ထမင်း လက်ဆုံ

အခုလို ဆောင်းတွင်းအေးအေး မှာ မိုးစောစောချုပ်တာမို့ ပတ်ဝန်းကျင်တခုလုံး မှောင်မဲ လို့..။ ရောင်စုံမီးလေးတွေနဲ့ အလှဆင်ထားတဲ့ သစ်ပင်ကြီးတွေက ခန့်ခန့်ကြီး မားမားမတ်မတ် ရပ်လို့..။ ညဖက် အိမ်အပြန်လမ်းတွေမှာ ကိုယ်တို့နှစ်ယောက် အမြဲပဲ သုတ်သုတ် သုတ်သုတ်နဲ့ ကိုယ့်အိမ်လေးဆီကို အပြေးပြန်လာတတ်ကြတယ်။

အိမ်အပြန် လမ်းတလျှောက် ကားပေါ်ကနေ အပြင်ကို ကြည့်လိုက်ရင် အိမ်ပုပုလေးတွေကို နွေးနွေးထွေးထွေး တွေ့ရတတ်တာ။ မှန်ပြူတင်းပေါက် အကွက်လေးတွေကြားကနေ အိမ်တွင်း အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်လေးတွေကို ရိပ်ကနဲ ရိပ်ကနဲ မြင်ရတတ်တယ်။ ဒါမှမဟုတ် မိသားစု ထမင်းဝိုင်း…။ စားပွဲဝိုင်းဘေးမှာ ဆော့နေတဲ့ ကလေးလေး ရီသံတောင် ကြားလိုက်ရသလို ထင်မိတယ်။

ကိုယ်တို့ငယ်ငယ်ကလဲ မိသားစု ထမင်းဝိုင်းတွေဟာ ပျော်စရာ ကောင်းခဲ့ပါတယ်။ အဖေရယ် အမေရယ် ကိုယ်တို့ မောင်နှမ ၅ယောက်ရယ် အမြဲ ထမင်းလက်ဆုံစားတတ်ကြတယ်။ အထူးသဖြင့် ညစာ ပေါ့။ မိသားစုဝင်တယောက်ယောက် နောက်ကျရင်လဲ အမေက စောင့်ပြီး စားစေတာ၊ နောက်ကျသူကလဲ ညစာအမီ ပြန်လာတာပါပဲ။

ထမင်းဟင်းတွေက အမြဲ ပူပူနွေးနွေး ပဲ။ ဟင်းကတော့ အမယ် မများဘူး။ အသားတခွက်၊ အရွက်ကြော် တမျိုး နဲ့ ချဉ်ရည် တခွက် ပါလေ့ရှိတယ်။ ဟင်းခွက်က လက်လည်တယ် မရှိဘူး။ တယောက်လက် တယောက် ကမ်းလိုက်၊ ထည့်လိုက်ကြတာပဲ။ အသုတ်တမျိုးမျိုးပါရင် ခဏလေးနဲ့ ပန်းကန်က ပြောင်သွားပြီ။ ပြီးမှ ထည့်တာများသွားတဲ့သူဆီ ငါ့နည်းနည်းပေး တောင်းရတယ်။

ပြီးရင် မောင်နှမတွေ ဆူဆူညံညံ နဲ့ ပန်းကန်တွေ ဆေးကြတာ။ ကိုယ့်အမအကြီးတွေ ဖြစ်တဲ့ မစံ နဲ့ မအေးက အားလုံးရဲ့ ပန်းကန်တွေ အမြဲတမ်း ဒိုင်ခံ ဆေးလေ့ရှိတာ။ ကိုယ်တို့အငယ်တွေက စားပြီးရင် ကိုယ့်ပန်းကန်လေးကိုင်ပြီး လက်ဆေးကန်နားမှာ ရပ်စောင့်လို့။ အမတွေက ထားခဲ့ ထားခဲ့ ငါ ဆေးလိုက်မယ် လို့ ပြောရင် ၀မ်းသာသွားတာ။

လက်ကလေး မြန်မြန်ဆေးပြီး အိပ်ယာပေါ်လှဲ ဇိမ်နဲ့ စာသွားဖတ်တာ။ ဒါမှမဟုတ် မိသားစု စကားဝိုင်းထဲ ဟိုတိုး ဒီခွေ့နဲ့ နားထောင်။ ဒါမှမဟုတ် ရေဒီယိုက ညဖက်လာတဲ့ ဇာတ်လမ်းတွေ၊ သီချင်းတွေကို စောင်ကြီးခြုံပြီး ၀ိုင်းနားထောင်ကြတယ်။ တီဗီပေါ်လာတော့ တီဗီရှေ့ ကို စောင်တွေ ခေါင်းအုံးတွေ ယူသွားပြီး သွားမော့တာပေါ့။
မိသားစု အပန်းဖြေချိန်လေး ပေါ့။

နောက်တော့ မိသားစု ထမင်းဝိုင်းလေးက လူနည်းနည်းလာ..။ ကိုယ်ချစ်တဲ့သူနောက် လိုက်ပြီး ကိုယ့်မိသားစု ကိုယ်ထူထောင်ကြတော့ မိသားစု ၀ိုင်း အကြီးကြီးကနေ မိသားစုဝိုင်း သေးသေးလေးတွေ ဖြစ်ကုန်တာပေါ့။ အဲဒီအခါကျတော့လဲ တမျိုးတဖုံ ပျော်စရာကောင်းတာ မှန်ပေမဲ့ အရင်က မိသားစု ထမင်းဝိုင်းကြီးကို လွမ်းမိတတ်တာပဲ။

