မြက်ရိုင်းထဲက ကြေးရုပ်

ဒီနေ့တော့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် ၁၉၉၅ က မန္တလေးမှာ ကျင်းပတဲ့ ဆွံ့ အ နားမကြား ရံပုံငွေ အတွက် စာပေဟောပြောပွဲတခု တက်ခဲ့ နားထောင်ခဲ့တာ သတိရတယ်။ ဟောပြောပွဲမှာ ပြောခဲ့တဲ့သူတွေက ဆရာမကြီး ဒေါ်ခင်နှင်းယုရယ်၊ အဖေရယ်၊ ဆရာ ဦးတင်မောင်သန်း၊ ဆရာ အော်ပီကျယ် နဲ့ ဆရာမ ဂျူးတို့ပါ။

အဲဒီတုန်းက စာပေဟောပြောပွဲကို ရုံပြည့်ရုံလျှံ အားပေးတဲ့ မန္တလေး ပရိသတ်ကြီးကို အံ့သြမိတာ အမှန်ပေါ့။ ခမ်းမကြီးံနဲ့ မဆန့်လို့ ရုံကို အလာ လမ်းတလျှောက်မှာ ကိုယ့်ထိုင်ခုံလေးတွေနဲ့ ကိုယ် ထိုင်ပြီး နားထောင်ကြတာ တွေ့ရတယ်။ လမ်းထောင့်တွေမှာ တီဗီအကြီးကြီးတွေ ချပေးထားပြီး တိုက်ရိုက် ဟောပြောချက်ကို နားထောင်စေတာ တွေ့ခဲ့ရတယ်။ မြင်ရတာ စိတ်ကြည်နူးမိပါတယ်။

အဲဒီတုန်းက အဖေက မော်စကို က ထွက်လာတာ မကြာသေးဘူး။ ပထမဆုံး အပြင်ရောက်ပြီးမှ လုပ်တဲ့ စာပေဟောပြောပွဲဆိုတာ မှတ်မိနေပါတယ်။ အဖွားလူထု ဒေါ်အမာရဲ့ မွေးနေ့ပွဲအပြီး နောက်တနေ့ နိုဝင်ဘာလ ၃၀ရက်၊ ၁၉၉၅ ခု လို့ ထင်ပါတယ်။

အဲဒီဟောပြောပွဲမှာ အဖေရွတ်ခဲ့တဲ့ ကဗျာလေးတွေ မူရင်း လက်ခံ မရှိတော့လို့ စိတ်မကောင်းဖြစ်နေတုန်း တနေ့ကတော့ မာယာအွန်လိုင်းမဂ္ဂဇင်းလုပ်တဲ့ အကို ကိုအေးဝင်းက ကက်ဆက်ခွေလေးတခု စာတိုက်က ပို့လာတယ်။ ဒါနဲ့ ၀မ်းသာအားရ အဖေ့ ကက်ဆက်လေးနဲ့ ဖွင့်ပြီး နားထောင်လိုက်မိတယ်။ ကိုအေးဝင်းကို ကျေးဇူးတင်လိုက်တာ..။

နားထောင်မိတဲ့အထဲက ကဗျာလေး တပုဒ်ကို ကိုယ်ချစ်ခင်တဲ့ မိတ်ဆွေတွေကိုလဲ ပြန်ဝေမျှရင်း ကိုယ့်ရဲ့ မှတ်တမ်းလေးထဲမှာလဲ သိမ်းထားချင်လို့ အမှတ်တရ ရေးလိုက်ပါတယ်။



ကဗျာတွေကို ကိုယ် အခါအားလျော်စွာ ဖတ်ပါတယ်။ တချို့ နားလည်တာလဲ ရှိ၊ နားမလည်တာလဲ ရှိ။ ခံစားမှုတွေ ထပ်တူညီသွားရင် စိတ်ထဲမှာ ကျေနပ်မိပြီး ထပ်ခါထပ်ခါ ဖတ်မိတာမျိုး..။ နောက်ပြီး ဘယ်လို အကြောင်းတရားတွေကြောင့် ဒီကဗျာလေးကို ရေးဖြစ်ပါလိမ့်လို့ ကဗျာဆရာရဲ့ စိတ်ကို ဆန်းစစ် စူးစမ်း တွေးတောသွားမိတတ်တာမျိုး..။

ဒီဟောပြောပွဲမှာတော့ အဖေက သူ ဒီကဗျာလေးကို ဘယ်လို ရေးမိသွားသလဲ ဆိုတာကို ပြောပြထားတယ်။

အဖေက အားရင် သူ့မိတ်ဆွေတွေဆီ လျှောက်သွား၊ လက်ဖက်ရည်ဆိုင်ထိုင် စကားပြော နေတတ်တယ်။ တနေ့ အင်းစိန်နားက အောင်ဆန်းမြို့မှာ နေတဲ့ ကဗျာဆရာ မောင်ခိုင်မာ ရဲ့ အိမ်ကို ပန်းချီဆရာ ဦးယဉ်မင်းပိုက် နဲ့ အတူ သွားလည်ပါတယ်။ အဲဒီမှာ ဆရာဦးခိုင်မာက “ဆရာ့ကို ပြ စရာ ရှိတယ်” ဆိုပြီး ပန်းခြံတခု ကို ခေါ်သွားသတဲ့။ အဲဒီပန်းခြံက လမ်းမကြီးပေါ် လူမြင်ကွင်းမှာတော့ မဟုတ်ပါဘူး၊ လမ်းအနောက်ဖက်ကလေးမှာပါ။

