လွတ်လပ်ရေးနေ့ အတွေး

ဒီနေ့ဆို မြန်မာပြည်မှာ လွတ်လပ်ရေးနေ့ပေါ့။

ကိုယ်တို့ငယ်ငယ်က လွတ်လပ်ရေးနေ့ဆို သိပ်ပျော်တာပါ။ အဲဒီတုန်းက ပျော်တာက သူ့ကျွန်ဘ၀က လွတ်မြောက်ခဲ့ရတဲ့ ကိုယ်တို့ဘ၀တွေကို သဘောပေါက် ခံစားပြီး တန်ဖိုးထား နားလည် လို့တော့ မဟုတ်သေးဘူး၊ ကလေးဆိုတော့ ကိုယ်တို့ ပျော်ပုံက တမျိုး။

လွတ်လပ်ရေးနေ့ဆို ကျောင်းတွေက ပိတ်တယ်၊ ကျောင်းစာတွေကနေ ခဏ လွတ်လပ်ရေး ရတဲ့သဘောပေါ့။ ကလေးဆိုတော့လဲ ကျောင်းပိတ်ရက်တွေသာ လက်ချိုး ရေတွက်ခဲ့ရတာပါလေ..။ နောက် ရပ်ကွက်တွေ မြို့နယ်တွေမှာ ပြေးပွဲ ပြိုင်ပွဲ ကစားပွဲတွေ လုပ်ကြတယ်။ ဒီကျောင်းပိတ်ရက်က ရိုးရိုးပိတ်ရက် မဟုတ်ဘူးလေ၊ ကစားပွဲတွေ မြိုင်တဲ့ ကျောင်းပိတ်ရက်ဆိုတော့ ပိုပျော်မိတာပေါ့။

ဇန်န၀ါရီ ရဲ့ မြူတွေ ဝေနေတဲ့မနက်ခင်း၊ နှစ်သစ်တခုရဲ့ စောစောစီးစီး မနက်ခင်းလေးမှာ လူတွေအားလုံး လန်းဆတ် တက်ကြွနေသလိုပဲ။ အိမ်ရှေ့မှာ မီးပုံလေး ဖိုပြီး၊ မီးထဲကို ထန်းပင်မြစ်လေးတွေ ထည့်စားပြီး ကိုယ်လဲ မီးပုံဘေးမှာ ကလေးဘာဝ ခုန်ပေါက် ဆော့ကစား နေမိတာ..။ ကိုယ်တို့ ငယ်ငယ်ကနေခဲ့တဲ့ ဆရာ ဆရာမတွေ နေတဲ့ ခြံဝင်းလေးမှာလည်း တခြားလမ်းကလူတွေနဲ့ စုပြီး ကစားပွဲလေးတွေ လုပ်ခဲ့ကြပါတယ်။



ညဖက်ကတည်းက လူကြီးတွေက မီးတွေထွန်းပြီး ပြိုင်ပွဲအတွက် ပြင်ဆင်နေကြပြီ။ ကားလမ်းတွေ ပိတ်ပြီး လမ်းပေါ်မှာ မျဉ်းအဖြူတွေ ဆွဲပြီး ထုပ်ဆီးတိုး တမ်း တို့ ဖန်ခုန်တမ်းတို့ ကစားကြ ပြိုင်ကြတယ်။ အနိုင်ရသူကို ဆုပေးဖို့ ဆုတွေ ထုပ်ကြ ပိုးကြတယ်။ ဆုတွေကလဲ ကြီးကြီးမားမား များများစားစား မဟုတ်ပေမဲ့ ဒါတွေကိုပဲ ခိုးကြည့်ပြီး ရင်ခုန်ခဲ့ရတာ..။