အခုတလော မိသားစု ထမင်းဝိုင်းတွေကို သတိရနေမိတာမို့ နှစ်ကိုယ်တူ ဘ၀ ထူထောင်တော့ ထမင်းလက်ဆုံစားခဲ့တာလေးတွေလဲ သွားသတိရမိသေးတယ်။ ကိုယ်တို့နှစ်ယောက် ချစ်စ က ထမင်း ပထမဆုံး လက်ဆုံစားဖူးတာ လှည်းတန်းက ဓနုဖြူ ဒေါ်စောရီ ထမင်းဆိုင်မှာပါ။

အဲဒီတုန်းက နှစ်ယောက်စလုံး မိဘဆီ မုန့်ဖိုး လက်ဖြန့်တောင်းနေရတုန်းအရွယ်ပေါ့။ တက္ကသိုလ် ကျောင်းသူ ကျောင်းသားဘ၀ပေါ့။ တနေ့တော့ လှည်းတန်းသွားရင်း ဒေါ်စောရီဆိုင်မှာပဲ ထမင်းစားလိုက်ကြရအောင် တဲ့။ ကိုယ်လဲ ကောင်းသားပဲ ဆိုပြီး ၀င်စားကြတယ်။

ဆိုင်ရောက်တော့ သူက မှာချင်တာ မှာစား တဲ့။ ကိုယ့်ကို ခွင့်ပေးတယ်။ ကိုယ်လဲ သူ ခွင့်ပေးတယ် ဆိုတော့ ရိုးရိုးပဲတွေးပြီး စားချင်တာ မှာ လိုက်တာပေါ့။ ကိုယ်မှာလိုက်တာ ပုဇွန်တုပ်ကြီးဟင်းပါ။ ညှာညှာတာတာ မှာဖို့ အဲဒီတုန်းက တကယ် မစဉ်းစားမိဘူး။

နောက်မှ သူပြန်ပြောပြတာက သူက ကိုယ်အားရပါးရစားနေတာကို ငေးကြည့်နေတာ တချိန်လုံး တဲ့။ ကိုယ်ကြိုက်တယ်ဆိုလို့လဲ ၀မ်းသာတယ်၊ ဒါပေမဲ့ bill လာရင် ပိုက်ဆံ မလောက်ရင် ဒုက္ခ ဆိုပြီး ပူပန်မိနေလို့ ကိုယ့်ထမင်း ကိုယ် မစားနိုင်ဘဲ အိပ်ကပ် တစမ်းစမ်း ဖြစ်နေတာ တဲ့။ ကိုယ်ကတော့ အပူအပန်မရှိ ပျော်ပျော်ရွှင်ရွှင် ကြိတ်သလေ..။

နောက် ပိုက်ဆံရှင်းမှ ပါလာတဲ့ ပိုက်ဆံ နဲ့ လောက်င လို့ သူ ဟင်းချနိုင်ပါတယ် တဲ့။ တကယ်က ပုဇွန်တုပ်ကြီးဟင်းက အတော် ဈေးများတာပါ။ ကိုယ်ကလဲ ရိုးရိုးပဲတွေးမိတာ၊ မှာချင်တာ မှာ၊ ပုဇွန်တုပ်ကြီးတော့ မပါစေနဲ့ လို့မှ မပြောဘဲ။ အဲဒါ ပထမဆုံး လက်ဆုံစားခြင်းပေါ့။

နောက်တော့ ကိုယ်နဲ့ နေ့စဉ်နေ့တိုင်း ထမင်းအတူ စားဖို့ သူ့ကိုပဲ ရွေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ထမင်းစားရင် သိတတ်သူမို့ပါ။ သူ့ပန်းကန်ထဲက အသားတွေကို ကိုယ့်ပန်းကန်ထဲ ထည့်ပေးတတ်သူလေ (တကယ်က သူက အသားထက် အရွက်ပိုကြိုက်လို့ပါ)။

သူနဲ့အတူတူ မိုးရွာတုန်း လမ်းဘေးဆိုင်လေးထဲ ပြေးဝင်ပြီး ထမင်းသုတ်လေးကို ငရုတ်သီးတောင့်လေးကိုက်ပြီး ညစာလုပ် အတူစားဖူးတယ်။ အိမ်မှာ လက်ဖက်သုတ်လေး နဲ့လဲ ထမင်းမြိန်ခဲ့တယ်။ ကြက်ဥကြော် နဲ့လဲ နှစ်ပါးသွားဖူးတယ်။ ခမ်းခမ်းနားနားနေရာတွေလဲ အတူသွားစားခဲ့ဖူးပါတယ်။ တခါတလေတော့ လေ ထဲမှာ…။ ခရီးအတူသွားရင်း လေယာဉ်ပျံပေါ်မှာ ညစာစားရတာကို ပြောတာပါ။

