စာသင်ခြင်း

အခု ဒီမှာ နွေရာသီ ရောက်လာပြီဆိုတော့ ထုံးစံအတိုင်း ပူ စ ပြုပြီပေါ့။ ပူတော့ နေလို့ ထိုင်လို့ မကောင်းဘူး။ လင်းတော့ လင်းချင်းပါရဲ့၊ ဒါပေမဲ့ အိုက်တယ်။ ကိုယ်က ဒီမှာ နွေဦးရာသီကို သဘောကျတယ်။ ရာသီဥတုလဲ ကောင်း၊ နေရောင်ခြည်လဲ ကောင်းကောင်းရလို့ပါ။ ပန်းတွေလဲ ပွင့်ကြတာမို့ မြင်မြင်သမျှ နှစ်သက်မိတယ်။

ငယ်ငယ်တုန်းက နွေရာသီဆိုရင် ကျောင်းပိတ်တာမို့ ပျော်စရာအကောင်းဆုံးပေါ့။ ကလေးဆိုတော့ နွေရာသီကိုသာ မျှော်မိတာပဲ။ ကျောင်းတက်ရတဲ့အချိန်တွေမှာ မနက်စောစော ကျောင်းတက်ဖို့ နှိုးရသလောက် နွေရာသီ ကျောင်းပိတ်ရက်ကျရင်တော့ အစောကြီး အလိုလို နိုးနေတတ်တယ်။ ဆော့ဖို့ ကစားဖို့ ရယ်ဒီပဲ ဆိုသလိုပေါဲ့။ ဒါကလဲ ၇တန်းလောက်အထိပါပဲ။

၈တန်း ကျောင်းပိတ်ရက်ကစ ပြီး ကိုယ်တို့ အမေ့ကျောင်းကို စ လိုက်ရပါတယ်။ အမေ့ကျောင်းဆိုတာ အမေဖွင့်ထားတဲ့ မူကြိုကျောင်းလေးပါ။ အဲဒီကျောင်းလေးကို အမေနဲ့အတူ လိုက်သွားရပြီး အမေစာသင်တာ ကူလုပ် ကူဝိုင်းပြီး ကလေးတွေကို စာသင်ပေး၊ သီချင်းဆို သင်ပေးရတာ..။ ကလေးတွေက ကျောင်းကြီး မတက်ခင် မူကြိုကလေးတွေ ဆိုတော့ ကူထိန်းရင်း ကိုယ်ပါ ရောဆော့တဲ့အခါလဲ ဆော့ပေါ့။

အမေက မိဘကို ကူလုပ်ရင်း ဘ၀ကိုလဲ နားလည်အောင်၊ လူတွေနဲ့လဲ ဆက်ဆံတတ်အောင်၊ ကျောင်းပိတ်ထားချိန်မှာ စိတ်လဲ မလေအောင် ၈တန်းကျောင်းပိတ်ရက်က စပြီး ကိုယ်တို့ ညီအမတတွေ အမေ့ကျောင်းလိုက်ရတော့တာပဲ။ အစမှာတော့ ပျင်းတယ်။ မလိုက်ချင်ဘူး။ နောက်တော့ တဖြည်းဖြည်းနဲ့ စာသင်ရတာလဲ စိတ်ဝင်စားပြီး ပျော်လာတယ်။ ကလေးတွေနဲ့ နေရတာ၊ သူတို့ တိုးတက်မှုလေးတွေ စောင့်ကြည့်ရတာ၊ သူတို့ ဖြူစင်မှုလေးတွေ သဘောကျမိတာ အစုံပေါ့။



ကလေးလေးတွေကို ပေါင်ပေါ်မှာ ပွေ့ချီပြီး သူတို့လက်သေးသေးလေးတွေပေါ် ထပ်ကိုင်ရင်း ၀လုံး ၀လုံး လို့ဆိုပြီး ၀ိုင်းဝိုင်း ရေးတတ်အောင် အတူတူ ရေးရတယ်။ အဖေ့ရဲ့ “မမ၀၀ ထထက” ကဗျာသင်ရင် ပုံဖော်စရာမလိုဘဲ ကိုယ့်ကိုကြည့်ကြည့်ပြီး သူတို့ ဆိုကြတယ်။ “နေလုံးနီနီ ညနေစောင်းတော့ အမေ့ကျောင်းကို သွားရမယ်” လို့ ဟန်ပန် အမူအရာလေးနဲ့ ဆိုရတာကို သဘောကျတယ်။ “မနီကလေး ဘာတွေသင်၊ စာရေးစာဖတ်သင်..” ဆိုတာ အဖေက ကိုယ်တို့ ညီအမတတွေကို စပ်ခဲ့တာမို့ အဲဒီကဗျာလေးတွေ ပြန်သင်ပေးရတာ ပျော်တယ်။

ကလေးတွေက မပီကလာ ပီကလာ နဲ့ ခေါ်တာက ဆရာမ မိုးချုပ်သင်း တဲ့။ “ချို” ပါ ဆိုတာ ပြောမရ။ ဘယ့်နှယ် ငါ့နံမည် လှတပတမှာ မိုးကြီးစုန်းစုန်းချုပ် သလို ဖြစ်ရပါလိမ့် လို့..။ တချို့က တရုတ်ကလေးတွေမို့ “သင်း” ကို “တင်း” လုပ်ချင်သေးတယ်။ သူတို့အသံလေး နားထောင်ပြီး ရီရ အမောပြေရတာပေါ့။

