ကဗျာထဲက သားအဖ

တလောက ခင်မင်ရတဲ့ အကိုကြီး ကိုချစ်ဖေက စာမရေးနိုင်သေးလဲ အဖေ့ကဗျာလေးတွေ အမှတ်တရ တင်ပေးပါ တဲ့။ ဒါနဲ့ ကိုယ်လဲ အဖေ ကိုယ်တို့တွေအတွက် စပ်ခဲ့တဲ့ ကဗျာတွေကို စဉ်းစားရင်း တွေးမိတာပေါ့။

တကယ်က အဖေက ကဗျာဆရာ ဖြစ်လေတော့ သူ့ရင်ထဲ ထိရှလာသမျှ ကဗျာတွေ ရေးနေ စပ်နေတာပါ။ ပန်းကလေးပွင့်တာက စ လို့ တိုင်းပြည်အတွက် ရင်လေးမိတာ အဆုံးပေါ့။ နောက် ကိုယ်တို့ သားသမီးတွေအတွက်လဲ ကဗျာတွေ အမျိုးမျိုး စပ်သေးတယ်။

အထူးသဖြင့် ကိုယ်တို့မွေးနေ့တွေမှာ နိုးလာတာနဲ့ အဖေက ကဗျာစပ်နှင့်ပြီးပြီ။ မွေးနေ့ လက်ဆောင် ကဗျာတပုဒ်နဲ့ အမြဲဆုမွန်ကောင်းတွေ တောင်းပေးတတ်သလို ဆုံးမစရာ ရှိရင်တောင် ကဗျာနဲ့ ဆုံးမတတ်သူပါ။ ဒီနေ့တော့ ကိုယ်က ကိုယ့်မောင်လေး ဥာဏ်မိုးအတွက် အဖေစပ်ခဲ့တဲ့ ကဗျာလေး တချို့ကို ဖော်ပြချင်မိတယ်။

ကိုယ့်မှာ မောင်လေးတယောက်ရှိခဲ့ဖူးတယ်။ အသက်က တနှစ်ကြီး တနှစ်ငယ်။ အဖေနဲ့ အမေက သားရှင်ပြုချင်တာမို့ သားယောကျာင်္းလေး စောင့်ရင်းနဲ့ သမီးမိန်းကလေးတွေချည်း မွေးလာတာ ၅ယောက်မြောက်ကျမှ ယောကျာင်္းလေး ရတယ်။ ကိုယ်နဲ့ အထက်အောက် မောင်နှမ ပေါ့။

တယောက်တည်းသော သားယောကျာင်္းလေးဆိုတော့ ချစ်လိုက်ကြတာ ဘာပြောကောင်းမလဲ။ သားမျက်နှာ တချက် အညိုမခံခဲ့ဘူး။ နောက်ပြီး သားကလဲ အဖေနဲ့ စရိုက် လုံးလုံး မတူဘူး။ အဖေ့လို ကဗျာစပ် နူးနူးညံ့ညံ့ မနေချင်ဘူး။ ဒေးဗစ်ချန်းကို ကြိုက်တယ်၊ ဘရုစ်စလီကို အထင်ကြီးတယ်၊ လက်တွေ့ကိုပဲ ပြောဗျာ၊ စိတ်ကူးမယဉ်ချင်ဘူး ဆိုတဲ့ လူမျိုး။

အဲဒီတော့ အစွန်းတဖက်စီမှာ ရပ်နေကြတဲ့ သားအဖအကြောင်း အဖေက ဒီလို ကဗျာစပ်ခဲ့တယ်။ ဖတ်ကြည့်ပါအုံး။

၁၆နှစ်သားနဲ့ စကားပြောခြင်း



သား…
ကျနော့်စကား
မမှားမှန်း သူသိတယ်။
သူ နားမထောင်ချင်ဘူး
ကျနော့်စကားဟာ
ခေတ်တရားနဲ့ မညီ
ပဝေဏီက ပေါရာဏစကားလို
နားမချိုစရာ ဖြစ်မိတယ်။
ခေတ်စကားနဲ့ ခေတ်တရားကိုပဲ
သူ နားထောင်မယ်။



