ကိုယ့်အကြိုက်

စာမရေးဖြစ်လို့ ကိုယ့်ဘလော့ကို မရောက်တာ ကြာပါပြီ။ ကံ့ကော်ပန်းလေးတွေတောင် ညှိုးကုန်ပြီ ထင်ပါရဲ့။

ကိုယ့်ဘလော့ကို မကြည့်ဖြစ်ပေမဲ့ သူငယ်ချင်းတွေ စာရေးတာကိုတော့ အချိန်ရတုန်းလေး အပြေးအလွှား သွားဖတ်တတ်တယ်။ သွားဖတ်တုန်း ပေါက်ထုံ က ဗြုန်းကနဲ tag လိုက်ပါရောလား။ ပြီးတော့ ကိုယ့် ထမိန်တွေ ထုတ်ပြ တဲ့။ ဘယ့်နှာတွေ ပြခိုင်းနေပါလိမ့်နော်။ ဒါနဲ့ အချိန်လုပြီး ထမိန်ကောက်ကိုင် အဲ..စာကောက် ရေးလိုက်ပါတယ်။

ကိုယ်ကြိုက်တဲ့ သဘောကျတဲ့ ထမိန်လေးတွေအကြောင်း ပြောပြရမယ်ဆိုရင် ကိုယ် က ငယ်ငယ်လေးကတည်းက ထမိန် သိပ်ဝတ်ချင်တဲ့သူပါ။ အပျိုကြီးလုပ်၊ ရှိုးထုတ်ချင်တယ် ဆိုပါတော့။ ထမိန်လေးဝတ်ပြီး သွားလာနေရရင် ကိုယ့်ကိုယ်ကို အတော်မိုက်သွားပြီ လို့ ဇွတ်ထင်မိတတ်သေးတယ်။



ကိုယ်တို့က ညီအမ လေးယောက်ဆိုတော့ အမတွေက ထမိန်တွေ တလွှားလွှားနဲ့မို့ အမေက အငယ်ဆုံးကိုယ့်ကိုတော့ ထမိန်နဲ့ စောစောစီးစီး မမြင်ချင်သေးဘူး တဲ့။ ဒါကြောင့် စကပ်လေးတွေချည်း ချုပ်ပေးတယ်။ ကိုယ်က ထမိန်ဝတ်ချင်လို့ ပူဆာတဲ့အခါ အမေက သမီးတသက်လုံး ထမိန်ဆိုတာ ၀တ်ရမှာ၊ အခု အရွယ်လေးငယ်တုန်း စကပ်ဝတ်ရတာ ၀တ်လိုက်ပါအုံး သမီးရယ် တဲ့။

ဒါကြောင့် ကိုယ် ၉တန်းနှစ်ကျမှ ကျောင်းစိမ်းမဟုတ်တဲ့ ပထမဆုံး ထမိန်လေးကို ပိုင်ဆိုင်ဖူးပါတယ်။ အဲဒီထမိန်က ရခိုင်ချိတ် လုံချည်လေးပါ။ အဖေ တောင်ကုတ်ဘက်ကို ဟောပြောပွဲသွားတုန်းက အမေ့အတွက် ၀ယ်လာခဲ့တဲ့ ထမိန်လေးပါ။ အဖြူရောင်အခံမှာ အညိုချိတ်သေးသေးလေးတွေနဲ့ပါ။

မိန်းကလေး ငယ်ငယ်တယောက်အနေနဲ့တော့ အချိတ်လုံချည်က တဆိတ် ကိုးရိုးကားယား နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ကတော့ အဲဒီထမိန်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီ။ ဘယ်သူ့မှ မပေးတော့ဘူး။ ကိုယ်ဝတ်တော့မှာ။ ဒါနဲ့ ဘိုင်အို ကျူရှင်ကို အသွားမှာ ကိုယ်ပထမဆုံး ၀တ်ပစ်လိုက်တယ်။

တကယ်တော့ မြန်မာအကျီ င်္လုံချည်ဟာ တကယ်ပဲ လူရွေးတယ်။ ပိန်ပိန်ပါးပါး ကိုယ်လုံးလှလှ ဂစ်တာရှိတ် မမများအတွက် အင်မတန် လိုက်ဖက်ပါတယ်။ ကိုယ်လို စည်ပိုင်းရှိတ် အတွက်တော့ ဘီယာစည်ကလေး လိမ့်လာသလိုပါပဲ။ လမ်းလျှောက်ကလဲ မြန်လေတော့ ထမိန်တုပ်ပြီး ရှေ့ပဲ ဟပ်ထိုးလဲတော့မလို လုံးထွေး လျှောက်တတ်တယ်။

ဒါပေမဲ့ ကိုယ့်ဖာသာကိုယ်တော့ မိုးမမြင် လေမမြင်ပါ။ အမိုက်ကြီးမိုက်နေပြီ လို့ မိုက်မိုက်မဲမဲ ထင်နေတာပါ။ ထမိန်ကို သေသေချာချာ မြဲမြဲခိုင်ခိုင် ၀တ်တတ်အောင် ကိုယ့်ကို ထိန်းတဲ့ အမ မခင်ဆင့်က သင်ပေးတယ်။ အဲဒီကစပြီး ထမိန်ကို မြတ်မြတ်နိုးနိုး ၀တ်လာလိုက်တာ ဒီနေ့အထိပါပဲ။

ပိုင်ဆိုင်ဖူးတဲ့ ထမိန်လေးတွေကတော့ အမျိုးမျိုးပေါ့။ ဈေးကြီးတာတွေလဲ ပေါပေါများများ မ၀တ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကြိုက်တာလေးတွေ ပြောရရင် အရောင်ရင့်ရင့်ပေါ်မှာ အဖြူပွင့်လို အဆင်သေးသေးနှုတ်နှုတ်လေးတွေ ပါတဲ့ တရုတ်ပိတ် အဆင်မျိုး ကြိုက်တတ်တယ်။ လူက လုံးရတဲ့အထဲ အပြာရင့်နောက်ခံနဲ့ ဘော်လုံး အဖြူလေးတွေနဲ့ဟာမျိုး သဘောကျတယ်။