တခါကတော့ နှစ်သစ်ကူးညတညမှာ နယ်စပ်မြို့လေးတမြို့ရဲ့ ဟိုတယ် အခန်းလေးထဲမှာ ဖယောင်းတိုင်မီးလေး နဲ့ အတူထမင်းစား ဖူးသေးတယ်။ အဲဒီတုန်းက တာချီလိတ်မှာ ညနေ ၆နာရီထိပဲ မီးပေးတယ် ထင်တာပဲ။ ဟိုတယ်အခန်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်း၊ ထမင်းစားရင်း ဟိုဖက်ကမ်းက မီးထိန်ထိန် ကို နှစ်ယောက်သား ငေးကြည့်မိခဲ့လို့ အမှတ်တရ ဖြစ်ခဲ့တာ။ အဲဒီအချိန်လေးကလဲ ကိုယ်မမေ့နိုင်တဲ့ အချိန်လေး တခုပဲ။

ကိုယ်က သူ့ကို ပြောခဲ့တယ်။ ကိုယ်တို့အတူ ရင်ဆိုင်ရမဲ့ ဘ၀တွေ နိမ့်ပါစေ၊ မြင့်ပါစေ၊ ဘ၀ရဲ့ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် စိတ်ထဲမှာ သန့်သန့်ရှင်းရှင်း ကြည်ကြည်နူးနူး နဲ့သာ ထမင်းလက်ဆုံစားချင်ပါတယ် လို့..။

ကိုယ်က ကဗျာဆရာ၊ ကျောင်းဆရာမ ရဲ့ သမီးပါ၊ မွေးကတည်းက ဟင်းတွေ အလျှံပယ် ပေါများ တဲ့ ထမင်းဝိုင်းမျိုးနဲ့ အမြဲစားလာတာမဟုတ်လို့ ဘာနဲ့မဆို စားတတ်ပါတယ်၊ လိပ်ပြာသန့်သန့် ပျော်ပျော်ရွှင်ရွှင် နဲ့သာ ဖြစ်ပစေ၊ တနေ့ ထမင်း ၂ နပ် ပါပဲ လို့ သူ့ကို အားပေးဖူးပါတယ်။

အဲဒီတော့ သူက အသေအချာစဉ်းစားပြီး ပြန်ပြောပါတယ်။
“ထမင်း ၂ နပ်??? ….၊ က မယ် မထင်ပါဘူး” တဲ့။
သူပြောတာ ခပ်တိုးတိုးပါပဲ။ ဒါပေမဲ့ ကိုယ် အကျယ်ကြီး ကြားလိုက်ရတယ်။

အော်.. အကြောင်းသိကုန်ပြီကိုးလေ…။


မိုးချိုသင်း

56 comments:

sumyat said...

I got warmth by reading ur lovely post.

Aung M said...

ခုမှ အသစ်ဖတ်၇တော့တယ် ကျေးဇူး အစ်မရေ

kiki said...

မချိုသင်းရေးထားတာ ဖတ်ရင်းနဲ့ 
ငယ်ငယ်က ရှားရှားပါးပါး
မိသားစု ထမင်းဝိုင်းလေး ကို လွမ်းမိတယ် ။
မောင်နှမတွေ များတော့ လုစားကြရတာလေးတွေလည်း သတိရမိတယ် ။
တကယ့်ကို ပျော်စရာ အချိန်လေးတွေပါပဲ နော် ..

ခုတော့ တနေ့ တနေ့  ထမင်းဗူးထဲက အေးစက်စက်အစားအစာ တွေ ကိုစားရင်းနဲ့ 
အလုပ်လုပ်ဖို့  အသက်ဆက်နေရသလိုပါပဲလေ ။
( အဓိပ္ပါယ် ပြည့်စုံအောင် အဖေါ်ရှာအုံးမှ နဲ့ တူပါ တယ် ...း) ).. ကြောင် ငြာ ဝင် သွား ပါသည် ..

SDL said...

မမချိုသင်းရေးထားတာဖတ်ရတော့
ရိုးရိုးလေးတွေကို တန်ဖိုးထားရကောင်းမှန်းသိလာတယ်။

P.Ti said...

ဟုတ်တယ် အမ... ကျွန်တော်လည်း ငယ်ငယ်က လက်ဆုံစားခဲ့ရတဲ့ ညစာတွေကိုလွမ်းမိတယ်။

အခုလို ဆောင်းတွင်းမှာဆို ညစာစားတာ နည်းနည်းစောတတ်တယ်လေ။ မေမေက ထမင်းဟင်းချက်၊ အမက ပန်းကန်ဆေး၊ ကျွန်တော့်ကတော့ ထမင်းစားပြီး စားပွဲကိုရှင်း၊ သုတ်၊ ရေနွေးပန်းကန်ဆေး။

ထမင်းစားပြီး အချိုတည်းမယ်ဆိုပြီး တခုခုတော့စာတတ်သေးတယ်။

အခုအချိန်မှာတော့ အဆင်ပြေသလို အဟာရရှိအောင်ပဲ စားလိုက်ရတာပါပဲ။

amayarko said...

အမေ့အိမ်ကိုလွမ်းသွားတယ် မမရယ် ...

subuueain said...

အသက်တွေပြန်ငယ်ချင်လိုက်တာ မိသားစုထမင်းဝိုင်းလေးကို လွမ်းလို့။ မိဘတွေကိုလည်း အသက်ပြန်ငယ်စေချင်လိုက်တာ။

ချစ်ကြည်အေး said...

