နီကိုရဲရေ..

နီကိုရဲရေ..
နင်ဆုံးပြီ တဲ့။ အံ့သြလိုက်တာ။ နောက်ပြီး စိတ်မကောင်းလိုက်တာ။
ဟုတ်မှ ဟုတ်ရဲ့လား၊ ဟုတ်လို့လား လို့ တတွတ်တွတ် ရွတ်နေမိတယ်။

ဟိုတနေ့ကပဲ သူငယ်ချင်း ကိုလူထွေး ပို့ပေးလို့ နင်ရေးတဲ့ ဈေးသည် အလွဲများ e book လေး ဖတ်နေမိ သေးတယ်။ အဲဒီမှာ နင့်စတိုင်အတိုင်း ရေးထားတာ ဖတ်ပြီး တချိန်လုံး ပြုံးနေမိတာ။

ဟိုးအရင်က နင်နဲ့ စ သိခဲ့တဲ့ ၁၉၉၀ ကျော် နေ့တွေကို သတိရသွားတယ်။ နင့်ကို စာပေလောကထဲမှာ တွေ့တွေ့ဖူးနေတာ ကြာပြီ။ မိန်းကလေးတွေကြားထဲ စကားပြော၊ ခင်မင်နေလို့ သိနေတာ။ ဒါပေမဲ့ နင်က အဲဒီတုန်းက ဟာသတွေ မရေးသေးဘူး။ အတည်ပေါက်ကြီးတွေ ရေးနေတာ။ တနေ့ ဟန်သစ်မှာ နီကိုရဲ ရဲ့ အခန်းဆက်ဝတ္ထုတွေ ရီရလွန်းလို့ ငါ့ဆရာ ဆရာမောင်သစ်ဆင်းကို နီကိုရဲဆိုတာ ဘယ်သူလဲ လို့ မေးမိတယ်။ ဆရာက ငါ့ကို “နင်သူ့ကို သိပါတယ်” တဲ့။ ဘားလမ်း လက်ဖက်ရည်ဆိုင်မှာ၊ လေထန်ကုန်းမှာ အမြဲတွေ့နေတဲ့ တယောက်ဟာလေ တဲ့။ ငါက နင့်ကို လူနဲ့ နံမည်နဲ့ မတွဲမိဘူး။

တနေ့တော့ ဘားလမ်းမှာ နင့်ကို တွေ့တယ်။ ထုံးစံအတိုင်း လူကောင်သေးသေးမှာ အကျီ င်္ကြီးက အကြီးကြီး၊ ဖရိုဖရဲ။ လွယ်အိတ်အကြီးကြီးကိုလဲ ထုံးထားသေးတယ်။ ပုဆိုးက တိုတိုနဲ့။ ငါနဲ့ နင်နဲ့ စကားပြော နှုတ်ဆက်နေတော့ ဆရာက ငါ့ကို “အဲဒါ နီကိုရဲ ပဲလေ” တဲ့။ ငါ့မှာ အံ့သြလိုက်တာ၊ “နင်က နီကိုရဲ ဟုတ်လား၊ နင်က နီကိုရဲ ဆိုတာ တကယ်ပဲလား” ငါ အဲဒီလို ပြောပြောပြီး ရီတော့ နင်က “အေးလေ၊ ငါ နီကိုရဲ လေ၊ နင်နဲ့သိနေတာပဲ ဒီလောက်ကြာပြီ၊ နင်က ငါ့နံမည် မသိဘူးလား” တဲ့။ ငါ့မှာ ရီလိုက်ရတာ။ ပြီးတော့ ပြောခဲ့တယ်။ “နင့် ဟာသ ၀တ္ထုတွေ ငါ သိပ်ကြိုက်တယ်”လို့။ နင်ပြုံးနေတာ အကြာကြီး။

