လူကလဲ အဲဒီ ပီးပေါ် ပီးပေါ် အသံကြားရင် အလိုလို လန့်နေတာ..။ တယောက်ယောက်ကများ 911 ခေါ်လိုက်ရင် ရဲကား၊ မီးသတ်ကား၊ လူနာတင်ကား စီတန်းပြီး သွားတော့တာကိုး။ သူတို့ အရေးတကြီးသွားတာတွေ့ရင် ကားကို လမ်းဘေး ကပ်ရပ်၊ လူနာ အသက်မီပါစေ လို့ ဆုတောင်းပေးမိတတ်တယ်။ အဖေ့တုန်းက အသက်မမီတာလေးကို တွေးမိလို့ပါ။
အရင်ကတော့ ကိုယ်က လူနာတင်ကားတွေ့ရင် Mr. Bean လို နောက်က ကပ်လိုက်သွားရရင် ကောင်းမှာ လို့ နောက်တီးနောက်တောက် တွေးတတ်တယ်။ ဒါဆို မီးပွိုင့်လဲ မနီ၊ ရှေ့ကားလဲ မစောင့်ရ၊ ဇိမ်ပဲ။ စိတ်ကူးထဲမှာ လုပ်တာပါ၊ အပြင်မှာ မလုပ်ပါဘူး။
အခုတလော ကိုယ်က ကားပြန်မောင်းကျင့် နေပါတယ်။ တကယ်တော့ ခုလို ကိုယ့်အားကိုယ်ကိုးပြီး သွားသင့် လုပ်သင့်နေတာ ကြာပါပြီ။ ခုမှသာ မသွားမဖြစ် သွားရမဲ့ နေရာတွေ၊ မလုပ်မဖြစ် လူခွဲလုပ်ရမဲ့ အလုပ်တွေနဲ့မို့ သူ့ကို ပုံပြီး အားကိုးနေတာတွေ ဒီဂရီနည်းနည်း လျှော့ထားတယ်။ ကိုယ်တိုင် သွားနိုင်အောင် လုပ်နိုင်အောင် ကြိုးစား လုပ်ကြည့်နေတယ်။
ဖရီးဝေးပေါ် တက်မောင်းနေပြီဆိုလို့ တိုးတက်နေပြီလို့ အထင်မကြီးပါနဲ့အုံး။ ကိုယ့်ပုံစံက လူအများ ခေါ်ချင် ပြောချင်ပုံ အင်မတန်ပေါက်ပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကားကို ကျော်တက်ပြီး အတော်ကို စိတ်ဆိုးမာန်ဆိုးနဲ့ တစောင်းကြီး စွေစောင်းကြည့်သွားတာကို ခဏခဏ ပြုံးပြရဖူးတယ် (ကိုယ်နှေးနေလို့)။
တခါတလေ ပြူတင်းပေါက်မှန်ကိုချ အော်ဟစ် နှုတ်ဆက်သွားတာမျိုး ကြုံဖူးတယ် (တကယ်က ဆဲသွားတာနေမှာ)။ တချို့ကတော့ ကိုယ်က ပြန် ကြည့်လိုက်ပါမှ လက်ထောင် ပြတယ်၊ အစက လက်ပြ နှုတ်ဆက်တယ် ထင်မိတာ။ ငါ့အသိလဲ မဟုတ်ပါဘူး လို့ စိုက်တောင် ကြည့်လိုက်သေး။ ပြန်တော့ ပြုံးပြလိုက်ပါတယ်လေ..။ သူလဲ အတော် ကြောင် အ သွားပုံပဲ။
တကယ်က ကိုယ်က ခဲမှန်ဖူးတဲ့ စာသူငယ် ဖြစ်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပရောက်မှ ကား ၂ကြိမ် တိုက်ဖူးပါတယ်။ တခါက စင်ကာပူမှာ၊ နောက်တခါက အခု LA မှာ။ အဲဒီအကြောင်းလဲ ကြုံတုန်း ပြောပြပါရစေအုံး။
စင်ကာပူမှာ တိုက်တုန်းက ကိုယ်က နေမကောင်းဖြစ်နေချိန်။ အရမ်းဖျားပြီး ဆက်တိုက် အန်နေတယ်။ ဒါနဲ့ ဆေးခန်းကို နှစ်ယောက်သား ပြေးကြတာပေါ့။ ကိုယ်က ဆေးခန်းအသွား လမ်းမှာလည်း အန်တုန်းပဲ။ ဒါနဲ့ ကြွပ်ကြွပ်အိတ်ထဲမှာ အန်ရတယ်။ ကိုယ်က အန်ရင် ပါးစပ်ကို တစ်ရှူးနဲ့ သုတ်လိုက်၊ တစ်ရှူးကို ကြွပ်ကြွပ်အိတ်ထဲ ပစ်ထည့်လိုက်၊ ဆက်အန်လိုက် နဲ့။
