ပြောပြချင်တဲ့ အကြောင်းတွေ..

နိုဝင်ဘာ ဆိုတာ တအုံနွေးနွေး ရင်ခုန်ဆွေး တဲ့ လ လို့ အဖေက ကဗျာစပ်ဖူးတယ်။ သူများတွေအတွက်တော့ မသိ၊ ကိုယ်တို့ မိသားစု အဖို့မှာတော့ နိုဝင်ဘာဆိုရင် ချမ်းချမ်း မှုန်မှုန်နဲ့ ဆွေးဆွေး ငိုင်ငိုင် ဖြစ်မိရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုဝင်ဘာလထဲမှာ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေကို ခွဲခွာရတာမို့ပါ။

အဖေကလဲ နိုဝင်ဘာ အလွမ်းကဗျာတွေ အများကြီး ဖွဲ့ခဲ့တယ်။ နိုဝင်ဘာမှာ ကိုယ်တို့ အမေ ဆုံးတယ်။ အမေဆုံးတာ ၁၇ရက်၊ အဖေ့မွေးနေ့က ၁၉ရက်ဆိုတော့ တခုသော အဖေ့မွေးနေ့မှာ အမေ့ကို ဂူသွင်းသဂြိုဟ် ရတာမို့ပဲ။ နောက် ကိုယ့်မောင်လေးလဲ နိုဝင်ဘာထဲပဲ ဆုံးပြန်တယ်။

အမေ့အကြောင်း စဉ်းစားမိရင် အေးအေးချမ်းချမ်း အပြုံးတွေ၊ စပယ်ပွင့်လေးတွေ၊ သနပ်ခါးနံ့သင်းသင်းလေး အပြင် ကြောင်လေးတွေကိုပါ တွဲမြင်မိတတ်တယ်။ အမေ့ဆီက ကြောင်လေးတွေ ချစ်တတ်တဲ့ စိတ်ကို အမွေအဖြစ် ကိုယ်က ကျေကျေနပ်နပ်ကြီး ယူခဲ့ပါတယ်။ ကိုယ်တို့မောင်နှမတွေ အားလုံးလဲ တိရိစ္ဆာန်လေးတွေကို ချစ်ကြတယ်။

အမေရှိတုန်းက ညနေ အမေ ကျောင်းက ပြန်အလာ ညနေခင်း အချိန်တွေမှာ ကိုယ်က ကြောင်လေးတွေအကြောင်း ပြောနေတတ်တာ..။ ဒီနေ့မှာ အမေ့ကို သတိရလို့ ကိုယ်က လွမ်းတာတွေ ခဏထားပြီး စာလာဖတ်သူတွေကို ကြောင်လေးတွေအကြောင်း ပြောပြမယ် လို့ စဉ်းစားတာ..။ ကြောင်မချစ်သူများ ဖတ်နေတာကို ဒီတင် ရပ်ကြပါ။

ဒီ တိုင်းပြည်ကိုရောက်လာတော့ တခြားအိမ်က ကြောင်လေးတွေ ခြံထဲ လာမွေးနေတာ ကိုယ်တို့က ကျွေးမွေးထားရင်း အိမ်မှာ ကြောင်အုပ်မကြီး ဖြစ်နေတာ ရေးဖူးပါတယ်။ အဲဒီကလေးတွေက ခြံထဲမှာ နေကြ၊ စားတဲ့အချိန် လာကြနဲ့ အများစုက လူ အကိုင် မခံဘူး။ ချီလို့မရသေးဘူး။ အဝေးကနေ ကြည့် ချစ်နေရတာမျိုး။

ကြောင်လေးတွေ အိမ်မှာရှိတယ်ဆိုတော့ အိမ်လေးက အိမ်နဲ့တူပြီး သာသာယာယာ ရှိတယ် ထင်မိတာ..။ အဝေးက ကိုယ့်ရဲ့ တူမတွေကလဲ ကြောင်လေးတွေ မွေးထားတယ်ဆိုတော့ သဘောတွေကျလို့။ အဒေါ်တွေအားလုံးထဲမှာ ဘယ်သူ့အချစ်ဆုံးလဲ မေးရင် ချိုချို့ ကိုသာ အချစ်ဆုံး တဲ့။ ကြောင်တွေကြောင့် မျက်နှာပွင့်နေတာလေ။

အိမ်ကို လာလည်တဲ့ မိတ်ဆွေများရဲ့ ကလေးတွေဆိုရင်လဲ ကိုယ်တို့အိမ် လာလည်ရမှာ ပျော်ကြတယ် ဆိုတယ်။ ကြောင်တွေကို အစာကျွေးလိုက်၊ လိုက်ဖမ်းလိုက်နဲ့ ဆော့ရတာကိုး။ ကိုယ့်ကိုလဲ ခေါ်တာ ကြောင်အန်တီ တဲ့ (အဲဒါတော့ မနိပ်သေးဘူး)။ တကယ်က ကြောင်လေးတွေရှိတဲ့ အိမ်က အန်တီ လို့ ဆိုလိုချင်ပုံပါ။ ကိုယ့်ဖာသာကိုယ် ဘာသာပြန်ယူ လိုက်ရတာပါ။ ကြောင်နေသော အန်တီ လို့ အဖြစ်မခံနိုင်လို့ပါ။