ကိုယ်လဲ ဘယ်နေမလဲ။ ကစားပြိုင်ပွဲတွေမှာ ကိုယ်တို့မောင်နှမ နှစ်ယောက် ၀င်ပြိုင်ခဲ့သေးတာပါ။ ဆုကတော့ ၅ပွဲလောက် ကစားမှ တခု လား ရဖူးတာပါ။ ဒါတောင် ဒုတိယ ဆုပါ။ ပြေးပွဲတွေမှာ ကလန်ကလားနဲ့ နောက်ဆုံးက ကျားကုတ်ကျားခဲ ပြေးနေတာမျိုး ကိုယ့်ကို မြင်ရမှာ..။ ဒါပေမဲ့ ပျော်တာကိုတော့ တားမရဘူး။ ဆုမရလဲ ကိစ္စ မရှိ၊ ကစားရရင် ကျေနပ်ပြီ။ သူငယ်ချင်းတွေနဲ့ ဟိုပြေး ဒီပြေးလုပ်နေရရင်ကိုပဲ ပျော်နေပြီ။

လွတ်လပ်ရေးနေ့တိုင်း အမေက အိမ်မှာ ကောက်ညှင်းပေါင်း ပေါင်းတတ်သေးတယ်။ ကောက်ညှင်းပေါင်း ကို အိုးအကြီးကြီးနဲ့ ပေါင်းတယ်။ ငချိတ် တဖက်၊ ကောက်ညှင်းဖြူ တဖက် ပန်းကန်ပြား အကြီးကြီးထဲ ထည့်ပြီး အုန်းခြစ်ဖြူဖြူဖွေးဖွေးလေးတွေ ဖြူးထားရင် မွှေးနေတာပဲ။ ငါးရံ့ခြောက်လေး၊ ပဲပြုတ် ဆီဆမ်းလေးကို ဘေးမှာ ပုံထားရင် ကိုယ်က တစွတ်စွတ် လက်နဲ့ဆုပ်ပြီး အလုံးလေးတွေ လုပ်၊ စားတတ်တယ်။

လွတ်လပ်ရေးနေ့တိုင်း အဖေ့မိတ်ဆွေတွေ အိမ်မှာ ကောက်ညှင်းပေါင်း လာစားကြတယ်။ အိမ်ရှေ့မှာ ၀ိုင်းထိုင်ပြီး ကောက်ညှင်းပေါင်းလေးနဲ့ ရေနွေးပူပူလေး မှုတ်ပြီး စကားတပြောပြော စားကြတယ်။ ကဗျာတွေ သူတို့ ရွတ်ကြတယ်။ ရီသံတွေ တသောသော ကြားရတယ်။ အဖေ့ကို ပြုံးပြုံး ပြုံးပြုံး နဲ့ လူအုပ်ကြားထဲကနေ မြင်ရတတ်တယ်။ အမေ့ကိုလည်း ကြည်ကြည်နူးနူး လုပ်ကိုင်ပေးနေတာ တွေ့ရတတ်တယ်။

ဒါက ကိုယ့်ငယ်ဘ၀ မိစုံ ဖစုံ နဲ့ ဖြတ်သန်းခဲ့ရတဲ့ လွတ်လပ်ရေးနေ့တွေပေါ့။

နောက်တော့ အရွယ်တွေရောက်လို့ လွတ်လပ်ရေးနေ့ အဓိပ္ပါယ်ကို စာအုပ်တွေထဲမှာ ရှာဖွေ ကြည့်မိတတ်ပြီ။ ၁၉၉၀မှာ အမေ ဆုံးပါးသွားတော့ လွတ်လပ်ရေးနေ့တွေမှာ ကောက်ညှင်းပေါင်း ပေါင်းကျွေးမဲ့သူလဲ မရှိတော့။ နောက်..အဖေ့ကို ညဉ့်ငှက်ဆိုးတွေ သုတ်သွားတဲ့ ည..။ လွတ်လပ်ရေးနေ့တွေကို ကိုယ်တို့ မောင်နှမတွေချည်း တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းခဲ့ကြတယ်။

ကန္တာရ နှစ်တွေ ဖြတ်အပြီး အဖေ လွတ်လာတဲ့နောက် သားအဖ အတူနေခဲ့တဲ့ အချိန်တွေမှာ စကားတွေ ပြောဖြစ်ကြတယ်။ ရောက်တတ်ရာရာ ကြုံရာကျပမ်းပေါ့။ တခါကတော့ ကိုယ်က မေးခွန်းတခု မေးမိတယ် ထင်ပါရဲ့။ “အဖေ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မနေရတဲ့၊ အထဲက အချိန်တွေမှာ မှတ်မှတ်ရရ ဘယ်အချိန်ကို စိတ် အထိခိုက်မိဆုံးလဲ” လို့..။

