အပွင့်လေးတို့နဲ့ VZO

စနေ တနင်္ဂနွေ မနက်တွေဆိုရင် ဆိုင်လေးမှာ လူရှင်းတုန်း ကိုယ်ဘာတွေ လုပ်သလဲ ပြောပြချင်မိတယ်။

ဆိုင်ရောက်တာနဲ့ ကွန်ပျူတာဖွင့်၊ VZO သုံးတော့တာပါ။ ကိုယ်ခေါ်လိုက်တဲ့သူတွေက ကိုယ့်ရဲ့ အဝေးက ချစ်တူမတွေဆီကိုပါ။ ကိုယ်တို့ဆီမှာ နေ့လည်ဆို သူတို့ဥရောပမှာ ညဖက်ပေါ့။ ကွန်ပျူတာ ဖန်သားပြင်ကနေ ခေါင်းလေးတွေ တိုးဝှေ့ပြီး အလုအယက် စကားပြောကြတဲ့ ကိုယ့်တူမလေးတွေနဲ့ စကားပြောကြတာ။

တူမလေးက ၄ယောက်။ မိုးပွင့်၊ မိုးဥ၊ စန္ဒြာ၊ မာယာ တဲ့။ မိုးပွင့်က အကြီးဆုံး၊ အသက်က ၁၂ နှစ်။ ပြီးတော့ စန္ဒြာ၊ ပြီးတော့ မိုးဥ၊ အငယ်ဆုံးလေးက မာယာပေါ့။ အများအားဖြင့် မိုးပွင့်လေး နဲ့ စကားပြောတာပါပဲ။ ကျန်တဲ့ကလေးတွေကတော့ ပြေးလာ ပြောလိုက်၊ ဆော့လိုက်ပေါ့။

ကိုယ်က မိုးပွင့်ကို အပွင့်လေး လို့ ခေါ်တယ်။ အပွင့်လေးက ၁၂ နှစ်သာဆိုတယ်၊ အတော်လေး ထွားတယ်။ အရပ်မြင့်မြင့်၊ အဒေါ်လို ၀၀ တုတ်တုတ်လေး၊ မျက်နှာကြီးကြီး နဲ့။ လူကောင်ထွားပေမဲ့ မျက်နှာက တကယ့် ကလေးလေး။ အဲဒါပေါ့ ချိုချိုရယ်.. ၊ သူကလေ အဲဒီလိုပြောတာ ဆိုပြီး စီကာပတ်ကုံး သူ့သူငယ်ချင်းတွေ အကြောင်း ပြောတတ်တယ်။

သူက သူ့ကျောင်းအကြောင်း၊ သူငယ်ချင်းတွေ အကြောင်း၊ သူတို့အတန်းပိုင် ဆရာအကြောင်း တွေကို ရီစရာတွေ လုပ်ပြီး အမူအယာတွေနဲ့ ပြောပြတာ ကိုယ့်မှာ အူနာအောင် ရီရတယ်။ သူ့အမေ ကိုယ့်အမက သူ့ဘေးမှာ ထိုင်ပြီး ကိုယ်တို့ညီအမက သူ ပြောသမျှ ထိုင်ရီကြတာ။

ကိုယ်က သူ့ကို မြန်မာစာ မမေ့စေချင်လို့ စာရေးဖို့ ပြောတော့ ရေးပို့ပါရဲ့၊ ၀တ္ထုတို ဆိုပဲ။ မျက်လုံးပြူးရသေးတယ်။ သူ့သူငယ်ချင်း မိဘတွေ အဆင်မပြေလို့ စိတ်ဆင်းရဲရတဲ့အကြောင်း ကလေးတယောက် အတွေးနဲ့ သူငယ်ချင်းကိုယ်စား ခံစားပြီး ရေးထားတာ။ ဖတ်လို့တော့ ကောင်းနေတာပဲ။ ဒါနဲ့ ကိုယ်က ချိုချို လာမှ ကွန်ပျူတာနဲ့ မြန်မာလို စာရိုက်တာ သင်ပေးမယ် ပြောရတယ်။

သူက အကြီးဆိုတော့ သူ့ထက်အငယ် ညီမတွေကိုလည်း သူက ဆော့ပေးရသေးတာပါ။ သူတို့လေးယောက် ကစားကြပုံကိုလဲ ပြောပြချင်သေးတယ်။ မိုးပွင့်က အရုပ်ကဒ်လေးတွေကို ကိုင်ပြီး မေးခွန်းထုတ်တမ်း ကစားနေတာပါ။ ကိုယ်က ဒီဖက်ကနေ ဘယ်လို ကစားကြသလဲ ပြုံးပြီး ကြည့်နေတာ။

မိုးပွင့်က ကဒ်လေးတွေကိုင်ပြီး ကိုယ်တို့ ဆွေမျိုး မောင်နှမတွေ နံမည် မေးနေတာ။ အဖြေမှန်ရင် အရုပ်လှလှလေးပုံပါတဲ့ ကဒ် တကဒ် ပေးလိုက်တာကိုး။ ကိုယ်က ဒီကစားနည်း မကြုံဖူးလို့ ကြည့်နေတယ်။ ဥပမာ ဒီလို ဆိုပါတော့..။

“ဘိုးဘိုး နံမည် ဘယ်သူလဲ သိကြလား” လို့ မိုးပွင့်က မေးလိုက်ရင် ကျန်ကလေး ၃ယောက်က ၀ိုင်းအော် ဖြေကြတယ်။
“ဘိုးဘိုးနံမည် ဘိုးဘိုး ပေါ့” ဒါက အငယ်ဆုံးလေး မာယာ ဖြေတာ။
“ဘိုးဘိုးနံမည်က ဦးတင်မိုး” ဒါက စန္ဒြာ နဲ့ မိုးဥ ဖြေတာ။
“မဟုတ်သေးဘူး၊ ဘိုးဘိုး စာရေးတဲ့ နံမည် မဟုတ်ဘူး၊ ဘိုးဘိုး နံမည် အရင်းကို ပြောနေတာ”
“ဘိုးဘိုးကြီး မဟုတ်လား”
“တင်မိုးဦး၊ မိုးဦးတင်၊ ဦးဥာဏ်မိုး၊ ဦးသန်းညွှန့်၊ လေးလေး.” ဒါမျိုးတွေလဲ ရှိသမျှ အမျိုးတွေထဲက ယောကျာင်္းနံမည်တွေ ပြောင် ပြီး ဖြေကြသေးတယ်။
“မဟုတ်ဘူး၊ အားလုံး မှားတယ်၊ ဘိုးဘိုးနံမည်က ဦးဘဂျမ်း”
အဲဒါဆို အကုန်လုံး ဦးဘဂျမ်း ဦးဘဂျမ်းလို့ ၀ိုင်းအော်ပြီး ပတ်ပြေးလိုက်ကြသေးတာပါ။ ပြီးမှ မိုးပွင့်နား ပြန်လာစု ပြန်ရော။

“ကဲ၊ နောက်တခု မေးမယ်။ ဦးဦးကျော် နံမည်ရော ဘယ်သူလဲ”
“ဦးဦးကျော် နံမည်က ကျော် လေ..” အဲဒါကတော့ မိုးဥ က ဖြေတာပါ။ သူက ငယ်ငယ်ကတည်းက ကိုယ့်အမျိုးသားကို ကျော် လို့ပဲ ခေါ်တာပါ။ ဘယ်လိုသင်သင် ဦးဦး မထည့်ပါဘူး။
“ဦးကျော် နံမည် ဦးကျော်ဝဏ္ဏ၊ ချိုချို့ နံမည် မိုးချိုသင်း” တဲ့။
အဲဒါ စန္ဒြာ က ဖြေလိုက်တာ။ သူ့အဖြေလေးကို နားထောင်ပြီး ကိုယ့်မှာ ပီတိဖြစ်လိုက်ရတာ။ ကိုယ့်တူမလေးတွေကိုလဲ ချစ်လိုက်ရတာ။ ကိုယ်တို့နံမည်တွေကိုလဲ မြန်မာလို စာလုံးပေါင်း ပြသေးတယ်။ မနှင်းသင်ထားတာတွေလေ။

အားလုံးထဲမှာ စန္ဒြာက ကဒ် အများဆုံး ရတယ်။ သူက သူနဲ့ တ၀မ်းကွဲတွေ ဖြစ်တဲ့ ရွာက အမတွေရဲ့ ကလေးတွေ နံမည်တွေလဲ အကုန် မှတ်မိတယ်။ ကိုကို့ နံမည် ဖိုးစွမ်း တဲ့။ မမ နံမည် စန္ဒီမ တဲ့။ မမအကြီးဆုံးက မမ အိမွန်ကို တဲ့။ မာယာလေးကတော့ အကြီးတွေကို ကြည့်ပြီး လိုက်ဝါး ဖြေတတ်တယ်။ တခါတခါကျရင် ခေါင်းရှုပ်ပြီး မာယာ သိတော့ဘူးကွာ၊ မာယာ ဖြေတတ်ဘူးကွာ နဲ့။

မာယာလုပ်တတ်တာကတော့ သီချင်း ကောင်းကောင်း ဆိုတတ်တာပါပဲ။ သူက ဂီတကို အတော်ဝါသနာပါပုံရတယ်။ အမြဲတမ်း သီချင်းလေး တအေးအေးနဲ့ နေတတ်တယ်။ စကားမပြောတတ်ခင်ကတည်းက သံစဉ်လေးတွေ ညည်းနေတတ်လို့ သူ့ဘိုးဘိုးက မာယာလေးကို သိပ်ကို အေးချမ်းတဲ့ ကလေး၊ ကြီးလာရင် အဆိုတော်ကြီး ဖြစ်မှာ လို့ အထင်ကြီးရှာတယ်။

မာယာကလည်း အဘိုး နဲ့ အတူဆုံးကလေးပဲ။ လူတွေကို သိပ်ခင်တယ်၊ လူတိုင်းနဲ့ တည့်တယ်။ အပေါင်းအသင်း ခင်တယ်။ သီချင်းသံကြားရင် ကြားတဲ့နေရာက ပြေးလာပြီး ဆိုတော့တာပဲ။ စကားပြောရမှာ ရှက်သလောက် သီချင်းဆိုဖို့တော့ ပါးစပ်ကြီး ဖွင့်ပြီး အော်ဆိုတော့တာပဲ။

