ်အချိန်များ တွေ့လိုက်ရမလဲ မြင်ယောင်မိလို့။

အဖေ့ ဝိညာဉ်လေး လွင့်ပျံ့တဲ့နေရာလေး။ Uruapan တဲ့။ (ဥူရူရာပန် လို့ အသံထွက်ပါတယ်) မက္ကဆီကန် ဆိုင်လေးပါ။ ကိုယ်စာရွက်လေးပေါ်မှာ တလုံးချင်းရေးပြီး မက္ကဆီကန်သူငယ်ချင်းတွေကို အဓိပ္ပါယ် မေးခဲ့ရတာ။ မက္ကဆီကိုက မြို့လေး တမြို့ နံမည်ပါပဲ တဲ့။ မြို့ကြီးလဲ မဟုတ်၊ ဒါပေမဲ့ သိပ်လှတဲ့ မြို့လေးပါ တဲ့။ အဲဒီမြို့မှာ ထင်းရူးပင်တွေ ရှိတယ်၊ တောင်တွေ ရှိတယ်၊ ပင်လယ်ကြီးကိုလဲ မြင်ရတယ် တဲ့။ ကိုယ် မျက်ရည်တွေနဲ့ နားထောင်ခဲ့ရတာ။

အဖေမရှိတဲ့နောက် အဖေ စိတ်ကျေနပ်မဲ့ အလုပ်မျိုးပဲ ကိုယ်တတ်နိုင်သမျှ ကြိုးစား လုပ်ခဲ့ပါတယ်။ အဲဒါ အဖေ ပြောတဲ့ ကောင်းသော သတိရခြင်းပါပဲ။ အဖေ ရေးစေချင်တဲ့ စာကိုလဲ ပြန်ရေးဖို့ ကြိုးစားခဲ့ပါတယ်။ အဖေပြောသလို စိတ်ကို ဖြူအောင်ထား၊ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေ၊ ကျန်းမာရေး ဂရုစိုက်။

အဲဒီနေ့က အဖေ့မိတ်ဆွေ ဦးလေးကြီးနဲ့ အဖေ ရထားပတ်စီးခဲ့တယ်။ အဖေရော ကိုယ်ရော ရထားတွေကို ချစ်တာ တူတယ်။ ပိုင်ရှင်မဲ့ ကျန်ခဲ့တဲ့ အဖေ့ လွယ်အိတ်လေးထဲမှာ ရထား အချိန်ဇယား စာအုပ်လေး တအုပ်၊ ရထားလမ်း မြေပုံလေး တခု။ ပြန်လာရင် သမီးကို ပြမယ်လို့ ရည်ရွယ်ပုံပါပဲ။ အဖေ ရထားစီးတတ်သွားပြီ သမီး၊ အဖေတို့ သွားစီးကြရအောင်၊ သမီးကို အဖေ လမ်းပြမယ် လို့များ ပြောလေမလား။

ဘဝဆိုတာ အဖေ တခါက ရေးခဲ့ဖူးသလို မီးရထားနဲ့ ခရီးသွားခြင်း ဆိုပါတော့..။ အဖေ Uruapan ဆိုတဲ့ ဘူတာလေးမှာ ဆင်းနေခဲ့ပြီ။ နှင်းမှုန်တွေ ဝိုးတဝါးမှာ လွယ်အိတ်လေးလွယ်လို့ ခပ်သုတ်သုတ် ဆင်းသွားခဲ့ပြီ။ ခရီးဆက်ပေအုံးတော့ သမီးတို့ရေ..။ အဖေကတော့ ဘဝအမောတွေမှာ ခဏ မှေးစက် နားချင်ပြီ။ အဖေ့ မျှော်လင့်ချက်တွေ အဖေ့ ယုံကြည်မှုတွေ ထားပစ်ခဲ့ပြီ။ သွားနှင့်ပြီ သမီးတို့ရေ..


အဖေနောက်ဆုံး စီးခဲ့တဲ့ ရထားလက်မှတ်လေး

အရင်ကတော့ ဒီရထားကြီးပေါ်မှာ အဖေရယ်၊ အမေရယ် ကိုယ်တို့ မောင်နှမတတွေရယ်၊ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် အတူ ခရီးသွားခဲ့ကြတာ။ လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ်တွေကိုလဲ ရဲရဲကြီး ဖြတ်သန်းခဲ့ကြတယ်။ ရထားပြူတင်းကနေကြည့်ရင် တောင်ယာမီးခိုးလေးတလူလူနဲ့ သင်းပျံ့တဲ့ မြေဆီနံ့ကို လတ်လတ်ဆတ်ဆတ် အတူ ရှူရှိုက်ခဲ့ဖူးတယ်။ ညစာ ပူပူနွေးနွေးကို လက်ထဲမှာ တမြတ်တနိုးထည့်ပြီး ကိုယ်တို့ကို ကျွေးမွေးခဲ့ကြတယ်။ ကိုယ်တို့ မေတ္တာတွေနဲ့ မြိန်ယှက် ပျော်ရွှင်ခဲ့ဖူးတယ်။

ပထမဆုံး ရထားပေါ်က အမေဆင်းသွားတုန်းက အဖေ ရင်မှာ မချိခဲ့။ အမေ့ကို သတိတရနဲ့ အဖေ ဒီကဗျာလေးကို ရေးပါတယ်။ ဖတ်ကြည့်ပါအုံး။

မီးရထားနဲ့ ခရီးသွားခြင်း

မီးရထားကား
မညည်းမတွား ခုတ်မောင်းလျက်။

သူနဲ့တူစုံ၊ ထိုင်ခုံ ယှဉ်လျက်
ခရီးထွက်ခဲ့
သူ့လက်ကိုကိုင်၊ အပြုံးပြိုင်ကာ
ထိုင်ခုံပေါ်မှာ နှစ်ယောက်တည်း။

တမာရိပ်အေး၊ ဘူတာကလေးတွင်
နီထွေးဆံပင်၊ ပြုံးရွှင်ရွှင်နှင့်
ချစ်ခင်ဖွယ်ရာ ကလေးတယောက်။

ပါးကွက်ကျားနှင့်
သနားဖွယ်ရာ နောက်တယောက်။

နောက်ဘူတာတွင်
ဖွာရာ ကောက်ကွေး၊ ဆံပင်ထွေးနှင့်
ကလေးတယောက်။

တက်လာပြန်ပြီ
ပြုံးဟန်ချိုမြ၊ လှပနုထွေး
သမီးလေး တယောက်။

နောက်တယောက်မှာ
ယောကျာင်္းကလေး၊ သားရွှေသွေးပေါ့
တထွေးတမြုံ ကလေးတပြုံ။

ပျော်စရာပင်
ဘူတာစဉ်ဆိုက်၊ စားလိုက် သွားလိုက်
ရယ်မောလိုက်နှင့်
တသိုက်ကြီးပင်၊ ခရီးစဉ်တိုင်း
ကြင်နာသမှု သူပြုစု။

နွေပန်း ဆောင်းပန်း၊ မိုးဦးပန်းတို့
တလမ်းလုံးပင် ပန်းလွင်လွင်နှင့်
ပျော်ရွှင်စရာ ခရီးစဉ်။

တညသား၌
ရထားအဆိုက်၊ မှောင်မိုက်ညထဲ
သူလမ်းခွဲ၍
နှင်းမှုန်ထဲမှာ ဆင်းခဲ့ပြီ။

ကိုယ်နှင့် ကလေးများ၊ ဤရထားတွင်
တံခါးပြတင်းပေါက်၊ မေးကိုထောက်ရင်း
တအောက်မေ့မေ့ ထွက်ခွာသည်။

မီးရထားကား
မညည်းမတွား၊ ခုတ်မောင်းလျက်။

တင်မိုး
၂၆-၁၂-၉၀


အခုတော့ အဖေလဲ နှင်းမှုန်ထဲမှာ လမ်းခွဲ ဆင်းခဲ့လေပြီ။ မျက်ရည်တွေနဲ့ နှင်းစက်တို့ ရောထွေး ဝေဝါးသွားကြပြီ။ အနုပညာကို မြတ်နိုးတဲ့ မြန်မာပြည်ကို ချစ်တဲ့ အညာသားကြီးတယောက် ဟိုး အဝေးမှာ လက်ပြ ကျန်ရစ်ခဲ့ပြီလေ။ မှုန်ပျပျပေမဲ့ အဖေ့သဏ္ဍာန်က စိတ်ထဲမှာ စွဲမြဲထင်ရှားတုန်း..။

မီးရထားကား မညည်းမတွား ခုတ်မောင်းလျက်။ ။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