တခါက အနက်ရောင်မှာ အနီရောင် နေကြာပန်းအပွင့်ကြဲကြဲကြီးတွေ ရောယှက်ထားတဲ့ ထမိန်လေးတထည် ၀ယ်မိတယ်။ ဆရာဒဂုန်တာရာရဲ့ ၀တ္ထုတွေထဲက ယှက်ခြယ်နေတဲ့ အရောင်တွေကို သဘောကျမိလို့ပါ။ ၀ယ်ပြီးမှ ကိုယ့်ရုပ်နဲ့ လူရွှင်တော်လိုလို ဗေဒင်ဆရာလိုလို များ ဖြစ်သွားပလားလို့ ထင်မိပေမဲ့ နှောင်းသွားပြီ။ စိတ်မြူးတဲ့အချိန်မျိုး အဲဒီလုံချည် ၀တ်တတ်တယ်။

တကယ်က ကိုယ်က အ၀တ်အစားကို ဂရုမပြုတတ်ဘူး။ ပြင်ပြင်ဆင်ဆင် နေတတ်သူလဲ မဟုတ်လေတော့ လှပဖို့ထက် သူများအမြင်မှာ သပ်ရပ်နေရင် ကျေနပ်ပါပြီ။ ဒါပေမဲ့ တခါတလေမှာ အဲဒီအဆင့်လေးတောင် မမီဘဲ ကြောင်ကြားထွက်သွားတာမျိုး၊ ငါ့မြင်းငါစိုင်းပုံမျိုး ထွက်သွားတာ ရှိတတ်သေးတယ်။ မတတ်နိုင်ဘူး။

တခါကလဲ အညိုရောင်မှာ အသည်းပုံလိုလို ကွက်ကြားဆင်ကြီး ၀ယ်မိသွားတယ်။ အဲဒါရွေးတုန်းက ဘာလို့ရွေးမိသလဲ ခုထိ စဉ်းစားမရဘူး။ ငါစိတ်ရူးပေါက်တုန်း ဆိုင်ရှင်အားနာပြီး ၀ယ်မိတာ ထင်ရဲ့ ဆိုပြီး အဲဒီအဆင်ကို ခုထိ မျက်စိထဲ မြင်နေသေးတယ်။ အနုပညာမျက်စိရှိတယ် ခေါ်ရမှာပေါ့။ ကိုယ့်ဖာသာကိုယ်တောင် ကြည့်မရဖြစ်နေသေး။

သူ့မိဘတွေနဲ့ လိုက်တွေ့တုန်းကတော့ ငါ ဒီလို စွတ်ရွတ် လုပ်လို့ မဖြစ်ချေဘူး ဆိုပြီး ၀တ်ဖို့ လုံချည် စဉ်းစားလိုက်တာ တော်တော် ချွေးပျံသွားသေးတယ်။ နောက်တော့ အပြာရင့်ရောင် ချိတ်လုံချည်လေး နဲ့ ရင်ဖုံးအကျီ င်္လေး ရွေးဝတ်လိုက်မိတယ်။ ပထမတော့ မျဉ်းကျားလိုလို အနက်အ၀ါကြား အဆင်မျိုး ၀တ်အုံးမလို့ ယီးတီးယားတား လုပ်နေသေးတာ။ အဲဒါဆို သူနဲ့ ဖူးစာတောင် ဆုံပါ့မလား မသိ။

မင်္ဂလာဆောင်မယ်ဆိုတုန်းကတော့ အမရပူရမှာ အချိတ်လုံချည်လေး သွားဝယ်သေးတယ်။ အဖေရယ်၊ ကိုယ်ရယ်၊ ကိုယ့်အမအကြီးဆုံး မစံရယ် သွားဝယ်ကြတာ။ မန္တလေးက ခင်တဲ့ အမ ပန်တျာဌေးဌေးမြင့်က လိုက်ပို့ပေး၊ သေချာ လိုက်ရွေးပေးတယ်။ လုံချည်တွေက အများကြီးပဲ။ ဆိုင်ရှင်ဖြန့်ပြတိုင်း ကိုယ်က ကြိုက်နေလို့ ခေါင်းညိတ်နေတာ။ ပြုံးပြုံး ပြုံးပြုံး နဲ့။

ကိုယ်က ဂျီး(ကြေး)မများတတ်လို့ ဆိုင်ရှင်က အစက သဘောကျနေသေးတယ်။ နောက်မှ မဟုတ်သေးပါဘူး၊ ဒီတယောက်တော့ တဆိုင်လုံး ဖြန့်ပြလဲ ကြိုက်မဲ့သဘောရှိတယ် ဆိုပြီး ရပ်လိုက်မှ ခဲရောင်အောက်ခံမှာ ပန်းရောင်ချိတ်လေးတွေပါတဲ့ ကြိုးကြီးချိတ်လေးတထည် အမြန်ရွေးခဲ့ရတယ်။ ဆိုင်ရှင်ရိုက် မထုတ်ခင်ပေါ့။

အခုတော့ ကိုယ် ၀တ်ဖြစ်နေတာက ကချင်လုံချည်လေးတွေ၊ ချည်လုံချည်လေးတွေပါ။ မြန်မာပွဲလမ်းတွေရှိတိုင်းလဲ အိမ်ကပို့ပေးတဲ့ ထမိန်လေးတွေ ထုတ်ထုတ်ဝတ်ပြီး ကျေနပ်နေတာပါ။ ပင်နီအကျီ င်္လေးတွေနဲ့ တွဲဝတ်ရတဲ့ ယောလုံချည်လေးတွေကိုလဲ မြတ်မြတ်နိုးနိုး နှစ်သက်မိလို့ အမြဲပဲ ၀တ်မိပါတယ်။ မြန်မာမှန်ရင် ပင်နီနဲ့ ယောလုံချည်လေးတော့ ရှိသင့်တယ်လို့ ထင်မိလို့ပါပဲ။

ကိုယ်နှစ်သက်တဲ့ လုံချည်လေးတွေအကြောင်း ဆိုပေမဲ့ ကိုယ့်အတွက် အမှတ်ရစရာလေးတွေ ပြန်သတိရမိတာမို့ လုံချည်အကြောင်းထက် ကိုယ်ရေးကိုယ်တာတွေပဲ ဖြစ်နေပြီလားမသိ။ ဒါပေမဲ့ ခင်မင်လို့ တဂ်ပါတယ်ဆိုတဲ့ ပေါက်ကို ပြောချင်တာက ခပ်ဝေးဝေးက စည်ပိုင်းပုလေး ထောင်ထားတာ မြင်ရင် ကိုယ် မြန်မာထမိန်လေးကို မြတ်နိုး နှစ်သက်စွာဝတ်နေပြီလို့ နားလည်ပေးလိုက်ပါတော့လေ….။

မိုးချိုသင်း

48 comments:

ချစ်ကြည်အေး said...