တခါကတော့ သူတို့၎ယောက်စလုံး အခုလက်ရှိ အကြိုက်ဆုံး ဖြစ်ပုံရတဲ့ သီချင်းလေးကို ဖွင့်ပြီး လေးယောက်သား ကိုယ့်ကို ဆိုပြကြတယ်။ အဲဒီသီချင်းက သူတို့လေးတွေ အရွယ် ဖြစ်တဲ့ ဆယ်နှစ်သမီးလေး Laura က Belgium နိုင်ငံ ကိုယ်စားပြုပြီး ဥရောပတခွင် ၀င်ပြိုင်လို့ရတဲ့ Junior Eurovision 2009 မှာ ပြိုင်ပွဲဝင်တဲ့ သီချင်းလေးပါ။

သီချင်းက မြူးလဲ မြူး၊ ဆိုတဲ့ကလေးက ဆိုလဲ ဆိုတတ်တဲ့အပြင် yodeling ဆိုနည်းလေးကိုပါ သီချင်းထဲမှာ ညှပ်ပြီး ထည့်ဆိုတာမို့ အဒေါ်လုပ်သူကပါ သဘောအကျကြီးကျပြီး သူ့ပရိသတ် ဖြစ်ရတာပါ။ သူတို့ တနိုင်ငံလုံး ဆယ်ကျော်သက်တွေ အသည်းစွဲ သီချင်းလေး ထင်ပါရဲ့။

တခါက စူပါမားကက် အကြီးကြီးတခုကို သွားကြတော့ အဲဒီမှာ အဲဒီသီချင်းလဲ ဖွင့်လိုက်ရော ကလေးတွေ အကုန် နီးရာ ခုံ အမြင့်တွေပေါ် တက်ပြီး က ကြ လိုက်ဆိုကြသတဲ့။ ကျန်တဲ့ ကိုယ့်တူမတွေကတော့ မက ရဲလို့ မက ကြပေမဲ့ မာယာကတော့ ဖင်လေးလှုပ်ပြီး ၀င် က ပါသတဲ့။ yodeling လို လုပ်တာလဲ မာယာက ကောင်းကောင်း လိုက်လုပ်တတ်ပါတယ်။

အဲဒီသီချင်း အဓိပ္ပါယ် သမီးတို့ နားလည်လား၊ ချိုချို့ကို ရှင်းပြပါအုံး ဆိုတော့ အလုအယက် ၀ိုင်းရှင်းပြကြသေးတယ်။ ကျောင်းမှာ ပေါ်ပြူလာ ဖြစ်တဲ့ ကောင်လေးကို ကောင်မလေးက စိတ်ဝင်စားမိတဲ့ အကြောင်းပါ တဲ့။ ကိုယ့်မှာ ဆယ်နှစ်ကလေးက စပ်တဲ့သီချင်းဆိုတော့ အံ့သြပြီး ပြုံးရသေးတယ်။

ပြိုင်ပွဲအပြီး အင်တာဗျူးမှာ အဲဒီသီချင်းထဲက ကောင်လေး တကယ်ရှိသလား မေးတာကို Laura က တကယ်ရှိပါတယ်၊ သူ့ boyfriend ဖြစ်နေပါပြီ လို့ ဖြေပါသတဲ့ (ဘုရား..ဘုရား)။ ပြိုင်ပွဲမှာ အဲဒီကလေးမက တတိယဆုပဲ ချိတ်ပါတယ်။ ပထမဆုကို ခြေထောက်နဲ့ စည်းချက်လိုက်တဲ့ tap dancing အကပါတဲ့ နယ်သာလန်က ကောင်လေးက ရသွားတာပါ။

ကိုယ်ကလဲ သူတို့ ကလေးတွေနဲ့ ပေါင်းချင်တော့ကာ သူတို့ စိတ်ဝင်စားတာလေးတွေ လိုက်စိတ်ဝင်စားရ၊ သူတို့ကြိုက်တာလေးတွေ လိုက် နားထောင်ရတာ။ အမြဲတမ်း ခေတ်မီနေမှ တော်ကာကျမယ်ဆိုပြီး အဒေါ်က တရွတ်တိုက် လိုက်နေရတာပေါ့လေ။

အဲဒီတော့ VZO ဖွင့်ရင် ဟိုဖက်က သီချင်းလေး ဖွင့်လိုက်၊ ဒီဖက်ကို လင့်ခ်လေး ပို့ပေးလိုက်၊ နားထောင်လိုက်၊ သဘောကျပြီး ဒီဖက်က တခါ ပြန်လိုက်ဖွင့်တော့ တူမတွေ လိုက်ဆိုကြတာ ကြည်နူးလိုက်နဲ့ပေါ့။ သူတို့တွေ dutch လို ပြောကြ ဆိုကြတာ ကိုယ်က တလုံးမှ နားမလည်ပေမဲ့ တပြုံးပြုံးနဲ့ အမီလိုက်နေတာ။

စာဖတ်သူတွေလဲ နားထောင်ကြည့်ပါအုံး။ ကိုယ်သဘောကျလို့ အောက်မှာ လင့်ခ်လေး ရေးပေးလိုက်ပါမယ်။ သီချင်းလေးနားထောင်ပြီး ပျော်ရွှင် ချမ်းမြေ့ကြစေဖို့ ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။
မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ထမင်း လက်ဆုံ

အခုလို ဆောင်းတွင်းအေးအေး မှာ မိုးစောစောချုပ်တာမို့ ပတ်ဝန်းကျင်တခုလုံး မှောင်မဲ လို့..။ ရောင်စုံမီးလေးတွေနဲ့ အလှဆင်ထားတဲ့ သစ်ပင်ကြီးတွေက ခန့်ခန့်ကြီး မားမားမတ်မတ် ရပ်လို့..။ ညဖက် အိမ်အပြန်လမ်းတွေမှာ ကိုယ်တို့နှစ်ယောက် အမြဲပဲ သုတ်သုတ် သုတ်သုတ်နဲ့ ကိုယ့်အိမ်လေးဆီကို အပြေးပြန်လာတတ်ကြတယ်။

အိမ်အပြန် လမ်းတလျှောက် ကားပေါ်ကနေ အပြင်ကို ကြည့်လိုက်ရင် အိမ်ပုပုလေးတွေကို နွေးနွေးထွေးထွေး တွေ့ရတတ်တာ။ မှန်ပြူတင်းပေါက် အကွက်လေးတွေကြားကနေ အိမ်တွင်း အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်လေးတွေကို ရိပ်ကနဲ ရိပ်ကနဲ မြင်ရတတ်တယ်။ ဒါမှမဟုတ် မိသားစု ထမင်းဝိုင်း…။ စားပွဲဝိုင်းဘေးမှာ ဆော့နေတဲ့ ကလေးလေး ရီသံတောင် ကြားလိုက်ရသလို ထင်မိတယ်။

ကိုယ်တို့ငယ်ငယ်ကလဲ မိသားစု ထမင်းဝိုင်းတွေဟာ ပျော်စရာ ကောင်းခဲ့ပါတယ်။ အဖေရယ် အမေရယ် ကိုယ်တို့ မောင်နှမ ၅ယောက်ရယ် အမြဲ ထမင်းလက်ဆုံစားတတ်ကြတယ်။ အထူးသဖြင့် ညစာ ပေါ့။ မိသားစုဝင်တယောက်ယောက် နောက်ကျရင်လဲ အမေက စောင့်ပြီး စားစေတာ၊ နောက်ကျသူကလဲ ညစာအမီ ပြန်လာတာပါပဲ။

ထမင်းဟင်းတွေက အမြဲ ပူပူနွေးနွေး ပဲ။ ဟင်းကတော့ အမယ် မများဘူး။ အသားတခွက်၊ အရွက်ကြော် တမျိုး နဲ့ ချဉ်ရည် တခွက် ပါလေ့ရှိတယ်။ ဟင်းခွက်က လက်လည်တယ် မရှိဘူး။ တယောက်လက် တယောက် ကမ်းလိုက်၊ ထည့်လိုက်ကြတာပဲ။ အသုတ်တမျိုးမျိုးပါရင် ခဏလေးနဲ့ ပန်းကန်က ပြောင်သွားပြီ။ ပြီးမှ ထည့်တာများသွားတဲ့သူဆီ ငါ့နည်းနည်းပေး တောင်းရတယ်။

ပြီးရင် မောင်နှမတွေ ဆူဆူညံညံ နဲ့ ပန်းကန်တွေ ဆေးကြတာ။ ကိုယ့်အမအကြီးတွေ ဖြစ်တဲ့ မစံ နဲ့ မအေးက အားလုံးရဲ့ ပန်းကန်တွေ အမြဲတမ်း ဒိုင်ခံ ဆေးလေ့ရှိတာ။ ကိုယ်တို့အငယ်တွေက စားပြီးရင် ကိုယ့်ပန်းကန်လေးကိုင်ပြီး လက်ဆေးကန်နားမှာ ရပ်စောင့်လို့။ အမတွေက ထားခဲ့ ထားခဲ့ ငါ ဆေးလိုက်မယ် လို့ ပြောရင် ၀မ်းသာသွားတာ။

လက်ကလေး မြန်မြန်ဆေးပြီး အိပ်ယာပေါ်လှဲ ဇိမ်နဲ့ စာသွားဖတ်တာ။ ဒါမှမဟုတ် မိသားစု စကားဝိုင်းထဲ ဟိုတိုး ဒီခွေ့နဲ့ နားထောင်။ ဒါမှမဟုတ် ရေဒီယိုက ညဖက်လာတဲ့ ဇာတ်လမ်းတွေ၊ သီချင်းတွေကို စောင်ကြီးခြုံပြီး ၀ိုင်းနားထောင်ကြတယ်။ တီဗီပေါ်လာတော့ တီဗီရှေ့ ကို စောင်တွေ ခေါင်းအုံးတွေ ယူသွားပြီး သွားမော့တာပေါ့။
မိသားစု အပန်းဖြေချိန်လေး ပေါ့။

နောက်တော့ မိသားစု ထမင်းဝိုင်းလေးက လူနည်းနည်းလာ..။ ကိုယ်ချစ်တဲ့သူနောက် လိုက်ပြီး ကိုယ့်မိသားစု ကိုယ်ထူထောင်ကြတော့ မိသားစု ၀ိုင်း အကြီးကြီးကနေ မိသားစုဝိုင်း သေးသေးလေးတွေ ဖြစ်ကုန်တာပေါ့။ အဲဒီအခါကျတော့လဲ တမျိုးတဖုံ ပျော်စရာကောင်းတာ မှန်ပေမဲ့ အရင်က မိသားစု ထမင်းဝိုင်းကြီးကို လွမ်းမိတတ်တာပဲ။

အခုတလော မိသားစု ထမင်းဝိုင်းတွေကို သတိရနေမိတာမို့ နှစ်ကိုယ်တူ ဘ၀ ထူထောင်တော့ ထမင်းလက်ဆုံစားခဲ့တာလေးတွေလဲ သွားသတိရမိသေးတယ်။ ကိုယ်တို့နှစ်ယောက် ချစ်စ က ထမင်း ပထမဆုံး လက်ဆုံစားဖူးတာ လှည်းတန်းက ဓနုဖြူ ဒေါ်စောရီ ထမင်းဆိုင်မှာပါ။