ဒီလိုနဲ့ ကြောင်လေးတွေ မွေးလာတာ အကိုင်မခံတော့ သားကြော ဖြတ်ဖို့ ဖမ်းမရ၊ ဖမ်းမရတော့ သားအုပ်က ပွားစီးလာ..။ ကိုယ်တို့နှစ်ယောက်လဲ ဒေ၀ါလီခံရမဲ့ အပေါက် ဖြစ်လာတော့ တိရိစ္ဆာန်ထိန်းသိမ်းရေးစခန်း ကို ပို့လိုက်ပါ တဲ့၊ မိတ်ဆွေများက အကြံပေးပါတယ်။ သားကြောဖြတ်ပြီးမှ ပြန်ခေါ်မွေးပေါ့ တဲ့။ ဒါနဲ့ စုံစမ်းကြည့်မယ် ဆိုပြီး ဖုန်းဆက်မိပါတယ်။

“ဟဲလို တိရိစ္ဆာန် ထိန်းသိမ်းရေး စခန်းကပါလားရှင်”
“ဟုတ်ပါတယ်၊ ဘာများ ကူညီရပါမလဲ”
“ကျမ အိမ်မှာ တခြားက ကြောင်လေးတွေ ရောက်လာနေပါတယ်။ အဲဒါ ကလေးတွေမွေးပြီး ပွားလာလို့ ဘယ်လိုလုပ်ရမလဲ”
“ဘယ်နှစ်ကောင်ပါလိမ့်..”
“၁၀ ကောင်လောက်ပါ”
“ခင်ဗျားက ဘယ်မြို့နယ်မှာ နေတာလဲ”
ကိုယ်လဲ ကြောင်လေးတွေ လာယူဖို့ အကောင်းမေးတယ် ထင်ပြီး ..
“ XXX မြို့မှာ နေတာပါ”
“အခုကိုပဲ ခင်ဗျားကို ဖမ်းပြီး အရေးယူလို့ ရနေပြီ။ ခင်ဗျားနေတဲ့ မြို့မှာ တအိမ်ထောင်ကို ၂ကောင်ပဲ မွေးခွင့်ရှိပါတယ်” (ဟိုက်.. ပလုတ်တုပ်၊ ငါ့ကို ဖမ်းမယ် ဆိုပါ့လား.. အမြန်ဖြေရှင်းမှ..)
“တကယ်က ကျမ မွေးထားတာ မဟုတ်ရပါဘူး။ သူများအိမ်က လာနေကြတာပါရှင်။ ကျမက ချစ်လို့ ကျွေးထားတာပါ”
“ခင်ဗျားကျွေးထားတာ ဘယ်နှစ်ရက် ရှိပြီလဲဗျ”
“၃လ လောက်ပဲ ရှိပါသေးတယ်ရှင်” (တကယ်က ၁၀ လ ကျော်ပါပြီ။ ဖမ်းမှာစိုးလို့ လျှော့ပြောလိုက်တာပါ)
“၂ပတ် ကျွေးထားတယ် ဆိုရင်ပဲ ကျနော်တို့က ခင်ဗျားပိုင် ကြောင် လို့ သတ်မှတ်ပါတယ်” တဲ့။

ဒါနဲ့ ကိုယ်လဲ ဘွာ ခတ်ပြီး ဖုန်းကို ကမန်းကတန်း ချလိုက်ရပါတယ်။ ထိုင်နေရင် အကောင်းသား၊ ဖုန်းဆက်မိမှ လက်ထိပ်စော်နံ သွားတယ်။

ဒီလိုနဲ့ ကိုယ်တို့ နှစ်ယောက်လဲ ကြောင်လေးတွေကို ဖမ်းပြီး သားကြောဖြတ်ဖို့ ကြိုးစားရပါတယ်။ ပထမဆုံး ရင်းနှီးနေတဲ့ သမီးဖြူ နဲ့ အိုဘားမားကို fix လုပ်ဖို့ ဆေးရုံ ပို့ရပါတယ်။ ဆေးရုံရောက်လို့ register လုပ်ဖို့ နံမည် စာရင်းသွင်းတော့ ဒုက္ခ ရောက်ပြန်ပါရော။

ကြောင် အဖြူလေး နံမည်ကို အရင်မေးတော့ သမီး လို့ ပြောလိုက်တာ ကိစ္စမရှိပေမဲ့ သားကြောလာဖြတ်တဲ့ နောက် ကြောင်မလေး နံမည်က အိုဘားမား ဆိုတော့ ခက်ကုန်ပြီ။ အမေရိကန် သမ္မတကြီး သားအိမ်ထုတ်သည် ဆိုပြီး သတင်းဖြစ်သွားလဲ မတတ်နိုင်တော့ဘူးလေ။ ဟို မျက်မှောင်ကြီး ကုတ်ပြီး ကြည့်နေတဲ့ ၀န်ထမ်းဟာ ဒီမိုကရက်လား မသိ။ ကိုယ့်မှာ အားနာပါးနာ လှမ်းလှမ်း ပြုံးပြရတာ အမော။

ဒါနဲ့ ကြောင်မလေး ၂ကောင် ကိစ္စ ပြီးသွားတော့ နောက်ကြောင်မလေးတကောင်က နှုတ်ခမ်းမှာ မှဲ့လေးနဲ့မို့ စပယ်တင် တဲ့။ စပယ်တင်က လုံးလုံး ဖမ်းလို့ မရတာမို့ သူ့ကို သားကြော ဖြတ်လို့ မရဘဲ ဒီအတိုင်းထားထားရတယ်။ အသက်က ၄လ ဆိုတော့ ငယ်ပါသေးတယ်ဆိုပြီး ကြည့်နေမိတာလဲ ပါတယ်။