တောင်ခြစ် မြောက်ခြစ်

ဒီနေ့တော့ တနင်္ဂနွေနေ့လေး အားတော့ ကိုယ်တို့ နှစ်ယောက်သား တနေ့လုံး အိမ်တွေ ရှင်း၊ အ၀တ်လျှော် လုပ်နေတာ။ အိမ် အလုပ်တွေလဲ တော်တော်ပြီးသွားတယ်။ ညနေကျတော့ ဈေးလေးထွက်ဝယ်၊ အပြန် သူငယ်ချင်းတွေနဲ့ မြီးရှည် သွားစားကြတယ်။

မြီးရှည်က မြန်မာဆိုင်က မဟုတ်ပါဘူး။ ယူနန်တရုတ်ဆိုင်ပါ။ မြန်မာမြီးရှည်နဲ့ တော်တော်တူတယ်။ အဲဒီဆိုင်မှာ မြန်မာမြီးရှည်နဲ့တူတာ ရတယ်ဆိုလို့ ပထမဆုံးအကြိမ် ကိုယ်သွားစားတုန်းက မီနူးမှာ တရုတ်လိုချည်း ရေးထားတာပါ။ ကိုယ့်ကို ပြောလိုက်တဲ့ အံတီကလဲ မီနူးမှာ နံပါတ် ၂၁ ကိုသာ မှာလိုက်၊ အဲဒါ မြီးရှည် ပဲ တဲ့။

ကိုယ်ကလဲ ဘာမှာမလဲ တရုတ်လို လာမေးတဲ့ အမျိုးသမီးကို ဘာမှ ရှည်ရှည်ဝေးဝေး ပြောမနေပါဘူး (သူပြောတာ ကိုယ်မသိ ကိုယ်ပြောတာ သူနားမလည် မို့ပါ) ။ တွမ်တီဝမ်းလို့ ခပ်တည်တည် မှာလိုက်တာ။ သူလဲ ခပ်တည်တည်ပဲ လာချပါတယ်။ မြီးရှည်ပါပဲ။ ကံကောင်းလို့ အပေါက်အလမ်းတည့်သွားတယ် ဆိုပါတော့။

ဒါနဲ့ သဘောကျပြီး ၃၊ ၄ ခေါက် သွားစားဖြစ်တယ်။ သွားစားတိုင်း တွမ်တီဝမ်း လိုက်တာပါ။ ကိုယ်လဲ တရုတ်လို မဖတ်တတ်၊ မပြောတတ်၊ သူတို့လဲ အမေရိကားကြီးမှာ ဆိုင်လာဖွင့်ပြီး တရုတ်စကားသာ ရေရေလည်လည် သိတာမျိုးပါ။ တခါတော့ မီနူးက အသစ်ဖြစ်သွား ပါလေရော။ ကိုယ်မှာနေကျ တွမ်တီဝမ်းက ဘယ်ရောက်သွားမှန်း မသိလို့ မျက်လုံး အတော်ပြူးသွားရသေးတာ။

ကိုယ့်အမျိုးသားက တရုတ်စပ်တာမို့ သူ့ကိုလဲ တရုတ်လို အတော်လာပြောကြတာပါ။ သူကလဲ ဝေါ်အိုက်နီ လောက်သာ သိတဲ့ ဘုရားစူး တရုတ်ပါလေ။ ဟိုက ကွိကွိကွကွ လာပြောရင် ခပ်တည်တည်နဲ့ နားထောင်နေတာပါ။ လုံးစေ့ပတ်စေ့ပဲ သိနေသလိုလိုပေါ့။ ပြီးတော့မှ သူပြောနေတာ နားလည်သလား မေးကြည့်၊ မသိဘူးလေ တဲ့။

ဒါနဲ့ သူငယ်ချင်းတယောက်က ကိုယ့်အားကိုယ်ကိုးမှ စားရမှာမို့ မြီးရှည်လဲ မစားချင်လို့ ဆိုင်မှာ လမ်းသလားပြီး သူများ စားပွဲတွေ လိုက်ကြည့်ပါတယ်။ ပြီးမှ သူလိုချင်တာတွေ့ရင် စားပွဲထိုးခေါ်ပြီး လက်ညှိုးထိုး ပြရတယ်။ အင်တာနေရှင်နယ် ဘာသာစကားပေါ့။ စားပွဲထိုး အမျိုးသမီးကလဲ သူထိုးတဲ့ပွဲမှန်သမျှ လက်မထောင်ပြီး ဗဲရီးဂွတ်ဒ် တဲ့။ ဒီတလုံးတော့ ရပါတယ်။

ဒါနဲ့ ညစာ စားပြီး အိမ်ကို ပြန်ရောက်တော့ သီချင်းဆိုကြတယ်။ ကာရာအိုကေ ပေါ့။ ကိုယ်လဲ သီချင်းတော့ အတော်ကြိုက်တယ်။ ဘယ်လောက် နားထောင်ရ နားထောင်ရ နားညည်းတယ်လို့ မရှိဘူး။

ကိုယ်ကတော့ ဆိုခဲပါတယ်။ ဆိုရင်လဲ အဆိုတော်အသံကို ပိတ်ပြီး မဆိုချင်ဘူး။ ကိုယ် ကီး တလွဲတွေ ချ နေမှန်း သူများ သိကုန် မစိုးလို့။ သီချင်း အရသာလေး ပျက်သွားမစိုးလို့။ အဆိုတော်အသံလေးတိုင်း မှေးလိုက်ဆိုနေတာ။ သူ့အသံလိုလို ကိုယ့်အသံ လိုလို။ ကိုယ့်အသံချည်း ထွက်မနေတော့ အလှလေး ပျက်မသွားဘူးပေါ့။

တခါတလေကျတော့လဲ ကိုယ်သိပ်ကြိုက်တဲ့ သီချင်းမျိုးဆို လိုက်မဆိုဘဲ နားပဲထောင် လိုက်တယ်။ ၀ိုင်ဝိုင်းရဲ့ အိမ်လွမ်းသူ သီချင်းဆို နားထောင်ရင်း မျက်ရည်တွေ ဘာတွေ ကျလို့။

အများအားဖြင့် ကိုယ်က နားထောင်သမား။ အခု သူတို့တွေ ဆိုကြတာ ဂျေမောင်မောင်လဲပါ၊ လွှမ်းမိုးလဲ ပါ၊ တူးတူးလဲ ပါရဲ့။ ဒါနဲ့ တခေတ်တခါက အင်မတန် နံမည်ကြီးပြီး ကိုယ်တို့ မိန်းကလေးတွေ အသည်းစွဲ ဖြစ်ခဲ့တဲ့ တူးတူးသီချင်းတွေကို သတိရမိတာပေါ့။

တူးတူး နံမည်ကြီးတဲ့အချိန်တုန်းက ကိုယ်တို့က ၈တန်း ၉တန်းပေါ့။ ကျူရှင် အသွားလမ်းတွေမှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ တူးတူး သီချင်းတွေချည်း။ အဲဒီတုန်းက မိဆိုး သီချင်း ပေါ်ကာစ။ သီချင်းစာသားမှာ “ရည်ရွယ်ထားတဲ့ ချောနှမ အကြောင်းကို.. ”လို့ ဆိုထားတော့ ကိုယ့် အချစ်ဆုံး သူငယ်ချင်း မိချော က အဲဒါ သူ့ကို ဆိုတာတဲ့။

ကိုယ်ကလဲ ယုံတယ်လေ။ သူ့နံမည်တောင် ထည့်ဆိုထားတာ ဟုတ်မှာပါပဲပေါ့။ အထင်တွေကြီးလို့။ ငါ့သူငယ်ချင်းလေးအကြောင်း ဆိုထားတာဆိုပြီး ဆိုရတာတောင် ပိုအရသာ ရှိသလိုပဲ။ အတော်ကြီး ကြီးမှ သူ နောက်မှန်း သိတာ။ သိတဲ့အချိန်ကျတော့ တက္ကသိုလ် တတိယနှစ်လောက် ရောက်နေပြီထင်တာပဲ။

မိချောက ပြောသေးတယ်။ နင်ကလဲ ငါ စတာများ တကယ်ယုံရတယ်လို့ တဲ့။ ကိုယ့်မှာ စိတ်ကူးလေးတောင် ပျက်လို့။ ဒါဆို အဲဒီသီချင်းက နင့်အကြောင်း မဟုတ်ဘူးပေါ့ လို့ ရင်နာနာနဲ့တောင် ပြန်မေးရသေးတာ။ နင် ငါ့ကို မပြောပြရင် ကောင်းမှာ တဲ့။ ငယ်ငယ်တုန်းကဆိုတော့ စိတ်ကူးတွေကလဲ အတောင်ပေါက်တယ်။ ခုတော့ ပြုံးစရာ။

ဘာရယ်မဟုတ်ဘူး။ ဒီနေ့လေးက အိမ်အလုပ်တွေလဲ ပြီးတယ်၊ သူငယ်ချင်းတွေနဲ့လဲ အေးအေးဆေးဆေး နေရတယ်။ အိမ်စာပြီးတဲ့ကလေးလို စိတ်ကလဲ ရွှင်တာမို့ မရေးဖြစ်တာ ကြာတဲ့ ဘလော့ဂ်လေးဖက်လှည့်ပြီး ဟိုဟိုဒီဒီ လျှောက်ခြစ်လိုက်တာပါ။ တောင်ရောက် မြောက်ရောက်ပေါ့။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