“အဲဒီနေ့က မနက်အစောကြီး အဖေ့ကို သူတို့ လာနှိုးတယ်။ မနက် ၅နာရီလောက် ဖြစ်မယ် ထင်တယ်။ အဖေကလဲ အဖေ့ကို လွှတ်တော့မှာမို့ လာခေါ်တယ် ထင်မိတာ။ ကပျာကသီပဲ ထ လိုက်လာခဲ့တာ။ နောက်မှ အချုပ်ပြောင်းတာမှန်း သိရတယ်။”

“အဖေ့ကို ချုပ်ထားတာ ကျောက်တံတား ရဲစခန်းမှာလေ..။ သူတို့က အဖေ့ကို လူတွေ မနိုးခင် အချုပ်ပြောင်းတာ။ နံမည်ကြီးလူဆိုးတွေကို ထားတဲ့ ဘားလမ်းက စတီးဝပ်အချုပ်ကို ပို့တာ။ ကဗျာဆရာကို ကဗျာရေးလို့ ထောင်ချမယ်လို့ တရားစွဲပြီး အင်းစိန်ထောင်ကို ပို့ဖို့ပေါ့။ ရမန်ယူဖို့ ဘားလမ်းအချုပ်ကို ပြောင်းထားတာပဲ။”

“အဖေ့ကို ခေါ်ဖို့ ကားက အဆင်မပြေဘူးထင်ပါရဲ့။ လမ်းလျှောက်ပဲ ခေါ်သွားတော့ကွာ တဲ့။ အဖေရယ်၊ နောက်ထပ် အချုပ်သားနှစ်ယောက်ရယ်၊ ရဲသား နှစ်ယောက်ရယ်။ ကျောက်တံတား ရဲစခန်းကနေ ဘားလမ်းကို လမ်းလျှောက်သွားရတယ်။”

“လမ်းပေါ်မှာ လူတွေကလဲ ရှင်းလို့..။ ကားတွေလဲ ရှင်းနေတာပဲ။ အဖေ့လက်ကို သူတို့ ကြိုးတွေ တုပ်ချည်ထားကြတယ်။ မနက်က စောစောစီးစီး၊ အေးက အေးသနဲ့။ အဖေတို့ ခပ်ဖြေးဖြေးပဲ လျှောက်သွားကြတယ်။ အဲဒီအချိန်မှာ ဆူးလေဘုရားဘေးက အဖေတို့ ဖြတ်သွားရတာ သမီး။”

“ဆူးလေဘုရားကြီးက မီးတွေ ထိန်ထိန်ညီးနေတာ သပ္ပါယ်လိုက်တာ သမီးရယ်။ မြတ်စွာဘုရားကို ကြိုးတွေ တုပ်ထားတဲ့ လက်နှစ်ဖက်နဲ့ အဖေ လမ်းလျှောက်ရင်း ရှိခိုးလိုက်ပါတယ်။ အဲဒီအချိန်မှာ အဖေ သတိရလိုက်တာက ဒီနေ့ဟာ လွတ်လပ်ရေးနေ့ ဆိုတာပါပဲ။ အဖေ က ကဗျာဆရာ၊ ကျောင်းဆရာ ပါ သမီး။ အဖေ မျက်ရည်ကျမိတယ်။ အော်..မြန်မာပြည်ကြီး လွတ်လပ်ရေးရတဲ့ နှစ်ပတ်လည်နေ့မှာ ငါ မလွတ်လပ်ပါလား လို့..။ အထဲမှာ နေရတဲ့ အချိန်တွေထဲမှာ အဲဒီအချိန်လေးဟာ အဖေ စိတ်အထိခိုက်ဆုံး အချိန်ပါပဲ” တဲ့။

ကိုယ်လဲ နားထောင်ရင်း မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလို့..။ အဖေ့ကိုယ်၀၀ကြီးကို ဖက်ထားမိတယ်။ ကိုယ်တို့မိသားစုတွေ မပါဘဲ အဖေတယောက်တည်း ဖြတ်သန်းလိုက်ရတဲ့ လွတ်လပ်ရေးနေ့ကို ရင်ထဲမှာ ဆို့မိလို့..။