အဲဒီတုန်းက နှစ်ယောက်စလုံး မိဘဆီ မုန့်ဖိုး လက်ဖြန့်တောင်းနေရတုန်းအရွယ်ပေါ့။ တက္ကသိုလ် ကျောင်းသူ ကျောင်းသားဘ၀ပေါ့။ တနေ့တော့ လှည်းတန်းသွားရင်း ဒေါ်စောရီဆိုင်မှာပဲ ထမင်းစားလိုက်ကြရအောင် တဲ့။ ကိုယ်လဲ ကောင်းသားပဲ ဆိုပြီး ၀င်စားကြတယ်။

ဆိုင်ရောက်တော့ သူက မှာချင်တာ မှာစား တဲ့။ ကိုယ့်ကို ခွင့်ပေးတယ်။ ကိုယ်လဲ သူ ခွင့်ပေးတယ် ဆိုတော့ ရိုးရိုးပဲတွေးပြီး စားချင်တာ မှာ လိုက်တာပေါ့။ ကိုယ်မှာလိုက်တာ ပုဇွန်တုပ်ကြီးဟင်းပါ။ ညှာညှာတာတာ မှာဖို့ အဲဒီတုန်းက တကယ် မစဉ်းစားမိဘူး။

နောက်မှ သူပြန်ပြောပြတာက သူက ကိုယ်အားရပါးရစားနေတာကို ငေးကြည့်နေတာ တချိန်လုံး တဲ့။ ကိုယ်ကြိုက်တယ်ဆိုလို့လဲ ၀မ်းသာတယ်၊ ဒါပေမဲ့ bill လာရင် ပိုက်ဆံ မလောက်ရင် ဒုက္ခ ဆိုပြီး ပူပန်မိနေလို့ ကိုယ့်ထမင်း ကိုယ် မစားနိုင်ဘဲ အိပ်ကပ် တစမ်းစမ်း ဖြစ်နေတာ တဲ့။ ကိုယ်ကတော့ အပူအပန်မရှိ ပျော်ပျော်ရွှင်ရွှင် ကြိတ်သလေ..။

နောက် ပိုက်ဆံရှင်းမှ ပါလာတဲ့ ပိုက်ဆံ နဲ့ လောက်င လို့ သူ ဟင်းချနိုင်ပါတယ် တဲ့။ တကယ်က ပုဇွန်တုပ်ကြီးဟင်းက အတော် ဈေးများတာပါ။ ကိုယ်ကလဲ ရိုးရိုးပဲတွေးမိတာ၊ မှာချင်တာ မှာ၊ ပုဇွန်တုပ်ကြီးတော့ မပါစေနဲ့ လို့မှ မပြောဘဲ။ အဲဒါ ပထမဆုံး လက်ဆုံစားခြင်းပေါ့။

နောက်တော့ ကိုယ်နဲ့ နေ့စဉ်နေ့တိုင်း ထမင်းအတူ စားဖို့ သူ့ကိုပဲ ရွေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ထမင်းစားရင် သိတတ်သူမို့ပါ။ သူ့ပန်းကန်ထဲက အသားတွေကို ကိုယ့်ပန်းကန်ထဲ ထည့်ပေးတတ်သူလေ (တကယ်က သူက အသားထက် အရွက်ပိုကြိုက်လို့ပါ)။

သူနဲ့အတူတူ မိုးရွာတုန်း လမ်းဘေးဆိုင်လေးထဲ ပြေးဝင်ပြီး ထမင်းသုတ်လေးကို ငရုတ်သီးတောင့်လေးကိုက်ပြီး ညစာလုပ် အတူစားဖူးတယ်။ အိမ်မှာ လက်ဖက်သုတ်လေး နဲ့လဲ ထမင်းမြိန်ခဲ့တယ်။ ကြက်ဥကြော် နဲ့လဲ နှစ်ပါးသွားဖူးတယ်။ ခမ်းခမ်းနားနားနေရာတွေလဲ အတူသွားစားခဲ့ဖူးပါတယ်။ တခါတလေတော့ လေ ထဲမှာ…။ ခရီးအတူသွားရင်း လေယာဉ်ပျံပေါ်မှာ ညစာစားရတာကို ပြောတာပါ။

တခါကတော့ နှစ်သစ်ကူးညတညမှာ နယ်စပ်မြို့လေးတမြို့ရဲ့ ဟိုတယ် အခန်းလေးထဲမှာ ဖယောင်းတိုင်မီးလေး နဲ့ အတူထမင်းစား ဖူးသေးတယ်။ အဲဒီတုန်းက တာချီလိတ်မှာ ညနေ ၆နာရီထိပဲ မီးပေးတယ် ထင်တာပဲ။ ဟိုတယ်အခန်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်း၊ ထမင်းစားရင်း ဟိုဖက်ကမ်းက မီးထိန်ထိန် ကို နှစ်ယောက်သား ငေးကြည့်မိခဲ့လို့ အမှတ်တရ ဖြစ်ခဲ့တာ။ အဲဒီအချိန်လေးကလဲ ကိုယ်မမေ့နိုင်တဲ့ အချိန်လေး တခုပဲ။

ကိုယ်က သူ့ကို ပြောခဲ့တယ်။ ကိုယ်တို့အတူ ရင်ဆိုင်ရမဲ့ ဘ၀တွေ နိမ့်ပါစေ၊ မြင့်ပါစေ၊ ဘ၀ရဲ့ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် စိတ်ထဲမှာ သန့်သန့်ရှင်းရှင်း ကြည်ကြည်နူးနူး နဲ့သာ ထမင်းလက်ဆုံစားချင်ပါတယ် လို့..။

ကိုယ်က ကဗျာဆရာ၊ ကျောင်းဆရာမ ရဲ့ သမီးပါ၊ မွေးကတည်းက ဟင်းတွေ အလျှံပယ် ပေါများ တဲ့ ထမင်းဝိုင်းမျိုးနဲ့ အမြဲစားလာတာမဟုတ်လို့ ဘာနဲ့မဆို စားတတ်ပါတယ်၊ လိပ်ပြာသန့်သန့် ပျော်ပျော်ရွှင်ရွှင် နဲ့သာ ဖြစ်ပစေ၊ တနေ့ ထမင်း ၂ နပ် ပါပဲ လို့ သူ့ကို အားပေးဖူးပါတယ်။

အဲဒီတော့ သူက အသေအချာစဉ်းစားပြီး ပြန်ပြောပါတယ်။
“ထမင်း ၂ နပ်??? ….၊ က မယ် မထင်ပါဘူး” တဲ့။
သူပြောတာ ခပ်တိုးတိုးပါပဲ။ ဒါပေမဲ့ ကိုယ် အကျယ်ကြီး ကြားလိုက်ရတယ်။

အော်.. အကြောင်းသိကုန်ပြီကိုးလေ…။


မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ပြောပြချင်တဲ့ အကြောင်းတွေ..

နိုဝင်ဘာ ဆိုတာ တအုံနွေးနွေး ရင်ခုန်ဆွေး တဲ့ လ လို့ အဖေက ကဗျာစပ်ဖူးတယ်။ သူများတွေအတွက်တော့ မသိ၊ ကိုယ်တို့ မိသားစု အဖို့မှာတော့ နိုဝင်ဘာဆိုရင် ချမ်းချမ်း မှုန်မှုန်နဲ့ ဆွေးဆွေး ငိုင်ငိုင် ဖြစ်မိရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုဝင်ဘာလထဲမှာ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေကို ခွဲခွာရတာမို့ပါ။

အဖေကလဲ နိုဝင်ဘာ အလွမ်းကဗျာတွေ အများကြီး ဖွဲ့ခဲ့တယ်။ နိုဝင်ဘာမှာ ကိုယ်တို့ အမေ ဆုံးတယ်။ အမေဆုံးတာ ၁၇ရက်၊ အဖေ့မွေးနေ့က ၁၉ရက်ဆိုတော့ တခုသော အဖေ့မွေးနေ့မှာ အမေ့ကို ဂူသွင်းသဂြိုဟ် ရတာမို့ပဲ။ နောက် ကိုယ့်မောင်လေးလဲ နိုဝင်ဘာထဲပဲ ဆုံးပြန်တယ်။

အမေ့အကြောင်း စဉ်းစားမိရင် အေးအေးချမ်းချမ်း အပြုံးတွေ၊ စပယ်ပွင့်လေးတွေ၊ သနပ်ခါးနံ့သင်းသင်းလေး အပြင် ကြောင်လေးတွေကိုပါ တွဲမြင်မိတတ်တယ်။ အမေ့ဆီက ကြောင်လေးတွေ ချစ်တတ်တဲ့ စိတ်ကို အမွေအဖြစ် ကိုယ်က ကျေကျေနပ်နပ်ကြီး ယူခဲ့ပါတယ်။ ကိုယ်တို့မောင်နှမတွေ အားလုံးလဲ တိရိစ္ဆာန်လေးတွေကို ချစ်ကြတယ်။

အမေရှိတုန်းက ညနေ အမေ ကျောင်းက ပြန်အလာ ညနေခင်း အချိန်တွေမှာ ကိုယ်က ကြောင်လေးတွေအကြောင်း ပြောနေတတ်တာ..။ ဒီနေ့မှာ အမေ့ကို သတိရလို့ ကိုယ်က လွမ်းတာတွေ ခဏထားပြီး စာလာဖတ်သူတွေကို ကြောင်လေးတွေအကြောင်း ပြောပြမယ် လို့ စဉ်းစားတာ..။ ကြောင်မချစ်သူများ ဖတ်နေတာကို ဒီတင် ရပ်ကြပါ။

ဒီ တိုင်းပြည်ကိုရောက်လာတော့ တခြားအိမ်က ကြောင်လေးတွေ ခြံထဲ လာမွေးနေတာ ကိုယ်တို့က ကျွေးမွေးထားရင်း အိမ်မှာ ကြောင်အုပ်မကြီး ဖြစ်နေတာ ရေးဖူးပါတယ်။ အဲဒီကလေးတွေက ခြံထဲမှာ နေကြ၊ စားတဲ့အချိန် လာကြနဲ့ အများစုက လူ အကိုင် မခံဘူး။ ချီလို့မရသေးဘူး။ အဝေးကနေ ကြည့် ချစ်နေရတာမျိုး။