ကင်မလာ နဲ့ ရိုက်ပြလေ...မြင်းကျားဆင်လေး မြင်ဖူးတယ်ရှိအောင်...:))

ကိုရင်နော်ခင်လေးငယ် said...

အစ်မရေ..

ပြုံးပြီးဖတ်ပါတယ်..
လုံးလုံး လုံးလုံးကိုလည်း မြင်ယောင်ကြည့်လိုက်ပါတယ်။း)

“မြန်မာမှန်ရင် ပင်နီနဲ့ ယောလုံချည်လေးတော့ ရှိသင့်တယ်လို့ ထင်မိလို့ပါပဲ။” ဆိုတာလေးကိုတော့ အတော်ကို သဘောကျမိတယ်.. ခုခေတ်ကလေးတွေ ဒီစိတ်မျိုးတွေ ပျောက်ကုန်ပြီနော်.. မဝတ်ရဲကြတာလည်း ဖြစ်မယ် ထင်ရဲ့.. ခေတ်ကိုက ထမိန်ဝတ်ရင် ဖမ်းမယ့် ခေတ်များ ဖြစ်နေသလာမှ မသိပဲနော်..း)

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်ခင်လေးငယ်

ရွာသားလေးဝိုင်တီယူ said...

စီပိုင်းပုံလေးတင်ပေးပါရန် ..............

စာဖတ်ပရိသတ်မှ အနူးအညွတ်လေးစားစွာ အတင်းအကြပ်တောင်းဆိုလိုက်ပါသည်။

Bino said...

Original လုံချည်= come from India,
Not Myanmar traditional dress.

ထမိန် = I think that is Myanmar traditional dress.

Thanks for posting.

BINO

MieMie said...

ချိုသင်းရေ .. တို့တော့ အိမ်မှာနေရင် ထမိန် ဘဲ ၀တ် တယ် .... အပြင်ထွက်ရင်တော့ ကိုးယိုးကားယား ဖြစ်မစိုးလို့ ( အခုလို ဆောင်းတွင်းဆိုရင်တော့ အနွေးထည် တွေနဲ့
မစဉ်းစားရဲဘူး ) တချိန်လုံး ပြင် ၀တ် နေရလို့
တခြားဟာတွေ ၀တ် တယ် .. ပြီးခဲ့တဲ့ လ က
ရွာပြန်တော့ ယောက္ခမ က လက်ဆောင်ပေးတဲ့
အဖွားကြီးဆင် ( သူ့ကို သူများ ပေးတဲ့ ထမိန်တွေ ထင်တယ် ) ပြည်တွင်းရိုက် ပါတိတ် ထမိန်တွေ နဲ့ ရန်ကုန်ထဲ လျောက်သွားခဲ့ သေးတယ် ... အခုတော့ ထမိန်လေးဝတ်ပြီး ရန်ကုန်မြို့ ထဲ တွေ့ကရာ မုန့်တွေ လျောက်ဝယ်စားခဲ့တာ သတိရလိုက်တာ ......ရန်ကုန်က ပြန်လာတာ ထမိန် အင်္ကျီ ချည်သား ၀မ်းဆက် ချုပ်ပြီးသားလေးတွေ သုံးစုံ ၀ယ်လာခဲ့တယ်... ထမိန် ဆို ပါတိတ် နဲ့ ချည်သား တွေ ဘဲ ကြိုက်တယ် ... ချည်သားရိုးရိုးထမိန် တထည် ကို ငွေ တစ် သောင်း နီးပါး ပေးခဲ့ရတယ် ... ဒီက ဗမာပွဲ တွေ ကြရင် ၀တ်ရအောင်လို့ ........ယောင်းမ က လက်ဆောင် ပေးတဲ့ ယိုးဒယား ပိုး ၀မ်းဆက် တစုံ က တော့ နှစ်သောင်းရှိတယ်လို့ ပြောတယ် .. ဘာရယ် မဟုတ်ဘူး ဈေး လေးတွေ သိရအောင် ပြောပြတာပါ ...

mie nge

MieMie said...

ချိုသင်းရေ .. တို့တော့ အိမ်မှာနေရင် ထမိန် ဘဲ ၀တ် တယ် .... အပြင်ထွက်ရင်တော့ ကိုးယိုးကားယား ဖြစ်မစိုးလို့ ( အခုလို ဆောင်းတွင်းဆိုရင်တော့ အနွေးထည် တွေနဲ့
မစဉ်းစားရဲဘူး ) တချိန်လုံး ပြင် ၀တ် နေရလို့
တခြားဟာတွေ ၀တ် တယ် .. ပြီးခဲ့တဲ့ လ က
ရွာပြန်တော့ ယောက္ခမ က လက်ဆောင်ပေးတဲ့
အဖွားကြီးဆင် ( သူ့ကို သူများ ပေးတဲ့ ထမိန်တွေ ထင်တယ် ) ပြည်တွင်းရိုက် ပါတိတ် ထမိန်တွေ နဲ့ ရန်ကုန်ထဲ လျောက်သွားခဲ့ သေးတယ် ... အခုတော့ ထမိန်လေးဝတ်ပြီး ရန်ကုန်မြို့ ထဲ တွေ့ကရာ မုန့်တွေ လျောက်ဝယ်စားခဲ့တာ သတိရလိုက်တာ ......ရန်ကုန်က ပြန်လာတာ ထမိန် အင်္ကျီ ချည်သား ၀မ်းဆက် ချုပ်ပြီးသားလေးတွေ သုံးစုံ ၀ယ်လာခဲ့တယ်... ထမိန် ဆို ပါတိတ် နဲ့ ချည်သား တွေ ဘဲ ကြိုက်တယ် ... ချည်သားရိုးရိုးထမိန် တထည် ကို ငွေ တစ် သောင်း နီးပါး ပေးခဲ့ရတယ် ... ဒီက ဗမာပွဲ တွေ ကြရင် ၀တ်ရအောင်လို့ ........ယောင်းမ က လက်ဆောင် ပေးတဲ့ ယိုးဒယား ပိုး ၀မ်းဆက် တစုံ က တော့ နှစ်သောင်းရှိတယ်လို့ ပြောတယ် .. ဘာရယ် မဟုတ်ဘူး ဈေး လေးတွေ သိရအောင် ပြောပြတာပါ ...

mie nge

ကိုပေါက်စ said...

ချိုသင်းရေ......
ထမီ..ကနေထမိန်ဖြစ်သွားပြီလား

ဇွန်မိုးစက် said...