သတ်ပုံစစ်လို့ ရရင် ကိုယ်က သူတို့ထက်တောင် ပျော်မိသေးတယ်။ တချို့ကလေးတွေက သူတို့ စာရလို့ ကိုယ်ပျော်တာကို သဘောကျပြီး စာတွေတောင် ကြိုးစားလို့..။ ဂဏန်းတွေများ တွက်လိုက်တာ တကုံးကုံးနဲ့..။ နှပ်ချေးကို လက်ခုံနဲ့ သုတ်လိုက်၊ ကိုယ့်ကို မော့ကြည့်လိုက်၊ တွက်လိုက် နဲ့..။ ကိုယ်ကလဲ အမှန်အရှည်ကြီး ခြစ်ပေးလိုက်တာ..။

ဒါနဲ့ အရှိန်ရပြီး အမေ့ကျောင်းတင်မက၊ အိမ်မှာပါ စာတွေ သင်တော့တယ်။ အိမ်မှာ စာသင်တာကတော့ အိမ်မှာ လာကူတဲ့ ရွာက ညီမတွေကိုပါ။ သူတို့ရွာကို စာရေးရင် အဆုံးသတ်မှာ တော်သေပြီ လို့ ရေးထားတာကို “သေ”မှာ ၀စ္စနှစ်လုံးပေါက် ထည့်မှ မှန်တော့မပေါ့ လို့ မင်နီနဲ့ ဖြည့်ပစ်လိုက်တာမျိုး ဆရာလုပ်တတ်တယ်။ တခါတလေများ စာမရရင် မင်နီနဲ့ ပြင်ပစ်တာ စာအုပ်မှာ ရဲပတောင်းခတ်လို့..။ ပညာစွမ်းပြတယ် ပြောရမှာပေါ့။

ခင်မ ဆိုတဲ့ ညီမတယောက်ကတော့ သတ်ပုံစစ်တော့မယ်ဆိုရင် သူ့လက်မှာ ကူးပြီး မှတ်ထားတယ်။ ကိုယ်က အစက မသိဘူး၊ ခပ်တည်တည်နဲ့ သတ်ပုံခေါ်နေတာ။ မီးရထား စီးလာပါ၊ အလကား မစီးရ တို့ဘာတို့ပေါ့။ သူက ဆံပင်ကွယ်ပြီး လက်ဖ၀ါးက စာတွေကို ခိုးကြည့်ပြီး ရေးနေတာလေ။ မှန်လှချည်လား အောက်မေ့လို့ လက်ဖ၀ါး ပြပါအုံး ဆိုတော့ ရီနေတယ်။ တံတွေးနဲ့ ကြိတ်ဖျက်သေးတယ်။ မမီဘူး။ ဆရာမ မိသွားတာပေါ့။

ကိုယ်က ခိုးချလို့ ဆူပူ ကြိမ်းမောင်းလဲ ခင်မ က ရီနေတာပါ။ စိတ်မဆိုးပါဘူး။ လိုက်လဲ လိုက်တဲ့ ဆရာ တပည့်ပဲ။ ကိုယ့်အမတွေကတော့ ကိုယ်တို့ညဖက် စာသင်ဖို့ ပြင်ဆင်နေကြပြီဆိုရင် အိမ်ပေါ်တက်ပြေးကြတယ်။ နားအေးပါးအေး လွတ်ရာပြေးကြတဲ့ သဘောပေါဲ့။ ခိုးချရင် ကိုယ်က ဆူ၊ သူက ရီနဲ့ မုန့်လုံးစက္ကူကပ်နေလို့လေ..။ ဟိုတယောက်ကလဲ စာရတောင် ခိုးတော့ ကူးလိုက်ရမှ.. ဆိုတာမျိုး။

“ခင်မရယ်၊ နင်ကလဲ နင်ပဲ၊ ဘာလို့ သူမကြိုက်တာ ခိုးချရသလဲ၊ မသင်ချင်လဲ မသင်ပါနဲ့တော့” လို့ အမတွေက ပြောကြလဲ ခင်မက သင်ချင်တာပါပဲ။ အင်မတန် ကြိုးစားချင်စိတ်၊ စာတတ်ချင်စိတ် ရှိပါတယ်။ ဒီလိုနဲ့ သူလဲ ရည်းစားစာ ကို သတ်ပုံမှန်မှန်နဲ့ ရေးတတ်သွားပြီး ယောကျာင်္းရသွားမှပဲ ကိုယ်တို့စာသင်တာ တခန်းရပ်တော့တာ..။ သူကြိုးစားနေတာ ဒါကြောင့်ကိုး။

ဒီလိုနဲ့ လုပ်ငန်းခွင်ထဲရောက်၊ ရေခြားမြေခြားရောက်နဲ့ စာသင်ခန်းလေးနဲ့ အလှမ်းကွာသွားတယ်။ ဟိုးတလောက ကိုယ်တို့နေတဲ့မြို့မှာ မြန်မာကလေးလေးတွေကို အခမဲ့ မြန်မာစာ သင်ပေးကြမယ်ဆိုပြီး လူကြီးတွေက စီစဉ်ကြတော့ ကိုယ်တို့လဲ ကိုယ်တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကြတာပေါ့။ ရန်ကုန်မှာ ကျောင်းအုပ်ဆရာမ လုပ်သက်ရင့်ခဲ့တဲ့ မာမားနဲ့ အတူ သားအမိနှစ်ယောက် တနင်္ဂနွေနေ့တိုင်း ကလေးတွေကို မြန်မာစာ သွားသင်ကြပါတယ်။