သံသယကျွန်းသူ

ဒီနေ့ လူ့အသိုင်းအ၀ိုင်းမှာ၊ လူတယောက်နဲ့ တယောက် ဆက်ဆံရာမှာ တဦးကို တဦး အပြန်အလှန် ယုံကြည်မှု လေးစားမှုဆိုတာ တကယ် လိုအပ်ပါတယ်။

သူ့ကိုတော့ ယုံကြည် စိတ်ချရတယ်၊ သူကတော့ ဒီလို ဘယ်တော့မှ လုပ်လိမ့်မယ့်သူ မဟုတ်ဘူး စတဲ့ ယုံကြည် စိတ်ချခြင်းမျိုးတွေ ကိုယ်ကလဲ ပေးချင်တယ်၊ သူများဆီကလဲ မျှော်လင့်ချင်မိတယ်။

နောက်ကျောမလုံတဲ့ သံသယများတဲ့၊ စိုးတထိတ်ထိတ် ဖြစ်ရတဲ့ အဖြစ်မျိုးတွေ ဘယ်တော့မှ ကိုယ်မလိုချင်ခဲ့ဘူး။ အမြဲပဲ ယုံကြည်စိတ်ချ ချင်နေမိတယ်။ ဒါဟာ လူတွေရဲ့ စကားတခွန်းကို အကြိမ်ကြိမ်ပြောဆိုတတ်တဲ့ ဂတိတွေထက် တန်ဖိုးထားချင်နေမိတာလားတော့ မပြောတတ်ပါဘူး။

ကိုယ်ငယ်ငယ်က ၀တ္ထုလေးတပုဒ်ရေးဖူးတယ်။ အဲဒီတုန်းက ရှုတ်ထွေး ပွေလီ ပရိယာယ်များတဲ့ လောကကြီးထဲ တိုးဝင်ခါစ အရွယ်။ လောကကြီးကို တအံ့တသြ စူးစမ်း ချောင်းကြည့်မိတဲ့ အရွယ်။ မိဘရင်ခွင်ကနေ လောကထဲကို ခြေတလှမ်း မရဲတရဲ စလှမ်းတဲ့ အရွယ်။

အဲဒီတုန်းက ကိုယ်နေခဲ့ ကြီးပြင်းခဲ့တဲ့ ကမ္ဘာနဲ့ မတူ ခြားနားတာတွေကို ခံစားရသလို ရေးမိပါတယ်။ မဟေသီက တမျက်နှာ ၀တ္ထုတိုအဖြစ် ၁၉၉၀ ဒီဇင်ဘာမှာ ပါခဲ့တာပါ။ သံသယကျွန်းသူ တဲ့။ ဖတ်ကြည့်ကြပါအုံး။


သံသယကျွန်းသူ

ကျမ ဘ၀မှာ တချိန်တုန်းက ယုံကြည်မှုဆိုတဲ့ စကားလုံးလေး တခု ရင်ထဲမှာ အသေအချာ ရှိခဲ့ဖူးပါတယ်။
ဒါကို ယုံကြည်ကြစမ်းပါ။

ကျမ လောကကြီးကို ချစ်ပါတယ်။ ပျော်လဲ ပျော်ပါတယ်။ နောက်ပြီး အားမာန်အပြည့်ရှိတဲ့ လူငယ်တယောက်လို့ ပြောလဲ ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ လောကကြီးဟာ စက္ကန့်နဲ့ အမျှ ပြောင်းလဲ နေကြတယ်။ အဲဒီအချိန်မှာ ကျမဟာလဲ လောကကြီးထဲ နစ်မျော ပျော်ဝင်နေတဲ့ ဓာတု ပစ္စည်း တခုပဲပေါ့။

ဟိုး..ငယ်ငယ်တုန်းကပေါ့။ ကျမဟာ (ကလေးတန်မဲ့) အမြင့် ခြောက်လက်မလောက်ရှိတဲ့ ဒေါက်ဖိနပ်ကို စီးချင်ခဲ့ဖူးတယ်။ ပူဆာခဲ့ဖူးတယ်။ အဲဒီခေတ်တုန်းက တန်ဖိုးက များလှပါတယ်။ ၅၃ ကျပ်ဆိုလားပဲ။ ဒါပေမဲ့ အမေက ကျမကို ၀ယ်ပေးမယ်လို့ ဂတိပေးခဲ့တယ်။

ကျမ အမေ့ကို ယုံကြည်ခဲ့တယ်။ တကယ်လဲ ၀ယ်ပေးခဲ့တာပါပဲ။ ဒါပေမဲ့ ကျမ ဒီဖိနပ်လေးကို မပိုင်ဆိုင်ခဲ့ရပါဘူး။ ကျမထက် ဦးသူ ရှိသွားခဲ့တယ်။ အဲဒီကိစ္စအတွက် ၀မ်းနည်းမိတာကလွဲရင် မကျေမနပ် မဖြစ်ခဲ့ပါဘူး။ ထပ်လဲ မပူဆာခဲ့ဘူး။ သံသယလဲ မဖြစ်ခဲ့ဘူး။ ယုံကြည်မှုဆိုတာ အသေအချာ ရှိခဲ့ပါတယ်။

ဟိုးတချိန်က ကျမ အမက ကျမကို တနလာင်္နေ့ကျရင် အကျီ င်္ဝယ်ပေးမယ်လို့ ချော့ဖူးတယ်။ အဲဒီအချိန်ကစ ပြီး တနလာင်္နေ့တိုင်း သူကျောင်းက ပြန်လာရင် အကျီ င်္လေးရော..ဆိုပြီး မေးခဲ့ဖူးတယ်။ အဲဒီတုန်းက အမဟာ ၀င်ငွေ ရှိဖို့နေနေသာသာ မုန့်ဖိုး လက်ဖြန့်တောင်းရတဲ့ ကျောင်းသူဘ၀ပဲ ရှိသေးတယ်။

သူ့ရဲ့ အမှတ်တမဲ့ ပြောတဲ့စကားကို အတည်လို့ပဲ ကျမ မှတ်ယူခဲ့ပါတယ်။ ရမယ်လို့ပဲ သိနေခဲ့တာပဲ။ တခါမှ ရမှာ မဟုတ်ဘူးလို့ သံသယ မဖြစ်ခဲ့ပါဘူး။ ထင်တဲ့အတိုင်းပဲ၊ တနလာင်္နေ့ပေါင်း မြောက်မြားစွာကို ကုန်လွန်ခဲ့ပြီးတဲ့ တနလာင်္နေ့တနေ့မှာ မုန့်ဖိုးလေးတွေ စုထားတဲ့ အပြာရောင် အကျီ င်္လေးတထည်ကို ကျမ တကယ်ပဲ ရခဲ့တယ်လေ။

ဒီလိုနဲ့ ကျမ ဘွဲ့ရတော့ တရုံးတက် တရုံးဆင်း ဘွဲ့လက်မှတ်လေးကိုင်ပြီး ကျမ စာမေးပွဲတွေ ဖြေခဲ့ပါတယ်။ ကျန်တာတွေ သိပ်မပြောချင်ပါဘူးလေ။ နောက်ဆုံး အတွေ့အကြုံတခုကိုပဲ ပြောချင်ပါတယ်။ ကျမဟာ အရာရှိမေးသမျှ မေးခွန်းတွေကို အကုန်နီးပါး ဖြေဆိုနိုင်ခဲ့ပါတယ်။ စာတွေ့အောင်လို့ လူတွေ့ စစ်ဆေးပွဲမှာပါ။

ကျမကိုမေးတဲ့ အရာရှိတွေရဲ့ မျက်နှာမှာလဲ ကျမအပေါ် အားရမှုတွေ ရှိနေတာ ကျမ အသေအချာ ရိပ်မိခဲ့ပါတယ်။ ဒါကြောင့် ဒီအလုပ်ကို ကျမ ရရမယ်လို့ မှန်းထားမိပါတယ်။ မျှော်လင့်တာ မဟုတ်ပါဘူး။ ယုံကြည်တာပါ။
ဒါပေမဲ့ ကျမဆီကို အလုပ်ခန့်စာလေး ရောက်မလာခဲ့ပါဘူး။