လိုက်ကြည့်တော့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို တွေ့ရတာပါ။ ပန်းပုဆရာကြီး တောင်ကြီး ဦးစံဖေ ရဲ့ လက်ရာ တဲ့၊ လက်ရာက ကောင်းလိုက်တာ..။ မာန်ပါပါနဲ့ ဗိုလ်ချုပ်တရားဟော နေပုံကို ထုထားတာကိုး။ အော်.. ကောင်းလိုက်တာ၊ အောင်ဆန်းမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို မြင်ရတာ ကျက်သရေ ရှိလိုက်တာ၊ တကယ့်ပညာရှင်ရဲ့ လက်ရာပါလား လို့ ကြည်နူးပီတိ ဖြစ်နေတုန်း… ဘေးဘီကြည့်လိုက်မိတော့…

နွားတွေ..နွားတွေ.. တဲ့။ ပန်းခြံတခုလုံး မြက်ရိုင်းတွေ တတောလုံး ထ နေလို့ နွားစားကျက် ဖြစ်နေတာ တွေ့ရပါတယ် တဲ့။ ဗိုလ်ချုပ်လက်မှာလဲ စာရွက်လိပ်လေး ကိုင်ထားပုံပါ၊ ဒါပေမဲ့ စာရွက်လိပ်က ကြေးနဲ့လုပ်ထားတော့ အဖိုးတန်တော့ ဖြုတ်ယူကြလို့ မရှိတော့ဘူး တဲ့။

ဒါနဲ့ အဖေ့စိတ်ထဲမှာ လှပ်ခနဲ ခံစားရတာမို့ ဒီကဗျာလေးကို စပ်မိပါတယ် လို့ ဆိုပါတယ်။ ကဗျာထဲကနေ ခေတ် ကို လှမ်းကြည့်လို့ ရတဲ့ ကဗျာလေးတပုဒ်လို့ ကိုယ်က ထင်မိတယ်။ ဖတ်ကြည့်ကြပါအုံး။

မြက်ရိုင်းထဲက ကြေးရုပ်

မြက်ရိုင်းထဲတွင်
ထိုင်ဆဲ မလှုပ်၊ “ဆန်း” ကြေးရုပ်။

သမိုင်းများစွာ ဖြတ်သန်းလာတော့
“ငါ” တွေ မြက်ရိုင်း၊ နေရာတိုင်းမို့
သမိုင်းပြယုဂ်၊ ဆန်း ကြေးရုပ်ကို
ကျွန်ုပ်တို့ မေ့ခဲ့ကြပြီ။

ဆန်း ၏ လမ်းစဉ်၊ တို့ မမြင်တော့။
ကျေးဇူးရှင်မှန်း၊ မသိစွမ်းတော့။
ဆန်း ၏ ဂုဏ်ပုဒ်၊ ဆန်း ၏ ရုပ်ကား
တိမ်မြုပ်ခဲ့ပြီ၊ အတိတ်ဆီ..။

ဗိုလ်ချုပ်အောင်ဆန်း၊ ခင်းသောလမ်းကား
လွမ်းစရာပင်၊ အလှမ်းကွာ ခဲ့ပြီ။

ဗိုလ်ချုပ်လက်တွင်၊ စာရွက်လိပ်ထား
ကြေးဝါပြားကို၊ ရောင်းစားဖို့ရာ
ခွာခဲ့ရှာပေါ့၊ လက်မှာ စာရွက်မဲ့ခဲ့ပြီ။

ဗိုလ်ချုပ် ဟောရ၊ မောရ
သောက အများ၊ ဟောပါ့ တရား
ကျောက မကြား ဖြစ်ခဲ့ပြီ။

လွတ်လပ်ရေးကို၊ သွေးနှင့်ရင်း၍
အပ်နှင်းခဲ့ရ၊ သူ့ဘ၀ကို
မြေချ သဂြိုဟ် ခဲ့ကြပြီ။

သမိုင်းနာလဲ၊ နာမှန်း မသိ
တို့ မထိ တော့..။
တို့၏ ကိုယ်ကျိုး၊ တို့ ထုပ်ပိုးဖို့
အမျိုးသားရေး၊ တို့ မတွေးအား။
အရေးတော်ပုံ၊ တို့ မဖြုံအား
တို့ ယုံသည်ကား၊ တို့ ကောင်းစားဖို့။
အများအရေး၊ တို့ မတွေးအား
ကိုယ်ရေး ကြည့်ကာ၊ တို့ လိမ်မာဖို့
အရာရာတွင် ကိုယ်ကျိုးမြင်ကာ
မီးစင် ကြည့်၍၊ က တတ်ဖို့။