ဒီမှာက ကလေးတွေက မြန်မာလိုစကားပြောတဲ့ အသိုင်းအ၀ိုင်းမှာ ကြီးပြင်းရတာမဟုတ်တော့ သူတို့ကို ကိုယ့်ဘာသာစကားတခုကို စိတ်ဝင်စားလာအောင်၊ ပြောချင်၊ ရေးချင်လာအောင် ဆရာမတွေအားလုံး တိုင်ပင်ဆွေးနွေးပြီး သင်ကြတာပါ။ ရန်ကုန်မှာ သင်ရတာနဲ့ မတူပါဘူး။ လူကြီးမိဘ ဆရာသမားကို ရိုသေလေးစားဖို့ ဂါရ၀တရားလဲ ပြောပြ သင်ပြရတယ်။ နားထောင်ကျင့် ပြောကျင့်ရအောင် ကဗျာတွေ၊ ပုံပြင်လေးတွေလဲ ဆိုပြ၊ ပြောပြရတယ်။

ကလေးတွေက စိတ်ပါဝင်စားကြပါတယ်။ စကားလဲ နားထောင်တယ်။ အိမ်စာလဲ မှန်မှန် လုပ်လာပြီ။ ဆရာမကို ပြောရင်လဲ မြန်မာလို ကြိုးစားပြီး ပြောကြတယ်။ တချို့မိဘတွေက မြန်မာလို အိမ်မှာ အမြဲပြောနေတဲ့ကလေးများဆိုရင်တော့ စကားပြောရာမှာ သိပ်အခက်အခဲ မရှိဘူး။ ပိုသွက်သွက် ပြောနိုင်တာပေါ့။ ကိုယ်တို့ကလဲ မြန်မာလိုပဲ ပြောပြီး သင်တာပါ။ ဘာသာစကားတခုဆိုတာ တတ်ထားရင် အကျိုးများတာပဲ မဟုတ်လား။

အဲဒီမှာ သင်တာနဲ့ ယူတာ ကွဲလွဲတာလေးတွေကို ပြောပြချင်သေးတယ်။ ပထမဆုံးနေ့မှာပဲ ၀လုံး သင်တယ်။ နောက် ထဆင်ထူး သင်လိုက်တယ်။ အိမ်ပြန်ရောက်တော့ ကိုယ်တို့မိတ်ဆွေ ကလေးအဖေက သူ့ကလေးကို မေးပါသတဲ့။ သားသားဆရာမက ဘာသင်လိုက်သလဲ လို့..။ ကလေးက ပြန်ဖြေတယ်။ နို့ နို့ တဲ့..။ မြတ်စွာဘုရား..။ ကိုယ်သင်လိုက်တာ ထဆင်ထူး သင်လိုက်တာပါ။ ကလေး အမြင် စူးရှလွန်းတယ်။

နောက်တခါတော့ ကလေးတွေကို ယပက်လက် သင်လိုက်ပါရော..။ ကလေးတွေ အဖေကလဲ မေးပြန်ပါရော။ ဒီတခါတော့ ကလေးက မြန်မာလို ဘယ်လို ပြောရမယ် မသိလို့ သူ့တင်ပါးကို ပုတ်ပြီး ပြောပါတယ်။ အဲဒါ ယပက်လက် တဲ့။ ကလေးမိဘတွေနဲ့ မိတ်ဆွေတွေဖြစ်နေလို့ သာပေါ့၊ နို့မို့ဆို ချိုသင်း ဘာတွေ သင်နေပါလိမ့် ဖြစ်မှာ..။ ကလေးတွေက သူတို့အမြင်နဲ့ တွဲမှတ်ထားကြတာပါ။ လန့်လောက်ပါပေတယ်။

သူတို့က အင်္ဂလိပ်စာကို ပိုအားသန်တာမို့ မြန်မာအက္ခရာတွေကို အင်္ဂလိပ်လို တွဲမှတ်သေးတယ်။ ဒဒွေးကို three 3 တဲ့။ “အ”ကို thirty two 32 တဲ့။ င ကို C စီ တဲ့။ ဓ ကို Q တဲ့။ သူတို့မှတ်ထားတာလေးတွေက ချစ်စရာလေး။

နောက်ပြီး သူတို့ကို ကိုယ် မြင်တွေ့နေရတဲ့ နီးစပ်တဲ့ အရာတွေကို မြန်မာလို့ ခေါ်ပုံခေါ်နည်း သင်ရသေးတယ်။ ဥပမာ လက်မ ကိုပြပြီး ဒါကို လက်မ လို့ ခေါ်တယ်၊ လက်ညှိုးကို ထောင်ပြီး ဒါကတော့ လက်ညှိုး ပေါ့။ လက်ခလယ်ကျတော့ ကိုယ်ကလဲ လက်ခလယ်တခုတည်း ထောင်ပြီး ဒါ ဘာလဲ ဆိုတော့ Oh My God!!! တဲ့။ ကလေးတွေ အကုန်လုံး ၀ိုင်းအော်ကြပါရော။ ဆရာမလဲ ကြောက်လန့်ပြီး လက်ကို အမြန်ရုတ်လိုက်ရပါတယ်။ ကိုယ့်ရိုးရိုးကို သူတို့က ဆန်းဆန်း တွေးပစ်လိုက်ကြတာလေ..။

ဒီလိုနဲ့ ကလေးတွေနဲ့ ဆရာမ စခန်းသွားနေကြတာ အတော်တော့ ခရီးပေါက်နေပြီ။ ပျော်စရာလဲ ကောင်းတယ်၊ စိတ်လဲ ချမ်းသာရပါတယ်။ ဒါကြောင့် ကြည်နူးမိတာလေးတွေ ကိုယ့်မှတ်တမ်းမှာ အမှတ်တရ တို့ ထားလိုက်တာပါ။ နောက်လဲ သူတို့အကြောင်းလေးတွေ ရေးဖို့ ကြိုးစားအုံးမယ်။

မိုးချိုသင်း

62 comments:

Su said...