ကိုယ့်ဘ၀မှာ အဖေ မျက်ရည်ကျတာ မမြင်ဖူးဘူး။ အဖေက အနုပညာသမားမို့ ခံစားလွယ်၊ ထိခိုက်လွယ်တတ်လို့ စိတ်ပျော့ပြောင်းသူဆိုတာ မှန်ပေမဲ့ အဖေ့ မျက်ရည်ကိုတော့ ကိုယ် မမြင်ဖူးခဲ့ဘူး။ အဖေ မျက်ရည်ကျတယ်ဆိုတာ ဒါ ပထမဆုံး အဖေ ပြောဖူးတာပါပဲ။ ပြန်ပြောတဲ့အချိန်မှာလဲ မျက်နှာက မှုန်မှိုင်းနေပေမဲ့ မျက်ရည် မကျခဲ့ပါဘူး။ အဖေ့ရင်ထဲမှာတော့ ကိုယ် မသိတတ်နိုင်ဘူးလေ..။

ဘာရယ်မဟုတ်၊ လွတ်လပ်ရေးနေ့မှာ လွမ်းမိ တွေးမိတာလေးတွေ ရေးကြည့်တာပါ။ ဆူးလေ ဘုရားလမ်းပေါ်မှာ ကျခဲ့တဲ့ မျက်ရည်တွေ ခြောက်သေးရဲ့လား လို့တော့ ကိုယ် ဆက် မတွေးချင်တော့ပါဘူးလေ..။

မိုးချိုသင်း


45 comments:

ဇွန်မိုးစက် said...

1

ဇွန်မိုးစက် said...

I'm really touched by your post. I felt sorry to read about Ba Ba U Tin Moe's most desperate time which coincided with Independence day. I wish that we all could have the happy moments instead of sadness on a great day like this. :(

Nge Naing said...

လွတ်လပ်ရေးနေ့က အာဇာနည်နေ့တို့ ပြည်ထောင်စုနေ့တို့လို ကျောင်းဖွင့်နေတဲ့ ရာသီမှာ မဟုတ်ပဲ ဒုတိယအစမ်းဖြေပြီး ကျောင်းရည်ရှည် ပိတ်တဲ့ အချိန်မှာ ဖြစ်တော့ ကျောင်းမှာ လွတ်လပ်ရေးနေ့နဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေ မလုပ်ကြဘူး။ ဒါကြောင့် ငယ်ငယ်က လွတ်လပ်ရေးနေ့မှာ လွတ်လပ်ရေးအနှစ်သာရကို သိကြလို့ မဟုတ်ဘဲ ပျော်ပွဲရွှင်ပွဲ အားကစားပွဲတွေ လုပ်တာကြည့်ပြီး ပျော်ခဲ့ပါတယ်။ လွတ်လပ်ရေးနေ့မှာ အပြစ်မရှိပဲ လွတ်လပ်မှုတွေ မတရား ဆုံးရှုံးခံနေရသူတွေ အများကြီး ရှိတာကိုတော့ တော်တော်ကြီးမှ သိရပါတယ်။ အခုတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးဆိုတာ စစ်အုပ်စု တစုစာအတွက်ပဲ ဖြစ်နေပြီး ကျန်တဲ့သူတွေ အကုန်လုံးအတွက် ကြာလေ လွတ်လပ်ရေး အနှစ်သာရကင်းမဲ့လေ ဖြစ်နေတာကို တွေးပြီး ယူကျုံးမရ ဖြစ်မိတယ်။

ဧပရယ်လ်ပူး@ပူးတေ said...

မမရေ

ရုံးမှာ form တစ်ခုဖြည့်နေရင်း date တပ်လိုက်တော့ january 04 ဆိုတော့မှ ဟာဒီနေ့လွတ်လပ်ရေးနေ့ပါလားပေါ့။ ပို့စ် တပုဒ်လောက် အမှတ်တရရေးမယ်ဆိုပြီး ပူးတေက ပို့စ်မရေးခင် အရင်ဘယ်သူတွေရေးထာသေးလဲလို့ ရှာမိတာ။ မမပို့စ်ကို သွားတွေ့တာ ရင်ထဲကိုနင့်သွားတာပဲ...