သား..
ကျနော့်စကား
ပျားသကာလိုချိုပြီး
စေတနာပိုမှန်း သူသိတယ်။
ဒါပေမဲ့
သူ့နားမှာ မ၀င်ဘူး။
ကျနော့်စကားနဲ့ သူ့ နား
ခေတ်တွေ ခြားခဲ့ပြီ။
သူ့ခေတ် သူ့အကြောင်းနဲ့
ကျနော့်ခေတ် စကားဟောင်း
နားပြောင်းပြန် ဖြစ်နေတယ်။



သား…
ကျနော့်စကား
အဆင်တန်ဆာ များတယ် လို့ ထင်တယ်။
စကားတန်ဆာ နားတန်ဆာဆိုတာ
ခါးတမာပါပဲ။
မေတ္တာအပြုံးဆေးဟာ
ခေတ်နဲ့ကွာတဲ့ အရှုံးပေးမှုပါပဲ။
သား အရှုံးမပေးနိုင်ဘူး၊
နှလုံးမအေးနိုင်ဘူး။
အမုန်းသွေးကြွနေတယ်။
သားဟာ ဒေးဗစ်ချန်း
သားဟာ စူပါမင်း
သားဟာ ရမ္ဘုိ
သားဟာ….။



ယဉ်ကျေး ပျူငှာမှုတွေဟာ
အလိမ် အတု တွေပဲ။
စကားလုံး ၀ါကျတွေဟာ
ဟန်ဆောင်မှုတွေပဲ။
ဖေဖေတို့လူကြီးတွေဟာ
လိမ်တယ် ကောက်တယ်။
အခွင့်အရေး တမူးတပဲကို
ဘိန်းဖြူစွဲသလို စွဲနေတယ်။
သား လူကြီးတွေနဲ့ မနေချင်ဘူး။
သား သိုင်းသမားတွေနဲ့ နေမယ်။
တန်ခိုးရှင်တွေနဲ့ နေမယ်။
သူရဲကောင်းတွေနဲ့ နေမယ်။
သား စကားမပြောချင်ဘူး။
ဖေဖေဟာ သားကို ချစ်မှန်း သိပါတယ်။
သားကိုချစ်သလောက်
တရားကိုကော ချစ်ပါသလား။



အလို..ဗုဒ္ဓေါ
မလွယ်ကြောပါလား။ ။

တင်မိုး
၂၅-၃-၁၉၈၈

လူကြီးနဲ့ လူငယ်ရဲ့ မေတ္တာနဲ့ ယှဉ်တဲ့ ပဋိပက္ခ ကို ဒီကဗျာမှာ အထင်းသားတွေ့ရမှာပါ။ နောက် ကိုယ့်မောင်လေး အသက်လေးရလာတော့ လူကြီးဆန်ပြီး ရင့်ကျက်လာ၊ မေတ္တာရဲ့ တန်ဖိုးကို သိတတ်လာ၊ နောက်..တရပ်တကျေးမှာ ပင်လယ်ခရီးသွားပြီး အလုပ်လုပ်ရရှာတယ်။ အဲဒီအခါ မိဘအရိပ်ကို သူတမ်းတ ရှာတယ်။ သူ ပြန်လာချင်တယ်။ အဲဒီအခါ အဖေကလဲ သားကို ဒီလို ကဗျာလေးစပ်ပြီး ပို့ပေးခဲ့ပြန်ပါတယ်။