နောက် ကျမ ကဗျာ စပ်တယ်။ ဒီလိုပါပဲ မတောက်တခေါက်နဲ့ပေါ့။ မဂ္ဂဇင်းတွေကို ပို့ကြည့်ပါတယ်။ မရဲတရဲနဲ့ပေါ့။ တနေ့တော့ ကျမ ကဗျာလေး မဂ္ဂဇင်းတခုမှာ အရွေးခံရပါတယ်။ အရွေးချယ်ခံရတဲ့ ကလောင်သစ်စာရင်းမှာ ကြိုဖော်ပြထားတာပါ။ ကျမအတွက် ပျော်စရာ အကောင်းဆုံးအချိန်ဆိုတာ နားလည် ခံစားမိကြမှာပါ။ ဒီလ အရွေးခံရရင် နောက်လတွေမှာ ပါတော့မှာပေါ့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ တသိမ့်သိမ့် ကြည်နူး ရွှင်ပျခဲ့ရပါတယ်။

ပထမလ..မပါပါဘူး၊ ဒါကတော့ ကျမ အရင်ရွေးထားတာတွေ ရှိမှာပေါ့လေ။ ဒုတိယလ..မပါပါဘူး။ သိပ်မှ မကြာသေးတာ၊ ဘယ်ပါအုံးမလဲ။ တတိယလ..မပါပါဘူး။ သူတို့မှာ စာမျက်နှာ အခက်အခဲတွေ ရှိနိုင်တာပဲ၊ နားလည်ရမှာပေါ့။ စတုတ္ထလ..မပါပါဘူး။ အို..နောက်လ ဆိုပါလောက်မှာပါ။

ဒီလိုနဲ့ နောက်လ နောက်လနဲ့ လပေါင်းများစွာ ကုန်ဆုံးသွားပါတယ်။ ကျမ ကဗျာလေး လုံးဝ မပါလာတော့ပါဘူး။

ကျမဘ၀မှာ တချိန်က ယုံကြည်မှုဆိုတဲ့ စကားလုံးလေး ရင်ထဲမှာ အသေအချာ ရှိခဲ့ဖူးပါတယ်။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ကြောင် ဇာတ်လမ်း

ဒီနေ့ စနေနေ့။
ဒီနားရက်လေးမှာ ဘာမှ ချိန်းချက်ထားတာလဲ မရှိ၊ အရေးတကြီး လုပ်ကိုင်စရာတွေလဲ မရှိတော့ အေးအေးဆေးဆေး အိမ်မှာပဲ သားသမီးတွေနဲ့ နားနားနေနေ နေမယ်လို့ စိတ်ကူးတယ်။

မနက်မိုးလင်း မျက်လုံးနှစ်လုံးပွင့်တာနဲ့ အိပ်ယာက မြန်မြန်ထ၊ အခန်းတံခါးဖွင့်လိုက်ရင်ပဲ အခန်းဝမှာ တပြုံကြီး ကလေးတွေ စောင့်နေကြတယ်။ အဖြူလေးက တကောင်၊ အမဲက ၄ကောင်။ ကိုယ့်ကိုတွေ့တာနဲ့ သူ့ကိုပွတ်ပါ၊ ငါ့ကိုပွတ်ပါ ဆိုပြီး အတင်းတိုးဝှေ့ ခေါင်းထိုးပေးကြတာ။ အားလုံးကို ညီတူမျှတူ အကုန် သေချာ ပွတ်သပ်ပေးပြီး အစာတွေ ထည့်ကျွေး နို့တိုက် လုပ်ရပါတယ်။ ဒါက မနက်တိုင်း နိုးလာရင် လုပ်နေကျ အလုပ်။

အရင်ကလဲ သံယောဇဉ်ဆိုတဲ့ ပို့စ်မှာ ရေးဖူးပါတယ်။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ချစ်ရတာ ခံစားရလွန်းလို့ မမွေးတော့ဘူးလို့ ဆုံးဖြတ်ထားပေမဲ့ ကိုယ့်ခြံထဲမှာ လာမွေးလေတော့ ကျွေးမိ မွေးမိ လုပ်မိတယ်။ ဒါနဲ့ ကလေး ၄ကောင်ရယ်၊ ကြောင်အမေကြီး တကောင်ရယ် သောင်တင်နေတော့တာပေါ့။

နံမည်တွေကလဲ ပေးထားတာ စုံလို့။ အဖြူ အမလေးက အချောဆုံး။ ရုပ်က ချောပါတယ်ဆိုမှ ပဲက များလွန်းလို့ ပဲထုပ်ကလေးလို့ နံမည်ပေးထားတယ်။ ဒါပေမဲ့ သူ့အဖေက ခေါ်တာတော့ ချစ်သမီး တဲ့။ အမွှေးရှည်မျိုးလေးမို့ ဘီးဖီးပေး၊ လည်ပတ်အနီရဲရဲလေး ပတ်ပေးရတယ်။ အိမ်ကို လာတဲ့ မိတ်ဆွေတွေက သမီးလေးက အမေတူလေးပါလား၊ ကစ်ကစ်လေးနော်၊ ပေါင်တုတ်တုတ်လေးနဲ့ ချစ်စရာလေး လို့ဆိုရင် အမေလုပ်တဲ့ ကိုယ်က ပီတိတွေဖြစ်ပြီး ရှိတာတွေချကျွေးရလို့ ကုန်ပေါင်းများပြီ။

နောက်တကောင်ကတော့ ပိညှက် လေ။ မွေးစက ဒီ Fall တောင် ကျော်ပါ့မလား၊ ခံပါ့မလား ထင်ရတာ။ ပြုစုလိုက်ရတာ။ အိပ်ရင်တောင် ပွေ့ထားရတယ်။ အခုတော့ တသွေးတမွေးဖြစ်ပြီး မိဘကိုတောင် ပြန် ကလန် ချင်တယ်။ ကိုယ်တို့ အိမ်ပြန်နောက်ကျမိရင် သူက အိမ်ဝကနေပြီး အိမ်ထဲကို ကုပ်ကုပ် ကုပ်ကုပ်နဲ့ ၀င်လာတဲ့ မိဘနှစ်ပါးကို ဆီးဟောက် တတ်တယ်။ ဘယ်သွားနေတာလဲ၊ ဗိုက်ဆာလှပြီ ဘာညာနေမှာပေါ့။

ဟောက်လဲ ချစ်ရတာပါပဲ။ သားပိ လို့ ချစ်စနိုးခေါ်တယ်။ အရောင်ကတော့ မဲပြောင်လို့။ သူ့ကြောင်အမေကြီးမွေးတုန်းက ဘာမှားသွားတယ် မသိ။ အရိုးလွဲပြီး ပါးစပ်က မစိဘူး။ သူ့ပါးစပ်က နံလိုက်တာ။ ဒါနဲ့ နံတာကို အစွဲပြုပြီး သူ့အဖေက အတည်အခန့် နံမည်ပေးတယ်။ မောင်နန္ဒ တဲ့။ ရုပ်ကလေးက ချောချင်ပေမဲ့ နှာခေါင်းပိတ် ချစ်ရတော့ ခက်တယ်။ (မောင်နန္ဒ နံမည်တူများ စာလာဖတ်ခဲ့ရင် ခွင့်လွှတ်ကြပါ)

သားပိက လည်လိုက်တာလဲ မွှတ်လို့။ သူက အညှက်ဆုံးပေမဲ့ သူ့ ကြောင်အကိုတွေ အမတွေအကုန်လုံးကို အိတ်ထဲထည့်ထားတယ်။ အားလုံးက သူ့သဘော။ သူ့ကို အလိုလိုက်ကြ၊ ချစ်လိုက်ကြတာ။ လျှာတွေနဲ့ ယက်ပေးကြ၊ အတူဆော့ပေးကြ။ လည်လွန်းလို့ နည်းနည်းကြီးရင် ကိုယ်တို့နှစ်ယောက်ကို အိမ်ဝမှာ ချရောင်းစားမဲ့ပုံပေါက်တယ်။

အဲဒီ ချစ်သမီးနဲ့ သားပိကတော့ ကျန်တဲ့ကလေးတွေ အိမ်ထောင်ကျ၊ မိဘကို ပစ်သွားလဲ အိမ်မှာ ကျန်နေမဲ့ အိုးကပ်ကလေးတွေပါ။ သူတို့ကတော့ လုပ်ကျွေးမယ် မထင်၊ ကိုယ်ကပဲ အိုကြီးအိုမ အထိ သူတို့ ချီးကျူံး၊ ပြုစုရမဲ့ သားသမီးတွေပါ။

နောက်တကောင်က အိုဘားမား တဲ့။ အမဲနဲ့ အဖြူစပ်လေး။ သူက အရိုင်းဆုံး။ ဆော့လဲ အဆော့ဆုံး။ ဒါနဲ့ အထီးလေးထင်ပြီး အိုဘားမားလို့ နံမည်ပေးလိုက်တာ။ အခု ကြီးလို့ ကိုင်လို့ရတဲ့အချိန်ကျတော့ သေချာကြည့်မိတော့ အမ လေး ဖြစ်နေတာ။ ကဲ.. မတတ်နိုင်ပါဘူး။ ခေါ်လက်စ အိုဘားမားပဲ ဆက်ခေါ်ရတော့တာပဲ။ နှုတ်ကျိုးနေပြီ။ သမ္မတ အိုးဘားမားသိရင် သတ်မှာ။ ဘယ့်နှယ် ငါ့နံမည်ပေးထားတာ ကြောင်အမကြီးပါလား ဖြစ်မှာ။