ကြောင်လေးတွေ အိမ်မှာရှိတယ်ဆိုတော့ အိမ်လေးက အိမ်နဲ့တူပြီး သာသာယာယာ ရှိတယ် ထင်မိတာ..။ အဝေးက ကိုယ့်ရဲ့ တူမတွေကလဲ ကြောင်လေးတွေ မွေးထားတယ်ဆိုတော့ သဘောတွေကျလို့။ အဒေါ်တွေအားလုံးထဲမှာ ဘယ်သူ့အချစ်ဆုံးလဲ မေးရင် ချိုချို့ ကိုသာ အချစ်ဆုံး တဲ့။ ကြောင်တွေကြောင့် မျက်နှာပွင့်နေတာလေ။

အိမ်ကို လာလည်တဲ့ မိတ်ဆွေများရဲ့ ကလေးတွေဆိုရင်လဲ ကိုယ်တို့အိမ် လာလည်ရမှာ ပျော်ကြတယ် ဆိုတယ်။ ကြောင်တွေကို အစာကျွေးလိုက်၊ လိုက်ဖမ်းလိုက်နဲ့ ဆော့ရတာကိုး။ ကိုယ့်ကိုလဲ ခေါ်တာ ကြောင်အန်တီ တဲ့ (အဲဒါတော့ မနိပ်သေးဘူး)။ တကယ်က ကြောင်လေးတွေရှိတဲ့ အိမ်က အန်တီ လို့ ဆိုလိုချင်ပုံပါ။ ကိုယ့်ဖာသာကိုယ် ဘာသာပြန်ယူ လိုက်ရတာပါ။ ကြောင်နေသော အန်တီ လို့ အဖြစ်မခံနိုင်လို့ပါ။

ဒီလိုနဲ့ ကြောင်လေးတွေ မွေးလာတာ အကိုင်မခံတော့ သားကြော ဖြတ်ဖို့ ဖမ်းမရ၊ ဖမ်းမရတော့ သားအုပ်က ပွားစီးလာ..။ ကိုယ်တို့နှစ်ယောက်လဲ ဒေ၀ါလီခံရမဲ့ အပေါက် ဖြစ်လာတော့ တိရိစ္ဆာန်ထိန်းသိမ်းရေးစခန်း ကို ပို့လိုက်ပါ တဲ့၊ မိတ်ဆွေများက အကြံပေးပါတယ်။ သားကြောဖြတ်ပြီးမှ ပြန်ခေါ်မွေးပေါ့ တဲ့။ ဒါနဲ့ စုံစမ်းကြည့်မယ် ဆိုပြီး ဖုန်းဆက်မိပါတယ်။

“ဟဲလို တိရိစ္ဆာန် ထိန်းသိမ်းရေး စခန်းကပါလားရှင်”
“ဟုတ်ပါတယ်၊ ဘာများ ကူညီရပါမလဲ”
“ကျမ အိမ်မှာ တခြားက ကြောင်လေးတွေ ရောက်လာနေပါတယ်။ အဲဒါ ကလေးတွေမွေးပြီး ပွားလာလို့ ဘယ်လိုလုပ်ရမလဲ”
“ဘယ်နှစ်ကောင်ပါလိမ့်..”
“၁၀ ကောင်လောက်ပါ”
“ခင်ဗျားက ဘယ်မြို့နယ်မှာ နေတာလဲ”
ကိုယ်လဲ ကြောင်လေးတွေ လာယူဖို့ အကောင်းမေးတယ် ထင်ပြီး ..
“ XXX မြို့မှာ နေတာပါ”
“အခုကိုပဲ ခင်ဗျားကို ဖမ်းပြီး အရေးယူလို့ ရနေပြီ။ ခင်ဗျားနေတဲ့ မြို့မှာ တအိမ်ထောင်ကို ၂ကောင်ပဲ မွေးခွင့်ရှိပါတယ်” (ဟိုက်.. ပလုတ်တုပ်၊ ငါ့ကို ဖမ်းမယ် ဆိုပါ့လား.. အမြန်ဖြေရှင်းမှ..)
“တကယ်က ကျမ မွေးထားတာ မဟုတ်ရပါဘူး။ သူများအိမ်က လာနေကြတာပါရှင်။ ကျမက ချစ်လို့ ကျွေးထားတာပါ”
“ခင်ဗျားကျွေးထားတာ ဘယ်နှစ်ရက် ရှိပြီလဲဗျ”
“၃လ လောက်ပဲ ရှိပါသေးတယ်ရှင်” (တကယ်က ၁၀ လ ကျော်ပါပြီ။ ဖမ်းမှာစိုးလို့ လျှော့ပြောလိုက်တာပါ)
“၂ပတ် ကျွေးထားတယ် ဆိုရင်ပဲ ကျနော်တို့က ခင်ဗျားပိုင် ကြောင် လို့ သတ်မှတ်ပါတယ်” တဲ့။

ဒါနဲ့ ကိုယ်လဲ ဘွာ ခတ်ပြီး ဖုန်းကို ကမန်းကတန်း ချလိုက်ရပါတယ်။ ထိုင်နေရင် အကောင်းသား၊ ဖုန်းဆက်မိမှ လက်ထိပ်စော်နံ သွားတယ်။

ဒီလိုနဲ့ ကိုယ်တို့ နှစ်ယောက်လဲ ကြောင်လေးတွေကို ဖမ်းပြီး သားကြောဖြတ်ဖို့ ကြိုးစားရပါတယ်။ ပထမဆုံး ရင်းနှီးနေတဲ့ သမီးဖြူ နဲ့ အိုဘားမားကို fix လုပ်ဖို့ ဆေးရုံ ပို့ရပါတယ်။ ဆေးရုံရောက်လို့ register လုပ်ဖို့ နံမည် စာရင်းသွင်းတော့ ဒုက္ခ ရောက်ပြန်ပါရော။

ကြောင် အဖြူလေး နံမည်ကို အရင်မေးတော့ သမီး လို့ ပြောလိုက်တာ ကိစ္စမရှိပေမဲ့ သားကြောလာဖြတ်တဲ့ နောက် ကြောင်မလေး နံမည်က အိုဘားမား ဆိုတော့ ခက်ကုန်ပြီ။ အမေရိကန် သမ္မတကြီး သားအိမ်ထုတ်သည် ဆိုပြီး သတင်းဖြစ်သွားလဲ မတတ်နိုင်တော့ဘူးလေ။ ဟို မျက်မှောင်ကြီး ကုတ်ပြီး ကြည့်နေတဲ့ ၀န်ထမ်းဟာ ဒီမိုကရက်လား မသိ။ ကိုယ့်မှာ အားနာပါးနာ လှမ်းလှမ်း ပြုံးပြရတာ အမော။

ဒါနဲ့ ကြောင်မလေး ၂ကောင် ကိစ္စ ပြီးသွားတော့ နောက်ကြောင်မလေးတကောင်က နှုတ်ခမ်းမှာ မှဲ့လေးနဲ့မို့ စပယ်တင် တဲ့။ စပယ်တင်က လုံးလုံး ဖမ်းလို့ မရတာမို့ သူ့ကို သားကြော ဖြတ်လို့ မရဘဲ ဒီအတိုင်းထားထားရတယ်။ အသက်က ၄လ ဆိုတော့ ငယ်ပါသေးတယ်ဆိုပြီး ကြည့်နေမိတာလဲ ပါတယ်။

စပယ်တင်လေးကို သမီးဖြူနဲ့ အိုဘားမားက လုံးဝ ကြည့်မရဘဲ ရန်လုပ်လို့ သူ့မှာ အနက်ရောင်ကြောင်ထီးကြီး ဖြစ်တဲ့ အကြီးကောင်နဲ့ပဲ အဖော်လုပ် နေရရှာတယ်။ အကြီးကောင်ကလဲ ကလေးချစ်တတ်ပုံရတယ်။ စပယ်တင်လေးကို လျှာလေးနဲ့ လျက်ပေး၊ နေပူထဲမှာ တူတူ နေဆာလှုံဆိုတော့ ကိုယ်တို့ကလဲ ညီမလေးကို ဂရုစိုက်နော် သားကြီး ဆိုပြီး ပြောနေရတာ။

တော်ကြာနေတော့ စပယ်တင်လေးက ကိုယ်ဝန်ကြီး တကားကား နဲ့ ဖြစ်လာပါလေရော။ အကြီးကောင်တို့များ ကလေးချစ်တတ်တာ တဆိတ် လွန်လွန်းတယ်။

အချိန်ကျတော့ စပယ်တင်က ကလေးပိစိလေး နှစ်ကောင် မွေးပြန်တယ်။ ၄လ ကျော်ကျော်သာ ရှိသေးတဲ့ ကြောင်ကလေးက မွေးမယ်ဆိုတော့ ကလေးက ကလေးမွေးသလို ဖြစ်နေတာမို့ ကိုယ်တို့က ရှင်မယ်တောင် မထင်ဘူး။ မွေးစက ကြောင်အသေးလေးတွေက လက်သန်းလောက်သာ အရွယ်ရှိတယ်။ ဒါပေမဲ့ စပယ်တင်လေးက သူ့ကလေးတွေကို ဂရုစိုက်လိုက်တာ။ သေချာ ဂရုစိုက်တော့ နှစ်ကောင်လုံး ရှင်ကြပြန်တယ်။

အဖြူနဲ့ အနက်ကြားလေးတွေ..။ ကိုယ်တို့လဲ ကြောင်အမေကြီး မရှိတုန်း တိတ်တိတ် ခိုးကြည့်တာ တကောင်က နှာခေါင်းမှာ အနက်စက်လေး ၂စက် နဲ့။ ဒါနဲ့ family name လဲပါအောင် ကိုယ်က မိုးစက် လို့ နံမည်ပေးလိုက်တယ်။ နောက်တကောင်က မေးစေ့တခုလုံး နက်နေတော့ ကာရန်လဲ လိုက်သွားအောင် မုတ်ဆိတ် လို့ နံမည်ပေးလိုက်တယ်။ မိုးစက် နဲ့ မုတ်ဆိတ် ပေါ့။ အဲဒီ မုတ်ဆိတ်လဲ ကြောင် အမ လေးပဲ။

အမေသာရှိရင် ကိုယ့်ကို ဘယ်လို ပြန်ပြောမယ် မသိ။
မိုးစက်တို့ မုတ်ဆိတ်တို့အဖွား ကို သနပ်ခါးပါးပါး နဲ့ ကြောင်လေးတွေကို ပေါင်ပေါ်တင်ရင်း စာဖတ်နေတာများ အိမ်မှာ မြင်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ လို့ စိတ်ကူးယဉ်မိပါသေးတယ်။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ကဗျာထဲက သားအဖ