သားအတွက် အဖေ့အိမ်

ကိုယ့်အသွေးထဲက သား
ပင်လယ်ရပ်ခြားက သူ့စကားဟာ
ခွန်အားအဖြစ် နားထဲဝင်သွားတယ်။

စကားသံမှာ
ကာရန်တွေနဲ့ လှပြီး
ရသတွေနဲ့ ထုံမွှန်းနေတယ်။

ကိုယ့်မြေပေါ်မှာ ပြန်လည်ခြေချဖို့
မြေ ၁၀ လက်မခန့် လိုပေလိမ့်မယ်။

ဖခင်ရဲ့ ၅ပေ ၄လက်မခန့် ကိုယ်အလျား
တံတားအဖြစ် အသုံးဝင်ခဲ့ရင်
အဆင်သင့်ပါပဲ လူကလေးရဲ့..။

အဖေ့အိမ်တံခါး ပွင့်နေပြီ။

ခြေသံဖွဖွ၊ ရယ်သံလှလှနဲ့
တံတားပေါ်က လျှောက်ခဲ့ပါတော့။ ။

တင်မိုး
၉-၁၁-၉၅

အဖေက ဘယ်လောက်ပဲ တံတားခင်းပေးချင်ပေမဲ့ သားကတော့ သေမင်းခင်းပေးတဲ့ လမ်းကို ဖြောင့်ဖြောင့်ကြီး သွားနှင့်ခဲ့ပြီ။ ကိုယ့်မောင်လေး ဥာဏ်မိုး ၁၉၉၉ ခု နိုဝင်ဘာ ၁၀ရက်မှာ ပင်လယ်ရပ်ခြားမှာ တာဝန်ထမ်းဆောင်ရင်း ဆုံးရှာတယ်။ ဒီနေ့ဆို သူ ခွဲခွာသွားခဲ့တာ ၁၀နှစ် တင်းတင်း ပြည့်ခဲ့ပြီ။

သားကို ချစ်တဲ့ အဖေလဲ သား နောက် လိုက်သွားခဲ့ပြန်ပြီ။ ပထမဆုံး အမေ..၊ နောက် မောင်လေး..၊ နောက် အဖေ..။ သိပ်ချစ်ကြတဲ့ သူတို့ သားအမိ သားအဖတတွေ တနေရာရာမှာ ဆုံဆည်း ပျော်ရွှင်နေကြလိမ့်မယ် လို့ ကျန်ရစ်တဲ့ ကိုယ်တို့ညီအမတတွေ ယုံကြည်နေမိပါတယ်။

မိုးချိုသင်း

41 comments:

သက်ဝေ said...

ဖတ်ရတာ စိတ်မကောင်းဘူး...
သား... သား... သား... တဲ့...။

သူတို့ သားအမိ သားအဖတတွေ တနေရာရာမှာ ဆုံဆည်း ပျော်ရွှင်နေကြလိမ့်မယ် လို့ ချိုသင်းတို့ ယုံကြည်သလိုပဲ ယုံကြည်နေမိတယ်...။ ယုံကြည်သလိုလဲ ဖြစ်နေပါစေလို့ ဆုတောင်းပါတယ်...။

ကိုချစ်ဖေ said...

ချိုသင်းရေ..ကံကောင်းတယ်.ခုပဲတွေ့လို့ တကယ်ကစောင့်နေတာ.လေ.တိုက်ဆိုင်တာ.
ချိုသင်းအဲ့လိုတင်လိုက်တော့.ဆရာကိုရော ကိုယ့်အဖေကြီးကိုရောပြေးမြင်တယ်ဗျာ.ကိုယ်ဖတ်ချင်တဲ့
ဆရာတော်ရှင်ဥက္ကဌစာအုပ်တွေကို စာသိပ်မဖတ်တဲ့ အဖေက၀ယ်လာပေးရင်း အမေ့ကို သားတော့ ဒိဌိဖြစ်တော့မယ်ကွာ ကွန်မြူနစ်ဖြစ်တော့မယ်ကွာနဲ့
စိတ်မကောင်းဖြစ်နေခဲ့တာပြေးမြင်နေမိတယ်.