နောက်တကောင်ကတော့ ကလေးတွေထဲမှာ အကြီးဆုံးထင်ပါရဲ့။ သူ့အမေ မိညောင်မကြီး နဲ့ အမြဲမှားတယ်။ အမေတူသားပေါ့ (ကြောင်အမေနဲ့ တူတာပါ၊ လူအမေကတော့ နည်းနည်းပိုချောနေလို့။) ဒါနဲ့ ဘာနံမည်ပေးရမှန်း မသိတာနဲ့ အကြီးကောင်လို့ပဲ လွယ်လွယ်ခေါ်လိုက်တယ်။ သူက စားပြီးတာနဲ့ လှဲနေ၊ ဇိမ်ယူနေတတ်တာ။ ဆော့လဲ ဆော့ပါ့။ ခေါင်းညှပ်တဲ့ ကလစ်လေးတွေ ပျောက်လို့ ကြည့်လိုက်ရင် သူ့ပါးစပ်ထဲမှာချည်း။ ယူဆော့တာပါ။ သူတို့ဆော့သမျှ လိုက်သိမ်းရတာလဲ အလုပ်တခု။

အခု သူတို့အမေ မိညောင်မကြီးက နောက်ထပ် ကလေး ၅ကောင် ထပ်မွေးလိုက်ပြန်ပြီ။ ခြံထဲက ဂိုဒေါင်အသေးလေးထဲမှာပါပဲ။ အိမ်ထဲတော့ ခေါ်မသွင်းလာသေးဘူး။ ဟိုတနေ့က ပန်းကန်ဆေးရင်း ပြူတင်းပေါက်ကနေ ခြံထဲလှမ်းကြည့်မိတော့ ခြံထဲမှာ ဆော့နေလိုက်ကြတာ။ ပန်ဒါ ၀က်ဝံအရောင် အနက်နဲ့ အဖြူကြားလေး ၂ကောင်လဲပါတယ်။ လှမှလှ။ ဒါဆို စုစုပေါင်း ၁၀ ကောင်ဖြစ်သွားပြီ။ မိဘတွေလဲ လူမွဲစာရင်းခံဖို့ အချိန်အနည်းငယ်သာ လိုတော့သည်။

ကလေးတွေအားလုံး အဖေကပ်ကြတယ်။ ကပ်မယ်ဆိုလဲ ကပ်ချင်စရာလေ..။ သူက ကြောင်စားဖို့ snack တွေ ၀ယ်ထားပြီး သူချည်း ကျွေးတာ။ အဲဒီတော့ သူ့ဆိုရင် တွေ့တာနဲ့ ပြာသလူးကို ခပ်နေတာ။ မျက်စိကို နောက် ရော။ တကယ်က သူတို့ ချီး ကျူံးနေတာက ကိုယ်။ အနံ့စုပ်တဲ့ scoopable sand နဲ့မို့ တော်သေးတာပေါ့။ ကိုယ်များ ချီမယ်ဆိုရင် အမြီးတန်းနေအောင် ပြေးပြီ။ လာပါဟဲ့ ငါချစ်လွန်းလို့ပါဟဲ့ ပြောရတယ်။

ကိုယ်တို့နှစ်ယောက်လဲ ကလေးတွေ၊ တိရိစ္ဆာန်တွေဆို သိပ်ချစ်တာပါ။ ဒီလိုလူမျိုးမှပဲ သားသမီးရဖို့ ကံက မပေးဘူး။ အိမ်နားက မက္ကဆီကန်တွေများ ကလေးတွေ ဟော တယောက် ဟော တယောက်မွေးပြီး အစိုးရဆီမှာ ကလေးစားရိတ်တောင်းကြတယ်။ အသားဖြူဖြူ မျက်လုံးနက်နက် ဆံပင်ကောက်ကောက်လေးတွေမို့ ကလေးတိုင်း လှတယ်။ ဒါကြောင့် ကလေးတယောက်များ အိမ်ရှေ့လာပစ်ထားရင် အိမ်ထဲသွင်းထားလိုက်မှာ။ ပြန်မရတော့ဘူး မှတ်။

ကိုယ်ငယ်ငယ်ကတည်းက ကြောင်လေးတွေကို သိပ်ချစ်တတ်သူမို့ ကြောင် ဇာတ်လမ်းတွေ ရှိခဲ့ပါတယ်။ သတိရလို့ ငယ်ငယ်ကအကြောင်းလေး ပြောပြအုံးမယ်။ ကိုယ်ငယ်ငယ်က ကြောင်နဲ့ အိပ်တယ်၊ တချိန်လုံး ကြောင်ချည်း ပွေ့နေတယ်။ ကြောင်စကားတောင် နားလည်သလောက် ဖြစ်နေပြီ။ ကြောင်သန်းဆိုရင် စပယ်ရှယ်လစ်။

တနေ့တော့ ကိုယ်တို့အိမ်နားမှာနေတဲ့ အံကယ်ကြီးက သူ့အိမ်က ကြောင်လေး သန်းတွေ များလွန်းလို့၊ ကူပါအုံး တဲ့။ ကိုယ့်မောင်လေးကတဆင့် အကူအညီတောင်းလာတယ်။ ဒါနဲ့ ကြောင်စပယ်ရှယ်လစ်ကြီး လိုက်သွားပြီး တနေ့လုံး ကြောင်လေးကိုယ်က သန်းတွေ သွားတုပ် ပေးတာ။ ကြောင်လေးကို သနားလိုက်တာ။ သန်းတွေ များလွန်းလို့ ချိနေတာ။ ကိုယ်က သနားတော့ ငိုရင်း သန်းတွေ တုပ်။ ဖင်ပြန် ခေါင်းပြန် သန်းတွေ ရှာ။ တနေ့လုံးပဲ။ ဇတ်ကြောတွေတောင် တက်လို့။

အံကယ်ကြီးကလဲ ကိုယ့်ဘေးမှာ ကော်ဖီနဲ့ မုန့်တွေ ထားပေးထားတာ။ ကျေးဇူးတင်လွန်းလို့။ ကိုယ်လဲ မုန့်တောင် မစားနိုင်ပါဘူး။ ကလေးပဲရှိသေးတာဆိုတော့ စကပ်လေးထဲ ကြောင်လေးကို ထားပြီး သန်းတွေ ငုံ့ရှာ နေတော့တာပဲ။ ညနေစောင်းတော့ သန်းတွေလဲ မရှိသလောက် ကုန်ပြီ။ ဒါနဲ့ အညောင်းဆန့်ပြီး အိမ်ပြန်ခဲ့တယ်။ ကုသမှု အစီအစဉ် ပြီးဆုံး အောင်မြင်ပြီ ပေါ့။

နောက် ၃ရက်လောက်နေတော့ အံကယ်ကြီးနဲ့ လမ်းမှာ တွေ့တယ်။ ကိုယ်လဲ ကိုယ့်လူနာကို မေးမိတာပေါ့။ အံကယ်ကြီး၊ ကြောင်လေး သက်သာပြီလား၊ သန်းတွေ ပြောင်သွားပြီ မဟုတ်လား ပေါ့။ အံကယ်ကြီးကလဲ စိတ်မသက်မသာနဲ့ ပြန်ပြောရှာတယ်။ သန်းတွေတော့ သမီး တုပ်ပေးလို့ ကုန်ပါပြီ တဲ့၊ ဒါပေမဲ့ ကြောင်လေးက ငယ်သေးတော့ သမီးတနေ့လုံး ကိုင်လိုက်တာ လက်ပူကြပ်ပြီး သေသွားရှာပြီ သမီးရေ॥တဲ့။ ကိုယ်လဲ ဟိုက် ၊ သေကုန်ပဟ ဆိုပြီး တလလောက် အံကယ်ကြီးကို ရှောင်နေလိုက်ရတယ်။

နည်းနည်းကြီးလို့ အင်းစိန် ပြောင်းလာတော့ တစခန်း ထ ပြန်ပါရော။ ကြောင်လေးတွေ နေမကောင်းဖြစ်တော့ ကိုယ်တိုင် မကုရဲတော့ဘူး။ လက်တည့်စမ်းတာမှာ လွန်တာတွေလဲ ရှိခဲ့ဖူးတော့ ငြိမ်နေရတာပေါ့။ ဒါနဲ့ တိရိစ္ဆာန်ဆေးကုဆရာဝန် ခေါ်ရတယ်။ ဆရာဝန်လုပ်သူက အိမ်နားလဲ နီးနေတော့ ညနေဆို ကြောင် လာ လာ ကြည့်တယ်။