တလောက ခင်မင်ရတဲ့ အကိုကြီး ကိုချစ်ဖေက စာမရေးနိုင်သေးလဲ အဖေ့ကဗျာလေးတွေ အမှတ်တရ တင်ပေးပါ တဲ့။ ဒါနဲ့ ကိုယ်လဲ အဖေ ကိုယ်တို့တွေအတွက် စပ်ခဲ့တဲ့ ကဗျာတွေကို စဉ်းစားရင်း တွေးမိတာပေါ့။

တကယ်က အဖေက ကဗျာဆရာ ဖြစ်လေတော့ သူ့ရင်ထဲ ထိရှလာသမျှ ကဗျာတွေ ရေးနေ စပ်နေတာပါ။ ပန်းကလေးပွင့်တာက စ လို့ တိုင်းပြည်အတွက် ရင်လေးမိတာ အဆုံးပေါ့။ နောက် ကိုယ်တို့ သားသမီးတွေအတွက်လဲ ကဗျာတွေ အမျိုးမျိုး စပ်သေးတယ်။

အထူးသဖြင့် ကိုယ်တို့မွေးနေ့တွေမှာ နိုးလာတာနဲ့ အဖေက ကဗျာစပ်နှင့်ပြီးပြီ။ မွေးနေ့ လက်ဆောင် ကဗျာတပုဒ်နဲ့ အမြဲဆုမွန်ကောင်းတွေ တောင်းပေးတတ်သလို ဆုံးမစရာ ရှိရင်တောင် ကဗျာနဲ့ ဆုံးမတတ်သူပါ။ ဒီနေ့တော့ ကိုယ်က ကိုယ့်မောင်လေး ဥာဏ်မိုးအတွက် အဖေစပ်ခဲ့တဲ့ ကဗျာလေး တချို့ကို ဖော်ပြချင်မိတယ်။

ကိုယ့်မှာ မောင်လေးတယောက်ရှိခဲ့ဖူးတယ်။ အသက်က တနှစ်ကြီး တနှစ်ငယ်။ အဖေနဲ့ အမေက သားရှင်ပြုချင်တာမို့ သားယောကျာင်္းလေး စောင့်ရင်းနဲ့ သမီးမိန်းကလေးတွေချည်း မွေးလာတာ ၅ယောက်မြောက်ကျမှ ယောကျာင်္းလေး ရတယ်။ ကိုယ်နဲ့ အထက်အောက် မောင်နှမ ပေါ့။

တယောက်တည်းသော သားယောကျာင်္းလေးဆိုတော့ ချစ်လိုက်ကြတာ ဘာပြောကောင်းမလဲ။ သားမျက်နှာ တချက် အညိုမခံခဲ့ဘူး။ နောက်ပြီး သားကလဲ အဖေနဲ့ စရိုက် လုံးလုံး မတူဘူး။ အဖေ့လို ကဗျာစပ် နူးနူးညံ့ညံ့ မနေချင်ဘူး။ ဒေးဗစ်ချန်းကို ကြိုက်တယ်၊ ဘရုစ်စလီကို အထင်ကြီးတယ်၊ လက်တွေ့ကိုပဲ ပြောဗျာ၊ စိတ်ကူးမယဉ်ချင်ဘူး ဆိုတဲ့ လူမျိုး။

အဲဒီတော့ အစွန်းတဖက်စီမှာ ရပ်နေကြတဲ့ သားအဖအကြောင်း အဖေက ဒီလို ကဗျာစပ်ခဲ့တယ်။ ဖတ်ကြည့်ပါအုံး။

၁၆နှစ်သားနဲ့ စကားပြောခြင်း



သား…
ကျနော့်စကား
မမှားမှန်း သူသိတယ်။
သူ နားမထောင်ချင်ဘူး
ကျနော့်စကားဟာ
ခေတ်တရားနဲ့ မညီ
ပဝေဏီက ပေါရာဏစကားလို
နားမချိုစရာ ဖြစ်မိတယ်။
ခေတ်စကားနဲ့ ခေတ်တရားကိုပဲ
သူ နားထောင်မယ်။



သား..
ကျနော့်စကား
ပျားသကာလိုချိုပြီး
စေတနာပိုမှန်း သူသိတယ်။
ဒါပေမဲ့
သူ့နားမှာ မ၀င်ဘူး။
ကျနော့်စကားနဲ့ သူ့ နား
ခေတ်တွေ ခြားခဲ့ပြီ။
သူ့ခေတ် သူ့အကြောင်းနဲ့
ကျနော့်ခေတ် စကားဟောင်း
နားပြောင်းပြန် ဖြစ်နေတယ်။



သား…
ကျနော့်စကား
အဆင်တန်ဆာ များတယ် လို့ ထင်တယ်။
စကားတန်ဆာ နားတန်ဆာဆိုတာ
ခါးတမာပါပဲ။
မေတ္တာအပြုံးဆေးဟာ
ခေတ်နဲ့ကွာတဲ့ အရှုံးပေးမှုပါပဲ။
သား အရှုံးမပေးနိုင်ဘူး၊
နှလုံးမအေးနိုင်ဘူး။
အမုန်းသွေးကြွနေတယ်။
သားဟာ ဒေးဗစ်ချန်း
သားဟာ စူပါမင်း
သားဟာ ရမ္ဘုိ
သားဟာ….။



ယဉ်ကျေး ပျူငှာမှုတွေဟာ
အလိမ် အတု တွေပဲ။
စကားလုံး ၀ါကျတွေဟာ
ဟန်ဆောင်မှုတွေပဲ။
ဖေဖေတို့လူကြီးတွေဟာ
လိမ်တယ် ကောက်တယ်။
အခွင့်အရေး တမူးတပဲကို
ဘိန်းဖြူစွဲသလို စွဲနေတယ်။
သား လူကြီးတွေနဲ့ မနေချင်ဘူး။
သား သိုင်းသမားတွေနဲ့ နေမယ်။
တန်ခိုးရှင်တွေနဲ့ နေမယ်။
သူရဲကောင်းတွေနဲ့ နေမယ်။
သား စကားမပြောချင်ဘူး။
ဖေဖေဟာ သားကို ချစ်မှန်း သိပါတယ်။
သားကိုချစ်သလောက်
တရားကိုကော ချစ်ပါသလား။



အလို..ဗုဒ္ဓေါ
မလွယ်ကြောပါလား။ ။

တင်မိုး
၂၅-၃-၁၉၈၈

လူကြီးနဲ့ လူငယ်ရဲ့ မေတ္တာနဲ့ ယှဉ်တဲ့ ပဋိပက္ခ ကို ဒီကဗျာမှာ အထင်းသားတွေ့ရမှာပါ။ နောက် ကိုယ့်မောင်လေး အသက်လေးရလာတော့ လူကြီးဆန်ပြီး ရင့်ကျက်လာ၊ မေတ္တာရဲ့ တန်ဖိုးကို သိတတ်လာ၊ နောက်..တရပ်တကျေးမှာ ပင်လယ်ခရီးသွားပြီး အလုပ်လုပ်ရရှာတယ်။ အဲဒီအခါ မိဘအရိပ်ကို သူတမ်းတ ရှာတယ်။ သူ ပြန်လာချင်တယ်။ အဲဒီအခါ အဖေကလဲ သားကို ဒီလို ကဗျာလေးစပ်ပြီး ပို့ပေးခဲ့ပြန်ပါတယ်။

သားအတွက် အဖေ့အိမ်

ကိုယ့်အသွေးထဲက သား
ပင်လယ်ရပ်ခြားက သူ့စကားဟာ
ခွန်အားအဖြစ် နားထဲဝင်သွားတယ်။

စကားသံမှာ
ကာရန်တွေနဲ့ လှပြီး
ရသတွေနဲ့ ထုံမွှန်းနေတယ်။

ကိုယ့်မြေပေါ်မှာ ပြန်လည်ခြေချဖို့
မြေ ၁၀ လက်မခန့် လိုပေလိမ့်မယ်။

ဖခင်ရဲ့ ၅ပေ ၄လက်မခန့် ကိုယ်အလျား
တံတားအဖြစ် အသုံးဝင်ခဲ့ရင်
အဆင်သင့်ပါပဲ လူကလေးရဲ့..။

အဖေ့အိမ်တံခါး ပွင့်နေပြီ။

ခြေသံဖွဖွ၊ ရယ်သံလှလှနဲ့
တံတားပေါ်က လျှောက်ခဲ့ပါတော့။ ။

တင်မိုး
၉-၁၁-၉၅

အဖေက ဘယ်လောက်ပဲ တံတားခင်းပေးချင်ပေမဲ့ သားကတော့ သေမင်းခင်းပေးတဲ့ လမ်းကို ဖြောင့်ဖြောင့်ကြီး သွားနှင့်ခဲ့ပြီ။ ကိုယ့်မောင်လေး ဥာဏ်မိုး ၁၉၉၉ ခု နိုဝင်ဘာ ၁၀ရက်မှာ ပင်လယ်ရပ်ခြားမှာ တာဝန်ထမ်းဆောင်ရင်း ဆုံးရှာတယ်။ ဒီနေ့ဆို သူ ခွဲခွာသွားခဲ့တာ ၁၀နှစ် တင်းတင်း ပြည့်ခဲ့ပြီ။

သားကို ချစ်တဲ့ အဖေလဲ သား နောက် လိုက်သွားခဲ့ပြန်ပြီ။ ပထမဆုံး အမေ..၊ နောက် မောင်လေး..၊ နောက် အဖေ..။ သိပ်ချစ်ကြတဲ့ သူတို့ သားအမိ သားအဖတတွေ တနေရာရာမှာ ဆုံဆည်း ပျော်ရွှင်နေကြလိမ့်မယ် လို့ ကျန်ရစ်တဲ့ ကိုယ်တို့ညီအမတတွေ ယုံကြည်နေမိပါတယ်။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

ဝလုံးလေးနဲ့ စ တဲ့ ဘဝ

ဒီလက အဖေ့ မွေးလမို့ အဖေ့ကို သတိတရနဲ့ အဖေ့ကဗျာလေးတွေ ဖတ်ဖြစ်နေတာမို့ ဒီကဗျာလေးတပုဒ်ကို သွားဖတ်မိတာပါ။ နိုဝင်ဘာ ၂၀၀၃ က ရေးထားတာဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ်ကပေါ့လေ။

ဘ၀ဆိုတာ အမျိုးမျိုး ကြုံရ တွေ့ရတာပဲ။ အခုတလော ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို နောက်ပြန်လှည့်ကြည့်မိတဲ့ အချိန်တွေ ရှိတတ်တာမို့ အခု ခံစားရတာတွေနဲ့ တိုက်ဆိုင်သလိုရှိတဲ့ အဖေ့ကဗျာလေးတပုဒ်ကို မျှဝေချင်မိတယ်။ ဖတ်ကြည့်ကြပါအုံး။