တော်တော်ကြာတော့ ကိုယ်အန်နေတဲ့ ကြွပ်ကြွပ်အိတ်ထဲမှာ သွေးတုံးကြီး သွားတွေ့တာ..။ ကိုယ်လဲ လန့်ပြီး “အကိုရေ ချိုသင်း သွေးတွေ အန်နေပြီ” လို့ သူ့ကို လှမ်းပြောမိတယ်။ သူကလဲ ပျာပြီး ဟေ..ဟုတ်လား တဲ့။ ကားမောင်းရင်းတဖက် ကိုယ်အန်နေတဲ့ အိတ်ထဲ လာငုံ့ကြည့်လိုက်တာ ရှေ့က ကားကို ဂျိမ်းလိုက်ပါလေရော..။
တကယ်က ကိုယ်မှားတာ..။ ကိုယ်သုတ်နေတဲ့ တစ်ရှူးက ပန်းရောင်ဆိုတော့ ကြွပ်ကြွပ်အိတ်ထဲရောက်သွားတဲ့အခါ အရည်စိုပြီး အနီရောင်ဖြစ်သွားတာကို ကိုယ်က သွေးတုံး ထင်သွားတာလေ..။
ကားတိုက်ပြီလို့ သိလိုက်တော့ ထူပူသွားတယ်။ ကိုယ်က နောက်က သွားဆောင့်တာကိုး။ ကိုယ့်အမှားပေါ့။ ရှေ့ကကားကလဲ ရပ်ပြီး လူ၀၀ကြီးတယောက် ဆင်းလာတယ်။ အဲဒီအချိန်မှာ ကိုယ်က တံခါးဖွင့်ပြီး ကြွပ်ကြွပ်အိတ်ကြီးကိုင်ပြီး ပြေးဆင်းသွားတယ်။ ပြီးတော့ ဘာမပြော ညာမပြောနဲ့ ကြွပ်ကြွပ်အိတ်ကို အတင်းထိုးပြတာပါ။
ဟိုလူလဲ အတော်စကားပြောရမယ် မှတ်တာ၊ ကြွပ်ကြွပ်အိတ်ကြီး လာပြတော့ သူလဲ အိတ်ထဲ ငုံ့ကြည့်မိတယ်။ အန်ဖတ်တွေ တွေ့တော့ စိတ်အရမ်းလေ သွားပုံပဲ။ ဒါပေမဲ့ ကိုယ့်ရင်ထဲက စကားတွေ သူနားလည်သွားပြီ။ ဆေးခန်းအရင် ပြပြီးမှ ၀ပ်ရှော့ကို လိုက်ခဲ့ပါ တဲ့။ ဒီကားက သူပိုင်ကား မဟုတ်၊ ရုံးကားမို့ ကားတော့ ပြင်ပေးပါ တဲ့။ ဒီလောက် သဘောကောင်းတဲ့ စင်ကာပူသား မတွေ့ဖူးဘူး။ အန်ဖတ်တန်ခိုး ထင်တယ်။
နောက်တခါကတော့ LA မှာ ဖြစ်တာပါ။ ဒီတခါတော့ ကိုယ် မအန်တော့ဘူး။ ကိုယ်တို့ အမှားလဲ မဟုတ်ဘူး။ ဖရီးဝေးပေါ်မှာ ရှေ့ကားက ဘရိတ်ဆောင့်အုပ် ရပ်လိုက်တော့ ကိုယ်တို့လဲ လိုက်ရပ်လိုက်တယ်။ ကိုယ်တို့ရှေ့မှာ safety distance ရှိလို့ ကားမတိုက်မိဘူး။ ဒါပေမဲ့ နောက်က ကားကတော့ အရှိန်မထိန်းနိုင်လို့ အရှိန်နဲ့ ကိုယ်တို့ကားနောက်ကို ၀င်ကြုံးတာပါ။
တိုက်တဲ့ကားပေါ်မှာ ကလေး ၃ယောက် နဲ့ ကလေးအမေ ပါတယ်။ အမေက ကလေးတွေကို ထိန်းရင်း မောင်းတော့ ရှေ့ကား ရပ်လိုက်တာကို သတိမပြုမိဘဲ ဖြစ်သွားတယ်။