ဗိုလ်ချုပ် ကြေးရုပ်၊ မြက်ရိုင်းအုပ်လဲ
မခုတ်တော့ဘဲ၊ မျက်နှာလွှဲပြီ

တင်မိုး
၁၉၉၅

အဖေက ဒီကဗျာလေးကို မဂ္ဂဇင်းတွေကို ပို့ဖို့ စဉ်းစားမိပါသေးတယ် တဲ့၊ ဒါပေမဲ့ ကဗျာပါ မြက်ထဲ ရောက်သွားမစိုးလို့ သူ့စာအုပ်လေးထဲမှာပဲ သိမ်းထားခဲ့ရတယ် လို့ ဆိုပါတယ်။ အခုတော့ ကိုယ်လဲ ကိုယ့်မှတ်တမ်းမှာ နာကျင်စွာနဲ့ ဆက်သိမ်းထားလိုက်ပြီ။

မြက်ရိုင်းတွေကို မျက်နှာလွှဲမိလေသလား လို့လဲ လွတ်လပ်ရေးဗိသုကာကြီးကို ရှက်ရွံ့အားနာ မိပါတော့တယ်။

မိုးချိုသင်း
(ဖေဖေါ်ဝါရီ ၁၃ရက်၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ)

54 comments:

ဂျပန်ကောင်လေး said...

စိတ်တောင်မကောင်းဘူး အမရယ်... လွတ်လပ်ရေး ဗိသုကာ ဖခင်ကြီးကို ဂုဏ်ပြုချင်တာတောင် မလွတ်လပ်တဲ့ ဘ၀ဖြစ်နေပြီနော်.........

ဒဏ္ဍာရီ said...

လေးစားစွာ ကဗျာလေးကို ခံစားပြီး ဖတ်သွားပါတယ် မမိုးချိုသင်းရေ။
ဆရာ့ရဲ့ ကဗျာတွေကို မင်းကြီးလမ်းမှာ နေကတည်းက တလေးတစားနဲ့ မှတ်မိနေခဲ့ပါတယ်။ အခုမှ အမကို ဆရာ့သမီးမှန်း သိရလို့ပါ။
လွတ်လပ်ရေးရဲ့ ဖခင်ကြီးရဲ့ ပုံရိပ်တွေကို ဖျောက်ဖျက်ထားလည်း ကြာပြီပေါ့။

tin min htet said...

နွားအုပ်ကြီးထဲ ငါလည်းပါတယ် ထင်ပါရဲ့။ စာရွက်လိပ်လေး ဖြုတ်ပြီး ရောင်းမစားတာ တခုပဲ ..

လင်းဒီပ said...

မြက်ရိုင်းတွေကို မျက်နှာလွှဲမိလေသလား လို့လဲ လွတ်လပ်ရေးဗိသုကာကြီးကို ရှက်ရွံ့အားနာ မိပါတော့တယ်။....ဟုတ်ပါတယ်လေ..။

ရွာသားလေးဝိုင်တီယူ said...

ရင်ထဲအသည်းထဲကလာတဲ့ ကဗျာမို့ထင်ပါရဲ့ လှပ်ခနဲနေအောင်ခံစားရပါတယ်
မြက်ရိုင်းတွေကွယ်ပေမယ့် ရင်ဘတ်ထဲမှာထာဝရတည်ရှိနေမှာပါ

Vista said...

း( ရှက်သွားပါတယ်

TNS said...

ဆရာကြီးရဲ့ကဗျာကို လေးလေးနက်နက်ဖတ်ပြီး
အတွေးဝင်မိတယ်ဗျာ..
ကိုယ့်ကိုကိုယ် မြက်ရိုင်းလိုလို၊နွားလိုလို စိတ်ထဲထင်လာတယ်..
ဆန်းကြေးရုပ်ကို ဖုံးကွယ်စေတဲ့
မျိုးဆက်သစ်မြက်ရိုင်း..
ဆန်းကြေးရုပ်ကို အလှပျက်စေတဲ့
ခပ်ရှုပ်ရှုပ်နွားအုပ်တွေပေါ့.......................။

ဖိုးစိန် said...

ဗိုလ်ချုပ် ကြေးရုပ်၊ မြက်ရိုင်းအုပ်လဲ
မခုတ်တော့ဘဲ၊ မျက်နှာလွှဲပြီ


စိတ်ထဲ မကောင်းစရာ...း(

သဒ္ဓါလှိုင်း said...

အမချိုသင်း..
ကဗျာဖတ်ပြီး မျက်စိထဲမှာလည်း ကြေးရုပ်ထုကို မြင်ယောင် မိနေတယ်။ သူတို့ ဘယ်လောက်ဖျောက်ဖျောက် ရင်ထဲတွေမှာ အမြဲ ကမ္ဗည်းတင်နေမှာပါ..။

ခင်တဲ့
ညီမသဒ္ဓါ

Tavoy said...

လွတ်လပ်ရေးရတာအောင်ဆန်းကြောင့်လို
ထင်ရင်မှားလိမ့်မယ် Geo politic
ကြောင့် British က Asia က ဆုတ်
ဖို့ ဆုံးဖြတ်ပြီးသားပါ..
ဗမာတသိုက်က ကိုယ့်ဘာသာ
မွှန်းနေကြတာ

Ma May Mya said...