ကြောင်ချည်း လာကြည့်တာဆို အရေးမကြီးဘူး။ အခုဟာက ဆရာဝန်က ကြောင်ကို ကြည့်ရင်း ကိုယ့်အမ မအေးကိုပါ ရော ရော ပြီး ကြည့်နေတာ။ တကယ်က မအေးက ကြောင် ချစ်တတ်တာ မဟုတ်ဘူး။ စကားရော ဖောရော နဲ့ အဖေတို့ အမေတို့နဲ့တောင် ခင်နေပြီ။ နောက်တော့ ကြောင်နေကောင်း မပျောက်အောင်တောင် ဆွဲကုနေသလား မှတ်ရတယ်။ သေတဲ့ကောင်တောင် သေ။

ကိုယ့်အမ မအေးက တအိမ်လုံးမှာ အချောဆုံးပါ။ သူ့ကို ချစ်သူ ကြိုက်သူဆိုတာ တပုံကြီး။ လူကလဲ ရိုးရိုးအေးအေးဆိုတော့ ဘယ်သူမှ အိမ်ကို ၀င်ထွက်ခွင့်ရတာ မဟုတ်ဘူး။ အဲဒီ ကြောင်ဆရာဝန်ကတော့ ကိုယ့်ဆီက ကြောင်ပါမစ်ရထားတော့ ဟန်ကျနေတာပေါ့။ ကိုယ်လဲ အတော်ခရီး ရောက်မှ ကိုယ့်အမကို ကြိုက်နေပါလားဆိုတာ ရိပ်မိသလိုလို ရှိတယ်။

ဒါပေမဲ့လဲ ကိုယ်က ငယ်သေးတော့ ကလေးအတွေးနဲ့ နောင်ဆို ကြောင်ကလေးတွေ ဖျားနာရင် ဆေးကုခ သက်သာပြီဆိုပြီးနေတာ။ ငါ့ကြောင်လေးတွေ ကျန်းမာရေး စိတ်အေးပြီလို့ ထင်မိတာ။ ဒါနဲ့ အမတယောက် ပေးလိုက်ရတာပါပဲ။ အခု ကိုယ့်တူမလေးတွေ ဖြစ်တဲ့ မိုးပွင့်တို့ မိုးဥတို့ အဖေ ဖြစ်လာတဲ့သူပေါ့။

အခု သူတို့လင်မယား စကားများတယ်ကြားရင် ကိုယ့်မှာ ကြားထဲကနေ “ငါ့ကြောင့်ပါ၊ ငါ စ တဲ့ မီးပါ” လို့ ကြိတ် ရေရွတ်နေရတယ်လေ။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

တပတ်အတွင်း မှတ်စု

ဘလော့ဂ်လေးလဲ ဖုန်တက်နေပြီ။

မိတ်ဆွေတွေက စာမရေးတာ ကြာလို့ ကိုယ့်လူ စာရေးတော့လေ၊ နှစ်ကူးနေတာ အင်္ဂလိပ်နှစ်ကူးပြီးတော့ ကရင် နှစ်ကူး၊ ပြီးတော့ တရုတ် နှစ်ကူး၊ နောက် မြန်မာ နှစ်သစ်ကူးတောင် ရောက်တော့မယ် တဲ့။ ဒါတော့ တဆိတ် ပိုပြီ ထင်တယ်။

တကယ်က ကိုယ်လဲ ရေးမလို့ ကြိုးစားနေတာပါပဲ။ မရေးဖြစ်တာက သွားကိုက်နေတာနဲ့ လက်ပါ ရော ကိုက်သွားပြီး စာမရေးနိုင် ဖြစ်သွားတယ်။ ကိုယ့်အဖို့မှာတော့ သွားကိုက် သွားဖုံး ယောင်တဲ့ အနာဟာ နာသမျှ အနာတွေထဲမှာ အဆိုးဆုံးလို့ ထင်မိတယ်။ ဘယ်လောက်ပဲ ပါးကြီးယောင်ကိုင်းနေပါစေ၊ နဂိုက ပါးဖောင်းပြီးသားဆိုတော့ နဂိုဖောင်းပဲ ထင်ပြီး ရုပ်က သနားစရာလဲ မဖြစ်ပြန်တော့ ပိုခံရတယ် ထင်မိတယ်။

အရေးထဲ ကိုယ်ကလဲ သတ္တိခဲ ဆိုတော့ သွား နှုတ်တဲ့ ကိရိယာ တန်ဆာပလာတွေ မြင်ရင် ရင်ထဲမှာ တလှပ်လှပ် ဖြစ်နေတယ်။ ဒါတောင် ပြတဲ့ ဆရာဝန်က ကိုယ့်အမလို ခင်ပြီး ရင်းနှီးပြီးသား။ ကိုယ်ကြောက်တတ်မှန်းသိလို့ အသက်သာဆုံး လုပ်ပေးမှာ ယုံကြည်ရပြီးသား။ ဒါတောင် ကြောက်လွန်းလို့ တုန်တုန်ရီရီနဲ့ ဆေးခန်းထဲ ၀င်ရတာပါ။

အခုအချိန်က ပါးစပ်လှုပ်တာတောင် တရားမှတ်သလို သတိနဲ့ လှုပ်နေရပေမဲ့ လက်ကတော့ လှုပ်လို့ရသေးတာမို့ ကီးဘုတ်ပေါ်ကို လက်တင်လိုက်ပါပြီလေ။

မြန်မာပြည်မှာတော့ စနေ၊ တနင်္ဂနွေနေ့လည်တွေဆိုရင် ရုပ်ရှင်ပြီးရင် တီဗီမှာ တပတ်အတွင်း သတင်း လာတတ်တာ သတိရသေးတယ်။ အဲဒီအချိန်ဆိုရင် တီဗီကြည့်နေတဲ့လူတွေက ကြည့်စရာတွေ ကုန်ပြီလို့ သဘောထားလေသလား မသိ၊ အညောင်းတွေဘာတွေဆန့်၊ လုပ်စရာရှိတာတွေ အခုမှ သတိရသွားသလို ထ လုပ်တတ်တာ။

အခုလဲ ကိုယ်က ကိုယ်စာမရေးဖြစ်တဲ့ တပတ်အတွင်း ဘာတွေလုပ်ဖြစ်သလဲ ဆိုတာကို ပြောပြရရင် တပတ်အတွင်း သတင်းနားထောင်ရသလို ဖြစ်ချင်ဖြစ်နေမှာ။ ဒါပေမဲ့ သတင်းက ကြည့်သူ မရှိလဲ လွှင့်မြဲ လွှင့်နေသလို ကိုယ်ကလဲ ဖတ်သူမရှိလဲ တောင်ရောက် မြောက်ရောက် လျှောက် ရေးနေသလို ဖြစ်နေပြီ ထင်ပါရဲ့နော်။

ဖြစ်ပုံက ကိုယ့်အတတ်ကိုယ်စူးတာပါ။ ကိုယ်က သူငယ်ချင်းတွေကို အံ့သြအောင် surprise လုပ်တတ်လွန်းလို့ အခုတော့ ကိုယ့်အလှည့်ဖြစ်သွားတာ။ နှစ်ကူးမှာ ဆန်ဖရန်စစ်စကိုက မိတ်ဆွေတွေက လာမယ်လို့ ကြိုပြောပြီးသား။ လွတ်လပ်ရေးနေ့မှာ က မဲ့ သီးလေးသီး အငြိမ့် အတူတူကြည့်ကြမယ် လို့ ချိန်းပြီးသား။ ဒါပေမဲ့ သူတို့က ဘာမှ ကြိုမပြောဘဲ အံ့သြ ၀မ်းသာသွားအောင် တပတ်လောက် စော လာလိုက်တယ်။

အဲဒီညက ခရစ်စမတ်ပြီး နောက်တည။ ညစာစားနေတုန်း အိမ်ရှေ့က ဘဲလ်တီးသံ ကြားတော့ လိုက်ကာကြားက အပြင်ကို ချောင်းကြည့်လိုက်မိတယ်။ ဟာ..။ မမျှော်လင့်ဘဲ သူငယ်ချင်း ကိုတွေ့တော့ ၀မ်းသာလွန်းလို့ အမကို ဖက်ပြီး ခုန်နေတာ အိမ်ရှေ့က မြေကြီးတောင် နည်းနည်း နိမ့်သွားသလိုပဲ။ အိမ်ရှေ့မှာ ကိုယ်အံ့သြသွားတာကို ပြုံးပြီး ကြည့်နေတဲ့ အမ ဆိုတာ (စန်တာ က ပေးတဲ့) ခရစ်စမတ်လက်ဆောင်မို့ အကြီးကြီးပါလား လို့။