စပယ်တင်လေးကို သမီးဖြူနဲ့ အိုဘားမားက လုံးဝ ကြည့်မရဘဲ ရန်လုပ်လို့ သူ့မှာ အနက်ရောင်ကြောင်ထီးကြီး ဖြစ်တဲ့ အကြီးကောင်နဲ့ပဲ အဖော်လုပ် နေရရှာတယ်။ အကြီးကောင်ကလဲ ကလေးချစ်တတ်ပုံရတယ်။ စပယ်တင်လေးကို လျှာလေးနဲ့ လျက်ပေး၊ နေပူထဲမှာ တူတူ နေဆာလှုံဆိုတော့ ကိုယ်တို့ကလဲ ညီမလေးကို ဂရုစိုက်နော် သားကြီး ဆိုပြီး ပြောနေရတာ။

တော်ကြာနေတော့ စပယ်တင်လေးက ကိုယ်ဝန်ကြီး တကားကား နဲ့ ဖြစ်လာပါလေရော။ အကြီးကောင်တို့များ ကလေးချစ်တတ်တာ တဆိတ် လွန်လွန်းတယ်။

အချိန်ကျတော့ စပယ်တင်က ကလေးပိစိလေး နှစ်ကောင် မွေးပြန်တယ်။ ၄လ ကျော်ကျော်သာ ရှိသေးတဲ့ ကြောင်ကလေးက မွေးမယ်ဆိုတော့ ကလေးက ကလေးမွေးသလို ဖြစ်နေတာမို့ ကိုယ်တို့က ရှင်မယ်တောင် မထင်ဘူး။ မွေးစက ကြောင်အသေးလေးတွေက လက်သန်းလောက်သာ အရွယ်ရှိတယ်။ ဒါပေမဲ့ စပယ်တင်လေးက သူ့ကလေးတွေကို ဂရုစိုက်လိုက်တာ။ သေချာ ဂရုစိုက်တော့ နှစ်ကောင်လုံး ရှင်ကြပြန်တယ်။

အဖြူနဲ့ အနက်ကြားလေးတွေ..။ ကိုယ်တို့လဲ ကြောင်အမေကြီး မရှိတုန်း တိတ်တိတ် ခိုးကြည့်တာ တကောင်က နှာခေါင်းမှာ အနက်စက်လေး ၂စက် နဲ့။ ဒါနဲ့ family name လဲပါအောင် ကိုယ်က မိုးစက် လို့ နံမည်ပေးလိုက်တယ်။ နောက်တကောင်က မေးစေ့တခုလုံး နက်နေတော့ ကာရန်လဲ လိုက်သွားအောင် မုတ်ဆိတ် လို့ နံမည်ပေးလိုက်တယ်။ မိုးစက် နဲ့ မုတ်ဆိတ် ပေါ့။ အဲဒီ မုတ်ဆိတ်လဲ ကြောင် အမ လေးပဲ။

အမေသာရှိရင် ကိုယ့်ကို ဘယ်လို ပြန်ပြောမယ် မသိ။
မိုးစက်တို့ မုတ်ဆိတ်တို့အဖွား ကို သနပ်ခါးပါးပါး နဲ့ ကြောင်လေးတွေကို ပေါင်ပေါ်တင်ရင်း စာဖတ်နေတာများ အိမ်မှာ မြင်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ လို့ စိတ်ကူးယဉ်မိပါသေးတယ်။

မိုးချိုသင်း

56 comments:

Unknown said...

I love cat too

BCC said...

ရောက်ပါတယ်ဗျား။ မိတ်ဆွေ သူငယ်ချင်း ဆုံကြတော့မယ်ဆိုတော့ အရမ်းဝမ်းသာနေမယ်ထင်ပါတယ်။ အားလုံးကို သတိရပါတယ်။

PAUK said...

အမေရှိတုန်းက ညနေ အမေ ကျောင်းက ပြန်အလာ ညနေခင်း အချိန်တွေမှာ ကိုယ်က ကြောင်လေးတွေအကြောင်း .....................ကြောင်မချစ်သူများ ဖတ်နေတာကို ဒီတင် ရပ်ကြပါ။

ဒီစာပုဒ်ဖတ်ပြီး..ငိုရင်းး..ခိုးဖတ်ရင်းပြန်သွားတယ်။။
ကြောင်မချစ်တာ အပြစ်လား...။။

JulyDream said...

ဟိုဌာနက လာ မဖမ်းကြသေးဘူးလား ဟင်... ဖုန်းဆက်တုန်းက လိပ်စာ မပြောမိလိုက်လို့လား။ ဖုန်းနံပါတ်ကနေ လိပ်စာ ပြန်ရှာလို့ရတယ် မဟုတ်လား။ အဟီး... (ခြိမ်းခြောက်နေပြန်ပြီ)

ဒါနဲ့ ကြောင်ချီးကိစ္စ ဘယ်လို ရှင်းသလဲ။ အဲဒါလေး သိချင်ပါတယ်။ ကျွန်တော်လည်း ကြောင်မွေးဖူးတယ်။ အမြီးကောက်လေးတွေ။ အကောင်လည်း ထွားတယ်။ ကြောင်အမေကြီးက ကားအောက်မှာ အိပ်နေတုန်း ကားကြိတ်ပြီး သေသွားရှာတယ်။

Shwe Aung San said...

You are really amazing blogger.
Every post is so interesting.
Thank you so much.
San

တန်ခူး said...