အမ ကျွန်မ ကြားဖူးတာကတော့ ဒေါ်ခင်ကြည် ကိုယ်တိုင် အုတ်မြစ်ချပေးခဲ့တဲ. ဗိုလ်ချုပ်ကြေးရုပ်နှစ်ခုရှိတယ်တဲ. ... နတ်မောက်မြို.ကကြေးရုပ်ရယ် .. အင်းစိန်-အောင်ဆန်းမြို.ကကြေးရုပ်ရယ်လို. ပြောတယ်.... တစ်နေ့ကျရင်တော့ ကျွန်မတို့ချစ်တဲ့ ဗိုလ်ချုပ်ရဲ. ကြေးရုပ်တွေကို သန့်သန့် ရှင်းရှင်း သပ်သပ် ရပ် ရပ်နဲ. ပြန်လည်ထိန်းသိမ်းနိုင်မှာပါ...

kiki said...

ဆရာကြီးရဲ့ ကဗျာလေးကို ဖတ်ရအောင် ဖေါ်ပြပေးတဲ့ မချိုသင်းကို ကျေးဇူးတင်ပါတယ် ။ ဖတ်ပြီးတော့ ရင်ထဲ နင့်နေအောင် ခံစားမိတယ် ။

ဒီယုန်မြင်လို့  ဒီခြုံထွင်ထားကြတဲ့ မုဆိုးကြီး တသိုက်ကတော့ အဆိပ်လူးထားတဲ့ မြှားပေါင်းများစွာ နဲ့ အကွက်ချောင်းနေကြတာမို့ 
မြက်ရိုင်းတွေထူလေ ၊နွားတွေများ လေ ကြိုက်လေပဲ ပေါ့ မချိုသင်း ရေ ..

ဂျူနို said...

ဗိုလ်ချုပ်လက်ထဲက ကြေးစာလိပ်လေး သူခိုးတွေက သံရည်ကြိုလို့ ကျဉ်ဆံလုပ်လိုက်ကြလို့ ကြေးရုပ်နားတောင် ဘယ်လူမှ မကပ်ရဲတော့ပါဘူး။


မအယ်

The latest said...

"လွတ်လပ်ရေးရတာအောင်ဆန်းကြောင့်လို
ထင်ရင်မှားလိမ့်မယ် Geo politic
ကြောင့် British က Asia က ဆုတ်
ဖို့ ဆုံးဖြတ်ပြီးသားပါ..
ဗမာတသိုက်က ကိုယ့်ဘာသာ
မွှန်းနေကြတာ"
အထက်ပါ Comment ကိုမှားတယ်လို့တော့မဆိုပါဘူး။
ဒါပေမဲ့ ဗိုလ်ချုပ်ကိုတော့မလေးစားလို့မရဘူးလေ။ ဗိုလ်ချုပ် တိုင်းပြည်အတွက်အနစ်နာခံခဲ့တာတွေကို ပြည်သူတွေမျက်မြင်တွေခဲ့ကြတာပဲ။
ဗိုလ်ချုပ်ကို တနိုင်ငံလုံးနီးပါးက ထောက်ခံခဲ့ကြတာပဲလေ။
တိုင်းပြည်တပြည်ဟာ စည်းလုံးညီညွှတ်မှုရှိမှ တိုးတက်မှာလေ။
ဗိုလ်ချုပ်က နိုင်ငံစည်းလုံးရေးကို အောင်မြင်အောင်လုပ်နိုင်ခဲ့လိုလည်း British ကဖြုံသွားတာပေါ့။
British just leave Burma, they never wanted us to be united and independence country. What Bogyoke achieved at that time is something that was affected and feared by Supreme Power Countries which we can be proud of endlessly.
I really wish we can be proud of being Myanmar again. I never ashamed of being Myanmar but I don't get a chance to be proud.

ချော (အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးဖတ်ပြီး ရင်ထဲမှာ နင့်ကနဲခံစားရတယ်..
မျက်ရိုင်းထဲက ကြေးရုပ်ကိုလဲ မျက်စိထဲ ကွက်ကွက် ကွင်းကွင်း မြင်ယောင်လာမိတယ်..
စိတ်မကောင်းဖြစ်မိပါတယ်. အစ်မရယ်..
မြက်ရိုင်းတောထဲ ကိုယ်မပါမိအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားမိပါတယ်...

Shinlay said...

ဗိုလ်ချုပ် နဲ့ ဆရာ့ကို လေးစားခြင်းများစွာနဲ့ 
ကဗျာလေးလာဖတ်သွားပါတယ်။

ကိုလူထွေး said...

နွားပဲဖြစ်ဖြစ် မြက်ရိုင်းပဲဖြစ်ဖြစ် သဘာဝတရားအရ ဖြစ်လာရတာ...

ရှက် စ ရာ မ ဟုတ် ပါ ဘူး လေ...


ကိုယ်တို့တွေက “ကြေးသူခိုး” တွေမှမဟုတ်ကြတာ...

ဖြေသာပါသေးရဲ့...

ညီမလေး said...

အဲ့ဒီကြေးရုပ်ကို ဘယ်သူဘယ်ဝါမှန်းတောင်မသိတဲ့ မျိုးဆက်သစ်လေးတွေ များလာတော့မယ်အမရယ် .... T.T

Kay said...