တကယ်က သူတို့က နီးနီးနားနား ခရီးထွက်ဖို့လာတာ။ ဒါနဲ့ ကိုယ်တို့ နှစ်ယောက်လဲ တခါတည်း အထုပ်အပိုးပြင်ပြီး ကောက်ကောက်ပါအောင် လိုက်သွားတော့တာပဲလေ။ ဒီလိုနဲ့ Nevada က Las Vegas လဲ ရောက်သွားတယ်၊ Arizona က Grand Canyon ကိုလဲ သွားတယ်။ အဲဒီ့က အပြန် Sedona ဆိုတဲ့ အရမ်းလှတဲ့ မြို့လေးကိုလဲ ရောက်သွားတာပေါ့။

Las Vegas ဆိုလို့ ကန္တာရထဲက နိဗ္ဗာန်ဘုံမို့ အထင်တွေ ကြီးပြီး လောင်းကစားလုပ်၊ ပျော်ပါးနေတယ် မထင်ပါနဲ့အုံး။ လမ်းမကြီးတလျှောက် လက်တွဲလျှောက်ရင်း စကားပြောကြတာပါပဲ။ လမ်းလဲ လျှောက်ရလွန်းလို့ လူတောင် ကွ တ နေတာပါ။ ကြုံရာ ကော်ဖီဆိုင်လေးတွေမှာ ထိုင်၊ ကိုယ်အကြိုက်ဆုံး ဖြစ်တဲ့ Venetian ဆိုတဲ့ Casino မှာ ဗင်းနစ်သားတွေ ဟိုတယ်ကြီးထဲက မြစ်ရိုးလေးတလျှောက် သီချင်းဆိုရင်း လှေလှော်တာကို သွားငေးမောတာပါပဲ။

ကိုယ် Las Vegas သွားတိုင်း လောင်းကစားဝိုင်းတွေ မတွေ့ရတဲ့ (တကယ်က အထပ် သပ်သပ်ခွဲထားတာပါ) အဲဒီ သီချင်းဆိုရင်း လှေလှော်ကြတဲ့ နေရာလေးကို မရောက်ရောက်အောင် သွားတာပဲ။ အေးချမ်းလို့လေ။ ကိုယ့် dream ကလဲ ဗင်းနစ်စ်မြို့မှာ လှေစီးဖူးချင်တာမို့ပါ။ ပြီးရင် မဒမ်တူးဆော့တ် ဖယောင်းပြတိုက် ၀င်ကြည့်တယ်။ Las Vegas မှာ ကိုယ်တို့ သွားတတ်တာ ဒါ အကုန်ပဲ။

နှစ်ကူးတဲ့ အချိန်ကတော့ Grand Canyon သွားနေချိန်ပေါ့။ ၂၀၀၉ ကိုကူးတဲ့ ည ၁၂နာရီထိုးတဲ့ အချိန်က သူများတွေလို စိတ်ကူးယဉ်စရာ မကောင်းဘူး။ ညကြီးက မှောင်မိုက်လို့၊ လမ်းပေါ်မှာ ကိုယ်တို့ ကား တစီးတည်း မိုက်မိုက်မဲမဲ မောင်းနေတယ်။ ပြီးတော့ တောင်ပေါ်တက်နေတဲ့အချိန်။

ကိုယ်လဲ နှစ်ကူးတာ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမလို့ပါပဲ။ ကားကို လမ်းဘေးမှာရပ်၊ ကားပေါ်က ခုန်ဆင်း၊ ဦးထုပ်တွေ မာဖလာတွေ လေထဲ ပစ်မြှောက်၊ ဟက်ပီးနယူးယား မယ်ပေါ့။ ဒါပေမဲ့ ကားက တောင်ပေါ်တက်နေချိန်မို့ လမ်းဘေး ကားမရပ်ရ တဲ့၊ သတိပေး ဆိုင်းပုဒ်တွေ ရေးထားတယ်။

လမ်းနံဘေးမှာလဲ နှင်းတွေက ဖွေးဖွေးလှုပ်ပြီး ဖြူဆွတ်လို့။ အပြင်ဖက်မှာ -11 ဒီဂရီဆိုလား။ ကားလေးက တရိပ်ရိပ်ပြေးလို့၊ ဖုန်းတွေ ဆက်ပြီး နှုတ်ဆက်မယ်ဆိုတော့ LAက မိတ်ဆွေ တယောက်ဆီပဲ ဖုန်းဆက်လို့ရခဲ့တယ်။ ဟေး..ဟက်ပီးနယူးယား ဆိုတော့ ၁၂နာရီထိုးဖို့ တနာရီတောင် လိုသေးတာ တဲ့။ ကိုယ်ရောက်နေတာက Arizona မို့ California ထက် တနာရီ စောနေတာလေ..။ ဖြစ်ပုံက..။

နောက်တော့ တောင်ကြားလမ်းမို့ network မမိတော့လို့ ဖုန်းလဲ ဆက်မရတော့လို့ ဘယ်သူမှ နှုတ်မဆက်လိုက်ရတော့ဘူး။ ဒါနဲ့ ကားထဲမှာပဲ ငုတ်တုပ်လေး ထိုင်ပြီး တမိနစ်တခါလောက် ကိုယ်နှုတ်ဆက်ချင်တဲ့သူတွေကို စိတ်မှာတွေးပြီး ဟေး..ဟက်ပီးနယူးယား လို့ အော်နေလိုက်တာပေါ့။ ဒါလဲ ပျော်တာပါပဲ။

Grand Canyon ကတော့ ဒါ ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ ကမ္ဘာ့အံ့ဘွယ်လဲဖြစ်၊ ဘူမိဗေဒ နဲ့လဲ ကျောင်းပြီးသူမို့ ကျောက်တွေကို ချစ်မိတာ လွန်သလား။ ကျောင်းစာတွေကတော့ မေ့ကုန်ပါပြီ။ သက်ရင့် သက်နု ကျောက်တွေ အရောင်အမျိုးမျိုးနဲ့ လှနေတာကို တ၀ကြီး ကြည့်ခဲ့ရတယ်။ သဘာဝဟာ အံ့သြလောက်အောင် လှနိုင်ပါပေ့။

နောက်..ကိုယ်တို့က Economy ခရီးသွားနည်းနဲ့ သွားခဲ့တာမို့ ထမင်းဟင်းတွေလဲ သယ်သွားသေးတာ။ ညကြီးမိုးချုပ် Rest Area မှာ ကားရပ်တော့ ထမင်းစားကြမယ်ပေါ့။ ဒါနဲ့ ထမင်းတွေ၊ ငါးရံ့ခြောက်ဖုတ်၊ လက်ဖက်၊ ချဉ်ပေါင်ကြော်တွေ ထုတ်ကြတယ်။ မှောင်ထဲမှာ အိမ်သာက မီးရောင်လေး မမြင်မကန်းနဲ့ သူငယ်ချင်း ၆ယောက် ဝေပုံကျ ဟင်းတွေ ပုံကြတယ်။

ရာသီဥတုကလဲ အေးလိုက်တာ မပြောပါနဲ့တော့။ ဒါနဲ့ ထမင်းပေါ် ဟင်းပုံပြီးတော့ ကားထဲမှာ ပြန်ထိုင်စားကြတာပေါ့လို့ သဘောတူကြတယ်။ ဒီလိုနဲ့ လေအေးအေးမှာ တုန်ခိုက်ရင်း ထမင်း ပန်းကန်တွေကိုင်ပြီး “ကားဆီကို ပြေးကြဟေ့” တဲ့၊ တယောက်က လောဆော်တယ်။

ကိုယ်ကလဲ မှောင်နဲ့ မဲမဲ ဘာကိုကိုင် ပြေးရမယ်မှန်း မသိဘဲ ယောင်နန ဖြစ်နေတုန်း ကိုရစ်က အဲဒီရေဗူး ယူခဲ့ တဲ့၊ လှမ်းပြောတယ်။ ကိုယ်လဲ ဥာဏ်အလင်းပွင့်ပြီး စားပွဲပေါ်က ရေဗူးယူပြီးတော့ ကားဆီကို ပြေးနေတဲ့ လူအုပ်နောက်က ပြေးလိုက်ရတယ်။

ပြေးရင်းတန်းလန်း စဉ်းစားမိတာက ရေဗူးထဲမှာ ရေက တ၀က်လောက်သာ ကျန်တော့တယ်၊ ဘာလို့ ဒီရေဗူး သယ်နေမလဲပေါ့၊ ငါသောက်လိုက်ရင် မြန်မြန် ကုန်၊ လွှင့်ပစ်ရတာပဲဆိုပြီး ပြေးရင်းတန်းလန်း ရေဗူးကို မော့သောက်လိုက်တာ တမျိုးတော့ ဖြစ်သား။ ရေကလဲ ဘယ့်နှယ် ရေ ပါလိမ့် ချွဲတဲတဲ နဲ့ဆိုပြီး မီးမှိန်မှိန်မှာ သေချာကြည့်လိုက်တာ အားပါးပါး..လက်ဖက်သုတ်ဖို့ ယူလာတဲ့ ဆီပုလင်း ဖြစ်နေတာကိုး။ ဆီက နှစ်ဆယ်သားလောက် ဗိုက်ထဲ ၀င်ပြီးပေါ့..။