ချိုသင်းရယ်… တပြုံးပြုံးနဲ့ ဖတ်လာလိုက်တာ နောက်ဆုံးစာပိုဒ်လေးရောက်တော့ ချက်ချင်းမျက်ရည်ဝဲမိတယ်…
ကြောင်အန်တီရေ… အိမ်မှာလဲ ကြောင်အန်ကယ်နဲ့ ကြောင်သားသား သားအဖရှိတယ်… အိုးဘားမားနဲ့ တွေ့ ရအောင် လာလည်ဦးမှထင်တယ်… အိမ်မှာ ကြောင်မရှိပေမယ့် အောက်ထပ်အိမ်က ကြောင်လေးကို သားက ညနေကျောင်းကပြန်လာရင် မှီးမှီ စားပြီးပြီလားလို့  မေးရတာအမော… ချိုသင်းတို့ အိမ် ကြောင်တွေ တပုံကြီးဆို သူသိပ်ပျော်မှာ… ဒီမှာတော့ လမ်းဘေးကြောင်လေးတွေကို သားကြောဖြတ်ပေးတဲ့အဖွဲ့ ရှိတယ်… သားကြောဖြတ်ပြီးသား ကြောင်လေးတွေက နားရွက်မှာ တံဆိပ်လေးတွေနဲ့ …. ဒီမှာက ခွေးတွေသာ အိမ်မှာမွေးကြတာ ကြောင်လေးတွေက လမ်းဘေးမှာ… ဟိုတနေ့ က အသိအိမ်သွားလည်တော့ အဲဒီအိမ်က ညီမလေးက ကြောင်ကျွေးတဲ့အဖွဲ့ ထဲပါတယ်တဲ့… လမ်းဘေးက ကြောင်လေးတွေကို အစာလိုက်ကျွေးတဲ့အဖွဲ့ ဆိုပဲ…

Vista said...

ကြောင်မမ ..
အဲကြောင်လေးတွေပိုင်ရှင်မမလို့ ခေါ်တာပါ
အနော်လည်းကြောင်ချစ်တယ် အခုကျနော့်ကြောင်ကြီးကရန်ကုန်အိမ်မှာ
မာမီနဲ့ နေနေတယ် .မိန်းမတောင်ရပြီတဲ့ ဟိဟိ
ဒီမှာတော့မမွေးရသေးဘူး
လမ်းကြောင်လို့ ထင်ပြီးမွေးဖို့ ချောင်းနေတဲ့ အဖြူအနက်ကြားကြောင်ကြီး (ကိုယ့်နောက်ကိုလိုက်လိုက်လာတတ်တယ် )ကလည်း အိမ်နဲ့ ဆိုတာဟိုနေ့ ကမှသိလိုက်ရတယ် အသည်းကွဲနေတယ် ..ရှာအုံးမယ် ..ခုနေတဲ့ရပ်ကွက်ကကြောင်လေကြောင်လွင့်နည်းလိုက်ထှာနော် ...

tin min htet said...

ကြောင်တော့ သိပ်မချစ်လှပါဘူး။ ချိုသင်းရေးတာ ဖတ်လို့ကောင်းလို့ ဖတ်တာ။ မကျေနပ်ရင် (ကြောင် ၁၂ ကောင် မွေးမှုနဲ့ တိုင်မယ်။) နောက်တခါ ကြောင်အနက်လေး မွေးရင် "မိုးချုပ်" လို့ နာမည်ပေးပါလား။

ဒီနေ့ ဆရာမွေးနေ့ကိုး။ အင်းစိန်အိမ်လေးကို သတိရပါတယ်။

မင်္ဂလာပါ .... said...

ပြောပြချင်တဲ့ အကြောင်းလေးကို အားရပါးရ နားဆင်သွားတယ် အစ်မ ရေ....
နှင်းလဲ ကြောင်လေးတွေကို အသေချစ်တက်တယ် ....
နိုဝင်ဘာဟာ လွမ်းစရာတွေကောင်းနေသလို ချစ်စရာကြောင်လေးတွေအကြောင်းကို ဖတ်ရတာကလဲ တစ်မျိုးကြည်နူးစရာပါပဲ
နှင်းဟေမာ

Unknown said...
This comment has been removed by the author.
Unknown said...

ဒိလိုကြောင်ပေါရင်တော့ သူ့အိမ်သွားလည်ဖို့ စဉ်းစားကာ နေရအုံးမယ်။
ကြောင်မချစ်တာ.. မတတ်နိုင်ပါ။ စာတော့ပြီးအောင် ဖတ်သွားတယ်။

P.Ti said...

ကြောင်မချစ်တာမဟုတ်ပါဘူး အမရယ်.. ချစ်လွန်းလို့ ကစားတာ လွန်လွန်သွားတတ်တာပါ။

ချစ်စရာကြောင်လေးတွေရှိတော့ ကြောင်မမကြီး (ကြောင်များရှိသော မမကြီး) လည်း မပျင်းရတာပေါ့... လွမ်းစရာလည်းဖြစ်တာပေါ့...

kay said...

ကျမတော့..အူတွေယားနေတာပဲ...။း)

kiki said...

ကြောင်မချစ်ပေမဲ့ အန်တီကြောင် အရေးအသားကောင်းတာနဲ့  အဆုံးထိ ဆက်ဖတ်လိုက်မိတယ် ..ပျော်စရာ လေးပဲ ။

အိုဗားမားလေး ကိုတော့ တွေ့ ချင်သားရယ် ..
ဘဘဂျီးကို သွားကုတ်ခိုင်းဖို့  သင်ပေးချင်လို့ ပါ ..
ဟီးဟီး .. လက်ထိပ်စော် နံ မစိုးလို့  ပြေးပြီ နော်
ကြောင်အန်တီ (a) အန်တီကြောင် ...

ဧပရယ်လ်ပူး@ပူးတေ said...

မမရယ်
ဖုန်းဆက်တဲ့ နေရာမှာ ရီလိုက်ရတာ... ခွက်ထိုးခွက်လန်..
ရုံးမှာ ဘလော့ခိုးဖတ်နေတာ သူများတွေ သိကုန်တယ်...
:)
ပူးတေလဲ ကြောင်အရမ်းချစ်တာ...
ပူးတေရန်ကုန်အိမ်ကကြောင်တွေက ၁၃ ကောင်အထိ ပွားကုန်တာလေ..