ချစ်ကြည်အေး said...

ချိုသင်းရေ....ဘဘ လက်ကြိုးတုတ်ရက်နဲ့ ဆူးလေ ဘုရားဖူးတဲ့ နေရာ၊ ဒီနေ့ လွတ်လပ်ရေးနေ့ပေမဲ့ အချုပ်အနှောင်ခံ နေရတဲ့နေရာ၊ ချိုသင်း ဘဘရဲ့ ကိုယ်လုံးလုံး ဝဝ ကြီးကို ဖက်ပြီး ငိုတဲ့နေရာ တွေမှာ တို့လဲမျက်ရည်လည်ရတယ်၊ တိုက်တိုက် ဆိုင်ဆိုင် ခုပဲ ဗိုလ်ချုပ်ရဲ့ စကားလေးကို side bar မှာ ကူးထည့် နေတာ...။ ဘယ်တော့များမှ တို့ပြည်သူတွေ အငိုရပ် နိုင်ကြမှာတဲ့လဲ....ရင်ထဲ မကောင်းဘူး ချိုသင်းရယ်....။

P.Ti said...

ဆရာကြီးပြောတဲ့ စကား "အော်..မြန်မာပြည်ကြီး လွတ်လပ်ရေးရတဲ့ နှစ်ပတ်လည်နေ့မှာ ငါ မလွတ်လပ်ပါလား လို့..." စိတ်ထိခိုက်ဖို့ အလွန်ကောင်းပါတယ်။ တိုင်းပြည်တစ်ခုအနေနဲ့ လွတ်လပ်တိုးတက်သင့်ပါရဲ့နဲ့ ပြည်သူတွေ အခက်အခဲတွေကြားမှ ရုန်းကန်နေရတုန်းပဲလေ...

လွတ်လပ်ပါစေ မြန်မာပြည်။

Maydarwii said...

အမရေ ... လူသူမသိ တိတ်တဆိတ်ကျခဲ့ကြတဲ့ မျက်ရည်စက်ပေါင်းများစွာ ခန်းခြောက်စေချင်ပါပြီ။
အားလုံး လွတ်မြောက်နိုင်ဖို့ကိုသာ ဆုတောင်းပါတယ်။

Vista said...

"အော်..မြန်မာပြည်ကြီး လွတ်လပ်ရေးရတဲ့ နှစ်ပတ်လည်နေ့မှာ ငါ မလွတ်လပ်ပါလား တဲ့ ” စိတ်ထိခိုက်ရပါတယ် မတရားဖမ်းဆီးခံရသူအားလုံးလွတ်လတ်ကြပါစေ ..

ကိုချစ်ဖေ said...

ဆရာကြီးကိုရော ခိုကိုးရာမဲ့ငှက်ကလေးတွေလို ဖြစ်သွားရတဲ့ ချိုသင်းတို့ မောင်နှမတွေကိုရော စိတ်မကောင်းလိုက်တာ.
လွတ်လပ်မှုဆိုတာကို မြတ်နိုးကြီးကြလို့.သမိုင်းအ
တွက် စတေးရတာတွေက များလိုက်တာ..
ဘယ်တော့ရပ်ပါမယ်မသိ.ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်နိုင်တာလေး ဆက်လုပ်နေဦးမှာပါ လွတ်လပ်ရေးကို မြတ်နိုးခဲ့သူများအတွက်..
မလွတ်မြောက်မှုများအတွက်..

tin min htet said...

သူငယ်ချင်းရယ် ..

မမသီရိ said...

ဘယ်သူမှ မလွတ်လပ်သေးပါဘူး ချိုသင်းရယ်

တို့တွေအားလုံး မလွတ်လပ်ကြသေးပါဘူး

မမသီရိ said...