Cho Thin, Just read, I cant wait to write comment, that's why , I am reading and writting in office, so can't use Myanmar fonts.Very nice post, simple and meaningful, I miss my family's togetherness at dinner time too. Take care and love you so much for this post:D

ချစ်ကြည်အေး said...

BTW,nowadays I am reading your older posts at my lunch time ...and enjoy so much , especially Telephone post. Your dad is just like my husband , he still doesn't know how to make the fully use of phone menu, har har :D

သိင်္ဂါကျော် said...

ခုခေတ်မှာ .. တစ်နေရာစီ အလုပ်တွေနဲ့
ကိုယ့်အိမ်ကိုယ့်ယာမှာ မိသားစုနဲ့ အတူ ထမင်းလက်ဆုံ စားခွင့်ကို အမြဲမရကြဘူးလေ.. တမ်းတစရာပဲပေါ့..

Thant said...

မိသားစုထမင်းဝိုင်းကို သတိရလို့ ညကြီးသန်းခေါင် စာ ထရေးဖူးတယ် (ဒိုင်ယာရီထဲမှာပါ)..။ ဒါပေမယ့် အစ်မရေးထားတာဖတ်ပြီးတော့ အလွမ်းတွေတောင်ဘယ်ရောက်သွားမှန်းမသိဘူး..ရယ်ချင်လိုက်တာ..ရုံးမှာမိုလို့ မျက်နှာပိုးမနဲသတ်ထားရတယ်..ခိ..။

Rita said...

အိမ်မှာ အသင့်စားရတာကို လွမ်းတယ်။
ဆိုင်သွားပြီး စားကြတာကိုလဲ လွမ်းတယ်။

:D

tin min htet said...

(ချိုသင်းရေ ကျေးဇူးပါပဲ၊ အလုပ်ရှုပ်နေတုန်း၊ ရုံးဆင်းခါနီး ချိုသင်းပို့စ် ဖတ်ရတာ။)

ချိုသင်း အစားကောင်းတာကိုတော့ မပြောတော့ပါဘူး၊ ပြောတာ များနေပြီ။ ဒါပေမဲ့ ငါ့ကို နည်းနည်းပေး တောင်းတဲ့သူက ချိုသင်းသာလျှင် ဖြစ်ရမယ်လို့ မျက်စိထဲ မြင်မိပါတယ်။ :P

ငါတို့က နဂိုထဲက မိသားစု နည်းတော့ ထမင်းဝိုင်းက ခပ်သေးသေးပဲ။ ငယ်ငယ်က ခြောက်နာရီ (အတိ) ထမင်းဝိုင်း ဝင်ရတာကို သတိရသေးတယ်။ ဆယ်တန်းလည်းအောင်ရော အမေလည်း ငါ့ကို ဖမ်းမမိတော့ဘူး။ :(

Craton said...

ခွိ.. အန်တီချိုသင်းတို့များ ရေးတတ်လိုက်တာ ပြောမနေနဲ့။
အင်းပေါ့လေ အကြောင်းသိကုန်ပြီကိုး.. :PPP

Rita said...

ခုန ရုံးဆင်းခါနီးကြီးမို့ အမြန်ရေးလိုက်ရတာ။
တကယ်ပဲ ဒီ post ဖတ်ရတာ လွမ်းတာထက် ရီချင်မိတာက ပိုတယ်။ ပထမဆုံး အတူထမင်းစားကြတဲ့ အကြောင်းလေးကို။

tg.nwai said...

ငယ်ဘ၀တွေကို ပြန်လွမ်းသွားရင်း ပုဇွန်ထုပ်ကြီး အားရပါးရ စားတဲ့ ချိုသင်းရယ်..ဘေးမှာ ပြုံးပြုံးကြီး ကြည့်လိုက်..မျက်နှာလေးပျက်သွားလိုက်နဲ့ အိပ်ကပ်ကို မသိမသာစမ်းလိုက် လုပ်နေတဲ့ ကိုကျော်ဝဏ္ဏရဲ့ ပုံရိပ်တွေကိုပါ ဓနုဖြူဒေါ်စောရီဆိုင်(အဟောင်း)မှာ ပြန်မြင်ယောင်မိနေပြီး ရယ်ချင်နေတယ်...ပျော်ရွှင်ချမ်းမြေ့ကြပါစေ ချိုသင်းရေ...

အပြုံးပန်း said...

ပြောမပြတတ်အောင်ပဲ
ကြည်နူးရပါတယ် အမရယ်။
တန်ဖိုးထားရမယ့်ဟာတွေကို တွေးယူသွားပါတယ်။
ထမင်းဆိုင်မှာ ထမင်းသွားစားခဲ့တုန်းက အဲဒီလို အဖြစ်မျိုး ကြုံဖူးတယ်အမ၊
တူပြန်ပြီအမရယ်။

ဇွန်မိုးစက် said...