နောက်တော့ ကိုယ်လည်း ဒိဌိမဖြစ် ကွန်မြူနစ်လည်းမဖြစ်ပါ ပဲ အဖေကို ခုမှပိုချစ်နေရတယ်
ဆရာကြီးကတော့ ကဗျာဆရာကြီးမို့.သူ့အချစ်ကို ကဗျာရေးသွားနိုင်ပါတယ်.အိမ်အပြန် သူကိုယ်သူ တံတားခင်းပေးဦးမယ်တဲ့ အဖေကတော့ ကျနော်ကြိုက်တဲ့ သူမဖတ်တဲ့ကျနော့်စာအုပ်လေးတွေကိုင်ကြည့်နေမလား.ပဲ .ချိုသင်းရေ.မိသားစုထမင်းလက်ဆုံ စားခွင့်မရကြတာကပဲ ကျနော်တို့ နိုင်ငံသားတွေရဲ့ဘ၀လား..မသိတော့ပါဘူး.ကိုကျော်ဝဏ္ဏကိုလည်းသတိယကြောင်း တချိန်ချိန် တက်တူးလာထိုးဦးမည့်အကြောင်း ကိုနေ၀င်းအောင်ကတော့ မြန်မာလို စာရိုက်ကျင့်နေလေတယ်တဲ့..

wai said...

:(

Kay said...

ဖတ်ရတာ..လွမ်းဆွတ် မှိုင်းမှုံ.. ဘ၀ ဆိုတာ..ချစ်ပြီး ခွဲခွါ ရတာမျိုးလား။ ဒါဆို..ညဏ်မိုးက..ကျမတို့ နဲ့များ..တတန်းထဲဖြစ်မလား ။ မသိခဲ့ဘူးနော်။း(

ကိုရေတမာ said...

စိတ်မကောင်းပါဘူး အမရေ။ အဖေ့ရဲ့ မေတ္တာတရားတွေက ကြီးမားလှပါတယ်။ ကျနော်တို့လည်း ပြန်လာဖို့ လက်ကမ်းထားတာတောင် လှမ်းမဆွဲနိုင်သေးပဲ ဘ၀ ပင်လယ်ထဲ တ၀ဲဝဲလည်လည် ရှိဆဲပါ။ ကဗျာမစပ်တတ်ပေမယ့် သူလည်း လွမ်းတတ်မှာပါ။

ဂျူနို said...

အယူအဆချင်း မတူတဲ့ သားအပေါ် နားလည် တဲ့ အဖေရဲ့မေတ္တာပေါ့ ချိုသင်းရယ်။

ကဗျာဆရာဆိုတော့ သားနဲသူ့ အကြောင်း ကဗျာလေး ရေးလိုက် ပြန်ဖတ်လိုက်နဲ့ ပြုံးပြုံး ပြုံးပြုံး ဖြစ်နေမှာ မြင်ယောင်မိတယ်။

အဝေးရောက်မှ အိမ်ကို အရမ်းလွမ်းတယ်ဆိုတာ တကယ်ပါပဲ။ အိမ်နဲ့တူတဲ့နေရာ မရှိ ဘူးဆို တာဒါ့ကြောင့်ပြောတာနေမှာ။


ဒီသားအမိ သားအဖ ပြန်ဆုံ ကြမှာပါ။


မအယ်

မယ်ကိုး said...

ဖတ်ရင်း ဝမ်းနည်းနေမိတယ် မရယ်။
မတို့ညီအမတတွေ ယုံကြည်သလို အတိတ်ဘဝက အရမ်းချစ်ခဲ့ကြတဲ့ သားအမိ သားအဖတတွေ တနေရာရာမှာ ဆုံဆည်း ပျော်ရွှင်နေကြလိမ့်မယ် လို့ ထပ်တူယုံကြည်ပါတယ်။

MieMie said...

မေတ္တတရား နှစ်ခု တနေရာထဲမှာ ပေါင်းစုံမိကြမယ်လို့
ယုံကြည်မိပါကြောင်း

မမသီရိ said...