အဲဒီနေရာမှာ ကားတိုက်တာနဲ့ မဆိုင်တာလေး ပြောချင်သေးတယ်။ ကား နောက်ကြည့်မှန် ကနေ အရှိန်နဲ့လာနေတဲ့ ကားကိုလဲ မြင်ရော ကိုယ့်အမျိုးသားက စတီယာရင်ကို လက်လွှတ်ပြီး ကိုယ့်ကို လှမ်းဖက် ထိန်းလိုက်တာပါ။ နောက်ကနေ အရှိန် နဲ့ တိုက်တော့မယ် လို့ သူက မြင်ရတယ်လေ။ ကိုယ် ရှေ့က dashboard နဲ့ ဆောင့်မိမှာ စိုးလို့လေ..။
အဲဒီအချိန်လေးက လျှပ်တပြက် ခဏတွင်း ဖြစ်သွားတာလေးပဲ။ ဒါပေမဲ့ တကယ့်အရေးအကြောင်းမှာ ကိုယ်ကလဲ ခါးပတ် ပတ်ထားပါလျက်နဲ့ စိတ်ပူဖော် ရလို့ ကိုယ်က ပြန်တွေးတိုင်း ကြည်နူးနေမိတာ..။ အမှန်ခြစ် အကြီးကြီး တမှတ် ဆိုပါတော့..။
ခုတော့ လမ်းတွေလဲ နည်းနည်း သိလာပါပြီ။ အိမ်နဲ့ ဆိုင် သွားတဲ့ လမ်းကိုတော့ ကောင်းကောင်း သိပြီ (မသိခံနိုင်ရိုးလား၊ အသွားအပြန် တနေ့ ၂ခေါက်လေ..)။ တပတ်စာ ဈေးဝယ်မယ်ဆိုရင် ဈေးဆိုင်ကို ၂ခေါက်လောက် လမ်းမှားပြီးရင် ဆိုင်ကို တန်းကနဲ ရောက်ပါပြီ။ မဆိုးဘူး ခေါ်ရမှာပေါ့။
ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်တည်ဆောက်နေတဲ့ ကာလ လို့ ပြောရမယ် ထင်တယ်။ သီချင်းလဲ ကိုယ်မောင်းရင် စိတ်များမှာစိုးလို့ မဖွင့်ဘဲထားတာ ခုတော့ တဖြည်းဖြည်း အသံ တိုးတိုးလေးကနေ ကျယ်လာပြီး လိုက်ဆိုရဲတဲ့ အဆင့်တောင် ရောက်နေပြီ။
တနေ့ကတော့ ကျောင်းကအပြန် သီချင်းလေးဆို ပြီး တယောက်တည်း မောင်းပြန်လာတယ်။ ဖွင့်ထားတာ စိတ်ကြိုက် ရွေးသွင်းထားတဲ့ အခွေထဲက တင်ဇာမော် သီချင်း ထင်ပါရဲ့။ “မင်းရင်ထဲကို မေးကြည့်လိုက်ပါ ဒါ အချစ်စစ် လား” လို့ ဆိုပြီး လမ်းကြားလေးထဲ ကွေ့လိုက်တာ အရှိန်နဲ့ ကားကြီး တစင်းပေါ် တက်သွားပါရောလား။
ပြည်နယ် တခုကနေ တခုကို ကားလေးတွေကို စီတင်ပြီး ကားတွေ သယ်ပို့တဲ့ (car carrier truck) ထရပ်ကားအရှည်ကြီးတွေ ဟိုင်းဝေးလမ်းမကြီးတွေမှာ တွေ့ဖူးမှာပေါ့။ အခုလဲ အဲဒီကားကြီးက loading လုပ်ဖို့ ကားတက်လမ်းလေးကို မြေကြီးပေါ် ချထားတာ..။ သူရပ်ထားတာကလဲ လမ်းအကွေ့ထိပ် ဆိုတော့ ကိုယ်ကလဲ မမြင်ဘဲ ကွေ့ပြီး ကားကြီးပေါ် တခါတည်း တက်လမ်းလေးကနေ တန်းတက်သွားတော့တာလေ..။
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိပြီး မေးကြည့်လိုက်စမ်းပါ ဘာညာ နဲ့ သီချင်းအဆို ကောင်းလိုက်တာ တခါတည်း မမေးလိုက်ရဘဲ တခြား စတိတ် ပါသွားတော့မလို့..။ ဟ..ဘယ့်နှာကြီးပေါ် တက်သွားပါလိမ့်၊ နောက်ပြန်ဆုတ်ပါဟ၊ ဆင်းပါဟ နဲ့ အတော် ချွေးပျံသွားတယ်။
နောင် ဆင်ခြင်စရာတွေ တိုးရပြန်တာပေါ့လေ..။
မိုးချိုသင်း