အဲဒီတုန်းက နင်က ဟာသလိုင်းဖက် ရေးဖြစ်သွားရတဲ့ တရားခံကို ငါ့ကို ပြောပြတယ်လေ။ အဲဒီတုန်းက နင်က နင့်စာမူလေးတွေ ပို့ဖို့ ကြိုးစားနေတာ တဲ့၊ (အခုလို လျှမ်းလျှမ်းမတောက်သေးဘူးပေါ့ဟယ်။) အယ်ဒီတာမင်းများကို (နင့်စကားအတိုင်း ပြန်ပြောရရင်) အရက်တိုက်၊ လက်ဖက်ရည်တိုက် နဲ့ ခင်အောင် လုပ်နေတာ တဲ့။ အဲဒီနေ့ ညနေက ဟန်သစ်က ကိုတင်ကိုအောင် ရယ် ဆရာ မောင်သစ်ဆင်းရယ် နင်ရယ် ၀ိုင်းကြတော့ နင်က နင်နဲ့ မကြည်ပြာ (အဲဒီတုန်းကတော့ တခြားနံမည်ပါ) အကြောင်းတွေ ပြောပြတာ သူတို့လဲ ရီရလွန်းလို့ အရက်မူးတွေ ပြေကုန်တယ် တဲ့။ ဒါနဲ့ အဲဒီအကြောင်းတွေ ရေးပေတော့၊ အဲဒါရေးမှသာ စာမူထည့်မယ်လို့ နင့်ကို အကြပ်ကိုင်လို့ ညတွင်းချင်းရေးပြီး ဟန်သစ်ကို နင် စာမူပို့ခဲ့တယ် လို့ ပြောပြတယ်။

အဲဒီ အယ်ဒီတာမင်းများဟာ နင့်ရဲ့ အားသာချက်ကို တကယ်ပဲ ဆွဲထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ငါတို့ နင့်စာတွေကြောင့် ပျော်ရွှင်ရယ်မောနိုင်ခဲ့တာပေါ့။ အဲဒီအတွက် ကျေးဇူးပဲ သူငယ်ချင်း။

နောက်တော့ နင့်ဝတ္ထုတွေ ရုပ်ရှင် ရိုက်တာ၊ နင် ဇာတ်ညွှန်းတွေ ရေးတာ၊ နင် အိမ်ထောင်ကျတာတွေကို ငါ အဝေးကနေပဲ ကြားတယ်။ ငါတို့ အခင်မင် အရင်းနှီးဆုံးတွေ မဟုတ်ခဲ့ပေမဲ့ ငါ နင့်ကို မမေ့နိုင်ပါဘူး။ အထူးသဖြင့် ဒန့်ဒလွန်သီးတွေ တွေ့ရင် ဒန့်ဒလွန်သီးလို နင့်လက်ချောင်းညိုပုတ်ပုတ်တွေကို ငါ သတိရမိတယ်။ လူက လူဖလံလေး၊ လက်က ဒန့်ဒလွန်သီးလက်လို ဖောင်းကား ညိုပုပ်နေတာ ဘာဖြစ်လို့လဲ လို့ တအံ့တသြ ငါ မေးမိတော့ ငါ့ နှလုံး မကောင်းဘူးဟ တဲ့။ နင်က ပေါ့ပေါ့ပဲ ပြောပြလိုက်တာ။ ငါ့စိတ်ထဲ စိတ်မကောင်းလိုက်တာ။

အခု ဘာကြောင့် ဆုံးမှန်း ငါ မသိရသေးပေမဲ့ အခုလောက် မြန်လိမ့်မယ် လို့ မထင်မိဘူးဟာ။ ဒီစာကို ငါ သတင်းဖတ်ပြီးပြီးချင်း ရေးလိုက်တာပါ။ စိတ်မကောင်းဘူး ဆိုတာကလွဲရင် ဘာပြောရမယ်မှန်း မသိတော့လို့ပါ။ ငါ အခုကြားတဲ့သတင်း မှားပါစေ၊ ထုံးစံလိုပဲ အလွဲတွေ ကြုံနေကျ နင့်မှာ သေမင်းနဲ့လဲ လွဲပါစေလို့ ငါ ဆုတောင်းမိပါတယ် သူငယ်ချင်းရယ်။

မိုးချိုသင်း

39 comments:

MANORHARY said...

ဟုတ်တယ်..နှလုံးကြောင့်ဖြစ်တဲ့
လက်ချောင်းတွေက ထိပ်မှာ လုံးလုံးဝိုင်းဝိုင်း
ညိုညိုကြီးတွေ...
ခုတော့
သူငြိမ်းချမ်းသွားပါပြီ

Rita said...

ဒီနေ့ JD ရဲ့ Status မှာ RIP နီကိုရဲ လို့တွေ့ကတည်းက သိလိုက်မိတယ်။ ဒါပေမဲ့လည်း လှမ်းမမေးလိုက်ဘူး။

CONTACT said...

ချိုသင်းရေ... စိတ်မကောင်းလိုက်တာ။ လွဲပြန်ပြီနော်။

Nge Naing said...