စာအသစ်တွေ့လို့ ဝမ်းသာပြီး အပြေးလာဖတ်ပါတယ်။
ဖတ်ရင်း ပြုံးလိုက်ရတာ။း)
ဇွန့်အစ်မဝမ်းကွဲတစ်ယောက်လည်း ဆုပေးပွဲကို ပင်နီအင်္ကျီ၊ ယောလုံချည်ဝတ်ပြီး တက်ယူတာ မှတ်မိသေးတယ်။

G said...

“မြန်မာမှန်ရင် ပင်နီနဲ့ ယောလုံချည်လေးတော့ ရှိသင့်တယ်လို့ ထင်မိလို့ပါပဲ။”
မရှိဘူး..တဲ့..
များမှာ မရှိဘူး...၀ယ်ပေးပါ။း)

Nge Naing said...

မမိုးချိုသင်းရေ မြန်မာမှန်ရင် ပင်နီနဲ့ ယောထမိန်တော့ ရှိသင့်တယ်ဆိုတာ လက်ခံပေမဲ့ ကျွန်မမှာတော့ မရှိဘူး။ မမီးမီး ပြောသလိုပဲ ကျွန်မလည်း အပြင်သွားအပြင်လာ ထမိန်ဆိုရင် ခဏခဏ ပြင်ဝတ်ရလိုပ မ၀တ်လိုဘူး။ အိမ်မှာနေရင်းနဲ့ ဘုန်းကြီးကျောင်းတို့ အလှူမင်္ဂလာတို့ သွားမှ ၀တ်တယ်။ ချိတ်ထမိန်တွေကိုတော့ သိပ်ကြိုက်တယ်။ ကျွန်မလည်း ဒါနဲ့ပါတ်သက်ပြီး Tag ခံထားရလို့ ခဏစောင့်လို့ ပြောထားတယ်။ များများစားစား မရှိပေမဲ့ ရှိတာလေးတွေ ထုတ်ကြွားခွင့် ရတော့မှာမို့ ၀မ်းသာနေပါတယ်။ ပင်နီနဲ့ ယောထမိန်မရှိပေမဲ့ မြန်မာဆန်တဲ့ ဘယ်လိုအ၀တ်အစားတွေ ရှိတယ်ဆိုတာ ဓါတ်ပုံနဲ့ကို ပြဖို့ရှိတယ်။ ပို့စ်တင်ရင် လာကြည့်နော့်။

Kay said...

နက်ပြာပေါ်က..ဘောလုံး အဖြူလေး.. ကျမ မှတ်မိတယ်လေ..း)
လုံးလုံး
လုံးလုံး နဲ့...

ထမိန် ကို ပြောတာ.း)

ဒဏ္ဍာရီ said...

ဖတ်ရင်းနဲ့ တကယ်မျက်စိထဲ မြင်လာတယ် အမရေ..။ ညီမကတော့ အမတွေ မရှိတော့ ငယ်ငယ်က အဒေါ်တွေ ထမီကို သူတို့ ကျောင်းသွားရင် ခိုးဝတ်ကြည့်တာ။း)
မြန်မာ မှန်ရင် ပင်နီနဲ့ ယောလုံချည်လေး ရှိသင့်တယ်ဆိုလို့ ညီမတော့ မြန်မာ မှန်သွားပြီ။ ရှိတယ် သိလား အမ။း)

အခုကျင်းပနေတဲ့ ဘလောဂ့်အကယ်ဒမီအတွက်လည်း http://www.mmblogpress.org/to-vote/ ဒီလင့်လေးထဲမှာ သွားပြီး ဒဏ္ဍာရီက (အကောင်းဆုံး လူမှုဘ၀သရုပ်ဖော် စာပေဘလောဂ့်ဆု)
ခေါင်းစဉ်မှာ အမမိုးချိုသင်း ဘလောဂ့်ကို ရွေးချယ်ပြီး မဲပေးခဲ့ပါတယ်။ ကိုယ်ရွေးချယ်ခဲ့တဲ့ သူတွေကိုတော့ ရစေချင်တာ အမှန်ပါပဲ..။း) ကြိတ်ပြီး ဆုတောင်းနေတယ်နော်။

ခင်မင်လေးစားလျှက်

မြစ်ကျိုးအင်း said...

ထမိန်ဝတ်မိန်းခလေးတွေကို မမြင်ရတာကြာလို့လား မသိဘူး တလောက မြန်မာတွေဖွင့်ထားတဲ့ ယိုးဒယား အစားစာ စားသောက်ဆိုင် သွားစားတော့ မြန်မာထမိန်လေးတွေဝတ်ပြီး ငွေထမင်း အုပ်လေးတွေလာပို့တာကို ကြည့်ရတာ ချိုသာလိုက်တာဗျာ။

9-9 said...

မမိုးချိုရေ
စာလာဖတ်သွားပါတယ်
ညီမတုန်းက အမှတ်တရလေးလဲပြောပြချင်တယ်
ကျောင်းကကိုးတန်းမှာထမိန်စ၀တ်ရတာဆိုတော့
ရှစ်တန်းအောင်စာရင်းသွားကြည့်တဲ့နေ့ မှာ
ထမိန်လေးစ၀တ်ပြီး ပဲထုတ်သွားတယ်
အောင်စာရင်းကြည့်ပြီးအပြန်ကို
မုန့် ဝယ်စားမယ်ဆိုပြီးကားပေါ်ကအဆင်းမှာ
ကားနောက်ဖုန်းဖွင့်တဲ့လက်ကိုင်နဲ့ ထမိန်နဲ့ ငြိပြီး
ကတ္တရာလမ်းမပေါ်ပြစ်ကျတာ ဘိုင်းကနဲပဲ
နာလွန်းလို့ ပလက်ဖောင်းပေါ်ထိုင်ငိုနေတာကို
အသိတယောက်ကတွေ့ ပြီး အမေ့ကိုလှမ်းပြောတယ်
အိမ်ရောက်တော့ အမေက စာမေးပွဲကျတယ်ထင်ပြီး
ကြိမ်လုံးနဲ့ တန်းဗြင်းတော့တာပဲ
ပထမဆုံးထမိန်ဝတ်တုန်းကအမှတ်တရလေးပါ

kiki said...