အာဇာနည် ကျောက်တိုင် တွေ တောင် တချို့မြို့တွေမှာ ဖြိုလှဲ ရောင်းချ စားသောက် နေကြပြီပဲ..။ ဗိုလ်ချုပ်ရေ.. ရင်မနာ နိုင်တော့ဘူး..

မယ်ကိုး said...

ဒီလိုနဲ့ တစ်နေ့နေ့ ကို မျှော်ကာ မြက်ရိုင်းကို မျက်နှာလွှဲနေမိသလား။
ဝမ်းနည်းရပြန်ပါတယ် မရယ်။

နွေဆူးလင်္ကာ said...

ကျနော်လည်း မြက်ရိုင်းထဲက ဗိုလ်ချုပ်ကို တွေ့ဖူးတယ်အစ်မ။ အဝေးကြီး မဟုတ်ပါဘူး။ နေပြည်တော်ဆိုတဲ့ ပျဉ်းမနား ရှမ်းကန်ထောင့်က ဗိုလ်ချုပ်ပန်းခြံဆိုတဲ့ ပန်းခြံ ကျဉ်းကျဉ်းလေးမှာပါ။ ကျနော် ဘလော့ဂ်မလုပ်ခင်ကပေါ့။ ဒါနဲ့ ရင်ထဲမှာ တနုံ့နုံ့ ခံစားနေရလို့ ရုပ်ထုများအကြောင်းဆိုပြီး အက်ဆေးလေး တစ်ပုဒ်ရေး ရှိတဲ့ သူငယ်ချင်း အားလုံးကို မေးလ်ပို့ဖြစ်ပါတယ်။ တိုက်ဆိုင်မှုများလားတော့ မသိဘူးပေါ့။ ကျနော် ပို့ပြီး သိပ်မကြာခင်မှာပဲ မြက်ရိုင်းတွေ ရှင်းနေတာ တွေ့ရတယ်။ မဟုတ်နိုင်မှန်း သိပေမယ့် ကျနော့်စာကြောင့်လို့ ဂုဏ်ယူချင်တာတော့ အမှန်ပဲ အစ်မရေ။
အဲဒီအက်ဆေးလေးကို ပြန်ရှာလို့ ရရင် ပို့ချင်ပါတယ်။

kokomaung.uk said...

တန်ဖိုးရှိတဲ့သူမှ တန်ဖိုးထားရမဲ့အရာကို တန်ဖိုးထားတတ်ကြပါတယ်။

ဝေလင်း said...

စိတ်မကောင်းဘူးအစ်မရာ.. ကဗျာလေးဖတ်ပြီးတော့ရော။ ကဗျာရေးဖြစ်တဲ့အကြောင်းလေး ဖတ်ပြီးတော့ရောပေါ့..

ahphyulay said...

သိပ်ကောင်းလွန်းပါတယ်။ရင်နာဖွယ်ပါပဲ။
ငယ်စဉ်က မှတ်မိပါသေးတယ်။
ဗိုလ်ချုပ်တို့  ကျဆုံးချိန်ရောက်တိုင်း မိုးဖွဲထဲမှာလေ..၊
ရောက်တဲ့ နေရာမှာပဲ လူသူ စက်ယဉ် တေါအကုန်ရပ်ပြီး
ဥသြ တွေဆွဲ လို့  ညိမ်သက်စွာ ယမ်းနဲ သတိရခြင်း အထိမ်း
အမှတ်နဲ့ နေနောကပေမဲ့  အားလုံးရဲ့  မျက်ဝန်းထဲမှာ
မျက်ရည်စ တွေနဲ့ ပါလို့ ။ အခုတော့  တဖြည်းဖြည်း ပုံပြင်
ဖြစ်ဖြစ်လာပါပြီလေ။

ရွှေရတုမှတ်တမ်း said...

မြင်းစီးထားတဲ့ဗိုလ်ချုပ်ဆိုရင် နောင်လာနောက်သားများက cowboy လို့တောင်ထင်ကြမလားမသိဘူး....း(((

မေ့သမီး said...

အမ မာယာမှာဖတ်ပြီးမှ ဒီရောက်လာတာ။ ဆရာကဗျာ ကောင်းလွန်းလို့ မျက်ရည်တောင်ဝဲမိတယ်။ ကိုယ်တိုင်လည်း မျက်ရိုင်းတွေကိုမျက်နှာလွှဲခဲ့မိတယ် ထင်ပါရဲ့။

Bino said...

I like so much most of poems of poet, Tin Moe.
Some are still kept in my heart.
We had learned Tin Moe's poems as compulsory subject of Myanmar Literacy.
We never forgot about General Aung San.
Let me copy above heartbreaking poem.

BINO

နွေဆူးလင်္ကာ said...

ရုက္ခစိုး မိုက်ကို လာဖတ်ပါဦး အစ်မရေ ..

စံလင်းထွန်း said...

စာတွေလာဖတ်ပါတယ်ခင်ဗျာ။

ကိုချစ်ဖေ said...