ကျွန်မလည်း နီကိုရဲစာအုပ် များများ မဖတ်ဖူးပေမယ့် ဖတ်ဖူးသလောက် စာအုပ်တွေကသိပ်ကို ရီရလို့ ဘယ်တော့မှ မေ့မသွားပဲ အမြဲတမ်း သတိရပြီး ပြန်ပြောပြီး ရီဖြစ်တယ်။ အခုလို ကြားရတာ တကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်။

မမသီရိ said...

နှစ်သက်တဲ့ စာရေးဆရာကောင်းတယောက်မို့
တကယ်နှမြောမိတယ်

ကောင်းရာသုကတိ ရောက်ပါစေ

Anonymous said...
This comment has been removed by the author.
ကိုလူထွေး said...

လူတွေကို သူရယ်အောင် လုပ်ခဲ့သမျှ
သူ့အပေါ်ကို အလွမ်းတွေ ပိုစေလေသလား မပြောတတ်တော့ပါဘူး မချိုသင်းရယ်...

Anonymous said...

စိတ်မကောင်းလိုက်တာ
သူ့ စာအုပ်တော့ မဖတ်ဖူးပေမဲ့
သူ့ ဝထ္တု ဇတ်လမ်းတွေ ကြည့်ဖူးတယ်
ရီ ရလို့ ကြိုက်တယ် နှမြောစရာနော်

မြူးလေး

khin oo may said...

သူ့ဇတ်ကောင်တွေ က သိတ်အသက်ဝင်တယ်။
စိတ်မကောင်းပါ။

:P said...
This comment has been removed by the author.
:P said...

ဂျီတော့ စတေးတပ်စ် တွေမှာ တွေ့တွေ့နေလို့ မဟုတ်ပါစေနဲ့ ဆုတောင်းနေတာ၊

မကြည်ပြာလုံးချင်းထွက်တော့စာအုပ်ဆိုင်က ငှားလာတာ၊ အကျိုးမရှိတာတွေပဲ ဖတ်နေတယ်လို့ အဖေဆူတာတောင် ခံရသေး၊ ကလောင်အသစ်မို့လည်း ပါတယ်။ နေ့လည်ဖက် တခစ်ခစ်ရယ်သံကြားလို့ ကြည့်လိုက်တော့ ဖေဖေရယ် နီကိုရဲရဲ့ မကြည်ပြာစာအုပ်ဖတ်ပြီး ရယ်နေတာ။ အမှတ်တရပဲ ။
အဲဒီစာအုပ် အပိုင်း ၂ ပိုင်းလုံး ခဏခဏ ငှားဖတ်ဖြစ်ပြီး ဖတ်တိုင်းလည်း ရိုးမသွားပဲ ရယ်နေရတုံးပါ။

လူချင်းမသိပေမယ့် စာဖတ်ပရိသတ် တစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။ အရင်တစ်ပတ်ကမှ ရန်ကုန်က ပို့ပေးတဲ့ သူ့စာအုပ် ဖတ်လိုက်ရသေးတယ်။

nu-san said...

နီကိုရဲ ၀တ္ထုတွေကို ကြိုက်တယ်.. အမရဲ့ ပို့စ်ခေါင်းစဉ်ကို ဖတ်ပြီး တခြားအကြောင်းရေးထားတာ ဖြစ်မယ်လို့တွေးမိသေးတယ်.. အခုတော့ ဆုံးသွားပြီတဲ့.. စိတ်မကောင်းဘူး..

PWINT THIT said...

ကာတွန်းကံချွန်၊ ဇော်ဝမ်း၊ တက္ကသိုလ်ထွန်းနောင်၊ နီကိုရဲ
ဒီနှစ်ထဲမှာ ကြွေတဲ့ကြယ်တွေ။

သက်ဝေ said...

အခုတလော စိတ်မကောင်းစရာတွေပဲ ကြားနေရလို့
လူက တော်တော်ထုံပေပေဖြစ်နေပေမယ့် နီကိုရဲ ဆုံးတယ်ကြားတော့ အရမ်းဝမ်းနည်းသွားတယ်...
မဟုတ်ပါစေနဲ့လို့ ဆုတောင်းရင်း...
သူ့ထုံးစံအတိုင်း အလွဲလေးများလားလို့ မျှော်လင့်နေရင်း...
ချိုသင်းရေးတာ ဖတ်ရတော့ ဒါ အတည်ပေါ့နော်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေမိတယ်...

ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းဖို့ အတူတူ ဆုတောင်းကြတာပေါ့နော်....

ဂျူနို said...

ှဤသို့ရီရပါသော ကိုရဲဝင်း
မြတ်သော ဘုံတွင်
ငြိမ်းချမ်း ပါစေ။


မအယ်


Kaung Kin Ko said...

ရယ်ရရုံတင်မက
စာရေးသားပုံကလည်းစာတကြောင်းချင်းစီက ကဗျာတပုဒ်လို ကောင်းလွန်းလို့ ။ နှမြောလိုက်တာဗျာ။

tin min htet said...

ဆုံခဲ့ဖူးပေမယ့် မရင်းနှီးခဲ့ပါ ..
ခံစားကြည့်ပါ မသီတာကိုတော့ စွဲခဲ့ဖူးပါတယ် ..
ကိုနီကိုရဲ ငြိမ်းချမ်းပါစေ ..

tg.nwai said...

စိတ်မကောင်းလိုက်တာချိုသင်းရယ်..ချိုသင်းပို့စ်ကို မြင်မှ....သူ့စာတိုင်းကို မဖတ်ဖြစ်ပေမယ့် ဖတ်ဖြစ်တဲ့ စာတွေကို သဘောကျခဲ့တာ....ကောင်းရာဘုံဘ၀မှာပျော်မွေ့နိုင်ပါစေလေ..ကျန်ရစ်သူမိသားစုအတွက်လည်း စိတ်မကောင်းပါဘူး...

HAPPY CLOUD said...

သူ့ရဲ့ ကြည်ပြာရောင် နဂ္ဂတစ်တွေကတော့ ဘယ်တော့မှ ဆေးသားမလျော့နိုင်ပါဘူး။ လေးစားထိုက်တဲ့ စာရေးဆရာဖြစ်လို့ နှမြောတယ်။

မိုးမောင်

မယ့်ကိုး said...

ဘယ်လိုဖြေနိုင်မှာလဲ မရယ်...=(

Sein Lyan Tun said...

ကြယ်တပွင့် ကြွေသွားပြန်ပီပေါ့..

မြစ်ကျိုးအင်း said...

နီကိုရဲဆိုတာ ကျနော် အနှစ်သက်ဆုံးစာရေးဆရာပါပဲ...။
ခုထိတော့ ဘာသတင်းမှ မရသေးဘူး....။
တကယ်မဟုတ်ရင် သိပ်ကောင်းမှာပဲ အမရယ်...။
နှမျောလိုက်တာ...။ :(

လင်းဒီပ said...

ဆရာနီကိုရဲ ကောင်းရာသုဂတိ လားပါးစေ...။

ရွှေရတုမှတ်တမ်း said...

ရှားရှားပါးပါး..ဟာသ.လိုင်းကမို့..
တယောက်ဆို..တယာက်...နှမြောလိုက်တာ....

ကောင်းကင်ပြာ said...

စိတ်မကောင်းဘူး အမ ချိုသင်းရယ်..
နီကိုရဲ ကောင်းရာမွန်ရာ ရောက်ပါစေ..

မိုးစဲနေ said...

ချိုသင်းရေ..
ဖတ်ဖူးသလောက်ကြိုက်ခဲ့ပြီး ဖတ်မည်လိုကြံထားတဲ့နီကို
ရဲရဲ့ဝထ္ထုတွေ ခုရက်ထဲဖတ်ဖြစ်တော့မယ်ဗျို့..ကျနော်တို့
ကြားတာ နှလုံးရောဂါလို့ ကြားပါတယ်.ကျနော်တို့ချစ်ခင်
တဲ့သူတွေက အသေစောပြီး မချစ်ခင်မနှစ်သက်သူတွေ
ကအသက်ရှည်လွန်းတာ.ဆိုးတယ်ဗျာ..

ခြေလှမ်းသစ် said...

မြန်မာပြည်အတွက် လူတော်လူမွန်တွေ အကြွေစောမှာ နှမျောမိပါတယ် .. အနာဂတ်မြန်မာပြည်ကို ဖေးမမဲ့သူ တယောက် အလျှော့မခံချင်ပါဘူးဗျာ ....

မေဇင် said...