မမချိုသင်းရေးတာဖတ်ပြီး ပျော်လဲပျော်..လွမ်းလဲလွမ်းရတယ်။ ငယ်ငယ်က အိမ်မှာ အမေ၊ မောင်လေးတို့နဲ့ ထမင်းစားပွဲခုံကြီး ရှိရက်နဲ့ စားပွဲသေးလေးမှာ ၀ိုင်းထိုင်ပြီး အတူလက်ဆုံစားရတာကို သတိရတယ်။ (အဖေက ခရီးအမြဲထွက်သူရမို့ သုံးယောက်ပဲလက်ဆုံ စားဖြစ်တယ်။) ခုတော့ သုံးယောက်တောင် မဆုံနိုင်သေးဘူးမမရေ။

p.s. မမလာလည်သွားတဲ့အတွက် ကျေးဇူးပါ။ တစ်အားဖြစ်စေတဲ့ ကွန့်မန်တွေအတွက်လည်း ထပ်လောင်းကျေးဇူးတင်ပါတယ်။ :)

rose of sharon said...

တကယ်က လေးနပ်ထင်ရဲ့

WWKM said...

မချိုသင်းရေးထားတာလေးဖတ်ပြီး ပြုံးမိပါတယ် အစ်မရေ... ၀ါလည်းဓနုဖြူဒေါ်စောရီဆိုင်မှာ ပုဇွန်ထုတ်
နဲ့ ထမင်းစားဖြစ်တာလေး သတိရသွားလို့လေ။
အမျိုးသားက ကျွေးတာတော့မဟုတ်ပါဘူး။အမျိုးသားရဲ့သူငယ်ချင်းက ဓနုဖြူဒေါ်စောရီဆိုင်မှာ ထမင်းကျွေးမယ်ဆိုပြီးခေါ်လို့ ၂ယောက်သားအတူလိုက်သွားကြတာလေ။သူတို့သူငယ်ချင်း ၂ယောက်က စကားတပြောပြောနဲ့ပေါ့။
ကျွန်မကို ဘာဟင်းနဲ့မှာမလဲပြောတော့ ပုဇွန်ထုတ်ဟင်းပဲ
မှာဖြစ်တာပေါ့နော်.း) သူတို့တွေက တခြားဟင်းတွေစားကြတယ်လေ။ကိုယ်ကလည်း ရောက်တုန်း စားချင်တာပဲ စားမယ်ပေါ့။

နောက်မှ အမျိုးသားကပြောတယ်လေ..သူ့သူငယ်ချင်းက
ပိုက်ဆံသိတ်ရှိတာမဟုတ်ဖူး အမီးက ပုဇွန်ထုတ်သွားမှာ
တယ်ပြောတယ်လေ.း) အစ်မပြောသလိုပဲ
မှာချင်သာတာမှာ ပုဇွန်ထုတ်မပါစေနဲ့လို့ ကြိုပြောပေါ့နော်.း))
သတိရသွားလို့ ၀င်မန့်သွားပါတယ် မချိုသင်းရေ။

eaindraomtt said...

ထမင်းလက်ဆုံ စားခဲ့ရတဲ့ နေ့ရက်တွေ

မမချိုသင်းရေ....

ငိုမဲ့မဲ့နဲ့
ပြန်
သွား
ပြီ..........

ဝေလင်း said...

ကျွန်တော့်အဖေလည်း မိသားစုထမင်းဝိုင်းလေးကို သိပ်မက်မောတာ...။ အဲဒီတုန်းကတော့ ပြောခဲ့ဖူးတယ်။ “၀မ်းချင်းဆုံတာမှမဟုတ်တာ အဖေရာ”လို့..။ ခုမှပြန်တောင်းတမိတယ်။ နောင်တရမိတယ်။ တကယ်တော့ နားလည်ပါပြီလေ..... အဖေဘာကြောင့် ထမင်းဝိုင်းလေးကို ချစ်တယ်ဆိုတာ....

ကြည်ဖြူပိုင် said...

ဟဲဟဲ
ထမင်း နှစ်နပ် ? ကမယ်မထင်ဘူး
အဲလိုပြောလား မမ
ခံနဲ့ ပြန်ပြော :D

Shinlay said...

ဓနုဖြူဆိုင်က ပုဇွန်ထုပ်...မိတ်ဆွေတယောက်က
သူရန်ကုန်လာတိုင်း ၀ယ်ကျွေးလေ့ရှိတယ်။
ပြေးတောင်စားချင်လာပြီ။
မိသားစု ထမင်းဝိုင်းလေး။ အမေရယ် ကျမရယ် နှစ်ယောက်ထဲ... သတိရမိတယ်။

ဂျူနို said...

သူပြောတာ တိုးတိုးလေး ကိုယ် အကျယ်ကြီး ကြားလိုက်ရတယ် ။ :))


အကြောင်းတွေ သိကုန်ရင် ဒီလိုပဲ ချိုသင်းရ။



မအယ်

ကိုလူထွေး said...

ဟင်...
တယောက်က အပြောကြီး
တယောက်က အစားကြီး...

းဝ)

ကိုချစ်ဖေ said...

အော်.ကိုကျော်ဝဏ္ဏက ဒီဒုက္ခတွေ ခါးစည်းခံရတုန်း
ပုဇွန်ထုတ်ကြီးကနေ.ခုထိ.

မီယာ said...

အမချိုသင်းရော ကိုကျော်ဝဏ္ဏရော ချစ်တတ်လိုက်ကြတာ... ကံကောင်းလိုက်တာလို့ တွေးနေတယ်... ပုဇွန်တုပ်ကြီး အကြောင်းရောက်တော့ ရီလိုက်ရတာ ဖြစ်ရမယ်လေ ကိုယ့်အမပဲ...