သမိုင်းဆိုတာဖျောက်လို့ရတယ်ထင်နေကြတာပါ သခင်အောင်ဆန်းရဲ့ မြန်မာပြည်ကို မြန်မာပြည်သူတွေကို ချစ်တဲ့အချစ်ကို မဖျောက်နိုင်ကြပါဘူး...
နောက်ဆုံး ဗိုလ်ချူပ်အောင်ဆန်းကို မသိကြဘူးထားပါတော့ ဗိုလ်ချူပ်အောင်ဆန်းရဲ့ သမီးထွေးက မြန်မာပြည်သူတွေ လွတ်လပ်ရေးအတွက် သမိုင်းအသစ်ရေးပြီး ကမ္ဘာက ချစ် လူထုက ချစ်နေကြပါပြီ..သေနတ်တွေနဲ့တော့ လူတွေကိုဖိနှိပ်လို့ပဲရမှာပါ..သမိုင်းကို ဖိနှိပ်လို့တော့ မရပါဘူး..

thwe thwe said...

မမရေ
ကဗျာလေးက ခေတ်ရဲ့ပုံရိပ်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောပြတယ်နော်။
ညီမ နားမလည်တာ တစ်ခုရှိတယ် တကယ်ဆိုရင် နေ၀င်းလဲ တိုင်းပြည်အပေါ်မကောင်းပါဘူး။ ဒါပေမဲ့ သူ့ ခေတ်တုန်းကဆိုရင် မူကြိုမှာလဲ ဗိုလ်ချုပ်ကဗျာ၊ ကျောင်းကဗျာ ပြိုင်ပွဲမှာလဲ ဗိုလ်ချုပ်ကဗျာ၊
ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ ဆိုရင်လဲ အလံတစ်ဝတ်လငြ့် ပြီး ဥသြဆွဲသံကို ရေဒီယိုက ကြားရတယ်။
ဘာပဲ ဖြစ်ဖြစ် ကိုယ်တို့ ရဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်အတွက် ဒီလိုလုပ်နေရတာကို ၀မ်းသာပီတိဖြစ်တယ်။
အခုတော့ သေသွားတဲ့ ခေါင်းဆောင်ကောင်းအကြောင်းကို အသံမှ မဟရအောင် ဘာလို့ လုပ်နေကြတာလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က သေသွားတဲ့ လူကို သူတို့ ဒီလောက်ထိ ကြောက်နေသလား။ အင်း ဒါကိုက ဗိုလ်ချုပ်ရဲ့ တိုင်းပြည်နဲ့ လူမျိုးကို ကောင်းစားစေချင်တဲ့ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်စွမ်းရည်က အခုထိ ရှင်သန်ကြောင်း သက်သေပြတာ နေမှာနော်။

Nge Naing said...

ကျွန်မက ဒီကဗျာကို ဆရာဦးတင်မိုးတို့ စာပေဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ အခွေထဲမှာ စပြီး နားထောင်ရပါတယ်။ ဆွံ့အနားမကြားအတွက် ဟောပြောကြတာ စာရေးဆရာမဂျူး၊ ဆရာကြီးဦးတင်မိုးနဲ့ နောက်တယောက်က ဘယ်သူလဲမသိဘူး သုံးယောက် ဟောပြောထားတဲ့ အခွေနားထောင်ဖူးတယ်။ ဒီကဗျာလေးကို စာသားအနေနှင့် အခုပြန်ဖတ်ရတာ ကျေးဇူးတင်ပါတယ်။

တန်ခူး said...

ချိုသင်းရေ… ရင်ထဲမှာ ထိရှခံစားရတယ်… မြက်ရိုင်းတွေထဲက ကြေးရုပ်နံဘေး ကိုယ်ကိုယ်တိုင် ရောက်သွားသလို ယူကျုံးမရဖြစ်မိတယ်… ခုဆို အဲဒီကြေးရုပ်လေး မြက်ရိုင်းတွေ ဖုန်းပြီိးမြင်မှမြင်လို့ ရပါဦးမလားတွေးမိတယ်…

eaindraomtt said...

အစ်မချိုသင်းရေ...

အာဇာနည်နေ့ရှိရင်ဖြိုးကြီးနေ့လည်းရှိမှာပေါ့လို့
ကလေးတွေက မေးကြတယ်တဲ့.......

မျက်မှန်လေး said...

မမိုးချိုသင်းရေ...လာလည်ပါတယ်နော်
လွတ်လပ်ေ၇းဖခင်ကြီးကိုလည်း သတိတရ ရှိနေဆဲပါ မရယ်။။

ကြည်ဖြူပိုင် said...

မမရေ
မမကြိုက်တာနဲ့အနော်ကြိုက်တာနဲ့
ချွတ်စွပ်ပဲလား။ ဒါဆိုရင်တော့ ကော်တာပဲ
နောက်တစ်ပတ်ကျရင်
မမကို အားရပါးရ လွမ်းပစ်လိုက်မယ်။
:)

ချစ်ကြည်အေး said...

ချိုသင်းရေ...ဘယ်လိုပဲ ဖျောက်ဖျက်ပါစေ...အားလုံးရဲ့ ရင်ဘတ်ထဲကတော့ ဆွဲထုတ်လို့ ရနိုင်ပါဘူးလေ...

ဇွန်မိုးစက် said...