:)

thank u for sharing ur experience ma

ashley said...

No.1

ashley said...

ha ha ..sorry

No.2

သဒ္ဓါလှိုင်း said...

ကလေးတွေနဲ့နေရတာစိတ်ပျော်တယ်နော်..။
ဖြူစင်တဲ့ကလေးတွေကိုးမမချိုသင်းရေ..။

ခင်တဲ့
ညီမသဒ္ဓါ

Vista said...

လက်ခလည်ကို ဘယ်လိုများဆက်သင်တုန်း ဟိဟိ။

Vista said...

မိုးချုပ်သင်းတဲ့  .. ရယ်လိုက်ရတာ

nyeain said...

ပျော်စရာကောင်းလိုက်တာဆရာမရယ်။ ကလေးတွေကိုတောင်အရမ်းလွမ်းသွာပြီး ကျွန်မလည်း ရန်ကုန်မှာတုန်းက မူကြိုဆရာမပါ။ ကျွန်မနာမည် ဆဲန်ဒြာ ကို တယောက်က တီရှယ် တထွာ၊ တယောက်က တီရှယ် ဆန်ပလာ တဲ့။ ဆရာမထက်ဆိုးတဲ့နာမည်တွေကို ရတာပါး)။ တီရှယ် တထွာ နဲ့က တလမ်းထဲဆိုတော့ လမ်းမှာတွေ့ရင် အော်ခေါ်တော့တာပဲ။

မေဓာဝီ said...

ရယ်လိုက်ရတာ အမ။ ထဆင်ထူးတို့ ယပက်လက်တို့ကို ပြောတာ ရယ်ရတယ်။ အကြည်တော်ဝတ္ထုတောင်သွားသတိရတယ်။ ဆရာမလေးက ပန်းသီးပုံဆွဲတာကို တပည့်တွေက ဖင်တုံးကြီးပြောလို့ ကလေးတွေဆိုးကြောင်း ကျောင်းအုပ်ကို သွားတိုင်တာ ကျောင်းအုပ်က လိုက်ကြည့်ပြီး မင်းတို့ကောင်တွေ အတော်ဆိုးတာပဲ ဘယ်သူက ကျောက်သင်ပုန်းမှာ ဖင်တုံးကြီး ဆွဲထားတာလဲကွ တဲ့။
ဟီး အမစာဖတ်ပြီး အဲဒါသွားသတိရတာ။ :)
ကလေးတွေကို စာသင်ရတာ ပျော်စရာကြီးနော်။ ညီမလဲ ကလေးတွေကို စာသင်ပေးရတာ ၀ါသနာပါတယ်။

စန္ဒကူး said...

ဖတ်ရင်းနဲ့ ပြုံးမိတယ်..
ကလေးတွေပြောတာလဲဟုတ်သားနော်..
မမ စာသင်ရတာ ၀ါသနာပါတာကိုး...
ကလေးတွေနဲ့ဆိုစိတ်ချမ်းသာမှာသေချာတယ်..

P.Ti said...

ဟားဟား ကလေးတွေ မြင်တတ်တာကို ကြည့်ပြီး ရယ်လိုက်ရတာ...

ကျွန်တော်ငယ်ငယ်ကလည်း ဆရာက B ကို သိသာအောင် အောက်က အ၀ိုက်ကို ကြီးကြီးဆွဲပြတာကို ဆရာ့ဘီက ဗိုက်ကြီးနေတယ်ပြောလို့ မတ်တပ်ရပ် ဒဏ်ပေးခံရဖူးတယ်။

အဲလို အနုပညာမျက်စိရှိတာ... ဟိ

လုလု said...

ဆရာမဒေါ်မိုးချုပ်သင်းတဲ့လား မ ရယ်
ဖတ်ပြီးတော့လေ ကြည်နူးတာရော၊ ပျော်ရွှင်ရတာရော၊ ရယ်မောရတာရော ရသကို စုံသွားတာပါပဲ မရယ်။ ကလေးတွေရဲ့ သူတို့အရွယ်လေးနဲ့သူတို့ မှတ်သားကြတာလေးတွေကလည်း ရယ်စရာအကောင်းသားနော် မ။
မ ကျန်းမာရေးရော ကောင်းပြီလားနော်။ အစစအရာရာ အားလုံးအဆင်ပြေပျော်ရွှင်ပါစေနော်။
ချစ်ခင်စွာဖြင့်
လုလု

Thant said...

ရယ်လိုက်ရတာ ဆရာမဒေါ်မိုးချုပ်သင်းရယ်... :D

ရေတမာ said...

ဆရာမ သားလည်း စာသင်ချင်လို့ ကျောင်းလာအပ်တားP

ဂျူနို said...