နောက်ဆို သူ့ လက်ရာ လေးတွေ မဖတ်ရတော့ဘူးပေါ့နော်...။ သူ့ ရေးတဲ့ စတိုင်လေးတွေကို အရမ်းနှစ်သက်မိတယ်.....၊ အသက်ဝင်လွန်းတဲ့ ဇာတ်ကောင်တွေနဲ့ အမြဲ ပြုံးနေရတဲ့ လက်ရာလေးတွေ ... တော်တော်လေးကို နှမြောမိပါတယ်..။ စိတ်မကောင်းဘူး....။

တန်ခူး said...

စိတ်မကောင်းလိုက်တာချိုသင်းရယ်… ဘယ်လိုမှ မျှော်လင့်မထားတဲ့သတင်း… ပြီးတော့ သူငယ်ငယ်လေးရှိသေးတာ…

ကိုအောင် said...

စာရေးဆရာ နီကိုရဲ ကွယ်လွန်ခြင်း အမရဲ့ ၀မ်းနည်းမှု
မှတ်တမ်းကို ဖတ်ရူသွားပါတယ် အမ။

tune said...

OMG !
thinking my time is also nearer ..
but well, ... still wanting to taste drops of honey.
thanks for the post Ah Ma.

သံလွင် HeRo said...

ကောင်းရာသုဂတိလားပါစေဗျာ။

ရေတမာ said...

တနေ့ကတောင် အွန်လိုင်းမှာ သူ့ဝတ္တုတွေ အသစ်ထွက်လား ရှာကြည့်မိသေးတယ်။ ပေါက်စီတစ်လုံး နွားနို့တခွက်နဲ့ ကြည်ပြာရောင်နဂတစ်များ မနက်ခင်းတွေကို သတိရတယ်။ အမပြောသလို သေမင်းနဲ့ လွဲပါစေလို့ မချင့်မရဲဆုတောင်းမိပါတယ်။

ဖြူတုတ်လေး said...

အရမ်းနှမြောစရာကောင်းတာပဲ မမ။

Ree Noe Mann said...

စိတ်မကောငး ဖြစ်ရပါတယ် အမရယ်

ခင်တဲ့ ရီနို

လွမ်းသုရင် said...

အများကြီး မဖတ်မိပေမယ့် ဖတ်မိသမျှ နှစ်သက်ရတဲ့ စာရေးဆရာတစ်ယောက်ပါပဲ။ ဆုံးရှုံးရခြင်းအတွက် ၀မ်းနည်းမိပါတယ်...

ရွှန်းလဲ့ said...

ကောင်းရာသုဂတိလားပါစေ။
ကျွန်တော်ကြိုက်တဲ့ စာရေးဆရာတစ်ယောက်ပါ။
နှမျောလိုက်တာ။

အေးမြရိပ် said...

နီကိုရဲ ကောင်းရာဘုံဘ၀မှာ ငြိမ်းချမ်း ပါစေ။

ကိုကိုသုန် said...

နီကိုရဲ တဲ့ သူ့နာမည်က.... နာမည်က ဘာမှန်းမသိဘူး...သူ့ကိုသူလည်း နာမည်ပေးတုန်းကတော်တော်စဉ်းစားပြီးမှ ပေးခဲ့ရတယ်တဲ့.... "ကကြီး" ကနေပြီးတော့ "အ" အထိကို အစဉ်လိုက်ချရေးပြီးမှ သူ့နာမည်နဲ့လိုက်တဲ့ "နီ" ဆိုတာလေးကို ရွေးပြီး ပေးခဲ့တဲ့နာမည်လို့ပြောတယ်ဗျာ... သူ့ကို စပြီးသိခဲ့တာက "တစ်သုံးခုနှစ်ရှစ်" တဲ့... သူ့ခုံနံပါတ်ပါတဲ့ဗျာ.... ဘယ်စာစောင်ထဲမှာ ဖတ်မိသွားတာလဲ မသိပေမယ့် ရင်ထဲက ဘယ်တော့မထွက်တော့တဲ့ စာရေးဆရာတစ်ယောက် ဖြစ်သွားတယ်... အရေးအသားက ဟာသဆိုပေမယ့် ကလိထိုးပြီး ရယ်ရတာမဟုတ်ဘူး သိပ်ကောင်းတယ်ပေါ့.... ဆရာနီကိုရဲ မရှိတော့ပေမယ့် ဆရာရဲ့နာမည် နှင့် ဟာသတွေက အမြဲထာဝရရှင်သန်နေမှာပါဗျာ... ကောင်းရာသုဂတိရောက်ပါစေဗျာ....