စိတ်မကောင်းဖြစ်ရပါတယ် ချိုသင်း ရေ
မေတ္တာတွေ ထုံမွှမ်းထားတဲ့ ၀မ်းနည်းခြင်းတွေ
တမ်းတပုံရိပ်တွေနဲ့ ကြေကွဲခြင်းတွေ..
အကုန်လုံး ကူးစက်ခဲ့ ပြီ...
ဆရာဆုံးတဲ့နေ့ အကြောင်း မီးရထား နိမိတ်ပုံ နဲ့ ရေးဖွဲ့ခဲ့တဲ့ ကဗျာနဲ့ ပို့စ်လေး ကလဲ ရင်ထဲမှာ စွဲနေတာ ခုထိပါပဲ.. အမြဲ လိုလို မမ မျက်စိထဲ မြင်ယောင်နေတယ်
ချိုသင်းတို့သားအဖ ဓါတ်ပုံရယ်.. အဲဒီ ပို့စ်လေးရယ်..

ခုလဲ သားအတွက်အဖေ့အိမ် ဆိုတဲံ့ကဗျာလေး
မမ နှလုံးသားထဲ သိမ်းသွားခဲ့ပါပြီ..

ချစ်ကြည်အေး said...

အင်မတန် လှပ တဲ့ ၅၂၈ မေတ္တာဖွဲ့ ကလေး တပုဒ် ဖတ်လိုက်ရတာ၊ ဘဘရဲ့ ရင်ဘတ်ကြီးထဲ လှမ်းမြင်လိုက်ရသလိုပါပဲ....။

Rita said...

ဝမ်းနည်း ဝမ်းသာ

Maung said...

ချိုသင်းရေ..

ကောင်းမှကောင်း..ဆရာ့ရင်ထဲရော..
အမတစ်ယောက်ရဲ့ရင်ထဲကို ပါလှမ်းမြင်သွားတယ်..
သားကဟိုတနေ့ကသူနဲ့ကစားဖို့ငါ့ဘယ်လိုလှမ်းခေါ်
တယ်မှတ်တုံး?
" Come on..dude!" တဲ့:)
ရင်ထဲ သူ့သူငယ်ချင်းလိုခင်တာပဲ ဆိုပြီးပြုံးပြုံးနဲ့ပေါ့..
အဖေတွေဆိုတာဒီလိုပဲထင်ပါရဲ့..

NL

ကောင်းကင်ပြာ said...

ဆုံကြမှာပါ အမ ချိုသင်းရယ်

kiki said...

ကဗျာလေးတွေ ဖတ်ပြီး ကြည်နူး ရင်း နဲ့  ရင်ထဲ ဆို့ သွားတယ် မချိုသင်း ရယ် ။
တဦးတည်းသော သားလေးဆို အချစ်ပိုမှာ ၊ အဝေးရောက်နေတဲ့ အချိန်တွေလည်း အလွမ်းပိုမှာ ၊
မချိုသင်းတို့ မိသားစုလေးက တကယ်ပဲ ချမ်းမြေ့ ပျော်ရွှင်စရာ ကောင်းခဲ့ပါတယ် ။
ခုလည်း သူတို့ သားအမိ သားအဖ တတွေ ပြန်ဆုံကြမှာပါလေ ။

ခြေလှမ်းသစ် said...

ကဗျာလေးတွေဖတ်ရင်း ရင်ထဲစို့သွားပါတယ်အမရေ ...

pandora said...

ပန်းတွေပွင့်လည်းကဗျာဖြစ် တိုင်းပြည်အတွက်လည်း ကဗျာဖြစ်တဲ့ ဆရာကြီး... သားအတွက် ရေးထားခဲ့တဲ့ ကဗျာနှစ်ခုစလုံးမှာလည်း အချစ်တွေကို မြင်ကြားခံစားနေရတယ်။ ရင်ထဲ ထိထိခိုက်ခိုက် ဖြစ်ရပါတယ်။
အခုလို ပြန်ပြောပြတာ အရမ်းကျေးဇူးတင်ပါတယ် အစ်မရယ်။

Shinlay said...