ကိုယ်လဲ ခရီး စ ထွက်ကတည်းက ချောင်းဆိုးနေတာပါ။ ချွဲမရှိဘဲ ချောင်းခြောက်ကြီး ဆိုးနေတာမို့ စိုစိုပြေပြေ ဖြစ်သွားအောင် လည်ချောင်းထဲ ဆီလောင်း လိုက်ရတဲ့သဘောပါ။ အတော်တော့ အီလည်လည် ဖြစ်သွားတယ်။ ချောင်းလဲ အဲဒီကတည်းက ဓာတ်ကြမ်းတိုက်လိုက်သလို ဖြစ်ပြီး လန့်သွားပုံရတယ်။ လုံးဝမဆိုးတော့ဘူး ဆိုပါတော့။

သွားခဲ့တဲ့အထဲမှာတော့ ဆီဒိုးနားဆိုတဲ့ မြို့ကလေးက ချစ်စရာ အကောင်းဆုံးပါ။ မြို့လေး သေးသေးမှာ ကော်ဖီဆိုင်လေးတွေနဲ့ ပြည့်နေပြီး မြေကြီး နီနီ တွေနဲ့။ Cathedral ကျောက်တောင်ဘေးက ချောင်းကလေး တလျှောက် လမ်းကလေး ကွေ့ကောက်ကောက် လိုက်ခဲ့ကြသေးတယ်။ တကယ့် တောရိပ် တောင်ရိပ်။

၂ရက်နေ့ ညမှာ LA ပြန်ရောက်ပြီး ၄ရက်နေ့ လွတ်လပ်ရေးနေ့မှာ သီးလေးသီး အငြိမ့်ကို ကြည့်ဖို့ အသင့်ဖြစ်နေပြီ။ သီးလေးသီးဆိုရင် တည်ထောင် ပျိုးထောင်ခဲ့သူ ကိုဇာဂနာကို ချန်ထားလို့ မရပါဘူး။ အခုအချိန်မှာ မြစ်ကြီးနားထောင်မှာ ထောင် ၅၉နှစ် ကျနေတဲ့၊ ထောင်ဝင်စာတောင် ပုံမှန်တွေ့ခွင့် ဝေးလံခက်ခဲနေတဲ့ ကိုဇာဂနာကို သတိရစရာ လွမ်းဆွတ်စရာတွေ ဖြစ်ရတာပေါ့။ မေတ္တာလက်မှတ်ပေးလို့ လာကြည့်တဲ့ အမ မလွင်မာတို့ သားအမိကတော့ ပို သတိရစရာ ဖြစ်ရှာမှာပေါ့။

လွတ်လပ်ရေးနေ့မှာ လွတ်လပ်စွာ ပြောဆို ရယ်မောခွင့်ကို သီးလေးသီး နဲ့ ဆေးရောင်စုံ အငြိမ့်က မြန်မာပြည်သူပြည်သား ကိုယ်စား ခဏပေးလိုက်သလိုပါပဲ။ ကြည့်ရင်း ကိုယ်တို့ချစ်တဲ့ မြန်မာပြည်ကြီးကို လွမ်းလိုက်တာ။ တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ ဒို့ပြေ၊ ဒို့မြေ တဲ့၊ ဘယ်တော့များမှ သီချင်းစာသားထဲကအတိုင်း ဖြစ်ပါ့မလဲ။

နောက် လွတ်လပ်ရေးနေ့နဲ့ လိုက်ဖက်ညီတဲ့ လွတ်လပ်ရေး ဗိသုကာ၊ ကိုယ်တို့အားလုံးရဲ့ တဦးတည်းသော ဗိုလ်ချုပ်၊ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သီချင်းကိုတော့ ဆိုရတာ အားရပါးရ အရှိဆုံးပါပဲ။ မျက်ရည်လဲ ၀ဲမိတယ်။

သီးလေးသီးကိုတော့ တာဝန်ကျေပွန်တဲ့ အနုပညာသမား ပီသ သူများလို့ ပြောချင်တယ်။ သူတို့ဟာ သာမန်လူတွေပါ၊ ဒါပေမဲ့ ပြောသင့်တာ လုပ်သင့်တာကို ရဲရဲဝင့်ဝင့် စိုးရိမ်ကြောင့်ကြမှု မရှိဘဲ ဆရာသမားရဲ့ လမ်းအတိုင်း အနုပညာနဲ့ ပြတ်ပြတ်သားသား ရပ်တည်ပြခဲ့၊ တင်ဆက်ခဲ့တာ ချီးကျူးစရာပါပဲ။

သူတို့တွေက ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်းတွေမို့ ပညာလဲ အသင့်အတင့်ရှိတယ်၊ အဲဒီမှာ ရပ်တည်ချက် မှန်ကန်တဲ့အတွက် အလှမှာ အယဉ်ဆင့်သလို ဖြစ်ပြီး ကြည့်သူတိုင်း ကြည်နူး ပီတိ ဖြစ်ရပါတယ်။ ဖျော်ဖြေရေး သက်သက် မဟုတ်ဘဲ အမှန်တရားကို ထိတွေ့ခွင့်ရတဲ့အတွက်ကြောင့်မို့ ထင်ပါတယ်။ အခုလိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ မှန်ကန်တဲ့ အနုပညာခရီးကို ဆက်လျှောက် သွားနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။

ကဲ…တပတ်အတွင်း သတင်းတော့ ပြီးပါပြီ။ သတင်းကြေငြာသလို ကိုယ်ပြောချင်တာတွေ ပြောပြီးတော့ အောက်က ပရိသတ်ကို ကြည့်လိုက်တော့ အိပ်တဲ့လူက အိပ်လို့။ ထိုင်သူ မရှိတဲ့ ဖျာတောင် လေထဲ လွင့်ပြေးတော့မှာပါကလား။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

နှစ်သစ် ဆုတောင်း

ဒီနှစ်သစ်မှာ..
လိုရာဆန္ဒ ပြည့်စုံ ပျော်ရွှင်နိုင်ကြပါစေ။
မိသားစု၊ ကိုယ်ချစ်ခင်သူများနဲ့ ဝေးကွာနေရသူများ အမြန်ဆုံး ပြန်လည် ဆုံဆည်း နိုင်ကြပါစေ။
မတရားမှုတွေ အနိုင်ကျင့်မှုတွေ ကွယ်ပျောက်၊ တရားမျှတမှုတွေ အောင်ပွဲခံတဲ့ နှစ်သစ် မင်္ဂလာဖြစ်ပါစေ။
မေတ္တာတရား လွှမ်းခြုံပြီး ရန်လို ငြူစူ စောင်းမြောင်းခြင်း ကင်းတဲ့ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေ။
ကျန်းမာ အေးချမ်း ပျော်ရွှင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

နှစ်သစ်ကူး လက်ဆောင်အဖြစ် အခုလက်ရှိကိုယ့် ခံစားချက်နဲ့ ကိုက်ညီနေတဲ့ အဖေ့ ကဗျာလေး တပုဒ် လက်ဆောင်ပေးချင်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။


ရွှေပြည်ဌာန သာချင်စွ

အိပ်ရာဝင် ဘုရားဖူးစဉ်
တရားဦး ဓမ္မစကြာကို
မြတ်စွာ ဗုဒ္ဓ ဟောညွှန်ပြရာ
မိဂဒါဝုန် သားမျိုးစုံသည့်
ရဂုံမြိုင်တလျှောက်
ငါ ကိုယ်တိုင် ရောက်ဘိသကဲ့သို့
တအောက်မေ့မေ့ ချမ်းမြေ့မြေ့နှင့်
လွမ်းငွေ့ဝေရ လပြည့်ည။

ဗုဒ္ဓ ဓမ္မ သံဃာ့ အရိပ်
မိရိပ် ဖရိပ် ဆရာရိပ်၌
အိပ်စက်ခဲ့ဖူး ထိုကျေးဇူးကို
ကြည်နူး ချမ်းမြ သတိရ
သြကာသ သြကာသ။

အခွင့်ပန်၍ မာန်ကို လျှော့ဖြေ
မေတ္တာဝေခိုက်
ကိုယ့်မြေရှိရာ ဦးချကာ
ကျန်းမာ ချမ်းသာ ပန်းပမာ
သဗ္ဗေ သတ္တာ အဝေရာ
မင်္ဂလာသုခ အရကြီး ရ
အဆိပ်မှန်သမျှ လျှောကာကျ
သားရွှေအိုးထမ်း အိမ်ပြန်လှ
ရွှေပြည်ဌာန သာချင်စွ။

တင်မိုး
၂၊ ၁၂၊ ၂၀၀၁


ကိုယ်လဲ ဒီနှစ်သစ်မှာ ဒီဆုတောင်းလေး ပြည့်ချင်ပါလှတယ်။ ရွှေပြည်ဌာန သာချင်စွ……။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...