အိုဘားမားအကြောင်းလဲ သဘောကျတယ်.

ဧပရယ်လ်ပူး@ပူးတေ said...

နောက်လဲ ကြောင်တွေအကြောင်များများရေးပါ ကြောင်အန်တီရေ......
ပူးတေကြိုက်လို့ပါ။

:P said...

အီး..... မချစ်တာ အပြစ်လား.....

ကြောင်မချစ်တာနဲ့ ဆက်မဖတ်ရတော့ဘူးလား....။

ကြောင်မချစ်ပေမယ့် ကြောင်အကြောင်းရေးထားတဲ့ ဒီစာတော့ချစ်တယ်။

ဖတ်သွားပါတယ် ကြောင်မမ။

ကိုရေတမာ said...

အခုထိအရီမရပ်သေးဘူးး ရေးသာရေးနေတာ “အကြီးကောင်တို့များ ခလေးချစ်တတ်တာ တဆိတ်လွန်လွန်းဒယ်” ကိုရီလို့မပြီးနိုင်သေးဘူးးD
တီတီ နေကောင်းနေပါစေ လို့ဆုတောင်းနေပါတယ်

Thant said...

“အကြီးကောင်တို့များ ကလေးချစ်တတ်တာ တဆိတ် လွန်လွန်းတယ်” တဲ့လား....ဟား ဟား ဟား..ရယ်ရတာချောင်းတောင်ဆိုးတယ်..အဟွတ်..အဟွတ်..

ကိုချစ်ဖေ said...

ခု အဲ့ဒီကြောင်လေးတွေ အကုန်ရှိသေးလား ချိုသင်းတို့မြို့က ကြောင်ဥပဒေကို ဖျက်မှဖြစ်မယ်ထင်တယ်.အိုဘာမားကိုလည်း မွေးထားတာပဲ.ရမယ်ထင်တယ်..ဟဲ.ကြောင်ချစ်သူမို့
နောက်ဆက်တွဲဖတ်ချင်ပါသေး.ရပ်မထားပါနှင့်.

NangNyi said...

ကြောင်တွေ့တိုင်း ပိတ်ကန်တတ်တဲ့ နန်းညီကို ဖတ်စေချင်လို့ဆိုပြီး ပေးဖတ်လို့ ဒီမှာတင်ရပ် ဆိုပေမယ့် မရပ်ပဲ ဆုံးတဲ့ထိ ဖတ်သွားပါတယ်.. အံ့သြပါ့.. ကြောင်ချစ်သတဲ့.. . 0_o !!

Steve Evergreen said...

ဒီမှာတော့ ကြောင်မဆိုရင် သားကျောဖြတ်တာ £40 ကျော် ပေးရတယ်။ ကြောင်ထီးကတော့ £30 ကျော်။ ကြောင်ထီးကို neutering လုပ်ရတာက spraying လုပ်ပြီး အပြင်တချိန်လုံးသွားချင်ရင်လိုတယ်။ RSPCA အဖွဲ့မှာ fund တွေရှိတော့တချို့မတတ်နိုင်တဲ့သူတွေလဲ တောင်းလို့ရတတ်တယ်။ ဒီမှာတော့ တအိမ် ဘယ်နှစ်ကောင်မွေးရမယ် မကြားမိပါဘူး။ အိမ်နီးချင်းတွေ ok ရင် ကြောင်တွေ ကိုကောင်းကောင်း care ပေးနိုင်ရင်ပြီးတာပါဘဲ။ ဖြစ်သလိုထားပြီး ဂရုမစိုက်ရင်တော့လဲ တရားစွဲတာခံရပြီး အလုပ်ပါထိခိုက်နိုင်တာပေါ့။ တိရိစ္ဆာန် ညှင်းဆဲရင်တော့သိတဲ့အတိုင်းထောင်ကျမှာပေါ့။ အဲဒီမှာလဲ တူတူဘဲထင်တယ်။

Rita said...
This comment has been removed by the author.
Rita said...

အော် ကြောင် ကြောင်

ဟိုးတရက်ကတင် လမ်းဘေးက ကြောင်သေးသေးလေးကို မနေနိုင် မထိုင်နိုင် ဓါတ်ပုံရိုက်လာသေးတယ်။ ကြောင်သေးသေးတွေ တွေ့ရခဲတယ်။

သစ်နက်ဆူး said...

မမိုးချို
ကြောင်ကလေးတွေ အကြောင်းရေးပေမယ့်
.....
ခံစားမှုက အစုံဘဲ...။

ကိုကြီးပေါ် said...

ကလေးဘ၀က ကြောင်ချစ်ပေမယ့် နည်းနည်းကြီးလာတော့ မချစ်တော့ဘူး။ ဒါပေမယ့် ကြောင်သိပ်ချစ်တဲ့ အမ တယောက်ကြောင့် ကြောင်ဒုက္ခကို ကောင်းကောင်း ခံခဲ့ရဖူးတယ်။ ကြောင်ကို သရဏဂုံတင် မြေမြှုပ်သဂြိုဟ်ပြီး ဆွမ်းကပ်တာ ခင်ဗျားတို့ ကြုံဖူးလား။ ကျုပ်တော့ ကိုယ်တွေ့ပဲဗျို့...။

ခေးကို said...

ညီမလည်း ကြောင်အရမ်းချစ်တယ်။ ၅ ကောင်ဖြစ်လာလို့ ပေးပစ်လိုက်ရတာ။ တကောင်စီလည်း မပေးချင်လို့ မိဘမဲ့ဂေဟာတစ်ခုကို ပေးလိုက်တာ။ လိုက်ပို့တုန်းက သူတို့စားနေကျ ပန်းကန်၊ ရေခွက်နဲ့ အစာထုတ်ပါ ထည့်ပေးပြီး ငိုလိုက်ရတာ။ အခုတော့ ကြောင်မြင်ရင် အတင်းမျက်နှာလွှဲပြီး မကြည့်မိအောင် ကြိုးစားနေရတယ်။ မျက်လုံးချင်းဆုံရင် သနားမိမှာစိုးလို့။

Eaindra said...