“မြန်မာမှန်ရင် ပင်နီနဲ့ ယောလုံချည်လေးတော့ ရှိသင့်တယ်လို့ ထင်မိလို့ပါပဲ။”
မချိုသင်း ထင်တာ မှန်နေပြီနော့ ။

ဒါပေမဲ့ ခုခေတ် မြန်မာပြည်တွင်း ထဲမှာတောင် ဒီလို ဆင်ယင်မှုတွေ ရှာမှရှား ဖြစ်နေကြပြီ လေ ။
နေရာတကာ စကပ်တိုလေးတွေ ၊ ခါးပေါ် ပေါင်ပေါ်တွေ နဲ့ မှ ခေတ်မှီတယ် လို့ ယူဆကုန်ကြပြီလား မသိတော့ပါဘူး မချိုသင်းရေ ။
( စည်ပိုင်း လုံးလုံးလေးပုံ တင်ပေးဖို့  တောင်းဆိုပါတယ် ..)

ခင်မင်လျှက်..
ကိကီ ။

နွေဆူးလင်္ကာ said...

တော်သေးတယ် ကိုယ့်အကြိုက် ထမိန်အဆင်ဆိုတော့ ကျားတွေကို တက်ဂ်မရလို့။ ကျနော့် Tag လေးကို လာဖတ်ဦးအစ်မ။ ဘာရယ်မဟုတ်ဘူး ဘဝအမောပြေပေါ့။

haymar said...

မမရေ့ 
ဖတ်ရင်းနဲ့လေ မျက်လုံးထဲကို ကွင်းကနဲ ရှင်းကနဲ လင်းကနဲမြင်မိတယ်။
ညီမလေးလည်း ထမီဝတ်တာ ပိုလွတ်လပ်ပြီး ပိုပြီး အဆင်ပြေလှတယ်လို့ ခံယူထားမိတယ်။
စည်ပိုင်းပုံလေး၊ မြင်းကျားဆင်လေးများ ရနိုင်ရင် ကြည့်လိုပါကြောင်း :P
ချစ်ခင်စွာဖြင့်
ညီမလေး

အပြုံးပန်း said...

တူပြန်ပြီ အမရယ်၊
လုံးလုံး...လုံးလုံးနဲ့ဆိုတော့ အမကို မမြင်ပဲ
ကိုယ့်ကိုယ်ကို သွားမြင်တယ်။ :)

Shinlay said...

ပင်နီ နဲ့ ယောလုံချည်တစ်စုံကို အမျိုးသားနေ့ 
မြို့ တော်ခမ်းမ ကပွဲမှာ တခါဝတ်ဘူးတယ်။
ဘီအေ ဆံထုံးနဲ့ ...သတိရမိသေးတယ်။

ko said...

ဖွလိုက်ပါဦးမယ်လေ..

မိုးချိုသင်းဆိုတာ..ပထမနှစ်တုန်းက(1987/1988)
မိန်းကလေးရှားတဲ့ဘူမိတန်းက Queen လို့RC2 မှာနာမည်ကြီးခဲ့လို့
ဒီပြင့်အတန်းက ယောင်္ကျာံးလေးတွေ လာလာကြည့်တာ
မျက်မြင်ကိုယ်တွေ့ပါခင်ဗျာ..

အခုမှ သူကြော်ငြာသလို စည်ပိုင်းလို လုံးသွားတာကတော့
မပြောတတ်ဘူးခင်ဗျ..

:) :-)

NL

khin oo may said...

ပုံ့လဲပါဘူး

khin oo may said...

တို့လဲမြင်ဘူးတယ် အင်တာနက်ထဲက ပုံ လှမှလှ (ကိုဇနိပြတာ)

မယ်ကိုး said...

မမက ဒီလောက်ချစ်စရာကောင်းတာ ငယ်ငယ်တုန်းကလည်း ပြုံးပြုံးလေးနဲ့ လှနေမှာမြင်ယောင်မိတယ်။
အခုလည်း လုံးလုံးလေးနဲ့ ချစ်ချာလေး ထမိန်လေးနဲ့ ပုံမြင်ချင်တယ် :D

ရွှေရတုမှတ်တမ်း said...

ငါ့နှမက မျက်နှာချိုတော့ ဘာဝတ်ဝတ်လိုက်ပါ့ဗျာ...
ဟို ပုဂ္ဂိုလ်..ညည်းကို Queen ဆိုပြီးတမင် သက်သက်ချွန်သွားတယ်...း))))

ကမာဝက်သူ said...

မချိုသင်း စာမရေးတာကြာလို့ အဟောင်းတွေပဲ ဖတ်လိုက်တာ ကုန်သွားပြီး :P
ကျေးဇူးပါနော် ပို့စ်အသစ်အတွက် :)
တဂ်တဲ့ လူကိုလဲကျေးဇူးတင်တယ်။

ခင်တဲ့
ညီမလေး

ကောင်းကင်ပြာ said...

အမချိုသင်း ပုံလေး မြင်ယောင်မိတယ်..ချစ်စရာ ကောင်းမှာ သေချာ...

sonata-cantata said...

ခင်တဲ့ မင်တဲ့သူ အချင်းချင်း ချစ်တဲ့ လုံချည်လေးတွေ အကြောင်း ပြောရတာ၊ နားထောင်ရတာ၊ ကိုယ့်အကြိုက် သူ့အကြိုက် တူတာတွေလည်းရှိ၊ ကွဲတာတွေလည်းရှိ အပြန်အလှန် အလုအယက်ပြောကြ ပျော်တယ် ချိုသင်းရယ်...

TNS said...

မမိုး
အလုပ်က ပြန်ရောက်တာနဲ့ မမိုး စာလေးကိုဖတ်ရတော့ အမောပြေတယ်..။
မမိုးလဲဆိုင်တဖက်နဲ့ ဆိုတော့ စာရေးကျဲနေတယ်..။
ကျနော်လဲ မရေးဖြစ်ပါဘူး..
မြန်မာဆန်ဆန်နေတတ်တဲ့ ရိုးရာ ချစ်သူတယောက်အနေနဲ့ လေးစားပါတယ်ဗျာ..။
မမိုးကို ကျနော်ကူညီနိုင်တာ တခုတော့ရှိတယ်
အရောင်လေးတွေ အဆင်လေးတွေ အရွေးရခက်နေရင် ကျနော် ကိုယ်တိုင် ဆေးရေး ပါတိတ်တစ်ထည်
ဖန်တီးပေးမယ်..။
နာမည်ကတော့ ကြိုက်သလိုပေးပေါ့....
ဥပမာ..
ရှင်ဂွမ်းဂွိ ပါတိတ်းးးးးးးးး။း)

tin min htet said...