စိတ်မကောင်းဘူး မချိုသင်း...
့သားအပေါ်ထားတဲ့ သူရဲ့ မေတ္တာ...ကြီးမားလှပါတယ်။
ှဆရာ နဲ့ သူ့ ရဲ့ ကဗျာတွေကို သတိရမိတယ်။

TNS said...

ခုများတော့...
အဖေနဲ့ သား
မြေမခြားဘူး....
နေရာမခြားဘူး....
နွေးနွေးရှားရှား
မေမေလဲ...အနားမှာ။

tg.nwai said...

အော်..ကဗျာဆရာဆိုတော့လည်း ခံစားရတာလေးတွေကို ကဗျာလေးတွေနဲ့ ထိမိအောင်ဖွဲ့ပြနိုင်စွမ်းပါတယ်လေ..အသွင်မတူတဲ့ အဖေနဲ့သားငယ်စဉ်က မတူညီတဲ့ သဘောလေးတွေပေါ့။ သားအပေါ်လိုက်လျောနားလည်တဲ့ ဆရာ့ရင်ကိုလည်း လှမ်းမြင်လိုက်ရတယ်...တကယ်ဆို ဒီလိုကဗျာလေးတွေက မိသားစုပိုင် သီးသန့်ကဗျာလေးတွေပါ...ဖတ်ခွင့်ရအောင် ဝေမျှပေးတဲ့အတွက် ချိုသင်းကိုကျေးဇူး..။

သွားလေသူများအတွက်တော့ စိတ်မကောင်းပါဘူး ချိုသင်းရယ်..

G said...

ကိုဥာဏ်မိုးရဲ့ ကျန်ရစ်သူ အစ်မလေးဆို သူတစ်ယောက်တည်း၊ သနားပါတယ်နော်။
း(

မီယာ said...

မသိင်္ဂီ ပြောသလိုပဲ မိသားစုဝင်တွေ အတွက် မေတ္တာနဲ့ ရေးစပ်ထားတဲ့ ကဗျာလေးတွေ ဝေမျှပေးလို့ ဖတ်ခွင့်ရတာပါ။ အမတို့လိုပဲ အဖေရော အမေရော မောင် အငယ်ဆုံးလေးပါ မရှိတော့ဘူး။ ကျန်ရစ်သူများကသာ လွမ်းဆွတ်ရတာပါလေ။

မေငြိမ်း said...

၁၀နှစ်တောင် ရှိသွားပြီ။ မနေ့တနေ့ကလိုပဲ..။ အဲဒီတုန်းက ဆရာမက မော်လမြိုင်မှာ..။ ဥာဏ်မိုးသတင်းကို နောက်အကြာကြီးကြာမှ သိရတယ်..။
သိတဲ့အချိန်မှာပဲ မျက်ရည်ကျမိတာ.. သတိရနေသေးတယ်..။

Vista said...

ရင်ထဲဆို့ သွားတာပဲ
ဖတ်လာပြီးမှ နောက်ဆုံးစာကြောင်းလေးတွေ့ ရတား(
ငိုချင်ထှာ ..

Thant said...

မေတ္တာနဲ့ ရေးစပ်ထားတဲ့ ကဗျာ..စာလုံးတွေပါပဲ..ဒါပေမယ့် ကိုယ် ကြက်သီးများတောင်ထမိတယ်...။

ရွှေရတုမှတ်တမ်း said...

မျိုးဆက် ၂ ခုရဲ့ကွာဟချက်ကို..၅၂၈ သွယ်သော..
မေတ္တာတွေနဲ့ ထုံမွှမ်းပြထားတဲ့ ..ဦးဂျမ်း ရဲ့ မိသားစုဆိုင်ကဗျာလေးကို..ဖတ်ရတာ..ရင်ထဲမှာ..
တမျိုးကြီးပဲ..ငါ့နှမရာ..
ညည်းလဲ ကျန်းမာရေးကို ဂရုစိုက်..

tin min htet said...