မမချိုသင်းရေ..

ရေခြားမြေခြားမှာ ကြောင်လေးတွေကို အဖေါ်လုပ်နေခွင့်ရလို့ မိုးစက်တို့မုတ်ဆိတ်တို့ အဖွားက
ကျေးဇူးတွေတင်နေဦးမှာ..ကြောင်အဖေနဲ့အမေ့ကို

ဖွားဖွားလည်းအလုပ်တွေ ရှုပ်နေတော့မှာ ကြောင်ဝေယျာဝစ္စတွေနဲ့လေ

MANORHARY said...

အိမ်က ကြောင်တစ်ကောင်တည်းဖြစ်နေလို့
အဖော်ပို့လိုက်ပါလား တစ်ကောင်လောက် ...း)

Nge Naing said...

ကြောင်တော့ မချစ်တတ်ဘူး ဒါပေမဲ့ အဆုံးထိ ဖတ်သွားတယ်။

ksanchaung said...

ကြောင်ရယ်၊ ခွေးရယ်၊ လူရယ်လို့ မဟုတ်ပါဘူး။ အချိန်ကာလတခုကို ဖြတ်သန်းလို့ သံယောဇဉ် အမျှင်တန်းလာတဲ့ ခဏမှာ ချစ်ရမြဲပါ။ ဒါကို ဘယ်သူမှ ရှောင်လွှဲလို့ မရပါဘူး။

မောင်မောင် said...

ဟဟဟ ကြောင်မချစ်ပေမယ့်လဲ ဖတ်သွားပါတယ်။
အိမ်က အိမ်သူ နဲ့ သားသား ကတော့လား ကြောင်
ကိုချစ်လိုက်တာ မှ တုန်နေတာပဲ။
တော်ကြာ ဘယ်က ကြောင်မှန်းမသိ ကျွေးထားလိုက်
တော်ကြာ အဲလို မွေးလိုက် သေ လိုက်နဲ့ ။
ကုလားပြည်က နေအိမ်ပြန်ရောက်တော့ နောက်ထပ် ကြောင်ဝါ တစ်ကောင်ထပ်တိုးနေပြန်ရော။
ကိုယ်က တော့ လိုက်မောင်းထုတ်တယ်။
သူတို့ တွေ က ခေါ်ကျွေးကြပြန်တယ်။
ခက်တာ က တစ်အိမ်လုံး က ခယ်မရော ယောက္ခမကြီးရော ယောက်ဖ ရော က ကြောင်ချစ်ကြတယ်။ ယောက်ဖ က ဆရာဝန်ဗျ။ ထမင်းစားယင် ဇွန်းခက်ရင်းနဲ့ ဒါပေမယ့် လည်း ကြောင်ကျတော့ ဗျာ ဖက်တွယ် လုံးနေလိုက်တာ
အင်း ကိုယ်က တော့ ကြောင်မြင်ယင်တော့ မောင်းထုတ်ချင်နေတာပါပဲ။
ဒါပေမယ့် ခွေး ကို တော့ချစ်တယ်။
နယ်မြို့ လေး မှာ တာဝန်ကျတော့ ခွေးလေခွေးလွင့်
တစ်ကောင် ကိုမွေးထားတာ။ သူက အိမ်ထောင်ကျတော့ ဗျ ဈေးထဲ က နီမ ဆိုတဲ့ ခွေးမ နဲ့ ပွားလာလိုက်တာ အကောင် ၂၁ ကောင်ဖြစ်သွားတယ်။ ဟဟဟဟ
တစ်နေ့ ကို ဆန်ကွဲ တစ်အိုးကြီး ကျိုရတယ်။

ဂျူနို said...

ချိုသင်းကတော့ လုပ်ချလိုက်ပြီ။ အိုဘားမားကို သားအိမ်ထုတ်လိုက်တယ်တဲ့။
ချိုသင်းကိုတော့ ကြောင်တွေနဲ့တင်မက အိုဘားမားနဲ့ပါတွဲပြီး သတိရနေတော့မှာပဲ။


မအယ်

ရွှေရတုမှတ်တမ်း said...

ငါ့နှမရာ..
ငါ့ဖြင့်..အန်တီစန်းသတိရလို့စိတ်မကောင်းဖြစ်နေတုန်း
ညည်းက ကြောင်အကြောင်း.ဆက်ရေးတော့ ရီလိုက်ရတာဟာ..

စန္ဒကူး said...

ပြုံးမိတယ်... ကြောင်လေးတွေအရမ်းချစ်တယ်.ကြောင်နာမည်ကအပျံစားတွေဘဲ..
ကူးကူးရှိခဲ့တဲ့ကြောင်တွေက
ညောင်ကွိ
မီးမီလေး
ပေါင်ချိန်

မယ့်ကိုး said...

မစာလေး ဖတ်ရတာ ဝမ်းနည်းဝမ်းသာ အစုံဖြစ်မိပါတယ်။
မယ်လည်း ကြောင်အရမ်းချစ်တယ်။
comment တွေမှာ ကြောင်မချစ်တဲ့ မမ mm လေးများ ဘာရေးမလဲလို့ ရယ်ပြီး လိုက်ရှာမိပါသေးတယ်။ =)

ကိုလူထွေး said...