ဆရာ ဦးတင်ဦး ကျူရှင်လား။ အဲဒီတုန်းက သိပ်ပြီး လုံးလုံးလေး မဟုတ်သေးပါဘူး။

ချိုသင်းအသစ်တက်တယ် ပြောတော့ ရွှေတိုးတောင် အပြေးလာဖတ် သေးတယ်။ သူက ငါ့ ဘလော့ဂ်တောင် မေ့လောက်မှ တခါဖတ်တာ။ ချိုသင်းဘလော့ဂ်တော့ အတော် အားပေးတာ။

Ghost said...

ဒီပို့စ်ဖတ်ပြီး နည်းနည်းတော့ ပြောချင်တယ်။
မြန်မာမှန်ရင် ပင်နီနဲ့ ယောလုံချည်ရှိသင့်တယ်ဆိုတာ သိပ်တော့ မဟုတ်သေးဘူးထင်တယ်။
အကြောင်းကြောင်းကြောင့် ပြည်ပမှာရောက်နေသူ မြန်မာတိုင်းဟာ ပင်နီနဲ့ ယောလုံချည် မရှိနိုင်ပါဘူး။ အဲဒါဆိုရင် မြန်မာမဟုတ်တော့ဘူးလား။ မြန်မာမှန်ခြင်း မမှန်ခြင်းကို ပင်နီ ယောလုံချည်နဲ့ ပိုင်းဖြတ်ခွဲခြားသလား။ မြန်မာဖြစ်ပေမဲ့ လက်ရှိကိုယ်နေထိုင်ရာနိုင်ငံရဲ့ ရာသီဥတု ပတ်ဝန်းကျင်နဲ့ သပ္ပါယဖြစ်အောင် ၀တ်စားဆင်ယင်သူ မြန်မာအမျိုးသမီး တယောက်ဟာ မြန်မာမမှန်တော့ဘူးလား။ စဉ်းစားစရာဖြစ်လာတယ်။

ကြိုးကြီးချိတ်နဲ့ ရင်ဖုံးနဲ့ဝတ်ပြီး ဖောက်ပြန်နေကြတဲ့ အမျိုးသမီးကြီးတွေ ... ခေါင်းပေါင်းနဲ့ တိုက်ပုံ နဲ့ မြန်မာဆန်ဆန်ဝတ်ပြီး ခြစားနေတဲ့ စိတ်ဓာတ်ပိုင်ရှင်လူကြီးတွေ အများကြီးပါ။

တကယ်တမ်းက လူတယောက်မှာ အ၀တ်အစားက အဓိကမကျပါဘူး။ သူ့စိတ်ဓာတ် လုပ်ရပ်နဲ့ အကျင့်စာရိတ္တကသာ အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျားဟာ သိုးရေခြုံထားလဲ ကျားပဲဖြစ်နေမှာပဲ မဟုတ်လား။

mini nilay said...

စည်ပိုင်းပုလေးမဟုတ်ပါဘူးနော်...


သတိရလျက်..။

သက်ဝေ said...

ချိုသင်းရဲ့ ထုံးစံအတိုင်း ပိုစ့်လေးက သွက်လက် ရွှင်ပျ ချစ်စရာကောင်းနေတယ်...

မင်္ဂလာဆောင်တုန်းက အများသူငါတွေ သိပ်ရွေးလေ့မရှိတဲ့ ချိတ်လုံချည် ခဲရောင်လေး ဝတ်တယ်ဆိုတာ မှတ်မိနေတယ်...

ပေါက်ရဲ့ လက်ချက်နဲ့ ညီအမတွေ တယောက်အကြိုက် တယောက်ဖလှယ်ကြရတာ ပျော်စရာကောင်းတယ်နော် ချိုသင်း...း))

PAUK said...

မလှထုံရေ..
အနက်နဲ့အဝါကြားကြီး ဝတ်မသွားတာ
ကံကောင်းလို့..ပေါ့။။

နက်ပြာခံမှာ အဖြူရောင်စပေါ့ပြောက်နဲ့အဆင်တွေ
ခေတ်စားလိုက်သေးတယ်နော်.။။

Saint said...

မမိုးချိုသင်းရေ .. အမရေးထားတာလေး ဖတ်ပြီး ပြုံးလိုက်ရတာ။ ကျနော့ရဲ့  ပထမဆုံး ထမီဇာတ် လမ်းလေးလဲ ပြောပြပါရစေ။ ငယ်ငယ်တုန်းက ရွာမှာ အဘွားနဲ့ နေတော့ အဘွားက တော်တော် မျက်နှာသာ ပေးပါတယ်။ တစ်နေ့ အိမ်နား က ကိုယ့်အရွယ် ကောင်မလေး တစ်ယောက် စပ်ထမီ လေး ၀တ် ထားတာ တွေ့တော့ လိုချင်လွန်းလို့ သူ့လုံ ချည်လေး ကို သွားဆွဲမိတယ်။ ဒါနဲ့ အဘွား က သူ့လို စပ်ထမီလေး တစ်ထည်ချုပ်ပေးပါတယ်။ လူကြီး ထမီတွေ ကနေ ဖြတ်စ လေးတွေနဲ့ ချုပ်ထားတာပါ။ ကိုယ့်တစ်သက်တာ မှာ ပထမဆုံး ပိုင်ဘူးတဲ့ ထမီပေါ့။

အခုတော့ ထမီဝတ်ရတာ နည်းနည်းခက်လာပြီ။ အမက ဘီယာစည် ဆိုရင် ကျနော်က ဓါတ်ဆီပေပါ လောက် ဖြစ်မယ် ထင်ပါရဲ့ ။ လူများများ မြင်မယ့် ၊ နိုင်ငံပေါင်းစုံက လူတွေတက်မယ့် ပွဲတွေမှာတော့ ထမီ ၀တ်ဖြစ်အောင်ကို (ကြိုးချည်ပြီးတော့ ဖြစ်ဖြစ်) ၀တ်နေ ဆဲပါ။

ကိုလူထွေး said...

စည်ပိုင်းပုလေးက ငါ့မြင်းကိုငါ ဘယ်လိုစိုင်းသလဲ ပုံဖော်ကြည့်နေတာ...

းဝ)

blueskyforest said...