ချိုသင်းက ကလေးတွေကို စာကူသင်ခဲ့တော့ ကလေးတွေကို ချစ်သွားတာနေမယ်
မအယ်က ဘဲစာ ကူစဉ်းခဲ့ပေမယ့် ဘဲတွေကို မချစ်ပေါင်:))

မအယ်

သိင်္ဂါကျော် said...

မမ စာသင်နေတယ်ပေါ့.. ကလေးတွေနဲ့က ပျော်ဖို့လည်းကောင်း .. စိတ်ညစ်ဖို့လည်း ကောင်းမှာပဲနော်..

Thet Oo said...

ခလေးတွေ သူတို့အကြောင်းရေးထားတဲ့ ပို့စ်ကို သူတို့ကိုယ်တိုင်ဖတ်နိုင်တဲ့အထိ စာတတ်ကြပါစေသား။

Kay said...

ပြုံးရပြန်ပြီ..မချိုသင်းရေ..း)
တူမ လုပ်သူ ကတောင် မေးနေတာ..မိုးချိုသင်း..အသစ်တင်ပလား တဲ့..

အမေရိက ရောက် ကလေးတွေ ရဲ့ မြန်မာစာ နဲ့ ပတ်သတ်လို့.. တလောက..မိုးမခ မှာ တွေ့လိုက်တဲ့..ပွင့်ဖြူ နန္ဒာ လေး ရဲ့ ဘာသာပြန်လေးကို ဖတ်ပြီး.. သဘောကျ.. ချီးကျုး နေမိသေးတယ်။ စာရေးတတ်အောင်ပါ.. လုပ်ပေး နိုင်တဲ့..မိဘ တွေ ကို ရောပေါ့..။

ကလေး ၂ ယောက် ကို မြန်မာစာ ဘယ်လို သင်ရမှန်း မသိ ဖြစ်နေတဲ့..သူငယ်ချင်း တယောက်ကို..ဒီစာပြပြီး..အကြံပေးလိုက် အုံးမယ်..။း)

ကောင်းကင်ပြာ said...

ပျော်စရာကြီး နေမှာ ကလေးတွေ နဲ့ ဆရာမ နဲ့ မြင်ယောင်ကြည့်မိတယ်...း)

ချစ်ကြည်အေး said...

ဖတ်လိုက်တိုင်း သိင်္ဂါရ ရသပေးနိုင်တဲ့ စာလေးတွေအတွက် တကယ်ကျေးဇူးတင်တယ်။ ဖတ်ရသူ ရင်အေးသလို ချိုသင်းလည်း တူသောအကျိုးပေးပါစေ လို့ ဆုတောင်းပေးခဲ့တယ်။

အပြုံးပန်း said...

စာသင်ရတာ ပျော်စရာကောင်းလိုက်တာနော်၊
ကလေးတွေကိုဆိုတော့ ရီရမှာ အမှန်ပဲ၊
သူတို့ဆီက ဖြူစင်မူတွေ တခါတခါ အတုယူမိတယ်၊

ရွှေရတုမှတ်တမ်း said...

ဆရာမဂျီး တပည့်များကတော့ ဆရာမဂျီး အတိုင်းပါပဲလား...လက်လန်တယ်..
ချိုသင်းရေ...နေကောင်းလား..ငါ့နှမဘယ်တွေပျောက်နေသလဲလို့..

SDL said...

မမ..
ရယ်လိုက်၊ ပြုံးလိုက်နဲ့ ဖတ်သွားပါတယ်။

နီဇူလိုင် said...

ကလေးတွေကိုစာသင်ရတာသူတို့နဲ့အတူတူနေရတာသိပ်
ပျော်စရာကောင်းတာမို့ ဆရာမလုပ်ခဲ့ရတာအမြဲလွမ်းပါတယ်။မနီကလေးကဗျာတွေ
ဆိုတိုင်း ဆရာဦးတင်မိုးမှာကော`နီ´ပါတဲ့သမီးတယောက်
ယောက်ရှိမလားလို့တွေးမိတယ်။အမသိသလောက်သူတို့
ခေတ်ကသူတွေရဲ့ ကလေးတွေနံမယ်တွေမှာ`နီ´ထဲ့ မှည့်
တတ်တယ်။အိမ်နံမယ်ဖြစ်ဖြစ်ပေါ့။အမြဲအားပေးဖြစ်ပါတယ်။
ကွန်နက်ရှင်မကောင်းရင်တော့ရီဒါထဲကဘဲဖတ်ရတယ်။

srimingalar said...

ဖတ်လို့ကောင်းလိုက်တာ။ ဘုန်းကြီးဆိုတော့လည်း ဖတ်ပြီး ပြုံးရုံသာ
ပြုံးတော်မူရတယ်။ ကျေးဇူးဘဲ။

ညီမလေး said...

ဖတ်ရတာ ပျော်ဖို့ကောင်းလိုက်တာ ... အဲ့လိုချစ်စရာလေးတွေရေးတတ်လွန်းလို့ အမကိုချစ်တာ..

မြတ်နိုး said...

ရီနေရတယ်..
ပျော်စရာကြီးးးး

kokomaung.uk said...

တစ်ရက်တစ်ရက်မှာ ကုသိုလ် ပညာ ဥစ္စာ တစ်ခုခုကို ရယူနိုင်ရင် ဒါမှမဟုတ် တစ်ခုခုကို ပေးစွမ်းနိုင်ရင် အဲဒီလူဟာ လူဖြစ်ရကျိုးနပ်ပြီတဲ့။

အခုလို ကလေးတွေကို စိတ်ရှည်လက်ရှည်စာသင်ပေးနေတာကို သိရတော့ ဂုဏ်ယူလို့ မဆုံးပါဘူး။

SHWE ZIN U said...