မမရေ..ကဗျာဖတ်ရင်း ရင်ထဲမှာ ထိထိရှရှခံစားရပါတယ်။ ညီမတို့ရဲ့ ရင်ထဲမှာတော့ ဗိုလ်ချုပ်အတွက် မြက်ရိုင်းတွေ ဘယ်တုန်းကမှ မလွှမ်းခဲ့တာ အသေအချာပါ။

goodson said...

အော် လူတွေ လူတွေ
ရုပ်ထုက ကြေး စာ၇ွက်ကို ဖြုတ်ရောင်းတာ လဲ အောင်ဆန်းမြိုးက လူတွေ ဘဲနေမှာပေါ့ ဗျာ
မြက် မရှင်းတာကတော. အဲဒီ ရပ်ကွက်က လူတွေ အလုပ်မ လုပ် ဘူးဆိုတာ သိတာနေတယ်နော် ။
မြက် တွေ ထနေတယ် ဆိုတာတော. နိုင်ငံတော်ကြီးနဲ မဆိုင်လောက် ဘူးထင်တယ်ဗျာ
အမြင်မတော်ရင် ခင်ဗျားတို. သွားပြိး
ရှင်းပေးလို. ထောင်ထဲ မထည်.လောက် ဘူးလို. ထင်ပါတယ် ဘာလို. မ ဟုတ်တာတွေ ပြောနေကြတာလဲ
လုပ်သင်.တာ လုပ်ကြစမ်းပါ ။ အာတွေ ဘဲ ရီုက်မနေနဲ. ။

myakhin said...

ဗိုလ်ချုပ်ရဲ့ကဗျာလေးတွေကို ငယ်ငယ်ကတည်းက ရွတ်ရင်း သူ့အပေါ်လေးစားအားကျစိတ်နဲ့ ကိုယ့်ကိုကိုယ် စိတ်ကောင်းမွေးဖို့ အလေ့အထကောင်းရခဲ့တယ်လို့ အခုချိန်မှာ ပြန်သုံးသပ်မိတယ်။

ဆရာကြီးဦးတင်မိုးအသံကို တခါပဲ ထိုင်းနိုင်ငံမှာ ကိုယ်တိုင်ကိုယ်ကျ နားထောင်ဖူးခဲ့တာ။ အသံအရမ်းချိုတာ
နားထောင်လို့မ၀ဘူး။

အဲဒီကဗျာရွတ်သံလေးကို တင်ထားပေးရင် ကောင်းမှာနော် မချိုသင်း...
(မြ)

ကိုခိုင် said...

လာလည်ပါတယ်။
တနေ့မှာတော့ ဗိုလ်ချုပ်ကိုလေးလေးစားစားနဲ့
ဂုဏ်ပြုကြရတော့မှာပါ။
မဝေးတော့ဘူးလို့ထင်မိတာပဲ။
ကိုခိုင်

နန်း said...

ကဗျာလေးခံစားသွားပါတယ်

Mechanical, Planning and Supply Chain said...

ခေတ်တခေတ်ရဲ့ အဖြစ် (ပြောရရင်တော့ အပျက်ပါ) ကိုမှတ် တမ်းတင်ထားတဲ့ကဗျာလေးပဲ အမရေ...တချိန်မှာ သမိုင်းဖြစ်လာမှာ မို့...ကျွန်တော်တို့ သည်းခံရဦးမှာပေါ့...

ကောင်းကင်ကို said...

ကဗျာလေးဖတ်ပြီး ဝမ်းနည်းမိတယ်။

PhyoPhyo said...

တူလေးငယ်ငယ်က ပြောဖူးတာ သတိရမိတယ်၊ ဗိုလ်ချုပ်က အဆဲသန်တယ်တဲ့၊ တကယ်ပဲ ဆရာဆရာမတွေကို အဲဒီလို သင်ပေးဖို့ ညွှန်ကြားထားကြလားမသိနိုင်ဘူး၊ တူလေးကို တော်တော်ရှင်းပြခဲ့ရဖူးတယ်၊ ဗိုလ်ချုပ်က ဘယ်လိုလူမျိုးဆိုတာ၊ ပျဉ်းမနားမှာငယ်ငယ်တုန်းက ရှမ်းကန် ဗိုလ်ချုပ်ကြေးရုပ်မှာ အာဇာနည်နေ့ညတိုင်း လွမ်းသူ့ပန်းခွေတွေအများကြီး သွားကြည့်နေကြ၊ ဗိုလ်ချုပ်ကြေးရုပ်က မဲမဲမှောင်နေပေမဲ့ အမေရှင်းပြခဲ့ဖူးလို့ မကြောက်ခဲ့၊ ချစ်ခင်လေးစားခဲ့ကြတာ၊ အခုတော့ အဲဒီအစဉ်အလာက လွမ်းစရာဖြစ်သွားပါပြီ၊
ကဗျာလေးကို ဖတ်ရင်း စိတ်မကောင်းဖြစ်မိပါတယ်၊ ချစ်ခင်လေးစားလျှက်

victorOway said...