စာဖတ်သူတွေကို ကိုယ်ရဲ့ ဝမ်းနည်းမှုတွေ ကူးစက်သွားမှာစိုးလို့ ပျော်စရာဖက်ပြီး ရေးပေးတာ ချစ်စရာကောင်းတဲ့ စေတနာပါ...

းဝ)

nu-san said...

အမရဲ့ကြောင်လေးတွေ အကြောင်းဖတ်ရတာ ရီရတယ်.. ဒါပေမယ့် အမတို့ မိသားစုရဲ့ နိုဝင်ဘာ အမှတ်တရတွေ ဖတ်ရတော့ စိတ်မကောင်းဘူး.. :(
ကျနော်လည်း ကြောင်ချစ်တတ်တယ်အမ.. အိမ်မှာလည်း ကြောင်တွေ ၁၀ ကောင်ကျော်အထိ ရှိဖူးတယ်.. အချစ်ဆုံး ကြောင်လေး တစ်ကောင်လည်း ရှိခဲ့ဖူးတယ်.. တခါတလေကျရင်လေ သူ့ကို သတိရတယ်.. သေသွားတာတော့ ကြာပြီ.. အဲဒီနောက်ပိုင်း ကြောင်တွေ ခွေးတွေဆို ခပ်ခွာခွာပဲ နေဖြစ်တော့တယ်..

Anonymous said...

I think
to love the animal is important.

The person
(who does not love any animal )
can be difficult
to love the people.

Thank Sayama Moe Cho Thin,

Dr. Alice Khin Saw Win said...

I love you so much just because you are cat lover. Please write more about your cats.

alice

သီဟသစ် said...

အစ်မချိုသင်းရေ..

ကြောင်မချစ်တတ်ပါခင်ဗျာ
But အစ်မစာတွေကို သဘောကျလို့ ဖတ်သွားပါတယ်ခင်ဗျာ
:)

ခင်မင်စွာဖြင့်
သီဟသစ်

Unknown said...

အမရေ ....ဖြစ်နိုင်မယ်ဆိုရင် ....
အမကို အပြင်မှာတွေ့ချင်တယ်..
စာတွေဖတ်ရင်းချစ်လာလို့

မီယာ said...

အမရေ ကြောင်တော့ မမွေးဖူးဘူး... အမစာတွေ ဖတ်တိုင်း ရသမျိုးစုံ ခံစားရတယ်... အမေလည်း ၃၀ရက် နိုဝင်ဘာမှာ ဆုံးတာ။ သတိရလို့ အဲ့ဒီနေ့မှာ ရန်ကုန် ဖုံးခေါ်တော့ အမေ အိပ်နေတယ်ဆိုပြီး ခေါ်မပေးလို့ စိတ်တိုမိတာ အမေက ဆုံးကာစလေး ဖြစ်နေတယ်။

ကိုချစ်ဖေ said...

ချိုသင်းရေ.ကိုဦးနဲ့ မသန္တာဘလော့မှာ ချိုသင်း လွန်ခဲ့တဲ့
နှစ် နှစ်ဆယ်လောက်က ရေးတဲ့ ၀ထ္ထုလေးသွားဖတ်လာတယ်. သူတို့တင်ထားတာတွေ့လို့..

http://oothandar.blogspot.com/

ရေးပြောစရာနေရာလည်းမရှိသေးတော့ ရှိတဲ့နေရာမှာပဲ ရေးလိုက်ပါတယ်..

ကိုပေါက်စ said...

ချိုသင်းရေ....
ကိုကိုလေးအိမ်မှာလည်း..ချိုသင်းတို့လိုပဲဖြစ်နေပြီ။
(ကိုကိုလေး)

pandora said...

ချစ်စရာကောင်းတဲ့ ကြောင်လေးတွေအကြောင်း အေးအေးဆေးဆေး လာဖတ်သွားတယ်.

ကြောင်သေးသေး ဆော့တတ်တဲ့အရွယ်လေးတွေကို ပိုချစ်ပါတယ်။

ချစ်ကြည်အေး said...

ချိုသင်းရေ...ကြောင်မချစ်ပေမဲ့ ချိုသင်းရေးထားတဲ့ ကြောင်အကြောင်းလေးတွေကိုတော့ ချစ်ပါတယ်...။ သူများအိမ်လည်သွားလို့ ကြောင်တွေ့ရင် မြောင်မြောင်...ဆိုပြီးသူတို့တွေရဲ့ မေးစေ့ အောက်ကိုလက်နဲ့သပ်ပေးတိုင်း ခေါင်းလေးမော့ပေးပြီး ဇိမ်ခံတတ်တဲ့ကြောင်လေးတွေကို ခဏလေးတော့ ချစ်မိပါရဲ့၊ ဒါပေမဲ့ မွေးဖို့လောက်ထိတော့ အနွံတာ မခံနိုင်ဘူး ချိုသင်းရယ်။ ကိုယ်တိုင်တောင်မှ စားဖို့ သောက်ဖို့ ရေချိုးဖို့ ကို တွန်းနေရတာ...ဟီးဟီး

လင်း said...

ကြောင်မချစ်သူများ ရပ်ရမဲ့နေရာမှာ မရပ်ဘဲ ဆက်ဖတ်သွားပါတယ်။ ကြောင်မချစ်ပေမဲ့  ကြောင်မမကို ချစ်တာကိုး (ဟိဟိ ခလေးတွေ လို လိုက်ခေါ်တာနော် စိတ်ဆိုးနဲ့ ) ကြောင်တွေနေရာမှာ ခွေးအစားထိုးပြီးဖတ်လိုက်တယ်။

Unknown said...