မမိုးချိုသင်း ရဲ့ ၀ထကလသ က အမိုက်ဆုံးဘဲ ထ ဆို နို့ တဲ့ တော်လည်းတော်တဲ့ ကလေးတွေ

အဟား
ခင်တဲ့
ရွှေစင်ဦး (လင်ခ်ယူသွားတယ် မချိုရေ)

ကိုလူထွေး said...

တော်တော်လေးကိုမှ ဆိုးတဲ့ ကလေးတွေပါပဲ မိုးချုပ်တင်းရယ်...

းဝ)

khin oo may said...

တို့တော့စိတ်ရှည်ပါ့မလားမသိ.

ပုံရိပ် / Pon Yate said...

ကလေးတွေက အမြင် စူးရှပါပေ့ အစ်မရေ။

shwekhaing said...

ရီလိုက်ရတာ အမ ရယ် .. အိပ်ငိုက်နေတာတောင် ပျောက်သွားတယ် ...

အင်ကြင်းသန့် said...

ဖတ်ရတာ ပျော်စရာကောင်းလိုက်တာ။ အစ်မချိုသင်းရေးတဲ့စာလေးတွေကို ဖတ်ရတာ ရင်ထဲမှာ ကြည်နူးမှုရသကို အမြဲခံစားရတယ်....။

အဲဒီလို စာဖတ်သူတွေကို စိတ်ချမ်းသာစေတဲ့ အတွက် ကျေးဇူးပါ မမ။

MieMie said...

ကျမ သမီး ၃ နှစ်ကျော် လောက်က သူ့ကို ဗမာစာ မသင်ခင်
မြန်မာ ဖတ်စာအုပ် ပြပြီး နည်းနည်း ဖတ်ပြတော့ သူက
သုည ကို ဇီးရိုး ... ဒဒွေး ကို နံပါတ် သရီး ဆိုပြီး ပြောလို့ ရီခဲ့ရ သေးတယ် ... နောက်တော့လည်း မသင်ဖြစ်ခဲ့သေးပါဘူး .. ခု နွေရာသီ ကျောင်းပိတ်ရက် ကျရင်တော့ ပြန်သင်မလားလို့စိတ်ကူးနေတာ ... သူ က
အိမ်မှာ ဗမာလိုဘဲ ပြောတယ် မိဘတွေကို ခု ၉ နှစ်သမီး အထိပေါ့ ... စကားပြောတတ်တော့ သင်လို့ပိုလွယ်မယ်ထင်တယ် ... တချို့ ဗမာစာလုံးတွေ အသံထွက်တူပြီး အဓိပါယ် မတူတာ တွေ သူကြား ရင် မိဘတွေကို မေးတတ်သေးတာ ... သူမသိသေးတဲ့စာလုံးကြားမိရင်လည်း ဘာကိုဆိုလိုလဲဆိုတာ အမြဲ မေးသေးတယ် ... သူ့ကို ဗမာစာ သင်မလားမေးရင်တော့ မသင်ချင်ဘူး ပျင်းတယ်လို့ပြောတယ်... ကျောင်းမှာလည်း စပန်းနစ်ရှ် ပါ သင်ရသေးတော့ သူ့ကို ၀န် မပိ စေချင်သေးတာလည်းပါလို့ မသင်ပေးသေးတာ ချိုသင်း ရေ ... ချိုသင်းတို့ နား ပြောင်း လာမှ ထင်တယ် ... ဘာသာစကား ကတော့ ဘယ်ဘာသာဘဲ ဖြစ်ဖြစ် တတ်လေ ကောင်းလေ ဘဲ နော် ...

ဖိုးစိန် said...

စာသင်ချင်တယ်.

ဒါပေမယ့် လက်မ လက်ညှိးကိုတော့ တိတယ်နော်..

ပြန်မသင်ပေးပါနဲ့

း))))

အဖြူစင်ဆုံးကလေးလေးဘဝ...

မေဇင် said...

ကလေးတွေရော...ဆရာမ ရော အရမ်းချစ်ဖို့ကောင်းတာပဲ....နောက်လဲ စာသင်တဲ့ အတွေ့အကြုံလေးတွေ ဝေမျှပါဦး...စောင့်နေပါ့မယ်။

ဇွန်မိုးစက် said...

သူတို့လေးတွေ မှတ်သားပုံက စိတ်ဝင်စားစရာပဲ။း)

နောက်ထပ် ဆရာမချိုရဲ့ အတွေ့အကြုံလေးတွေ မျှော်နေတယ်နော်။

ချစ်တဲ့
ဇွန်

Melody said...

အိမ်က ကလေးကကျတော့ နာရီကို ကြည့်ခိုင်းရင် (23:50) ဆိုရင် : ကို မဖတ်တတ်လို့  2 (တူး) 3 (သရီး) ၀စ္စနှစ်လုံးပေါက် 5 (ဖိုင်း) 0 (ဇီးရိုး) ဆိုပြီး လုပ်တာ ...

mg lay said...