၁၆ နှစ်သားနဲ့ .. ကဗျာက တအုပ်ထဲ ထွက်ဖူးတဲ့ နွေဦး (၈၈ ဇွန်) ထဲက။ အဲဒီ စာအုပ်က ကဗျာတွေ သိပ်ကောင်းတာ။ အတူတူတွဲပြီး ပါခဲ့တဲ့ အောင်ချိမ့်၊ မောင်ချောနွယ် စတဲ့ ကဗျာတွေထက် ဆရာ့ကဗျာက ခေတ်နောက်ကျ မကျန်ခဲ့ဘူး ဆိုတာကို သတိထားခဲ့မိပါတယ်။

ပုံရိပ် / Pon Yate said...

ပထမကဗျာလေးကို တော်တော် သဘောကျမိတယ်။ ကျစ်လစ်ပြီး စကားလေးတွေကို ပြောင်မြောက်လိုက်တာ။ ပို့စ်ရဲ့ နောက်ဆုံးအပိုဒ်ကိုတော့ ဖတ်ပြီး စိတ်မကောင်းဘူး အစ်မရယ်။

ဆောင်းယွန်းလ said...

ညီမချိုသင်းရေ....
ဒီပို့စ်လေးကိုဖတ်ရပြီး ရင်ထဲမကောင်းလိုက်တာ..
ဆရာ့ရဲ့ကဗျာတွေက ခေတ်တိုင်းကိုထင်ဟပ်နေစေမယ့်
ကဗျာတွေပါပဲ..
ညီမယုံကြည်သလိုမျိုး သွားလေသူမိသားစုတွေ ကောင်းရာဘုံဘဝမှာ ဆုံဆည်းနိုင်ကြမှာပါ..

ညီမလေး said...

စာဖတ်ရင်း မျက်ရည်တောင်ကျမိတယ် အမရယ် ....ကြည်နူးရသလို စိတ်မကောင်းလည်းဖြစ်ရတယ်...
မိဘမေတ္တာဆိုတာ အဲ့ဒါပဲနော်..

eaindraomtt said...

မမချိုသင်းရေ....

ဝမ်းနည်းလိုက်ရတာ..

ဘ၀..
ရှင်ကွဲတွေ
သေကွဲတွေ...
ဇာတ်နာလွန်းပါတယ်..မမရယ်

မောင်မောင် said...

မမိုးချိုသင်း ရေ
ဖတ်ရတာ စိတ်မကောင်းပါဘူးဗျာ။
သားအဖ သားအမိတွေ ကောင်းရာသုဂတိ ကို ရောက်ကြပါစေလို့  ဆုတောင်းမိပါတယ်။
ဆရာ့ ကဗျာတွေ ကိုလည်း သိပ်ကြိုက်ပါတယ်။

Jeff said...

အမရေ ကျွန်တော်တို့လဲ ဟိုတနေ့ကတောင် သူ့အကြောင်းပြောဖြစ်ကြသေးတယ်။ စိတ်မကောင်းစရာပါ။
ဥာဏ်မိုး က ကဗျာစပ်တပ်ပါတယ်။ အတိ အကျ တော့မဟုတ် သူ့ကဗျာက
"ဗန်ဂိုး က ချစ်သူကို နားရွက် ဖြတ်ပေးတယ်၊
ဥာဏ်မိုး က ချစ်သူကို အားလုံး ဖြတ်ပေးမယ်" တဲ့
ကျွန်တော်တို့လဲ တောင်ငူကန်တင်း က အရှည်ကြီးဆိုင်မှာ လဘက်ရည် သီးရော!
95 Geol

လုလု said...

မမ
ကဗျာဖတ်ပြီးတော့လေ အရမ်းကိုပဲ ၀မ်းသာ ၀မ်းနည်း ဖြစ်ရတယ်။
မိဘတွေရဲ့ စေတနာကို လှမ်းမြင်ရတယ်။
ကောင်းလိုက်တာနော်။

Christine said...