ကဗျာလေးကို လာဖတ်ခံစားပါ၏၊
မောင်ချောနွယ်ရဲ့  ကဗျာစာသား အပိုင်းအစလေးကို ကျနော်ချန်ထားရစ်ခဲ့မယ်နော်အစ်မ-ဘာတဲ့--
---သြော်--မေလ--မေလ
---ပြုတ်ကျသွားတဲ့ ၀က်သားဖတ်လေးတောင်
---ကောက်စားမသွားရတဲ့ မေလ---
၁၉၉၀ခုနှစ်၊ မေလရွေးကောက်ပွဲကို သတိရသောအားဖြင့်--

Ven said...

မမိုးချိုးရေ
အခုဖြစ်နေတာတွေကို ကြားထား သိထားတော့ ဆရာကြီးကဗျာကို ဖတ်ရတာ ရင်မှာ နင့်နေတာပါပဲ။ အာဇာနည်စိတ်ဓာတ် နှင့် လုပ်ရပ်ကို လေးစားတတ်သူတွေ ရှိနေ သေးသ၍၊ ကျေးဇူးတရားကို သိတတ်သူတွေ ရှိနေသေးသ၍ ပြည့်သူ့အသဲမှာ အမျိုးသား ခေါင်းဆောင်ကြီး ဆက်ရှိမြဲ ရှိနေဦးမှာပါ။ အဲ မျက်ရိုင်းတွေကို ကြည့်တိုင်းယဉ်တဲ့ အလှဆင် မြက်လေးတွေ ဖြစ်အောင်တော့ ဝိုင်းပြုစုကြရမှာပေါ့ဗျာ။ အဲဒီလိဲုပြုစုကြတဲ့ မမိုးချိုတို့ သားအဖကို ကျေးဇူးတင်ပါတယ်။

Ven said...

မမိုးချိုရေ . . . အထက်မှာ မမိုးချိုးလို့ မှားသွားတာ အနူးအညွတ် တောင်းပန်ပါတယ်။ နာမည်စာလုံးပေါင်း မမှားဖို့ အရေးကြီးတယ် ဆိုတာ သိပေမဲ့ မှားသွားပါတယ်။
ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်။

suu said...

ိဗိုလ်ချုပ်အောင်ဆန်းကမှ ကျမတို့မန်မာတစ်မျိုးသားလုံးရဲ့ တကယ့်ဗိုလ်ချုပ် စစ်စစ်ပါ။ ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့ အစစ်အမှန် တစ်ခုပါ မချိုသင်းရယ်။ ဆရာ့ကဗျာလေးကိုဖတ်ပြီး စိတ်ထဲမှာူမက်ရိုင်းပင်တွေ နဲ့ ဗိုလ်ချုပ်ကြေးရုပ် ကိုမင်ယောင်မိတယ်။

Tun said...

အမ မိုးချိုေ၇ အမမင်္ဂလာဆောင် မှာ ဘဘ ၇ဲ့လက်ဖွဲ့ကဗျာလေးကိုဖတ်ပြီး နာမည်ကိုစ၇င်းနှီး၇ပါတယ်။ ဘဘကိုတော့ ဖန်မီးအိမ်နဲ့ပေါ့။ဘဘ၇ဲ့သမီးပီသစွာကဗျာ၊စာပေ၊နိုင်ငံအေ၇းတို့မှာတတပ်တအားထမ်းပေးနေ တဲ့အမ ကိုလေးစားဂုဏ်ယူပါတယ်ခင်ဗျာ။၇ိုး၇ိုးအဖိုးကြီး၇ဲ့သမီး၇ိုး ၇ိုးအမတွက်ကျွန်တော်တို့မြေဟာအမြဲတမ်း စိမ်းလန်းနေမှာပါ။မောင်ငယ် နေလင်း။

htoo said...

ဘယ်အရာမှ မြဲမြံမှု မရှိတာ တရားသဘောပါ..
ဒီလို မြင်ရတဲ့ အခြေအနေလဲ တနေ့သောအခါ ပြောင်းရမှာပါ.. အစစ်အမှန်ကိုဖုံးထားလဲ မရပါဘူးနော်..
တကယ်လုပ်ခဲ့တဲ့ သူမှ တကယ့်လူဖြစ်တာပါ...

ခင်လျက်
ကိုလင်း

ဝရဇိန် said...

ကောင်းပါတယ် ဗျာ ..အလယ်ရောက်လာပါတယ် အွန်လိုင်းလောက ထဲကိုရောက်လာတာ မကြာသေးပေးမဲ့ အခု လိုစာလေးတွေ ဖတ်ရတာ သိပ်ပြီး ဂုဏ်ယူမိသလို အလည်းကျမိပါတယ် .. နောက်လည်ူး အလည်လာလာအုန်းမယ်နော် ခွင့်ပြုပါ

ဝရဇိန် said...

ရွှေကျောင်းကိုလည်း အလည်လာအုန်းနော်

mawphone said...

အင်း သမိုင်းနာလို့ နာမှန်းမသိ

ဟုတ်တယ် ချိုသင်း။

လွတ်လပ်ရေးဖခင်ကြီးနဲ့ ကဗျာ့ ဖခင်ကြီးတို့ ငြိမ်းချမ်းမြင့်မြတ်သောဘုံဘ၀မှာ ချမ်းမြေ့ကြပါစေ