ရေးတတ်လိုက်တာလို့ပဲပြောရမလား မသိပါဘူးဗျာ။ ကျွန်တော်သာဆို ရေးဖို့စိတ်ကူးပေါ်မိမှာမဟုတ်သလို၊ စိတ်ကူးပေါ်မိပြန်ရင်လည်း “ကျွန်တော့်တွင် ကြောင်နှစ်ကောင်ရှိပါသည်။ တစ်နေ့တွင် ကြောင်ဆယ်ကောင်ပေါက်လာပါသည်...” လို မူလတန်းကျောင်းသား စာစီစာကုံးဆန်ဆန် အရေးအသားလောက်ပဲ ထွက်လာမှာ။ အရေးအသားညက်ညက်လေးနဲ့ ခေါ်သွားတာပဲ တစ်ပုဒ်လုံး။
နောက်ဆုံး စာပိုဒ်လေးကတော့ အကြိုက်ဆုံးပဲ
“အမေသာရှိရင် ကိုယ့်ကို ဘယ်လို ပြန်ပြောမယ် မသိ။
မိုးစက်တို့ မုတ်ဆိတ်တို့အဖွား ကို သနပ်ခါးပါးပါး နဲ့ ကြောင်လေးတွေကို ပေါင်ပေါ်တင်ရင်း စာဖတ်နေတာများ အိမ်မှာ မြင်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ လို့ စိတ်ကူးယဉ်မိပါသေးတယ်။”

su mon said...

အစ်မချိုသင်းရေ....
အစ်မရဲ့ Blog ကိုစတွေ့တဲ့နေ့ကပျောက်ဆုံးသွားတဲ့မိတ်ဆွေတစ်ယေက်ကိုပြန်တွေ့ရသလိုပဲ။
အစ်မအရေးအသားကိုသိပ်ကြိုက်တာပဲဗျာ...
ဒီနေ့ Blog စလုပ်တဲ့နေ့၊ အစ်မဆီကိုပထမဆုံးအမှတ်တရနဲ့ပထမဆုံးစာပို့ဖြစ်တာပဲ။
အစ်မကျန်းမာပျော်ရွှင်ပါစေ။

Unknown said...

ကြောင်လည်းချစ်တယ်။ ခွေးလည်းချစ်တယ်။ အခု
မုဝမ်နဲ့ ရှောင်ကွေးဆိုတဲ့ ခွေးပုလေးနှစ်ကောင်ရှိတယ်။ အဆောင်မှာထားတော့ သူငယ်ချင်းတွေက သူတို့ဘာသာစကားတွေနဲ့ ပြောဆိုဆက်ဆံကြတော့ ခွေးတွေလည်းမျက်စိလည်ပြီး ဘာစကားမှ နားမလည်ဖြစ်နေတယ်။ အခန်းပြန်ေ၇ာက်တာနဲ့ မြန်မာစကားနားလည်အောင် မြန်မာသီချင်း အမြဲဖွင့်ပေးနေရတယ်။ မာဓကစကားတက်ရင်ကောင်းမယ်။

Unknown said...

ကြောင်လည်းချစ်တယ်။ ခွေးလည်းချစ်တယ်။ အခု
မုဝမ်နဲ့ ရှောင်ကွေးဆိုတဲ့ ခွေးပုလေးနှစ်ကောင်ရှိတယ်။ အဆောင်မှာထားတော့ သူငယ်ချင်းတွေက သူတို့ဘာသာစကားတွေနဲ့ ပြောဆိုဆက်ဆံကြတော့ ခွေးတွေလည်းမျက်စိလည်ပြီး ဘာစကားမှ နားမလည်ဖြစ်နေတယ်။ အခန်းပြန်ေ၇ာက်တာနဲ့ မြန်မာစကားနားလည်အောင် မြန်မာသီချင်း အမြဲဖွင့်ပေးနေရတယ်။ မာဓကစကားတက်ရင်ကောင်းမယ်။

ဇွန်မိုးစက် said...

မမရေးတဲ့အကြောင်းအရာတွေက အမြဲတမ်းဖတ်လို့ကောင်းတယ်။ အခုမှမန့်ဖြစ်ပေမယ့် အရင်ကတည်းက ဖတ်ဖြစ်ပါတယ်။ မမကို ညီမ blogl list ထဲ add ထားတယ်။ ခွင့်ပြုမယ်လို့မျှော်လင့်ပါတယ်။ လာလည်ပါအုံး။ Post အသစ်လည်းရေးပါဦးနော်။ မမကိုချစ်တဲ့ ဇွန်မိုးစက် :)

little brook said...

ကျွန်တော်တော့ ကြောင်မချစ်တတ်ဘူး ကြောင်မချစ်တတ်တဲ့သူတောင် ခုပို့စ်လေးဖတ်ပြီး ကြောင်တွေကို ချစ်မိသလိုလို စိတ်ထဲခံစားသွားမိတယ်း)

thannsoenaing7 said...

မိုးချိုသင်းဆိုတာ နိုင်ငံခြားရောက်မှကြားဘူးတယ်မြန်မာပြည်တုန်း ကမကြားဘုးဘူးလေ ကိုရဲ့အားနည်းချက်လို့ဘဲ ပြော၇မှာဘဲလေ ဒီလောက်နာမည်ကြီးစာရေး ဆရာတစ်ယောက်ကိုလေ ဒါနဲ့စကားမစပ် အမကအပျိုကြီးထင်တယ်နော် ကျောင်ကိုတော့ မချစ်ပါဘူး လူကိုဘဲချစ်တာပါနော် ဒါ့ကြောင့်ဖတ် လိုက်ပါတယ်ဆုံးအောင်

Unknown said...

မမိုးချိုသင်းက သူ့အစ်ကိုကြီးလူပျိုကြီးကို ပြုစုစောင့်ရှောက်နေတဲ့ နှမလိမ်မာလေးအပျိုကြီးနော်။
:D