အစ်မစာတွေဖတ်ရတိုင်း ရင်ထဲမှာ ကြည်နူးမှုရသကို အမြဲ
ခံစားရပါတယ်။အဲဒီ အတွက် ကျေးဇူးတင်ပါတယ်။
ကလေးတွေကိုစာသင်ပေးရတာ အရမ်းပျော်စရာကောင်း
မှာပဲနော်....။

တန်ခူး said...

ချိုသင်းရဲ့တပည့်လေးတွေကလဲ တမျိုးစိတ်ဝင်စားစရာလေးတွေပါလား... ချိုသင်းနဲ့ သာ တမြို့ထဲနေရင် တီချယ်ချိုသင်းဆီ အိမ်ကသားကို ပို့ ပါတယ်... အမလဲ ကလေးတွေကို စာသင်ဖူးတယ်...စိတ်ဝင်စားဖို့ ပျော်ဖို့ ကောင်းတယ်နော်... အဖြူရောင်လေးတွေဆိုတော့ သူတို့ နဲ့ နေရတာ စိတ်ချမ်းသာတယ်လေ...

ကိုအောင်(ပျူနိုင်ငံ) said...

ကျနော်လည်း ဒိန်းမတ်ရောက်ခါစ လွန်ခဲ့တဲ့ သုံးနှစ်
ကျော်က ဒိန်းမတ်ရောက် မြန်မာကလေးတွေကို
စာသင်ပေးဖူးတယ်၊ သို့ပေမယ့် သူတို့က အကြောင်း
အမျိုးမျိုးကြောင့် နယ်စပ်နဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားလာ
သူတွေ များကြတယ်၊ အဲဒီအပြင် ဒိန်းမတ်ကို ရောက်
နေတာလည်း ကျနော့်ထက် လေး .. ငါးနှစ် စော
တယ်၊ ကလေးတွေက ထိုင်းနဲ့ ဒိန်းမတ်ဘာသာစကား
ကျနော့်ထက် ကျွမ်းကျင်တယ်၊ သူတို့ သိပ်စိတ်မ၀င်
စားကြဘူး၊ ၁ နှစ် ပတ်ဝန်းကျင်လောက်လည်း သင်
ပြီရော ကျနော်လည်း အလုပ်ထဲ ရောက်သွားလို့
စာသင်ပေးတာကို ရပ်လိုက်ရတယ်။
စကားမစပ် ကျနော်က 37 မဟုတ်ဘူး ..
၁၇ ...း)

T T Sweet said...

မချိုသင်းရဲ့ စာသင်တဲ့ အတွေ့အကြုံလေးဖတ်ပြီး ပြုံးသွားပါတယ်။

တော်သေပြီ ...း))

Phyo Evergreen said...

အန်တီချိုသင်းစာတွေလာလာဖတ်ပြီး.. ရီနေရတာ..မောတောင်မောတယ်..။

အိန္ဒြာ said...

ရေးပါဗျိုးးးးးးးစောင့်ရတာ လည်ပင်းရှည်ရှည်နေရလို့

ice said...

please write more and more, I will be patient for checking your posts...

heartily wish you for healthy, happy and have more spare times for writing.

မယ်ကိုး said...

:D :D မမ စာတင်ရင် အရမ်းပျော်တယ်။
မမစာလေးတွေ ဖတ်တိုင်း ကြည်နူးစိတ်ချမ်းသာရလို့ ကျေးဇူးအထူးတင်ပါတယ်။

နေ၀သန် said...

မွန်မြတ်တဲ့အလုပ်အကြောင်းကို ဖတ်ရတာ ပျော်ဖို့လည်းကောင်းသလို ကြည်လည်းကြည်နူးပါတယ်.... မိုးချိုသင်းစာတွေဟာ ဘာလို့ဒီလောက်ကောင်းသလဲဆိုတာ အခုလက်တွေ့သိသွားပြီ... (လင့်ခ်သွားပြီဗျို့...း)) )

ခင်မင်တဲ့
နေ၀သန်

ကြည်ဖြူပိုင် said...

ဟုတ်တယ်နော်မမ
ကလေးတွေကိုစာသင်ရတာစိတ်ဝင်စားဖို့ကောင်းတယ်
အနော်လဲမနှစ်ကဒီလိုပဲဒီမှာမွေးတဲ့ကလေးတွေကို
စာရေးနည်းဖတ်နည်းဘုန်းကြီးကျောင်းမှာ
သင်ပေးဖူးတယ်။ သိပ်ချစ်ဖို့ကောင်းတာပဲ.အဲလိုပဲမမလိုပဲ
ဝလုံးသင်ပြီးတော့ထဆင်ထူး
ကကြီးသင်ပြီးတော့ကကြီးဇောက်ထိုးယ ပလက်ဆိုသင်ရတာ..တခါတခါကျတော့အဲလိုပဲ 3ဆိုတာ ဒနဲ့ဆင်တယ်ဆိုတာမျိုး သူတို့နဲ့
ကျွမ်းဝင်ရာလိုက်သင်ရတာပျော်စရာကောင်းတယ်။
ခုတော့ ပတ်ဝန်းကျင်ကဘုန်းကြီးကျောင်းမှာလူအ၀င်ထွက်များလို့မကြိုက်ပါဆိုတဲ့အကြောင်းပြချက်နဲ့
ရပ်လိုက်ရပြီလေ။
ကိုယ်သင်ဖူးတဲ့ကလေးတွေမိသားစုနဲ့လမ်းမှာ
ပြန်တွေ့ရင်..ဟိုမှာသားသားဆရာမ နှုတ်ဆက်လိုက်ဦး
ဒီမှာ မီးမီးဆရာမ နှုတ်ဆက်လိုက်ဦးနဲ့
ဟိဟိ..ပီပီပြင်ပြင်လဲဟုတ်ဘဲနဲ့
မျက်နှာပူပူနဲ့ရှက်ပြုံးပြုံးမိတယ်။
မူကြိုဆိုပိုပျော်မှာဆရာ..သူတို့နဲ့ရောဆော့ရတာနဲ့
စိတ်ကိုလွတ်လပ်ပေါ့ပါးသွားမှာ

little brook said...