ဝလုံးလေးက စ ခဲ့တယ်

ဝလုံးလေးက စ ခဲ့တယ်။

ဘကုန်းကို ဦးထိပ်တင်ပြီး
ဘ၀ထဲကို ၀င်ခဲ့တယ်။

ဝင်ခဲ့တဲ့ဘ၀ ထွေပြားစွ။

ည ည အခင်း ပပ၀င်း
လမင်းနဲ့လဲ ဆုံခဲ့တယ်။

ညအခါ
လ မသာ လ ပျောက်
ဍ္ဍ ရင်ကောက် ဎ ရေမှုတ်
အရုပ်ဆိုးဆိုးတွေလဲ တွေ့ခဲ့တယ်။

ကကြီး ခခွေး ငွေသူဌေး
စလုံး ဆလိမ် သုခမိန်
ချင့်ချင့်ချိန်ချိန် ရှိပါတယ်။

ဆူဆူပူပူ တ၀မ်းပူတွေလဲ အများကြီး။

ဘ၀ကျောင်း အစက ကောင်းပါရဲ့
မရဏ မောင်း က ခေါ်သံကြားရင်
အားလုံးထားလို့ သွားရမယ်။ ။

တင်မိုး
၁၊ ၁၁၊ ၂၀၀၃

အားလုံးကို ထားလို့ သွားရမဲ့ အချိန် မရောက်သေးသမျှတော့ ခရီးဆက်ရအုံးမှာပေါ့။
ခရီးလမ်း ကြမ်းသည်ဖြစ်စေ၊ ချောသည် ဖြစ်စေ တုံ့လှဲ့မေတ္တာနဲ့သာ အားပြုပြီး သွားချင်သူပါလေ။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...

မောင်သစ်ဆင်းမှ ကွမ်းစာ

ဒီမနက် အီးမေးလ်ဖွင့်ကြည့်တော့ အရင် သင့်ဘ၀မဂ္ဂဇင်းက အယ်ဒီတာ ဆရာမောင်သစ်ဆင်းဆီက နီကိုရဲအကြောင်း ရေးထားတဲ့ အီးမေးလ်တစောင် ရောက်နေပါတယ်။ စာထဲမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ပါတာမို့ ဆရာ့ကို ခွင့်တောင်းပြီး စာလာဖတ်သူများကို ပြန် မျှဝေလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

ချိုသင်းရေ..

နီကိုရဲ ဆုံးတဲ့အကြောင်း နင့်ဆီက အီးမေး ရမှ သိရတယ်၊ သိရတာကလည်း မနေ့မနက် အိပ်ယာက အထ၊ အီးမေးဖွင့်ကြည့်မှ သိရတာပါ၊ နီကိုရဲ ဆုံးပြီလို့ ဖတ်လိုက်ရတာနဲ့ ခေါင်းထဲမိုက်ခနဲ ဖြစ်သွားရ ပါတယ်၊ ဖြစ်လို့သာ ဖြစ်တာပါဟယ်၊ တကယ်တော့ ကြိုတင်စိုးရိမ်မိ ပြီးသားပါ၊ တာရာမင်းဝေ ဆုံးပြီ ဆိုကတည်းက နီကိုရဲ ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်၊ မအောင်မြင်ခဲ့ပါဘူး၊ သူ ဖုန်းမကိုင်ဘူး။

ဟုတ်ပါတယ်၊ သူဆုံးရတာ အရက်ကြောင့်ဖြစ်ဖို့ ပိုများပါတယ်၊ အဲဒါကြောင့်ပဲ ငါ့မှာ အပြစ်ရှိသလို ခံစားရတာပါ၊ ဘာကြောင့်လည်းဆိုတော့ သူ အရက်စသောက်ဖြစ်အောင် ဖန်တီးသူတွေထဲမှာ ကိုယ်က ပထမဖြစ်ခဲ့တယ်လို့ ခံစားမိလို့ပါ။

နင်ရဲ့ ဘလော့ထဲမှာလည်း ဖတ်ရပါတယ်၊ အယ်ဒီတာတွေကို ခင်မင်အောင် လဘက်ရည်တိုက်၊ အရက်တိုက်ခဲ့ပြီးပေါင်းခဲ့တယ် လို့ သူပြောခဲ့တယ်ဆိုတာ။ တခြား အယ်ဒီတာတွေတော့ မပြောတတ် ပါဘူးဟယ်။ အဲဒီတုန်းက ( နီကိုရဲ စာရေးခါစက ) ဟန်သစ်အယ်ဒီတာ ကိုတင်ကိုအောင် ကပဲ အမြဲလိုလို ညနေပိုင်း ဒကာတော် ဖြစ်လေ့ရှိခဲ့ပါတယ်။ တခါတခါတော့ ကိုခင်ဇော် ( ဆရာချစ်ဦးညိုရဲ့ ညီ ) ပေါ့၊ အဲဒီတုန်းက နီကိုရဲ က အမြည်းစားသူများ စာရင်းမှာ ပါခဲ့တာပေါ့၊ သူအရက် မသောက်တတ်သေးဘူး ချိုသင်းရ။

မောင်သစ်ဆင်းကလည်း အဲဒီတုန်းက အိမ်ထောင်ကျခါစ ရန်ကုန်ရောက်လာပြီး ဟန်သစ်မှာ ဝင်ကူ နေတုန်းပေါ့၊ ဝင်ကူတယ်ဆိုတာကလည်း စာမူဖတ်ရုံ၊ ထိန်းရုံ၊ စာပေစိစစ်ရေးက လဘက်ရည်သောက် ဖိတ်ကြား (ခေါ်ငေါက်တယ်ဆိုတာ နင်သိပြီးသားပါ) တဲ့အခါ ကိုခင်ဇော်နဲ့အတူ ခန့်ခန့်ကြီး သွား ရောက်ပြီး သူတို့ ဒါနမြောက်အောင်ကူညီခဲ့တဲ့ အဆင့်ပဲရှိပါတယ်။

အဲသလို ကူညီနေရင်းနဲ့ တစ်နေ့တော့ တာမွေလမ်းကျယ် ၁၃၅ လမ်းက ဟန်သစ်မဂ္ဂဇင်းရဲ့ ဘူတ နေရာ မဂ္ဂဇင်းတိုက်ကို ပုဂ္ဂိုလ်ကလေး တစ်ယောက်ရောက်ရှိလို့ လာပါတယ်။ ( နေဦး- ဘူတနေရာ လို့ပြောရတာက မူလနေရာမဟုတ်လို့ပါ၊ အဲဒီတုန်းက ဟန်သစ်မဂ္ဂဇင်းရဲ့ မူလနေရာဟာ ဘားလမ်း မွတ်စလင်ဆေးရုံအောက်က လဘက်ရည်ဆိုင်ဘေး လှေကားထစ်တွေပါပဲ။ အဲဒီနေရာမှာပဲ ညနေပိုင်း အချိန်တွေမှာ စာပေးစာယူ၊ သတင်းပေးသတင်းယူ၊ သရုပ်ဖေါ်ပုံအပေးအယူ စတဲ့ မဂ္ဂဇင်းတို့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ကြရတာပေါ့၊ ဒါ ဟန်သစ် တစ်ခုတည်းမဟုတ်ပါဘူး။ အဲဒီတုန်းက မဂ္ဂဇင်း အတော်များများ ဒီလိုပဲလုပ်ကိုင်ခဲ့ကြရတာ မဟုတ်လား၊ အခုတော့ မပြောတတ်ဘူးပေါ့ဟယ်။ ဘာပဲဖြစ်ဖြစ် ငါတော့ အဲဒီဘားလမ်းက လှေကားထစ်တွေကို အခုထိ လွမ်းသေးသဟဲ့ ၊ တို့ နောက်ဆုံးလုပ်ခဲ့တဲ့ သင့်ဘဝမဂ္ဂဇင်းတောင် အဲဒီနေရာနဲ့ လွတ်ကင်းခဲ့တာမှ မဟုတ်ဘဲ နော )

အင်း --မြန်မာပြည်အကြောင်းပြောရင် ကွင်းစ ကွင်းပိတ်တွေနဲ့ ပြောနေရတော့တာပဲနော်။ ထားပါတော့ဟယ်၊ ဟန်သစ်ရဲ့ ဘူတနေရာကို အဲဒီသူငယ်ကလေး ရောက်လာတာက သူ့စာမူတွေ အခြေအနေ လာရောက်စုံစမ်းတာပါ။ ကလောင်နာမည်က နီကိုရဲ ဆိုပဲ၊ ငါလည်းတစ်ခါမှ မကြားဖူးဘူး။ ဟန်သစ်ကို သူပို့ခဲ့တဲ့ စာမူတွေက ငါ ဟန်သစ်ကို မရောက်ခင်ကတည်းက ဆိုပါတော့၊ ဒါနဲ့ စာမူအဟောင်းပုံတွေ ရှာဖွေ လှန်လှောကြည့်ပြန်တော့လည်း သူ့စာမူတွေကို မတွေ့မိဘူးဟဲ့ ၊ (အမှန်က ကိုတင်အောင်ဆီ ရောက်နေပြီး မသုံးသေးတာ) ဒါနဲ့ သူ့ကို နီးရာ လဘက်ရည်ဆိုင် ခေါ် သွားပြီး ( အချိန်တွေကလည်း များနေသဗျ - အဲဒီတုန်းက) အာရိုက်ရတာပေါ့လေ၊ အာရိုက်ရင်း နဲ့ ဒီသူငယ်ဟာ အတော်လေး အာဝဇွန်းကောင်းတယ်ဆိုတာ သတိပြုမိတယ်၊ နိစ္စဓူဝအကြောင်း လေးတွေကိုပဲ သူက စိတ်ဝင်စားအောင်ပြောတတ်တယ်၊

အဲဒီနောက် ကိုတင်ကိုအောင်နဲ့ စကားစပ်မိရင်း နီကိုရဲ အကြောင်းမေးမိတော့ သူက နီကိုရဲ ရဲ့ စာမူ တွေ ထုတ်ပြပါတယ်၊ ငါ ဖတ်ကြည့်တော့ ပြောပလောက်အောင်မဟုတ်ပါ (ငါ့အထင်)။ ဟိုတုန်းက ရှုမဝ (ချစ်ကိုယ်တွေ့) တွေမျိုးလောက်ပဲ ခံစားရပါတယ်၊ ဒါပေမဲ့ သူ့မှာရှိတဲ့ အရည်အချင်းက ဒိထက် မကဘူးလို့ ငါထင်နေတယ်။