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ဟုတ်သားဘဲနော့ မမရာ
အမှန်ဆို ကြိုပြောသင့်တာ
မှာချင်မှာ ပုဇွန်ထုတ်တော့မပါစေနဲ့လို့။
ထမင်းဝိုင်းလေးဖတ်ပြီးလွမ်းသွားတယ်မမရယ်

ရွှေရတုမှတ်တမ်း said...

ညည်း ထမင်းနှစ်နပ်မကတာတော့ သေချာတယ်း))
ငယ်ငယ်က ထမင်းဝိုင်းလေး ကတော့ ဘယ်တော့မှ
ပြန်မရနိုင်တော့ဘူးဟား(

Xထုံ said...

ဓနုဖြူဒေါ်စောရီဆိုတာ ကြားပဲကြားဖူးတာ..
မစားဖူးဘူး။။
(ရွှေဘ မှာတော့ မကြာခဏစားဖူးပါတယ်..)
ဓနုဖြူဒေါ်စောရီဆိုင်မှာပုဇွန်ထုပ်နဲ့
လိုက်ကျွေးပါ..။။

may said...

မမမိုးချိုသင်းရေ မမန့် ဖြစ်ပေမယ့် အသစ်တင်တိုင်း ဖတ်ဖြစ်ပါတယ် အရေးအသားလေးတွေကို နှစ်သက်မိလို့ ပါ ရသမျိုးစုံပေးနိုင်ပြီး အနုပညာမြောက်အောင် ရေးဖွဲ့ တတ်လို့  သဘောကျမိတယ် မမစာလေးတွေများဖတ်မိရင် မျက်နှာလေးကို အမြဲပြုံးမိစေတယ်
ခုပို့ စ်လေးဖတ်ပြီးလည်း ပြုံးမိတယ်

ပုစွန်တုပ်ဆိုလို့ လေ ငယ်၂က အဖြစ်ကလေး
အမှတ်ယမိသွားတယ် အိမ်ကို ဧည့်သည်တွေလာလို့  ရွှေဘထမင်းဆိုင်မှာလိုက်ကျွေးတာ ဒုတိယညီမလေးက သိပ်နှမြောတတ်တာ အဲ့ဒီတော့ သူက အပေါ်မော့ကြည့်ပြီး ဟင်းနဲ့ ဈေးနှုန်းတွေလိုက်ဖတ် ပြီး မှာလိုက်တယ် ပုစွန်တုပ်ဆိုပြီး စားပြီး ရှင်းတော့မှ သိတယ် အဲ့တုန်းက ပုစွန်တုပ်ဟင်း တပွဲံ ၄၀၀ လေ ဈေးအကြီးဆုံးပဲ ဒါကို မီးမီးက ၄၀ ဆိုပြီး ဖတ်မိတာတဲ့ သူတို့ က သုညတလုံးကို ပုစိညှက်စိကပ်ရေးထားတော့ မော့ကြည့်တော့ မမြင်ရလို့ တဲ့ ရီလိုက်ရတာလေ အဲ့တုန်းကလည်း သူဆို စားပြီးမှ မျက်ရည်လေး စမ်း၂ နဲ့ 

Su said...

ပုဇွန်တုပ်ကြီးစားချင်လိုက်တာ မချိုသင်းရယ်

nu-san said...

အမရေ.. တနေ့ကို ထမင်း ၂ နပ်ပဲ စားရပေမယ့် အမပြောသလိုပဲ ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ စားရမယ်ဆိုရင် ဟင်းမကောင်းပေမယ့် ထမင်း စားကောင်းပါတယ် အမရယ်.. :)

အမပို့စ်ဖတ်ပြီးတော့မှ ဓနုဖြူဒေါ်စောရီဆိုင်က ပုဇွန်တုပ်ဟင်းစားချင်လိုက်တာ... :D

su mon said...

အစ်မချိုသင်းရေ...
အစ်မရဲ့အသစ်ပို့ဖတ်ရတော့ဝမ်းသာလိုက်တာ။
တစ်ရက်တစ်ရက်အစ်မ Blog ကိုပြေးပြေးကြည့်ရတာအမောပဲ။
ကျွန်တော်အိမ်လေးကိုလာလည်သွားတဲ့အတွက်ကျေးဇူးပါနော်။
အစ်မရဲ့အိမ်လေးကိုစတွေ့တဲ့နေ့ကနေ..2ရက်အတွင်းအစ်မရဲ့စာတွေကိုအပြီးဖတ်ပစ်လိုက်တာ....။
အစ်မစာတွေဖတ်ရတဲ့အချိန်တိုင်းကျွန်တော်လေ..ရသမျိုးစုံကိုခံစားရတယ်။အစ်မကိုကျေးဇူးလဲတင်တယ်။အရမ်းလဲလေးစားတယ်။စာရေးကောင်းတဲ့ကျွန်တော့်အစ်မကျန်းမာပြီးသက်ကျော်ရာကျော်ရှည်ပါစေလို့ဆုတောင်းပေးပါတယ်။

su mon said...
This comment has been removed by the author.
လုလု said...