ထမီရေးရာကျွမ်းကျင်သူမဟုတ်လေတော့ ၀င်ဆွေးနွေးလို့ မဖြစ်ချေဘူး။ သို့ပေတဲ့ ထမီအကြောင်း ရေးကြတာ စိတ်ဝင်စားဖို့အကောင်းသား။ မကြားဖူးတဲ့ ဝေါဟာရတွေလည်း သိရ၊ ဒေသသုံး ထမီအဆင်ကွဲများ ကိုလည်း သတိထားမိ၊ အမျိုးသားဘလော့ဂါများကို လုံချည်တွေထုတ်ပြပြီး ဇတ်ကြောင်းတွေခင်းကြဖို့ တိုက်တွန်းရင်ကောင်းမလား။ လုံချည်ထမီချစ်ကြည်ရေးပဲဖြစ်မလား၊ ထမီလုံချည်တိုက်ပွဲပဲဖြစ်မလား၊ရှိတာတွေအကုန်ထုတ်ပြကြလို့ အ၀တ်အစားပြပွဲကြီးပဲဖြစ်လာမလား။ စိတ်ဝင်စားရင် လက်ခေါက်မှုတ်လိုက်ပါဗျို့ ။ ဖွပြီးပြီဆိုတော့... လစ်ပြီ။ (စကားမစပ်) မဲလုံးကိုအားပေးတဲ့အတွက် ၀မ်းသာ။ မိုးချိုသင်းမိသားစု ကျန်းမာပျော်ရွှင်စေ ။

kokomaung.uk said...

ဘယ်လိုဘဲဖြစ်ဖြစ် မြန်မာအမျိုးသမီးတွေ လုံချည်ဝတ်ထားတာမြင်ရရင် စိတ်ထဲကို ကြည်နူးလို့။ မြင်ရတာလဲ ကျက်သရေပိုရှိတယ်။

ဂျူနို said...

ကျုရှင်ကို ချိတ်ထမိန်နဲ့ချိုသင်းပုံက သူကြီးသမီးပုံပေါက်နေမယ် ထင်တာ လပ်စပ်သပ်တော့ သူက ဘူမိကွင်းတဲ့ ။ လူတွေ ကွင်းကွင်း သွားတာများလား:)))

blue said...

ခေါင်းစဉ်တော့ မတပ်တော့ဘူး
(တေဇသူရ)A.B.S.D.F ကိုယ်ပိုင်အမှတ် (102113)

သူငယ်ချင်းရေ
ဒီအချိန်မှာ နောက်တန်းစစ်စခန်းမှာ
ရှိနေတာဘဲ ကောင်းပါတယ်ကွာ၊
ရှေ့တန်းမှာ တိုက်ပွဲတွေက
ပြင်းထန်ကြမ်းတမ်းနေတော့
နောက်တန်းစစ်စခန်းကဘဲ
သက်လုံစိတ်ချရတဲ့အချိန်မို့။

သူငယ်ချင်းရေ
ရှေ့တန်းတိုက်ပွဲပြီးမှဘဲ
ကျဆုံးအလောင်း သွားရေတော့မယ်၊
ရန်သူအလောင်း ဘယ်နှစ်လောင်း
မိမိဘက်က ဘယ်နှစ်လောင်း၊
ရှေ့တည့်တည့်က ရန်သူ့ကျည်နဲ့
ဘယ်နှစ်လောင်း
နောက်တည့်တည့်က မိမိကျည်နဲ့
ဘယ်နှစ်လောင်းပေါ့။

အမေရိကန်အစိုးရကလည်း
ဒေါ်လာ ၃၆ သန်းကျော် ချကျွေးတော့မယ်ဆိုတော့
မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူလို့
မိမိကိုယ်မိမိ ခေါင်းဆောင်အမည်ခံသူတွေက၊
ငွေလုပွဲမှာ အနိုင်ရဖို့
ကြိုးဝိုင်းထဲကို အလုအယက်တိုးနေကြပြီ၊
ဒါပေမဲ့ သူတို့မသိတာက
ကြိုးဝိုင်းလား ကြိုးစင်လားဆိုတာပါ။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကလည်း
အရမ်းကို ကြမ်းနေရမ်းနေတော့
ဘုန်းမနိပ့်အောင် ဝေဟင်မှာလွင့်နေတဲ့
ထမိန်တွေ မအုပ်မိအောင်လည်း
ဂရုစိုက်နေရသေး။

ဝေဟင်မှာထမိန်တွေကလည်း
ရင်ဘောင်တန်းတယ်ဆိုပြီး ပေါမှပေါ လွင့်မှလွင့်
ထမိန်အလံတွေကလည်း ထူချင်နေကြပေါ့၊
ခေါင်းဆောင်အရေခြုံပြီး လုပ်စားတွေကလည်း
ထမိန်အုပ်ခံ ထမိန်အောက်
စကတ်အုပ်ခံ စကတ်အောက်
ရောက်သွားတာလည်း မနည်းတော့ဘူး။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးမှာ
လူအင်အားသာမရှိတာ
အဖွဲ့အစည်းတွေကတော့ အမည်အမျိုးမျိုးနဲ့
စိတ်ကူးထဲရှိရာ အမည်တခုခုတာပြောလိုက်
အဲ့ဒီအဖွဲ့အစည်းက အဲဒီလူအဲဒီသူတွေနဲ့ဘဲ
ဖွဲ့စည်းပြီးသွားပြီ သူငယ်ချင်း။

သူငယ်ချင်းရေ
မြန်မာပြည်ဒီမိုကရေစီ ရမရတော့မသိဘူး
မြန်မာပြည်အနှံ့ အလွှာပေါင်းစုံကလူတွေ
သေလို့မကုန်ဘဲ ထွက်လို့ကုန်ပြီ
တချို့လည်းခေါင်းချရမယ့် အရွယ်ကိုရောက်နေပြီး
အကြောင်းအမျိုးမျိုးပြပြီး ထွက်လာနေတုန်းဘဲ။

တခါတခါ နအဖစစ်တပ်က ရှေ့တန်းမထွက်ရသေးဘူး
မြန်မာပြည်တွင်းရှိ မြို့ပြနှင့်ရွာကလူတွေက
အထုပ်အပိုးတွေသယ်ပြီး မိသားစုလိုက်၊
စစ်သားထက်ခြေလှမ်းပိုသွက် တောင်တွေကိုကျော်ပြီး
နယ်စပ်ဒုက္ခသည်စခန်းတွေဆီ ရောက်နေကြပြီ
တချို့ကလည်းမြန်မာပြည်တွင်း နိုင်ငံရေးအုံကြွမှု
နိုင်ငံရေးလှုပ်ရှားမှုတွေကို စောင့်နေကြတယ်
ရောင်တော်ပြန်နဲ့ပုံမှားရိုက်ပြီး အပြင်ထွက်ဖို့။
A.B.S.D.F ကိုယ်ပိုင်အမှတ် (102113)
http://tayzathura.blogspot.com/

sithusoe said...