တစ်နေ့တော့ ငါတို့ နိစ္စဓူဝ အပန်းဖြေရာ တာမွေက စခန်းတစ်နေရာကို သူ လိုက်လာပါတယ်။ လိုက်လာပေမဲ့ အရက်မသောက်ပါ။ ( မသောက်တတ်ရှာသေးပါ သို့မဟုတ် မသောက်သေးပါ။ ရှိသမျှ အမြည်းတွေ သူတစ်ယောက်တည်း ကုန်အောင်စားတဲ့အခါ ကိုတင်ကိုအောင်က ပြုံးပါတယ်။ ကိုခင်ဇော်က မျက်လုံးပြူးပါတယ်၊ ငါ ကတော့ ဒီသူငယ်ကို ဘယ်လိုရင့်ကျက်အောင်လုပ်ရပါ့မလဲ စဉ်းစားပါတယ် ( အမှန်က ကိုယ့်ထက် သူက လောကရေးရာမှာ ရင့်ကျက်နေပြီးမှန်း မသိခဲ့ပါ။ သူက အဲဒီအချိန်မှာ သင်္ကန်းကျွန်း မဝတ မှာ ရုံးစာရေးလုပ်နေပြီး တောင်ဒဂုံ အပြောင်းအရွှေ့ ကဏ္ဍရဲ့ ထိတ်လန့် သည်းဖို နဲ့ရင်နင့်စရာ အတွေ့အကြုံတွေကို လက်တွေ့မျက်တွေ့ ရင်ဆိုင်ခဲ့ရပြီးပြီ။ အဲဒါတွေချရေးထားဖို့ ပြောခဲ့ဖူးပါ တယ်၊ ရေးမယ်လို့ သူကတိပြုခဲ့ပါတယ်၊ ရေးပြီးမပြီးမသိပါ) အဲသလို သူလိုက်လိုက်လာရင်း နဲ့ သူက သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးကို ဖွင့်ဖွင့်ပြတတ်ပါတယ်၊ ထွန်းအိန္ဒြာဗို့ အရင် ရှစ်နှစ် လောက် စောပြီး ထုတ်လွှင့်ခဲ့တာပါ၊ သူရဲ့ ‘ရည်းစားဦး’ စီးရီး က အတော်ရယ်ရတယ်၊ သူက လွမ်းလွမ်းဆွေးဆွေးပြောနေလေလေ ရယ်ရလေလေပါပဲ။ တချို့ဟာတွေကတော့ သူ့ကိုယ်ပိုင် ထိုးဇာတ်တွေဖြစ်ဖို့များပါတယ်။

ချိုသင်းရေ.. ဒီနေရာမှာတစ်ခုဖြတ်ပြောပါရစေ၊ နိုင်ငံတက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်တဲ့အခါ ဆိုင်ရာ စစ်ဆေးချက်တွေအပြင် အက်ဆေး အနည်းဆုံးတစ်ပုဒ် တင်ရတယ်မဟုတ်လား။ အက်ဆေး သို့မဟုတ် ငါတို့သိကြတဲ့ စာစီစာကုံး ဆိုတာ သူတို့ဆီမှာကတော့ ရေးသူရဲ့ ပင်ကိုယ်ဗီဇအရည်အသွးကို အကဲဖြတ်တဲ့ အရာပါပဲ။ ဥပမာ ချိုသင်းက ကြောင်မလေးမိဖြူ အကြောင်း အက်ဆေးရေးတယ် ဆိုပါစို့၊ မြန်မာ ကျောင်းသားကျောင်းသူအများစု ရေးရိုးထုံးစံအရ ဆိုရင်တော့ - ကျမတွင် ကြောင်မလေး တစ်ကောင်ရှိပါသည်၊ သူ့အမည်မှာ မိဖြူဖြစ်ပါသည်၊ မိဖြူသည် ငါးကြော်ကို အလွန်ကြိုက်ပါသည်၊ ထို့ပြင် သူသည် ကြွက်ခုတ်ခြင်းဖြင့် ကျမတို့ မိသားစုကို ကူညီပါသည်၊ ကျမသည် မိဖြူကို အလွန် ချစ်ပါသည် --- စသည်ဖြင့် ရေးလေ့ရေးထ ရှိကြတယ် မဟုတ်လား၊ ဒီလိုအက်ဆေးဆိုတာတွေမျိုးမှာ ရေးသူရဲ့ ပုံရိပ်၊ ရေးသူရဲ့ ရှုထောင့်၊ ရေးသူရဲ့  အမြင်တွေကို မတွေ့ရသလောက်ပါ။

ဒါပေမဲ့ နိုင်ငံတကာ မှာကတော့ အက်ဆေးဆိုတာ ရေးသူကို ရှာဖွေကြည့်ရှုတာဖြစ်ပါတယ်။ ကြောင်မလေးမိဖြူအကြောင်း ရေးတယ်ဆိုရင် မိဖြူအကြောင်းထက် ရေးသူအကြောင်းကို ပိုပြီး စိတ်ဝင်စားတာပါ၊ ချိုသင်းရေးတဲ့ ကြောင်မလေးမိဖြူအကြောင်းကတဆင့် ချိုသင်းကို ကြည့်တာပါ၊ ချိုသင်းရဲ့ ရေးပုံရေးနည်း၊ တွေးထောင့်၊ မြင်ထောင့် က အစ စကားလုံး အသုံးအနှုန်း၊ ဝါကျဖွဲ့ပုံ တင်ပြပုံတွေကနေ ချိုသင်းရဲ့အဆင့်ကို လေ့လာ အကဲဖြတ်တာ ဖြစ်ပါတယ်။

ကိုယ်တို့စခန်းချတဲ့နေရာတွေကို ( ဒီလိုအသုံးအနှုန်းတွေအပေါ် နောက်လူငယ်များ အထင် မကြီးကြစေလိုပါ။ အလကားဟာတွေပါ လူငယ်တို့..။ မင်းတို့ရှေ့က လူတချို့ရဲ့ အမှားတွေပါ။ ဒီကနေ့ လူငယ်တွေ အထင်ကြီးလိမ့်မယ်ရယ်လို့လည်း မယူဆပါ ) နီကိုရဲ လိုက်ပါလာတတ်တဲ့အခါ သူ့ရဲ့ ‘ရည်းစားဦး’ စီးရီးတွေ ဖွင့်ဖွင်ပြတဲ့အခါ သူ့ရဲ့ စီးရီးတွေထဲကနေ သူ့ကို လှမ်းလှမ်းမြင်ရလေ့ရှိပါတယ်။

တစ်နေ့တော့ အိပ်တန်း ပြန်ရောက်ကျတဲ့ ညတညမှာ ကိုတင်ကိုအောင်က ငါ့ကိုမေးတယ်၊ နီကိုရဲ ကို ဘယ်လိုမြင်သလဲပေါ့၊ တောက်မဲ့မီးခဲ တရဲရဲပါပဲ လို့ပဲ ချက်ချင်းပြောလိုက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဆရာက စာရေးတဲ့နေရာမှာသာမက တခြားနေရာတွေမှာပါ ရဲနေတော့တာကိုး။ ပထမ အရက် နည်းနည်းပါးပါး လိုက်သောက်လာတယ်၊ ကိုယ်တို့က မသောက်တတ်ဘဲနဲ့ လိုက်သောက်နေစရာ မလိုကြောင်း တားမြစ်ခဲ့ကြပေမဲ့ အရက်ဝိုင်းတို့ရဲ့ ထုံးစံအတိုင်း ဒီစကား အရာမထင်ခဲ့ပါ၊ နောက်ဆုံးမတော့ သူ့ကို တယောက်တည်း အရက်သောက်နည်းတောင် ငါက သူ့ကိုသင်ပေးမိခဲ့သဟဲ့ ချိုသင်းရဲ့..။

ရေးဖေါ်ရေးဖက်ချင်းအနေနဲ့ရော အယ်ဒီတာ ( ဒီဝေါဟာရ နဲ့ ငါနဲ့ ထိုက်တန်တယ်လို့ကို အခုထိ မထင်မိပါ) တစ်ယောက်အနေနဲ့ပါ နီကိုရဲ ကို ငါအများကြီး မျှော်လင့်ခဲ့ဖူးပါတယ်။ အနုပညာမှာ ဟာသရသ ဟာ သိပ်ခက်တယ် မဟုတ်လား၊ ဟာသစာရေးဆရာဆိုတာ တခေတ်တယောက် ပေါ်ပေါက်ဖို့ မလွယ်ပါ၊ အဲဒီထဲမှာမှ ခေတ်စနစ်ရဲ့ အခြေအနေကို သရော်လှောင်ပြောင်တတ်ဖို့က ပိုခက်ပါတယ်၊ အခက်ဆုံးကတော့ လူ့ရဲ့စရိုက်တွေ၊ သဘော သဘာဝတွေကို သရော်လှောင်ပြောင်နိုင်တဲ့ ဟာသအရေးအသားဟာ အခက်ခဲဆုံးပါ၊ နီကိုရဲ ကို အဲသလောက်အထိ မျှော်လင့်ခဲ့ဖူးပါတယ်၊ ဒါကိုလည်း သူ သဘောပေါက်တယ် ထင်ပါတယ်၊ သူ့ရဲ့နောက်ပိုင်းအရေးအသားတွေမှာ အဲဒီဘက်ကို တိမ်းညွတ် လာသလားပဲ။

နီကိုရဲအတွက် နင့်ရဲ့လွမ်းစာ၊ ဆရာမ မေငြိမ်းရဲ့ လွမ်းစာတွေ ဖတ်ရပါတယ်။ နင်တို့နဲ့အတူ ကြေကွဲရပါတယ်။ ငါကတော့ လွမ်းစာတွေ မရေးချင်ဘူးဟယ်။ တမ်းစာ တွေပဲ ရေးချင်ပါတယ်။ သွားလေသူ ဆရာ့ဆရာတွေရဲ့ အရည်အသွေးတွေ၊ တန်ဖိုးတွေကို စနစ်တကျ ဖေါ်ကျူးတဲ့ တမ်းစာမျိုးတွေပေါ့။ ဒါပေမဲ့ အဲသလို တမ်းစာ မျိုး ပီပီပြင်ပြင် ရေးနိုင်လောက်အောင်ကလည်း ကိုယ့်မှာ ဝမ်းစာ က မရှိဘူးဟဲ့၊ ဒီတော့ နင့်ဆီကိုပဲ နီကိုရဲ နဲ့ ပတ်သက်ပြီး ကွမ်းစာ ရေးလိုက်ရပါတယ်။ ကွမ်းစာ ဆိုတဲ့အတိုင်း ကွမ်းဝါးပြီးပြောတာ ဆိုတော့ ဗလုံးဗထွေးပေါ့ ဟယ်။ ငါလည်း အခုတော့ ကွမ်းဝါးနေပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ကွမ်းက ဈေးကြီး သဟဲ့။