ခုနောက်ပိုင်း သူတို့လဲ လွတ်လပ်ရေးနေ့ ကို
တို့တွေ ငယ်ငယ် ကလို
လှိုက်လှိုက်လှဲလှဲ မကျင်းပတော့ဘူး

သူတို့ ကိုယ်တိုင်က သိနေလို့နေမှာပေါ့

လွတ်လပ်ရေး ဆိုတဲ့ အဓိပါယ်ကို အကျယ်တ၀င့်ရှင်းပြရင် သူတို့ ဖိနှိပ်တာတွေကို ကျောင်းသားလူငယ်တွေ ဘွင်းဘွင်းကြီး ချက်ချင်း နားလည် သဘောပေါက်မှာကြောက်တာနဲ့ ပဲ

လွတ်လပ်ရေးနေ့ ကို တိုးတိုးလေး အိနြေ္ဒ မပျက်ရုံ လုပ်လာခဲ့တာ ကြာပါပေါ့လား

နိုင်းနိုင်းစနေ said...

အရင်တုန်းက လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့တွေဆိုရင်
အိမ်တိုင်း နိုင်ငံတော်အလံထောင်ပြီး ဂုဏ်ပြုကြတာတွေ့ရတယ်။ ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် လမ်းတွေ၊ အိမ်တွေလိုက်ကြည့်မိပါတယ်။ အလံထောင်ထားတဲ့အိမ်တွေ မတွေ့မိသလောက်ပဲ.. မလွတ်လပ်တဲ့ဘဝမှာ လူတွေလည်း အလံထောင်ဖို့ မေ့ကုန်ကြပြီ ထင်ပါတယ်..

ဒဏ္ဍာရီ said...

လွတ်လပ်ရေးနေ့တဲ့လား အမရေ... ငယ်ငယ်တုန်းက လွတ်လပ်ရေးနေ့ဆိုရင် တကယ့်ကို ပျော်စရာ ကောင်းတဲ့ အမှတ်တရတွေနဲ့ပါ။ အခုဆိုရင် ဒါတွေ ဆုံးရှုံးခဲ့တာ အနှစ် ၂၀ ကျော်ပြီပေါ့..

"အော်..မြန်မာပြည်ကြီး လွတ်လပ်ရေးရတဲ့ နှစ်ပတ်လည်နေ့မှာ ငါ မလွတ်လပ်ပါလား လို့..." ဒီစကားလေး မှတ်သားသွားတယ်။

ခင်မင်လေးစားလျှက်

ညီမလေး said...

လွတ်လပ်ရေးနေ့ တဲ့လား ။ ဒီနေ့ ဗမာပြည်ကို ဗိုလ်ချုပ်ကို ခေါ်ပြီးပြချင်ပါလိုက်တာ ။ ပြီးတော့ ဗိုလ်ချုပ်ဘာတွေ ပြောမလဲ ဆိုတာလဲ သိချင်လိုက်တာ ...

နွေဆူးလင်္ကာ said...

ရောက်ပါတယ် အစ်မရေ။ လွတ်လပ်ရေးနေ့အတွေး ကို ဖတ်သွားပါတယ်။ မျက်မမြင် ပုဏ္ဏားလေးယောက် အကြောင်း လာဖတ်ဖို့ ဖိတ်ပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

အဲဒီဘားလမ်းစတီးဝပ်ကနေ ရန်ကုန်တိုင်းတရားရုံးချုပ်
အပေါ်ထပ်ကို ဖိနပ်မပါဘဲ သွားရတဲ့ ဒုက္ခတွေ၊ လက်ထိပ်မလောက်ဌလို့ ကြိုးနဲ့ လျှော့ကွင်းထိုးပုံစံ ချီပြီး အတွဲလိုက် လျှောက်ရတဲ့ နေ့တွေဟာ တကယ်ပါပဲ အမရယ်၊ ပြောပြစရာ စကားလုံးတောင် မရှိဘူး။

Kay said...

လွတ်လပ်ရေး နဲ့ လွတ်လပ်ခြင်းကတော့..ဗမာပြည်မှာ.. ကွဲပြားနေတုန်းပါပဲလေ..။ ဆရာကြီးနေရာမှာ ၀င်ကြည့်ပြီး ဘယ်လောက် စိတ်ထိုခိုက်စရာ ကောင်းမယ်ဆိုတာ.. ခံစားနေရတယ်.

AyeKhaing said...