ကဗျာအိမ်လေး
ကျွန်တော်ကမိုးချိုသင်းတို့ရဲ့ကဗျာဆန်တဲ့အိမ်ကလေး
အကြောင်းအားလုံးသိအောင်ရေးပြပေးစေချင်တယ်၊
စပယ်ရုံလမ်းထိပ်မှာရှိတဲ့ကဗျာအိမ်လေးဆီကိုဘယ်လို
ရောက်လာပြီးခေတ်လည်းဆန်တယ်၊ထူးလည်းထူးခြား
တယ်၊အိမ်လေးမပြီးခင်ကထဲကဘယ်လိုပုံစံလေးလဲလို့
လူတိုင်းကစိတ်ဝင်စားကြတယ်၊လမ်းမကနေအိမ်ထဲကို
တိုက်ရိုက်ဝင်နိုင်တဲ့တံတားလေးကြောင့်လည်းပိုလို့
ထူးခြားသွားစေတယ်၊အေးချမ်းတဲ့ချောင်းလေးဘေးက
နေရာလေးကိုဘယ်လို့တွေ့ပြီးဘယ်လိုဆောက်ပြီးသွား
တာလဲဆိုတဲ့အဆုံးထိကိုမြင်းဖူးသူတွေရောမမြင်ဖူးတဲ့
သူတွေရောပြီးတော့ထူးခြားတဲ့ကဗျာအိမ်ပုံလေး
ရောပေါ့၊ပြီးတောအဲဒီအချိန်ကသာမန်သီးချင်းရေး
ဆရာလေးတစ်ယောက်ကအဲ့ဒီကဗျာအိမ်
လေးအကြောင်းသီးချင်းရေးခဲ့ဖူးတယ်၊နောက်နှစ်သိပ်မ
ကြာခင်မှာအဲ့ဒီသီးချင်းရေးဆရာလေးကအောင်မြင်
ကျော်ကြားတဲ့အဆိုတော်၊သီးချင်းရေးဆရာကြီးဖြစ်သွား
တယ်၊အခုအချိန်မှာတော့သူကကွယ်လွန်သွားခဲ့ပါပြီ၊
ဒါပေမဲ့အဲ့ဒီအိမ်လေးကိုကြည့်ပြီးစိတ်ကူးရင်စပ်ဆိုခဲ့တဲ့
သူငယ်လေးကတော့ယနေ့တိုင်အောင်မြင်ကျော်ကြား
နေဆဲပါ၊

sithusoe said...

စာလုံးပေါင်းမှားသွားလို့နော်(ဒါပေမဲ့အဲ့ဒီအိမ်လေးကိုကြည့်ပြီးစိတ်ကူးရင်စပ်ဆိုခဲ့တဲ့
သီးချင်းလေးကတော့ယနေ့တိုင်အောင်မြင်ကျော်ကြား
နေဆဲပါ၊)

tg.nwai said...

ချိုသင်းကြိုက်တဲ့ ထမိန်လေးတွေအကြောင်း ပြုံးရင်းဖတ်သွားပါတယ်...ချိုသင်းတို့ကိုလည်း သတိရနေတာ...နေကောင်းကျန်းမာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...ချိုသင်းတို့မိသားစုလေး...

ညီမလေး said...

စည်ပိုင်းလေး အမချိုသင်းးD
ဘ၀တူတွေမို့ ဖတ်ရင်း သဘောအကျကြီးကျမိသည် ။
ဘယ်လိုစတိုင်ဆန်းဆန်းနဲ့ အ၀တ်အစားတွေ ဘယ်လောက်ပေါ်ပေါ်ပါ မြန်မာဆန်ဆန် ထမီလေးနဲ့စတိုင် ကတော့ ဘယ်တော့ မှမရိုးဘူးနော် .. ။ မြန်မာမှန်ရင် မြန်မာလိုဝတ်မှကို လှတယ်လို့ ညီမလေးတော့ထင်တယ် ။

မေ့သမီး said...

အမ ညီမလည်းအမနဲ့တူတယ်။ စည်ပိုင်းမျိုးနွယ်ဝင်ပဲ။ :D

sitagustar.net said...

ပထမဆုံးရောက်လာခြင်းပါ၊ ဖတ်စရာ မှတ်စရာတွေများတယ်၊ နောင်လဲ လာပါဦးမယ်။

kokomaung.uk said...

အဲဒီပန်းရောင်တစ်ရှူးက တော်တော်ဒုက္ခပေးတယ်။
ကျနော့်အိမ်ကို အမျိုးသမီးတစ်စု အလည်လာပြီး ပြန်သွားတဲ့နောက် ကျနော်လဲ အပေါ့သွားဖို့ အိမ်သာထဲကိုအသွား။ လန့်ထွက်သွားတာဘဲ။ အိမ်သာကြွေခွက်တွေထဲမှာ သွေးတွေ ရဲရဲနီလို့။ ဒါတစ်ခုခုပေါ့။ အဲဒီလို ထင်ခဲ့တာ။ တစ်ရက်တိတိကို ထင်နေခဲ့တာ။ ဒါနဲ့ နောက်တစ်နေ့မနက်လဲရောက်ရော အဖြေတန်းပေါ်သွားတယ်။ အိမ်သာကြမ်းပြင်ပေါ်ပြုတ်ကျနေတဲ့ ပန်းရောင်တစ်ရှူးအစတစ်စကို အိမ်သာကြွေခွက်ထဲ ပစ်ထည့်လိုက်ပြီး ရေမဆွဲချခင်မှာ အမှတ်မထင် ကြွေခွက်ထဲ ကြည့်လိုက်မိတယ်။ တကယ့်သွေးရောင်ဘဲ။

ဟိုအမျိုးသမီးလေးတွေ ပန်းရောင်တစ်ရှူးသုံးပြီး ရေးမဆွဲချထားခဲ့တာလေ။ ဖြစ်တတ်ပါတယ်။
အတွေ့အကြုံပေါ့။

Thomas said...

မှတ်သားဖွယ်ရာ ဆုံးမစာ...
“ကိုယ့်ကိုယ်ကို ဟန်မကျတာ
ဟန်မကျမှန်းသိမှ ဟန်ကျမယ်။
ဟန်မကျဘဲနဲ့ ဟန်ကျတယ် ထင်နေရင်
နည်းနည်းလေးမှ ဟန်မကျသေးဘူး။”
(ဝေဘူဆရာတော်ဘုရားကြီး)

suu said...

ချည်ထမိန်လေးနဲူ့မန်မာဆန်ဆန်အကျီလေး ၀တ်ရတာကိုကုကည်နူးစရာနော် အစ်မ။