I'm so sorry for your father and brother. I didn't know about it. I am really touched after reading all these poems.

တန်ခူး said...

ချိုသင်းရယ်… ဖတ်ပြီး ဆို့ နင့်လွန်းလို့  စကားလုံးတွေတောင် ပျောက်ဆုံးသွားတယ်… သိပ်ချစ်ကြတဲ့ သားအမိသားအဖတတွေ မြင့်မြတ်တဲ့ ဘုံဘ၀မှာ ပျော်ရွှင်နေကြမှာပါ…

khin oo may said...

..

victorOway said...

jargyi.blogspot.com
အစ်မကတော့ကျနော့်ကိုသိမှာမဟုတ်ပါဘူး။အစ်မအဖေနှင့်ဆရာကြီးဆရာမောင်စွမ်းရည်တို့ နှင့် ကျနော်တို့ အတူတကွစာပေအကြောင်းတွေပြောကြ။ဆရာကြီးကတကယ်လေးစားဘို့ ကောင်းသည့်ကဗျာဆရာကြီးပါလားလို့ ကိုယ်တိုင်တွေလိုက်ရတော့အထူးပဲဝမ်းသာမိပါသည်။ သို့ သော်ဆရာကြီးနှင့်ကျနော်တို့ လူချင်းမတွေ့ သေးပေမဲ့သူရဲ့ ဖန်မီးအိမ်နှင့်မိတ်ဆွေကြီးတို့ က ကျနော်တို့ ရင်ထဲမှာထာဝရရှိနေခဲ့တာပါ။ဒါ့ကြောင်း သူရဲ့ ဖန်မီးအိမ်လေးကိုအစွဲပြုပြီးကျနော်တို့ ကဗျာဝါသနာပါသည့်လူငယ်တွေက ဖန်မီးအိမ်ကဗျာဝိုင်းလေးကိုတည်ထောင်ဖြစ်ခဲ့ကြတယ်။ အစ်မဆီမှာ ဆရာကြီးပေးခဲ့လားတော့မပြောတတ်ဘူး။တောထဲက ကဗျာဆိုတဲ့ ကဗျာစုစည်းမှုစာအုပ်လေး ပါ။ကျနော့်ဘလော့ကိုလည်းလာလည်ပါလို့ ဖတ်ခေါ်ပါတယ်။ အစ်မရဲ့ ဘလော့ကိုလည်း ကျနော်ဘလော့မှာတင်ခွင့်ပေးပါလို့ ခွင့်တောင်းသွားပါတယ်။ စာနုယဉ်လေးတွေနှင့် ရသကဗျာလေးတွေများများရေးနိုင်ပါစေလို့ ။

စန္ဒကူးမေ said...

မမမိုးချို ရေ.. ကဗျာလေးတွေရှင်းပီ အရမ်းလှတာ ဘဲ.. ဖတ်တိုင်းကိုမရိုးနိုင်ဘူး..
ဘဘ ကိုသတိရမိပါတယ်.. မမြင်ဖူးပေမယ့် အမြဲလေးစားရိုသေ ဂါဝရပြုလျှက်ပါ.

Nge Naing said...

မမိုးချိုသင်းရေ
ရင်ထဲမှာ ဆို့နစ်သွားတာပဲ ဘာပြောရမှန်းတောင် မသိတော့ဘူး။

khin oo may said...

http://koluuhtwe.blogspot.com/2009/11/blog-post_18.html

thik said...

အဟောင်းတွေကိုရှာဖတ်နေရင်းနဲ့ အမ blogကိုခုမှရောက်တယ်။ဘဘဦးဘဂျမ်းရဲ့ ကဗျာလေးကိုဖတ်ရတော့ အိမ်မှာကျန်နေတဲ့ ဖေဖေ့ ကိုသတိရပြီးမျက်ရည်တွေအလိုလိုကျလာတယ်အမရယ်