၁၉၇၇ လွတ်လပ်ရေးနေ့ အမှတ်တရပါ။ အင်းစိန်ထောင်ရဲ့ တိုက်သစ်ထဲမှာ လွတ်လပ်ရေးနေ့ အတွက် လူတယောက် ဘဲဥပြုတ်တလုံး ဝေပါတယ်။ အသက် ၂၅ နှစ်ပြည့် နှစ်ရဲ့ 'ဘဲဥပြုတ်တလုံးတန်တဲ့ လွတ်လပ်ရေးနေ့' ဖြစ်ပါကြောင၈်း။

SDL said...

ဝမ်းနည်းသွားတယ်.. အစ်မရယ်။

ဂျူနို said...

စို့စို့နင့်နင့်ကြီး ချိုသင်းရယ် ဆရာကြီးလို အဖြစ်မျိုးနဲ့လူတွေ ဘယ်လောက် ရှိခဲ့တယ်။ ဘယ်လောက်ရှိနေတယ် နောက် ဘယ်လောက်ရှိအုန်းမယ် မသိဘူး။

မြန်မာ ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ လွတ်လပ်ရေး အမြန်ရယူနိုင်ကြပါစေ။

မအယ်

mini nilay said...

မလွတ်လပ် သော လွတ်လပ် ရေးနေ့  ပါလား… နာကျင် လိုက်ရတာ မချိုသင်းရယ်

khin oo may said...

:(

မီယာ said...

ဖတ်ပြီး ၀မ်းနည်းလိုက်တာ လွတ်လပ်ခြင်း အရသာကို ဘယ်သူမဆို နှစ်သက်ကြတာ ငယ်ငယ်က အဖွား ဆုတောင်းချက်ထဲမှာ အကျဉ်းခံနေရသူများ အတွက်ဆိုပြီး ပါလေ့ရှိတာ သတိရမိတယ်

ရွှေရတုမှတ်တမ်း said...

ဒီတခါညည်းဆီလာတာ..ငိုချင်ရက် လက်တို့ခံလိုက်ရသလိုပဲ......း(

waiwaisoe07 said...

လွတ်လပ်ရေး နေ့ မှာ ဒီ အတွေး လေး ဝင် လာ ခဲ့တယ်.. ရင်မှာ ဆို့ နင့် နေတယ်...
1948-1885= 63 years (result = independent)
2010-1948= 62years (result = ?????)

rose said...

မမရယ်

ဖေဖေတို့  ဆရာကြီးတို့ လိုချင်တဲ့ တကယ့်လွတ်လပ်ရေးကို ဘယ်တော့များမှ ရမလဲနော်--
အခုလို မျှော်လင့်နေရတာကိုက အရိုးသားဆုံး ၀န်ခံရရင်တော့ ကိုယ်ကိုယ်တိုင်ကိုက ညံ့လွန်းလို့ ပါပဲ။

ကိုလူထွေး said...

တယောက်နဲ့ အများ
တယောက်က ဓားနဲ့ မို့ 
အများက အရာမဝင်တာ
အာဏာရှင်စနစ်ပဲ
ဒီအာဏာရှင်စနစ်ဆိုးကို
ငါရှိမခိုးနိုင်။


ဟိုးတခါ... ဒီကဗျာစာပိုဒ်လေးရဲ့ ရာဇဝင်ကို သိခွင့်ရခဲ့တုန်းကလည်း ဒီလိုပဲ ထိခိုက် ဝမ်းနည်းခဲ့ရတာပါပဲ...

Naw Than Than said...

Ma Cho Thin
Your post really made me cry.

Steve Evergreen said...

ပုံမှန်အတိုင်း အနှစ်သာရ ရှိတဲ့ post လေးတခုပါပဲလို့ ပြောရင် မှားမယ်မထင်ပါဘူး။ ကျေးဇူးပါ။

မေဇင် said...

မျက်ရည် ၀ဲ ရတယ်...။ စိတ်မကောင်းဘူး

nini said...

ကဗျာဆရာကိုပြည်သူဖက်ကနေတဲ့ကဗျာရေးလို့အင်းစိန်ထောင်မှာဖမ်းဆီးခဲ့တာမြန်မာသမိုင်းမှာအရုပ်ဆိုးအကျည်းတန်စွာ။

tg.nwai said...