သိပ်မကြာခင်မှာ ကာတွန်းအော်ပီကျယ်၊ ဝင်းအောင်၊ ဇော်မောင်၊ စောမင်းဝေ၊ စိုးသော်တာ တို့အတွက် လွမ်းစာတွေ မရေးပါရစေနဲ့လို့ ဆုတောင်းရမှာပဲ။

ဘာပဲဖြစ်ဖြစ် မြန်မာဟာသစာပေမှာ နီကိုရဲဟာ အချိန်တိုတောင်းသော်ငြားလည်း တစုံတရာသော မှတ်တိုင်တခုကိုတော့ စိုက်နိုင်ခဲ့တယ်လို့ ငါတော့ထင်တာပဲ။ ခက်ခဲလှတဲ့ ဟာသအနုပညာကို ရေးဖွဲ့ခဲ့ကြတဲ့ မြန်မာဟာသစာရေးဆရာကြီးတွေကို ပူဇော်ချင်ပါတယ်။

မြန်မာမှာ ပူဇော်ခြင်း (၃)မျိုးရှိပါတယ်။ ဝေယျာဝစဏနဲ့ပူဇော်တာ၊ ဆုတောင်းပူဇော်တာ၊ အလုပ်နဲ့ ပူဇော် တာတဲ့၊ ငါတော့ မြန်မာဟာသစာပေကို လေ့လာခြင်းဆိုတဲ့ အလုပ်နဲ့ ပူဇော်ချင်ပါတယ်။

ဒါပေမဲ့ ချိုသင်းရေ.. ဟာသကိုခံစားတဲ့အခါ အူနှိပ်နေရအောင် ရယ်မောရတတ်ပေမဲ့ ဟာသကို လေ့လာတဲ့အခါမတော့ မရယ်ရတော့ဘူးဟဲ့၊ ဒီတော့ အရယ်သန်လှတဲ့ ချိုသင်းကြိုက်မှာ မဟုတ်တဲ့အတွက် ငါလည်း မပူဇော်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတာဝန်ကို ကိုအော်ပီကျယ်က ဆက်လက် တာဝန်ယူမယ်လို့ လွန်ခဲ့တဲ့ ၁ဝ နှစ်က တာမွေအဝိုင်းမှာ တရားဝင်ပြောကြားခဲ့ပါတယ်။ ဒီတော့ နီကိုရဲ ရဲ့ ဦးခေါင်း (အဲ ယောင်လို့) ဂမ္ဘီရ လက်ချောင်းတွေကို ကိုအော်ပီကျယ် ဆီကိုသာ လွှဲလိုက်ပါတော့ ချိုသင်း နဲ့ ဆရာမမေငြိမ်းတို့ရေ..။


မောင်သစ်ဆင်း

အပြည့်အစုံဖတ်မယ်...

နီကိုရဲရေ..

နီကိုရဲရေ..
နင်ဆုံးပြီ တဲ့။ အံ့သြလိုက်တာ။ နောက်ပြီး စိတ်မကောင်းလိုက်တာ။
ဟုတ်မှ ဟုတ်ရဲ့လား၊ ဟုတ်လို့လား လို့ တတွတ်တွတ် ရွတ်နေမိတယ်။

ဟိုတနေ့ကပဲ သူငယ်ချင်း ကိုလူထွေး ပို့ပေးလို့ နင်ရေးတဲ့ ဈေးသည် အလွဲများ e book လေး ဖတ်နေမိ သေးတယ်။ အဲဒီမှာ နင့်စတိုင်အတိုင်း ရေးထားတာ ဖတ်ပြီး တချိန်လုံး ပြုံးနေမိတာ။

ဟိုးအရင်က နင်နဲ့ စ သိခဲ့တဲ့ ၁၉၉၀ ကျော် နေ့တွေကို သတိရသွားတယ်။ နင့်ကို စာပေလောကထဲမှာ တွေ့တွေ့ဖူးနေတာ ကြာပြီ။ မိန်းကလေးတွေကြားထဲ စကားပြော၊ ခင်မင်နေလို့ သိနေတာ။ ဒါပေမဲ့ နင်က အဲဒီတုန်းက ဟာသတွေ မရေးသေးဘူး။ အတည်ပေါက်ကြီးတွေ ရေးနေတာ။ တနေ့ ဟန်သစ်မှာ နီကိုရဲ ရဲ့ အခန်းဆက်ဝတ္ထုတွေ ရီရလွန်းလို့ ငါ့ဆရာ ဆရာမောင်သစ်ဆင်းကို နီကိုရဲဆိုတာ ဘယ်သူလဲ လို့ မေးမိတယ်။ ဆရာက ငါ့ကို “နင်သူ့ကို သိပါတယ်” တဲ့။ ဘားလမ်း လက်ဖက်ရည်ဆိုင်မှာ၊ လေထန်ကုန်းမှာ အမြဲတွေ့နေတဲ့ တယောက်ဟာလေ တဲ့။ ငါက နင့်ကို လူနဲ့ နံမည်နဲ့ မတွဲမိဘူး။

တနေ့တော့ ဘားလမ်းမှာ နင့်ကို တွေ့တယ်။ ထုံးစံအတိုင်း လူကောင်သေးသေးမှာ အကျီ င်္ကြီးက အကြီးကြီး၊ ဖရိုဖရဲ။ လွယ်အိတ်အကြီးကြီးကိုလဲ ထုံးထားသေးတယ်။ ပုဆိုးက တိုတိုနဲ့။ ငါနဲ့ နင်နဲ့ စကားပြော နှုတ်ဆက်နေတော့ ဆရာက ငါ့ကို “အဲဒါ နီကိုရဲ ပဲလေ” တဲ့။ ငါ့မှာ အံ့သြလိုက်တာ၊ “နင်က နီကိုရဲ ဟုတ်လား၊ နင်က နီကိုရဲ ဆိုတာ တကယ်ပဲလား” ငါ အဲဒီလို ပြောပြောပြီး ရီတော့ နင်က “အေးလေ၊ ငါ နီကိုရဲ လေ၊ နင်နဲ့သိနေတာပဲ ဒီလောက်ကြာပြီ၊ နင်က ငါ့နံမည် မသိဘူးလား” တဲ့။ ငါ့မှာ ရီလိုက်ရတာ။ ပြီးတော့ ပြောခဲ့တယ်။ “နင့် ဟာသ ၀တ္ထုတွေ ငါ သိပ်ကြိုက်တယ်”လို့။ နင်ပြုံးနေတာ အကြာကြီး။

အဲဒီတုန်းက နင်က ဟာသလိုင်းဖက် ရေးဖြစ်သွားရတဲ့ တရားခံကို ငါ့ကို ပြောပြတယ်လေ။ အဲဒီတုန်းက နင်က နင့်စာမူလေးတွေ ပို့ဖို့ ကြိုးစားနေတာ တဲ့၊ (အခုလို လျှမ်းလျှမ်းမတောက်သေးဘူးပေါ့ဟယ်။) အယ်ဒီတာမင်းများကို (နင့်စကားအတိုင်း ပြန်ပြောရရင်) အရက်တိုက်၊ လက်ဖက်ရည်တိုက် နဲ့ ခင်အောင် လုပ်နေတာ တဲ့။ အဲဒီနေ့ ညနေက ဟန်သစ်က ကိုတင်ကိုအောင် ရယ် ဆရာ မောင်သစ်ဆင်းရယ် နင်ရယ် ၀ိုင်းကြတော့ နင်က နင်နဲ့ မကြည်ပြာ (အဲဒီတုန်းကတော့ တခြားနံမည်ပါ) အကြောင်းတွေ ပြောပြတာ သူတို့လဲ ရီရလွန်းလို့ အရက်မူးတွေ ပြေကုန်တယ် တဲ့။ ဒါနဲ့ အဲဒီအကြောင်းတွေ ရေးပေတော့၊ အဲဒါရေးမှသာ စာမူထည့်မယ်လို့ နင့်ကို အကြပ်ကိုင်လို့ ညတွင်းချင်းရေးပြီး ဟန်သစ်ကို နင် စာမူပို့ခဲ့တယ် လို့ ပြောပြတယ်။

အဲဒီ အယ်ဒီတာမင်းများဟာ နင့်ရဲ့ အားသာချက်ကို တကယ်ပဲ ဆွဲထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ငါတို့ နင့်စာတွေကြောင့် ပျော်ရွှင်ရယ်မောနိုင်ခဲ့တာပေါ့။ အဲဒီအတွက် ကျေးဇူးပဲ သူငယ်ချင်း။

နောက်တော့ နင့်ဝတ္ထုတွေ ရုပ်ရှင် ရိုက်တာ၊ နင် ဇာတ်ညွှန်းတွေ ရေးတာ၊ နင် အိမ်ထောင်ကျတာတွေကို ငါ အဝေးကနေပဲ ကြားတယ်။ ငါတို့ အခင်မင် အရင်းနှီးဆုံးတွေ မဟုတ်ခဲ့ပေမဲ့ ငါ နင့်ကို မမေ့နိုင်ပါဘူး။ အထူးသဖြင့် ဒန့်ဒလွန်သီးတွေ တွေ့ရင် ဒန့်ဒလွန်သီးလို နင့်လက်ချောင်းညိုပုတ်ပုတ်တွေကို ငါ သတိရမိတယ်။ လူက လူဖလံလေး၊ လက်က ဒန့်ဒလွန်သီးလက်လို ဖောင်းကား ညိုပုပ်နေတာ ဘာဖြစ်လို့လဲ လို့ တအံ့တသြ ငါ မေးမိတော့ ငါ့ နှလုံး မကောင်းဘူးဟ တဲ့။ နင်က ပေါ့ပေါ့ပဲ ပြောပြလိုက်တာ။ ငါ့စိတ်ထဲ စိတ်မကောင်းလိုက်တာ။

အခု ဘာကြောင့် ဆုံးမှန်း ငါ မသိရသေးပေမဲ့ အခုလောက် မြန်လိမ့်မယ် လို့ မထင်မိဘူးဟာ။ ဒီစာကို ငါ သတင်းဖတ်ပြီးပြီးချင်း ရေးလိုက်တာပါ။ စိတ်မကောင်းဘူး ဆိုတာကလွဲရင် ဘာပြောရမယ်မှန်း မသိတော့လို့ပါ။ ငါ အခုကြားတဲ့သတင်း မှားပါစေ၊ ထုံးစံလိုပဲ အလွဲတွေ ကြုံနေကျ နင့်မှာ သေမင်းနဲ့လဲ လွဲပါစေလို့ ငါ ဆုတောင်းမိပါတယ် သူငယ်ချင်းရယ်။

မိုးချိုသင်း

အပြည့်အစုံဖတ်မယ်...