မရယ်
အရမ်းကို ရေးတတ်တာပဲ၊ ဖတ်ပြီးတော့ ပျော်စရာလေးလို ခံစားရတယ်။ စာရေးကောင်းတဲ့ မကို အရမ်းလေးစားပါတယ် မ ရယ်။

Byte Billionaire said...

The price of a meal with Prawn in November 2009 is around 4000 Kyats. Among Da_Nu_Phyu Daw Saw Yee, Aung Thu Kha and Feel3 (Pyi_taung_Su Yeit Thar Road), Da_Nu_Phyu Daw Saw Yee is the best for Prawn! Aung Thu Kha is the best for overall and Feel3 is the best for declaration, desserts and rare dishes, for instance, Rabbit meat.

TNS said...

စာရေးထားတာလေး ဖတ်လို့ ကောင်းတယ်..
နောက်... သိပ်ချစ်စရာကောင်းတဲ့  ဇနီးမောင်နှံပါဘဲ..။
....
ဒေါ်စောရီဆိုင်မှာ စားဘူးတယ်..။
ကိုယ်က ဆိုင်နံရံမှာ ချိတ်ထားတဲ့  မန္တလေးက
ပန်းချီ ကိုတိုင်းကျော် ဆွဲထားတဲ့ မဟာဗန္ဓုလ စစ်ချီနေတဲ့  ဆီဆေးပန်းချီကားကို ငေးနေတုန်း သူငယ်ချင်း မှာလိုက်သံကို မကြားမိလိုက်ဘူး...။
ရောက်လာတော့ ပုဇွန်ထုပ်ဟင်း...။
ကိုယ်သိပ်ကြိုက်တဲ့ ဘဲသားအချိုချက်ကို မျိုလို့ တောင်
မကျတော့ဘူး..။
တွေးပြီးကြောက်နေတာ...။

မယ်ကိုး said...

ဖတ်ရတာ တကယ်ပဲ ကြည်နူးမိပါတယ် မရယ်။
အချစ်စစ်စစ်များနဲ့ အမြဲပြုံးရွှင်နေတဲ့ မအပြုံးလေးကို ပြန်တွေးမိလို့လည်း ကြည်နူးရပါတယ်။

Myit Chay Thu said...

ထမင်း လက်ဆုံ တဲ့...

ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့ မိသားစုထမင်းဝိုင်းလေး...
ဘယ်လို ဘယ်လိုမှ ကို ပြန်မရနိုင်တော့တဲ့ ထမင်း လက်ဆုံ ၀ိုင်း လေးကို နာနာကျင်ကျင်နဲ့ လွမ်းလိုက်တာ။

ဥပုဒ်ကျောင်းလိုက်သွားပြီး ဥပုဒ်သည်တွေ ၀ိုင်းစားတဲ့ ထမင်းဝိုင်းကြီးကိုလဲ လွမ်းမိတာပါပဲ။

အစ်မ စာရေးကောင်းတယ်လို့  မပြောတော့ပါဘူးနော်။ အစ်မပိုစ်တွေအကုန်လုံးကို ဖတ်ပြီးသွားပါပြီ။

အစ်မ ကြောင်လေးတွေနဲ့ လဲ ရင်းနှီးနေပါပြီ။

rose said...

သမီးလဲ မိသားစု ထမင်းဝိုင်းကို အရမ်းလွမ်းသွားပြီ မမတို့ဆီမှာပဲ အတူတူပျော်ပျော်ရွှင်ရွှင် လာစားတော့မယ်။


၃၀၀လောက်အပိုစုမိတာပေါ့း)

ညီမလေး said...

အိမ်ကိုသတိရလိုက်တာ ..
ငယ်ငယ်တုန်းကအချိန်တွေ တခါလောက်ပဲဖြစ်ဖြစ်ပြန်ရချင်ပါတယ်အမရယ်...... မောင်နှမတွေကြား အဖေနဲ့အမေကြား ဟိုတိုးဒီဝှေ့ ရောက်ရောက်ရာရာလေးတွေကို မော့နေအောင်နားထောင်ခဲ့ဘူးတယ်..
ခုတော့လဲ တနယ်စီခြားကုန်ပြီ အမရယ် ........တနယ်စီခြားကုန်ကြပြီ....

သက်ဝေ said...

မိသားစု စုံစုံလင်လင်နဲ့ ပျော်စရာ ထမင်းဝိုင်းလေးအကြောင်း အမလဲ ရေးခဲ့ဖူးတယ်... တကယ်လွမ်းလို့ပါ...
မနေ့က ဟိုတွေး ဒီတွေးနဲ့ အိမ်မှာ ကင်မွန်းရွက်ချဉ်ဟင်းချက်တဲ့နေ့ဆို ပန်းကန်ဆေးရမှာ စိတ်ညစ်ခဲ့တဲ့အကြာင်း ပြန်တွေးနေရင်း ချိုသင်း ပိုစ့်တက်လာတာတွေ့တော့ ချက်ချင်း လာဖတ်သွားတာ... ရုံးမှာမို့ comment ရေးမသွားခဲ့ရဘူး...

လွမ်းစရာလေးတွေကို ပြုံးစရာလေးတွေနဲ့တွဲပြီးရေးတတ်တဲ့ ချိုသင်းပိုစ့်လေးတွေကို အမြဲသဘောတကျနဲ့ မျှော်နေပါတယ်... (အချစ်တော် ကြောင်လေးတွေအကြောင်းလဲ ရေးပါအုံး...)