မိသားစုနဲ့ ပျော်ပျော်ပါးပါး နေခဲ့တဲ့ ချိုသင်းတို့ရဲ့ လွတ်လပ်ရေးနေ့တွေကနေ နောက်တော့.... အော်...အပျော်တွေနဲ့ပဲ အဆုံးသတ်စေချင်ပေမယ့်လည်း... ချိုသင်းတို့လို သားသမီးတွေ မပြောပါနဲ့...ကဗျာတွေကနေ ချစ်နေခဲ့ရတဲ့ တို့တွေတောင် ဆရာကြီး အဲဒီလို ကြုံခဲ့ပါလားဆိုပြီး..စိတ်မကောင်းလွန်းလိုက်တာ...။ စစ်မှန်တဲ့ လွတ်လပ်ရေးရဲ့ အရသာ ပြည်သူတွေ ခံစားနိုင်ပါရစေလေ..

CONTACT said...

ချိုသင်းရေ... ကြိုက်လွန်းလို့  အခု ကော်မန့် နဲ့ ချီးကျူးပါတယ်။ ဖုန်းခေါ်မယ်။

tagskie said...

hi.. just dropping by here... have a nice day! http://kantahanan.blogspot.com/

ကိုပေါက်စ said...

ချိုသင်းရေ.....
အဲဒီအချိန်က ကိုကိုလေး လည်းအထဲမှာပဲထင်တယ်....
မှတ်မှတ်ရရ...new year ကိုအင်းစိန်ထောင်ထဲမှာပဲ ကျင်းပလိုက်ရတယ် ထင်တယ်...

မယ်ကိုး said...

ကြေကွဲစရာကောင်းလွန်းလိုက်တာ မရယ်။
အလှည့်ကျစတေးခံရတဲ့ သိုးကလေးတွေလို။ =(

AP said...

I'm really touched by your post.

တန်ခူး said...

ချိုသင်းရယ်… ဖတ်ရင်းမျက်ရည်ကျမိတယ်… ရင်ထဲမှာ ဆိုနင့်သွားလိုက်တာများ… ချိုသင်းက ကာယကံရှင်ဆိုတော့ ဘယ်လောက်များဆို့ နင့်လိမ့်မလဲ ကိုယ်ချင်းစာမိတယ်…

ချစ်ကြည်အေး said...

Hoping to read ur new post Cho Thin...
Long time no see naw ....:D
Hope u and Ko KWNa are fine and ur diabetic is under control....

Take Care ...
Ma Chit Kyi

သက်ဝေ said...

Already read since you posted...
It's really touched...

victorOway said...

ကောက်ညှင်းပေါင်းလေးက မွှေးနေအောင် ရေးတတ်တယ်။ ကျနော်သတိရလိုက်တာက ဆရာကြီးတင်မိုးနဲ့ ဆရာမောင်စွမ်းရည်တို့ နဲ့အတူစကားပြောရင်း။ ရေနွေးသောက်ရင်းစားခဲ့ကြသည့် ကောက်ညှင်းပေါင်းဝိုင်းလေးကို အထူးသတိတရရှိလှပါသည်။

ချစ်ကြည်အေး said...

Date : 19 Jan 2010
Subject : Reminder

Attn : Mdm Moe Cho Thin

Please note that time for your new post has been over due and be reminded that your old post was more than 2 weeks old now.

Thank you,
On behalf of all fans,

CKA ....:))

Ain said...

မမိုးချိုသင်းရေ....
မအားမှန်းလဲသိပါတယ်။ ဒါပေမဲ့ စာလေးတွေကိုလဲ ဖတ်ချင်လို့်အရမ်းကို တောင့်တနေပါတယ်။ အားတဲ့ အခါလေး စာရေးပြီးတင်ပါအုံးနော်... နေ့တိုင်း ဘလော့ကိုအသစ်တင်လားဆိုပြီး ချောင်းကြည့်ရတာ မောလှပြီ။ :)

ကြယ်ပြာ said...

အစ်မချိုသင်းရေ ...

ဖတ်ရင်းနဲ့ မျက်စိထဲပါလိုက်မြင်ယောင်ရင်းခံစားသွားပါတယ် ...