ပျော်စရာကြီး အမရယ် ပြန်တွေးရင် ကြည်နူးဖို့လည်း ကောင်း ... ဖတ်ရတဲ့သူတောင် ပျော်တယ် ကြည်နူးတယ် စိတ်ချမ်းသာတယ်

tg.nwai said...

ချိုသင်းရဲ့ အတွေ့အကြုံလေးတွေက ချစ်ဖို့ကောင်းသလို အရေးအသားတွေကလည်း တကယ် ချစ်စရာကောင်းတာ..ကလေးတွေအတွေးက ကိုယ်တွေ မတွေးမိတာမျိုးတွေ ဖြစ်နေတတ်တော့ အသစ်အဆန်းတွေကို ဖြစ်လို့။ ဟုတ်တာပေါ့နော်..သူတို့လည်း သူတို့အတွေ့အကြုံနဲ့မှတ်ရတာကိုး..ဟဲဟဲ။

နောက်ထပ် အတွေ့အကြုံလေးတွေကိုလည်း မျှော်နေမယ်နော် ချိုသင်း။

သတိရနေတာ...ချိုသင်းတို့မိသားစု ကျန်းမာပျော်ရွှင်ကြပါစေ...

အတွေးကမ္ဘာ..မှတ်တမ်း said...

စိတ်ကူးချိုချို..လက်ထွက်မို့နေမှာ...စာတပုဒ် လုံးချိုနေတာပဲ...အားရပါးရ..အော်ပြီး..ရယ်(ရီ)သွားတယ်အမရေ..

Sint said...

I wonder how old is that little boy?? He has artistic eyes!

Tun said...

ကလေးတွေအကြောင်းဖတ်ပြီး ကျွန်တော့်သားငယ်လေးကိုသတိ၇မိပါတယ်အမ၇ယ်။သူကမင်းကြီးလမ်း၇ွာမအသင်းတော်မူကြိုမှာတက်နေတာလေ။ဖေဖေကသားကိုမိုးေ၇ချိုချိုလေးတစ်ပေါက်ဖြစ်အောင် မိုးချိုခ လို့နာမည်ပေးထားတာ တီချယ်၇ဲ့လို့ပြောတတ်နေပြီတဲ့။ဆ၇ာမကြီးဒေါ်ခင်ဆွေဦး၇ဲ့မိုးေ၇ချိုချိုကိုဖတ်ပြီးယူထားတာပါ။သားကြီးကဒုတိယတန်း အမက(၁၆)မှာ။မင်းသုခတဲ့။ကျွန်တော်က ဟိုတုန်းကဆ၇ာမောင်ခိုင်မာနေသွားဖူးတဲ့၇ွာမစာသင်တိုက်နားမှာနေတာပါ။သု့၇ဲ့ငွေလမင်းကိုနမ်းတဲ့ညထဲမှာတောင်ထည့်စပ်သွားခဲ့သေးတယ်။တစ်နေ့တော့အမတို့မိသားစုကိုထမင်းစားဖိတ်ခွင့်၇ချင်ပါသေးတယ်။နေလင်း။

myat said...

အသစ်များတင်မလားလို့လာလာပြီးကြည့်ရတာ
မောနေပါပြီ။အချိန်ရရင်နေကောင်းရင်အသစ်တင်
ပါအုံးနော်။

Saint said...

ဆရာမ "ချုပ်" ရဲ့  အတွေ့ အကြုံလေးတွေ ဖတ်ရတာ အရမ်း ပျော်ဖို့ ကောင်းတယ်။ နောက်ထပ် အတွေ့ အကြုံ အသစ်တွေကို မျှော်နေမယ်နော် ..

Thiri said...

ချိုချို
စာအသစ်တင်ပါဦး။
သမီး
ပွင့်

tin min htet said...

ချိုသင်း စာတွေသင်နေလိုက်တာ။ ဘယ်ရောက်နေတယ်တောင် မသိတော့ဘူး။

khin oo may said...

ရေးပါဦး..

:P said...

နေကန်းလား မမချိုသင်း....
ပျောက်လှရီလား... :)


စင်စင်

chozin said...

Ma Cho Thin,
I m one of Sayargyi's student but I never meet you before. I like your post alot. Thank you so much for sharing about your family and feeling cos they are soo lovely.

သောင်ရင်း said...

ခဏတဖြုတ်ကျောင်း ဆရာ လုပ်ဖူး ခဲ့ တယ်။ ကြည်းနူး မှု က အတူတူ ပါပဲ။ မနေ့ တနေ့ က သူတို့လေး တွေ Facebook မှာပြန်တွေ့တော့ အိမ်ထောင် ကျသူ တွေ က ကျကုန်ကြပြီ တဲ့။ လွမ်းစရာလေးတွေ ပေါ့။

Aungra Myee said...

အစအဆုံးကြည့်လို့ မရဘူး ဘာဖြစ်လို့ ပါလည်း?