Steve Evergreen said...

RE: "မင်းတို့အတွက် လုပ်နေတာ၊ မင်းတို့အတွက် လုပ်နေတာ" တဲ့။ .........

မြန်မာလိုပြောရရင်တော့ .....

အဲဒီလို ပြောဆိုမှူ ဟာ ဆန္ဒပြသူ တရပ်လုံးကို ကိုယ်စားမပြူပါ။ အဲဒါ ဟာ Logically လဲ မမှန်တာ အသိသာကြီးပါ။ ဒါပေမဲ့ ဒီလောက် အဖမ်းအဆီး အသတ်ဖြတ် တွေကြားက ဆန္ဒပြ ရဲတာကိုဟာ ချီးကျူးရမဲ့ ကိစ္စပါ။ အဲဒီလူကလဲ စည်းရုံးချင်တာကို ပညာ မတတ်တာကြောင့် အဲလို ပြောတာဖြစ်ပါလိမ့်မယ်။ ကိုယ်ဆိုလိုတာက ဒီစကား တခုထဲကို အတည်ယူပြီး ကလောင်စွမ်းနဲ့ အနစ်နာခံ ဆန္ဒ ပြသူတွေကို အထင်လွဲအောင် မလုပ်သင့်ပါ။

ရီတာရဲ့ အဖေတို့ ရီးစားတို့ အဲလို မြန်မာပြည်သူတွေအတွက် ဆန္ဒ ထုတ်ဖော်ပေးလို့ မင်းကိုနိုင်လို ထောင်ထဲမှာနေရရင် ဒီ Post ဖြစ်လာမယ် မထင်ပါ။ မြန်မာတွေလိုနေ မြန်မာ တွေလိုကျင့်တယ်ဆိုရင် မြန်မာတွေလို ကိုယ်ဒီချင်းစာတတ်ဖို့လိုပါမယ်။

Steve Evergreen

Above is my comment on Rita's blog. Just let you know

Yes I came across a girl who was only 20. She was so active against in brutality and dictatorship. Coz her father has been a political prisoner. He is still behind that bars. Can we say it is a generation gap. that girl was only 20. Of course, if people ,like Rita, have a wide margin of view and more consideration with sympathy and empathy on general Burmese public , today's Burma would be a new country. that is what i believe.

mini nilay said...

မချိုသင်း ရေးသမျှ အရမ်းချစ်စရာကြည်ျနူးစရာ ကောင်းတယ်.. လူအတိုင်းပဲ..
ပုစွန်ထုတ်ကြီးလည်း ကျွေးနော်

G said...

အရင်နေ့ကတည်းကမန့်မလို့ပဲ။ အခြေအနေလေးကြည့်နေတာ။
အစ်မရေးမှ အိမ်ကိုပိုလွမ်းသွားပြီ။း(
ပုစွန်ထုပ်ဟင်းမှာမိလို့ ဘယ်တော့မှ ဒုက်ခမရောက်ဘူး။
ပုစွန်ထုပ်စားလို့မှ မရတာလေ။

khin oo may said...

လွမ်းစရာကောင်းလိုက်တာ.............

khin oo may said...

တို့လက်မောင်းလဲငယ်ငယ်က ပိန်ပိန်လေး….

Space said...

အစ်မ စာလေးတွေက အရမ်းချစ်ဖို့ ကောင်းတာပဲ။ မန့် မလို့ ပါဆို scroll လှိမ့် နေရတာ တော်တော်ကြာသွားတယ်။ :) X'mas မှာကော နှစ်သစ်ကူးမှာပါ ပျော်ရွှင်ပါစေ အစ်မ။

နွေဆူးလင်္ကာ said...

http://nwaysuelinkar.blogspot.com ကိုလင့်ပြောင်းထားပါတယ်

ကိုပေါက်စ said...

တက္ကသိုလ်မှာကတည်းက ရည်းစားရှိတာကို အခုမှပဲသိတော့တယ် ချိုသင်းရေ....
( ငါ့နှမ ရိုးလှလို့ထင်နေတာ...လက်စသတ်တော့..ဒင်းက..)

Bagothu said...

အဲဒီလို ထမင်းဝိုင်းလေးနဲ့ ဘ၀ကို ဖြတ်သန်းချင်ပါတယ်။

Vista said...

ငယ်ငယ်အမြဲလက်ဆုံစားရတယ် ဖေဖေကအဲလိုမှကြိုက်တာ ပျော်စရာလည်းကောင်းပါတယ် ..
မချိုသင်းရေးသလို ...
ဘာရေးရေး
ဖတ်လို့ကာင်းအောင်ရေးတတ်တဲ့အရည်အခြင်းမျိုး
ဘယ်တော့ မှရပါ့မလည်းနော်....

ချစ်သမီး said...

ဝါးးးးးးးးးးး
ဝမ်းနည်းတွားပီ...
တခါမှ မန်မန် အဲလို မစားဖူးဘူးးးးးး
အမြဲတမ်း အပြင်ထွက်စားရတယ်....
=(

nmhleo said...

အမရေ ကျေးဇူးပဲ အမရဲ.စာတွေက အရမ်းဖတ်လို.ကောင်းပါတယ်